လောဘ၏နိဂုံး

လောဘ၏နိဂုံး(စ/ဆုံး)

———————-

အချိန်ကာလအားဖြင့် 19ရာစုကုန်ခါနီးအချိန်၀န်းကျင်ခန့်က ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏ ရပ်ကွက်တစ်ခုတွင် အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရောင်းချသော ဖွားရွှေဆိုသော အဖွားကြီးတစ်ဦးရှိလေသည်။

ဖွားရွှေက စိတ်သဘောထား အလွန်နူးညံကာ စေတနာအလွန်ရက်ရောသောကြောင့် ဖွားရွှေ၏ အိမ်ဆိုင်လေးသည် ပစ္စည်းမစုံလင်သော်လည်း ပတ်ဝန်းကျင်မှ လူများကဝယ်ယူအားပေးကြသည်။

ဖွားရွှေတွင် ညီမသုံးဦးရှိလေရာ ဖွားရန်ဟူသော ညီမဖြစ်သူမိသားစုနှင့်အတူနေထိုင်သည်။

ကျန်ညီမနှစ်ဦးမှာလည်း အခြားရပ်ကွက်များ၌ မိသားစုကိုယ်စီနှင့် အခြေချနေထိုင်လျှက်ရှိသည်။

ဖွားရွှေက အပျိုကြီးဖြစ်သူပီပီ စုမိဆောင်းမိသောကြောင့် ယခင်ညောင်ရွှေမြို့နယ်တွင်နေထိုင်ရာမှ ညီမများနေထိုင်ရာ တောင်ကြီးမြို့သို့ လာခဲ့၏။

ညီမဖြစ်သူများထံ အတူနေရန်လာခဲ့စဥ်က ရွှေခေါင်းဘီး၊ ရွှေကြယ်သီး တစ်စုံနှင့် ေရွှဆံထိုးများ စသည့်လက်ဝတ်လက်စားများ ပါရှိလေသည်။

ထိုစဥ်က ညီမဖြစ်သူဖွားရန်က အိမ်ပြုပြင်နေဆဲဖြစ်သောကြောင့်အစ်မဖြစ်သူ ပစ္စည်း များအား ပြန်ပေးမည်ဟုဆိုကာ ထုခွဲရောင်းချပြီး မိမိအိမ်ပြုပြင်ရာတွင် ထည့်စေလေသည်။

နောက်ပိုင်း ထိုငွေများပြန်မပေးပဲ မိမိအိမ်တွင် နနေထိုင်ရန်စည်းရုံးသိမ်းသွင်းခဲ့၏။

ဖွားရွှေက ဖွားရန်အကြောင်းသိ၍ထိုအိမ်တွင် မနေလိုသော်လည်း ပစ္စည်းဥစ္စာမရှိပဲ အခြားတွင်မနေလိုသောကြောင့် ထိုအိမ်၌သာနေထိုင်လိုက်ရတော့သည်။

ဖွားရန်နှင့် ဖွားမှန်က အမွှာညီအစ်မများ ဖြစ်သော်လည်း စိတ်ဓာတ်ချင်းက အလွန်ပင်ကွာခြားကြလေသည်။

ဖွားမှန်ကနာမည်နှင့် လိုက်အောင်မှန်ကန်သလောက် ဖွားရန်ကအလွန်လောဘကြီးသူ တစ်ဦးဖြစ်သည်။

ဖွားရွှေအောက်က ညီမဖွားသန်ဟူ၍လည်းရှိသေးသည်။
ဖွားရွှေ၊ဖွားသန်နှင့် အမွှာညီအစ်မဖွားရန် ၊ဖွားမှန်ဟူ၍ညီအစ်မလေးဦးက အသွားအလာ အခေါ်အပြောတော့ မပြတ်ကြချေ။

တစ်ခါတစ်ရံ ဖွားရွှေတစ်ယောက် ဖွားရန်အိမ်မှာမနေချင်ဘဲ အခြားညီအစ်မများထံ သွားနေရန် စဥ်းစားမိသော်လည်း ဖွားရန်၏မြေး မောင်ဦးလေးကိုကား အလွန်ပင်ချစ်ခင်သောကြောင့် မည်သည့်အိမ်သို့မှ ခြေဦးမလှည့်ဖြစ်ပဲ ဖွားရန်အိမ်၌သာ သောင်တင်နေတော့သည်။

