လယ်ပိုင်ရှင်

လယ်ပိုင်ရှင် (စဆုံး)
(ဖြစ်ရပ်မှန်)
(၁)
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းတွင် သာယာကုန်းဟူသည့် ရွာကလေးတစ်ရွာရှိသည်။ ရွာနာမည်က သာယာကုန်းဆိုသော်လည်း ထိုရွာကလေးမှာ ထင်သလောက်မသာယာလှပေ၊ သာယာကုန်းရွာကလေးတွင် ကိုဖိုးအေးနှင့် မချမ်းသာဟူသည့် လင်မယားနှစ်ယောက်နေထိုင်သည်။ ထိုရွာတွင် တစ်ရွာလုံးက ကိုဖိုးအေးအကြောင်းကို ပြောစမှတ်တွင်နေကြသည်။
ကိုဖိုးအေးက ယခင်က အထက်အညာတွင် လယ်စိုက်သည့် လယ်သမားဖြစ်သည်။ သို့သော် သူ့အသက် ဆယ့်ကိုးနှစ်လောက်တွင် မိဘနှစ်ပါး နေထိုင်မကောင်းဖြစ်ရာမှ ဆေးကုသရင်း လယ်အလုပ်လည်းဦးစီးမလုပ်နိုင်၊ ဆေးဖိုးငွေလိုသည့်အခါ လယ်များကိုပေါင်ရင်းကုသရသည်၊ ထို့နောက် မရွေးနိုင်တော့ လယ်များကိုရောင်းချရင်း ကုသရပြန်သည်။ နောက်ဆုံးတော့ အဖေဖြစ်သူက ပါးစောင်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သလို အမေဖြစ်သူကလည်း နှလုံးရောဂါဖြင့်ပင် ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားသည်။ လယ်မြေများဆုံးရုံသာမက အကြွေးများထူနေသည့် ကိုဖိုးအေးကို ကူကယ်နိုင်သူမရှိပေ၊ မိဘနှစ်ပါးသေဆုံးသည့်အခါ ရရှိသည့်နာရေးကူငွေများကို အကြွေးထိုးဆပ်ပြီး တစ်ရာမပြောင်းသူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း အောက်ပြည်အောက်ရွာကို ဆင်းလာခဲ့တော့သည်။

ရွာဦးကျောင်းဆရာတော်ကို နောက်ဆုံးအကြိမ်ဦးချကန်တော့လိုက်သည့်အခါ ဆရာတော်က ကိုဖိုးအေးကို ကြည့်ပြီး ခေါင်းညိတ်သည်။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားလည်းရှိတာပဲဒကာလေးရယ်၊ ဒကာလေးဘ၀အတွက် ကြိုးစားပေါ့”
“တင်ပါ့ဘုရား”
ထိုအခါ ဆရာတော်ဘေးတွင်ထိုင်နေသည့် ရွာသူကြီးက
“မင်းတကယ်ပဲ အပြီးထွက်သွားတော့မလို့လား ဖိုးအေးရာ၊ မင်းတစ်ဝမ်းတစ်ခါးအတွက်ဆိုရင် တို့ရွာမှာ ပူစရာမလိုပါဘူးကွ၊ ငါ့အိမ်နောက်မှာ မင်းနေလို့ရတယ်၊ ငါ့လယ်မှာ သူရင်းငှားဝင်လုပ်ပေါ့ကွာ”
သို့သော် ကိုဖိုးအေးက ခေါင်းခါလိုက်သည်။
“ကျုပ်ဒီရွာမှာ ဆက်ပြီးမနေချင်တော့လို့ပါသူကြီးရယ်၊ ကျုပ်မိဘတွေ ခေါင်းချသွားတဲ့ရွာဆိုပေမယ့် ကျုပ်မှာပိုင်ဆိုင်တာတစ်ခုမှလည်းမရှိတော့ဘူး၊ နောက်ပြီးတော့ ဒီရွာမှာကျုပ်ဆက်နေရင် အဖေအမေတို့ကို လွမ်းတယ်ဗျ”
“အေးပေါ့ကွာ၊ ဒါကတော့ မင်းသဘောပါ၊ ဒါပေမယ့် မင်းက ကောင်းစားမဲ့သူပါကွ၊ မိဘကိုလုပ်ကိုင်ကျွေးမွေးခဲ့တဲ့လူဟာ ဘယ်တော့မှ ဆင်းရဲတယ်လို့မရှိဘူးကွ”
ဆရာတော်နှင့် ရွာလူကြီးကို နှုတ်ဆက်ပြီး ရွာကိုနောက်ဆုံးအကြိမ်အဖြစ်လှည့်ကြည့်လိုက်သည်။ ထို့နောက် ရွာဝင်တာလမ်းမကြီးအတိုင်း ကိုဖိုးအေးထွက်လာခဲ့တော့သည်။

(၂)
အောက်ပြည်အောက်ရွာကို စုန်ဆင်းလာရင်း အဖေ့ဆွေမျိုးများရှိသည့် ကြို့ပင်ကောက်သို့ရောက်လာခဲ့သည်။ ကြို့ပင်ကောက်တွင် ခြေရာထပ်အောင်ရှာဖွေသော်လည်း အဖေ့ဆွေမျိုးများကို အစအနပင်မတွေ့ပေ၊ သို့သော် ကိုဖိုးအေးက အားမလျှော့သေးဘဲ ဆက်ရှာရန်စိတ်ကူးသည်။ ဗိုက်ကလည်းဆာလာသဖြင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်။ နေ့ခင်းပိုင်းဖြစ်သဖြင့် လက်ဖက်ရည်ဆိုင်က လူရှင်းနေသည်။ ဆိုင်အကျယ်ကြီးတွင် ထိုင်နေသူ သုံးလေးဝိုင်းသာရှိသည်။ ကိုဖိုးအေးတွင် ငွေအင်အားနည်းနေပြီမို့ လက်ဖက်ရည်နှင့် ကိတ်မုန့်သာမှာစားလိုက်သည်။ ထိုစဉ် သူနှင့်မျက်စောင်းထိုး စားပွဲဝိုင်းတွင် အသက်ခြောက်ဆယ်ခန့်ရှိမည့် လူကြီးနှစ်ဦးထိုင်ကာ စကားပြောဆိုနေလေသည်။ ထို့နောက် မကြာခင် လူကြီးတစ်ဦးထံမှ ဖုန်းသံမြည်လာပြီး ထိုလူကြီးက ဖုန်းကိုင်လိုက်ကာ ထိုလူကြီးနှစ်ယောက်မှာ ကျသင့်ငွေရှင်းပြီး လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်သွားကြလေသည်။

