*လောဘသတ်၍ သေရသူ*📖📖📖
********************************
နေရောင်ခြည်များက တောကြိုတောကြားမှ ဖောက်ထွက်နေတော့၏။ လောင်းရိပ်မိသော ခြောက် ပေလမ်း သို့မဟုတ် တောတွင်းလှည်းလမ်းတလျှောက်၌ နှင်းမှုန်တွေက ဆိုင်းနေတုန်းကာလပင်။ အောင်ချင်းငှက်တအုပ်၏ ညောင်သီးစားရင်း အော်မြည်သံများသည် နံနက်စောစောပိုင်းကို ကြည်နူးဘွယ်ရာ တော၏ ဂီတသံများအဖြစ် ဖန်တီးနေတော့သည်။
ကျောက်ခဲအင်းရွာသို့ ဆင်းရန် တဖာလုံခန့်သာ လိုတော့သည်အတွက် ကျွန်တော်နှင့် ဦးဖိုးဟန်တို့အဖို့ ခြေလှမ်းတွေ ပိုမိုသွက်လက်လာတော့သည်ဟု ထင် မှတ်မိပါသည်။ နောက်မှ မိုင်ဝက်ခန့်အကွာမှ ကျန် ရစ်ခဲ့သော ကျွန်တော်တို့၏ စားအိုး စားခွက် အိပ်ရာ လိပ်နှင့် တောလိုက်ပစ္စည်းများ တင်ဆောင်လာသည့် လှည်းကိုလည်း စောင့်ရန်မလိုတော့သည့်အတွက် ကျောက်ခဲအင်းရွာ မြောက်ဖက်တံခါးဆီသို့ ဆက် လက်လျှောက်ခဲ့ရပေသည်။
နှစ်ယောက်သား လျှောက်ရင်း လမ်းပေါ်မှ သား ကောင်အကူးအသန်းကို သတိပြုကာ လေ့လာအကဲ ခတ်ရင်းပင် ကျွန်တော်တို့ အလိုရှိနေသည့် “နှုတ်ခမ်းမွေးကြီး”၏ ခြေရာလက်ရာများကို ရှာဖွေမိခဲ့ကြ သည်။ နှုတ်ခမ်းမွေးကြီးကား ကျွန်တော်တို့ မုဆိုးအဖွဲ့ ဝင်များ နာမ်စားအဖြစ် အသိအမှတ်ပြုထားသည့် ကျေးရွာသားများ၏ အခေါ် အဝေါ်တွင် တော ကောင် သို့မဟုတ် ကျားကြီးများပင် ဖြစ်ပေ၏။
“ဒီအကောင်တွေ ဒီဘက်ကျောကို မလျှောက်သေးဘူးဗျ၊ အချိန်အခါကတော့ သူတို့’ လ’ ဘဲလေ။ နတ်တော် ပြာသိုဆိုတော့ နှုတ်ခမ်းမွေးတွေ အပျို လူပျိုလှည့်တဲ့ တောတောင်ထဲမှာ လမ်းလျှောက်မြူးတူးတဲ့ အခါဘဲ”
ဦးဖိုးဟန်သည် ဆေးပေါ့လိပ်ကြီးကို ထောင်းကနဲ ဖွာထုတ်ရင်း သူ၏ ဇော်ထမ်း ထမ်းထားသည့် ၄၀၄ မော်တာရိုင်ဖယ်ကို နေရာရွှေ့ပြောင်းကာ ညာလက်ဖြင့် တဖက်တည်း ကိုင်လိုက်ပါသည်။ ကျွန် တော်သည် ခြောက်ပေလမ်းဖုံဖုံပေါ်၌ ဂျီခြေရာ၊ ဆတ်ခြေရာ၊ တောဝက်ခြေရာများနှင့် သေးသေးမွှား မွှား ကြောင်များ၏ ခြေရာသာတွေ့ရပြီး ကျွန်တော်
တို့၏ အချစ်တော် နှုတ်ခမ်းမွေးကြီး၏ ခြေရာသစ် ခြေရာဟောင်း တခုတလေမှ မတွေ့ရသည့်ကြောင့် စိတ်မကျေမနပ် ဖြစ်နေမိသည်။
“ခါတိုင်း ကျောက်ခဲအင်းနဲ့ ဇလုပ်ကြီးဗိုလ်တဲ ကျောတဝိုက်၊ ဖောင်းလောင်နဲ့ ကျောက်ခဲအင်း ဆိုင်းကြိုးပြတ် ကျောတဝိုက်မှာ ဒီအကောင်တွေခြေရာဟာ ခေါက်တုံ့ခေါက်ပြန် တွေ့နေကျဥစ္စာဗျာ။ ဘယ် နှယ်လဲ နှုတ်ခမ်းမွေးတွေက ဗေဒင်တွက်ကြည့်တော့ ကျုပ်တို့လာပြီဆိုတာ သိရလို့ လွတ်ရာကင်းရာ ပြေး ကုန်ပြီထင်တယ်”
ဟု ဦးဖိုးဟန်က အမှတ်မထင်ပင် ပြန်ဖြေကြားလိုက်ပါသည်။
“ပြောလဲ ပြောစရာဘဲလေ။ ကျုပ်တို့ နှုတ်ခမ်းမွေး လေးပါးလောင်တောင် ဇလုပ်ကြီး ဗိုလ်တဲတဝိုက်က ကပ်ပြီးပစ်လို့ရခဲ့တဲ့ သက်သေခံချက်တွေရှိခဲ့တဲ့ ကိစ္စဘဲဗျာ။ ကိုင်းပါလေ ရွာရောက်မှ သူကြီး ဦးထွန်းရင်နဲ့ မုဆိုးငဖျော်တို့ကို တီးခေါက်ကြည့်စမ်းရအောင်။ မတွေ့ရ မပစ်ရရင် မဖြစ်ဘူး”
ကျွန်တော်တို့နှစ်ယောက်သား စကားပြောဆိုကာ လျှောက်လာနေစဉ်တွင် ကျွန်တော်တို့ မျက်နှာမူရာ လှည်းလမ်းကွေ့ဘက်ဆီမှ ခြေသံနှင့် စကားပြောသံ များကို ကြားလိုက်ရပေ၏။ လှမ်း၍ကြည့်လိုက် သည့်အခါတွင် သေနတ်တလက်နှင့် လူလေးဦးကိုတွေ့လိုက်ရတော့သည်။
“ဟော ဗိုလ်မှူးကြီးတို့ပါကလား။ ဘယ့်နှယ် ဆက်သားမလွှတ် ဘာမလွှတ်နဲ့ဗျာ”
