ရွာတော်သခင် မြင်းဖြူရှင်

ရွာတော်သခင် မြင်းဖြူရှင်(စ-ဆုံး)

———————————

ကျွန်တော်ဟာ ယခင်က မိရိုးဖလာရိုးရာနတ်တို့နှင့်ပတ်သက်၍ နှံ့နှံ့စပ်စပ် နားလည်သိရှိခဲ့ခြင်းမရှိသလို ခေတ်ကာလလူငယ်တစ်ယောက် ဖြစ်တာနဲ့အညီ အယုံအကြည်လည်းကင်းမဲ့လှ‌ချေသည်။ဝါဝင်ဝါထွက်တွင် အိမ်ရှိလူကြီးသူမများက ဦးရှင်ကြီးနတ်အား တင်မြှောက်ပင့်ဖိတ်ခြင်းကို လှောင်ပြောင်ရယ်မောခဲ့ဖူး၏။အိမ်တွင်းနတ်အုံးသီးဆွဲခြင်းကို အဓိပ္ပါယ်မရှိဟုမှတ်ယူခဲ့ဖူး၏။ကုန်ကုန်ပြောရရင် နတ်မပြောနဲ့ အိမ်ကဘုရားတောင် ဖွားအေကြီးတိုက်တွန်း၍ ညမအိပ်ခင် တကြိမ်သာ ကဆုန်ပေါက်ဦးချသော လူစားဖြစ်ချေတော့၏။ထိုသို့ ပေလွန်းတေလွန်းသော ကျွန်တော့်ကို ပြောင်းလဲစေသော အဖြစ်အပျက်တစ်ခုဟာ ကျွန်တော့်အသက် ၂၀/၂၁ဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့လေတော့သည်။တက္ကသိုလ်နောက်ဆုံးနှစ်ပြီးမြောက်၍ ဘွဲ့ယူရန်စောင့်ဆိုင်းနေသော ကာလဖြစ်၏။ကျောင်းပြီးခါစ အလုပ်အကိုင်လည်းမယ်မယ်ရရမရှိ သေးသည့်အတွက် မာတာမိခင်၏ ဇာတိဖြစ်သော မြစ်သားမြို့နယ်အနီးက ထန်းပင်စုရွာသို့ မိသားစုအလည်အပတ်ထွက်ခဲ့ကြ၏။အဆိုပါ အညာရွာလေးဟာ မန္တလေးရွှေမြို့တော်ကြီးမရောက်ခင် မိုင်တိုင် 331အနီးတွင်တည်ရှိသဖြင့် အမေ့ရဲ့အကိုကြီးဦးဘိုစိန်က ကျွန်တော်တို့မိသားစုကို ပုဇဉ်းခေါင်းယဉ်ကြီးမောင်း၍ လာရောက်ကြိုဆိုရလေ၏။ထိုမှတဖန် လမ်းဘေးဝဲယာတစ်ဖက်တစ်ချက် ကန္တာရဆူးခြုံပင်များ ထနောင်းပင် ထန်းပင်ကြီးများခြံရံလျက်ရှိသည့် ဖုန်ထူထူ တောလမ်းမကြီးတသွယ် ဆည်တော်၊ အိုးပုတ်၊ ညောင်အိုရွာတန်းများကိုတဖုံ တဂျုံးဂျုံးတဝုန်းဝုန်းနဲ့ အဆင့်ဆင့်ကျော်ဖြတ်ပြီး 45မိနစ်ခန့်အရောက်မှာတော့ ထနောင်းစုဟု ကမ္ဘည်းမော်ကွန်းတင်ထားသော ရွာဆိုင်းဘုတ်ကြီးကို မြင်တွေ့ရလေသည်။ရွာဦးထိပ်မလှမ်းမကမ်းရှိ ထုံဖြူဖြူစေတီ‌လေးအနီးတွင်တော့ ဇရပ်လိုလို အဆောင်လိုလို အဆောက်အအုံတစ်ခုကိုလည်း မြင်တွေ့လိုက်ရ၏။ထိုအဆောက်အအုံထဲတွင် ပဒေသရာဇ်ခေတ်က စစ်သည်ရဲမက်များဝတ်ဆင်သော ချက်ဝတ်တန်ဆာနဲ့ ဆောင်ဓားကိုဝံ့ကာ တည်ကြည်ခန့်ညားသောမျက်နှာထားနှင့် မြင်းဖြူစီးသူရဲကောင်းကြီးတစ်ဦး၏ ရုပ်တုရှိ၏။ထိုအခါ ကျွန်‌တော်လည်းစူးစမ်းလိုစိတ်နဲ့ဖခင်ဖြစ်သူအား
“ဖေကြီး ရွာထိပ်မှာ သားတို့တွေ့ခဲ့တာက ဘုရင့်နောင်ရုပ်တုလား အလောင်းဘုရားရုပ်တုလား”
“အော်..‌သောကြာသား စကားများ ဖြိုးစည်သူရယ်.. ပေါက်ပေါက်ရှာရှာ ဘယ်နှယ့် ဘုရင့်နောင်ရုပ်တုတုန်း..အဲ့တာ ရွာတော်ရှင် မြင်းဖြူရှင် အဖေကြီးရုပ်တုကွဲ့”
ထိုအခါ ကျွန်တော်လည်း ထပ်မံစူးစမ်းလိုစိတ်နဲ့
“မြင်းဖြူရှင်..ဟုတ်လားဖေကြီး..ပြီးတော့ ရွာတော်ရှင်ဆိုတာနတ်ကိုခေါ်တာလား”
“အေးပေါ့ကွဲ့..တို့လူတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကွက်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးဆိုပြီးအဆင့်ဆင့်ရှိသလို နတ်တွေမှာလည်းအဲ့သဘောပဲပေါ့..မြင်းဖြူရှင်အဖေကြီးက ရွာတွေကို ကြည့်ရှုစောင့်ရှောက်တဲ့နတ်ဆိုတော့ ရွာထိပ် ရွာထိပ်တွေမှာ နတ်ကွန်းနတ်နန်းနဲ့ထားပြီး ပူဇော်ပ,သရတယ်..အထူးသဖြင့် တို့အညာဒေသမှာ ရှိတဲ့ ကျေးရွာတိုင်း ပူဇော်ပ,သလေ့ရှိတဲ့ အညာနတ်ပေါ့ကွယ်..”
“ဟုတ်ဖေကြီး..သားလည်း အညာရောက်တုန်း ဒေသန္တရဗဟုသုတတစ်ခုတိုးတာပေါ့ ဟဲဟဲ”
“အေး..နောက်ဆို ဘုရင့်နောင်နဲ့မမှားနဲ့တော့ကြားလား..”
ဒီလိုနဲ့ ရွာက အဖေကြီး(အဘိုးဟုခေါ်ဆိုခြင်းဖြစ်)အိမ်ကိုရောက်တယ်ဆိုရင်ပဲ ဦးလေးဘိုစိန်၏အမျိုးသမီးက ကျွန်တော်တို့ကိုဧည့်ခံကျွေးမွေးရန်အတွက် ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ထား၏။ ဝက်အသားနီချက် အညာငါးခြောက်ထောင်းကြော် ပဲကြီးချက် ဂုံရွက်သုတ် ခွေး(ဂွေး) တောက်ကြက်ဥ‌မွှေကြော် စပ်ချဉ်ဟင်းအစရှိသည့် အညာလက်ရာ ဟင်းပွဲများကြောင့် အလွန်ပင်စား၍ ချိုမြိန်လှပေသည်။အဖေကြီးက ကျွန်တော်တို့အားရပါးရစားသောက်နေသည်ကိုကြည့်ကာ
“ဘယ်လိုလဲ ရန်ကုန်သားရဲ့ တို့ရွာမှာ ထမင်းစားလို့မှ ကောင်းရဲ့လား”
“အားးပါးးစားကောင်းကောင်းနဲ့လွေးလိုက်တာ ထမင်းသုံးခါ‌တောင်လိုက်ရတယ် အဖေကြီးရေ..ဒေါ်ကြီးစန်းရီလက်ရာကလည်း တယ်ကောင်းသကိုးဗျ”
ထိုအခါ ဒေါ်စန်းရီကလည်း
“ငါ့တူတို့စားကောင်းတယ်ဆိုတော့ ကျုပ်ချက်ပြုတ်ကြော်လှော်ရကျိုးနပ်တာပေါ့တော်..”
“ဒါနဲ့ မင်းသန့်တို့ သီဟတို့ကောရွာမှာပဲလားဖေကြီး”
“ငါ့မြေးသူငယ်ချင်းတွေရှိပါ့ကွယ်..ဟိုးတလော ကတော့သီဟအမေကြီး ရွာကခွေးရူးကိုက်လို့ဆုံးသကွဲ့..”
“ဟာ စိတ်မကောင်းစရာပါလား အဖေကြီးရယ်..ဒါဆို မြေးအခုပဲသူ့အိမ်သွားပြီးအားပေးစကားပြောလိုက်ဦးမယ်..”
