ရေကန်ထဲကခေါ်သံ(စ/ဆုံး)
—————————
နွယ်နွယ်က တူလေးဖြစ်သူ သားပု ကိုကြည့်ရင်း တစ်ချက်ပြုံးလိုက်မိသည်။
အဖြူအစိမ်းကျောင်းဝတ်စုံလေးနှင့် ကျောင်းသွားခါနီး မုန့်ဖိုးမပေးသောကြောင့် ဆူပုတ်နေသော သားပုလေးကို နွယ်နွယ်ချစ်မဝပေ။
နွယ်နွယ်က တောင်ကြီးမြို့ ပုဂ္ဂလိက ဘဏ်တစ်ခုမှ ဘဏ်ဝန်ထမ်းစာရေးမ တစ်ဦးဖြစ်သည်။
နွယ်နွယ်တွင် မွေးချင်းအစ်မတစ်ဦးတည်းရှိကာ နွယ်နွယ် နှင့် သူမ၏အစ်မဖြစ်သူက အသက်ဆယ်နှစ်ကျော်ကွာသည်။
နွယ်နွယ်၏ ဖခင်ကယခင်က သမဝါယမ မှဝန်ထမ်းတစ်ဦးဖြစ်ကာ ယခုတော့ အငြိမ်းစားယူပြီးဖြစ်သည်။
နွယ်နွယ် ဆယ်တန်းနှစ်၌ နွယ်နွယ်၏ အစ်မဖြစ်သူမှာ အိမ်ထောင်ကျသွားပြီး ချစ်စရာကောင်းသော သားပုကို မွေးဖွားခဲ့သည်။
နွယ်နွယ်၏ အစ်မ၏အမည်မှာ မေသူဟုအမည်ရပြီး မေသူသည်လည်း ဌာနတစ်ခုမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ဌာနတူဝန်ထမ်းချင်း အိမ်ထောင်ကျသည်မို့ သားလေးမွေးပြီးသောအခါ သားလေးသည် မေသူ၏ မိဘဖြစ်သူနှင့် ညီမဖြစ်သူ နွယ်နွယ်၏လက်၌ ကြီးပြင်းခဲ့ရရှာလေသည်။
ထို့ကြောင့်ပင် သားပုလေးက မိခင်မေသူထက် အဒေါ်ဖြစ်သူနွယ်နွယ်အား ပို၍ ခင်တွယ်ရှာသည်။
အချို့က သားပုနှင့်နွယ်နွယ်အား သားအမိဟု ထင်ရသည်အထိ နွယ်နွယ်က သားပုလေးအား သူမသွားလေရာခေါ်သွားတတ်သည်။
သားပုကလည်း ညအိပ်သည်အထိ နွယ်နွယ် မှနွယ်နွယ်ပင်။
တူဝရီး အချစ်ကား သားအမိများကဲ့သို့ ပင် အလွန်တွယ်တာကြလေသည်။
ယခုလဲ သားပုကျောင်းသွားခါနီး အဒေါ်ဖြစ်သူနွယ်နွယ်ထံ မုန့်ဖိုးတောင်းရင်းဂျီကျနေခြင်းဖြစ်သည်။
” တီနွယ် သားပု ကိုမုန့်ဖိုးပေးဦး ခုကျောင်းက ကထိန်နီးပြီဆိုတော့ ကထိန်ကြေးလဲ ထည့်ရဦးမှာဗျ”ဟု ခပ်ဆူဆူနဲ့ ဆိုလေသည်။
သားပုသည် တောင်ကြီးမြို့ အထက ၂ကေျာင်း၌ ဆဋ္ဌမတန်းကျောင်းသားလေးအဖြစ် ပညာသင်ကြားနေသည်။
အရွယ်က လူပျိုပေါက်အရွယ်ပင်ရောက်နေသော်လည်း ခုထိ ပီဘိ ကလေးပေါက်စလေးပမာ နွယ်နွယ့်ထံတွင်ကပ်ချွဲနေ၏။
တောင်ကြီးမြို့ ေကျာင်းကထိန်များသည် အလွန်ပင်စည်ကားလှသည်။
ကျောင်းတိုင်းကျောင်းတိုင်းက အပြိုင်အဆိုင်ပင်။
ကထိန်တွင် အရုပ်ပုံပဒေသာပင်များပြုလုပ်ကာ ထိုပဒေသာပင်၌ ငွေစက္ကူများ အားခေါက်ကာ ကပ်သီကြပြီး ကထိန်ခင်းသောနေ့၌ အိုးစည်ဘုံမောင်းများတီးကာ ပဒေသာပင်အား ကျောင်းသားကျောင်းသူလေးများက ထမ်းပြီးလှည့်လည်ကြသည်မှာ မြင်ရသူအဖို့ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။
ဒီနှစ် ဘယ်အထက ကျောင်းက ဘယ် ပဒေသာပင်တွေက အလှဆုံးဟေ့ ဟူ၍ လည်း သူ့ကျောင်းငါ့ကျောင်း ဂုဏ်ယူမဆုံးကြချေ။
