” ရွှေထုပ်နှင့် သရဲ ” (စ/ဆုံး)
==========================
ညနေခင်း နေ၀င်တရော အချိန်တွင် ပေါက်တပင်ရွာအနောက်ဘက်ရှိ ထန်းတောလေးအတွင်း၌ ထန်းရည်ဝိုင်းဖွဲ့သောက်နေသော လူတစ်စုရှိလေ၏။ ထိုလူတစ်စုသည် ထန်းရည်လေးသောက်လိုက် ကြွက်ကြော်လေးစားလိုက်နှင့် အရေမရအဖက်မရ စကားများပြောကာ သောက်စားနေကြ၏။
“အဟမ်း ”
“ဟေ့ရောင် ကျော်ဒွန်း စကားပြောမည့်အရေးကို အဟမ်းတွေဘာတွေ လုပ်မနေနဲ့”
“အေးလေ မင်းကဘာပြောမလို့ ဟမ်းတာလဲ ရီးတီးရားယားမလုပ်နဲ့ ပြောစရာရှိတာပြောဟေ့ရောင်”
“အေးမောင် ပြောတာ ဟုတ်တယ် မင်းပြောစရာရှိတာပြော”
ထန်းရည်ဝိုင်းတွင် ဇော်၀င်း၊ ရဲ၀င်း၊ ကျော်ဒွန်း၊ အေးမောင်နှင့် ထူးသာတို့ပျော်ပျော်ပါးပါး သောက်စားနေကြ၏။ ထိုအချိန်တွင် ကျော်ဒွန်းသည် စကားပြောရန် ချောင်းဟန့်လိုက်ခြင်းကြောင့် အနီးတွင်ရှိသော သူငယ်ချင်းများမှ မကျေနပ်သည့်အသံဖြင့် ဝိုင်းမေးလိုက်ကြလေ၏။ ထိုအခါ ကျော်ဒွန်းမှ
“ဒီလိုကွာ မင်းတို့ရွာတောင်ပိုင်းမှာ ရှိတဲ့ တိုက်ပြတ်ကြီးကို သိကြတယ်မလား”
“ကိုယ့်ရွာက တိုက်ပြတ်ဘဲ သိတာပေါ့ကွ”
“အေးလေ ပြောမှာသာ မပြောဘဲ လိုက်မေးနေသေးတယ်”
ကျော်ဒွန်းပြောလိုက်သောအခါ ရဲ၀င်းနှင့် ဇော်၀င်းမှ ၀င်ပြောလိုက်လေ၏။ ထိုနောက် ကျော်ဒွန်းသည် စကားဆက်ပြောလေ၏။
“အေး အဲ့တိုက်ပြတ်ကြီးက သရဲခြောက်တယ်ဆိုတာ အားလုံးသိကြတယ်နော်၊ ငါပြောချင်တာက အဲ့သရဲက အရင်ကထက်ပိုကြမ်းလာသလို ပိုလဲဆိုးလာတယ်၊ အဲ့တိုက်ထဲကို ၀င်ရဲတဲ့သူကို ငါက ပိုက်ဆံ တစ်သောင်းပေးမယ်ကွာ ”
“ဟ ဒါတော့ မင်းစိန်ခေါ်တာဘဲ အဲ့တိုက်ပြတ်ကြီးက နှစ်အတော်ကြာနေပြီ အဲ့မှာရှိတဲ့သရဲကလဲ ဘယ်ချိန်ကတဲက သေလို့ဖြစ်တဲ့သရဲမှန်း ဘယ်သူမှ မသိကြဘူး”
“အေးကွ ကြမ်းတာတော့ အတော်ကြမ်းတယ် ဟိုတလောက ကလေးတယောက် ဘောလုံး၀င်သွားလို့ သွားကောက်တာ တနာရီလောက်ကြာမှ ပြန်ထွက်လာတယ်ဆိုဘဲ ၊ အပြင်လဲရောက်ရော “ဘုန်း”ဆို အရုပ်ကြိုးပျတ်သလို့ လဲကြသွားတာလို့ ပြောကြတယ်”
ထူးသာသည် ကျော်ဒွန်းစကားအား ၀င်ပြောလိုက်သည်နှင့် အားကျမခံ အေးမောင်မှ သရဲနှင့်ပတ်သက်သောအကြောင်း တခုအား ပြောပြလေ၏။ ထိုနောက် ဇော်၀င်းသည်လည်း သူကြားဘူးသော အဖြစ်အပြတ်တခုအား ပြောပြလေ၏။
