ရမ္မက်၏ရောင်ပြန်(စ/ဆုံး)
————————-
” အန်တီသက်ရေ….အန်တီသက်”
အိမ်ရှေ့ဧည့်ခန်းမှ လှမ်းခေါ်သံကြောင့် အပေါ်ထပ်လှေကားမှ ဒေါ်သက်မာ ဆင်းလာသည်။ဒါ မိစုအသံဖြစ်ကြောင်းကိုတော့ ဒေါ်သက်မာသိပြီးသားဖြစ်၏။တစ်မနက်လုံး တိုနေသောစိတ်ဖြင့် လက်မှနာရီကို ဒေါသပါပါ ကြည့်လိုက်သည်။
” သြော်…မိစုရေ ၊ညည်းလာတာ စောလွန်းလှချည်လားအေ၊ ဖုန်းဆက်တာလည် မကိုင်ဘူး”
ဒေါ်သက်မာစကားကိုကြားမှ မိစုကအင်္ကျီအိတ်ထဲကကီးပတ် ဖုန်းကလေးကို ထုတ်ကြည့်မိသည်။ဟုတ်ပါရဲ့…။ဒေါ်သက်မာခေါ်ထားသည့် ဖုန်းကောတွေမှမနည်းချေ။
မိစုက ဒေါ်သက်မာအိမ်တွင် ထမင်းချက်အဝတ်လျှော်လာလုပ်သည့် မိန်းကလေးဖြစ်သည်။အသက်သုံးဆယ်ခန့်ရှိသော အသားမည်းမည်း ပုပုလုံးလုံးကလေးဖြစ်၏။ မိစုတို့အိမ်က တစ်လမ်းကျော်မှာဖြစ်သည်။မနက်လာ ညနေပြန်ရသည်။သည်နေ့တော့ မိစုကိုးနာရီထိုးလုမှရောက်လာ၏။
” အန်တီသက်ရယ်….”
မိစုက စဖိုဆောင်ထဲမသွားသေးဘဲ လှေကား အောက်ဆုံးအဆင့်သို့ ရောက်လာသော ဒေါ်သက်မာရှေ့ကို ပြေးသွားသည်။
” ဘာလဲ”
” ဟိုလေ ကျွန်မသမီးလေး သွေးလွန်တုတ်ကွေးဖြစ်ပြီး ဆေးရုံတင်ထားရလို့ပါ၊ အဲဒါလေ”
” ညည်းဟယ်….ဟိုလတွေက အတိုးနဲ့ အရင်းတွေတောင်မကျေသေးဘူး၊ခုထပ်ယူမယ်ဆိုတော့ ငါကဘယ်လိုပေးရဲတော့မလဲ”
စကားပြောကာ လျှောက်လာရင်းက ဧည့်ခံဆိုဖာတွင်ဒေါ်သက်မာဝင်ထိုင်သည်။မိစုက ဘေးဘက်ကြမ်းပျဉ်တွင် ပဆစ်တုတ်ထိုင်ကာ ဒေါ်သက်မာကိုတောင်းပန်တိုးလျှိုသော မျက်နှာကလေးဖြင့် မော့ကြည့်လိုက်၏၊
” ကျွန်မသိပါတယ် အန်တီသက်ရယ်၊ ဒီတစ်ရက်နှစ်ရက် ကိုမင်းနောင်တို့ပိုက်လှေပြန်ဝင်ပြီး ပြန်ထွက်ရင် ကျန်တဲ့အတိုးရော ဒီလအတွက်ပါ အကုန်ကျေအောင် ဆပ်ပါ့မယ်နော်”
” အမလေးဒေါ်မိစု…၊ ညည်းနှယ်ဒီအပြောမျိုး ဘယ်နှခါရှိနေပြီတုန်း”
” ဟိုလေ…ဒီတစ်ခါက ငွေးချည်းသီးသန့်ချေးတာမဟုတ်ပါဘူး အန်တီသက်ရယ်၊ အိမ်ဝိုင်းလေးကို အပေါင်သဘောနဲ့ ထားမှာပါရှင်”
