“ မုဆိုးကြီးဦးတောကျော်ပါဝင်သော ခဲလောင်ကြီး၏ကလဲ့စား ”

“ မုဆိုးကြီးဦးတောကျော်ပါဝင်သော ခဲလောင်ကြီး၏ကလဲ့စား ”

============================

(၁)

ဦးတောကျော်မှာ တစ်ချက်မှေးခနဲအိပ်ပျော်သွားမိသည်။ အိပ်မက်ထဲတွင်တော့ ဝက်ဝံကြီးတစ်ကောင်နှင့်ဆုံတွေ့လေသည်။ တစ်ကိုယ်လုံးနက်မှောင်ထူထဲသည့် အမွှေးအတောင်များ ဖုံးအုပ်ထားသည့် ဝက်ဝံကြီးတစ်ကောင်က အမှောင်ထုအတွင်းမှတိုးထွက်လာလေသည်။ ဦးတောကျော်မှာ လက်နက်မဲ့မို့တိုက်ခိုက်ရန်အတွက် တစ်ခုခုကိုရှာဖွေသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ပေ၊ ထိုစဉ် ဝက်ဝံကြီးက သူ့အနားသို့တိုးကပ်ခဲ့သည်။ ဝက်ဝံကြီး၏ မျက်လုံးတစ်ဖက်မှာ ပေါက်ထွက်နေလေသည်။ ဝက်ဝံကြီးက အလွန်နာကျည်းနေသောအကြည့်များဖြင့် ဦးတောကျော်အားကြည့်ရင်း

“မင်းကိုငါသတ်မယ်၊ မင်းကို ငါပြန်ပြီးသတ်မယ်ကွ”

ဝက်ဝံမှာလူစကားပြောသဖြင့် ဦးတောကျော်တစ်ယောက်လန့်သွားမိသည်။ ထိုစဉ်မှာပင် ဝက်ဝံကြီးက သူ့အားခုန်အုပ်ပြီး ချွန်ထက်သောလက်သည်းကြီးများဖြင့် တိုက်ခိုက်လေတော့သည်။

“ဦးတောကျော်၊ ဦးတောကျော်”

ထိုစဉ် သူ့ပခုံးအားတစ်စုံတစ်ယောက်က လှုပ်နိုးလိုက်သကဲ့သို့ရှိလေရာ အိပ်မက်ထဲတွင် ဝက်ဝံနှင့်တိုက်ခိုက်နေသည့် ဦးတောကျော်မှာ လန့်နိုးသွားကာ မိမိအားလာရောက်ထိကိုင်သူကို လက်နှင့်ပုတ်ထည့်လိုက်သည်။ ခွန်နောင်က အရှောင်မြန်သဖြင့်သာ ထိမသွားခြင်းဖြစ်၏။

“ဦးတောကျော်၊ ဘာဖြစ်နေတာလဲဗျ”

ခွန်နောင်က တအံ့တသြဖြင့်မေးလေရာ ထိုတော့မှ ဦးတောကျော်က သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့

“အိပ်မက်၊ အိပ်မက်ဆိုးမက်နေလို့ပါကွာ”

ထိုအခါ အခေါင်က ဆေးတံကြီးကိုခဲလျှက်

“ခဲလောင်ကြီးနဲ့ အိပ်မက်ထဲမှာတွေ့နေတာထင်တယ်”

ဦးတောကျော်မှာ အံ့သြသွားကာ ခေါင်းညိတ်ပြလိုက်သည်။ အခေါင်က ဆေးတံကိုတစ်ချက်ဖွာလိုက်ရင်း

“အဲဒီခဲလောင်ဆိုတဲ့အကောင်ကြီးက ထူးတော့ထူးဆန်းတယ်၊ သူနဲ့ထိပ်တိုက်တွေ့ပြီးသမျှလူတွေအကုန် သူနဲ့ပတ်သက်တဲ့အိပ်မက်တွေမက်ကြတယ်၊ အိပ်မက်ထဲမှာလည်း ဒီခဲလောင်ကြီးနဲ့ လုံးထွေးသတ်ပုတ်ကြရတာပဲ”

“ဟုတ်တယ်အခေါင်၊ ကျုပ်လည်း ခုနက အိပ်မက်ထဲမှာ ခဲလောင်ကြီးနဲ့ နပမ်းလုံးနေရတာ”

“မင်းက အခုမှပါကွာ၊ ငါဒီ ဒီအိပ်မက်တွေမက်နေခဲ့တာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီပကော”

“ထူးဆန်းလိုက်တာဗျာ”

“ဒါထက် ထူးဆန်းတာရှိသေးသကွ၊ အဲဒီခဲလောင်ကြီးနဲ့ ငါနဲ့ပက်ပင်းတိုးခဲ့တာ လေးငါးကြိမ်မကတော့ဘူး၊ တွေ့လိုက်တိုင်းလည်း ခဲလောင်ကြီးကို တစ်ချက်မှထိအောင်မပစ်ခတ်နိုင်ခဲ့ဘူးကွ”

ခွန်နောင်မှာ အခေါင်၏စကားကို နားထောင်ပြီးသည့်အခါ မျက်ခုံးပင့်ပြလေသည်။ ဦးတောကျော်ကလည်း ပုခုံးတွန့်ပြလိုက်ရင်း

“ခင်ဗျားစိတ်လှုပ်ရှားနေလို့ ချက်ကောင်းမထိသေးတာဖြစ်ပါလိမ့်မယ် အခေါင်ရာ”

“မဟုတ်ဘူးကွ၊ အစပိုင်းကတော့ ငါသူ့ကိုတွေ့ရင်စိတ်လှုပ်ရှားတာမှန်ပေမယ့်၊ နောက်ပိုင်းတော့ သေချာစိတ်အေးအေးထား ပစ်တာပဲကွ၊ ဒါတောင်လွဲဖြစ်အောင် လွှဲသေးတယ်၊ ကဲ အဲဒါတွေထားလိုက်ပါတော့ကွာ၊ တို့တွေ တောင်ဆိတ်ပစ်မယ်မဟုတ်လား၊ မကြာခင်နေထွက်လာတော့မယ်၊ လာလာ တို့ခပ်မြန်မြန်သွားရအောင်”

အခေါင်က တစ်လံခန့်ရှည်လျားသည့် ဒူးလေးကြီးတစ်ချောင်းကို လက်ကကိုင်လျှက် ကျောကုန်းတွင်တော့ တစ်တောင်ခန့်သာရှိသည့် ဒူးလေးအငယ်လေးတစ်ခုကို လွယ်ထားသေးသည်။ ပလိုင်းတစ်ခုကို စလွယ်သိုင်းလိုက်ပြီး ဓါးနှင့် ဒူးလေးမြှားတံများထည့်ထားသည့် ကျည်တောက်ကိုလည်း ခါးတွင်ပတ်လိုက်လေသည်။ ဦးတောကျော်ကလည်း လက်စွဲတော်တူမီးသေနတ်ကို ကိုင်လိုက်ကာ ကျည်နှင့်အမဲလိုက်ဓါးမြှောင်ပါသည့် လွယ်အိတ်ကိုလွယ်ယူလိုက်သည်။ ခွန်နောင်ကလည်း သေနတ်တစ်လက်ကိုကိုင်စွဲလိုက်ကာ ထွက်ခွာရန်အသင့်ပြင်နေလေသည်။

“ကျုပ်လည်းလိုက်မယ်”

ဆရာခိုက လွယ်အိတ်ကိုလွယ်ကာ ပြောလိုက်သည်မို့ ခွန်နောင်က

“ကျုပ်တို့က အမဲပစ်သွားမှာနော်ဆရာခို၊ ခင်ဗျားမလိုက်ရင်ကောင်းမယ်ထင်တယ်”

အခေါင်က ဆရာခိုအားကြည့်ကာ

“ရပါတယ်ကွာ၊ လိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့စမ်းပါ၊ တို့မုဆိုးသုံးယောက်တောင်ရှိနေတာပဲ ဘာမှကြောက်စရာမလိုပါဘူးကွ”

“ဒါဖြင့် ခဲလောင်ကြီးနဲ့တွေ့ရင်ရောဗျာ”

အခေါင်က ပြုံးလျက်

“ငါဝက်ဝံတွေပစ်ခဲ့ဖူးပါတယ်ကွ၊ ဝက်ဝံတွေဆိုတာ သိပ်ပြီးအကင်းပါးတဲ့အမျိုး၊ ဉာဏ်လည်းအင်မတန်ကောင်းတယ်၊ ဒဏ်ရာရသွားတဲ့ဝက်ဝံက သူ့ကိုဒဏ်ရာ ရအောင်လုပ်ခဲ့တဲ့နေရာကို မှတ်ထားပြီးတော့ နောက်တစ်ခါမသွားဝံ့ဘဲ ရှောင်ကွင်းသွားတတ်ကြတာမျိုးပါ၊ ငါ့အထင်တော့ ဒီကောင်ကြီးအခုအချိန်လောက်ဆို သူ့သားရဲဂူထဲမှာ အောင်းနေလောက်ပြီကွ၊ ဒဏ်ရာကလည်း ပြင်းတာဆိုတော့ အဲဒီနေရာမှာ သေချင်သေ၊ မသေဘူးဆိုရင်တောင် တစ်ပတ်ဆယ်ရက်လောက်တော့ ဂူထဲက ထွက်မှာမဟုတ်ဘူးကွ”

ပြောရင်းဆိုရင်း အခေါင်မှာ တဲအပြင်ထွက်သွားသဖြင့် ဦးတောကျော်တို့လည်း အနောက်မှလိုက်လာခဲ့သည်။ နံနက်ခင်းမို့ အလင်းရောင်များလင်းချင်းနေသော်လည်း နေလုံးမမြင်ရသေးပေ၊ သူတို့လူတစ်စု ရွာမှထွက်လာခဲ့ကြပြီး တောင်ပေါ်သို့ဆက်တက်လာခဲ့ကြသည်။ ဆရာခိုက အထမ်းသမားနှစ်ယောက်အား ရွာတွင်ထားခဲ့သည်မို့ ထိုနှစ်ဦးမပါဝင်ပေ။

တောင်တက်လမ်းတစ်လျှောက် နှင်းရည်များက စိုစွတ်နေလေသည်။ ကျောက်တုံးကျောက်သားများပေါ်တွင် ရေညှိများကပ်ပေါက်နေသဖြင့် နင်းလိုက်လျှင်ပင် ချောကျိနေသည်။ တောင်တစ်လမ်းတစ်လျှောက် သစ်ပင်ကြီးကြီးမားမားမရှိဘဲ သစ်ပင်အငယ်စားကလေးများသာတွေ့ရသည်။ ထင်းရှူးပင်ကဲ့သို့ အပင်များမှာ လူကြီးတစ်ရပ်စာခန့်သာမြင့်မားပြီး အရွက်အကိုင်းများမှာ သေးသွယ်ပိန်လှီကာ ကွေးကောက်သည်မှာ ကြည့်၍တစ်မျိုးပင်လှသည်။

“ဒီတောင်ပေါ်က အပင်တွေက ထူးထူးဆန်းဆန်းပဲနော်”

“ဟုတ်တယ်၊ အစာမရှိ၊ နေမဝဘူးဆိုတော့ အပင်လေးတွေက ကျုံလှီပြီး သေးသွယ်ကုန်ကြတာပေါ့ကွာ၊ အပင်သာပုတာကွ တစ်ချို့အပင်တွေဆိုရင် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သက်တမ်းရှိနေကြပြီ”

တောင်ကြီးပေါ်သို့ ကွေ့ပတ်ကာတက်လာရင်း တစ်နေရာအရောက်တွင် ကျောက်တုံးကျောက်သားများ ထူထပ်လှသည့် တောင်ကမ်းပါးနေရာသို့ရောက်လာခဲ့သည်။ ထိုနေရာတွင် တောင်ကမ်းပါးမှာ တံတောင်ဆစ်ချိုးတမျှ အလွန်မတ်စောက်လှကာ ကျောက်တုံးကျောက်စိုင်များအထစ်အထစ်နှင့် လှေကားထစ်သဖွယ်ဖြစ်နေသည်။ တစ်ဖက်တွင်တော့ အလွန်နက်ရှိုင်းလှသည့် ချောက်ကမ်းပါးကြီးတစ်ခုရှိပြီး တိမ်ခိုးမြူခိုးများက ရစ်ဆိုင်းနေသဖြင့် အောက်သို့ထိအောင် မမြင်သာဘဲရှိနေလေသည်။ ထိုချောက်ကြီးအတွင်းမှ လေအေးများက အောက်မှအထက်သို့ ပင့်တိုက်နေသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းအေးလွန်းလှသည်။

