လက်ပွား

လက်ပွား(စ/ဆုံး)

————–

သူ့နာမည်က လက်ပွား။ နာမည်အရင်းက မျိုးကို ကို။ ဒါပေမဲ့ သူ လူလားမြောက်လာကတည်းက အဲဒီ နာမည်ကို ဘယ်သူမှမခေါ်ခဲ့။ အဲဒီတော့ သူ့နာမည်အရင်း ကို မေးတဲ့သူရှိလာမှ ခက်ခက်ခဲခဲ ပြန်စဉ်းစားရတယ်။ အမေကတော့ သူ့ကို သားလို့ပဲခေါ်တယ်။ သူများတွေ ခေါ်သလို လက်ပွားလို့တော့ အမေ ဘယ်တုန်းကမှ မခေါ် ဘူး။ ဒီနာမည်ကို အမေက ကြိုက်ပုံမရဘူး။ သူငယ်ချင်း တွေတောင် အမေ့ရှေ့ရောက်ရင် လက်ပွားလို့ မခေါ်ရဲကြ တော့ဘူး။ လက်ပွားရဲ့ လက်ရှိအသက်က ၇ နှစ်။ ဒုတိယ တန်းတက်နေတယ်။ သူ့အသက် ၇ နှစ်အတွင်းမှာ သူစိမ်း အဆန်ဆုံး စကားလုံးက အဖေပဲ။ သူ့မှာ သူများတွေလို အဖေလို့ခေါ်စရာ အဖေမရှိ။ မရှိတာက အသာထားပါဦး၊ အဖေနာမည်တောင် ဒီအသက်အရွယ်အထိ သူမသိသေး ဘူး။ ဘယ်သူ့မှလည်း သူ့ကို ပြောမပြဘူး။ အမေက လက်ပွားကိုချစ်ပေမဲ့ အဖေ့နာမည် ဘယ်သူလဲလို့ မေး မိရင် အမေ့မျက်နှာမှာ လက်ပွားမသိတဲ့ အရောင်အမျိုး မျိုး ဖြတ်သန်းသွားတယ်။ အဲဒါက ဝမ်းနည်းတာလား၊ ဒေါသထွက်တာလား၊ ရှက်တာလား၊ မချင့်မရဲဖြစ်တာ လားဆိုတာကို လက်ပွား ဘယ်သိပါ့မလဲ။ လက်ပွား

သိတာတော့ အဲဒီလို မေးမိတာနဲ့တစ်ပြိုင်နက် အမေ့ရဲ့ လက်က လက်ပွားဗိုက်ခေါက်ကြောကို ဆွဲလိမ်ပြီးသားပဲ။ မေးနေတုန်းများ အဘွား အနားမှာရှိရင် အဘွားကပါ ခေါင်းခေါက်ဦးမှာ။ စိတ်မကြည်တဲ့အချိန်ဆို ခေါင်း ခေါက်တာတင်မကဘဲ ခြေသလုံးမှာ အရှိုးရာ အထပ်ထပ် ဖြစ်ဦးမှာ။ လက်ပွားရဲ့ အဘွားအကြောင်း ပြောရရင် အဘွားက သူသိတတ်စကတည်းက သူ့ကို တယုတယ ပွေ့ပွေ့ ပိုက်ပိုက် မလုပ်တာပါပဲ။ မြေးရှစ်ယောက်ရှိတဲ့ အထဲမှာ အဘွားမချစ်တဲ့မြေးဆိုလို့ လက်ပွားတစ်ယောက် သာ ရှိမယ်ထင်ပါတယ်။ အဘွားက လက်ပွားကို ဘယ် တော့မှ စေ့စေ့မကြည့်။ စိတ်မထင်ရင် မထင်သလို ရိုက် ချင်ရိုက်သေးတာ။ လက်ပွားက လက်ပွားဆိုတဲ့အတိုင်း ဘယ်ဘက်လက်မလေးက လက်အပွားလေးတစ်ခု အပို ပါတယ်လေ။ ဒီကျွန်းကလေး တစ်ရွာလုံးမှာ လက်ပွား လိုက်ကြည့်မိသလောက် ဘယ်သူမှ လက်ပွားလို လက် အပွား မပါကြဘူး။ ဒါကြောင့်လည်း အဘွားရှက်တာ နေမှာပေါ့လို့ တွေးကြည့်မိတယ်။ အဘွားမှ မဟုတ်ပါဘူး။ အမေတောင်မှပဲ လက်ပွားကို အရမ်းချစ်ပေမဲ့ လက်အပွား လေးကိုတော့ မုန်းနေတာပါပဲ။

