ဘဒင်(မလွန်မြေဖွား)
မြွေဟောက်ဖမ်းသောည
“တောက်”
ရေကန်မှာ မျက်နှာသစ် သွားတိုက်နေတုန်း ဝင်းကိုကို၏ စူးရှပြင်းထန်သော တောက်ခေါက်သံကို ကြားလိုက်ရသည်။
“စောစောစီးစီး ဘာတွေ ဒေါသထွက်နေတာလဲ ကိုယ့်ကောင်ရ”
“မပြောချင်တော့ပါဘူး အစ်ကိုရာ။ ဒီမှာလေ … ညတုန်းက ကြက်ခြံထဲကို မြွေဝင်မွှေသွားတာ။ ကြက်သားမိတစ်အုပ် အတုံးအရုံးပဲ”
မြေပြင်တွင် စုပုံထားသော ကြက်သေများအား မေးထိုးပြ၏။
ကျွန်တော်လည်း သူ့ခြံထဲဝင်ကာ သေချာကြည့်လိုက်တော့ ကြက်မကြီးအပါအဝင် ကြက်ပေါက်ကလေး (၈) ကောင် ပြာဟောက်ပြီး သေနေတာ တွေ့၏။
ဝင်းကိုကိုက သူ့ခြံထဲကို မြွေဝင်တာလို့ သေချာပေါက် ပြောနိုင်တာကလည်း ဒီအကြိမ်နဲ့ဆို (၂) ကြိမ်ရှိပြီ ဖြစ်၏။
အစပထမကတော့ ဝင်းကိုကိုလည်း မြွေလား၊ ကင်းလား မသိသေး။ သူ့လိုပဲ တစ်ပိုင်တစ်နိုင် ကြက်မွေးသည့် ဝင်းဦးကျော်ဆိုသော သူ့သူငယ်ချင်းက ပြောသောကြောင့် မြွေမှန်း သိရခြင်းဖြစ်၏။ မြွေတောင်မှ မြွေဟောက်လို့ပင် အတိအကျ ပြောနိုင်သည်က အနှီ ဝင်းဦးကျော်သည်ပင် မြွေဟောက် ဒုက္ခပေးတာ အတော်များများ ခံစားရဖူးလို့ပင် ဖြစ်၏။
ဝင်းကိုကိုရဲ့ သူငယ်ချင်း ဝင်းဦးကျော်နှင့် ကျွန်တော်လည်း အတန်အသင့် ရင်းနှီးတာကြောင့် ကြက်ဆွဲသော မြွေဟောက်များအကြောင်းကို ပြောပြဖူး၏။
မြွေဟောက်များသည် ကြက်ခြံထဲသို့ ဝင်ရောက်ပြီး ပထမဦးစွာ အဆိပ်ငွေ့များအား မှုတ်ထုတ်ကာ ကြက်များအား တိုက်ခိုက်ကြောင်း၊ ခံနိုင်ရည်နည်းပါးသော ကြက်ပေါက်စလေးများသည် ချက်ချင်းဆိုသလို သေဆုံးတတ်ပြီး ကြက်ကြီးများကတော့ မျက်စိကန်း၊ မူးဝေပြီး ဟိုပျံဒီသန်း လုပ်နေစဉ် လျင်မြန်သွက်လက်သော မြွေဟောက်၏ တိုက်ခိုက်မှုကြောင့် သေဆုံးရကြောင်း၊ မြွေဟောက်များသည် ကြက်ပေါက်စများအား အများအားဖြင့် ကိုက်ချီသွားတတ်ပြီး ကြက်အကောင်ကြီးလျှင် ခေါင်းပိုင်းကိုသာ ဖြတ်တောက်စားသောက်ပြီးမှ လိုရာသို့ ပြန်သွားတတ်ကြောင်း၊ အထူးသဖြင့် ကြက်ခေါင်းကို ကြိုက်နှစ်သက်ကြကြောင်း၊ ကြက်ခြံတစ်ခြံသို့ အောင်မြင်စွာ ဝင်ရောက်ပြီးပါက (၁)ရက်ခြား၊ (၂)ရက်ခြား အချိန်နာရီမှန် ရောက်လာတတ်ကြောင်း ဗဟုသုတအဖြစ် ဝင်းဦးကျော်မှ ပြောပြခဲ့ဖူး၏။
