* ရမ္မက်ဘီလူး*📖📖📖
________________________
အခန်း၁။
နံနက်ခင်း စောစော၌ ‘အောင်ကောင်းကျော်’ အိမ်ဆောက်ပစ္စည်း သိုလှောင်ရေး ဂိုဒေါင်ဝင်း၏ အုတ်တံတိုင်း အရှေ့ရှိ မြေကွက်လပ်တွင် လူဆယ့်လေးငါးယောက်ခန့် စုရုံးနေကြသည်။ သူတို့သည် အုတ်တံတိုင်းနှင့် ကုက္ကိုပင်အကြားက လူသေအလောင်းတခုကို ဝိုင်းအုံ စပ်စုနေကြခြင်း ဖြစ်သည်။
” ကျွတ်ကျွတ် သနားပါတယ်၊ ငယ်ငယ်လေးနဲ့ ဘယ်လိုဖြစ်ရတယ်မသိပါဘူး ၊ အသက်က ၁၀နှစ် ၁၁နှစ်လောက် ရှိအုံးမှာ “
” ဟုတ်ပါ့တော်၊ ဒီအရွယ်ကလေးကို ဘာအငြိုးနဲ့များ ရက်ရက်စက်စက် သတ်ရက်ပါလိမ့် ၊ မတော်တရားများ လုပ်ထားကြလား မသိဘူး ၊ မျက်နှာမှာလဲ အညိုအမည်းတွေ စွဲလို့ “
“အိုအေ … ဒါပဲ ရှိမှာပေါ့၊ ခေတ်ကာလက ဆုတ်ကပ်ဆိုက်နေပြီလေ။ လူတွေက လူစိတ် မရှိကြတော့ဘူး ၊ ကလေးမလေး သနားလိုက်တာအေ “
ထိုအမျိုးသမီးကြီး နှစ်ဦးသည် သေဆုံးနေသော အသက် ၁၁နှစ်အရွယ် အမည်မသိ ကလေးမလေးတဦးရဲ့ အလောင်းအနေအထားကို ကြည့်၍ ဝေဘန်ပြောဆိုနေကြခြင်း ဖြစ်သည်။
” ကဲ ကဲ မဆိုင်တဲ့သူတွေ ဘေးဖယ်ကြပါ။ ကိုယ့်အိမ်ကိုယ်ပြန်ကြပါ။ ကလေးမလေးကို သိရင်တော့ ဒီက ပုလိပ်(police)အရာရှိကြီးများကို လာပြီး သတင်းပေးနိုင်ပါတယ် “
ရပ်ကွက်လူကြီးနှင့် ပုလိပ်သားတို့ ရောက်လာပြီဖြစ်ရာ ၊ လူအချို့သည် မေးမြန်းခံရမည်ကို မနှစ်မြို့၍ ခပ်သုတ်သုတ်ဖြင့် ထွက်သွားကြလေ၏။
တချို့မှာ စပ်စပ်စုစု ကျန်ရစ်ခဲ့ပြီး၊ ပုလိပ်များကို အကဲခတ်လျက် ရှိကြကုန်၏။ပုလိပ်သားတို့်မှာ ၎င်းတို့အပိုင်နယ်မြေထဲ ဖြစ်ပွားသည့် လူသတ်မှုဖြစ်သဖြင့် စိတ်ရှုပ်နေကြဟန်တူ၏။ငြီးငြီးငြးငြူ ရှိနေကြသည်။ဤနယ်မြေသည် ယခင်က ခိုးမှု ၊ လုယက်မှု၊ အိမ်ကျော်နင်းမှုလေါက်သာ ဖြေရှင်းပေးနေရသော အလွန် အေးချမ်းသော နယ်မြေဖြစ်လေ၏။
များမကြာမီ အော်စတင်ကားအနက်တစီး ထိုနေရာသို့ ဆိုက်ရောက်လာသည်။ ကားပေါ်မှ အရပ်မြင့်မြင့် လူတစ်ယောက်၊ ဝမ်းဗိုက်အနည်းငယ် ရှေ့သို့ ဆူဖြိုးထွက်နေသော ခပ်ဝဝ လူတယောက် ၊ အရပ်ပုပြတ်ပြတ်နှင့် မျက်နှာထား အလွန်တင်းမာသော လူတယောက် ၊ ပေါင်း ၃ယောက် ဆင်းသက်လာကြသည်။
ထိုလူသုံးယောက်တွင် ထင်ရှားသောသူမှာ အရပ်မြင့်မြင့် သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော သူဖြစ်၏။၎င်းသည် ဖြူဆွတ်နေသော ကော်လံပါရှပ်အင်္ကျီနှင့် စတိုင်ဘောင်းဘီကို တွဲလျက်ဝတ်ဆင်ထားသည်။ အသားခပ်လတ်လတ် ရှိသည်။ မျက်နှာမှာ အေးဆေးတည်ငြိမ်ဟန် အပြည့်ရှိလေ၏။ ၎င်းသည် စီအိုင်ဒီရုံးမှ ဆပ် အင်စပက်တာ ဟုခေါ်သော အက်စ်အိုင်ပီ(SIP) လက်ထောက်ပုလိပ်အရာရှိ ဘခက် ဖြစ်လေ၏။
အက်စ်အိုင်ပီဘခက်၏ ဘေးက ဗိုက်စူစူနှင့်ပုဂ္ဂိုလ်သည် ၎င်း၏ အထက်အရာရှိ အင်စပက်တာ (IP) ရဲခေါင်ဖြစ်ပြီး ၊ မျက်နှာထား ခပ်တင်းတင်းနှင့် အရပ်ပုသော လူမှာလည်း အင်စပက်တာ အိုင်ပီမောင်မောင်ကြီးပင် ဖြစ်လေ၏။
