လောဘနွံ နှင့် ထို၏ နောက်ဝယ်

လောဘနွံ နှင့် ထို၏ နောက်ဝယ် ……. “”
** ** ** ** ** ** ** ** ** **
{ စ/ဆုံး }
** ** ** ** ** **
ရေးသားသူ = wizard { ဝိဇ္ဇာ }
** ** ** ** ** ** ** ** ** ** **
” ဘာ၊ အေးမ ၊ မင်းဘာပြောလိုက်တယ် ”
” ဟုတ်တယ်၊ ကျွန်မ ရှင့်ကို ဆက် မပေါင်းနိုင်တော့ဘူး၊ ကျွန်မကို ကွာရှင်းပေးပါ ”
” အေးမ၊ မင်း ဘယ်လိုပြောရက်လိုက်တာလည်းကွာ ”
” ဒီမှာ၊ ကိုချစ်ဆွေ၊ ကျွန်မ မိဘတွေရဲ့စကားကို
နားမထောင်မိပဲ ရှင့်ကို ယူခဲ့တာ ကိုက ကျွန်မ မှားတာ ၊
ခု ကျွန်မ မိဘတွေဆီမှာ သွားနေတော့မယ်၊
ဒီတော့ ရှင် ကျွန်မ ကို ကွာရှင်းပေးပါ ”
အေးမ က ကလေးကို ချီရင်း ပြော၏။
သူမက လူကုံထံ တစ်ယောက်၏ သမီး။
ချစ်ဆွေ က ဘဝသမား။
အေးမ နှင့် ချစ်ဆွေ ကို အေးမ ရဲ့ မိဘတွေက
သဘောတူကြသည်မဟုတ်။
ချစ်ဆွေ ကို ချစ်လှပါရဲ့ ကြိုက်လှပါရဲ့ ဆိုတဲ့ အေးမ၊
မိဘစကား လွန်ဆန်ကာ ချစ်ဆွေ နောက်
ကောက်ကောက်ပါအောင် လိုက်ခဲ့တဲ့ အေးမ၊
ယခု သူတို့၏ သားလေး နှစ်နှစ် အရွယ် သို့ရောက်မှ
ကောက်ကာ ငင်ကာ ကွာရှင်းခွင့်တောင်းနေ၏။
” အေးမရာ၊ ငါလည်း ကြိုးစားပြီး ငွေရှာနေတာပဲ၊
ငါ ရှာလို့ ရတာမှန်သမျှကလည်း နင်နဲ့ ငါတို့ သားလေး
အတွက် ပါပဲဟာ ”
” ဘာ၊ ရှင် ရှာလို့ ရတာ၊ ဟုတ်လား၊ ရှင့်ရဲ့ တစ်ပဲ
ခြောက်ပြား ပိုက်ဆံတွေကို ပြောတာလား၊
တော်စမ်းပါရှင်၊
ကျမ ရဲ့ သားလေးကို ဒီလို ဘဝမှာ မကြီးပြင်းစေရဘူး၊
ဒီတော့၊ ရှင်ကျမ ကို ကွာရှင်းပေးမလား၊ မကွာရှင်းပေးဘူးလားပြော၊
ရှင် မကွာရှင်းရင်လဲ ကျမ ကတော့ ထွက်သွားမှာပဲ၊
အေး၊ ကျမ နဲ့အတူ သားလေးကိုပါ ခေါ်သွားမှာ ”
အေးမ ရဲ့ မျက်နှာမှာကား ဒေါသရိပ်တို့
အထင်းသားမြင်နေရ၏။
” အေးမ၊ ငါ ငါ ဒီထက်ပိုပြီး၊ ငွေရအောင်ရှာပါ့မယ်ဟာ၊
နင် နင် ငါ့ကို မထားခဲ့ပါနဲ့ဟာ နော် အေးမ၊
နင် နဲ့ သားလေး က ငါ့ဘဝရဲ့ အရာရာပဲ ဟာ၊
နင် နဲ့ သားလေး မရှိရင် ငါသေလိမ့်မယ်ဟ ”
ချစ်ဆွေ တစ်ယောက် မျက်ရည်စက်လက်နဲ့ ပြောရှာ၏။
” ရှင့်ဘာ ရှင် ၊ သေသေ မသေသေ၊ ကျုပ် ဂရုမစိုက်ဘူး၊
ကျုပ်ကတော့ ထွက်သွားမှာပဲ၊
ရှင်လုပ်ရှင်ရာ လုပ်တော့ ၊
ရှင့်ကို ကျမ နောက်ဆုံးတစ်ခုပဲ ပြောခဲ့မယ်၊ ဘဝ ဆိုတာ အချစ်တစ်ခုတည်းနဲ့ပဲ တည်ဆောက်လို့မရဘူး၊
အဲဒါ ရှင်သဘောပေါက် ”
” ဒုန်း ”
အေးမတစ်ယောက် ကလေးကို ချီပြီး အိမ်ပေါ်မှ ဆင်းသွားခဲ့တော့၏။
” အေးမ၊ အေးမ ”
ကိုချစ်ဆွေ အော်ခေါ်ပေမဲ့ ရက်စက်သူ အေးမ ကား လုံးဝ
ပြန်လှည့် မကြည့်ခဲ့ပါချေ။
ထိုအချိန်၌
ချစ်ဆွေ ရဲ့ ဦးလေးဖြစ်သူ ဦးအောင်မိုး လည်း
ရောက်လာပြီး အေးမ ကို တားပေမဲ့
အေးမ ကား ဦးအောင်မိုး အား ရန်ရှာကာ
ပြန်မလှည့်သော ထွက်သွားခြင်းဖြင့် ထွက်သွားတော့
သည်သာတည်း။
** ** ** ** ** ** ** **
၂၆ နှစ် ကြာပြီးနောက် ………..
” မောင်ချမ်းအေး၊ မမြတင်၊ ဟေ့ ထွက်ခဲ့ကြစမ်း၊
နင်တို့ ခု ထွက်ခဲ့ကြစမ်း ”
ခြံရှေ့ မိန်းမတစ်ယောက် လာအော် နေ၍ မောင်ချမ်းအေး ထွက်လာခဲ့၏။
မောင်ချမ်းအေး၊ ထိုမိန်းမ ကို မြင်သည်နှင့် မျက်နှာကျုံ့သွား၏။
” ဟေ့၊ မောင်ချမ်းအေး၊ နင်တို့ လင်မယား၊ ငါ့အကြွေးတွေကိုဘယ်တော့ ဆပ်မှာလဲ၊
နင်တို့ လင်မယားနော်၊ အရင်းလည်း မဆပ်၊ အတိုးလည်း မဆပ်နဲ့”
” ဒေါ်ကျန်မေ၊ ခင်ဗျား ရဲ့ အကြွေးတွေကို
ကျုပ် ဆက်ပါ့မယ် လို့ ပြောထားတယ်လေ၊
ဘယ်လိုဖြစ်နေတာလဲ ဆပ်မှာပေါ့ ”
” ပျစ် ”
ကွမ်းတံတွေး ပျစ်ကနဲ ထွေးရင်း မောင်ချမ်းအေး က
ပြော၏။
” ဘာ၊ နင်ကပဲ ပြောရတယ် ရှိသေး၊ ကြွေးယူတုန်းကတော့ ဒီမျက် နှာမဟုတ်၊
ဟမ် ….. ခု ကြွေးဆပ်ရမဲ့ အချိန်လည်းရောက်ရော
အချိုးတွေ ပြောင်းသွားပါလား မောင်ချမ်းအေး ”
ဒေါ်ကျန်မေ ဟူသော မိန်းမ က ဒေါသတစ်ကြီး
အော်ဟစ်ပြောနေ၏။
” ဒေါ်ကျန်မေ၊ ခင်ဗျား ကို ပြောပြီးသားလေ၊ ကျုပ်
အဆင်ပြေ တဲ့အချိန် ပြန်ဆပ်မှာပါလို့၊
ခုက ကျုပ်မှာ ပေးရစရာ မှ မရှိတာ၊ ခင်ဗျား လိုချင်ရင် ကျုပ် အသား ကိုသာ လှီးပြီး ယူသွားတော့ဗျာ ”
မောင်ချမ်းအေး လည်း စိတ်တိုလာ၍ အော်ဟစ်ပြောဆို
လိုက်၏။
” အေး၊ ငါ တစ်ခုပဲ ပြောခဲ့မယ်၊ ဒီလ ကုန်လို့မှ
ငါ့အကြွေးတွေ ပြန်မရရင် နင်တို့ လင်မယား
ဒီအိမ်က ဆင်းပေးဖို့ပြင်ထားတော့၊
ဒီရပ် ဒီရွာမှာ ကျန်မေ ဘယ်လို မိန်းမစားလဲ သိစေရမယ် ”
ဒေါ်ကျန်မေ က ကြိမ်းမောင်း ဆဲဆိုရင်း ထွက်သွား
တော့၏။
” တောက်!!!
