လူရွတ်ကြီးဦးယ

လူရွတ်ကြီးဦးယ (စဆုံး)

————————

အချိန်အားဖြင့် ကိုလိုနီခေတ်နှောင်းပိုင်းကာလခန့်ကဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် သုံးဆယ်ရွာဟူသည့် ရွာကြီးတစ်ရွာရှိသည်။ ရှေးယခင်ကာလများက သုံးဆယ်နယ်ဟုနာမည်တွင်ကာ စော်ဘွားကြီးများအစဉ်အဆက်အုပ်ချုပ်ခဲ့ကြသည့်နယ်မြေတစ်ခုဖြစ်သည်။ ရွာဟုဆိုသော်လည်း ရွာကြီးတစ်ရွာဖြစ်ကာ ရှေးစော်ဘွားများအခြေစိုက်ခဲ့သည့် နေရာတစ်ခုဖြစ်သည်မို့ ဘုရားကျောင်းကန်ဇရပ်များနှင့် သာသနိကအဆောက်အအုံများပေါများကာ ရှေးဟောင်းသမိုင်းဝင်နေရာများလည်း အများအပြားရှိလေသည်။

သုံးဆယ်ရွာကြီး၏ မြောက်ဘက်တွင်တော့ ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် သချိုင်းမြေများတည်ရှိသည်။ ထိုသချိုင်းမြေများအနက် ယခင်က ရာဇဝတ်သားများကို စီရင်မြှုပ်နှံခဲ့သည့် အကျဉ်းသားသချိုင်းကုန်းနှင့် ထိုသချိုင်းကုန်း၏ တစ်ဖက်ခြမ်းတွင်တော့ တစ်နယ်တစ်ကျေးမှ လာရောက်လည်ပတ်သူများ အကြောင်းရင်းတစ်ခုကြောင့် တိမ်းပါးသွားသည့်အခါ မြှုပ်နှံကြသည့် ဧည့်သည်သချိုင်းရှိပြန်သည်။

တစ်ဖန် ရွာကြီး၏အနောက်ဘက်တွင်တော့ ကင်းကုန်းကြီးဟုခေါ်သည့် ကုန်းတစ်ခုရှိကာ ထိုကုန်းကြီးကိုဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းတစ်ခုရှိ၍ တံတားတစ်စင်းထိုးထားသည်။ ထိုတံတားကို ကင်းကုန်းကြီးတံတားဟုခေါ်သည်။ ထိုတံတားကြီးအဆင်း လမ်းဘေးတစ်ဖက်တွင်တော့ ကျေးရွာအတွင်းမှ လူကြီးသူမများသေဆုံးကြသည့်အခါမြှုပ်နှံကြသည့် လူကြီးသချိုင်းရှိကာ၊ လမ်း၏အခြားတစ်ဖက်တွင်တော့ ကလေးသူငယ်များသေဆုံးကြသည့်အခါ မြှုပ်နံှကြသည့် ကလေးသချိုင်းတစ်ခုရှိသည်။ ထိုသချိုင်းများကို ကျော်ဖြတ်ပြီး တစ်ဖက်ကမ်းသို့ သွားရောက်ပါမှသာ ရွာသားများပိုင်ဆိုင်သည့် စိုက်ပျိုးမြေယာခင်းများဆီသို့ရောက်နိုင်ပေသည်။

ထိုသုံးဆယ်ရွာကြီးတွင် ဦးယ ဟုအမည်ရသည့် ဦးလေးကြီးတစ်ဦးရှိသည်။ သူ၏ ဇနီးမှာ ဒေါ်ညိုဆိုသူဖြစ်သည်။ ဦးယနှင့်ဒေါ်ညိုမှာ ရှမ်းပြည်နယ်ဇာတိမဟုတ်ဘဲ အမရပူရမြို့ဇာတိဖြစ်ကြသည်။ သို့ရာတွင် ကိုလိုနီခေတ်တစ်လျှောက် ရေကြည်ရာမြက်နုရာပြောင်းရွှေ့နေထိုင်ကြရင်း နောက်ဆုံးတွင်တော့ သုံးဆယ်ရွာသို့ရောက်လာကြခြင်းဖြစ်သည်။ ဦးယမှာ ဗမာပီသသည့်ရုပ်သွင်ရှိပြီး ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းနှင့်ဖြစ်ကာ နှုတ်ခမ်းမွှေးကားကားကြီးရှိသည်။ စိတ်သဘောထားကောင်းပြီး ပျော်ပျော်နေတတ်သော်လည်း အရက်မူးလာသည့်အချိန်မျိုးတွင်တော့ သွေးဆိုးတတ်သည်။

အရက်မူးသည့်အခါမျိုးတွင် ကျွဲရိုက်သည့် ကြိမ်လုံးကြီးတစ်လုံးကိုင်ဆွဲကာ ရွာတွင်ပတ်ရမ်းတတ်သည်။ အပေါင်းအသင်းသူငယ်ချင်းများနှင့် အချင်းများကာ ရန်ဖြစ်တတ်သည့်အတွက် ရွာလူမိုက်စာရင်းဝင်နေသူဖြစ်သည်။ အရက်မမူးသည့်အချိန်တွင်တော့ ဦးယမှာ အေးအေးဆေးဆေးဖြစ်သည်။ ပျော်ပျော်နေတတ်သူဖြစ်သဖြင့် အနည်းငယ်ရွတ်တွတ်တွတ်နိုင်သလို ခေါင်းလည်းအရမ်းမာသဖြင့် သူ့ကိုအရပ်ထဲမှလူများက လူရွတ်ကြီး ဦးယဟူသည့် ဂုဏ်ပုဒ်ကိုအပ်နှင်းလိုက်ကြသည်။