စီအိုင်ဒီက လာတယ်ဆိုတော့ ဂတ်(ရဲစခန်း)အပိုင် ဌာန(စခန်း)မှုးက ထွက်ကြို၏။ အိုင်ပီရဲခေါင်နှင့်အိုင်ပီမောင်မောင်ကြီးကိုတော့ ဌာနမှုး ဦးတင်စန်းက ရင်းနှီးပြီးသားဖြစ်ပေမယ့်၊ အက်စ်အိုင်ပီ ဘခက်ကိုတော့ အခုမှပဲ တွေ့ဖူးပုံရသည်။ အရပ်မြင့်မြင့်နှင့် အလွန်ကြည့်ကောင်းသော ဘခက်ကို ငေးမောရင်း …
” ဦးရဲခေါင် … သူက ဘယ်သူလဲဗျ “
” အက်စ်အိုင်ပီ ဘခက်တဲ့ ၊ တလောကပဲ ရန်ကုန် တာမွေဂတ်ကနေ စီအိုင်ဒီကို ပြောင်းလာတာဗျ။ အမှုစုံစမ်းတဲ့နေရာမှာတော့ အင်မတန် ဘီးစိပ်ကျသတဲ့ဗျို့ ၊ စောင့်ကြည့် ဦးတင်စန်းရေ ၊ ပုလိပ်မင်းကြီးအထိ နားပေါက်တဲ့ လူတော်လို့ ပြောကြတယ်။ ကျုပ်လဲ သူနဲ့ အခုမှ အလုပ်စလုပ်ဖူးတာ ၊ လူကတော့ လူချောလူခန့်ဗျ၊ သူမှန်တယ်ထင်ရင် ဘုရင်ခံတောင် ပြန်ပြောဝန့်သတဲ့လေ ၊ ဟုတ် မဟုတ်တော့ စောင့်ကြည့်ကြတာပေါ့ “
ဤတွင် အိုင်ပီဦးမောင်ကြီးက …
” လေလုံးထွားတာ နေပါလိမ့်မယ် အိုင်ပီရယ် ၊ သူလဲ ဘာမို့လို့လဲ ၊ ကျုပ်တို့ ခင်ဗျားတို့လို သင်ရိုးစာအုပ်ကြီးအတိုင်း သဲလွန်စရှာ၊ မသင်္ကာဘူးထင်တဲ့လူ ဖမ်းပြီး ရိုက်စစ်၊ ပြီးတော့ အမှုတွဲတင် ၊ ဒါပဲနေမှာပါ ။ သိပ်ပြီး အထင်ကြီး မနေစမ်းပါနဲ့ဗျာ “
မိန်းမ မီးဖွား၍ ခွင့်ရက်ရှည် ယူထားရာမှ အလုပ်ပြန်ဝင်လာသော အိုင်ပီဦးမောင်ကြီးက ကိုယ့်အောက်ကလူကို ချီးမွှမ်းခန်း ဖွင့်နေသော အိုင်ပီ ဦးရဲခေါင်၏ စကားကို ဘဝင်မကျဟန်နှင့် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
အိုင်ပီရဲခေါင်ကတော့ ဦးမောင်ကြီး၏ စကားကို ခွန်းတုံ့တင် ပြန်မပြောပဲ ပြုံးရုံသာ ပြုံးပြလိုက်ပြီး ၊ အက်စ်အိုင်ပီ ဘခက် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ဘခက်သည် သေသူ ကလေးမလေးအနီး ဒူးထောက်၍ အလောင်းကို စေ့စေ့စပ်စပ် ကြည့်နေသည်။
သေသူ ကလေးမလေး၏ လည်ပင်း၌ ဖောင်တိန်ချောင်း အရွယ်အစားမျှ ကြိုးသေးသေးရှည်ရှည်တချောင်း ရစ်ပတ်လျက် ရှိသည်။ ထိုကြိုးကြောင့် သေဆုံးသည်ဟု ထင်မှတ်ယူစရာ ရှိလေ၏။
အက်စ်အိုင်ပီဘခက်သည် ကြိုး၏ အရင်းအဖျားကို အသေအချာ စစ်ဆေးသည်။
တဖန် ကလေးမလေး၏ ပါးစပ်ပေါက်ကို ဖြဲကြည့်ပြန်သည်။ ဦးခေါင်းပေါ်မှ ဆံပင်များကိုလည်း ဖြဲ၍ ဒဏ်ရာ ရှိ မရှိ စစ်ဆေးသည်။
ဒူးပေါ်ပေါင်ပေါ်အနေအထားကြောင့်၊ ခန္ဓာကိုယ် အောက်ခြေဖြစ်သော ခြေသလုံးကို စစ်ဆေးသည်။ ပြီးလျင် ပတ်ဝန်းကျင် အနေအထားကို အကဲခတ်၏။
အလောင်းသည် လမ်းမဘက်မှ ကြည့်လျင် တော်ရုံ မြင်နိုင်ဖို့ မလွယ်။ ကုက္ကိုပင်ပင်စည်က ကွယ်နေ၏။ ပြီးတော့ ညာဘက်၌ စွန့်ပစ်အမှိုက်ပုံကြီးက လူ့တရပ်မက မြင့်မားစွာ ရှိနေသည်။ လူသတ်သမားသည် ညအချိန်၌ ထိုအခွင့်အရေးကို အသုံးချသွားခဲ့ပုံရသည်။
