လူစားလဲတဲ့ကျွန်း

လူစားလဲတဲ့ကျွန်း(စ/ဆုံး)
————————

အသက်ဆယ့်ခုနှစ်နှစ်ပဲရှိသေးတဲ့ကျနော်ရယ် ကျနော့်အဖရယ် ဦးလေးတစ်ယောက်ရယ် သုံးယောက်သားရွာကနေစတင်ပြီး စက်လှေတစ်စီးကိုခုတ်မောင်းလာခဲ့ကြတဲ့ မိုးနှောင်းပိုင်းအချိန်ပေါ့

ကင်းစပြုနေတဲ့ကောင်းကင်တစ်ခွင်ကမိုးရိပ်မိုးသားများမှာအရှေ့ဆီမှမြစ်ပြင်ကျယ်ကြီးကိုဆေးသားခြယ်ထားသလိုပင်

အိမ်ကထွက်လာကတည်းကအိပ်နေလို့မြစ်ပြင်ရောက်တော့ကျနော်နေရောင်တစ်ချို့ကြောင့်နိုးလာခဲ့သည်
အနားကနာရီကြည့်လိုက်မိတော့မနက်ခုနှစ်နာရီတောင်ကျော်နေလေပြီ
အဖေဆူမှာစိုးသဖြင့်ဆက်မအိပ်တော့ဘဲရေနွေးတစ်အိုးကိုကပျာကယာကျိုရတော့သည်

နာရီ၀က်ခန့်ကြာတော့ကျိုထားတဲ့ရေနွေးကိုသောက်ကာအရှေ့မှပျပျလေးမြင်နေရတဲ့ဘင်္ဂလားပင်လယ်အော်ကြီးကိုတစ်ချက်ငေးကြည့်နေမိ၏

ပက်လယ်ပြင်ကိုခနကြည့်နေမိတော့ စက်လှေဆိပ်ကမ်းနားကကျနော်တို့သားအဖထွက်သွားသည်ကိုငေးကြည့်ရင်းကျန်နေခဲ့အမေ့မျက်နှာလေးကိုစိတ်ထဲမြင်ယောင်လာမိ၏

လက်ထဲကရေနွေးခွက်ကလေးကိုဖြည်းညင်းစွာချလိုက်ပြီး စက်လှေခေါင်မိုးပေါ်ကပဲ့ထိန်းနေတဲ့အဖေနဲ့ဦးလေးကိုလှမ်းကြည့်လိုက်တော့ လှေကိုသာအားစိုက်မောင်းနှင်နေကြသည်ကိုကျနော်တွေ့လိုက်သဖြင့်ဘာမှမပြောတော့ဘဲ
သောက်လက်စရေနွေးကြမ်းကိုသာဆက်သောက်နေမိ၏

ကျနော်တို့ပင်လယ်ကမ်းမြောင်ဒေသသားတွေကအဓိကအားဖြင့်ရေလုပ်ငန်းကိုသာတွင်တွင်ကျယ်ကျယ်လုပ်ကိုင်ကြသည်

ဒီလိုပဲကျနော်တို့မှာလည်းနီးရာမြို့ရွာများကချောင်းထင်းတွေအချောင်းလိုက်ကျ၀ယ်ယူပြီး စစ်တွေမြို့ကိုသွားကာကုန်သွယ်ရ၏

ပွဲစားတစ်ယောက်ယောက်နှင့်ကြိုတင်ချိတ်ထားရပြီး လုံလောက်တဲ့ထင်းအရေအတွက်ရောက်လျင် သွားရောက်ရောင်း၀ယ်ဖောက်ကားရသည်ပင်

ကျနော်တို့နေတဲ့ဒီကျောက်ဖြုုကဆိုလျှင်စစ်တွေမြို့ဆီကိုနှစ်ညတာမောင်းနှင်ရတဲ့ခရီးဖြစ်သဖြင့် လမ်းခရီးကချောချောချုချုတော့မဟုတ်

ဒီကြားထဲလှိုင်းတွေငြိမ်နေတဲ့အချိန်ဆိုရင်မြန်ရင်မြန်သလောက်စက်လှေမောင်းနှင်ပေမယ့် လေတွေကြမ်းပြီးလှိုင်းတွေပြင်းထန်လျှင်ရံဖန်ရံခါသုံးညလေးညအထိကြာတတ်သည်

ကျနော်တို့မှာထင်းချောင်းတွေကိုတော်သလင်းလကတည်းကဟိုစစဒီစစ၀ယ်ယူထားသဖြင့် ယခုရာသီမှန်အချိန်မှန်ရောက်တော့ တစ်ခါတည်းသွားရန်သာလိုတော့၏

နောင်တော်ကြီးနောင်တော်လေးဆိုတဲ့ ရာဇ၀င်ကြီးလှပြီးလှိုင်းအင်မတန်ကြမ်းတဲ့နေရာကိုဖြတ်လာခဲ့တော့ မြေပုံမြို့နယ်ရေစည်းထဲကို၀င်ရောက်လာခဲ့ပြီပေါ့

နောက်ထပ်နာရီ၀က်လောက်မောင်းနှင်လိုက်တော့ ဆင်တန်းမော် ရွာရဲ့ဆိပ်ကမ်းကိုကပ်လေသည်
အဖေကစက်လှေကိုရပ်ကာ အချိန်လည်းမရှိတော့သဖြင့် ဒီညတော့ဒီမှာပဲစခန်းချရန်ပြင်ဆင်ရသည်