” ဒီ အဘွားကြီးကွာ၊ သေကို မသေနိုင်ဘူး ”
” ပျစ် ”
မောင်ချမ်းအေး တစ်ယောက် ဒေါ်ကျန်မေ ထွက်သွား
သည်နှင့် တစ်ယောက်တည်းဗျစ်တောက် ဗျစ်တောက်မြည်
ပြီး ကျန်နေခဲ့၏။
ထိုအချိန်၌ မမြတင် ရှိပေမဲ့ တမင်ပုန်းနေခြင်းဖြစ်၏။
ဒေါ်ကျန်မေ ထွက်သွားသည် နှင့် မမြတင် ထွက်လာခဲ့၏။
” ကိုချမ်း၊ အဘွားကြီး ထွက်သွားပြီလား ”
မမြတင် က ယောကျာ်းဖြစ်သူ ရဲ့ အနားမှာ ထိုင်ရင်းမေး၏။
” အင်း ”
” ကိုချမ်း၊ ဒီအိမ်ကို ပေါင်ထားတာလည်း ရက်စေ့ရုံမကလို့ လွန် တောင်လွန်နော်ပြီနော်၊
အတိုးရော အရင်းပါ မဆပ်ရသေးဘူး၊
ကြည့်ရတာ ဒေါ်ကျန်မေ က ကျုပ်တို့ကို တကယ် မောင်းထုတ်မဲ့ ပုံပဲ၊ ကျုပ်တို့ ဘယ်လို လုပ်ကြမလဲတော့ ”
မမြတင် က ယောကျာ်းဖြစ်သူရဲ့ လက်မောင်းကို
ကိုင်ရင်းပြော၏။
” ငါတစ်ခုခု ကြံပါအုန်းမယ် မြတင်၊ ငါက နင့်ကို ချစ်လို့ ယူထားတာပဲ၊ သူများတွေလို တင့်ကောင်းတင့်တယ်
မထားနိုင်ပေမဲ့၊ နင် လမ်းဘေး ရောက်မဲ့ အဖြစ်မျိုးတော့
ငါ လက်မခံနိုင်ဘူး ”
ထိုစဉ် အိမ်ထဲမှ
” ဝုန်း ” “ဂလွမ်၊ ဂလွမ် ” ဟု
ကျကွဲသံ တစ်ခု ထွက်ပေါ်လာတော့၏။
” မြတင်၊ ဘာဖြစ်တာလဲ မသိဘူး၊ သွားကြည့်စမ်းပါအုန်း”
မောင်ချမ်းအေး က မိန်းမ ဖြစ်သူကို ပြောလိုက်ပေမဲ့၊
မမြတင်က ဆံပင်ကို စည်းနေ၍ သူကိုယ်တိုင် သွား
ကြည့်တော့၏။
” ဟင် ”
မောင်ချမ်းအေး အံ့သြသွား၏။
သူ့ အဖေ နဲ့ အမေ ရဲ့ မှုန်ဝါးဝါး ဓာတ်ပုံလေး
ကျကွဲသွားသော ကြောင့်ဖြစ်၏။
မောင်ချမ်းအေး က ကျကွဲသွားသော ထိုဓာတ်ပုံလေးကို
ကောက်ကာ စူးစူးစိုက်စိုက် ကြည့်နေလိုက်တော့၏။
** ** ** ** ** ** **
မောင်ချမ်းအေး တို့ရဲ့ ရွာနာမည်က ကျွန်းဆွယ် ဟု ခေါ်၏။
ရွာက သိပ်မကြီးသလို၊ ကားလမ်းလည်း ရှိပေမဲ့ ရွာ နဲ့
အနည်းငယ် လှမ်း၏။ ရွာကနေပြီး မိနစ်အနည်းငယ်သွားမှ
ကားလမ်းမ သို့ရောက်၏။
မောင်ချမ်းအေး က သူ၏ မိဘနှစ်ပါးရဲ့ အိမ်ရာမှာပဲ
မြေထိုင်တိုက်အိမ်ကလေး နှင့် နေထိုင်ကြ၏။
သူတို့အိမ် က ရွာရဲ့ အရှေ့စာမျက်နှာမှာပေမဲ့ ရွာပြင်ဆန်
လွန်း၏။
အချိန်က စပါးရိုက်သိမ်းစအချိန်မို့ ကျွန်းဆွယ် ရွာသားများ အလုပ် အများဆုံးအချိန်ဆိုလည်း မမှားပေ။
မောင်ချမ်းအေး တို့က လယ်ပိုင်ယာပိုင်တွေ မဟုတ်ကြ၍ သူများဆီမှာ စပါးကူရိုက်၊
တလင်းကူနယ် နှင့် ရရာအလုပ် ဝင်လုပ်ရ၏။
သို့သော်လည်း မောင်ချမ်းအေး က အရက်ကြိုက်တာ
ကြောင့် ရသမျှ အရက်ဖိုးနှင့်ချဉ်းကုန်နေ၏။
သည်ကြားထဲ မမြတင် မကျန်းမမာဖြစ်၍ ကြံရာမရတဲ့အဆုံး သူတို့ရဲ့ အိမ်ကလေးကို ဒေါ်ကျန်မေ ဆီမှာ
အပေါင်ထားရခြင်းဖြစ်၏။
မောင်ချမ်းအေး ကား ကွမ်းတမြုံမြံဝါးလျက်
အိမ်အပေါင်မဆုံးရအောင် အကြံထုတ်နေတော့၏။
** ** ** ** ** ** **
” ကျွီ ”
ခရီးသည်တင် bus ကားတစ်စီး ကျွန်းဆွယ် ရွာရဲ့
ကားမှတ်တိုင် တွင်ရပ်သွားခဲ့၏။
နေဝင်ဖို့ သိပ်မလိုတော့ သည့်အတွက် ကျွန်းဆွယ် ရဲ့ ကားမှတ်တိုင်မှာ လူသူကင်းမဲ့နေ၏။
ထို bus ကားပေါ်မှ လူကြီးတစ်ယောက်ဆင်းလာ၏။
သူ၏ လက်ထဲတွင် လက်ဆွဲအိတ်တစ်လုံး ကိုင်ထားပြီး၊
ခန္ဓာတွင်လည်း ရွှေကြိုးများ အတွဲတွဲ ဆွဲထား၏။
ထိုလူက bus ကားပေါ်မှ ဆင်းပြီးသည်နှင့်
ဟိုဟိုသည်သည်ကြည့်ကာ အနီးရှိ လက်ဘက်ရည်ဆိုင်သို့
လျှောက်ခဲ့၏။
လဘက်ရည် ဆိုင်နား ရောက်သည်နှင့် ထိုလူက
” ဦးလေး၊ ဦးလေး၊ ဦးအောင်မိုး၊ ဦးလေး ဦးအောင်မိုး ” ဟု
အော်ခေါ်လိုက်တော့၏။
ထိုအခါ ဆိုင်ထဲမှ မိန်းကလေးတစ်ယောက် ထွက်လာပြီး၊
” အဖေ မရှိဘူးရှင့်၊ ဘယ်သူလဲ မသိဘူး၊ အဖေ လယ်ထဲသွားလို့ပါ မှောင်ခါနီးလောက်မှ
ပြန်ရောက်မယ် လို့ ပြောသွားတယ် ရှင့် ” ဟု
ထိုမိန်းကလေး က ချိုသာ ယဉ်ကျေးစွာပြော၏။
” အော်၊ ဦးလေး မရှိဘူးလား သမီး၊
ရတယ် ရတယ် ဘာမှ မဖြစ်ဘူး၊