ဝမ်းသာအားရသည့်အသံနှင့် ကျောက်ခဲအင်းရွာ ခေါင်းဆောင်သူကြီးဦးထွန်းရင်ကို တွေ့လိုက်ရပေ၏။ သူ၏နောက်မှ နှလုံးပူးသေနတ်ကိုင်သူမှာ ရွာခံမုဆိုး ငဖျော်ဆိုသူဖြစ်ပြီး ကျန်လူနှစ်ယောက်မှာ ခြေရာခံရာ၌ အကူအညီပေးမည့် ရွာသားနှစ်ယောက်ပင် ဖြစ်ပေ၏။
“စောစောစီးစီး ဘယ်လဲသူကြီး”
ဦးဖိုးဟန်သည် ခင်မင်ရင်းနှီးသူပီပီ လှမ်း၍မေးလိုက်သည့်အခါတွင်
“စံတင်တို့ လယ်ဖျားရှိုထဲမှာ ဝက်တောင်းကြီးတကောင် ခုတင်ကလေးကမှ တွေ့ခဲ့ရလို့ ကျွန်တော်တို့ကို လာခေါ်တာလေ”
ဦးထွန်းရင်မှာ အရိုးခံသက်သက်ဖြစ်သည့်အတိုင်း ကွယ်ဝှက်ခြင်းပရိယာယ် တစုံတရာမသုံးဘဲ ပြောလိုက်ရာ နှစ်လုံးပူးသေနတ်ကိုင် မုဆိုးငဖျော်က ဤကဲ့သို့ သူတို့၏အကြံအစည်ကို ဖွင့်ဟပြောလိုက်ခြင်းကို မကျေနပ်သည့် မျက်နှာဖြင့် သူကြီးကို ကြည့်လိုက်ပါသည်။
မုဆိုးငဖျော်၏ အတွင်းစိတ်ကြောကို ကျွန်တော် သည် ကောင်းစွာရိပ်မိပြီး ဖြစ်ပါသည်။ သူတို့၏ တောဝက်ထီးကြီးကို ကျွန်တော်နှင့် ဦးဖိုးဟန်တို့က ကြားဝင်ပြီး ပစ်ခတ်မည် စိုးရိမ်သောအတွက်ပင် ဖြစ်ပေ၏။
အမှန်အတိုင်းရေးရလျှင် တောလက် ကျေးရွာမှ ရွာခံမုဆိုးများသည် အင်မတန်အမြင်တိုတတ်၏။ သူတို့နယ်ပယ်ထဲသို့ အခြားသေနတ်သမားများ မုဆိုးများ လာရောက် ကျက်စားမည်ကို စိုးရိမ်တတ်ကြ၏။ သို့ရာတွင် ကျွန်ဘော်ဘို့အဖို့ သူတို့ရွာခံမုဆိုးတွေလို ကြေးစားဆန်လှသော စိတ်ဓာတ်ကား လုံးဝမရှိချေ။
ရွာခံမုဆိုးတို့သည် လူများများနှင့် အုပ်လိုက် သင်းလိုက်ချီကာ တောချောက်ပစ်ခတ်ခြင်းမျိုးကို မလိုလားကြ။ လူနှစ်ယောက် သုံးယောက်နှင့် နည်းနိုင်သမျှ လူနည်းစွာဖြင့် ခြေရာခံပြီး အမဲပစ်ခတ်လိုကြ၏။ လူများများနှင့် လိုက်၍ အမဲပစ်ခတ်ပြီး သားကောင်ရလျှင် သားကောင်၏အသားကို တောချောက်သည့် နောက်ပါလူများကို ဝေစုဝေပုံ ခွဲပေးရမည် စိုးရိမ်ခြင်းပင်ဖြစ်၏။
တောရွာ၏ဓလေ့အရ အမဲပစ်ခတ်ရာ၌ အသား ဝေခြမ်းရေးစံနစ်မှာ ထားကြပါစို့၊ သားကောင်တ တကောင်ရလျှင် ပစ်ခတ်သူမုဆိုးက ဝေစု တပုံနှင့် သားကောင်၏ ခေါင်းကို ရယူရ၏။ ပေါင်တပေါင်ကို သေနတ်ရှင်အား သေနတ်ခပေးရ၏။ ကျန်အသားနှင့် ဝမ်းတွင်းသားများကိုမူ မုဆိုးနှင့် နောက်လိုက် တောချောက်ပေးသူ ဖျက်ပေးသူများတို့ အညီအမျှ ဝေယူကြရ၏။
ဆတ်သားတပိဿာ၏ စစ်ကြိုခေတ် ဈေးနှုန်းမှာ နှစ်ကျပ်မှ လေးကျပ်၊ ယခုဈေးနှုန်းမှာ ခြောက်ကျပ်မှ တဆယ်အထိ ဈေးရ၏။ ထိုကြောင့်လည်း ရွာခံမုဆိုးတို့သည် ကျားနှင့်သစ် ဆင်များထက် ဆတ်နှင့် ဝက်ကို အဓိကထားကာရွေးပြီး အမဲပစ်ခတ်လိုကြ၏။
ကျွန်တော်သည် သူကြီး ဦးထွန်းရင်ကို ကျေးရွာ ကာကွယ်ရေးအတွက် သက်ဆိုင်ရာအစိုးရက ထုတ် ပေးထားသော ၁၂ ဘို့ နှစ်လုံးပြူးသေနတ် (စိုင်မောင်းတပ်)ကို မုဆိုးငဖျော်၏လက်ထဲမှ ဆွဲယူကာ သေနတ်၏ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်မိ ၏။ ခါးကိုချိုး၍ ပြောင်းနှစ်လုံးအတွင်းသို့ ကြည့်လိုက်သည်တွင် ပြောင်စင်နေရမည့်အစား မဲ့တက် နေ၏။
စိုင်ပြောင်နှစ်ဘက်ကို လက်မနှင့် မကာတင်၍ စမ်းကြည့်လိုက်၏။ ခယော်ခယဲ့ နိုင်လှတော့၏။ သေနတ်မောင်း အောက်မှပင့်ကာ လှုပ်ခါ၍ ကြည့်လိုက်ရာ၌ အနည်းငယ် လှုပ်နေတော့၏။
“ပစ်တာတော့ ကောင်းပါတယ်သူကြီး။ ခင်ဗျာ့သေ နတ်က သိပ်စိတ်မချရဘူးဗျို့ ။ ကျည်ဆန်ကရော သစ်ရဲ့လား။ ဝက်ကြီးရင် ကျားလဲ သိပ်အနားမသီဝံ့ မကပ်ဝံဘူးနော်…”
