မွေးစားမိခင်ဒေါ်ထားဇင်(စ/ဆုံး)
——————————-
လွန်ခဲ့သော ၃နှစ်က ဖြစ်၏။ ရွာ့အစွန်ဆုံးအပိုင်း ထောင့်ကျရာ တစ်နေရာသို့ ကျွန်ုပ် ဦးတည် လှမ်းလာခဲ့၏။ ရောက်လေပြီ။
” ငမျိုးရေ… ဟေ့ ငမျိုး၊ ဒေါ်လေး… ဒေါ်လေး ”
ဒေါ်ထားဇင်၏ ခြံဝန်းရှေ့မှ ကျွန်ုပ် လှမ်းခေါ်နေခြင်းပင်။ ဒေါ်ထားဇင်တို့ သားအမိ နှစ်ယောက်သည် ကျွန်ုပ် ၃နှစ်သားအရွယ် တည်းကပင် ကျွန်ုပ်တို့ရွာသို့ ပြောင်းရွေ့လာကြသည်ဟု သိရ၏။
သူမ၏ သားဖြစ်သူ ကျော်ဇင်မျိုးသည် ကျွန်ုပ်၏ အခင်ဆုံး သူငယ်ချင်း ဖြစ်၏။ ကစားဖော် ကစားဖက်များ ဖြစ်ကြသည့် အလျောက် ယခုအချိန်ထိပင် ညီအစ်ကို အရင်းလို ချစ်ချစ်ခင်ခင် ပေါင်းသင်းကြ၏။ ဒေါ်ထားဇင်ကလည်း ကျွန်ုပ်အား အလွန်ချစ်ခင်၏။
ကျွန်ုပ် သိရသည်ကား ဒေါ်ထားဇင်နှင့် ကျော်ဇင်မျိုးတို့သည် သားအမိ အရင်း မဟုတ်ကြပေ။ ဒေါ်ထားဇင်သည် ကျော်ဇင်မျိုးကို မွေးစားထားခြင်းပင်။ အမေတစ်ခု သားတစ်ခု ဟုသာ ဆိုရပေမည်။
ကျွန်ုပ် အော်ခေါ်ပြီး ခဏအကြာတွင်ပဲ ဒေါ်ထားဇင်သည် စျေးဆိုင်ထဲမှနေ ကပျာကယာ ထွက်လာလေ၏။ အိမ်ရှေ့၌ စျေးဆိုင်းသေးလေး တစ်ခုကို ဖွင့်ထားလျက် လုပ်ကိုင်ရှာဖွေခဲ့သည်မှာ ရွာသို့ ရောက်ရှိခါစ၌ပင်။
” ဪ… စောသ၊ လာလေကွယ် ”
” ဟုတ်ကဲ့ ဒေါ်လေး… ”
ဤသည်နှင့် ကျွန်ုပ်လည်း ခြံတံခါးကို ဖွင့်ပြီး ဝင်သွားတော့၏။
” ငမျိုးရော… ဒေါ်လေး ”
” မင်း သူငယ်ချင်းက အခုထိ အိပ်ရာက မထသေးဘူးကွယ့် ”
” ဟုတ်လား… ၈နာရီတောင် ထိုးပြီးပြီလေ၊ နေမြင့်နေပြီကို… အခုထိ မထသေး ”
” ဟုတ်တယ် စောသရေ… ဆယ်တန်း စာမေးပွဲ ဖြေပြီးကတည်းက အိပ်တာ အိပ်တာ၊ ဒါနဲ့… သန်ဘက်ခါဆိုပဲ အောင်စာရင်း ထွက်တော့မယ်မို့လား ”
” ဟုတ်တယ် ဒေါ်လေး… အခုလည်း ကျောင်းမှာ လုပ်စရာလေးတွေ ရှိနေတာ၊ ဆရာကြီးက လာကူညီပေးကြပါဦး ပြောလို့ အဲ့ဒါ… ငမျိုးကို လာခေါ်တာ ဒေါ်လေးရဲ့ ”
ကျွန်ုပ်၏ စကားကြောင့် ဒေါ်ထားဇင်တစ်ယောက် မျက်စိမျက်နှာ ပျက်သွားသည်။ ဘာကြောင့်ရယ် ကျွန်ုပ် မသိ။ တစ်ဆက်တည်းတွင်ပဲ
” မရပါဘူး… ”
ဟူ၍ ဒေါ်ထားဇင်သည် မျက်မှောင်ကြုတ်လျက် ဆတ်ခနဲ ပြန်ပြောလေ၏။
” ဗျာ… ”
ကျွန်ုပ် တွေဝေသွားရသေး၏။
” ဟို… ဟိုဟာလေ… သားက စျေးဆိုင်အတွက် လိုအပ်တဲ့ ကုန်လေးတွေကို သွားဝယ်ရဦးမှာ စောသရဲ့၊ သူ မအားဘူး… တခြား သူငယ်ချင်းတွေကိုသာ ခေါ်သွားပါနော် ”
