မေတ္တာလက်နက်စူးကာထက်

မေတ္တာလက်နက်စူးကာထက်(စ/ဆုံး)

ကျွန်မ၏ခင်ပွန်းသည် ၁၉၉၁ခုနှစ်တွင် စကာပူနိုင်ငံ၌ သွားရောက်
အလုပ်လုပ်ကိုင်ပါသည်။ ၁၉၉၄ခုနှစ်တွင် ကျွန်မနှင့် ရှစ်နှစ်သားတို့ စင်္ကာပူ နိုင်ငံသို့လိုက်သွားပါသည်။ ကျွန်မသည်အဲယားကွန်းစက်ရုံတွင်အလုပ်ရပါ သည်။ ကျွန်မ တာဝန်ကျသည့်နေရာသည် ဝါယာကြိုးများ သွယ်တန်း ချိတ် ဆက်ချည်နှောင်ရသည့်နေရာဖြစ်ပါသည်။ဝါယာကြိုးများသပ်ရပ်စွာပြုလုပ် ပြီးလျှင် ဝက်အူများကိုစက်ဖြင့် တပ်ဆင်ပေးရပါသည်။ ထိုင်၍ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ဝါယာကြိုးများသပ်ရပ်စွာပြုလုပ်ပြီးလျှင်ဝက်အူများကိုစက်ဖြင့် တပ်ဆင်ပေးရပါသည်။ထိုင်၍ပြုလုပ်ရခြင်းဖြစ်ပါသည်။လူတစ်ကိုယ်လုံးတွင် လက်နှစ်ဖက်သာ ပင်ပန်းရသော အလုပ်ဖြစ်သည်။
သို့သော်တစ်ခါတစ်ရံအလွန်ကြီးမားသောအဲယားကွန်းများ ပြုလုပ် ပေးရပါသည်။ ထိုအခါတစ်နေ့လုံးမတ်တတ်ရပ်၍ပြုလုပ်ရပါသည်။ ၁၉၉၅ ခုနှစ်တွင် ကျွန်မ ကိုယ်ဝန်ရှိပါသည်။ ကျွန်မသည် အလုပ်အလွန်ကြိုးစား၍ သပ်သပ်ရပ်ရပ် ပြုလုပ်တတ်သောဉာဉ်ကြောင့် အထက်လူကြီးများ ခေါင်းဆောင်များကချစ်ခင်ကြပါသည်။ ကျွန်မ၏ကိုယ်ဝန်ကိုလည်းဂရုစိုက်
ရန် အမြဲသတိပေးပါသည်။ ကိုယ်ဝန် နှစ်လခန့်ရသောအခါ တစ်ည ကျွန်မ အိပ်မက်မက်ပါသည်။ အိပ်မက်ထဲတွင် ကုံလုံဆရာတော်ကြီးသည် ကနုတ် ပန်းများ ဖော်ထားသော ကုလားထိုင်ကြီးပေါ်ထိုင်နေပါသည်။ ကျွန်မသည် ဆရာတော်ကြီး၏ ခြေဖမိုးနှစ်ဖက်ပေါ်တွင် မျက်နှာအပ်၍ ငိုနေပါသည်။ ဆရာတော်ကြီးက ကျွန်မ၏ ဦးခေါင်းပေါ်လက်ဝါးဖြင့်အုပ်၍ တစ်စုံတစ်ရာ ရွတ်ဖတ်နေပါသည်။ ထိုသို့ ကျွန်မ မျက်စိထဲမှာ ရုပ်ရှင်ပြသလို မြင်ရပြီး အိပ်ရာမှ လန့်နိုးသွားပါသည်။ အိပ်မက်သည် ထူးဆန်းသည်ဟု စိတ်ထဲက ထင်သော်လည်း အဓိပ္ပာယ်မဖော်တတ်ပါ။
မနက်ကျွန်မအလုပ်ထဲရောက်သောအခါလိုင်းစမဖွင့်မီခေါင်းဆောင်