နေ့လည်ပိုင်းဆိုပေမယ့် ပင်လယ်ပြင်ကြီးကိုဖြတ်မောင်းဖို့ကမသင့်တော်ပေ
မိုးနှောင်ပိုင်းဖြစ်သဖြင့်လေကခပ်ထန်ထန် လှိုင်းတွေကလည်းအာမ မခံရဲသည်မို့နောက်နေ့မိုးလင်းခါနီးမှပဲထွက်ဖို့အတွက်စဥ်းစားရသည်

ဆိပ်ကမ်းကိုကပ်တော့ ကွမ်းစားတတ်တဲ့အဖေက ရွာထဲကိုကွမ်းလေးဘာလေး၀ယ်ဖို့အတွက်ဆင်းသွားခဲ့၏
ကျနော်လည်း ဆန်အနည်းငယ်ဆေးကာ ထမင်းအိုတည်ဖို့
မီးစတင်မွှေးတော့သည်

မီးစတင်စွဲပြီး ထမင်းအိုတည်ဖို့ပြင်လိုက်သည့်အချိန် စက်လှေနားကို လှေငယ်လေးတစ်စီးကပ်လာတာမြင်တော့ ဘာများအလိုရှိမလဲလို့ကျနော်လှမ်းမေးလိုက်သည်

* ဦးလေး ဘာကိစ္စရှိလို့လဲ..*

ကျနော့်အမေးကို သူကချက်ချင်းမဖြေဘဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီးကာမှ မေးငေါ့ကာ

* စစ်တွေဖက်ကိုသွားမလို့လား…*

* ဟုတ်တယ်ဗျ ဘာဖြစ်လို့လဲ *

အဲ့သည်ဦးလေးက တစ်ခုခုကိုကြိုတွေးနေဟန်နဲ့ စက်လှေခေါင်မိုးပေါ်က ကျနော့်ဦးလေးကိုမော့ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်

* ဘာမှမဟုတ်ပါဘူး လမ်းမှာငါတို့နဲ့ ဆုံရင် အရက်၀ယ်ခဲ့ကွာ..*

ကျနော်ဘာမှနားမလည်ပေ အဖေ့အသိတွေများလားလို့စိတ်ထဲကတွေးလိုက်ပေမယ့် ဒီလူကြီးကိုနည်းနည်းတော့ မသင်္ကာ
ထိုမျှသာပြောပြီး လှေငယ်လေးကိုခပ်မြန်မြန်လှော်ခတ်ကာပင်လယ်ဘက်ဆီကိုတရွေ့ရွေ့ထွက်သွားလေသည်

* မင်းအဖေ အသိထင်တယ် *

ဦးလေးကလှမ်းပြောလိုက်သည် ကျနော်ကတော့ထွက်သွားသည့်လူကိုခေတ္တမျှကြည့်နေရင်း သတိပြန်၀င်လာတာနဲ့ထမင်းအိုတည်လိုက်၏

ထမင်းဆူခါနီးမှ အဖေရွာထဲကပြန်လာသည် စက်လှေပေါ်အဖေရောက်တော့ မျက်နှာမကောင်းသည်ကိုသတိထားမိသည် လမ်းကြောင်းမရှင်းလို့များလားမသိ

* ဘာဖြစ်လာလို့လဲ အစ်ကိုကြီး.
မျက်နှာလဲမကောင်းပါလား..*

ကွမ်းတစ်ယာကိုပါးစပ်ထဲထိုးထည့်လိုက်ကာ ကျနော့်ကိုရော ဦးလေးကိုပါအဖေကတစ်လှည့်စီကြည့်လိုက်ပြီး

* ရွာထဲ၀င်သွားတာနဲ့ လူတွေအတော်များများ မျက်နှာမကောင်းတွေဖြစ်နေကြလို့ အကျိုးကြောင်းမေးကြည့်တော့
ဟိုတလောက ပင်လယ်ကိုထွက်သွားတဲ့ စက်လှေဆယ့်သုံးစီး အိမ်ပြန်မရောက်ဘဲ ပျောက်သွားလို့တဲ့ကွာ မှောင်ခို ခိုးဆိုးလုယက်အဖွဲ့တွေနဲ့များဖမ်းသွားသလားမသိဘူးတဲ့ *

* ဒါဆိုဘယ်လိုလုပ်မလဲ အစ်ကိုကြီး..*

* အခြေအနေကြည့်ရင်းတော့သွားရမှာပေါ့ မောင်းလာတဲ့ဆီဖိုးတွေအဖက်တင်ဖို့တော့ လိုတယ်ကွာ *

* ခုနက လူတစ်ယောက်လာသွားတယ်
အစ်ကိုကြီးအသိလား သူကပြောတော့ သူတို့နဲ့ဆုံရင် အရက်၀ယ်ခဲ့တဲ့ *

* ဘယ်သူတုန်း ဒီမှာအဲ့သလောက်ရင်းနှီးတဲ့ လူမရှိပါဘူးကွ *

* မသိဘူး အစ်ကိုကြီး ခုနကပဲ ပင်လယ်ဘက်ကိုထွက်သွားတယ် အမူးသမားထင်တယ် ​ပုံစံကြည့်ရတာလဲ ခပ်ကြောင်ကြောင်နဲ့ *

