မြွေဝင်စားသော မယဉ်လှ(စ/ဆုံး)
——————————–
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာလေးမှ အဖြစ်ပျက်လေးတစ်ခုပင်ဖြစ်ပေသည်။ ဝါးခယ်မမြို့အတွင်း၌တည်ရှိနေခဲ့ကြသော ကျေးရွာပေါင်းမြောက်မြားစွာအနက်၊ မောင်းတီးကျေးရွာတစ်ခုတည်းသာလျင် ကရင်လူမျိုးအများစု နေထိုင်ကြသည်ဟု သတ်မှတ်ထားကြပေသည်။ ထိုကျေးရွာလေးတွင် အမေရေယဉ်ဟူသော အနောက်မယ်တော်ကြီးအား အများစုမှ ကိုးကွယ်ယုံကြည် လက်ခံကြလေသည်။ အများစုဟုဆိုခြင်းငှာ တစ်ရွာလုံးနီးပါးတွင် အမေရေယဉ်အား ကိုးကွယ်ကြခြင်းဖြစ်ပေသည်။
စာရေးသူကျွန်ုပ်၏ အစ်မဝမ်းကွဲဖြစ်သူမှာ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာလေးအတွင်း၌ မင်္ဂလာဆောင်ပြီဖြစ်သော်ကြောင့် ရန်ကုန်တွင်နေထိုင်သော ကျွန်ုပ်တို့၏မိသားစုကိုပင် အရောက်လာကြရန် ဖိတ်ကြားခဲ့ပါသည်။ သို့သော် ကျွန်ုပ်၏မိခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသည်ကြောင့် ဖခင်ဖြစ်သူမှာ အနီးကပ်ပြုစုပေးနေခဲ့ရသည်။ ထို့ကြောင့် မိဘနှစ်ပါး၏ကိုယ်စား ကျွန်ုပ်ကိုယ်သာလျင် သွားရောက်ပါဟု တိုက်တွန်းပြောဆိုခဲ့ကြ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း မိဘများ၏တိုက်တွန်းမှု့များဖြင့် ဝါးခယ်မယ်မြို့ဆီသို့ သွားရောက်ခဲ့ရပေသည်။
အင်မတန်မှကြီးကျယ်စွာ မင်္ဂလာဆောင်ခြင်းဟု ဆိုရလေမလား။ ကျွန်ုပ်တို့၏ရန်ကုန်မြို့ကြီးတွင် မင်္ဂလာဆောင်သည်ဆိုပါက ဧည့်ခံကျွေးမွေးရာတွင် ရေခဲမုန့်နှင့်ကိတ်မုန့် သို့မဟုတ် ဒံပေါက်ထမင်း၊ ထိုအရာများကိုသာလျင် အများဆုံး ကျွေးမွေးဧည့်ခံလေ့ရှိကြပေသည်။ သို့သော် ထိုကျေးရွာလေး၏မင်္ဂလာဆောင်မှာ ပေါင်းမုန့်အုန်းနို့စမ်းဖြင့် ကျွေးမွေးဧည့်ခံသည်က အကုန်ချသတ်သာလိမ့်မည်ဖြစ်သည်။ သို့သော် တောရွာတို့၏သဘောအတိုင်း မင်္ဂလာဆောင်ဟုဆိုသည်ကြောင့် အလှပဆုံးသော အဝတ်စားများဖြင့် အလှပဆုံးသော စားသောက်နေခဲ့ခြင်းမျိုးမဟုတ်။
ခပ်လတ်လတ်အဝတ်စားလေးများဖြင့် မင်္ဂလာဆောင်သို့လာရောက်ရှိကြပြီး ကျွေးမွေးဧည့်ခံသော ပေါင်မုန့်အိုးနို့စမ်းများကိုပင် အဝအပြဲစားသောက်နေခဲ့ကြသည်က သဘာဝကျလှသည်။ ကျွန်ုပ်တို့မြို့့ကြီးပြကြီး၌ အိမ်ရှေ့တည့်တည့်တွင် ကားလမ်းများနှင့် လိုင်းကားများစွာ ဖြတ်သန်းမောင်းနှင်ကြသော်လည်း ထိုကျေးရွာလေးတွင်မူ ရေကျောင်းခရီးသာလျင် ရှိပေသည်။ အိမ်ရှေ့တွင် ရေတတ်၊ရေချ ချောင်းကျယ်ကြီးရှိနေပြီး၊ အိမ်အနောက်ဘက်တွင်မူ စိုက်ခင်းများနှင့် လယ်ကွင်းပြင်များသာတည်ရှိနေကြသည်။ လိုင်းသင်္ဘောများစွာ သွားလာနေခဲ့ပြီး၊ တစ်ခြားသော ရွာများဆီသို့ သွားရောက်ချင်ပါက ရေတတ်ချိန်ကိုပင် စောင့်စားလျက် လိုင်းသင်္ဘောများစီးကာ သွားကြရပေသည်။