“မင်းတို့ ပြောမှ ငါလဲ သတိရတယ် ဟိုတလောက ဆယ်အိမ်ခေါင်းနဲ့ ဖိုးမောင်တို့ နှစ်ယောက် အိမ်ထဲကို ၀င်ကြတဲ့အကြောင်းပေါ့ ဖြစ်ပုံက ဒီလိုကွ”
ဆယ်အိမ်ခေါင်းမြသောင်းနှင့်ဖိုးမောင်တို့နှစ်ဦးသား တိုက်ပြတ်ထဲကို အရဲစွန့် ၀င်ကြလေ၏။ အဲ့မှာ နှစ်ယောက်သား အောက်လင်းဓာတ်မီးလေးတွေနဲ့ ၀င်သွားကြလေ၏။ အိမ်အတွင်းသို့ ၀င်လိုက်သည့်အခါ မည်သည့်အရိပ်အရောင်မျှ မတွေ့ရဘဲ မည်သည့်အသံမျှလည်း မကြားရဘူး။ ဒါနဲ့ နှစ်ယောက်သား တဖြေးဖြေး လျှောက်လာကြရာ အနားမှ လေစိမ်းတချက်သည် ဝေ့၍တိုက်ခက်သွားလေ၏။
ထိုနောက် ပုတ်အဲ့အဲ့ အနံတခုသည် နှာခေါင်း၀သို့ ၀င်လာလေ၏။ ထိုအခါ နှစ်ဦးသား အော်ကလီဆန်အောင် နံသောအနံ့အား မခံနိုင်ဘဲ အန်ပစ်လေ၏။ ထိုအချိန်တွင် တိုက်အပေါ်ထပ်မှ “ဒုန်း”ဒုန်း”ဟုသော အသံကို နှစ်ဦးသား ကြားလိုက်လေ၏။ အိမ်အပေါ်ထပ်မှ တဒုန်းဒုန်း ဖြင့် ခြေကိုဆောင့်ကာ အောက်ထပ်သို့ ဆင်းလာလေ၏။
မြသောင်းနှင့်ဖိုးမောင်တို့လည်း လှေကားအား မျက်တောင်မခက်ဘဲ ကြည့်နေကြလေ၏။ သူတို့နှစ်ယောက် ကြည့်နေချိန်တွင် လှေကားထိပ်သို့ ခြေထောက်မဲကြီးတချောင်း ပေါ်လာသည်ကို မြင်လိုက်သောအခါ ကျက်သီးများပင်ထလာလေ၏။ တဖြေးဖြေးဖြင့် တကိုယ်လုံးပါ ပေါ်လာလေ၏။ အရပ်ခုနှစ်ပေခန့် မြင့်သော လူမဲကြီးတယောက်ဖြစ်နေသလို အမွေးမဲမဲများက ခန္တာကိုယ်တခုလုံးအား ဖုန်းလွမ်းထားပေရာ ကြီးမားသော လူမဲကြီးတယောက်လို ဖြစ်နေ၏။
နီရဲနေသော မျက်လုံးများဖြင့် မြသောင်းတို့အား စိုက်ကြည့်နေ၏။ အတော်ကြာအောင် ကြည့်ပြီးသည်နှင့် သရဲကြီးသည် စကားလှမ်းပြောလိုက်လေ၏။
“ချမလား ထိုးမလား ပစ်ချလိုက်ရမလား ”
“ဟာ ကိုမြသောင်း သရဲကြီးဗျ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး ချမလား ထိုးမလား ပစ်ချလိုက်ရမလားနဲ့ စိန်ခေါ်နေတာလား မသိဘူး”
“အေးဟုတ်တယ် ဖိုးမောင် ငါတော့ မချရဲဘူး ”
“ချမလား ထိုးမလား ပစ်ချလိုက်ရမလား” ဟု သရဲကြီးသည် ထပ်မံအော်လေ၏။ ထိုအခါ မြသောင်းနှင့် ဖိုးမောင်တို့နှစ်ဦးသားလည်း ကြောက်လန့်နေကြ၏။ ထိုအခါ သရဲကြီးသည် ခေါင်းကြီးအား ဖြုတ်ကာ သူတို့ဆီသို့ လှမ်းပစ်လိုက်ကြလေ၏။