အဖေနဲ့ဦးလေး ဖောက်သည်ချစကားပြောပြီး ညနေစောင်းလောက်ရောက်တော့ ထမင်းစားရေသောက် တရေးတမောလဲလျောင်းရင်း ရေဒီယိုမြန်မာ့အသံကလာနေတဲ့ မိုးလေ၀သသတင်းတစ်ချို့နားထောင်နေမိ၏

အချိန်ကတဖြေးဖြေးမှောင်ရီသန်းလာတာနဲ့အမျှ ပင်လယ်လေများ၀င်ရောက်ကာ တိုက်ခတ်လာသည် ပင်လယ်အော်အ၀မို့ ချမ်းစိမ့်စိမ့်နဲ့နေလို့တစ်မျိုးကောင်းသည်

ကျနော်ကတော့ လူငယ်မို့ သိပ်ကြာကြာမထိုင်ဘဲ ညကိုးနာရီလောက်ရောက်တော့ အိပ်ငိုက်ကျသွားခဲ့၏

အချိန်အတော်ကြာအိပ်ပျော်သွားပြီးနောက် စက်လှေကိုအပြင်ကတစ်ဘုတ်ဘုတ်ရိုက်ခတ်သံကြားမှ လူးလိမ့်နိုးလာသည်

မိုးတော့မလင်းသေး မီးအိမ်ကိုအားပြုကာ နာရီကိုတစ်ချက်ကြည့်လိုက်တော့ တစ်နာရီထိုးနေပြီ
စက်လှေအခြေအနေကိုကြည့်ဖို့ စက်လှေအပြင်ထွက်လာခဲ့သည်

အပြင်ထွက်တော့ အချမ်းဓာတ်ကပိုပိုလာကာ လေတွေလည်းတဖြေးဖြေးကြမ်းလာတာကိုသတိထားမိ၏
ဘာတွေများစက်လှေကိုတဘုတ်ဘုတ်ရိုက်နေသလဲလို့ကျနော်ကြည့်လိုက်တော့

* အမလေးဗျ……*

မီးအိမ်ရောင်အောက်မှာ ပွင့်နေပြီးတော့ အထဲမှာခြောက်ခြားစရာအလောင်းကောင်နဲ့အခေါင်းတစ်လုံးက စက်လှေအနားကိုရိုက်ခတ်နေခြင်းပင်

ကျနော်ကြောက်ကြောက်လန့်လန့်နဲ့နောက်ပြန်ပစ်လဲကျသွားပေမယ့် ဒီအချိန်ထိ အဖေနဲ့ဦးလေးရဲ့အသံတစ်စုံတစ်ရာကိုမကြားရသေး

အဖေတို့ကိုအကူအညီခေါ်ဖို့ စက်လှေခေါင်မိုးပေါ်ကိုတတ်ကြည့်တော့ သူတို့နှစ်ယောက်လုံးမရှိ
ညသန်းခေါင်ယံကြီး ဘယ်များပျောက်သွားသလဲဆိုတဲ့အသိရယ် အခေါင်းထဲကအလောင်းရယ် ကျနော်တစ်ယောက်ထဲဆိုတဲ့စိတ်တစ္ဆေရယ် ရောထွေးပွေရူပ်နေပြီး သွေးပျက်မတတ်ကြောက်လန့်နေမိသည်

* အဖေ…………
* ဦးလေး…………….

* အဖေရေ ………..
* ဗျို့….. ဦးလေး……….

ငိုကြီးချက်မနဲ့ အသံကုန်အော်ခေါ်ပေမယ့် မည်သည့်အသံဗလံမှထွက်မလာ
နောက်ဆုံးမတတ်နိုင်တဲ့အဆုံး ဆင်တန်းမော်ရွာဆိပ်ကမ်းကတစ်စုံတစ်ယောက်အကူအညီတောင်းတော့မယ်ဆိုကာမှ အခြေအနေပိုဆိုးသွားသည်

ကျနော်တစ်ယောက်ထဲစက်လှေတစ်စီးနဲ့ ပင်လယ်လဟာပြင်ကြီးထဲမှာတစ်ယောက်ထဲဖြစ်နေသည်ပေါ့
မကြာပါဘူး တဘုတ်ဘုတ်ရိုက်နေတဲ့အလောင်းကာ စက်လှေနံရံနဲ့ရိုက်ပွက်ကာ ကွဲသွားပုံရသည်
အပုပ်နံ့တွေနဲ့အတူ အလောင်းကောင်ကမီးရောင်အောက်မှာထင်ထင်ရှားရှားနဲ့ပေါလောမျောလာ၏

ကျနော် အလန့်တကြားသေချာကြည့်မိတဲ့အချိန် နောက်ကနေတစ်စုံတစ်ယောက်ပခုံးကိုပုတ်လိုက်သဖြင့်လှည့်ကြည့်လိုက်ရာ

* မိုးလင်းပြီ အခုထိအိပ်တုန်းလား
မင်းအဖေဆူနေအုံးမယ် ထပြီးမျက်နှာသစ်တော့..*

ဦးလေးကလှမ်းသတိပေးလိုက်မှ သတိပြန်၀င်လာကာ အိပ်မက်ထဲကနိုးလာခဲ့၏
စိတ်တွေလည်းလေးလံကာ တစ်ခါမှအဲ့သလိုဆိုးဆိုးရွားရွားမမက်ဖူးတဲ့အိပ်မက်ကြောင့် ဇဝေဇ၀ါဖြစ်နေမိသည်