ကိုဖိုးအေးလည်း လက်ဖက်ရည်သောက်ရင်း မျက်လုံးကိုဝေ့ကြည့်လိုက်ရာ ခုနက လူကြီးနှစ်ယောက်ထိုင်နေသည့် စားပွဲခုံတွင် ပလတ်စတစ်လက်ဆွဲအိတ်တစ်လုံးကျန်နေခဲ့သည်။
ဆိုင်မှလူများကလည်း မြင်ပုံမရပေ၊ ကိုဖိုးအေးလည်း ထိုအိတ်ကိုထယူလိုက်ပြီး အိတ်ကိုဖွင့်ကြည့်လိုက်လေသည်။ ထိုအခါ တစ်ထောင်တန်အုပ်လိုက်များ၊ ငါးထောင်တန်အုပ်လိုက်များကိုတွေ့လိုက်ရလေသည်။ ထိုအခါ ကိုဖိုးအေးစိတ်ထဲ လွန်ဆွဲလာခဲ့သည်။ အစကတော့ ထိုအိတ်ကို ထိုလူကြီးနှစ်ယောက်ကို ပြန်ပေးဖို့တွေးမိသော်လည်း အိတ်အတွင်း ငွေသားများကိုတွေ့ရသဖြင့် ပြန်မပေးဘဲ လူလစ်တုန်းထွက်ပြေးမည်ဟုလည်း ကြံစည်တွေးတောမိသည်။ သို့သော် ရိုးသားသည့် ကိုဖိုးအေးမှာ ငွေကိုလိုချင်စိတ်မဖြစ်တော့ပေ။
“ခုနက လူကြီးတွေကြည့်ရတာ ရိုးရိုးသားသား တောသူတောင်သားတွေဖြစ်ပုံပဲ၊ တကယ်လို့ ဒီငွေတွေက သူတို့အပူတပြင်းလိုအပ်နေတဲ့ ငွေတွေသာဆိုရင် . . .”

သို့နှင့် ကိုဖိုးအေးလည်း ငွေရှင်းကာ ဆိုင်မှထွက်ခဲ့သည်။ ထိုလူကြီးနှစ်ဦးကို လိုက်လံရှာဖွေရာ မကြာမီ မြေဩဇာရောင်းချသည့် ဆိုင်တစ်ဆိုင်တွင် ရောက်နေသည်ကိုတွေ့လိုက်သည်။ အိတ်ကျန်ခဲ့သည့် လူကြီးက ဖုန်းပြောနေဆဲဖြစ်သည်။
“ဦးကြီးတို့၊ ခုနက ဟိုဆိုင်မှာ ဟောဒီအိတ်တစ်လုံးကျန်ခဲ့တယ်”
ဖုန်းပြောနေသည့် လူကြီးလည်းအလွန်အံ့ဩသွားပြီး ကိုဖိုးအေးကို မယုံသလိုကြည့်သည်။ ထို့နောက် သူ့အိတ်ကိုပြန်လှန်ကြည့်ကာ ငွေသားများကိုစစ်ဆေးလိုက်ရာ ငွေသားတစ်ရွက်မှပင် မလျော့ပေ၊ ထိုတော့မှ ဦးလေးကြီးက ကိုဖိုးအေးကိုအလွန်လေးစားသွားသည။

“တော်သေးတာပေါ့ငါ့တူရာ၊ ဒီငွေတွေက ဦးလေးတို့ တစ်ရာသီစာ မြေဩဇာဝယ်ဖို့ငွေတွေကွ၊ ငါ့တူကြီး ရိုးသားလို့သာပေါ့၊ မဟုတ်ရင်တော့ ဦးလေးတို့ ပြန်ရဖို့ကိန်းမမြင်ဘူး”
ဦးလေးကြီးမှာ ပျော်မဆုံးပေ။
“ဦးလေးနာမည်က ဦးဘပုလို့ခေါ်တယ်၊ ကြို့ပင်ကောက်အရှေ့ဘက် သာယာကုန်းဆိုတဲ့ရွာကလာခဲ့တာ၊ အဲဒီရွာရဲ့ အုပ်ချုပ်ရေးမှူးပေါ့၊ ဟောဒီက ရိုးသားတဲ့ငါ့တူကို ဦးလေး ကျေးဇူးဆပ်ချင်တယ်၊ ဦးလေးစေတနာကိုလက်ခံပေးပါ”
“မယူပါရစေနဲ့ ဦးလေးရယ်၊ ကျုပ်က ငွေလိုချင်လို့ ကူညီခဲ့တာမှမဟုတ်တာ”
“ဒါဖြင့် ငါ့တူကြီးလိုတာကိုပြောပါ၊ ဦးလေးကူညီနိုင်တာရှိရင် ကူညီပါ့မယ်”
ကိုဖိုးအေးက တစ်ချက်တွေးလိုက်ပြီး
“ဒါဆိုရင် ကျုပ်ကို သူရင်းငှားအဖြစ် တစ်ရာသီလောက် ငှားပါလား၊ ကျုပ်မခိုမကပ်ဘဲ လုပ်ကိုင်ပေးပါ့မယ်ဦးလေး”
ဦးဘပုက ကိုဖိုးအေးကို အကဲခတ်လိုက်ပြီးနောက်
“ငါ့တူလုပ်ချင်တယ်ဆိုရင် ဦးလေးမှာ လယ်တွေအများကြီးရှိတယ်၊ ဒါဆို ငါ့တူကြီးဦးလေးတို့အပြန် တစ်ခါတည်းလိုက်ခဲ့”
သို့နှင့် ကိုဖိုးအေးလည်း သာယာကုန်းရွာကလေးကို ခြေချမိတော့သည်။