ကထိန်လှည့်သောနေ့၌ အဖြူအစိမ်းကျောင်းဝတ်စုံများဖြင့်ဝတ်ကာလှည့်လည်ကြသကဲ့သို့ အများအားဖြင့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ကြသည်က များကြလေသည်
။
တိုင်းရင်းသားအများဆုံးနေထိုင်ကြသော တောင်ကြီးမြို့၌ မိမိတို့ဒေသ ၏ ရိုးရာဝတ်စုံကိုတန်ဖိုးထား ဝတ်ဆင်ကြခြင်းဆိုလျှင်လည်းမမှားပေ။
ကထိန်လှည့်ပြီးသောအခါ တောင်ကြီးမြို့ စူဠာမဏိစေတီတော်သို့ ကျောင်းသား ကျောင်းသူများက အုပ်စုလိုက် ဘုရားဖူး ရင်း စူဠာမဏိစေတီတော် ရင်ပြင်ခြေရင်း၌ တန်ဆောင်တိုင်ပွဲတော် ဆိုင်ခန်းများသို့သွားရောက်လည်ပတ်ကြလေသည်။
(ထိုစဥ်အခါက ယခုလက်ရှိတန်ဆောင်တ်ိုင်ပွဲ ကျင်းပသော အဝေရာမီးပုံပျံကွင်းကြီး မရှိသေးချေ။)
ယခုလဲ ခြောက်တန်းကျောင်းသားလေးသားပုက ကထိန်အတွက်တက်ကြွလျှက်ရှိသည်။
” ကဲ..ရော့..သားပု တီနွယ်က သားပုအတွက်မုန့်ဖိုး ၂၀၀… ကထိန်ကြေးက ၅၀၀…ကျောင်းရောက်ရင် ပိုက်ဆံကို ဆရာမဆီတစ်ခါတည်းပေး..ဟိုတစ်ခါကလို ပိုက်ဆံပျောက်လို့ကတော့ တီနွယ်ထပ်မပေးဘူးနော်… မုန့်က ရေခဲချောင်းတွေဝယ်မစားနဲ့ကြားလား ”
ဟုဆိုကာ ပိုက်ဆံခုနှစ်ရာ အားသားပုထံ ပေးလိုက်တော့ သားပုမျက်နှာလေး ဝင်းလက်သွားကာ
” ဟေး.. ဒါမှတီနွယ်ကွ… သားသားက တီနွယ့်ကို အဲဒါကြောင့် ပိုချစ်တာ… တီနွယ်ယောက်ျားမယူရဘူးနော်… သားသားကိုပဲ ချစ်ရမှာ… တီနွယ်ယောက်ျားယူရင် တီနွယ်က သားကိုချစ်ရတော့မှာ မဟုတ်ဘူး ”
ဟု ဆိုရင်း တသောသောရယ်နေလေသည်။
” အမလေး မောင်မင်းကြီးသားရယ် နင် ငါ့ဆီကပ်လွန်းလို့ သူများတွေ ငါ့ကိုကလေးမအေ ထင်ပြီး ကြိုက်မယ့်သူကို မရှိတော့ဘူးဟဲ့ ” ဟု ဆိုရင်း သားပုပါးလေးအား ဆွဲညစ်လိုက်သည်။
” ဟဲ့… ဟို တူဝရီးနှစ်ယောက် သွားစရာ ရှိတာ မသွားဘဲ ဘာတွေတွတ်ထိုးနေတာလဲ သွားကြတော့.. နောက်ကျနေမယ်..ဆိုင်ကယ်လဲ ဖြေးဖြေးစီးကြ ” ဟု နွယ်နွယ့်မိခင် အော်သံကြားမှ တူဝရီးနှစ်ယောက် ဆိုင်ကယ်လေး စက်နိုးကာ ထွက်လာခဲ့သည်။
နွယ်နွယ်က သားပုလေးအား ကျောင်းအရင်ပို့ပြီးမှ ဘဏ်သို့သွားလိုက်သည်။
နွယ်နွယ်တို့ က တောင်ကြီးမြို့ မဂ်လာဦးရပ်ကွက်ရှိ တိုက်ခြောက်လုံး ဝန်ထမ်းအိမ်ယာရှိ အခန်းတစ်ခု၌ နေထိုင်ကြသည်။
မေသူတို့ကတော့ တောင်ကြီးမြို့ ဝါးပြား ရပ်ကွက်လေး၌ ကိုယ်ပိုင်အိမ်လေးနှင့်နေထိုင်ကြသည်။
သားပုကျောင်းဆင်းပြီးလျှင် ကျောင်းအနီးရှိ ကျူရှင်သို့ သွားရောက်ပြီး ကျူရှင် ဆင်းချိန်တွင်လည်း နွယ်နွယ် ကပင် လာကြိုလေသည်။
သားပု၏ မိခင် အိမ်နှင့် ထ၂ကေျာင်းက နီးသော်လည်း သားပု က အဒေါ်ဖြစ်သူ နွယ်နွယ် အိမ်၌သာ နေသည်က များသည်။
ကျောင်းပိတ်ရက်၌သာ မိခင်ဖြစ်သူထံ သို့ပြန်တတ်သည်။
ကျောင်းကထိန်အတွက် ကျောင်းသားများက အလုပ်ရှုပ်လျှက်ရှိသည်။