အက်စ်အိုင်ပီဘခက်၏ မျက်လုံးက အမှိုက်ပုံနှင့် မလှမ်းမကမ်း၌ ရှိသော ရွှံ့ရေအိုင်လေးပေါ်သို့ အကြည့်ရောက်သွားသည်။ ၂ပေခန့်အကျယ်ရှိသော ရွံ့ရေအိုင်ငယ်လေး အပေါ်မှာ ကြက်ပေါင်ဖိနပ်တဖက်သည် မှောက်လျက်သား ပေါ်လော်ပေါနေ၏။
ဘခက် ထိုဖိနပ်ကို တုတ်ချောင်းတချောင်းဖြင့် ထိုးယူ ကော်ဆယ်လိုက်သည်။ ဖိနပ်မှာ ဆိုဒ်အနည်းငယ် သေး၏။ ဖိနပ်သည် ရွံ့စေးများ လူးကျံနေ၏။
အက်စ်အိုင်ပီ ဘခက်သည် ရွှံ့ရေအိုင်ထဲကို တုတ်ချောင်းဖြင့် ထိုးကြည့်သည်။ အောက်ခြေ ရွံ့စေးများမှာ ၇လက်မခန့် ထူထဲကြောင်း တွေ့ရသည်။ အက်စ်အိုင်ပီဘခက် မတ်တတ်ထရပ်၍ လမ်းပေါ်ကို တချက်ကြည့်ပြန်သည်။
ခြေလှမ်း လေးငါးလှမ်းလောက် အကွာအဝေး၌ အမျိုးအစားတူ ဖိနပ်တဖက်ကို တွေ့ရပြန်သည်။ ထိုဖိနပ်တဖက်ကို ကောက်ယူ၍ ကြည့်သည်။ ရွံ့စေးများ မတွေ့ရ။ သို့သော် ဖိနပ်နံပတ်တူ၏။ အမျိုးအစားနှင့် အရောင်တူ၏။ ထို့ကြောင့် ဤဖိနပ်တဖက်သည် ရွံ့ရေအိုင်ပေါ် ပေါလောပေါ်နေသော ဖိနပ်နှင့် တရံတည်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချကာ သိမ်းဆည်းလိုက်သည်။
ပြီးနောက် အက်စ်အိုင်ပီဘခက် အမှိုက်ပုံနား လာ၍ ဝေ့လည်လည် လုပ်နေသော ကောင်လေးရှိရာသို့ လျှောက်သွားပြန်သည်။ ထိုကောင်လေးကို သူက ပိုက်ဆံ တမူးပေးရင်း စကားအနည်းငယ် ပြောလိုက်သည်။ ကောင်လေးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဘခက်ပြောသမျှကို မှတ်ယူ နားထောင်နေပြီး ဘခက်ပေးသော ပိုက်ဆံ တမူးကို ယူ၍ ထိုနေရာမှ အပြေးထွက်သွားသည်။
အက်စ်အိုင်ပီဘခက်သည် အလောင်းနှင့်ပတ်ဝန်းကျင်ကို ကျေနပ်လောက်အောင် ထပ်မံစစ်ဆေးပြီးသည်နှင့် အိုင်ပီရဲခေါင်တို့ကို လှမ်းကြည့်လိုက်သည်။
အိုင်ပီရဲခေါင်သည် ကားအနီးတွင် အပိုင်ဂတ်စခန်းက ပုလိပ်အရာရှိ ဦးတင်စန်းနှင့် စကားပြောနေပြီး၊ အိုင်ပီဦးမောင်ကြီးကိုတော့ မမြင်တွေ့ရပေ။ သို့ဖြင့် ၎င်းတို့ရှိရာသို့ လျှောက်သွားပြီး …
” အိုင်ပီရေ … ကိုမောင်ကြီးရော မမြင်ပါလား ၊ ဘယ်ကို ထွက်သွားတုန်းဗျ “
အိုင်ပီရဲခေါင်က ပုခုံးကို ဟန်ပါပါတွန့်ပြရင်း …
” ပုလိပ်သား တယောက်ခေါ်ပြီး ဂိုဒေါင်ဝင်းထဲ ဝင်သွားတာ မြင်လိုက်တယ်ဗျ ၊ အပေါ့အပါးများ သွားသလား မပြောတတ်ပါဘူး “
အိုင်ပီရဲခေါင်၏ စကားအဆုံး၌ ဆူပူငေါက်ငမ်းသံ ခပ်ကျယ်ကျယ်ကြားလိုက်ရ၍ သူတို့သည် လှည့်ကြည့်လိုက်ကြသည်။
ဂိုဒေါင်ဝင်းထဲမှ လူတယောက်ကို အိုင်ပီဦးမောင်ကြီးနှင့် ပုလိပ်သားတို့သည် လက်ထိပ်ခတ်ခေါ်လာကြသည်ကို တွေ့လိုက်ကြရသည်။ အိုင်ပီမောင်ကြီးက ထိုလူအား ဆဲဆိုငေါက်ငမ်းနေခြင်း ဖြစ်သည်။ လက်ထိတ်ခတ်ထားခံရသူမှာ ငိုကြီးချက်မဖြင့် တောင်းပန်ငြင်းဆိုနေရှာ၏။