“ငါတို့ ဒီနေရာကနေ စောင့်ပစ်ကြမယ်”

အခေါင်က ပြောဆိုလိုက်ကာ မြေတွင်ထိုင်ချလိုက်ပြီး တစ်လံခန့်ရှည်လျားသည့် ဒူးလေးကြီး၏ လေးကြိုးအား ခြေထောက်ဖြင့်ကန်ကာ လေးကြိုးဆွဲတင်လေသည်။ ခွန်နောင်မှာ အခေါင်လုပ်သမျှကိုငေးကြည့်နေရင်း

“အခေါင်၊ ခင်ဗျားဒူးလေးကြီးက မနည်းမနောပါလားဗျ”

“အေးပေါ့ကွ၊ သားကောင်ကြီးကြီးမားမားပစ်ဖို့ဆိုရင် အားကောင်းကောင်းလိုတယ်မဟုတ်လား၊ ဒူးလေးက မင်းတို့ကိုင်တဲ့သေနတ်တွေကို ယမ်းအားမရှိတော့ လေးကြိုးအားကောင်းမှ တော်ကာကျမယ်မဟုတ်လား”

အခေါင်က ဆက်လက်၍ ကျောတွင်လွယ်ထားသည့် ဒူးလေးငယ်ကလေးကိုဖြုတ်လိုက်ကာ လေးတင်နေပြန်သည်။ ခွန်နောင်က ကြည့်ရင်း

“ဒီသေးသေးကလေးကရော ဘာအတွက်လဲဗျ”

“အသေးကတော့ အနားနီးလေ ပိုပြင်းလေပေါ့ကွာ၊ အဝေးပစ်တဲ့ဒူးလေးပစ်ပြီးရင် ဒါကတော့ အရန်အနေနဲ့ဆောင်ထားတာပေါ့ကွ”

ဦးတောကျော်က ပတ်ဝန်းကျင်အခြေအနေကိုကြည့်လိုက်ရင်း

“နေပါအုံးဗျ၊ ခင်ဗျားကသာ ဒီမှာစောင့်ပစ်မယ်ပြောတာ၊ တောင်ဆိတ်တွေကိုလည်း မတွေ့သေးပါလားဗျာ”

“မပူပါနဲ့မုဆိုးကြီးရာ သိပ်မကြာခင် လာပါလိမ့်မယ်၊ ဒါထက် တောင်ဆိတ်အုပ်တက်လာရင် ကျုပ်အရင်တစ်ကောင်ပစ်မယ်၊ ပြီးတော့မှ ခင်ဗျားတို့ တစ်ယောက်တစ်ကောင်ပစ်၊ ဟုတ်ပြီလား”

ခွန်နောင်နှင့် ဦးတောကျော်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ခွန်နောင်က ကျည်ဆန်ဖြည့်လိုက်ပြီး

“ကျုပ်ကတော့ ပစ်ကွင်းကောင်းတဲ့ ဟိုးအပေါ် ကျောက်ချပ်နားက ပစ်မယ်ဗျာ”

“အေးအေး၊ ကောင်းသားပဲ၊ ငါကတော့ ဒီအောက်ဘက်နားက ကျောက်စွန်းပေါ်မှာ စောင့်ပစ်မယ်ဟေ့”

ခွန်နောင်မှာ ပြောပြောဆိုဆိုနှင့် ကျောက်တုံးများကို ကုပ်ဖက်တက်ပြီး သူတို့အထက် ပေငါးဆယ်ခန့်ကွာဝေးသည့် ကျောက်စောင်းတစ်ခုပေါ်သို့ တက်လိုက်ကာ ဝမ်းလျားမှောက်ပြီး အသင့်နေရာယူလိုက်လေသည်။ ဦးတောကျော်ကလည်း ကျည်ဆန်ဖြည့်ပြီးနောက် အခေါင်ပုန်းအောင်းနေသည့် နေရာနှင့်အောက်ဘက် ပေငါးဆယ်ခန့်အကွာ ကျောက်အချပ်တစ်ခုထံသို့ ဆင်းသွားလေသည်။ ဆရာခိုမှာတော့ အခေါင်အနောက်ဘက်ရှိ ကျောက်ချပ်တစ်ခုအကြားတွင် ပုန်းအောင်းနေလေသည်။

(၂)

“ခွပ် . .ခွပ် . . . ခွပ်”

မကြာခင် တိမ်စိုင်တိမ်လိပ်များအကြားမှ ဝါရွှေရောင်အဆင်းရှိသည့် နေရောင်ခြည်များက ဖြာထွက်လာကာ တောင်ကမ်းပါးယံကြီးကို ဆလိုက်မီးမောင်းထိုးသည့်နှယ် ထိုးထားလေသည်။ အလွန်ချမ်းအေးနေသည့် ဦးတောကျော်မှာလည်း နေခြည်ဖြာမှ နွေးထွေးနိုင်တော့သည်။ ထိုစဉ် မြင်းခွာသံ ကဲ့သို့ ခွာသံများကို တခွပ်ခွပ်နှင့်ကြားရသည်။ ခွာသံများကြားနေရသည့်တိုင် မြင်ကွင်းထဲတွင် တောင်ဆိတ်တစ်ကောင်တစ်လေမျှ မမြင်တွေ့ရသေးပေ။

ဦးတောကျော်က အခေါင်အားမော့ကြည့်လိုက်လေရာ အခေါက်က တောင်အောက်ဘက်သို့ လက်ညှိုးထိုးပြလေသည်။ ဦးတောကျော်လည်း ထိုတော့မှ တိမ်စိုင်မြူများဖြင့် ကာဆီးပိတ်ဖုံးနေသည့် ချောက်ကမ်းပါးကြီးအောက်သို့ ငုံ့ကြည့်လိုက်မိသည်။ ဦးတောကျော်ကြည့်နေစဉ်မှာပင် မြူထူများအတွင်းမှ တောင်ဆိတ်တစ်ကောင်က ခုန်တက်လာသည်။ ကွေးကောက်သည့် ဦးချိုကြီးများရှိကာ အသွေးအမွှေးမှာ အညိုရောင်ခပ်ရင့်ရင့်ဖြစ်သည်။ တောင်ဆိတ်များမှာ ထူးဆန်းလှသည်။ အခြားတိရစ္ဆာန်များကဲ့သို့ တောင်ကိုအလျားလိုက်မတက်ဘဲ ဒေါင်လိုက်ခုန်ပေါက်၍ တက်ကြခြင်းဖြစ်သည်။ ကျောက်တုံးတစ်ခုမှ တစ်ခုအပေါ်သို့ ခုန်တက်၍ တဖြည်းဖြည်းနှင့် နေခြည်ထိုးရာ တောင်ခါးပန်းကြီးအပေါ်သို့ ခုန်တက်လာကြသည်။ တောင်ကမ်းပါးပေါ်ရှိ ကျောက်တုံး၊ ကျောက်စွန်းလေးများပေါ်တွင် ထိုင်သည့်အကောင်ကထိုင်၊ လှဲအိပ်သည့်အကောင်က လှဲအိပ်နှင့်် နေပူစာလှုံနေကြသည်မှာ အကောင်နှစ်ဆယ်ခန့်ပင်ရှိသည်။

ဦးတောကျော်မှာ တောင်ဆိတ်များကို ပစ်ခတ်ချင်နေပြီဖြစ်သော်လည်း အခေါင်ပစ်ခတ်မှုကို စောင့်နေရလေသည်။ အခေါင်က ဒူးလေးကြီးကို ကိုင်ကာ မုဆိုးထိုင်ထိုင်လိုက်ရင်း တောင်ဆိတ်ကြီးတစ်ကောင်ကို ထိုးချိန်ထားသည်။ အခေါင်ချိန်ထားသည့် တောင်ဆိတ်ကြီးမှာ အတော်ကြီးမားသည့် ဆိတ်ဖိုကြီးတစ်ကောင်ဖြစ်သည်။ အခေါင်မှာ စိတ်တိုင်းကျ ချိန်ရွယ်ပြီးသည့်အခါ ဒူးလေးမောင်းတံကိုဖြုတ်ချလိုက်ရာ ဒင်ခနဲအသံမြည်သွားပြီး ဒူးလေးမြားတံမှာ တောင်ဆိတ်ထံသို့အပြေးဝင်ရောက်သွားသည်။ တောင်ဆိတ်ကြီး၏ ရှေ့ခြေနှစ်ခုကြား ရင်ခေါင်းတည့်တည့်သို့ ဒူးလေးမြားတံက စိုက်ဝင်သွားလေရာ တောင်ဆိတ်ကြီးမှာ တပဲ့ပဲ့ဖြင့်အော်ဟစ်လိုက်လေသည်။

ဒူးလေးမြားချက်ထိသည့် တောင်ဆိတ်ကြီးမှာ လှည့်မပြေးဘဲ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်လေရာ သူနှင့်မလှမ်းကမ်းတွင်ရှိနေသည့်် အခေါင်အားမြင်တွေ့သွားသည်။ တောင်ဆိတ်ကြီးမှာ ချက်ချင်းပင် ဦးခေါင်းကိုအရှေ့သို့စိုက်ချလိုက်ကာ အခေါင်ရှိရာထံသို့ခုန်ပေါက်လျှက် ပြေးဝင်လာသည်။ အခေါင်မှာ ဒူးလေးကြီးကို လေးညှို့တင်ရန်မအားတော့သဖြင့် ဒူးလေးငယ်ကလေးကို ကောက်လျှက် တောင်ဆိတ်အားပစ်ချလိုက်သည်။ သို့သော် ဒူးလေးမြားတံမှာ တောင်ဆိတ်ကြီး၏ ဦးချိုအားထိမိကာ ကန်ထွက်သွားလေရာ တောင်ဆိတ်အားမထိပေ၊ တောင်ဆိတ်ဖိုကြီးမှာ အခေါင်၏ ကျောက်စွန်းကလေးဆီသို့ရောက်လာသည်။ အခေါင်အား ဦးချိုဖြင့် ပြေးထိုးရန်အတွက် ပြေးလာစဉ် ဦးတောကျော်မှာ တောင်ဆိတ်ကြီးကို အောက်ဘက်မှပင့်၍ ပစ်ခတ်လိုက်လေတော့သည်။

ကျယ်လောင်သည့် သေနတ်သံက တောင်ကြောပေါ်တွင်ပျံ့လွင့်သွားသည်။ ဦးတောကျော်ပစ်ခတ်လိုက်သည့် ကျည်ဆန်မှာတောင်ဆိတ်ကြီး၏ လက်ပြင်ဝမ်းဗိုက်အောက်မှ တိုးဝင်လျက် ကျောကုန်းဘက်မှ ပွင့်ထွက်သွားလေရာ တောင်ဆိတ်ကြီးမှာ အရှေ့သို့ကျွမ်းပစ်ကာ လဲခွေကျသွားတော့သည်။ တောင်ဆိတ်ဖိုကြီး သေဆုံးသွားသည့်အခါမှသာ ကျန်သည့်တောင်ဆိ်တ်များမှာ ကြောက်လန့်တကြားဖြင့် တောင်အောက်သို့ခုန်ဆင်းထွက်ပြေးကြလေသည်။

ထိုစဉ်ခွန်နောင်မှာ မတ်တပ်ရပ်လိုက်ပြီး တောင်ဆိတ်တစ်ကောင်အား ပစ်ခတ်လိုက်လေရာ တောင်ဆိတ်ကိုထိမှန်ပြီး ထိုတောင်ဆိတ်မှာ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားကာ ကျောက်ထပ်တစ်ခုပေါ်တွင် တင်နေလေတော့သည်။ အကောင်နှစ်ဆယ်ခန့်ရှိသည့် တောင်ဆိတ်အုပ်မှာ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။ ဦးတောကျော်က အခေါင်ဆီသို့ တက်လာခဲ့သည်။ သေဆုံးသွားသည့် တောင်ဆိတ်ကြီးမှာ အတော်ကြီးမားလှသည်။

ဦးတောကျော်က ထိုဆိတ်ကြီးကို တိုင်းထွာကြည့်ရင်း

“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျာ”

“ဟုတ်တယ်၊ ဒီကောင်ကြီးက တောင်ဆိတ်အုပ်ရဲ့ ခေါင်းဆောင်ပဲ၊ ဒီကောင်ကြီးလို တောင်ဆိတ်မျိုးမှ ပိုပြီးဆေးဖက်ဝင်လှသကွ”

“တောင်ဆိတ်တိုင်းဆေးဖက်ဝင်တာမဟုတ်ဘူးလား”