သားပုတို့ အခန်းအတွက် ကထိန်အရုပ်ပြုလုပ်သော အိမ်က ကျောင်းနှင့်နီးသော အတန်းခေါင်းဆောင် မြထွန်း၏ အိမ်ဖြစ်သည်။
ထ ၂ အနောက်ဘက်တွင် ဘောလုံးကွင်းရှိကာ ဘောလုံးကွင်း အနီး ကျောင်း၏ အနောက်တည့်တည့်တွင် ရေကန်ကြီး တစ်ကန်ရှိလေသည်။
ထိုရေကန်သည် မကြာခဏ ကလေးများရေနစ်သေကာ လူစားသည်ဟု နာမည်ကြီးသည်။(ထိုစဉ် အခါက)
ကထိန်အတွက် အရုပ်များပြုလုပ်ရန်အတွက် သားပုနှင့် သူငယ်ချင်းများသည် ညနေကျောင်းဆင်းသောအခါ ထိုရေကန်ဘက်သို့ ဖြတ်ကာ ကထိန်အရုပ်လုပ်မည့် အတန်းခေါင်းဆောင် မြထွန်းအိမ်သို့သွားကြသည်။
ဘောလုံးကွင်းတွင် ဘောလုံးကန်နေကြသော ကျောင်းသားအချို့လဲရှိကြသည်။
သားပုရေကန်အနီး ဖြတ်သွားစဥ် ရေကန်ထဲ၌ ၉တန်းကျောင်းသားအရွယ် လူငယ်သုံးဦး ရေကူးနေသည်ကို တွေ့ရသည်။
ရေကန်က ကျယ်ပြီး ကန်၏ ဟိုဘက်အခြမ်း၌ မို့ ဘယ်သူဘယ်ဝါရယ် ဟူ၍ မသဲကွဲ။
ထိုဘက်အားငေးရင်း လျှောက်နေသော သားပု နွားချေးပုံအားတက်နင်းမိသောကြောင့် သူငယ်ချင်းများက ဝိုင်းရယ်ကြသည်။
“မင်းတို့သွားနှင့်ကွာ…ငါ ကန်ထဲ ခြေထောက်ရေသွားဆေးလိုက်ဦး မယ်… ” ဟု ဆိုရင်း ရေကန်အစပ်ဖက်သို့ ရောက်လာသည်။
ရေကန်ထဲမှရေဖြင့် ခြေထောက်ဆေးလိုက်ရာ အေးစိမ့်သွားသည်မို့ သားပုစိတ်ထဲ၌
” ရေက အဲလောက်အေးနေတာ ဟိုအစ်ကိုကြီးတွေ ရေကူးနေတာ မအေးဘူးလား မသိဘူး ”
ဟု တွေးနေမိစဥ် ” ဟေ့ဟျောင် သားပု ရေ မျိုးကျော်ကျော် ရေ… ရေလာကူးပါလား ပျော်စရာကြီး ကွာ… လာခဲ့ပါလား… ” ဟု ရေကူးနေသူ သုံးယောက်က လှမ်းခေါ်ကြသည်။
ဟင် ငါ့အိမ်နာမည်ရော ကျောင်းနာမည်ရောပါ သိနေပါလား… ဘယ်သူတွေပါလိမ့် ဟုတွေးရင်း ” တော်ပီဗျ အန်တီဆူလိမ့်မယ် မလာတော့ဘူး.. သားကထိန်သွားလုပ်ရဦးမှာ.. ကိုရီးတို့ပဲ ကူးတော့ ” ဟု အော်ပြောလိုက်သည်။
ထိုစဥ် နွားကျောင်းနေသော ဦးလေးကြီးက ” ဟ ကောင်လေး ဘာတွေအော်နေတာလဲ ဘယ်သူရှိလို့လဲ ”
” ဟိုမှာ အစ်ကိုကြီးသုံးရောက် ရေကူးနေရင်း သားကိုခေါ်နေတယ် ”
ဟု ပြောရာ ထိုလူကြီးက မျက်နှာပျက်သွားပြီး
” ခုတလော ကန်အော်နေတာ… ကန်အော်ပြီးရင် လူသေတတ်တယ်… နောက်ဆိုမင်း ဒီကန်နား ဘယ်တော့မှ မလာနဲ့ လာရင် ငါရိုက်ထုတ်မှာ ”
ဟု ဆိုရင်း နွားကျောင်းနေသော တုတ်ဖြင့် ရိုက်မည့်ဟန် လုပ်နေသဖြင့် သားပုလဲ ေကြာက်လန့်တကြား ပြေးလေသည်။
နွားကျောင်းသားဦးလေးကြီးက ကန်ထဲ၌ ရေကူးနေသော လူတစ်ယောက်မှ မရှိသည်ကို သိသော်လည်း ကလေးလန့်သွားမည် ဆိုးသောကြောင့် လူမရှိဘူးဟုမပြောပဲ ခြောက်လှန့်လိုက်ခြင်း ဖြစ်သည်။
ဤရေကန်သည် မာယာများလေပြီ။
ယခုတလော ညဘက်၌ကန်အော်သံများလဲ ကြားနေရသည်။
သားပု စိတ်ထဲ လေးလံကာ ကန်ထဲမှ ရေကူးနေသူများ၏ ခေါ်သံသာ ပဲ့တင် ထပ်နေသည်။
