ရေဆန်မဲ့မြစ်တစ်စင်း၏နိဂုံး(စ/ဆုံး)
————————————
” ဒူ ဝေ…ဝေ…ဝေ…ဝေ….”
ကြေးစည်ထုသံကြောင့် နောက်ဆုံးတွေ့မြင်ရခြင်းဟူသည့် အသိနှင့်အတူ မငြိမ်းအေးမျက်ဝန်းတွင် မျက်ရည်စများ ဝေသီလာသည်။ လူမမည်သားလေးကတော့ လူ့လောကကြီးထဲကထွက်ခွာသွားရပြီဖြစ်သည့် ဖခင်ဖြစ်သူအတွက် ဝမ်းနည်းပက်လက် ငိုကြွေးနေလျက်ပင်။ မငြိမ်းအေး မျက်လုံးအိမ်မှ ထွက်လုလုမျက်ရည်စတို့ကို စီးကျမလာအောင် ထိန်းချုပ်ထားလိုက်သည်။မငြိမ်းအေးငိို၍မဖြစ်။ ဖတဆိုးဖြစ်သွားရှာသည့် သားလေး၏ရှေ့တွင် မငြိမ်းအေး မျက်ရည်ကျ၍မဖြစ်။ မိမိက မျက်ရည်ကျပြနေလျှင် မိမိကိုသာ အားကိုးရှာရတော့မည့် သားငယ်လေးက ပို၍အားငယ်ရှာပေတော့မည်။ ကျလုလု မျက်ရည်များကို အားတင်းချုပ်တည်းထားသည့် မငြိမ်းအေးရင်ထဲ ဆို့တက်လာကာ မျက်လုံးများပြာဝေလာသည်။
” ဟဲ့! ငြိမ်းအေး တင်းခံမနေနဲ့ ငိုချလိုက် ငိုချလိုက်စမ်းပါအေ ”
ဘွားလေးမြ၏ စကားကြောင့် တင်းခံထားသည့် မငြိမ်းအေး၏မျက်ဝန်းမှ မျက်ရည်တို့သည် ပြိုတော့မည့်မိုးပမာ။ မငြိမ်းအေး စိတ်ကို လျှော့ချလိုက်သည်နှင့် မျက်လုံးအိမ်မှမျက်ရည်များ ပြိုဆင်းလာတော့သည်။
” အီး….အမယ်လေး ကိုမြသစ်ရဲ့ ကျွန်မတို့ သားအမိကို စိတ်ချလက်ချ ထားရစ်ခဲ့ပြီလားတော့်။ အီး…ဟီး…ဟီး ”
* * * * * * * * * * * *
ကိုမြသစ် အသုဘ ရက်လည်ပြီးနောက် မိသားစု အစားဝတ်နေရေးနှင့် လူမမည်သားလေး၏ နောင်ရေးသည် မုဆိုးမ အသစ်စက်စက် မငြိမ်းအေး၏ တာဝန်ဖြစ်လာသည်။ ကိုမြသစ်ရှိတုန်းကတော့ မငြိမ်းအေးတို့သားအမိ ဘာမျှမပူမပင်ရ။ မငြိမ်းအေးမှာလည်း သားဖြစ်သူကျာင်းကိစ္စနှင့် အိမ်မှုကိစ္စများဖြင့်သာ လုံးပန်းခဲ့ရသည်။ မချမ်းသာသော်လည်း ကိုမြသစ် တက္ကစီဆွဲ၍ရသည့်ဝင်ငွေကလေးဖြင့် မိသားစုသုံးယောက်အတွက် သာယာချမ်းမြေ့ဖွယ် ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြသည်။ ယခုတော့ အိမ်ထောင့်တာဝန်က မငြိမ်းအေးခေါင်းပေါ် ပုံကျလာပြီဖြစ်သည်။