ဦးလေးလာရင် ဦးလေး ရဲ့ တူ၊ ချစ်ဆွေ လာသွားတယ်
ပြောပေးရင် ရတယ် သမီး ”
” ဟုတ်ကဲ့ရှင့်၊ အဖေ ရောက်ရင် ပြောလိုက်ပါ့မယ် ”
” ဒါနဲ့ သမီးက …….. ”
” ဟုတ်ကဲ့ရှင့်၊ ကျွန်မက နွယ်နွယ်ပါ၊ ဦးအောင်မိုး ရဲ့
သမီးပါ ”
” အော်၊ နွယ်နွယ်လား၊ သမီးတောင် ဒီအရွယ်ရောက်နေပြီကိုး၊
” အေး အေး အေး၊ သမီး ၊ ဒါဆို ဦးလေး သွားပြီနော် ”
” အော်၊ မေ့လို့ …… ဦးလေးလာရင်၊ မနက်ဖြန် မနက်
နေရာဟောင်း ကိုလာခဲ့ပါ လို့ ပြောပေးနော် သမီး ”
ထိုမိန်းမငယ်လေး ခေါင်း ညိတ်ပြလိုက်၏။
ဟုတ်ပါသည်၊
bus ကား ပေါ်မှ ဆင်းလာသူမှာ ချစ်ဆွေ ဦးချစ်ဆွေပင်
ဖြစ်၏။
ဦးချစ်ဆွေ တစ်ယောက် ပြုံးပြုံး ပြုံးပြုံး နှင့် ထိုနေရာမှ ရွာသို့ ဦးတည်လျှက် ထွက်လာခဲ့တော့၏။
***** ****** ******* ********
” အိမ်ရှင်တို့ အိမ်ရှင်တို့ ”
အိမ်ရှေ့မှ အော်ခေါ်သံ ထွက်ပေါ်လာ၍ မောင်ချမ်းအေး ထွက်လာ ခဲ့၏။
” ဟုတ်ကဲ့၊ ဘယ်သူများလဲ မသိဘူး ”
မောင်ချမ်းအေး က သူ့ကို အော်ဟစ် ခေါ်နေသူအား
ဆီးကြိုပြောလိုက်၏။
ထိုအချိန်၌ မမြတင် လည်း ရှိနေ၏။
” မောင်ရင်၊ ဦးက ခရီးသွားတစ်ယောက်ပါ၊ အချိန်ကလည်း မရှိတော့ ပြီမို့၊
ဦး ဒီမှာ တစ်ညလောက် တည်း လို့ ရမလား လို့ပါ ”
” ဟာ၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီမှာ တည်းလို့ မရဘူးဗျ ”
မောင်ချမ်းအေး အကြောက်အကန် ငြင်းလိုက်၏။
မမြတင် ကတော့ ဘာမှ ဝင်မပြောပဲ အခြေအနေကို
စောင့်ကြည့်နေ၏။
” လုပ်ပါ၊ မောင်ရင် ရယ်၊ ဦး ဒီမှာ တစ်ညလောက်
တည်းပါရစေ ကွယ်၊ တစ်ညတည်းပါ၊
မနက်ရောက်တာနဲ့ ချက်ချင်း ထွက်သွားမှာပါ၊
ဦး၊ ဗိုက်လည်း အရမ်းဆာနေပြီမို့ပါ ”
ဘာ့ကြောင်းမှန်းရယ် မသိ၊
ထိုလူကိုကြည့်ပြီး မောင်ချမ်းအေး တစ်ယောက် ရင်းနှီးသလိုခံစားနေရ၏။
မောင်ချမ်းအေး က မိန်းမ ဖြစ်သူကို ကြည့်လိုက်၏။
မမြတင် ကလည်း ထိုဧည့်သည် ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ရွှေတွေကို မြင်၍၊ ယောကျာ်းဖြစ်သူအား
လက်ခံလိုက် ဟု အချက်ပြလိုက်၏။
” ကဲဗျာ၊ ဒါဆိုလည်း ဒီတစ်ညပဲနော်၊ မနက်ရောက်တာနဲ့
ခင်ဗျား ထွက်သွားရမယ် ”
” ဝမ်းသာ လိုက်တာ မောင်ရင်ရယ်၊ ဝမ်းသာလိုက်တာ ”
ထိုလူမှာ ပြောပြောဆိုဆို နှင့် အိမ်ထဲ ဝင်လာတော့၏။
” ခင်ဗျား၊ ဗိုက်ဆာနေတယ်ဆို၊
ကျုပ်တို့မှာ စားစရာ နည်းနည်းတော့ ရှိတယ်၊ သိပ်တော့ မကောင်း ဘူး၊ ခင်ဗျား စားနိုင်ပါ့မလား ”
ရုတ်တရက် မောင်ချမ်းအေး ရဲ့ လေသံက ပြောင်းသွား၏။
” ရပါတယ်၊ မောင်ရင်ရယ်၊ ဘာပဲဖြစ်ဖြစ်
ဦး စားနိုင်ပါတယ်၊
ဒါနဲ့ ဦးက ဦးချစ် .. အဲ .. ဦးမင်းဆွေ တဲ့ ”
ဧည့်သည်က မိတ်ဆက်လိုက်၏။
ထိုဧည့်သည်ကား ဦးချစ်ဆွေပင်ဖြစ်၏။
” ဟုတ်ကဲ့၊ ကျုပ်က မောင်ချမ်းအေး၊ သူမ က ကျုပ်ရဲ့
အိမ်သူ မမြတင် ”
မောင်ချမ်းအေး က ထိုသို့ပြောပြီး ထမင်း၊ ဟင်း ထည့်ထားတဲ့ ပန်း ကန် ကိုလာချပေး၏။
” အော်၊ မောင်ချမ်းအေး တဲ့ လား ”
ဦးချစ်ဆွေ တစ်ဖြစ်လဲ ဦးမောင်ဆွေ တစ်ယောက်
ဝမ်းနည်းသလိုလို ဖြစ်သွား၏။
” ဟင်းတော့ သိပ်မကောင်းဘူး၊ ဦးလေး စားနိုင်ရင် စားပါ၊
အားမနာပါနဲ့ ”
မောင်ချမ်းအေး က ထိုသိုာပြောနေတုန်း မိန်းမဖြစ်သူ က သူ၏ လက်ကို ဆွဲကာ မီးဖိုချောင်အခန်းထဲ ခေါ်သွား၏။
” ကိုချမ်း၊ ကျုပ်တို့တော့ ပွတာပဲ၊ ဒီလူကြီးမှာ ဝတ်ထားတဲ့ ရွှေတွေက နည်းတာကြီး မဟုတ်ဘူး၊
ကျုပ်တို့ အဲရွှေတွေကို ရအောင် တစ်ခုခုကြံရမယ် ”
မမြတင် က တိုးတိတ်စွာပြော၏။
” ဖြစ်ပါ့မလား မြတင်ရယ် ”
” မဖြစ်လို့ မရဘူး ကိုချမ်း၊ ကျုပ်တို့ အကြွေးတွေ လည်ပင်းနစ်နေပြီ၊ ဒါကျုပ်တို့ရဲ့ မဟာ အခွင့်အရေးပဲ၊
မတော်တို့ ကျုပ်တို့ သူ့ကို သတ်လိုက်ရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး ”
” ဟာ၊ မြတင်၊ နင် နင် …..”
