လူသားစားတဲ့သဘက်ကြီး

လူသားစားတဲ့သဘက်ကြီး(စ/ဆုံး)
——————————–

အလွန်ထူးခြား ဆန်းပြားတဲ့ဖြစ်ရပ်မျိုးတွေဟာ ကိုယ်တိုင်တွေ့ ကိုယ်
တိုင် ကြုံ မှယုံကြတာဗျ။ အခုကျုပ် ပြောပြမဲ့ ဇာတ်လမ်းလေးကလည်း ကျုပ်ရဲ့အလုပ်ကိစ္စလေးတစ်ခုနဲ့ ခရီးသွားတုန်း စိုင်တမော့ဆိုတဲ့
တောင်ပေါ်ရွာတစ်ရွာမှာဝင်ရောက်တည်းခိုရင်း သိခဲ့ရတဲ့ တကယ် ဖြစ်ရပ်လေးပဲဗျို့။

ဒါ့ကြောင့်လည်း ကျုပ် ခင်များတို့ကို အခုလိုပြန်ပြောပြနိုင်ခဲ့တာပေါ့။
ကျုပ် တစ်သက်တာမှာ ခုလိုထူးဆန်းပီး ထိတ်လန့်ကြောက်ရွံ့စရာ
ကောင်းမဲ့ ဖြစ်ရပ်မျိုးကို ကြားသိဖူးရလိမ့်မယ်လို့ ဘယ်တုန်းကမှတွေး
မထင်ထားတာတော့ အမှန်ပဲဗျို့။ အဲဒီဖြစ်ရပ်ကို ပြောပြတဲ့ သူက
ကျုပ်ဝင်ရောက်တည်းခိုခဲ့တဲ့ စိုင်တမော့ရွာက ရွာလူကြီး စောစေး
တဲ့ဗျို့။

ဦးစောစေးက ကရင်လူမျိုး…နံမည်နဲ့လိုက်အောင်လည်း ခန္ဓာကိုယ်
က ဆင်ကြီးတစ်ကောင်လို ထွားကျိုင်းသန်မာလွန်းတယ်။ ကရင်ပီပီ သဘောထားပွင့်လင်းပီး…စကားပြောရင်လည်း ခပ်ပြတ်ပြတ်ပေါ့ဗျာ။ ပြောစရာရှိပီဆိုလည်း တစ်ဖက်လူကို ဒုတ်ထိုးအိုးပေါက် အားမနာတန်း ပြောဆိုဖို့ဝန်လေးတဲ့သူ မဟုတ်ဘူးဗျ။ ဒါပေမဲ့ သဘောမနော ကတော့ လွှတ် ဖြူတဲ့သူပါဗျာ။

ကျုပ် သူ့ရွာမှာ ခရီးတစ်ထောက်ဝင်နားခိုဖို့ ခွင့်တောင်းတော့ ဒီသေဒ
ကို တစ်ခါမှ မရောက်ဖူးသူ…အသိအကျွမ်းမရှိတဲ့မျက်နှာစိမ်းမှန်း သိပီး
သူ့အိမ်မှာတင် တည်းခိုဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုတယ်။ ကျုပ်ဟာ
ခရီးသွားမျက်နှာစိမ်းဆိုပေမဲ့ သူ့အိမ်မှာ ဘာမှလိုလေသေးမရှိစေရဘူး
…ဆွေမျိုးသားချင်းတစ်ယောက်လိုကို ဆက်ဆံတာပါဗျာ။ နောက်ပီး
သူ့အိမ်မှာ တည်းခိုနေတဲ့ ကျုပ်ဟာ စာရေးသူတစ်ယောက်မှန်းလည်း သိကော ဦးစောစေးက စကားစပါယော။

” ဝေ့ !! စာရေးဆရာ…နင်က စာတွေဘာတွေ ရေးတယ်ဆိုတော့
ဘာအကြောင်းတွေ ရေးတာလဲ ”

” ဒီလိုပါပဲ ဖထီးရ…ကျနော် ရေးတာကတော့ အစုံပဲ…ဒါပေမဲ့ များ
သော အားဖြင့် ပရလောက ဇာတ်လမ်းတွေ…လျှို့ဝှက်ဆန်းကြယ်
ဂမ္ဘီရ ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုးတွေ အရေးများတယ်…ကျနော် ကိုယ်
တိုင်ကလည်း အဲဒီလို အရာတွေကို ဝါသနာ ပါလွန်းအားကြီးတာ
လည်း ပါတာပေါ့ ”

ကျုပ် အဲဒီလို ပြန်ဖြေလိုက်တော့… ဖထီး စောစေးက သဘောကျ
သွားသလို ပြုံးပြုံးကြီးလုပ်ပီး ခေါင်းကြီး တဆတ်ဆတ် ငြိမ့် ရင်း ပြန်
ပြောတာဗျ။

” ဒါဖြင့် ငါ့ ဆီမှာ နင့်စိတ်ဝင်စားလောက်မဲ့ ဇာတ်လမ်းတစ်ခုရှိတယ်…
နင် သိချင်တယ်ဆိုရင် ငါပြောပြမယ်လေကွယ် ”

ဖထီး စောစေး စကားကြောင့် ကျုပ်လည်း လူမမာ အမဲသားနံ့ရလိုက်
သလို ချက်ချင်းခေါင်းထောင်သွားပီးသေချာအောင်ပြန်မေးရတော့
တာပေါ့။

” ဟာ !! တကယ် ပြောတာလား ဖထီး…ဒါဆို ပြောပြစမ်းပါဗျာ…ထူးထူး ဆန်းဆန်း ကိစ္စ တွေဆို ကျုပ်က အားကြီး စိတ်ဝင်စားတာဗျ ”

” အေး !! ခု ငါပြောပြမဲ့ အဖြစ်ပျက်ကို ကြုံခဲ့ရတဲ့သူကလည်း တခြားသူ
မဟုတ်ဝေ … ငါတို့ရဲ့ အဘေး ကိုယ်တိုင် ကြုံခဲ့ရတဲ့အဖြစ်အပျက်ပဲ ဝေ့ ”

” ဟာ !! ဒါဖြင့် လုပ်စမ်းပါ ဖထီးရယ်… ဖထီး အပြောနဲ့တင် ကျုပ်မှာ
အတော်လေး စိတ်ဝင်စားနေပီဗျ ”

” ဒါ့ဖြင့်လည်း ပြောပြရသေးတာပေါ့ စာရေးဆရာရယ်…ငါတို့ အဘေး
ကြုံခဲ့ရတဲ့ အဖြစ်က ဒီလို ဝေ့ ”

ဖထီး စောစေးက အဲဒီလို စကားအစချီ ပီးတာနဲ့ ကျုပ်ကို သူ့အဘေး
ကြုံရတဲ့ အဖြစ်အပျက်ကို မမောနိုင်မပန်းနိုင် အာပေါင်အာရင်းသန်
သန်နဲ့ ပြောပြတော့တာပဲဗျို့။

🕰️🕰️🕰️🕰️

ဂျပန်အပြေး နယ်ချဲ့ကိုလိုနီဗြိတိလျှတွေ အဝင် ဒုတိယ ကမ္ဘာစစ်မှာ
ကျုပ်တို့မြန်မာနိုင်ငံကလူတွေ အတော်လေးအသေအပျောက်များခဲ့ကြ
တာဗျို့။ ဒါ့ကြောင့်လည်း တစ်နိုင်ငံလုံးက ပြည်သူတွေက စစ်ဘေး
လွတ်ရာကို အသက်လုရှောင်ပုန်းပြေးလွှားနေရတဲ့ အချိန်လို့လည်း
ဆိုနိုင်တယ်။

အဲဒီထဲမှာ ကရင်လူမျိုးဖြစ်တဲ့ ဦးကီးကော်တို့ မိသားစုတွေလည်း အပါ
အဝင်ပဲပေါ့။ ဦးကီးကော်တို့ လက်ရှိနေတာက ပဲခူးတိုင်းမှာဗျ။ ဒုတိယ
ကမ္ဘာစစ်ကြီးမှာ ပဲခူးဟာ လူအသေအပျောက် အများဆုံးမြို့တော်ဖြစ်
ခဲ့တာလေဗျာ။ ဒါ့ကြောင့်လည်း ဦးကီးကော်တို့မိသားစုဟာ ပဲခူးက
နေ စွန့်ခွာပီး မွေးရပ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံကို ပြေးကြဖို့ အားချင်း ဆုံးဖြတ်လိုက်တာဗျို့။

မွေးရပ်မြေကို ပြေးကြတယ်ဆိုပေမဲ့ ပေါ်ပေါ်ထင်ထင် မသွားလာရဲဘူး။
အဲဒီချိန်က နယ်ချဲ့မျက်နှာဖြူတွေဟာ တွေ့သမျှလူကို စစ်ဆေး မေးမြန်းပီး…စိတ်ထဲ မထင်ရင် မထင်သလို ဂျပန်သူလျှိုရယ်
လို့ စွပ်စွဲပီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်ကြတာကိုး။

