လားရှိုးမြို့က သရဲခြောက်တဲ့အိမ်(စ/ဆုံး)
——————————————
လားရှိုးမှာ ကြာကြာ နေခဲ့ဖူးတဲ့သူဆိုရင် ကျွန်တော် ပြောတာ ဘယ်အိမ်ကြီးလဲဆိုတာကို သိပါလိမ့်မယ်..။ နာမည်ကြီးပါ..။ အဲ့ဒီအိမ်နဲ့ကျွန်တော်တို့ အိမ်နဲ့တော့ 5 မိနစ်စာ လှမ်းလျှောက်ရုံလောက်ပဲ ဝေးပါတယ်…။ စိတ်၀င်စားရင် ဖတ်ကြည့်လိုက်ပါအုံး…။
ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ (၁၀) တန်းတွေကို Night Guide ပြန်လုပ်ပေးဖြစ်ပါတယ်..၊ Night Guide လုပ်ပြီး သုံးနှစ်မြောက်မှာ ဝိုင်းတစ်ခုကနေ Night Guide လုပ်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်…၊ အဲဒီဝိုင်းက ဘူတာဘက်မှာရှိတာပါ..၊ ကျွန်တော့်အိမ်ကနေ ပုံမှန်အတိုင်း ဆိုင်ကယ်စီးသွားရင် မိနှစ် (၂၀) လောက်တော့ စီးရပါမယ်..အဲဒီသွားတဲ့လမ်းမှာ… နာမည်ကြီးအိမ်ပျက်ကြီး တစ်အိမ်ရှိပါတယ်…။
နာမည်ကြီးတာကတော့ အဲဒီအိမ်မှာ အရမ်းချောတဲ့ ညီမသုံးယောက်နေကြောင်း၊ တစ်နေ့ ဘာအကြောင်းကြောင်းမှ မရှိပဲ ညီမသုံးယောက်လုံး အိမ်ထဲမှာ ဆွဲကြိုးချပြီးသေနေကြောင်း၊ သူတို့ သုံးဦး မကျွတ်မလွတ်ဘဲ အခုချိန်ထိ လမ်းသွားလမ်းလာတွေကို ခြောက်လှန့် နေကြောင်း … စသည်ဖြင့် …ကြားသိထားပါတယ်…
ဒါတွေက ဟုတ်မဟုတ်တော့ မသိပါဘူး… ကျွန်တော်၄ နှစ်သားအရွယ်မှာ ဖြစ်ပျက်ခဲ့တာလို့တော့ သိရပါတယ်… ကျွန်တော်ကတော့ ယခင်က မကြုံတွေ့ဖူးပါ… နေ့ခင်းဘက် ခဏတစ်ဖြုတ် ဖြတ်သွား ဖူးတာလောက်ပဲရှိပါတယ်..၊ ဒါပေမယ့် ဖြတ်သွားရင်း ခဏတစ်ဖြုတ် လှမ်းကြည့်မိလိုက်ရင်ပဲ အိမ်ပျက်ကြီးဟာ ကြက်သီးများ တစ်ဖြန်းဖြန်း ထသွားလောက်အောင် ကြောက်စရာ ကောင်းနေတာကိုတော့ သတိထားမိပါတယ်..