“ကြက်ခြံထဲ မြွေဝင်မွှေတာ မင်း မသိလိုက်ဘူးလား ဝင်းကိုကို”
“ပြီးခဲ့တဲ့ တစ်ခါက စက်ရုံမှာ ဂျူတီကျနေလို့။ အခုတစ်ခါက သူငယ်ချင်းတစ်ယောက် ရာထူးတိုးလို့ ပါတီလုပ်တဲ့ပွဲမှာ ရေချိန်လွန်ပြီး အိမ်ရောက်တော့ မှောက်သွားတာ၊ ခေါင်းကို မထူနိုင်ဘူး။ မိန်းမကလည်း မလွန်ရွာထဲက သူ့အမေအိမ်မှာ သွားအိပ်ပေးနေရတယ်”
ကျွန်တော် မြွေဟောက်အဆိပ်မိပြီး သေဆုံးသွားသော ကြက်မကြီး (ခေါင်းမရှိတော့ပါ) အား တစ်ချက် စောင်းကြည့်ပြီး …
“ကဲပါကွာ၊ မြွေဟောက်အဆိပ်မိပြီး သေတာဆိုပေမယ့် စားချင်ရင် စားလို့ရတယ်လို့ မင်းသူငယ်ချင်း ဝင်းဦးကျော်က ပြောဖူးတယ်။ ငါ့ကို မင်းကြက်မ သေကို လျှော့ဈေးနဲ့ရောင်း။ ငါ ဝယ်ပါ့မယ်”
“အစ်ကိုစားချင်ရင် ပိုက်ဆံမပေးပါနဲ့၊ ယူသွားပါ။ စားလို့ကော ရရဲ့လား။ တော်ကြာ တစ်ခုခု ဖြစ်နေဦးမယ်”
ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ကြက်သေကိုကောက်ယူကာ အိမ်ဘက်ပြန်ကူးလာပြီး ရေနွေးအိုးတည်ကာ ကြက်မွေးနုတ်၊ ခုတ်ထစ်ပြီး ဆား နနွင်းနယ်ပြီး မိန်းမလက်သို့အပ်ကာ ဒန်အိုးဖုံးဖွင့်ပြီး လုံးထားခိုင်းလိုက်သည်။
ပြီးတော့ အဝတ်အစားလဲကာ မလွန်ဈေးထဲမှ “ထာဝရကဖီး” သို့ လက်ဖက်ရည်သောက်ရန် ခြေဦးလှည့်လိုက်တော့၏။
xxx xxx xxx
“ဗိုလ်နေရေ … တစ်ခွက် တစ်ပွဲ”
လက်ဖက်ရည်ဆိုင်သို့ ရောက်တော့ စားပွဲအလွတ်တစ်ဝိုင်းမှာ ဝင်ထိုင်ပြီး အထက်ပါအတိုင်း မှာလိုက်၏။
ဆိုင်ပိုင်ရှင်၊ အဖျော်ဆရာ၊ စားပွဲထိုး စတဲ့ (၃) ခုသော ရာထူးများအား ပိုင်ဆိုင်ထားသည့် ကိုနေလင်း (ကျွန်တော့်အခေါ် ဗိုလ်နေ) သည် သောက်နေကျ ကျွန်တော်မှာသည်နှင့် လက်ဖက်ရည်ကျဆိမ့်တစ်ခွက်၊ ပဲပလာတာတစ်ပွဲ လာရောက်ချပေး၏။
ဗိုလ်နေချပေးသော ပဲပလာတာအား စားလိုက်၊ လက်ဖက်ရည်တစ်ငုံ သောက်လိုက်နဲ့ လျှာဖျား အရသာခံနေစဉ် –
“ကိုဘဒင် … တစ်ယောက်တည်းလား။ အစ်ကိုတို့အဖွဲ့ကော မမြင်ပါလား”