ဒါ့ကြောင့်လည်း ဦးကီးကော် တို့ မိသားစုက ပဲခူးကနေ ကရင်ပြည်
နယ်ထိ သွားဖို့ တောလမ်းခရီးကို ရွေးချယ်ပီး ထွက်လာခဲ့ကြတယ်။
တောလမ်း တောင်လမ်းမို့ သားရဲ တိရစ္ဆာန်ကြီးတွေရဲ့ရန်ကို ကြောက်
ရသလို လမ်းခရီး ကြမ်းချက်ကလည်း ပြောမနေပါနဲ့တော့ဗျာ။

ဦးကီးကော်က အသုံးအဆောင်ပစ္စည်း တစ်ချို့ထည့်ထားတဲ့ ကျောပိုး
အိတ်ကို ပခုံးမှာ လွယ် ကိုးလအရွယ် သမီးလေးကိုရင်ခွင်ပိုက်… ဦးကီးကော်ရဲ့ ဇနီးဖြစ်သူ ဒေါ်နော်ဖောက ဆယ်နှစ်အရွယ် သားကြီး ဖြစ်သူကိုလက်ကဆွဲပီး တပိုင်တနိုင် ပစ္စည်းစလွယ်လေးတွေနဲ့ သွားလာရတာဗျ။ လူတွေ ပင်ပန်းတာထက် ဘေးရန်ကင်းကင်းနဲ့ မွေးရပ်မြေကို ရောက်အောင်သွားနိုင်ဖို့က အရေးကြီးတာကိုး။

ကလေးတစ်ဖက် ပစ္စည်းတစ်ဖက်နဲ့ဆိုတော့ ခရီးကတော့ဘယ်တွင်ပါ့
မလဲ…မကြာမကြာ နားလိုက်…ဆက်လျှောက်လိုက်နဲ့ပေါ့။ ညဘက်
နားရင်လည်း သားအမိ/သားအဖတွေ မီးပုံတောင် မဖိုရဲကြဘူး။ မှောင်
မှောင်မဲမဲ ဒီတိုင်းဖြစ်သလို အိပ်စက်အနားယူကြရတာဗျို့။ မြို့ထဲပြထဲ
မှာ ကုလားပုလိပ်တွေရန်ကို ကြောက်ရသလို…တောထဲ/တောင်ထဲ
မှာလည်း တောခို သောင်းကျန်းသူတွေရဲ့ ရန်ကလည်း ရှိသေးတာကိုး။

အဲဒီလို ညအိပ်အနားယူတဲ့အခါ ကလေးတွေက ကောင်းကောင်းအိပ်
စက် အနားယူရပေမဲ့…ဦးကီးကော်တို့ လင်မယားကတော့ မအိပ်စက်
နိုင်ဘူး။ ကလေးတွေကို မှတ်တွေ…ဖြုတ်တွေ/ ခြင်တွေ မကိုက်ရလေ
အောင် ပုဝါတစ်ထည်နဲ့ တစ်ယောက်တစ်လှည့်စီ မွှေ့ရမ်း ယပ်ခပ်ပေး
နေရတာဗျို့။

” အပါကြီး !! ငါ့တို့ထွက်လာတာ ရက်အတော်ကြာပီ…ခုထိမရောက်
နိုင်သေးဘူးလား…ကလေးတွေလည်း အတော်လေးပင်ပန်းနေပီနော် ”

ကလေးတွေကို ယပ်ခပ်ပေးနေတဲ့ မိန်းမဖြစ်သူက…ငူငူ ငိူင်ငိုင်ကြီး
စဉ်းစားသလို လုပ်နေတဲ့ ဦးကီးကော်ကိုမေးလိုက်တာဗျ။ ဒီတော့ ဦး
ကီးကော်လည်း သက်ပြင်းတစ်ချက်ကို ကြိတ်ချပီး ပြန်ဖြေလိုက်ရတာ
ပေါ့။

” ရောက်တော့မှာပါ မိန်းမရယ်…နောက်တစ်ရက် သာသာလောက် ခရီးဆို ရောက်ပီလို့ ငါတော့ ထင်တာပ ”

” ဟူးးး !! ဝေးလိုက်တာဝေ…ဒီလိုမှန်းသိ… ငါ့ မိဘအိမ်ကိုပဲပြန်လိုက်
တာပ ”

” ဝေ !! ဒီမိန်းမနဲ့တော့ ခက်ပါရဲ့… နင်တို့ ကို လုံလုံခြုံခြုံနဲ့ အန္တာ
ရာယ် ကင်းစေချင်လို့…ငါ့နေရပ်ကို ခေါ်လာတာပေါ့…ခုက ကလေး
တွေပါနေလို့လေ…ငါ နဲ့ နင် ချည်းသာဆို ရောက်တာကြာပေါ့ဝေ့ ”

” အဲဒါတော့ သိတာပေါ့…အခုက ပါလာတဲ့ ရိက္ခာတွေလည်း ကုန်ပီ
…ပီးတော့ အပါကြီးကော ငါတို့သားအမိတွေပါ ခြေကုန်လက်ပမ်း
ကြနေပီ မဟုတ်လား ”

” အေး !! ငါလည်း သိပါတယ် ဘာပဲဖြစ်ဖြစ်အားတင်းထားပါဦး ”

ဦးကီးကော်ရဲ့ စကားဆုံးတော့ မိန်းမဖြစ်သူက ဘာမှထပ်မပြောတော့
ပဲ အိပ်ပျော်နေပီ ဖြစ်တဲ့ ကလေးတွေရဲ့ဘေးနားမှာဝင်ပီး လှဲလျောင်း
လိုက်တယ်။

ဦးကီးကော်ကတော့ အတွေးများစွာနဲ့ မအိပ်နိုင်သေးဘူး။ မီးသေနေပီ
ဖြစ်တဲ့ လက်ထဲက ဆေးဆုံကို မီးညှိပီး မီးခိုးထထောင်းထောင်းထ
အောင် ဖွာရှိုက်ရင်း တညလုံးအတွေးနယ်ချဲ့ နေမိတော့တာပေါ့။

⏰⏰⏰⏰

မနက်မိုးလင်းတာနဲ့ သားအမိ သားအဖတွေ ထုံးစံအတိုင်း ခရီးဆက်
ကြပြန်တယ်။ ရိက္ခာကလည်း ကုန်ပီဆိုတော့လမ်းမှာ သွားရင်းလာရင်း
တွေ့ရတဲ့ သစ်သီး သစ်ဥတွေကို ခူးဆွတ်ပီး ဗိုက်ဖြည့်လာခဲ့ကြတာဗျို့။

ဒီလိုနဲ့ ညနေစောင်းပီး မှောင်ရိပ်သန်းချိန်လောက် ရောက်တော့ သူတို့ တိုးလာတဲ့တောက အနည်းငယ်ပါးလာပီး တောရိုင်းသစ်ပင်ကြီးတွေ သိပ်မတွေ့ရတော့တာကြောင့် မကြာခင် လူသူ နေထိုင်ရာ အရပ်
ဒေသတစ်ခုခုကို တွေ့ရတော့မယ်မှန်း တောနဲ့ မစိမ်းတဲ့ ဦးကီးကော်
တစ်ယောက် အတပ်သိလိုက်ပီဗျ။

တကယ်လည်း သူထင်တာ မမှားဘူဗျို့။ ထမင်းတစ်အိုး ချက်လောက်
ကြာတဲ့ ချိန်အရောက်မှာတော့ စိမ်းစိုညို့ မှိုင်းနေတဲ့ တောအုပ်ကြီးရဲ့
အပြင်ဘက်ကို ရောက်လာကြပီး ခပ်လှမ်းလှမ်းမှာ မီးခိုးတွေ တလူလူ ထွက်နေတဲ့ နေရာတစ်ခုကို လှမ်းမြင်လိုက်ရတာဗျ။

ဘယ်ကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေလဲ ဆိုတာကိုတော့…သစ်ပင်
ချုံနွယ်တွေ ဖုံးကွယ်နေလို့ မသိနိုင်သေးဘူးပေါ့ဗျာ။ ဦးကီးကော်
တစ်ယောက် မီးခိုးတလူလူထွက်ပေါ်နေတဲ့ နေရာကို အရမ်းကာ
ရော မသွားရဲသေးဘူး။ တောကြောင် ခေါ် တောပုန်းဓားမြတွေ စခန်း
ချနေတာ ဖြစ်မှာလည်း ကြောက်ရသေးတယ်လေ။