” ကိုချမ်း ကလည်း ကျုပ်က သဘောကို ပြောတာပါတော့၊
ဘာပဲ ဖြစ်ဖြစ် ကျုပ်တို့ အဘိုးကြီး ရဲ့ ရွှေတွေကို
ရမှ ဖြစ်မယ် ”
ထို အချိန် ဦးမောင်ဆွေ ဝင်လာ၍၊ မောင်ချမ်းအေး တို့
လင်မယားလည်း ဟန်မပျက် ရအောင် ထိန်းလိုက်ကြ၏။
” မောင်ရင်၊ ဦးကို ခုလို ကျွေးမွေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်၊ မောင်ရင် ပြောတာထက်တောင်
ပိုကောင်းနေပါသေးတယ် ”
ဘာ့ကြောင်းမှန်းရယ် မသိ၊ ထိုလူကြီး ပြောသမျှ
မောင်ချမ်းအေး သဘောကျနေမိ၏။
” မောင်ရင်တို့ အိပ်ကြတော့မလို့လား၊ ဦးတော့ စာခဏ
ရေးအုန်းမယ် ”
” ဗျာ၊ စာရေးအုန်းမယ် ဟုတ်လား၊ ခင်ဗျားက စာရေးဆရာလား ”
” အာ၊ မဟုတ်ရပါဘူး၊ ဒီအတိုင်း ဦးက လျှောက်ရေးတာပါ၊
အသက်ကလည်း မငယ်တော့ဘူးလေ၊ မေ့တတ်တာပေါ့၊
ဒီတော့ မမေ့ ရအောင် စာလေး နဲ့ မှတ်ထားရုံပါ”
“အော် ”
*********
မောင်ချမ်းအေး တို့ လင်မယားက ဦးချစ်ဆွေ တစ်ဖြစ်လဲ ဦးမောင်ဆွေ အား ဘုရားခန်းမှာနေရာပေး၏။
ဦးမောင်ဆွေ က ဘုရားဝတ်ပြုပြီး ဖယောင်းတိုင်
အလင်းရောင် အောက်မှာ စာရေးနေ၏။
မောင်ချမ်းအေး ကတော့ အိပ်ရာထဲ ဂနာမငြိမ်၊
ဟိုဘက်သည်ဘက် လူးလှိမ့်ရင်း။
သူ့မိန်းမ ပြောတာကို တွေးနေသလို၊ ဦးမောင်ဆွေ အား ဘာလို့ ရင်း နှီးနေသလို ဖြစ်နေရတာလဲ တွေးတောနေ၏။
အချိန်က ည ၉ နာရီဝန်းကျင်။
” ခူးးး၊ ခလော၊ ခလော၊ ခေါ ခေါ ”
ဦးမောင်ဆွေ ထံမှ ဟောက်သံများ ထွက်နေ၏။
သူက ရွှေတွေအပြည့်လည်ပင်းမှာ ဆွဲထားပြီး၊
သူ့ရဲ့ လက်ဆွဲအိတ်ကို လည်း အနားမှာချထား၏။
” ယောကျာ်း၊ ထတော့ ထတော့၊ အဖိုးကြီး အိပ်သွားပြီ၊ ထတော့ ”
မမြတင် က ယောကျာ်းဖြစ်သူအား အသံခပ်အုပ်အုပ်နှင့်နှိုးလိုက်၏။
” ငါ နိုးနေပါတယ်ဟ ”
တကယ်တမ်းက မောင်ချမ်းအေး လုံးဝ အိပ်မပျော်ပါ။
သူ၏ အတွေးတွေက သူ့အား အိပ်မရအောင်
နှောက်ယှက်နေခြင်း ဖြစ်၏။
” မြတင်၊ ဖြစ်ပါ့မလား ဟာ ၊ တော်ကြာ အဖိုးကြီး နိုးသွားခဲ့ရင် ဘယ်လို လုပ်မလဲ ”
ပုံမှန်ဆို မောင်ချမ်းအေး က သွေးအေးပြီးရက်စက်တတ်
သူတစ်ယောက်။
ဒါပေမဲ့ ဦးမောင်ဆွေ နဲ့ တွေ့တော့ မှ စိတ်သဘောထားတို့ ပြောင်းလဲကုန်၏။
” မြတင်၊ ဖြစ်ပါ့မလား ဟာ၊ ငါ့စိတ်တွေ တစ်မျိုးပဲ”
” ကိုချမ်း၊ ရှင့်မလေးလေ၊ ယောကျာ်း မဟုတ်တဲ့ အတိုင်းပဲ ၊ နေ နေ၊ ကျုပ်ပဲ လှုပ်ရှားလိုက်မယ်၊
တော် အခြေအနေကို စောင့်ကြည့်ထား ၊ ရော့ …. ဒါကိုယူလိုက် ”
မမြတင် က ကြက်သွန်လှီးတဲ့ ဓားကို ကမ်းပေးရင်း
ပြော၏။
” ဟာ၊ မြတင်၊ ဓားက ဘာလုပ်ဖို့လဲ ”
မောင်ချမ်းအေး အံ့သြထိတ်လန့်သွား၏။
” ယူစမ်းပါတော်၊ လိုရမယ်ရပဲ၊ မတော်လို့ အဘိုးကြီးက
ရိပ်မိသွား ပြီး၊ ရန်ရှာရင် ………. ”
မမြတင် စကားကို ဆုံးအောင်မပြောပေမဲ့ သူမ ဘာကို ဆိုလိုချင်တာ လဲဆိုတာကို မောင်ချမ်းအေး
ကောင်းကောင်းကြီး သဘောပေါက်၏။
မမြတင် က ရှေ့ကသွား၊ မောင်ချမ်းအေး က နောက်က
လိုက်နှင့် အဖိုးကြီးဦးမောင်ဆွေ အိပ်နေရာသို့
တဖြည်းဖြည်းချဉ်းကပ်သွားကြတော့၏။
** ** ** ** ** ** ** ** **
” သမီးရေ၊ သမီး၊ နွယ်နွယ် ”
ဆိုင်ရှေ့မှ အော်ခေါ်သံကြား၍ နွယ်နွယ် တံခါးဖွင့်ပေး
လိုက်၏။
” ကျွီ ”
” အဖေ၊ ညနက်လိုက်တာ အဖေရယ်၊ တလင်းပြင်မှာ
အကိုကြီးရှိ တာပဲ၊ နေ့တိုင်းသွားနေဖို့ မလိုပါဘူး
အဖေရယ် ”
နွယ်နွယ် က ဖခင်ဖြစ်သူ ဦးအောင်မိုး အား တံခါးဖွင့်ပေး ရင်းပြောလိုက်၏။
” ရပါတယ်သမီးရယ်၊ အဖေ ဘာမှ မဖြစ်ဘူး၊