အိမ်ဝိုင်းဟု ကြားသည့်အခါ ဒေါ်သက်မာမျက်နှာ ဝင်းပသွားသည်။လစဉ်အတိုးထက် အိမ်ဝိုင်းလေးကို ပို၍လိုချင်သည်။ချစ်လှစွာသော ဖတဆိုးသားလေးက မကြာခင်နိုင်ငံခြားမှ ပြန်ရောက်တော့မည်။ဟိုကရလားသည့်မိန်းမဖြစ်သူလည်း ပါလာမည်ဟု သိရ၏။ပြန်ရောက်လျှင်ခြံဝိုင်းကလေးတစ်ခုတွင် သီးသီးသန့်သန့်အိမ်ကလေး ဆောက်၍နေချင်သည်ဟုလည်း သားကဆိုသည်။။
” ခြံပေါင်ရင်တော့ အတိုးကပိုကြီးမှာနော်”
” ရှင်”
” ကျေနပ်ရင်ပေါင် မကျေနပ်ရင်မပေါင်နဲ့၊တစ်ခုတော့ရှိတယ်နော် ငါ့ဆီမပေါင်ဘဲသူများဆီ လှည့်ပေါင်ရင်တော့ ကျုပ်ကိုပေးရမယ့်အတိုးတွေကို အရင်းနဲ့ပေါင်းပြီး အတိုးထပ်ဆင့်ရလိမ့်မယ်”
မိစုအတိုးတွေက အရင်းထက်ပင်များနေချေပြီ။ကိုမင်းနောင်လုပ်အားခကလည်း တစ်လမှာမှတစ်သိန်းခွဲ။သုံးလလုပ်အားခဆိုသော်လည်း ကြိုကြားကြိုကြား ယူသုံးထားသည်မှာ မနည်းတော့ချေ။
” သူများဆီမပေါင်ပါဘူး အန်တီသက်ရယ်၊ ဘယ်လောက်ပဲ ပေးရပေးရ အန်တီသက်ဆီမှာပဲပေါင်းမှာပါ၊ ကျွန်မကိုသာ ခုချက်ချင်းပေးပါနော် ဆေးရုံမှာသမီးလေးကို အမေနဲ့ထားခဲ့ရလို့ပါ”
ခက်ပြီ…။မမြင်ရသူချွေးမအတွက် ဒေါ်သက်မာက ပွဲစားမနေခြည်ဖြင့် စိန်လက်စွပ်တစ်ကွင်း မှာထားလေသည်။မကြာမီရောက်လာမည်ဟု ဖုန်းဆက်ထား၏။
” ဒီနေ့တော့ ငါပစ္စည်းလေးတစ်ခု ဝယ်မယ်လုပ်ထားလို့ မနက်ဖြန်ကျမှရမယ်အေ”
” အဲလိုတော့မလုပ်ပါနဲ့ အန်တီသက်ရယ်၊ ကျွန်မသမီးလေးအတွက် အရေးကြီးလို့ပါရှင်”
” မရဘူး မရဘူး၊ ဒီနေ့တော့မရဘူး”
” ကူညီပါအန်တီသက်ရယ်…၊ကျွန်မမှာတကယ် အခက်ခဲဖြစ်နေလို့ပါနော်”
မိစုတောင်းပန်နေစဉ်မှာပင် အိမ်ပေါက်ဝသို့ ပွဲစားမနေခြည်ရောက်လာ၏။
” ဟယ်…နေခြည် ရောက်လာပြီလား၊ လာ ပါရှင် လာပါ”
ဒေါ်သက်မာအသံက ချက်ချင်းပျော့သွားကာ မျက်နှာကချိုသွားသည်။မနေခြည်က ဒေါ်သက်မာဘေးက ဆိုဖာတွင်ဝင်ထိုင်သည်။