” ဪ… ဟုတ်ကဲ့ ဒေါ်လေး ဟုတ်ကဲ့၊ ဒါဆို… ကျွန်တော် ပြန်လိုက်ပါဦးခင်ဗျ ”
” အေးအေး စောသ… ဂရုစိုက်ပြန်ဦး ”
” ဟုတ်ကဲ့… ”
ဤသည်နှင့် ကျွန်ုပ်လည်း ဒေါ်ထားဇင်၏ ခြံဝန်းထဲမှနေ ခပ်သုတ်သုတ် လှည့်ထွက်လာတော့သည်။ ကျွန်ုပ်သိ၏။ ဒေါ်ထားဇင် ဆိုသူသည် သူမ၏သား ကျော်ဇင်မျိုးကို တစိုးတစေ့မျှ အပင်ပန်း မခံစေချင်ပေ။
စျေးကုန်များကိုလည်း ကျော်ဇင်မျိုးအား ဘယ်သောအခါ၌မှ မဝယ်ခိုင်းချေ။ ဒေါ်ထားဇင် မည်မျှ ပင်ပန်းနေစေမူ သူမ ဘာသာ ဝယ်ခြမ်း၊ လုပ်ကိုင်သူပင်။ သူမ လိမ်ညာ ပြောမှန်း သိသဖြင့် ကျွန်ုပ်လည်း အလိုက်တတ်သိပဲ လှည့်ထွက်လာခဲ့ခြင်း ဖြစ်၏။
ဒေါ်ထားဇင်တစ်ယောက် ကျော်ဇင်မျိုး အပေါ် ထားရှိသည့် မေတ္တာ၊ စေတနာတို့ကို နားလည် သဘောပေါက်၍ ကျွန်ုပ် ပီတိ ဖြာမိသွားသေး၏။ နောက်နှစ်ရက်မြောက်နေ့၊ ဆယ်တန်း အောင်စရင်း ထွက်မည့်နေ့သို့ ရောက်လာလေပြီ။
ကျဆိမ့် မကြိုက်တတ်သူ ကျွန်ုပ်ကတော့ ပုံမှန် ရိုးရိုးသာ အောင်ပါ၏။ မြောက်ကြွ မြောက်ကြွနှင့် ခေါင်းမော့ ရင်ကော့ကာဖြင့် ရွာရိုးကိုးပေါက် လှည့်လည် သွားလာရင်းမှ ဒေါ်ထားဇင်၏ ခြံရှေ့သို့ ရောက်လေပြီ။
” ငမျိုးရေ… ငမျိုး၊ ဟေ့ ငမျိုး… ”
ခေတ္တ ကြာသည်အထိ မည်သူမျှ ပြန်မထူးကြပေ။
” ဒီ သားအမိနှစ်ယောက် အောင်စရင်း သွားကြည့်ကြတာ ပြန်မလာကြသေးဘူး ထင်တယ် ”
ဟု ကျွန်ုပ် တွေးမိသေး၏။ ဤသို့ဖြင့် ကျွန်ုပ်လည်း ထိုခြံဝန်းရှေ့မှ လှည့်ထွက်သွားတော့မည့်ဟန်။ ထိုအခါ လူတစ်ယောက်၏ ငိုညည်းသံကို သဲ့သဲ့လေး ကြားလိုက်ရ၍ ကျွန်ုပ် အံ့သြသွားလျက် အာရုံစိုက်ကာဖြင့် နားစွင့်နေတော့သည်။
ငိုသံသည် စျေးဆိုင်ထဲမှ လာသည်ကို ကျွန်ုပ် သတိထားမိ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ချက်ချင်းပဲ ခြံအပြင်မှနေ စျေးဆိုင်ထဲသို့ လှမ်းကြည့်လိုက်၏။
” ဟင်… ဒေါ်လေး ”
မှန်၏။ ဒေါ်ထားဇင်တစ်ယောက် ဒူးကလေး ကျုံ့လျက် တရှုံ့ရှုံ့နှင့် ငိုနေခြင်းပင်။ မျက်လုံးများမှာမူ နီအစ်နေသဖြင့် ငိုထားသည်မှာ ကြာနေပုံရ၏။
” စော… စောသ ”
ကျွန်ုပ်၏ အံ့သြသံနှင့်အတူ ကျွန်ုပ်ကိုပါ ကြားမြင်လိုက်ရ၍ ဒေါ်ထားဇင်လည်း အနည်းငယ် ထိတ်လန့်သွားရသေး၏။ အဘယ်ကြောင့်မှန်း မသိ။ သူမ၏ မဝံ့မရဲ အကြည့်ကြောင့် ကျွန်ုပ် မျက်ရည်အဝိုင်းသားပင်။ ထို့နောက် ကျွန်ုပ်လည်း ခြံတံခါးကို အမြန်ဖွင့်ပြီး ထိုစျေးဆိုင်ထဲသို့ ပြေးဝင်သွားလေ၏။