(၂)
“ဦးလေးရဲ့လယ်တွေက ဟောဟိုနားကကုန်းကလေးကနေစပြီး ဟောဟိုးဘက်က ရိုးချောင်းအစပ်အထိပဲ”
ဦးလေးကြီးက ရွာအဝင်လမ်းမှာပင် ထွေလာဂျီပေါ်မှ သူပိုင်သည့်လယ်များကို ပြသနေလေသည်။ လယ်ဧက သုံးဆယ်နီးပါးရှိမည်ဖြစ်သည်။ သို့နှင့် ရွာလူကြီး ဦးဘပုအိမ်တွင်သာ လတ်တလောတည်းခိုနေလိုက်သည်။ နောက်ရက်ရောက်သည့်အခါ လယ်လုပ်ကိုင်ဖို့ လယ်ကွင်းတွေကို ဦးဘပုက ခေါ်ပြသည်။ မိုးဦးကျတော့မည်မို့ လယ်ကစိုက်ရတော့မည်ဖြစ်သည်။ ထိုစဉ် ကိုဖိုးအေးက ချုံနွယ်များထနေသည့် ကုန်းကလေးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုကုန်းပတ်လည်ရှိ လယ်ကွင်းများမှာလည်း မြေရိုင်းများဖြစ်နေလေသည်။
“ဦးလေး၊ ဟောဟိုက လယ်တွေက ဘာလုပ်ဖို့ဒီအတိုင်းထားတာလဲ၊ ဦးလေးအပိုင်ပဲလား”
“အေးကွ၊ အဲဒီလယ်တွေက ဦးလေးပိုင်တဲ့လယ်တွေ၊ စုစုပေါင်း ငါးဧကရှိတယ်၊ ဒါပေမယ့် အဲဒီလယ်တွေကို ဘယ်သူမှ မလုပ်ရဲလို့ ဒီအတိုင်းပစ်ထားရတယ်”
ကိုဖိုးအေးထူးဆန်းသွားသည်။

“ဘာလို့ ဘယ်သူမှ လယ်မလုပ်ရဲတာလဲ ဦးလေးရဲ့”
“ပြောရရင်တော့ အရှည်ကြီးပဲငါ့တူကြီးရေ၊ အလွယ်ပြောရရင်တော့ အဲဒီလယ်ကွက်နေရာက ကျတ်ကုန်းကြီးကွ”
“ဗျာ . . . ကျတ်ကုန်းတဲ့လား”
ကိုဖိုးအေးက အထိတ်တလန့်ဖြင့်မေးလိုက်ရာ ဦးဘပုက ခေါင်းညိတ်လိုက်လေသည်။
“ဒါပေါ့ကွာ၊ အဲဒီနေရာက အရင်တုန်းက တောရိုင်းကြီးကွ၊ နောက်တော့ ရွာကလယ်မြေအကွက်သစ်တွေဖော်တော့ ဦးလေးရတဲ့နေရာပေါ့၊ ဒါပေမယ့် အဲဒီလယ်တွေမှာ လယ်စိုက်ရင် ကျတ်တွေရဲ့ နှောင့်ယှက်မှုကို ခံရတယ်ကွ”
“ဘယ်လိုများ နှောင်hယှက်ပါလိမ့် ဦးလေးရာ”
“အဓိကကတော့ သူတို့လယ်မှာ စိုက်မရအောင်လုပ်တာပဲ၊ ကောက်စိုက်ပြီးပြီဆိုရင် နောက်နေ့သွားကြည့်လိုက်တော့ ကောက်ပင်တွေအကုန်လုံးကို အမြစ်ကနေဆွဲချွတ်ထားပါရောလား၊ ဒါတင်မကဘူး လယ်ထွန်တဲ့အခါလည်း နွားတွေကိုလန့်အောင် ခြောက်လွှတ်တယ်၊ အိုကွာ၊ ပြောရင်တော့အစုံပါပဲ၊ သီးနှံအထွက်လည်းနည်းတယ်၊ တစ်ခါက ဦးလေးကိုယ်တိုင် ဦးစီးပြီးစိုက်ဖူးတယ်၊ ဦးလေးက ဘုရားတရားလုပ်တယ်ဆိုတော့ ကျတ်တွေကိုမကြောက်ဘူးဆိုပြီး သွားစိုက်တာ၊ သူတို့ခြောက်လွှတ်လို့ ငါးပါးမှောက်ပြီး ပြန်ပြေးလာရတယ်”

ကိုဖိုးအေးကလည်း ထိုလယ်များကို အလွန်စိတ်ဝင်စားသွးmလေသည်။
“ဒါဆို အဲဒီလယ်ငါးဧကကို ကျွန်တော်စိုက်ကြည့်မယ်ဗျာ”
“ဖြစ်ပါ့မလားငါ့တူရဲ့”
“ဖြစ်ပါတယ်ဗျ၊ ကျွန်တော်က သရဲတို့ဘာတို့ မကြောက်တတ်ဘူး၊ နောက်ပြီး မြေတွေကြည့်ရတာလဲ မြေဆီကောင်းမယ့်ပုံပဲဗျ”
ဦးဘပုက အကြိမ်ကြိမ်တားမြစ်သော်လည်း ကိုဖိုးအေးက ခေါင်းမာနေသဖြင့် နောက်ဆုံး ဦးဘပုက ခေါင်းညိတ်လိုက်ရသည်။
“ဦးလေးတားရတယ်ဆိုတာကလည်း ငါ့တူကြီးတစ်ခုခုဖြစ်မှာစိုးလို့ စိုးရိမ်လို့တားရတာပါ၊ ကဲပါလေ၊ ငါ့တူကြီးစိုက်ချင်တယ်ဆိုရင် အဲဒီလယ်ငါးဧကအတွက် ငါ့တူကြီးလိုတာကို ဦးလေးပေးမယ်၊ တကယ်လို့ စပါးထွက်လာတော့လည်း ငါ့တူကြီးနဲ့ဦးလေးနဲ့ တစ်ယောက်တစ်ဝက်ယူကြတာပေါ့၊ ပစ်ထားရမယ့်အတူတူတော့ မထူးဘူးမဟုတ်လား”
သို့နှင့် နောက်ဆုံး ကိုဖိုးအေး ထိုကျတ်ကုန်းတွင် စိုက်ပျိုးခွင့်ရရှိသွားလေသည်။