က အလုပ်သမားအားလုံးကို ခေါ်ပါသည်။ ဒီနေ့တွင် အလွန်ကြီးမားသော အဲယားကွန်းကြီးများတပ်ဆင်မှာဖြစ်ကြောင်းမိမိကျရာနေရာတွင်မမှားရန် ဂရုစိုက်ရမည်ဖြစ်ကြောင်းပြောကာနေရာချပါသည်။ကျွန်မကထိုအလုပ်များ ကို လုပ်ဖူးသော်လည်း ကျွန်မဘေးမှ အလုပ်သမားအသစ်က မလုပ်ဘူးပါ။ လိုင်းဖွင့်ပြီး ကျွန်မနေရာမှ ကျော်သွားသည့်နှင့် သူ မီအောင် လိုက်မလုပ် နိုင်ပါ။ ခေါင်းဆောင်က သူ့ကို ကူညီပေးသော်လည်း အခြားကိစ္စရှိ၍ ခေါင်းဆောင်ထွက်သွားသည်နှင့် သူ့ကို ကူညီမည့်သူ မရှိပါ။ ထိုအခါ သူ့ကို သနား၍ အဲယားကွန်းတင်ထားသော ခုံကို ဘီးများပေါ်တွင် သူ့ဆီ မရောက်မီ ပြန်ပြန် တွန်းထားလိုက်ပါသည်။
သုံးရက်အကြာတွင်ကျွန်မကိုယ်ဝန်ပျက်ကျပါသည်။စက်ရုံဆေးခန်း ရောက်၊ ထိုမှတစ်ဆင့်ဆေးရုံကြီးသို့ ရောက်သွားပါသည်။ ကျွန်မခင်ပွန်းထံ ဖုန်းဆက်ခေါ်ပါသည်။ ဆေးရုံရောက်ကတည်းက ဝှီးချဲပေါ်တက်ထိုင်လိုက် ရပြီး ဓာတ်လှေကားဖြင့် အပေါ်တက်၊ အောက်ဆင်း တစ်ခန်းဝင် တစ်ခန်း ထွက် စစ်ဆေးလိုက်ရာ ညနေတွင် ပြန်ခိုင်းလိုက်ပါသည်။ နိုင်ငံခြားသား အလုပ်သမားများကို သန္ဓေသား ပြုတ်မကျမီ သားအိမ်ခြစ်ခွင့် မရှိကြောင်း သွေးအများကြီး သွန်လာလျှင် ဖုန်းဆက်ရန် ထိုအခါ လူနာတင်ယာဉ်ဖြင့်
သူတို့လာခေါ်မည်ဖြစ်ကြောင်းမှာလိုက်ပါသည်။ဆေးခွင့်တစ်ပတ်ပေးလိုက် ပါသည်။ ထိုတစ်ပတ်လုံးကျွန်မမှာအိပ်လိုက်စားလိုက်နှင့်မည်သည့်ဝေဒနာ မျှမခံစားရပါ။ သွေးနည်းနည်းသာ ဆင်းပါသည်။ အလုပ်ထဲမှ ခေါင်းဆောင် နှင့် အလုပ်သမားများ သတင်းလာမေးကြပါသည်။ တစ်ပတ်ပြည့်၍ ဆေးရုံ ရောက်သောအခါပထမတစ်ကြိမ်အတိုင်းတစ်ခန်းဝင်တစ်ခန်းထွက်စမ်းသပ် ပြန်ပါသည်။ ပြီးနောက် ပထမတစ်ကြိမ်အတိုင်း မှာကြားကာ ခွင့်တစ်ပတ် ထပ်ပေးလိုက်ပြန်သည်။ကျွန်မသည်အိပ်လိုက်စားလိုက်ဖြင့်နောက်တစ်ပတ် ကုန်သွားပြန်ပါသည်။ တတိယအကြိမ်သည်လည်း ပထမနည်းအတိုင်း ပြန်လွှတ်လိုက်ပြန်သည်။ထိုအခါကျွန်မသူငယ်ချင်းကအပြင်ဆေးခန်းပြရန်
ပြော၍ခေါ်သွားပါသည်။
ထိုဆေးခန်းမှ ဒေါက်တာဂျွန်တီလင်းသည် စင်္ကာပူရောက် မြန်မာ အတော်များများကို ကလေးမွေးပေးနေသော သားဖွားအထူးကုဖြစ်သည်။ ကျွန်မအား အာထရာစောင်းရိုက်ပြီးသောအခါ မနက်ဖြန် (၉)နာရီ လာရန်၊ မေ့ဆေးပေးပြီးသားအိမ်ခြစ်ရန် မှာလိုက်ပါသည်။ နောက်နေ့တွင် (၉)နာရီ ဆေးခန်း ရောက်သွားပါသည်။ ကျွန်မအမျိုးသားကို (၁၂)နာရီ တိတိ လာခေါ်ခိုင်းပါသည်။ (၅)မိနစ်သာ လိုပါသည်။ ကျွန်မသည် လာခေါ် သောခင်ပွန်းနှင့် အိမ်ပြန်လိုက်သွားရပါသည်။ တတိယအကြိမ် ဆေးရုံက ပေးလိုက်သော