“ငါ့မြေးလည်းဂရုစိုက်ပြီးသွားကွဲ့..ရွာလယ်က မောင်ဖိုးမဲက သူ့အိမ်လူကပ်မှာဆိုးလို့ ခွေးတွေကို မွေးထားတာမှအားကြီးပဲ..အဲ့ခွေးတွေက ခြောက်မရပြုမရနဲ့ ဆိုးသကွဲ့”
“ဟုတ်ကဲ့အဖေကြီး..မြေးသတိထားသွားပါ့မယ်”
ကျွန်တော်ဟာ သိတတ်စအရွယ်ကတည်းက ထန်းပင်စုရွာသို့ မကြာမကြာအလည်အပတ်ရောက်ရှိသဖြင့် ရွာမှရွယ်တူသူငယ်ချင်းများဖြစ်သည့် သီဟတို့နှင့် လွန်စွာမျှ ခင်မင်ရင်းနှီးလှပေသည်။သူငယ်ချင်းတွေကို တွေ့ချင်ဇောနဲ့ရွာလမ်းအတိုင်းလျောက်လာခဲ့ရာ သီဟအိမ်နားမရောက်ခင် ရွာလယ်အရောက်မှာတော့
“ဝုတ် ဝုတ် ဂီးဂီး”
“ဟဲ့ ခွေးး‌ တွေသွား သွားစမ်း”
“အဖေကြီးပြောတဲ့ ဦးဖိုးမဲခွေးတွေနေမယ်..ဒုက္ခပဲ မာန်မဲလို့တောင်မရပါလား”
ထိုစဉ် အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့လူကြီးတစ်ယောက်ရောက်လာခဲ့ပြီး
“တောက်..ဒီခွေးတွေ သောက်ပြသနာရှာပြန်ပြီ..အထဲဝင်ကြစမ်း..”
“မင်းက လူစိမ်းနဲ့တူတယ်..”
“ဒီရွာက ဘကြီးသောင်းအေး‌မြေးပါ”
“အော် အေး ငါ့ခွေးတွေက ကျားရိုးကျွေးထားတော့ ရွာထဲကလူတောင်ဆွဲတာကွ..အခုငါရှိလို့မင်းကံ‌ကောင်းတယ်အောက်မေ့ နို့မို့ဆိုရင်တော့..”
“ဦးကြီးမရှိရင် မလွယ်ဘူးဆိုတဲ့သဘောပေါ့..ခွေးမွေးထားရင်လည်း ကိုယ့်ခွေးကိုယ် နိုင်အောင်ထိန်းသိမ်းထားသင့်တယ်ခင်ဗျ..အဲ့တာမှ လမ်းသွားလမ်းလာအန္တရာယ်ကင်းမှာလေ..”
“အံမယ်မောင်ရင်က တယ်ဆိုပါလား..ကျုပ်အိမ်ရှေ့ယီးတီးယားတားလုပ်ရင်တော့ ကျုပ်ခွေးတွေကဆွဲမှာပဲ..မတတ်နိုင်ပေါင်..ကိုယ့်ဟာကိုယ်ကြည့်ရှောင်ကြပေတော့..”
“တောက်..အတော့်ကို ဂွတီးဂွကျနိုင်တဲ့လူကြီး”
ကျွန်တော်လည်း ထိုကဲသို့ ဖိုးမဲဆိုသောလူကြီးနှင့်အခြေတင်ဖြစ်ကြပြီး သီဟတို့အိမ်ဝိုင်းသို့ရောက်မှန်းမသိရောက်ရှိလာခဲ့၏။ရောက်တယ်ဆိုရင်ပဲ အိမ်ဝိုင်းရှေ့ ကွပ်ပစ်ပေါ်တွင် ဝိုင်းဖွဲ့ထိုင်နေကြသော သူငယ်ချင်းများကို အဆင်သင့်တွေ့ရလေ၏။
“ဟာ သူငယ်ချင်း ဘယ်‌နေ့ကရောက်တာလဲကွ”
“ဒီနေ့ပဲရောက်တာသီဟရေ..မင်းအမေကြီးသတင်းကြားကြားချင်း ငါဒီကိုတန်းလာခဲ့တာ..”
“အေးကွာ ငါ့အမေက ပုံမှန်အတိုင်းဆို ဘာရောဂါမှမရှိဘူးကွ..ရွာထဲကခွေးကိုက်တယ်ဆိုပြီး ပေါ့နေလိုက်တာ..အဲ့ခွေးက ထရူးတော့..အခုလို မသေသင့်ပဲသေခဲ့ရတာကွ”
“စိတ်မကောင်းပါဘူးသူငယ်ချင်းရယ်..ဒါနဲ့ မင်းတို့ရွာက ခွေးတွေက အတော်ဆိုးဆိုးကွ..ငါတောင်ဒီအလာတုန်းက ခွေးဆွဲခံရတော့မလို့..ဟိုခွေးပိုင်ရှင် လူကြီးနဲ့ရန်ဖြစ်ခဲ့ရသေးတယ်..ဦးဖိုးမဲဆိုလားကွာ..”
“အေး ငါ့အမေကိုကိုက်တာလဲ အဲ့လူကြီးအိမ်ကခွေးတွေပဲထင်တာကွ..ငါတို့သားအဖသွားပြောတော့ ရွာမှာက သူ့ခွေးတွေချည်းရှိတာမဟုတ်ဘူးဆိုပြီး ဇွတ်ငြင်းလွှတ်တာ..မင်းတို့ကဘာကောင်တွေမို့လို့ ငါ့ခွေးတွေကိုလာစွတ်ဆွဲတာလည်းဆိုပြီး ရန်တောင်ပြန်တွေ့လိုက်သေး” “သူကရွာမှာသားသတ်ရုံရှိတော့ ခွေးတွေကတရုံးရုံးပေါ့ကွာ.. သူ့သားသမီးတွေကလည်း ကျောက်ဆည်မှာဆန်စက်ဆီစက်တွေထောင်ထားပြီးရွာကို ခဏတဖြုတ်ပဲလာတာဆိုတော့သူတစ်ယောက်ထဲသောက်လိုက်စားလိုက်ပေါ့..ပိုက်ဆံလည်းရှိတော့တစ်ရွာလုံးကိုလူမထင်ဘူးဆိုတဲ့အချိုးနဲ့ စကား‌ ပြောလည်း မောက်မာတယ်ကွ..”
“တစ်ရွာလုံးနဲ့တစ်ယောက်လို့ဆိုပါတော့ကွာ..”