ထို့ကြောင့် မြို့ကြီးများတွင် ကိုယ်ပိုင်စက်ဘီးသို့မဟုတ် ဆိုင်ကယ်။ သည်ထက်ပို၍ ပိုက်ဆံရှိကြလျင် ကိုယ်ပိုင်ကားများစွာ ဝယ်ယူထားကြရင်း လိုရာခရီးဆီသို့ ထွက်ခွာလေ့ရှိကြပေသည်။ သို့သော် ထိုကျေးရွာလေးတွင်မူ ကားလမ်းဟူ၍မရှိ၊ အိမ်ရှေ့တွင် ချောင်းကျယ်ကြီးသာလျင် ရှိနေသည်ကြောင့်၊ လှေများနှင့် စက်လှေများကိုသာ နေအိမ်များတိုင်းတွင် ဝယ်ယူထားခဲ့ကြလေသည်။
မင်္ဂလာဆောင်ပြီးသည့် ညနေပိုင်းတွင်မူ ကျွန်ုပ်၏ဦးလေးဖြစ်သူနှင့် စကားများစွာပြောဆိုဖြစ်ခဲ့သည်။ ကျွန်ုပ်သည်လည်း မနက်ဖြန်ညနေပိုင်းတွင်မူ ရန်ကုန်ဆီသို့ ပြန်တော့မည်ဖြစ်ကြောင့် ဦးလေးအားပြောဆိုလေခဲ့၏။ သို့သော် ဦးလေးမှာမူ ရောက်တုန်းရောက်ခိုက် သုံးလေးရက်မျှနေသွားပါဦးဟု တောင်းဆိုလေခဲ့သည်ကြောင့် ကျွန်ုပ်သည်လည်း ဦးလေး၏သဘောအတိုင်းပါပင် နှစ်ရက်တိတိနေပေးရန် ဆုံးဖြတ်လိုက်စေသည်။
ထိုတစ်ညအိပ်စက်ခဲ့ပြီး မိုးလင်းလာသည့်နှင့် ဦးကြီးမှာ တစ်ဖက်ရွာဆီသို့ သွားရောက်ရန် ကျွုန်ပ်အား အဖော်အဖြင့်ခေါ်ဆောင်လေခဲ့၏။ ကျွန်ုပ်သည်လည်း ဦးကြီး၏အနောက်သို့ လိုက်ပါသွားရန်အတွက် လယ်ထဲဆင်းလျင်ဆောင်းသည့် ကမောက်ကြီးကိုပင် စောင်းလေခါ စက်လှေပေါ်သို့ တတ်ရောက်လေခဲ့သည်။ ရေကျောင်းခရီးဖြင့် နာရီဝက်မျှမောင်းနှင်ခဲ့ရပြီး၊ စက်လှေထိုးရန် ပြုလုပ်ပေးထားသည့် မြောင်းလေးအတွင်းသို့ဝင်လျက် ဦးလေးမှာ စက်လှေထိုးထားလိုက်သည်။ စက်လှေအပေါ်မှဆင်းစေပြီး ကစဉ်းရိုးများအတိုင်း နေအိမ်တစ်အိမ်ဆီသို့ ဦးတည်မည်ဟု ပြောဆိုလေခဲ့သည်။
ကဇဉ်းရိုးဟာ ကျဉ်းမြောင်းလှစွာ တည်ဆောက်ထားသည်ကြောင့် တစ်ဦးတည်းသာလျင် ရောက်လှမ်း၍ရပေသည်။ ထို့ကြောင့် ဦးကြီး၏အနောက်မှ ကျွုန်ပ်တစ်ယောက် လိုက်ပါနေခဲ့ရလေသည်။ အရှေ့မှဦးတည်နေခဲ့သော ဦးကြီးမှာ အနောက်တွင်ရှိနေသည့် ကျွန်ုပ်အား ထိုကဲ့သို့ပင်ပြောဆိုလေသေးသည်။
“ဒီရွာက မြွေတွေအရမ်းပေါတာငါ့တူရ… ဦးလေးတို့ရွာလိုမဟုတ်ဘူး။ မြွေဆိုးတွေချည်းပဲ၊ မြွေပွေး၊ ငန်းတော်ကြား၊ မြွေဟောက်၊ အဆိုးဆုံးကတော့ ငန်းတော်ကြားတွေပဲကွ၊ ဒါကြောင့်လည်း မြွေနိုင်တဲ့ အမေယဉ်ကိုကိုးကွယ်ကြတာဖြစ်မယ်။”
“ဟင်….”