မြထွန်းအိမ်ရောက်တော့ ကြိုးဖုန်းတွေ့သည်နှင့် ” မြထွန်း ငါ တီနွယ်ဆီ ဖုန်းဆက်ဦးမယ်”
“အေး ဆက်လေကွာ “ဟု ဆိုသဖြင့်
” ဟလို… …ဘဏ်ကလားဗျ ဒေါ်နွယ်နွယ်မျိုး နဲ့ ပြောချင်လို့ပါ…. ဟလို… တီနွယ်လား… သားပါ…. သားတို့ဒီနေ့ ကထိန်ပိုက်ဆံတွေ ခေါက်ရဦးမှာမို့… သား မေမေအိမ်ပဲ ပြန်အိပ်လိုက်တော့မယ်…. ခု မြထွန်းအိမ်မှာ… ဟုတ်… စိတ်ချ…. ဒါပဲနော် တီနွယ် ”
ဟုဆိုကာ ဖုန်းချလိုက်၏။
မြထွန်းက
” ကျော်မျိုး နေမကောင်းဘူးလား… မျက်နှာက မသာမယာနဲ့ ”
“ကောင်းပါတယ် ”
ဟု ပြောရင်း ငူငူငိုင်ငိုင် ဖြစ်နေသည်။
နွယ်နွယ် ဖုန်းချလိုက်ပြီး ရင်ထဲ၌ တစ်မျိုးကြီး ခံစားရသည်။
တစ်ခါတစ်ရံ သားပုက ထိုကဲ့သို့ ဖုန်းဆက်အကြောင်းကြား ပြီးလျှင် သူမိခင်အိမ်သို့ ပြန်သွားတက်သည်… သူ့အမေအိမ်ကလည်း မဝေးသည်မို့ စိတ်တော့ ချရပေသည် ဟုတွေးရင်း အလုပ်များ ဆက်လုပ်နေမိသည်။
သားပု ပိုက်ဆံခေါက်နေရင်း ရေကန်ကြီး ဆီသို့ တစ်ခေါက်ထပ်သွား ကြည့်လိုစိတ်များက ထိန်းမရအောင် ရှိနေသည်။
ဟိုရေကူးနေသော သုံးယောက်အား ဘယ်သူလဲ ဟုလည်း သိချင်သောကြောင့်ဖြစ်သည်။
သားပုက လွယ်အိတ်လေး ကောက်လွယ်ကာ မြထွန်း ငါ ပြန်တော့မယ် နေလို့သိပ်မကောင်းလို့ အိမ်ပြန်တော့မယ် ဟု ပြောကာ ထွက်လာလိုက်သည်။
နွားကျောင်းသား ဦးလေးကိုလဲ ကြောက်သောကြောင့် သွားရမှာလဲ မဝံ့မရဲပေ။
ရေကန်သွားလမ်းသို့ ရောက်သောအခါ နွားရော နွားကျောင်းသားဦးလေးကြီးကိုရော မတွေ့ရတော့ သောကြောင့် ဝမ်းသာသွားသည်။
ဘောလုံးကန်နေသော သူများလည်း ရှိမနေတော့ချေ။
သူရေကန်ကြီးဘက်သို့ ကြည့်တော့ ထိုသုံးယောက်က ရေကူးနေဆဲ ဖြစ်ကာ သူ့ကိုတွေ့တော့ အားရဝမ်းသာ လက်ပြခေါ်ကြလေသည်။
သူလဲ ရေကန်နှင့်နီးရာသို့ချည်းကပ်သွားလိုက်၏။
“ညီလေးရေ လာဟေ့ ဒီဘက်ကိုလာ ရေက တိမ်တိမ်လေး… ဒီမှာတွေ့လားဟု “ပြောရင်း သူတ်ို့မတ်တပ်ရပ်ပြရာ ရေက သူတို့ပေါင်လည်လောက်သာ ရှိသည်ကိုတွေ့ရသည်။
သားပုလဲ လွယ်အိတ်လေးအား ကန်အစပ်တွင် ချကာ ရေထဲ ဆင်းလိုက်သည်။
ရေထဲ ဆင်းလိုက်သည်နှင့် ထိုလူငယ်သုံးယောက်သည် ပျော်ရွှင်စွာ သားပုထံ ကူးခတ်လာသည်။
သားပုလဲ ရှေ့သို့ ထပ်တိုးလိုက်ရာ ကန်၏ ချိုင့်ခွက်နေရာသို့ ခြေချမိကာ လူက ဟန်ချက်ပျက်ပြီး ရေထဲသို့လဲကျသွားသည်။
သားပု ရေထဲ၌ ပြာနှမ်းနေသော မျက်နှာကြီးတစ်ခုအားတွေ့လိုက်ရတော့ အလွန်ကြောက်လန့်သွားကာ ပြန်ထမည် အပြု မမြင်ရသော အရာများက သားပုအား ရေကန်ထဲ ဆွဲချသွားလေတော့သည်။
သားပု နားထဲ၌ လူတိုးပြီဟေ့ ငါတို့လူရပြီဟူသော လှိုင်သံကြီးဖြင့် အော်သံများကို ကြားလိုက်ရပြီး အသက်ရှုများ ကြပ်လာကာ တီနွယ်… သားကို ကယ်ပါ ဟု ရေရွတ်ရင်း အမြင်အာရုံများ အမှောင်တိ လွှမ်းသွား၏။