ဦးတောကျော်မေးလိုက်သည့်အခါ အခေါင်က ခေါင်းခါလိုက်ရင်း

“တောင်ဆိတ်မှာ ဆိတ်ဖို၊ ဆိတ်မဆိုပြီးရှိတယ်၊ ဆိတ်မတွေက ဆိတ်ဖိုတွေထက်စာရင် အဆီပိုများတယ်၊ တောင်ဆိတ်ဆီထုတ်ဖို့ဆိုရင် များသောအားဖြင့် မုဆိုးတွေက ဆိတ်မတွေကိုရွေးပစ်တယ်၊ အဆီများများပိုရတာကိုး၊ ဆိတ်ဖိုကျတော့ ဆိတ်မထက် အဆီနည်းတယ်၊ ဒါပေမယ့် သူ့အဆီက ပိုပြီးဆေးဘက်ဝင်တယ်လို့ ပြောတယ်၊ ဒါကြောင့် ငါတို့ကတော့ တောင်ဆိတ်အမထက် အဖိုကိုပိုကြိုက်တယ်”

အခေါင်မှာ တောင်ဆိတ်ကြီး၏ ခြေထောက်ကျောများကို ဓါးနှင့်ဖြတ်တောက်နေရင်း

“တောင်ဆိတ်က အုပ်စုဖွဲ့နေတတ်တယ်၊ သူတို့အုပ်ကိုခေါင်းဆောင်တဲ့ ခေါင်းဆောင်တစ်ယောက်ထားတယ်၊ ခေါင်းဆောင်က အင်အားအကြီးဆုံးနဲ့ အသန်မာဆုံးဆိတ်ဖိုပေါ့ကွာ၊ ခေါင်းဆောင်တာဝန်ယူထားတဲ့အတိုင်း ဆိတ်ဖိုကြီးက အန္တရာယ်ကျရောက်လာရင် ထွက်မပြေးဘဲနဲ့ သူတို့အုပ်စုကို ထိပ်ဆုံးကနေ ကာကွယ်ရတယ်၊ အခုတောင်မှ ငါ့ကိုပြေးဝှေ့တာပဲကြည့်လေ၊ မုဆိုးကြီးသာ မပစ်လိုက်ရင် ဒီဆိတ်ဖိုက ကျုပ်ကိုဝှေ့တော့မှာမဟုတ်လား၊ ဟောဒီဦးချိုကြီးတွေနဲ့ ထိလိုက်မိရင် မလွယ်ဘူးဗျို့၊ အတွင်းကလီစာတွေကြေ၊ နံရိုးတွေကျိုးပြီးတော့ သွေသွားနိုင်အောင် အားပြင်းတယ် မုဆိုးကြီးရဲ့”

ခွန်နောင်က သေနတ်ကိုချလိုက်ရင်း

“ကျုပ်ပစ်ထားတဲ့အကောင်လေး ဆင်းယူလိုက်အုံးမယ်ဗျာ”

“ခွန်နောင်ဖြစ်ပါ့မလား၊ ချောက်က တော်တော်မတ်တယ်ကွနော်၊ တော်ကြာပြုတ်ကျနေမှအခက်”

“ဖြစ်ပါတယ်ဗျာ၊ ဟိုးမှာ မြင်နေရတာပဲဥစ္စာ၊ ခဏစောင့်၊ ကျုပ်အဲဒီတောင်ဆိတ်ကိုသွားထမ်းလာခဲ့မယ်”

ခွန်နောင်ပစ်ခတ်လိုက်သည့်တောင်ဆိတ်မှာ တောင်ဆိတ်ဖိုကြီးထက်သေးငယ်လှသည်၊ သုံးပုံတစ်ပုံခန့်သာရှိသည်။ ဦးချိုသေးသဖြင့် တောင်ဆိတ်မဒန်းဖြစ်ပုံရသည်။ ခွန်နောင်မှာ အောက်သို့ရောက်သည့်အခါ ကြိုးတစ်ချောင်းဖြင့် တောင်ဆိတ်၏ ခြေဖျားလက်ဖျားများကို ပူးချည်လိုက်ကာ ကျောတွင်လွယ်ပိုးလျှက် ကျောက်ဆောင်များကို တွယ်ဖက်ကာ တက်လာခဲ့လေသည်။ အဆင်းတွယ်လွယ်လှသော်လည်း အတက်တွင်တော့ ဆိတ်တစ်ကောင်ပါလွယ်ပိုးထားရသည်မို့ ခက်ခက်ခဲခဲတက်ယူနေရသည်။

ထိုအခိုက် ဆရာခိုမှာ တစ်နေရာသို့လက်ညှိုးညွန်ပြလိုက်ရင်း

“ဟိုမှာ ဘာတွေဖြစ်နေတာလဲ”

ဆရာခိုညွန်ပြသည့်နေရာကိုကြည့်လိုက်သည့်အခါ တိမ်မဲတစ်အုပ်မှာ လျှပ်ရောင်လျှပ်သန်းများ ဝင်းလက်လျှက် တောင်ကြီးဆီသို့ တဖြည်းဖြည်းတိုးကပ်လာသည်ကိုမြင်တွေ့လိုက်ရသည်။ အခေါင်မှာ အလွန်ထိတ်လန့်သွားပြီး

“အဲဒါ၊ အဲဒါ လေစိုင်တွေပဲ”

“လေစိုင်ဆိုတာဘာလဲ”

“တောင်ပေါ်ကို လေပြင်းကျတော့မယ့် ပုံစံပဲ၊ ကဲ ကျုပ်တို့အားလုံးမြန်မြန်သွားရမယ်၊ လေစိုင်တွေမလာခင် လေကွယ်တဲ့တစ်နေရာမှာ ပုန်းအောင်းနေကြရမယ်၊ ဒီလေစိုင်တွေနဲ့တွေ့ရင် ကျုပ်တို့အသက်ပျောက်သွားနိုင်တယ်”

အခေါင်က ပြောဆိုပြီးနောက် ဆိတ်ကောင်ကြီးကိုထမ်းရန်ကြိုးစားသည်။ သို့သော် ဆိတ်ကောင်ကြီးမှာ လေးလံလွန်းလှသဖြင့် ထမ်းရသည်မှာပင်ပန်းလွန်းလှသည်မို့ အခေါင်က ဆိတ်ကောင်ကိုပြန်လည်ပစ်ချလိုက်ပြီး

“ဒီကောင်ကြီးပါရင် ခရီးဖင့်နေမယ်”

“ဟာ၊ ခင်ဗျားပစ်ထားတဲ့တောင်ဆိတ်ကို ခင်ဗျားမယူတော့ဘူးလား”

“တောင်ဆိတ်သေက အရေးမကြီးဘူး၊ အဲဒီလေစိုင်ဆုံက အရေးကြီးတယ်၊ လေတွေငြိမ်သွားတော့မှ ကျုပ်တို့ဆိတ်ကိုပြန်လာယူမယ်၊ အခုတော့ ကိုယ်လွတ်ရုန်းရမယ်”

အခေါင်က ပြေးလွှားရန်ပြင်ဆင်လိုက်သည့်အခါမှ ဦးတောကျော်က ခွန်နောင်အားသတိရသွားသည်။

“နေအုံးဗျ၊ ခွန်နောင်ရှိသေးတယ်”

ဦးတောကျော်က ခွန်နောင်အားကြည့်လိုက်ရာ ခွန်နောင်မှာ သူတို့နှင့်သိပ်မလှမ်းမကမ်းရှိ ကျောက်ဆောင်များကိုအားပြုကာ တွယ်ဖက်တက်လာသည်ကိုတွေ့လိုက်ရလေသည်။ ထို့ကြောင့် ဦးတောကျော်မှာ ခွန်နောင်အားလှမ်းအော်ပြောလိုက်သည်။

“ခွန်နောင်ရေ၊ မြန်မြန်လာစမ်းကွ၊ ဟိုမှာ လေစိုင်တွေဆိုလား လာနေပြီတဲ့ကွ”

ခွန်နောင်မှာ ယခုပုံစံအတိုင်းဆိုလျှင် ရောက်ဖွယ်ရာမရှိသေးပေ၊ ထို့ကြောင့် ဦးတောကျော်မှာ ခွန်နောင်ရှိရာသို့ ပြေးဆင်းလာခဲ့လေသည်။

“ခွန်နောင်ရေ မြန်မြန်တက်လာစမ်းကွာ”

ဦးတောကျော်ပြောသဖြင့် ခွန်နောင်က မြန်မြန်တက်လာနေသော်လည်း ဆိတ်တစ်ကောင်အားလွယ်ပိုးထားရသဖြင့် သိပ်ခရီးမတွင်ပေ၊ ထိုစဉ်မှာပင် ဖြည်းညှင်းစွာတိုက်ခတ်နေသည့်လေများမှာ တဖြည်းဖြည်းအရှိန်ပြင်းထန်လာလေသည်။ ခွန်နောင်က အပြေးတက်လာစဉ်ကျောက်စွန်းတစ်ခုကိုနင်းမိကာ ခြေချော်ကျလေသည်။ ဦးတောကျော်က ခွန်နောင်၏လက်ကိုအပြေးဆွဲလိုက်သောကြောင့် ခွန်နောင်မှာ အောက်သို့မကျဘဲ တွဲလောင်းကြီးဖြစ်နေလေသည်။ ခွန်နောင်က အားငယ်နေသည့်မျက်နှာဖြင့် ဦးတောကျော်အားကြည့်ရင်း

“ဦးတောကျော်၊ ကျုပ်ကိုလွှတ်မချလိုက်နဲ့နော်”

ဦးတောကျော်က ခွန်နောင်၏လက်ကို အားကုန်ကိုင်ဆွဲထားကာ

“ဟေ့ကောင်ခွန်နောင်၊ မင်းတစ်ယောက်တည်းဆိုရင် ငါနိုင်တယ်၊ ဆိတ်နဲ့ဆိုတော့ မနိုင်ဘူးကွ၊ ဒီတော့ မင်းရဲ့ဆိတ်ကိုလွှတ်ချခဲ့လိုက်ဟေ့”

ခွန်နောင်မှာ တောင်ဆိတ်ကောင်ကို နှမြောနေပုံရသည်။

“ဟေ့ကောင်၊ လူ့အသက်ထက် ဘယ်အရာမှအရေးမကြီးဘူးကွ၊ ထားခဲ့လိုက်စမ်းကွာ”

ထိုတော့မှ ခွန်နောင်က ဆိတ်၏ခြေလက်များကိုပူးချည်ထားသည့် ကြိုးအားဆွဲဖြုတ်လိုက်လေရာ ဆိတ်ကောင်မှာခွန်နောင်၏ ကျောမှ ကွာပြုတ်လျက်ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားလေတော့သည်။ ခွန်နောင်က ဆိတ်ကောင်ကို နှမြေတသစွာဖြင့် တစ်ချက်ကြည့်ငေးလိုက်ပြီးနောက် ဦးတောကျော်၏လက်ကို ဆွဲလိုက်လေသည်။ ဦးတောကျော်ကလည်း ခွန်နောင်၏ လက်ကိုအားနှင့်ဆွဲတင်ပြီးနောက် ခွန်နောင်မှာ ဦးတောကျော်ရပ်နေသည့် ကျောက်အစွန်းဆီသို့ရောက်သွားတော့သည်။

“မုဆိုးကြီး ဒီကိုမြန်မြန်လာ”

အခေါင်က သူတို့အထက်တစ်နေရာမှခေါ်နေလေရာ ဦးတောကျော်နှင့် ခွန်နောင်တို့မှာ ထိုနေရာဆီသို့ အပြေးတက်ခဲ့ကြသည်။ လေမှာ တဖြည်းဖြည်းအရှိန်ပြင်းလာနေရာမှ တဝူးဝူးနှင့်တိုက်ခတ်လေတော့သည်။ လင်းချင်းနေသည့် ပတ်ဝန်းကျင်မှာလည်း တိမ်စိုင်တိမ်လိပ်များ၏ အရိပ်ကြောင့် ညသဖွယ်အမှောင်ကျသွားလေသည်။ အလွန်ပြင်းထန်စွားတိုက်ခတ်နေသည့် လေပြင်းများကိုအန်တုရင်း ဦးတောကျော်နှင့် ခွန်နောင်တို့မှာ အခေါင်တို့ထံရောက်ရှိသွားသည်။ အခေါင်နှင့် ဆရာခိုမှာ တြိဂံသဖွယ်ဖြစ်နေသည့် ကျောက်တုံးကြီး၏အနောက်တွင် ငုတ်တုတ်ထိုင်နေကြသည်။

“မုဆိုးကြီး ဒီကိုမြန်မြန်လာ၊ လေက ဒီဘက်က တိုက်နေတာဆိုတော့ ဒီနေရာကလေးက လေကွယ်နေတယ်၊ ဒီမှာလာဝပ်နေ”