(၃)
ကိုဖိုးအေး ကျတ်ကုန်းတွင် လယ်စိုက်မည်ဆိုသည့် သတင်းရွာထဲပြန့်သွားသည့်အခါ အားလုံးက ကိုဖိုးအေးကို တအံ့တဩကြည့်ကြသည်။ ထိုကျတ်ကုန်းနေရာမှာ အလွန်မြေကြမ်းပြီး ရွာသူရွာသားများ မည်သူမဆို ထိုနေရာသို့ရောက်လျှင် အခြောက်အလှန့်ခံရစမြဲဖြစ်သည်။
ထိုကျတ်ကုန်းမှာ ရွာနှင့်အတော်လှမ်းသည်။ ကိုဖိုးအေးလည်း မနက်စောစောထပြီး တောရှင်းရန်အတွင်း ဓါးကိုထမ်းခဲ့ကာ ရွာမှထွက်ခဲ့သည်။ ရွာသူရွာသားများကတော့ ကိုဖိုးအေး ကျတ်များခြောက်လွှတ်သဖြင့် အသည်းအသန်ပြေးလာရမည်ဟု ထင်ကြေးပေးကြသည်။

လယ်ကန်သင်းပေါင်များမှာ ပျက်စီးနေလေသည်။ မြက်တော၊ ချုံပုတ်များကို ရသလောက်ခုတ်ထွင်ရှင်းလင်းသည်။ မိုးဦးကျဆိုသော်လည်း မိုးက သိပ်မမှန်သေးသဖြင့် နေကပူလျှက်ရှိရာ နေ့လည်အရောက် ကိုဖိုးအေး မောမောပန်းပန်းနှင့် ကုန်းကမူလေးဆီသို့တက်ခဲ့သည်။ ထိုကုန်းကမူကလေးပေါ်တွင် သစ်ပင်များက အုပ်ဆိုင်းစွာပေါက်ရောက်နေသည်။ သစ်ပင်ဆိုသော်လည်း ကြီးကြီးမားမားအပင်မရှိပေ၊ သစ်ပင်ရိပ်ကြောင့် ကုန်းကလေးပေါ်တွင် အေးမြနေသည်။ ရွာမှအသင့်ထည့်လာသည့် ထမင်းထုပ်ကိုကိုင်ရင်း ထမင်းစားရန်နေရာကြည့်လိုက်သည့်အခါ အုတ်ခဲများဖြင့်ခင်းထားသည့် ရင်ပြင်လိုလိုမြေပြောင်ပြောင်တစ်ခုကိုတွေ့လိုက်ရသဖြင့် ထိုအုတ်ပြင်ပေါ်သို့ ခြေချလိုက်လေသည်။
“အား . . . အောင်မယ်လေး”
နားထဲတွင် အော်သံများကိုကြားရသည်။ ထို့နောက်ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ တဖြန်းဖြန်းလှုပ်ခတ်လာလေသည်။ အစပိုင်းက တဖြည်းဖြည်းသာလှုပ်ခတ်သော်လည်း နောက်ပိုင်းတွင် လေမုန်တိုင်းတိုက်ခတ်သလို တဝေါဝေါနှင့် လှုပ်ခတ်လာလေရာ ကိုဖိုးအေးလည်း အုတ်ပြင်ပေါ်မှဆင်းသက်လိုက်သည်။ ထိုအခါ အားလုံးအကောင်းပကတိအတိုင်းပြန်ဖြစ်သွားလေသည်။

“ထူးတော့ထူးတယ်၊ ဒီအုတ်ပြင်က တစ်ခုခုတော့ တစ်ခုခုပဲ”
ထို့နောက်ထမင်းစားရန်အတွက် ထမင်းထုပ်ဖြေလိုက်သည်။ ကြွပ်ကြွပ်အိတ်နှင့် ထမင်းသပ်သပ်၊ ဟင်းသက်သက်ထုပ်လာခြင်းဖြစ်သည်။ ထမင်းမစားခင် ဖက်ရွက်တစ်ရွက်ကို ခူးယူလိုက်ပြီးနောက် ထမင်းနှင့် ဟင်းအနည်းငယ်ကို ထည့်ပုံလိုက်ကာ ဆိုင်ရာပိုင်ရာများကို တင်မြှောက်ပြီးမှ စားသည်။ ထမင်းစားပြီးသည့်အခါ လေကတဖြူးဖြူးတိုက်လာလေရာ ကိုဖိုးအေးတစ်ယောက် မှေးခနဲအိပ်ပျော်သွားလေသည်။
“ဟိတ်ကောင်၊ ထစမ်း”
ခေါ်သံကြားသဖြင့် ကိုဖိုးအေးတစ်ယောက်လန့်နိုးသွားလေသည်။ ထိုအခါ သူ့ပတ်ပတ်လည်တွင် ကုလားများက ဝန်းရံထားသည်ကိုတွေ့လိုက်ရသည်။ ထိုကုလားများမှာ အပေါ်ပိုင်းတွင် အဝတ်မပါဘဲ အောက်ပိုင်းတွင် နံငယ်ပိုင်းများ၊ လံကွတ်တီများပတ်ထားသည်။ အားလုံးမှာ ယောက်ျားသားများဖြစ်ကြပြီး အချို့မှာ ဆံပင်ကောက်ကောက်နှင့်ဖြစ်ပြီး အချို့မှာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများဖြင့် ဖြစ်သည်။ ထိုကုလားကြီးများက ကိုဖိုးအေးအား စိမ်းစိမ်းကြီး စိုက်ကြည့်နေလေသည်။