အိုင်ပီဦးမောင်ကြီးသည် သူတို့အနား ရောက်သည်နှင့် …
” ကဲ … ဦးတင်စန်းရေ ၊ ကျုပ်တော့ တရားခံကို ဖမ်းခဲ့ပြီ ၊ ဂတ်သာ ခေါ်သွားတော့ ၊ ဟိုရောက်မှ ဒီအကောင်ကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ဆုံးမပြီး ၊ ဝန်ခံခိုင်းလိုက်တော့ဗျာ ၊ သေချာပါတယ် ဒီကောင် ကလေးမလေးကို စော်ကားဖို့ ကြံရွယ်ရင်း လက်လွန်သွားတယ်ဆိုတာ ၊ ဟေ့ကောင် ရန်ကနား မင်း ဝန်ခံလိုက်စမ်း ၊ လုပ်ရဲရင် ခံရဲရမှာပေါ့ကွ “
ရန်ကနားမှာ အသားမည်းမည်း အရပ်ပိန်ရှည်ရှည်နှင့် မအူမလည်ရုပ်ရှိသည်။ ငိုမဲ့မဲ့ဖြစ်နေသော ရန်ကနားက၊
” ဟာရေး ဆရာဂျီး ၊ ရန်ကနားနော် ရိုးရိုးသားသား ညစောင့်လုပ်စားဒယ်၊ ခြံထဲကနေ ခြံအပြင် တညလုံး မထွက်ရဘူး။ ဂိုဒေါင်လုံခြုံရေးကိုပဲ ရန်ကနား ဦးစားပေးပါတယ် ဆရာကြီး
အပြင်မှာ လူသေဒယ်၊ ရန်ကနား မသိဘူး ဆရာကြီး ၊ ရန်ကနားမှာ မိန်းမနဲ့ ကလေးရှိဒယ်။ ရန်ကနား လူမသတ်ဘူး ။ အပြစ်မလုပ်ထားပါဘူး ဆရာကြီးရယ် ၊
မယ်တော်လပ်ခ်ျမီးဆီမှာ ကျိန်ဆို ကျိန်ဝန့်ပါဒယ်။ ရန်ကနားကို လွှတ်ပေးပါ ဆရာကြီး ၊ ဟာရိုးရိုး မယ်တော်ကြီးရေ ရန်ကနားကို ကယ်ပါအုံး “
ရန်ကနားက သနားစဖွယ် လက်အုပ်ကလေးချီ၍ တောင်းပန်နေရှာ၏။ သို့သော် အိုင်ပီမောင်ကြီးက တရားခံကို သနားစရာမလိုဟု စွဲမှတ်ထားသူဖြစ်ရာ ၊ ငါကိုင်တုပ်၍ ဆဲဆိုရင်း သူ၏ လက်ကြီးဖြင့် ရန်ကနား ဂုတ်ပိုးအား မညှာမတာ ရိုက်နှက်လေ၏။ ရန်ကနားက ငို၊ အိုင်ပီမောင်ကြီးက ငေါက်ငမ်းနဲ့ လူအများက ဝိုင်းအုံ လာကြသည်။ သို့နှင့် ဌာနာမှုး ဦးတင်စန်းလည်း ရန်ကနားကို ဂတ်ကို ခေါ်သွားရန် ပုလိပ်သားအား အမိန့်ပေးလိုက်လေ၏။ ရန်ကနားခမျာ မျက်လုံးလေး ကလယ်ကလယ်နှင့် ဂတ်သို့သာ ပါသွားရလေတော့သည်။
ထိုအခါမှ အိုင်ပီမောင်ကြီးက သူတို့ဘက်လှည့်ခါ ၊
“ဟဲဟဲ … ဒီလို အမှုလောက်ကတော့ အိုင်ပီမောင်ကြီးတို့အတွက်က ထမင်းစားရေသောက် အလွယ်လေးပါဗျ ၊ ကဲ ဗျာ တရားခံကို ဖမ်းပေးပြီးပြီဆိုတော့ ကျုပ်တို့ နေ့လယ်စာ ထမင်းစားရအောင် ကြုံဝှာစားတော်ဆက် သွားကြရအောင်လား အိုင်ပီ ၊
အခေါက်ကင်လေးနဲ့ ဝီစကီလေးပါ စားကောင်းသောက်ကောင်း ၂ပက်စီလောက် ဆွဲကြတာပေါ့ ၊ ကြုံဝါက အခေါက်ကင်က ကြွပ်ကြွပ်မွမွလေးဗျ “
အိုင်ပီရဲခေါင်က …
” နေပါအုံး ကိုမောင်ကြီးရဲ့ ၊ ခင်ဗျား တရားခံ ဖမ်းတာလဲ လွယ်လှချီလား၊ ဘယ်လိုများ ဆက်စပ် ဖမ်းလိုက်သလဲဗျ “
အိုင်ပီမောင်ကြီးက ခပ်ကြွားကြွားလေသံဖြင့် … ရင်ကိုကော့ကာ …
” ဘာခက်တာမှတ်လို့ အိုင်ပီရယ်၊ သေတဲ့သူက စုပ်စုပ်ပြတ်ပြတ် ကလေးမလေး ၊ အမှိုက်ပုံက စွန့်ပစ်ပစ္စည်းထဲက ကြေးတို့သတ္တုတို့ အတိုအစလေးတွေ လာရှာတာနေမှာပေါ့ ၊ ဒါကို ဂိုဒေါင်စောင့် ရန်ကနားက အရက်မူးမူးနဲ့ တဏှာရူးပြီး စော်ကားဖို့ ကြံရွယ်ပါလိမ့်မယ်၊ အဲ့ဒီအခါ ကလေးမလေးက အသံကုန်အော်ဟစ်တော့ ကြိုးနဲ့ လည်ပင်း ချည်ပြီး သတ်လိုက်တာပဲ ဖြစ်မယ်လေ ၊ ဟဲဟဲ ဘာမှ မခက်ပါဘူးဗျ ၊ အတော်လွယ်တဲ့ အမှုပါ “