” ဟဲ့ မိစုဧည့်သည်အတွက် လက်ဖက်ရည်တစ်ခွက်လောက် သွားဖျော်လိုက်”
မိစုမငြင်းသာ…။ချေးထားသော်ငွေကို ရလိုရငြား ” ဟုတ်” ဟုဆိုကာမီးဖိုချောင်သို့ အပြေးဝင်ခဲ့သည်။
” ပစ္စည်းကတော့ရှယ်ပဲ အန်တီသက်ရေ ၊ ဟော့ဒီမှာကြည့်…”
စိန်လက်စွပ်ဘူးလေးကို မနေခြည်ကအဖုံးဖွင့်ကာ ဒေါ်သက်မာဖက်သို့ တိုးပေးသည်။ဘူးလေးကို ကောက်ကိုင်ကြည့်လိုက်သော ဒေါ်သက်မာမျက်လုံးတွေ အရောင်တစ်ဖျတ်ဖျတ် လက်သွား၏။
” စျေးက ဘယ်လောက်ခေါ်ထားလဲ နေခြည်”
” ငါးဆယ် အန်တီသက်… ”
” မလျော့တော့ဘူးလား”
” နှစ်သိန်းတော့ လျော့ပေးမယ်တဲ့”
” ထပ်လျော့ပါဦးကွယ်”
” မရတော့ဘူး အန်တီသက်ရဲ့ ၊ ပစ္စည်းပိုင်ရှင်ကလည်း ဗိုက်နာနေလို့သာ ရောင်းရတာ နှမျောလွန်းလို့တဲ့”
ဒေါ်သက်မာ ပစ္စည်းလေးကို အလွန်ကြိုက်လှသည်။စက်ဝိုင်းပုံရွှေဘောင်ကွပ်၏ အလယ်ရှိတစ်ပွင့်စိန်ကြီးက ဒေါ်သက်မာကို ဖမ်းစားလွန်းနေသည်။သို့သော် တန်ဖိုးကတော့ ကြောက်စရာ…။
” လက်ဖက်ရေလေး သုံးဆောင်ပါဦးရှင့်”
မိစုက မနေခြည်ရှေ့တွင် လက်ဖက်ရေဗန်းကလေးချပေးကာ ဒေါ်သက်မာလက်ထဲက လက်စွပ်ကြီးကို လှမ်းကြည့်လိုက်သည်။တန်ဖိုးနည်းမည်မဟုတ်မှန်း မိစုခန့်မှန်းမိသည်။ဒေါ်သက်မာကတော့ လက်စွပ်ကိုလှည့်ပတ်ကြည့်ကာ တစ်ခုခုစဉ်းစားနေဟန်ရှိသည်။
” အန်တီသက် မိစုအဝတ်တွေ လျှော်ရဦးမလားဟင်”
တောင်းထားသောငွေလေးကို ရလိုရငြား မိစုမျက်နှာချိုသွေးမိပြန်၏။
” အေးအေး ငါ့အခန်းမှာ သွားယူချေ”
မိစုအပေါ်ထပ်သို့ တက်ခဲ့လေသည်။
” သြော်…နေခြည်ခဏနော် ၊သားဆီလှမ်းမေး ကြည့်လိုက်ဦးမယ်”
” သြော်…ဟုတ်အန်တီသက်”
ဒေါ်သက်မာက ထိုင်ရာမှာထကာ အိမ်အပြင်ထိထွက်လာခဲ့သည်။သားနဲ့စကားပြောတာကို မိမိအား အသိမခံချင်သောကြောင့် ဖြစ်မည်ဟု နေခြည်သဘောပေါက်လိုက်သည်။ဒေါ်သက်မာပြန်ပေးခဲ့သည့် လက်စွပ်ကိုပွတ်သပ်ကာ မနေခြည်ပြုံးလိုက်၏။
” အမလေး သေပါပြီ”
ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ အိမ်ရှေ့ဆီမှဒေါ်သက်မာ အော်သံကိုကြားသဖြင့် နေခြည်အပြေးထသွားလိုက်သည်။
” ဟင်…အန်တီသက်ဘယ်လိုဖြစ်တာလဲ”
ရေနီမြောင်းအနီးက ရွှံ့နွံအိုင်တစ်ခုတွင် ဒေါ်သက်မာ ဖင်ထိုင်လဲကျနေခြင်း ဖြစ်သည်။ ဒေါ်သက်မာ၏ သစ်သားနှစ်ထပ်အိမ်ကလေးက ခြံရှေ့ကပ်ရက်မို့ အိမ်ပေါ်ကဆင်းသည်နှင့် လမ်းမသို့ရောက်၏။လမ်းသည်ကွန်ကရက်ခင်းရန်မြေဖို့ထားဆဲမို့ ညကရွာထားသည့်မိုးကြောင့် ရွှံနွံအိုင်များဖြစ်ပေါ်နေသည်။လူတစ်ရပ်သာသာရှိသော လမ်းဘေးမြောင်းများတွင်လည်း ရေများမနည်းရှိနေသေး၏။
” ဖုန်းပြောပြီးပြန်လှည့်လာတာ ခြေခေါက်ပြီးလဲတာ နေခြည်ရယ်…အား…ကျွတ်ကျွတ်”
” လာလာအန်တီသက် နေခြည့်ကူမပေးမယ်”
မနေခြည်ကဖေးမထူးပေးသည်။ဒေါ်သက်မာက ပထမတစ်ကြိမ်ပြန်လဲကျ၏။နောက်တစ်ကြိမ်မှ အံကိုကိုက်ကာ ကြိုးစားပြီးထ၍ရလေသည်။
******
” မိစုမယူပါဘူး အန်တီသက်ရယ် တကယ်ပါ၊မနေခြည်မိစုကို ယုံပါနော်”
” ဟဲ့ အိမ်ထဲမှာ ညည်းတစ်ယောက်တည်း ကျန်ခဲ့တာ ညည်းမယူလို့ ဘယ်သူယူမလဲအေ့”
” ဟုတ်ပါတယ်ညီမလေးရယ် ယူထားရင်အစ်မကိုပြန်ပေးပါနော် အစ်မတောင်းပန်ပါတယ်ကွယ်၊ သူများပစ္စည်း တန်ဖိုးကလည်း မသေးဘူးဆိုတော့ အစ်မလည်းစိုက်မလျော်နိုင်လို့ပါနော်”
” မိစုတကယ်မယူပါဘူး မနေခြည်ရယ် မယုံရင်မိစု တစ်ကိုယ်လုံးမှာရှာပါ၊ မိစုခုမှအပေါ်ထပ်က ဆင်းလာတာလေ”
ဟုတ်ပါသည်။ မနေခြည်နှင့်ဒေါ်သက်မာတို့ အိမ်ထဲပြန်ရောက်မှ မိစုအပေါ်ထပ်က ဆင်းလာတာဖြစ်သည်။
ဒေါ်သက်မာက မိစုတစ်ကိုယ်လုံးကိုရှာသည်။ဇလားထဲက အဝတ်တွေကိုမွှေနှောက်ရှာသည်။
” ဘယ်လိုလုပ်ကြမလဲ အန်တီသက်ရယ်…နေခြည်တော့ သေချင်တော့တာပဲ”
မနေခြည်က ဒေါ်သက်မာကိုဖက်ကာ ငိုသည်။
” နေခြည်ခြံထဲကိုများ ကိုင်လာမိသေးလားကွယ်”
