လူထူးဆန်းကြီးဦးဘာထူး

” လူထူးဆန်းကြီး ဦးဘာထူး “( စ၊ ဆုံး)

ရေးသားသူ – ထမံ (တောင်ငူ)
*******

‘ ညှောင်…’

ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြောင်အော်သံကြောင့် မင်းခေါင်တစ်ယောက် မျက်ဝန်းများကို ဖျတ်ခနဲ ဖွင့်ကြည့်မိလိုက်တယ်။

‘ ဟင်…’

သူအိပ်စက်ရာ အိပ်ရာအထက်တည့်တည့်ဆီက ထုတ်တန်းဆီမှာ တောက်ပတဲ့ မျက်ဝန်းတစ်စုံက သူ့ဆီကို စူးစိုက်ကာ ကြည့်နေလေတယ်။

မင်းခေါင် လန့်ဖျပ်ကာ ထထိုင်မိပြီး နံဘေးဆီက မီးတိုင်ကို ယူလို့ ထွန်းညှိလို့ ထုတ်တန်းဆီကို မျက်ဝန်းတွေက ဖျတ်ခနဲ ပျောက်ကွယ်သွားတယ်။ ထုတ်တန်းနေရာမှာ ဘာမှရှိမနေတော့ဘူး။

‘ ဘယ်ပျောက်သွားတာလဲ…’

ခုန်ချပျောက်ကွယ်သွားတာမျိုးလည်း မဟုတ်၊ မျက်စိရှေ့မှာတင် ဖျတ်ခနဲ ကွယ်ပျောက်သွားခဲ့တာမို့ မင်းခေါင် အဖြစ်အပျက်ကို နားမလည်နိုင်ဖြစ်မိသွားရတယ်။ မသင်္ကာစိတ်နဲ့ ဘေးဘီအပေါ်တွေကို ကြည့်တော့လည်း ဗလာနတ္ထိသာ။

‘ ငါများ အမြင်မှားတာလား…’

မင်းခေါင် ဇဝေဇဝါနဲ့ ခပ်သာသာ ရေရွတ်ရင်း ပြန်လည်လို့ လှဲလျောင်းလိုက်တယ်။

အိမ်အတွင်းခန်းဆီက မိခင်ဖြစ်သူနဲ့ ညီမဖြစ်သူတို့ အိပ်မောကျပြီး အသက်ပြင်းပြင်းရှူသံကို မင်းခေါင်ကြားနေရတယ်။ မင်းခေါင်က အိမ်ရှေ့ဘက် ဘုရားကျောင်းဆောင်အောက်မှာ အိပ်စက်တာဖြစ်တယ်။

သူတို့မှာက ဖခင်ဖြစ်သူ မရှိတော့ဘဲ မိခင်ရယ် သူတို့မောင်နှမနှစ်ယောက်ရယ် စုစုပေါင်းမှ မိသားစုသုံးယောက်ပဲ ရှိတော့တာလေ။

ဖခင်ဖြစ်သူ မရှိတော့ဘူးဆိုပေမယ့်လည်း ဖခင်ဖြစ်သူဟာ သက်ရှိထင်ရှားရှိတုန်းက မိသားစုနောင်ရေးအတွက် များစွာ ကြိုးကုတ်ခဲ့သူမို့ ကွယ်လွန်သွားခဲ့တာ ငါးနှစ်ကျော်ခဲ့တာတောင် သူတို့မိသားစုလေး အခက်အခဲ မရှိခဲ့ဘူး။ ဒီနေရာမှာ မိခင်ဖြစ်သူကိုလည်း မဖြစ်မနေချီးကျူးရမယ်။

အိမ်အနောက်ဘက် ကြက်အိပ်တန်းဆီက မနက်ဦးပိုင်း ကြက်တွန်သံက ထွက်ပေါ်လာတယ်။ မင်းခေါင်လည်း မနက်ကို လယ်ထဲဆင်းရဦးမှာမို့ ပြန်အိပ်ဖို့ စဉ်းစားလိုက်ရင်း မီးတိုင်ကို ငြိမ်းသတ်လိုက်လေတယ်။

မျက်ဝန်းတွေကို မှေးစက်ပြီး အိပ်ပျော်လုလုဖြစ်နေတုန်းမှာ သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသလိုမျိုး ခံစားချက်က ရရှိလာတယ်။

မင်းခေါင် ဖျတ်ခနဲ မျက်စိကို ဖွင့်ကြည့်မိတော့ အခုနက မျက်ဝန်းတစ်စုံဟာ ထုတ်တန်းနေရာမှာ ပြန်လည်လို့ ရောက်ရှိနေပြန်တယ်။

ဒီတစ်ကြိမ်တော့ မင်းခေါင် စူးစမ်းလိုစိတ်နဲ့ မျက်ဝန်းတွေကို မသိသယောင်ပြုရင်း စေ့စေ့ ကြည့်မိလိုက်တယ်။

‘ ဟာ…’

ဘာကြောင့်ရယ်မှန်းမသိ၊ အဲ့ဒီ့မျက်ဝန်း သူ့ရင်ထဲကို အတိုင်းသား ထွင်းဖောက်မြင်သွားသလို ခံစားရတာမို့ မင်းခေါင် အလန့်တကြားနဲ့ ငုတ်တုတ်ပြန်ထိုင်မိပြီး မီးတိုင်ကို စမ်းလို့ မီးညှိရပြန်တယ်။

‘ ဟောဗျာ…ဘယ်ရောက်သွားပြန်တာတုန်း…’

မီးအလင်းရောင်က ဖြာခနဲ ဖြစ်သွားတာနဲ့ ထုတ်တန်းဆီက မျက်ဝန်းတစ်စုံဟာ ပျောက်ခြင်းမလှ ပျောက်သွားပြန်ကော။ မင်းခေါင် နားမလည်နိုင်တော့ဘူး။ ခေါင်းကို တွင်တွင်ကုတ်ရင်း သူ့ကို တစ္ဆေများခြောက်နေရော့သလားလို့ တွေးနေမိတယ်။ ဒါပေမယ့်လည်း အချိန်ကြာကြာတော့ မင်းခေါင် မတွေးနိုင်ခဲ့ပါဘူး။ မနက်ခင်းကျ နှမ်းခင်းတွေဆီ ဆင်းရဦးမှာမို့ အိပ်ရာဆီ ပြန်လည်လှဲလျောင်းရင်း ရှိနေလိုက်တယ်။ ဒီတစ်ခါတော့ အခုနက မျက်ဝန်းတစ်စုံ ပြန်ပေါ်လာမှာစိုးလို့ မင်းခေါင် မီးတိုင်ကို မငြှိမ်းတော့ဘူး။ ဒိအတိုင်းထားရင်းသာ မှေးစက်လိုက်တယ်။

မင်းခေါင် အိပ်ပျော်သွားချိန်မှာတော့ သူထွန်းညှိထားတဲ့ မီးတိုင်ဟာ လေမတိုက်ဘာမတိုက်နဲ့ ထူးဆန်းစွာ ဟုတ်ခနဲ ငြိမ်းသွားတယ်။

