မျောက်နှင့်တူသော သူငယ်ချင်း

*မျောက်နှင့်တူသော သူငယ်ချင်း *📖📖📖

*************************************
____ မင်းသိင်္ခ
တခါက ကမ္ဘာလောကကြီးအတွက် လွန်စွာမှ အရေးကြီးသော သိပ္ပံဆရာကြီး တဦး၏ ပစ္စည်းများကို သူ၏ အိမ်တွင်မွေးထားသော မျောက်တကောင်က ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ ထိုအခါ သိပ္ပံဆရာကြီးသည်… “သြော်..မင်းဟာ မျောက်ကိုး၊ ဘယ်လောက် အရေးကြီးမှန်းမသိတော့ ဖျက်ဆီးပစ်တာပေါ့” ဟု ညည်းတွားလေ၏။ တအောင့်ကြာသော် ထိုသိပ္ပံဆရာကြီးကပင်… “တချို့လူတွေလဲ မင်းလိုပါပဲကွာ” ဟု ထပ်မံပြောဆိုပြန်လေ၏။ ထိုသိပ္ပံဆရာကြီးက သိပ္ပံပညာကို သာမက၊ မျောက်၏သဘောကိုလည်း သိ၏။ မျောက်နှင့် တူသော လူတို့၏ သဘာဝတို့ကိုလည်း သိပေသည်။ ကျွန်ုပ်မှာမူကား သိပ္ပံဆရာကြီးလည်း မဟုတ်၊ မျောက်အကြောင်းကိုလည်း ဂဃနဏ သိသူလည်းမဟုတ်၊သို့ရာတွင်
ကျွန်ုပ်၌ကား မျောက်နှင့်တူသော သူငယ်ချင်းတဦး ရှိခဲ့ဖူးလေသည်။ ထိုသူငယ်ချင်းကို ‘ကိုမျောက်’ ဟူ၍ပင် ခေါ်ကြပါစို့၊ ကိုမျောက်နှင့် ကျွန်ုပ်သည် ကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြ၏။ ကျောင်းနေစဉ်ကလည်း ကိုမျောက်သည် စာသင်ခန်းထဲတွင် ဆရာခေါ်ပေးသော စာများကို လိုက်၍မရေး၊ စာမေးပွဲ ဖြေခါနီးမှ ကျွန်ုပ်ထံမှ မှတ်စုစာအုပ်များကို ငှားလေ့ရှိ၏။ ကျွန်ုပ်စာကျက်လိုသော အခါ၌ မရမက ပြန်၍တောင်းရ၏။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏ စာအုပ်သည် အဖုံးတဘက် ပြုတ်လာခြင်း၊ အတွင်းမှ စာများတွင်လည်း အနီအပြာများ ခြစ်ထားခြင်းစသော ဥစ္စာရှင်တဦးအနေနှင့် မနှစ်မျို့ဖွယ်ရာများ ပါ၍လာလေတော့၏။ သို့ရာတွင် မည်သည့်ရေစက်ဟု မဆိုနိုင်၊ ကျွန်ုပ်သည် သူငယ်ချင်း ကိုမျောက်ကို ခင်၏။ ကိုမျောက်ကလည်း ကျွန်ုပ်ကို ခင်ပါ၏။ သို့ရာတွင် မကြာခဏဆိုသလို ကိုမျောက်၏ အပြုအမူကြောင့် စိတ်ညစ်ရလေ့ရှိ၏။
ကျွန်ုပ်တို့ နှစ်ဦးလုံး ဆယ်တန်းကျောင်းသား ဘဝသို့ ရောက်သောအခါ၌ ကျွန်ုပ်က လက်ဝဲ စာအုပ်များကိုဖတ်၏။ ကိုမျောက်ကမူ လှန်၍မျှမကြည့်၊ စွန့်စားခန်း ဝတ္ထုများကိုဖတ်၏။ ထို့နောက် ကိုမျောက်သည်် ဆယ်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုပြီးသည်နှင့် တပြိုင်နက် တပ်ထဲသို့ ဝင်သွားလေတော့၏။ ကိုမျောက် မင်္ဂလာဒုံ စစ်သင်တန်းကျောင်း၌ တက်နေစဉ်အတွင်း ကျွန်ုပ်သည် တခေါက် သွားရောက် တွေ့ဆုံခဲ့၏။ ကတုံးဆံတောက် ဆံပင်ကလေးနှင့် စစ်အင်္ကျီ၊ စစ်ဘောင်းဘီ ပွရောင်းရောင်းကို ဝတ်ဆင်ကာ စစ်ပညာ သင်ယူနေသော ကိုမျောက်ကိုတွေ့ရလေ၏။ ၎င်းကို ကြည့်ရသည်မှာ အတော်ကလေး ပင်ပင်ပန်းပန်း လုပ်နေရပုံရှိလေ၏။
ကျွန်ုပ်ကိုပင် ၎င်းက.. “အခု သင်တန်းစပြီး တက်ကတည်းက ရဲဘော်သစ် လစာဆိုပြီး ငါးဆယ့်ငါးကျပ် ရတယ်ကွ၊ ဘာမှလဲ သုံးစရာမရှိလို့ ငွေငါးဆယ်စလုံး ပိုနေတယ်၊ ငါးကျပ်ကတော့ ခါးပတ်တွေ၊ တင်းကလက်ခေါ်တဲ့ ခြေပတ်တွေကို တိုက်ရတဲ့ ဆေးတမျိုး ဝယ်ရတယ်၊ အဲဒီဆေးက ‘ဘလင်ကို’ လို့ ခေါ်တယ်၊ ရေညှိရောင် ဆေးတမျိုးပါပဲကွာ၊ အဲဒါဝယ်လို့ ကုန်သွားပြီ၊ ကျန်တဲ့ငါးဆယ် မင်းယူသွားကွာ” ဟု ဆိုကာ ကျွန်ုပ်အား ၎င်း၏ လစာကို ပေးလိုက်လေ၏။ ကျွန်ုပ်သည် ကိုမျောက်ထံမှရသော ငွေငါးဆယ်နှင့်ပင် ရုပ်ရှင်ဝင်၍ကြည့်၏။ ဆံပင်ဝင်၍ညှပ်၏၊ ခြောက်ကျပ်တန် သားရေဖိနပ်တရံဝယ်၍ စီး၏။
ကိုမျောက်မှာမူ မင်္ဂလာဒုံ စစ်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ပင်ပင်ပန်းပန်း သင်တန်းဆင်း၍ ကျန်ခဲ့ပြီဖြစ်၏။ အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်နှစ်ခန့်ကြာသောအခါ၌ ကိုမျောက်သည် ကျွန်ုပ်ထံသို့ ရောက်လာလေသည်။ “နယ်ကနေတာဝန်တခုနဲ့လာတာကွ၊ မင်းငါနဲ့လိုက်ခဲ့ဦး” ဟု ဆိုကာ ကျွန်ုပ်အား ရန်ကုန်မြို့ထဲသို့ခေါ်ဆောင်သွားလေ၏။ ကျွန်ုပ်အား သူက ကာကီရောင် လက်ဆွဲအိတ်ကလေး တလုံးကိုပေးရင်း..“မင်းကိုင်ခဲ့ကွာ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကိုင်ခဲ့ရလေ၏။ ကျွန်ုပ်သည် ထိုအိတ်ကို ဖွင့်ကြည့်ရာ အထဲ၌ ချက်လမ်မှတ်စာအုပ်အချို့နှင့် ငွေအမြောက်အမြားကို တွေ့ရလေ၏။ သူသည် ကျွန်ုပ်အား အရက်ဆိုင်ပေါင်းစုံသို့ ခေါ်၍သွား၏။ အရက်များဝယ်၍ သောက်၏။ ကျွန်ုပ်ကိုလည်း တိုက်၏။ ကျွန်ုပ်မှာ အရက်မသောက်တတ်သဖြင့် သူကျေနပ်အောင် သောက်ဟန်ပြု၍ သွန်ပစ်ခဲ့သည်က များ၏။ ကျွန်ုပ်၏ သူငယ်ချင်း ကိုမျောက်မှာမူ တခွက်ပြီး တခွက်သောက်လေတော့၏။ ထိုသို့သောက်ပြီးလျှင် ဆိုက်ကားတစီး ငှားကာ မကောင်းသော အိမ်သို့ ပို့ခိုင်းလေတော့၏။ ကျွန်ုပ်မှာမူ ထိုကိစ္စကို ကြောက်သဖြင့် ကိုမျောက်အတွက် အဖော်လိုက်သွားရသော်လည်း အပြင်ကပင် စောင့်နေရ၏။
ကိုမျောက်သည် ကျွန်ုပ်အား နေ့စဉ်နေ့တိုင်း လာ၍ ခေါ်၏။ အထက်ပါဆိုခဲ့သည့်အတိုင်း အရက်ဆိုင်သို့သာ ခေါ်သွားပြန်၏။ ထို့နောက်တွင်မှ ၎င်းသွားစရာရှိသော ရုံးများ စစ်တပ်များ ဘဏ်တိုက်များဆီသို့ သွား၏။ ကိုမျောက်သည် ရန်ကုန်တွင် တလခန့်နေသွား၏။ ပြန်သွားသောအခါ၌ သူနှင့် အတူ ရောဂါများပါ ပါသွား၏။ ထို့နောက် ပေါ်မလာတော့ပေ။ ကျွန်ုပ်နှင့် ကိုမျောက်သည် နှစ်အတန်ကြာ အဆက်အသွယ် ပြတ်သွားပြန်၏။ တနေ့တွင် ကျွန်ုပ်သည် မြန်မာ့ဂုဏ်ရည် လမ်းထိပ်တွင် လက်ဖက်ရည် သောက်နေစဉ် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လူတဦးသည် ကျွန်ုပ်၏ စားပွဲတွင်လာ၍ ထိုင်လေ၏။ ကျွန်ုပ်သည် ထိုလူကိုကြည့်လိုက်သောအခါ ကျွန်ုပ်၏ မိတ်ဆွေ ကိုမျောက်ဖြစ်နေသည်ကို တွေ့ရလေ၏။
“ဟာ..ကိုမျောက်ပါလား၊ ဘယ်လိုဖြစ်လာတာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ…“ငါ မျောက်ဖြစ်လာတာကွ” ဟု ကိုမျောက်က ပြောလေ၏။ “နေစမ်းပါဦး၊ ခင်ဗျားတို့တပ် အခုဘယ်မှာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမျောက်က နှစ်လိုဖွယ်ရာပြုံးပြီး
“ငါထပ်ထဲမှာ မဟုတ်တော့ဘူးကွ၊ အပြင်ရောက်နေပြီ”ဟု ပြောလေ၏။
“သြော်.. ခင်ဗျားတပ်က ထွက်လိုက်ပြီကိုး” ဟု ကျွန်ုပ်ကပြောရာ ကိုမျောက်က..