ဆေးခွင့် တစ်ပတ်ထပ်ရပါသည်။ သားအိမ်ခြစ်သည် ဆိုသော်လည်း စူးခြင်း၊ နာခြင်း အောင့်ခြင်း လုံးဝ မခံစားရပါ။ သုံးပတ် ပြည့်၍ ကျွန်မ အလုပ်ဆင်းသောအခါ စင်္ကာပူနိုင်ငံသူ အလုပ်သမား အမျိုး သမီးများကျွန်မနားဝိုင်းလာကြပါသည်။ တစ်ယောက်တစ်ပေါက်မေးကြပြီး မကျေမနပ်ပြောနေသည်များကို ကျွန်မနားထောင်ကြည့်သောအခါ သူတို့ ကိုယ်ဝန်ပျက်ကျပါက ခွင့်တစ်ပတ်သာရသည်။ ကျွန်မကမူ ခွင့်သုံးပတ် ရလိုက်သည်တဲ့လေ။
ကျွန်မရောခင်ပွန်းသည်ပါအလုပ်အကိုင်အဆင်ပြေပါလျက်နှစ်ဖက်
မိဘများအသက်ကြီးရင့်ကြပြီမို့၁၉၉၇ ခုနှစ်တွင်မြန်မာပြည်သို့အပြီးပြန်လာ
ခဲ့ကြပါသည်။ မြန်မာပြည်ပြန်ရောက်ပြီးမကြာမီကျွန်မကိုယ်ဝန်ရှိပါသည်။ သားကြီးမှာအသက်(၁၁)နှစ်ရှိပါပြီ။ကျွန်မအသက်က(၃၈)နှစ်ကလေးမရ
နိုင်တော့ဟု ထင်ထားရာမှ ကိုယ်ဝန်ရှိလာသဖြင့် အလွန်ဝမ်းသာမိပါသည်။ ကိုယ်ဝန် (၆)လခန့်ရသောအခါ ကျွန်မ မိဘ ညီအစ်ကို မောင်နှမများနှင့် ခင်ပွန်း၊ သားကြီးတို့ ဘုရားဖူးထွက်ရန်စီစဉ်ကြပါသည်။
မော်လမြိုင် သာမညဆရာတော်ကြီးကို ဖူးချင်နေပါသည်။ မိသားစု ဘုရားဖူးထွက်သွားပြီးနောက်တစ်နေ့ညတွင်ကျွန်မအိပ်မက်မက်ပါသည်။ ကျွန်မတို့ကားထဲတွင်ဒရိုင်ဘာကရှေ့မှမောင်း၍ကျွန်မကနောက်မှထိုင်လျက် ကားလမ်းမပေါ်တွင် မောင်းနေပါသည်။ ထိုအချိန်တွင် သာမညဆရာတော် သည် မောင်းနေသည့်ကား၏ ပြတင်းပေါက်မှ ကြွလာကာ ဒရိုင်ဘာဘေးရှိ ခုံပေါ်ထိုင်လိုက်ပါသည်။ ဒရိုင်ဘာသည် အံ့ဩထိတ်လန့်၍ ကားကို ဘရိတ် အုပ်ကာ ရပ်လိုက်ပါသည်။
“ကဲ….ဒကာမကြီး၊ ဖူးချင်နေတာ ဆန္ဒပြည့်သွားပြီမဟုတ်လား။ လှူ ချင်တာရှိရင်လှူလေ”
ကျွန်မသည် အံ့ဩဝမ်းသာလွန်း၍ တုန်ယင်နေသော လက်ဖြင့် လက်ကိုင်အိတ်ကို ဖွင့်လိုက်သောအခါ ပန်းသီးတစ်လုံးနှင့် စံပယ်ကုံးများ တွေ့ရပါသည်။ထိုပန်းသီးနှင့်စံပယ်ပန်းကုံးအား ဆရာတော်ကိုရိုရိုသေသေ လှူပြီးသောအခါ ဆုတွေပေးပြီး ကားတံခါးပင် မဖွင့်ပဲ ပြန်ကြွသွားပါသည်။ အိပ်ရာမှ နိုးသောအခါ ကျွန်မတစ်ကိုယ်လုံး ပီတိများ ဖုံးနေပါသည်။ ထိုသို့ ထူးခြားသောပုဂ္ဂိုလ်များ၊ ထူးခြားသောနေရာများသို့အိပ်မက်ထဲတွင်အကြိမ် ကြိမ်မက်ခဲ့သည်များကိုနောက်မှ အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။