မီးငြိမ်းသွားတာနဲ့ ထုတ်တန်းအပေါ်ဆီက မျက်ဝန်းတစ်စုံက ပြန်လည်လို့ ထွက်ပေါ်လာပြန်ရဲ့။

******

မနက်မိုးလင်းချိန် မင်းခေါင်တစ်ယောက် နှမ်းခင်းထဲဆီမှာ ပေါင်းထိုးနေမိတယ်။ နှမ်းတွေက အသီးလိုက်နေပြီ။ ဒီအချိန် ပေါင်းကို အချိန်မီ မလိုက်က အသီးအကျ နည်းတတ်တယ်။ ရတဲ့ အသီးတို့ကလည်း အဖတ်မတင် ဖြစ်တတ်တယ်။ ဒါကြောင့် နှမ်းခင်းတွေကို တစ်ရက်နှစ်ရက်အတွင်း ပေါင်းအပြီးထိုးနိုင်ဖို့က လိုအပ်နေတယ်။

ဒါပေမယ့်လည်း မင်းခေါင်တစ်ယောက် ညတုန်းက အိပ်ရေးမဝခဲ့တာမို့ ခေါင်းက ညည်းစီစီ။ ခေါင်းမကြည်တော့ အလုပ်က မတွင်ကျယ်ဘူး။ တစ်မနက်လုံး ပေါင်းထိုးတာတောင် တစ်ကွက်မပြီး။ ပြီးလုပြီးခင် အခြေအနေသာ။

‘ ဒီတစ်ကွက်ပြီးရင်တော့ ခဏ မှေးမှရမယ်ထင်တယ်။ ညနေကျတော့ ပုံမှန်အချိန်ထက် နောက်ကျပြီး ပိုလုပ်တာပေါ့ကွာ…’

မင်းခေါင် ခေါင်းကြည်အောင်လို့ တစ်ခဏမှေးမယ်လို့ ကြံရွယ်ပြီး နှမ်းခင်းကို ခပ်သုတ်သုတ် ပေါင်းထိုးလိုက်တယ်။

ပေါင်းထိုးတာ တစ်ကွက်ပြည့်တော့ ဘာကိုမှ တွေးတောမနေတော့ဘဲ လယ်တဲကလေးဆီကို သွားလို့ လှဲလျောင်းမှေးစက်လေတယ်။

မင်းခေါင် အိပ်စက်နေတုန်း အိပ်မက်ထဲမှာ ကြောင်နက်ကြီးတစ်ကောင်ကို မြင်မက်တယ်။

ကြောင်နက်ကြီးက သာမန်ကြောင်တွေလို အမွှေးအမျှင် မရှိဘဲ ထူးဆန်းစွာနဲ့ တစ်ကိုယ်လုံး ပြောင်ချောကြီး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ကြီးက နက်မှောင်ပြောင်လက်နေတယ်။

အိပ်မက်တစ်ခုလုံးမှာ ကြောင်နက်ကြီးက မင်းခေါင်ရဲ့ နံဘေးဆီမှာ အမြဲလို ရှိနေခဲ့ပြီး သွားရင်လည်း တကောက်ကောက် လိုက်ပါတယ်။ ထိုင်ရင်လည်း နံဘေးနားမှာ လာထိုင်နေတာကို တွေ့ရတယ်။

‘ ညှောင်…’

မင်းခေါင်.အချိန် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတယ် မသိဘူး။ နားထဲမှာ ကြောင်အော်သံ စူးစူးရှရှကို ကြားမိပါမှ လန့်နိုးလာရတယ်။

‘ ညှောင်…’

နိုးနိုးချင်း ကြောင်အော်သံက ထပ်ပြီး ထွက်ပေါ်လာပြန်တယ်။ အသေအချာ နားစွင့်တော့ အော်သံက တဲရဲ့ ခေါင်မိုးထက်ဆီက လာနေတာပါ။

မင်းခေါင်တို့ လယ်တဲက တခြားလယ်တဲတွေနဲ့ အတော်လှမ်းတယ်။ ဒီတော့က တော်ရုံတန်ရုံ အိမ်မွေးကြောင်တွေ ရောက်မလာတတ်ဘူး။ အိပ်မက်ထဲမှာလည်း ကြောင်နက်ကြီးကို မြင်မက်ထားတော့ အခု အပြင်ဘက်က ကြောင်အော်သံက တိုက်ဆိုင်စွာ ထွက်ပေါ်လာချိန် မင်းခေါင် အံ့အားသင့်မိရတယ်။

ချက်ချင်းပဲ အပြင်ကို ထွက်ပြီး တဲခေါင်မိုးအပေါ်ကို ကြည့်မိတော့ ဘာမှရှိမနေဘူး။ မင်းခေါင် ဟိုဟိုဒီဒီ လိုက်ရှာကြည့်လိုက်တယ်။

‘ ညှောင်…’

‘ ဟင်…’

မင်းခေါင် ရှာနေတုန်း ကြောင်အော်သံက တဲခေါင်မိုးထက်ဆီကနေ ထပ်မံပြီး ထွက်ပေါ်လာပြန်တယ်။ မင်းခေါင် ဖျတ်ခနဲ ကြည့်မိပေမယ့် ခေါင်မိုးထက်ဆီမှာ ဘာကြောင်မှ ရှိမနေပြန်ဘူး။

‘ တဲထုပ်တန်းဆီမှာများလား။ ဒါမှ မဟုတ် ငါများ နားကြားမှားရော့သလား…’

မင်းခေါင် တွေးရင်း တဲအထဲကို ပြန်ဝင်ပြီး အပေါ်ကို မေယ်ကြည့်တယ်။ ဘာမှ ရှိမနေဘူး။

‘ မဟုတ်သေးပါဘူး…’

မင်းခေါင် ရေရွတ်မိချိန် ကြောင်အော်သံက ထပ်ထပ်ပြီး ထွက်ပေါ်လာတယ်။ မင်းခေါင်တစ်ယောက် အပြင်ကို ပြန်ပြေးထွက်ရင်း ရှာမိပြန်လေရဲ့။ အရိပ်အယောင်တောင် မတွေ့ရပြန်ပါဘူး။

ဒိလိုနဲ့ မင်းခေါင်တစ်ယောက် ငယ်စိတ်ကို အခြေခံပြီး ကြောင်အော်သံ ထွက်လာတိုင်း တဲအထဲကို ဝင်ချည်ထွက်ချည်ပြုရင်း ရှိနေရလေတယ်။

‘ ဟဲ့ အကို။ နင် ဘာလုပ်နေတာလဲ…’

တဲထဲကို ဝင်လိုက် ထွက်လိုက် တစ်ပတ်ပတ်လိုက်နဲ့ ဘယ်နှစ်ကြိမ်တွေ ရှိပြီလဲ မင်းခေါင် မသိတတ်ချိန်၊ အငယ်မ မိသွယ်ရဲ့ အနားကပ်ခေါ်သံကြောင့် သတိကပ်မိသွားရတယ်။