“တပ်ကထွက်လာတာ မဟုတ်ဘူးကွ၊ ငါ့ကို ထုတ်လိုက်တာ၊ တပ်မတော် သားကောင်းဖြစ်ရန် အလားအလာမရှိ ဆိုတဲ့ ပုဒ်မနဲ့ ထုတ်တာကွ၊ ငါတို့မှာ စစ်သည်တော်ကျင့်ဝတ်တွေ ရှိတယ်လေကွာ၊ အဲဒီတော့ ငါဟာ ကျင့်ဝတ် တခုမဟုတ်တခုကို ချိုးဖောက်ပြီးသား ဖြစ်နေတယ်၊ ဒီတော့ ငါရဲ့ဆရာသမား တွေကလဲ တပ်ထဲမှာနေရင် မင်းအတွက် ဒုက္ခရောက်မယ်ဆိုပြီး သနားသောအားဖြင့် တပ်က ထုတ်လိုက်တာပဲ၊ အမှန်က သူတို့ဘက်က မလွန်ပါဘူးကွာ၊ ငါ့ဘက်က လွန်တာပါ” ဟု ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း ကိုမျောက်အတွက် လက်ဖက်ရည်တခွက်မှာလိုက်လေ၏။ ထိုအချိန်၌ ကိုမျောက်သည် သူ၏ ဖိနပ်ခေါင်တွင် လိမ်ထားသော ကြေးနန်းကို ကုန်း၍ လိမ်နေလေ၏။ “ကိုမျောက် ခင်ဗျား တော်တော် အခြေအနေ ဆိုးနေတာပဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုမျောက်က… “ဖိနပ်အသစ် မဝယ်နိုင်ဘဲ သွပ်နန်းတွဲပြီး စီးနေတာကို
ကြည့်ပြီး ပြောတာလား၊ အဲ့ဒါတိုးတက်တာကွ၊ မနေ့ကအထိ ဖိနပ်မရှိဘူး” ဟု ပြောဆိုကာ လက်ဖက်ရည် ရောက်လာသောအခါ၌ လက်ဖက်ရည်ကို အရသာခံ၍ သောက်ပြီး စီးကရက်တလိပ်ကိုမှာ၍ ဖွာကာ မီးခိုးများကို ကောင်းကင်ဆီသို့ မှုတ်ထုတ်နေလေ၏။
“ဒီမှာ ကိုမျောက်၊ ခင်ဗျားကိုကျွန်တော် ငွေရေးကြေးရေး အကူအညီပေးရင် ရိုင်းရာများကျနေမလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမျောက်က..
“ဒီအချိန်မှာတော့ မင်းလိုလူက မပြောနဲ့ သူတောင်းစားက ပေးရင်တောင် ငါက ကျေကျေနပ်နပ် လက်ခံပြီး သူ့အတွက် ဆုတောင်းပေးရမယ့်အခါ ဖြစ်နေပြီ” ဟု ပြောလိုက်လေ၏။
ကျွန်ုပ်သည် ငွေတဆယ်ကို ထုတ်၍ သူ့အားပေးလိုက်ရာ ကိုမျောက်သည် စီးကရက်တဘူး ဝယ်လိုက်လေ၏။ ထိုအချိန်၌ပင် ခြေထောက်တဘက် မရှိသော ဒုက္ခိတ သူတောင်းစားကြီးတဦး ကျွန်ုပ်တို့အနီးသို့ ရောက်ရှိလာရာ ကိုမျောက်က.. “ရော့ ရော့” ဟု ဆိုကာ စီးကရက်ဘူး ဝယ်၍ပိုသော ပိုက်ဆံအားလုံးကို ထိုဒုက္ခိတကြီးအား ပေးလိုက်လေ၏။
ထို့နောက် ကျွန်ုပ်ဘက်ကို လှည့်ကာ..“ဒီလူက ငါ့ထက်ပိုပြီး ဒုက္ခရောက်တယ်ကွ၊ ငါက ခြေထောက်နှစ်ချောင်းစလုံး ရှိသေးတယ်၊ သူက တချောင်းပဲ ရှိတော့တယ်” ဟူ၍ ပြောလေ၏။
ထို့နောက် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။
လအတန်ကြာသောအခါ၌ ကျွန်ုပ်သည် သမီးကလေးအတွက် နားဆွဲကလေး ဝယ်ရန် မဂိုလမ်းဘက်သို့ သွားရာ ရွှေဆိုင်တန်းရှေ့ ပလက်ဖောင်းပေါ်တွင် ဒူးရင်းသီးများချ၍ ရောင်းနေသော ကိုမျောက်ကို တွေ့ရ၏။ ကိုမျောက်ကိုကြည့်ရသည်မှာ ပျော်ရွှင်နေပုံရ၏။ သူ့အား ဝိုင်းနေသော ဝယ်သူများကိုလည်း ဒူးရင်းသီးကို ဖောက်၍ စားခိုင်းလေ၏။ သူကိုယ်တိုင်လည်း ဒူးရင်းသီးတလုံး ဖောက်၍ တမြွာပြီး တမြွာ စားနေ၏။ အနီးတွင်
ဖလားတလုံးချထား၏။ စျေးတည့်၍ ဝယ်သူများထံမှ ပိုက်ဆံကို ရေမျှပင် မရေဘဲ ဖလားထဲသို့ ထည့်ခိုင်းလိုက်၏။ ဝယ်သူများက “ဒီမှာနော် ဆယ့်ငါးကျပ်၊ ဒီမှာနော်နှစ်ကျပ်” ဟု ပြ၍ထည့်၏။ “ပြမနေနဲ့၊ ပြမနေနဲ့ အားလုံးကို ယုံတယ်၊ ထည့်သာထည့်သွား၊ လူဖြစ်ပြီး လူလူချင်း မယုံရင် လူ့လောကကြီးမှာ မနေတာကောင်းတယ်” ဟု ကိုမျောက်က ရယ်မော၍ ပြောဆိုလေ၏။
ထိုအခါ ဝယ်သူထံမှ လျှာရှည်သူတဦးက…
“လူလိမ်နဲ့ တွေ့ရင် ဘယ့်နှယ့်လုပ်မလဲ မိတ်ဆွေကြီး”
“တွေ့တော့လဲ တွေ့ပေါ့ဗျာ၊ လိမ်လို့ အရင်းပြုတ်သွားတော့လဲ နောက်တမျိုး ကြံသေးတာပေါ့၊ လူ့ဘဝဆိုတာ ကလေးတွေ ကစားတဲ့ မြွေနဲ့ လှေကားလိုပဲ၊ ခင်ဗျား ကစားဖူးတယ်မဟုတ်လား၊ အံစာတုံးကလေး ပစ်လိုက်လို့ လှေကားနဲ့ တည့်တည့်နံပါတ်ကိုကျရင် အပေါ် တက်သွားရမယ်၊ အဲဒီလို တက်နေရာကနေ မြွေပါးစပ်နဲ့ တည်တည့်တွေ့ရင် ‘ကျွိ’ ဆို အောက်ရောက်သွားပြန်ရော၊ မြွေက မျိုလိုက်တာပေါ့။ နံပါတ်တရာကွက်ကိုရောက်ရင် ဂိန်းတယ်၊ ဒါပေမယ့် နံပါတ်ကိုးဆယ့်ခြောက် ကွက်မှာ မြွေတကောင် ပါးစပ်ဟလျက်ရှိတယ်၊ သူ့နံပါတ်များကျရင်တော့ သူကမျိုတာပေါ့။ သူ့အမြီးက နံပါတ်နှစ်ကို ရောက်တယ်၊ တချို့ကလဲ အဲ့ဒီ မြွေကြီးကို လွတ်သွားတယ်၊ တချို့ဆို ဒီမြွေကြီးနဲ့ တွေ့ပြီး အောက်ဆုံးအထိ ဆင်းသွားတော့တာပဲ၊ ပြီးတော့ လှေကားနဲ့တွေ့ပြီး ပြန်တက်ရတော့တာပေါ့။
အဲဒီကစားနည်းမှာ မြွေကိုထုတ်ပြီး လှေကားချည်းပဲထားရင် ဘယ်သူကမှ ကစားမှာမဟုတ်ဘူး၊ တက်ပြီးရင်းတက်ပြီး ကစားပွဲဟာ ပြီးသွားမှာပေါ့။ စိတ်ဝင်စားမှုလဲ မရှိဘူး၊ အဲ့ဒီအတိုင်း ကစားရင် ပွဲဟာ အစောကြီး ရပ်ပစ်ရလိမ့်မယ်၊ ကစားတဲ့လူ အတွက်လဲ အဓိပ္ပါယ်မရှိဘူး၊ အဲဒီလိုပဲဗျ၊ တကယ်လို့ လူ့လောကမှာ အကျမရှိဘဲ အတက်တွေချည်း ဖြစ်နေရင် အဲဒီလူအတွက် အဓိပ္ပါယ်မရှိဘူး၊ ဒီလိုလူမျိုး စောစော သေတတ်တယ်၊ ကစားပွဲ စောစောပြီးသွားတဲ့ သဘောပေါ့ဗျာ၊ အဲဒီလိုပဲဗျ၊ အဲဒီကစားနည်းမှာ မြွေချည်းထားပြီး လှေကားမပါကြေးဆိုရင် ကစားလို့ကောင်းမှာ မဟုတ်ဘူး၊ သူ့ကျတော့ အတက်ကိုမရှိဘဲ မြွေမျိုတာနဲ့ပဲ ပြန်ကျနေမှာပဲ၊ ဒီလိုဆိုလဲ စိတ်ပျက်ပြီး ကစားပွဲကို ရပ်ပစ်မိမှာပဲ၊
လူ့လောကမှာ အတက်မရှိဘဲ အဆင်းချည်းပဲဖြစ်နေရင် ဒီလူစိတ်ဓာတ်ကျတာနဲ့ အဲ အစောကြီး သေလိမ့်မယ်။ အဲဒီတော့ ကစားနည်းမှာ တက်ဖို့လှေကားလဲ ပါရမယ်၊ ဆင်းဖို့မြွေလဲ ပါရမယ်၊ ဒါမှ ပျော်စရာ ကောင်းတာဗျ၊ လှေကားနဲ့ တွေ့တဲ့ခါ တက်သွားလိုက် အဲဒီလို တက်ရတဲ့ အခါမှာလဲ တယ်ဟုတ်တဲ့ ငါပါလားလို့ ဘဝင်မမြင့်နဲ့၊ ရှေ့မှာ မြွေရှိတယ်၊ အဲဒီလိုပဲ မြွေမျိုခံပြီး အောက်ကျသွားရင်လဲ စိတ်မပျက်နဲ့ မကြာင်ခင် လှေကားတွေ့လိမ့်မယ်၊ မှန်မှန်သာ လူ့ဘဝကို လျှောက်လာခဲ့ မကြာခင် လှေကားတွေ့လိမ့်မယ်၊ ကဲ မိတ်ဆွေလူ့ဘဝဆိုတာ ဒီလိုပဲ မဟုတ်လားဗျာ။ လိမ်တဲ့လူ တွေ့လိမ့်မယ်ဆိုပြီး တွေးပူမနေနဲ့ ပူတဲ့ဒုက္ခ တိုးလာလိမ့်မယ်၊ ဒူးရင်းသီးဝယ်သွား၊ ပိုက်ဆံမပါရင်လဲ ကျုပ်စားတဲ့ထဲက တမြွာနှစ်မြွာစားသွား” ဟု ပြောလိုက်ရာ ထိုသူက ပြုံးလေ၏။
ကျန်သောသူများမှာ ဝါးခနဲ့ ရယ်လေ၏။ ကိုမျောက်သည် ရောင်းစရာရှိသည်ကို ရောင်းနေ၏။ ပြောစရာရှိသည်ကိုလည်း ပြောနေ၏။ ဒူးရင်းသီးကိုလည်း စားနေ၏။ စောစောက အမေးမြန်းထူသူလည်း ကိုမျောက်ထံမှာ ထွက်မသွားသေးဘဲ ဒူးရင်းသီး တလုံးကို မကြည့်ချင်ကြည့်ချင် ကြည့်နေ၏ ထိုသို့ ကြည့်နေရင်း..
“ခင်ဗျားကို ကျုပ်ပြောတာ ဒီလောကမှာ လူလိမ်တွေ ရှိတယ်လို့ ပြောတာ၊ ခင်ဗျား ပြောတာက လောကဓံတရားဗျ၊ ဘာမှမဆိုင်ဘူး” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမျောက်က..