ဦးယနှင့် ဒေါ်ညိုတို့လုပ်ကိုင်သည့် ကင်းကုန်းကြီးတံတားအနောက်ဘက် ရွာနှင့်အတော်လှမ်းသော ယာမြေခင်းများမှာ သရဲအခြောက်အလှန့်ကြမ်းသည်ဟု နာမည်ကြီးလှသည်။ ရွာခံရွာသားအချို့ကမူ ကင်းကုန်းကြီးဘက်တွင် ယာမလုပ်ရဲပေ၊ သို့သော် ဦးယမှာ အကြောက်အလန့်မရှိဘဲ ထိုနေရာတွင်ယာလုပ်ကိုင်ခဲ့လေသည်။ မြေဆီသြဇာကောင်းမွန်လှသဖြင့် ယာလုပ်ငန်းများဖြစ်ထွန်းသောကြောင့် ဦးယတို့အတွက်အဆင်ပြေနေပြန်သည်။

ဦးယမှာ မနက်စောစောတွင် အိမ်မှကျွဲများကိုမောင်းနှင်လျှက် ယာတောထဲသို့ဆင်းလေ့ရှိသည်။ တစ်ခါတစ်ရံလည်း လှည်းနှင့်ဆင်းသည်။ ထိုအရပ်ဒေသသည် အနည်းငယ်အေးသည်မို့ နွားများကိုသိပ်မသုံးကြဘဲ စိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲများကိုသာ အသုံးများသည်။ ဦးယကိုကြည့်လိုက်လျှင် အမြဲတမ်း ကျွဲရိုက်သည့်ကြိမ်လုံးကြီးကိုင်ထားကာ ကျွဲသုံးလေးကောင်နှင့်အတူ တွေ့ရတတ်သည်။

ဆောင်းတစ်ညနေတွင်တော့ ဦးယမှာ ယာခင်းထဲမှပြန်လာခဲ့သည်။ ဆောင်းရာသီမို့ ညနေစောင်းသည်နှင့် ချမ်းအေးသည့်လေများတိုက်ခတ်လာကာ ရာသီဥတုမှာလည်း ခပ်မှိုင်းမှိုင်းဖြစ်လာသည်။ ထိုနေ့တွင်မှ ဦးယမှာ ကျွဲတစ်ကောင်လိုက်ရှာရင်း အချိန်အတော်လင့်သွားခဲ့သည်။ ရွာသို့ပြန်လာသည့်အချိန်တွင် ယာခင်းထဲတွင် လူသူတစ်ဦးတစ်ယောက်မှ မရှိတော့ပေ၊ သို့နှင့် ကင်းကုန်းကြီးတံတားကို အဖြတ်တွင် ကလေးသချိုင်းဘက်မှ ကလေးငယ်တစ်ယောက်၏ စူးစူးဝါးဝါးအော်ဟစ်ငိုယိုသံကိုကြားရသည်။

ဦးယမှာ သရဲကြောက်တတ်သူတစ်ယောက်မဟုတ်သဖြင့် ထိုကလေးငိုသံကို ရပ်တန့်ကာနားထောင်လိုက်မိသည်။

“အလို ဘယ်သူကများ သချိုင်းကုန်းထဲမှာ ကလေးကိုလာပစ်သွားပါလိမ့်”

ဦးယမှာ သိချင်ဇောနှင့် ကလေးသချိုင်းဘက်ကိုကြည့်မိသည်။ သချိုင်းတစ်ခုလုံးတွင် မြူကဲ့သို့ဖြူဖြူပါးပါးအလွှာကဖုံးအုပ်လျှက် မြေပုံများမှတ်တိုင်များမှာ ထိုးထိုးထောင်ထောင်ဖြစ်နေလေသည်။

“သူများစွန့်ပစ်ထားတဲ့ ကလေးဆိုရင်တော့ ဒုက္ခပါပဲ၊ ငါသွားကြည့်အုံးမှပါ”

ဦးယမှာ ကျွဲများကိုမောင်းရင်း ကလေးသချိုင်းဘက်သို့ဝင်လာခဲ့သည်။ လမ်းလျှောက်လာရင်း ကလေးငိုသံမှာ နှစ်သံဖြစ်လာသည်။ ဘယ်ဘက်အခြမ်းမှတစ်သံ ညာဘက်အခြမ်းမှတစ်သံဖြစ်လာပြန်သည်။ ဦးယမှာ ရပ်ကာတွေးတောနေရင်း ငိုသံများမှာ တဖြည်းဖြည်းများပြားလာကာ နောက်ဆုံး ကလေးငယ်အများအပြားဝိုင်းဝန်းငိုနေကြသည့်အသံဖြစ်သွားတော့သည်။ ဦးယမှာ ထိုတော့မှ သူ့ကိုသရဲခြောက်နေမှန်းသိလိုက်သည်။ ဒေါသထွက်ထွက်နှင့်တောက်တစ်ချက်ခေါက်လိုက်ပြီး