“မတတ်နိုင်ဘူးလေ ဗိုလ်မှူးကြီး။ ကျည်ဆန်အသစ် ခြောက်လုံးကျည် သုံးတောင့်နဲ့ ကိုးလုံးကျည် လေး ထောင့်ရှိနေပြီဘဲ။ ဒီဝက်လောက်တော့ ကိစ္စမရှိတန် ပါဘူး”
ဟု ဦးထွန်းရင်က ရယ်ကာမောကာနှင့် ကွမ်းမြုံ့နေရာမှ ပြောကြားပါသည်။
“သေနတ်ကောင်းဘို့ မကောင်းဘို့ထက် ချက်ပိုင်ဘို့နဲ့လျင်မြန်ဘို့ လိုတယ် ထင်ပါတယ် ဗိုလ်ကြီး။ ခါတိုင်း ဒီနယ်ထဲက ဝက်တွေ ဆတ်တွေမှန်သမျှဟောဒီ ဘကြီးထွန်း သေနတ်နဲ့ချည်း ရနေကျပါဘဲ။ သေနတ်ကူလဲ မလိုပါဘူးခင်ဗျာ”
ဤစကားကား မုဆိုးငပျော်၏ ကျွန်တော်တို့မုဆိုး တွေကို ဒီစားကျက်တွင် မပါဝင်စေရန် ကြိုတင်ပိတ်ပင်လိုက်သော ပရိယာယ်စကားပင်ဖြစ်ပေ၏။
“ကောင်းပါတယ် ၊ အေးဗျာ ရွာရောက်ပြီး အမောဖြေပြီးရင် မောင်ဖျော်ပစ်တဲ့ တောဝက်သားနဲ့ ထမင်း တနပ်စားဘို့ဘဲဟေ”
ဦးဘိုးဟန်သည် ဟားတိုက်ကာ အဓိပ္ပါယ်ပါပါနှင့် ရယ်မောလိုက်ပြီး ကျွန်တော်တို့က သူတို့လူစုကို ရှောင် ထွက်ခဲ့သည်။
“ကျွန်တော်ကိုယ်တိုင် ရွာကို လိုက်ပို့မယ်လေ ဗိုလ်မှူးကြီး”
“ကိစ္စမရှိပါဘူး သူကြီး။ ကျွန်တော်တို့ ရွာနဲ့ သိပ်ကွာ တော့တဲ့ဥစ္စာမှမဟုတ်ဘဲ။ ဝက်နောက်သာ ဆက်လိုက်ကြပါလေ”
ဟု ကွန်တော်က အဖြေပေးလိုက်ပြီးနောက် နှစ်ယောက်သား ရွာဆီသို့ ဆက်ထွက်ခဲ့၏။
ဗြိတိသျှ နယ်ချဲ့သမားအစိုးရသည် ဗမာများကို လက်နက်ကောင်းကောင်း ကိုင်ခွင့်ကို မပေးလိုကြချေ။ သူကြီးဦးထွန်းရင်၏ ၁၂ ဘို့ သေနတ်မှာ အင်္ဂလန်ပြည်လုပ် အပေါစား ဆယ်ပေါင် ဆယ့်ငါးပေါင် မျှသာ ပေးရမည့် ငှက်ပစ်သေနတ်မျိုး ပြောင်းအပါးစားမျိုး ဖြစ်ပေ၏။
ဗြိတိသျှအပြေးတွင် ကျန်သောလက်နက်များနှင့်ပင်အကာအကွယ် လက်နက်ပေးကာ အုပ်ချုပ်ရေးကို စီမံအုပ်ချုပ်နေစေခြင်းသာ ဖြစ်ပေ၏။
X X X
ပူနွေးသော ထမင်းပွဲမှ အငွေ့ကလေးတွေသည် ရစ်ကာသီကာ ပျံဝဲနေလေသည်။ ကျောက်ခဲအင်းရွာ သို့လာရင်း ဘူးကွဲရွာအထွက် လယ်ကွင်းထဲမှပစ်ခတ်ရရှိခဲ့သော တောကြက်သုံးကောင်ကို ဦးနုသည် ကျွမ်းကျင်စွာဖြင့် ပြုတ်ကြော်လုပ်ထားသော ဟင်းတပန်းကန်၊ ဘူးရွက်ဟင်းချို၊ သရက်သီးသနပ်၊ ဘလချောင်ကြော်၊ ငါးသေတ္တာသုပ် စသည့်ထမင်းဟင်းများသည် ကျွန်တော်၊ ဦးဘိုးဟန်၊ ဦးနု၊ ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်ကြီးသန်းထွန်းတို့ကို တအားလွေးရန် ဖိတ်ခေါ်နေတော့၏။
ထိုကြောင့်လည်း ကျွန်တော်နှင့် ဦးဘိုးဟန်တို့က လက်ဆေးခွက်တွင် လက်ကိုဆေးကြောလိုက်ပြီး ထမင်းပွဲတွင်ထိုင်ကာ သုံးလေးလုပ် စားလိုက်စဉ် ရွာ မြောက်ဘက်တံခါးဆီမှ စီစီညံညံ လှုပ်လှုပ်ရှားရှား အသံတွေရော ခွေးဟောင်သံတွေပါ တပြိုင်နက်ထဲ ကြားလိုက်ရပေ၏။
ရွာတွင်းသို့ တစိမ်းတယောက်ယောက် ဝင်ရောက်လာခြင်းကြောင့် ခွေးတွေဆူသည်ဟု အောက်မေ့ လိုက်ပြီး၊ ကြက်သားတဖတ်ကို ဟန်ရ ပန်ရနှင့် ဝါးလိုက်သည့်တခဏ၌ အိမ်ရှေ့လှေကားပေါ်မှ သူကြီးကတော်ကြီးသည် အူယားဖားယား ပြေးတက် လာတော့သည်။
“အမယ်လေး လုပ်ကြပါအုံး … ကယ်ကြပါအူး။ ကိုထွန်းရင်တို့ကို ဝက်ပက်လို့ လဲနေကြပြီတဲ့။ ပေမှေးပြန်ပြေးလာတယ်၊ သူ့မှာလဲ သွေးတွေရဲနေတယ်”
ဟု ဆောက်တည်ရာမရရှာသော မျက်နှာနှင့် တုန်လှုပ်သောအသံဖြင့် ပြောလိုက်ပါသည်။
“ပြောလို့မှ မပြီးသေးဘူး၊ ကိုင်းကွာ….”