အိမ်ကြီးပုံစံကို ပြောပြပါအုံးမယ်..၊ အိမ်ကြီးက ကျွန်တော် အိမ်ကနေဝိုင်းကို လာရင် လမ်းမကြီးရဲ့ ညာဘက်မှာ တည်ရှိပါတယ်..၊ နှစ်ထပ်အိမ်ကြီးပါ..၊ တံခါးတွေက ပျက်စီးနေပြီဖြစ်သလို နံရံတွေပေါ်မှာလည်း အပင်တွေ ၀င်ရောက် တွယ်ကပ်နေပြီဖြစ်ပါတယ်..၊
မှန်ပြတင်းများက ကွဲနေသလို လေတိုက်ရင် တံခါးများက လက်ခုပ်တီးသလို တစ်ဖျန်းဖျန်း မြည်နေပါတယ်..၊ အိမ်ကြီးက လမ်းဘက်ကို မျက်နှာမမူပဲ ညာဘက်ကို လှည့် ဆောက်ထားပါတယ်..၊
ကျွန်တော်တို့ ရှမ်းပြည်အယူအဆအရ ဒါမျိုးလှည့်ဆောက်ထားရင် နိမိတ်မကောင်းဘူး လို့ ယူဆကြပါတယ်…၊ တစ်၀န်းလုံးလည်း ချုံနွယ် ပိတ်ပေါင်းတွေ ပြည့်နှက်နေပြီး…၊ လပြည့်ညတွေဆို.. လမ်းပေါ်ကနေ ကြည့်ရင် လရောင်နဲ့ အိမ်ကြီးထဲကို တံခါးပေါက်..၊မှန်ကွဲ..များမှတစ်ဆင့် အတိုင်းသား မြင်ရပါတယ်။
ကျွန်တော် Night Guide လုပ်တာ ညဆိုရင် ဝိုင်းမှာ ညအိပ်လေ့မရှိပါဘူး.. ည ၁၁း၀၀ နာရီလောက်ဆို အိမ်ပြန်အိပ်ပါတယ်..၊ စာမေးပွဲ နီးမှသာ ဝိုင်းမှာ အိပ်ဖြစ်တာပါ…၊
တစ်ည… ကျွန်တော် ၁၁း၀၀ ထိုးတာနဲ့ ကလေးတွေကို နှုတ်ဆက်..၊ ဆိုင်ကယ်မောင်းပြီး…၊ အိမ်ပြန်ခဲ့ပါတယ်..၊ ငါးမိနစ်လောက်စီးပြီးရင်ပဲ… ဆိုင်ကယ် နောက်ဘီးက ထောင်းကနဲ အသံကြားလိုက်ရတယ်.. ဆိုင်ကယ်ရပ်ပြီး စစ်ဆေးကြည့်လိုက်တော့.. ချိန်းကြိုး ပြတ်သွားတာ… ဒီလိုအချိန်ဆိုရင် ရန်ကုန်၊ မန္တလေးလိုမြို့မျိုးမှာ စည်ကားနေသေးပေမယ့် လားရှိုးလိုမြို့ ကတော့ ဆိုင်တွေ အကုန်ပိတ်ပြီး လူသွားလူလာ လုံး၀ ပြတ်သွားတဲ့ အချိန်မျိုးပါ…၊ ကျွန်တော်လည်း လုပ်ဖို့ တစ်ခုပဲရှိပါတော့တယ်..၊ ဒါကတော့ အိမ်ထိ ဆိုင်ကယ်ကို တွန်းပြီးပြန်သွားဖို့ပါပဲ…။
ကျွန်တော်ဆိုင်ကယ်တွန်းပြီး ၁၀ မိနစ်လောက်ကြာအောင် လမ်းလျှောက် ပြီးတော့ အဲဒီအိမ်ကြီးကို လှမ်းမြင်လိုက်ရပါတယ်..၊ အိမ်ကြီးမြင်မှ ကျွန်တော် သတိရတာကို ငါဒီအိမ်ကြီးရှေ့က ဘယ်လို ဖြတ်လျှောက် ရမလဲဆိုတာပါပဲ..၊ ကျွန်တော် ဆိုင်ကယ်ကို ဒေါက်ထောက်၊ နောက်ကဖြစ်ဖြစ် ရှေ့က ဖြစ်ဖြစ် တစ်ခြား အဖော်များ လာလေမလားဆိုပြီး စောင့်ကြည့်နေပါသေးတယ်..၊