သားကြီးရှိတာ သိပေမဲ့ အဖေ စိတ်မချဘူးလေ ကွယ်၊
ကဲ ကဲ ထားလိုက်တော့၊ အဖေ ဆာလှပြီ ”
ဦးအောင်မိုး က သူ့ရဲ့ ပါးလွှာနေတဲ့ ဖိနပ်ကို ချွတ်ရင်း
ပြော၏။
” အဖေ၊ ရေ အရင်ချိုးလိုက်နော်၊ သမီး ထမင်းဝိုင်း
ပြင်ထားနှင့်မယ်၊ ဒီနေ့ အဖေ ပင်ပန်းလာမှာ သိလို့
အဖေကြိုက်တဲ့၊ ငါး ဟင်း တွေကိုပဲ ရွေးချက်ထားတာ အဖေ ရဲ့ ”
” အေး အေး၊ အဖေလည်း ဆာနေတာနဲ့ အတော်ပဲ၊
ထမင်းတော့မြိန် ပြီဟေ့ ”
ဦးအောင်မိုး က ပြုံးကာပြောရင်း ရေချိုးခန်းထဲ
ဝင်ရန်တံခါး ဖွင့်လိုက်၏။
” အော်၊ အဖေ၊ ဒါနဲ့လေ ညနေက လူတစ်ယောက်
ရောက်လာတယ်၊ အဖေ့ကို တွေ့ချင်လို့တဲ့ ”
သမီးဖြစ်သူရဲ့စကားကြောင်း ဦးအောင်မိုး ရေချိုးခန်းထဲ
မဝင်သေးပဲ၊
” ဟုတ်လား၊ ဘယ်သူတဲ့လဲ သမီး ” ဟု မေးလိုက်၏။
” အင်း၊ နာမည်က ဦးချစ် ဦး ……… ဦးချစ်ဆွေ တဲ့အဖေ၊ အဖေရောက်ရင် မနက်ဖြန်မနက် နေရာဟောင်းကို
လာခဲ့ပါတဲ့၊ ပြီးတော့လေ အရမ်းချမ်းသာမဲ့ပုံပဲ၊ ရွှေတွေ
အတွဲလိုက်ဆွဲလို့ အဖေရဲ့ နည်းတာကြီး မဟုတ်ဘူး၊
အဖေ့ မိတ်ဆွေလားဟင် ”
” ဘာ၊ နွယ်နွယ် သူက သူက ချစ်ဆွေ လို့ ပြောသွားတာလား ” ဦးအောင်မိုး ထိတ်လန့်သွား၏။
” ဟုတ်တယ်အဖေ၊ ဘာလို့လဲဟင် ”
” ဟာ၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒုက္ခတွေတော့ ရောက်တော့မှာပဲ ”
ဦးအောင်မိုး ချွတ်ထားသော အင်္ကျီကိုပြန်ဝတ်လိုက်၏။
” ဟင်၊ ဘာဖြစ်လို့လဲ အဖေ၊ မထိတ်သာမလန့်သာ
ရှိလိုက်တာ”
” သမီး၊ အိမ်တံခါးတွေကို အသေအချာလော့ချထား၊ အဖေ ပြန်လာ ခဲ့မယ်၊ အဖေ ခုလိုက်သွားမှ ဖြစ်မယ် ”
“အဖေ၊ အဖေ ”
နွယ်နွယ် အော်ခေါ်ပေမဲ့ ဖခင်ဖြစ်သူကား တဟုန်ထိုးပြေးထွက်ကာ အမှောင်ထုထဲ တိုးဝင်သွားခဲ့တော့၏။
နွယ်နွယ်ခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ နှင့်
ဇဝေဇဝါဖြစ်သွား ကာ ဖခင်အတွက်စိုးရိမ်နေပါတော့၏။
** ** ** ** ** ** ** ** ** **
တစ်ဖက်မှာလည်း မမြတင် က ဦးမောင်ဆွေ ၏ လက်မှာ
ဝတ်ထားတဲ့ ရွှေလက်စွပ်ကို ညင်သာစွာ ဖြုတ်ယူနေ၏။
သူမ၏ ယောကျာ်းဖြစ်သူကတော့ အနားမှာရပ်ကာ ရင်တထိတ်ထိတ် နှင့် ဦးမောင်ဆွေ အား စောင့်ကြည့်နေ၏။
” အင်းးးး ”
ဦးမောင်ဆွေ လှုပ်ရှားသွား၍ မမြတင်ရော မောင်ချမ်းအေး ပါ အသာလေး နောက်ဆုတ်နေလိုက်၏။
အသက်ပင်ဖြောင့်ဖြောင့်မရှုရဲကြပေ။
ဦးမောင်ဆွေ ငြိမ်သွားသည်နှင့် မမြတင် တစ်ခါ လှုပ်ရှားလာပြန်၏။
လက်ထဲက လက်စွပ်ကို ရသွားပြီ ဖြစ်ပေမဲ့ သူမ ရဲ့
လောဘကအတော မသတ်နိုင်သေးပေ။
ထို့ကြောင်းလည်ပင်းမှာ ဆွဲထားသော ရွှေကြိုးကို
ချွတ်ရန် ဟန်ပြင်၏။
မောင်ချမ်းအေး လည်း ခုမှ မထူးတော့ပြီမို့ သူကိုယ်တိုင်ပါ
ဝင်ပြီး ဦးမောင်ဆွေ ရဲ့ လည်ပင်းက ဆွဲကြိုးကို
ကူ ချွတ်ပါတော့၏။
မောင်ချမ်းအေး ဆွဲကြိုးကို ချွတ်လို့ ရလုလုမှာပဲ
ဦးမောင်ဆွေ မျက်လုံးဖွင့်လိုက်၍၊
မောင်ချမ်းအေး နှင့် မျက်လုံးချင်းဆိုင်ဖြစ်သွားတော့၏။
မောင်ချမ်းအေး လန့်ပြီး ဖင်ထိုင်ကျသွား၏။
” ဒုန်း၊ ဝုန်း ”
” မောင်ရင်၊ ဒါ ဒါ ဘာလုပ်တာလဲ ”
” ဝုန်း ”
မောင်ချမ်းအေး ဘာမှ မပြောလိုက်ရမီမှာပင် ဇနီးဖြစ်သူက
ဦးမောင်ဆွေ ရဲ့ ခေါင်းကို အနီးရှိ သစ်ပိုင်းနဲ့
ရိုက်ထည့်လိုက်ပါတော့၏။
” ဘုန်း ” ” အားးး ”
** ** ** ** ** ** ** ** **
” ဟင်”
ပြေးနေရင်း ကြားလိုက်ရသော အသံကြောင်း ဦးအောင်မိုး အထိတ် တလန့်ဖြစ်ကာ ရပ်သွား၏။