” ဘာ… ဘာဖြစ်တာလဲဟင် ဒေါ်လေး ”
ဒေါ်ထားဇင်သည် ကျွန်ုပ်၏ အမေးကို အချိန် အတော် ကြာသည်အထိ ပြန်မဖြေခဲ့ချေ။ တရှုံ့ရှုံ့နှင့်သာ ငိုနေစမြဲ။ ကျွန်ုပ်လည်း မကောင်းတတ်၍ ထပ်မေးမနေဘဲ သူမ ပြောမည့် စကားကိုသာ နားစွင့်နေတော့၏။
” စာမေးပွဲ အောင်လား… စောသ ”
မျက်ရည်များကို သုတ်ပြီး ကျွန်ုပ်အား ဖြေးညင်းစွာ မေးလိုက်၏။ ဒေါ်ထားဇင်၏ ထိုအမေးနှင့်ပင် သူမ ငိုနေရခြင်း အကြောင်းအရင်းကို ကျွန်ုပ် ကောင်းစွာ သဘောပေါက်လိုက်၏။ ကျော်ဇင်မျိုး တစ်ယောက် စာမေးပွဲ ကျသွားခြင်းကြောင့်ပင်။
ကျော်ဇင်မျိုးသည် ဉာဏ်ကောင်းသူ ဖြစ်သော်ငြားလည်း အပေါင်းအသင်းမှား၍ စာဘက်သို့ အာရုံမစိုက်နိုင် ဖြစ်နေသည်ကို ကျွန်ုပ် အသိဆုံးပါ။ သူငယ်ချင်းတစ်ယောက်အနေနှင့် သူ့ကို စာလုပ်ဖို့၊ စာကြိုးစားဖို့ ပြောပြခဲ့ပါသေး၏။
သို့သော် ကျော်ဇင်မျိုးသည် ကျွန်ုပ်၏ စကားကို နားမထောင်သည့်အပြင် ကျွန်ုပ်ကိုယ်၌ကလည်း ဖြောင်းဖျ ပြောဆိုမှု အားနည်းခဲ့ပါ၏။ ကျွန်ုပ်သာ စာမေးပွဲအောင်ပါသည်ဟု ပြန်ဖြေလျှင် ဒေါ်ထားဇင်တစ်ယောက် ပို၍ ဝမ်းနည်းရမည်စိုးသဖြင့်
” ကျွန်တော်… ကျွန်တော် ကျပါတယ် ဒေါ်လေး ”
ဟု လိမ်ပြောလိုက်၏။
” ဒေါ်လေးကို မညာပါနဲ့ စောသရယ်… ဒေါ်လေး သိပါတယ် ”
ဟု ဆိုလျက် သားဖြစ်သူ ကျော်ဇင်မျိုးကို သတိရမိသွားသယောင်။ ဒေါ်ထားဇင် ထပ်ကာ ငိုကြွေးပြန်၏။ ထိုအခါ ကျွန်ုပ်လည်း သူမ၏ လက်ကို အသာအယာ လှမ်းကိုင်လိုက်ပြီး
” သိပ်လည်း ဝမ်းနည်းမနေပါနဲ့ ဒေါ်လေးရယ်၊ ဒီနှစ် မအောင်… နောက်နှစ်ပေါ့ဗျ၊ ငမျိုး… စာလုပ်အောင် ကျွန်တော် တိုက်တွန်းပေးပါ့မယ် ”
ဟု ဆိုလျက် နှစ်သိမ့်ပေးရလေ၏။
” ဒေါ်လေး… သူ့ကို ကောင်းကောင်း မထိန်းကွပ်နိုင်ခဲ့ဘူးကွယ်၊ ဒေါ်လေး သူ့ကို ချစ်လွန်းလို့ အလိုလိုက်ခဲ့မိတာ… အခုတော့ ဒေါ်လေးရဲ့ မိုက်ပြစ်တွေကြောင့် သားလေး စာမေးပွဲကျရပြီ… ”
ဒေါ်ထားဇင်ကတော့ အငိုမပြတ်ဘဲလျက် ဆက်ပြော၏။
” မဟုတ်တာပဲ ဒေါ်လေးရယ်… ဒေါ်လေးရဲ့ အပြစ် မဟုတ်ပါဘူးဗျ၊ ဒေါ်လေးက ငမျိုးရဲ့ အမေအရင်း မဟုတ်ပေမယ့် အမေအရင်းထက် ပိုပြီးတော့ သူ့ကို ချစ်ပေးတာ၊ ကြင်နာယုယပေးတာ… ကျွန်တော်တို့ တစ်ရွာလုံး အသိပါပဲဗျာ ”