အမေးစကားသံနှင့်အတူ ကျွန်တော့် အိမ်ဘေးအိမ်မှ ဝင်းကိုကိုရဲ့ သူငယ်ချင်း ဝင်းဦးကျော်တစ်ယောက် ထိုင်ခုံအလွတ်မှာ ဝင်ထိုင်ပြီး ရေနွေးတစ်ခွက် ငှဲ့သောက်နေ၏။
သူပြောတဲ့ ကျွန်တော်တို့အဖွဲ့ဆိုတာ လက်ဖက်ရည်သောက်ရင်း စာအကြောင်း ပေအကြောင်းများ ဆွေးနွေးငြင်းခုံကြသည့် ကျွန်တော့် စာပေမိတ်ဆွေများကို ပြောတာဖြစ်၏။
“အေးကွာ … ငြင်းမယ့် ခုံမယ့် သူတွေက မလာကြသေးဘူး။ လက်ဖက်ရည်သောက်ရင် မှာလိုက်လေ”
ဝင်းဦးကျော်ရဲ့ အမေးကို ပြန်ဖြေပြီး လောကဝတ်စကား ဆိုလိုက်၏။
အခြားဆိုင်က သောက်လာခဲ့ပြီဖြစ်တဲ့အကြောင်း ငြင်းပယ်ကာ သူ့ထံသို့ စောစောတုန်းက ဝင်းကိုကို ဖုန်းဆက်သောကြောင့် ကြက်ခြံထဲ မြွေဟောက်မွှေတဲ့အကြောင်း သူပြောတာကို သိခဲ့ရတဲ့အကြောင်း နားထောင်နေလိုက်၏။
အဲဒီအချိန်မှာ သူထပ် ဆင့်ကာပြောတဲ့ စကားကြောင့် ကျွန်တော် စိတ်ဝင်စားသွား၏။
“ဝင်းကိုကို အိမ်က ကြက်ခြံထဲ ဝင်မွှေသွားတဲ့ မြွေဟောက်ကို ကျွန်တော် ထောင်ချောက်ဆင်ပြီး ဖမ်းပေးမယ်လို့ ပြောထားလိုက်တယ်”
“ဘယ်လို ထောင်ချောက်ဆင်ဖမ်းမှာလဲ” လို့ မေးတော့
“အစ်ကို လေ့လာချင်ရင် မနက်ဖြန်ညကျတော့ ဝင်းကိုကိုတို့ အိမ်ဘက်ကို ကူးလာခဲ့လေဟု ပြောကာ ရေနွေးတစ်ခွက်ထည့် အငွေ့သေအောင်မှုတ်၊ ပြီးတော့ တစ်ကျိုက်တည်း မော့သောက်ကာ ကျွန်တော့်အား နှုတ်ဆက်ပြီး “ထာဝရကဖီး” လက်ဖက် ရည်ဆိုင်မှ ခပ်သုတ်သုတ် ထွက်ခွာသွားတော့၏။
xxx xxx xxx
“ဗျို့ …ကိုဘဒင်၊ ဝင်းဦးကျော် ရောက်နေပြီ။ အိမ်ဘက် လာခဲ့တော့လေ အစ်ကို”
တနင်္ဂနွေနေ့မို့ တီဗီထိုင်ကြည့်နေတုန်း တစ်ဖက်အိမ်မှ ဝင်းကိုကို၏ ခေါ်သံကြောင့် မိန်းမအား ခဏသွားဦးမယ်ဟု ပြောပြီး ဝင်းကိုကို အိမ်ဘက်သို့ ကူးသွားလိုက်၏။
“လာ … ကိုဘဒင်၊ ရာသီဥတုက ကိုယ့်ဘက်ပါတယ်။ ထမင်းမစားရသေးခင် နည်းနည်းပါးပါး မှီဝဲပါလား”
ဝင်းကိုကိုအိမ်ရဲ့ ဧည့်ခန်းစားပွဲမှာ အရက်ထည့်၊ ရေငှဲ့နှင့် အလုပ်ရှုပ်နေသော ဝင်းဦးကျော်က ပွဲတောင်းလာသောကြောင့် တစ်ချီတစ်မောင်းကရန် ခေါင်းညိတ်အတည်ပြုပြီး ခုံလွတ်မှာ ဝင်လိုက်၏။