“လူလိမ်ရှိတာပေါ့ဗျာ၊ သူတို့ရှိလို့လည်း ကျုပ်တို့က လူကောင်းဖြစ်တာပေါ့၊ သူတို့က လိမ်တယ် ကျုပ်တို့က မလိမ်ဘူး၊ ဒါပဲပေါ့ဗျာ၊ လိမ်တာဟာ မကောင်းဘူး ဆိုပေမယ့် တချို့ကိစ္စတွေမှာ အဲဒီ လိမ်လည်ခြင်းကိုပဲ နာမည်ပြောင်းပြီး အလုပ် လုပ်နေကြတာပဲ။ ဘယ်လို နာမည်ပြောင်းလဲဆိုတော့ ‘ပရိယာယ်’ ဆိုပြီး နာမည်ပြောင်းလိုက်တယ်ဗျ၊ စစ်တိုက်တဲ့အခါမှာ ရန်သူကို လိမ်ပြီး တိုက်ရတဲ့ အကွက်တွေရှိတယ်၊ အဲဒါကို စစ်ပရိယာယ်ခေါ်တာပဲ။ နိုင်ငံရေးမှာလဲ မလွှဲသာ မရှောင်သာ လိမ်ရတဲ့ကွက်တွေ ရှိတယ်ဗျာ။ အဲဒါကိုတော့ နိုင်ငံရေးပရိယာယ် ခေါ်တာပေါ့ဗျာ၊ လိမ်လည်ခြင်းဟာ အကျိုးပြုလုပ်ငန်းအတွက် သုံးပြီဆိုရင် ပရိယာယ်လို့ နာမည်ပြောင်းသွားတယ်ဗျ၊ တခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တဘက်က ပရိယာယ် လမ်းကြောင်းအတိုင်း လိုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွားအောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။
တခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တဘက်က ပရိယာယ် လမ်းကြောင်း အတိုင်း လိုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွား အောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။ အဲဒီအဆင့်ကတော့ မြှူဆွယ်တဲ့ အဆင့်ရောက်သွားပြီ။
ဒါပေမယ့် အားလုံးဟာ လိမ်တာချည်းပဲ မဟုတ်လားဗျာ။
စကားပြောတဲ့အခါမှာ ဖြောင့်ဖြောင့်မပြောဘဲ ဟိုလိမ်ဒီကောက် ပြောရတဲ့အခါတွေရှိတယ်မဟုတ်လား၊ အဲဒီအခါကျတော့ စကား ပရိယာယ် ကြွယ်တယ်လို့ ကျုပ်တို့ ပြောကြတယ်မဟုတ်လား၊ ဘယ်လိုလဲ မိတ်ဆွေကြီးကြည့်ရတာ နားထောင်ရပျင်းနေပြီထင်တယ်၊
အလိမ်ခံရပြီဆိုတာကို သိတာနဲ့ ချက်ချင်း အလိမ်ခံထားရတဲ့အကြောင်းဖွင့်မပြောလိုက်နဲ့၊ တခုခုအလိမ် ခံထားရတာကို ပြောအောင် မလုပ်လိုက်နဲ့ အလိမ်ခံထားရတဲ့အတိုင်း ငြိမ်ငြိမ်ကလေးနေလိုက်၊ လူ့လောကမှာ လိမ်တယ်ဆိုတာ သွပ်နန်းနှစ်စကို လိမ်သလိုပဲဗျ၊ နှစ်စ’လုံး လိမ်ကောက်သွားတာ၊ အဲ့ဒါသွားဖြေလို့ အဆင်မသင့်ရင် ကျိုးသွားတတ်တယ်၊ အလိမ်ခံရတဲ့အတိုင်း နေလိုက်ရင် ကျုပ်ပြောသလို လိမ်လိမ်ကွေးကွေးလေး ဖြစ်နေရုံကလွဲပြီး ဘာမှမဖြစ်ပါဘူး၊ သွပ်နန်းဟာ သွပ်နန်းပါပဲ၊ ရုတ်တရက် ပြန်ဖြန့်ရင်တော့ စောစောက ကျုပ်ပြောသလို အဆင်မသင့်ရင် ကျိုးသွားတတ်တယ်။
ကျုပ်တပ်ထဲမှာနေတုန်းက ငွေငါးဆယ်အလိမ်ခံရတယ်ဗျ၊ အလိမ်ခံရမှန်းလဲသိရော၊ လိမ်တဲ့ကောင်ကို ကျုပ်က မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ၊ ကွာတား နှစ်ဆယ့်ရှစ်ရက် ကျပါလေရောဗျို့၊ ကွာတား နှစ်ဆယ့်ရှစ်ရက် ဒုက္ခဟာ ငွေငါးတယ်နဲ့ နှိုင်းစာရင် အများကြီး ကွာတာပေါ့ဗျာ၊ အလိမ်ခံရတဲ့အတိုင်း ငြိမ်ငြိမ်လေးနေလိုက်ရင် အဲဒီဒုက္ခ မတွေ့ဘူးဗျ” ဟု ပြောလေ၏။ ကျွန်ုပ်သည် မလှမ်းမကမ်းမှနေ၍ ကိုမျောက်နှင့် ထိုသူစကားပြောနေသည်ကို တနေရာမှ အသာကြည့်နေ၏။ ကိုမျောက်၏ ဒူးရင်းသီးပုံသည်လည်း တဖြည်းဖြည်း ကုန်သွား၏။ နောက်ဆုံးတွင် ဒူးရင်းသီးသုံးလုံးသာ ကျန်တော့၏။ ထိုအခါ ကိုမျောက်က.. “တော်ပြီ မရောင်းတော့ဘူး” ဟု ပြောကာ သူ၏ ဒူးရင်းသီးသုံးလုံးကို ခြင်းတောင်းအတွင်းသို့ ထည့်လိုက်လေ၏။
ထိုအခါ ကျွန်ုပ်က ကိုမျောက်အနီးသို့ သွားကာ..
“အဲဒီဒူးရင်းသီးသုံးလုံးကို ကျုပ်ဝယ်မယ်” ဟု ပြောလိုက်ရာ ကိုမျောက်က..
“နိုးနိုး၊ ဒါကို ဘုရင်ခံလာဝယ်ရင်တောင် မရောင်းနိုင်ဘူး” ဟု ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်အား….
“ဟေ့ကောင် ထွန်းခင်၊ မင်းအိမ်စားဖို့ တလုံးယူသွား” ဟု ပြော၍ ကျွန်ုပ်အားပေးလေ၏။
“ဟိုနှစ်လုံးက မင်းစားဖို့ယူသွားမှာပေါ့ ဟုတ်လား” ဟု မေးလိုက်ရာ ကိုမျောက်က..
“ငါက စားပြီးပြီကွ၊ ငါ့အိမ်နားက အဘိုးကြီး အဘွားကြီး နှစ်ယောက်ဟာ အတော်ဆင်းရဲတယ်ကွ၊ သူတို့ တသက်မှာ တခါမှ ဝယ်စားဖူးတာ မဟုတ်ဘူး၊ သူတို့ကို ကျွေးရမယ်”
ဟု ပြောပြီး ကျွန်ုပ်ကို နှုတ်ဆက်ကာ သူ၏ ခြင်းတောင်းကို ထမ်း၍ ထွက်ခွာသွားလေတော့၏။
ထို့နောက် ကျွန်ုပ်သည် ကိုမျောက်နှင့် အချိန်အတန်ကြာအထိ မတွေ့ဖြစ်ဘဲ ရှိပြန်လေ၏။
တခုသော နံနက်တွင် ကိုမျောက်သည် ကျွန်ုပ်၏ အိမ်သို့ ရောက်လာပြီး လမ်းပေါ်မှနေ၍ ခေါင်းညိတ်ပြီး ကျွန်ုပ်အား ခေါ်သဖြင့် အောက်သို့ ဆင်း၍ သွားရလေ၏။
“ဘာလဲ ကိုမျောက် အိမ်ပေါ်တက်လေ” ဟု ကျွန်ုပ်ကပြောရာ ကိုမျောက်က..
“ငါမင်းမိန်းမနဲ့ မသိဘူး၊ မင်းနဲ့ပဲငါက ရင်းနှီးတာ၊ မင်းမိန်းမက ကောလိပ်မှာ အင်တာအထိ တက်ဖူးတယ်ဆိုကွ၊ ပြီးတော့ ရုံးမှာလဲ စာရေးမဆို” ဟုမေးလေ၏။ ထို့ကြောင့်..
“ကိုမျောက် အခုလာတာ ဘာကိစ္စလဲဆိုတာ ပြောပါ၊ ကျုပ်မိန်းမအကြောင်းတွေ မေးမနေနဲ့” ဟု ပြောလိုက်လေ၏။
“ငါက မင်းမိန်းမ အကြောင်း မပြောချင်ပါဘူး၊ မင်းက ငါ့ကို အိမ်ပေါ်ဘာလို့ မတက်သလဲလို့ မေးလို့ပါ၊ ဘာပဲဖြစ်ဖြစ် မင်းမိန်းမက ငါ့ကို အထင်သေးမှာပဲကွ၊ မင်းနဲ့ ငါနဲ့ ဘယ်လောက်ခင်တယ်ဆိုတာ သူသိမှာမဟုတ်ဘူး” ဟု ကိုမျောက်က ပြောလေ၏။
“ဒါတွေထားလိုက်တော့ ခင်ဗျားလာတဲ့ ကိစ္စကိုသာ ပြောစမ်းပါ ကိုမျောက်ရဲ့” ဟု ကျွန်ုပ်က မေးလိုက်လေ၏။
“ငါ့အနေနဲ့ ငွေငါးဆယ်လိုချင်တယ်၊ အဲဒါဟာ သေရေးရှင်ရေးပဲ၊ ဒါပေမယ့် ငါမင်းဆီက အလကားမလိုချင်ဘူး၊ ငါ့အနေနဲ့ အလွန် မြတ်နိုးတဲ့ ပစ္စည်းလေးတခု မင်းကို ငါလာပြီး ရောင်းမယ်၊ အဲဒါကို မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ငွေငါးဆယ်ပေးပြီးဝယ်ပါ၊ အဲဒီပစ္စည်းလေးကို နောင်တချိန်မှာ ငါ့မှာငွေရှိတဲ့အခါမှာ မင်းရောင်းချင်ရောင်းပါ၊ ငါးဆအမြတ်ပေး ပြန်ဝယ်ပါ့မယ်၊ အဲဒါက ဘာလဲဆိုတော့ ငါ့အဖေရေးထားတဲ့ အင်းလေးပုံ ဆီဆေးပန်းချီကားပဲ၊ တခုတော့ရှိတယ် အဲဒါဟာ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်း လုပ်တဲ့ကိစ္စ မင်းမိန်းမ မသိစေနဲ့” ဟု ပြော၍ ကိုမျောက်သည် ပြန်သွားလေ၏။
ကိုမျောက်ပြန်သွားသည်နှင့် တပြိုင်နက် ကျွန်ုပ်လည်း အိမ်ပေါ်သို့ တက်၍ လာလေ၏။ ထိုအခါ ကျွန်ုပ်၏ မိန်းမက..
“ဘယ်က သူတောင်းစားနဲ့ စကားပြောနေတာလဲ” ဟု ကျွန်ုပ်အား မေးလိုက်လေ၏။
“သူတောင်းစား မဟုတ်ပါဘူးကွာ၊ ငါ့သူငယ်ချင်းပါ” ဟု ကျွန်ုပ်က ပြန်၍ ပြောရာ ကျွန်ုပ်၏ မိန်းမက..