မျက်လုံးထဲစူးရှစွာ၀င်လာတဲ့နေရောင်ခြည်ကိုလှမ်းမြင်လိုက်မှ ကျနော်တို့ပက်လယ်ပြင်ဆီကိုစတင်ထွက်ခွာလာခဲ့ကြသည်ကိုသိလိုက်သည်

(2)

မနက်အာရုံကတည်းကခုတ်မောင်းလာခဲ့ရာ ပင်လယ်ပြင်ထဲကိုရောက်မှန်းမသိစတင်၀င်ရောက်လာခဲ့၏

နေရောင်ကခနပဲလင်းထိန်နေပီး မကြာမီမှာပင် သမုဒ္ဒရာဆီကတလိမ့်လိမ့်တတ်လာတဲ့ မိုးသားမည်းမည်းတွေက ကျနော်တို့သားအဖသုံးယောက်ကိုစိတ်ပူစေမိသည်မှာအမှန်ပင်

ဆိုး၀ါးတဲ့ရာသီဥတုကချက်ချင်းဆိုသလို ကြိုဆိုနေတော့ ပြန်လှည့်ဖို့က ဆင်တန်းမော်ဆိပ်ကမ်းနဲ့ အတော်ဝေးကွာသွားခဲ့ပြီ ရှေ့မှာလည်းနားစရာဆိပ်ကမ်းတို့ ရွာတို့မရှိတော့ပေ ကျယ်ပြန့်လှတဲ့ပင်လယ်ပြင်ကိုဖြတ်သန်းပြီးမှ စစ်တွေမြို့ဆီကိုရောက်မည်ဖြစ်ရာ မထူးဇာတ်ခင်းကကြရတော့မည်

* တောက် ….
မနက်ကတစ်မျိုး
အခုကျတစ်မျိုး
ဘယ်လိုရာသီမျိုးလဲကွာ…*

အဖေကစိတ်မရှည်တော့သလိုအမူအယာပြကာငေါက်နေပြန်တော့ ဦးလေးနဲ့ကျနော်က ဘာမှ၀င်မပြောဘဲ ဒီမိုးရိပ်မိုးသားတွေမြန်မြန်ပဲကင်းစင်ပါစေလို့ပဲစိတ်ထဲကြိတ်ဆုတောင်းနေမိသည်

သို့ပေမယ့်ကျနော်တို့ဆုတောင်းမပြည့်ခဲ့ မိုးရိပ်မည်းတွေကအာကာတစ်ခွင်နေရာယူကာမိုးချိန်းသံတွေနဲ့အတူ ဝေါဆိုပြီး သွန်ချပါလေရော

* သွားပြီဟေ့
မိုးရွာရုံတင်မဟုတ်ဘူး
မုန်းတိုင်းပါမိပြီဟ…*

လေတွေစတင်ပြင်းထန်လာကာ အပြောင်းအလဲမြန်တဲ့ရာသီဥတုက ဆိုး၀ါလာသည် လှိုင်းတွေကလည်းချက်ချင်းဆိုသလိုစက်လှေကိုတစ်ဘုန်းဘုန်းမြည်အောင်တိုက်ခတ်လာ၏

အတွေ့အကြုံမရှိတဲ့ကျနော်ကတော့ ကြောက်လွန်းလို့ သွေးပင်မရှိတော့ပေ
ဦးလေးမှာ တစ်ယောက်ထဲထိန်းမနိုင်တဲ့အဖေ့ကိုကူကာ ပဲ့ထိန်းနေသည်

အကူအညီတောင်းစရာကင်းမဲ့တဲ့သမုဒ္ဒရာအ၀မှာကျနော်တို့သားအဖသုံးယောက်မုန်တိုင်းနဲ့နပမ်းလုံးနေရ၏

အလုပ် အတွေ့အကြုံယူဖို့ဆိုပြီးလိုက်ပါလာကာမှ ယခုလိုအခက်အခဲနဲ့ကြုံတော့ဘာပြောကောင်းတော့မလဲ တစ်ခါတစ်ခါစက်လှေပေါင်းထဲကနေထွက်ပြီးအခြေအနေဟန်ပြီလားလို့ထွက်ကြည့်တိုင်းမိုးသဲတွေကြားထဲရုန်းကန်နေတဲ့ အဖေနဲ့ဦးလေးကိုသနားမိသည်

* ဒီအတိုင်းဆို မုန်တိုင်းကလွယ်လွယ်နဲ့ရပ်မှာမဟုတ်ဘူး အစ်ကိုကြီး
ဘယ်လိုလုပ်ကြမလဲ
ကျုပ်တို့တော့ သေမင်းနှုတ်ခမ်းနားကိုရောက်လာကြပြီထင်တယ် *

ဦးလေးကစိတ်ဓာတ်ကျသွားတဲ့လေသံနဲ့ အဖေ့ကိုလှမ်းပြောတော့ ခေါင်မိုးပေါ်ကအဖေက မျက်နှာတစ်ချက်မကောင်းဖြစ်သွားသည်ကိုကျနော်သတိထားမိသည်