နောက်တော့ ဦးကီးကော်က မိန်းမဖြစ်သူကို အသံမထွက်ဖို့ မျက်ရိပ်
ပြပီး ခြေသံလုံလုံနဲ့ အဲဒီနေရာကို ချဉ်းကပ်လို့ အခြေအနေကို အကဲ
ခတ် ဖို့ လှမ်းသွားလိုက်တယ်။

ဟော !! မီးခိုးတွေ ထွက်ပေါ်လာနေတဲ့ နေရာကို ထင်ထင်ရှားရှား
တွေ့ မြင်နေရပီဗျို့။ ဦးကီးကော် ထင်သလို ရွာလည်း မဟုတ်ဘူး
…တောပုန်း ဓားမြတွေ စတည်းချ နားခိုနေတာလည်း မဟုတ်ဘူး
ဗျ။ သူတို့ မြင်လိုက်ရတာက ဝါးတွေနဲ့ ဆောက်လုပ်ထားတဲ့
ဗမာ ဘုန်းကြီးကျောင်းသင်္ခန်းလေး တစ်ခုပဲဗျ။

ဒီတော့မှ ဦးကီးကော်တစ်ယောက် စိတ်အေးသွားပီး မိန်းမ ဖြစ်သူကို
လှည့်ကြည့်ရင်း စကားလှမ်းပြောလိုက်တယ်။

” မိန်းမရေ !! လတ်စသတ်တော့ ဘုန်းကြီး ကျောင်းလေးတစ်ခုပဲဟ
ကြည့်ရတာ အထဲမှာ တောတောင်ထဲ တရားအားထုတ်တဲ့ ဘုန်းကြီး
တစ်ပါးပါး ဒါမှမဟုတ် တစ်ယောက်ယောက်တော့ ရှိမဲ့ပုံပဲ…အတော်ပဲဝေ့ …မှောင်လည်း မှောင်နေပီ…ဒို့မိသားစုတွေ လည်း ပင်ပန်း နေကျပီဆိုတော့ ဒီတစ်ည ဒီမှာပဲ ခွင့်တောင်းပီး တည်းခို
ကြရင် မကောင်းဘူးလား ဝေ ”

” အင်း !! အပါကြီး သဘောပဲ လေ ”

မိန်းမ ဖြစ်သူ သဘောတူတာကြောင့် ဦးကီးကော်လည်း တွေဝေ မနေ
တော့ပဲ တဲကျောင်းလေးရှေ့ကို လှမ်းသွားပီး အသံပေးလိုက်တယ်။

” ဝေ့ !! အထဲမှာ လူရှိလားဝေ့ ”

ဦးကီးကော် အဲဒီလို အသံပေးလိုက်ပေမဲ့ ကျောင်းသင်္ခန်းလေးထဲက
ဘာတုံ့ပြန်သံမှ မကြားရဘူး။ ဒါနဲ့ နောက်တစ်ကြိမ် အသံထပ်ပေး
ပီး အခြေအနေကို အသာစောင့်ကြည့်နေလိုက်တာဗျို့။ ဒီတော့မှ
တဲကျောင်းထဲကနေ လှုပ်ရှားသံ တစ်ချို့နဲ့အတူ အက်တဲ့တဲ့ စူးရှပီး
ကျောချမ်းစရာကောင်း တဲ့ အသံကြီး တစ်ခုထွက်ပေါ် လာတာကို ကြားလိုက်ရတယ်။

” ဘယ်သူတွေလဲ …ဘာလာလုပ်ကြတာလဲ ”

ဦးကီးကော်လည်း ကြားလိုက်ရတဲ့ အသံကြီးကြောင့် ကျောရိုးတစ်
လျှောက် ကြက်သီးတွေစိမ့်ပီး ထသွားပေမဲ့ ဟန်မပျက် ပြန်ပြော
လိုက်ရတယ်။ ဒါတောင်မှ ထွက်သွားတဲ့ အသံက တုန်ရင်လို့
နေတာဗျိုး။

” ဟို…ဟို !! ငါ…ငါတို့ ခ…ခ…ခရီးသွားတွေပါ…ဒီကို ဖြတ်လာရင်း
အချိန်လည်းမရှိတော့တာနဲ့…ဒီတဲကျောင်းကို တွေ့တော့ တစ်ည
လောက် ခိုနားဖို့အကူအညီတောင်းမယ်လို့ တွေးပီး ဝင်လာတာပါ ”

ဦးကီးကော်က ပြောရင်းနဲ့ တဲကျောင်းပေါ်ကို လှမ်းတက်ဖို့ ဟန်ပြင်
လိုက်တယ်။ ဒါပေမဲ့ အဝမှာတင် တဲကျောင်းထဲက လှမ်းငေါက်လိုက်
တဲ့ အသံပြတ်ကြီးကြောင့် လှမ်းလက်စ ခြေလှမ်းတွေကို ရုတ်ချည်း
ရပ်ပစ်လိုက်ရတာဗျ။

” အထဲကို ဝင်မလာနဲ့ ”

” ဟင် ”

ဦးကီးကော်လည်း အဝကနေ တဲထဲက အော်သံကြားရာနေရာကို လှမ်းကြည့်လိုက်တယ်။ နေရောင် စုံးစုံးမြုပ်လို့အမှောင်ထုကနေရာ ယူထားပီဆိုတော့ မျက်စိကို အတော်လေး အားစိုက်ကြည့်လိုက်တော့
မှသာ တဲထဲက ထောင့်တစ်ထောင့်မှာ တင်ပျဉ်ခွေ ထိုင်နေတဲ့ သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရတော့တာဗျိုး။ အဲဒီချိန်မှာပဲ တဲထဲက ဘုန်းကြီးက သူ့ကို လှမ်းမိန့်တယ်။

” အေး !! တစ်မျိုးမထင်နဲ့ ဒကာကြီး…ဘုန်းကြီးက လူသူပြတ်လပ်
တဲ့ ဒီတော ဒီနေရာမှာ တရားအားထုတ်နေတာကြာပီ…ဒီတော့ ကိ
လေသာ တွေ ပူပြင်းလောင်မြိုက်နေတဲ့ လူတွေရဲ့ အနံ့သက်ကို
မခံနိုင်ဘူး…ဒါ့ကြောင့် ဒကာကြီးကို ကျောင်းပေါ် မတက်ခိုင်းတာ ”

ဘုန်းကြီးရဲ့ စကားကို ကရင်လူမျိုးဖြစ်တဲ့ ဦးကီးကော်ခမျာ နား
မလည်ပေမဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေ လိုပဲလက်အုပ်ချီပီး ပြန်
လျှောက်လိုက်ရတာပေါ့။

” တင်ပါ့ !! မ…မသိလို့ပါ ဘုန်းကြီး ”

” အိမ်း !! ရှိစေတော့…ရှိစေတော့… ဒါနဲ့ ဒကာကြီးတို့ မိသားစုက
ဒီည ဒီမှာတည်းချင်လို့လား ”

” ဟင် !! ”

ဘုန်းကြီး မေးလိုက်တဲ့ အမေးကြောင့် ဦးကီးကော်တစ်ယောက်
ပါးစပ်ကနေ ဟင် ဆိုပီး အံ့သြမှင်သက်မိသွားတာဗျ။ စိတ်ထဲမှာ
လည်း တွေးလိုက်မိတယ်။ ဒီဘုန်းကြီး ကျောင်းပေါ်ကနေ ထိုင်ရာ
က မထပဲ ငါ့ အပြင်…ငါ့မိန်းမနဲ့ ကလေးတွေလည်း ပါလာတာ
ကို ဘယ်လိုသိလဲဆိုတာကိုပေါ့။

” ဟဲ့ !! ဒကာ…မေးနေတာ မကြားဘူးလား ”

ဦးကီးကော် အတွေးလွန်နေလို့ တဲထဲက ဘုန်းကြီးကစိတ် မရှည်
သလိုလေသံနဲ့ လှမ်းအော်လိုက်တာဗျ။ ဒီတော့မှ ဦးကီးကော်လည်း
အတွေးစ ကိုဖြတ်ပီး ကမန်းကတန်း ပြန်လျှောက်တင်လိုက်တယ်။

” ဟုတ် !! ဟုတ်ပါတယ် ဘုန်းကြီး ”

” အေး !! ဒါ့ဖြင့် ကျောင်းအနောက်မှာ ဘုန်းကြီးအရင်နေတဲ့ တဲ
ကျောင်းအဟောင်း တစ်ခုရှိတယ်…ဟောင်းနေပီ ဆိုပေမဲ့ ဒကာကြီး
တို့ မိသားစုအတွက် တစ်ညတာနေဖို့တော့ရလောက်မှာပါ…စား
ဖို့အတွက်ကတော့ ဘုန်းကြီးဆိုတာ ညစာမစားလို့ ဘာမှ မရှိဘူး ”