ကြည့်မိတော့ မိသွယ်က ထမင်းတောင်းကို ပိုက်လို့ တဲအထဲရောက်နေပြီ။ ပုံမှန်ဆို မိသွယ်က ဆွမ်းစားချိန် အုန်းမောင်း ခေါက်ပြီးချိန်လောက်မှ ရောက်လာတတ်တဲ့သူ။

‘ ဟဲ့ အငယ်မ။ ဒီနေ့ နင် ထမင်းပို့တာ စောလှချည်လား…’

‘ အံမယ် ဘယ်နှယ့်ပြောတာတုန်း။ ကျုပ်က ကနေ့ နေူက်ကျနေတာကို…’

‘ ဟမ်…နင်က နောက်ကျတယ်။ မဟုတ်သေးဘူး…အုန်းမောင်းခေါက်သံတောင် မကြားရသေးဘူးလေ…’

‘ အယ် အကို။ နင် အုန်းမောင်းခေါက်သံကို မကြားမိဘူးပေါ့…’

‘ ဟောတော်…’

မိသွယ် ဘာမှ ဆက်မပြောတော့ဘဲ ထမင်းတောင်းကို တဲကွပ်ပျစ်ကလေးဆီ ချလိုက်တယ်။ မင်းခေါင်က ကြောင်ကို အခဲမကျေစွာ လိုက်ရှာနေဆဲပဲ။ မိသွယ်က စားဖို့အတွက် ခူးခပ် ပြင်ဆင်လိုက်ရင်း တစ်စုံတစ်ခုကို တွေးမိသွားဟန်နဲ့…။

‘ ဟေ့…အကို…’

‘ ဟေ…’

‘ နင်…အလုပ်မလုပ်ဘဲ အိပ်နေတာမဟုတ်လား…’

‘ အဲ…’

‘ ဟူတ်ပါတယ်။ သေချာပါပြီ…’

မိသွယ်က အဖြေကို သိသွားပြီမို့ မျက်နှာက မကျေမလည်ဖြစ်သွားရကာ…။

‘ အကို…ငါ နင့်ကို အမေနဲ့ တိုင်မှရမယ်…’

‘ ဟာ…’

မိခင်ဖြစ်သူက နှမ်းခင်းတွေ ပေါင်းထိုးဖို့အတွက် မင်းခေါင်းကို သုံးရက်အတွင်း အပြီးသတ်ပေးဖို့ ပြောထားတယ်။ ဒီအတွက်ကိုလည်း မင်းခေါင်ကို လူငှါးဖို့အတွက် သုံးရက်စာ လုပ်အားခ ထုတ်ပေးထားပြီးသား။ ဒါကို မင်းခေါင်က ငွေလိုချင်တာမို့ လူမငှါးဘဲ သူတစ်ယောက်ထဲ ကြိတ်ပြီး လုပ်နေတာရယ်။

အခုကိုပဲ ရက်က နှစ်ရက်ကျိုးနေပြီ။ ဒါကို နှမ်းကွက်က တဝက်မပြီးသေးဘူး။ သုံးချိုးနှစ်ချိုးလောက် ကျန်သေးတယ်။ မိသွယ်က ဒါကို ကောင်းကောင်း သိတယ်။ ဒါကြောင့်လည်း အလုပ်အပြီးမသတ်နိုင်ရင် တိုင်မယ်ဆိုတဲ့ အကြောင်းပြောတယ်။

မင်းခေါင်က ဟုတ်လည်းဟုတ်တယ်။

‘ ဟေ့…ငါ့နှမ…’

အတိုင်ခံရမယ်ဆိုတော့ မင်းခေါင် အာရုံက မိသွယ်ဆီကို ရောက်ရှိသွားတယ်။ အနားဆီကို အမြန်ပြေးကပ် ထိုင်မိတော့ မိသွယ်က တစ်ဖက်ကို ငြူစူဟန်နဲ့ လှည့်သွားတယ်။

‘ အကို့ရဲ့ တစ်ဦးတည်းထဲသော နှမလေး ဟီး…ဟီး…’

‘ ဘာ…ဟီး…ဟီးလဲ။ ရက်က နှစ်ရက်ကျိုးနေပြီ။ နှမ်းကွက်က ဘယ်လိုမှတောင် မနေသေးဘူး…’.

‘ ဪ…ငါ့နှမရယ်။ ငါ ဒီနေ့ ညတုန်းက အိပ်ရေးပျရ်တာကြောင့် အိပ်ပျော်သွားလို့ပါဟ…’

‘ မသိဘူး ကျုပ်ကတော့ တိုင်မှာပဲ…’

မိသွယ်က ဇွတ်ဆိုတော့ မင်းခေါင် မျက်နှာကို ပိုလို့ ပြုံးဖြီးလိုက်တယ်။

‘ မိသွယ်…ဟို ဟိုလေ…’

‘ ဘာလဲ…’

‘ နှမ်းခင်းတွေ အမြန်ပြီးအောင် နင်ပါ ကူပေးပါလား။ ငါ လုပ်အားခ ပေးမယ်လေ…’

‘ အို…တော်ပါ။ ဟိုရက်တွေတုန်းက ကျုပ်လည်း လိုက်လုပ်မယ်ဆိုတော့ အကိုပဲ မရဘူးဆို…’

‘ အဲ့ဒါက ဟိုနေ့ကလေ။ အခုက ဒီနေ့ ဖြစ်သွားပြီ။ လုပ်ပါ မိသွယ်ရယ်…’

‘ ကျုပ်ကို လုပ်အားခ သုံးရက်စာ အပြည့်ပေးမှာလား…’

‘ အင်း.ပေးမယ်လေ…’

‘ ပြီးရော… ဒါဖြင့်လည်း ကျုပ် လုပ်ကူမယ်…’

‘ ဟေး…ဒါမှ ငါ့ နှမကွ…’

မင်းခေါင် ဝမ်းသာအားရနဲ့ ထအော်လိုက်မိတယ်။

မောင်နှမနှစ်ယောက် ထမင်းစားကြတယ်။ မင်းခေါင် အခုနက အာရုံရနေတဲ့ ကြောင်လည်း စိတ်ထဲမရှိတော့ဘူး။ အော်သံလည်း ထပ်ပြီး ထွက်မလာတော့ဘူး။

စားသောက်ပြီးချိန်ကျတော့ မင်းခေါင်က မနားမပြုတော့ဘဲ နှမ်းခင်းထဲကို ဆင်းနှင့်တယ်။ မိသွယ်က ထမင်းပန်းကန်တွေကို သိမ်းဆည်းရင်း ကျန်ရစ်တယ်။

မင်းခေါင် နှမ်းခင်းထဲ ဆင်းပြီး သိပ်မကြာခင် မိသွယ်လည်း အခင်းထဲ ဆင်းလာတယ်။

မောင်နှမနှစ်ယောက် အလုပ်ကို တက်ညီလက်ညီလုပ်ကြတယ်။

ညနေစောင်းချိန်ကျတော့ မင်းခေါင် ပေါင်းထိုးဖို့ တာဝန်ယူထားတဲ့ အခင်းတွေအားလုံး ပြီးစီးလုပြီ။