“ရှင့်သူငယ်ချင်းကလည်း သူတောင်းစားထက်တောင် စုတ်ပါသေးလား၊ ရှင့်ကိုကြည့်နေတာကြာပြီ၊ ရှင်ပေါင်းလိုက်ရင် ဒါမျိုးတွေချည်းပဲ၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်နေတတ်ရတယ်ရှင့်၊ ကိုယ်ဟာ ခေတ်ပညာတတ် တယောက်လည်းဖြစ်တယ်၊ အလုပ်နဲ့ အကိုင်နဲ့လည်း ဖြစ်တယ်၊ ခုတော့ ရှင်ပေါင်းလိုက်ရင် အလုပ်မရှိ အကိုင်မရှိ ပညာမတတ် စုတ်ပေ့နုပ်ပေ့ဆိုတာချည်း ပေါင်းတယ် ကျွန်မ သိပ်ပြီး ရှက်တာပဲ” ဟု ပြောလေ၏။
ကျွန်ုပ်၏ မိန်းမက ကျွန်ုပ်အား ရှင်ဟာ ခေတ်ပညာတတ်တဦး ဖြစ်တယ်ဟု ပြောသောအခါ၌ ကျွန်ုပ်သည် ကြက်သီးထမိ၏။ အမှန်စစ်စစ် ကျွန်ုပ်သည် ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန်စာရင်းသွင်း ဖူးသော်လည်း မတတ်ဖြစ်ခဲ့၊ ဤသည်ကိုပင် ကျွန်ုပ်၏မိန်းမက ခေတ်ပညာတတ်စာရင်းတွင် သွင်း၍ ပြောလိုက်ခြင်းဖြစ်သောကြောင့် ကြက်သီးထ၍ သွားခြင်းဖြစ်၏။
ကျွန်ုပ်သည် ဆေးပေါ့လိပ်ကို ဖွာပြီးနောက်… “မိန်းမရေ ပြောလက်စနဲ့ တခါတည်း ပြောရဦးမယ်ကွာ၊ ကိုမျောက်ကြီးက သူ့အဖေရေးတဲ့ ပန်းချီကားကြီးတချပ် လာရောင်းတာကွ၊ ညနေကျရင် ငွေငါးဆယ်ပေးရမယ်၊ သိပ်ပြီး ဒုက္ခရောက်လို့ လာရောင်းရှာတာပါကွာ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ မိန်းမက..
“ရှင်မပြောလည်း ကျွန်မသိပါတယ်၊ ရှင့်ဆီလာတဲ့ဟာ ဒါမျိုးတွေချည်းပဲ၊ တောင်းဖို့လာမယ်၊ ချေးဖို့လာမယ်၊ ရှင်ကဒါမျိုးတွေပဲ ပေါင်းတာကိုး၊ ရှင်တို့ဌာနက မောင်မောင်ဆိုရင်ကြည့်စမ်း၊ ပေါင်းလိုက်ရင် ထိပ်တန်းကြီးပဲ၊ အရာရှိတွေနဲ့ ပေါင်းတယ်၊ သူပေါင်းတဲ့ လူတွေက အဆင့်အတန်းရှိတယ်၊ ရှင်ပေးမယ်လို့ ပြောလိုက်ပြီမဟုတ်လား၊ ပေးလိုက်ပေါ့၊ တကယ်ဆိုရင် ကျွန်မနဲ့ တွေ့ပေးရမယ် ခုတော့သူက နှစ်ကိုယ်ကြား ခေါ်ပြီးပြောတော့ ပေးလိုက်ပေါ့” ဟု ပြောလေတော့၏။
“ဒီငွေငါးဆယ်ကလည်း မဆုံးပါဘူး မိန်းမရယ်၊ သူပိုက်ဆံရှိတဲ့နေ့မှာ အမြတ်ငါးဆပေးပြီး ပြန်ဝယ်မယ်တဲ့ ဒီပန်းချီကားလေးဟာ သူ့အဖေရဲ့ အမွေ၊ သူအမြတ်နိုးဆုံး ပစ္စည်းပါတဲ့ သူပြန်ရွေးမှာပါ” ဟု ကျွန်ုပ်ကပြောရာ ကျွန်ုပ်၏ မိန်းမက မခိုးမခန့်ရယ်၍…
“ဟိုက ရှင့်ကို ငွေပေးချင်အောင် ပြောသွားတာပေါ့၊ သူဒီလို မြတ်နိုးရင် ရောင်းပါ့မလား၊ ဒါတွေလာပြောမနေပါနဲ့၊ နားကလော့တယ်” ဟု ပြောလိုက်လေ၏။
ထို့နောက်တွင်မှ ကျွန်ုပ်တို့ လင်မယားသည် ရေမိုးချိုး၍ အဝတ်အစား လတ်လတ်ကလေးများ ဝတ်ကာ ရုံးသို့ သွားကြလေ၏။ ညနေရုံးဆင်း၍ အိမ်ပြန်ရောက်ပြီးသောအခါ၌ ရေမိုးချိုးကြ၏။ မနက်က ချက်ခဲ့သော ဟင်းများကို နွှေး၍ စားသောက်ကြ၏။ ပြီးလျှင် ကျွန်ုပ်က သတင်းစာတစောင်ကို ဖတ်၏။ ကျွန်ုပ်၏ မိန်းမကမူ အိပ်ခန်းတွင်းသို့ဝင်သွား၏။ အိပ်ခန်းဆိုသော်လည်း ဧည့်ခန်းနှင့် သုံးထပ်သားတချပ်သာခြား၏။ နှစ်ယောက်အိပ်ကုတင်တလုံးကို အနိုင်နိုင်ထည့်ရသော အိပ်ခန်းမျိုးဖြစ်၏။ အဝတ်ထည့်သော မှန်ဗီရိုကိုပင် ဧည့်ခန်း၌ ထုတ်၍ထားရ၏။ ထိုသို့ ထုတ်ထားရသည်မှာလည်း အကြောင်းနှစ်ခုရှိ၏။ တခုမှာ အိပ်ခန်းကျဉ်း၍ဖြစ်၏။ အခြားသော အကြောင်းတခုမှာ ကျွန်ုပ်၏မိန်းမသည် ထိုဗီရိုကြီးကို လူမြင်စေလိုခြင်းကြောင့်ဖြစ်၏။ ဧည့်ခန်းဆိုသည်မှာလည်း နှစ်ခန်းတွဲအိမ်၏ ဧည့်ခန်းဖြစ်သောကြောင့် လွန်စွာကျဉ်း၏။ ကျဉ်းရသည့်အထဲတွင် ကျွန်ုပ်၏ မိန်းမက လူနှင့်တူအောင် ဆက်တီတစုံထားမှဟု ဆိုကာ ဆက်တီတစုံ ဝယ်၍ထည့်ထားသောကြောင့် ပို၍ကျဉ်း၏။ ထို့ထက်ဆိုးသည်မှာ ကျွန်ုပ် မိန်းမသည် ရှိုးကေစ်ဟု ခေါ်သော မှန်ပတ်ပတ်လည်ကာ၍ ထားသည့် ဗီရိုအထဲတွင် မင်္ဂလာဆောင်စဉ်က လက်ဖွဲ့အဖြစ်ရခဲ့သော ထမင်းစားပန်းကန်များ၊ လက်ဖက်ရည်ပန်းကန်းများ၊ ဖန်ဆေးလိပ်ခွက်များကို ထည့်၍ ဧည့်ခန်း၌ထား၏။ ထိုပစ္စည်များသည် မီးဖိုချောင်တွင်ထားလျှင် ပို၍သင့်တော်မည်ဟု ကျွန်ုပ်က ယူဆ၏။
သို့ရာတွင် ကျွန်ုပ်၏ မိန်းမက ကျွန်ုပ်အား.. “ဒိုက်ရဲ့ အဲဒီရှိုးကေ့စ်က ဧည့်ခန်းမှာ ထားရတယ်တော့” ဟု ဆိုကာ ထားလေ၏။ ကြာသောအခါ ကျွန်ုပ်လည် ထိုရှိုးကေ့စ်ကို ဧည့်ခန်းတွင်ထားခြင်းကို သဘောကျ၍ သွားလေ၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ရောက်ဖူးသမျှ အိမ်များတွင် ဤသို့ပင် ထမင်းစားပန်းကန်များကို ရှိုးကေ့စ်၌ထည့်ကာ ဧည့်ခန်း၌ ထားသည်ကိုချည်း တွေ့နေရသောကြောင့် ဖြစ်၏။ မှောင်စပျိုးသောအခါ၌ ကျွန်ုပ်သည် မီးများဖွင့်လိုက်၏။ ကျွန်ုပ်၏ မိန်းမမှာမူ ကုတင်စောင်းတွင် ခေါင်းအုံးတလုံးခံ၍ မီးတလုံးကိုဖွင့်ကာ ကုတင်ပေါ်တွင်လှဲ၍ ဝတ္ထုစာအုပ်တအုပ်ကို ဖတ်နေပြီဖြစ်၏။ ထိုအချိန်၌ ကိုမျောက်သည် ပန်းချီကားတချပ်ကိုပိုက်၍ အိမ်ပေါ်သို့ တက်လာလေ၏။ ပြီးနောက် ကျွန်ုပ်အားပန်းချီကားကို လှမ်းပေးလိုက်လေ၏။
ထို့ကြောင့် ကျွန်ုပ်က. “ကိုမျောက် ခဏနေဦး” ဟု ပြောပြီး ပန်းချီကားကိုယူလာကာ အိပ်ခန်းတွင်းသို့ ဝင်လေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏မိန်းမအား ပန်းချီကားကိုပြ၏။ ကျွန်ုပ်မိန်းမသည် ပန်းချီကားကို ကြည့်ပြီးနောက်..