ဘယ်သူမှ ပေါ်မလာပါဘူး..၊ လာကလည်း ထိန်ထိန် သာလျှက်ပါ…၊ နောက်ဆုံး…ဖြစ်ချင်ရာဖြစ်..သွားမယ်ကွာ… သူတို့က လူကို ခြောက်ပဲခြောက်နိုင်တာ.. ဘာမှ လုပ်နိုင်တာမဟုတ်ဘူးလို့တွေးပြီး… ဆိုင်ကယ်ကို တွန်းလာခဲ့ပါတယ်…၊
အဲဒီခြံရှေ့ စရောက်တာနဲ့ လူကို ကြက်သီးတဖြန်းဖြန်း ထသွားပါတယ်..၊ ကျွန်တော် သတိထားမိတာ က ကျွန်တော် သရဲ၊ ဝိဥာဉ်၊ နာနာဘာဝတွေ ခြောက်လှန့်တာ မခံရခါနီး ကြက်သီးထတတ်တာပါပဲ…၊ ကျွန်တော် ကိုယ့်စိတ်ကိုယ်တင်းပြီး ဆိုင်ကယ် ဆက်တွန်းလာတယ်..၊
အရင်ဆုံး ကျွန်တော် ကြားလိုက်ရတာက မိန်းကလေးတွေရဲ့ ရီသံကိုပါ… ကျွန်တော်ခေါင်းကြီးသွားပါတယ်..သွားပြီ.. ငါတော့ အခြောက်ခံနေရပြီ လို့တွေး မိပါတယ်.. ကျွန်တော် ပါးစပ်ကလည်း ရသမျှ ဘုရားစာတွေ ဆိုပါတယ်..၊ ကိုယ်အရမ်းရတဲ့ ဘုရားစာ တွေက ဒီလိုအချိန်မှာ အကြောက်လွန်ပြီး မေ့သွားတတ်ပါတယ်..၊ သြကာသ တောင် ဆက်မဆိုတတ်လောက် အောင်ကို ဖြစ်သွားပါတယ်..
ကျွန်တော် ကိုယ်တွေ့ပါ..၊ ကျွန်တော် အိမ်ထဲကို လှည့်မကြည့်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်..၊ ဟုတ်တယ်လေ.. သူတို့က ကြည့်စေချင်လို့ ရီသံပေးနေတာကို ကျွန်တော်က လှမ်းကြည့်လိုက်ရင်.. ကျွန်တော် အခြောက်ခံရမှာပေါ့..ကျွန်တော် ခေါင်းငုံပြီး ဆိုင်ကယ်ကိုသာ ဆက်တွန်းပါတယ်..၊ ဘုရားစာမရတော့..၊ သီချင်းပြောင်းဆိုကြည့်တယ်..၊ ဒါကျတော့ ရတယ်ဗျ… မမေ့ဘူး.. .. စိတ်အာရုံကို အဲဒီ အိမ်ကြီးဘက်မရအောင် ထိန်းထားတယ်..၊
ရီသံခဏပျောက်သွားတယ်..၊ ခဏတော့ စူးစူးဝါးဝါးအော်ငိုသံတွေ ထွက်လာတယ်…၊ ကလေးကို မိဘက အသားကုန်ရိုက်လို့ ငိုနေတဲ့ အသံမျိုးပါ..၊ ဒါပေမယ့် ကလေးသံတော့ မဟုတ်ပါဘူး..၊ ခုနက ရီနေတဲ့ အမျိုးသမီးတွေအသံပါပဲ… ဒီတစ်ခါတော့ ကျွန်တော်လည်း လှည့်မကြည့်ပဲ ဆိုင်ကယ်ကို တွန်းပြီး တောက်လျှောက်ပြေးပါတော့တယ်..၊ ပြေးလေ နှေးလေပါပဲ..ကိုယ့်ကိုယ်ကို အရမ်းနှေး တယ်လို့ ထင်မိပါတယ်..၊ လူတစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲနေပါပြီ..၊ အဲဒီအိမ်ကို ကျော်သွားမှပဲ ဆိုင်ကယ် ခဏရပ်ကာ အမောဖြေနေလိုက်ပါတယ်..
အဲဒီအချိန်မှာ ကျွန်တော့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရတယ်..၊ လူတစ်ယောက်က ကိုယ့်ကို နောက်ကနေ စိုက်ကြည့်နေရင် မသိစိတ်ကနေ သိတတ်တာကို လူတိုင်း ကြုံဖူးမှာပါ..