‘ အကို…ကျန်တာကို နင် မနက်ဖြန် တစ်မနက် လုပ်လိုက်ရင် ရပြီ။ အခုတော့ မှောင်တော့မယ် ပြန်ကြစို့…’

‘ အင်း…ပြန်ကြမယ်…’

ဆောင်းဝင်ကာစမို့ ညနေခင်း နေဝင်ချိန်က စောလွန်းတယ်။ မောင်နှမနှစ်ယောက် လယ်ထဲကနေ ရွာဆီကို ပြန်တော့ မှောင်ရီနေပြီ။

‘ ညှောင်…’

အနောက်ပါးဆီက ကြောင်အော်သံက ထွက်ပေါ်လာတော့ မင်းခေါင် လန့်ဖျပ်သွားတယ်။ ကျီးကြည့်ကြောင်ကြည့် ဟိုဒီလည်း ကြည့်မိတယ်။

‘ အကို နင် ဘာဖြစ်နေတာလဲ…’

မင်းခေါင်ရဲ့ အမူအယာကို မိသွယ်က သတိထားမိတော့ မေးလာတယ်။

‘ ကြောင်အော်သံ ကြားမိလို့ဟ…’

‘ ငါတော့ မကြားပါဘူး…’

‘ မဟုတ်သေးပါဘူး…’

မင်းခေါင် တောင်ကြည့်မြောက်ကြည့် ထပ်ရှာပြန်တယ်။

ဘာမှရှိမနေပါဘူး။

‘ အကို နင်လုပ်တာနဲ့ ငါ လန့်လာပြီ။ တော်ပြီ တော်ပြီ။ မြန်မြန်ပြန်မယ်…’

မိသွယ်က ပြောတော့ မင်းခေါင်လည်း နှမဖြစ်သူကို စိတ်မချတာမို့ အနောက်က ပြေးလိုက်မိတယ်။ ရွာအဝင်ဆီကိုရောက်တော့ သူတို့အရှေ့ကနေ လူတစ်စုက ပိတ်ရပ်နေလေတယ်။

ဘမင်းတို့ လူစု။

မင်းခေါင်တို့ မောင်နှမက သူတို့ဘာသာ နေတယ်ထင်ပြီး ရှောင်ကွင်းသွားဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် အရှေ့ဆုံးက ဘမင်းက ကွင်းရှောင်သွားဖို့ ကြိုးစားတဲ့ မင်းခေါင်ရဲ့ လက်မောင်ကို ဆွဲပြီး ပြန်တွန်းလွှတ်လိုက်တယ်။ ဒိအချင်းအရာကြောင့် မင်းခေါင်က ဘမင်းကို မျက်နှာချင်းဆိုင်လိုက်ကာ…။

‘ ဘမင်း…

မင်းခေါင် ခပ်မာမာ ခေါ်လိုက်ချိန် ဘမင်းက မင်းခေါင် ပခုံးကို ခပ်ထထပြုံးရင်း လက်နဲ့ မထီစွာ လှမ်းပုတ်လို့…။

‘ ယောက်ဖ…မင်းနဲ့ ငါ စကားပြောစရာရှိတယ်…’.

အခေါ်အဝေါ်က မင်းခေါင်အတွက် အဆင်ပြေမနေဘူး။

‘ မင်း…ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ ဘမင်း…’

ဘမင်းက မင်းခေါင်နံဘေး ရပ်နေတဲ့ မိသွယ်ကို ပြီတီတီ ကြည့်လိုက်တယ်။

‘ နှမ လှလှလေး ပိုင်ဆိုင်ထားတဲ့ မင်းကို ယောက်ဖလို့ ခေါ်လိုက်တာလေကွာ…’

‘ ဘာ…’

မင်းခေါင် ဒေါသထွက်ပြီး ဘမင်းကို တစ်စုံတစ်ခု လုပ်ဖို့ ကြိုးစားတော့ မိသွယ်က လှမ်းဆွဲလာတယ်။

‘ အကို…ဒီကောင်တွေ တမင်သက်သက် ပြဿနာရှာတာ။ နင့် စိတ်ကို ထိန်းစမ်း…’

‘ မိသွယ်…ငါ နင့်ကို ချစ်တယ်…’

‘ ဘာ…’

ဘမင်းက သူမကို ကြည့်ပြီး ပြောလာတော့ လက်သွက်တဲ့ မိသွယ်ရဲ့ လက်တစ်ဖက်က ဘမင်းဆီကို လှစ်ခနဲ။

ဒါပေမယ့် ဘမင်းက မိသွယ်လက်ကို လှမ်းဖမ်းလိုက်တယ်။

‘ ခွပ်…’

ဒီအခြေအနေမှာ မင်းခေါင်က လှစ်ခနဲ ဘမင်းကို ဝင်ထိုးချလိုက်တယ်။

ဒီအခါ ဘမင်းဘက်ကလူတွေကပါ ပါဝင်လာပြီး အခြေအနေက ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြတော့တယ်။

*******

‘ တောက်…’

သူကြီးအိမ်ဆီမှာ ရန်ဖြစ်ကြခဲ့တဲ့ ဘမင်းတို့လူစုနဲ့ မင်းခေါင်တို့မောင်နှမ ရောက်ရှိနေကြတယ်။

နှစ်ဖက်မိဘအသိုင်းအဝိုင်းများကလည်း လူငယ်တွေရဲ့ ရန်ပွဲအတွက် သူကြီးဖြစ်သူရဲ့ ဆင့်ခေါ်မှုကြောင့် ရောက်ရှိနေကြပြီ။

မင်းခေါင်ဆီမှာ ဒဏ်ရာဒဏ်ချက်တွေက ရှိနေသလို ဘမင်းတို့သုံးယောက်မှာလည်း ဒဏ်ရာတွေက အသီးသီး။ မိသွယ်ကတော့ မိန်းကလေးမို့ ဒဏ်ရာရတာမျိုး မရှိဘူး။

‘ မင်းတို့ ဘယ်လိုဖြစ်ကြတာလဲ…’

သူကြီးက အရှေ့ဆီ လာရပ်ပြီး မေးလာတော့ မင်းခေါင်က…။

‘ ဒီကောင်တွေ ရန်လာစတာ သူကြီး။ ကျုပ်နှမကို စော်ကားမော်ကား ပြောတယ်…’

‘ ဟုတ်သလား ဘမင်း…’

‘ အမှန်ပဲ သူကြီး။ ကျုပ် ဒီကောင့်ကို သန်းခေါင်ယံပြိုင်ပွဲ ကိစ္စ မကျေနပ်လို့ တမင်နှောက်ယှက်တာ…’

‘ ဟာ…’

ဘမင်းစကားအဆုံး အာမေဋိတ်သံတွေက ရောထွေးထွက်ပေါ်လာတယ်။ ဒီအခိုက် ဘမင်းရဲ့ အဖေ ဦးဘစီက မျက်နှာကြီး နီမြန်းသွားခဲ့ပြီး ဘမင်းအရှေ့ဆီကို ရောက်လာကာ…။