“အမှန်ပဲသူငယ်ချင်းရေ..မင်းလည်းနောက်ဆိုကြည့်ကြပ်ရှောင်ကွ..သူလက်သပ်မွေးထားတဲ့နွားခုတ်သမားလူမိုက်တွေကနည်းတာမဟုတ်ဘူး”
သီဟအခုလိုပြောပြတဲ့အခါမှာတော့ ထိုဖိုးမဲဆိုသော လူကြီးကို ကျွန်တော်အတော်ပင်ရွံမုန်းသွားခဲ့လေသည်။သီဟလည်း ကျွန်တော်ရောက်လာသည့်အတွက် စိတ်မကောင်းစရာကိစ္စများကို စကားလမ်းကြောင်းလွှဲလိုက်ပြီး
“သူငယ်ချင်းဒီမှာပျော်သလောက်နေဦးမယ်မှတ်လား”
“ငါ့အဖေလည်းမြို့မှာအလုပ်ကိစ္စရှိ‌တော့တစ်ပတ်ဆယ်ရက်လောက်ပဲနေမယ်ထင်တယ်”
“အေးကွာ မင်းမပြန်ခင် ငါ့အမေတစ်လပြည့်လာဦးငါ့ကောင် အလှူမတိုင်ခင်ည ငါတို့သူငယ်ချင်းတွေအကုန်စုံကြရအောင်”
“အေးသူငယ်ချင်း ငါဆက်ဆက်လာခဲ့မယ်”
သူငယ်ချင်းသီဟအား အချိန်အနည်းငယ် အားပေးစကားပြောကြားပြီးနောက် နှုတ်ဆက်ပြန်လာခဲ့၏။အိမ်အပြန်လမ်း ဦးချက်ကြီးအိမ်ရှေ့အရောက်မှာတော့ ဝိုင်းထဲမှနေ၍ ခွေးအုပ်ကြီးက ကျွန်တော့်အားမာန်ဖီနေဆဲဖြစ်ရာ မပြေးရုံတမယ် ခပ်သုတ်သုတ်လျောက်ခဲ့ရလေတော့သည်။
————————————
ကျွန်တော်ဟာ ရွာရောက်တုန်း သူငယ်ချင်းတွေနဲ့မတွေ့ဖြစ်တဲ့အချိန်တွေဆို အိမ်နောက်ဘက်ဝိုင်းရှိ မန်ကျည်းပင်ရိပ်အောက်တွင် ပက်လက် ကုလားထိုင်တစ်လုံးချကာ စာဖတ်နေလေ့ရှိ၏။အိမ်နောက်ဘက်ခြံစည်းရိုးကို ကျော်ကြည့်လိုက်ရင်တော့ ကန်ဘောင်ရိုးနှင့် ရွာသူရွာသားများ ချိုးရေသုံးရေအတွက် အားကိုးအားထိုးပြုရသောရွာကန်ကြီးကို တွေ့မြင်ရလေသည်။ထန်းပင်စုရွာတွင် ရွာအရှေ့လမ်းနှင့် အနောက်ဘက်လမ်းဟူ၍ ရွာလမ်းမကြီးနှစ်သွယ်ရှိ၏။ကျွန်တော့်အဖေကြီး ဦးသောင်းအေးတို့ဝိုင်းမှာ ရွာအရှေ့ဘက်လမ်းဘေးအောက်ဘက်ခြမ်းတွင်တည်ရှိသည်။အဖေကြီးတို့ဝိုင်းဘေးတွင် ပန်းပင်ပျိုးပင်တို့စိုက်ပျိုးသော ကိုအေးမောင်တို့အိမ်နှင့်ခြံသာရှိတော့၏။ထို့ကြောင့် နေ့လည်ခင်းအချိန်တွေဆို အလွန်တရာမျှအေးချမ်းတိတ်ဆိတ်လှပေသည်။ကျွန်တော်တို့ကလေးဘဝတုန်းကဆိုရင်တော့ သီဟတို့ မြင့်အောင်တို့ မင်းသန့်တို့တသိုက်နဲ့ ကန်ဘောင်ပေါ်တက်တက်ဆော့ကစားလေ့ရှိသည်။ရွာထိပ်နားရှိသီဟအိမ်သို့သွားလည်သည့်အခါတွင်လည်း ကန်ဘောင်အတိုင်းပဲသွားကာ ကူးချည်သန်းချည်လုပ်ကြ၏။အခုတော့ နွားကျောင်း ဆိတ်ကျောင်းသူတို့မှအပ ကန်ဘောင်ပေါ်တက်ဆော့သည့် ရွာကကလေးတွေကို မတွေ့ရတော့ချေ။ရွာရောက်ပြီးတစ်ရက်နှစ်ရက်ဆက်တိုက် ညဘက်တွေဆို ဘာမှမသိတော့ဘဲ တချိုးထဲ အိပ်ပျော်သည်။ခရီးပန်းလာတာကတကြောင်း စားကောင်းကောင်းနဲ့အညာချက်လက်ရာအစားလွန်သည်ကတကြောင်းကြောင့်ဖြစ်မည်ထင်၏။သို့ပေမယ့် သုံးရက်မြောက်ညအရောက်မှာတော့ အသံတသံကြောင့် ကျွန်တော်ဟာ ဆက်ကနဲ နိုးထလာခဲ့သည်။
“အူးးးဝူးးးးး”
“ဝါးးးဝါးးးးး”
ခွေးအူသံများနဲ့အတူ ရောထွေးထွက်လာသောအသံတစ်ခု။သေချာနားထောင်ကြည့်တော့ အိမ်ဝိုင်းနောက် ရွာကန်ကြီးဆီကလာသော အသံဖြစ်နေ၏။ထိုအခါ အမေလည်းနိုးလာဟန် ချောင်းဟန့်နေသဖြင့်
“မေကြီး..နိုးနေတာလား”
“အေးသား..အမေခုနက အိပ်ပျော်နေတာ ခွေးအူသံကြားတာနဲ့ဆက်အိပ်မရတော့‌ဘူး..”
“ရွာကန်ကြီးဘက်ကလည်းအသံတစ်သံကြားတယ်အမေရေ..”
“အင်းအမေလည်းသတိထားမိတယ်..အဲ့ဒီရွာကန်ကသုံးနှစ်တစ်ခါလူစားတယ်လို့အ‌မေတို့ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကြားဖူးတယ်..အခုလည်း လူလဲချင်လို့အော်နေတာဖြစ်မယ်ကွဲ့..”
“ဟင်..ဟုတ်လားမေကြီး”
“သားလည်းမနက်ကျရင် မြင့်အောင်တို့အဖွဲ့ ကန်ထဲငါးဖမ်းသွားဖို့ခေါ်ရင်မလိုက်နဲ့နော်..အန္တရာယ်များလို့ကွဲ့”
“ဟုတ်မေကြီး..သားမလိုက်ပါဘူး”
“အေးအေး အခုမှနှစ်ချက်ထိုးပဲရှိသေးတယ်..ငါ့သားလည်းပြန်အိပ်လိုက်ဦး”
အမေပြောသလို တကယ်ပဲ ရေကန်က လူစားသည်လား တိုက်ဆိုင်မှုတစ်ခုရယ်လားမသိ။နောက်တစ်နေ့ နေ့လည်ခင်း အရောက်မှာတော့ ရွာကန်ကြီးဆီမှ သတင်းဆိုးတစ်ခုကို ကြားသိရလေသည်။ကျွန်တော်ဟာ ထုံးစံအတိုင်း ကန်ဘောင်ပေါ်မျက်နှာမူလျက် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ နွေကန္တာဦးဟူသော ဝတ္ထုရှည်ကြီးကို အရသာခံ၍ဖတ်နေစဉ်
“ဟေးးကျောက်ဒိုးတို့ ခင်မောင်တို့ ဘယ်သူရေနစ်လို့လဲကွ”
စောင်တစ်ထည်ကို ဝါးလုံးနှင့်ချည်၍ ပုခတ်ပုံစံလုပ်ကာ ထမ်းပိုးလာသော ကန်‌ဘောင်ထက်ကကာလသားနှစ်ယောက်ကို အဖေကြီးက ယခုလို အော်ဟစ်မေးမြန်လိုက်ရာ ကျွန်တော်၏အာရုံသည် ထိုသူတို့ထံသို့ ရောက်ရှိသွားခဲ့၏။
“ဟိုရက်တွေကတည်းက ရွာကန်ကြီးဘက်ကပုတ်စော်နံနေတာကြာပြီ..‌ဒီနေ့မှ အဖြေထွက်တော့တယ်ဘကြီးရေ..ဦးမဲကြီး ရေနစ်သေနေတာဗျ..ထွေးခင်တို့ မြရီတို့ နွားရေသွားခတ်တော့ အလောင်းကြီးပေါ်နေတာတွေ့တော့တာပဲ”
“သူ့ဘာသာ ဘာပဲဖြစ်ဖြစ် အခုလိုကျတော့လည်းတစ်ရွာထဲသားဆိုတော့ စိတ်မကောင်းစရာပဲကွဲ့”