လက်ပွားဆိုတဲ့ အသံကိုတောင် မကြားချင်ဘဲ မုန်းနေတာမဟုတ်လား။ အဖေ့နာမည် မေးလိုက်တာနဲ့ အငိုနဲ့သာ အဆုံး သတ်ရတာမို့ လက်ပွားအဖေ့ကို မသိချင်တော့ပါဘူး။ အခုနောက်ပိုင်း လက်ပွား အဖေ့ကိုမမေးဘဲ နေမိတယ်။ ဒါပေမဲ့ ဒုတိယတန်းစတက်တော့ အမေ ကျောင်းလိုက် အပ်တယ်။ ကျောင်းလာအပ်ကြတဲ့ မိဘတွေကို ဆရာမ တွေက အဖေနာမည်တွေ မေးကြတယ်။ လက်ပွားလည်း အမေ့အလှည့် ဘယ်တော့ရောက်မလဲလို့ အမေ့နားက မခွာဘဲ စောင့်နေမိတယ်။ အရိုက်ခံရတဲ့အခါ ကြောက်တဲ့ စိုးရိမ်ပူပန်မှုမျိုးမဟုတ်ဘဲ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ မနေ တတ်အောင်ပါပဲ။ အမေ့အလှည့်ရောက်တော့ ဆရာမက အမေ့ကို သေချာကြည့်တယ်။ ပြီးတော့ လိုအပ်တာတွေ အားလုံးမေးတယ်။ သူ မမေးတာက အဖေ့နာမည်တစ်ခုပဲ။ ဒီလိုနဲ့ အဖေဆိုတာ လက်ပွားနဲ့ လုံးလုံးမသက်ဆိုင်ဘူး ဆိုတာ သိလိုက်ရတယ်။
“ဟေ့ရောင် လက်ပွား၊ အဖေမရှိတဲ့ကောင်၊

မင်း ငါတို့နဲ့ မကစားနဲ့”အဲဒီအသံတွေက လက်ပွား ကျောင်းစတက်ကတည်း က ကြားခဲ့ရတဲ့ အသံတွေ။ လက်ပွားမှာ သူငယ်ချင်း နှစ်ယောက်ပဲရှိတယ်။ သူတို့က လက်ပွားအတွက် တန်ဖိုး ဖြတ်မရတဲ့ ရတနာတွေလိုပါပဲ။ လက်ပွားကို နားလည် ကြတယ်။ အဖေမရှိတာအတွက် သူတို့ အပြစ်မတင်ကြ ဘူး။ တခြားသူတွေပြောရင်တောင် သူတို့က လက်ပွား ဘက်က ကူပြောပေးကြတယ်။
ကျောင်းမှာ လက်ပွားအမေရဲ့တူတွေ၊ တူမတွေ တောင်မှ လက်ပွားကို အဖက်လုပ်ကြတာမဟုတ်ဘူး။ သူတို့က လက်ပွားနဲ့ အမျိုးတော်ရတယ်ဆိုတာကိုတောင် ရှက်ရွံ့နေကြပုံပါပဲ။ ၊ အမေက သားသမီးငါးယောက်ထဲ မှာ အငယ်ဆုံးသမီး။ အမျိုးတွေထဲမှာ လက်ပွားကို ချစ် တာဆိုလို့ အမေ့ရဲ့အစ်မ၊ လက်ပွားရဲ့ ကြီးတော်ပါပဲ။ ကြီးတော်ကတော့ လက်ပွားကိုတွေ့တိုင်း ချစ်ချစ်ခင်ခင် ရှိပါတယ်။ တစ်ခါတစ်ရံ မုန့်ဖိုးကို အဘွားမသိအောင် ပေးတတ်ပါတယ်။ ၊ အဘွားက လက်ပွားတို့သားအမိကိုသူ့အိမ်မှာ မလွှဲသာလို့သာ ထားရပေမဲ့ နည်းနည်းလေးမှ သဘောကျတဲ့ပုံ မရှိခဲ့ပါဘူး။ အမေကလည်း အဖေမှမရှိ တာ လက်ပွားကို သူတစ်ယောက်တည်း ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ။ အမေက အတန်းပညာ ၃ တန်းပဲ တက်ခဲ့တယ်လို့ အမေပြောခဲ့ဖူးတယ်။ လက်ပွားကို ပညာ တတ်ကြီးဖြစ်အောင် လုပ်ပါတဲ့။ တစ်ခါတလေ အမေငို တယ်။ ဘာကြောင့်ငိုမှန်းတော့ လက်ပွားမသိဘူး။ ငိုတဲ့အခါ အမေ့ကျောပြင်လေးကို လက်အပွားလေးနဲ့ ပွတ်ပွတ်ပေးမိတယ်။ အဖေသာရှိရင် အမေ အခုလိုငိုရမှာ မဟုတ်ဘူးလို့လည်း အဖေ့ကို သတိရမိသွားသေးတယ်။ တွေးရင်းနဲ့ သူ့အတွေးကို အဘွားကြားသွားမလားလို့ အဘွားကို တစ်ချက်လှမ်းကြည့်လိုက်မိသေးတယ်။ တော် သေးတယ် အဘွားက သူ့မြေးတွေနဲ့ စကားတွေပြောနေ
ပေလို့။