ဖွားရန်တွင်သားတစ်ဦးရှိကာ ချွေးမကလည်း ရိုးရိုးအအနှင့်မို့ တစ်အိမ်လုံးတွင် ဖွားရန်တစ်ဦး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေတော့သည်။

ချွေးမမှ သားလေးတစ်ဦးမွေးဖွားရာ ဖွားရန်၏မြေး မောင်ဦးသည် အလိုလိုက်ခံရသောသူများ၏ထုံးစံအတိုင်း အလွန်ပင်ဆိုးလာသည်။

သို့သော်မောင်ဦးလေးက မည်မျှပင်ဆိုးသော်လည်း ဖွားရွှေကို အလွန်ချစ်ကာ ဖွားရွှေစကားကိုကား မြေဝယ်မကျ နားထောင်တတ်သည်။

ဖွားရန်နှင့်မောင်ဦးကား မြေးအဖွားအရင်းပင်ဖြစ်သော်လည်းမတည့်။

မတည့်ရခြင်း အကြောင်းကား ဖွားရန်က ဖွားရွှေအားနှိမ်ခြင်း ၊တစ်နေကုန်အိမ်ဆိုင်လေးတွင် အညောင်းမိအောင်ထိုင်ခိုင်းခြင်းများကြောင့်လည်း ပါဝင်သည်။

ဖွားရန်က လည်လည်ဝယ်ဝယ်နှင့် လောဘကြီးသလောက် သားနှင့်ချွေးမက မလုပ်တတ်မကိုင်တတ်သောကြောင့် ဖွားရန်က အလိုမကျဖြစ်ကာ နှိမ်ပြီး မျက်နှာသာမပေးချေ။

မောင်ဦးအမေက ယောက်ခမနှိမ်ခံရလွန်းသောကြောင့်ထုံထုံထိုင်းထိုင်းပင်ဖြစ်နေသည်။

ဖွားရန်က ချွေးမအား ဆေးလိပ်ခုံတွင် ဖက်ကြမ်းဆေးလိပ်များယူစေကာ အိမ်ဆိုင်လေးများသို့ကြိမ် ခြင်းကြီးနှစ်လုံးဖြင့်လက်ကဆွဲလျှက် ​လှည့်လည်ရောင်းချစေသည်။

သူ၏သားကိုလည်း ကြုံရာကျပမ်းလုပ်စေသည်။

မောင်ဦးတစ်ယောက်ကိုမူ ပြောမရ၍သာ လွှတ်ထားလိုက်ရသည်။

ထိုအချိန်တုန်းက ဆိုင်ကယ်များရှားပါးသောကြောင့် ခြေထောက်ကိုသာလျှင် အားကိုးကြရသော ကာလဖြစ်သည်။

မောင်ဦးလူပျိုပေါက်အရွယ်တွင် ကျောင်းစာအားစိတ်မဝင်စားတော့ပဲ စာမေးပွဲတဘုန်းဘုန်းကျသောကြောင့် ကျောင်းမှထွက်လိုက်တော့သည်။

အပြင်လောကရောက်တော့ အပေါင်းအသင်းမှားကာ သောက်တတ်စားတတ် မူးတတ် ရမ်းတတ်လာသည်။

မောင်ဦးချစ်ရသောသူကား ရပ်ကွက်တွင်းမှ တရုတ်မလေး မိန်မိန်း ဖြစ်သည်။

ထိုခေတ်က ကောင်မလေးအိမ်ရှေ့ ဂီတာတီးသောအလေ့အထများ ခေတ်စားရာ ေမာင်ဦးတစ်ယောက် ဂီတာသင်တန်းအပြေးအလွှား တက်ကာ ချစ်ရသော မိန်မိန်းအိမ်ရှေ့ သို့ ဂီတာ သွားတီးလေတော့သည်။

အဆိုတော် အဲလက်စ်၏သီချင်းများ အလွန်ခေတ်စားသော ကာလဖြစ်လေရာ
“……ရင်ခုန်သံတွေရပ်တန့်လောက်အောင် မင်းကလှနေတော့… ဒဏ်ရာတွေတောင်ရရှိခဲ့….ငါ့နှလုံးသားလေးမှာတော့…..”