“ဟင်း… ကောင်းလဲမကောင်းဘူး မဆွဲတတ် ဆွဲတတ်နဲ့ ဆွဲထားတာ၊ ဆေးတွေကလည်း အတုံးလိုက် အတစ်လိုက်နဲ့ ငါးဆယ်မပြောနဲ့ ငါးမူးတောင်မတန်ဘူး၊ ပြက္ခဒိန်လှလှလေး တခုဝယ်ချိတ်လိုက်ရင်
နှစ်ကျပ်နဲ့ ပြီးတယ်၊ ရှင့်အပေါင်းအသင်းငတ်လို့ ပေးချင်ရင် သပ်သပ်ပေး၊ ဒီလိုမတန်တဲ့ပစ္စည်းကို မဝယ်ရဘူး၊ နားလည်လား သွားပေးချေ” ဟု ပြောပြီး ကျွန်ုပ်အား ပန်းချီကားကို ကမ်းပေးပြီး ဆက်၍ စကားမပြောတော့ဘဲ ဝတ္ထုစာအုပ်ကိုသာ ဆက်ဖတ်လေ၏။
ကျွန်ုပ်လည်း မွေ့ရာ အောက်မှ ငွေငါးဆယ်ကိုယူ၍ အိမ်ခန်းထဲမှ ထွက်လာလေ၏။ ထို့နောက် ကိုမျောက်နှင့် ကျွန်ုပ်သည် အိမ်အောက်သို့ အတူတကွ ဆင်းခဲ့ကြ၏။ လမ်းပေါ်သို့ ရောက်သောအခါ ကျွန်ုပ်က ကိုမျောက်အား ငွေငါးဆယ်ပေးလိုက်၏။ ကိုမျောက်သည် ကျွန်ုပ်၏ ငွေငါးဆယ်ကို လှမ်းယူရင်း ကျွန်ုပ်အား…
“မင်းသိပ်ပြီး မိုက်တဲ့ကောင်၊ မင်းမိန်းမကို အသိမပေးပါနဲ့ဆိုတဲ့ကိစ္စကို မင်းအသိပေးလိုက်တယ် မင်းမိန်းမပြောတာတွေ အားလုံးငါကြားရတယ်၊ မျက်နှာအမူအရာတွေကိုလဲ ငါမြင်ရတယ်” ဟု ပြောလေ၏။
“ကျုပ်မ်ိန်းမအသံကို ခင်ဗျား ကြားရတယ်ဆိုတာတော့ ဟုတ်ပါပြီ မျက်နှာကို မြင်ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး မြင်ရတာတုန်း” ဟု ကျွန်ုပ်က မေးလိုက်၏။
“မြင်ရတာပေါ့ကွ၊ မင်းတို့ဧည့်ခန်းမှာ မှန်ဗီရိုကြီးထားတာကိုးကွ၊ အဲဒီမှန်ဗီရိုကြီးမှာ အတိုင်းသားမြင်နေရတယ်၊ မင်းမိန်းမကို ငါစိတ်မဆိုးပါဘူး၊
ဒါပေမယ့် မင်းအနေနဲ့တော့ သူငယ်ချင်းကောင်းတယောက် ဆုံးရှုံးသွားပြီးပေါ့။ ငါ ဒီတသက်မှာ မင်းနဲ့မတွေ့ တော့ဘူး၊ နောက်ဘဝရှိတယ်ဆိုရင်လည်း နောက်ဘဝမှာ မင်းနဲ့မတွေ့တော့ဘူး၊ ငါပိုက်ဆံရှိလို့ ဒီပန်းချီကားလေးကို အမြတ်ငါးဆပြေးပြီး ပြန်ယူရင်တော့ ငါ့ကို ပြန်ပေးပါ” ဟု ဆိုကာ ကိုမျောက်သည် ထွက်သွားလေတော့၏။
ကျွန်ုပ်သည်လည်း အိမ်ပေါ်သို့ ပြန်တက်ပြီးလျှင် ပန်းချီကားကို နံရံ၌ ချိတ်လိုက်လေ၏။ ကျွန်ုပ်၏မိန်းမသည် ထိုပန်းချီကားကို မြင်တိုင်း ကျွန်ုပ်အား မဲ့၍ ပြလေ၏။
အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး တပတ်ခန့် ကြာသောအခါ၌ ကျွန်ုပ်တို့အိမ်ရှေ့တွင်မော်တော်ကားတစီး လာ၍ရပ်၏။ ကားမှာ အတော်ကောင်း၏။ ကားပေါ်မှ ဥပဓိရုပ် အလွန်ကောင်းသော အသက်ငါးဆယ်ခန့် လူကြီးတဦးဆင်းလာပြီးလျှင် ကျွန်ုပ်၏ အခန်းသို့ တက်လာလေ၏။ ထို့နောက် တက္ကသိုလ်မှ ကျောင်းဆရာ တဦး၏ အမည်ကို မေးလေ၏။ ကျွန်ုပ်ရော၊ ကျွန်ုပ်၏ မိန်းမကပါ အိမ်မှားနေပြီဖြစ်ကြောင်း ထိုလူကြီးအား ပြောပြ၏။ သို့ရာတွင် ထိုလူကြီးသည် တော်တော်နှင့် ဆင်းမသွားဘဲ ကျွန်ုပ်၏ ဧည့်ခန်းသို့ကြည့်နေခြင်းမဟုတ်၊ ကိုမျောက်လာ၍ ရောင်းသွားသော ပန်းချီကားကိုသာ ကြည့်နေခြင်းဖြစ်၏။
ထိုနောက် ထိုလူကြီးက သူ့ကိုယ်သူမိတ်ဆက်၏။ ထိုအခါကျမှ ပင် သူသည် တက္ကသိုလ်မှ ပါမောက္ခတဦး ဖြစ်ကြောင်း သိရလေ၏။ ထိုအခါ ကျွန်ုပ်၏ မိန်းမပါ ပြာပြာသလဲ ဖြစ်၍သွား၏။ မည်သို့မည်ပုံ ဤသို့ဖြစ်သွားရသည်ကို ကျွန်ုပ်ကိုယ်တိုင်ပင် မသိပါ။ ကျွန်ုပ်တို့ လင်မယားနှစ်ဦးက ထိုလူကြီးအား ထိုင်ရန်ပြော၏။ ထိုလူကြီးက ပန်းချီကားကို အနီးကပ်ကြည့်ရှုခွင့် တောင်း၏။ ကျွန်ုပ်တို့ကလည်း လှိုက်လှိုက်လှဲလှဲပင် ခွင့်ပြုလိုက်၏။ ပါမောက္ခကြီးသည် ဖိနပ်ချွတ်၍ ဧည့်ခန်းသို့တက်ပြီး ပန်းချီကားကို အနီးကပ်သွားပြီးလျှင် ပန်းချီဆရာ၏ အမည်ကိုဖတ်လေ၏။ ထိုသို့ ဖတ်ပြီးနောက် ကျွန်ုပ်တို့လင်မယားနှစ်ယောက်ကို လေးစားသော အမူအရာဖြင့် ဦးခေါင်းကိုညွတ်ပြီးလျှင်… “ဒီပန်းချီကား ဘယ်လောက် ပေးလိုက်ရသလဲ” ဟု မေးလေ၏။ “လက်ဆောင်ရတာပါ ဆရာကြီး” ဟု ကျွန်ုပ်၏ မိန်းမက နှုတ်သွက်လျှာသွက်ဖြေလေ၏။
“ကျုပ်အခုပြောမယ့်စကားဟာ တူမကြီးတို့အတွက် ရိုင်းသွားတယ်ဆိုရင် အနူးအညွတ် တောင်းပန်ပါတယ်၊ ကျုပ်က မနေနိုင်လွန်းလို့ မေးတာပါ၊ အဲဒါကတော့ တခြားမဟုတ်ပါဘူး၊ အဲဒီပန်းချီကားကို များ ရောင်းနိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ကျေးဇူးတင်ပါတယ်၊ ပြင်သစ်ပြည်
လာဆဗွန်းတက္ကသိုလ်က ကျုပ်ရဲ့ ဆရာကြီးဟာ မြန်မာပြည်က ဟော့ဒီပန်းချီဆရာရဲ့ လက်ရာကို အလွန်ပဲ တန်ဖိုးထားတယ်၊ ပြင်သစ်ပြည်မှာ ဟောဒီပန်းချီဆရာရဲ့ လက်ရာကိုတော့ သူအကြိုက်ဆုံးပဲ၊ သူ့အိမ်မှာရော သူ့ရုံးခန်းမှာရော ဒီပန်းချီဆရာရဲ့ လက်ရာ ပန်းချီကားတွေ ချိတ်ထားတယ်၊ ထပ်ပြီး ရှာလို့ရရင်လဲ ယူဦးမယ်လို့ ကျုပ်ကို မှာထားတယ်၊ ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ ဘယ်ဖြတ်လို့ရမလဲ၊ ကျုပ်တတ်နိုင်တာကို ပြောရရင် ငွေတထောင်တော့ ပေးနိုင်ပါတယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်မိန်းမက..
“လက်ဆောင်ပစ္စည်းကို ရောင်းစားတဲ့ သဘောတော့ မဟုတ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးအတွက် လိုအပ်နေတယ်ဆိုတော့ ယူသွားပါ” ဟု ပြောလိုက်သည်နှင့် တပြိုင်နက် ပါမောက္ခကြီးသည် သူ၏ ဒရိုင်ဘာအား လက်ဆွဲအိတ်ယူခဲ့ရန် လှမ်း၍ ပြောလိုက်လေတော့၏။
ထို့နောက် လက်ဆွဲသားရေအိတ်အတွင်းမှ ငွေတထောင်ကို ထုတ်၍ ကျွန်ုပ်၏မိန်းမအား ပေးလိုက်လေ၏။ကျွန်ုပ်လည်း ပန်းချီကားကို ထုတ်၍ ပါမောက္ခကြီးအား ပေးလိုက်လေတော့၏။ ကျွန်ုပ်၏ မိန်းမသည် ငွေတထောင်ရ၍ ပျော်နေ၏။ ပါမောက္ခကြီးမှာလည်း ပန်းချီကားကိုရ၍ ပျော်သွားရှာ၏။ ကျွန်ုပ်မှာမူ ပန်းချီကားကိုမြင်တိုင်း ကျွန်ုပ်၏ မိန်းမက မဲ့၍ပြသော ဝဋ်ကြွေးမှ လွတ်ငြိမ်းခွင့်ရသွားသောကြောင့် အပျော်ဆုံးဖြစ်၏။ များမကြာမီ၌ပင် ကျွန်ုပ်၏ မိန်းမသည် မဂိုလမ်းသို့သွား၍ ၎င်းအလွန်သွားရည်ကျခဲ့သော စိန်နားကပ်ကြီးတရံကို ဝယ်ပြီးနားတွင်ပန်၍ ပြန်လာခဲ့လေ၏။ ကျွန်ုပ်ကိုလည်း နှစ်ဘက်ကို ဘယ်ညာ
လှည့်၍ပြ၏။ ကျွန်ုပ်က..“မျက်စိကျိမ်းလိုက်တာကွာ” ဟု နောက်ပြောင်ကျီစယ်လိုက်၏။ ဤသို့ ပျော်ဆိုက်နေစဉ်၌ပင် လူတယောက် အိမ်ပေါ်သို့တက်လာ၏။ ကျွန်ုပ်က.. “ဘာကိစ္စရှိလို့လဲခင်ဗျာ” ဟု မေးရာ ထိုလူက..“ကိုမျောက်လွှတ် လိုက်လို့ပါ၊ ဟောဒီမှာ ငွေနှစ်ရာ့ငါးဆယ်၊ ပန်းချီကားကလေးကို ပြန်ပေးပါတဲ့” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ မိန်းမပါ အံ့သြ၍သွား၏။
ကျွန်ုပ်၏ မိန်းမဆိုလျှင် စိန်နားကပ်ပန်ထားသော နားနှစ်ဘက်က်ို ယောင်၍ပင် ကိုင်လိုက်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ မိန်းမက…
“မရှိတော့ဘူးလို့ ပြောလိုက်ပါရှင်၊ ကျွန်မတို့လဲ လက်ဆာင်ပေးလိုက်ပြီ” ဟု ပြောလိုက်လေ၏။ ထို့ကြောင့် ထိုသူလည်း ပြန်သွားလေ့တော့၏။
အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ကျွန်ုပ်နှင့် ကိုမျောက်သည် လုံးဝမတွေ့တော့ပါ။ နောင်တွင် ကျွန်ုပ်သည် ကိုမျောက်၏ သတင်းကိုစုံစမ်းကြည့်ရာ ကိုမျောက်တယောက် တောခိုသွားသည်ဟူ၍ လည်းကောင်း၊ ကိုမျောက်တယောက် ထောင်ကျသွားသည် ဟူ၍လည်းကောင်း ကိုမျောက် တယောက် သေပြီဟူ၍လည်းကောင်း အမျိုးမျိုးအဖုံဖုံသော သတင်းတို့ကိုသာ ကြားရလေ၏။
ကျွန်ုပ်တို့ လင်မယားမှာမူကား အောက်တန်းစာရေး အဖြစ်မှ ရှစ်နှစ်ခန့်ကြာသောအခါ အထက်တန်းစာရေး ဖြစ်လာကြ၏။ ကလေးလည်း ခြောက်ယောက်ပင် ရှိခဲ့ပြီဖြစ်၏။ ကျွန်ုပ်တို့နှစ်ဦး၏ လခသည် တနေ့ထက်တနေ့ မလောက်မငဖြစ်၍ လာလေ တော့၏။ ထိုနောက် ကလေးအကြီးနှစ်ဦး တက္ကသိုလ်သို့ ရောက်သွားသောအခါ၌ ကျွန်ုပ်တို့သည် လွန်စွာကျပ်တည်း၍ လာလေတော့၏။ ကျွန်ုပ်၏ မိန်းမလည်း မီးယပ်ချိချိ သွားသောကြောင့် ကျွန်ုပ်နှင့် ရခါစကကဲ့သို့ ကျော့ကျော့မော့မော့ ဟန်နှင့် ပန်နှင့် ရုံးစာရေးမကြီးဟု ဆိုကာ ရုံးမတက်နိုင်ရှာတော့။ ရုံးမှအပြီးအပိုင် ထွက်လိုက်ရလေတော့၏။
ဤသို့နေလာခဲ့ရာ ကျွန်ုပ်လည်း အိမ်တွင် ဆန်ဖိုးပြတ်နေသောကြောင့် ရုံးသုံးပုံစံ စက္ကူတထုပ်ကို အိတ်ထဲတွင် ထည့်ယူ၍ စက္ကူအဟောင်းဆိုင် တွင် သွားရောက်ရောင်းချခဲ့လေ၏။ ထိုအချိန်၌ ရုံးတရုံးတွင် ပုံစံစက္ကူအတုဖြင့် ပစ္စည်းထုတ်သွားသော အမှုတခုပေါ်ပေါက်ခဲ့ သောကြောင့် ရဲအဖွဲ့ ရုပ်ဖျက်၍ စက္ကူဟောင်းဆိုင်များတွင် စောင့်နေချိန်နှင့် ကြုံကြိုက်သွားသည်ဖြစ်ရာ အဖမ်းခံရလေတော့၏။ ထို့နောက် ထောင်ခြောက်လ ကျသွားသည်ဖြစ်ရာ အလုပ်ပါတပါတည်း ပြုတ်သွားလေတော့၏။ ကျွန်ုပ်ထောင်မှ ထွက်လာသော အခါ၌ ကျွန်ုပ်၏ မိသားစုသည် ယခင်နေရာ၌ပင် မနေနိုင်တော့ဘဲ မြို့အစွန်သို့ လွင့်သွားရလေတော့၏။ ကျွန်ုပ်၏ မိန်းမနှင့်ကလေးများမှာ အိမ်ဆိုင်ကလေးတခု ဖွင့်၍ ရောင်းချနေရ၏။ စားအိုးကြီးသောကြောင့် မကြာခဏအရင်း ပြုတ်၍ သွားလေ၏။
ကျွန်ုပ်လည်း ကြုံရာကျဘမ်း အလုပ်များကို လုပ်ရလေတော့၏။ ဒရဝမ်စောင့်သည့်အခါ စောင့်ရ၏။ ဘုရားပွဲ များသို့ လိုက်၍ စျေးရောင်းရသည့်အခါ ရောင်းရ၏။
တနေ့တွင် ကျွန်ုပ်သည် ကျိုက်ဝိုင်းဘုရားပွဲတွင် ကလေးများ ဆောင်းသော ဗန္ဓုလဦးထုပ်၊ ကစားစရာ ဓားလှံများကို ရောင်းချပြီး အိမ်သို့ပြန်လာ ကားမှတ်တိုင်တွင် ကျောင်းနေဘက်သူငယ်ချင်း တဦးနှင့် တွေ့၏။ ထိုသူငယ်ချင်းသည် အစတွင် ကျွန်ုပ်အား မမှတ်မိ၊ မှတ်မိရန်လည်း အကြောင်းမရှိ ကျွန်ုပ်၏ အသားအရောင်များသည် မည်း၍နေ၏။ ကျွန်ုပ်၏ နားထင်နှင့်ပါးများသည် ချိုင့်ခွက်၍ နေ၏။
ထိုသူငယ်ချင်းသည် ကျွန်ုပ်အား စိမ်းစိမ်းကြည့်ပြီးနောက်… “ဟေ့ ထွန်းခင်မဟုတ်လား” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း…“ဟုတ်တာပေါ့ကွာ” ဟု ဆိုကာ ထိုသူငယ်ချင်းကို နှုတ်ဆက်၏။ ထိုသူငယ်ချင်း၏ အမည်မှာထွန်းမြင့်ဟူ၍ ဖြစ်၏။ ထွန်းမြင့်သည် ကျွန်ုပ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပုံရ၏။ ထို့နောက် ၎င်းကပင်..