ဝင်းကိုကိုကတော့ မီးဖိုခန်းထဲမှာ တရှဲရှဲနှင့် ဘာတွေကြော်တယ် မသိ။ အမြည်းလုပ်နေတာ ဖြစ်မည်။
ခဏကြာတော့ ကြွေပန်းကန်ပြားတစ်ချပ်ကို စားပွဲပေါ်တင်ပြီး
“ကိုဘဒင် မြည်းဗျာ၊ ကြက်ရိုးကြော်ထားတာ”
“မင်းကြက်ရိုးက ခေါင်းလည်း မပါပါလားကွ”
ကြက်ခေါင်းဆို အင်မတန်နှစ်ခြိုက်သည့် ကျွန်တော်က မေးတော့-
“ဒီကောင် ဝင်းဦးကျော်လေ၊ ကျွန်တော့်ကို ကြက်ရိုးနှစ်စုံ ဝယ်ခိုင်းပြီး ခေါင်းနှစ်ခေါင်း ချန်ထား၊ ကျန်တာတွေ အမြည်းလုပ်ဆိုလို့ ကြက်ခေါင်းနှစ်ခုကို အစိမ်းတိုင်း ချန်ထားလိုက်တာ”
တကယ်ဆို စျေးထဲမှာ ကြက်ရိုးသွားဝယ်ရင် ခေါင်း၊ လည်ချောင်း၊ တောင်ပံ နှစ်ခု၊ ခြေထောက် နှစ်ခုကို တစ်ကောင်စာ အရိုးဟု သတ်မှတ်ကာ ရောင်းချသည်ဖြစ်၏။ ကြက်ရိုး နှစ်စုံဆိုလျှင် ခေါင်းနှစ်ခေါင်း ပါရမည်ပေါ့။ အခု ခေါင်းနှစ်ခေါင်းကို ဘာကြောင့် ဖယ်ထားတာလဲ။
သိချင်စိတ်က တားမရတော့တာကြောင့် ဝင်းဦးကျော်ကို မေးတော့ မြွေဟောက်ကို ထောင်ချောက်ဆင်ဖမ်းမယ့် ထောင်ချောက်ရဲ့ ဖွဲ့စည်းပုံထဲမှာ ကြက်ခေါင်းက မပါမဖြစ်သော အစိတ်အပိုင်းတစ်ခုဟုပြောကာ ၎င်း၏ အင်္ကျီအိတ်ကပ်ထဲမှ စက္ကူထုပ် တစ်ထုပ်ကို နှိုက်ထုတ်ကာ ဖြည်လိုက်၏။
အမည်းရောင် နိုင်လွန်ကြိုး (ငါးမျှားကြိုး) တစ်ခွေနှင့် ငါးမျှားချိတ်များ။
ဝင်းဦးကျော်က –
“ဒီကြိုးတွေရယ်၊ ငါးမျှားချိတ်ရယ်၊ ကြက်ခေါင်းနှစ်ခေါင်းရယ်ကို အသုံးပြုပြီး မြွေဟောက်ကို ဖမ်းမှာလေ။ ဒီနည်းကို ထုံးဘိုစက်ရုံမှာ တာဝန်ကျတုန်းက ‘စောအကင်း’ ဆိုတဲ့ ကရင်အမျိုးသားတစ်ယောက်ဆီက ရခဲ့တာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အိမ် ကြက်ခြံမှာရော၊ မိတ်ဆွေအချို့ ကြက်ခြံတွေမှာရော အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း စမ်းသပ်ခဲ့ပြီးပြီ။ အောင်မြင်တာချည်းပဲ”
ပါးစပ်က ပြောလည်း ပြော၊ လက်ကလည်း အသင့်ယူလာသော ကြိုးညှပ်ကတ်ကြေးလေးနှင့် အနက်ရောင် နိုင်လွန်ကြိုးခွေအား ဖြေချပြီး နှစ်တောင်သာသာ ကြိုးအပိုင်း ရှစ်ပိုင်း ပိုင်းလိုက်၏။