တစ်ခါတလေတော့လည်း အမေက လက်ပွားကို
ကောက်ရလို့ မွေးစားထားတာများလားလို့လည်း စဉ်းစား မိတယ်။ ဒါကြောင့် အဖေမရှိတာပေါ့။ ဒါကြောင့်သာ အဖေနာမည်မသိတာပေါ့။ ။ အမေက အဘွားပြောပြောနေ တဲ့ ဗိုင်းကောင်းကျောက်ဖိ ပုံစံမျိုးနဲ့ အပျိုကြီးလုပ်နေခဲ့ တာ နေမှာပေါ့။ လက်ပွားကို မွေးစားမှ အမေက ကလေး တစ်ယောက်အမေ ဖြစ်သွားပုံပါပဲ။ လက်ပွား စိတ်ကူး ထဲက အတွေးတွေကို အမေ့ကို မေးကြည့်ရင် ကောင်း မလားလို့ လက်ပွား တွေးကြည့်တယ်။ ဒါပေမဲ့ အမေ့ မျက်နှာပေါ်မှာ လက်ပွား နားမလည်နိုင်တဲ့ အမျိုးအမည် မသိတဲ့ ခံစားမှုတွေကိုလည်း မမြင်ချင်တော့ပါဘူး။
အမေက လက်ပွားတို့ ကျွန်းကလေးရွာမှာ မိုးရာသီ ကောက်စိုက်ချိန်ဆို ကောက်လိုက်စိုက်တယ်။ လယ်ရှင်က ထမင်းကျွေးတယ်။ တစ်နေ့ကို ၂ဝဝဝ ပေးတယ်။ ဒီ အလုပ်က တကယ်တော့ ဘယ်သက်သာလိမ့်မလဲ။ အမေ့ ခမျာ တစ်နေကုန် ရေထဲမှာ။ မျှော့တွေလည်း အကိုက် ခံရသေးတယ်။ ခြေသလုံးတွေမှာ ဖြုတ်လို့ခေါ်တဲ့ အကောင်သေးသေးလေးတွေ ဝိုင်းကိုက်လို့ အဖုအပိမ့်တွေ ကလည်း ဖြစ်နေသေးတယ်။ အမေ ကောက်စိုက်က ပြန် လာတိုင်း အမေ့ခြေထောက်တွေကိုကြည့်ပြီး လက်ပွား စိတ်ဆင်းရဲရတယ်။
နွေအခါဆို အမေက စပါးရိတ်၊ ပဲနုတ်၊ ပဲခူး စတာ တွေကို လုပ်သေးတယ်။ နွေမိုးဆောင်း ဆယ့်နှစ်ရာသီ လုံးသာ ကုန်သွားတယ်။ အမေ့မှာ နားရတဲ့လကို မရှိ ဘူး။ ရာသီပေါ် အသီးအနှံမရှိတဲ့လဆို အမေက ရွာထဲမှာ အဝတ်လိုက်လျှော်သေးတယ်။ ပြီးတော့ ရေထမ်း ရောင်းတယ်။ ။