“ဒါ‌ပေမယ့်ဗျာ..တသက်လုံးစိတ်‌ကောင်းရှိတဲ့လူကြီးမှမဟုတ်တာ..ကျုပ်တို့လည်း သူကြီးဆယ်ခိုင်းလို့သာ လာသယ်ရတာဗျို့..သွားမယ်ဘကြီးရေ”
ရွာသားများ သယ်ဆောင်လာသော အလောင်းကောင်ကြီးဟာ ရွာသူဌေးဖိုးမဲကြီးဖြစ်ကြောင်း သိရှိရသောအခါ ကျွန်တော်တကယ့်ကိုအထိတ်တလန့်ဖြစ်မိ၏။ထို့အတူသံဝေဂတရားလည်းရမိပြန်၏။ပုတ်ပွမှပေါ်လာသည့်အတွက် စောင်ထုတ်ကြီးထဲမှ ဖိုးမဲကြီးရဲ့အလောင်းကောင်ကြီးသည် အလွန်ပဲကြည့်ရဆိုးလှ၏။မျက်လုံးကြီးပြူးထွက်လျက် ခန္ဓာကိုယ်ကလည်း ‌ရေတွေနဲ့မို့ ဖောဖောရောင်ရောင်ကြီးဖြစ်ကာနေ‌လေသည်။
“လူတွေအပေါ်ကို တသက်လုံးမောက်မာရိုင်းဆိုင်းလာတော့လည်း သေတဲ့အချိန်တောင် သနားမယ့်သူမရှိပါလားဦးမဲကြီးရယ်”
ဒီလိုနဲ့အဖေကြီးလည်း နာရေးသ‌တင်းမေးရန်အတွက် သူကြီးအိမ်သို့ထွက်ခွာခဲ့လေတော့သည်။ထမင်းအိုးတစ်လုံးကျက်ခန့်အရောက်မှာတော့ စိတ်မသက်မသာဟန်ဖြင့် အဖေကြီးပြန်ရောက်လာခဲ့၏။
“အဖေ ဦးမဲကြီးက ဘယ်လိုဖြစ်တာတဲ့တုန်း”
အ‌ဖေကြီး‌ရောက်ရောက်ချင်း အမေက အကျိုးအကြောင်းသိလိုစိတ်နဲ့ စီးကာမေးလေ၏။
“မဲကြီးမဆုံးခင်နေ့က သူ့သား အောင်မင်းနဲ့အခြေအတင်ဖြစ်သတဲ့..သူအရက်နဲ့မြည်းမယ့်အမဲသားဟင်းကို ဟိုကောင်ကစားပစ်လို့တဲ့..အဲ့ဒါနဲ့အိမ်ကနွားပျိုလေးကို ချက်ချင်းပေါ်ပြီး သူ့ဆိုးဖော်ဆိုးဖက် ငလှိုင်ရဲ့ဖဲအိမ်မှာ သောက်လိုက်ဖဲရိုက်လိုက်လုပ်‌နေတာပေါ့..အဲ့ဒီကအပြန် ညရောက်တော့ ကန်ဘောင်ဘေးက သူ့ကွမ်းခြံကို သွားကြည့်မယ်ဆိုပြီး ထွက်သွားတာ ဟိုရောက်တော့ မူးမူးနဲ့ရေကန်ထဲကျသေတာဖြစ်နိုင်တယ်လို့ပြောကြတယ်”
“အော်..လူမိုက်တွေရဲ့ဘဝက ဇာတ်သိမ်းမလှပါလားအဖေရယ်”
“ကံကံရဲ့အကျိုးဆိုတော့လည်း စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးပေါ့”
ဒီလိုနဲ့ ဆယ်ရက်ခန့်အကြာမှာတော့ အဖေ့အလုပ်ကိစ္စနဲ့ ရန်ကုန်ပြန်ဖို့ အကြောင်းဖန်လာခဲ့လေသည်။
“အဖေတို့ရုံးကို ၁၄ရက်နေ့ Audit ဝင်မှာမို့ သဘက်ခါလောက် ပြန်ဖို့စီစဉ်လိုက်မယ်နော်မေကြီး”
“တော့်အလုပ်ကလည်း ဗြုန်းစားကြီးပါလား..ကျုပ်တို့သားအမိဖြင့်ရွာမှာနေလို့တောင်မဝသေးဘူး”
အမေက‌တော့ သူ့ရဲ့‌မွေးရပ်ရွာမှာ ပျော်နေသေးတာကြောင့် အဖေ့ကိုဗျစ်တောက် ဗျစ်တောက်နဲ့ ယခုလိုပြောလေ၏။
“တော်သေးတာပေါ့အဖေရယ်..သီဟတို့အလှူကမနက်ဖြန်မို့ မဟုတ်ရင်သားမျက်နှာပျက်ဦးမှာ”
“ဒါဆိုဒီညသွားကူလိုက်ဦးနော်သား”
“ဟုတ်အမေ..သားလာကူမယ်လို့သီဟကိုပြောထားပါတယ်”
ညနေရောက်သည့်အခါမှာတော့ ကျွန်တော်ရေမိုးချိုးပြီး သီဟတို့အိမ်ဘက်ထွက်လာခဲ့၏။ဦးချက်ကြီးခြံနားအရောက်မှာတော့ သခင်မရှိသည့်ခွေးများက ပို၍အထိန်းအကွတ်မဲ့လာသည့်နှယ် တစ်ကောင်နဲ့တစ်ကောင် မာန်မဲကိုက်ခဲနေကြသည်။ထို့သို့ သူတို့ချင်းရန်ဖြစ်‌နေကြစဉ် ကျွန်တော်လည်း ပုန်းကွယ်၍ ခပ်သုတ်သုတ် အပြေးနှင်ခဲ့ရလေ၏။သီဟအိမ်ရောက်တော့ သူငယ်ချင်းတွေတော်တော်‌စုံနေကြပြီဖြစ်သည်။ရွာကာလသားများကလည်း ရေနွေးကျိုသူကျို ဝက်အမွှေးနှုတ်သူနှုတ် ငရုတ်သီးကြော်သူကြော်နှင့်အလုပ်ရှုပ်နေကြ၏။
“ဖြိုးစည်သူလာဟေ့ ငါတို့လုပ်လက်စအလုပ်လေးပြီးသွားရင် ဂျင်းသုတ်လေးဘာလေးစားပြီး ပိုကာဒေါင်းရအောင်..”
“အေးသူငယ်ချင်း ငါလည်း ထွေးမြတို့နဲ့ကြက်သွန်ကူနွှာပေးမယ်လေ”
“ဘာလဲဖြိုးစည်သူ မင်းကရန်ကုန်ပြန်ရတော့မှာဆိုတော့ ထွေးမြနဲ့ခွဲရတော့မယ်ဆိုပြီး ကြက်သွန်အကြောင်းပြပြီး ငိုတော့မလို့လား”
သီဟယခုလိုကြည်စယ်လိုက်တဲ့အခါမှာတော့ သူငယ်ချင်းတွေက သဘောကျစွာ အားရပါးရရယ်မောကြလေတော့သည်။ဒီလိုနဲ့ကျွန်တော်တို့အဖွဲ့ဟာ အလုပ်လေးလုပ်လိုက် ရှေးဟောင်း နှောင်းဖြစ်တွေပြောလိုက် စလိုက်နောက်လိုက်ကြနဲ့ ၁၂ကျော် ၁ချက်တီးအချိန်ထိအောင် ရောက်ရှိခဲ့လေတော့သည်။
“သူငယ်ချင်းတို့ရေ ဘယ်လိုမှမအောင့်မေ့ကြနဲ့ကွာ..အိမ်ကအမေကစိတ်ပူတတ်တော့ ငါအချိန်မလင့်ခင်ပြန်လိုက်ဦးမယ်..”
“ဟာ ရပါတယ်ငဖြိုးရာ..ဒီညလာပေးတာနဲ့တင်ငါကကျေးဇူးတင်နေပါပြီကွ”
“အေးပါသီဟရာ..ငါမနက်ကျစောစောလာခဲ့မယ်နော်”
“သူငယ်ချင်း မင်းဘယ်ကပြန်မှာလဲ”
“ရွာလမ်းအတိုင်းပဲပြန်မှာပေါ့ကွ”
“‌ငါတစ်ခုသတိပေးချင်လို့သူငယ်ချင်း ဟိုမဲကြီးဆိုတဲ့လူကြီးက မကျွတ်မလွတ်ဘဲ ညညဆိုသူ့အိမ်ရှေ့မှာ ဆေးလိပ်ကြီးထိုင်သောက်နေတာတဲ့ကွ..အိမ်ရှေ့ဖြတ်သွားတဲ့သူတွေကိုလည်း သူ့ခွေးတွေနဲ့ရူးတိုက်ပစ်တာတဲ့..အဲ့တော့ငါတို့ငယ်ငယ်ကလိုမင်းအနောက်ကန်ဘောင်အတိုင်းပဲပြန်ပါလားကွာ..ငါကမင်းအန္တရာယ်ကင်းအောင်ပါ”
“ဟာ..ဟုတ်လား ဒီလိုဆိုတော့လည်း ပြန်ရမှာကျောတော့ချမ်းသားဟ..” “အေးပါ အဲ့ဒါဆို ငါကန်ဘောင်အတိုင်းပဲပြန်လိုက်တော့မယ်”
“ငါလည်းအစကမင်းကိုလိုက်ပို့မလို့ပါ..အမေ့အမျိုးတွေ ဧည့်ခံနေရတာနဲ့ပဲ..”