“မင်းဒီကိုလာတာ ငါတို့မကြိုက်ဘူး၊ မင်းသွားတော့”
ကုလားကြီးတစ်ယောက်က ကိုဖိုးအေးကို လက်ညှိုးထိုးပြီးပြောလေသည်။
“ကျုပ် . . ကျုပ်ဘာများလုပ်မိလို့လဲ”
“ဒီလယ်တွေက ငါတို့ပိုင်တဲ့လယ်တွေ၊ ဒီတော့ ဘယ်သူမှ လယ်လုပ်ခွင့်မရှိဘူး၊ မင်းက ခုနက ငါတို့ကိုကျွေးထားခဲ့တဲ့အတွက် မင်းကိုငါတို့ မခြောက်လှန့်ချင်ဘူး၊ မင်းပြန်တော့”
ကိုဖိုးအေးလည်း ရိပ်ခနဲဖြစ်သွားပြီး လန့်နိုးသွားမိသည်။ သူအိပ်မက်မက်နေခြင်းဖြစ်သည်။ အိပ်မက်ဆိုသော်လည်း မသိလျှင် တကယ်ဖြစ်နေသည့်နှယ်၊ ထမင်းမစားခင်က တင်မြှောက်ထားသည့် ဖက်ရွက်ကိုကြည့်လိုက်သည့်အခါ ထမင်းတစ်စေ့ပင်မကျန်ဘဲ ပြောင်စင်နေသည်ကိုတွေ့ရသည်။
ထိုနေ့အဖို့တော့ ကိုဖိုးအေး လက်လျှော့ပြီးပြန်လာခဲ့ရသည်။ ထိုည အိပ်သည့်အချိန်တွင် တစ်ချိန်က အဖေပြောဖူးသည့် ကျတ်ကုန်းတွင်လယ်စိုက်သူတစ်ယောက်အကြောင်း ခေါင်းထဲပြန်ပေါ်လာခဲ့သည်။ ထိုစဉ်က ကိုဖိုးအေးတို့ ခပ်ငယ်ငယ်ဖြစ်သည်။ ကလေးဖြစ်သည့်အတွက် လူကြီးသူမများ ပုံတိုပတ်စပြောသည့်အခါ အလွန်ကြိုက်နှစ်သက်မိသည်။ တစ်ခါတော့ အဖေဖြစ်သူက သူတို့အဘိုးလက်ထက် တွေ့ကြုံခဲ့ရသည့် ကျတ်များအကြောင်းကိုပြောပြသည်။

“ကျတ်ဆိုတာ မြေကိုစွဲပြီးဖြစ်နေကြတာ၊ တစ်ခါတုန်းက သားဘိုးဘိုးက ကျတ်ကုန်းကြီးမှာ လယ်ရအောင်စိုက်ပြမယ်ဆိုပြီးတော့ ရွာကလူတွေနဲ့ အလောင်းအစားလုပ်တယ်၊ ရွာကလူတွေကလည်း မထင်ဘူး၊ အဲဒီနေရာက ကျတ်ကုန်းကြီးကိုး၊ ဒါနဲ့ အဘိုးနဲ့အလောင်းအစားလုပ်ကြပါရော၊ တကယ်လို့ သားအဘိုးက ကျတ်ကုန်းမှာ တစ်ရာသီစပါးစိုက်နိုင်တယ်ဆိုရင် ရွာကလောင်းတဲ့လူတွေက စပါးငါးဆယ်စီပေးမယ်ဆိုပြီးလောင်းတယ်၊ တကယ်လို့ စပါးမစိုက်နိုင်ဘူးဆိုရင်တော့ သားအဘိုးက ရွာကလောင်းတဲ့သူတွေကို စပါးငါးဆယ်စီပြန်ပေးရမယ်ဆိုပြီး လောင်းကြတာပေါ့”
“ဒါဆို အဘိုးနိုင်သွားလား”
“နိုင်သွားတာပေါ့ကွာ၊ အဲဒီနှစ်ကဆို မင်းအဘိုး စပါးတွေအများကြီးရလိုက်တာကွ၊ ဒါနဲ့ ငါတို့ကို ရှင်ပြုပေးခဲ့တာပဲ”
“နေပါအုံး၊ အဘိုးက ဘယ်လိုလုပ်ပြီးတော့ ကျတ်ကုန်းမှာ စပါးစိုက်နိုင်တာလဲ”
“မင်းတို့အဘိုးအဆိုအရတော့ ကျတ်တွေက မြေပိုင်ရှင်တွေပေါ့၊ သူက ကျတ်တွေနဲ့ညှိပြီးတော့ ကျတ်တွေဆီကနေ သူရင်းငှားဆိုပြီး ပြန်ခွင့်တောင်းတာပေါ့၊ စပါးထွက်ရင် ထွက်သလောက် တင်းနဲ့ချိန်ပေးမယ်ဆိုပြီး ပြောတော့ ကျတ်တွေကလည်း သဘောတူတယ်တဲ့၊ ဒီလိုနဲ့ မင်းအဘိုး စပါးအောင်ခဲ့တယ်ဆိုပါတော့”

ထိုအကြောင်းအရာများကို ပြန်တွေးပြီး ကိုဖိုးအေးလည်း သူ့အဘိုးနည်းတူ စမ်းကြည့်မည်ဟု စိတ်ကူးလိုက်သည်။
နောက်တစ်နေ့မနက်တော့ ထမင်းဟင်းများသယ်ဆောင်ပြီး ကျတ်ကုန်းဆီသို့ထွက်လာခဲ့သည်။ ကျတ်ကုန်းရောက်တော့ ဖက်ခင်းပြီးထမင်းများကို ခင်းသည်။ အမွှေးတိုင်များထွန်းညှိလိုက်ပြီးနောက် လက်အုပ်ချီလိုက်သည်။
“ကျွန်တော်မောင်ဖိုးအေး၊ ဆင်းရဲလွန်းတဲ့အတွက်ကြောင့်၊ ဒီနေရာမှာ လယ်စိုက်ချင်ပါတယ် လယ်ရှင်ကြီးများ၊ လယ်ရှင်ကြီးများ ကျွန်တော့်ကို သူရင်းငှားအဖြစ် ငှားစိုက်ခွင့်ပြုပါ၊ ထွက်ရှိလာတဲ့ စပါးများကိုလည်း ထွက်သလောက် တင်းနဲ့ချင်ပြီး ပေးပါ့မယ်”
ထိုသို့ပြောဆိုလိုက်သည့်အခါ သစ်ပင်တချို့မှာ လှုပ်ခတ်သွားလေသည်။ ကိုဖိုးအေးနှာခေါင်းထဲတွင်လည်း အလွန်မွှေးပျံ့သည့် ရနံ့တစ်ခုကို ရရှိလိုက်သည်။ ထိုသည်ကပင် သူ့ကိုခွင့်ပြုခြင်းဖြစ်မည်ဟု ကိုဖိုးအေးတွေးမိလိုက်သည်။