ကိုမြသစ်က တစ်ဦးတည်းသောသား။မိခင်မုဆိုးမကြီးကို တက္ကစီဆွဲ ရှာကျွေးနေရင်း မငြိမ်းအေးနှင့် အကြောင်းပါလာပြီးနောက် သျှောင်နောက် ဆံထုံးပါဆိုလို မငြိမ်းအေးလည်း ကိုမြသစ်တို့၏ မိသားစုဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ကိုမြသစ်က လောင်းကစား၊ အရက် ကင်းသည်။ ဆေးလိပ်နှင့်ကွမ်းကတော့ သူ့အတွက်အဖော်ပင်။ အစွဲအလမ်းေတာ့သိပ်မကြီး။စည်းကမ်းရှိသည်။ မိသားစုအရေးကိုသာ အဓိကထားသည်။သားလေးကိုမွေးပြီး သုံးနှစ်လောက်မှာ ကိုမြသစ်အမေဆုံးသည်။ ယခု သားလေးက လေးတန်းပင် တက်နေပြီဖြစ်သည်။ ကိုမြသစ်ကတော့ သားဖြစ်သူနှင့် မငြိမ်းအေးကို စိတ်ချသွားပြီထင့် ဘဝတစ်ပါးသို့ ပြောင်းသွားရှာလေပြီ မဟုတ်ပါလား။
* * * * * * * * *
” ဘာမှစဥ်းစားမနေစမ်းပါနဲ့အေ။ ပဲပြုတ်သာ ရောင်းစားစမ်းပါ။ ပြုတ်နည်းကျုပ်သင်ပေးပါ့မယ်။ ငါလည်း ဒါတစ်ခုပဲ ကူညီနိုင်တာအေ့ ”
ဘွားလေးမြကလည်း သူကူညီပေးနိုင်မည့် ပဲပြုတ်ရောင်းရန်သာ တိုက်တွန်းနေခြင်းဖြစ်သည်။ မငြိမ်းအေးလည်း ဘွားလေးမြပြောသလို ပဲပြုတ်ရောင်းရန်သာ စိတ်ကူးလိုက်သည်။ဘွားလေးမြက ပဲပြုတ်ပြုတ်နည်းကို သေချာသင်ပေးသည်။မနက်ဖြန်ညနေပြုတ် သန်ဘက်ခါနံနက်ရောင်းမည့်ပဲကို ယနေ့ကတည်းကအဖျင်းများ ၊ခဲများ ရွေးရသည်။ထို့နောက် ရေအေးထဲသို့ ရေနွေးနွေးကို ကြက်သီးနွေးလောက် ( သို့) လက်ထည့်ကြည့်၍ ကိုယ့်လက်အပူခံနိုင်သည့်အနေအထားလောက် ထည့်ခိုင်းသည်။ အဆိုပါရေထဲသို့ စားတော်ပဲထည့်ကာ သုံးနာရီလောက် ရေစိမ်ပြီးနောက် ပြန်လည်ဆယ်ယူကာ ဆန်ခါထဲထည့် ရေစစ်ပြီး အပေါ်မှ အဝတ်ပါးပါးလေးအုပ်ထားရသည်။ ညတစ်ကြိမ် ၊နံနက်တစ်ကြိမ် ရေလောင်းပေးပြီး နောက်နေ့ အညှောက်လေးများထွက်လာမှ ပြုတ်ရသည်။ ပဲပြုတ်ရာတွင်လည်း ရေကိုအရင်ဆူအောင်တည်ပြီးနောက် ပဲပမာဏပေါ်မူတည်ကာ မုန့်လုပ်ထန်းလျက်သင့်တော်သလောက်လေး ထည့်ပြီးမွှေရသည်။ ထို့နောက် ဆော်ဒါ ၊သကြား၊ ဆီ ၊ဆား အနည်းငယ်စီ ထည့်သည်။ ရေကိုလည်း ပဲနှင့်အတိသာထည့်ခိုင်းသည်။ပိုမထည့်ရဟုဆိုသည်။ဘွားလေးမြကပဲပြုတ်နေချိန်တွင်လျှင် ဇွန်းဖြင့်မမွှေခိုင်း။ ပဲဆတ်တောက်တောက်ဖြစ်ကာ အနူးမညီဖြစ်တတ်သည်ဟုဆိုသည်။ ရေခန်းလာလျှင် ပဲကိုဆန်ခါဖြင်စစ်ပြီး ရေနွေးငွေ့ဖြင့် ပြန်တည်ရသည်။ ထမင်းအိုးနှပ်သလို မီးအေးအေးလေးဖြင့် ရေခန်းအောင်ထားလည်းရသည်ဟုဆိုသည်။ ဖွားလေးမြက သူအိမ်တွင် သုံး ၊လေးရက်လောက် ပဲပြုတ်ပုံပြုတ်နည်းသင်ပေးပြီးနောက် ကိုယ့်ဘာသာ စမ်းပြုတ်ခိုင်းသည်။