” ဟာ၊ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး ၊ မောင်ချမ်းအေး
မလုပ်နဲ့ မလုပ်နဲ့ မင်းမှားမယ် မှားမယ် ”
ဦးအောင်မိုး အော်ဟစ်ပြီးပြေးပြန်၏။
ရွာလမ်းအတိုင်း သွားလျှင် ကြာအုန်းမှာမို့ လယ်တောထဲကို
ဖောက်ကာ ပြေးလာခဲ့၏။
” မောင်ချမ်းအေး၊ မောင်ချမ်းအေး မလုပ်ပါနဲ့ ကွာ၊ မလုပ်ပါနဲ့ ၊
အားးးးး ”
ဦးအောင်မိုး ပြေးရင်း သူ့ခြေထောက်ကို တစ်စုံတစ်ခု
ကိုက်လိုက်သလို ကျင်ကနဲ ဖြစ်သွား၍၊ နာကျင်စွာ
အော်ဟစ်ရင်း လဲကျသွား၏။
” ဝုန်း ”
စပါးပင်များ သူနှင့်အတူ ပြိုလဲသွား၏။
ဦးအောင်မိုး လျင်မြန်စွာထကာ ကြည့်လိုက်တော့၊
စပါးပင်တွေကြား ဝင်ပြေးသွားသော မြွေတစ်ကောင်ကို တွေ့လိုက်ရပါတော့၏။
” ဟာကွာ ”
ဦးအောင်မိုး အား ပိုးထိ { မြွေကိုက် } သွားခဲ့လေပြီ။
ဒဏ်ရာက ချက်ချင်းနာကျင်ကိုက်ခဲလာ၍ ဦးအောင်မိုး အားယူ ထပေမဲ့ မရပဲ လဲကျသွားခဲ့ရ၏။
” ဝုန်း ”
ဦးအောင်မိုး ထပြန်၏။
ဒီတစ်ခါ ထ လို့ရပေမယ့် မြွေကိုက်ခံထိသွားတဲ့
ယာဘက်ခြေက ထုံကျင်သွားပြီး၊ ဘာမှ မခံစားရတော့ပေ။
လှုပ်ရှားလို့လဲ မရတာကြောင့် ဝဲဘက်ခြေကို အားပြု ကာ ယာဘက် ခြေကို ဒရွတ်တိုက်ဆွဲရင်း သွားပေမဲ့
ခြေလှမ်းအနည်းငယ်တွင် တစ်ခါ လဲကျ သွားပြန်တော့၏။
” ဝုန်း ”
** ** ** ** ** ** ** **
” ရေ၊ ရေပေးပါ၊ ရေပေးပါ၊ ရေဆာတယ်၊ ရေ ရေ ”
ဦးမောင်ဆွေ ကား ခေါင်းတွင် သွေးအလိမ်းလိမ်းထွက်
လျက်ရေ တောင်းနေ၏။
” မြတင်၊ မင်း ဘယ်လို လုပ်လိုက်တာလည်းဟာ ”
မောင်ချမ်းအေး ထိုင်ကျသွားပြီး ခေါင်းကို လက်နဲ့
ဖိထား၏။
မမြတင်ကား ဒါတွေကို ဂရုမစိုက်ပဲ ရွှေတွေကိုသာ
ဆွဲချွတ်နေ၏။
” မြတင်၊ ငါတို့ ငါတို့ သူ့ကို ဆေးခန်း ပို့ရအောင်ဟာ ”
” အို၊ ဘယ်ဖြစ်မလဲ၊ ဆေးခန်းပို့ရင် ကျုပ်တို့
နှစ်ယောက်လုံး ထောင် နန်းစံသွားရလိမ့်မယ်၊
အနည်းဆုံးတစ်သက်တစ်ကျွန်းပဲ၊ ရွှေတွေကိုလည်း
ရထားပြီးပြီ၊ ဒီအတိုင်း လက်စတုံးလိုက်ကြတာပေါ့ ”
မမြတင်ကား အရုပ်ကလေးနှင့်မျှ မလိုက်ဖက်အောင်
ရက်စက်သူပေတည်း။
ထိုအခိုက် ဦးမောင်ဆွေ ထ လာပြီး သူ့ရဲ့
လက်ဆွဲအိတ်ကို ဆွဲဖွင့်ရန်ကြိုးစား၏။
” ကိုချမ်းအေး၊ အဖိုးကြီး အဖိုးကြီး လက်နက်ထုတ်နေတာလား မသိဘူး၊ ရှင် ရှင် တစ်ခုခု လုပ်အုန်း ”
မမြတင် အလန့်တကြား အော်ပြောလိုက်၍၊
မောင်ချမ်းအေး လည်း ဇဝေဇဝါဖြစ်သွား၏။
မောင်ချမ်းအေး တုန်နေသောသူ၏ လက်အစုံဖြင့် အနားရှိ ဓားကို ကောက်လိုက်၏။
” ဦးလေး ခင် ခင်ဗျား ဘာ ဘာ လုပ်နေတာလဲ၊ ခင်ဗျား ခင် ခင် ဗျား လက် လက်နက် ထုတ်နေတာမလား ”
မောင်ချမ်းအေး က ဓားဖြင့်ချိန်ရွယ်ကာ ဦးမောင်ဆွေ အား အသံကတုန်ကယင်ဖြင့် မေးလိုက်၏။
” သား၊ သားလေး လူလေး မင်းမှားမယ်နော်၊ မင်း မင်း မှားမယ်”
ဦးမောင်ဆွေ တစ်ဖြစ်လဲ ဦးချစ်ဆွေ ကား မောင်ချမ်းအေး က သူ့ရဲ့ သားပါ ဆိုတာကို ပြောဖို့ ဝန်လေးနေ၏။
” အဖိုးကြီး ခင် ခင်ဗျား အဲဒီအိတ်ကို မထိနဲ့နော်၊
နောက် နောက်ဆုတ်၊ ခု ခု ချက်ချင်း နောက်ဆုတ် ”
မောင်ချမ်းအေး ဘယ်လိုပဲပြောပြော ဦးမောင်ဆွေ ကား
အိတ်ကို ဖွင့်နေသည်သာတည်း။
” ကိုချမ်းအေး၊ ရှင် တစ်ခုခုလုပ်အုန်းလေ၊ ဟိုက
သူ့အိတ်ကို ဖွင့်နေပြီ၊ အထဲမှာ သေနတ်တွေ ဘာတွေ ပါလား မသိဘူး၊ ရှင် ရှင် ……..”
မမြတင် အလန့်တကြား အော်ပြောရင်း ဦးမောင်ဆွေ၏
ခေါင်းကို ရိုက်ထည့်ခဲ့သော
သစ်သားပိုင်းကို ကောက်လိုက်၏။
” မြတင်၊ မြတင် ငါ ငါ က ဘာလုပ်ရမလဲ ဟာ၊ ငါ ငါ …….