(၄)
သို့နှင့် လယ်စထွန်ပြီဖြစ်သည်။ လယ်ထွန်ပြီး စပါးစစိုက်သည်အထို ကိုဖိုးအေးကို နှောင့်ယှက်ခြင်းမကြုံရပေ၊ သို့သော် တစ်ခါတစ်ရံ ကမူကလေးပေါ်တွင် ကုလားဗုံတီးသံကြားရသည်။ တစ်ခါတစ်ရံတော့ ကုလားနှစ်ယောက် စကားပြောဆိုနေသည်ကို တွေ့မြင်ရသည်။ ကိုဖိုးအေးက သရဲမကြောက်သဖြင့် မကြောက်ပေ၊ သူတို့ပိုင်နက်အတွင်း သူတို့အလုပ်သူတို့လုပ်သည်ဟုပင် စိတ်ထဲထားလိုက်ကာ မမြင်ချင်ယောငဆောင်နေလိုက်သည်။
“ငါ့တူကြီးလယ်က ကောင်းလိုက်တာကွ၊ စပါးပင်တွေလည်း တော်တော်သန်တယ်နော်၊ ဒါနဲ့ငါ့တူကြီးကို ခြောက်တာလှန့်တာတွေ မကြုံဘူးလား”
ဦးဘပုက ကိုဖိုးအေးကို ချီးကျူးတော့သည်။ တစ်ရွာလုံးကလည်း ကိုဖိုးအေးကို လက်ဖျားခါသည်။ သရဲခြောက်သဖြင့် မည်သူမှ မစိုက်ရဲသည့်လယ်ကို ရအောငစိုက်နိုင်သည့် ကိုဖိုးအေးကို ချီးကျူးကြသည်။

“ခြောက်တော့မခြောက်ပါဘူးဦးလေးရာ၊ ဒါပေမယ့် တစ်ခါတစ်ခါတော့ သူတို့ရှိပုံပြတယ်ထင်ပါတယ်၊ ကုလားတွေကို မြင်နေရတတ်တယ်ဗျ”
“အေးကွ၊ လူကြီးသူမတွေပြောတာကတော့ အရင်က အဲဒီနေရာမှာ ကုလားတွေစုဖွဲ့ပြီး ရွာတည်ခဲ့တယ်တဲ့ကွ၊ ကုလားကုန်းလို့ခေါ်ကြတယ်၊ နောက်တော့ ဝမ်းရောဂါတွေဖြစ်ပြီး တစ်ရွာလုံးအစုလိုက်အပြုံလိုက်သေကြတော့ ရွာပြောင်းပြေးရင်း ရွာပျက်သွားတာပဲတဲ့၊ တို့လည်း မမှီလိုက်ပါဘူးကွာ”
စပါးတွေစသီးပြီ၊ သီးတိုင်းလည်း အဆန်အောင်သည်။ ကိုဖိုးအေးစပါးပင်တွေမှာ အသီးအဆန်တွေများလွန်းသဖြင့် ညွှတ်ကျနေလေသည်၊ နောက်တော့ စပါးပေါ်ချိန်ရောက်တော့မည်၊ စပါးမှည့်ချိန်ဆို လယ်သမားတွေအတွက် ရန်သူတွေပေါ်လာတတ်သည်။

အချိန်အခါမဟုတ်ရွာတတ်သည့်မိုးကြောင့် စပါးပျက်တတ်သလို၊ စပါးနှံများကို လာစားတတ်သည့်ကြွက်များကလည်း ရန်သူတစ်မျိုးဖြစ်သည်။ ထိုမျှသာမကသေး ကောင်းကင်မှပျံဝဲဆင်းသက်လာသည့် စာကလေးအုပ်၊ ကျေးအုပ်များမှာလည်း ရန်သူတစ်မျိုးပင်၊ စာကလေးအုပ် ကျသင့်အခင်းမှာ တစ်ခင်းလုံးပျက်စီးသွားတတ်သည်။ ထိုမျှမကသေး လူရန်သူကိုလည်း ကြောက်ရသည်။ လက်ကြောတင်းတင်းလုပ်မစားချင်သူများက စပါးအထွက်ကောင်းသည့် အခင်းများအတွင်းဝင်ကာ စပါးခိုးတတ်ကြသေးသည်။

“ဘကြီးပု၊ ကျုပ်တော့ ရွာမှာနေရတာ ကျုပ်လယ်ကို စိတ်မချဘူးဗျာ၊ ကျုပ် အဲဒီကုလားကုန်းနားမှာ တဲထိုးပြီးသွားစောင့်ချင်တယ်”
“ဖြစ်ပါ့မလား ငါ့တူရာ၊ မင်းစောင့်ချင်တယ်ဆိုတာကလည်း သဘာ၀ကျပါတယ်၊ မင်းလယ်က အထွက်ကောင်းမယ်မဟုတ်လား၊ နောက်ပြီးတော့ ရွာနဲ့လည်းလှမ်းတယ်ဆိုတော့ သူခိုးအကြိုက်ပေါ့ကွာ၊ ဒါပေမယ့် ဦးလေးကတော့ ငါ့တူကိုမစောင့်စေချင်ဘူး၊ ငါ့တူအတွက် စိုးရိမ်လို့ပြောတာ”
“ရပါတယ်ဦးလေးရာ၊ ကျုပ်အဆင်ပြေပါတယ်”
တားမရသည့်အဆုံး ကိုဖိုးအေးတစ်ယောက် လယ်ထဲတွင်တဲကလေးထိုးပြီး နေလိုက်တော့သည်။ တဲကလေးကို ကျတ်ကုန်းနှင့် လယ်ကွင်အစပ် မြေအမြင့်တစ်နေရာတွင် ထိုးထားသဖြင့် စပါးခင်းများကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