“ဟေ့ကောင်တွေ၊ မင်းတို့ငါ့ကိုချောက်လည်းအပိုပဲ၊ ငါဆိုတဲ့ကောင်က သရဲလုံးဝကြောက်တတ်တဲ့အကောင်မဟုတ်ဘူးကွ”

ဦးယမှာပြောဆိုပြီး ကျွဲများကိုရွာဘက်ပြန်မောင်းသည်။ ထိုအခါတွင် မှင်စာသဏ္ဍာန်အရိပ်သေးသေးကလေးက ကျွဲများကိုဦးခေါင်းမှဆွဲကာ သချိုင်းကုန်းအတွင်းသို့ဆွဲသွင်းလေသည်။ ကျွဲနှစ်ကောင်ကလည်း ထိုအရိပ်ဆွဲသည့်အတိုင်း အပြေးလိုက်ပါသွားကြသည်။ ဦးယမှာ ဒေါသထွက်ထွက်နှင့် ကျွဲနှစ်ကောင်အနောက်သို့အပြေးလိုက်ခဲ့သည်။ ကျွဲနှစ်ကောင်မှာ ကလေးသချိုင်းကိုဖြတ်ပြေးပြီးနောက် သချိုင်းအနောက်ဘက်ကွင်းစပ်နေရာရှိ အလွန်ကြီးမားသည့် ခံတက်ပင်ကြီးတစ်ပင်အနီးသို့ရောက်လာခဲ့သည်။ ခံတက်ပင်ခြေသို့ရောက်သည့်အခါ ငိုသံများမှာပိုမိုကျယ်လောင်လာသည်။ ဦးယက သေချာနားစိုက်ထောင်သောအခါ ငိုသံများမှာ ခံတက်ပင်ခြေရင်းရှိ သစ်ခေါင်းပေါက်ကြီးတစ်ခုအတွင်းမှ တိုးထွက်လာသည်ကိုတွေ့ရသည်။ ဦးယလည်း ဒေါသထွက်ထွက်နှင့်

“ငါ့ကိုလည်း ချောက်ချင်တယ်၊ ငါ့ကျွဲနှစ်ကောင်ကိုလည်း အပိုင်သိမ်းချင်တယ်ပေါ့ဟုတ်လား၊ မင်းတို့တော့ ငါ့အကြောင်းသိမယ်ဟေ့”

ဦးယမှာ ပြောပြောဆိုဆိုနှင့်အနားတွင်ရှိသည့် သစ်ရွက်ခြောက်များကို စုဆောင်းလိုက်ပြီး သစ်ခေါင်းပေါက်ကြီးအတွင်းသို့ ထိုးထည့်လိုက်သည်။ သစ်ခေါင်းပေါက်ကြီးမှာ ကလေးတစ်ယောက်ဝင်သာလောက်အောင် ကြီးမားလေသည်။ အမှိုက်သစ်ရွက်များစုစည်းပြီးသည့်အခါ ဦးယက မီးခတ်ကိုထုတ်လိုက်ပြီး ထိုသစ်ရွက်ခြောက်များကို မီးရှို့လေတော့သည်။ သစ်ရွက်ခြောက်များမီးစွဲလောင်ပြီး မီးခိုးတအူအူထွက်လာသည့်အခါတွင် ကလေးငိုသံများမှာ ပျောက်ချင်းမလှပျောက်ကွယ်သွားတော့သည်။ ဦးယက ခါးထောက်ရင်း

“မင်းတို့ငါ့အကြောင်းသိပြီမဟုတ်လား၊ ဒီထက်ထပ်တိုးလို့ကတော့ သစ်ပင်တစ်ပင်လုံးကို မီးနဲ့တိုက်ပစ်မယ်ဟေ့”

ဦးယကပြောဆိုပြီး ကျွဲနှစ်ကောင်ကိုပြန်ဆွဲလာခဲ့သည်။ ကျွဲနှစ်ကောင်မှာလည်း ထိုတော့မှ ဦးယခေါ်ဆောင်ရာအနောက်သို့ ချောချောချူချူပြန်လိုက်လာလေသည်။ ထိုအကြောင်းကို ရွာပြန်ရောက်သည့်အခါ ရွာထိပ်အရက်ဆိုင်တွင်ပြောဆိုဖြစ်ကြလေသည်။ ရွာသားများမှာ ဦးယပြောသည်ကိုကြားသည့်အခါ အလွန်အံ့အားသင့်ကြသည်။

“ဟာ ငယ၊ အဲဒီနေရာကို လူတွေက ကျတ်ကုန်း၊ မှင်စာကုန်းလို့ခေါ်ကြတာကွ၊ မင်းမို့လို့ မကြောက်မရွံတစ်ယောက်တည်းလိုက်သွားရတယ်လို့ကွာ”

ဦးယက အရက်တစ်ကျိုက်မော့သောက်လိုက်ရင်း

“လိုက်သွားရုံမကဘူး ဒီကောင်တွေအော်ငိုနေကြတဲ့ သစ်ခေါင်းပေါက်ကိုပါ မီးခိုးမှိုင်းတိုက်ခဲ့သေးသကွာ”