ကိုယ်ဝန် (၇)လခန့်တွင်ကျွန်မတို့ကိုးကွယ်သောဆရာတော်မှမွေး ဖွားရန် နေ့ရက် အချိန်နာရီတို့ကို တွက်ချက်ပေးပါသည်။ အချိန်ကိုက် မွေး
ဖွားရန်ခွဲစိတ်ပေးမည့် OG နှင့်တိုင်ပင်ရပါသည်။ ကျွန်မ၏အသက်အရွယ် ကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးကို ရွေးချယ်လိုက်ပါသည်။ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ တစ်ရက်ကြို၍ ဆေးရုံတက်ရပါသည်။ ဆေးရုံ ရောက်သောအခါ ကျွန်မအား စမ်းသပ်ခန်းအတွင်း ခေါ်သွားပါသည်။ အတူ လိုက်ပါလာသောညီမနှင့်ကျွန်မ၏ခင်ပွန်းကစာရေးမလိုက်ပြသောအခန်း
များကိုလိုက်လံကြည့်ရှုကြပါသည်။
ထို့နောက် ကျွန်မတက်မည့် အခန်းနံပါတ် (၁ဝ)တွင် ဆွေမျိုးမိသား စုများနှင့် ပြည့်နေပါသည်။ အစားသောက်များ စားသောက်၍ တစ်ဦးနှင့် တစ်ဦး နောက်ပြောင်နေကြပါသည်။ ည(၇)နာရီတွင် ညစောင့် ရောက် မလာပါ။ ည (၉)နာရီမှ လူစုခွဲ၍ အသီးသီး အိမ်ပြန်သွားကြပါသည်။ အခန်း ထဲတွင် ကျွန်မ၏ အစ်မအကြီးဆုံး ကျွန်မနှင့် ဆရာမသာ ကျန်ခဲ့ပါသည်။ ကလေးမွေးဖွားပေးသောဆေးရုံဖြစ်သော်လည်းသီးသန့်ခန်းများဖြစ်သဖြင့် ကလေးငိုသံကပင်မကြားရပဲတိတ်ဆိတ်ငြိမ်သက်နေပါသည်။အစ်မကြီးက
ကျွန်မကိုစောစောအိပ်ခိုင်းပါသည်။ ကျွန်မသည်ကုတင်ပေါ်တွင်ခေါင်းရင်း ဘက်သို့ လှည့်ကာ ဘုရားကန်တော့ပြီး အိပ်လိုက်ပါတော့သည်။ ကျွန်မ အိပ်မောကျနေစဉ်…
“ငါ့ကုတင်ပေါ်က အခုဆင်းစမ်း”
ဟု အသံနက်ကြီးဖြင့် အော်ဟစ်၍ ကျွန်မကို ချွန်ထက်သော လက်သည်းကြီးများဖြင့် ကုတ်ခြစ်ပါသည်။ လူကိုတော့ မမြင်ရပါ။ ကျွန်မ၏ မျက်နှာနှင့် လည်ပင်းတို့ကို ကုတ်ခြစ်နေသော လက်သည်းများကို ရှောင် တိမ်းရင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” . အစရှိသည့် သရဏဂုံသုံးပါးကို ရွတ်ဆို နေပါသည်။ ထိုသို့ ရွတ်ဆိုနေရင်း ကျွန်မကို တစ်ချက်မျှ မကုတ်ခြစ်မိပဲ အိပ်ရာမှ လန့်နိုးသွားပါသည်။ ကျွန်မသည် မကြောက်တတ်ပါ။ ထူး တော့ထူးသည်။ သတိထားရမည်ဟုကျွန်မစိတ်ထဲမှတ်ထားလိုက်ပါသည်။
အစ်မကြီးနှင့်ဆရာမတို့သည်ဒရင်းဘက်တစ်ယောက်တစ်လုံးစီနှင့်အိပ်ပျော် နေကြပါသည်။ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရင်း ကျွန်မ ပြန်အိပ်လိုက် ပါသည်။ မိုးလင်းသည်အထိ နောက်ထပ်အိပ်မက်မမက်တော့ပါ။