” တင်ပါ့ !! ရပါတယ်…ခုလိုကျောတခင်းစာ နေရာတစ်နေရာ ခွင့်ပြု
တာကိုပဲ ဝမ်းသာလှပါပီ ဘုန်းကြီး ”

” အိမ်းးး !! ဒါဖြင့် သွားနားကြတော့ပေါ့ ”

ဦးကီးကော်လည်း ဘာစကားမှ ဆက်မဆိုတော့ပဲ…တဲကျောင်းအပြင်မှာ
မတ်တပ်လေးရပ်နေတဲ့ ဇနီးဖြစ်သူဒေါ်နော်ဖောနဲ့ သားဖြစ်သူကို လှမ်း
ခေါ်လိုက်ပီး ဘုန်းကြီးရှိတဲ့ တဲကျောင်းရဲ့ အနောက်ဘက်ကို လျှောက်
သွားလိုက်တယ်။

အလိုလေး !! တဲကျောင်းကို ကျော်သွားတော့…ဦးကီးကော်နဲ့သူ့မိန်းမ
ရဲ့ နှာခေါင်းဝမှာ ဘယ်ကလာမှန်းမသိရတဲ့ အပုပ်နံ့ကြီးတစ်ခုက စူး
စူးဝါးဝါးကြီး တိုးဝင်လာ ပါယောလား။ ဆယ်နှစ်အရွယ် သားဖြစ်နဲ့
ရင်ခွင်ပိုက် သမီးလေးကတော့ ဒါကို ဘယ်သိကြမလဲ။ ဦးကီးကော်
ကတော့ စ်ိတ်ထဲမှာ မသိုးမသန့်ဖြစ်နေပီပေါ့ဗျာ။

ဟော !! စောနက ဘုန်းကြီး ရှိနေတဲ့ တဲကျောင်းရဲ့ အနောက်ဘက် ဝါးတစ်ပြန် လောက်အကွာမှာ ဟောင်းအို စုတ်ပြတ်နေပီ ဖြစ်တဲ့ တဲကျောင်းအိုလေး တစ်ခုရှိနေတာကို တွေ့လိုက်ရတယ်။

ဒါနဲ့ အဲဒီတဲကျောင်း စုတ်လေးထဲ လှမ်းတက်ပီး ပါလာတဲ့ ပစ္စည်း
ဝန်စည် စလွယ်တွေကို အသာချလိုက်တယ်။ ဦးကီးကော်က အိတ်
တစ်လုံးထဲမှာ အသင့်ပါလာတဲ့ မီးခတ်နဲ့ ဖယောင်း တိုင်ကိုထုတ်ပီး
မီးထွန်းညှိ လိုက်တာပေါ့။ မြင်မြင်ထင်ထင် ရှိသွားပီဆိုတော့မှ မိသားစု
တွေ ကျောတစ်ခင်းစာ နေရာတစ်နေရာတွက် လှဲကျင်းသုတ်သင်
ရတော့တာပေါ့ဗျာ။

နေရာတစ်နေရာစာ ခင်းကျင်း သုတ်သင်ပီး လို့ လင်မယားနှစ်
ယောက် ထိုင်ပီး အမောဖြေတော့မှပဲ ဦးကီးကော်ရဲ့ မိန်းမဖြစ်သူက ဦးကီးကော်ကို စကားစလိုက်တာဗျ။ အဲဒါကလည်း တခြားကြောင့်
မဟုတ်ဘူး…သူ့စိတ်ထဲမှာ ဒီကို စရောက်လာထဲက တစ်ခုခု ထူးဆန်းနေပီလို့ထင်နေတာကိုး။

” အပါကြီး !! စောနက တဲကျောင်းပေါ်မှာ အပါကြီးနဲ့ စကားပြောနေ
တာ လူလား…ဘုန်းကြီးလား ”

” ဘုန်းကြီးပါ မိန်းမရဲ့ ”

” အမလေး!! ဘုန်းကြီးသာဆိုတယ်…အသံကြီးက ကြောက်ဖို့
ကောင်းလိုက်တာတော် … သူ့အသံကြီးကို စစ ကြားလိုက်ရ
တုန်းက ငါ့မှာ ခေါင်းနပမ်းတွေကြီးပီး လန့်ဖျန့် ထွက်ပြေးချင်
စိတ်တောင်ပေါက်တယ် ”

” အေး ဝေ့ !! ငါလည်း အဲဒီချိန်တုန်းက ကြက်သီးတွေ တဖြန်းဖြန်း
ထတာပ… နောက်တော့ တဲထဲကို လှမ်းကြည့်လိုက်တော့မှ ဗမာ
ဘုန်းကြီးတစ်ပါး ဖြစ်နေမှန်းသိပီး စိတ်ကိုဖြေလိုက်ရတာ ”

” အဲဒီ ဘုန်းကြီးရဲ့ ပြောပုံ ဆိုပုံ … နေပုံ ထိုင်ပုံတွေက ထူးဆန်း
တယ်လို့ မထင်ဘူးလား အပါကြီး ”

” ဘာလို့လဲ ဝေ့ ”

” ဘာဖြစ်ရမလဲ… အပါကြီးရဲ့…ငါတို့လည်း ဗမာ ဘုန်းကြီးတွေ
တော်တော်များများနဲ့ ပြောဆို ဆက်ဆံဖူးတာပဲ…အခု ဒီဘုန်းကြီး
ပြောပုံ ဆိုပုံနဲ့ တခြားစီပဲလေ… ဒီဘုန်းကြီး စကားပြောတာက
ကြမ်းတမ်းလွန်းတယ်…ပီးတော့ ပါကြီး ကြည့်လိုက်ဦး ကျူပ်တို့
စရောက်တော့ မှောင်နေပီ…သူ့တဲထဲမှာ မီးတွေဘာတွေ ထွန်း
ထားတာလည်း မတွေ့ဘူး…အခုလည်း ကြည့်လေ သူနေတဲ့
ကျောင်းက ခုထိ မှောင်မဲနေတုန်းပဲ မို့လား ”

မိန်းမဖြစ်သူရဲ့ စကားကြောင့် ဦးကီးကော်လည်း တဲ အပြင်ကို လှမ်း
ကြည့်လိုက်တယ်။ ဘုန်းကြီးနေတဲ့ တဲကျောင်းက သူတို့တဲနဲ့ တည့်
တည့် ဝါးတပြန် အကွာလောက်မှာဆိုတော့…မြင်ကွင်းရှင်းရှင်းနဲ့
တွေ့နေရတာ မဟုတ်လား…မိန်းမ ဖြစ်သူပြောလည်း ပြောချင်စရာ
ပဲ…ဘုန်းကြီးရှိနေ တဲ့ တဲဟာ မှောင်မဲပီး ခြောက်ချားဖွယ် ကောင်း
အောင် တိတ်ဆိတ်ငြိမ်သက်လို့ နေတာဗျို့။ ဒါပေမဲ့ ဦးကီးကော်
က မသိကျိုးကျွံပြုပီး မိန်းမဖြစ်သူကို ပြန်ပြောလိုက်တယ်။

” ဒီဘုန်းကြီးက တစ်ပါးထဲ တိတ်တိတ် ဆိတ်ဆိတ်နေချင်လို့ဖြစ်မှာ
ပေါ့ဝေ…ကဲ…ကဲ !! မင်းလည်း စကားစကိုဖြတ်ပီး…ငါ့ သမီးအငယ်
ကို နို့တိုက် သိပ်ဖို့ လုပ်တော့ဝေ့…မနက် ဒို့တွေ စောစောထပီး
ခရီး ဆက်ရင် နေမွန်းမတည့်ခင်ဆို ငါ့နေရပ်ကို ရောက်ပါပီလေ ”

ဦးကီးကော် အဲဒီလို ပြောလိုက်တော့…မိန်းမဖြစ်သူက ဘာမှပြန်မပြော
တော့ပဲ ကလေးကိုနို့တိုက်လိုက်တယ်။ လက်တစ်ဖက်ကလည်း ခရီး
ပန်းဒဏ်ကြောင့် အိပ်ပျော်နေပီဖြစ်တဲ့ သားကြီးဖြစ်သူကို ဖက်ထား
လိုက်တာဗျ။

ဦးကီးကော်ကတော့ ထုံးစံအတိုင်း အိပ်မပျော်နိုင်သေးပဲ… ဆေးတံ
ကို မီးညှိ ဖွာရှိုက်နေတော့တာပေါ့ဗျာ။ သူငယ်ခေါင်းချချိန်လောက်
ရောက်တော့ မိန်းမကော ကလေးတွေပါ အိပ်မောကျကုန်ပီ။ အဲဒီ ချိန်ရောက်တော့ ဘုန်းကြီးရှိနေတဲ့ တဲထဲက ချိုးချိုး ချွတ်ချွတ်နဲ့ လှုပ်ရှားသံတွေကြားရပီး ဘုန်းကြီးရဲ့အသံသြသြကြီးနဲ့လှမ်းမေး
လိုက်တဲ့အသံကိုပါ ကြားလိုက်ရတော့တာပဲဗျို့။