အခေါင်ပြောသည့်အတိုင်း ဦးတောကျော်တို့မှာ ထိုကျောက်တုံးအနောက်တွင် ငုတ်တုတ်ထိုင်ကာ ကိုယ်ကိုမြေပြင်နှင့်ထိမတတ် ဝပ်စင်းထားကြရသည်။ မကြာခင်အချိန်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုဖုံးလွှမ်းသွားပြီး လေပြင်းများကလည်း အရှိန်ပြင်းစွာတိုက်ခတ်ကြသည်။ လေမှာအတော်ပြင်းထန်သဖြင့် ဦးတောကျော်တို့မှာ ကိုယ်ကိုတတ်နိုင်သမျှ ကိုင်းထားကြရသည်။ ဆရာခို၏ ဦးခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းမှာလည်း လေပြင်းဒဏ်ကြောင့် လွင့်ပါသွားသည်။ ထိုမျှပြင်းထန်လှသည့် လေပြင်းများအကြား မတ်တပ်ရပ်လိုက်လျှင် လူပါလွင့်ပါသွားနိုင်လောက်သည်အထိ လေကပြင်းထန်သည်။ လေနှင့်အတူ ရေမှုန်ရေမွှားများလည်း ပါဝင်ကာ ထိုရေမှုန်ရေမွှားများမှာ အေးခဲလွန်းသည့် ရာသီဥတုအခြေအနေကြောင့် ရေခဲတမျှအေးစက်နေလေသည်။ ဦးတောကျော်တို့မှာ ရေစိုသည့်ကြားထဲမှ အေးလွန်းလှသည့် လေပြင်းဒဏ်ပါ ခံနေရသည်မို့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်ကာ အေးခဲနေပြီဖြစ်သည်။

အခေါင်မှာတစ်ခုခုကိုရေတွက်နေသကဲ့သို့ လက်ချောင်းများကို ချိုးကာ ပါးစပ်မှလည်း တတွတ်တွတ်ဖြင့်ရေရွတ်နေသည်။ ခဏအကြာတွင်တော့ ခေါင်းထောင်လာပြီး

“ဒီအတိုင်းဆိုရင် ဒီလေပြင်းက ကြာအုံးမှာပဲ၊ ခဏနေ ကျုပ်ထတဲ့အခါ ကျုပ်အနောက်က ခင်ဗျားတို့လိုက်ခဲ့ကြနော်”

“ဒီလောက်လေပြင်းနေတာ ခင်ဗျားကဘယ်သွားမလို့လဲဗျ”

“လေပြင်းတွေကျပြီးရင် လေလျော့သွားလေ့ရှိတယ်။ အဲဒီလေလျော့ချိန်မှာ ကျုပ်တို့ ဒီတောင်ရဲ့တစ်ဖက်ခြမ်းက မုဆိုးဂူလို့ခေါ်တဲ့ တောင်တက်မုဆိုးတွေ အနားယူလေ့ရှိတဲ့ ဂူကလေးဆီသွားပြီး ခိုလှုံမှဖြစ်မယ်။ ဒီနေရာမှာ ဒီအတိုင်းနေရင် ကျုပ်တို့အေးခဲပြီး သေကုန်ကြမယ်”

အခေါင်ပြောသည်ကလည်း သဘာဝကျသည်။ ယခုအတိုင်း လေတိုက်ထဲတွင် တစ်နာရီခန့် ဆက်နေရပါမူ အားလုံးသွေးခဲကာ သေဖို့သာရှိသည်။ တဝူးဝူးနှင့် တိုက်ခတ်နေသည့်လေမှာ မကြာခင်အနည်းငယ်အားပျော့သွားသည်။ အခေါင်က ချက်ချင်းပင် ကျောက်တုံးအနောက်မှ တောင်ကမ်းပါးပေါ်သို့ ကုပ်ဖက်တက်နေသည်။ ဦးတောကျော်တို့မှာလည်း အနောက်မှလိုက်တက်ခဲ့ကြသည်။ ရေစိုနေသည့် ခြေဖျားလက်ဖျားများမှာ အလွန်ချမ်းအေးကာ ထုံကျင်နေသည်။ ခဏမျှတက်ပြီးသည့်အခါ အခေါင်က ကျောက်စွန်းကလေးတစ်ခုအပေါ်သို့ ရောက်သွားသည်။ ဦးတောကျော်တို့ရောက်သည့်အခါ ထိုကျောက်စွန်းရှိသည့် တောင်ကမ်းပါးကြီးတွင် ကျောက်ချပ်ကြီးနှစ်ခုရှိကာ ထိုကျောက်ချပ်အကြားတွင် လူတစ်ဦးဝင်နိုင်ရုံ ဂူပေါက်ကလေးတစ်ခုဖြစ်နေသည်ကိုမြင်တွေ့လိုက်ရသည်။

“လာကြ၊ ဟောဒါကတော့ မုဆိုးဂူလို့ခေါ်တယ်၊ ခုနကလို တောင်ပေါ်မှာ ထင်မှတ်မထားတဲ့ အန္တရာယ်ကြုံရင် အနားယူ ခိုအောင်းနိုင်ဖို့မုဆိုးတွေပြင်ဆင်ထားတဲ့ နေရာပဲ”

အခေါင်၏လေသံမှာ အနည်းငယ်အေးဆေးသွားသကဲ့သို့ သူ၏မျက်နှာပေးမှာလည်း သာသာယာယာဖြစ်သွားသည်ကို ကြည့်ချင်းအားဖြင့် အသက်ဘေးမှလွှတ်လာပြီဖြစ်ကြောင်း ဦးတောကျော်က ရိပ်စားမိလိုက်သည်။ အခေါင်က ဂူအတွင်းသို့ဦးဆောင်ကာ ဝင်ရောက်သွားသည်။ ဂူအတွင်းတွင် အမှောင်ထုက ဖုံးလွှမ်းထားသည်၊ အတွင်းပိုင်းတစ်နေရာတွင်တော့ ထင်းခြောက်များကိုစုပုံထားသည်ကိုတွေ့ရပြီး မြက်ပင်ခြောက်များကိုလည်း စုပုံထားသည်။ အခေါင်က ထိုထင်းချောင်းများကိုခွေလိုက်ကာ မီးပုံသဖွယ်ပြုလုပ်လိုက်သည်။ ထင်းချောင်းများအောက်တွင်မြက်ခြောက်များကိုစုပုံလိုက်ပြီး မီးခတ်ကျောက်နှင့် မီးခတ်ရန်ပြင်ဆင်လေသည်။ ထိုအခါ ဆရာခိုက သူ့လွယ်အိတ်အတွင်းမှ စက္ကူဘူးလေးတစ်ဘူးထုတ်ပေးသည်။

“မီးခတ်နေရင် ပင်ပန်းပါတယ်၊ ဟောဒါက ဗြိတိသျှတွေထုတ်တဲ့ မီးခြစ်ဆံဘူး၊ ဒီဟာကိုသုံးလိုက်”

“ဟန်ကျတာပေါ့ဗျာ”

အခေါင်က မီးခြစ်ဆံနှစ်ချောင်းပူးကို မီးခတ်လိုက်ပြီးနောက် မြက်ခြောက်များအတွင်းသို့ပစ်သွင်းထည့်လိုက်လေရာ မကြာခင်မီးက ဟုန်းခနဲထတောက်လာခဲ့သည်။ မီးဖိုဘေးတွင် မီးလှုံလိုက်သည့်အခါမှ အနည်းငယ်နွေးထွေးသွားသည်။ မီးပုံအလင်းရောင်ကြောင့် ဂူအတွင်းလင်းချင်းသွားသည်။ ဂူမှာအတော်အတန်ရှည်လျားပြီး အထဲသို့ဆက်လက်ဝင်ရောက်နိုင်ပေသည်။ ဂူနံရံတွင်တော့ မီးသွေးခဲများနှင့် ရေးခြစ်ထားသည့် ရုပ်ပုံများ၊ စာသားများကိုတွေ့ရသည်။

“ဟောဒီတောင်ကြီးပေါ်မှာ သားရဲတိရစ္ဆာန်တွေကလည်း အန္တရာယ်တစ်ခုဆိုပေမယ့် ရာသီဥတုကလည်း ရန်သူပဲကွ”

အခေါင်က ပြောဆိုလိုက်သည်။ မကြာမီမှာပင် လေပြင်းများက တဝူးဝူးနှင့်တိုက်ခတ်လာပြန်သည်။ လေပြင်းများမှာ ကျောက်လှိုဏ်ဂူအဝနှင့်ထိတွေ့မိသည့်အခါ တဝေါဝေါလေသံများအဖြစ်ပြောင်းလဲသွားပြီး မိစ္ဆာကြီးတစ်ကောင်၏ အော်ဟစ်သံနှင့်ပင်တူညီလှသည်။ ဦးတောကျော်မှာ မီးလှုံနေရင်း ဂူအတွင်းမှ အသံတစ်ခုကိုကြားလိုက်မိသည်။ အသံမှာ အဆက်မပြတ်ထွက်ပေါ်နေသည့် အသံတစ်ခုပင်ဖြစ်သည်။

ဦးတောကျော်မှာ နံဘေးမှတူမီးသေနတ်ကို ကောက်ကိုင်လိုက်ကာ ကျည်ဆန်အသင့်ဖြည့်နေမိသည်။

“ဦးတောကျော် ဘာဖြစ်လို့လဲဗျ”

ခွန်နောင်က လှမ်းမေးလိုက်ရာ ဦးတောကျော်က နှုတ်ခမ်းကိုလက်ညှိုးဖြင့် ကန့်လန့်ဖြတ်ကာထောင်ပြလိုက်ရင်း

“ရှူးတိုးတိုး၊ ခင်ဗျားတို့အသံတစ်ခုကြားရသလား”

“ကြားတယ်လေ ဦးတောကျော်၊ လေတိုးနေတဲ့အသံလေ”

“မဟုတ်ဘူးကွ၊ အဲဒီလေတိုးသံရဲ့အနောက်မှာ အသံတစ်ခုရှိသေးတယ်၊ အဲဒီအသံက ဂူထဲကနေလာတာ”

အခေါင်က မျက်လုံးမှိတ်လိုက်ပြီး နားစွင့်ကာ အသံနားထောင်နေလေသည်။ ခဏအကြာတွင် မျက်လုံးပြူးသွားပြီး သူ့နံဘေးမှ ဒူးလေးအသေးကို ကောက်ယူလိုက်ကာ လေးညို့တင်လိုက်လေသည်။ ခွန်နောင်ကလည်း

“ကြားတယ်ဗျ၊ အသံက တစ်ခုခုပဲ”

“ဟောက်သံ၊ အဲဒါ တစ်ယောက်ယောက် ဟောက်နေတဲ့အသံကွ”

“ဒီမှာကျုပ်တို့ပဲရှိတာလေဗျာ၊ အခုဟောက်သံကြားတယ်ဆိုတော့ နောက်ထပ်မုဆိုးတစ်ယောက်ယောက်များ ရောက်နေလို့လား”

“ဘယ်ဟုတ်မလဲ ခွန်နောင်ရ၊ အခုလိုရာသီဥတုကြမ်းတဲ့အချိန်မှာ တခြားသားကောင်တွေလဲ ဒီဂူထဲကိုဝင်ပြီး ပုန်းအောင်းနေနိုင်တာပဲလေ”

အခေါင်က ပြောဆိုလိုက်ကာ ဒူးလေးကိုအသင့်ပြင်လျှက် ဂူအတွင်းသို့ထွက်သွားလေသည်။ ခွန်နောင်က မီးစွဲလောင်နေသည့် ထင်းချောင်းတစ်ချောင်းကို ကောက်ယူကာ လိုက်လာခဲ့သည်။ ဦးတောကျော်ကလည်း သေနတ်ကိုအသင့်ပြင်ဆင်ထားသည်။ ဂူအတွင်းတစ်နေရာရောက်သည့်အခါ ကျောက်ဖျာကလေးတစ်ခုရှိသည်။ ထိုကျောက်ဖျာကလေးထက်တွင် လူတစ်ဦးမှာ ပက်လက်အိပ်လျှက် ဟောက်နေလေသည်။

“ကျုပ်ပြောသားပဲ တခြားမုဆိုးတစ်ယောက်ဖြစ်မှာပါဆို”

ခွန်နောင်စကားပြောလိုက်သည့်အခါ ထိုလူက ငေါက်ခနဲကောက်ထိုင်ထလိုက်သည်။

“ခင်ဗျားတို့ဘယ်သူတွေလဲ”

“ငါတို့မုဆိုးတွေပါ၊ ရာသီဥတု မကောင်းလို့ ဒီထဲခဏလာခိုနေကြတာ၊ ဒါနဲ့မင်းကဘယ်သူလဲ”