ဦးဘိုးဟန်ကြီးသည် ထမင်းပန်းကန်ကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး ကမန်းကတန်း လက်ကို ဆေးကြောကာ လက်သုတ်ပုဝါနှင့် အမြန်သုတ်သင်လိုက်တော့၏။ ကျွန်တော့်အနေနှင့်လည်း ဗိုက်ထဲ သုံးလေးလုပ်သာ ရောက်သေးသော ထမင်းပွဲကို နိဂုံးချုပ်လိုက်ရပေ၏။
ရှေ့ဆင့်နောက်ဆင့်တွင်ပင် ငဖျော်၏နောက်မှခြေရာ ခံကာ အကူအညီပေးသော ပေမှေးဆိုသူသည် ရွာ သားတစုနှင့် ရောက်ရှိလာပြန်သည်။ သူ၏အင်္ကျီလက်တို့တွင် ရှေ့ပိုင်းကသွေးအရဲသား တွေ့လိုက်ရပေ၏။
“ဘယ်လို ဖြစ်တာလဲ ပြောစမ်း…”
ဦးဘိုးဟန်သည် ဘောင်းဘီရှည်ကိုဝတ်ရင်း လှမ်း ၍မေးလိုက်၏။
“ဝက်ကြီးကို တချက်ပစ်ပြီး ဝက်ကြီးက သွေးရူး သွေးတန်းနဲ့ ဖုံးဆိုးထဲဝင်အသွား ဘေးကပတ်ပြီး ကျုပ်တို့က လိုက်အချောင်းမှာ ဝက်ကြီးက ကျုပ်တို့ဘေးက ဘွားကနဲပြေးတက်လာပြီး ကိုဖျော်ကို အရင်ပက်ချတယ်။ ပြီးတော့ သူကြီးကို ဆက်ပက်နေတုန်းမှာ ကျုပ်က ဓားမနဲ့ ဝင်ခုတ်တယ်။ ဝက်ကြီးက ကျုပ်ကို လှည့်အပက်မှာ ကျုပ်လက်ထဲကဓားနဲ့ ဝက်ကြီးနှုတ်သီး တအားထိုးမိပြီး ကျုပ်လက်ထဲကဓား လွတ်အကျမှာ ဝက်ကြီးက ကျုပ်ကိုပြီး ပက်တော့ ကျုပ်လဲမြေကိုလူးပြီး ရှောင်ပြေးခဲ့ရတယ်။ ဒါကြောင့် ရင်ပပ်မှာ ၂-ချက် ရှပ်ပြီး ထိသွားသေးတယ်။ ကိုဖျော်နဲ့ သူကြီးကတော့ ဘုန်းကနဲ လဲရာက မထနိုင်တော့ဘူးဗျို့”
“ဖြစ်ရလေတယ်ကွာ၊ မောင်ဖျော်ပစ်တာ ချက်မပိုင်ဘူးလား။ နောက်ထပ်ဆင့်ပြီး မပစ်ဖူးလားကွ”
ဟု ဦးဘိုးဟန်က ကျည်ဆန်ခါးပတ်ကို ပတ်ရင်း မေး မြန်းပြန်ပါသည်။
“ပစ်သေးငယ်ဗျ၊ ကျည်ဆန်ကမထွက်တော့ဘူး။ ညာဘက်စိုက်မောင်းတချောင်းကလဲ အရေးထဲမှာ နွယ်နဲ့ငြိပြီး ဘယ်မှာပြုတ်ကျနေတယ် မသိရဘူးဗျ”
ကျွန်တော်သည် ဝက်နာကို သတိကောင်းစွာ ထားရှိခဲ့သူပြီပြီ ထက်မြက်သော သေနတ်ကောင်းများကို သုံးရန် ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။
ခြေတို ကိုယ်ကြီး သတ္တဝါများအနက် တောဝက်နှင့် ကျားတို့သည် ပါဝင်ပြီး ရုတ်တရက် အပြင်ပန်းအားဖြင့် ကြည့်ရလျှင် ၎င်းတို့၏ ကြီးမားသော ကိုယ်ခန္ဓာကြီးများကြောင့် လေးကန်ထိုင်းမှိုင်းသည့် သတ္တဝါကြီးများဟု ထင်မှတ်စရာပင် ဖြစ်ပေ၏။ သို့ရာတွင် တကယ့်အရေးတွင် ကျားနှင့် တောဝက်သည် အံ့သြစရာပင် လျင်မြန်သွက်လက်လှပေ၏။
“ဝါးလုံးထိုး လွှတ်သကဲ့သို့” ဟူသော ပုံခိုင်းစရာ ပေါ့ပါးလျင်မြန်သလောက် မျက်စိရှင်ခြင်း၊ ချုံ့ခို၍တိုက်ခိုက်ရာ၌ ပုန်းအောင်းရာ၌ နှစ်ကောင်မရှိ သော ကျားနှင့် ဝက်သတ္တဝါများပါတကား။
ကျွန်တော်သည် ၃၇၅-မက်နစ်မော်ဇာရိုင်ဖယ်ကို ဆွဲယူလိုက်ပြီး ကျည်ဆန် အပြော့စား (Soft nose) ငါးတောင့်ကို ရွေးထည့်လိုက်ပါသည်။
ဦးဘိုးဟန် သည် ၄၀၄-မော်ဇာရိုင်ဖယ်ကို ပခုံးနဲ့ထမ်းလိုက်ပြီး ကျွန်တော့်နည်းတူ ကျည်ဆန်အပြော့စား (ထိပ်၌ ခဲဖူးတပ်) ကျည်ဆန်များကို ကျည်ဆန်ခါးပတ်ကြီးထဲမှ ဆွဲနှုတ်နေတော့၏။