‘ ဟေ့ကောင် ဘမင်း…’

‘ ဗျာ…ဗျာ…အဘ…’

ဘမင်းက သူ့အဖေကိုတော့ ကြောက်တာ နှစ်ယောက်မရှိဘူး။ ပြာပြာသလဲပါပဲ ပြန်ထူးရင် ရိုကျိုးပြနေတယ်။

‘ မင်းအခုနက ပြောလိုက်တာ ဘာတဲ့။ သန်းခေါင်ယံ ပြိုင်ပွဲကြောင့် ဟုတ်သလား…’

‘ ဟုတ် ဟုတ်ပါတယ် အဘ…’

‘ တောက်…မင်းကွာ။ မင်းကို ငါလုပ်ရင် သေတော့မယ်။ ဒီဘာမဟုတ်တဲ့ ပြိုင်ပွဲက မင်းသူတစ်ပါးကို ရန်ရှာဖို့အထိ အကြောင်းတရား လုံလောက်နေလို့လားကွ ဟေ…’

‘ ဖြောင်း…’

ဦးဘစီက ပြောလည်းပြော၊ လက်ကလည်း မြန်တယ်ယ်။ ဘမင်းကို နားရင်းအုပ်ချလိုက်တယ်။

‘ ဟာ…အဘ။ ကျုပ် ကျုပ် အတွက် ပြိုင်ပွဲက အဲ့သလောက်မဟုတ်ဘူးဗျ။ ကျုပ်အတွက် အရေးကြီးတာက ဟို ဟို မြသစ်။ မြသစ်က ပြိုင်ပွဲမှာ ဆုရမှ စဉ်းစားပေးမယ်ဆိုလို့…’

‘ ဘာ…’

မြသစ်ဆိုတဲ့ အသံကြားတော့ မင်းခေါင်ပါ ဆတ်ခနဲ ဖြစ်သွားတယ်။ ပြိုင်ပွဲမတိုင်ခင်က မြသစ်ပြောဖူးတဲ့ စကားကလည်း နားထဲဆီကို ရောက်ရှိလာတယ်။

‘ ဟေ့ကောင် ဘမင်း…’

‘ ဗျာ…အဖေ…’

‘ မင်းက မြသစ်ကို တကယ်လိုချင်တာလား…’

‘ ဟာ…အဖေကလည်း လိုချင်လို့ပေါ့ဗျ။ အဲ့ဒါကြောင့် ကျုပ် သန်းခေါင်ယံပြိုင်ပွဲကိုတောင် မရမက ဝင်ပြိုင်တာကို…’

‘ အေး…ရပြီ။ အခုတော့ သူကြီးပေးမယ့် အပြစ်ကို မင်းခံပေဦး။ အပြစ်က လွတ်တာနဲ့ မင်းအတွက် မြသစ်ကို ငါကိုယ်တိုင် လိုက်ပြီး တောင်းရမ်းပေးမယ်…’

‘ ဟာ…’

ဘမင်းနဲ့ မင်းခေါင်ဆီက အာမေဋိတ်သံက တစ်ပြိုင်နက်ထဲ။

ဘမင်းက အလွန်အမင်း ပျော်ရွှင်သွားပေမယ့် မင်းခေါင်ကတော့ ခြေလက်တွေ တုန်ယင်ပြီး ဦးခေါင်းတွေ ချာချာလည်သွားရတယ်။

ငွေရှင် ကြေးရတက်တစ်ယောက်ဆိုတာ ဘာမဆို ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ မင်းခေါင်သိတယ်။ ပြီးတော့ ခေတ်ကာလအားဖြင့်လည်း ငွေရှင်ကြေးရတက်တို့ကသာ လောကကြီးကို လွှမ်းမိုးနေတဲ့ ကာလ။

‘ အကို…’

မင်းခေါင်နဲ့ မြသစ်အကြောင်းကို သိနေသူ မိသွယ်က မင်းခေါင်လက်ကို ဆုပ်ကိုင်လာတယ်။ မင်းခေါင်က အံကို တင်းတင်းကြိတ်လိုက်ပြီး မိသွယ်လက်ကို ပြန်ဆုပ်ကိုင်လိုက်ချိန် သူကြီးက…။

‘ ကဲ…မင်းခေါင်နဲ့ ဘမင်း။ မင်းတို့က အရင်က အခုလို ပြဿနာမျိုး တစ်ခါမှ ဖြစ်ဖူးခဲ့တာမဟုတ်တော့ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ဒါမျိုး ထပ်ဖြစ်လာတယ်ဆိုရင်တော့ မင်းတို့ကို အပြစ်ဒဏ် နှစ်ဆ ပေးမယ်။ ကြားကြလား…’

‘ ကြားပါတယ်…’

‘ အေး…ဒါဖြင့် မင်းတို့ သွားကြတော့။ မင်းတို့ မိဘတွေနဲ့ ငါ မှားရာရှိတာ မှာလိုက်မယ်…’

ဘမင်းတို့ တစ်သိုက် ပျော်ပြီး ထွက်သွားကြတယ်။

မင်းခေါင်တို့ မောင်နှမကတော့ သူကြီးဖြစ်သူက အမှာစကားပြောနေတဲ့ မိခင်ဖြစ်သူကို စောင့်ရင်း ကျန်ရစ်ကြလေရဲ့။

*******

ညဘက်အချိန် မင်းခေါင် တစ်ယောက် ရင်ထဲက အပူကြောင့် တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။

အတော်ကြီး ညဉ့်နက်ခဲ့ပြီး လင်းကြက်တွန်ကာနီးမှ မင်းခေါင် မှေးခနဲ အိပ်ပျော်သွားခဲ့ရတယ်။

အိပ်ပျော်ချိန် အိပ်မက်ထဲမှာ နေ့လည်ခင်းတုန်းက အိပ်မက်ခဲ့တဲ့ အမွှေးအမျှင်မရှိတဲ့ ကြောင်နက်ကြီးကို မြင်မက်ရပြန်တယ်။

ဒီတစ်ခါတော့ မင်းခေါင် ရင်ထဲမှာ ကြေကွဲနေရတာမို့ အနားကပ်လာတဲ့ ကြောင်နက်ကြီးကို လိုလိုလားလားပဲ ခေါ်ယူလိုက်မိတယ်။

ကြောင်နက်ကြီးက မင်းခေါင်ရဲ့ ရင်ခွင်ဆီမှာ ခွေကာ အိပ်စက်နေတယ်။

‘ သား…မင်းခေါင်…’

မိခင်ဖြစ်သူရဲ့ လှုပ်နှိုးရင်း ခေါ်လိုက်တဲ့ အသံကြောင့် မင်းခေါင် အိပ်မက်ဆီက နိုးထလာရတော့ မနက်ခင်း မိုးက စင်စင်လင်းနေချေပြီ။

‘ ဟာ…မိုးတောင် လင်းနေခဲ့ပြီပဲ…’