“ကျုပ်လည်း မုဆိုးတစ်ယောက်ပါပဲ”

ထိုလူကြီးမှာ အသက်ငါးဆယ်ခန့်ရှိပြီး ရှမ်းအင်္ကျီအဟောင်းအစုတ်တစ်ထည်ကိုဝတ်ဆင်ထားသည်။ ကျစ်လျစ်သန်မာသည့် ခန္ဓာကိုယ်ရှိကာ ရုပ်ရည်မှာလည်း ခပ်ကြမ်းကြမ်းဖြစ်သည်။ ဦးတောကျော်တို့မှာ မီးပုံရှိရာသို့ပြန်လာခဲ့သည့်အခါ ထိုလူကလည်း လိုက်ပါလာခဲ့သည်။

အခေါင်က ဂူတစ်နေရာသို့သွားလိုက်ကာ ကျောက်စိုက်ကျောက်သားများပြိုကျနေသည့် အပုံတစ်ခုကိုမွှေနှောက်ရှာဖွေနေလေသည်။ ကျောက်တုံးကလေးများကိုဖယ်ရှားလိုက်သည့်အခါ အိုးကလေးတစ်လုံးထွက်လာခဲ့သည်။ ထိုအိုးကလေးကို အခေါင်က ပြုံးလျှက်ကြည့်လိုက်ကာ မီးပုံအနီးသို့ယူဆောင်လာခဲ့သည်။

“အခုလိုအေးတဲ့အချိန်ဆို ခေါင်ရည်ကလေးသောက်လိုက်ရရင် သိပ်ကောင်းတာကွ”

အခေါင်က ခေါင်ရည်အိုးကိုပိတ်ဆို့ထားသည့် စက္ကူချပ်ကြီးကိုဖယ်ထုတ်လိုက်ကာ ခေါင်ရည်ကိုတစ်ကျိုက်မော့သောက်လိုက်လေသည်။ ထို့နောက် အနီးရှိခွန်နောင်ထံသို့ကမ်းပေးလိုက်ရာ ခွန်နောင်က ဂွပ်ခနဲတစ်ငုံမော့သောက်လိုက်ရင်း

“ကောင်းလိုက်တဲ့ခေါင်ရည်ဗျာ၊ အေးနေတာလေးတစ်ခုပဲ၊ ခင်ဗျားဘယ်လိုလုပ်ပြီး ဒီမှာခေါင်ရည်ရှိမှန်းသိတာလဲအခေါင်”

“သိဆို ဒီခေါင်ရည်အိုးက ငါဖွက်ထားတာကိုးကွ”

သို့နှင့် ခေါင်ရည်ကိုတစ်ယောက်တစ်လက် လက်ဆင့်ကမ်းကာ သောက်သုံးကြသည်။ မကြာခင် ဦးတောကျော်ထံသို့ခေါင်ရည်အိုးကလေးရောက်လာခဲ့သည်။ ခေါင်ရည်အိုးအောက်ဖက်တွင်တော့ ခေါင်ဖတ်များက ကပ်နေလေသည်၊ ဦးတောကျော်က ခေါင်ရည်ကိုတစ်ကျိုက်စုပ်သောက်လိုက်လေရာ ချဉ်စူးစူးပြင်းထန်သည့်အရသာကိုခံစားလိုက်ရသည်။ ခေါင်ရည်မှာအေးမြနေသော်လည်း လည်ချောင်းအတွင်းသို့စီးဝင်သွားပြီးနောက် တစ်ကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်ကာ ပူနွေးလာလေသည်။

ဆရာခိုက ထိုမုဆိုးအားကြည့်ရင်း

“ခင်ဗျား မျက်လုံးမှာ ဒဏ်ရာရထားတာပဲ”

ထိုလူ၏မျက်လုံးတစ်ဖက်မှာ မျက်လုံးရှိပုံမပေါ်ဘဲ ချိုင့်ဝင်နေလေသည်။

“ကျုပ်က ဆေးဆရာပါ၊ ကျုပ်ကြည့်ပေးရမလား”

ထိုမုဆိုးက ခေါင်းခါပြရင်း

“ကျုပ်အတွက်တော့ မျက်လုံးတစ်လုံးဆိုတာ ဘာမှမဟုတ်ပါဘူး”

ထိုအခါ ခွန်နောင်ကလည်း ရယ်မောကာ

“တွေ့လားဆရာခိုရဲ့၊ ကျုပ်တို့မုဆိုးတွေအတွက်တော့ မျက်လုံးတစ်လုံးမရှိယုံနဲ့ ဘာမှမဖြစ်ပါဘူးဗျာ၊ ကျုပ်ဆိုရင်လည်း မျက်လုံးတစ်လုံးမှမရှိတော့တာ၊ တစ်ခုကောင်းတာက သေနတ်ချိန်တဲ့အခါ မျက်လုံးတစ်ဖက် မမှိတ်ရတော့တာပဲဗျ”

ခွန်နောင်က ပြောဆိုလိုက်ပြီးရယ်မောနေလေသည်။ အခေါင်က ထိုလူဘက်သို့လှည့်ကြည့်ရင်း

“ဒါထက် ခင်ဗျားကို ကျုပ်မမြင်ဖူးပါလား၊ ခင်ဗျားနာမည်ဘယ်လိုခေါ်သလဲ”

ထိုလူက အခေါင်အားတစ်ချက်ကြည့်လျှက်

“ကျုပ်နာမည် စိုင်းခုံး၊ နေတာကတော့ ပင်းလုံထီးရွာမှာနေတယ်”

အခေါင်က မျက်မှောင်ကြုတ်လိုက်ကာ

“ပင်းလုံထီးဆိုတဲ့ရွာကို ဒီနားမှာ မကြားဖူးပါလားကွ၊ နေပါအုံး မင်းက ဘယ်ကနေဘယ်လို ဒီကိုရောက်နေတာလဲ”

“ကျုပ်လက်စားချေဖို့လာတာ၊ ကျုပ်ရဲ့ဟောဒီမျက်လုံးကို အခုလိုဖြစ်သွားအောင်လုပ်တဲ့အကောင်ကို လက်စားချေဖို့လာတာ”

“နေပါအုံး မင်းမျက်လုံးကို ဘယ်သူကလုပ်လိုက်တာလဲ”

စိုင်းခုံးမှာ နှုတ်ဆိတ်နေလေသည်။ ခဏကြာသည့်အခါမှ

“အဲဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ ကျုပ်ရဲ့ဘဝအကြောင်းကို အရင်ပြောပြမှဖြစ်မယ်”

သို့နှင့်စိုင်းခုံးက အတိတ်အကြောင်းအရာများကို ပြန်လည်ပြောဆိုလေသည်။

(၃)

ပင်းလုံထီးဆိုသည့်ရွာကလေးမှာ လွိုင်တိမ်းတောင်ကြီးနှင့် အတန်ငယ်ဝေးကွာလှသည့် တောင်သုံးလုံးအကြားတွင် တည်ရှိသည့် ရွာကလေးတစ်ရွာဖြစ်သည်။ ရွာသူရွာသားများမှာ တောင်ယာလုပ်ကိုင်ခြင်း၊ ကျွဲနွားမွေးမြူခြင်းလုပ်ငန်းများဖြင့် အသက်မွှေးကြသော်လည်း မုဆိုးပညာဖြင့် အသက်မွေးသူတစ်ယောက်ရှိသည်။ ထိုလူကတော့ စိုင်းခုံးပင်ဖြစ်သည်။ စိုင်းခုံးမှာ ပင်းလုံထီးရွာကလေးတွင် ငယ်မွေးခြံပေါက်ဖြစ်သည်။ စိုင်းခုံး၏ မိဘများမှာ တောင်ယာစိုက်ပျိုးသူများဖြစ်သော်လည်း စိုင်းခုံးမှာ ငယ်စဉ်ကတည်း အမဲလိုက်ခြင်းလုပ်ငန်းကို ဝါသနာပါသည်မို့ ရွာရှိ မုဆိုးကြီးတစ်ဦးထံတွင်ပညာသင်ကာ မုဆိုးတစ်ယောက်ဖြစ်လာခြင်းဖြစ်သည်။ အရွယ်ရောက်လာသည့်အခါ တစ်ရွာတည်းနေ နန်းယဉ်ဆိုသူအမျိုးသမီးနှင့် အိမ်ထောင်ရက်သားကျသည်။

တစ်ရက်တွင် ပင်းလုံထီးရွာဆီသို့ တောင်ယာလုပ်ငန်းခွင်မှ တောင်ယာလယ်သမားများမှာ အူလျားဖားယားနှင့်ပြေးဆင်းလာကြလေသည်။ တောင်ယာလုပ်ငန်းမှာ တောင်ခါးပန်းများကို ရှင်းလင်းကာ လုပ်ကိုင်ရသည်မို့ ရွာနှင့်ခပ်လှမ်းလှမ်းဖြစ်သည်။ တောင်ယာလယ်သမားများမှာ အလွန်ထိတ်လန့်နေကြလေသည်။

“ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ”

“ဝံ . . .ဝံကောင်ကြီးတစ်ကောင် ဟိုးဖက်တောင်ကြောပေါ်မှာ ဆိုးသွမ်းနေတယ်”

“ဒီတောဒီတောင်မှာ ဝက်ဝံရှိတာ ဆန်းသလားဗျာ”

“ဆန်းတော့မဆန်းပေမယ့် ဒီဝက်ဝံက အရင်ဝက်ဝံတွေလိုမဟုတ်ဘူး၊ တောင်ယာသီးနှံတွေကို လာပြီးခိုးဝှက်စားတာမဟုတ်ဘဲ တောင်ယာလုပ်တဲ့လူတွေကို သတ်ဖြတ်ပြီးစားသောက်ဖို့ ရောက်လာတဲ့ကောင်ကြီး”

ထိုစကားကြားသည့်အခါ စိုင်းခုံးပင်မျက်မှောင်ကြုတ်သွားမိသည်။

“ဒီကောင်ကြီးက တခြားဝက်ဝံတွေထက် အကောင်လည်းပိုကြီးတယ်၊ အရောင်ကလည်း တစ်ကိုယ်လုံးကို မဲနက်နေရောပဲ၊ ရင်ဘတ်တစ်နေရာတော့ ဖြူနေတယ်၊ ပြီးတော့ လူကိုပဲ သတ်စားတာ”

“ဝက်ဝံဆိုတာ အစုံစားတယ်ဗျ၊ လူကို မတော်တဆထိပြီး စားမိသွားတာနေမှာပါ”

“မဟုတ်ဘူး စိုင်းခုံး၊ ဒီကောင်ကြီးကို ငါတို့သတိထားမိတာ သုံးရက်လောက်ရှိပြီ၊ ဒါနဲ့ တခြားဝံတွေကိုခြောက်သလို အသံနဲ့ခြောက်ထုတ်တာလဲ ဒီကောင်ကြီးမကြောက်ဘူး၊ ငါတို့ ထောင်ချောက်ထောင်တာကိုလည်း ဒီကောင်ကြီးက မဝင်ဘူးကွ၊ တော်တော်လည်တဲ့ကောင်ကြီးကွာ၊ အခုမနက်ဘဲ တောင်ယာထဲဆင်းတဲ့ ခွန်လင်းကို တို့ရှေ့တင်ပဲဝင်ဆွဲတာ၊ ငါတို့လည်း လေးတွေမြားတွေနဲ့ ပစ်ခတ်ပေမယ့် ဒီကောင်ကြီးကိုမထိဘူးဟေ့၊ ခွန်လင်းကို ဂုတ်ကနေကိုက်ချီပြီးတော့ တောထဲကိုဝင်သွားတာပဲ၊ အဲဒါ ငါတို့လည်း တောင်ယာထဲမှာ မနေရဲတော့တာနဲ့ ရွာကိုပြန်လာတာ”

“အင်းပေါ့ဗျာ၊ ဝက်ဝံသောင်းကျန်းပြီဆိုတော့ ကျုပ်တာဝန်ဖြစ်လာပြီပေါ့၊ နေအုံး ကျုပ်ဒီနေ့ပဲ ခင်ဗျားတို့တောင်ယာကိုသွားပြီး ဒီဝက်ဝံကြီးကို ရှာကြည့်စမ်းမယ်”

“ကူညီစမ်းပါ စိုင်းခုံးရာ၊ ဒီဝက်ဝံနက်ကြီးကို မင်းရရင် ငါတို့လည်းမင်းကို တောင်ယာထွက်သီးနှံတွေ ဆုချီးမြှင့်ပါ့မယ်ကွ”