သီချင်းပင်မဆုံးသေး မောင်ဦး ချစ်ရသူမိန်မိန်း က အိမ်အပြင်ထွက်လာကာ

“ဒီမှာမောင်ဦး ငါဂီတာသံမကြားချင်ဘူး ဂီယာသံပဲ ကြားချင်တယ် နင်သဘောပေါက်”

ဟုဆိုကာ အိမ်ထဲပြန်ဝင်သွားတော့သည်။

မောင်ဦးစိတ်ထဲ၌ ရှက်ရွံခြင်း ၊ဝမ်းနည်းခြင်းများကြောင့် ဂီတာအားရိုက်ချိုးကာ အရက်ဆိုင်ဘက် ခြေဦးလှည့်လိုက်သည်။

ထိုည အမူးသောက်ကာ ညနက်မှအိမ်ပြန်ပြီး အိမ်တွင် အဖွားဖြစ်သူ ဖွားရန်ထံ ဆိုင်ကယ်ဝယ်​ေပးဟုဆိုကာ သောင်းကျန်း၏။

အိပ်နေသော ဖွားရွှေတစ်ယောက် မောင်ဦး သောင်းကျန်းသံကြောင့်နိုးလာကာ အိပ်နေရာမှ အခန်းအပြင်ဖက်ထွက်လာခဲ့သည်။

“မြေးလေး မောင်ဦး ဘာဖြစ်နေတာလဲ မြေးရယ်”

ဟုပြောရာ ဖွားရွှေအသံလဲကြားရော မောင်ဦးတစ်ယောက် ကျားတစ်ကောင်အလား သောင်းကျန်းနေရာမှ ယုန်ငယ်လေးပမာ ငြိမ်သက်ကာ ဖွားရွှေရင်ထဲ တိုးလို့ငိုလေတော့သည်။

“မြေးဆိုင်ကယ်လိုချင်ရင် ဖွားရွှေ လက်ကောက်တစ်ကွင်းကျန်သေးတယ်မြေးလေး အဲဒါလေး ရောင်းပြီး ဝယ်ပေးမယ်နော်”

ဟု ဆိုရှာသည်။

မောင်ဦးက

“ဖွားရွှေမရောင်းပါနဲ့ ၊အဲဒါက ဖွားရွှေ နေမကောင်းရင် ဆေးကုရမှာ ၊ဖွားရန်မှာ ဖွားရွှေအရင်က ပစ္စည်း တွေရောင်းပြီး မတရားဖွက်ယူထားတာ တွေရှိတယ်…
သူကျတော့ ငွေကိုတစ်ပြားက နှစ်ပြားခွာနေတာ သားမကျေနပ်ဘူး၊အဲဒီလက်ကောက်ရောင်းလိုက်ရင် ဖွားရွှေနေမကောင်းရင် ဘာနဲ့ဆေးကုမှာလဲ ဖွားရန်ကလဲ ဆေးကုပေးမှာ မဟုတ်ဘူး ”

ဆိုပြီးပြန်ပြောလိုက်သည်။

သူ့အဖွားအကြောင်းသူသိသည်ကိုး။

ဖွားရန်အိမ်က နှစ်ထပ်အိမ်ကြီးဖြစ်ပြီး အပေါ်ထပ်တွင် မိသားစုများနေကာ အောက်ထပ် ၊ဆိုင်ခန်းအလွတ်၊ဘေးတွင် သီးသန့်အိမ်လေးများ ဆောက်ကာ အိမ်ငှားစားသောကြောင့် တစ်လလျှင် အိမ်လခ များစွာရသော်လည်း ဖွားရွှေ၏အိမ်ဆိုင်လေးမှရသော ဝင်ငွေဖြင့်သာ စားသောက်ကြရသည်။

ဖွားရွှေအတွက် ဟင်းဟူသည်ကား အသားငါးများတစ်ခါတစ်ရံမှသာ ပါတတ်သည်။

ဖွားရွှေက အသားဟင်းပါသော်လည်း မစားရက်ပဲ မောင်ဦးအတွက် ချန်ထားကာ ခရမ်းချဥ်သီး ထောင်း ငပိကြော်လေးနှင့်သာ ဝမ်းစာဖြည့်လေသည်။

မောင်ဦးကလဲ ထိုအဖြစ်ကိုရိပ်မိသောကြောင့် ထမင်းစားလျှင် ဖွားရွှေဆိုင်ထဲ လာစားကာ ဖွားရွှေအားခွံကျွေးတတ်လေသည်။

မြေးအဖွားရင်းထက်ပင် ကြင်နာမှုသံယောဇဥ်လေးများပိုကြသည် မဟုတ်လား။

နောက်ရက်တွင် ဖွားရွှေပိုင်ဆိုင်သော လက်ကောက်လေးအားတိုးတိုးတိတ်တိတ် ဖွားရန်ထံပေးကာ မောင်ဦး အတွက်ဆိုင်ကယ်လေးတစ်စီးဝယ်ခိုင်းလိုက်လေသည်။