အမေက အမျိုးတွေအားလုံးရဲ့ အပစ်ပယ် ခံပြီး လက်ပွားကို မွေးစားခဲ့လို့သာ အမေ ဒီလောက် ပင်ပန်းဆင်းရဲဖြစ်နေတာလို့ အမေအဝတ်လျှော်တဲ့ဘေးမှာ ထိုင်ရင်း လက်ပွားအမေ့ကို ပြောမိတယ်။ အဲဒီတုန်းက အမေက လက်ပွားကို အကြာကြီးပဲ စူးစူးရဲရဲစိုက်ကြည့် နေတာများ လက်ပွား အမေ့ကို မကြောက်စဖူး ကြောက် တောင်ကြောက်မိတယ်။ အကြာကြီးနေမှ အမေက နင့် ကို ဘယ်သူပြောလဲ မွေးစားသားဆိုတာ။ နင်က ငါ့သား ပဲလို့ အမေက အက်ကွဲသံနဲ့ အံကိုတင်းတင်းကြိတ်ပြီး ဘယ်ဘက်လက်ပွားလေးကိုကြည့်ရင်း ပြောတယ်။ အမေ့ ကိုကြည့်လိုက်တော့ မိခင်စိတ်အပြည့်နဲ့ ရဲဝံ့နေတာကို လက်ပွားတစ်သက်မှာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ အမေရဲ့ ယုံကြည်မှုအပြည့်နဲ့ အားမာန်တွေကို အမေ့ မျက်ဝန်းအတွင်းမှာ တွေ့ ရတယ်။ ဒီလို အခက်အခဲတွေ ကြားမှာ လက်ပွားအတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲတဲ့ အမေ့ ကို ပိုတိုးလို့ချစ်မိတယ်။ တကယ်လို့သာ လက်ပွားမှာ အဖေသာရှိရင် ဒီလောက်ပင်ပန်းမှာ မဟုတ်ဘူး။ အဖေမရှိတဲ့အတွက် အမေက အဖေ့တာဝန်ရော၊ အမေ့တာဝန်ရော ယူရတာ မဟုတ်လား။ အမေပြောသလို လက်ပွား ပညာတတ်ကြီး ဖြစ်အောင်လုပ်မယ်။ တစ်နေ့ကျရင် လက်ပွားတို့ သား အမိကို အဖက်မလုပ်ကြတဲ့ အမျိုးတွေရှေ့မှာ ခေါင်းမော့ ရင်ကော့ပြီး လမ်းလျှောက်ပြမယ်။ ဒါက ဒုတိယတန်း ကျောင်းသားကြီးတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်။

တစ်ရက် အမေ အပြင်းဖျားတယ်။ အလုပ်တွေ ပင်ပန်းတာကြောင့်ရယ်၊ အစားအသောက် ပုံမှန်မစားတာ ကြောင့်ရယ် အမေဖျားတာလို့ ရွာက သားဖွားဆရာမလေး က လက်ပွားကိုပြောတယ်။ အမေ နေမကောင်းတော့ လက်ပွား အမေ့လက်ကိုဆွဲပြီး ဆေးခန်းသွားခဲ့တယ်။ လက်ပွားတို့ ကျွန်းကလေးရွာက ဆေးခန်းလေးက ဆယ့် နှစ်ပေ၊ ပေနှစ်ဆယ် အကျယ်လောက်ရှိတဲ့ သွပ်မိုးပျဉ် ထောင်ကာအိမ်ကလေး။ ရွာရဲ့တစ်ခုတည်းသော အသက် ကယ်အိမ်ကလေး။ မြို့တက်ဆေးကုဖို့ မတတ်နိုင်သူတွေ အတွက် ကယ်တင်ရှင်အိမ်ကလေး။ ဒီအိမ်ကလေးရဲ့ အရှင်သခင် ဆရာမလေးကတော့ ကျွန်းကလေးကျေးရွာမှာ သူ့ကျေးဇူးကင်းတဲ့သူ မရှိသေး။