ထိုနောက် ဒဏ်ရာရသူ ပေမှေးကို ခေါ်ယူခဲ့ပြီး အချင်းဖြစ်ပွားရာ လယ်လျှိုဘက်သို့ ခပ်သုတ်သုတ်ထွက်ခဲ့ကြ၏။ ရွာနှင့် ခရီးတမိုင်အတွင်း၌ ရှိနေခြင်းကြောင့် မိနစ်နှစ်ဆယ်ခန့်တွင် ကျွန်တော်တို့ လယ်လျှိုဖျားအနီးသို့ ချဉ်းကပ်ခဲ့ကြသည်။
ကျွန်တော်တို့နောက်မှ ခြေသံများကြားရ၍ လှည့် ကြည့်လိုက်သောအခါ ရွာသားဦးရေ နှစ်ဆယ်ကျော် သည် ဓားများ လှံရှည်များဆွဲကိုင်ကာ လိုက်လာ သည်ကြောင့်
“ခင်ဗျားတို့ လိုက်ဖို့မလိုဘူး၊ တောဝက်နာဟာ အန္တရာယ် အလွန်များတယ်။ လူများတော့ ပစ်ရခတ်ရတာမလွယ်ဘူး။ မလိုက်နဲ့”
ဟူ၍ ကျွန်တော်က လှည့်ကာ သတိပေးလိုက်ရ၏။
မကြာမီ ညဉ့်ခင်းက လယ်ထဲတွင် ဟန်ရပန်ရလှည့် လည်ကာ မွှေနှောက်စားသောက်ခဲ့သော တောဝက် ကြီး၏ ခြေရာလက်ရာများကို တွေ့ရပေ၏။ လဖက်ရည်ကြမ်းပန်းကန်လုံးတလုံးကို မြေပေါ်၌ မှောက်ချလိုက်သည့်အခါတွင် ထင်းကာ ကျန်ရစ်သောပုံစံအတိုင်း ကြီးမားလှသည့် တောဝက်ထီး၏ ခြေရာကြီးများသည် နှင်းရိုက်ထားသည့် လယ်မြေပြော့ပြော့အပေါ်တွင် အထင်အရှားတွေ့နေရပေ၏။
“ဝိဿာငါးဆယ်နဲ့ ခြောက်ဆယ်အကြားထွက်မဲ့ ဝက်ကြီးဘဲ ဗိုလ်မှူး။ ဒါကြောင့် ငဖျော်တို့ စုံမက်ကြတာဘဲဗျာ”
ဦးဘိုးဟန်သည် ရိုင်ဖယ်သေနတ်ကို အသင့်ကိုင်ရင်း ဝေဖန်လိုက်ပါသည်။ စပါးခင်းစ၌ ဖယိုဖရဲဖြစ် နေအောင် ဝက်သိုးကြီးသည် စားသောက်ဖျက်ဆီး သွားခဲ့သည်မှာ ထောင်းလမောင်း ကြေမွနေသည့် ရှုခင်းက သက်သေခံနေပါသည်။ ထိုနောက် သူကြီး နှင့် ငဖျော်တို့ ဝက်ပက်ခံရသော လျှိုဖျားဆီသို့ ဂရုတစိုက်ကြည့်နေကာ တလှမ်းချင်း တက်ခဲ့ကြသည်။
အပေါ် လောင်းရိပ်တွေ လွှမ်းနေသော လျှိုများဆီသို့ စိတ်ချလက်ချ တက်၍ မဖြစ်သည်ကြောင့် ဦးဘိုးဟန်နှင့် ကျွန်တော်တို့ ဘေးချင်းယှဉ်ကာ ရင်ဘောင်တန်းကာ ဘယ်ညာဝဲယာသို့ ဂရုတစိုက်ကြည့်ရှု့ကာ တောဝက်ထီးကို ရှာဖွေရင်း ချီတက်ခဲ့ရပေ၏။
ဂိုက်နှစ်ရာကျော်မျှ ချီတက်ခဲ့ကြသည့်နောက်တွင် သွေးအလူးလူးနှင့် လူနှစ်ယောက်၏ သဏ္ဌာန်များ ကို လှမ်း၍ တွေ့လိုက်ရပေ၏။ ထို့ကြောင့် ၎င်းတို့ ပတ်ဝန်းကျင်တဝိုက်သို့ သိမ်းကျုံး စစ်ဆေးလိုက်ပြီးမှ သူကြီးဦးထွန်းရင်တို့ဆီသို့ တန်းတန်းမတ်မတ် တက်ရ၏။
နှစ်ယောက်စလုံး ခါးဝတ်များကျွတ်ကာ သွေးရောဖုံတွေ့ရော သစ်ရွက်တွေ့ရော လူးနေတော့၏။ ဦးထွန်းရင်၏ လက်တဖက်က သူ၏မျက်နှာကို ကာကွယ်ခဲ့ပုံဖြင့် မျက်နှာပြင်ပေါ်၌ အုပ်လျက်တွေ့ရပေ၏။
ထို့ကြောင့် ကျွန်တော်သည် ဦးဘိုးဟန်ကို တောဝက် ကြီး၏ အလစ်ဝင်တိုက်မှုမှ ကာကွယ်ရန်သတိပေး လိုက်ပြီး ဦးထွန်းရင်၏ ဘယ်လက်ကောက်ဝတ်နှင့် ရင်ပပ်ဆီသို့ကပ်၍ အသက်ရှူ မရှူ အကဲခတ်လိုက်၏။
အသက်ရှူသံ ကြားရမှ ဦးဘိုးဟန်ဆီသို့ ခေါင်း ညိတ်ပြလိုက်ပြီး မှောက်လျက်လဲနေသည့် ငဖျော်ဆီ သို့ ချဉ်းကပ်၍ ဦးထွန်းရင်နည်းအတိုင်း စမ်းသပ်ကြည့်ရှု့လိုက်ရ၏။