“မင်းကောင်ကြီးကတော့ တော်တော်ထွန်းကာနေပါလား” ဟု ပြောလိုက်လေ၏။
“ဘယ်ကောင်ကြီးလဲ ထွန်းမြင့်ရ” ဟု ကျွန်ုပ်ကမေးလျှင် ၎င်းက.. “ကိုမျောက် ကြီးလေကွာ” ဟု ပြောလေ၏။
“နေစမ်းပါဦး၊ ကိုမျောက်ကြီး မသေသေးဘူးလား၊ ငါကြားတာတော့ ထောင်ကျသွားသလိုလို သေသလိုလိုနဲ့” ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လေ၏။
“ဘယ်ကလာ သေရမှာလဲကွ၊ ထောင်ကျသွားတာတော့မှန်တယ်၊ ထောင်က လွတ်ပြီး စားရေးဆရာ လုပ်နေတယ်၊ စာရေးဆရာ ”မျောက်သျှောင်ထုံ” ဆိုတာ သူပေါ့ကွ” ဟု ထွန်းမြင့်က ပြောလေ၏။
“ဟာ..အဲဒီစာရေးဆရာဟာ အတော်နာမည်ကြီးပါလား၊ ငါဖြင့် သူ့စာအုပ်တွေ ဖတ်နေတာကြာပြီကွ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“အဲဒါ တခြားသူ မဟုတ်ဘူးဟေ့၊ ကိုမျောက်ကြီးဟ၊ ပြီးတော့ ဒီလူကြီးဟာ ဘယ်လိုဘယ်လို ပွပေါက်တွေ တိုးထားသလဲ မသိဘူးကွ၊ အတော်ကလေးကို စီးပွားဖြစ်နေတယ်” ဟု ထွန်းမြင့်က ပြောလေ၏။
“နေစမ်းပါဦး၊ ကိုမျောက်ကြီးဟာ အိမ်ထောင်တွေ၊ ဘာတွေနဲ့လား” ဟု ကျွန်ုပ်ကမေးလိုက်လေ၏။
“အင်း..ဟုတ်တယ်၊ အိမ်ထောင်ကျနေပြီ သားသမီးတော့ မရှိဘူး၊ ကိုမျောက်ကြီးအိမ်ကို တနေ့တော့ သွားလည်စမ်းပါဦး၊ ကိုမျောက်ကြီးအိမ်က ပျော်စရာသိပ်ကောင်းတာကွ၊ သူ့ရဲဘော်ဟောင်းတွေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေ၊ တပည့်တွေနဲ့ တရုန်းရုန်းစားလိုက်ကြ သောက်လိုက်ကြနဲ့ကွာ၊
ငါတောင် တနေ့က သူ့အိမ်ကို ရောက်သွားတာနဲ့ မပြန်နိုင်ဘူးဟေ့ ပြီးတော့ ကိုမျောက်ကြီးမှာ တခြားအလုပ်တွေလဲ ရှိသေးတယ်ကွ၊ မင်းလဲသိသားပဲကွာ၊ ဒီလူကြီးက နှမြောတတ်တာမှ မဟုတ်ဘဲ၊ ရသမျှသုံးပစ်နေတာပဲ၊ သူ့ဆီကိုလဲ နေ့စဉ်လိုလို ရဲဘော်ဟောင်းတွေ၊ သူငယ်ချင်းတွေက မပြည့်စုံတာတွေ တက်ပြီး တောင်းနေကြတာပဲ တချို့လဲ ကလေးကျောင်းစရိတ်ဖိုး တချို့လဲ အိမ်မိုးဖို့ ဓနိဖိုး၊ တချို့လဲ ဆေးဖိုးစုံနေတာပဲကွာ၊ ကိုမျောက်ကြီးကတော့ ဒိုင်ခံရှင်းပေးနေတာပဲ၊ တနေ့လောက် မင်းလဲ သွားလိုက်ပါဦးလား” ဟု ပြောပြီး ကိုမျောက်၏ လိပ်စာကို ကျွန်ုပ်အား ပေးသွားလေတော့၏။
ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့သြ၍နေ၏။
“သြော်… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ် ရှင်သွားသင့်တယ်၊ ရှင့်ကို သူက တော်တော်ခင်တာပဲ၊ ရှင်သွားရင်တော့ သူက လိုအပ်တာတွေ ကူညီမှာပါ” ဟု ကျွန်ုပ်၏မိန်းမက ပြောလိုက်လေ၏။
ထိုအချိန်၌ပင် ကျွန်ုပ်၏အိမ်သို့ ရပ်ကွက်တွင်းမှ လူသုံးလေးဦး အမောတကော ရောက်ရှိလာလေ၏။ ထိုအထဲတွင် ရပ်ကွက်လူကြီး တဦးလည်းပါလာ၏။ ထိုရပ်ကွက်လူကြီးက… “ဦးထွန်းခင်ရေ၊ ဘယ်လိုမှတေ့ာ မအောက်မေ့ပါနဲ့ဗျာ၊ ခင်ဗျားသား အငယ်ကောင် ကားဂိတ်မှာ မ်ိန်းမတယောက်ရဲ့စျေးခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို နှိုက်လို့ဆိုပြီး ဝိုင်းရိုက်လိုက်တာ ဆေးရုံရောက်သွားပြီ၊ ရဲကလဲ အမှုဖွင့်လိုက်တယ်ဆိုတော့ ဆေးရုံးဂိတ်ဝပ်မှာရောက်နေပြီ၊ အာမခံလေး ဘာလေးရအောင် လိုက်ပေးဦးတော့ဗျို့” ဟု ဆိုလိုက်ရာ ကျွန်ုပ်၏ ခေါင်းကို မြွေပွေးကိုက်သကဲ့သို့ ခံစားလိုက်ရလေတော့၏။
ကျွန်ုပ်၏ မိန်းမမှာမူ မျက်ရည်များ တတွေတွေကျလာ၏။ မိဘမပြည့်စုံသောအခါ သားသမီးများ အကျင့်ပျက်လာကြ၏။ ကြံမိကြံရာ လုပ်လာကြ၏။ ကျွန်ုပ်၏ မိန်းမသည် တရှုံ့ရှုံ့ငိုနေရာမှ.. “ကိုထွန်းခင်၊ ရှင်ဒီလို ငူငူကြီးထိုင်နေလို့ မပြီးဘူး၊ ကလေးနောက်ကို လိုက်ဦးမှ” ဟု ငိုသံပါကြီးဖြင့် ပြောလိုက်လေ၏။ “ရှင့်သူငယ်ချင်း ကိုမျောက်ကြီးဆီကို သွားလေ၊ သူက ရှင့်ကို ခင်ပါတယ်၊ ကူညီမှာပါ” ဟု ကျွန်တော့်မိန်းမက ပြောလေ၏။ “လက်ချည်းသက်သက် သွားပြီး တောင်းရမှာကတော့ ငါ့အနေနဲ့ လိပ်ပြာမသန့်ဘူး၊ ပစ္စည်းတခုခု ရောင်းတဲ့ အနေနဲ့ဆိုရင် ကောင်းမယ် မိန်းမ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကျွန်ုပ်၏မန်းမက.. “ရောင်းစရာဆိုလို့ ဘာများရှိလို့လဲ ကိုထွန်းခင်ရယ်” ဟု ဆိုကာ ကိုမျောက်ကြီးထံတွင် ရောင်းချနိုင်မည့် ပစ္စည်းကို စဉ်းစားကြလေ၏။ ကျွန်ုပ်တို့သည် ဤသို့ပင် ပစ္စည်းများကို ရောင်းချစားသောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလား၊
သို့ရာတွင် ကျွန်ုပ်တို့၌ ပစ္စည်းတခုရှိ၏။ ထိုပစ္စည်းကို ကျွန်ုပ်တို့ လင်မယားသည် မည်မျှအထိ ဒုက္ခရောက်သည်ဖြစ်စေ မရောင်းဘဲ ကုတ်ကပ်၍ထားခဲ့၏။ ထိုပစ္စည်းမှာ အခြားမဟုတ်၊ ကျွန်ုပ်တို့ ဇနီးမောင်နှံ မင်္ဂလာဆောင်စဉ်က လက်ဖွဲ့ အဖြစ် ရရှိခဲ့သော ကြိမ်ခြင်းကလေးဖြင့် ထည့်ထားသည့် ကြွေရေနွေးခရားနှင့် ရေနွေးပန်းကန်ကလေးနှစ်လုံးပင် ဖြစ်၏။ ကျွန်ုပ်တို့လင်မယား လက်ထပ်သော ညက တကြိမ်သာ ရေနွေးထည့်၍ သောက်ပြီး မင်္ဂလာဦးပစ္စည်းအဖြစ် မြတ်မြတ်နိုးနိုးသိမ်းထားသော ပစ္စည်းဖြစ်၏။ “ဘာပဲဖြစ်ဖြစ်ကွာ၊ ကြိမ်ခြင်းနဲ့ ရေနွေးခရားကို ယူသွားပြီး ကိုမျောက်ကြီးကို ရောင်းမယ်၊ တန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ၊ ငွေငါးရာတော့ တောင်းမယ်ကွ၊ ဒါပေမယ့် ဒါကို အပြတ်ရောင်းပစ်တာတော့ မဟုတ်ဘူး၊ ငါတို့ပိုက်ဆံရှိတဲ့အခါ ပြန်ယူမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဇနီလည်း သဘောတူ၏။ ထို့နောက် ကျွန်ုပ်လည်း ရေနွေးခရားပါသော ကြိမ်ခြင်းကို ပွေ့၍ ဘတ်စ်ကားကို တိုးဝှေ့စီးကာ ရန်ကုန်မြို့တွင်းသို့ ထွက်လာလေ၏။