“ငယကတော့ လုပ်ပြီဟေ့၊ ဒါနဲ့ မှင်စာတွေလိုက်လာပြီးတော့ မင်းကိုဂုတ်လာချိုးမှာ မကြောက်ဘူးလားကွ”

ဦးယက မှုန်တေတေနှင့်

“လာစမ်းပါကွ၊ လူသေနဲ့လူရှင် ဘယ်ကောင်က ပိုကြောက်ဖို့ကောင်းသလဲဆိုတာ ပြရသေးတာပေါ့ကွာ”

ရွာသားများမှာ ဦးယကိုချီးကျူးသည့်သူရှိသလို ကဲ့ရဲ့အပြစ်တင်သည့်သူများလည်းရှိသည်။ သို့နှင့် နောက်တစ်နေ့မနက်ပိုင်းတွင် ဦးယပြောတာ ဟုတ်မဟုတ်သိနိုင်ရန်အတွက် ရွာသားတစ်စုလူစုပြီး ကလေးသချိုင်းဘက်ထွက်ခဲ့ကြသည်။ ခံတက်ပင်ကြီးအောက်သို့ရောက်သောအခါ သစ်ခေါင်းပေါက်အောက်ခြေတွင် ပြာပုံတစ်ပုံကိုတွေ့ရပြီးနောက် ထိုပြာပုံအပေါ်တွင်လည်း ပုတ်သင်ညိုအကောင်ပေါက်ကလေးများက အစုလိုက်အပြုံလိုက်သေဆုံးနေကြသည်ကိုတွေ့ရသည်။ ရွာသားများမှာ ထိုအကောင်ကလေးများမှာ ကျတ်ကောင်များ၊ မှင်စာကောင်များဖြစ်သည်ဟုပြောဆိုကြသော်လည်း အမှန်စင်စစ်အားဖြင့် မည်သည့်အကောင်များဖြစ်သည်ကို မည်သူမှတပ်အပ်မသိနိုင်ကြပေ။

(၂)

ဦးယမှာ အမဲသားအလွန်ကြိုက်နှစ်သက်သည်။ ထိုအရပ်ဒေသတွင် ကျွဲနွားများသေဆုံးသည့်အခါ သတ်ဖြတ်စားသောက်ခြင်းများမလုပ်ကြဘဲ အကောင်လိုက်မြေမြှုပ်တတ်ကြသည်။ မြေမြှုပ်သည့်အခါတွင်လည်း အများမသိစေရန် ညမိုးချုပ်သည့်အချိန်မှ တိတ်တဆိတ်မြှုပ်နှံကြသည်။ သို့သော် ဦးယတို့လူတစ်သိုက်မှာလည်း သူများမြှုပ်ထားသည့်နေရာကို မရမက လိုက်လံစုံစမ်းကာ မြှုပ်ထားသည့်အလောင်းကောင်ကိုပြန်လည်ဖော်ပြီးစားသောက်တတ်ကြလေသည်။

တစ်ရက်တွင်တော့ ဦးယမှာ အမဲသားအလွန်စားချင်သည်။ သို့ဖြစ်၍ ဒေါ်ထွေးဆိုသူအမျိုးသမီးကိုမှာလိုက်ရသည်။ အမဲသားမှာ သုံးဆယ်ရွာတွင်နေ့တိုင်းရသည်ဟူ၍ မရှိသည်မို့ တခြားရွာများသို့ဖြစ်စေ နောင်ချိုသို့ဖြစ်စေဆင်းဝင်ရသည်။ သုံးဆယ်ရွာတောင်ဘက်ရှိ လှည်းလမ်းအတိုင်းဆက်သွားပါက မြို့သို့ရောက်နိုင်ပေသည်။

ဒေါ်ထွေးမှာ အခြားရွာသို့ဈေးရောင်းထွက်ပြီး အမဲသားတစ်တွဲကိုဆွဲကာပြန်လာခဲ့သည်။ အမှန်စင်စစ်အားဖြင့် ဒေါ်ထွေးမှာ ထိုလမ်းခရီးတွင် အမဲသားတွဲဆွဲကာ မသွားလာချင်ပေ၊ သို့သော်လည်း လူမိုက်ဦးယက မှာလိုက်သည်မို့ ဝယ်မလာပြန်လျှင်လည်း ပြဿနာဖြစ်မည်စိုး၍ ဝယ်လာရခြင်းဖြစ်သည်။ အကြောင်းမှာ သုံးဆယ်ရွာတောင်ဘက် လှည်းလမ်းတစ်နေရာတွင် ဝါးရုံပင်ကြီးတစ်ပင်ရှိသည်။ ထိုဝါးရုံပင်ကြီးတွင် နှစ်ချို့သရဲကြီးတစ်ကောင်နေထိုင်ကာ ထိုနေရာတွင်ဖြတ်သွားဖြတ်လာပြုလုပ်သူ များထံမှ စားသောက်ဖွယ်ရာများကို ဆင်းဆင်းလုတတ်ပေသည်။