မင်းခေါင် အိပ်ရာဆီက အမြန်လူးလဲထရင်း မျက်နှာကို ကမန်းကတမ်းသစ်ကာ မနေ့က ကျန်ရစ်တဲ့ အခင်းလက်ကို ဖြတ်ဖို့ သွားမယ် ပြင်တော့ မိခင်ဖြစ်သူက…။

‘ သား…မင်းခေါင်။ မင်း ကနေ့ကို အခင်းထဲ မသွားနဲ့တော့…’

‘ ဟင်…ဘာလို့လဲ အမေရဲ့…’

‘ ကျန်ရစ်တဲ့ဟာလေးကို လုပ်ဖို့ အမေ လူငှါးလွှတ်လိုက်ပြီ…’

‘ ဟာ…အမေကလည်း မဟုတ်တာ။ ကျုပ် တာဝန်ယူထားတာပဲ။ ကျုပ် လုပ်မှာပေါ့။ လူငှါးနဲ့ အခင်းကို စိတ်မချပါဘူး အမေရာ။ ကျုပ် လိုက်သွားဦးမယ်…’

မင်းခေါင် ပြောပြောဆိုဆိုပဲ အိမ်အပြင်ကို ထွက်လိုက်တယ်။

‘ ဟဲ့…သား။ မင်း ထမင်းကြမ်း စားမသွားတော့ဘူးလား…’

‘ မစားတော့ပါဘူး အမေရာ။ အခင်းက တစ်မနက်ဆို ပြီးမှာပါ…’

မင်းခေါင် အိမ်ကနေ ခပ်သုတ်သုတ်ပဲ ထွက်ခဲ့တယ်။

အမှန်တော့ ရင်ထဲက ဝေဒနာကြောင့် နေရထိုင်ရ အဆင်မပြေဖြစ်ပြီး တစ်ယောက်ထဲ သီးသန့်နေလိုနေတာရယ်။

မင်းခေါင် တဖြေးဖြေးနဲ့ ရွာအစွန်ဘက်က ဦးဘာထူးရဲ့ အိမ်ရှေ့ဆီက ဖြတ်လာခဲ့မိတယ်။

‘ ဟေ့…ကောင်လေး…’

အနောက်ပါးက ခေါ်သံကြောင့် မင်းခေါင် ကြည့်မိတော့ ခြံဝဆီကနေ ရပ်ရင်း သူ့ကို ခေါ်နေတဲ့ ဦးဘာထူးနဲ့ တာနောကြီးတို့ ဆရာတပည့်။

ပထမတော့ မင်းခေါင် ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။

‘ ကျုပ်ကို ခေါ်တာလား ဘကြီး…’

‘ အေး…ဟုတ်တယ်။ မင်းကို ပြောစရာရှိလို့…’

လူထူးဆန်းကြီးက ထူးထူးဆန်းဆန်း သူ့ကို ပြောစရာရှိတယ်ဆိုတော့ ဘာအကြောင်းဆိုတာ မင်းခေါင် ရုတ်ခြည်း နားမလည်နိုင်။ ပြီးတော့မှ သန်းခေါင်ယံပြိုင်ပွဲတုန်းက ကိစ္စကြောင့် ဖြစ်မယ်လို့ ယူဆလိုက်ပြီး…။

‘ ဘကြီး…။ ကျုပ် ဘကြီးဆီက ယူသွားတဲ့ အ…အရုပ်ကို သူတို့ လာပို့ပြီးပြီ မဟုတ်လား…’

မင်းခေါင် မေးခွန်းထုတ်တော့ ဦးဘာထူးကော တာနောကပါ ပြုံးတယ်။

‘ အေး…ဟူတ်တယ်။ သူတို့ လာပို့ပြီးသွားပြီ။ ဒါပေမယ့် ဒီက တူမောင်နဲ့ ဘကြီး စကားပြောဖို့ လိုအပ်နေတာမို့…’

‘ ဘာအကြောင်းများလဲ ဘကြီး…’

‘ ဒီစကားတွေက ဒိနေရာမှာ ပြောဖို့ မသင့်လျော်ဘူးကွ။ ဒါကြောင့် တူမောင် လက်ခံတယ်ဆို အိမ်ထဲကို ဝင်ကွာ…’

ဦးဘာထူးကြီးက ပြောပြီးတော့ ခြံထဲကို ဝင်ရောက်သွားတယ်။ တာနောကြီးက ခြံဝကနေ မင်းခေါင်ကို စောင့်နေတယ်။

မင်းခေါင်လည်း မထူးတော့ဘူးလို့ ယူဆလိုက်ပြီး ခြံထဲကို လိုက်ဝင်လိုက်တော့ တာနောကြီးက ခြံတံခါးကို အသေအချာ ပြန်ပိတ်လေတယ်။

အင်းခွေးကြီးနှစ်ကောင်က မင်းခေါင်ကို မြင်တော့ သူစိမ်းသူရံဖြစ်နေပေမယ့် ထူးဆန်းစွာနဲ့ ဟောင်တာ မာန်ဖီတာမျိုးမလုပ်ဘဲ အမြှီးတနှံ့နှံ့နဲ့ ရှိနေတယိ။

‘ ငလုံးနဲ့ ငပြားကတောင် မင်းကို ဘာဆိုတာ သိနေပြီပဲ’

‘ ဟင်…ဘာကို ပြောတာလဲ ကိုတာနောကြီး’

‘ ဘာမှ မဟုတ်ပါဘူးကွာ။ ဒိအတိုင်းပြောလိုက်တာ။ တပ်မှူးဆီကို ရောက်ရင်တော့ မင်း အါးလုံးသိရမှာပါ…’

တာနောကြီးဆီက ဦးဘာထူးကို တပ်မှူးဆိုတဲ့ အသုံးအနှုန်းကြောင့် မင်းခေါင် အံ့အားသင့်သွားရတယ်။

‘ ကဲ…မင်းခေါင်။ အိမ်ပေါ်ကို တက်ကွာ…’

တာနောကြီးစကားကြောင့် မင်းခေါင်လည်း အိမ်ပေါ်ဆီကို တက်လိုက်တယ်။

အိမ်ပေါ်ရောက်တော့ မင်းခေါင် မြင်ကွင်းတွေကို ကြည့်ပြီး အလွန်အံ့သြရပြန်တယ်။

နံရံတွေအထက်ဆီမှာ နန်းတွင်းစစ်သည်တော်တွေ အသုံးပြုတဲ့ အဲမောင်းတွေ၊ လှံတွေ၊ ဒိုင်းတွေနဲ့ ဓား၊ လေးမြှားတွေကို ခန့်ခန့်ထည်ထည်ကြီး ချိတ်ဆွဲထားတာကို မြင်ရတယ်။

ပြိုင်ပွဲညက သူ ဒိအိမ်ပေါ်ကို ရောက်ခဲ့ပေမယ့် မှောင်နေတာကြောင့် အခုလို စစ်သုံး ပစ္စည်းတွေကို အသေအချာ မကြည့်ခဲ့ရဘူး။