မသိလျင်မည်သည့်အကြောက်တရားမျှ ကျွန်ုပ်ထံတွင်ရှိနေလိမ့်မည်မဟုတ်၊ သို့သော် ယခုအခါ ဒူးခေါင်းကျော်မျှပေါက်ရောက်နေခဲ့သော မြတ်ပင်များကိုတွင် ဖြတ်သန်းနေခဲ့ချိန်၌ ဦးကြီးထံမှ ထို့ကဲ့သို့ပြောဆိုလိုက်သံကိုပင် ကြားလိုက်ရသည်နှင့် ကျွုန်ပ်၏ခြေလှမ်းများ တွန့်ဆုတ်ရပ်တန့်သွားခဲ့ရလေသည်။
“ဟ… တူကြီး၊ လျောက်လေကွ။ ဘာဖြစ်တာတုန်း။ ညောင်းသွားတာလား”
“ဟာ… မဟုတ်ပါဘူး။ ဦးကြီးပြောလိုက်မှပဲ ကျွန်တော်မလျောက်ရဲတော့တာ၊ ဦးကြီး ကျွန်တော်မလိုက်ရဲတော့ဘူးဗျာ”
“ဟင်… ဘာဖြစ်လို့တုန်းကွ”
“မြွေ… မြွေတွေပေါတယ်ဆို…”
“ဟုတ်တယ်လေကွ… ငါကမြွေပေါတယ်ပဲပြောတာ။ လူတွေကို မြွေတွေက ကိုက်တယ်လို့ပြောတာမှမဟုတ်ပဲ။ ရန်ကုန်သားကြီးကလည်း သွေးနည်းလိုက်တာ”
“နည်းတယ်ဗျ၊ နည်းတယ်။ မြွေနဲ့တူတဲ့အကောင်ဆိုရင် တီကောင်တောင် ကျွန်တော်ကကြောက်တတ်တာ ဦးကြီးလည်းအသိပဲ”
“သိပါတယ်ကွာ…. ငါ့တူကြီးအကြောင်း ဦးလေးသိပ်ါတယ်။ လာပ်ါကွ။ ဟိုးမှာမြင်နေရတဲ့ အိမ်လေး။ ရောက်ခါနီးပြီး။ ဦးလေးချီသွားရမလား”
“ရ…ရပါတယ်ဦးလေးရ”
ဦးကြီးညွန်ပြလိုက်သည့် အိမ်လေးမှာ လှမ်းမြင်နေရပြီဖြစ်သောကြောင့် ကျွန်ုပ်သည်လည်း အကျဲဆုံးခြေလှမ်းများဖြင့် ဦးတည်လေခဲ့ရလေသည်။
“ဗျို့… ကိုအုန်းမောင်”
ထိုအိမ်ရှေ့ဆီသို့ရောက်ရှိလာခဲ့သည်နှင့် ဦးကြီးမှာထိုကဲ့သို့ပင် အသံပေးလိုက်လေခဲ့သည်။ ထိုအခါ မျက်မှန်ကြီးအားတပ်ဆင်ထားခါ အသက်အားဖြင့်(၅၀)ကျော်ခန့် ရှိနေခဲ့ပြီဖြစ်သော လူကြီးတစ်ဦးမှာ နေအိမ်ပြတင်းပေါက်လေးနံဘေး၌ စာဖတ်နေခဲ့ရင်း ထိုကဲ့သို့ပင်ပြန်လည်အသံပေးလေခဲ့သည်။
“ဟော့… ကိုမြင့်ထွေး… ဝင်လာခဲ့လေဗျာ”
“မဝင်ရဲဘူးဗျ။ မြွေတွေဘာတွေ ကြည့်ပေးဦး”
“ဝင်လာခဲ့စမ်းပါဗျာ။ ဘာမှမဖြစ်ပါဘူး’
“ဟာဗျာ…မဝင်ရဲဘူး… ခင်ဗျားလာခေါ်ချည်”
ကျွန်ုပ်၏တစ်သက်နှင့်တစ်ကိုယ် နေအိမ်များထံသို့ သွားရောက်လည်ပတ်ပါက၊ အိမ်ရှင်များကိုပင် “ခွေးကြည့်ပေးပါဦး”ဟူသော ပြောစကားများကိုသာလျင် ကြားခဲ့ရဘူးသည်။ သို့သော်ယခုအခါတွင်မူ ဦးကြီး၏ပြောဆိုလိုက်သော စကားများမှာ လွန်စွာထူးဆန်းနေလှပေသည်။ ဘယ့်နှဲ့…မြွေကြည့်ပေးပါဦးဟူသော ပြောစကားပင်ဖြစ်၏။ ဦးကြီးသည်လည်း ခြံအပြင်မှနေ၍ ပတ်ဝန်းကျင်ကိုပင် မျက်စိဒေါင့်ထောက်ကြည့်ရှု့နေလျက် မြွေဟူသော သတ္တဝါကိုပင် ထိတ်လန့်နေဟန်တူသည်။ အိမ်ရှင်ကြီးသည်လည်း ခြံအပြင်၌ရှိနေခဲ့သော ကျွန်ုပ်နှင့်ဦးကြီးတို့အား လာရောက်ခေါ်ဆောင်ခါ နေအိမ်အပေါ်သို့ လိုက်ပါသွားခဲ့ရတော့သည်။
“အလည်သတ်သတ်ပဲလားဗျ”