ဒေါ်သက်မာစကားကြောင့် မနေခြည်အတွေးရ ကျပ်သွားသည်။အမှတ်တမဲ့လက်မှာကိုင်သွားပြီး ဒေါ်သက်မာကိုထူမစဉ်က လွှတ်ချမိလိုက်လေသလား။ ရွှံနွံအိုင်တွေက ပရပွမို့ပြန်ရှာရန်တော့မလွယ်။သို့မဟုတ်ရေမြောင်းထဲသို့ ကျသွားခဲ့လျှင်တော့ ….။
” နေခြည်တို့အပြင်မှာ သွားရှာကြည့်ရအောင် ကူရှာပေးကြပါနော်”
” အေးအေး အဲဒါကောင်းတယ်၊ မိစုညည်းလည်းလိုက်ခဲ့”
သုံးဦးသားနှစ်နာရီခန့် မွှေနှောက်ရှာကြသော်လည်း လက်စွပ်ကတော့ပေါ်မလာချေ။ ရေမြောင်းထဲဆင်းရှာရန်တော့မလွယ်။ရေအောက်တွင်အမှိုက်များ ဒိုက်များရောယှက်နေပေလိမ့်မည်။
” ကဲ…လူသာမောတယ် မတွေ့ဘူးနေခြည်ရယ် …၊မြောင်းထဲမှာတော့ရေစစ်မှ ရှာလို့ရမှာ၊ဒီနေ့ညလည်း မိုးမရွာရင်တော့ မနက်ဖြန်ရေခမ်းမှာပါ မနက်ဖြန်မှဆက်ရှာကြတာပေါ့ကွယ် နော်”
” ဟီး….ဟီး…ဟီး”
နေခြည်ထဲက ရွှံနွံအိုင်ထဲတွင် ခြေစင်းထိုင်ကာ ကလေးတစ်ယောက်လို ငိုလေ၏။ ဒေါ်သက်မာကချော့မော့ကာ အိမ်ထဲသို့ပြန်ခေါ်လာပြီး ” ခဏစောင့်” ဟုဆိုကာ အပေါ်ထပ်သို့ပြေးတက်သွား၏။ မနေခြည်ကိုကြည့်ကာ မိစုသနားလှပေသည်။
” မိစုတော့မယူပါဘူးမနေခြည်ရယ်၊မိစုကိုယုံပါနော်”
“ဟီး….ဟီး….ဟီး”
မနေခြည်က ငိုမြဲတိုင်းသာငိုနေလေ၏။ခဏကြာတော့ ဒေါ်သက်မာပြန်ဆင်းလာသည်။
” ရော့ နေခြည်အန်တီနှစ်ဆယ့်ငါးသိန်း ပေးလိုက်မယ် …၊ ဒါလေးနဲ့ကြည့်ဖြေရှင်းလိုက်နော်”
ဒေါ်သက်မာကမ်းပေးသော ငွေတွေကိုကြည့်ကာ မနေခြည်မျက်လုံးတွေ အရောင်လက်သွား၏။ထို့နောက်ချက်ချင်းပြန်ညှိုးကျသွားကာ” အားနာစရာအန်တီရယ် မယူရက်ပါဘူး” ဟုဆိုသည်။ဒေါ်သက်မာက” အားမနာရပါဘူး၊မိတ်ဆွေအရင်းကြီးတွေရော့ယူ” ဟုဆိုကာလက်ထဲသို့ အတင်းထည့်ပေး၏။မနေခြည်က ဒေါ်သက်မာကို တောင်းပန်မတတ် ကျေးဇူးတွေတင်ကာ ပြန်သွားလေ၏။
” ရော့မိစု ညည်းလည်းငါးသိန်းယူ ၊ ညည်းသမီးကျန်မာမှ အလုပ်ပြန်လာဆင်း ကြားလား”
” ဟုတ်ကဲ့အန်တီသက်”
သမီးဆီသွားရန် အချိန်မနည်းတော့ပြီမို့ မိစုသွက်လက်စွာခေါင်းညိတ်ပြီး ငွေငါးသိန်းကိုပိုက်ကာ ထွက်လာခဲ့လေသည်။ထို့နောက်ကြိတ်ကာပြုံးမိ၏။