* ယောကျာ်းပဲကွာ ငါတို့အားကိုသေခါမှလျှော့မယ်
အခုတော့ ထိန်းနိုင်သမျှထိန်းထားအုံး…*

လေတွေကအချိန်တစ်ခုအထိငြိမ်သက်မသွားဘဲ ပိုမိုဆိုး၀ါးစွာတိုက်ခတ်လာပြန်ကာ စက်လှေတစ်ခုလုံးကွဲထွက်တော့မတတ် ယိမ်းခါလာသည်
လှိုင်းတွေတစ်ခါတစ်ခါပုတ်ချလိုက်တိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို၀ါးမြိုသွား၏

အထဲကစောင်တွေ အ၀တ်အစား ဆန်တွေအကုန်ရေစိုကာ တစ်ချို့တစ်၀က်တို့က ပင်လယ်လှိုင်းကြားထဲကိုနစ်မြှုပ်ပျောက်ကွယ်သွားသည်

ကျနော်တို့တတွေ မုန်တိုင်းဒဏ်ရော လှိုင်းမူးတဲ့ဒဏ်တွေပါခံစားလာရပြီး အဖေတို့ထက်ပိုမူးနောက်လာသည်

အသက်ကိုသာရှင်အောင်ရုန်းကန်နေရတဲ့အချိန်တွင်
ထပ်ပြီးမြင်လိုက်ရတာက စက်လှေဘက်ဆီကို၀ါးတော့မတတ်လာနေတဲ့ဆူနာမီလှိုင်းကြီးတစ်ခုပင်

စက္ကန့်ပိုင်းအတွင်းမှာပဲ စက်လှေဆီကိုရောက်လာကာ ဘုံးခနဲမြည်အောင်အသံနဲ့အတူ အစိတ်စိတ်ကြေမွသွားခဲ့ပြီး ကျနော့်အမြင်တွေလည်းရေအောက်တစ်နေရာကိုရောက်သွားခဲ့၏

ကျနော်နည်းတူအဖေတို့လည်း ဘယ်ဆီကိုများလွင့်ထွက်သွားသည်မသိ
နောက်ဆုံးမှတ်မိခဲ့တာက အဖေကျနော့်ကိုစိုးရိမ်တကြီး

* သား…….*

ဆိုပြီးလှမ်းခေါ်လိုက်တဲ့အသံ

(3)

နားထဲဇင်ယော်ငှက်တွေအော်မြည်သံတွေကြားနေရပေမယ့် မျက်လုံးကိုဖွင့်မရ ဆားငန်ရေကြောင့်ခန္ဓာတစ်ခုလုံးပူစပ်စပ်ဖြစ်နေသည်တော့ကိုသတိထားမိသည်

အပူရှိန်ကြောင့်လဲနေရာကနေ အားယူပြီးကုန်းရုန်းထကာ မှုန်၀ါး၀ါးမျက်လုံးကိုလက်နဲ့တစ်ချက်ပွတ်သပ်လိုက်၏

ပထမဆုံးမြင်လိုက်ရတာကမျက်လုံးရှေ့အဆုံးမရှိတဲ့သမုဒ္ဒရာပြင်ကျယ်ကြီးပင်
မိုးရိပ်မိုးသားတွေမည်းနက်နေတဲ့ ကောင်းကင်ကြီးအောက်က ကျနော်ရောက်နေသည်မှာ ကျွန်းတစ်ကျွန်းဆိုတာသတိထားမိသည်

ထိုင်နေရာကထကာ အဖေတို့များတွေ့လေမလားလို့ဟိုငေးဒီငေးနဲ့လိုက်ရှာပေမယ့် အရိပ်အယောင်ပင်မတွေ့ရ
၀မ်းနည်းစိတ်တွေအားကိုးမဲ့တဲ့စိတ်တွေထိုးတတ်လာကာ အသံကုန်အော်ချမိသည်

ကျွန်းအပြင်ကိုခနမျှပတ်ကြည့်လိုက်ပြီးနောက်တော့ မိုးသားမည်းတွေရဲ့အရိပ်အောက်မှာ ကျွန်းရဲ့အထဲကို၀င်လာခဲ့၏

ကျနော်သတိထားမိသလောက် ၀င်လာတဲ့လမ်းကစပြီးအထဲကိုသွားတဲ့လူသွားလမ်းတစ်ခုရှိသည်ကိုပင်
ဒါကိုမြင်တော့နည်းနည်းစိတ်သက်သာရာရသွား၏
လမ်းရှိတယ်ဆိုမှတော့ အထဲမှာရွာလေးတစ်ရွာလောက်တော့ရှိကောင်းရှိလိမ့်မည်

ဆာလောင်မွတ်သိပ်နေတာကြောင့် ခြေလှမ်းကထင်သလောက်ခရီးမရောက်ဘဲထော့နဲထော့နဲနဲ့ မနည်းအားယူနေရ၏

* ရှဲ….ရှဲ…..ရှဲ….*

ကျွန်းအထဲတစ်၀က်လောက်ရောက်တော့ အရှေ့ကနေကျနော့်ဆီကိုပြေးလာတဲ့ခြေသံတွေကြားလိုက်သည်
တစ်ယောက်ထဲမို့လန့်ဖျပ်သွားမိကာ နီးရာခြုံတစ်ခုကိုအကာကွယ်ယူကာပုန်းနေလိုက်၏

ခနကြာတော့ ကျနော့်ရှေ့ကို အင်္ကျီမပါ ပုဆိုးခတောင်းကျိုက်ထားတဲ့ ယောကျာ်းသုံးယောက်ရောက်လာကာ ဟိုဟိုဒီဒီရှာဖွေနေသလို လုပ်နေကြသည်