အိုင်ပီရဲခေါင်က နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ရှိပြီး ၊ အက်စ်အိုင်ပီ ဘခက်ကတော့ ခပ်ယောင်ယောင်လေး ပြုံးရင်း …
” တရားခံက အသက် ၁၅နှစ် မကျော်ဘူး အိုင်ပီ၊ ခင်ဗျား ရန်ကနားကို ဖမ်းတာ မှားတယ် “
” ဘာ … မင်း ဘာပြောလိုက်တယ် ဘခက် ၊ ငါ ဖမ်းတာ မှားတယ် ဟုတ်လား ၊ ဒါဆိုရင် မင်း သက်သေပြလေ ၊ ပြီးတော့ မင်းပြောသလို တရားခံက ၁၅နှစ်သားဆို ဘယ်သူလဲ ၊ သေတဲ့ ကလေးမလေးကရော ဘယ်သူလဲ မင်း ပြောနိင်လား ၊ မင်းသာ အခုချက်ချင်း အဲ့တာတွေ ပြောနိုင်ရင် ငါ မင်းကို ဆရာတင်လိုက်မယ် ဟေ့ကောင်၊ မဟုတ်လို့ကတော့ မင်း ဌာနပြောင်းစာတင်ဖို့ ဖောက်တိန်နဲ့စာရွက် ရှာထားလိုက် “
အိုင်ပီမောင်ကြီးသည် သူ့ထက် တဆင့်နိမ့်သော အက်စ်အိုင်ပီက အမှားကို ထောက်ပြလာတော့ ဒေါပွသွားလေ၏။ ချက်ချင်းပဲ အက်စ်အိုင်ပီ ဘခက်အား စိန်ခေါ်လိုက်လေသည်။
အက်စ်အိုင်ပီဘခက်က မရယ်မပြုံး တည်ကြည်သော မျက်နှာဖြင့် …
” အိုကေလေ အိုင်ပီ ၊ ကျုပ် လက်ခံတယ် ၊ နို့ပေမဲ့ ၂မိနစ်လောက် စောင့်ပါအုံး ၊ တရားခံကို လက်ရဖမ်းပေးပါ့မယ်။ ကျုပ် အတည်ပြုစရာလေး ရှိသေးလို့ပါ “
” အိုး စောင့်ပါတယ်ဗျာ ၊ ၂မိနစ်မဟုတ်ဘူး ။ နာရီဝက် စောင့်မယ် ဘခက်။ မင်းသာ မင်းစကားကို တည်ပါစေ”
အက်စ်အိုင်ပီဘခက်က စကားတခွန်းမှ ပြန်မပြော။ သူ၏ လက်ပတ်နာရီကိုသာ ကြည့်နေ၏။ ၂မိနစ်ခန့်အကြာ၌ ၊ခုနက ဘခက် ပိုက်ဆံပေးလိုက်သော ကောင်လေးသည် မိန်းမကြီးတဦးကို ခေါ်၍ ပြန်ရောက်လာ၏။
ဘခက်က ထိုအမျိုးသမီးအား ကလေးမလေး အလောင်းရှိရာသို့ ခေါ်ဆောင်သွားပြီး ပြသလိုက်သည်။
” အောင်မယ်လေး ၊ ဟုတ်ပါတယ်တော်၊ ဒါ ကျွန်မသမီးလေး နှင်းနုပါ။ ဘယ်လိုဖြစ်ရတာလဲ သမီးရေ ၊ မနက်အစောကြီးကတည်းက ထွက်သွားတာပါ ၊ ခုတော့ အဖြစ်ဆိုးလှချီလား နှင်းနုရဲ့ “
ဘခက်သည် ခုနက သူခိုင်းလိုက်သော ကောင်လေးထံ လျှောက်သွားပြီး၊ မေးလိုက်သည်။
” ကဲ … ငါမှာလိုက်သလို ၊ ဟိုကောင်တွေ အုပ်စုထဲမှာ ဘယ်သူ ဖိနပ်အသစ် စီးထားသလဲဆိုတာရော ၊ မင်း အသေအချာ ကြည့်ခဲ့သလား ကောင်လေး “
” ဟုတ် ကြည့်ခဲ့ပါတယ် အစ်ကိုကြီး၊ ဖိနပ်အသစ်ချပ်ချွတ်စီးထားတာ နေမျိုးပါ ၊ အဲ့ဒီကောင် ဟိုတလောကတည်းက နှင်းနုနား လာလာပြီး ၊ မုန့်ဝယ်ကျွေးလိုက် ၊ ကြေးစလေးတွေ ခွဲပေးလိုက်နဲ့ ၊ စကားလာလာပြောတာ မြင်နေခဲ့တာ “
” အခု အဲ့ဒီကောင် ဘယ်မှာလဲ ၊ မင်းသိလား “
” ဒီအချိန်ဆို ဒီကောင်တွေ အုပ်စု၊ ကန်ကြီးထောင့်က အမှိုက်ပုံနားမှာပဲ ရှိလိမ့်မယ် အစ်ကိုကြီး ၊ သူတို့က အဲ့နေရာ အပိုင်လေ “