ထိုနေ့မှာပင် ကိုဖိုးအေးက ဆန်တစ်ပြည်ပြီး ပဲဟင်းကောင်းကောင်းချက်သည်။ ငှက်ပျောဖက်များကို ပုံခင်းပြီး ထမင်းများကိုပုံလိုက်ကာ အပေါ်က ပဲဟင်းဆမ်းပေးသည်။ အချိန်က နေဝင်ရီတရောကြီးဖြစ်သည်။
“လယ်ပိုင်ရှင်ကြီးများကို ကျွေးမွေးပါတယ်၊ စားကြသောက်ကြပါ၊ ပြီးတော့ ကိုယ့်လယ်ကိုယ့်ယာကိုလည်း အဖျက်အဆီးများကင်းအောင် စောင့်ရှောက်ပေးကြပါ”
ကိုဖိုးအေးက တဲအပေါ်ပြန်တက်လာခဲ့သည်။ သူတဲပေါ်တက်ပြီး မကြာခင်တွင် အုတ်ပြင်ကြီးထက်မှ လူသံများကြားရသည်။ လူအစုအဝေးကြီး ရောက်လာသည့်နှယ် စကားသံတွေဆူညံနေလေသည်။ တပျပ်ပျပ်နှင့် ထမင်းစားနေသည့်အသံများကို နားထောင်နေရင်း သရဲမကြောက်သည့် ကိုဖိုးအေးပင် ကြက်သီးများထလာခဲ့သည်။

“ကိုပိန်တို့လယ်ကို ကြွက်တွေဖောက်တာ ရစရာမရှိဘူးကွာ၊ ကြွက်တွေကို ထောင်ဖမ်းတာတောင်မှ ထောင်ချောက်တောင် မလောက်ဘူးတဲ့”
“ဟုတ်ပါ့၊ ဒေါ်မြကြီးတို့လယ်ရော ဘာထူးသေးလဲကွ၊ ဟိုနေ့က စာကလေးအုပ်တွေဆင်းတော့ လယ်တွေပျက်တာ မနည်းဘူးတဲ့ကွာ”
ရွာထဲမှ လယ်များ ကြွက်၊ စာကလေး ဖျက်သော်လည်း ကိုဖိုးအေး၏ ကျတ်ကုန်းလယ်များထံတွင်တော့ ကြွက်တစ်ကောင်ပင်မရှိ၊ စာတစ်ကောင်ပင်မကျပေ။ ကိုဖိုးအေးလည်း လယ်ပိုင်ရှင် ကျတ်ကြီးများ စောင့်ရှောက်သည်ဟုပင် မှတ်ယူထားသည်။ ကိုဖိုးအေးမှာ တဲကလေးထဲတွင်ပင် နေဖြစ်တော့သည့် ရွာသို့ ဝယ်စရာရှိတော့မှ တစ်ခေါက်ရောက်ဖြစ်သည်။

စပါးတွေရိတ်ရတော့မည်ဖြစ်သည်။ ကိုဖိုးအေးက လယ်ကိုစောင့်စရာပင်မလိုပေ၊ ညဘက်ဆို အေးအေးဆေးဆေးအိပ်ရုံပင်။ တစ်ညတော့ အော်သံတစ်ခုကြားသည်။
“ကယ်ကြပါ၊ ကယ်ကြပါ”
ကိုဖိုးအေးလန့်နိုးပြီး နာရီကြည့်လိုက်သည့်အခါ မနက်နှစ်နာရီခန့်ရှိပြီဖြစ်သည်။ အော်သံမှာ သူ့လယ်အတွင်းမှဖြစ်သဖြင့် ဓါတ်မီးနှင့် မှိန်းတံကိုယူပြီး ထွက်လာခဲ့သည်။ အနီးအပါးရှိလယ်များမှ လယ်စောင့်သူများကလည်း စုပြုံပြီးထွက်လာကြရာ မကြာမီ အော်ဟစ်နေသူထံသို့ရောက်လာခဲ့သည်။
ရွာသားများရော ကိုဖိုးအေးပါ ရောက်သွားသည့်အခါ မျက်နှာကိုပုဆိုးများအုပ်ထားသည့် လူသုံးယောက်မှာ မြေပြင်တွင်မှောက်ခုံကြီး ဝပ်လျှက်ရှိနေသည်။ သူတို့အနီးတွင်လည်း တံစဉ်များကိုတွေ့ရသဖြင့် စပါးခိုးသူများဖြစ်မည်။

“ဟေ့ကောင်တွေ၊ အော်မနေနဲ့ ထကြလေကွာ”
“ထလို့မရဘူး၊ ကျုပ် . . ကျုပ်တို့ကိုဖိထားတယ်”
ရွာသားများကတော့ ဘာမှမတွေ့ဘဲ ထိုလူသုံးဦး မြေကြီးတွင်ကပ်အိပ်နေသည်ကိုသာ တွေ့ကြရသည်။ ကိုဖိုးအေးလည်း လယ်ပိုင်ရှင်ကြီးများ သူခိုးဖမ်းပေးသည်ဟု တန်းသိလိုက်ပြီး စိတ်ထဲမှရေရွတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် လယ်ပိုင်ရှင်ကြီးများ၊ ဒီလူတွေကို ပြန်လွှတ်ပေးလိုက်ပါ”
ကိုဖိုးအေးပြောလိုက်တော့မှ ထိုလူများမှာ မတ်တပ်ရပ်နိုင်သည်။ ရွာသားများက မေးစမ်းသည့်အခါ ကိုဖိုးအေးလယ်တွင် စပါးကောင်းသဖြင့် ခိုးရိပ်ရန်လာကြကြောင်း၊ ကိုဖိုးအေးကို တစ်ပတ်ခန့်လေ့လာကြည့်ရာ ကိုဖိုးအေးက ညညဆို ကုလားသေကုလားမောအိပ်တတ်ကြောင်း၊ ထို့အတွက် စပါးခိုးရန်လာချိန်တွင် မည်းမည်းအကောင်ကြီး သုံးကောင်က သူတို့သုံးယောက်ကို ထိုးကြိတ်ပြီး မလှုပ်နိုင်အောင် တက်ဖိထားကြောင်းပြောလေသည်။