ဒေါ်ထွေးမှာ ခေါင်းပေါ်တွင် ဈေးတောင်းအလွတ်ကြီးရွက်လျှက် လက်တွင်နှီးဖြင့်တွဲထားသည့် အမဲသားတွဲကိုင်ကာ လျှောက်လာရင်း မကြာခင် ဝါးရုံပင်ကြီးကိုလှမ်းမြင်လိုက်ရသည်။ အချိန်မှာလည်း နေ့လည်ခင်း သုံးနာရီခန့်သာဖြစ်သဖြင့် သရဲကြီးမထွက်လောက်သေးဟု စိတ်အားတင်းလိုက်ကာ ခပ်မြန်မြန်ဆက်လျှောက်လာခဲ့သည်။

ဝါးရုံပင်ကြီးအောက်သို့ရောက်သည့်အခါ ဝါးရုံပင်ကြီးမှာ ရှဲခနဲလှုပ်ရှားသွားလေသည်။ ထိုဝါးရုံပင်ကြီးအပေါ်မှ အမွှေးထူထူနှင့် မျောက်ဝံကဲ့သို့ ခပ်ကိုင်းကိုင်းအကောင်ကြီးမှာ ဝါးပင်များကိုတွဲလောင်းခိုရင်း ဆင်းချလာလေသည်။ ထို့နောက် ဒေါ်ထွေးအရှေ့မြေပြင်တွင် ဘုတ်ခနဲခုန်ချလိုက်သည်။

ဒေါ်ထွေးမှာ ထိုသရဲကြီးကိုမြင်လိုက်သည်နှင့် ကြက်သီးများတစ်ကိုယ်လုံးထလာလျှက် အလွန်ထိတ်လန့်ပြီး ဒူးများတုန်လာခဲ့သည်။ ဝါးရုံပင်ကြီးအောက်မှ အမြန်ပြေးရန်ကြံစည်သော်လည်း ထိုသရဲကြီးက ဒေါ်ထွေးလက်ကိုဖမ်းဆွဲလိုက်ပြီး အမဲသားတွဲကိုဆွဲလုလိုက်သည်မို့ ဒေါ်ထွေးမှာလက်အောင့်သွားကာ အမဲသားတွဲကိုပစ်ချပြီး ရွာသို့တစ်ချိုးတည်းပြန်ပြေးလာခဲ့သည်။ ညနေရောက်သည့်အခါ အမဲသားမစားရသည့် ဦးယက ဒေါ်ထွေးအား ပြဿနာရှာတော့သည်။

“မထွေးရာ၊ ညည်းငါ့အတွက် ဝယ်မပေးချင်လို့ တမင်ပြောတာမဟုတ်လား”

“ဘုရားပေးပေး ကျမ်းပေးပေးပါ ငယရယ်၊ ငါနင့်အတွက်တမင်ကို အသားကောင်းကောင်းဝယ်လာတာပါဟ၊ ဝါးရုံပင်အောက်ရောက်တော့ သရဲကြီးကဆင်းလုတာ၊ ငါကပြန်ဆွဲထားတော့ငါ့လက်ကို လိမ်သွားတာ ဟောဒီမှာလက်ရာကြီးတောင် ကျန်နေခဲ့ပါသေးတယ်”

ဒေါ်ထွေးက ဦးယအား လက်ကောက်ဝတ်ကိုပြလိုက်သည့်အခါ လက်ကောက်ဝတ်တွင်လက်သုံးချောင်းရာကြီး ညိုမည်းလျှက်ကျန်နေခဲ့သည်။ သို့တိုင်အောင် ဦးယက မယုံနိုင်သေးပေ၊ ဒေါ်ထွေးယောက်ျား ဦးထွန်းက ဝင်ပြောပြန်သည်။

“ဟုတ်တယ် ငယရဲ့၊ မင်းက ကိုယ်တိုင်မတွေ့ဘူးတော့ ဘယ်ယုံပါ့မလဲ၊ တစ်ခါကလည်း ရွာမြောက်ပိုင်းက မောင်အေးက အမဲသားတွဲကြီးဆွဲပြီးအလာ သရဲကြီးကဆင်းလုတာခံရတယ်မဟုတ်လား၊ နေုာက်ပြီး ကိုလှရွှေဆိုတဲ့လူတုန်းကတော့ အဆန်းကွ၊ သရဲကြီးက ကိုယ်ယောင်မပြဘဲ ကိုယ်ဖျောက်ပြီးတော့လုလိုက်တာ”

“ဘာဗျ၊ ကိုယ်ဖျောက်ပြီးလုတာတဲ့လား”

“ကိုလှရွှေကလည်း သရဲသိပ်မကြောက်တတ်တဲ့လူပဲလေ၊ သူက အမဲသားတစ်ပိဿာကျော်ကို နှီးတွဲနဲ့ချည်ပြီး ပြန်လာတော့ ဝါးရုံပင်အောက်ကဖြတ်လျှောက်လာခဲ့သတဲ့၊ ဝါးရုံပင်အောက်ရောက်တော့ ဟိုဟိုဒီဒီကြည့်လိုက်သေးတာ ဘာမှမတွေ့ဘူးဆိုပဲ၊ အမဲသားတွဲကို ဆက်ပြီးဆွဲလာရင်းနဲ့ ရွှာအဝင်ရောက်လို့ကြည့်လိုက်တော့မှ အမဲသားတွေပါမလာဘဲ နှီးချည်းပဲပါလာတာပဲတဲ့ဟေ့၊ ထူးဆန်းတာက သူတစ်လမ်းလုံးကိုင်လာတာ အမဲသားတွဲက ရှိနေတယ်ဆိုပဲကွ၊ ရွာရောက်မှပျောက်သွားတာ”