“ရပါတယ်သီဟရာ..ငါတို့က ကလေးတွေမှမဟုတ်တာကွ..ငါပြန်ရဲပါတယ်”
သီဟကို အားနာ၍သာ ပြောလိုက်ရတာ။နောက်‌ ဖေး ခြံစည်းရိုးလေးကို အသာတွန်း၍ ကန်ဘောင်ပေါ်တက်လိုက်ကတည်းက ရင်ထဲစိမ့်နေသလိုခံစားလိုက်ရ၏။ငါယောက်ျားပဲ မမြင်ရတဲ့အရာကို ကြောက်နေတာ ရှက်ဖို့ကောင်းပါတယ်လေလို့ကိုယ့်ကိုယ်ကို အားပေးရင်း ခတ်သုတ်သုတ်လျောက်လာခဲ့၏။ဒီလိုနဲ့ကန်ဘောင်တစ်ဝက်အရောက်မှာတော့ သွေးပျက်ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ကျွန်တော်မြင်တွေ့ခဲ့ရလေသည်။
“ဝူးးဝူးး”
ကန်စပ်မှနေ၍ စကားတွေပလုံးပထွေးပြောရင်း ကန်ဘောင်ပေါ်သို့ လေးဘက်ထောက်ကြီး ကုန်းတက်လာသော မဲမဲသဏ္ဍာန်တစ်ခု။ထိုလေးဘက်ကုန်း မဲမဲသဏ္ဍာန်ကြီးသည် ကန်ဘောင်ပေါ်သို့ ရောက်လုရောက်စဉ်မှာတော့ ဟိုတစ်နေ့က ကျွန် တော်လှမ်း‌မြင်ခဲ့ရသော ပုခတ်စင်ပေါ်ရှိ မျက်လုံးများပြူးထွက်နေသော ဦးမဲကြီးမျက်နှာကို ပြတ်သားစွာမြင်တွေ့လိုက်ရလေတော့သည်။
“ဟာ..သရဲကြီး..ကျွန်တော့်ဆီကိုမလာပါနဲ့သွား..သွား..” “အမေရေသားကိုကယ်ပါဦး”
ကျွန်တော်လည်း အသက်ရူရပ်မတက် ရင်တွေအဆက်မပြတ်ခုန်လာကာ ခြေကုန်သုတ်၍ ပြေးမယ်အလုပ် အနောက်ကနေမြင်ခွာသံများပေါ်ထွက်လာသည်ကို သတိထားမိလိုက်၏။ဒီလိုနဲ့ ကျွန်တော်ဟာ ရွာသားတစ်ယောက်အထင်နဲ့အနောက်ကို အားကိုးတကြီးလှည့်အကြည့်မှာတော့ နှုတ်ခမ်းမွှေးကားကား အရပ်ထောင်ထောင်မောင်းမောင်းနဲ့ မြင်းဖြူကြီးစီးလာသော အမျိုးသားကြီးတစ်ဦးကို အံ့ဩဖွယ် မြင်တွေ့လိုက်ရ၏။ကျွန်တော်လည်း ထိုလူကြီးအားအကူအညီတောင်းချင်ပေမယ့် ပါးစပ်ကဘာအသံမျှမထွက်တော့တာကြောင့် ၎င်းကိုကြောင်၍သာ ကြည့်မိနေတော့သည်။ထိုစဉ် ကျွန်တော့်အား တိုက်ခိုက်ရန်လာသော သရဲဖိုးမဲကြီးကို သူ၏စီးတော်မြင်းကြီးကခွာဖြင့်ပေါက်လိုက်လေရာ ပေနှစ်ဆယ်ခန့်လွင့်စင်ကျသွား၏။တဖန်သရဲကြီးက ကုံးထ၍ မကျေနပ်ဟန်ဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်ပြန်လေရာ ထိုမြင်းဖြူစီး အမျိုးသားကြီးက ခတ်ထန်မာကြောသော မျက်နှာထားနှင့် လက်ညိုးငေါက်ငေါက်ထိုးကာ အမိန့်ပေးသလို ကျိမ်းဝါးလေတော့သည်။ဒီတခါမှာတော့ သရဲကြီးဟာ ပျော့ခွေလဲကျသွားခဲ့ပြီး မီးခိုးမဲမဲကြီးများသဏ္ဍာန်ပြောင်းလဲကာ ရေကန်ကြီးဆီသို့ တိုးလျိုးပျောက်ကွယ်သွားလေတော့သည်။ကျွန်တော်ဟာ ထိုအခါမှ သက်ပြင်း ကောင်းကောင်းချနိုင်ခဲ့ပြီး ကယ်တင်ရှင် အမျိုးသားကြီးအား ကျေးဇူးတင်စကားပြောမယ်အလုပ် ထိုပုဂ္ဂိုလ်ကြီးလည်း ကျွန်တော့်အနားကနေ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့လေပြီ။ယခုလို မြန်ဆန်လွန်းလှသော ထိတ်လန့်အံ့ဩဖွယ်ရာများ အဆက်မပြတ်ဖြစ်ပွားပြီးသည့်နောက်မှာတော့ ကျွန်တော်ဟာကိုယ့်စိတ်ကို ပြန်လည်တည်ငြိမ်လာအောင် ကြိုးစားထိန်းချုပ်ပြီး အိမ်သို့သုတ်ချေတင်လာခဲ့သည်။အိမ်နောက်ဖေး ဝင်းထရံနားရှိ ကန္တာရဆူးခြံလေးကို လွှားခနဲခုန်ကျော်လိုက်ပြီး အိမ်ထဲသို့ ကပျာကရာ ဝင်ရောက်ကာ ရေအိုးစင်အတွင်းမှ ရေတစ်ခွက်ကို တဂျိတ်ထဲသောက်ချလိုက်မိ၏။ထိုအခါကျွန်တော့်အား မအိပ်သေးဘဲစောင့်နေရှာသောမိဘနှစ်ပါးက
“ညဉ့်နက်လိုက်တာသားရယ်..အဖေတို့အခုပဲ သားသူငယ်ချင်းသီဟအိမ်ကိုလိုက်လာကြတော့မလို့”
“အဖေတို့စိတ်ပူမယ်ဆိုလည်းစိတ်ပူစရာပါပဲ..သားကံကောင်းလို့အဖေရယ်”
ကျွန်တော်လည်းထိုသို့အစချီရင်း သီဟတို့အိမ်ကအပြန်ကြုံတွေ့ခဲ့သည်တို့ကို မိဘနှစ်ပါးအား ပြန်လည်ပြောပြလိုက်၏။
“ဒါဆိုငါ့သားလေးကံသီလို့သာပေါ့..သားကိုမြင်းဖြူရှင်အဖေကြီးကကယ်ခဲ့တာကွဲ့..ဘုရားရှိခိုးပြီးတိုင်း အဖေကြီးတို့လို မြို့စောင့်နတ် ရွာစောင့်နတ်တွေကို အမျှဝေဖို့မ‌မေ့နဲ့နော်သားလေး..”
“ဟုတ်ကဲ့ပါအမေ..သားရဲ့ကျေးဇူးရှင်တွေကို သားကုသိုလ်တစ်ခါပြုပြီးတိုင်းအမျှဝေပေးမှာပါ”
ယခုတွင်မူ ကျွန်တော်တို့နေထိုင်ရာ သတ္တလောက၌ မျက်စိဖြင့်မြင်အပ်သောပုဂ္ဂိုလ်များရှိသလို မမြင်အပ်သော ပုဂ္ဂိုလ်ထူးများလည်း ရှိသေးကြောင်း လက်တွေ့နားလည်သဘောပေါက်ခဲ့ရလေပြီ။ထို့ကြောင့် ရွာတော်ရှင်မြင်းဖြူရှင်နတ်အကြောင်းကို မနက်ရောက်သည့်အခါ အဖေကြီးအား ပြောပြခိုင်းဦးမယ်ဟု စိတ်ကူးကာ အိပ်မပျော်သောညတစ်ညအား ခက်ခဲစွာဖြတ်သန်းခဲ့ရလေတော့သည်။မနက်ရောက်သည့်အခါ အမေပြောပြ၍ ညကအဖြစ်အပျက်အလုံးစုံကို အဖေကြီးလည်း သိရှိပြီးဖြစ်လေရာ
“ငါ့မြေးက သူတော်ကောင်းလေးမို့ နတ်ကောင်းစောင့်ရှောက်တာပေါ့ကွယ်”
“မြေးကိုကယ်တင်ခဲ့တဲ့ မြင်းဖြူရှင်နတ်ကြီးက နှုတ်ခမ်းမွှေးကားကား အသားညိုညို ထောင်ထောင်မောင်းမောင်းဆိုတော့ ခန့်ညားလိုက်တာများဖေကြီးရယ်..အဲ့တုန်းကတော့ မြေးက ကြက်သေသေပြီး ကြောင်ကြည့်နေမိတာ စကားတောင်မပြောနိုင်ခဲ့ဘူးလေ”
“မြင်းဖြူရှင်အဖေကြီးက တို့ရွာကိုစောင့်ရှောက်တာ ခုမှမဟုတ်ဘူးငါ့မြေးရဲ့..ကိုလိုနီခေတ်တုန်းကဆို တို့ရွာဘက်တပ်ဆွဲဖို့လာတဲ့ဂျပန်တွေ ရွာကိုမမြင်အောင် တန်ခိုးနဲ့ဖျောက်ပေးခဲ့တာကွဲ့..”
“ဟုတ်လား..အဖေကြီး..ရွာတော့်ရှင်ဆိုတဲ့အတိုင်း ရွာတွေကို တကယ်ကြည့်ရှုစောင့်ရှောက်တာပေါ့နော်..”