ကျွန်တော်ခံစားရတာလဲ.. အဲဒီအတိုင်းပါပဲ…ကျွန်တော်လည်း.. ဘာဖြစ်လဲ.. ငါအဲဒီခြံ၀န်းကျော်လာ ပြီပဲဆိုပြီး.. လှည့်ကြည့်လိုက်ပါတယ်…. အဲဒီမှာ …လားလား… အဲဒီအိမ် အပေါ်ထပ် ပြတင်းပေါက်ကနေ ကျွန်တော့်ကို သေချာ စိုက်ကြည့်နေတဲ့ အမျိုးသမီး သုံးဦးကို လရောက်အောက်မှာ တွေ့လိုက်ရပါတယ်..၊ မျက်နှာကတော့ မည်းတူးနေတာပါပဲ… ဆံပင်တွေကတော့ အရှည်ကြီးတွေပါ… အရပ်လည်း တော်တော်ရှည်ကြပါတယ်…
ကျွန်တော် ပြန်လှည့်ကြည့်တာလည်း မြင်ရော ညီမသုံးယောက်လုံး နောက်လှည့်ပြီးပြေးပါတယ်..၊ ခြေသံတွေ တစ်ဒုန်းဒုန်းကို အတိုင်းသား ကြားနေရပါတယ်..၊ အောက်ထပ်ကို ပြေးဆင်းလာတာပါ…၊ ပြီးတော့ ခြံ၀န်းထဲကို ပြေးထွက်လာကြပါတယ်….
ကျွန်တော် ဘာမှ စဉ်းစားမနေတော့ပါဘူး…၊ ဒါသူတို့ ကျွန်တော့်နောက်ကို လိုက်မလို့ ပြေးဆင်းလာကြတာပါ…ကျွန်တော်ဆိုင်ကယ်ဒေါက်ပြန်ဖြုတ်…တွန်းပြီး … ပြေးပါတော့တယ်… ပုဆိုး၀တ် ထားတာဆိုတာ့ လိုသလောက် ခရီးမပေါက်ပါဘူး…. ဒါပေမယ့် လုံး၀ နောက် လှည့် မကြည့်တော့ ပါဘူး…ကျွန်တော်တို့ လမ်းထိပ် ရောက်တဲ့အထိ လုံး၀ မရပ်ပဲ တောက်လျှောက် ပြေးပါတော့တယ်…၊
ကျွန်တော်တို့လမ်းထဲ၀င်တော့ ကျွန်တော် သတ္တိရှိသွားပါပြီ…ဒီလမ်းက ငယ်ငယ်လေးကတည်းက နေခဲ့တာမို့လို့ ကြောက်စိတ်လုံး၀မရှိပါ… ဒီလမ်းထဲထိတောင် လိုက်လာရင်တော့ ရင်ဆိုင်တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဆိုင်ကယ်ကိုရပ်ပြီး နောက်လှည့်ကြည့်လိုက်ပါတယ်…၊
ကျွန်တော့်စိတ်ထဲမှာတော့ ဘာမှ မရှိတော့ဘူးထင်ပြီး လှမ်းကြည့်လိုက်တာပါ… ဒါပေမယ့် လမ်းထိပ်မှာ အံတွေကြိတ်ပြီး.. မျက်နှာမည်းတူးပြီး..ဆံပင်အရှည်ကြီးတွေနဲ့ တော်တော်အရုပ်ဆိုးတဲ့ အဲဒီညီမသုံးယောက် ရပ်နေတာကို တွေ့လိုက်ရပါတယ်…စိတ်တိုနေတဲ့ပုံတွေပါ.. အံတွေကြိတ်ထားလို့ မေးရိုးတွေတောင် ထောင်လို့ပါ…၊