“ဘုန်း”
“အောင်မလေး ကယ်ကြပါဗျ ခေါင်းကြီး ခေါင်းကြီး”
“အောင်မလေး ခေါင်းပြတ်ကြီး ခေါင်းပြတ်ကြီး”ဟု အော်ကာ နှစ်ယောက်သား ထွက်ပြေးကြလေ၏။ ကြောက်အားလန့်အားနှင့် ပြေးနေရာ ရွယ်လည်လမ်းတခုလုံးကိုပါ ပတ်ပြေးနေလေ၏။ မောသည့်အချိန်ရောက်မှ မပြေးနိုင်ကြဘဲ သတိမေ့မျှောသွားကြလေ၏။ မနက်မိုးလင်းသောအခါ ရွာရှိလူများမှ ဝိုင်း၀န်းပြုစု ကြရာ သတိပြန်လည်လာကြလေ၏။
“အဲ့တာကတော့ မင်းတို့လဲ သိပြီးသား ဖြစ်မှာပေါ့ ” ဟု ဇော်၀င်းမှ ပြောလိုက်လေ၏။
“အေးကွ အဲ့တုန်းက ငါတို့လဲ သွားကြည့်ကြတာဘဲ ဆယ်အိမ်ခေါင်းမြသောင်းနဲ့ ဖိုးမောင်တို့ မျက်လုံးပြူး မျက်ဆန်ပြူး တွေနဲ့ တွေ့သမျှလူတွေကို ကြောင်ကြည့်နေတာ ဘာမှကို မေးမရဘူး ။ နောက်နေ့ကြမှ အဖြစ်အပြတ်တွေကို သူတို့နှစ်ယောက် ပြောပြလို့ သိရတာ”ဟု ထူးသာမှ အားကျမခံ ၀င်ပြောလေ၏။
ထိုအထဲတွင် သရဲသစ္ဆေတွေ နာနာဘာဝတွေကို အယုံအကြည်မရှိသော ရဲ၀င်းသည် သူငယ်ချင်းများအား
“ငါတော့ မယုံဘူးကွာ လက်တွေ့စမ်းကြည့််မယ် ဘာဘဲဖြစ်ဖြစ် ဒီည ငါသွားမယ်ကွာ”
“ဟာ မင်းဟုတ်မှလဲ လုပ်ပါကွာ”ဟု ထူးသာမှ ၀င်ပြောလေ၏။ ထိုအခါ အေးမောင်မှ
“ငါတော့ မင်းကို မသွားစေချင်ဘူး ဘာလို့ဆို မင်းက အမေအိုကြီးကို လုပ်ကျွေးနေတဲ့ လူတယောက် မင်းတခုခုဖြစ်ရင် မင်းအမေအိုကြီး ရင်ကျိုးရမှာ”ဟု ပြောလေ၏။ ထိုအခါ ဇော်၀င်းမှ
“ဟုတ်တယ် ရဲ၀င်း မင်းသေချာစဉ်းစားနော် မင်းမရှိရင် မင်းအမေအိုကြီးကို ဘယ်သူပြုစုမှာလဲ” ပြောရာ ရဲ၀င်းမှ
“စိတ်မပူပါနဲ့သူငယ်ချင်းတို့ရာ “ဟု ပြောလိုက်ရာ ကျော်ဒွန်းမှ
“ဟေ့ရောင်တွေ ရဲ၀င်းအကြောင်းလဲ သိသားနဲ့ ဒီကောင်က သူလုပ်ချင်ပြီဆို သီကြားမင်းဆင်းတားရင်တောင် ရအောင်လုပ်မှာ အဲ့တော့ တားမနေကြနဲ့ ဒီလိုလုပ်ကြမယ်”ဟု ပြောလိုက်လေရာ ဇော်၀င်းနှင့်ထူးသာမှ
“ဘယ်လိုလုပ်မှာလဲ”
“အေး ငါတို့လဲ ပြောဦးလေ”
“မင်းတို့သုံးယောက်လဲ တယောက်တသောင်း ပါကွာ ဒီကောင်ကြီးအတွက် သွားရကြိုးနက်အောင်”ဟု ပြောလိုက်လေ၏။ ထိုအခါ အေးမောင်မှ
“အေး မင်းအကြံမဆိုးဘူး ငါလဲတသောင်းထည့်မယ်ကွာ”