“အေးကွဲ့..အဲ့တာကြောင့် အဖေကြီးတို့ရွာသူ/ရွာသားတွေကလည်း မြင်းဖြူရှင်ဘိုးဘိုးကြီးကို ရွာရဲ့ရပ်မိရပ်ဖလူကြီးတစ်ယောက်အနေနဲ့ နှစ်စဉ်နှစ်တိုင်း မပျက်မကွတ် တင်မြှောက်ပ,သလေ့ရှိကြတယ်”
“မြေးစိတ်ဝင်စားလို့ မြင်းဖြူရှင်ဘိုးဘိုးကြီးရဲ့ နတ်သမိုင်းလည်း ပြေပြပါဦး အဖေကြီး”
“နတ်သမိုင်းအရ‌ ပြောပြရမယ်ဆိုရင်‌တော့ ယမားမြင်းဖြူရှင်၊ ရွှေပြည့်ရှင်မြင်းဖြူရှင်၊ ရွှေစစ်သင်မြင်းဖြူရှင်၊ ကန္နီမြင်းဖြူရှင်ဆိုပြီး မြင်းဖြူရှင်(၄)ပါးရှိတယ်လို့ မှတ်သားရတယ်ကွဲ့”
“ဒါဆို မြင်းဖြူရှင်နတ်က လေးပါးတောင်ပေါ့နော်”
“ဟုတ်တယ်မြေးရဲ့..ပထမဆုံးအနေနဲ့ ယမားမြင်းဖြူရှင်အကြောင်းပြောရရင် တစ်ခါက ပုဂံပြည်မှာ မြင်းနဲ့ပတ်သက်ပြီး အသိဆုံးအတတ်ဆုံးဖြစ်သလို မြင်းစီးရာမှာလည်း သူမတူအောင်ကျွမ်းကျင်လှတဲ့ မြင်းကုန်သည် “ဖိုးကျော်လှ”ဆိုသူရှိသကွဲ့”
“ပုဂံနယ်မှာလည်း ချောင်းကိုးဆယ့်ကိုးခုကနေ စုပေါင်း စီးဆင်းတဲ့ ဆင်တဲဝချောင်းဆိုတာရှိတယ်..ရေစီးအလွန်သန်ပြီး ယမားချောင်းလို့လည်း အမည်တွင်တယ်” “မိုးတွေညို့လာရင် အဲ့ယမားချောင်းကို ခြေလျှင်မဆိုထားနဲ့..မြင်းနဲ့တောင်ဘယ်သူမှ မဖြတ်ကူးဝံ့ကြဘူး..ဖြတ်ကူးတဲ့လူသူတိရစ္ဆာန်မှန်သမျှဟာလည်း ရေစီးနဲ့ လွင့်မျောပျက်ဆီးကြရတယ်”
“မြေးကြားဖူးတဲ့ မကွေးနဲ့ရေနံချောင်းမြို့ကြားက ဒေါင်းသေချောင်းလိုပေါ့..တောင်ကျရေစီးလာရင် ဖြတ်သန်းပျံဝဲတဲ့ဒေါင်းတောင် မလွတ်ဘူးဆိုလားပဲ”
“ဟုတ်တယ်ကွဲ့မြေးရဲ့..တစ်နေ့မှာတော့ မြင်းသည်ကျော်ဖိုးကျော်လှဟာ တခြားသော မြင်းကုန်သည်တွေနဲ့ ယမားချောင်းကို ဖြတ်ကူးနိုင် မကူးနိုင် အလောင်းအစားပြုကြတယ်”
“အော်..လောင်းစရာရှားလို့ လူ့အသက်နဲ့အလဲအထပ်လုပ်လို့နော် အဖေကြီး”
ကျွန်တော်လည်း အသဲတယားယား ရင်တထိတ်ထိတ်နဲ့ အဖေကြီးအား ယခုလို စကားထောက်မိ၏။
“ဒီလိုနဲ့ မခံချင်စိတ်ရှိတဲ့ ဖိုးကျော်လှဟာ မိုးညို့နေစဉ် မြင်းဖြူကြီးစီးလို့ ပါးစပ်ကလည်း “ကိုးဆယ့်ကိုးချောင်း ပေါင်း၍စီးကျဆင်တဲဝ ကိုးဆယ့်ကိုးရွာရှာမရ မြင်းသည်ကျော် မြင်းသည်လှဟေ့” လို့ကြုံးဝါးရင်း မြင်းကိုကြိမ်သွင်းကာ ဒုန်းစိုင်းဖြတ်ကူးသတဲ့” “ဒါပေမယ့် ခွာသုံးဘက်ပဲ ကမ်းမှာတည်ပြီး ကျန်တဖက်ကတော့ ရေနဲ့ထိကာ ဟန်ချက်မညီပဲ လူကောမြင်းပါ ချောင်းရေထဲကိုမျောပါပြီး ကွယ်လွန်အနိစ္စရောက်ရရှာတယ်”
“အော် သဲထိတ်ရင်ဖိုပါပဲလားဖေကြီးရယ်..ဖိုးကျော်လှကို ချောင်းတဖက်ကမ်းကို ရောက်စေချင်တဲ့မြေးရဲ့ဆန္ဒမပြည့်ခဲ့ဘူးပေါ့”
ကျွန်တော်လည်း စုတ်တသက်သက်ဖြစ်ရင်း မချိတင်ကဲ ယခုလိုပြောပြန်လေသည်။
“ဖိုးကျော်လှသေဆုံးတော့ ယမားမြင်းဖြူရှင်နတ်ဖြစ်တယ်လို့ယုံကြည်ကြပြီး ရိုးရာမြင်းဖြူရှင်နတ်တစ်ပါးအဖြစ် ယနေ့အချိန်ထိ တင်မြှောက်ပ,သကိုးကွယ်ခဲ့ကြတယ်‌‌ပေါ့ ငါ့မြေးရယ်”
အဖေကြီးလည်း ကျွန်တော့်အား ရေပတ်မဝင်အောင် ရှင်းပြရလွန်းတာကြောင့် အာခေါင်အနည်းငယ် ခြောက်သွားဟန်ဖြင့် အဖန်ရည်တစ်ခွက်ကို တကျိုက်ထဲသောက်လိုက်ရင်း နောက်ထပ်မြင်းဖြူရှင်တစ်ပါးအကြောင်း ဆက်ချေ၏။

“နောက်ထပ်တစ်ပါးဖြစ်တဲ့ ရွှေစစ်သင်မြင်းဖြူရှင်နတ်ကတော့ လူ့ဘဝတုန်းက ပုဂံပြည့်ရှင် စောမွန်နစ်မင်းနဲ့ စကားမယ်‌တော်တို့ရဲ့ သားတော်ဖြစ်တယ်ကွဲ့”
“ဘုရင့်သားတော် အိမ်ရှေ့စံပေါ့နော်အဖေကြီး”
“ဟုတ်သကွဲ့..နန်းညွန့်နန်းလျာဆိုတော့ ခမည်းတော်ဖြစ်တဲ့ စောမွန်နစ်မင်းကအားကိုးအားထားပြုချင်ပေမယ့် ရွှေစစ်သင်ကတော့ ကြက်တိုက်ခြင်းကိုသာ ဝါသနာထုံသတဲ့”
“တစ်နေ့မှာတော့ ယွန်းဒေသက ကျိုင်သင်းမင်းသားငယ်ဟာ ပုဂံကိုပုန်ကန်ခြားနားလာတဲ့အတွက် သားတော်ကိုသွားရောက် နှိမ်နင်းစေခဲ့တယ်”
“အဲ့အခါ ကိုယ်တော်က သူအပိုင်စားရာ လှိုင်းတက်မြို့မှာ ကြက်တိုက်နေဆဲကာလမို့ စစ်ချီဖို့ရာ ကြက်တစ်ပွဲစာမျှအချိန်ဖင့်မိတယ်တဲ့”
“ဝါသနာဆိုတာကလည်း ဖျောက်ရအခက်သားနော်အဖေကြီး”
ကျွန်တော့်စကားကို အဖေကြီးက ထောက်ခံသည့် အမူအရာပြ၍ စကားကိုဆက်လေ၏။
“ရွှေစစ်သင်မင်းသား ဒီလို စစ်ထွက်နောက်ကျတာကို သူ့ခမည်းတော်သိတော့ “ငါ့ရဲ့သားတော်အရင်းက ကြက်တိုက်ပွဲတစ်ပွဲအတွက်နဲ့ ငါမင်းတရားအမိန့်တော်ကိုဖီဆန် အမှုတော်နှေးကန်သည်မှာ လူကြားလို့မှမကောင်းဘူး..ဒီတခါတော့ နောင်ကြဉ်အောင် အပြစ်ပေးရမဟဲ့ဆိုပြီးကြုံးဝါးသတဲ့..အဲ့ဒီနောက် လူသွားလမ်းလေဟာပြင်မှာ တစ်နေ့တာ မြေထိပ်ခတ်စေလို့ အမိန့်တော် ချမှတ်လိုက်တာပေါ့”
“မြေထိပ်ခတ်တယ်ဆိုတာ ဘယ်လိုလဲဟင်..အဖေကြီး..”
“မြေထိပ်ခတ်တယ်ဆိုတာ ဒီလိုမြေးရဲ့..မြေကြီးကိုကျင်းတူးပြီး ပေါင်ရင်းထိနစ်အောင် မတ်တပ်မြှုပ်အပြစ်‌ပေးတာကို မြေထိပ်ခတ်တယ်လို့ခေါ်တာပေါ့”
“ရွှေစစ်သင်ဟာ လူသွားလမ်းစုံမှာအပြစ်ပေးခံရတာဖြစ်တဲ့အတွက် အိမ်ရှေ့စံတစ်ယောက်အနေနဲ့ အလွန်တရာမျှရှက်ရွံ့လှသည်ကတကြောင်း မိမိရဲ့ချစ်လှစွာသောခမည်းတော်က ဤမျှလောက်ရက်စက်စွာ အပြစ်ပေးရကောင်းလားလို့ ခံပြင်းနာကြည်းသည်ကတကြောင်းကြောင့် စိတ်နှလုံးထိခိုက်ကြေကွဲပြီး ကံတော်ကုန်ခဲ့ရရှာတယ်..” “အဲ့ဒီနောက်ရွှေစစ်သင်မြင်းဖြူရှင်ရယ်လို့ မြင်းဖြူနတ်လေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်လာခဲ့တာပေါ့မြေးရယ်..”