ငဖျော် နှလုံးခုန်ခြင်း၊ သွေးတိုးခြင်း မတွေ့ရသည် ကြောင့် နှာခေါင်းဝသို့ တောကြက်တောင်တချောင်း နှင့်ကပ်၍ ကြည့်လိုက်၏။ သို့ရာတွင် လေတိုးခြင်း၊ အသက်ရှူခြင်း လက္ခဏာ တစုံတရာ မတွေ့ရတော့ချေ။
ငဖျော်၏ ဒဏ်ရာကို ပြန်လှန်၍ ကြည့်ရှူလိုက်သည့်အခါတွင် ဘယ်ဘက်ရင်သည် ပွင့်လျက်၎င်း၊ ခြေသလုံးကြွက်သားမှ ပေါင်ရင်းအထိ တောဝက်ကြီး၏ အစွယ်က တောက်လျှောက်ခွဲတက်သွားသည့် ဒဏ်ချက်များကို၎င်း တွေ့ရပေ၏။
“ဟေ့ နောက်ကလူတွေ လာခဲ့ကြ၊ ဟောဒီ လူ နှစ်ယောက်ကို ရွာပြန်ယူသွား။ သူကြီးကို လှည်းနဲ့ချက်ချင်း မြို့ဆေးရုံပို့”
ဦးဘိုးဟန်သည် ကျောက်ခဲအင်းရွာသားများကို ခေါ်ယူကာ လူနာနှင့် လူသေ နှစ်ဦးကို အပ်လိုက်ပြီး
“ဒို့နဲ့ ကပ်မလိုက်နဲ့နော်၊ ဒို့က လှမ်းခေါ်မှ ရှေ့တက်ခဲ့ကြ။ ဒဏ်ရာနဲ့ ဝက်နာကို ပစ်ရတာ သိပ်မလွယ်ဘူးကွ။ လူနဲ့ ဝက်နဲ့ ရောနေရင် အပစ်ရ အချိန်ရ အားကြီးခက်တယ်”
ဟု ဦးဘိုးဟန်က ဆက်လက်၍ သတိပေးလိုက် ပြန်သည်။
မကြာမီ ကျွန်တော်တို့ နှစ်ဦးသည် ဆက်လက်၍ တောဝက်ကြီးကို ရှာဖွေကြသည်။ တောဝက်ကြီး၏ ကိုယ်၌ရရှိသော ၁၂-ဘို့ ကျည်ဆန်ရာကြောင့် ထွက် သော သွေးကြောင်းပေလော၊ သို့မဟုတ် ဦးထွန်းရင်တို့ နှစ်ယောက်ဆီမှ သွေးများကြောင့်ပေလော မသိရသော သွေးစီးကြောင်း အစအနများသည် လျှိုများရှိ ဖုံးဆိုးတောထဲသို့ တန်းနေတော့၏။
“သိပ်သတိထားမှဗျို့၊ ဝက်ကြီးက ထွေးတော အရှုပ်ထဲမှာမြုံ့နေပုံဘဲ။ အလစ်မပေးနဲ့နော် ဗိုလ်မှူး”
“ဦးဘိုးဟန်ကြီးသည် ကျွန်တော်တို့ ချဉ်းကပ်နေ သော ကိုက် ၅၀-ခန့်အကွာရှိ ဖုံးဆိုး သို့မဟုတ် တောင်ယာခင်းဟောင်းများ ဖြစ်ခဲ့ခြင်းကြောင့် ပေါင်းပင်တွေ ချုံတွေ ရှုပ်နေအောင် ပေါက်နေရာ ထွေးတောတဝိုက်ကို ရှာဖွေရင်း လှမ်းကာ သတိပေးလိုက်၏။
“ကျွန်တော် ဟိုဘက်ထိပ်က ပန်းပြီး ကြည့်မယ်။ ဟိုဘက်ထိပ် ရောက်လောက်ရင် အဘိုးကြီးက လူသံ ပေးကြည့်စမ်းဗျာ။ ဒါမှ ဒီအကောင်ကြီး ဆိုင်းကြိုးပြတ်တောထဲ ကူး မကူး ခြေရာ လက်ရာ ကြည့်နိုင်မယ်”
ပြောလိုက်ပြီး ညာဘက်လမ်းရှင်းရာမှ ပန်းကာ တက်ခဲ့ရပေ၏။ ၇-မိနစ်ခန့် အကြာတွင် ကျွန်တော်သည် ဖုံးဆိုး၏ အနောက်ဖက်မျဉ်းကြောင်း နယ်နိမိတ်ကို ရောက်ရှိခဲ့ပြီး လေချွန်ကာ အချက်ပေးလိုက်ရာ ရုတ်တရက် ဖုံးဆိုးတော အလယ်ပေါက်ဆီက “ဂွမ်း-ဂွမ်း- ဂွမ်း” ဟူသော တောဝက်ကြီး၏ မာန်သွင်း၍ အစွယ်ချင်း ခတ်သံကြီးကို ရှေးဦးစွာ ကြားလိုက်ရပေ၏။
ထို့နောက် ဦးဘိုးဟန်ဆီမှ ဝါးလုံးခေါက်၍ “ဟေး… ဟေး..ဟေး” ဟူသော ညာသံများလည်း တဆက် တည်း ပေါ်လာတော့သည်။
ကျွန်တော်တို့ အပန်းတကြီး ရှာဖွေခဲ့သော တောဝက်ကြီးကား ကျွန်တော်တို့ လူနံ့တွေကို ကြိုတင်ရရှိပြီး တိုက်ပွဲအတွက် အသင့်ရှိကြောင်း စစ်ကျေညာလိုက်ခြင်းသာ ဖြစ်ပေ၏။