* * * * * * * * *
” ကဲ…ညည်း အော်ရဲအောင် အော်ကြည့်စမ်းပါအေ ”
သည်နေ့ ဘွားလေးမြက စျေးအော်ရဲရောင်းအောင် သူနှင့်အတူ စျေးလှည့်ရောင်းရာသို့ စတင်ခေါ်လာခြင်းဖြစ်သည်။ မငြိမ်းအေးစျေးတောင်းခေါင်းရွက် အော်ရဲသည်အထိ လိုက်ခဲ့ရန်ပြောထား၏။
” ဟဲ့ ငြိမ်းအေး အော်လေအေ။ ရဲရဲအော်စမ်းပါအေ့။ ငါစျေးစရောင်းတုန်းကလည်း ဒီလိုပါပဲ။ ညည်း တဖြည်းဖြည်းနဲ့ အော်ရဲရောင်းရဲသွားမှာပါ ”
” ဟုတ် ဘွားလေးမြ ”
“ပဲ………..”
မငြိမ်းအေး အားယူအော်ကြည့်လိုက်သည်။သို့သော် ပဲတစ်လုံးသာ ထွက်လာပြီး ပြုတ်က နှုတ်ဖျားကထွက်မလာပေ။ ဘွားလေးမြက အားမလိုအားမရ ဖြစ်ကာ ဆက်အော်ခိုင်းပြန်သည်။မငြိမ်းအေး အားယူ၍ အော်လိုက်ပြန်သည်။
” ပဲ…,………….ပြုတ် ”
သည်တစ်ခါမှာတော့ ပဲဟုအော်ပြီး ခပ်ကြာကြာမှ ပြုတ်ဟူသောအသံ ထွက်လာသည်။ ပဲနှင့်ပြုတ်ကြား တော်တော်လေး အသံခြားသွားသည်။ပဲမှာအသံကျယ်ပြီး ပြုတ်အသံကတိုးသွားသည်။သည်လိုနှင့်ပင် တဖြည်းဖြည်းနှုတ်ရဲရဲသွက်သွက်ဖြင့် ေအာ်ရဲလာသည်။
* * * * * * * * * *
သည်နေ့ မငြိမ်းအေး ပဲပြုတ်ရောင်း စထွက်သည်။ ဘွားလေးမြနှင့် သုံးရက်လောက် လိုက်ရောင်းပြီးနောက် အော်ရဲ ရောင်းရဲ ဖြစ်လာသည်
နှင့် ဘွားလေးမြက စျေးစထွက်ခိုင်း၍ဖြစ်သည်။ ဟိုအိမ်ကခေါ် သည်အိမ်ကခေါ်နှင့် ရောင်းရလာသည်ကြောင့် မငြိမ်းအေး အားတက်လာပြီး နှုတ်ရဲရဲဖြင့် အော်ရဲလာသည်အထိပင်။
တဖြည်းဖြည်း မငြိမ်းအေး ပဲပြုတ်သည်ဘဝမှာ အသားကျလာသည်။ လက်ဖက်ရည်ဆိုင်များနှင့်လည်းဖောက်သည်ဖြစ်လာပြီး နေ့စဥ်ပဲပြုတ် ပို့ပေးနေရသည်။ ပဲပြုတ်ရောင်းရသည့်ဝင်ငွေလေးဖြင့် သားအမိနှစ်ယောက် စားဝတ်နေရေးနှင့် သားလေး၏ပညာရေးကိစ္စများကိုလည်းဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ မငြိမ်းအေး နေမကောင်း၍ စျေးထွက်မရောင်းနိုင်သည့်နေ့များတွင် ဖောက်သည် လက်ဖက်ရည်ဆိုင်တွေကိုတော့ပဲပြုတ်ပြီး