“သုံးပါးမြောက်ဖြစ်တဲ့ ရွှေပြည့်မြင်းဖြူရှင်အကြောင်းကို ငါ့မြေးကိုဆက်ပြောပြရရင် ပုဂံခေတ်ကိုပြန်သွားရမယ်ကွဲ့”
“နရပတေ့စည်သူမင်းကိုမြေးကြားဖူးတယ်မှတ်လား”
“ဟုတ်ကြားဖူးတယ် အဖေကြီး”
“အေးကွဲ့ ရွှေပြည့်မြင်းဖြူရှင်က နရပတေ့စည်သူမင်းလက်ထက်မှာ နတ်ဖြစ်ခဲ့တာပေါ့”
“နရပတေ့စည်သူ မင်းမဖြစ်ခင် အိမ်နိမ့်စံဘဝက ဝေဠုဝတီလို့အမည်ရတဲ့မိဖုရားတစ်ပါးရှိတယ်..မြင်းစိုင်းဝက်ဝံအရပ်မှာရှိတဲ့ ဝါးပင်ကြီးထဲကတွေ့ခဲ့တဲ့ ဝေဠုဝတီကို အစက ပြည့်ရှင်ဖြစ်တဲ့ နောင်တော်မင်းယဉ်နရသင်္ခကိုဆက်သခဲ့ပေမယ့် နားပျက်ကျယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တယ်..”
“အဲ့အခါ အိမ်ရှေ့စံဖြစ်တဲ့ နရပတေ့စည်သူက ဝေဠုဝတီကို ချစ်ကြိုက်မိပြီး မိဖုရားမြှောက်ခဲ့တယ်..မယ်တော်ကြီးကလည်း ချွေးမတော်ရဲ့ နားကိုကြည့်ကောင်းအောင် ပြုပြင်လုပ်ကိုင်ပြီးတဲ့အခါမှာတော့ ပစ်မျိုးမှဲ့မထင် အလွန်တရာ ချောမောလှပတဲ့ တော်ဝင်မင်းသမီးလေးတစ်ပါးဖြစ်လာခဲ့တာပေါ့..”
“ထိုအခါကျတော့ မင်းယဉ်နရသင်္ခဟာ ခယ်မတော်ကိုစွဲလန်းသွားခဲ့ပြီး ညီတော်ကို ပုန်ကန်ထကြွမှုများရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငဆောင်းချမ်းအရပ်သို့ နှင်လေတယ်”
“အမျိုးမျိုး တတ်လည်းတတ်နိုင်တဲ့ဘုရင်ပဲနော်”
ကျွန်တော့်မှတ်ချက်ကိုအဖေကြီးက သဘောကျစွာ ရယ်မောရင်း
“ဟား ဟားးဟုတ်ပါ့မြေးရယ်”
“ညီတော်ဖြစ်တဲ့ နရပတေ့စည်သူကလည်း ခေသူမဟုတ်ဘူးကွဲ့..နောင်တော်ရဲ့ အကြံကိုရိပ်မိတဲ့အတွက် ကျွန်ယုံမြင်းခံငပြည့်ကို သူ့ရဲ့မြင်းသူတော်ကိုအပ်ခဲ့ပြီး ငါ့ရဲ့အိမ်တော်မှာ အမှုအခင်းကိစ္စထူးတစ်စုံတစ်ရာရှိရင် အလျင်အမြန်လိုက်ခဲ့ရမယ်လို့ အမှာစကားထားခဲ့တယ်”
“ညီတော်စစ်ထွက်သွားလို့မကြာခင်မှာပဲ မင်းယဉ်နရသင်္ခဟာ ခယ်မတော်ဝေဠုဝတီကို သိမ်းပိုက်တော်မူတယ်”
“ညီအစ်ကိုအချင်းချင်းတောင်လုပ်ရက်ကြတယ်နော်..ကာမတဏှာက တယ်လဲကြောက်ဖို့ ကောင်းပါလား”
ကျွန်တော့်မှတ်ချက်ကို ကြားသိရသောအခါ အဖေကြီးဘေးတွင် ဝိုင်းဖွဲ့၍နားထောင်နေကြသော မိဘနှစ်ပါးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးလိုက်ကြ၏။ငါ့သားရင့်ကျက်လာပြီဟူသော ပီတိအပြုံးမျိုးလား ကောင်လေးစကားတတ်လာတယ်ဟု ဆိုလိုခြင်းလားကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲသိပေလိမ့်မည်။အဖေကြီးလည်း သူ့အိပ်ယာအနီးရှိ သံသေတ္တာပေါ်က မြင်းပျံဆေးပေါ့လိပ်တစ်စီးကို လှမ်းယူ၍ တစ်လိပ်ကောက်ဖွာပြီး စကားပြန်ဆက်ချေ၏။
“မင်းယဉ်နရသင်္ခက ဝေဠုဝတီကိုသိမ်းပိုက်တယ်ဆိုရင်ပဲ မြင်းခံငပြည့်ဟာ သူ့အရှင်ကို သတိပေးဖို့အတွက် နံနက်ကတည်းက မြင်းကိုဒုန်ဆိုင်းစီးထွက်လာခဲ့တာပေါ့”
“သစ်ဆိမ့်အရပ်ကို ရောက်နေပြီဖြစ်ကြတဲ့ နရပတေ့စည်သူတို့ကလည်း ငဆောင်ချမ်းအရပ်မှာ ဘာပုန်ကန်မှုမှမရှိကြောင်း တွေ့ရှိရတဲ့အတွက် နောင်တော်မကောင်းကြံမှန်းသိရှိ‌သွားခဲ့တယ်”
“မြင်းခံငပြည့်ဟာ ပရိမ္မရွာကို မွန်းမတည့်ခင်ရောက်ပြီး ငဘတ်ချောင်းကို ညနေ နေဝင်ရီသရောအချိန်မှ ရောက်တယ်”
“မြင်းလည်းပန်း လူလည်းပင်ပန်းနေပြီဖြစ်တာကြောင့် ချောင်းနံဘေးတောင်ခြေမှာ ညဘက်အိပ်စက်အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်”
“မြင်းခံငပြည့်ကအိပ်နေပေမယ့် ချောင်းတစ်ဖက်ကမ်းမှာစံနေတဲ့ သူ့သခင်နရပတေ့စည်သူရဲ့အနံ့ကိုရတော့ မြင်းသူတော်ဟာ တစ်ညလုံးမအိပ်ဘဲ ဟီနေတာကွဲ့”
“သခင်ကိုသိပ်ချစ်တဲ့မြင်းလေးနော် အဖေကြီး”
“အေးကွဲ့..အဲ့အချိန် ဟိုဘက်ကမ်းကနရပတေ့စည်သူကလည်း သူ့မြင်းဟီသံကြားလို့ စက်တော်မခေါ်နိုင်ဘဲရှိသတဲ့..”
“နံနက်ရောက်တဲ့အခါမှာတော့ မြင်းခံငပြည့်ဟာ နရပတေ့စည်သူထံရောက်ရှိခစားပြီး ဖြစ်ကြောင်းကုန်စင်ကို လျောက်တင်တယ်”
“တစ်ညလုံး အိပ်မရနိုင်ဘဲ စိတ်ပူနေတဲ့ နရပတေ့က မောင်မင်းညကဘယ်မှာအိပ်လဲလို့မေးတော့ မြင်းခံငပြည့်က ငဘတ်ချောင်းတစ်ဖက်ကမ်းက တောင်ခြေမှာ အိပ်ကြောင်းပြန်ဖြေသတဲ့”
“အဲ့အခါမှာတော့ နရပတေ့စည်သူဟာ ဒေါသထောင်းခနဲထသွားခဲ့ပြီး “မောင်မင်းကဒီလောက်အရေးကြီးတဲ့အချိန်မှာတောင် ငါနဲ့နေရာအနီးလေးရောက်မှ အမြန်မလာဘဲ အိပ်ရသလောဆိုပြီး ကွက်မျက်စေတယ်”
“မင်းခယောက်ျားကမ်းနားသစ်ပင်ပဲနော် အဖေကြီး”
“မြင်းခံငပြည့်ကို ကွက်မျက်ပြီး အလောင်းကိုရေထဲမျောလိုက်တာကျွန်းတစ်ကျွန်းမှာ သွားတင်နေသတဲ့”
“ဒီလိုနဲ့ နရပတေ့စည်သူ ဘုရင်ဖြစ်လာတဲ့အခါကျတော့ အဲ့ကျွန်းနားကို ဖောင်တော်နဲ့တဖန်ရောက်ရှိလာတယ်..အဲ့အခါ မြင်းခံငပြည့်က နတ်စိမ်းအဖြစ်နဲ့ကိုယ်ရောင်ထင်ရှားစွာပြလို့ သူ့အရှင်ထံမှာ နေရာအပိုင်စားတောင်းတော့တာပေါ့”
“ထိုအခါမှ နရပတေ့စည်သူလည်း ငါဘုရင်ဖြစ်တဲ့အချိန်ငါတပည့်တွေအနားမှာမရှိရှာတော့ဘူးဆိုပြီးနောင်တကြီးစွာရလို့ မြင်းခံငပြည့်ကို ရွှေပြည့်မြင်းဖြူရှင်ဟူသောဘွဲ့အမည်နဲ့နယ်မြေအပိုင်စားပေးသတဲ့..ရွှေပြည့်မြင်းဖြူရှင်ပိုင်ဆိုင်တဲ့ ကျွန်းကိုလည်း ရွှေပြည့်ကျွန်းလို့ခေါ်ဆိုခဲ့ကြတယ်မြေးရဲ့..”