သူတို့ကိုမြင်တော့ကျနော်လည်းခြုံထဲကထွက်ကာလှမ်းခေါ်လိုက်၏

* ဒီမှာ အစ်ကိုကြီးတို့ ..*

ခေါ်သံကြားတော့သူတို့ကသမင်လည်ပြန်လှည့်ကြည့်ကာ ကျနော့်ကိုတစူးတစိုက်ကြည့်ကာ အပြုံးတစ်ခုပြုံးပြလိုက်ပြီး အနားကိုချဥ်းကပ်လာ၏

* ဇာကလဲ မောင်းမောင်…*
မြန်မာအခေါ်
(ဘယ်ကလဲ ကောင်လေး)

လို့မေးတော့ မြောက်ပိုင်းစကားကိုနည်းနည်းနားလည်တဲ့ကျနော်က သူတို့စကားနဲ့ပြန်ပြောရသည်

* ကျောက်ဖြုုကပါချင့်…
ဇာနိန်ရာလဲမသိ…*
(ကျောက်ဖြုုကပါ ဘယ်နေရာလဲမသိဘူး..)

* မ တူကျွန်း…*

ကျနော်တစ်ခါမှမကြားဖူး ရခိုင်ကမ်းမြောင်ထဲ ဖရုံကာကျွန်းတို့ မာန်အောင်ကျွန်းတို့ ရမ်းဗြဲကျွန်းတို့လောက်ပဲကြားဖူးပေမယ့် ယခု *မ တူကျွန်း * ကျတော့မကြားဖူးသည်မှာအမှန်ပင်

သူတို့က လိုက်ခဲ့ဖို့ထပ်ပြောတော့ ကျနော်လည်းနှစ်ခါမငြင်းနိုင်ပေ ဘာလို့ဆို ဘယ်အချိန်ထိကြာခဲ့သည်မသိ ဗိုက်တွေကမခံနိုင်လောက်အောင်ဆာလောင်နေသည်

ထိုယောကျာ်းသုံးယောက်ကရှေ့မှဦးဆောင်ကာ တောလမ်းအတိုင်း၀င်လာခဲ့၏
နောက်တော့ ရေဇောပင်တွေအုံ့ဆိုင်းနေတဲ့ကုန်းတစ်ခုကိုဖြတ်ကျော်ပြီးနောက် လူသံတွေကြားလာရပြီးမကြာခင်မှာပဲ ရွာငယ်လေးတစ်ရွာကိုရောက်လာသည်

သူတို့ပြောတာတော့ မတူကျွန်းနာမည်နဲ့တူတဲ့ မတူကမ်းရွာတဲ့ ရွာထဲကို၀င်လာရာ အိမ်တိုင်းက တဲသာသာလောက်သာ မိန်းမယောကျာ်း အ၀တ်အစားတုံးလုံး၀တ်နေကြပြီး အရှက်ပြေဖုံးထားရုံ၀တ်ဆင်ထားကြသည်

ကျနော့်ကိုမြင်တော့အကြည့်စူးစူးတွေနဲ့ကြည့်ပြီး တစ်ခုခုကိုသိထားသလိုမျိုး
ရွာထဲကတခြားအိမ်တွေထက်နည်းနည်းကြီးတဲ့အိမ်ဆီရောက်တော့ ထိုင်ခိုင်းသည်
ပြီးတော့ အထဲကအမေကြီးတစ်ယောက်ထွက်လာကာ အထဲကိုထမင်းစားဖို့ဖိတ်၏
ကျနော်လည်းအားနာနာနဲ့ ပါသွားလေရာ ထမင်း၀ိုင်းကအဆင်သင့်ပြင်ထားသည်ကိုတွေ့ရသည်

ဘာတွေချက်ထားမှန်းမသိ ဟင်းနံ့တွေကတထောင်းထောင်းထကာ မွှေးကြိုင်နေတာပေါ့
ပြီးနောက်သူတို့မြောက်ပိုင်းစကားနဲ့စကားခံကာ
ခူးခပ်ပေးသည်

အမဲသားလည်းမဟုတ် ၀က်သားလိုအဆီမပါပဲ ပျော့အိအိအသားဟင်းကို စတင်စားလိုက်တော့
အရသာတော်တော်ကောင်းသည်ကိုသိလိုက်သည်
ဘာအသားမှန်းတော့မသိပေမယ့် ဆာနေတာကြောင့်အားရပါးရပဲစားသောက်ပြီးနောက် အိမ်ရှေ့ကိုဆဆင်းလာခဲ့၏

ကျနော်အိမ်ရှေ့ဆင်းလာသည်နှင့် လူတွေတပြုံကြီး
ကပြုံးစိစိအကြည့်တွေနဲ့ကြည့်ကာ မြောက်ပိုင်းသားစကားတွေနဲ့ စကားနာထိုးကြပါလေရော

* တောင်ပိုင်းသားတွေက ဘာလို့ငါတို့နဲ့မတူတာလဲ
ငါတို့ကျမဲတူးနေရောဟ..*

* နင်ကလည်း ငါတို့က ကျွန်းမှာနေရတာဆိုတော့ မဲမှာပေါ့ …ဟား ဟား ဟား *

* အသားအရေတွေကို ငါရချင်လိုက်တာ
အင်္ကျီချုပ်မလို့…*

* ချက်စားရင်ပိုကောင်းမှာပါဟ..*

အဲ့သလိုဘာမှန်းမသိပေါက်ကရတွေလျှောက်ပြောကာ ခနကြာတော့အသီးသီးထွက်ခွာသွားကြလေသည် ကျနော်လည်းပင်ပန်းလာတဲ့ဒဏ်ကြောင့်ပဲ ခနတဖြုတ်လှဲလိုက်ရာ ချက်ချင်းပဲအိပ်ပျော်ကျသွားခဲ့၏