နောက်တစ်နေ့ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့တွင် မိသားစုအားလုံး ကျွန်မအခန်းထဲရှိနေပါသည်။ နေ့လယ် (၁၂)နာရီတွင်ကျွန်မကိုခွဲစိတ်ခန်း ထဲခေါ်သွားပါသည်။ သားငယ်ကိုမွေးရင်းသားကြောပါဖြတ်လိုက်ပါသည်။ နေ့လယ် (၁)နာရီ (၂)မိနစ်တွင် သားငယ်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွား နိုင်ခဲ့ပါသည်။ ကျွန်မသတိရတော့ညနေ(၄)နာရီခန့်ရှိပါပြီ။ သတိရချိန်တွင် ဝမ်းဗိုက်မှ အလွန်နာကျင်သည့်ဝေဒနာကို ခံစားရပါသည်။ လက်မှာလည်း ပိုက်တန်းလန်းနှင့်ဆေးသွင်းထားပါသည်။ ညနေ(၅)နာရီခန့်တွင် သားငယ် ကို ကျွန်မအခန်းထဲ လာပို့ပါသည်။ ကလေးသည် နုနယ်လွန်းသောကြောင့် ဆရာမမှလွဲ၍ မည်သူမျှ မချီပိုးရပါ။ ဆရာမက လှဲလျက် အနေအထားဖြင့် ကလေးကို နို့ဦးရည် တိုက်စေပါသည်။ ထို့နောက် နို့မထွက်မီ နို့ဘူးဖျော် တိုက်ပြီးအိပ်ပျော်သွားသောကလေးကိုကျွန်မကုတင်ရင်းရှိ ကလေးပုခက် ထဲထည့်သိပ်လိုက်ပါသည်။ ထည့်သိပ်ပြီး (၅)မိနစ်မျှပင် မကြာပါ။ ကလေး က စူးစူးဝါးဝါး ထငိုပါသည်။ ကလေးကို ပြန်ချီယူ၍ အိပ်ပျော်သွားသော အခါပုခက်ထဲ ထည့်ပြန်ပါသည်။ ကလေးကငိုပြန်ပါသည်။ကျွန်မအမေနှင့် အစ်မများက အောက်ခံအခင်းများကိုခါ၍ ပုရွတ်ဆိတ်ရှိလား ရှာကြ ပါသည်။ ထို့နောက် အခင်းဖြန့်ခင်းကာ ကလေးကို ပြန်ထည့်ပါသည်။ ငိုပြန် ပါသည်။ ဒီတစ်ခါတော့ ကျွန်မ အိပ်မက်ကိုသွား၍ သတိရလိုက်မိပါသည်။ ကလေးငိုခြင်းသည် ကျွန်မနှင့် ဆက်စပ်နေသည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် …
“ဆရာမ – ကလေးကိုကျွန်မ ရင်ခွင်ထဲမှာပဲ သိပ်ချင်တယ်” “ဟယ်…ဘယ်ဖြစ်မလဲ.နေနေကဒီတစ်ညလှုပ်လို့မရသေးဘူးလေ။
အနေကျပ်ပါတယ်။ ဆရာမ ရအောင် သိပ်ပေးပါ့မယ်”
“ရပါတယ်ဆရာမ ကျွန်မဘေးမှာပဲလာထားပေးပါနော်”
ကျွန်မအတန်တန်ပြောတော့မှအိပ်ပျော်နေသောကလေးကိုကျွန်မ
ဘေးတွင်ချထားပေးပါသည်။ထိုအခါမှစ၍ငိုသံမကြားရတော့ပဲနှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်နေပါသည်။ ည (၉)နာရီတွင် ကျန်မိသားစုအားလုံးပြန်သွား ပါသည်။အခန်းထဲတွင်အစ်မလတ်ဆရာမနှင့်ကျွန်မတို့သားအမိနှစ်ယောက် ပဲကျန်ပါသည်။ ထိုညက ကျွန်မအိပ်မက်မမက်ပါ။
ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် ဆေးသွင်းထားသော ပိုက်များ အားလုံး ဖြုတ်လိုက်ပါသည်။ သို့သော် ကျွန်မ မထနိုင်သေးပါ။ သားကြော ဖြတ်ထားသောကြောင့်ဟု ဆရာမက ပြောပါသည်။ ကျွန်မတို့ ညီအစ်မငါး ယောက်သည် မိတ်ဆွေအပေါင်းအသင်း အလွန်ပေါသဖြင့် အခန်းထဲတွင် သတင်းလာမေးသော ဧည့်သည်များဖြင့် တစ်နေ့လုံး စည်ကားနေပါသည်။ ဧည့်သည်များနှင့်စကားပြောလိုက်၊ သူတို့ပြောတာတွေနားထောင်လိုက်နှင့် ပင်ပန်းသွားပြီး ညနေ (၆)နာရီခန့်တွင် မှေးခနဲ အိပ်ပျော်သွားပါသည်။ “နင်အခုထိငါ့ခုတင်ဘေးကမဆင်းသေးဘူးလား။ငါအိပ်စရာမရှိဘူး
ဟဲ့…သေပေတော့”
ဟု အသံနက်ကြီးဖြင့် အော်ဟစ်ရင်း ကျွန်မကုတင်ကို တွန်းသွား ပါသည်။ သားငယ်ကို ဆရာမ ချီပိုးထားသဖြင့် ကျွန်မတစ်ယောက်တည်း သရဏဂုံသုံးပါးရွတ်ရင်း ပါသွားပါသည်။ ဆေးရုံကော်ရစ်ဒါအတိုင်း တွန်း သွားရာအတော်ဝေးဝေးပါသွားပါသည်။ထို့နောက်လမ်းခုလတ်တွင် ကျွန်မ ကုတင်ကိုထားခဲ့ကာ ရိပ်ခနဲပြေးသွားသည်ကိုတွေ့လိုက်ရပါသည်။ ကျွန်မ လည်းလန့်နိုးသွားပါသည်။
ကျွန်မမှာ အခန်းထဲတွင် ရှိနေသေး၍ တော်ပါသေးရဲ့ဟု တွေးလိုက် မိသည်။ကျွန်မတစ်ခုခုလုပ်မှဖြစ်တော့မည်ဟုသဘောပေါက်လိုက်ပါသည်။
ထို့ကြောင့် …
“ဆရာမ… ကျွန်မကို ထူပေးပါလား- ထိုင်ချင်တယ်” “အေးအေး – ကောင်းတယ်၊ ဒါမှ ချုပ်ရိုးချောင်ပြီး မြန်မြန်ကျက်မှာ” ဆရာမက ထူပေးပြီး ခေါင်းအုံးခုကာ ထိုင်စေပါသည်။ ဝမ်းဗိုက်ချုပ် ရိုးနေရာမှနာကျင်သည်မှာ စူးစူးဝါးဝါးပင်။ ကျွန်မ၏အမေက
“သမီးထိုင်ရတာအဆင်ပြေရဲ့လား။ သိပ်နာရင်ပြန်လှဲနေလိုက်လေ” “ရပါတယ် အမေ-သမီး ဘုရားစာရွတ်ချင်လို့”
“အော်…အေး-အေး..ရွတ်၊ သမီး – ရွတ်”
ကျွန်မလက်ကလေးကို ကိုင်ထားရာမှ လွတ်၍ အမေထွက်သွားပါ သည်။ ဆက်တီတွင် ဆရာမကလေးချီထားသောအစ်မနှင့်အမေတို့စကား
ပြောနေကြပါသည်။ကုတင်ပေါ်တွင်ထိုင်နေသောကျွန်မသည်နှစ်ကိုယ်ကြား
စကားပြောသလို ပြောလိုက်ပါသည်။
“အခုလိုငါ့ကိုနှောင့်ယှက်နေတဲ့အတွက်ငါစိတ်မဆိုးပါဘူး။ နင့်ကို