သားလေးကို သွားပို့ခိုင်းရသည်။ ဖောက်သည်အိမ်တွေကတော့ မငြိမ်းအေးမထွက်လျှင် တခြားတစ်ဦးဆီက ဝယ်၍ရသည်မဟုတ်လား။ လက်ဖက်ရည်ဆိုင်ဖောက်သည်တွေကိုတော့ အပြတ်ခံ၍မဖြစ်။ နေမကောင်းပေမယ့်လည်း အပင်ပန်းခံ ပြုတ်ပေးပြီး သားလေးကိုသွားပို့ပေးခိုင်းလိုက်ရုံဖြင့် အိမ်စရိတ်အတွက် ကာမိပေသည်။
* * * * * * * * * * * * *
ယခုဆိုလျှင် သားလေးပင် ၁၀တန်း ကျောင်းသားကြီး ဖြစ်နေပြီဖြစ်သည်။ ယခင်လို မငြိမ်းအေးနေမကောင်း ဖြစ်သည့်နေ့များတွင် သားဖြစ်သူအား လက်ဖက်ရည်ဆိုင်များသို့ ပဲပြုတ်သွားပို့ခိုင်းသည့်အခါ သွားမပို့ချင်တော့။ အရွယ်လေးရောက်လာ၍ ရှက်တတ်လာပြီထင်သည်။ ဘေးအိမ်က မောင်မျိုးကို အကူအညီတောင်းပြီး စက်ဘီးဖြင့်သွားပို့ခိုင်းရသည်။ ဘွားလေးမြ ကလည်းမရှိတော့။ မနှစ်က လူကြီးရောဂါဖြင့် ဆုံးပါးသွားပြီဖြစ်သည်။ ဘွားလေးမြရှိလျှင်တော့ ဘွားလေးမြရောင်သည့်အထဲက ပို့ခိုင်းလိုက်ရုံပင်။
သားဖြစ်သူ၏ ပဲပြုတ်ပို့ရသည်ကို ရှက်တတ်လာသည့်စိတ်ကို အကြောင်းပြပြီး ပညာတတ်အောင် စာကြိုးစားရန် ဆုံးမရသည်။ ပညာမတတ်လျှင် မိမိတို့လို ဘဝကြမ်းကြမ်းကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သားဖြစ်သူနားလည်အောင်ပြောရသည်။စုဆောင်းထားသည့်ငွေကြေးလေးများဖြင့် ဘော်ဒါဆောင်ပို့ထားလိုက်သည်။ အိမ်မှာ မငြိမ်းအေး စျေးရောင်းထွက်ချိန်ဆို သားဖြစ်သူစာကျက် စာလုပ်ဖို့ ကြပ်မတ်မည့်သူမရှိ။ ေဘာ်ဒါဆောင်ပို့လိုက်တော့ ဆရာ ဆရာမများ၏ သင်ကြားကြပ်မတ်မှုအောက်တွင် သားဖြစ်သူ စာကို အချိန်နှင့်ကျက်မှတ်လုပ်ဆောင်နိုင်လာမည်ဖြစ်သည်။ ဒါမှလည်း သားလေး၏ ဘဝ ရှေ့ရေး မပင်မပန်းဖြင့် ဆက်ေလျှာက်နိုင်မည်ဖြစ်သည်။ မိမိတို့လို အပင်ပန်းခံ စားသောက်နေထိုင်ရသည့်ဘဝ မရောက်စေလို။ သားဘဝ တက်လမ်းအတွက် မငြိမ်းအေး ကြိုးစားရှာဖွေရမည်။ သားဖြစ်သူ ပညာတတ်ကြီးဖြစ်၍ အလုပ်အကိုင်ကောင်းကောင်းရလျှင်တော့ မငြိမ်းအေးဘဝလည်း ယခုလို ပင်ပင်ပန်းပန်းစျေးရောင်းရှာဖွေစားသောက်ကြရတော့မည့်မထင်။ မငြိမ်းအေး အတွေးများစွာဖြင့် စိတ်ကူးပုံဖော် ပျော်ရွှင်လျက်…..။