သို့နှင့် စိုင်းခုံးတစ်ယောက် အိမ်သို့ပြန်လာခဲ့သည်။ အိမ်တွင် နန်းယဉ်နှင့် မွေးကင်းစ သမီးကလေးကရှိနေသေးသည်။ စိုင်းခုံးက ဒူးလေးမြားတံများကို သေချာချွန်ထက်အောင်သွေးနေသည့်အချိန်တွင် ဇနီးဖြစ်သူ နန်းယဉ်က အနီးသို့တိုးကပ်လာသည်။

“အကိုစိုင်းခုံး၊ မဟုတ်မှလွဲရော အကိုတောင်ပေါ်ကိုသွားမလို့လား၊ လူသားစားတဲ့ ဝက်ဝံနက်ကြီးကို သွားပစ်မလို့လား”

“ဟာ၊ သတင်းတွေကလည်း မြန်လိုက်တာဟေ့၊ ဟုတ်တယ် နန်း အကိုဒီကောင်ကြီးကိုသွားပစ်မယ်”

“ရွာသားတွေပြောတာတော့ ဒီကောင်ကြီးက သိပ်ဆိုးတယ်ဆိုပဲနော် အကို၊ အကိုဖြစ်ပါ့မလား”

“စိတ်မပူစမ်းပါနဲ့ နန်းရာ၊ အကိုက မုဆိုးပါ၊ ဒီရွာသားတွေဆိုတာ သားကောင်တွေအကြောင်းကို ဘာမှသိတဲ့လူတွေမဟုတ်ဘူး”

“ဒါပေမယ့် ဒီတစ်ခါတော့ နန်းစိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်အကို၊ ဖြစ်နိုင်ရင် အကိုမသွားပါနဲ့”

“မသွားလို့ဖြစ်မလားနန်းယဉ်ရယ်၊ အကိုတို့မုဆိုးတွေဆိုတာ သားကောင်ပစ်ခတ်ပြီး အသက်မွှေးဖို့ပဲမဟုတ်ဘူး နန်းရဲ့၊ အခုလို သားကောင်ဆိုးတွေက လူတွေကိုဘေးရန်ပြုလာပြီဆိုရင် နှိမ်နင်းပေးဖို့လဲ တာဝန်ရှိတယ်လို့ ဆရာကြီးက ပြောခဲ့တယ်မဟုတ်လား”

“ဒါတော့ ဒါပေါ့အကိုရယ်၊ နန်းကတော့ အကို့ကိုမသွားစေချင်ဘူး၊ သမီးကလေးကလည်း ရှိသေးတယ်မဟုတ်လား”

စိုင်းခုံးမှာ နန်းယဉ်လက်ကိုဆွဲကိုင်လိုက်ကာ

“ဘာမှစိတ်ပူမနေပါနဲ့နန်းရယ်၊ ဒီကောင်ကြီးလောက်က အကိုအပျော့ပါ၊ အကိုအခုသွားရတယ်ဆိုတာလည်း နန်းနဲ့သမီးလေးအတွက်ပဲ၊ ဝက်ဝံဆိုတာ ဈေးကောင်းရတယ်နန်းရဲ့၊ ဝက်ဝံအရေတို့၊ သည်းခြေတို့ဆိုတာ မြို့ကလူတွေ ဈေးကောင်းပေးဝယ်တယ်တဲ့”

နန်းယဉ်မှာ မငြင်းသာတော့သည်မို့ ကြည့်ရုံသာကြည့်နေလိုက်တော့သည်။ စိုင်းခုံးမှာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည့်အခါ ဒူးလေးထမ်းလျှက် အိမ်မှထွက်လာခဲ့လေသည်။

တောင်ယာလုပ်ငန်းခွင်များတွင် ပြောင်းဖူးပင်များကို အများအပြားစိုက်ပျိုးထားကြသည်။ စိုင်းခုံးမှာ ဝက်ဝံကြိးလာသည့် နေရာကိုစစ်ဆေးကြည့်ရှုရာတွင် မြေပြင်တွင် သွေးအိုင်အကွက်ကြီးတစ်ခုကိုတွေ့ရလေသည်။ ထိုသွေးအိုင်ကြီးမှာ ခွန်လင်းကိုက်စဉ်က ကျခဲ့သည့်သွေးကွက်ဖြစ်လောက်သည်။ သွေးအိုင်အနီးတွင် ခြေရာများရှုပ်ထွေးနေရာမှ တောအုပ်အတွင်းသို့ဝင်ရောက်သွားသည့် ဝက်ဝံခြေရာတစ်ခုကိုမြင်တွေ့လိုက်ရသည့်အခါ စိုင်းခုံးမှာ ထိုခြေရာအတိုင်း ခြေရာခံလိုက်ခဲ့သည်။

တောင်ယာမှထွက်ခွာလာသည်နှင့် တောအုပ်မှာ ထူထပ်လာလေသည်။ တောအုပ်အတွင်းသို့ လိုက်လံဝင်ရောက်လာရင်း စမ်းချောင်းကလေးတစ်ခုနံဘေးသို့ရောက်လာသည့်အခါ ခြေရာမှာပျောက်ကွယ်သွားလေသည်။ စိုင်းခုံးမှာ ဒူးလေးကိုအသင့်ပြင်လျက် စဉ်းစားနေရတော့သည်။

“အင်း၊ ဝက်ဝံဆိုတာ အသီးအရွက်စားတဲ့အကောင်တွေ၊ ဒီကောင်တွေအသားစားမယ်ဆိုရင် ကြိမ်းသေပေါက် ရေဆာမှာပဲ၊ ဒီတော့ ဒီရေနဲ့နီးတဲ့ နေရာနားတစ်ဝိုက်မှာပဲရှိရမယ်”

စိုင်းခုံးက အခြားနေရာသို့ထွက်မရှာတော့ဘဲ စမ်းချောင်းအတိုင်း ဆန်တက်လာခဲ့သည်။ သို့နှင့်မကြာခင်တွင် ရေတံခွန်ကလေးတစ်ခုအနားသို့ရောက်လာခဲ့သည်။ ရေတံခွန်ကလေးမှာ လူသုံးရပ်စာခန့်မြင့်သည့် ရေတံခွန်ဖြစ်သည်။ ရေတံခွန်အနားရောက်သည့်အခါ စိုင်းခုံးမှာ မောပန်းလွန်းသဖြင့် ရေတံခွန်အောက်ခြေရှိ ရေကန်ငယ်ကလေးအတွင်းမှ ရေများကိုလက်ခုပ်ဖြင့်ခပ်သောက်နေမိသည်။ ကြည်လင်နေသည့် ကန်ရေပြင်အောက်ခြေတစ်နေရာသို့ အမှတ်မထင်ငုံ့ကြည့်မိလိုက်ရာ ရေအောက်တွင် လူလက်ပြတ်တစ်ဖက်ကိုတွေ့လိုက်ရသဖြင့် စိုင်းခုံးတစ်ယောက် ထိတ်လန့်သွားမိသည်။ ထိုစဉ်မှာပင် ရေကန်တစ်ဖက်ခြမ်းတွင် အနက်ရောင်ဝက်ဝံကြီးတစ်ကောင်က မတ်တပ်ရပ်ကာ သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည်ကိုတွေ့ရသည်။

စိုင်းခုံးက ဒူးလေးကိုဖြုတ်ယူလိုက်ကာ ထိုဝက်ဝံကြီးကို ဒူးလေးဖြင့်ထိုးချိန်လိုက်ကာ ရင်ဝတည့်တည့်နှလုံးရှိနိုင်မည့်နေရာသို့ ချိန်ရွယ်ကာ ပစ်ခတ်လွှတ်လိုက်လေသည်။ ဒူးလေးမြားတံမှာ ဝက်ဝံနက်ကြီးထံသို့ တည့်မတ်စွာ ပျံသန်းသွားသော်လည်း အနားရောက်သည့်အခါမှ ဝေ့ဝိုက်ထွက်သွားကာ အနောက်ဘက်ရှိ ကျောက်ဆောင်တစ်ခုကို ထိမှန်သွားလေသည်။ စိုင်းခုံးမှာ ဒူးလေးပင်ပြန်တင်ချိန်မရလိုက်ဘဲ ဝက်ဝံနက်ကြီးက စိုင်းခုံးရှိရာထံသို့ ပြေးခုန်ဝင်လာခဲ့သည်။ စိုင်းခုံးမှာ ကြံရာမရသည့်အဆုံး အရှေ့မှ ရေကန်အတွင်းသို့ ခုန်ချလိုက်လေတော့သည်။ ရေကန်မှာ လူတစ်ရပ်မက နက်ရှိုင်းလေသည်။

ဝက်ဝံကြီးမှာလည်း ဒေါနှင့်မောနှင့် ရေကန်ထဲလိုက်ခုန်ချသည်။ သို့သော် ဝက်ဝံမှာ ရေကူးမကျင်လည်မှန်း စိုင်းခုံးကသိလိုက်သည်မို့ ရေအောက်သို့ငုတ်လိုက်လေသည်။ ဝက်ဝံကြီးမှာ စိုင်းခုံးရှိရာဆီသို့ လက်သည်းများဖြင့် ကုတ်ခြစ်တိုက်ခိုက်သော်လည်း ရေများခံနေသည်မို့ စိုင်းခုံးအားမထိဘဲ တဗွမ်းဗွမ်းသာဖြစ်နေလေသည်။ စိုင်းခုံးက ဝက်ဝံကြီးထံသို့ရေငုတ်သွားကာ ဝက်ဝံကြီး၏ခြေထောက်များကို အသင့်ပါလာသည့် ဓါးဖြင့်ခုတ်လေသည်။ ခြေထောက်ကိုခုတ်ရာတွင်လည်း ဒူးခေါက်ကွေးအကြောဆုံများကို ခုတ်ဖြတ်ထည့်လိုက်ရာ ရေကူးနေသည့် ဝက်ဝံကြီးမှာ ရေကူူးအားကျဆင်းလာသည်။

ဝက်ဝံကြီးမှာ စိုင်းခုံးအား တိုက်ခိုက်ရန်သတိမရတော့ဘဲ လက်နှစ်ဖက်အားကိုအသုံးပြုကာ ကမ်းစပ်ဆီသို့ ကူးခတ်နေလေသည်။ စိုင်းခုံးက ဝက်ဝံကြီးအားအလွတ်မပေးဘဲ ဝက်ဝံကြီး၏ နောက်ကျောကုန်းကို ခုန်တက်လိုက်ကာ ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးနှက်လေသည်။ ဝက်ဝံကြီးမှာ စိုင်းခုံးကိုသတိမထားနိုင်အားပဲ အားစိုက်ကာ ကူးခတ်နေရင်း တဖြည်းဖြည်းအားပျော့လာသည်။ ထို့နောက် ရေထဲခေါင်းစိုက်ကျသွားကာ ငြိမ်ကျသွားတော့သည်။

စိုင်းခုံးမှာ အလွန်မောပန်းနေလေသည်။ ရေကန်အတွင်းမှ တက်လာပြီး အမောဖြေနေမိသည်။ ဝက်ဝံကြီးမှာ ရေစီးနှင့်မြောပါသွားကာ ချောင်းအောက်ဘက်ကမ်းတွင် တင်နေလေသည်။ စိုင်းခုံးမှာ အမောဖြေပြီးသည့်အခါမှ ဓါးကို ကိုင်ဆွဲကာ ဝက်ဝံကြီးထံသို့ ပြေးသွားလိုက်သည်။ ဝက်ဝံကြီး၏ ရင်ဘတ်ကိုခွဲကာ ဝမ်းတွင်းကိုလက်ဖြင့်နှိုက်ယူလိုက်သည်။ လက်ကိုပြန်ဆွဲထုတ်လိုက်သည့်အခါ စိမ်းမြနေသည့် ဝက်ဝံသည်းခြေအိတ်က ပါလာခဲ့သည်။

“ဝက်ဝံသည်းခြေဆိုတာ ဈေးအကြီးဆုံးပဲ၊ ဝက်ဝံသည်းခြေစားရင် ဖြတ်လတ်တယ်၊ သန်မာတယ်ဆိုပဲ၊ ဒီတော့ ဒီသည်းခြေကို သူများကိုရောင်းမယ့်အစား ငါစားမယ်၊ ငါစားမယ်ဟေ့”

စိုင်းခုံးက သည်းခြေအိတ်ကိုပါးစပ်အတွင်းထည့်လိုက်ကာ ပလုပ်ပလောင်းနှင့်ဝါးလိုက်သည်။ အလွန်ခါးသက်လှသည့် သည်းခြေရေများမှာ ပါးစပ်အတွင်းစိမ့်ကျလာသဖြင့် မြိုချရပြန်သည်။ သည်းခြေများကိုစားပြီးသည့်အခါ ဝက်ဝံကြီး၏ အရေခွံကိုခွာနေမိသည်။ ထိုသို့ခွာနေစဉ်မှာပင် ဝက်ဝံကြီးမှာ တဖြည်းဖြည်းသေးငယ်သွားကာ နောက်ဆုံး လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားလေသည်။