” ဟို ဒကာကြီးတို့ အိပ်ပီလား ”

ဦးကီးကော် လည်း သူတို့ကို မေးမှန်းသိလို့ ချက်ချင်းပြန်ဖြေလိုက်
ရတာပေါ့။

” မိန်းမနဲ့ ကလေးတွေတော့ အိပ်ပါပီ…တပည့်တော်တော့ မအိပ်
သေးပါဘူး ဘုန်းကြီး ”

” အိမ်း !! ကောင်းတယ်…ကောင်းတယ် ”

အဲဒီလိုပြောပီး တာနဲ့ ဘုန်းကြီးရဲ့ အသံက ပျောက်သွားတော့
ဦးကီးကော်လည်း အမူမဲ့ အမှတ်မဲ့ သဘောထားလိုက်ပီး ဆေးတံ
ကို ပြန်ဖွာနေလိုက်တယ်။

ခဏကြာ ပြန်တော့ ဘုန်းကြီးက ခုနကအတိုင်းမေးပြန်ယောဗျို့။

” ဟဲ့ !! ဟို ဒကာကြီး အိပ်ပီလား ”

” အိပ်မပျော်လို့ မအိပ်သေးဘူး ဘုန်းကြီး…ဒါနဲ့ ဘုန်းကြီးက တပည့်
တော် ကို ဘာလို့ ခဏ ခဏ ဒီလိုမေးနေရတာလဲ ”

ဒီတစ်ခါတော့ ဦးကီးကော် တစ်ယောက် ပြန်ဖြေရင်းနဲ့ သိချင်စိတ်ကို
ထိန်းမရတာကြောင့် လှမ်းမေးလိုက်တာဗျ။ ဘုန်းကြီးကလည်း သူ့တဲ
ထဲကနေ ပြန်ဖြေတယ်။

” အေးအေး !! ဘာမှ မဟုတ်ပါဘူးကွယ်…ဒကာက မီးတွေထွန်းထား
ပီး အိပ်ပျော်သွားရင် မီးလန့်မှာ စိုးလို့ပါ ”

ဘုန်းကြီးက အဲဒီလိုပြောလိုက်ပေမဲ့ ဦးကီးကော်ကတော့ စိတ်ထဲ
ဘဝမကျ ဖြစ်မိတာအမှန်ပဲဗျို့။ ဒါနဲ့ နောက်တစ်ခါ ထပ်မေးရင်
ဘာလဲဆိုတာ သိအောင် လုပ်မယ်ဆိုပီး စိတ်ထဲမှာ တေးထား
လိုက်မိတယ်။ ဦးကီးကော် စိတ်ထဲ အဲဒီလိုတွေးလိုက်လို့လား
တော့မသိဘူး…အချိန်အတော်လေးကြာတဲ့ အထိ ဘုန်းကြီးဆီက
ဘာသံမှ ထပ်ထွက်မလာတော့ဘူးဗျို့။ အချိန်ကလည်း တဖြေး
ဖြေးနဲ့ သန်းခေါင်ယံကို ကျော်သွားပီပေါ့ဗျာ။

⏰⏰⏰⏰

” အောက် အီးးအီးးအီးး အွတ် ”

ဟော !! သန်းခေါင်ကျော်ကြက် တွန်သံကိုကြားလိုက်ရပီး မရှေးမနှောင်းမှာပဲ ဘုန်းကြီးရဲ့ အသံသြသြကြီးက ထုံးစံ
အတိုင်းထွက်ပေါ်လာပြန်ပီဗျ။

” ဟဲ့ ဒကာကြီး !! အိပ်သွားပီလား ”

ဒီတစ်ခါတော့ ဦးကီးကော်က ဘုန်းကြီးရဲ့ အမေးကို ပြန်မဖြေပဲ
နူတ်ဆိတ်နေလိုက်တယ်။ ပီးတာနဲ့ ထိုင်နေရာက အသာထလို့
ခြေကို ဖွနင်းပီး ဘုန်းကြီး ရဲ့ တဲကျောင်းနားကို ချဉ်းကပ်လိုက်
တာဗျို့။

ဘုန်းကြီးကတော့ ဦးကီးကော်ပြန်ဖြေသံကို မကြားရမချင်း လှမ်း
မေးနေတုန်းပေါ့ဗျာ။ ဦးကီးကော်လည်း တဲနားကို ချဉ်းကပ်မိတာ
နဲ့ ကျောင်းထရံပေါက်ကနေ ဘုန်းကြီးရဲ့ အသံကြားရာနေရာကို ချောင်းကြည့်လိုက်မိတယ်။

” ဟာ !! ”

ဦးကီးကော် တစ်ယောက် လရောင်တစ်စွန်း တစ်စနဲ့မထင်မှတ်ပဲ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ခေါင်းက ရာဝင်ပုတ်လောက်
ကြီးတက်သွားပီး လန့်ဖျန့်အော်ဟစ် မိတော့မလို ဖြစ်သွားတာဗျို့။ ပါးစပ်ကို အချိန်မှီ လက်နဲ့ အအုပ်မြန်လိုက်လို့သာ ဟာ ဆိုပီး လွှတ်ခနဲထွက်သွားတဲ့ အသံကလည်ချောင်းထဲမှာတင် ပျောက်ကွယ်
သွားတာဗျ။

ီဦးကီးကော် သွေးပျက်မတက် ထိတ်လန့်ကြောက်ရွံ့သွားမယ်ဆို
လည်း ကြောက်စရာပဲဗျ။ သူ့ကို အိပ်ပီလား…အိပ်ပီလားနဲ့မေး
နေတာ တခြားဟုတ်ရိုးလား…နားရွက်ကြီးတစ်ဖက်ကို စောင်တစ်
ထည်လို ဖြန့်ခြုံထားပီး ကျန်တဲ့ တစ်ဖက်ကိုဖျာတစ်ချပ် လို ခင်းအိပ်
နေတဲ့ ဗိုက်ပူ နံကား သရဲသဘက်ကြီး တစ်ကောင်ဖြစ်နေတာ လေ
ဗျာ။ ဒီတော့မှ ညနေက သူနဲ့စကားပြောတဲ့ ဘုန်းကြီးဟာ လူမဟုတ်
ပဲ ဘုန်းကြီးယောင်ဆောင်ထားတဲ့ သရဲ သဘက်ကြီးတစ်ကောင်
ဖြစ်နေမှန်း သဘောပေါက်သွားတာဗျ။

အဲဒီအကောင်ကြီးရဲ့ ခန္ဓာကိုယ်ကြီးကမဲနက်နေပီးဆင်ကြီးတစ်ကောင်
စာလောက်ရှိမယ်။ နီရဲပြူးထွက်နေတဲ့ မျက်လုံးကြီးတွေဆို လူကြီး
လက်သီးတစ်ဆုပ်စာတောင် ကမယ် မထင်ဘူး။ တစ်ချက် တစ်ချက်
ပါးစပ်ကိုဟပီး သန်းဝေ လိုက်တိုင်းမှာ လျှာအရှည်ကြီးက အလိပ်လိုက်
အပြင်ကိုထွက်ကျလာသလို ဖွေးဖွေး လှုပ်နေတဲ့ အစွယ်ကြီးတွေကိုပါ အသည်းယားစဖွယ် မြင်နေ တွေ့နေရတာဗျို့။

ကရင်ပီပီ တော်ရုံတန်ရုံ မကြောက်တတ်တဲ့ ဦးကီးကော်တစ်ယောက်
အဲဒီလို ရုပ်ပျက်ဆင်းပျက်နဲ့ အော့နှလုံးနာစရာကောင်းတဲ့ သဘက်ကြီး
ကို မြင်တော့ ကြောက်ဒူး တဆတ်ဆတ်တုန်ရုံတင် မကဘူး… ကြောက်
သေးပါ တဖြန်းဖြန်း ထွက်ချင်နေပီဗျ။

ဒါပေမဲ့ ဦးကီးကော် ချက်ချင်းပဲ အခြေနေအားလုံးကို ရိပ်စားမိ ပီး စိတ်ကို တင်းလိုက်တယ်။ ဟုတ်တာပေါ့…သူကြောက်နေလို့ဘယ်
ဖြစ်မလဲ…သူ့မှာ ဇနီးနဲ့ သား သမီးတွေရှိသေးတာကိုး။