* * * * * * * * * * *
သားဖြစ်သူ ၁၀ တန်းအောင်တော့ မငြိမ်းအေး ပျော်၍မဆုံး။ AGTI ( Civil) တက်ခွင့်ရခဲ့သည်။ AGTI ပေါင်းကူး B.techမှတစ်ဆင့် B.Eဘွဲ့ အထိအောင်မြင်အောင်ကြိုးစားမည်ဆို၍ မငြိမ်းအေးတစ်ယောက် သားကိုအင်ဂျင်နီယာဘွဲ့ရကြီးအဖြစ် မြင်ယောင်မျှော်လင့်ထားခဲ့မိသည်။ သို့သော် ဖြစ်မလာခဲ့။ အပေါင်းအသင်းများ အပျော်အပါးဖက် သောက်စားပျက်စီးလာချင်သောသားဖြစ်သူက AGTI ဖြင့်ပင် ဂိတ်ဆုံးသွားသည်။ B.tech နှင့်B.E ဘွဲ့အထိ မတက်လှမ်းနိုင်ခဲ့သော်လည်း AGTI နှစ်နှစ်တက်ရသည်ကိုပင် အောင်အောင်မြင်မြင် ပြီးဆုံးသွားသည့်အတွက် ကျေးဇူးတင်ရပေမည်။ ယခုတော့ ဂျပန်သွားအလုပ်လုပ်ချင်သည်ဟု ဆိုလာပြန်သည်။ ဂျပန်စကားပြောသင်တန်းတက်ချင်သည်ဆို၍ သင်တန်းကြေးထုတ်ပေးလိုက်ရသည်။ ဘာပဲပြောပြော ရပ်ကွက်ထဲ ဝေလေလေလုပ်ပျက်စီးသွားနိုင်သည်ထက်စာလျှင် သင်တန်းတက်ပြီး နိုင်ငံခြားသွားအလုပ်လုပ်ချင်စိတ်ကိုပင် မငြိမ်းအေး ပံ့ပိုးပေးရမည်။ သားလေးဘဝတက်လမ်းအတွက်ပေပဲ မဟုတ်လား။
လက်ရှိနေထိုင်နေသော အိမ်လေးကို ပေါင်ပြီး သားဖြစ်သူ၏ ဂျပန်သွားအလုပ်လုပ်ချင်သည့်ဆန္ဒကို မငြိမ်းအေး ဖြည့်ဆည်းပေးလိုက်သည်။ သားလေး အလုပ်လုပ်၍ အဆင်ပြေသည့်အခါ ပို့သည့်ငွေလေးများကို စုဆောင်းပြီး ပြန်ရွေးလျှင်လည်းရသည်မဟုတ်လား။ သားဖြစ်သူကလည်း အလုပ်ကောင်းကောင်းလုပ်ပြီး ငွေပို့မည်ဆိုသည်။ ကျန်းမာရေးဂရုစိုက်ရန် သေချာမှာရသည်။သားဖြစ်သူ ဆန္ဒရှိ သွားချင်လွန်း၍သာ မအေးငြိမ်းလွှတ်လိုက်ရသည်။ သားဖြစ်သူကိုစိတ်မချ။ သားအမိနှစ်ယောက်တည်းရှိသောဘဝတွင် မငြိမ်းအေးကတော့ ကိုယ်နိုင်ငံမှာပဲ လုပ်ကိုင်စားသောက် နေထိုင်စေချင်သည်။ ခုတော့ သားဖြစ်သူဆန္ဒပြင်းပြလွန်း၍သာ ကိုမြသစ် မိဘတွေလက်ထက်ကတည်းက နေထိုင်လာခဲ့သည့်အိမ်လေးကို ပေါင်နှံပြီးလွှတ်လိုက်ရသည်။ မငြိမ်းအေးရင်ထဲ ဟာတာတာ။ သားလေး မိခင်အပေါ်တတ်သိနားလည် လိမ္မာပါစေဟုသာ……….။
* * * * * * * * * * * *