“ငါလဲ ထည့်တယ်”
“ငါရောဘဲ” ဟု တယောက်တသောင်း ပါ၀င်လေ၏။ထိုအခါ ကျော်ဒွန်းမှ
“ကဲ့ ရဲ၀င်း မင်းသာ အဲ့တိုက်ပြတ်ထဲကို ၀င်မယ်ဆိုရင် ငါကနှစ်သောင်း ဒီကောင်သုံးယောက်က တယောက်တသောင်း စုစုပေါင်း မင်းငါးသောင်းရမယ်ကွာ “ဟု ပြောလိုက်လေ၏။ စင်စစ်အား ဖြင့် ပေါက်တပင်ရွာလေးတွင် ကျော်ဒွန်း၊ ဇော်၀င်း၊ အေးမောင်နှင့် ထူးသာတို့သည် ပိုက်ဆံရှိလူတန်းစားများ ဖြစ်ကြလေ၏။ ရဲ၀င်းတယောက်သာ အမေအိုကြီးကို စရင်းငှါးဘဝြဖင့် ရှာဖွေကျွေးမွေးနေရလေ၏။
လူဆင်းရဲသော်လည်း စိတ်မဆင်းရဲသော ရဲ၀င်းအား တရွာလုံးမှ ချစ်ခင်ကြသလို ကျော်ဒွန်းတို့လို လူကုန်တန်များကလဲ အပေါင်းအသင်းလုပ်ကြလေ၏။ သွားအတူလာအတူ တတွဲတွဲနေကြသော အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ကြလေ၏။ ထိုကြောင့် ဇော်၀င်းတို့သည် ရဲ၀င်းအား သနားကြသည့်အတွက် တယောက်တသောင်း ပါ၀င်ကြလေ၏။
ဤသို့ဖြင့် ရဲ၀င်းသည် တိုက်ပြတ်ကြီးထဲသို့ သွားရန် ထန်းရည်ဝိုင်းမှ ထွက်လာလေ၏။ ထန်းရည်သောက်ထားသည့် အရိန်နှင့် ကြောက်စိတ်မရှိသောရဲ၀င်းတယောက် ထိန့်လန့်ခြင်း မဖြစ်ဘဲ ရဲရဲ၀င့်၀င့် လျှောက်လာလေ၏။ ထန်းတောလေးနှင့် တိုက်ပြတ်ကြီးသည် အနည်းငယ်မျှ လှမ်းလေ၏။ ထိုကြောင့် ဆယ်မိနစ်ခန့်မျှ သွားလိုက်လေရာ တိုက်ပြတ်ကြီးရှေ့သို့ ရောက်လေ၏။
တိုက်ပြတ်ကြီးရှေ့သို့ ရောက်သော်လည်း ထိန့်လန့်ခြင်းမဖြစ်ဘဲ တိုက်ပြတ်ကြီးအတွင်းသို့ ၀င်ရောက်သွားလေ၏။တိုက်ပြတ်ကြီးအတွင်း၌ မှောင်မဲနေပြီး မည်သည့်အရာမှ သဲသဲကွဲကွဲ မမြင်ရပေ။ ထိုကြောင့် အိပ်ကပ်ထဲတွင် ပါလာသော မီးခြစ်ကို ထုပ်ပြီး တိုက်ပြတ်ကြီး အပြင်သို့ ပြန်ထွက်လာလေ၏။ ထိုနောက် တိုက်ပြတ်ကြီးဘေးတွင်ရှိသော သစ်ကိုင်းခြောက်များကို ကောက်ယူပြီး တိုက်ပြတ်ကြီး အတွင်းသို့ ပစ်သွင်းနေ၏။
တိုက်ပြတ်ကြီး အတွင်း၌ သစ်ကိုင်းခြောက်ပုံကြီးအား မီးခြစ်ဖြင့် ခြစ်ကာ မီးရှို့လိုက်လေ၏။ထိုအခါ တိုက်ပြတ်ကြီး တခုလုံးသည် မီးပုံကြီးကြောင့် လင်းထိန်သွားလေ၏။ ထိုသို့ မီးအလင်းရောင်ကြောင့် ရဲ၀င်းတယောက် တိုက်အတွင်း၌ရှိသော အရာများအား သဲကွဲစွာ မြင်ရလေ၏။ ထိုအချိန်တွင် လှေကားထိပ်မှ