ကိုမျောက်ကြီး၏ အိမ်မှာ ဗိုလ်ချုပ်လမ်းပေါ်၌ ဖြစ်၏။ ကိုမျောက်ကြီး အိမ်မှ ငွေရလျှင် ဆေးရုံးကြီးသို့ သွားပြီး ကျွန်ုပ်၏သားကို ကြည့်ရန်မှာလည်း လွန်စွာခရီးသင့်လေ၏။ ကျွန်ုပ်သည် ရေနွေးခရားခြင်းကို ပွေ့ကာ မော်တော်ကားစီးလာခဲ့စဉ် လူတိုး၍ ကျမကွဲရန် လွန်စွာ ဂရုစိုက်ခဲ့ရလေ၏။ ဗိုလ်ချုပ်လမ်းသို့ရောက်လျှင် ကိုမျောက်ကြီး အိမ်ကိုစုံစမ်းရာ လွယ်ကူစွာပင်တွေ့၏။ ကိုမျောက်ကြီး၏ အိမ်မှာ ဗိုလ်ချုပ်လမ်းနှင့် အခြားသော လမ်းတခု၏ ထောင့်တွင်ရှိ၏။ ကိုမျောက်ကြီး၏ အိမ်အောက်ထပ်တွင် ကိုမျောက်ကြီး မိန်းမမှာ အမျိုးသမီး ဝတ်စုံချုပ်သော အပ်ချုပ်ဆိုင်တဆိုင် ဖွင့်ထား၏။ ကိုမျောက်ကြီး၏ မိန်းမမှာ မနွေးဟု ခေါ်သည်ဆို၏။ ၎င်း၏ အပ်ချုပ်ဆိုင်ကိုမူ ‘အန်တီနွေး’ အပ်ချုပ်ဆိုင်ဟု ခေါ်သည်ဆို၏။ ကျွန်ုပ်သည် ထိုနေရာသို့ အရောက်၌ ဆိုင်းဘုတ်များကို မော့ကြည့်လိုက်ရာ ဆိုင်းဘုတ်ကို ကန့်လန့် မချိတ်ဘဲ ထူးဆန်းစွာ ဒေါင်လိုက်ချိတ်ထားသော ‘အန်တီနွေး’ အပ်ချုပ်ဆိုင်ဟူသော ဆိုင်းဘုတ်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်၏စိတ်၌ ဤသို့ ကိုးယိုးကားရား လုပ်ထားပုံမှာ ကိုမျောက်ကြီး၏ စိတ်ကူးဖြစ်တန်ရာ၏ဟု တွေးထင်မိလေ၏။
ထို့ကြောင့် ကျွန်ုပ်သည် ထိုဆိုင်သို့ဝင်၍ ကိုမျောက်ကြီးကို စုံစမ်းရာ အင်္ကျီအပ်သူ အမျိုးသမီးများနှင့် စည်ကားသိုက်မြိုက်လှသည်ကို တွေ့ရလေ၏။ ကျွန်ုပ်က.. “ဒီမှာအစ်မကြီး ကိုမျောက်ကြီး ရှိပါသလား” ဟု မေးရာ ကိုမျောက်ကြီး၏ မိန်းမက..
“အပေါ်ထပ်မှာ ရှိပါတယ်၊ အပေါ်ထပ်ကို တက်သွားပါ” ဟုပြောသောကြောင့်
ကျွန်ုပ်လည်း ရေနွေးခြင်းကို ပိုက်၍ တက်သွားရာ ကိုမျောက်ကြီး၏ အခန်းသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် လူဆယ်ဦးခန့်နှင့် အတူ ရယ်မောနေသော ကိုမျောက်ကြီးကို တွေ့ရလေတော့၏။ ကိုမျောက်ကြီးမှာလည်း ယခင်က ကျွန်ုပ်တွေ့ဖူးသော ကိုမျောက်ကြီးမဟုတ်၊ လွန်စွာ ဝဖီးနေ၏။
ကိုမျောက်ကြီးသည် နို့ကုလားများ ဝတ်ထားသော အင်္ကျီမျိုးကို ဝတ်ထား၏။ ချစ်တီးကုလားများ ဝတ်လေ့ရှိသော ပလေကပ်လုံချည်အဖြူကို ဝတ်ထား၏။ ကျွန်ုပ်သည် ကိုမျောက်ကြီး၏ ဧည့်ခန်းကို အကဲခတ်ကြည့်ရှုလိုက်၏။ ဆက်တီဟူ၍ မရှိ၊ ကြမ်းပြင်ပေါ်တွင်ပင် ထိုင်နေကြ၏။ ကိုမျောက်ကြီး အိမ်မှာ ကျွန်ုပ် မျက်စိထဲတွင် အိမ်နှင့်မတူ သင်္ဘောနှင့် တူနေ၏။ ပြောင်လက်သန့်ရှင်းသော်လည်း အပြင်အဆင်များမှာ ထူးခြားနေ၏။ နေ့ခင်းကြောင်တောင် မှန်အိမ်နှစ်လုံးကို ထွန်းထား၏။ လွန်စွာမည်းညစ်သော ဖောင်းကြွပန်းချီကားတခု ချိတ်ထား၏။ အဖြူအမည်း စက်ဝိုင်း
တခု ကပ်ထား၏။ ထို့ပြင် ကိုမျောက်ကြီး၏ အခန်း၌ မြန်မာဘုရား ရှိသကဲ့သို့ ခရစ်တော်ပုံလည်း ချိတ်ထား၏။ ဟိန္ဒုနတ်ဘုရားတစ်ပါး၏ ရုပ်တုလည်း စင်တခုပေါ်တွင် တင်ထား၏။ ထို့ကြောင့် ကိုမျောက်ကြီးသည် မည်သည့်ဘာသာ ကိုးကွယ်နေသည်ကို ကျွန်ုပ်အနေဖြင့် မခန့်မှန်းနိုင်အောင် ရှိလေတော့၏။
ကိုမျောက်ကြီးသည် သူ၏လူများအား ရယ်စရာပုံပြင်တခုကိုပြောနေရာ သူ၏လူများသည် တဝါးဝါး တဟားဟား ရယ်နေကြလေ၏။ သူကမူ ပြောစရာမလို အသံသြကြီးဖြင့် ရယ်နေ၏။ ထိုနောက်မှ ကျွန်ုပ်ကို မြင်သွား၏။ သို့ရာတွင် မှတ်မိပုံမရပေ။ ထို့ကြောင့် သူ၏အနီးမှ ကုလားတဦးအား… “ဟေ့ ရာကွတ်၊ ဟိုမှာ ဧည့်သည်လေကွာ ဘာကိစ္စလဲ၊ သွားမေးစမ်း” ဟု ပြောလိုက်ရာ ညှင်းသိုးသိုးနှင့် ကုလားတဦး ထ၍လာ၏။ သို့ရာတွင် ကျွန်ုပ်၏အနီးသို့ ထိုကုလား မရောက်မီ၌ပင် ၎င်း၏ တပည့်တဦး ဖြစ်ဟန်တူသော ရွှေကိုင်းမျက်မှန်နှင့် လူငယ်တဦးက ကျွန်ုပ်အား…“ဘာကိစ္စလဲ” ဟု လှမ်း၍ မေးလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို လှမ်း၍ ကြည့်လိုက်ရာ အညာနွားပွဲစားဂိုက် ဖမ်းထားသော သူငယ်တဦးဖြစ်ကြောင်း ကျွန်ုပ် သတိပြုမိလေ၏။
ထို့ကြောင့် ကျွန်ုပ်က ထိုလူငယ်အား..
“ကျုပ် ကိုမျောက်ကြီးရဲ့ သူငယ်ချင်းပါ၊ ကိုမျောက်ကြီးနဲ့ တွေ့ချင်လို့ပါ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီး က.. “ဟေ့ မောင်သန်းဝင်း ဘာတဲ့တုန်း” ဟု လှမ်း၍ မေးလိုက်လေ၏။ ထိုအခါ လူငယ်က…
“ဆရာ့သူငယ်ချင်းလို့ ပြောတယ်” ဟု အော်ပြောလိုက်လျှင် ကိုမျောက်ကြီးက…
“လွှတ်လိုက်လေကွာ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်လည်း ရေနွေးကြမ်းခြင်းကို ပိုက်၍ ကိုမျောက်ကြီးအနီးသို့ သွား၍ ထိုင်လိုက်လေ၏။ ပြီးလျှင် ကျွန်ုပ်က.. “ကိုမျောက်ကြီး ကျုပ်လေ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီးသည် ကျွန်ုပ်၏ မျက်နှာကို သေချာစွာကြည့်ပြီးလျှင် မျက်နှာပျက်၍ သွားလေ၏။ သို့ရာတွင် အချိန်မီ ပြန်၍ ဣနြေ္ဒဆည်လိုက်ပြီး.. “ဆိုစမ်းပါဦး ထွန်းခင်ရဲ့ ဘာကိစ္စတုန်း” ဟု မေးလိုက်လေ၏။ “ကျုပ်ဗျာ ခင်ဗျား သေပြီမှတ်နေတာ၊ ထွန်းမြင့်ပြောလို့ ခင်ဗျားအကြောင်း သိရတယ်၊ လိပ်စာလဲ သူပဲ ပေးလိုက်တာ၊ ကျုပ်အခု တော်တော့်ကို ဒုက္ခရောက်နေတယ်၊ ကျုပ်သားလေးလဲ ဆေးရုံရောက်နေတယ်၊ ခင်ဗျားဆီက အကူအညီတောင်းမလို့ဘဲ၊ ကျုပ်ဆေးရုံကိုလဲ သွားရမယ်၊ ရဲနဲ့လဲ တွေ့ရမယ်၊ ကျုပ်အတွက် ငွေ ငါးရာလောက် သေရေးရှင်ရေးတမျှ လိုနေတယ်၊ ဒါပေမယ့် ခင်ဗျားဆီမှာ ကျုပ်အလကားမတောင်းပါဘူး၊ ကျုပ်တို့လင်မယားရဲ့ မင်္ဂလာဦးလက်ဖွဲ့ဖြစ်တဲ့ ဒီကြိမ်ခြင်းနဲ့ ရေနွေးကရားလေး ခင်ဗျားကို ရောင်းချင် တယ်ဗျာ၊ တန်တယ် မတန်ဘူး မပြောပါနဲ့ ပြန်ပြီး ယူဆိုလဲ ယူပါမယ်ဗျာ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီးက..