သားလေး အလုပ်တွင် အဆင်ပြေသည်ဟု ပြောသည်။ ဒီသတင်း ကြားရတော့ မငြိမ်းအေး စိတ်ချမ်းသာရသည်။ ပူပင်နေရသည့်စိတ် အနည်းငယ် ပြေလျော့သွားရသည်။သားက တစ်လ တစ်ခါတော့ သူ့လစာထဲက တချို့တစ်ဝက်ကို မှန်မှန်ပို့ပေးသည်။ ကြာကြာချီးကျူးမခံ။ လေး၊ငါး၊ခြောက်လလောက်ငွေပို့ပြီးနောက် ထပ်မပို့တော့။ ယခင်အလုပ်က အဆင်မပြေ၍ ထွက်လိုက်ပြီဟုဆိုသည်။နောက်အလုပ်မရမချင်း ငွေလည်းပို့နိုင် မည်မဟုတ်။အလုပ်ရမှ ဖုန်းဆက်လိုက်မည်ဟုပြောပြီး သားထံမှ ဘာသံမျှမကြားရတော့။ မငြိမ်းအေး စျေးသာထွက်ရောင်းနေရသည် စိတ်ကမဖြောင့်။ သားဖြစ်သူအတွက်ပူပန်နေရသည်။ ဘုရားရှိခိုးတိုင်း သားဖြစ်သူ အလုပ်အဆင်ပြေပါစေဟု ဆုတောင်းရသည်မှာလည်းအမော။
ရက်မှနှစ်တို့သာပြောင်းသွားသည် သားဖြစ်သူထံမှ ဘာသံမျှ မကြားရ။ ရပ်ကွက်ထဲ ဂျပန်မှပြန်လာသူများရှိလျှင် သားဖြစ်သူအကြောင်း ကြားရလို့ ကြားရငြား ဓာတ်ပုံလေးပြကာ သွားမေးရသည်မှာလည်းအမော။ အဆက်အသွယ်ရလျှင်တော့ သားဖြစ်သူကိုပြန်လာခိုင်းဖို့ မငြိမ်းအေး စိတ်ကူးထားသည်။ သည်သား သည်အမေ နှစ်ဦးတည်းရှိသောဘဝတွင် ယခုလို ဝေးကွာနေ ပြီးစိတ်ပူပန်နေရခြင်းများကိုလည်း မလိုလား။ မိမိမျက်စိအောက်တွင်သာ နေထိုင်လုပ်ကိုင်စားသောက်စေချင်တော့သည်။ အိမ်ပေါင်ထားသည်ကိုလည်း ရောင်းပြီးပေးလိုက်လျှင်ရသည်။ ပိုလျှံသည့်ငွေကလေးဖြင့် အိမ်ငှားနေရလည်းဖြစ်သည်။ သားဖြစ်သူအတွက် တစ်နေ့မျှ ရတက်မအေးရသည့်စိတ်များသာ ပြေပျောက်ချင်တော့သည်။
မငြိမ်းအေးရှာသမျှက အိမ်ပေါင်ထားသည့်ကို အတိုးပေးရသည်ဖြင့်သာ ကုန်နေသည်။ကြာလျှင်တော့ မလွယ်။ နောက်ဆုံးတော့ အိမ်လေးကို အပေါင်ခံထားသူနှင့် ညှိနှိုင်းရောင်းချပြီး ပေးစရာရှိသည်များကို ပေးဆပ်လိုက်တော့သည်။
* * * * * * * * * * *
“အဟွတ် အဟွတ် အဟွတ် ”
အဆက်မပြတ်ဆိုးနေသည့် ချောင်းသံကြောင့်
အပြင်ထွက်တော့မည့် ဒေါ်သုနန္ဒာပြန်လှည့်လာသည်။ အိပ်ရာထဲတွင် လဲလျောင်းနေသော ဒေါ်ခေမာအား…
” မခေမာ သက်သာရဲ့လား ”