အမျိုးတွေရော အဘွားကပါ အမေနေမကောင်း တာသိလျက်နဲ့ အကျိုးအကြောင်း မေးမြန်းဖော်မရခဲ့ဘူး။ သူတို့မမေးတော့ရော ဘာဖြစ်သလဲ၊ အမေ့မှာ လက်ပွား တစ်ယောက်လုံးရှိသေးတယ်။ အမေ့လက်ကို ကျစ်ကျစ် ပါအောင်ဆုပ်လို့ သားအမိနှစ်ယောက် ဆေးခန်းသွားပြ တယ်။ အမေက ယိုင်နဲ့နဲ့ ခန္ဓာကိုယ်ကို အားတင်းလို့ လျှောက်လာပုံပါပဲ။ အမေ့ကြည့်ရတာ ဖြူဖျော့လိုက်တာ။ ချက်ချင်းပဲ ခွေလဲကျတော့မယ့်အတိုင်း။ တစ်ခါတစ်ရံမှာ လူတစ်ယောက်က ဘဝပေးအသိ ကြောင့် လက်ရှိအသက်ထက် ပိုရင့်ကျက်နေတဲ့အထဲမှာ လက်ပွားလည်း ပါခဲ့ပုံရတယ်။ အခု အမေ နေမကောင်း တော့ လက်ပွားပဲ လူကြီးလုပ်နေရတာလေ။ ဆရာမ လေးကပြောတယ်။ အမေ့အတွက် ဆေးသွင်းဖို့ ရွာမှာ မရှိလို့ မြို့ကို လူကြုံနဲ့ မှာရမယ်တဲ့။ ဘယ်လောက်ကျမလဲ ဆရာမလို့ လက်ပွားမေးတော့ ငါးထောင်တဲ့။ သူတို့သား အမိမှာ ပါလာတာက နှစ်ထောင်တည်းရယ်။ လူနာစမ်း သပ်တဲ့ ခုတင်ပေါ်မှာ လဲလျောင်းရင်း မောနေတဲ့အမေ့ကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ အမေ့နဖူးက ချွေး စက်တွေကို ဘယ်ဘက်လက်အပွားလေးနဲ့ သုတ်လိုက် တယ်။ အမေက ဆရာမနဲ့ လက်ပွားပြောနေတဲ့စကား တွေကို ကြားပုံမပေါ်၊ ဝေဒနာကို အပြင်းအထန် ခံစား နေရပုံပဲ။ ခုနစ်နှစ်အရွယ်ကလေးတစ်ယောက်က ပိုက်ဆံ သုံးထောင်ကို ဘယ်ကနေ သွားရှာရမလဲလို့ သဲကြီးမဲကြီး စဉ်းစားနေတာကို ဆရာမက သိပုံမပေါ်ဘူး။ အမေ့ကို အားဆေးအရည်သွင်းပေးဖို့အပ်တွေ၊ ပိုက်တွေ ပြင်ဆင်
နေတယ်။

“ဆရာမ အမေ့ကို ခဏအပ်ခဲ့မယ်နော်။ သား ခဏ နေရင် ပြန်လာခဲ့မယ်။ အမေ့ကို သေချာဂရုစိုက်ပေးပါ နော်ဆရာမ။ သားမှာ တွယ်တာရမယ့်သူဆိုလို့ တစ်ယောက်တည်းပဲ ရှိတာပါ ဆရာမရယ်” ပြောလည်းပြော၊ ဝဲလာတဲ့မျက်ရည်ကို အသာသုတ် လို့ လက်ပွား ဆေးခန်းလေးထဲက ပြေးထွက်လာခဲ့တယ်။ လမ်းမပေါ်ရောက်တော့ လက်ပွား ဘယ်သွားရမလဲမသိ။ အဘွားအိမ်ကိုသွားပြီး ပြောရမလား။ အမျိုးတွေဆီကို သွားရမလား။ ဟုတ်သားပဲ အမျိုးတွေဆိုလို့ အမေ့ကို