ခဏရပ်ထားပြီး အရက်သောက်၊ အမြည်းစား၊ ဆေးပေါ့လိပ် တစ်ဖွာ နှစ်ဖွာ ဖွာပြီး ဆေးပေါ့လိပ်အား ခဲထားရင်း ဖြတ်တောက်ထားသော ကြိုးစများ၏ ထိပ်တစ်ဖက်တွင် ငါးမျှားချိတ် တစ်ချောင်းစီ ခိုင်ခံ့အောင် ချည်နှောင်၏။ ငါးမျှားချိတ် တပ်ဆင်ပြီးသား ကြိုးစ ရှစ်ချောင်းအား လေးချောင်း တစ်စုခွဲကာ ပူးတွဲချည်နှောင်ပြန်၏။
ပြီးနောက် အမြည်းမလုပ်ဘဲ အစိမ်းတိုင်းထားခဲ့သည့် ကြက်ခေါင်း နှစ်ခေါင်းအား ယူကာ စောစောက ငါး မျှားချိတ် လေးချောင်းတစ်စု တွဲထုံးထားသော ငါးမျှားချိတ်များကို ကြက်ခေါင်း အရေပြားထဲတွင် မြှုပ်ထားလိုက်၏။
“ထောင်ချောက်ဆင်ဖို့အတွက် ပြင်ဆင်ပြီးသွားပြီ။ ကြက်တွေ အိပ်တန်းတက်တာနဲ့ မြွေဟောက်စစ်ဆင်ရေး စမယ်။ လောလောဆယ် ဒါလေး ထပ်ချလိုက်ဦးမယ်”
ဟုဆိုကာ ဖန်ခွက်ထဲက လက်ကျန်အရက်ကို မော့သောက် အမြည်းစားနေလေ၏။
xxx xxx xxx
ကြက်တွေ အိပ်တန်းတက် ညမှောင်ဘက်သို့ ရောက်သောအခါ ဝင်းဦးကျော်တစ်ယောက် ဝင်းကိုကို၏ ကြက်ခြံထဲတွင် အောက်ပါအတိုင်း ထောင်ချောက်ဆင်လိုက်တော့၏။
စောစောက ပြင်ဆင်ထားသော ငါးမျှားချိတ် လေးချောင်းတစ်စု တွဲထားကာ ကြက်ခေါင်းတစ်ခေါင်းစီ ဖောက်ထည့်ထားသည့် ငါးမျှားချိတ်အတွဲ နှစ်တွဲအား တစ်နေရာစီခွဲကာ ကြိုးလေးချောင်း တွဲထုံးထားသည့်နေရာ အတွင်းပိုင်းကို အတက်ပါသော ဝါးတက်အား အဖျားချွန်ပြီး မြေကြီးထဲသို့ ဝါးအတက် ထောက်အောင် ရိုက်သွင်းရသည်။
ဝါးတက်မှ နိုင်လွန်ကြိုးများ မြဲမြံစေရန် လေးခွသားရေကြိုးများနှင့် လေးခွစည်းသလို စည်းထားရမည်ဖြစ်၏။
“ကဲ ထောင်ချောက်ဆင်ပြီးပြီ၊ မြွေဝင်မယ့်အချိန်ကို စောင့်ကြည့်ရတော့မှာပဲ။ ဒီကောင် ဒီည သေချာပေါက် လာမှာ”
ထောင်ချောက်ဆင်ပြီးပြီးချင်း ဝင်းဦးကျော်က ပြော၏။ တစ်ဆက်တည်းမှာ ဝင်းကိုကို၏ အိမ်ဧည့်ခန်းတွင်းမှ အသုံးတော်ခံ လက်ကျန် ယမကာများကို ဆက်ဖြိုရန်အတွက် သတိပေး တပ်လှန့်လိုက်သည်မို့ အိမ်ပေါ်ပြန်တက် ပွဲဆက်လိုက်တော့၏။