” ကတတ် ”
ဦးမောင်ဆွေ ၏ လက်ဆွဲအိတ်ပွင့်သွားခဲ့တော့၏။
” ခွပ် ”
” အားးးး”
ဦးမောင်ဆွေ သူ၏ အိတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူနေတုန်း မမြတင် က သစ်သားပိုင်းဖြင့်ရိုက်ထည့်လိုက်၍၊
ဦးမောင်ဆွေ ခမျာ တစ်ပတ်လည်လျက်လဲကာ
မောင်ချမ်းအေး ရဲ့ တည့်တည့်သို့ လဲကျသွားတော့၏။
” စွပ် ”
မောင်ချမ်းအေး ရဲ့ ဓားက ဦးမောင်ဆွေ ရဲ့ လည်ပင်းကို
စိုက်ဝင် သွားတော့၏။
” ဟာ၊ ဟာ ”
မောင်ချမ်းအေး လဲကျသွား၏။
ဦးမောင်ဆွေကား သွေးတဝေါဝေါ ထွက်နေသော
လည်ပင်းဒဏ် ရာကို လက်နဲ့ဖိကာ၊
မောင်ချမ်းအေး ရဲ့ မျက်နှာကို ကျန်လက်တစ်ဖက်နဲ့ ကိုင်ပြီး၊
” အ အစ် အစ် ၊ သား သးး အဖေ့ သားးး လေးး ” ဟု
ပြောကာမောင်ချမ်းအေး ရဲ့ ကိုယ်ပေါ်မှာပဲ
ဇီဝိန်ချုပ်သွားတော့၏။
” ဟာ ”
မောင်ချမ်းအေး ထိတ်လန့်သွားကာ ဦးချစ်ဆွေရဲ့လက်ထဲ ဆုပ်ကိုင် ထားသော အရာကို ဆွဲယူပြီးကြည့်လိုက်၏။
” ဟင် ”
မောင်ချမ်းအေး ရဲ့ ပါးပြင်မှ မျက်ရည်များလျင်မြန်စွာ စီးကျသွား၏။
သူမြင်လိုက်ရသည်က၊
သူ၏ အဖေ ဦးချစ်ဆွေ နှင့် သူ၏ အမေ ဒေါ်အေးမ တို့က
လသားအရွယ် သူ့ကို ချီထားသော ဓာတ်ပုံတစ်ပုံပင်
ဖြစ်နေပါတော့၏။
” ဟာ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူးးးးးးးးး”
“ကိုချမ်း၊ ကိုချမ်း ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ ”
မမြတင်လည်းအလန့်တကြားဖြစ်သွား၏။
” ဖယ်စမ်းကွာ ”
မောင်ချမ်းအေး က အနားကပ်လာသော မမြတင်ကို တွန်းလိုက်၍ မမြတင် လဲကျသွား၏။
“အားးး”
မောင်ချမ်းအေး တစ်ယောက် ဦးမောင်ဆွေ ရဲ့ အိတ်ကို
မွှေနှောက် ရှာကြည့်လိုက်တော့၊
အနက်ရောင် ဒိုင်ယာရီ စာအုပ်ကလေး တစ်အုပ်
ထွက်လာ၏။
စာအုပ်ကို လှန်လိုက်သည်နှင့် ပထမ စာမျက်နှာမှာ ရေးထားသည်က
” အေးမ၊ ငါ မင်းနဲ့သားလေး ကို အရမ်းလွမ်းတယ်ကွာ၊
ဒါပေမဲ့ မင်းလိုချင်တဲ့ လူချမ်းသာတစ်ယောက် ဖြစ်မှ ငါ
မင်းတို့ သားမိကို လာရှာမယ် ”
” ရွှန်း ”
မောင်ချမ်းအေး နောက်စာမျက်ကိုလှန်လိုက်၏။
” အေးမ၊ ငါတို့ သားလေး၊ သူအခု ဘယ်လိုနေလဲ ငါအရမ်းသိချင်တယ်ကွာ ”
” ရွှန်း၊ ရွှန်း၊ ရွှန်း ”
နောက်ဆုံးစာမျက်နှာသို့ လှန်လှောလိုက်၏။
” အေးမ၊ မင်းဘယ်ရောက်နေလဲ ငါမသိရသေးပေမဲ့ ငါတို့ရဲ့ သားလေးကို တွေ့ပြီဟ၊
သားလေးက မင်းနဲ့ ချွတ်စွတ်ပဲ အေးမရာ၊
၂၆ နှစ် အဆက်သွယ်လေးမလုပ်ပဲ ပျောက်ကွယ်နေတဲ့ သူ့အဖေ ငါ့ကို သူ လက်ခံနိုင်မလား ငါစိုးရိမ်မိတယ်ကွာ၊
ငါ ငါ့သားကို တွေ့ပေမဲ့ ငါက သူ့အဖေပါ လို့ ငါ ဘယ်
သတ္တိနဲ့ပြောရမလဲကွာ၊
ဒါပေမဲ့ ငါတို့ပေးခဲ့တဲ့အတိုင်း ငါ့သားလေးကို
မောင်ချမ်းအေး ဆိုတဲ့ နာမည်လေး နဲ့ ငါသိလိုက်ရတာ
အရမ်းဝမ်းသာတယ်ဟာ၊
ငါတစ်သက်လုံး ရှာလာခဲ့တဲ့ ဒီငွေ ဒီရွှေတွေနဲ့ မင်းတို့သားမိကို တင့်ကောင်းတင့်တယ် ထားချင်လိုက်တာဟာ၊
အေးမ နင်ရော သားလေးပါ ငါ့ကို ခွင့်လွှတ်နိုင်မလား ဟင် ”
မောင်ချမ်းအေး ဆက်ဖတ်ဖို့ အင်အားမရှိတော့ပါ။
ထို့ကြောင်းစာအုပ်ကို ပိတ်ကာ ဖခင်၏ အလောင်းကို
ဖက်ပြီး ငိုနေပါတော့၏။
” အဖေ၊ ထပါအုန်း အဖေရာ၊ အဖေ့သားလေ၊ အဖေ့သား ဒီမှာပါဗျ၊ အဖေ ထပါအုန်း၊
အဖေ သိပ်တွေ့ချင် မြင်ချင်နေတဲ့ အဖေ့သား
မောင်ချမ်းအေး လေ ဟီးးး ဟီးးးးး၊
အဖေက သားရဲ့ အဖေ ဦးချစ်ဆွေ ပါလို့ တွေ့စကတည်း ဘာလို့ မပြောခဲ့ရတာလဲဗျာ၊ အဖေ ”
မမြတင်လည်း ယောကျာ်းဖြစ်သူကို ကြည့်ပြီး၊
ဒိုင်ယာရီ စာအုပ်ကို ဖတ်ကြည့်တော့ သူမလည်း ယူကြုံးမရ
ဖြစ်သွားတော့၏။
” အဖေ၊ အဖေ သားကို ထပ်ပြီး မထားခဲ့နဲ့တော့လေဗျာ၊ အဖေ!
‘” အဖေ၊ သားကို ထပ်ပြီးထားသွားပြီလား ၊ ဟီး ဟီး ဟီး၊ သားကို ထပ်ပြီး မထားခဲ့ပါတော့နဲ့၊
၂၆ နှစ်လုံးလုံး အဖေ လို့ ခေါ်ရမဲ့နေ့ကို စောင့်နေခဲ့တာ၊
ဒီလို တွေ့ဆုံမှုအတွက်လားဗျာ၊
အဖေ၊ ထပါအုန်းဆိုဗျာ၊ အဖေ၊ ဟီး ဟီး ဟီး ၊ သား သား ဘယ် စိတ်နဲ့ ဆက်ပြီး အသက်ရှင်ရမလဲဗျာ၊
အဖေ၊ သားခေါ်နေတယ်လေ၊ အဖေ !!!! ”
” အဖေ သိလား၊ အမေလေ အဖေ့ ကို ထားခဲ့လို့ နောင်တရတဲ့ စိတ်တွေနဲ့ သေသွားခဲ့တာအဖေရဲ့ ၊
အမေ သားကို ထားခဲ့သလို အဖေလည်း သားကို
ထားခဲ့ပြီလား အဖေ၊
အဖေ သားခေါ်နေတယ်လေဗျာ၊ သား သားးးး ဟီးးးးးးးး ”
” ကိုချမ်း၊ သတိထား အုန်းလေ ”
” ဝုန်း”
မမြတင် က သူ့ယောကျာ်းအား နှစ်သိမ့်ပေးဖို့ ကြိုးစားပေမဲ့
မောင်ချမ်းအေး က သူမကို တွန်းထုတ်လိုက်၏။
” မမြတင်၊ ဒါတွေအားလုံး နင့်ကြောင်းဖြစ်တာ၊ နင့်ကြောင်း ဖြစ်တာ၊ နင့်ရဲ့လောဘတွေကြောင်းဖြစ်တာ မမြတင်ရဲ့၊
နင်အခု ရွှေတွေ ရသွားပြီမလား၊
နင်ပျော်ပြီမလား ဟမ်၊ နင်ပျော်ပြီမလား ”
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သူမအား အပြစ်မပြောခဲ့ဖူးသော ယောကျာ်းဖြစ်သူက ထိုသို့ အော်ပြောလိုက်၍
မမြတင် လဲ ငိုမိသွားတော့၏။
ထိုအခိုက် ….