” သားလေးကို နှစ်မိပြီ စောသရယ်… ဒေါ်လေးရဲ့ သားကို ဒေါ်လေးကိုယ်တိုင် နွံထဲ ဆွဲချမိခဲ့ပြီ၊ ဒေါ်လေး သိပ်မှားတယ်ကွယ်… သိပ်မှားတယ် ”
ဆိုလျက် ဒေါ်ထားဇင်သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့် တဘုန်းဘုန်း ရိုက်ထုကာ ငိုပြန်လေ၏။
” တော်ပါတော့ ဒေါ်လေးရယ်… တော်ပါတော့ ”
ကျွန်ုပ်လည်း သူမ၏ လက်ကို မနည်း ဖမ်းယူ ဆွဲလိုက်ရသေးသည်။
” အမေ့ကို ခွင့်လွတ်ပါ သားလေးရယ်… အမေ့ရဲ့ ဆိုဆုံးမမှု ညံ့ဖျင်းခဲ့လို့ ငါ့သားလေး အခုလို ဖြစ်ရတာ၊ ဟောဒီက… အမိုက်မ မွေးစားမအေကြီးကို ခွင့်လွတ်ပါကွယ် ”
ကျွန်ုပ် မည်ကဲ့သို့မျှ မခံစားနိုင်တော့၍ မျက်ရည်ကျမိလာတော့၏။ ဒေါ်ထားဇင်၏ ကျော်ဇင်မျိုးအပေါ် အလိုလိုက်မှု၊ ဆိုဆုံးမမှု အားနည်းခဲ့သည်က တစ်ကြောင်း၊ ကျော်ဇင်မျိုးတစ်ယောက် ပညာရေးဘက်သို့ အာရုံမစိုက်မိခဲ့သည်က တစ်ကြောင်းကြောင့် ကျော်ဇင်မျိုးစာမေးပွဲ ကျရခြင်း ဖြစ်သည်ဟု ကျွန်ုပ် တွေးမိသေး၏။ ကျွန်ုပ်၏ အတွေးသည် တစ်ခုသော အသံကြောင့် ပျက်ပြယ်သွားရ၏။
” အမေ… ”
ဟု အော်ပြောလျက် ကျော်ဇင်မျိုးသည် ငိုယိုကာဖြင့် ဒေါ်ထားဇင်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။
” သား တောင်းပန်ပါတယ် အမေရယ်… သားကို ခွင့်လွှတ်ပါ၊ မွေးစား အမေဆိုပြီး အမေ့အပေါ်မှာ ဆိုးခဲ့မိုက်ခဲ့ တာတွေအတွက် သား တောင်းပန်ပါတယ်၊ အမေက… သားရဲ့ အမေအရင်းပါပဲဗျာ၊ ဝမ်းနဲ့လွယ်ပြီး မမွေးပေးခဲ့ပေမယ့် သားအတွက်တော့ တုနှိုင်းမဲ့တဲ့ အမေပါ ”
အစောနက ကျွန်ုပ်နှင့် ဒေါ်ထားဇင်တို့နှစ်ယောက် ပြောနေကြသည့် စကားများကို ကျော်ဇင်မျိုး ကြားသိသွားပုံ ရ၏။
” သားရယ်… ”
ဒေါ်ထားဇင်လည်း ကျော်ဇင်မျိုး၏ ခေါင်းကို အသာအယာ ပွတ်သပ်ကာဖြင့် ငိုကြွေးပြန်လေသည်။
” အရင်က အမေ့ရဲ့ စေတနာ၊ မေတ္တာတွေကို သား လျစ်လျူရှုခဲ့မိတယ်… အခုတော့ နားလည်ပါပြီ အမေရယ်၊ သား နားလည်သွားပါပြီ… သား စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်အောင် ပြန်ဖြေမယ်နော်… အမေ ဂုဏ်ယူရမယ့် သားကောင်း ဖြစ်အောင် ကြိုးစားပါ့မယ် ”
” အေးပါကွယ် အေးပါ၊ ကဲ သား… မငိုနဲ့တော့နော် တိတ်တော့… ”
ဆိုကာ ဒေါ်ထားဇင်သည် ကျော်ဇင်မျိုး၏ ပါးပြင်ထက်မှ မျက်ရည်များကို သုတ်ပေးလေ၏။ ထိုအခါ ကျွန်ုပ်၏ ရင်ထဲ၌ အေးခနဲ ခံစားသွားလိုက်ရသည်။ ချက်ချင်းပဲ