ဒါနဲ့ နောက်ကို အသာလေး တဖြေးဖြေးဆုတ်သွားလိုက်တယ်။ တဲ
ကျောင်း အဟောင်းကိုပြန်ရောက်တဲ့ ချိန်မှာပဲ သဘက်ကြီးကလည်း စိတ်မရှည်တော့တဲ့ ပုံစံနဲ့ သူ့ကိုအော်မေးနေပြန်ပီဗျို့။

” ဟို ဒကာ !! အိပ်ပီလား လို့မေးနေတယ်လေ…ဘာလို့ပြန်မဖြေ
တာတုန်း ”

” မ…မအိပ် သေးပါဘူး ဘုန်း…ဘုန်းကြီး ”

ဦးကီးကော်ရဲ့ ပြန်ဖြေသံက တုန်ရင်လို့နေတာဗျို့။ မဖြေလို့လည်း
မရမှန်း ဦးကီးကော်ကသိတယ်။ သူသာအဲဒီလိုပြန်မဖြေရင် သဘက်
ကြီးက သူ့တို့အိပ်ပီ အထင်နဲ့ ထလာတော့မှာလေ။

ဦးကီးကော်ရဲ့ အသံကို ကြားတော့ သဘက်ကြီးကလည်း ထပ်မမေး
တော့ပဲ ခဏလောက် ပြန်ငြိမ်သွားတယ်။ သဘက်ကြီး ငြိမ်သွားပီဆို
တော့မှ ဦးကီးကော်လည်း မိန်းမဖြစ်သူကို လေသံလေးနဲ့ ကြိတ်ပီး
နိုးရပီပေါ့ဗျာ။ မိန်းမ ဖြစ်သူ နိုးတော့ ဦးကီးကော်လည်းအကြောင်းစုံ
ရှင်းပြလိုက်တယ်။ မိန်းမဖြစ်သူလည်း အကြောင်းစုံသိတော့ ဆောက်
တည်ရာမရအောင် ထိတ်လန့်တုန်လှုပ်သွားတာဗျ။

” အောင်မလေး !! ဒု…ဒုက္ခပါပဲ…ငါ…ငါတို့တော့ ကိုယ်ကျိုး နည်းပီနဲ့တူပါတယ် အပါကြီးရယ်…ဘယ်လိုလုပ်ကြမလဲ ”

” ဘာလုပ်ရမှာလဲ မိန်းမရယ်…လူ လူချင်းဆိုလည်း နပန်းဖက်လုံး
လို့ရတယ်…ခုက သရဲဟ … သရဲ ဒီတော့ ထွက်ပြေးဖို့ပဲ ရှိတော့
တာပ ”

” ဟင် !! ဒါ…ဒါဆိုလည်း သွားကြမယ်လေ အပါကြီး ”

” နေဦးဝေ့ !! ငါတို့အားလုံးပြေးလို့ လွတ်မယ် မထင်ဘူး…ငါတို့
အားလုံးပြေးမယ်ဆိုရင် ဒီသဘက်ကြီး ကတစ်နည်းနည်းနဲ့သိမှာပဲ…
ဒီတော့ ဒီလိုလုပ်…နင် ကလေးတွေကိုခေါ်ပီး မြောက်စူးစူးတိုင်း
မရပ်မနားသာပြေး…မိုးမလင်းခင်မှာ ငါ့ရွာကိုရောက်သွားလိမ့်မယ် ”

” ပါ… ပါကြီးကကော”

” မစောင့်နဲ့ … နင်တို့ သာလွတ်အောင် ပြေး…ငါ့ကိုနောက်ဆံတင်း
မနေနဲ့…ငါ့ဘာသာ အခြေနေကြည့်ပီး နောက်က လိုက်ခဲ့မယ် ”

ဦးကီးကော်က စကားဆုံးတာနဲ့ မိန်းမဖြစ်သူရဲ့ တုံ့ပြန်စကားကို
စောင့်မနေတော့ပဲ အိပ်နေတဲ့ ကိုးလအရွယ် သမီးငယ်ကို ကောက်
ချီလိုက်တယ်။ ပီးတာနဲ့ ပုဆိုးအဟောင်းတစ်ထည်ကို ယူလိုက်ပီး
ကလေးကို မိန်းမဖြစ်သူရဲ့ နောက်ကျောမှာ မြဲမြံအောင် ထုတ်ပိုး
စည်းနှောင်လိုက်တာဗျို့။ ဒါမှလည်း မိန်းမဖြစ်သူ လွတ်လွတ်လပ်
လပ်…လျှင်လျှင် မြန်မြန်ပြေးလွှားနိုင်မှာလေ။

အဲဒီချိန်မှာ ဦးကီးကော်ရဲ့ မိန်းမဖြစ်သူက သားအကြီးကောင်ကို လှုပ်
နိုးနေပီ။ ဆယ်နှစ်အရွယ် သားဖြစ်သူက ကလေးဆိုတော့ ဘာသိမှာ
တုန်း…အိပ်မောကျနေရင်း ရုတ်တရက်အနိုးခံလိုက်ရတာဆိုတော့…
အီး အီး အားအားနဲ့ ဂျီဂျချင်တော့တာပေါ့ဗျာ။ ဦးကီးကော်က သား
ဖြစ်သူရဲ့ ခေါင်းကို ခတ် ဆတ်ဆတ်လေး ခေါက်လိုက်ပီး လေသံလေး
နဲ့အသံမထွက်ဖို့ မာန်လိုက်မှသာ ငြိမ်ကျသွားတာဗျို့။

ဒီတော့မှ ဦးကီးကော်လည်း သဘက်ကြီးရှိနေတဲ့ တဲဘက်ကို အခြေ
အနေ လှမ်းကြည့်လိုက်တယ်။ အဲဒီချိန်မှာ သဘက်ကြီး ကလည်း
ဥိးကီးကော်ကို တဲထဲကနေ အသံနက်ကြီးနဲ့ လှမ်းမေးပြန်ပီဗျ။

” ဟို ဒကာ…မအိပ်သေးဘူးလား…ဘာလုပ်နေတာလဲ
အချိန်မနည်းတော့ဘူးလေ ”

ဦးကီးကော်လည်း အထိတ်တလန့်နဲ့ ပြန်ဖြေရပြန်ကောဗျို့။

” ခ…ခဏနေအိပ်တော့မှာပါ ဘုန်းကြီး ”

ဦးကီးကော်က အဲဒီလို ပြန်ဖြေပီးတာနဲ့ မိန်းမဖြစ်သူကို မျက်နှာရိပ်
မျက်နှာကဲပြလိုက်တယ်။ ဒီတော့ မိန်းမဖြစ်သူလည်း သမီးငယ်ကို
ကျောပိုးထားလျက်က သားအကြီးကောင် လက်ကိုဆွဲလိုက်ပီး တဲ
ပေါ်ကနေ ခြေဖွဆင်းလိုက်တယ်။ ပီးတာနဲ့ အတော်ဝေးဝေးရောက်
တဲ့ထိ ခြေသံလုံအောင်နင်းပီး သွားလိုက်ရတာဗျို့။

အတော်ဝေးဝေးကို ရောက်ပီဆိုတာနဲ့ ဦးကီးကော် ပြောတဲ့ အတိုင်း
မြောက်စူးစူးကို အသားကုန်ပြေးတော့တာပေါ့။ အဲဒီချိန်မှာပဲ နောက်
မှာကျန်ခဲ့တဲ့ တဲကျောင်းတွေဘက်ကနေ ပြင်းထန်ကျယ်လောင်တဲ့
ဝုန်းဒိုင်းကျဲ ဆူညံသံတွေနဲ့အတူ ယောကျာ်းဖြစ်သူ ဦးကီးကော်ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့ အသံနက်ကြီးကိုပါ ကြားလိုက်ရ
တော့တာပဲဗျို့။

ကြားလိုက်ရတဲ့ အသံကြောင့် လင်ဖြစ်သူ ဦးကီးကော် ဆိုးဆိုးဝါးဝါး
တစ်ခုခုဖြစ်ပီမှန်း သိလိုက်ပေမဲ့ ဒေါ်နော်ဖောတစ်ယောက် ပြေးလွှား
နေတဲ့ ခြေလှမ်းကို တစ်စက်လေးမှ မရပ်တန့်ရဲဘူး။ သဘက်ကြီးရဲ့
လက်က လွတ်အောင်ပြေးနိုင်မှသာ သူကော…ကလေးတွေပါ အသက်
ချမ်းသာရာရမှာ လေ။ သားဖြစ်သူကို လက်ကဆွဲပီး ပြေးနေရတဲ့ အပြင်
လသားအရွယ် သမီးလေးကိုပါ ကျောမှာပိုးထားရတော့ ပိုပီးပင်ပန်းတာ
ပေါ့။