ကျွန်တော် ရပ်နေပါတယ်…၊ သူတို့ လိုက်မလာပါဘူး…၊ လမ်းထိပ်ကနေသာ ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်..၊ ကျွန်တော်လည်း ကိုယ့်လမ်းထဲမှာ မပြေးဖို့ ဆုံးဖြတ်ထားလို့ မပြေးပါဘူး…၊ သူတို့ ၀င်မလာပါဘူး… ကျွန်တော့် အထင် လမ်းထဲကို ၀င်လို့မရလို့ထင်ပါတယ်..၊ ကျွန်တော်လည်း အမောပြေမှ ဆိုင်ကယ်ကို အိမ်ထဲ အေးအေးဆေးဆေးတွန်း၀င်.. ရေသောက်…ဘုရားရှိခိုး.. မေတ္တာသုတ်ကို ရွှတ်ဖတ်ပြီး အိပ်ယာ၀င်ခဲ့ပါတော့တယ်…။
နောက်မှ ပြန်တွေးကြည့်မိတော့ ကျွန်တော် တစ်ကယ်လို့ ပထမနေရာမှာ ကတည်းက မပြေးပဲ ရပ်နေမယ် ဆိုရင် သူတို့ ကျွန်တော့်ကို ဘာလုပ်ကြမှာလဲ…
အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာပြီး.. ကျွန်တော့်ကို သူတို့ ခြောက်လှန့်ချင်လို့လား..ဒါမမဟုတ်..အကူအညီတောင်းစရာရှိလို့လား… အကူအညီတောင်းဖို့တော့ ဖြစ်ဟန် မတူပါဘူး… ဒေါသတွေကြီးပြီး စိတ်တိုနေတဲ့ သူတို့ ဟန်ပန်ကြည့်ရတာ.. လူကို ဒုက္ခပေးဖို့ ရည်ရွယ် ချက်ရှိဟန်တူပါတယ်…
ဒါဆိုဘာလို့ သူတို့ အိမ်ရှေ့ ဖြတ်ကတည်းက ..ဆင်းလာပြီး ဒုက္ခမပေးတာလဲ..? ကျွန်တော်သူတို့ အိမ်ရှေ့ဖြတ်လျှောက်တုန်းက ရီသံတွေ..၊ ငိုသံတွေ.. ကြားရပေမယ့် အိမ်ဖက်ကို လုံး၀ မကြည့်ခဲ့ပါဘူး..၊ စိတ်ကိုလည်း… အိမ်ကြီးဖက်မရောက်အောင်… ဘုရားစာဆိုလိုက်.. သီချင်းဆိုလိုက်…လုပ်ခဲ့တာပါ… ခြံ၀င်းကျော်မှသာ သိချင်စိတ်ကြောင့် နောက်ကို ပြန်လှည့်ကြည့်မိလိုက်တာပါ…
ဒါဆို ကောက်ချက်ချလို့ရတာက သူတို့နဲ့ စိတ်ချင်း ဆက်သွယ်မှု ရမှသာလျှင် လူကို ဒုက္ခပေးနိုင်တာ ဖြစ်ပါလိမ့်မယ်..၊ ဒါကြောင့် သရဲ ကြောက်တတ်သူများ မိမိ၏ ကြောက်စိတ်က မိမိကို ပြန်လည်ပြီး ဒုက္ခပေး တတ်ကြောင်း အသိပေးလိုပါတယ်.. ကြောက်တတ်ရင် လုံး၀မစဉ်းစားပါနဲ့…မတွေးပါနဲ့… အဲ… ကြုံလာခဲ့ရင် တော့ ကျွန်တော့်လို ပြေးသာပြေးပါ….ဘာမှတွေးမနေပါနဲ့… တစ်ခုတော့ သတိပေးပါရစေ… ပုဆိုးတော့ မြဲအောင် ၀တ်ထားပါ…
အခုတော့ အဲဒီအိမ်ကြီးလည်း မရှိတော့ပါဘူး.. ဗျူဟာမှူး တစ်ယောက်က ၀ယ်ပြီး စစ်မိန့် နဲ့ နှင်ထုတ် ပြီးပြီလို့ သိရပါတယ်..၊ အိမ်ဟောင်းကြီးကိုဖျက်ပြီး အိမ်သစ်ကြီးလည်း ဆောက်ထားပါတယ်…၊ အဲဒီ ညီမသုံး ဖော်လည်း ကျွန်တော်နဲ့ နောက်ဆုံးတွေ့ပြီးကတည်းက အစပျောက်သွားခဲ့တာ အခုထိ ဘာသတင်းမှ မကြားရ တော့ပါကြောင်း…………………
( ပြီး )