“ချမလား ထိုးမလား ပစ်ချလိုက်ရမလား” ဟု သရဲကြီးသည် ရဲ၀င်းအား စိုက်ကြည့်ကာ အော်ပြောလေ၏။ ထိုအခါ ရဲ၀င်းလည်း
“ချမယ် ထိုးမယ် ပစ်ချလိုက်”ဟု ပြန်အော်လေ၏။ ရဲ၀င်းသည် ပြန်အော်လိုက်ရာ သရဲကြီးသည် ရဲ၀င်းအား ဝါးစားတော့မည့်အတိုင်း မျက်လုံးနီကြီးဖြင့် ကြည့်ကာ လှေကားပေါ်မှ ပြေးဆင်းလာလေ၏။ ထိုအခါ ရဲ၀င်းလည်း အသင့်အနေအထားဖြင့် ပြေးဆင်းလာသော သရဲကြီးအား ညာလက်သီးဖြင့် ထိုးလေ၏။
ထိုအခါ ဘောလုံးတလုံးအား ထိုးရသည့်အတိုင်း ပြန်ကန်ထွက်နေ၏။ထိုသို့ဖြင့် တဖြေးဖြေး လုံးထွေးသက်ပုတ်နေပေရာ တိုက်ပွဲကား ပြင်းထန်လာလေ၏။ သရဲကြီး၏ ရိုက်နက်မူ့တွေကြောင့် ရဲ၀င်းတယောက် လက်တွေ ကျောတွေ နာကျင်နေရ၏။ သို့ပေမယ့် ၀မ်းဗိုက်ကို အမြဲထိုးနေပါက လူမောပြီးအားအင် ကုန်ခမ်းဖို့ဘဲ ရှိမည် ဟု တွေးကာ သရဲကြီးမျက်နှာကို တရစပ်ထိုးလေ၏။
မျက်နှာကို ထိုးမှ သရဲကြီးသည် နာကျင်မူ့ကို ခံရလေ၏။ ထိုသို့ဖြင့် သရဲကြီးက လက်ဝါးဖြင့်ရိုက်၊ ရဲ၀င်းမှ လက်ဖြင့် ကာလေ၏။ ရဲ၀င်းထိုးလျှင် သရဲကြီးသည် မကာတက်ပေရာ အထိုးခံရလေ၏။ တိုက်ပွဲကား ပြင်းထန်လာလေ၏။ ရဲ၀င်း၌ အားအင်တို့ ကုန်းခမ်းလာပြီး မေပန်းနေသည်ကို သရဲကြီးရိပ်မိလေရာ တရစပ် ရိုက်နက်သက်ပုတ်လေ၏။ ရဲ၀င်းလည်း
“ငါဒီလိုသာ တိုက်ခိုက်နေရင် ငါသေဖို့ဘဲ ရှိတော့တယ် မီးတုတ်နဲ့ ရိုက်ရင်တော့ နိုင်လောက်တယ်”ဟု တွေးကာ မီးပုံဆီသို့ အတင်းပြေးလေ၏။ ထိုအခါ သရဲကြီးသည် နောက်မှ အတင်းလိုက်လာရာ ရဲ၀င်းလည်း မီးပုံထဲမှ မီးတုတ်ကို ဆွဲယူပြီး အားကုန်လွဲရိုက်လေ၏။ထိုအခါ သရဲကြီးသည် “အား “ဟု အော်ကာ လဲကျသွားပြီး ပြောက်ကွယ်သွားလေ၏။ ထိုအခါမှ ရဲ၀င်းလဲ အားအင်ကုန်သောအဖြစ်သို့ ရောက်ပြီး မက်တက်ပင်မရပ်နိုင်ဘဲ အရုပ်ကြိုးပျတ် လဲကျသွားလေ၏။
ထိုသို့ လဲကျပြီး မကြာမှီပင် ရဲ၀င်းသည် လေဟာနယ်တခုအတွင်းသို့ ရောက်နေသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူ၏အနားသို့ လူကြီးတစ်ဦးပေါ်လာလေ၏။
“ငါတူက ဦးလေးကို နိုင်အောင် တိုက်နိုင်ပြီး သတ္တိလဲကောင်းတယ် အမေအိုကြီးကိုလဲ လုပ်ကျွေးနေတဲ့ လူကောင်းလေးတယောက်ဘဲ”