ကန်ရေများသည် အစောတုန်းက လှုပ်ခါနေသလောက် ယခုတော့လည်း အစာဝသွားသော မြွေတစ်ကောင်လို တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေသည်။
သခင်မဲ့သွားသော လွယ်အိတ်လေးနှင့် ဖိနပ်လေးသည် ကန်၏နဘေး၌ အထီးကျန်စွာဖြင့် သခင်အား စောင့်မျှော်နေသယောင်ပင်။
နွယ်နွယ် အိမ်ရောက်တော့ စိတ်ပင်ပန်းလွန်းသဖြင့် မိခင်ထံ သားပု ဖုန်းဆက်သည့် အကြောင်းပြောကာ အိပ်ယာထဲ ဝင်ကာ မှေးနေသည်။
တီနွယ်… သားကို ကယ်ပါ… ဟူ၌ ပြာနှမ်းနေသော မျက်နှာဖြင့် သူမအား အနီးကပ်လာကြည့်ကာ အော်နေသည်မို့ ” သားပု ” ဟူ၍ လန့်ကာ ေအာ်မိလေသည်။
ဟင် ငါမှေးခနဲ အိပ်ပျော် ပြီး အိပ်မက်ဆိုးမက်နေပါလားဟု ဆိုမိသည်။
နွယ်နွယ်ဖခင်က အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်တွင် ငိုက်မြည်းနေရင်း လူရိပ်တွေ့၍ မျက်စိဖွင့်ကြည့်ရာ မြေးဖြစ်သူ သားပုသည် တစ်ကိုယ်လုံးစိုရွှဲကာ သူ့အားတွေတွေကြီး စိုက်ကြည့်နေသည်မို့ လန့်သွား၏။
“မြေးလေး ရေတွေစိုနေပါလား မိုးလဲ မရွာပဲနဲ့ ”
ဟု ပြောရာ သားပုက ဘာစကားမှမဆိုပဲ နွယ်အခန်းထဲ ပြေးဝင်ရာ နွယ်နွယ်က အခန်းထဲ မှအလန့်တကြား ပြေးထွက်လာစဥ် သားပုသည် နွယ်နွယ်၏ ခန္ဓာကိုယ်ထဲမှ ဖောက်ဝင်ကာ အခန်းထဲ ဝင်သွားသည်ကို တွေ့လိုက်ရ၍ လက်ထဲမှစိပ်ပုတီးပင် လွတ်ကျသွားသည်။
“သမီးနွယ်နွယ် … အစောတုန်းက သားပုလို့ အကျယ်ကြီးအော်လိုက်တာလား..”
” ဟုတ်တယ် အဖေ… သမီးမှေးခနဲ အိပ်ပျော်သွားတုန်းအိပ်မက်ဆိုးမက်လို့ ပြေးထွက်လာတာ သားပု… အဖေဆီ သမီးဖုန်းသွားဆက်လိုက်ဦးမယ်… မမဆီတော့ ညနေသားပု ဆက်လာကတည်းက ဖုန်းဆက်ထားတယ်… ”
ဟုဆိုရင်း တိုက်ရှေ့က ဖုန်းဆိုင်လေးဆီ အလျှင်အမြန်သွားလိုက်လေသည်။(ထိုစဥ်က လူအများ လမ်းဘေး ကြိုးဖုန်းလေးများကိုသာ အသုံးပြုကြလေသည် လက်ကိုင်ဖုန်းများ စျေးအလွန်ကြီးသော ကာလဖြစ်သည်)
“ဟလို… ကိုသိန်းကျော်လား… သားပုအိမ်ပြန်ရောက်ပြီလား… ဟင်…ဟုတ်လား ဒါဆို.. သူ့သူငယ်ချင်း မြထွန်းအိမ်ကိုသွားကြည့်လိုက်ပါလား… ခုပဲသွားလိုက်… ညီမ..ဒီဆိုင်ကပဲစောင့်မယ်…. ပြန်ဖုန်းဆက်ပေးပါ” ဟု ဆိုကာ ဖုန်းဆိုင်လေးရှိ ခုံလေးတွင် နွယ်နွယ် ထိုင်စောင့်နေလေသည်။
သားပု၏ဖခင် ကိုသိန်းကျော်ထံတွင်တော့ လက်ကိုင်ဖုန်းရှိ၍ တော်သေးသည်ဟုဆိုရမည်။
နွယ်နွယ် ၏ မိခင်ကလဲ နွယ်နွယ် ရှိရာသို့ လိုက်လာကာ သားအမိနှစ်ဦး ဖုန်းပြန်ခေါ်လာမည့် အချိန်အား စောင့်ဆိုင်းနေကြသည်။
“တီ…တီ…တီ ”
ဟူသော ဖုန်းဝင်လာသံကြောင့် ဖုန်းဆိုင်က မိန်းကလေးက ဖုန်းအား ကောက်ကိုင်ရင်း…
“ဟုတ်.. ရှိပါတယ်…ခဏကိုင်ထားပေးပါရှင်….”