“ဟုတ်တယ်ဗျို့… ဒါရန်ကုန်က ကျုပ်ညီသားလေး… စာရေးဆရာ။ သူရောက်လာတုန်း ထူးထူးဆန်းဆန်းနေရာတွေ လိုက်ပို့ပေးချင်တာနဲ့ ခင်ဗျားအိမ်ခေါ်လာတာ။ ဒါနဲ့ ခင်ဗျားသမီးလေးရော”
“ရှိပါ့ဗျ…. ဒါနဲ့နေပါဦး။ ခင်ဗျားတူကို ထူးထူးဆန်းဆန်းပြချင်တာနဲ့ပဲ ကျုပ်အိမ်ခေါ်လာရတယ်ဆိုတော့…”
“သြော်… ဒီလိုလေဗျာ။ ကျုပ်တူက ဂမ္ဘီရဇာတ်လမ်းတွေဘာတွေရေးတော့ ခင်ဗျားတို့သမီးလေးအကြောင်း သူ့ကိုသိစေချင်လို့ ခေါ်လာခဲ့တယ်ပဲဆိုပါတော့”
“သြော်”
ဦးအုန်းမောင်ဆိုသော ထိုသူကြီးနှင့် ကျွန်ုပ်တို့၏ဦးကြီးတို့မှာ လွန်စွာရင်းနှီးကြဟန်သည်။ ထိုနှစ်ဦးသား တရင်းတနှီးပြောဆိုနေခဲ့ကြသော ပြောစကားများကိုပင် ကျွန်ုပ်တစ်ယောက် နားမလည်နိုင်ခဲ့ချေ။ ဦးကြီး၏ပြောစကားများထဲတွင် ကျွန်ုပ်အား ထူးဆန်းသည့်နေရာဆီသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်ဟု ကြားသိလိုက်ရပေသည်။
“လုပ်ပါဦးဗျ… ခင်ဗျားသမီးလေးခေါ်လိုက်ပါဦး။ ကျုပ်လည်း ဒီနေ့ဗုဒ္ဓဟူးနေ့ဖြစ်နေလို့ အရောက်လာခဲ့တာ။ သူလာမှ သူ့အဖော်တွေကလည်း လာကြမှာဆိုတော့ ကျွန်တော့်တူကြီးကို ထူးထူးဆန်းဆန်း မြင်စေချင်လို့ပါဗျ”
“ဟုတ်ပါပြီဗျာ… ဟုတ်ပါပြီ”
“သမီးရေ…ယဉ်လှ။”
“ရှင်..အဖေ…”
“လာပါဦးကွယ်။ ဒီမှာ သမီးဦးလေးဦးမြင့်ထွေးက တွေ့ချင်လို့တဲ့”
“ဟုတ်ကဲ့အဖေ”
ကျွန်ုပ်၏ထင်မြင်ချက်များအရ ဦးအုန်းမောင်၏သမီးဖြစ်သူမှာ အိပ်ခန်းအတွင်း၌ ပြန်လည်အသံပေးနေခဲ့ခြင်းဖြစ်ပေလိမ့်မည်။ မပီတပီနှင့် ပြောဆိုသံလေးများကိုသာကြားနေခဲ့ရ၏။ ဟုတ်ပါသည်။ အိပ်နောက်ဖေးမှ ထွက်ရောက်လာသူဟာ (၇)နှစ်အရွယ် ကလေးမလေးတစ်ဦးပင်ဖြစ်သည်။ သူ၏ဂုတ်ပေါ်တွင်လည်း တစ်ပေခွဲခန့်ရှိသည့် အဝါကွက်ကြား မြွေကြီးတစ်ကောင်မှာ ရစ်ပတ်နေခဲ့သည်အားလည်း ထိတ်လန့်စွာမြင်တွေ့လိုက်ရပေသည်။
“လာထိုင်…”
“ဟင်… ဦးကြီး… မြွေ…မြွေကြီးလေ”
“ဟားဟားဟားဟား… ဘယ်လိုလဲတူကြီး၊ မင်းလန့်သွားလား။ ကိုင်ကြည့်ပါလားကွ”
“ဟာ… ဦးကြီးကလည်းဗျာ။”
“ဟားဟားဟား… ခင်ဗျားတူက ရန်ကုန်သားဆိုတော့လည်း ကြောက်မှာပေါ့ဗျကိုမြင့်ထွေးရ ခင်ဗျားလိုတောသားစစ်စစ်ကြီးတောင် ကျုပ်အိမ်ထဲမဝင်ရဲတာ။ ကောင်လေးရေ… သိပ်လည်းကြောက်မနေနဲ့ဦးဟ။ အပေါ်ကိုလည်း မော့ကြည့်လိုက်ဦး”
“အောင်မလေး”