” ငါလျှော်လဲ ဟန်ဆောင်တုန်း ညည်းလက်စွပ်ကိုဆင်းယူပြီး အပေါ်ထပ်ပြန်တက်နေ၊မှန်တင်ခုံအံဆွဲထဲကိုထည့်ခဲ့ပြီး ငါတို့ဝင်လာမှဆင်းလာခဲ့၊ ညည်းလိုအပ်နေတဲ့ငွေ အဆင်ပြေရစေ့မယ် ဟုတ်ပြီလား”
ဒေါ်သက်မာသည် သားဆီသို့ဖုန်းဆက်ခြင်းမဟုတ်ဘဲ မိမိဆီသို့ဆက်ကြောင်း မသိခဲ့ရှာသူမနေခြည်အတွက်တော့ မိစုစိတ်မကောင်းပါချေ။
သို့သော်မနေခြည်သည် ထိုနေ့ကစ ၊ပစ္စည်းလည်းထပ်မရှာတော့သလို ဒေါ်သက်မာဆီလည်း ပြန်မလာတော့သည့်အတွက်တော့ ကျေဇူးတင်ရပေလိမ့်မည် ။
ထိုသို့နှင့် ဒေါ်သက်မာ၏ သားတော်မောင်လင်မယား ရောက်လာသောအခါ ချွေးမဖြစ်သူအား ထိုလက်စွပ်ကို ပေးလေ၏။စိန်အကြောင်းကို ဂျင်လိုလည်စွာသိနေသော ချွေးမဖြစ်သူသည်လက်စွပ်ကိုကြည့်ကာ “ဘယ်လောက်ပေးရလဲ အမေ”ဟုမေးသည်။ ဒေါ်သက်မာက မိစုကိုတစ်ချက်လှမ်းကြည့်ပြုံးပြကာ “သိန်းငါးဆယ် “ဟု ခပ်ကြွားကြွားလေး ဆိုလေ၏။
ချွေးမဖြစ်သူသည် လက်စွပ်ကိုရှေ့စားပွဲသို့ပစ်တင်ကာ ထိုင်ခုံနောက်မှီကို စိတ်ပျက်စွာမီချလိုက်၍ လေးဖင့်စွာဆိုလေသည်။
” အမေ့စိန်က အင်ကြီးအမေရဲ့ ”
” ဟင်…”
” ဟာ….”
ဒေါ်သက်မာနှင့်အတူ မိစုလည်းအံသြသွားရသည်။ဒေါ်သက်မာကစားပွဲပေါ်မှ လက်စွပ်ကိုကောက်ကိုင်ကာ အနီးကပ်ကြည့်လိုက်သည်။
” ငါ့ငွေတွေ ငါ့ငွေတွေ ငါ့ငွေတွေပြန်ပေး”
” ဟင် အန်တီသက် လဲကျသွားပြီ”
“ဟာ အမေ သတိထားလေ အမေရဲ့”
အားလုံး ရုပ်ရုပ်သဲသဲဖြစ်ကာ ဒေါ်သက်မာအား ဆေးရုံပို့ကြရလေ၏။ဆေးရုံအထိခေါ်ဆောင်လာနိုင်သော်လည်း ဒေါ်သက်မာအသက်ကိုတော့ အိမ်သို့ပြန်မခေါ်လာနိုင်ခဲ့တော့ချေ။ရမ္မက်၏ရောင်ပြန်ဟပ်ခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံလိုက်ရသူ မိစုတစ်ယောက်အတွက်ကတော့ ထိုသို့အမှားကို နောက်တစ်ကြိမ်ထပ်မှားရန် စိုးကြောက်ဖွယ် ရွံရှာခဲ့ရလေတော့၏။
အားလုံးကိုလေးစားချစ်ခင်လျက်
သုတညီ