(4)

ညသန်းခေါင်ရဲ့ သတ္တ၀ါတွေအော်မြည်သံကလွဲပြီး ရွာထဲတိတ်ဆိတ်နေသည်
နေ့လည်ကအိပ်ပျော်ထားသဖြင့် ညဦးပိုင်းအထိအိပ်မပျော်သေးဘဲ အိမ်ပြတင်းကနေ ရွာထဲခေတ္တငေးကြည့်နေမိ၏

စိတ်ထဲမှာလည်းအဖေနဲ့ဦးလေးကိုသတိရကာ အိမ်ပြန်ချင်တဲ့စိတ်တွေအပြည့်
အမေ့ကိုလွမ်းသည် အခုချိန်ဆိုအမေ ငါတို့ကိုများစိုးရိမ်နေလေမလား ဆိုတဲ့၀မ်းနည်းစိတ်တွေထိန်းချုပ်မရတော့ အိမ်လေးထဲကြိတ်ငိုမိသည်

နာရီ၀က်ခန့်လောက်ကြာတော့ ရွာလယ်ဆီက နွားအော်သံကြီးကဲ့သို့အသံနက်ကြီးတစ်ခုက ကျယ်လောင်စွာထွက်ပေါ်လာကာ
အိမ်ထဲကလူတွေခုန်ဆင်းကြပြီး ၀ူး၀ူး၀ါး၀ါးနဲ့အော်ဟစ်ကာရွာလယ်ဆီကိုထွက်သွားကြ၏

မကြာပါဘူးမီးတုတ်ကိုယ်စီကိုင်ကျနော့်ဆီကိုကြောက်ခမန်းလိလိ ခုန်ပေါက်လာနေကြပါလေရော

အခြေအနေမဟန်မှန်းရိပ်မိတဲ့ကျနော်လည်း မူမမှန်တဲ့ရွာသားတွေကိုကြောက်လာသည်
မီးတုတ်တွေအောက်မှာ လူသားတစ္ဆေကဲ့သို့မျက်နှာကြီးတွေက နေ့ခင်းကနဲ့မတူ

* ဆင်းခဲ့….ဆင်းခဲ့စမ်း….*

သူတို့အထဲကမည်းမည်းနဲ့အရပ်အရှည်ကြီးနဲ့တစ်ယောက်က အသံနက်ကြီးနဲ့အော်ခေါ်ပါလေရော
ဒီတော့မှ ဒါကသာမန်ရွာမဟုတ်မှန်းသဘောပေါက်မိလေတော့သည်

ကျနော်ဆက်မနေရဲတော့ဘဲ အိမ်နောက်ဖေးကိုပြေးကာ သူတို့ဆီကလွတ်ဖို့ကြိုးစားရသည်
ပြေးရင်းတစ်စုံတစ်ခုနဲ့တိုက်မိတော့ အိုးတွေ ပုန်းတွေကြားမှာ အသားစတွေအလှီးခံထားရတဲ့သွေးပျက်ဖွယ်အဖေနဲ့ဦးလေးမျက်နှာကြီးပင်

*အား………*

ကျနော်​ကျယ်လောင်စွာအော်မိတော့သည် အဖေတို့ကိုကြည့်ရင်း တစ်ခုခုသတိရမိ၏

ထိုဟာကတခြားမဟုတ် မနက်ကစားခဲ့တဲ့အသားဟင်းမှာ အဖေတို့အသားများပင် ဒီရွာကလူတွေကဧကန္တလူသားစင်စစ်မဟုတ်နိုင်တော့

ထရံပေါက်ကနေတဟုန်ထိုးခုန်းဆင်းကာရွာအနောက်က လမုတော ထဲကိုပြေး၀င်တော့သည်
ကျနော့်နောက်မှာတော့ မီးတုတ်ကိုယ်စီကိုင်ကာသဲသဲမဲမဲလိုက်လာကြတဲ့ကျွန်းသားတွေ

ပြေးရင်းနဲ့ခန္ဓာတစ်ခုလုံးပေါ့ပါးသလိုခံစားရကာ
အပြေးကပိုမိုမြန်လာသည် ဒါပေမယ့် ကျွန်းသားတွေရဲ့မြန်နှုန်းကိုကျနော်မယှဥ်နိုင်
ကျွန်းပြင်ကိုရောက်ခါနီးမှပဲ ဖမ်းမိသွား၏

ကြောက်လွန်းလို့ အော်ဟစ်တောင်းပန်ပေမယ့် ခက်ထန်လှတဲ့ကြောက်စရာလူ့ဘီလူးတွေက သနားခြင်းမရှိ

ကိုယ်ခန္ဓာကိုတရွက်တိုက်ဆွဲကာ ရွာထဲကိုပြန်၀င်ကြသည် တစ်လမ်းလုံးသစ်ငုတ်သစ်ချွန်တွေနဲ့တစ်ကိုယ်လုံးတိုက်ကာ ဗိုက်ထဲကသွေးအလိမ်းလိမ်းထွက်လာပေမယ့် တစ်စုံတစ်ရာနာကျင်ခြင်းမရှိတဲ့ ကိုယ့်ကိုကိုယ်ကြည့်ရင်း အံ့သြနေမိသည်