ဘခက် ပြုံးလိုက်သည်။ အိုင်ပီမောင်ကြီးဘက်သို့ လှည့်၍ …
” သေတဲ့ ကလေးမလေး နာမည်က နှင်းနု တဲ့ ။ အိုင်ပီလဲ ကြားမှာပါ။ ဟောဟိုက ငိုနေတာ နှင်းနုရဲ့အမေပဲပေါ့။
နှင်းနုကို သတ်တဲ့ကောင်နာမည်က နေမျိုးတဲ့ ။ အသက်ကတော့ ၁၄/၅နှစ်လောက်ပဲ။ ကဲ အိုင်ပီရေ၊ တရားခံကို အခုပဲ သွားဖမ်းလိုက်ကြရအောင် “
အိုင်ပီမောင်ကြီးခမျာ ယုံရမလိုလို ၊ မယုံဘဲ နေရမလိုလို ၊ အိုးတို့အမ်းတန်း ဖြစ်နေရှာ၏။
သို့ပေမဲ့ ဘခက်က တည်တံ့စွာ ပြောနေသဖြင့်၎င်း၊ စီနီယာဖြစ်သော အိုင်ပီရဲခေါင်ကလည်း ခေါင်းငြိမ့်ပြနေသဖြင့်၎င်း မငြင်းသာတော့ချေ။
သို့ဖြင့် ဂတ်တဲမှ ဌာနာမှုး ဦးတင်စန်းကိုပါ တပါတည်းခေါ်ယူ၍ သူတို့သည် ကန်ကြီးထောင့် အမှိုက်ပုံရှိရာသို့ ကားဖြင့် ထွက်လာခဲ့ကြသည်။
_____________
အခန်း၂။
တရားခံ အစစ်ဖြစ်သော နေမျိုးကို အက်စ်အိုင်ပီဘခက်က ဖမ်းပေးလိုက်သည်။ အိုင်ပီရဲခေါင်က တပြုံးပြုံးနှင့် သဘောကျစွာ ရှိလေ၏။
အိုင်ပီမောင်ကြီးသည် အလုပ်တခု လုပ်ရာ၌ ငါမှန်သည် ငါတတ်သည်ဟူ၍ အတ္တကြီးသည့်အပြင် ရှေ့လောကြီးတတ်သည်။ သို့သော်လည်း ယောက်ကျားကောင်းပီသစွာ အမှားကို ဝန်ခံတတ်သူဖြစ်ပါ၏။
သူကပင် စတင်၍ အက်စ်အိုင်ပီ ဘခက်အား လက်ကမ်းပေးလိုက်သည်။ အချင်းချင်း လက်ဆွဲနုတ်ဆက်လိုက်ကြပြီး ၊ အိုင်ပီမောင်ကြီးက၊
” ကဲ ဆရာဘခက် ၊ ကျုပ်ကတိအတိုင်း ခင်များကို ဆရာတင်လိုက်ပါပြီ။ ခင်များက တကယ်ကို ဆရာကျပါတယ် ဘခက်ရေ။
နို့နေပါအုံး ၊ ခင်များက သေသူကို နှင်းနုမှန်းသိလို့ သူ့အမေကို ခေါ်ခိုင်းလိုက်တာလား “
ဘခက်က ပြုံး၏။ ခေါင်းကို ခါပြရင်း၊
” အဲ့သလို မဟုတ်ဘူး အိုင်ပီရ၊ ကျုပ် အလောင်းနားမှာ အသေအချာ စစ်ဆေးနေတုန်း အဲ့ဒီ ကောင်လေးကို အမှတ်တမဲ့ သတိထားမိသွားတာ ၊ သူက အမှိုက်ပုံနားကနေ ကျုပ်ကို မကြာခဏ လိုက်ကြည့်နေတယ်။ သူ့ပုံစံက တခုခု ပြောပြချင်နေသလိုဗျ ။ ဒါနဲ့ ကျုပ်လဲ သူ့ဆီကတော့ တခုခု သိရမှာပဲ ဆိုပြီး၊ သူ့ဆီ သွားမေးလိုက်တယ်လေ။ မင်း သေတဲ့ကောင်မလေးကို သိသလားဆိုတော့ ၊ အဲ့ဒီကောင်လေးက ထစ်ထစ်ငေါ့ငေါ့နဲ့ သူတို့နဲ့အတူတူ ဘူးခွံပုလင်းခွံတွေ အတူတူကောက်တဲ့ နှင်းနု လို့ ဖြေသဗျ။
ဒါနဲ့ ကျုပ်က သူ့ကို မုန့်ဘိုး ပေးရင်း မကြောက်နဲ့ ၊ ငါ မင်းကို ဘာမှ မလုပ်ပါဘူး ၊ သူ့မိသားစုဆီ မင်း သွားအကြောင်းကြားပေးနိုင်မလားဆိုတော့ ၊ သူက ခေါင်းငြိမ့်တယ်။
တလက်စတည်း သူ့ကို ကျုပ်က မင်းတို့ထက် လေးငါးနှစ်ကြီးတဲ့ ဘူးခွံပုလင်းခွံကောက်တဲ့ ကောင်လေးတယောက်များ ခုတလော နှင်းနုအနား မလာတတ်ဘူးလားလို့ မေးလိုက်တော့ ၊ သူက ချက်ချင်းပဲ ၊ တာတီး ခေါ် နေမျိုးဆိုတဲ့ကောင် နှင်းနုနား လာကပ်နေတာ တပတ်လောက်ရှိပြီတဲ့ ။
အဲ့ကောင်က သူတို့ထက် လေးငါးနှစ်ကြီးတယ်။ သူတို့ကိုလဲ သိပ်အနိုင်ကျင့်တယ်တဲ့။