“မိဖုရားတစ်ပါးအတွက်နဲ့ သူရဲကောင်းတွေဆုံးရှုံးရတာ စိတ်မကောင်းစရာပဲနော်”
အမျက်ဒေါသကြီးသော ပုဂံပြည့်ရှင် နရပတေ့စည်သူနှင့် အရှင်သခင်အပေါ်အစွဲအလန်းကြီးသော မြင်းခံငပြည့်အကြောင်း ကြားရပြန်တော့လည်း အလွန်ပင် စိတ်မချမ်းမြေ့စရာဖြစ်ချေရာ ကျွန်တော်လည်း သက်ပြင်းရှည်ကြီး တစ်ချက်ကို လေပူများနှင့်အတူ မှုတ်ထုတ်မိလေတော့သည်။

“နောက်ဆုံးတစ်ပါးဖြစ်တဲ့ ကန္နီမြင်းဖြူရှင်နတ်အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်မြေးရဲ့”
“ဟုတ်အဖေကြီး..မြေးကိုဆက်ပြောပြပါဦး”
“အဇာတသတ်မင်းလက်ထက်က ၎င်းနဲ့ဆွေမျိုးတော်စပ်သူမင်းသားတစ်ပါးဟာ ရာဇဝတ်ဒဏ်သင့်လို့ နယ်နှင်ခြင်းခံခဲ့ရတယ်” “မကြာခင်မှာ ထိုသူဟာ အဖေကြီးတို့နိုင်ငံအတွင်းမှာရှိတဲ့ ကလေးအရပ်ကိုရောက်ရှိလာခဲ့တယ်” “ကလေးအရပ်ဟာ တောင်တွေဝန်းရံနေတာကြောင့် သူ့မွေးရပ်ဌာနေဖြစ်တဲ့ ရာဇဂြိုလ်နဲ့တူတယ်ဆိုပြီး မြို့တည်ကာနေထိုင်ခဲ့တယ်” “ထိုမြို့ကိုလည်း ကလေးတောင်ညိုရာဇဂြိုလ်လို့အမည်ပေးခဲ့တယ်ကွဲ့မြေးရဲ့”
“မြေးလည်း သာယာလှတဲ့ကလေးမြို့ကို တစ်ခါလောက်တော့ အလည်အပတ်ရောက်ဖူးချင်စမ်းပါဘိ အဖေကြီးရယ်..”
“ဆက်ရရင် ထိုမင်းကလည်း သူ့မြေးဖြစ်တဲ့ ဖိုးမင်းဖြူကို တောင်ဘက်မှာရှိတဲ့ ကန္နီအရပ်ကိုစေလွှတ်ပြီး မြို့တည်ခိုင်းပြန်တယ်” “ဖိုးမင်းဖြူဟာ ချင်းတွင်းမြစ်ကမ်းရှိ တောင်ထိပ်ပေါ်မှာ မြို့တည်ကာနေထိုင်ခဲ့တယ်”
“အဲ့လိုမြို့တည်နေထိုင်တာကို ပုဂံမင်းက ကြားသိတဲ့အခါ တပ်တော်စေလွှတ်လို့ တိုက်ခိုက်ခိုင်းတယ်..မထင်မှတ်ပဲ ပုဂံတပ်တွေစစ်ရှုံးလို့ လှည့်ပြန်သွားစဉ် ဖိုးမင်းဖြူရဲ့မြို့သူတစ်ဦးက လှောင်ပြောင်တဲ့အနေနဲ့ ဖင်ကုန်းပြခဲ့တယ်” “အဲ့ဒါကိုမြင်တဲ့ပုဂံစစ်သည်တွေက နိမိတ်ကောင်းတယ်လို့ယူဆပြီး ပြန်လည်တိုက်ခိုက်တာ ဖိုးမင်းဖြူတို့စစ်ရှုံးခဲ့ရတယ်”
“အော်..ရန်သူကို အထင်သေးခဲ့မိတဲ့ အကျိုးပေါ့”
ဒီတခါမှာလည်း ကျွန်တော်ဟာ မချိတင်ခဲနဲ့ ဖိုးမင်းဖြူတို့အပေါ် စာနာရပြန်လေ၏။
“စစ်ရှုံးခဲ့သည့်တိုင်‌‌အောင် ဖိုးမင်းဖြူက အာဂသတ္တိနဲ့မြေးရဲ့” “ရန်သူ့လက်တွင်းသို့ကျရောက်ခြင်းထက် သေခြင်းကမြတ်တယ်လို့ကြုံးဝါးပြီး ၎င်းရဲ့အချွေအရံတွေနဲ့အတူ မြင်းတွေရဲ့ ခေါင်းမျက်စိတွေကို အဝတ်နဲ့ဖုံးအုပ်ပြီး တောင်ကမ်းပါးထိပ်ကနေ ချင်းတွင်းမြစ်ထဲကို ဒုန်းဆင်းခုန်ချခဲ့ကြသတဲ့ကွယ်”
“အို တကယ့် သူရဲကောင်းစိတ်ဓာတ် အပြည့်နဲ့ပါလား အဖေကြီးရယ်”
“အလောင်းစည်သူမင်းကြီးလက်ထပ်ရောက်တဲ့အခါကျမှ မင်းကြီးကဖောင်စကြာနဲ့လှည့်လည်တဲ့အခါ ဖိုးမင်းဖြူတို့အဖွဲ့က မြင်းကိုယ်စီနဲ့ကိုယ်‌ ရောင်ထင်ရှားစွာပြတဲ့အတွက် နယ်မြေအပိုင်စားပေးလို့ ကန္နီမြင်းဖြူရှင်နတ်ရယ်လို့ဖြစ်လာကြတာပေါ့ကွယ်” “ကဲ..ဒါကတော့ မြေးသိပ်သိချင်နေတဲ့ မြင်းဖြူရှင်နတ်လေးပါးရဲ့အကြောင်းတွေပဲကွဲ့”
အဖေကြီးဆီက ယခုလို မြင်းဖြူရှင်ဘိုးဘိုးကြီးတွေနဲ့ပတ်သက်ပြီး ကြားသိလိုက်ရတဲ့အခါမှာ‌ တော့ ကျွန်‌တော့်အတွက် သမိုင်းဆိုင်ရာဗဟုသုတတွေလည်း အတော်ရခဲ့သလို တွေးစရာ ဆွေးစရာတွေလည်း တမြေ့မြေ့ကျန်ခဲ့ပါတော့သည်။ ဧည့်သည်ဆိုတာ အချိန်တန်တော့လည်း ကိုယ့်အိမ်ကိုပြန်ရမယ်ဟုဆိုသည့်အတိုင်းယနေ့မှာတော့ ကျွန်တော်ချစ်တဲ့ အညာမြေက ထန်းပင်စုရွာလေးကို နှုတ်ဆက်ခွဲခွာရ‌ပေဦးမည်။ဦးဘိုစိန်၏ ပုဇဉ်းခေါင်းထော်လာဂျီကြီးအိမ်ဝိုင်းထဲက ထွက်ခွာတယ်ဆိုရင်ပဲ အဖေကြီးနှင့်အတူ ကျွန်တော့်သူငယ်ချင်းများဖြစ်သည့် သီဟနဲ့မင်းသန့်တို့က ကျွန်တော်တို့မိသားစုကိုလက်ပြနှုတ်ဆက်ရင်း ယဉ်‌မောင်းသည့်အရှိန်‌ကြောင့်တလိမ့်လိမ့်တက်လာသော ဖုန်လုံးကြီးနဲ့အတူ တဖြေးဖြေးဝေးသထက်ဝေး၍ ကျန်ရစ်ခဲ့လေတော့သည်။ရွာထိပ်ရှိ ထုံးဖြူဖြူစေတီလေးနား မြင်းဖြူရှင်နတ်နန်းကြီးရှေ့အရောက်မှာတော့ ကျွန်တော်ဟာလက်အုပ်ချီလိုက်ပြီး “ကျွန်ုပ်ရဲ့ကျေးဇူးရှင်ဖြစ်သော ရွာတော်သခင် မြင်းဖြူရှင်ဘိုးဘိုးကြီး ကာမသိဒ္ဓိတန်ခိုးများတိုးကာ တဆင့်ထက်တဆင့်မြင့်သထက်မြင့်တဲ့ဘုံဌာနများသို့ရောက်ရှိစံစားနိုင်ပါစေ”လို့ဆုတောင်းမေတ္တာများပို့သပြီး နှုတ်ဆက်မိလေတော့သတည်း။
#ဖြိုးမြတ်ဟန် (Mythologist)📖✍️