အဲဒီလို တရကြမ်းပြေးလွှားနေတာတောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘုန်းကြီးသဘက်ကြီးရဲ့ အသံနက်ကြီးနဲ့ ရီမောနေတဲ့ အသံတွေဟာ သူ့နားထဲမှာ ဝေးသွား သလိုလို…နီးလာသလိုလိုနဲ့ကြားနေရသေး
တာဗျ။ တစ်တောလုံး တစ်တောင်လုံး သဘက်ကြီးရဲ့ ခြောက်ကပ်
ကပ် ရီမောသံကြီးကလည်း ပဲ့တင်ထပ်သလို ဖုံးလွှမ်းလို့နေတာပါ
ဗျာ။ သားဖြစ်သူကလည်း ကြောက်လန့် ငိုယိုပီး ဒေါ်နော်ဖော လက်ကိုမလွှတ်ပဲ အတင်းပြေးလိုက်ရှာတာဗျ။

သူ့တို့မျက်စိထဲမှာ တောထဲကမြင်မြင်သမျှ သစ်ပင်ကြီးတွေ ချုံနွယ်
ပိတ်ပေါင်းကြီးတွေဟာ လေမတိုက်ပဲ ယိမ်းထိုး လှုပ်ရမ်းနေကြတာ
ကိုက မသိရင် မကောင်းဆိုးဝါး…သရဲ… တစ္ဆေကြီးတွေ မြူးထူးခုန်
ပေါက်က ခုန်နေကြသလိုကို ခံစားနေရတာဗျို့။ သားသမီးဇောနဲ့ မို့သာခုလို ပြေးနိုင်တာ တခြားသူသာဆို…သွေးပျက်ရှုးနှမ်းပီးသေတာ
ကြာပီပေါ့ဗျာ။

အချိန်ဘယ်လောက်ကြာအောင် မမောနိုင်မပန်းနိုင်ပြေးနေမိတယ်
ဆိုတာ သတိမထားမိနိုင်ကြတော့ဘူး။ လင်းရောင်ခြည်ဖျော့ဖျော့
ပျပျလေး သန်းလာတဲ့ အချိန်ရောက်တော့မှ အရှေ့ မနီးမဝေးမှာ
ရှိနေတဲ့ ရွာကြီး တစ်ရွာကို ဘွားခနဲ တွေ့လိုက်ရတယ်။ ဒီတော့မှ ဒေါ်နောဖောနဲ့ သားဖြစ်သူတို့ အမောဆို့ပီး အရုပ်ကြိုးပြတ်ဆိုသ
လို မြေပြင်မှာ ဗုန်းဗုန်းလဲကျ သွားတော့တာပါဗျာ။

⏰⏰⏰⏰

ဒေါ်နော်ဖော သတိရလာတော့…အိမ်ကြီးတစ်အိမ်ပေါ်ရောက်နေမှန်း
သိလိုက်ရတယ်။ ဘေးဘီကို မျက်လုံးဝေ့ကြည့်လိုက်တော့ သူ့ကို
စိုးရိမ်တကြီး ဝိုင်းကြည့်နေကြတဲ့ လူတွေကို တွေ့လိုက်ရတာဗျ။

” နော်ဖော…နော်ဖော သတိရပီလား ”

အသံကြားရာကိုကြည့်လိုက်တော့…အသက်ငါးဆယ်ဝန်းကျင်လောက်
ရှိတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒေါ်နော်ဖောလည်း ရုတ်တရက်ဆိုတော့ ကြောင်တောင်တောင်ဖြစ်ပီး ဘာမှ ပြန်မပြောမိ
ဘူးဗျ။

” ဟဲ့ !! နော်ဖော နင် ငါ့ကို မမှတ်မိတော့ဘူးလား…ငါ နင့်ယောကျာ်း
ကီးကော်ရဲ့ အကို စောဂျိမ်းလေဝေ…နင်တို့သားအမိတွေရွာထိပ်မှာ သတိလစ်လဲကျနေတာကို ငါတို့ရွာက တောတက်သွားမဲ့သူတွေ တွေ့
ပီး ရွာထဲခေါ်လာကြတာပ…ငါလည်း နင်တို့ဖြစ်နေမယ်မှန်း လုံးဝထင်
မထားတာ ဘယ်လိုဖြစ်ရတာလဲဝေ…ငါ့ညီ ကီးကော်ကော…ကီးကော် ဘယ်မလဲ ”

စောဂျိမ်းဆိုတဲ့ ကရင် အမျိုးသားကြီးက သတိရခါစ ဒေါ်နော်ဖောကို
စကားအဆက်မပြတ် မေးလိုက်တာဗျို့။ ဒီတော့မှပဲ ဒေါ်နော်ဖော တစ်ယောက် အသိပြန်ဝင်လာပီး ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိသွားတော့တာဗျ။ ပီးတော့ ခဲအိုဖြစ်သူ စောဂျိမ်းကို အားကိုး
တကြီး ဖက်လို့ ရှိုက်ကြီးတငင်ငိုရင်း သူတို့ သားအမိ သားအဖတွေ ပဲခူး ကနေ ပြေးလာကြတာက စပီး အကြောင်းစုံရှင်းပြလိုက်တော့
တာပေါ့ဗျာ။ ဒေါ်နော်ဖော ရှင်းပြတာဆုံးတော့ စောဂျိမ်းက တောက်
တစ်ချက် ကို ပြင်းထန်စွာခေါက်လိုက်ရင်း ဒေါသထွက်စွာနဲ့ပြန်ပြော
တယ်။

” တောက် !! ဒါဆို ငါ့ ညီက အဲဒီမှာ ကျန်ခဲ့တာပေါ့…ဒီမှာ နော်ဖော
ငါ့တို့ရွာကို ရောက်မှတော့ နင်ဘာမှ အားငယ်နေစရာမလိုတော့ဘူး…
နင့်ကလေးတွေနဲ့ ငါ့အိမ်ကပဲစောင့်နေ…အဲဒီနေရာကို ရွာကလူတွေ
စုပီး ငါအခုလိုက်မယ်ဝေ ”

ဦးစောဂျိမ်းက ဒေါ်နော်ဖောကို အားပေးစကားပြောပီးတာနဲ့ ချက်ချင်း
ပဲ ရွာက ကာလသားတွေကို ဓားတွေ…လှံတွေယူခိုင်းပီး ဦးကီးကော်
ကျန်ခဲ့တဲ့နေရာကို လိုက်ဖို့ပြင်ဆင်နေပီဗျ။ ဦးစောဂျိမ်းလူစုပီးထွက်
သွားတော့ ဒေါ်နော်ဖော လည်း ရင်တထိတ်ထိတ်နဲ့ကျန်ခဲ့ရတာပေါ့။

ဘုန်းကြီးယောင် ဆောင်ထားတဲ့ သဘက်ကြီးဆီမှာ ကျန်နေခဲ့တဲ့သူ့
ယောက်ျားရယ်…အခုလိုက်သွားကြမဲ့ ဦးစောဂျိမ်းတို့လူတစ်သိုက်ရယ် ဘာမှ မဖြစ်ကြပဲ ဘေးမသီရန်မခ ပြန်ရောက်လာဖို့ထိုင်ပီးဆုတောင်း
နေရုံမှ တစ်ပါး အခြား မရှိတော့ဘူးပေါ့ဗျာ။

⏰⏰⏰⏰

ညနေစောင်းတော့ ညီဖြစ်သူ ဦးကီးကော်ကို ရှာဖို့ထွက်သွားကြတဲ့
ဦးစောဂျိမ်းတို့ လူတစ်သိုက် ပြန်ရောက်လာကြတယ်။ ဒါပေမဲ့ ဒေါ်နော်ဖောမျှော်လင့်ထားသလို ဦးကီးကော် တစ်ယောက်တော့
ပြန်ပါမလာခဲ့ဘူးဗျ။ ဦးစောဂျိမ်းက အိမ်ပေါ်ကို လှမ်းတက်ပီးတာ
နဲ့ အပူရုပ်ကို ဟန်လုပ်ပီး ထိုင်နေတဲ့ ဒေါ်နော်ဖောရှေ့ကို သွေးတွေ
စွန်းပေနေတဲ့ အထုတ်လေးတစ်ထုတ်ချပေးလိုက်တယ်။ ပီးတော့ တောက်တစ်ချက်ကို ပြင်းပြင်းထန်ထန် ခေါက်လိုက်ပီး အင်မတန် ဝမ်းနည်း ယူကြုံးမရ ဖြစ်ရတဲ့ လေသံမျိုးနဲ့ ပြောလိုက်တာ။

” နော်ဖော … နင်စိတ်ကို ခိုင်ခိုင်သာထားဟာ ”

” ဟင် !! ဘာ…ဘာဖြစ်လို့လဲ…ပါ…ပါကြီးကို မတွေ့ခဲ့ဘူးလား ”

” တွေ့တာပ နော်ဖော်… ဒါပေမဲ့ ငါတို့တွေ့တဲ့ချိန်မှာ ကီးကော်
က အသက်မရှိတော့ဘူး ဝေ ”