xxx xxx xxx
“ကတော် ကတော် … ပိကျိ ပိကျိ … ဖြန်း ဖြန်း ဖြန်း”
ယမကာအရှိန်နဲ့ ဝင်းကိုကို၏ ဧည့်ခန်း ဆက်တီခုံပေါ်တွင် မှေးခနဲ အိပ်လို့ပျော်သွားသော ကျွန်တော်တို့လည်း ကြက်ခြံမှ ကြက်များ လန့်ဖျပ် အော်သံများကြောင့် ကမန်းကတန်း ဓာတ်မီးယူ၊ တုတ်ဆွဲယူကာ ကြက်ခြံဘက်သို့ သွားကြည့်ကြ၏။
“ဝင်းကိုကို … ကြက်ခြံထဲမှာရှိတဲ့ မီးတွေကိုဖွင့်။ မှောင်ရိပ်ကျတဲ့ နေရာတွေ ဓာတ်မီးနဲ့ သေချာထိုး။ တကယ်လို့ မြွေဟောက်သာ ကြက်ခြံထဲဝင်ရင် အဖော်တစ်ကောင် ပါလာတတ်တယ်”
ဝင်းဦးကျော်၏ သတိပေးစကားသံကြောင့် ဝင်းကိုကို အိမ်ပေါ်ပြန်တက်ကာ မီးခလုတ်များ ဖွင့်၏။
ကြက်ခြံမီးများ လင်းသောအခါမှ ကြက်ခြံနားသို့ သတိနှင့် ကပ်ကြည့်လိုက်တော့ …
“ရှူး … ဘုတ် ၊ ရှူး … ဘုတ်”
နည်းတဲ့အကောင်လားဗျာ။ လူကြီး လက်ကောက်ဝတ်ထက် လျော့မယ်မထင်။
ရှူးခနဲ ပါးပျဉ်းထောင်ဖို့ ကြိုးစားလိုက်၊ မြေပြင်ကို ဘုတ်ခနဲ ပြန်ကျလိုက်နဲ့ ဖြစ်နေ၏။
ကြက်တွေကလည်း ဂနာမငြိမ် ဖြစ်နေဆဲ။ မြွေဟောက်ကြီးလည်း လူသံကြားတော့ ဒေါသပိုထွက် လေသလား မသိ။ ပါးပျဉ်းအတွင်တွင် ထောင်ကာ ရန်စောင်ဖို့ ကြိုးစားနေ၏။
ဒီကောင်ကြီးမှာ အဖော် မပါလာပေ။ ပါလာလျှင်လည်း ထောင်ချောက်မိမှာ သေချာသည်ဟု ဝင်းဦးကျော်က ပြော၏။
တစ်ဆက်တည်း ဝင်းဦးကျော်ကပင် …
“ပွဲကတော့ ပြီးသွားပြီ။ ကဲ … ဝင်းကိုကို မင်းကြက်တွေကို ဘဝပြောင်းပေးပြီး မင်းကို ဒုက္ခကောင်းကောင်းပေးတဲ့ အကောင်ကြီး အခုတော့ ဒုက္ခပြန်ခံစားနေရပြီ။ ကြာလာရင် မောပြီး ငြိမ်သွားလိမ့်မယ်။ အခု တုတ်နဲ့ဆော်တာ ကောင်းပါတယ်ကွာ”
ဟုဆိုကာ ဝါးရင်းတုတ်နှင့် တဖြောင်းဖြောင်း ရိုက်လေတော့၏။
မြွေကြီးလည်း ငြိမ်ကျသွားခါမှ-
“ကဲ … ဝင်းကိုကို ဒီကောင်ကြီးကို ကိုင်ပြီး ချက်ထားကွာ။ မနက်ဖြန် တနင်္လာနေ့ဆိုတော့ အလုပ်ဆင်းရမှာ။ အလုပ်ဆင်းပြီး အပြန်ကျမှ အောင်ပွဲခံကြတာပေါ့။ အခု ငါပြန်တော့မယ်။ ငါ့မိန်းမက အိမ်မှာ တစ်ယောက်တည်း”