“ခင်ဗျားတို့ကလည်း မဟုတ်တမ်းတရားတွေ သိပ်ပြောတာပဲဗျာ၊ တကယ်အဲဒီသရဲရှိလို့ကတော့ ကျုပ်နဲ့တစ်ပွဲလောက်တွေ့လိုက်ချင်စမ်းတယ်”

ဒေါ်ထွေးမှာဒေါသထွက်သွားပြီး

“ဟဲ့ ငယ၊ ငါတို့က နင့်ကိုလိမ်ပြီးပြောပါ့မလားဟဲ့၊ နင်မယုံရင် အမဲသားတွဲယူသွားပြီးတော့ ဝါးရုံပင်အောက်ကို သွားကြည့်ပါလား”

ဦးယမှာ ထိုအကြံကိုသဘောကျသွားပြီး

“ဟာ၊ ကြိုက်ပြီဗျာ၊ ငယတို့က ဒီလိုပွဲကြီးပွဲကောင်းကို စောင့်နေတာ၊ တွေ့မယ်၊ တွေ့ကြသေးတာပေါ့”

နောက်သုံးလေးရက်ခန့်ကြာသည့်အခါ ဦးယမှာ အနီးအနားရွာသို့သွားကာ အမဲသားတစ်တွဲကိုဝယ်လာခဲ့သည်။ ထို့နောက် ထိုရွာတွင်ပင် အရက်ကိုမူးအောင်သောက်ကာ ညနေနေဝင်ရီတရောအချိန်မှ အမဲသားတွဲကိုဆွဲကာ ရွာသို့ပြန်လာခဲ့သည်။ ဝါးရုံပင်ကြီးအောက်သို့ရောက်သည့်အခါ ဝါးရုံပင်ကြီးကိုတစ်ချက်မော့ကြည့်လိုက်ကာ

“ဟေ့ကောင်သရဲဆိုတဲ့ကောင်၊ မင်းဒီအသားကြိုက်တယ်မဟုတ်လားကွ၊ ကြိုက်ရင်လာခဲ့စမ်းပါ၊ ငါ့ဆီကနေ လာလုစမ်းပါ”

ထိုသို့စိန်ခေါ်သော်လည်း ဘာမှထူးခြားမှုမရှိပေ၊ သို့နှင့် ဦးယက မကျေနပ်သေးဘဲ အမဲသားတွဲကို ဝါးရုံပင်အောက်ခြေတွင်ချလျှက် ကျွဲရိုက်သည့်ကြိမ်လုံးကြီးကိုင်ကာ ငုတ်တုတ်ထိုင်စောင့်နေလေသည်။

အခြားရွာမှပြန်လာသူများက ဦးယအားတွေ့သည့်အခါ အထူးအဆန်းဖြင့်မေးမြန်းကြလေသည်။

“ဦးယ ဒီဝါးရုံကြီးမှာ သရဲကြီးရှိတယ်နော် ခင်ဗျားဒီမှာဘာထိုင်လုပ်နေတာလဲ”

“ဒီကောင်က အမဲသားလုတယ်ပြောလို့ မယုံလို့ ဟောဒီမှာအမဲသားတွဲချပြီး ထိုင်စောင့်နေတာကွ၊ ဒီသရဲလာပါစေအုံး လာတော့မှ ငါနဲ့တွေ့မယ်”

ကွမ်းတစ်ယာညက်ခန့်ကြာသည့်အခါ ဝါးရုံပင်ကြီးမှာ တဖြန်းဖြန်းနှင့်လှုပ်ခတ်လာလေသည်။ ဦးယလည်း သရဲကြီးဆင်းလာပြီမှန်းသိလိုက်ပြီး ကြိမ်လုံးကိုအသင့်ပြင်ထားသည်။ သရဲကြီးက မြေပေါ်သို့ လေးဖက်ထောက်ခုန်ချပြီး ဦးယချထားသည့် အမဲသားတွဲကိုပြေးဆွဲလေတော့သည်။ ဦးယလည်း ထိုတော့မှ သရဲကြီးကိုဆဲဆိုကာ လက်ထဲမှကြိမ်လုံးကြီးဖြင့် အားကုန်ဝင်လွှဲရိုက်လေတော့သည်။

သရဲကြီးမှာ ဦးယရိုက်နှက်သည့် ကြိမ်ဒဏ်များခံရသဖြင့် နာကျင်ကာအော်ဟစ်နေသည်။ ထို့နောက် ဦးယကြိမ်လုံးကို လက်ဖြင့်ဖမ်းဆွဲယူလိုက်ပြီး ခပ်လှမ်းလှမ်းသို့လွှင့်ပစ်ထည့်လိုက်သည်။ သရဲကြီး၏လုပ်ရပ်က ဦးယအား ပိုမိုဒေါသထွက်သွားစေကာ ဦးယမှာ သရဲကြီးအားခုန်အုပ်ပြီး နပမ်းလုံးတော့သည်။ မကြာမီ ရွာသူရွာသားများမှာ ပြေးလာကြလေသည်။ ဦးယတစ်ယောက် သရဲနှင့်နပမ်းလုံးမည်ဟုပြော၍ ဝါးရုံပင်အောက်ထိုင်နေကြောင်း ဒေါ်ညိုကကြားသည့်အခါ ယောက်ျားဖြစ်သူအတွက်စိတ်ပူပန်ပြီး ရွာသားအချို့ကိုခေါ်ဆောင်လျှက် ပြေးလိုက်လာခဲ့ခြင်းဖြစ်သည်။