ဆိုင်ကယ်နှင့် အပျော်ကြီး ပျော်နေသော မောင်ဦးအားကြည့်၍ ဖွားရွှေပျော်မဆုံး။

မောင်ဦးတစ်ယောက် ဆိုင်ကယ်ရပြီးသော်လည်း မိန်မိန်းအချစ်ကိုမရခဲ့။

မိန်မိန်းကသူနှင့်လူမျိုးတူ တရုတ်သဌေးသား တစ်ဦးကို ရွေးချယ်သွားသောကြောင့်ဖြစ်သည်။

မောင်ဦးဆိုင်ကယ်လေးအား ဖွားရွှေလက်ကောက်ရောင်းပြီးဝယ်ပေးကြောင်း အိမ်ငှားတစ်ဦးက မောင်ဦးထံပြောသောအခါ မောင်ဦး အလွန်ပင်ဝမ်းနည်း​တော့သည်။

ဖွားရန်ကိုလည်း မကျေနပ်။

မောင်ဦးက

“ဖွားရွှေ ဘာလို့လက်ကောက်ရောင်းလိုက်တာလဲ မြေး ဆိုးမိုက်တာတွေ ခွင့်လွှတ်ပါ၊ သားဖွားရွှေအတွက် ပစ္စည်း တွေပြန်ဝယ်ပေးရအောင်ငွေရှာမယ် သားထိုင်းမှာ အလုပ်သွားလုပ်တော့မယ်၊ ဖွားရွှေအတွက် သားအလုပ်သွားလုပ်မယ် ၊ဘာမဟုတ်တ့ဲ အချစ်တစ်ခုအတွက် သားမိုက်မဲမိတာ ခွင့်လွှတ်ပါ ဖွားရွှေရယ်”

ဟုကန်တော့ပြီး တောင်းပန်သည်။

ဖွားရွှေဘယ်လိုပင်တားစေကာ ဖွားရွှေပစ္စည်းတွေ ပြန်ဝယ်ပေးဖြည့်ဆည်းပေးချင်သော ဆန္ဒ များကြောင့် ဆိုင်ကယ်လေးအား ရသလောက်နှင့်ပြန်ရောင်းရငွေဖြင့်လမ်းစရိတ်လုပ်ကာ မောင်ဦးတစ်ယောက် ထိုင်းနိုင်ငံသို့ ထွက်သွားတော့သည်။

ပညာမတတ်သော မောင်ဦးတစ်ယောက် ထိုင်းနိုင်ငံသို့ရောက်သောအခါတွင်လည်း အလုပ်အကိုင်ခက်ခဲကာ ရရစားစားဘဝ၌သာ ရှိလေသည်။

သို့သော်သူက ဖွားရွှေအားတစ်လတစ်ခါတော့ဖုန်းဆက်သည်။

ဖွားရွှေဆိုင်ရှေ့လေးမှာပင် ကြိုးဖုန်း ဆိုင်လေး ဖွင့်ထားသောကြောင့် အဆက်အသွယ်က လွယ်ကူ၍သာတော်တော့သည်။

မောင်ဦးတစ်ယောက် အဖွားရင်းဖြစ်သူဖွားရန်ကိုကား တစ်ခါမှဖုန်းမဆက်ချေ။

ဖွားရန်ကလည်း မြေးဖြစ်သူ လူမိုက် အမြဲဂျီကျတတ်သူ မောင်ဦး သူ့ကိုအရေးမလုပ်လဲ အေးဆေးပင်။

မောင်ဦးက သူ့အတွက်ငွေယိုပေါက်။

ဂီတာလိုချင်တုန်းကလဲ ငွေအတော်ကုန်သောကြောင့် စိတ်ပျက်ခဲ့ရသည်မဟုတ်လား။

ငွေကုန်မည်ဆိုလျှင် ဘယ်သူ့နှင့်မှမပက်သက်ချင်သော ဖွားရန်က မောင်ဦးကိုလဲ သတိမရ။

ဖွားရွှေတစ်ယောက်သာ မောင်ဦးအားလွမ်းစိတ်နှင့် မအိပ်နိုင်မစားနိုင်။

ဖွားရွှေအား အခြားညီမများမှမွေးသော တူလေး တူမလေးများ မြေးလေးများ ကလည်းဖွားရွှေထံ ဂရုတစိုက်လာတတ်ကြသည်။