” ဒေါ်လေး… ကျွန်တော် ပြန်တော့မယ်ခင်ဗျ၊ ငမျိုး…ငါ ပြန်တော့မယ် ”
ဟူ၍ ကျွန်ုပ် ပြုံးပြလျက် ပြောလိုက်၏။
” ဪ… အေးအေး စောသ ”
” နေ့လယ်ကျရင် စာအုပ်တွေ… လာယူမယ်နော် စောသ ”
” ရတယ် ငမျိုး… ငါ စာအုပ်တွေကို စုထားလိုက်မယ် ”
ကျော်ဇင်မျိုးကတော့ ခေါင်းသာ ညိတ်ပြလိုက်၏။ ထို့နောက် ကျွန်ုပ်လည်း အိမ်သို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့၏။ နောက်တစ်နှစ်ခန့် ကြာပြီးသကာလ ဆယ်တန်း အောင်စရင်း ထွက်မည့်နေ့သို့ ရောက်လာလေပြီ။
ကျွန်ုပ်၊ ဒေါ်ထားဇင်နှင့် ကျော်ဇင်မျိုးတို့ သုံးယောက်သား အောင်စရင်း ကြည့်ကြရန် ကျောင်းသို့ သွားကြကုန်၏။ တဒင်ဂလေး၌ပင် တဆူဆူ တညံညံနှင့် ကျောင်းသူ၊ ကျောင်းသားများ အကြားတွင် အလွန်ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားရ၏။
” ငါ့သား စာမေးပွဲ အောင်တယ်ဟေ့… ”
ကြားရသည်နှင့်ပင် ထိုအသံသည် ဒေါ်ထားဇင်၏ အော်ပြောသံမှန်း ကျွန်ုပ် သိလိုက်၏။ ကျွန်ုပ်လည်း ထိုလူအုပ်ဘက်သို့ လှည့်ကြည့်လိုက်သော် ဒေါ်ထားဇင်သည် ကျော်ဇင်မျိုးအား ပွေ့ချီထားနေ၏။
” ဂုဏ်ထူး ၅ ဘာသာတောင်ဟေ့… အမေ့ သားလေး စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်တယ်ဟေ့… ”
ဒေါ်ထားဇင်တစ်ယောက် အပျော်လွန်၍ ငိုယိုလျက် အော်ပြောနေခြင်းပင်။ ကျော်ဇင်မျိုးကိုလည်း ပွေ့ချီထားဆဲ ဖြစ်၏။ ဘေးနားက လူအများလည်း တပြုံးပြုံးဖြင့် ဝမ်းသာပီတိဖြာသွားကြရ၏။ ဒေါ်ထားဇင်၏ ပဲ့ကိုင်ပေးမှု၊ ကျော်ဇင်မျိုး၏ ကြိုးစားအားထုတ်မှုတို့ကြောင့် အောင်မြင်မှု အသီးအပွင့်တို့ကို ခံစားနေရလေပြီ။
အမျိုးသမီးတိုင်းသည် ဒေါ်ထားဇင်ကဲ့သို့ ရဲရင့်နိုင်မည် မဟုတ်ချေ။ သွေးမတော် သားမစပ်သည့် ကလေးတစ်ယောက်ကို ကောက်ယူမွေးစားနိုင်သည်နှင့်ပင် သူမ၏ သတ္တိအား မချီးကျူး၍ မနေနိုင်ပေါင်။
မိခင်မေတ္တာ အပြည့်အဝ ပေးနိုင်ခဲ့၏။ ယခုဆိုလျှင် ကျော်ဇင်မျိုး၏ အနာဂတ်ဘဝ တောက်ပဖို့ရန် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့လေပြီ။ ထိုနေ့က ဒေါ်ထားဇင်၏ မျက်ရည်လည်ရွဲအပြုံးကို ယနေ့ထိတိုင် ကျွန်ုပ် မှတ်မိ မြင်ယောင်နေပါသေးသည်။
ကြိုးစားသွားပါဦးမည်။ စာရေးသူ၊ စာဖတ်သူများကို အစဥ် လေးစားလျက် …