ရွာသားများရောက်လာချိန်တွင် ဦးယမှာ ဝါးရုံပင်အောက်တွင် တစ်ယောက်တည်းထိုင်ကာ အမောဖြေနေလေသည်။ ဒေါ်ညိုမှာစိတ်ပူသဖြင့် ဦးယထံသို့ပြေးသွားကာ

“ကိုယ ရှင်ဘာဖြစ်သွားသေးလဲ”

“ဘာမှမဖြစ်ပါဘူးမိန်းမရာ၊ ဒီသရဲတော့ ငါနပမ်းလုံးလိုက်တာ ငါ့ကိုကြောက်လန့်ပြီး အမဲသားတွဲတောင်မယူနိုင်ဘဲ ပြေးပြီဟေ့”

ထိုနောက်ပိုင်းတွင် ထိုဝါးရုံပင်ကြီးပေါ်မှ သရဲကြီးကို လူများမတွေ့မမြင်ကြရတော့ပေ၊ ယခင်က စားသောက်စရာများဆင်းလုသည်ကို ခပ်စိတ်စိတ်ကြားရသော်လည်း ယခုတော့ မည်သည့်အသံမှမကြားရတော့ပေ၊ သရဲကြီးမှာ ဦးယကိုကြောက်ပြီး ထွက်ပြေးသွားခြင်းဖြစ်မည်ဟု ရွာသားများကပြောဆိုကြသည်။

ထိုနောက်ပိုင်းမှစကာ သုံးဆယ်ရွာတွင် သရဲကပြန်ကြောက်ရသည့် ဦးယဟူ၍ နာမည်ကြီးသွားလေသည်။ ဦးယမှာ သရဲကြမ်းသောနေရာများသို့ အလောင်းအစားဖြင့်သွားရောက်သော်လည်း ဦးယသာ အနိုင်ရသည်ဟုဆိုကြသည်။

(၄)

ဈေးကုန်းဟုခေါ်သည့်အရပ်တွင် ဦးယသူငယ်ချင်းတစ်ဦးနေထိုင်သည်။ ထိုလူ၏နာမည်မှာ ဦးမွှေးဆိုသူဖြစ်သည်။ ဦးမွှေးက ဘာသာခြားတစ်ဦးဖြစ်ကာ ဦးယကဲ့သို့ ခပ်ပေပေခပ်တေတေလူတစ်ဦးဖြစ်သည်။ တစ်ရက်တော့ သူငယ်ချင်းနှစ်ဦးမှာ သုံးဆယ်ရွာမြောက်ဘက်ရှိ ချောင်းကလေးတစ်ခုတွင် ငါးသွားမျှားကြလေသည်။ ထိုချောင်းမှာ အနည်းငယ်လှမ်းသည်မို့ လှည်းဖြင့်သွားကြရသည်။ သူငယ်ချင်းနှစ်ယောက် အရက်သောက်လိုက် ငါးမျှားလိုက်နှင့် ညနေစောင်းသည့်အခါမှ ဟင်းစားအဖြစ်ရရှိလာသည့် ငါးများကိုသယ်ဆောင်ကာ လှည်းဖြင့်ပြန်လာခဲ့ကြသည်။

လူကြီးသချိုင်းကိုဖြတ်ကျော်ပြီးသည့်အချိန်တွင် လှည်းအနောက်တွင် မီးခိုးသဏ္ဍာန် ခပ်မှိုင်းမှိုင်းဖြင့် လူရိပ်ကြီးတစ်ခုလိုက်ပါလာသည်ကိုတွေ့ရသည်။ ဦးမွှေးက သရဲကြီးကိုတွေ့သည့်အခါ ဦးယကိုလက်တို့လိုက်သည်။

“ငယရေ ငါတို့လှည်းအနောက်မှာ သရဲကြီးတစ်ကောင် ပါလာသကွ၊ ခုနက လူကြီးသချိုင်းကထွက်ကတည်းက လိုက်လာတာ”

“အောင်မာ မင်းကကြောက်တတ်လို့လား ငမွှေးရ”

“ကြောက်မလားကွ ငယရ၊ ငါဆိုတဲ့ငမွှေးကလည်း သရဲတွေ့ရင် အရည်ကျိုပြီးသောက်မယ့်ကောင်ကွ”

“ငမွှေးရာ မင်းကတော့ စကားကြီးစကားကျယ်တွေပြောနေပါလား၊ ငါသရဲနိုင်တာ အကြောင်းရှိတယ်ကွ၊ ငါ့သူငယ်ချင်းဖြစ်တိုင်း မင်းလည်းသရနြိုင်မယ်လို့မထင်လိုက်နဲ့နော်၊ ငယကို လိုက်မတုနဲ့နော်သူငယ်ချင်း”