ပစ်ကွင်းကို တွေ့ပြီဖြစ်သော်လည်း ပစ်ခတ်စရာ အခွင့်အရေး ပစ်ကွက်ကိုမူ မရရှိသေးချေ။ ဦးဘိုးဟန်ဆီမှ ဝေါကနဲ ရှဲကနဲ မြေကြီးခဲများဖြင့် ထွေးတော အတွင်းသို့ တဖြောက်ဖြောက် ပစ်ခတ်သံများ အဆုံး၌ အစွယ်ချင်းခတ်နေသော တောဝက်ကြီးသည် ကျွန်တော် စောင့်နေရာဆီသို့ တရွေ့ရွေ့ တလှုပ်လှုပ် တိုးလာသည်ကို ရိပ်မိလိုက်ပါသည်။
အထက်ပိုင်းတလျှောက် လှုပ်ကနဲ သိမ့်ကနဲဖြစ်နေ သည့် ဖုံးဆိုးတောများကို မြင်ရခြင်းအားဖြင့် တော ဝက်ကြီးသည် အလယ်ဝမှ အနောက်ဖက် ဒမျဉ်း ကြောင်းဆီသို့ ရွှေ့ပြောင်းနေကြောင်းမှာ သိသာစေ ၏။
ကျွန်တော်သည် ဝါးရုံပင်နောက်ကွယ်မှ ၃၇၅- မက်နမ်ရိုင်ဖယ်ကို အသင့်ချိန်ရင်း တသိမ့်သိမ့်လှုပ်နေ သော ထွေးတောမှ ကြို၍ ပစ်ကွက်ကောင်းကို ရှာဖွေမိ၏။
တောဝက်ကြီးသည် ရှေ့သို့တအားစွပ်ကာ တိုးနေသည် မဟုတ်ဘဲ ရပ်လိုက် နားထောင်လိုက်နှင့် ကျွန် တော်တို့ လူနံလူသံများကို လေ့လာပြီးမှ တလှမ်းချင်း တက်နေခြင်းပင် ဖြစ်၏။ ကျွန်တော်သည် စစ်ပရိယာယ်တမျိုးသုံးရန် ဆုံးဖြတ်လိုက်ပေ၏။
မျက်ကွယ်ဖြစ်နေသည့် ထွေးတောပါးပါးကလေး အကွက်ဆီသို့ သိမ့်ကနဲ တောဝက်ကြီးက ဖိကာ တိုးနေသည့် အလှည့်တွင် ကျွန်တော်သည် တောဝက်ကြီး၏ ရှေ့ပိုင်းလောက်ကိုမှန်းကာ ၃၇၅-မက်နမ်ရိုင်ဖယ်နှင့် ပစ်ခတ်လိုက်၏။
ကျည်ဆန်အား သုံးရာဂရိမ်၏ ပေါက်ကွဲသံကြီး သည် တိတ်ဆိတ်သော နေ့ခင်းအဖို့ ချက်ခြင်းတခဏ၌ ဆူညံသွားစေ၏။ ဝက်ကြီးသည် ထိမှန်သွား ကြောင်း သက်သေအဖြစ် ‘ကျယ်’ကနဲ အော်မြည်လိုက်ပြီး ကျွန်တော်ရှိရာဘက်သို့ တဝေါဝေါထိုးကာ သူ့အား ရန်မူသူ ပစ်ခတ်သူ ရန်သူဖြစ်သောကျွန်တော် ကို တန်ပြန်တိုက်ခိုက်ရန် ပြေးထွက်လာခြင်းသာ ဖြစ် ပေ၏။
နောက်ထပ် ကျည်ဆန်အသစ်တတောင့်ကို ထိုးကာ အသင့်ပြင်နေသော ကျွန်တော်အဖို့ ချုံတိုးသံများတလျှောက် လိုက်ကာ ကြိုကာ တောဝက်ကြီး၏ မြင်ကွင်းကောင်းကို စောင့်ကြိုနေခိုက် စက္ကန့်ပိုင်းအတွင်း၌ ဖုံးဆိုးတော၏ အစွန် ကြိမ်ပင်များအကြားမှ ဝက်ကြီး၏ ခေါင်းပိုင်းသည် စွပ်ကနဲ ပေါ်လာလေ သည်။
အသင့်ချိန်ထားသော ကျွန်တော်၏ ရိုင်ဖယ်က တောဝက်ကြီး၏ ထမ်းပိုးကြီးတွင်းဆီသို့ ကျကျနန ချိန်ကာ ပစ်ချလိုက်ပြန်သည်။
တစက္ကန့်လျှင် နှစ်ထောင့်ငါးရာငါးဆယ်ပေ အမြန်နှုန်းဖြင့် ဖြတ်သန်းကာ ထွက်ခွာသွားသော ၃၇၅- ကျည်ဆန်ဖူးသည် အရှိန်နှင့် ထွက်လာသည့် တော တောဝက်ကြီးကို လေးထောင့်သုံးရာသုံးဆယ် ခြောက်ပေအတွင်း တပေါင်နှုန်းတွန်းကန်အားဖြင့် ရှောင်တခင် ဖောက်ထွင်းထိမှန်ကာ ပက်ကနဲ နောက်ပိုင်းသို့ လွင့်ပါသွားပါတော့၏။ ထိုနောက် ခြေလက်များသည် ဆန့်ကာ ‘သက်ဖြတ်’ ‘သက်ငင်’ အခြေအနေသို့ ဆိုက်ရောက် နေပါသည်။
နောက်ထပ် ပစ်ခတ်စရာ အချက်လည်း မလိုတော့ချေ။ သို့ရာတွင် မုဆိုးနှင့် စစ်သားတို့ထုံးစံအတိုင်းကျည်ဆန်အသစ်တတောင့်ကို တမုဟုတ်ချင်း ထပ်၍ထိုးကာ အရေးပေါ်ခဲ့သော် ထပ်မံပစ်ခတ်ရန် အသင့်ရှိနေပြန်တော့သည်။