‘ ကဲ…မောင်မင်းခေါင် ထိုင်ကွာ…’

ဦးဘာထူး အသံကြောင့် မင်းခေါင် အာရုံပျက်သွားရတယ်။

ဥိးဘာထူးက ရွှေရောင်လွှမ်းတဲ့ ကုလားထိုင်ကြီးတစ်လုံးဆီမှာ ထိုင်နေပြီး လက်ထဲမှာ နက်မှောင်နေတဲ့ ကြောင်ရုပ်ကြီးကို ပွေ့ပိုက်ထားတယ်။ ကြောင်ရုပ်ကို မြင်တော့ မင်းခေါင် သူ့အိပ်မက်ထဲက ကြောင်ကို သတိရမိသွားတယ်။

‘ ဒါ…ဒါ…’

‘ မင်းရဲ့ အိပ်မက်ထဲက ကြောင်ကြီးပါ တူမောင်…’

‘ ဟင်…’

‘ ဟုတ်တယ် တူမောင်။ ဒီကြောင်ကြီးက မှော်အစီအရင် တစ်မျိုးနဲ့ စီရင်ထားတဲ့ ကြောင်ကြီးပဲ။ သူက သက်ရှိကြောင်တစ်ကောင်ပါ တူမောင်။ မယုံရင် သူ့မျက်လုံးတွေကို တူမောင် ကြည့်လိုက်ပါ…’

မင်းခေါင်လည်း ဦးဘာထူးပြောသလို ကြောင်ရုပ်ကြ်ိးရဲ့ မျက်လုံးတွေကို ကြည့်မိတယ်။ မျက်လုံးတွေက တကယ့်သက်ရှိကြောင်တစ်ကောင်လိုပါပဲ။ မင်းခေါင်ကိုတောင် မျက်လုံးချင်း ပြန်ဆိုင်ကြည့်လာတယ်။ မျက်လုံးချင်းဆုံမိချိန် အကြည့်တွေက မင်းခေါင်ရင်ဘတ်ထဲအထိတောင် ထွင်းဖောက်ဝင်ရောက်သွားသလိုပါပဲ။

ပြိုင်ပွဲညတုန်းကတော့ သူ့အနေနဲ့ ဒိကြောင်ရုပ်ကြီးကို ယူသာယူခဲ့တာ သေချာ မကြည့်မိခဲ့ဘူးလေ။

‘ တူမောင့် အခု ကြုံတွေ့နေရတာတွေနဲ့ ပက်သက်ပြီး အရာအားလုံးကို ရေရေရာရာသိရအောင် ဘကြီးက ပြောပြပါ့မယ်…’

‘ ဟုတ်ကဲ့ ဘကြီး…’

မင်းခေါင် စိတ်ဝင်တစားနဲ့ ခေါင်းညိတ်လိုက်မိတယ်။

‘ စတင်ပြီး ပြောရမယ်ဆိုရင်တော့ ဘကြီးနဲ့ ဟိုက တာနောကြီးတို့ရဲ့ ရာဇဝင်ကနေ စတင်ရလိမ့်မယ် တူမောင်။ တကယ်တော့ ဘကြီးနဲ့ တာနောကြီးတို့ဆိုတာ သီပေါကိုယ်တော်ရဲ့ ကိုယ်ရံတွေပါ…’

‘ ဗျာ…’

မင်းခေါင် ထင်မှတ်မထားခဲ့တာမို့ အံ့သြလွန်းရပြီး မျက်လုံးတွေ အဝိုင်းသားဖြစ်သွားရတယ်။

‘ ဟုတ်တယ် တူမောင်။ အင်္ဂလိပ်တွေဆီမှာ တို့ဗမာတွေ အရေးနိမ့်ခဲ့ပြီဆိုတဲ့ အချိန်၊ သီပေါကိုယ်တော်လေးက ဘကြီးအပါအဝင် ကိုယ်ရံတော်တပ်မှူးသုံးယောက်ကို အခေါ်ရှိတယ်။ ပြီးတော့ ပုရပိုက်သုံးစုံကို တစ်စုံစီ ပေးအပ်ပြီး ချက်ချင်း ထွက်သွားကြဖို့နဲ့ ပုရပိုက်တွေကို တိုင်းပြည်အတွက် လိုအပ်ရင် စီရင်ပါလို့ မှာခဲ့တယ်။ နန်းတွင်းမှာ ဘာအရေးကြုံကြုံပြန်မလာကြဖို့လည်း မှာတယ်။ တို့တပ်မှူးသုံးယောက်ဟာ ပုရပိုက်တွေ ယူပြီးတာနဲ့ ချက်ချင်းကိုပဲ ကိုယ်ရံတစ်ယောက်စီနဲ့ နန်းတွင်းကနေ ပုံဖျက်ပြီး နေရာအသီးသီးကို ထွက်ခဲ့ကြတယ်။ နောက်တစ်နေ့မှာတော့ အင်္ဂလိပ်တို့ဟာ သီပေါကိုယ်တော်တို့ဟာ ဂေါဝန်ဆိပ်ကမ်းကနေတစ်ဆင့် တိုင်းတစ်ပါးဆီကို ခေါ်ဆောင်သွားကြတယ်ဆိုတာ သိကြရတော့ ဘကြီးတို့ အံကြိတ်မျက်ရည်ကျရတယ်။ သီပေါကိုယ်တော်ဆီမှာ ကတိကဝတ်ခံခဲ့ရတာမို့သာ မဟုတ်ရင် ဘကြီးတို့ ပြန်မိခဲ့မှာပဲ။ ထားပါတော့ အဲ့ဒီ့နောက်က အကြောင်းတွေကိုပဲ ဘကြီး ဆက်ပြောပြမယ်…’

ဦးဘာထူး အံကို ကြိတ်ထားတယ်။ မျက်ဝန်းဆီမှာ ခံပြင်းစိတ်ကြောင့် မျက်ရည်စတို့ ရစ်ဝိုင်းနေတာကို မင်းခေါငိ မြင်ရတယ်။

‘ နောက်ပိုင်းတွေမှာတော့ ဘကြီးနဲ့ တာနောတို့ဟာ နေရာမျိုးစုံမှာ ပုံဖျက်ပြီး ဇာတ်မြုပ်နေရင်း သီပေါကိုယ်တော်ပေးတဲ့ ပုရပိုက်က အစီအရင်ကို စီရင်ကြတယ်။ အစီအရင်က ‘ ကြောင်နက်တစ်ရာ မျက်ရှင်’ တဲ့။ ဘကြီးတို့ဟာ အင်္ဂလိပ်အထောက်တော်တွေကြောင့် နေရာပေါင်းစုံကို ပြောင်းရွှေ့ရင်း ဒီအစီအရင်ကို လုပ်ဆေူင်ခဲ့ကြတယ်။ ဆယ်သုံးနှစ်အတွက်း ငါးကြိမ် အစီအရင် ပျက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေက ဒီရွာကို ရောက်မှပဲ အစီအရင် အောင်ရတော့တယ်။ အစီအရင်ကိုတော့ ဘယ်လိုဆိုတာ ဘကြီး တူမောင့်ကို အသေးစိတ် ပြောမပြတော့ဘူး။ အခု တူမောင် သိသင့်တာကို ဘကြီး ပြောပြမယ်…’