ဘယ်အရွယ်လဲ ကျုပ်ကမေးလိုက်တော့ ၁၃နှစ်လောက်ရှိပြီလို့ ဖြေတယ်။ အရက်လဲ သောက်တယ် ၊ ဆေးလိပ်လဲ သောက်တယ်တဲ့ ။ ကျုပ် သူ့ကို အကူအညီ ထပ်တောင်းလိုက်တယ်။ ငါ့ကို တခု ထပ်ကူညီပါအုံးပေါ့ ။ အဲ့ဒီ နေမျိုး ရှိတဲ့နေရာကို မင်းသွား၊ ပြီးရင် အဲ့ဒီကောင် ဖိနပ်အသစ် စီးထားသလား အသေအချာ ကြည့်ခဲ့ပေးလို့ ခိုင်းလိုက်တယ်လေ “
” ဘာဖြစ်လို့ အဲ့သလို ခိုင်းလိုက်တာလဲ ကိုဘခက် “
အက်စ်အိုင်ပီဘခက်က ကိုယ်နေဟန်ပြင်လိုက်ပြီး ၊ ရှင်းပြသည်။
” ကျွန်တော် မှုခင်းဖြစ်တဲ့အနားက ရွံ့အိုင်ထဲကနေ ဖိနပ်တဖက် တွေ့တယ် အိုင်ပီ။ပြီးတော့ အဲ့ဒီနဲ့ မနီးမဝေးမှာ နောက်တဖက်ကို ထပ်တွေ့တယ်။တကယ်တော့ နေမျိုးက ကောင်မလေးကို သတ်ဖို့ မရည်ရွယ်ထားဘူးဗျ ၊ ကောင်မလေးက အော်တော့ ဒီကောင် ကြောက်လန့်ပြီး သူ့ထဲပါလာတဲ့ ဂျင်ကြိုးနဲ့ လည်ပင်းကို ဖျစ်ညှစ်လိုက်တာ ၊ အဲ့ဒီမှာ ကောင်မလေးက အသက်ရှုရပ်ပြီး သေသွားတော့ ၊ ဒီကောင် ကမူးရူးထိုးနဲ့ ထွက်ပြေးတယ်။ ပြေးရင်း ခြေတဖက်က ဗွက်ထဲ နစ်သွားတော့ ဖိနပ်က အလွယ်နဲ့ ပြန်နုတ်မရဘူး ။ နစ်ကျန်ခဲ့တယ်လေ။
ဒါနဲ့ ဖိနပ်ကို ပြန်မယူပဲ ပြေးရင်းလွှားရင်း ကျန်တဲ့တဖက်ပါ ချွတ်ထားခဲ့တယ်ဗျ ။ ဒါကြောင့် ဒီနေ့ အဲ့ဒီကောင် အပြင်ထွက်မယ်ဆိုရင် ဖိနပ်အသစ် ဝယ်စီးရမှာပဲလို့ တထစ်ချတွေးပြီး အဲ့သလို အကြည့်ခိုင်းလိုက်တာပဲပေါ့ ။
နောက်တခုက ဒီကောင် ကောင်မလေးကို သေတယ်လို့ ထင်မထားဘူးတဲ့ ၊ သတိလစ် မေ့မြောနေတယ်ပဲ ထင်နေခဲ့တာ။ ဒါကြောင့် ပုန်းလျိုးကွယ်လျိုး မလုပ်ဘဲ၊ ပေါ်တင်နေတာဗျ ၊ ကျွန်တော်တို့ သွားဖမ်းမှ သူ ကောင်မလေး သေတာကို သိသွားတာ ၊ အဖမ်းခံတော့ ချုံးပွဲချ ငိုနေတာသာ ကြည့်လေ”
အိုင်ပီရဲခေါင်က သူ နားမရှင်းသည်ကို ဝင်မေးသည်။
” ဒါနဲ့ နေပါအုံး ကိုဘခက်ရဲ့ ၊ ကလေးမလေးက မနက်၄နာရီထိုးကြီး ဘာလို့ အစောကြီးထလာရတာလဲ”
” အဲ့ဒါက နေမျိုးကြောင့်ပေါ့ အိုင်ပီရယ်။ ဒီကောင်က ကလေးမလေးကို ဘယ်လို မြူဆွယ်လဲဆိုတော့ …
နင် မနက် ၄နာရီလောက် ထလာခဲ့၊ ဂိုဒေါင်ရှေ့က စွန့်ပစ်ပစ္စည်းတွေထဲမှာ ကြေးတွေ သတ္တုတွေ အများကြီးရှိတယ်။ ငါနဲ့နင် တယောက်တဝက်ခွဲ ယူကြမယ်လို့ မျှားခေါ်လိုက်တာလေ။
အဲ့ဒီတော့ ကလေးမလေးက ဘာသိမှာလဲ အိုင်ပီရယ်။ သူ့ကို မုန့်တွေ ဝယ်ကျွေး၊ ကြေးတိုကြေးစတွေ ခဏခဏပေးနေတဲ့ နေမျိုးစကားကို ယုံပြီး လာခဲ့တာပေါ့။ ဒီရောက်မှ နေမျိုးက ဖက်လားနမ်းလား လုပ်တယ်။
ကောင်မလေးက အဖြူသက်သက်ဆိုတော့ ဖက်တာနမ်းတာလောက်ကို ငြိမ်ခံခဲ့ပုံပဲ။ အဲ့ဒီမှာ နေမျိုးစိတ်က ဖောက်ပြန်လာပြီး သူ့အလိုဆန္ဒပြည့်ဝအောင် ကြိုးစားပါလိမ့်မယ်။