“ပြီးပြီဗျို့ ဦးဘိုးဟန်၊ ဒီဘက်ကိုတက်ပါ”
ဦးဘိုးဟန်ကို လှမ်း၍ ခေါ်ယူလိုက်ပြီး တောဝက်ကြီး လဲကျရာဆီသို့ ဂရုတစိုက် ချဉ်းကပ်ခဲ့ပြန်သည်။ ဂုတ်ပိုင်းနှင့် ကျောတလျှောက်၌ ဇောင်းမွေးတထွာကျော်မျှပင်ရှည်ကာ တောက်နေသော နက်မှောင်နေသည့်အမွေးများဖြင့် တောဝက်ကောင်ကြီးကား ကိစ္စချောနေလေပြီ။
သူ၏အစွယ်မှ သွေးစီးချောင်းများနှင့် အဝတ်စုတ်အစများ၊ အသားတစ်များက လူသတ်သမားဘဝကို ဖော်ထုတ်နေချေ၏။ အစွယ်ကြီးနှစ်ချောင်းကလည်း လေးလက်မခန့်ရှည်ပြီး ချွန်ထက်နေသလောက် ခရီးရောက်ခဲ့ကြောင်းကိုလည်း ကျွန်တော် ပြန်လှန်စဉ်းစားမိပါသည်။
ဝက်ကြီးမှ သေနတ်ဒဏ်ရာများကို ကျွန်တော်နှင့် ဦး ဘိုးဟန်တို့က လိုက်လံစစ်ဆေးခဲ့သည်။ နောက်ဆုံးပစ်လိုက်သော ၃၇၅-မက်နမ်ကျည်ဆန်သည် ထမ်းပိုးကြီးတွင်းမှ ဝင်ကာ ညာဘက်တင်ပါးဆီသို့ ဖောက်ထွက်ခဲ့၏။
မျက်ကွယ်တွင် ပစ်ခတ်ခဲ့သော ရှေးဦးဆုံး အချက်သည် ဝက်ကြီး၏ဂုတ်ပိုးအထက်ကို မှန်ကာ လည်ဂုတ်ပိုးတပိုင်းကို ချိုးခဲ့ပေ၏။ သို့ရာတွင် ဝက် ကြီးကား အသက်ပြင်းလှပေ၏။
၁၂-ဘို့ကျည်ဆန်သည် ဝက်ကြီး၏ တင်ပါးကို ထိမှန်ပြီး ခြောက်လုံးကျည်ဆန်သုံးပေါက်ကို တွေ့နေရပေ၏။
ဒဏ်ရာအနာ ရရှိခဲ့သည့် တောဝက်ကြီးအဖို့ ဒေါသဖြစ်လောက်ရုံသာ ဆွပေးခြင်းသဘောမျိုးဖြစ်စေပြီး၊ မုဆိုးငဖျော်နှင့် သူကြီး ဦးထွန်းရင်တို့ကို ပိုင်ပိုင်နိုင်နိုင် တုံ့ပြန်လက်စားချေလိုက်ခြင်းလည်း ဖြစ်ပေ၏။
ရွာသားများ ကောက်ယူခဲ့သော စိုင်ပေါင်တဖက် ပြုတ်ကျနေသည့် ဦးထွန်းရင်၏ နှစ်လုံးပူးသေနတ်ကို ခါးချိုးကာ ကျွန်တော်က စစ်ဆေးကြည့်ရှုလိုက်ရတော့သည်။ စိုင်ပေါင်တဖက်ရှိသည့် ပြောင်းဝ၌ တွပ်ပီရိုက်ပြီးသား ကျည်ဆန်တတောင့်နှင့် ကျန်တဖက်တွင် တွပ်ပီမရိုက်ရသေးသော ကျည်ဆန်အသစ်တတောင့်ကို တွေ့ရပြန်သည်။
တောရွာများမှ လူချမ်းသာများ အနိစ္စရောက်သောအခါ အမဲသားမှစ၍ ငွေကြေးချောင်လည်သလို ဝက်သားအဆုံးအထိ မသာထမင်းဟင်း ကျွေးခဲ့၏။ မိုဆိုးငဖျော် ဝက်ပက်ခံရ၍ သေဆုံးသည့် အသုဘ ထမင်းပွဲ၌လည်း သူအသက်ဆုံးရှူံးအောင် လိုက်လံခဲ့ရပြီး ကျွန်တော်ဇာတ်သိမ်း ကိစ္စချောလိုက်ရသည့် တောဝက်ကြီး၏ အသားနှင့်ပင် သေလမ်းပို့သော
လောဘကို လက်ခံလိုက်သူ မုဆိုးငဖျော်၏ မသာထမင်း ဟင်းကို ချမ်းသာသူများနည်းတူ ကျွေးမွေးဧည့်ခံစေရန် စီမံလိုက်ရပေ၏။
ထို့ကြောင့်လည်း ကျွန်တော်၏ နောင်တော် ညီတော် မုဆိုးလက်သစ်များကို ခြေတိုကိုယ်ကြီးနှစ်ကောင်ဖြစ်သော ကျားနှင့် တောဝက်ကို အထင်မသေးကြရန် သေနတ်ကောင်းကောင်း ချက်ပိုင်ပိုင် ပစ်ခတ်နိုင်ကြရန် အထူးသတိပေးအပ်ပါကြောင်း။ ။
(မြဝတီမဂ္ဂဇင်း၊ မတ်လ၊ ၁၉၆၄)
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