‘ ဟုတ်ကဲ့ ဘကြီး…’

‘ ဘကြီးတို့ အောင်မြင်ခဲ့တဲ့ အစီအရင်ကြောင်ကြီးဟာ သူနဲ့ အပ်စပ်စီရင်ရမယ့်သူကို သူကိုယ်တိုင် ရွေးချယ်ရတယ်။ အခု မောင်ရင့်ကို ဘကြီးရဲ့ အစီအရင် ကြောင်ကြီးက ရွေးချယ်ထားလိုက်ပြီ…’

‘ ဗျာ…’

မင်းခေါင် သက်ရှိကြောင်ကို စီရင်ထားတယ်ဆိုတဲ့ ကြောင်ရုပ်ကြီးကိုတစ်လှည့် ဥိးဘာထူးကို တစ်လှည့် ကြည့်မိလေတယ်။

‘ ဟုတ်ပါတယ် တူမောင်။ တူမောင်သာ ဆန္ဒရှိမယ်ဆိုရင် အစီအရင်ကို လက်ခံပေးပါ…’

‘ ကျုပ်က ဒါကြီးကို စီရင်ပြီးရင် ဘာဖြစ်သွားမှာလဲ…’

မင်းခေါင်ရဲ့ အမေးကြောင့် ဦးဘာထူးက ပြုံးလိုက်တယ်။

‘ အစီအရင်ကို ပြုပြီးတဲ့အခါ တူမောင်ဟာ တူမောင်တို့ရဲ့ ဟော့ဒီသရဝဏ်ရွာကသူတွေ သိပ်ကို လေးစားအားကျပြီး ချစ်ခင်နေကြတဲ့ အင်းဝခေတ် သူရဲကောင်းကြီး ငတက်ပြားလို စွမ်းအားရှိလာမှာပါ…’

‘ ဗျာ…ဒါ…ဒါဆို၊ ကြောင်မျက်ရှင် အစီအရင်ပေါ့…’

‘ အမှန်ပါပဲ တူမောင်။ ဒါပေမယ့် တစ်ခုတော့ တူမောင်သိထားရမယ်…’

‘ ဘာများလဲ ဘကြီး…’

‘ အစီအရင်ကို ပြုတယ်ဆိုတာဟာ ဒီအတိုင်း ပျော်စေပျက်စေဆိုတဲ့ သဘောမျိုးနဲ့ ပြုစေတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တူမောင်က တာဝန်ထမ်းရွက်ရပါတယ်…’

‘ တာဝန် ဟုတ်လား ဘကြီး…’

‘ အမှန်ပဲ တူမောင်။ အခုဆိုရင် အင်္ဂလိပ်တို့ဟာ အရင်းရှင်စနစ်ကို အသက်သွင်းတဲ့ ဥပဒေထုတ်ပြန်လိုက်ပြီ။ ဒီအချက်ကြောင့် လုပ်ကိုင်နိုင်ခွင့်တွေ ကွာဟလာပြီး အရင်းရှင်နဲ့ ကျောမွဲဆိုတဲ့ လူတန်းစားနှစ်ရပ် ဖြစ်ပေါ်လာတယ်။ ကျောမွဲတွေဟာ မွဲသထက် မွဲလာမယ့် အရေးရှိလာပြီး အရင်းရှင်တို့ကတော့ ချမ်းသာပြီးရင်း ချမ်းသာလာလိမ့်မယ်။ ဒီအခြေအနေမှာ ပြဿနာရှိတာက တို့ဗမာအများစုဟာ အရင်းရှင်ထဲမှာ ရှိမနေဘဲ ကျောမွဲသမားတွေသာ များကြတယ်။ တူမောင်က ရွာထဲနေလို့သာ သိပ်မသိတာပါ။ ပြင်ပလောကကို တစ်ခါလောက် ထွက်ကြည့်ရင် အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးကို မျက်ဝါးထင်ထင် မြင်လာရလိမ့်မယ်…’

မငိးခေါင် တွေဝေသွားရတယ်။

သူ့အနေနဲ့ အစပိုင်းမှာ ဒီကိစ္စကို ဗဟုသုတတစ်ခုအနေနဲ့သာ မှတ်ယူရမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ သူထင်သလိုမဟုတ်ခဲ့ဘဲ သူကိုယ်တိုင် ပါဝင်ပက်သက်ရမယ့် ကိစ္စဖြစ်နေလေတယ်။

‘ လတ်တလောကြီး ဆုံးဖြတ်ချက် ချဖို့ မလိုအပ်သေးပါဘူး တူမောင်။ ဘကြီးတို့ဆီကို အခုလာမယ့် လကွယ်ညမတိုင်ခင် အကြောင်းပြန်ပေးရင် ရပါပြီ။ တစ်ခုတော့ ဘကြီးမင်းကို အထူး မှာလိုပါတယ်…’

‘ ဟုတ်ကဲ့ ဘကြီး။ ပြောပါ…’

‘ အခု ဘကြီးပြောပြတဲ့အကြောင်းတွေ၊ အစီအရင်တွေ ကိစ္စကို တူမောင်ကလွဲပြီး အခြားဘယ်သူမှ မသိပါစေနဲ့…’

‘ ဟုတ်ကဲ့ ဘကြီး။ ဘယ်သူ့ကိုမှ ပေးမသိဘူးဆိုတာ ကျုပ် ကတိပေးပါတယ်…’

‘ ကောင်းပါပြီ တူမောင်။ မင်း ပြန်နိုင်ပါပြီ။ တာနော သူ့ကို ခြံဝအထိ လိုက်ပို့ပေးလိုက်ပါ…’

မင်းခေါင်လည်း ခေါင်းထဲမှာ အတွေးတွေ ချာချာလည်ရင်း ထပြန်ဖို့ လုပ်လိုက်တယ်။ အိမ်ထဲက ထွက်ကာနီးမှာ ဦးဘာထူးလက်ထဲက အစီအရင် ကြောင်ရုပ်ကြီးကို တစ်ချက်ကြည့်မိတယ်။

ကြောင်ရုပ်ကြီးရဲ့ မျက်ဝန်းတွေက သူ့ကို တစ်စုံတစ်ခု ပြောနေသလိုပါပဲ။ မင်းခေါင်လည်း အာရုံကို ဖြတ်ချလိုက်တယ်။

ပြီးတော့ အိမ်ထဲကနေ ထွက်လာခဲ့တော့တာပေါ့…။

ပြီးပါပြီ။

ကျန်အပိုင်းမှာတော့ မင်းခေါင်တစ်ယောက် အစီအရင်ကို လက်ခံဖြစ်ခဲ့ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ‘ စောရမင်းခေါင်ရဲ့ အစီအရင်ပြုတဲ့ည’ စာမူမှာ စောင့်စားဖတ်ရှုပေးကြပါ။

ထမံ(တောင်ငူ)