“ရပါတယ် သူငယ်ချင်း ဒါပေမယ့် အခုတော့ မရှိဘူး၊ ညခုနှစ်နာရီလောက်ကို လာခဲ့ပါကွာ၊ ငါ ဝယ်ပါ့မယ်၊ မင်းခြင်းလဲ ပြန်ယူသွားပါ၊ ညနေကျမှပဲ ယူခဲ့ပါ” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်လည်း ကိုမျောက်ကြီးထံမှ ပြန်ခဲ့လေ၏။ သို့ရာတွင် ကျွန်ုပ်သည် အိမ်သို့ မပြန်ဘဲ ဆေးရုံသို့ သွား၏။ ကျွန်ုပ်သားလေးအတွက် ဂလူးကိုစ့် သွင်းရန်နှင့် အခြားဆေးဝါးများနှင့် ဆေးဖိုးကို ခန့်မှန်းလိုက်ရာ ငွေငါးရာမရှိဘဲ မဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ်သည် ဆေးရုံမှအထွက်တွင် အိမ််သို့ မပြန်တော့ဘဲ ဗိုလ်ချုပ်စျေးရှေ့ ကုက္ကိုပင်အောက်တွင် ထိုင်၍ ကိုမျောက်ကြီး ချိန်းသော အချိန်သို့ ရောက်အောင် စောင့်နေလေ၏။
ညခုနှစ်နာရီ ‘ဒေါင်’ ခနဲ့ထိုးသည်နှင့် ကျွန်ုပ်လည်း ကိုမျောက်ကြီး အိမ်သို့ သွားလေတော့၏။ လှေကားမှ တက်သွားရာ ကိုမျောက်ကြီး၏ မိန်းမဆိုင်မှာလည်း ပိတ်ထားသည်ကို တွေ့ရလေ၏။ ကျွန်ုပ်သည် ကိုမျောက်ကြီးအခန်းသို့ ဝင်လိုက်ရာ ကျွန်ုပ်၏ မျက်စိကိုပင် ကျွန်ုပ်မယုံကြည်နိုင်အောင် ဖြစ်သွား၏။ နံနက် ကျွန်ုပ် ရောက်ရှိစဉ်က ကိုမျောက်ကြီး၏ အိမ်တွင် ဆက်တီခုံများ မရှိ၊ ယခုမူ ဆက်တီခုံများ ခင်းထားသည်ကို တွေ့ရ၏။ ဆက်တီခုံများသာမက မှန်ရှိုးကေ့စ်ထဲတွင် ထမင်းစား ပန်းကန်များနှင့် လက်ဖက်ရည်ပန်းကန်များ ထည့်ထားလေ၏။ ထို့ပြင် ဧည့်ခန်း၏ ထောင့်၌ မတ်တတ်ဗီရိုကြီး
တလုံးကိုလည်း တွေ့ရလေ၏။ ထိုမတ်တတ်မှန်ဗီရိုကြီး၏ မှန်တွင် ကိုမျောက်ကြီး၏ အိပ်ခန်းမှ
ကုတင်သည် လာရောက်ထင်ဟပ်နေ၏။ ကိုမျောက်ကြီးသည် သတင်းစာတစောင်ကို ဖတ်နေ၏။ ကျွန်ုပ်သည် ခုံတခုတွင် ဝင်၍ ထိုင်လိုက်၏။ ထို့ကြောင့် ကိုမျောက်ကြီး၏ မိန်းမသည် ကုတင်ပေါ်တွင် ဝတ္ထုစာအုပ်ဖတ်နေကြောင်း မတ်တတ်ဗီရို ကြီး၏ မှန်ပေါ်တွင် တွေ့မြင်ရလေ၏။
ကျွန်ုပ်က..“ကိုမျောက်ကြီး” ဟု ခပ်တိုးတိုး ခေါ်လိုက်လေ၏။ ထိုအခါကျမှပင် ကိုမျောက်ကြီးသည် သတင်းစာကို ချလိုက်ပြီးနောက်.. “သြော်.. မင်းရောက်လာပြီကိုး” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က ကြိမ်ခြင်းကို လှမ်း၍ ပေးလိုက်လေ၏။ ကိုမျောက်ကြီးသည် ကြိမ်ခြင်းကို ပိုက်၍ အိပ်ခန်းတွင်းသို့ ဝင်သွားလေ၏။ ထိုနောက် ၎င်း၏ မိန်းမကို.. “ဟေ့ မိန်းမ” ဟု ဆိုကာ ကြိမ်ခြင်းကို ပြလိုက်လေ၏။ ထိုအခါ ၎င်း၏ မိန်းမက ဝတ္ထုစာအုပ်ကို အောက်သို့ အနည်းငယ် နိမ့်လိုက်ပြီး “ဘယ်အမှိုက်ပုံက ကောက်လာတဲ့ အစုတ်အပြတ်တွေလဲ၊ လားရှိုးဘက်က ကြွေးပန်းကန်တွေ ကရားတွေ ဝင်နေတာ ရှင်မသိဘူးလား၊ ဒါကိုများ ငါးရာပေးရမတဲ့လားတော်။ ကျွန်မကတော့ ရှင်းရှင်းပဲ ပစ္စည်းဝယ်ရင် တန်မှ ကြိုက်တယ်၊ ရှင့်သူငယ်ချင်း ထမင်းငတ်လို့ ပေးချင်ရင် သတ်သတ်ပေး၊ သွား..သွား…ယူသွား” ဟု ကိုမျောက်ကြီးအား သူ၏ မိန်းမ မောင်း၍ ထုတ်လိုက်လေတော့၏။
ကိုမျောက်ကြီးသည် မွေ့ရာအောက်မှ ငွေငါးရာကိုယူ၍ ထွက်လာခဲ့၏။ ကိုမျောက်ကြီး မိန်းမ ပြောလိုက်သော စကားများကို ကျွန်ုပ်သည် နားနှင့် ဆတ်ဆတ်ကြားလိုက်ရ၏။ ကိုမျောက်ကြီးမိန်းမ၏ အမူအရာကိုလည်း မှန်ဗီရိုမှ တဆင့် မျက်စိဖြင့် တပ်အပ်မြင်လိုက်ရ၏။ ကိုမျောက်ကြီးသည် အပြင်သို့ ထွက်လာပြီးလျှင် ကျွန်ုပ်၏ ပခုံးကို ဖက်ကာ ကျွန်ုပ်နှင့်အတူ အိမ်အောက်သို့ ဆင်း၍ထွက်လာ၏။ အိမ်အောက် ပလက်ဖောင်းပေါ်သို့ ရောက်လာသောအခါ၌ ကိုမျောက်ကြီးက ကျွန်ုပ်အား…“ရော့” ဟု ဆိုကာ ငွေငါးရာကို ပေးလိုက်လေ၏။ ပြီးကျွန်ုပ်၏ ကြိမ်ခြင်းကိုအတွင်းမှ ရေနွေးကရားကို ထုတ်ယူကာ ပလက်ဖောင်းပေါ်တွင် ခွမ်းခနဲ့ ပေါက်ခွဲလိုက်လေတော့၏။ ထို့နောက် “ဟေ့ကောင်၊ သွားတော့” ဟု ပြောလိုက်လေတော့၏။
ကျွန်ုပ်သည် ကြွေကရား အကွဲအစများကို တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်များ တတွေတွေ စီးကျလာတော့၏။ ထိုအခါ ကိုမျောက်ကြီးက… “မင်းဆီကို ငါလာပြီး ပန်းချီကားကလေး ရောင်းတုန်းက မင်းအခု ခံစားရသလိုပဲ ငါခံစားရတယ်၊ အဲဒါကြောင့် မင်းအနေနဲ့ပြန်ပြီး အမှတ်ရအောင်ဆိုပြီး ဟိုတုန်းက မင်းရဲ့ ဧည့်ခန်းမှာရှိတဲ့ အပြင်အဆင်နဲ့ အနီးစပ်ဆုံးတူတောင် နေ့လယ်ကပဲ ဆက်တီတစုံ ဝယ်လိုက်ရတယ်၊ ဗီရိုကြီးတလုံးလဲ ဝယ်ရတယ်၊ ရှိုးကေ့စ်လဲ ဝယ်လိုက်ရတယ်၊ င့ါမိန်းမကိုလဲ မင်းမိန်းမ ပြောသလို ပြောတတ်အောင် တနေ့လုံး သင်ပေးနေရတယ်၊ အဲဒီတော့ မင်းနဲ့ငါ ကျေပြီ နောက်မလာနဲ့တော့” ဟု ဆိုကာ လေကလေးချွန်ပြီး အိမ်ပေါ်သို့ တက်သွားလေတော့၏။
များမကြာမီ၌ ကိုမျောက်ကြီး၏ အပေါ်ထပ် ဝရံတာဆီမှ လောကကြီးအား ကျေနပ်ဝမ်းမြောက်စွာ အသံနက်ကြီးဖြင့် အော်၍ ရယ်လိုက်သော ကိုမျောက်ကြီး၏ အသံကို ကြားရလေတော့၏။
ကျွန်ုပ်သည် စက်ရုပ်ကဲ့သို့ အသိညာဏ် ကင်းမဲ့စွာ ငူငူကြီး လျှောက်သွားနေပြီ ဖြစ်၏။ ထိုသို့ လျှောက်သွားရင်း ကျွန်ုပ်၏ ဦးနှောက်အတွင်းသို့ အသိဥာဏ်တခု ဖြတ်ခနဲ့ ဝင်လာ၏။ တခါက ဤကမ္ဘာလောကကြီး အတွက် အလွန်မတန် ကျေးဇူးပြုသော လောကဓာတ် ဆရာကြီးတဦးသည် ရှိခဲ့ဖူး၏။
တနေ့တွင် ထိုလောကဓာတ် ဆရာကြီး မွေးထားသော မျောက်တကောင်သည် လောကဓာတ်ဆရာကြီး၏ အလွန်အင်မတန် အရေးကြီးသော ပစ္စည်းများအား ဖျက်ဆီးပစ်သည်ဆို၏။ ထိုအခါ လောကဓာတ်ဆရာကြီးက.. “မင်းဟာ မျောက်ကိုး မျောက်ဆိုတော့ ကိုယ်ဖျက်ဆီးပစ်တဲ့ အရာတွေဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းဘယ်သိမလဲ” ဟု ပြောလိုက်လေ၏။
တအောင့်မျှ ကြာလျှင် ထိုလေကဓာတ်ဆရာကြီးကပင်.. “မျောက်ရယ်၊ တချို့လူတွေကလဲ မင်းလိုပါပဲကွာ” ဟုထပ်ဆင့် ညည်းတွားလိုက်လေ တော့၏။
ကျွန်ုပ်သည် အထက်ပါအကြောင်းအရာ လေးကို ဦးနှောက်ထဲ၌ ဖြတ်ခနဲ့ ပေါ်လာသဖြင့် ပြန်၍ စဉ်းစားလိုက်လေ၏။ ကျွန်ုပ်သည် လောကဓာတ်ဆရာကြီး မဟုတ်ပါ၊ ထို့အတူ မျောက်၏ အကြောင်းကို ဂဃနဏ သိသူတဦးလည်း မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်၌မူ မျောက်နှင့်တူသော သူငယ်ချင်းတဦး ရှိခဲ့ဖူးပါသည်။ ထိုသူငယ်ချင်းကား အငြိုးအမှတ်ကြီး၍ အကွက်စေ့စေ့ လက်စားချေ တတ်ပေသည်တကား။
#မှတ်ချက်
ဤဝတ္ထုတွင်ပါသော ကိုထွန်းခင်ဆိုသူမှာ ကျွန်ုပ်မဟုတ်ပါ။ ထို့အတူ ကိုမျောက်ဆိုသည်မှာလည်း ကျွန်ုပ် မဟုတ်ပါ။ ၎င်းတို့သည် ထွန်းခင်နှင့်
ကိုမျောက်တို့သာ ဖြစ်ကြပါသည်။ သို့ရာတွင် ထွန်းခင်ဆိုသည်မှာလည်း ကျွန်ုပ်ဟု ယူဆလိုက ယူနိုင်ဖွယ်ရှိပါသည်။ ထို့အတူ ကိုမျောက်ဆိုသူမှာလည်း ကျွန်ုပ်ဟု ထင်လိုက ထင်ခွင့်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ထွန်းခင်ရော ကိုမျောက်ရောစာရေးသူ ကျွန်ုပ်ပါ လူသားများ ဖြစ်သောကြောင့်ပေတည်း။