သနားတောင်သနားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီကုတင်ကငါလည်း မပိုင်ဘူး။ နင်လည်း မပိုင်ဘူး။ ဆေးရုံကပိုင်တာ- ငါတို့က ခဏလာတဲ့ ဧည့်သည်တွေပါ။ ဒါကို နင်သိစေချင်တယ်။ ကိုယ်မပိုင်တဲ့နေရာကို စွဲလန်း မနေပါနဲ့တော့။ အခု ငါ မေတ္တသုတ် (၃)ခေါက်ရွတ်မယ်။ သေသေချာချာ နားထောင်ပြီးငါမေတ္တာပို့အမျှဝေတဲ့အခါသာဓုခေါ်နော်”
ထိုသို့ ပြောပြီး ကျွန်မသည် ငါးပါးသီးလယူကာ မေတ္တသုတ် စရွတ် ပါသည်။ မျက်စေ့မှိတ်၍ ဘုရားကို အာရုံပြုကာ မေတ္တသုတ် (၃)ခေါက်ရွတ် ပြီး မေတ္တာပို့ အမျှ ဝေလိုက်ပါသည်။ ထိုနေ့မှစ၍ ကျွန်မသည် မည်သည့် အနှောင့်အယှက်မျှ မကြုံရတော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါသည်။ ကျွန် မသည်ဆေးရုံတွင်တစ်ပတ်နေရပါသည်။မနက်ဖြန်ဆိုလျှင်ကျွန်မဆေးရုံက
ဆင်းရပါတော့သည်။ ကလေးရောကျွန်မပါကျန်းမာသည်မို့အမေနှင့်အစ်မ
များညနေ(၅)နာရီခွဲကျော်ကျော်တွင်ပြန်သွားကြပါသည်။ ကျွန်မ၏ခင်ပွန်း ကဆေးရုံမှာအိပ်မှာမို့ည(၉)နာရီခန့်ပြန်လာခဲ့မည်ဟုပြောကာအမေတို့နှင့်
ပြန်လိုက်သွားပါသည်။
ဆောင်းရာသီမို့နေဝင်စောလှပါသည်။ ဆေးရုံတစ်ခုလုံးတိတ်ဆိတ် နေပါသည်။ မကြာမီမိုးချုပ်တော့မည်။ ကျွန်မသည်သားငယ်ကိုကုတင်ပေါ်
တွင် နို့တိုက်နေပါသည်။ ဆရာမက ဆက်တီပေါ်တွင်ထိုင်၍တီဗီကြည့်နေပါ သည်။ ထိုအချိန်တွင်…
“ဒေါက် ဒေါက် ”ဟု တံခါးခေါက်သံ ကြားရသည်။ ဆရာမသည် ထိုင်နေရာမှထ၍တံခါးသွားဖွင့်လိုက်ပါသည်။တံခါးဝတွင်အသက်သုံးဆယ် ခန့် ချောမောလှပသော ကုလားမတစ်ယောက်နှင့် သူမ၏ဘေးတွင် ရှစ်နှစ် အရွယ်ခန့် ကုလားမလေးတစ်ယောက်ကိုတွေ့ရပါသည်။
“အစ်မနဲ့ ကလေးကို ကြည့်ချင်လို့ပါ”
ဆရာမက အသိလားဟု ကျွန်မဘက်လှည့်ပြီး မေးဆတ်ပြပါသည်။ ကျွန်မသည် အိမ်ထောင်ကျခါစကကန်တော်ကလေးတွင် နှစ်အတော်ကြာ နေခဲ့ဖူးသဖြင့် အသိတစ်ယောက်များလားဟုတွေးကာ ဆရာမကို ခေါင်း ညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်ဝင်လာပြီးဆရာမက တံခါး ပြန်ပိတ် လိုက်သည်။ပေါင်လယ်အထိရှည်သောအင်္ကျီ၊ဘောင်းဘီရှည်ပုဝါနှင့် သစ် သစ်လွင်လွင်ဝတ်ထားပါသည်။နဖူးပေါ်တွင်အနီစက်နှင့်သေချာကြည့်တော့
ရုပ်ချင်းဆင်သဖြင့် သားအမိမှန်း သိသာလှသည်။
ကျွန်မ၏ကုတင်ဘေးတွင် ရပ်၍ ပြုံးပြီး ကြည့်နေပါသည်။ သူတို့က လည်းဘာမျှမပြော၊ကျွန်မကလည်းဘာမျှမမေးမိပါ။ ဆယ်မိနစ်ခန့်ကြာသွား