“ခင်များဘယ်သူလဲ ” ဟု ရဲ၀င်းမှ မေးလိုက်လေ၏။ ထိုအခါ ထိုလူကြီးမှ
“ငါဟာ ဒီအိမ်ပိုင်ရှင် ဦးဘိုးလူလို့ ခေါ်တယ် လွန်ခဲ့တဲ့ နှစ်လေးဆယ်က သိုင်းဆရာကြီးပေါ့ကွာ ငါသေသွားပေမယ့် ရွှေထုပ်ကို ဆွဲလမ်းပြီး မကျွတ်လွတ်ဘဲ ဒီဘဝြကီးမှာ ရှိနေရတာ ငါကို နိုင်အောင် ချနိုင်တဲ့သူကို ရွှေထုပ်နဲ့ အိမ်ကြီးကို ပေးမယ်လို့ ငါရည်ရွယ်ထားတယ်။ အခု မင်းက ငါကို နိုင်အောင် တိုက်နိုင်တဲ့အတွက် ဟော့ဒီရွှေထုပ်နဲ့ အိမ်ကြီးကို ယူပြီး ငါကိုလဲ အမျှဝေပေးပါကွာ”ဟု ပြောကာ လူကြီးသည် ပြောက်ကွယ်သွားလေ၏။ ထိုအခါ ရဲ၀င်းလည်း
“စိတ်ချပါ ဦးလေးဖြစ်စေချင်သလို ကျုပ်ပြုလုပ်ပေးပါ့မယ်”ဟု ပြန်ပြောလိုက်လေ၏။ ထိုအချိန် ရဲ၀င်းနားထဲတွင် ဆူညံသံများ ကြားနေရပြီး သူအမေရဲ့ အသံပါ ကြားရလေ၏။
“သား လူလေး အမေ့သားလေး ဖြစ်မှဖြစ်ရလေကွယ် အမေ့ဘယ်လို ဖြေရမလဲ အမေ့ကို တယောက်ထဲ ထားသွားပြီလား”ဟု ငိုသံဖြင့် ပြောနေသော အမေအသံကြောင့် မျက်လုံးဖွင့်ပြီး စကားပြန်ပြောလိုက်လေ၏။
“အမေ ဘာလို့ ငိုနေတာလဲ သားဘာမှ မဖြစ်ပါဘူး”
“ဟာ ရဲ၀င်း ဘာမှ မဖြစ်ဘူးကွ”ဟု ကျော်ဒွန်းမှ ၀မ်းသာအားရ ပြောလေ၏။ ထိုအခါ ထူးသာမှ
“အေးကွာ ငါတို့က သေပြီထင်နေတာ”ဟု ပြောလိုက်လေ၏။
ထိုအခါမှ ရဲ၀င်းလည်း သူ၀မ်းဗိုက်အောက်တွင် ပစ္စည်းတခုရှိနေသည်အတွက် ကုန်းထကာ ကြည့်လိုက်ရာ ကတ္တိပါအနီရောင်အထုပ်လေးအား တွေ့ရလေ၏။ ထိုကြောင့် ဖြေကြည့်လိုက်ရာ ရွှေဒင်္ဂါးနှင့်ပတ္တမြားတွေထည့်ထားသော အထုပ်တခုဖြစ်နေလေ၏။ ထိုအခါ ရွာသူကြီးနှင့် ရွာသူရွာသားများလည်း အကြောင်းစုံ မေးမြန်းကြည့်ရာ ရဲ၀င်းလည်း အကြောင်းစုံ ပြောပြလေ၏။
ထိုနေမှစပြီး ပေါက်တပင်ရွာလေးတွင် ဆင်းရဲနွမ်းပါးပြီး စရင်းငှါးလေး ရဲ၀င်းတယောက် ရွှေထုပ်နှင့် တိုက်ကြီးအား ရလိုက်ပြီးနောက် လူချမ်းသာဘ၀သို့ နေ့ခြင်းညခြင်းရောက်ရှိသွားလေ၏။ သာရေးနာရေး ပွဲများတွင်သာမက ဘုရားကျောင်းကန်များတွင်လည်း လှူတန်းလေရာ ရဲ၀င်းတို့ သားမိအား ကျေးရွာ၏ ပထမတန်းစား တောသူဌေးများအဖြစ် သက်မှတ်လိုက်ကြလေတော့သည်။
ပြီး။။။
ရေးသားသူ- နယ်နမိတ်
#လေးစားစွာcreditပေးပါသည်