ဘုန်းဆိုကာ ရွာလယ်မှာကျနော့်ကိုပစ်ချလိုက်ပြီး ရွာရဲ့အကြီးအကဲဖြစ်ဟန်လူတစ်ယောက်ကာ ဒေါသတကြီးရှေ့ကိုခုန်ဆင်းကာ ခန္ဓာကိုလေပေါ်မြှောက်လိုက်ပြီး

* ဒီနေ့ငါ့အလှည့်ပဲ
ဒီကောင့်ခန္ဓာကိုယ်ကိုယူလာကြစမ်း…*

ထိုကဲ့သို့အမိန့်ပေးပြီးမကြာခင်မှာပင် လူတစ်စုကအ၀တ်မဲမဲနဲ့ဖုံးထားတဲ့အလောင်းတစ်ခုကိုထမ်းယူကာကျနော့်ရှေ့ကိုပစ်ချစ်လိုက်သည်

အ၀တ်စတွေကပြေလျော့သွားပြီး ပထမဆုံးထွက်လာတာက ကျနော့်ရဲ့မျက်နှာပင်
အံ့သြကြောက်ရွံမှုတွေနဲ့ မယုံနိုင်ဘဲ​ကြက်သေသေသွားသည်

အကြီးအကဲလူကြီးက ချက်ချင်းပဲကျနော့်အလောင်းကိုကောက်ယူကာ မီးစတင်ရိူ့တော့သည်
မီးက တခဏအတွင်းမှာပဲလောင်မြိုက်ပီးမီးတောက်တွေနဲ့အတူ ထိုလူကြီးပါပျောက်ကွယ်သွား၏
ထိုလူကြီးပျောက်ကွယ်သွားသည်နဲ့ ရွာကလူတွေငိုယိုကြကာ

* ငါတို့အလှည့်ဘယ်တော့ကျမလဲ
အခုထိသုံးယောက်ပဲဆိုပေမယ့်
ငါတို့အလှည့်ရောက်ချင်ပြီ…*

ရွာသားတွေထိုကဲ့သို့ငိုယိုပြီး ထိုနေရာကအလျှိုလျှိုထွက်ခွာသွားကြပြီးချက်ချင်းမိုးလင်းလာသည် မိုးလင်းပေမယ့် မိုးရိပ်မည်းတွေကအခုထိမကင်းဘဲအုံ့ဆိုင်းနေဆဲ

ကျနော်လည်းထိုနေရာကထကာ မယုံနိုင်စရာအဖြစ်ပျက်တွေကိုကြောက်လာခဲ့သည် ဆိုလိုတာက ကျနော်ကသေပြီးမှဒီကျွန်းကိုရောက်လာခြင်းပင်ဖြစ်၏

ယခုအချိန်မှာတော့ကျွန်းပြင်ကိုထွက်ပြေးပေမယ့် ကျွန်းသားတွေတားဆီးခြင်းမရှိ ဂရုမစိုက်ဘဲအမှုမဲ့နေနေကြသည်

ကျွန်းပြင်ကိုရောက်တော့ ပင်လယ်ပြင်တစ်ခုလုံးနေရောင်ကြောင့်လင်းထိန်နေပေမယ့် ဒီကျွန်းတစ်ခုသာ တိမ်အမှောင်ဖုံးထားသည်ကိုသိလိုက်ရသည်

အဖေတို့လည်းငါ့လိုပဲကြုံခဲ့ရမှာပဲလို့တွေးကြည့်ရင်းအကြောက်တရားတွေကြီးစိုးနေဆဲ

များမကြာမှီပင် ကျွန်းဆီကိုခုတ်မောင်းလာတဲ့စက်လှေတစ်စီးကိုမြင်လိုက်မိ၏

* ဟေ့…. ဒီမှာ…*

သစ်ကိုင်းတွေကိုချက်ချင်းချိုးယူလှုပ်ခါယမ်းပြပေမယ့် ထိုစက်လှေကလှည့်တောင်မလာဘဲ မောင်းနှင်နေဆဲ

စိတ်ဓာတ်ကျစွာနဲ့ငေးကြည့်နေတုန်း အနောက်ကနေလူခြေသံကြားသဖြင့် လှည့်ကြည့်ရာ

* ခေါ်မနေပါနဲ့တော့ သားရာ အဖေတို့ဒီမှာရှိတာကိုဘယ်သက်ရှိလူသားမှမမြင်နိုင်တော့ဘူး
အဖေတို့ဒီကလွတ်ချင်ရင် အကျိုးဆက်ပါလာမယ့် လူအစားလဲဖို့လူကိုပဲ စောင့်ကြရုံပေါ့…*

အဆုံးမရှိတဲ့ပင်လယ်ပြင်ကိုအရူံးပေးကြည့်နေရင်း ၀မ်းနည်းမှုနဲ့အတူ အဖေ့ရင်ခွင်ထဲကျနော်တိုး၀င်မိတော့သည်
ဘယ်တတ်နိုင်မလဲ အဖေပြောသလိုလူစားအလဲခံမယ့်လူကိုစောင့်ရုံပဲပေါ့

=============

ပြီးပါပြီ Kieo