” ဒေါက်၊ ဒေါက် ” ဟု တံခါးခေါက်သံ ထွက်ပေါ်
လာတော့၏။
” မောင်ချမ်းအေး၊ တံခါးဖွင့်ပါအုန်း၊ ငါ ငါ ဦးအောင်မိုးပါ၊
တံခါး တံခါးးး ”
” ဝုန်း ”
ဦးအောင်မိုး လည်းကျသွားပြန်၏။
မြွေဆိပ်က တစ်ဟုန်ထိုးတတ်လာနေပေမဲ့ မရမက
အရောက်လာ ခဲ့ခင်းဖြစ်၏။
” မောင်ချမ်းအေး၊ အဲ အဲ ဒါ မင်း မင်း မင်း ရဲ့ အ အ ဖေ
ချစ် ချစ် ဆွေ ချစ်ဆွေ ”
ဦးအောင်မိုး ရဲ့ အသံက ထွက်မလာတော့ပေ။
မမြတင် လည်း ထလာပြီး တံခါးကို ဟစိစိလေးလုပ်ကာ
ကြည့်လိုက်တော့၊
ဦးအောင်မိုး ကို တွေ့သွား၍ တံခါးအပြင်သို့ထွက်ပြီး၊
” ဘကြီး၊ ဘကြီး ” ဟု လှုပ်နှိုးလိုက်၏။
ထိုစဉ် တံခါးက ” ဝုန်း ” ကနဲ ပိတ်သွားတော့၏။
မမြတင် လည်း အိမ်ထဲ လှမ်းကြည့်လိုက်တော့၊ သူမ၏
ယောကျာ်း ဖြစ်သူက ရေနံမီးအိမ်မှာ အသုံးပြုရန်အတွက်
ထား ထားသော ရေနံပုံးကို သူ၏ ကိုယ်ပေါ်တွင် လောင်းချနေသည်ကို တွေ့လိုက်ရတော့၏။
” ဒုန်း၊ ဒုန်း၊ ဒုန်း၊ ကိုချမ်း ၊ ကိုချမ်း၊ ရှင်ဘာလုပ်နေတာလဲ၊
တံခါးဖွင့်၊ တံခါးဖွင့် ”
မမြတင် အော်ဟစ်ငိုယိုကာ တံခါးကို ထုပေမဲ့
မောင်ချမ်းအေး ကား လုံးဝ ဖွင့်မပေးပဲ။
မမြင်တင် ကို နောက်ဆုံး အနေနဲ့ ကြည့်ကာ ၊ သူ၏
ဖခင်အလောင်းကို ပွေ့ဖက်လျက် ထိုင်လိုက်ပြီး၊
ဘုရားမှာ ပူဇော်ထားသည့် ဖယောင်းတိုင် ဖြင့်
လောင်းထည့်လိုက်ပါ တော့၏။
” ဝုန်း ”
မီးကား လျင်မြန်စွာပင် ကူးစက်လောင်ကျွမ်းသွားတော့၏။
” ကိုချမ်း၊ ကိုချမ်း၊ မလုပ်နဲ့ ကိုချမ်းရယ်၊ ကိုချမ်း တံခါး ဖွင့်ပါအုန်း၊ကိုချမ်း၊ ဒုန်း ဒုန်း ဒုန်း ”
” ဒုန်း၊ ဒုန်း၊ တံခါး ဖွင့်ပါအုန်း ကိုချမ်းရယ်၊ ဟီးးးး ဟီးးးးး ”
မမြတင် အော်ဟစ်နေစဉ်မှာပင် မောင်ချမ်းအေးအား မီးက ဝါးမြိုသွားတော့၏။
မမြတင်လည်း တံခါးကို ဆောင့်တွန်းကာ ဖွင့်ပေမဲ့
အတော်လေးကြာမှ ပွင့်သွား၍ သူမ အိမ်ထဲပြေးဝင်ကာ
ယောကျာ်း ဖြစ်သူ ရဲ့ အနား သွားမလို့လုပ်ပေမဲ့၊
သူမ သာ နောက်သို့ လွင့်စင်သွားတော့၏။
” ဝုန်း” ” အားးး ”
” ကိုချမ်း၊ ဟင် မဖြစ်ဘူး၊ ကိုချမ်း၊ မောင်ချမ်းအေး
ကျုပ်ခေါ်နေတယ် လေ၊ ”
မမြတင် လည်း ကုန်းရုန်းထလာပြီး၊ မီးကြားထဲ ဖခင်အား
ဖက်လျက် ငုတ်တုတ်ကြီး သေဆုံးနေပြီဖြစ်သော
ယောကျာ်းဖြစ်သူရဲ့ အနားသို့သွားရန်ပြင်ပြန်၏။
” ကိုချမ်းးးး ”
” ဗွမ်း ”
ပေါက်ကွဲထွက်လာသော မီး၏ အဟုန်နှင့်အတူ သူမလည်းတစ်ခါ လွင့်စင်သွားပြန်ပြီး၊
” အားးးး” ” ဝုန်း ” ” ဒုန်း ”
” ကိုချမ်းးးးး ” ဟု အော်ခေါ်ကာ အားတင်းပြီး ထမည်
အပြု၊ထုတ်တန်းမှ သစ်သားက ပြုတ်ကျကာ သူမ
တည့်တည့်ဝင်ရောက် လာပါတော့၏။
” ဝုန်းးးး ”
သူမ နောက်ဆုံးကြားလိုက်ရသော အသံကား ……
ကျွန်းဆွယ် ရွာသူရွာသားများ၏။
” မီးဟေ့ မီး မီး၊ မောင်ချမ်းအေး တို့ အိမ်ကို မီးလောင်နေတယ် ” ဟူ သော အသံပင်ဖြစ်ပါတော့၏။
** ** ** ** ** ** ** ** ** **
နောက်တစ်နေ့ မနက်တွင်ကား မောင်ချမ်းအေး ရဲ့
နေအိမ်မှ ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းရခတ်လောက်
အောင် မီးကျွမ်းနေသော အလောင်းသုံးလောင်းကို၊
ဝမ်းနည်းဖွယ်ရာတွေ့လိုက်ရတော့၏။
ထိုအချိန်၌ ဦးအောင်မိုး ကား မြို့ဆေးရုံပေါ်တွင်
အသက်လုနေရ ဆဲဖြစ်၏။
ဆရာဝန်များက အသက်အန္တရာယ် မစိုးရိမ်ရတော့
ကြောင့်ပြောပေမဲ့ နွယ်နွယ် နှင့် သူမ ရဲ့ အစ်ကိုဖြစ်သူတို့ကား မျက်ရည်စက်လက်နှင့် ဖခင်အတွက်
ဆုတောင်းနေကြပါတော့၏။
လောဘဆိုတဲ့ အရာကား ဘယ်ဟာအမှန် ဘယ်ဟာအမှား
ဟု မသိစေနိုင်လောက်အောင် စွမ်းအားကြီးမား၏။
လောဘ အလွန်အားကောင်းသူအား စိတ်တည်ငြိမ်မှု့
မရရှိနိုင်ချေ။
စိတ်တည်မှုမရလာတာနဲ့အမျှ ပညာဉာဏ် ကင်းမဲ့လာတာပါပဲ။
ပညာဉာဏ်မရှိတဲ့သူက အတွေးအကြံတွေမှားလာမှာ
ပဲလေ။
အတွေးအကြံမှားရင် လုပ်ရပ်လည်းမှားတော့တာပဲပေါ့။
လောဘနွံ ထဲ နစ်မိပြီးတဲ့သူက နောက်ဆုံး အကျိုးမဲ့
ရလဒ်တွေတပွေ့တစ်ပိုက် ပွေ့ပိုက်ပြီး၊
သေဆုံးချိန်မှာတောင် နောင်တ တရားတွေနဲ့ စိတ်ဖြောင့်
နိုင်မှာ မဟုတ်ချေ။ ။
*** *** *** *** *** *** *** *** *** ***
{ ပြီးပါပြီ }
ဆန္ဒ နဲ့ ဘဝ ထပ်တူကျနိုင်ကြပါစေ။
အစဉ် ထာဝရ လေးစား စွာဖြင့် = wizard { ဝိဇ္ဇာ }