“ဟား၊ ဟား မင်းကငါ့ကိုအထင်သေးတယ်ပေါ့သူငယ်ချင်း၊ မင်းကြည့်နေ ဒီကောင်ကြီးကို ငါစိန်ခေါ်ပြမယ်”

ဦးမွှေးက မီးခိုးသဏ္ဍာန်သရဲကြီးကိုလက်ညှိုးထိုးလိုက်ကာ

“ဟေ့ကောင်သရဲကြီး မင်းသတ္တိရှိတယ်ဆိုရင် အနောက်ကပဲလိုက်မနေနဲ့ လှည်းပေါ်ကိုတက်လာခဲ့စမ်းကွာ၊ မင်းငါ့အကြောင်းသိမယ်”

ဦးမွှေးပြောလိုက်သည့်အခါ အရိပ်ကြီးက ပြေးလာပြီး လှည်းပေါ်သို့ဝုန်းခနဲခုန်တက်လိုက်သည်။ အရှိန်ပြင်းသည့်အတွက်ကြောင့် လှည်းဦးမှာ တစ်ချက်ထောင်သွားလေသည်။ ဦးမွှေးလည်း ထိုတော့မှ ခေါင်းနားပန်းကြီးသွားသည်။ ထိုအကောင်ကြီးက လှည်းအနောက်ဘက်ပိုင်းတွင် ဆောင့်ကြောင့်ထိုင်လျှက် လိုက်ပါလာသည်။

“ငယရေ လုပ်ပါအုံးကွ၊ ငါပြောလိုက်တာ ဟိုကောင်ကြီးတကယ်လိုက်လာတယ်”

ဦးယမှာအနောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး

“ဟေ့ကောင်သရဲ၊ ငါကိုင်ထားတာ ကြိမ်လုံးနော်ကွ၊ လှည့်ရိုက်ထည့်လိုက်လို့ မင်းတစ်ကိုယ်လုံးမှာရှိတဲ့အမွှေးတွေအကုန် ကျွတ်ထွက်သွားမယ်”

ဦးယကြိမ်းမောင်းလိုက်သည့်အခါမှ ထိုအကောင်ကြီးမှာ လှည်းပေါ်မှခုန်ဆင်းသွားသည်။ ထိုတော့မှ ဦးမွှေးက သက်ပြင်းချနိုင်သည်။

“မင်းကတော့ တကယ်ပဲ သရဲကကြောက်ကတဲ့ကောင်ပဲကွ သူငယ်ချင်းရ”

“ဒါကြောင့်ပြောပါတယ် ငယကို မတူရင်မတုပါနဲ့လို့”

သူငယ်ချင်းနှစ်ယောက် ရယ်မောရင်းအိမ်သို့ပြန်လာခဲ့ကြသည်။ ဦးမွှေးမှာ ဦးယတို့အိမ်တွင် စားသောက်ပြီးနောက် နောက်တစ်နေ့တွင် သူနေထိုင်သည့်ရွာသို့ ပြန်သွားလေသည်။ ဦးမွှေးအိမ်ပြန်ရောက်ပြီး နောက်တစ်နေ့မှာပင် အပြင်းဖျားနာလေသည်။ ဖျားနာပြီး သုံးရက်ခန့်အကြာတွင်တော့ မဲမဲကြီးလိုက်လာပြီဟု ဂယောင်ဂတမ်းအော်ဟစ်ကာ မျက်ဖြူလန်ပြီးအသက်ထွက်သွားသည်ဟုဆိုကြသည်။ ဦးယလိုက်သွားသည့်အချိန်တွင် ဦးမွှေးအသက်ကိုမမီတော့ပေ။

“ဒါကြောင့် မင်းကိုငါပြောပါတယ် ငမွှေးရာ၊ ငယကို မတူရင်မတူပါနဲ့ဆိုတာ၊ မင်းက သရဲကိုမနိုင်တော့ သရဲက မင်းကိုနိုင်သွားတာပေါ့ကွ”

ဦးမွှေးတို့မှာ ဘာသာခြားများဖြစ်သဖြင့် ထိုကိစ္စရပ်များကို အယုံအကြည်မရှိသောကြောင့် ဦးမွှေးသေဆုံးသွားရခြင်းဖြစ်သည်။ ဦးယအား မည်သည့်အတွက်ကြောင့် သရဲနိုင်ရသည်ကို ရွာသူရွာသားများသာမက သားသမီးဆွေမျိုးများက မေးမြန်းသော်လည်း ဦးယမှာ ရေငုံနှုတ်ပိတ်နေခဲ့လေသည်။ အများစုကမူ ဦးယမှာ ငယ်စဉ်က အမရပူရတွင်နေထိုင်ခဲ့သူမို့ တစ်ပွဲတိုးဆေးကောင်းဝါးကောင်းရှိလောက်မည်ဟုဆိုကြသည်။ နောက်ပိုင်း ဦးယမှာ အရက်သောက်သည့်ဒဏ်ကြောင့် အရက်နာကျပြီးသေဆုံးသွားလေသည်။ ဦယသေဆုံးသွားသည်အထိ မည်သည့်အတွက်ကြောင့် သရဲနိုင်မှန်းကို မည်သူမှ တိတိကျကျမသိလိုက်ရပေ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဖြစ်ရပ်မှန် #သရဲ