ကျွန်ုပ်၏ထိတ်လန့်မှု့များဟာ ဦးအုန်းမောင်နှင့် ကလေးမလေးတို့၏ လှောင်ရယ်စရာများစွာ ဖြစ်နေခဲ့ရလေသလား။ အဝါကွက်ကျားဖြင့် မြွေကြီးတစ်ကောင်မှာ ထိုကလေးအလေး၏ လည်ပင်းပေါ်၌ ရစ်ပတ်နေခဲ့ခြင်းသာမက၊ အိမ်ထုတ်တန်းပေါ်တွင်လည်း အဝါကွက်ကျားဖြင့် မြွေကြီးတစ်ကောင်မှာ ငြိမ်သတ်စွာရှိနေလေခဲ့သည်။ ထိုတင်မကသေး၊ ကျွန်ုပ်၏နံဘေးနားမှနေ၍ ဖြတ်သွားခဲ့သည်က လက်ကောက်ဝတ်ခန့်ရှိသော မြွေဟောက်ကြီးတစ်ကောင်မှာ ကလေးမလေး၏အနောက်မှ တရတ်ဆတ်လိုက်ပါလာခဲ့ဟန်သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဖင်ထိုင်ချထားရာမှ ငုတ်တုတ်အနေထားသို့ပင် ပြောင်းလဲသွားခဲ့ရလေပြီး၊ ဦးကြီး၏လက်မောင်းကြီးကိုသာ ရုတ်တရတ်လှမ်းကိုင်မိလိုက်လေသည်။ နောက်ကျောမလုံချေ။ ဦးကြီးသည်လည်း ကြောက်လန့်တတ်၏။ သို့သော် ထိုအိမ်အပေါ်တွင်မူ ခပ်ပြုံးပြုံးအမူယာများနှင့်သာ ရှိနေခဲ့လေ၏။
“မကြောက်ပါနဲ့… ကောင်လေးရယ်။ မင်းကိုသူတို့ဘာမှ မလုပ်ကြပါဘူး။ သူတို့က သူတော်ကောင်းမြွေတွေပါကွ”
“ဟာဗျာ… ကျွန်တော်မနေရဲဘူး”
“နေပါဦးတူကြီးရယ်၊ မင်းဦးလေးလည်းရှိနေတာပဲ။ မင်းကိုသူတို့အန္တရယ်မပေးပါဘူး”
“ဟုတ်တယ်ကွ၊ ဒီကလေးမက ဦးကြီးတို့ရွာရော ရွာနီးခြောက်စပ်မှာရော အရွယ်နဲ့မလိုက် နာမည်အရမ်းကြီးတာ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆရာမဆိုတဲ့ ဘွဲ့ရနေတယ်ဆိုပါတော့….”
“ဟင်… ဘာ… ဘာ… ဘာဖြစ်လို့လဲ”
“သြော်….ဒါက သူ့ကိုစောင့်ရှောက်ကြတဲ့ မြွေတွေလေ။ ဘယ်လိုမြွေဆိုးမျိုးကိုက်ကိုက် ဦးအုန်းတင်သမီးလေး တံထွေးတစ်စက်နဲ့တင် အသက်အန္တရယ်လုံးဝမထ်ိခိုက်အောင် ကုပေးနိုင်တယ်ကွ”
“ဟင်… ဒါဆို ဒါဆိုဒီကလေးမလေးက မြွေဆရာမပေါ့ဟုတ်လားဦးကြီး။”
“အင်း… ဘယ်လိုပြောရမလဲ။ ငါတူကြီးပြောသလို ဟုတ်တော့လည်းဟုတ်ပါတယ်။ ဒါပေမယ့်….”
“ကဲပါဗျာ… ကျုပ်ပဲပြောပြလိုက်ပါတော့မယ်။ ဒီလိုကောင်လေးရ။ ကဲ….ဖင်ချထိုင်စမ်းပါကွ… စိတ်အေးအေးထား၊ မင်းဘာမှမဖြစ်စေရဘူးဟုတ်ပြီလား။ မင်းက စာတွေဘာတွေရေးတယ်ဆိုတော့ မင်းရေးလိုရအောင် ငါပြောပြမယ်။ ဒီလိုကွ… ဦးလေးတို့လင်မယားနှစ်ယောက်က ဒီရွာသားတွေချည်းပဲ၊ ငယ်ငယ်ကတည်းက ဒီရွာမှာမွေး၊ ဒီရွာမှာကြီးလာကြရင်း ငယ်သူငယ်ချင်းတွေကနေ အခုလိုအိမ်ထောင်ဘက်အဖြစ် ရောက်လာကြတယ်ဆိုပ်ါတော့။ ဦးမိန်းမနဲ့ဦးနဲ့ အိမ်ထောင်ကျပြီး အနှစ်(၂၀)အထိ ကလေးမရခဲ့ဘူး။ အရမ်းလိုချင်တယ်။ ဦးမိန်းမကလည်း အိမ်ထောင်သက်အနှစ်(၂၀)လုံးလုံး ကလေးမရတော့ ကလေးရူး ရူးနေခဲ့တာပေါ့။ ဦးတို့လင်မယားနှစ်ယောက်က အနောက်မယ်တော် အမေရေယဉ်ကိုးကွယ်ကြတယ်။ ဦးတို့တင်မဟုတ်ပါဘူး။ တစ်ရွာလုံးကိုးကွယ်ကြတာပါ။ နေ့တိုင်းလည်း အမေရေယဉ့်ဆီမှာ ကလေးရနိုင်အောင် ဆုတောင်းခဲ့တယ်။ ဒီလိုနဲ့ ရက်တွေကြာလာပြီး… တစ်ညမှာတော့ အိပ်မက်တစ်ခုမက်တာပဲ ငါ့တူရေ။ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်ရောက်လာတယ်၊ မြွေကြီးတစ်ကောင်လာပေးတယ်။ အိပ်မက်ထဲမှာ ဦးတို့ကလည်း လက်မခံဘူး။ ဘယ့်နှဲ့…မြွေကြီးလာပေးရသလား…. အဲ့ဒါနဲ့ အဲ့ဒီအမျိုးသမီးကို အတင်းမောင်းထုတ်တယ်။ ဒါပေမယ့် သူက ကလေးလိုချင်ရင် ဒီမြွေကြီးကို မွေးစားလိုက်ဆိုပြီးပြောတယ်။ ဦးမိန်းမကလည်း ကလေးသိပ်လိုချင်နေတာဆိုတော့ အိပ်မက်ထဲမှာ အဲ့ဒီအမျိုးသမီးပေးတဲ့ မြွေကြီးကိုချက်ချင်းပဲ ယူလိုက်တယ်လေ။ ဦးတို့လက်ထဲလဲရောက်ရော… မြွေကြီးကနေ အနှီးထုတ်လေးနဲ့ကလေးလေးဖြစ်သွားတယ်။ တကယ်ထူးဆန်းတဲ့ အိပ်မက်ပါပဲကွာ။ ပြီးတော့ အခုလို သမီးလေးကိုကိုယ်ဝန်ရှိပြီး မွေးလာခဲ့တယ်ဆိုပါတော့။ ထူးဆန်းတာတစ်ခုက အဲ့ဒီအိပ်မက်ကို ဦးတို့လင်မယားနှစ်ယောက်စလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အတူတူမက်ခဲ့ကြတာကွ။”
“ဟင်… ဒါဆိုဒီကလေးမလေးက မြွေဝင်စားဆိုတာ သေချာသွားပြီပေါ့နော်ဦး”
“မြွေဝင်စားတယ်ဆိုတာထက် ဦးအထင် အိပ်မက်ထဲမှာ မြွေကြီးလာပေးသွားတဲ့ အမျိုးသမီးက အနောက်မယ်တော်ကြီး အမေယဉ်ပဲဖြစ်လိမ့်မယ်။ ပြီးတော့ သမီးလေးကိုယ်ဝန် (၅)လလောက်တုန်းကလည်းဆိုရင် ဦးလယ်ထဲကနေ အပြန်…. သူ့အမေကလည်း အိမ်ရှေ့ခန်းမှာ ဗိုက်ကြီးတပြဲပြဲနဲ့ အိပ်ပျော်နေတာ။ မြွေဟောက်ကြီးတစ်ကောင်က သူ့ခြေရင်းမှာ ခွေပြီးပါးပြင်းထောင်ထားတယ်။ နောက် ခေါင်းရင်းမှာက မြွေဘုရင်လို့ခေါ်တဲ့ ငန်းတော်ကျားကြီးကလည်း ခွေနေတာကိုတွေ့လိုက်ရတယ်။ ဦးလည်း မျက်စိတွေဘာတွေ ပြာသွားတာပဲ။ အသိစိတ်ထဲမှာလည်း ဦးမိန်းမကို မြွေကိုက်လိုက်ပြီးထင်ပြီး ခြေရင်းက မြွေဟောက်ကို မြတ်ခုတ်ဓားနဲ့ပိုင်းမလို့အလုပ် ဖိနပ်ချွတ်သစ်သားဘောင်ကို ခလုတ်တိုက်ပြီး၊ ပါးပြင်းထောင်နေတဲ့ မြွေဟောက်ရှေ့ကို မှောက်ယှက်လဲကျသွားတယ်။ ဒါပေမယ့် မြွေက ဦးကိုဘာမှမလုပ်ဘူး။ တကယ်ဆိုရင် ဦးနံဖူးတည့်တည့်ကို ဒီကောင်ပေါက်လိုက်လို့ရပြီး။ ဦးလည်း ကြောက်ကြောက်နဲ့ငြိမ်နေပြီး၊ မလှုပ်ရဲဘူး။ သူကလည်း ဘာမှမလုပ်ဘူး။ သူဟာသူ ပါးပြင်းချပြီး အိမ်ပေါ်ကနေ နှစ်ကောင်စလုံးဆင်းသွားတယ်။ တကယ့်ကိုသူတော်ကောင်းမြွေတွေဆိုတာ ဦးသိလိုက်ပြီ၊ မြွေတွေဆင်းသွားမှ သူ့အမေကလည်း ထလာပြီး၊ ကြမ်းပြင်ပေါ်မှာ မှောက်ယှက်ဖြစ်နေတဲ့ ဦးကိုကြောင်တောင်တောင်ဖြစ်သွားတယ်လေ”
“အင်း… ဒါဆိုရင် ကလေးမလေးကို ဒီမြွေတွေက စောင့်ရှောက်ပေးနေကြတာပေါ့”