ဟုဆိုရင်း” မနွယ်တဲ့ “ဟုဆိုကာ စကားပြော ခွက်လေးအား နွယ်နွယ်ထံ ပေးလိုက်ရာ
နွယ်နွယ်က စကားပြောခွက်လေးအား အလျှင်စလိုယူကာ
” ဟလိုမမ… ဟင်ဟုတ်လား… အတော်တောင်ကြာပြီပဲ မမ… အဟင့်…ဟင့်… သားပုလေးကို တွေ့အောင်ရှာရမယ်…ဟုတ်မမ… နွယ်ခုပဲ လာခဲ့မယ်” ဟုဆိုကာ ငိုရင်း..
“မေမေ အိပ်ကနေစောင့်ပါ ဖေဖေက ကျန်းမာရေးကောင်းတာမဟုတ်ဘူး… သားပုလေး ညနေကတည်းက သူ့သူငယ်ချင်းအိမ်ကနေ အစောကြီးပြန်သွားတာတဲ့…. ခုက မှောင်တောင်မှောင်နေပြီ… သမီးမမတို့ဆီသွားလိုက်ဦးမယ်… သားပုကို တွေ့အောင်ရှာမယ်… မေမေ အိမ်ကနေသာ စောင့်ပါ… မေမေ့မြေးလေး အန္တရာယ် ကင်းအောင်ဆုတောင်းပေးဦး ”
ဟု ဆိုကာ အိမ်သို့ သားအမိနှစ်ယောက် အမြန်ပြန်ကာ နွယ်နွယ်ဆိုင်ကယ်အား ထုတ်လိုက်သည်။
နွယ်နွယ် ဖေဖေက
” သမီး.. သားပုကို ရေကန်တွေနားမှာ ရှာကြည့်ပါ ကလေးဆိုတော့ ရေတွေဘာတွေ ဆင်းဆော့တာလဲ ဖြစ်နိုင်တယ် ”
ဟု ပြောကာ အသံများက တုန်ယင်နေသည်။
နွယ်နွယ်လဲ ခေါင်းညိမ့်ပြကာ ဆိုင်ကယ်အား မေသူတို့ အိမ်သို့ ဦးတည်လိုက်သည်။
ဟိုရောက်တော့ မေသူတို့ လင်မယား နှင့်အတူ မြထွန်း၏ မိဘနှစ်ပါးကိုပါ တွေ့လိုက်ရသည်။
နွယ်နွယ်တို့လည်း မြထွန်းအား သေချာမေးကာ ထိုပတ်ဝန်းကျင်အား သားပု၏ ပုံစံဖြင့် ဘယ်အရပ်သွားသည်ကို တွေ့မိကြသလဲ မေးရာ ရေကန်ဘက် လမ်း၌ တွေ့လိုက်သည်ဟုအဖြေရသဖြင့် ဓာတ်မီးများဖြင့် ရေကန်အနီး တဝိုက်ရှာဖွေကြလေသည်။
တွေ့ပါပြီ… သားပု၏ လွယ်အိတ်နှင့် ဖိနပ်လေး။
မေသူနှင့် နွယ်နွယ်တို့ ညီအစ်မနှစ်ယောက် တစ်ဦးကိုတစ်ဦး ဖက်ကာငိုကြသည်။
သားပု၏ ဖခင်က ဖုန်းဖြင့် အရန်မီးတပ် နှင့် အသင်းအဖွဲ့ အချို့ထံ သို့အကူအညီတောင်းကာ ကန်ထဲ၌ ညတွင်းချင်း သားပုအား ရှာဖွေကြလေတော့သည်။
ထိုအနီးအနားပတ်ဝန်းကျင်မှ လူအများကလည်း လာရောက် ကြည့်ရှုကြပြီး ညတွင်းချင်း ထိုသတင်းသည် တစ်မြို့လုံးသို့ ပျံနှံ့သွား၏။
မေသူက ငိုရင်း သတိလက်လွတ်ဖြစ်သွားသောကြောင့် ဆေးခန်းသို့ ခေါ်သွားကြရလေသည်။
သားပု ၏ ဖခင်က သားအား ရေကန်ထဲ တွေ့ရဖို့ အရေး ပြာယာခတ်လျှက် ရှိသည်။
နွယ်နွယ်က မေသူအား ဆေးခန်း၌ စောင့်နေရသည်။
ထိုစဥ် ဆေးခန်း၏ ပြတင်းပေါက် မှန်မှ သားပု၏ ဖြူဖတ်ဖြူရော် မျက်နှာကြီးအား တွေ့လိုက်ရ၍ နွယ်နွယ် လန့်အော်မိမတတ်ဖြစ်သွားကာ ပြတင်းပေါက်ထံ အမြန်ပြေးသွားကာ