(၅)
စပါးထွက်ပြီ၊ ရိတ်သိမ်းပြီး စပါးများကို ချွေလှေ့နေကြသည်။ ကိုဖိုးအေးကတော့ ဝါးတစ်လုံးကို နှီးဖျာပြီး ဝါးကပ်ကလေးများ ရက်လုပ်နေလေသည်။ စပါးရိတ်ခြင်းကို လာကြည့်နေသည့် ဦးဘပုက ကိုဖိုးအေးလုပ်နေသည်ကို နားမလည်သဖြင့်ကြည့်နေလေသည်။
“ငါ့တူ၊ ဘာတွေလုပ်နေတာလဲကွ”
“ကျီဆောက်ဖို့ ဘကြီးပုရ”
“ဟေ . . . ကျီကိုမင်းက ဘယ်မှာဆောက်မှာလဲ၊ နောက်ပြီး ဒီလောက်သေးသေးကလေးနဲ့ ဆောက်လို့ရပါ့မလား”
“ဘကြီးပု အသာကြည့်နေစမ်းပါ”
ကိုဖိုးအေးက သူရက်ထားသည့် ထရံများနှင့် ကျတ်ကုန်းထက်တွင် တဲကလေးပုံစံအသေးလေးပြုလုပ်လိုက်လေသည်။ အပေါ်မှလည်း ထရံများကိုမိုးပေးလိုက်သည်hအခါ စပါးကျီကလေးနှင့်ပင် တူသွားလေသည်။

နောက်တော့ ထန်းလက်များဖြင့် ရက်လုပ်ထားသည့် တောင်းကလေးကိုထုတ်လိုက်ပြန်သည်။ တောင်းကလေးမှာ အလွန်သေးငယ်ပြီး တစ်ခါခပ်လျှင် စပါးတစ်ဇွန်းခန့်သာ ဝင်လောက်မည်။ ထို့နောက် ကိုဖိုးအေးက စပါးအထွက်ကိုမေးပြီး စပါးထွက်သည့်အတိုင်း ထိုတောင်းကလေးဖြင့် စပါးများကိုချိန်တွယ်ကာ စပါးကျီကလေးထဲကိုထည့်နေလေသည်။ နှုတ်မှလည်း
“လယ်ပိုင်ရှင်ကြီးများကို ကတိအတိုင်း ထွက်သမျှတင်းနဲ့ချင်ပြီး စပါးကျီထဲကို ထည့်ပေးထားပါတယ်၊ လယ်ပိုင်ရှင်ကြီးများ ကျေနပ်ကြပါ၊ နွေစပါးစိုက်တဲ့အခါမှာလည်း ကူညီပေးကြပါ”
စပါးကလည်းအထွက်ကောင်း၊ ဦးဘပုထံမှလည်း စပါးတစ်ဝက်ရသဖြင့် ကိုဖိုးအေးတစ်ယောက် လကထဲတွင် စုမိဆောင်းမိဖြစ်သွားသည်။ စပါးရောင်းပြီးသည်hအခါ ရလာသည့်ငွေဖြင့် ပဲကုလားဟင်းဖြင့် ထမင်းကျွေးလိုက်ပြန်သည်။ ထိုညတွင် ထူးဆန်းသည့် အိပ်မက်မက်သည်။
ကုလားကြီးများက ပျော်ရွှင်နေကြပြီး သူ့ထံရောက်လာကြသည်။

“မင်းကိုကျေးဇူးတင်ပါတယ်၊ မင်းကြောင့် ငါတို့အခု ဖောဖောသီသီစားသောက်လို့ရပြီ”
ထို့နောက် ကုလားကြီးက ကျောက်အနီကလေးပါသည့် ရွှေလက်စွပ်ကလေးတစ်ကွင်းကို ထုတ်လိုက်ကာ၊ အုတ်ပြင်ကြီးရှိ အုတ်ကြားထဲသို့ ထိုးထည့်လိုက်သည်။
“ဒီမှာ ငါတို့စုစုပေါင်း သုံးဆယ့်သုံးယောက်ရှိတယ်၊ နောက်ဆိုငါတို့ကိုကျွေးချင်ရင် ထမင်းကို သုံးဆယ့်သုံးပုံ ကျွေးပါ”
ထိုအချိန်မှာပင် ကိုဖိုးအေးလန့်နိုးသွားသည်။ အိပ်မက်ကိုပြန်စဉ်းစားရင်း လက်စွပ်ကလေးကျသွားသည့်နေရာကို မှတ်မိနေသည်။ သို့နှင့် ဓါတ်မီးတစ်လက်ယူလိုက်ပြီး တဲအပေါ်မှဆင်းခဲ့သည်။ အုတ်ပြင်ကြီးဆီသို့ရောက်သည့်အခါ အိပ်မက်ထဲကအတိုင်းပင် အုတ်ကြားထဲတွင် ကျောက်နီလက်စွပ်ကလေးကို တွေ့လိုက်ရသဖြင့် ကောက်ယူလိုက်လေသည်။
ယခုတော့ ထိုလယ်များပင်မက ထိုအနီးအပါးမှ လယ်များကိုပါ ကိုဖိုးအေးပိုင်ဆိုင်လာခဲ့သည်။ သာယာကုန်းရွာမှ မချမ်းသာနှင့် အိမ်ထောင်ကျပြီး သမီးကလေးပင် သုံးနှစ်ခန့် ရှိနေပြီဖြစ်သည်။
ကျတ်ကုန်းအနီး လယ်ဆယ်ဧကခန့်ပိုင်လာခဲ့သော်လည်းဖိုးအေးက သူ့ကိုယ်သူ လယ်ပိုင်ရှင်တစ်ဦးဟုပင် မသတ်မှတ်သေးပေ။ သူ့အရင်ပိုင်သည့် လယ်ရှင်များရှိနေပြီး သူကလည်း သူရင်းငှားတစ်ယောက်မျှသာ ဖြစ်သည်မဟုတ်ပါလော။
ပြီးပါပြီ။
#အဂ္ဂဇော် #စုန်း #သရဲ #horror