“ဟုတ်တယ်ကွ… ယဉ်လှလေး။ ခြောက်လသမီးလောက်တုန်းက ဦးအုန်းမောင်တို့အိမ်ကို ဦးကြီးအလုပ်ကိစ္စတစ်ခုနဲ့ ရောက်လာတာ။ သူတို့လင်မယားနှစ်ယောက်က နောက်ဖေးမှာ ထမင်းစားနေကြတယ်။ ကလေးလေးကို အိမ်ရှေ့ခန်းလေးမှာ သိပ့်ထားတယ်။ ဦးလည်းအသံပေးပြီး၊ သူတို့အိမ်ပေါ်ကိုရောက်လာတော့ ကလေးခေါင်းရင်းမှာ ငန်းစောင်းကြီးတစ်ကောင် ခွေနေတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ဘူးတယ်။ တော်တော်လန့်သွားတယ်။ ကြောင်ကြည့်နေတဲ့ ဦးကြီးကို ဦးအုန်းမောင်တို့လင်မယားနှစ်ယောက် သူတို့လည်း ရောက်လာတော့ အဲ့ဒီမြွေကြီးကိုတွေ့လိုက်ရတာပဲ။ ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်ကတော့ အဲ့ဒီမြွေတွေနဲ့ တော်တော်လေး ရင်းနှီးနေကြပြီးနဲ့ထင်တယ်။ ဘာမှမစိုးရိပ်ဖို့တောင် ဦးကိုပြန်ပြောလိုက်ကြသေးတယ်”
“အင်း… ဖြစ်ရပ်ဆန်းတစ်ခုပါပဲလား”
“ဟုတ်တယ်ငါ့တူရ၊ အစတုန်းကတော့ ဦးတို့လည်း မြွေတွေကိုမောင်းထုတ်ပြီး၊ မြွေကင်းစောင့်နေရတာ။ မရပါဘူး လာကြတာပါပဲ၊ တစ်နေ့ကို သုံးလေးကောင်လောက် ခြံထဲမှာရှိနေတယ်။ သမီးလေး(၇)ရက်သမီးမှာ အိပ်မက်တစ်ခု ထပ်မက်ခဲ့တယ်။ မြွေကြီးလာပေးတဲ့ အမျိုးသမီးကိုပဲ ထပ်မက်ခဲ့တာ။ သူကပြောတယ်။ သမီးလေးစိတ်ချရမယ့် အရွယ်ရောက်ရင် သူ့အနားမှာ မြွေတွေရှိမနေတော့ပါဘူးလို့ပြောတယ်။ ပြီးတော့ သမီးလေးရဲ့လျှာမှာ အမှတ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုမြွေဆိပ်မျိုးကိုမဆို သူကုနိုင်လိမ့်မယ်လို့ ပြောသွားသေးတယ်။ သိလိုက်ပြီ၊ ဦးတို့လင်မယားနှစ်ယောက်လည်း ဒါဟာ အနောက်မယ်တော်ကြီး အမေရေယဉ်ပဲဆိုတာ။ သမီးလေးလျှာမှာ အမှတ်ပါနေမှန်းလည်း ဦးတို့လင်မယားနှစ်ယောက် သတိမထားမိခဲ့ဘူး။ အိပ်မက်ရမှ ကြည့်ကြည့်တော့ ဟုတ်တယ်။ တကယ်ပဲ သူ့လျှာမှာ အမှတ်ရှိနေခဲ့တယ်။ အဲ့ဒါကြောင့် ကလေးနားမှာ မြွေတွေရှိနေရင် ဦးတို့လည်း စိတ်ချလက်ချနဲ့ထိုင်ကြည့်နေရတော့တာပေါ့။ ဟုတ်တယ်။ ကလေးကိုဘာမှမလုပ်လို့ ဒီအရွယ်ထိတောင် ရောက်လာရတယ်ဆိုပါတော့…”
“ဒီလိုမျိုးမြွေတွေနဲ့ ပွတ်သီးပွတ်သပ် သူနေနေတာ။ ဘယ်လောက်ကြာပြီလဲ”
“အင်း… ငါ့တူဒီနေ့ရောက်လာလို့ ဒီလိုမြင်ကွင်းမျိုးကိုမြင်ရတာ။ ဗုဒ္ဓဟူးနေ့မှ အခုလိုမြွေတွေ ရောက်ရောက်လာတတ်တာပဲ တစ်ခြားနေ့တွေဆိုရင်တော့ တစ်ကောင်နှစ်ကောင်လောက်ပဲ တွေ့ရတယ်။ ဒါပေမယ့် သမီးလေးနဲ့ အခုလိုပွတ်သီးပွတ်သပ်လုပ်တာတော့ မရှိဘူး။ ဒီလိုဗုဒ္ဓဟူးနေ့မျိုးမှ သမီးလေးနဲ့ ပွတ်သီးပွတ်သပ်လုပ်နေတဲ့ အဆိပ်ပြင်းတဲ့ မြွေကြီးတွေကို တွေ့ရတယ်”