” သားပု.. သားပုလားဟင်… တီနွယ့်ကို စိတ်ပူအောင်မလုပ်ပါနဲ့… သား အိမ်ကို ပြန်လာရမယ်… သားမသေရဘူး… သားလေး တီနွယ့်ကို ခွဲမသွားရဘူး”
ဟု အရူးတစ်ယောက်လို ရွတ်ကာ ပြတင်းပေါက်တံခါး ကို ဖွင့်ကြည့်လိုက်သည်။
နွယ်နွယ်၏ အစ်မ အခန်းက ဆေးခန်း၏ ဒုတိယထပ်ဖြစ်သောကြောင့် ပြတင်းပေါက်တွင် မည်သို့သောနည်းနှင့်မျှတစ်စုံတစ်ဦးလာရပ်ရန်မဖြစ်နိုင်ပေ။
ယခုပြတင်းပေါက်တွင် သားပု၏ အရိပ်ကို မြင်ရခြင်းသည်
” သားပု… ငါ့တူလေးသားပု… အန်တီရင်တွေကျိုးပါပြီသားရယ် .. မယုံန်ိုင်သေးဘူး… သားပြန်မလာဘူးဆိုတာ.. မယုံဘူး…မနက်ကမှ သားနဲ့ တီနွယ် ပျော်ပျော်ပါးပါး ရှိနေကြသေးတာ ”
ဟုတီးတိုးရေရွတ်ရင်း ကြိတ်ငိုမိသည်။
မမမေသူကြားသွားလျှင် ပိုဆိုးမည်ဆိုးသောကြောင့်ပင်။
မေသူက ဆေးခန်းကုတင်ထက်တွင် ဆေးကြောင့် အိပ်ပျော်နေသည်။
မေသူနိုးလာလျှင် သူ့သားအားမေးပါက နွယ်ဘယ်လိုပြောရမလဲ ဟူ၍လည်း မတွေးတက်အောင် ရှိသည်။
သားပု၏ အလောင်းအား ည ကိုးနာရီခန့်မှ တွေ့ကြရပြီး ဆေးရုံကြီးသို့ ချက်ချင်းသယ်ဆောင် သွားကြ၏။
သားပု ဖခင်ကား ယူကြုံးမရဖြစ်နေသည်။
သားရှိရာ ပြေးလိုက် မိန်းမ ဖြစ်သူအား ချော့လိုက်နှင့်ပင်။
မေသူ သတိရလာပြီး သားဖြစ်သူ သတင်းဆိုးကြောင့် အရူးမီးဝိုင်းဖြစ်နေသောကြောင့် စိတ်ငြိမ်ဆေးပင် ထိုးပေးရသည်။
နွယ်နွယ် သားပု အလောင်းကို ကြည့်ပြီး ရူးမတက်ပင်။
“မယုံဘူး… သားပုလေး သေတာ မယုံဘူး… သား..တီနွယ့်ကို စနေတာမို့လား… သား..မစပါနဲ့ သားရယ်… တီနွယ်ကိုမစပါနဲ့ ”
ဟူ၍လည်း နှုတ်မှတတွတ်တွတ် ဆိုရင်း မျက်ရည်များပင် ခန်းခြောက်လု ဖြစ်နေသည်။
နွယ်နွယ်၏ မိခင်နှင့် ဖခင်ကား ဘာသာရေးလိုက်စားကြသူမို့ သမီးနှစ်ဦးကို တဖွဖွ တရားဖြင့် နားချနေကြသည်။
သားပုလေး၏ အဖြစ်ဆိုးကြောင့် ကျောင်းအုပ်ကြီး..ဆရာဆရာမများ နှင့် ကျောင်းသူကျောင်းသားများ အားလုံးစိတ်မကောင်းကြပေ။
ကျောင်းအုပ်ဆရာကြီး၏ အမိန့်ပြန်တမ်းကို ကြားရသူအပေါင်းတို့ မျက်ရည်ကျကြရသည်။
နွယ်နွယ် အိပ်နေစဥ်…အေးစက်သော လက်တစ်ဖက် က ခြေထောက်အား လာကိုင်သောကြောင့် ရုတ်တရက်လန့်သွား၏။
မျက်စိဖွင့်ကြည့်လိုက်တော့ အဖြူအစိမ်းရေစိုဝတ်ကြီးဖြင့် နွယ်နွယ်၏ ခြေရင်းတွင် မျက်နှာသေကြီးဖြင့် နွယ်နွယ့်အား စိုက်ကြည့်နေသော သားပုကို ညအိပ်မီးပြာပြာ အောက်၌ တွေ့လိုက်ရသည်။