သည်ဟုထင်မိပါသည်။ ထို့နောက်-
“အစ်မကို အရမ်း ကျေးဇူးတင်လို့ လာတွေ့တာပါ။ အခု ကျွန်မတို့ သားအမိသွားရတော့မှာမို့လာနှုတ်ဆက်တာပါ”
သူ့စကားဆုံးသည်နှင့်အိပ်မက်ကိုသတိရပြီးတအံ့တဩမော့ကြည့် လိုက်မိသည်။ ကျွန်မအိပ်မက်ထဲက မိန်းကလေးများလားဟု စိတ်ထဲက
တွေးလိုက်မိစဉ်သူမကပြုံး၍ခေါင်းညိတ်ပြပါသည်။ထို့နောက်သူ့သမီးလက် ကိုဆွဲကာတံခါးဆီသို့လျှောက်သွားပါသည်။ကော်ဖီဖျော်နေသောဆရာမက
တံခါးလိုက်ဖွင့်ပေးလိုက်ပါသည်။ အံ့ဩလွန်း၍ကြောင်ငေးနေသောကျွန်မ သည် ဆရာမအသံကြားမှ သတိဝင်လာပါသည်။
“နေနေ့ အသိတွေလား”
“မဟုတ်ပါဘူး ဆရာမ”
“ဟယ် …. ဒါဆို ဘာတွေပြောသွားတာလဲ” “အခန်းမှားဝင်လာတယ်လို့ ပြောပါတယ်”
“အဲငါထင်သားပဲဒါကြောင့် ကော်ဖီမဖျော်သေးပဲကြည့်နေတာ”
ဆရာမပြောသည်ကိုနားထောင်ရင်းကျွန်မပြုံးလိုက်ပါသည်။ဒီတစ်
ခါအပြုံးကတော့ပီတိပြုံးပါ။ ကျွန်မပြုလိုက်သောကုသိုလ်အဖို့ဘာဂကိုရ၍ သာဓုခေါ်ပြီး လွတ်ရာကျွတ်ရာ ရောက်သွားကြပြီဟု မျက်ဝါးထင်ထင် တွေ့ လိုက်ရသောကြောင့် ဖြစ်ပါသည်။
ကျွန်မကလေးမွေးပြီး တစ်လကျော်သောအခါ မိသားစုကို ထိုအကြောင်းပြောပြပါသည်။ ထိုအခါမှ ကျွန်မညီမက
“ဒါကြောင့်မို့ ညီမအခန်းတွေ လိုက်ကြည့်တုန်းက သုံးခန်းလွတ်နေ တယ်။အဲဒီအခန်း(၁ဝ)ကထောင့်ခန်းမို့ဒီအခန်းယူမယ်လို့ပြောလိုက်တော့ လိုက်ပြတဲ့အမျိုးသမီးကတခြားအခန်းယူပါလားအစ်မလို့ပြောသေးတယ်။ ညီမကဒီအခန်းပဲကြိုက်တယ်။ဒါပဲယူမယ်လို့ပြောလိုက်တယ်။ အဲဒီအခန်း (၁ဝ)ကအရင်လူနာတွေလည်းအခြောက်ခံရတယ်လို့သတင်းထွက်တယ်နဲ့ တူပါရဲ့။ အမလေး… ကြက်သီးထလိုက်တာ ညီမသာဆို ကြောက်လွန်းလို့ သေမှာပဲ”ဟုပြောပါသည်။
ထို့ကြောင့်ကျွန်မ၏ကိုယ်တွေ့နှင့်ယှဉ်၍စာဖတ်သူများကိုမှာချင်ပါ
သည်။ ထိုကဲ့သို့ အလားတူ အဖြစ်အပျက်မျိုး ကြုံလာပါက မကြောက်ပါနှင့်။ ပရလောကသားများသည် သူတို့၏မေတ္တာပို့အမျှဝေသည်ကိုလိုချင်သော ကြောင့် ခြောက်လှန့်ခြင်းဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ ထို့ကြောင့်
မေတ္တာပို့ အမျှဝေပေးကြပါ။ ကျွန်မကတော့ ထိုနေ့မှစ၍ ကုသိုလ်ကောင်းမှု တစ်ခုခု လုပ်တိုင်း မေတ္တာပို့ အမျှဝေခြင်းကို လေးလေးနက်နက် ပြုလုပ်ပါ သည်။
လူတိုင်းမေတ္တာထားနိုင်ကြပါစေ။