” ဟင် !! ဘယ်လို…ဘယ်လို ”

” ဟုတ်တာပ … နော်ဖော…အဲဒီတဲနှစ်လုံးရှိတဲ့ နေရာကို ငါတို့
ရောက်သွားတော့…နင်ပြောတဲ့ ဘုန်းကြီးယောင်ဆောင်ထားတဲ့
သရဲ သဘက်ကြီးကိုတော့ မတွေ့ဘူး…ငါ့ညီ ကီးကော်ကိုပဲတွေ့
တယ်…ခေါင်းနဲ့မျက်နှာကလွဲလို့ လူတစ်ကိုယ်လုံး အသားတွေ
တစ်စက်မှ မရှိပဲ အရိုးပြိုင်းပြိုင်းကျပီး အသေဆိုးနဲ့သေနေပီဟ… ”

” ဟင် !! အမလေး…အဖြစ်ဆိုးလှချည်လား အပါကြီးရယ်…အီးးးဟီးးးဟီးးး ”

ဒေါ်နော်ဖော တစ်ယောက် ပြောရင်းနဲ့ စိတ်မထိန်းနိုင်တော့ပဲ ချုံးပွဲ
ချ ငိုချလိုက်တာဗျ။ ဦးကီးကော်ကလည်း ငိုသံပါကြီးနဲ့ ဒေါ်နော်ဖော
ကို ဆက်ပီးပြောရှာတယ်။

” အေး !! ခုနက ငါပေးတဲ့အထုတ်က ကီးကော်ရဲ့ အလောင်းနားမှာ
ရှိနေတဲ့ အဝတ်အစားတွေပဲ သူ့အလောင်းကိုတော့ ငါတို့တောထဲ
မှာတင် မြုပ်ခဲ့လိုက်တယ်…အဝတ်အစားတွေကို သူ့ကိုယ်စား
သဂြို င်္လ်ရအောင်ယူလာခဲ့တာ…ငါ့အထင်တော့ အဲဒီမှာသဘက်ကြီး
က ကီးကော်ကို သတ်ပီး စားပစ်လိုက်တာပဲ ဖြစ်မှာပါဝေ ”

ဦးစောဂျိမ်း အဲဒီလိုပြောလိုက်ပေမဲ့ ဒေါ်နော်ဖောတစ်ယောက်ကတော့
မကြားနိုင်တော့ပါဘူးဗျာ။ ဘာလို့လဲဆိုတော့ ဦးကီးကော်ရဲ့ သွေးစွန်း
နေတဲ့ အဝတ်ထုတ်လေးကို ရင်မှာပိုက်ပီး ထိုင်နေရာကနေအရုပ်ကြိုး
ပျက်ဆိုသလို ပစ်လဲလို့ သတိလစ်သွားလေပီ မဟုတ်ပါလား။

⏰⏰⏰⏰

” ကျုပ် အဘေးရဲ့ အဖြစ်ပျက် ကတော့ အဲဒါပဲ စာရေးဆရာရေ ”

ဖထီး စောစေးက ဇာတ်လမ်းအရှည်ကြီးကို မမောနိုင် မပန်းနိုင်ပြောပြ
လိုက်ရလို့ထင်ပါရဲ့…စကားဆုံးတာနဲ့ အဖန်ရည်တွေကို တစ်ခွက်
ပီး တစ်ခွက်ငှဲ့လို့ တဂွတ်ဂွတ်မြည်အောင်ကို သောက်ချလိုက်တာဗျ။

ကျုပ် ကိုယ်တိုင်လည်း ဖထီးပြောပြတဲ့ ကြောက်ရွံ့ထိတ်လန့်စရာ
ဇာတ်လမ်းထဲ နစ်မျောပီးပါသွားတာ အခုမှပဲ အသက်ရှုဖို့သတိရမိ
ပါရဲ့ဗျာ။ ဒါနဲ့ သိချင်တာလေး တစ်ခုရှိသေးတော့…အာခြောက်နေ
သေး ပုံရတဲ့ ဖထီး စောစေးကို အားမနာနိုင်ပဲ မေးလိုက်ရတာဗျို့။

” ဖထီး !! ဖထီးပြောပြတဲ့ ဖြစ်ရပ်ထဲမှာ ကျနော် သိချင်တာလေး
တစ်ခုရှိသဗျ ”

” ဘာများလဲ စာရေးဆရာ ”

” အော် !! တခြား မဟုတ်ပါဘူး ဖထီးရဲ့ … ဖထီးရဲ့အဘေး ဦးကီး
ကော်က အဲဒီလို ကြုံနေရချိန်မှာ သူ့ဇနီးနဲ့ကလေးတွေပြေးတုန်း
ဘာလို့ အတူလိုက်မပြေးတာလဲ ဆိုတာပဲဗျ…အဲဒါကို ကျနော်
တွေးမရဘူးဖြစ်နေတာဗျာ ”

” ဝေ !! စာရေးဆရာရယ်…ဒါက အများကြီးလိုက်တွေးနေစရာ မလို
ပါဘူး ရှင်းရှင်းလေးပါ…သူပါ လိုက်ပြေးခဲ့ရင်သဘက်ကြီးလိုက်လာ
တဲ့အခါ တစ်မိသားစုလုံး ဘယ်လွတ်တော့ မှာလဲ…ဒါ့ကြောင့် သူ့
ကိုယ်သူ အသေခံပီး မိသားစုကိုကာကွယ်လိုက်တာပဲဖြစ်မှာပေါ့ ဝေ ”

” ဟာ !! ဖထီးပြောသလိုသာ မှန်မယ်ဆိုရင်တော့…ဦးကီးကော်ဟာ
အတော် သနားဖို့ကောင်းတာပဲဗျာ…လေးလည်းလေးစားစရာပါပဲ ”

” အမှန်ပေါ့ ဝေ ”

ကျုပ် လည်းနောက်ထပ်သိချင်တာလေး ရှိတာနဲ့ မေးရပြန်သေးတာဗျို့။

” ဒါနဲ့ ဒီဖြစ်ရပ်ကို ကြုံခဲ့ရတဲ့ ဒေါ်နော်ဖောကတော့ ရှိတော့မယ် မထင်
ဘူး…သူ့ရဲ့သားနဲ့သမီးကတော့ ရှိဦးမယ် ထင်တယ်နော် ဖထီး ”

” သားကြီးဖြစ်သူကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဆုံးသွားပီ…
သမီးလုပ်သူကတော့ ရှိသေးတာပ…ခုဆို အသက် ခုနှစ်ဆယ်ကျော်
လို့ ရှစ်ဆယ်နား ကပ်ပီပေါ့…ငါလည်း မိန်းမရပီးထဲက ဒီမှာလာ နေထိုင်ပေမဲ့…တစ်ခါတစ်လေတော့ သွားကန်တော့ဖြစ်ပါတယ် ”

ဖထီးစောစေးက စကားဆုံးတာနဲ့အဖန်ရည်တစ်ခွက်ကို ငှဲ့ပီး
သောက်လိုက်တယ်ဗျ။ ပီးတော့ အိမ်နံရံမှာ ချိတ်ထားတဲ့ နာရီ
ကို လှမ်းကြည့်ပီး ကျုပ်ကိုပြောတယ်။

” ကဲ !! စာရေးဆရာ…စကားကကောင်းနေပေမဲ့…အချိန်က အတော်
လေးလင့်နေပီဝေ့…နင်လည်း မနက် ခရီးသွားမှာဆိုတော့ နားတော့
လေ ဝေ ”

ဖထီးက စကားစကို ဖြတ်ပီးအိပ်ဖို့ပြောတော့…ကျုပ်လည်း ဧည့်သည်
ပီပီ အလိုက်တသိနဲ့ ခေါင်းလေး ညိမ့်ပီး အိပ်ဖို့ပြင်လိုက်ရတာဗျ။ ဒါ
ပေမဲ့ ကျုပ် အဲဒီတစ်ညလုံး လုံးဝ အိပ်လို့မပျော်ခဲ့ပါဘူးဗျာ။

ဖထီး စောစေးပြောပြတဲ့ ဘုန်းကြီးယောင်ဆောင်ပီး လူသားစားတဲ့ သဘက်ကြီးကို မျက်လုံးထဲမှာ မြင်ယောင်မိပီး…ဖထီး ဦးကီးကော်
လို အဖြစ်မျိုး ငါ သာကြုံရခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးနဲ့ တစ်ညလုံး ကြက်သီးတွေ တဖြန်းဖြန်း ထနေမိတော့တာပါပဲဗျို့။

××××××××××××××××××××××××××××××××××××

ပြီးပါပီ။

#စာရှု့သူများအားအစဉ်လေးစားရိုသေလျက်

✍️✍️ ~ M T