ဒေါ်သုနန္ဒာ၏ အမေးကို ဒေါ်ခေမာ ခေါင်းလေးသာ အသာညိတ်ပြနိုင်ရှာသည်။ နှစ်ပေါင်းများစွာ နေပူမရှောင် မိုးရွာမရှောင် လှုပ်ရှားရုန်းကန်ခဲ့ရရှာသော ဒဏ်များကို ခံစားနေရရှာသည်။အဆုတ်ကင်ဆာတဲ့။ လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်ကတည်းက သည်သန်လျင်ကတရားရိပ်သာကို ဒေါ်ခေမာရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ စရောက်ကတည်းက ဖွားသီလရှင်ဝတ်ရင်း ဒေါ်ခေမာဘွဲ့အမည်သာ ခေါ်ခဲ့ကြခြင်းကြောင့် ဒေါ်ငြိမ်းအေးအမည်ရင်းကို မည်သူမျှ မမှတ်မိကြတော့။ ဖွားသီလရှင်ဘဝဖြင့် တရားဘာဝနာ ပွားများအားထုတ်ရင်း အပူမီးများကို ငြှိမ်းသတ်နေရရှာသော်လည်း အမြဲလိုလို တမှိုင်မှိုင်တထွေထွေဖြင့်သာ။ လွန်ခဲ့သည့် ခြောက်လလောက်ကတည်းက ချောင်းကတဟွတ်ဟွတ်မကြာခဏဆိုးနေသည့်တိုင် ပေခံနေခဲ့သည်။ အစားအသောက်ပျက်လာကာ လူကလည်းပိန်ကျသွားသည်။လွန်ခဲ့သည့်လလောက်ကစပြီး ချောင်းတွေမတရားဆိုးကာ သွေးစလေးများပါလာပြီး အသက်ရှူမဝဖြစ်ကာ မောပန်းနွမ်းနယ်မှုများ ခံစားလာရခြင်းကြောင့် ဆေးရုံသွားပြသည့်အခါ အဆုတ်ကင်ဆာဖြစ်နေကြောင်း သိရလေသည်။ဆေးရုံတက်ကုသရန်ပြောပေမယ့်လက်မခံ။ ကုသ၍မပျောက်နိုင်တော့သည့်အတူတူ တရားရိပ်သာတွင်သာ တရားမှတ်ရင်း အချိန်တွေကို ကုန်လွန်ချင်သည်ဟုဆိုသည်။
” ကဲ… နေလို့ဖြစ်တယ်ဆိုလည်း ကျွန်မ နာရေးကူညီမှုယာဥ် လှူဒါန်းမှု ရေစက်ချတရားပွဲလေး သွားလိုက်ဦးမယ်။ မခေမာ မသက်သာရင် ကလေးတစ်ယောက်ယောက်ကို အခေါ်လွှတ်လိုက်နော် ”
ဟုပြောလိုက်ရာ ဒေါ်ခေမာ ချောင်းဆိုးနေသည့်ကြားက ခေါင်းလေးညိတ်ပြရှာလေသည်။
* * * * * * * * * *
ညက ဒေါ်ခေမာ သွေးများအန်ကာ အမောဖောက်ပြီး ဆုံးသွားရှာပြီဖြစ်သည်။ သည်နေ့မနက် သက်ဆိုင်ရာနှင့် လုပ်စရာကိစ္စများ လုပ်ပြီးသွားလျှင် လွန်ခဲ့သည့်ရက်ကမှ ေရစက်ချလှူဒါန်းထားသည့် အသစ်စက်စက် နာရေးကူညီမှုယာဥ်ဖြင် သုသာန် အအေးခန်းသို့ပို့ဆောင်တော့မည်ဖြစ်သည်။ ဒေါ်ခေမာ့ရုပ်အလောင်းကိုကြည့်ပြီး ဒေါ်သုနန္ဒာစိတ်မကောင်း။ လွန်ခဲ့သည့် ၁၀နှစ်လောက်ကတည်းက သည်တရားရိပ်သာလေးထဲက သည်ကျောင်းဆောင်လေးထဲမှာ အတူနေထိုင်ခဲ့ကြသည်မဟုတ်လား။ သည်ကျောင်းဆောင်လေးကလည်း ဒေါ်ခေမာပင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အိမ်ရောင်းချပြီး ပေးဆပ်စရာရှိသည်များပေးဆပ်ကာပိုငွေလေးဖြင့် ဆောက်လုပ်လှူဒါန်းသည်ဟုသာသိကြရသည်။