ဟု ပြောပြောဆိုဆို ပြန်မည်လုပ်နေသည့်အတွက်
“နေပါဦး ငါ့ကောင်ရ၊ လက်ကျန်အရက်လေး ရှိသေးပါတယ်။ အဲဒါလေး ဆက်ရှင်းရင်းနဲ့ ဒီကောင်ကြီး (ထောင်မိသော မြွေဟောက်အား မေးငေါ့ပြကာ) ထောင်ချောက်မိပုံမိနည်းကို လင်းသွားပါဦး”
“လက်ကျန်တော့ မရှင်းပါရစေနဲ့”
ဟု ဆိုကာ ဝင်းဦးကျော်မှ မြွေဟောက်ထောင်ချောက်မိပုံအား ပြောပြလေ၏။
“ဒီလို ကိုဘဒင်ရ၊ ကျွန်တော် ငါးမျှားချိတ်ထောင်ချောက်ကို နှစ်ခုခွဲပြီး ထောင်ချောက်ဆင်ရတာက တစ်ခုမဟုတ် တစ်ခုမိအောင်ရယ်၊ မြွေဟောက်နဲ့အတူ အဖော်တစ်ကောင်ပါလာရင် နှစ်ကောင်လုံး မိအောင် လုပ်ထားတာ။
အခု ထောင်ချောက်မှာမိနေတဲ့ မြွေဟောက်က အစာကိုသာမြင်ပြီး အစာဖြစ်တဲ့ ကြက်ခေါင်းထဲမှာ မြှုပ်ထားတဲ့ ငါးမျှားချိတ်ကို မမြင်ဘဲ ကမူးရှူးထိုး ကောက်မျိုချလိုက်ပြီး လိုရာကို ပြန်ထွက်သွားဖို့အလုပ်မှာ ကြက်ခေါင်းထဲက ငါးမျှားချိတ် (၄)ချောင်းနဲ့တွဲထားတဲ့ နိုင်လွန်ကြိုးတွေလည်း တင်းလာတယ်။
နိုင်လွန်ကြိုးတွေ တင်းလာတော့ ငါးမျှားချိတ်တွေလည်း အသက်ဝင်ပြီး မြွေဟောက်ရဲ့ ဝမ်းဗိုက် ဒါမှမဟုတ် လည်ချောင်းတစ်ဝိုက်က နံရံတွေကို ငါးမျှားချိတ်တွေ စူးဝင်သွားတော့တာပေါ့။
ဒီကောင်တွေက ဒေါသကြီးတတ်တဲ့ကောင်တွေဆိုတော့ နာကျင်တာနဲ့အမျှ ပါးပျဉ်းခွက်ဖို့ ဟန်ပြင်တိုင်း ဗိုက်ထဲမှာ စိုက်ဝင်နေတဲ့ ငါးမျှားချိတ်တွေက သူ့ဒေါသကို နှိပ်ကွပ်ရင်းနဲ့ အဲဒီလိုမျိုး သံသရာလည်နေပြီး နောက်ဆုံးတော့ ဇာတ်သိမ်းသွားတော့တာပေါ့ဗျာ။ ကဲ … ဒီလောက်သိရရင် ကျေနပ်ပါတယ်နော် အစ်ကို၊ သွားတော့မယ်”
ဝင်းကျော်ဦးတစ်ယောက် ပြောပြောဆိုဆို သူ့ရဲ့ စီးတော်ဆိုင်ကယ်ပေါ် တက်ခွ စက်နှိုးကာ ဝင်းကိုကိုရဲ့အိမ်ခြံထဲက ထွက်မသွားခင် အော်ပြောသွားသေးတယ်။
“ကိုဘဒင်က စာရေးဆရာဆိုတော့ ဒီအကြောင်းလေးရေးပြီး စာဖတ်ပရိသတ်တွေ ဗဟုသုတရအောင် ဖြန့်ဝေလိုက်ပေါ့” တဲ့။
လပြည့်ဝန်းမဂ္ဂဇင်း
ဇူလိုင်လ၊ ၂၀၁၆
– ပြီး –
စာရေးသူ – ဘဒင်(မလွန်မြေဖွား)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