“ဟင် ဘယ်လိုဖြစ်တာပါလိမ့်”

ထိုလူအား ဆွဲလှန်ကြည့်သည့်အခါ သူတို့ရွာနှင့်မလှမ်းမကမ်း ကျေးရွာတစ်ရွာမှ မုဆိုးတစ်ဦးဖြစ်နေသည်ကိုတွေ့ရသည်။ ထိုမုဆိုးမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က အမဲလိုက်ရင်း ပျောက်ဆုံးသွားခဲ့သည့် မုဆိုးတစ်ဦးပင်ဖြစ်သည်။

ထိုစဉ် စိုင်းခုံးတစ်ယောက် ခေါင်းတွေကြီးလာသည်၊ ခေါင်းတွေမူးဝေကာ ရင်တွေလည်းပူတက်လာသည်။ မကြာခင် စိုင်းခုံးမှာ ကိုယ့်လက်ကိုယ်ပြန်ကြည့်မိသည်။ လက်သည်းချောင်းကြီးများ ရှည်ထွက်လာကာ အမွှေးအမျှင်များမှာလည်း အလွန်ထူထပ်လာခဲ့သည်။ မကြာခင် စိုင်းခုံးတစ်ယောက် ချောင်းကမ်းစပ်တွင်လူးလိမ့်ရင်း လူစင်စစ်မှ ဝက်ဝံကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။

(၄)

ထိုလူပြောနေသည်ကို နားထောင်ရင်း သူတို့အားလုံး အံ့အားသင့်နေကြသည်။ ထိုလူက အခေါင်အားကြည့်ကာ

“ခင်ဗျားကို ကျုပ်ဘာလို့အလွတ်ပေးထားတယ်ဆိုတာခင်ဗျားသိလား၊ ခင်ဗျားက ကျုပ်သမီးကိုခေါ်သွားတယ်၊ ကျုပ်ကို ပင်းလုံထီးက ရွာသားတွေလိုက်လို့ ထွက်ပြေးလာရတဲ့အချိန်မှာ ကျုပ်ဂူထဲကို ခင်ဗျားနဲ့လူတစ်ယောက်ရောက်လာခဲ့တယ်မဟုတ်လား”

အခေါင်မှာ အံ့သြလျှက်

“ဒါဆို အဲဒီကလေးက မင်းရဲ့သမီးပေါ့၊ ဒါဆို သေနေတဲ့မိန်းမက မင်းရဲ့မိန်းမ နန်းယဉ်ဆိုတာပေါ့”

စိုင်းခုံးမှာ မျက်နှာကိုရှုံ့မဲ့လိုက်ကာ

“ဟုတ်တယ်၊ ကျုပ်စိတ်မထိန်းနိုင်ပဲ ကျုပ်မိန်းမကိုသတ်ခဲ့မိတယ်၊ ကျုပ်သမီးကို မွှေးစားထားတဲ့ခင်ဗျားက ကျုပ်ကိုသတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊ ကျုပ်ကလည်း ခင်ဗျားကိုတမင်မသတ်ခဲ့လို့ ခင်ဗျားအခုထိအသက်ရှင်နေတာပဲ”

ဦးတောကျော်က သေနတ်ကိုကောက်ယူလိုက်ပြီး စိုင်းခုံးကိုထိုးချိန်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းသေရမယ် စိုင်းခုံး”

ထိုအခါ စိုင်းခုံးက တဟားဟားနှင့်ရယ်မောလိုက်ကာ

“ကဲ မုဆိုးကြီး၊ ခင်ဗျားသေနတ်က ကျုပ်ကိုသတ်နိုင်မယ်လို့ထင်လို့လား၊ ခင်ဗျား ကျုပ်ကိုပစ်ကြည့်စမ်းပါအုံးဗျာ”

ဦးတောကျော်လည်း လက်နှေးမနေတော့ဘဲ သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည်။ သို့သော် ချောက်ခနဲအသံတစ်ချက်သာမြည်ဟီးသွားပြီး သေနတ်ကိုမီးမကူးပေ။ ခွန်နောင်ကလည်း သူ့သေနတ်ကိုကောက်ယူလိုက်ကာ ပစ်ခတ်လိုက်လေသည်။ ခွန်နောင်သေနတ်လည်း ထိုနည်းတူပင် မီးမကူးချေ။

စိုင်းခုံးမှာ ရယ်မောလျှက် သေနတ်ပြောင်းဝနှစ်ခုကို လက်ဖြင့်ကိုင်လိုက်ကာ သေနတ်များကိုဆွဲယူပြီး လွှင့်ပစ်လိုက်သည်။ ပြီးနောက် ဦးတောကျော်အားကြည့်ရင်း

“ဟား၊ ဟား ကျုပ်လိုကျိန်စာသင့်နေတဲ့ ဝက်ဝံကို ဘယ်လိုပစ်ခတ်တဲ့ လက်နက်မျိုးကမှ မပစ်ခတ်နိုင်ဘူးဆိုတာ ခင်ဗျားတို့မသိကြဘူးကိုး၊ ကဲ မုဆိုးကြီး၊ ခင်ဗျားသေရမယ်၊ ကျုပ်မျက်လုံးကိုဖောက်ခဲ့တဲ့အတွက် ခင်ဗျားပြန်ပေးဆပ်ရမယ်”

ပြောဆိုနေစဉ်မှာပင် စိုင်းခုံးမှာ ဝက်ဝံနက်ကြီးအဖြစ်ပြောင်းလဲသွားလေသည်။ ဦးတောကျော်ကို လက်ဖြင့်လှမ်းကုတ်ဖဲ့လေရာ ဦးတောကျော်က အနောက်သို့တစ်ပတ်လှိမ့်လိုက်ကာရှောင်ရှားလိုက်သည်။ ထို့နောက် ခါးတွင်ချိတ်ထားသည့် အမဲလိုက်ဓါးမြှောင်အားဆွဲဖြုတ်လိုက်ပြီး

“လာစမ်းပါကွာ၊ မင်းကို သေနတ်နဲ့ပစ်လို့မရပေမယ့် ဓါးနဲ့တော့ ခုတ်လို့ပြတ်ပါတယ်၊ ဟောဒီဓါးက မင်းရဲ့မျက်လုံးတစ်ဖက်ကို ယူပြီးပြီ၊ ဒီတစ်ခါတော့ မင်းရဲ့အသက်ကို နှုတ်ယူမယ့်ဓါးကွ”

ဝက်ဝံကြီးမှာ ဦးတောကျော်ထံသို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ဦးတောကျော်မှာ ဝက်ဝံခုတ်ချက်များကို အသည်းအသန်ရှောင်တိမ်းနေရသည်။ ဝက်ဝံကြီးကို ဓါးဖြင့်အထိုးတွင် ဝက်ဝံကြီးက လက်ဖြင့်ပုတ်ထုတ်လိုက်ရာ ဦးတောကျော်လက်အတွင်းမှ ဓါးမှာပြုတ်ကျသွားလေသည်။ လက်နက်မဲ့ဖြစ်သွားသော ဦးတောကျော်အား ဝက်ဝံကြီးက ဝင်ဆွဲမည်ဟုပြင်ဆင်နေသည့်အချိန် အခေါင်မှာ ငေါက်ခနဲထလိုက်ပြီး သူဆောင်ယူလာသည့် ဓါးမကြီးဖြင့် ဝက်ဝံကြီး၏ ကျောကုန်းကိုဝင်ခုတ်လေသည်။ ထူထဲလှသည့်အမွှေးများရှိသည်မို့ ဝက်ဝံကြီးကျောကုန်းအား ပြတ်ရှသွားသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်မရလိုက်ပေ၊ ဝက်ဝံကြီးမှာ နာကျင်သွားသဖြင့် အနောက်သို့လှည့်၍ လက်ဖြင့်ပုတ်ထည့်လိုက်ရာ အခေါင်၏ရင်ဘတ်တည့်တည့်ကို လက်ကထိမှန်သွားကာ အခေါင်မှာအနောက်သို့လွင့်ထွက်သွားသည်။

မုဆိုးခွန်နောင်လည်း မနေသာတော့သဖြင့် ဓါးမြှောင်ကိုင်ကာ ဝင်ရောက်တိုက်ခိုက်ရတော့သည်။ ဆရာခိုမှာ အခေါင်ထံသို့ပြေးသွားပြီး ဒဏ်ရာများကိုကြည့်လိုက်လေရာ ရင်ဘတ်ကြွက်သားများမှာ စုတ်ပြတ်လျှက် အတွင်းနံရုံးများမှာ ကျိုးကြေနေကာ တဒုတ်ဒုတ်ခုန်နေသည့် နှလုံးအိမ်ကို အတိုင်းသားမြင်ရလေသည်။ ဆရာခိုမှာ အခေါင်၏ အခြေအနေကိုကြည့်လျှက် ခေါင်းခါလိုက်မိသည်။

ဦးတောကျော်တို့နှစ်ယောက်နှင့် ဝက်ဝံကြီး၏ တိုက်ပွဲမှာလည်း ပြင်းထန်လှပေသည်။ ဦးတောကျော်မှာ ခွန်နောင်အားအယောင်ပြကာ ဝက်ဝံကြီးကိုဘယ်ဖက်မှဝင်တိုက်စဉ်တွင် ခွန်နောင်က အနောက်မှနေ၍ ညာဘက်မှ ဝင်ရောက်တိုက်ခိုက်သည်။ ဤသို့နှင် ဝက်ဝံကြီးမှာ ဦးတောကျော်တို့နှစ်ယောက်၏ တိုက်ခိုက်မှုကိုခံရသဖြင့် အခြေအနေသိပ်မပေးတော့ပေ၊ နောက်ဆုံးတွင်တော့ ဝက်ဝံကြီးက ကျောက်ဂူနံရံကြီးကို ကျောဖြင့်ကပ်လိုက်တော့သည်။

“ဝက်ဝံကျောကပ်တယ်ဆိုတာ ခံစစ်အဖြစ်ပြောင်းတာပဲကွ၊ သတိထားဟေ့”

ဦးတောကျော်နှင့် ခွန်နောင်မှာ ဓါးမြှောင်ကိုယ်စီဖြင့် ဝက်ဝံကြီးအရှေ့တွင် အသင့်ရှိနေသည်။ ဝက်ဝံကြီးမှာလည်း အရှေ့သို့မတက်တော့ဘဲ အခြေအနေကို စောင့်ကြည့်နေပံရသည်။ ဂူအပြင်ဘက်တွင်တော့ လေပြင်းများက တဝူးဝူးတိုက်ခတ်နေဆဲဖြစ်သည်။

အခေါင်မှာ ဓါးကိုကောက်လိုက်ပြီး ကုန်းထလိုက်လေရာ ဆရာခိုက ဆွဲထားလိုက်သည်။

“အခေါင် ခင်ဗျားဒီလိုလုပ်လို့ မဖြစ်ဘူးလေဗျာ”

“ဟာ၊ ငါ့ကိုမတားနဲ့ ဒီကောင်က ငါ့သူငယ်ချင်း မဲရိုးကိုသတ်ခဲ့တာ၊ ဒီကောင့်ကို ငါလက်စားချေမှ ငါကျေနပ်နိုင်မယ်ကွ”

အခေါင်က ပြောဆိုပြီးသည့်နောက် ဓါးဦးချွန်ကို အရှေ့သို့ရွယ်လိုက်ကာ အရှိန်ဖြင့်ပြေးတော့သည်။ ဦးတောကျော်တို့ကို မျက်ခြေမပြတ်ကြည့်နေသည့် ဝက်ဝံကြီးထံသို့ အပြေးဝင်သွားလိုက်ကာ ဝက်ဝံကြီး၏ နံကြားသို့ ဓါးဦးချွန်ဖြင့် တဆုံးထိုးချလိုက်လေသည်။ ဝက်ဝံကြီးမှာ နာကျင်စွာဖြင့် အော်ဟစ်နေလေသည်။ အခေါင်မှာ အသံကွဲကြီးနှင့်

“ဟား၊ ဟား သေစမ်း၊ ငါ့သူငယ်ချင်းကို သတ်ခဲ့တဲ့ကောင်၊ မင်းသေစမ်း”