ချစ်ခင်ပုံရတဲ့ အမေ့ရဲ့အစ်မကြီး ရှိသားပဲ။ သူ့ဆီသွားရ မယ်။ ရွာရဲ့အနောက်ပိုင်းမှာနေတဲ့ ကြီးတော်ဆီသွားဖို့ လက်ပွား သုတ်ခြေတင်မိတယ်။ လက်ပွားဘဝမှာ ပြေးခဲ့ သမျှ အခုအချိန်က အမြန်ဆုံးပဲ။ သူငယ်ချင်းတွေနဲ့ လိုက်တမ်းပြေးတမ်းကစားလို့ ပြေးတာနဲ့လည်း မတူဘူး။ အမေ.. အမေ… လက်ပွားကို သံယောဇဉ်အရှိဆုံး လူ သားတစ်ယောက်။ လက်ပွားအတွက် အရာရာကို ရင် ဆိုင်နေရတဲ့ လူသားတစ်ယောက်။ အဲဒီတစ်ယောက် အတွက် လက်ပွားပြေးနေတယ်။ ဘဝမှာ အလျင်မြန်ဆုံး သော အမြန်နှုန်းတွေနဲ့ပြေးနေတယ်။
ကြီးတော်၊ ကြီးတော်အကြောင်းပြောရရင် သူက အမေ့ထက် ဆယ်နှစ်ကြီးတယ်လို့ အမေပြောဖူးတယ်။ ဟုတ်မှာပါ။ လက်ပွားရဲ့ အစ်ကိုဝမ်းကွဲဖြစ်တဲ့ အစ်ကို လေးတောင် အမေနဲ့ ငါးနှစ်ပဲကွာတယ်တဲ့။ ကြီးတော် မှာ သားနှစ်ယောက်ရှိတယ်။ အစ်ကိုကြီးက ထိုင်းမှာ အလုပ်သွားလုပ်တယ်လို့ ကြီးတော်ပြောပြဖူးတယ်။ လက် ပွားသိတတ်စ အရွယ်ကတည်းက အစ်ကိုကြီးမရှိဘူး။ အစ်ကိုလေးနဲ့ အစ်ကိုကြီးက သုံးနှစ်ကွာတဲ့။ ကြီးတော်က သားတွေကို တော်တော်ချစ်ပုံရတယ်။ ငယ်ငယ်ကတည်း က အမေအလုပ်တွေ မအားရင် ကြီးတော်က သူ့အိမ်ကို ခေါ်ပြီး လက်ပွားကို ထမင်းကျွေး၊ ရေမိုးချိုးပေး၊ သနပ် ခါးလူးပေးနဲ့ လက်ပွားကိုလည်း အတော် သံယောဇဉ် ရှိတယ်။ အားတဲ့အချိန်မှာ သူ့သားတွေအကြောင်း ပြော နေရော။
“ကြီးတော်ရေ…. ကြီးတော်…”
အမောတကောနဲ့ ပြေးလာတဲ့လက်ပွားကို အစ်ကို လေးက အိမ်ထဲက ထွက်ကြည့်တယ်။ “အစ်ကိုလေး ကြီးတော်ဘယ်သွားလဲ၊ အရေး ကြီးလို့ပါ။ ၊ အမေလေ အမေ… ဆေးခန်းမှာ တော်တော် နေမကောင်းဘူး။ အီး ဟီးဟီး”
လက်ပွား ငိုရှိုက်သံနဲ့ ဗလုံးဗထွေးပြောလည်းပြော ငိုလည်းငိုနဲ့ လက်ပွား အိမ်ရှေ့က ကွပ်ပျစ်လေးပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တယ်။ ကြီးတော်မရှိဘူးလို့ အစ်ကိုလေးကပြောတော့ လက်ပွားအတွက် အားကိုးရာ ကောက်ရိုးတစ်မျှင်တောင် မရှိတော့သလိုပါပဲ။ ပိုက်ဆံ သုံးထောင် ဘယ်လိုရှာရမလဲ။ အမေ့ကိုလည်း ထားခဲ့