အဲ့ဒီတော့ ကလေးမလေးက ကြောက်လန့်ပြီး ရုန်းကန်အော်ဟစ်တော့ နေမျိုးက ကြောက်လန့်ပြီး မအော်အောင် ကြိုးနဲ့ လည်ပင်း ညှစ်ခဲ့တယ်လေ ။ ဒီကောင့်အားနဲ့ ညှစ်တော့ အသက် ၁၁နှစ်အရွယ် ကလေးမလေးခမျာ ဘာခံနိုင်မှာတုန်း ၊ တခါတည်း အသက်ထွက်သွားတော့တာပေါ့။
အဓိကကတော့ ကလေးတွေ ပါတ်ဝန်းကျင်က နိမ့်ကျတဲ့ လူနေမှုစရိုက်ကြောင့် ဖြစ်ရတာဗျ ။ ကောင်လေးက အခုမှ အသက်က ၁၃နှစ်။ အသက်က မပြည့်သေးဘူး။ အနေအထိုင်ပက်စက်တဲ့ မိဘတွေကို အတုခိုးပြီး လက်တည့်စမ်းကြတဲ့သဘောပဲ ။ ဒီအသက်အရွယ်လေးနဲ့ အရက်သောက်တတ်ပြီ၊ ဆေးလိပ်သောက်တတ်နေပြီ။ ကဲ ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။
ကျောင်းနေအရွယ်မှာ ၊ ကျောင်းမနေရ။ ပညာသင်ချိန်မှာ သူတို့က လမ်းပေါ်ထွက် ပိုက်ဆံရှာနေရ။ အသိဉာဏ်နုံနဲရတဲ့အထဲ မိဘတွေက နေချင်သလိုနေကြဆိုတဲ့ အတန်းအစားတွေဆိုတော့ … ဟူး တွေးကြည့်ရင် ရင်မောစရာပါ အိုင်ပီရာ။
ကျုပ်တို့ တိုင်းပြည် လွတ်လပ်ရေးရရင် ကျုပ်တော့ ကျောင်းနေအရွယ် ကလေးမှန်သမျှ ကျောင်းမတက်မနေရ အမိန့် ထုတ်စေချင်တယ်။
အစိုးရ ၊ ပညာရေးဝန်ထမ်းနဲ့ မိဘပြည်သူတွေ လက်တွဲညီမယ်ဆိုရင် ကလေးတိုင်း စာတတ်မြောက်ရမယ်။တိုင်းပြည်မှာ လူတိုင်းက အသိအလိမ္မာတွေ တိုးပွားလာကြမယ်ဆိုရင် မှုခင်းတွေ လျော့ပါးသွားလိမ့်မယ်လို့ ကျုပ် ထင်တယ် အိုင်ပီ။ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဖွံဖြိုးမှုဟာ အဲ့ဒီနိုင်ငံသားတွေရဲ့ ပညာတတ်မြောက်မှုနဲ့ ထပ်တူကျတယ်ဗျ ။ နိုင်ငံသားတွေ ပညာတတ်လေ တိုင်းပြည်ဟာ တိုးတက်လေပေါ့ဗျာ “
အိုင်ပီရဲခေါင်နှင့်အိုင်ပီမောင်ကြီးတို့သည် သူတို့ထက် အသက်ရော ရာထူးပါ ငယ်သော အက်စ်အိုင်ပီဘခက်၏ သဘောတရားရေးရာကို နားထောင်ရင်း သက်ပြင်းငွေ့ငွေ့ ချလိုက်ကြသည်။
အိုင်ပီမောင်ကြီးက တစုံတခုကို သတိရသွားဟန်ဖြင့် …
” ကိုဘခက် ခင်များ သတိထားမိသလား ၊ လူသတ်တရားခံ နေမျိုးရဲ့ မျက်လုံးတွေက ကြောင်စီစီနဲ့နော် ။ သူ လူသတ်ခဲ့တာကို မမှတ်မိသလိုလုပ်နေတယ် ။ သူ့ ရင်ဘတ်က ကုတ်ခြစ်ရာတွေကို ကိုဘခက်က ပြတော့မှ သူ့ လက်နဲ့ သူစမ်းရင်း ဟုတ်တယ် ကျွန်တော် နှင်းနုကို သတ်ခဲ့ပါတယ်လို့ လေးလေးကြီး ဝန်ခံခဲ့တာဗျ ။ အဲ့ဒီအချက်က ကျုပ်စိတ်ထဲ နည်းနည်း ထူးဆန်းနေသလိုပဲ ။ သူ ချက်ချင်း တကယ် မမှတ်မိတာလား “
ဒီတခါ အက်စ်အိုင်ပီ ဘခက်သည် ရုံးခန်း ပြတင်းပေါက်ကနေ လမ်းသွားလမ်းလာများကို ငေးကြည့်ရင်း …
” သူ စိတ်ရင်းနဲ့ လူသတ်ခဲ့တာမှ မဟုတ်တာ အိုင်ပီရယ် ။ သူ့ကို အဲ့ဒီလို သတ်ဖို့ ရမ္မက်ဘီလူးက ကြိုးကိုင်ခံခဲ့ရတာကိုး … “
ဟု တွေးတွေးဆဆ လေးလေးပင်ပင် ပြောလိုက်တော့ … စီအိုင်ဒီ အရာရှိကြီးနှစ်ဦးမှာ နားမလည်နိုင်စွာ တီးတိုး ရေရွတ်လိုက်ကြသည်။
” ရ မ္မက် ဘီ လူး “
ပြီးပါပြီ
ပီပီ၊မန္တလေး၊
၂၇၊၁၀၊၂၀၂၁