ဝက်ဝံကြီးက အခေါင်အားပုတ်ထုတ်လိုက်သည်။ ထို့နောက် သူ့နံကြားတွင်စိုက်ဝင်နေသည့် ဓါးကိုနှုတ်ယူရန်ကြိုးစားနေသည်။ ဦးတောကျော်မှာ အချိန်ဆွဲမနေတော့ဘဲ၊ လက်ထဲတွင်ကိုင်ထားသည့် ဓါးမြှောင်ကို ဓါးဦးချွန်ဘက်မှ ပြောင်းကိုင်လိုက်ကာ လက်ကိုခေါင်းအနီးသို့ကပ်လိုက်ရင်း ဓါးကို တစ်ချက်နှစ်ချက်ခန့် ချိန်ဆကြည့်နေလေသည်။ လိုချင်သည့်အနေအထားအတိုင်း ချိန်ဆပြီးသည့်အခါ ဓါးမြှောင်ကို ဝက်ဝံကြီးထံသို့ လှမ်းပေါက်ထည့်လိုက်သည်။ ဓါးမြှောင်မှာ ဝက်ဝံကြီး၏ ကျန်သည့်မျက်လုံးတစ်ဖက်ကို အရှိန်ပြင်းပြင်းနှင့်စူးစိုက်ဝင်ရောက်သွားတော့သည်။

ဝက်ဝံကြီးမှာ အလွန်နာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီးနောက် ခြေဦးတည့်ရာပြေးလွှားတော့သည်။ ကျောက်ဂူနံရံနှင့် သုံးကြိမ်ခန့်တိုက်မိပြီးသည့်နောက် ကျောက်ဂူအဝင်ဝဆီသို့ ပြေးထွက်သွားလေတော့သည်။ ကျောက်ဂူအပြင်ဘက်ရောက်သည့်အခါ မတ်တပ်ထရပ်လိုက်လေရာ အလွန်ပြင်းထန်စွာတိုက်ခတ်နေသည့် လေပြင်းများ၏အားကြောင့် ဝက်ဝံကြီးမှာ လေတိုက်ခံရပြီး ချောက်ကမ်းပါးအောက်သို့ အရှိန်နှင့်ပြုတ်ကျသွားတော့သည်။

“ဒီလောက်ဆိုရင် ဒီကောင်ကြီးလွယ်မှာမဟုတ်ဘူး၊ အောက်မှာလည်း ကျောက်ဆောင်တွေချည်းပဲဆိုတော့ သေလောက်ပြီထင်တယ်”

ခွန်နောင်ပြောလိုက်သည့်အခါမှ ဦးတောကျော်လည်း ခေါင်းညိတ်လိုက်သည်။

“လာကြပါအုံး၊ ဒီမှာ အခေါင်အခြေအနေမကောင်းဘူး”

ဆရာခိုခေါ်သဖြင့် ဦးတောကျော်တို့အခေါင်ထံသို့အပြေးလာခဲ့ကြသည်။ အခေါင်မှာ ရင်ဘတ်ပွင့်လျှက် အသက်ကိုမနည်းရှူရှိုက်နေရလေသည်။ ဦးတောကျော်က အခေါင်နံဘေးသို့ ထိုင်လိုက်သည့်အခါ အခေါင်က ဦးတောကျော်၏ လက်ကိုဆုပ်ကိုင်လျှက်

“ဦးတောကျော်၊ ကျုပ်သမီးလေးကို သေသေချာချာစောင့်ရှောက်ပေးပါဗျာ . . .”

“စိတ်ချပါအခေါင်၊ စိတ်ချပါ”

အခေါင်မှာ ကျောက်ဂူအမိုးပေါ်သို့ကြည့်ရင်း ပြုံးလျှက်

“သူငယ်ချင်းမဲရိုး၊ မင်းအတွက်ငါလက်စားချေနိုင်ခဲ့ပြီ၊ မင်းကိုသတ်ခဲ့တဲ့ကောင်ကြီးကို နောက်ဆုံးတော့ ငါသတ်နိုင်ခဲ့ပြီကွ”

အခေါင်က ပြောရင်း ရယ်မောလိုက်သေးသည်။ ရယ်မောနေရာမှ ချောင်းတစ်ချက်နှစ်ချက်ဆိုးကာ ပါးစပ်အတွင်းမှ သွေးများပွက်ပွက်အန်ကျလာပြီးနောက် အခေါင်တစ်ယောက် ငြိမ်သက်သွားတော့သည်။

လေပြင်းများငြိမ်သက်သွားသည့် ညနေရောက်သည့်အခါမှ ဦးတောကျော်တို့ပြန်လာခဲ့ကြသည်။ ခွန်နောင်နှင့် ဦးတောကျော်မှာ အခေါင်၏ ရုပ်အလောင်းအား တစ်ယောက်တစ်ဖက်တွဲကာ ထမ်းပိုးလျှက် သယ်ဆောင်လာခဲ့ကြသည်။ လုံဖိုင်ရွာအဝင်လမ်းတွင် နန်းခင်က မီးအိမ်ကလေးတစ်လုံးကိုင်ကာ ထိုင်စောင့်နေလေသည်။ ဦးတောကျော်တို့အားတွေ့သည့်အခါ နန်းခင်က အပြေးရောက်လာသည်။

“ဟင် အဖေ . . .အဖေဘယ်လိုဖြစ်တာလဲ”

“ကောင်မလေးရေ နင့်အဖေသေပြီဟ”

နန်းခင်မှာ အလွန်ပူဆွေးသွားကာ ထိုင်ကျသွားသည်။ သို့နှင့် ထိုညတွင်ပင် အခေါင်၏ နာရေးအခမ်းအနားကို ရွာတွင်ကျင်းပကြလေသည်။ နောက်တစ်နေ့မနက်ခင်းအရောက် အခေါင်၏ အလောင်းကောင်ကို အခေါင်းတစ်ခုအတွင်းထည့်ကာ လူသေများထားလေ့ရှိသည့် ကျောက်ဂူကြီးအတွင်းသို့ သွားရောက်ထားရှိကြလေသည်။

ထိုနေ့ နေ့လည်မှာပင် ဦးတောကျော်တို့ လူစုဝေးကာ တိုင်ပင်ခဲ့ကြသည်။ ဆရာခိုက အရင်ဆုံး

“ကဲ ဦးတောကျော်တို့ ခွန်နောင်တို့ ကျုပ်တို့လည်း ဒီရွာက လူတွေဆီက ရသလောက်ဆေးဖက်ဝင်ပစ္စည်းတွေဝယ်ပြီးပြီဆိုတော့ မနက်ဖြန်ကျရင် ကျုပ်တို့ပြန်တော့မယ်၊ ဒါပေမယ့် ဒီကလေးက နန်းခင်ကိုတော့ ကျုပ်တာဝန်မယူနိုင်တာကို ခွင့်လွှတ်ပေးကြပါ”

ခွန်နောင်က ခေါင်းညိတ်လျှက်

“သူ့ကို ကျုပ်အိမ်ကိုခေါ်သွားရင် ကျုပ်မိန်းမက နောက်မိန်းမထပ်ယူလာတာလားဆိုပြီး ကျုပ်ကိုပါ မောင်းချနေမယ်ဗျ၊ ဒါကြောင့် ကျုပ်လည်း ခေါ်သွားလို့မဖြစ်ဘူး”

ထိုအခါ ဦးတောကျော်မှာ မျက်မှောင်ကြုတ်ရင်း

“ဟ၊ မင်းတို့မခေါ်ရင် ငါကခေါ်သွားရမှာလား၊ ငါကတစ်ယောက်တည်းနေတဲ့လူနော်ကွ၊ သူနဲ့ဖြစ်မယ်မထင်ဘူး”

ခွန်နောင်က ပြီတီတီနှင့်ပြုံးလျှက်

“အရင်က တစ်ယောက်တည်းနေပေမယ့် အခုနောက်တစ်ယောက်တွေ့နေပြီပဲ ဦးတောကျော်ရာ၊ ဘာလဲ ဦးတောကျော်က တစ်သက်လုံး လူပျိုကြီးလုပ်သွားဖို့ စိတ်ကူးထားလို့လား၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးမစွမ်းတော့လို့များလား”

“ဟေ့ကောင်ခွန်နောင်၊ မင်းဘာတွေပြောနေတာလဲကွာ၊ ဒီမှာ မိန်းကလေးကို အားနာစရာကြီး”

နန်းခင်မျက်နှာမှာ ရှက်သွေးဖြာနေသကဲ့သို့ ဦးတောကျော်မှာလည်း မျက်နှာမထားတတ်အောင် ရှက်နေမိသည်။ ဆရာခိုက ဦးတောကျော်ကိုကြည့်ရင်း

“ဟုတ်တယ်မုဆိုးကြီး၊ မုဆိုးကြီးကို အခေါင်က သူ့သမီးကိုစောင့်ရှောက်ဖို့ မှာခဲ့တယ်မဟုတ်လား၊ သာမန်ကလေးဆိုရင် စောင့်ရှောက်ရတာခက်ကောင်းခက်ပေမယ့် နန်းခင်ကလေးက အရွယ်ရောက်ပြီးနေပြီမို့ နန်းခင်ကို ထိမ်းမြားလက်ထပ်ပြီး ဇနီးမယားတစ်ယောက်အဖြစ် စောင့်ရှောက်တာက ပိုပြီးသဘာဝကျမယ် မုဆိုးကြီး”

“ဟုတ်တယ်ဦးတောကျော်၊ အခု ဦးတောကျော်လည်း အသက်ငါးဆယ်ကျော်လာပြီဆိုတော့ အသက်ကြီးလာရင် ဆေးပေးမီးယူဆိုတာလည်း လိုအပ်သဗျ၊ ဒီတော့ ဆရာခိုပြောသလို ဦးတောကျော်နဲ့ နန်းခင်နဲ့ လက်ထပ်လိုက်တာက နှစ်ဖက်စလုံးအတွက် အဆင်အပြေဆုံး နည်းလမ်းပဲဗျ”

“ဟေ့ကောင်ခွန်နောင်၊ မင်းဘာတွေပြောနေတာလည်း၊ လက်ထပ်တဲ့အရေးက ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ရလို့လား၊ ဒီမိန်းကလေးဘက်ကိုလည်း ကြည့်အုံးမှပေါ့”

ဦးတောကျော်က ပြောဆိုလိုက်ကာ နန်းခင်ကိုတစ်ချက်ငေးကြည့်လိုက်လေသည်။ နန်းခင်က တွေဝေနေရင်း

“ကျွန်မကတော့ ဒီကိစ္စကို ဘာမှကန့်ကွက်စရာမရှိပါဘူး၊ အဖေ့စကားအတိုင်းပါပဲ၊ အဖေက ကျွန်မကိုဦးလေးတို့ဆီအပ်ခဲ့တာဆိုတော့ ဦးလေးတို့ ကောင်းသလိုစီစဉ်ကြပါ”

“ဒါဖြင့် ဦးလေးက နန်းခင်ကို သားမှတ်မှတ်မယားမှတ်မှတ်နဲ့ လက်ထပ်ပေါင်းသင်းမယ်ဆိုရင်ရော နန်းခင် ခွင့်ပြုမှာလား”

နန်းခင်မှာ ခေါင်းတစ်ချက်သာညိတ်ပြသည်။ ခွန်နောင်မှာ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောကာ

“ကိုင်း၊ ရိုးမထဲမှာ တစ်ယောက်တည်းနေတဲ့ လူပျိုသိုးကြီး ဦးတောကျော်တော့ အခု ရှမ်းပြည်ရောက်မှ စွံတော့တယ်ဗျာ”

ခွန်နောင်စကားကြားသဖြင့် အားလုံးက ရယ်မောလိုက်ရာဦးတောကျော်မှာ ရှက်ရှက်နှင့်ခေါင်းငုံ့သာနေလိုက်ရတော့သည်။

သို့နှင့် နောက်ဆုံးတော့ ရွှေကျီးမြင်ရွာကလေးဆီသို့ ပြန်ရောက်ခဲ့ခြေပြီ၊ သွားစဉ်တုန်းက တစ်ဦးတည်းဖြစ်သော်လည်း ရွာသို့ပြန်လာသည့်အခါ ချောချောလှလှမိန်းကလေးတစ်ဦးပါ ပါလာခဲ့ပြီဖြစ်သည်။ ရွာထိပ်တွင် ဝင်လာသည့် ဦးတောကျော်ကိုမြင်သည့်အခါ နွားကျောင်းသားဖိုးထူးက ရွာထဲကိုလှည့်လျှက်

“ဟာ၊ လာကြဗျို့၊ ဒီမှာဦးတောကျော်ကြီး ပြန်ရောက်လာပြီ၊ မိန်းမလည်းပါလာသေးသဗျာ၊ ငယ်ငယ်ချောချောကလေးဗျို့”

ဟူ၍ အသံစာစာဖြင့် အော်ဟစ်လိုက်လေတော့သည်။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးတောကျော် #မုဆိုး