ဒေါ်ခေမာ၏ ရုပ်အလောင်းကို သယ်ဆောင်သွားသည့် နာရေးကူညီမှုယာဥ် ရိပ်သာထဲမှထွက်အသွား မုခ်ဦးထိပ်အရောက် ရိပ်သာထဲဝင်မည့် ယာဥ်တစ်စီးက ဘေးကပ်ရှောင်ပေးသည်။ ထို
ယာဥ်ပေါ်တွင်ဖြင့် ဂျပန်မှလာကြသည့် မိသားတစ်စု။ လင်မယားနှစ်ယောက်နှင့် ၁၀ နှစ်အရွယ် သားယောက်ျားလေးတစ်ဦး။ နာရေးကူညီမှုယာဥ်လှူခဲ့သည့်အလှူရှင်များ။ ဂျပန်မှာ အလုပ်သွားလုပ်ရာမှ သုံးဖြုန်းပျော်ပါး အိမ်ထောင်ကျပြီး သားလေးတစ်ဦးထွန်းကားလာမှ မိဘမေတ္တာနှင့်ဘဝအကြောင်းနားလည်လာသူ၊ အလုပ်ကြိုးစားလာပြီး အဆင်ပြေလာသဖြင့် မိခင်ဖြစ်သူကိုသတိရလာသည့် ဒေါ်ငြိမ်းအေးသား။ လူကြုံရှိတိုင်း ဆက်သွယ်သော်လည်း ခြေရာပျောက်နေခဲ့သည့်မိခင်ကိုဆက်သွယ်မရခဲ့။ ယခု ခွင့်ရက်ရသဖြင့် မြန်မာပြည်အလည်လာရင်း မိခင်ဖြစ်သူအား စုံစမ်းသော်လည်းသတင်းမရ။ အချိန်လည်းမရ ပြန်ရတော့မည်မို့ မိခင်အား ကန်တော့မည့်ငွေများဖြင့် ယခုတရားရိပ်သာမှာ မိဘများအား ဦးထိပ်ထားကာ နာရေးကူညီမှုယာဥ် လာရောက်လှူဒါန်းဖြစ်ခြင်းဖြစ်သည်။ နာရေးကူညီမှုယာဥ်တွင် ရေးထိုးထားသော ကွယ်လွန်သူ ဖခင်ဦးမြသစ်နှင့် မိခင် ဒေါ်ငြိမ်းအေးအား အမှူးထား၍
ကို…….. + မ……….(သား)မောင်……..မိသားစု ( ခေတ္တဂျပန်) ဟူသော စာတန်းလေးကို မိခင်ဖြစ်သူ ဒေါ်ငြိမ်းအေး မြင်မိဖတ်မိကာအဆက်အသွယ်ရလိုရငြားဆိုသည့် စိတ်ကလေးဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ယခုလည်း မနက်ဖြန် ဂျပန်ပြန်ရတော့မည်မို့ ဆရာတော်ထံ လာရောက်ဖူးမြော်ကြခြင်းဖြစ်သည်။
သားဖြစ်သူအနေဖြင့် မုခ်ဦးထိပ်မှာဆုံခဲ့ရသော ၄င်းတို့လှူဒါန်းခဲ့သည့် နာရေးကူညီမှုယာဥ်ဖြင့် ပထမဆုံး သယ်ဆောင်သွားသော ရုပ်အလောင်းဖြစ်သည့် ဒေါ်ခေမာမှာ ၄င်း၏မိခင် ဒေါ်ငြိမ်းအေးဟုသာ သိရှိခဲ့ပါလျှင်……..။
ဒါမှမဟုတ် ဒေါ်ခေမာ တစ်ဖြစ်လဲ ဒေါ်ငြိမ်းအေးအနေဖြင့်လည်း ၄င်း၏နောက်ဆုံးခရီးကို ပို့ဆောင်ပေးသည့် နာရေးကူညီမှုယာဥ်၏အလှူရှင်မှာ သားဖြစ်သူမိသားစုမှန်း သိခဲ့ပါလျှင်………။
ခန့်မှူးပိုင် ( ဓာတု)
* * * * * * * * * * * * * * * *