ဖွားရွှေကို အမျိုးတွေအားလုံးက ချစ်ကြသောကြောင့် မကြခဏ အပြေးလာလည်တတ်ကြလေသည်။

အထူးသဖြင့်ဖွားသန်၏မြေးများက ဖွားရွှေကိုပို၍ချစ်ကြသည်။

မြေးမလေးများဖြစ်သောကြောင့်ခြေဆုပ်လက်နယ်ပြုစုပေးတတ်ကြသည်။

ဖွားရွှေနေမကောင်းဖြစ်သံကြားတော့ ညီမဖြစ်သူ ဖွားသန်သည်လည်း ဖွားရွှေအား ေဆးခန်းများ လိုက်ပို့ပေးသည်။

ဖွားရွှေအား ဆေးမကုပေး သော ဖွားရန်နှင့် ဖွားမှန်၊ဖွားသန်တို့ ညီအစ်မလည်း စကားများကြသည်။

ဖွားသန်က

“မယ်ရန် နင်လောဘသိပ်ကြီးတယ် ၊အစ်မရွှေ ရွှေထည်ပစ္စည်းတွေမနည်းမနောပါလာတုန်းကလဲ နင်အိမ်ပြင်တာအကြောင်းပြပြီးအကုန်ယူတယ် ။အမေဆုံးတော့လည်း အမေ့သွေးသောက်ငွေတွေနင်ယူသေးတယ် နင်မလုပ်ကောင်းတာတွေလုပ်တယ်၊ခုလဲ မရွှေနေမကောင်းတာဒီအတိုင်းပစ်ထားတယ်၊ နင်ရွှေတွေကိုကျငမ်းငမ်းတက်ယူပြီး မရွှေကိုတော့ ငပိကြော်နဲ့ထမင်းကျွေးတယ်၊ ငါတို့က မရွှေစိတ်မကောင်းမှာစိုးလို့ဘာမှမပြောဘူး၊နင်ခု ဆေးခန်းလေးတောင် မပို့ပေးဘူး ယုတ်မာတာ”

ဟုဖွားသန်က သူ့ညီမ ဖွားရန်ကိုပြောလိုက်သည်။

ဖွားရန်က

“အေ နင်တို့ငါ့အကြောင်းသိရင်ပြီးတာပဲ၊ခုလဲ မကျေနပ်ရင် မရွှေကိုကြိုက်တ့ဲသူ ခေါ်သွား ပိုက်ဆံတော့ပေးစရာမရှိဘူး အိမ်သွပ်အမိုးသာခွာယူသွားကြ”

ဟုဆိုကာ အိမ်အောက်သို့ ဆောင့်ကြီးအောင့်ကြီးနှင့်ဆင်းသွား၏။

ဖွားသန်က မိမိအိမ်သို့ လိုက်နေရန်ခေါ်သော်လည်း ဖွားရွှေက သေခါနီး ဘယ်သူမှဒုက္ခမပေးချင်ဟုဆိုကာ ခေါ်မရ။

ဖွားသန်၏မြေးမလေးများကလဲ ဖွားရွှေထံ လာရောက်ပြုစုပေးကြ​ေသာ်လည်းဖွားရန်ကိုမူ စကားမပြော​။

ဖွားရွှေတစ်ယောက် မောင်ဦးဖုန်းဆက်လာတော့ ဖုန်းပင်မကိုင်နိုင်တော့ပါ ။

အသက်အရွယ်အားဖြင့်ခုနှစ်ဆယ်ခုနှစ်နှစ် အရွယ်မို့ လူကြီးရောဂါများဖြင့် ဖွားရွှေ မြေးလေး မောင်ဦးအား လွမ်းဆွတ်ရင်း ကွယ်လွန်သွားရှာသည်။

မောင်ဦး တစ်ယောက်ထိုင်းနိုင်ငံစက်ရုံတစ်ခုတွင်အလုပ်လုပ်ရင်း ဖွားရွှေအားဖုန်းဆက်သောအခါ ဖွားရွှေနေမကောင်းဟုဆိုကာ ဖုန်းမကိုင်သောကြောင့် စိတ်ထဲအလွန်ဝမ်းနည်းရသည်။