ရသေးတယ်။ အမေ သက်သာမှ သက်သာရဲ့လား။ အစ်ကိုလေးက ကြီးတော် ပိုက်ဆံထားတတ်တဲ့ နေရာတွေ ရှာကြည့်လိုက်ဦးမယ်ပြောတော့ လက်ပွား ချက်ချင်း ထထိုင်လိုက်တယ်။ ပြီးတော့ အစ်ကိုလေး နောက်ကနေ အိမ်ထဲကို အလျင်အမြန် လိုက်ဝင်သွား တယ်။ အစ်ကိုလေးက ဘုရားစင်ပေါ်က ဘုရားစာအုပ် တွေကြားထဲ လှန်လှောရှာကြည့်နေတယ်။ အစ်ကိုလေးက အဝတ်အစားတွေထည့်တဲ့ ဗီရိုထဲမှာလည်း အမေထား တတ်တယ်ဆိုလို့ လက်ပွား ဗီရိုထဲကို မွှေနှောက်ရှာဖွေ နေမိတယ်။
အပေါ်ဆုံးထပ်ကျတော့ လက်ပွားအရပ်နဲ့ မမီတော့ ဘူး။ အနားက ဖင်ထိုင်ခုံအပုလေးကို ပြေးယူလိုက်တယ်။ အဲဒါလေးနဲ့ခုပြီး အပေါ်ထပ်ကို ရှာကြည့်မိတယ်။ အပေါ် ထပ်မှာ ကြီးတော်တို့ အဝတ်အစားအသစ်တွေထားတယ်။ အဲဒီမှာ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို တွေ့တယ်။ ဒီအထဲမှာများ ကြီးတော် ပိုက်ဆံသိမ်းထား လေသလား။ ခပ်မြန်မြန်ပဲ ဖွင့်ကြည့်လိုက်မိတယ်။ အဝတ်အစားတချို့နဲ့ ထည့်ထုပ်ထားတဲ့ ပိုက်ဆံတစ်ထောင် တန် အသစ်ကလေးတစ်အုပ်နဲ့ ဓာတ်ပုံလေးတစ်ပုံ တွေ့ တယ်။ အစ်ကိုလေးတို့ ရှင်ပြုတုန်းကပုံပဲ။ အစ်ကိုလေး
ဘေးက ဘယ်သူပါလိမ့်။ လက်ပွား တစ်ခါမှ မမြင်ဖူး တဲ့ အစ်ကိုကြီးဆိုတာများလား။ လက်ပွား ဓာတ်ပုံကို အနီးကပ်ပြီး သေသေချာချာကြည့်မိတယ်။ လက်ပွား မျက်ဝန်းထဲမှာ အရောင်တချို့ လက်သွားတယ်။ ပြီးတော့ တစ်ထောင်တန်အုပ်ထဲက ပိုက်ဆံသုံးထောင်ကို ခပ်မြန် မြန်ဆွဲထုတ်လိုက်တယ်။ အစ်ကိုလေးကိုလည်း ပိုက်ဆံ သုံးထောင်ယူသွားတဲ့အကြောင်း လှမ်းပြောလိုက်သေး
တယ်။
အစ်ကိုလေးက မင်းအမေကို ငါလိုက်ကြည့်မယ်၊ ငါ့ကို ခဏစောင့်ဆိုတဲ့ စကားကို လက်ပွား မကြားတော့ ပါ။ လမ်းမပေါ်မှာ လက်ပွားရဲ့ ခြေလှမ်းတွေက အလာ တုန်းကထက် ပိုသွက်နေတယ်။ အခု ခြေလှမ်းတွေက အားမာန်တွေပါတယ်။ ပြီးတော့ ပိုက်ဆံကို တင်းတင်း ကျပ်ကျပ်ဆုပ်ထားတဲ့ ဘယ်လက် လက်ပွားကလေးက လည်း အရာရာကို ရင်ဆိုင်ဖို့ သတ္တိတွေအပြည့်။ လက်ပွား အမေဝမ်းသာအောင် ပြောပြဖို့ စကားတစ်ခွန်းရပြီ။ အမေက လက်ပွားရဲ့ ဘယ်ဘက်လက်ကလေးကြောင့် ရှက်ရွံ့ဝမ်းနည်းရတာတွေ မဖြစ်စေရတော့ဘူး။

လက်ပွားမှာ အဖော်ရပြီဆိုတာ အမေ့ကို ပြောပြရမယ်။ လက်ပွား တစ်ယောက် အမေ့ကို ပြောပြမယ့် စကားသံတွေက
ရင်ထဲမှာ ပဲ့တင်ထပ်နေတယ်။

“အမေရေ၊ အစ်ကိုကြီးက သားလိုပဲ ဘယ်ဘက် လက်ကလေးက လက်ပွားလေးဗျ”
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ မေ၊ ၂ဝ၁၇။