နွယ်နွယ်ပါးစပ်က အာစေးမိထားသူ တစ်ယောက်လို အော်မရ လှုပ်မရ။
” တီနွယ် သားကြောက်တယ်… သားကိုသူတို့ရေထဲ ဆွဲချကြတယ်… သားနာမည်ကို သူတို့အထပ်ထပ်ခေါ်လို့.. သားရေကန်ဆီရောက်သွားတာ… သူတ်ို့ လူစားလဲ ကြတာ… သားခု ကန်ထဲကနေဘယ်မှသွားမရဘူး… ေနာက်ထပ် လူတွေခေါ်ဦမှာ… သားကိုကူညီပါဦးတီနွယ်… သားကြောက်တယ်…သားကြောက်တယ် ”
ဟူသော အသံကို အဆက်မပြတ်ကြားနေရသောကြောင့် နွယ်နွယ် နားကိုလက်ဖြင့် ပိတ်လိုက်သည်။
မီးများ ရုတ်တရက်ပွင့်သွားပြီး နွယ်နွယ်၏ ဖခင် အခန်းထဲ ပြေးဝင်လာသည်။
” သမီးနွယ်နွယ် စိတ်ထိန်းပါ..”.
ဟု ဆိုကာ ပြောရင်း သမီးကို နှစ်သိမ့်ပေးနေသော်လည်း သူကိုယ်တိုင်ကမျက်ရည်များဖြင့်။
နွယ်နွယ်၏ မိခင်လည်း အခန်းထဲဝင်လာရာ နွယ်နွယ်ကမိခင်အား ဖက်ကာ ရှိုက်ကြီးတငင်ငို ကြွေး လေသည်။
နွယ်နွယ်၏ ခြေရင်းတွင် ရေစို၍ ကွက်နေသော နေရာနှင့် လူတစ်ဦး၏ ရေစိုနေသော ခြေရာများကိုလည်း တွေ့ရ၏။
နွယ်နွယ်၏ မိခင်လည်း သမီးအား ကြည့်ကာ စိတ်မကောင်း။
“မခင်မေ ဒီညမင်းရဲ့သမီးနဲ့ အတူအိပ်ပေးလိုက်ပါ… ငါတို့မြေးလေးက မကျွတ်သေးဘူး… သူ့အဒေါ်ကို စွဲပြီး သေသွားတော့ သူ့အဒေါ်ဆီ ကို မကြာခဏ ရောက်လာမယ်ထင်တယ်… နက်ဖြန် ငါတ်ို့ ဘုန်းကြီးဆီသွားပြီး အကျိုးအကြောင်းလျှောက်ရမယ်…. နက်ဖြန်ရက်လည်..တရားနာရင်…သားပုလေး… ကို ရေကန်ဆီမှာ သေချာသွားခေါ်ပြီး အမျှပေးဝေကြမယ်….. ”
ဟု ဆိုရင်း လေးသွဲ့သော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားလေသည်။
နွယ်နွယ်တို့ သားအမိနှစ်ဦးကတော့ ဝမ်းနည်းမျက်ရည်များဖြင့်သာ…….
သားပုလေး၏ ရက်လည် တရားနာအပြီး တွင် နွယ်နွယ်၏ အခန်းဆီသို့ သားပုလေး ရောက်မလာတော့ပေ။
သို့သော် အဖြူအစိမ်းရေစိုဝတ်နှင့် ကျောင်းသားတစ်ဦးအား ထိုတိုက်အနီးတွင် မကြာခဏ တွေ့ကြရသူများ ရှိကြသည်။
နောက်ပိုင်း ထိုရေကန်တွင် လူငယ်များ သေဆုံးမှုများ ထပ်မံ ရှိခဲ့သေးသည်။
ခုတော့ နှစ်တွေ အတော် ကြာခဲ့လေပြီ။
သားပုကို မြင်တွေ့သူများ မရှိကြတော့ပေ။
နွယ်နွယ်ပင် အိမ်ထောင်ကျကာ သားသမီးများ ထွန်းကား နေလေပြီ။
ထိုရေကန်ကြီး၌ တစ်ခါတစ်ရံ ကန်အော်သံများ ကြားနေရတတ်သည်။
အကယ်၍ ကန်ထဲမှ မိမိ၏ နာမည်ဖြင့် ခေါ်သံများ ကြားပါက လုံးဝ… လုံးဝ မသွားကြပါနှင့်..ဟု…….
လေးစားလျက်
စာရေးသူ Nan Kyarnyo