“မြွေကုတယ်ဆိုတာကရော… ဘယ်လိုမျိုးကုတာတုန်း”
“အင်း…. သမီးလေးသုံးနှစ်သမီးလောက်တုန်းက မင်းဦးကြီးတို့ရေကျော်ရွာမှာ မြွေကိုက်ခံရတယ်ဆိုလို့၊ သမီးလေးပါးစပ်ထဲက သရေကိုယူပြီး၊ ဦးအမြန်သွားတယ်။ ပြောရရင်တော့ မယ်တော်ကြီးပြောသွားသလို သူ့တံထွေးနဲ့ မြွေဆိပ်ပြေနိုင်တယ်ဆိုတဲ့အကြောင်း ဟုတ်မဟုတ်… စမ်းသပ်ကြည့်တဲ့သဘောမျိုးပေါ့။ ပြီးတော့ ဒဏ်ရာကို ကလေးသရေတွေနဲ့ ပွတ်ပေးလိုက်တယ်။ ဟုတ်တယ်ကိုယ့်လူတွေရေ… ခဏပဲ ဒီလူချက်ချင်း သက်သာသွားတယ်။ အဲ့ဒီချိန်ကစပြီး၊ ဘယ်နေရာမှာ ဘယ်လိုမြွေဆိုးပဲကိုက်ကိုက် သမီးလေးဆီရောက်ရောက်လာရင်း ဝါးခယ်မတစ်မြို့လုံး အခုလိုပြန့်သွားရတယ်ဆိုပါတော့….”
“အေးဗျာ… တော်တော်ထူးဆန်းတဲ့ မြွေဝင်စားကလေးပါလား”
ဦးအုန်းမောင်ပြောဆိုပြနေသည့် စကားများကိုပင် နားထောင်နေခဲ့သည့်ချိန်၌ ကလေးမလေးမှာ သူမ၏အပေါင်းအဖော်မြွေများကိုပင် ထွက်ခွာသွားကြရန် ပြောဆိုလေခဲ့သည်။ မြွေများသည်လည်း သူမ၏ပြောစကားများကိုပင် နားလည်နေသည့်အတိုင်း တစ်ကောင်ချင်းစီ တွန့်လိမ်တွန့်လိမ့်ဖြင့် ထွက်ခွာသွားခဲ့ကြသည်က ကျွန်ုပ်၏အမြင်ထဲတွင် လွန်စွာကျက်သီးထနေမိခဲ့သည်။ ကျွန်ုပ်၏သက်တမ်းတစ်လျောက် ထိုကဲ့သို့သော် မြွေဆိုးကြီးများကိုပင် မမြင်တွေ့ခဲ့ဘူးပေ။ ပါးပြင်းခွက်ခွက်ကြီး ထောင်နေခဲ့သည်ကြောင့် မြွေဟောက်ကြီးဟုပင် သိရှိ်နိုင်လျက်။ တခြားသော အဝါကွက်ကြား၊ အနက်ကွက်၊ စောင်းငန်းငန်းအဖြူကြား စသဖြင့် မြွေဆိုးကြီးများကိုမူ တစ်သက်နှင့်တစ်ကိုယ် မတွေ့ခဲ့ဘူးသည်ကြောင့် ရင်တစ်ထိတ်ထိတ်နှင့်ပင် ကြည့်ရှု့နေခဲ့မိလေတော့သည်။
ပြီး။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
(ထိုအဖြစ်ပျက်များမှာ ၁၉၇၀ခုနှစ်ဝန်းကျင်ခန့်မှ အဖြစ်ပျက်လေးတစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်၏နေရာတွင် ဖခင်ဖြစ်သူဖြစ်၍၊ ကျွန်ုပ်၏ဦးကြီးနေရာတွင် ဖခင်၏ဦးကြီးပင်ဖြစ်လေသည်။ ဖခင်ပြန်လည်ပြောဆိုပြခဲ့သော ဖခင်ဖြစ်သူ၏မွေးရပ်မြေ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာအတွင်းမှ အဖြစ်အပျက်များကိုပင် ကျွန်ုပ်အနေနှင့် ခံစားရေးဖွဲ့လိုက်ခြင်းဖြစ်ပါသည်။ မြွေဝင်စားသည့် ကလေးမလေး မယဉ်လှ(၁၀)နှစ်သမီးအရွယ်တွင်၊ သူမ၏နေအိမ်ဆီသို့ မြွေကြီးများရောက်ရှိမလာကြတော့ပဲ၊ ယခုအချိန်ထိ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာလေးတွင် ဒေါ်ယဉ်လှမှာ အသက်(၄၀)ကျော်ဖြင့် သက်ရှိထင်ရှားရှိနေပါသေးသည်။)
ပြီးပါပြီ
ထီးကလေး