ဖြစ်နိုင်လျှင် ဖွားရွှေထံ အပြေးသာပြန်ချင်မိသည်။

အလုပ်ကလဲ အဆင်မပြေတာမို့ မြန်မာနိုင်ငံမှထွက်လာမိသည်ကိုလည်း နောင်တရနေမိသည်။

ဖွားရွှေအတွက် အနည်းဆုံးရွှေဆွဲကြိုးလေး တစ်ကုံးတော့ လက်ဆောင်ပေးချင်မိသောကြောင့် ရသမျှလေး ခြစ်ခြုတ်စုထားသည်လဲ ရှိပြီမို့ဖွားရွှေဆီပြန်ရန်ဆုံးဖြတ်လိုက်သည်။

ထိုနေ့ည မောင်ဦးအိပ်နေရင်းညဘက် အိပ်မက်ထဲ၌ ဖွားရွှေရောက်လာသည်။

မောင်ဦးက

“ဖွားရွှေ သားဆီလိုက်လာတာလား သားပျော်လိုက်တာ”

ဟုပြောပြီး ဖွားရွှေရင်ခွင်ထဲတိုး ငိုချလိုက်သည်။

ဖွားရွှေက

“မြေးလေး ကိုသတိရလွန်းလို့ဖွားရွှေလိုက်လာတာ မြေးလေး ဘယ်တော့အခါမှ မဆိုးတော့ဘူးလို့ ဖွားကိုကတိပေးပါ၊ဖွားရွှေမရှိတော့ရင်လဲ လိမ်လိမ်မာမာနေနော် ဖွားရွှေက သွားရတော့မယ်”

“ဖွားရွှေ မသွားပါနဲ့ သားကိုခွဲမသွားပါနဲ့”

“အေးပါ မြေးလေးရယ် ဖွားရွှေဘယ်မှမသွားပါဘူးမြေးပြန်လာတဲ့အထိ ဖွားရွှေစောင့်နေမယ်နော် မြေးအိပ်တော့နော် ”

ဟု​ပြောကာ မောင်ဦးဆံပင်လေးအား ပွတ်သပ်ပေးနေသောကြောင့် မောင်ဦးအိပ်ပျော်သွားလေသည်။

မနက်အိပ်ယာထတော့

“ဖွားရွှေ ဖွားရွှေ”

ဟုရှာရင်း မျက်ရည်များစီးကျလာသည်။
မောင်ဦးသူငယ်ချင်းက

“ေဟျာင့် မင်းဘယ်သူ့ကို ရှာနေတာလဲ ၊ညက ငါမင်းစကားပြောသံကြားလို့ မင်းအခန်းဖက်လာကြည့်တာ မင်းရဲ့အိပ်ယာဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး မင်းကိုကြည့်နေတဲ့အဖွားကြီးတစ်ယောက်တွေ့လိုက်တယ်။ငါလည်းလန့်တာနဲ့ ငါ့အခန်းဘက် ပြန်ပြေးလာတာ… မင်းပြောပြောနေတဲ့ဖွားရွှေဆိုတာလားမသိဘူးကွ”

“ဘုရားဘုရား ဒါဆိုငါ ညက အိပ်မက်မက်တာ မဟုတ်ပဲ ဖွားရွှေငါ့ဆီတစ်ကယ်ရောက်လာတာပဲ ဖွားရွှေဘာမှမဖြစ်ပါစေနဲ့”

ဟုရေရွတ်ပြီး ဖုန်းဆက်ရန်ထွက်ခဲ့သည်။

ဖုန်းဆက်တော့ ဖွားရွှေတစ်ယောက် ညကပဲ ဆုံးသွားပြီဟု သိရတော့ မောင်ဦးယူကြုံးမရ ။

ဖွားရွှေကိုနောက်ဆုံးကန်တော့ချင်ပေမဲ့ မြန်မာပြည်ပြန်ဖို့လုပ်ရာ ငါးရက်ခန့်ကြာမှပြန်ခွင့်ရသည်။

ဖွားရွှေဆုံးသွားပြီး ပြတင်းပေါက်တွင် တဘက်လေးခြုံပြီး မြေးကို မျှော်နေရှာသော ဖွားရွှေပုံရိပ်လေးအား အိမ်ငှားများက တွေ့ကြရသည်။

တစ်ခါတစ်ရံ မောင်ဦးအခန်းလေး၌ထိုင်နေသော ဖွားရွှေအား အိမ်သားများက ေတွ့ကြရသည်။

ဖွားရွှေဆုံးပြီးခြောက်ရက်မြောက်နေ့၌ မောင်ဦးတစ်ယောက် အိမ်ပြန်ရောက်လာသည်။

မောင်ဦး အိမ်ရှေ့ရောက်တော့ ပြတင်းပေါက်တွင်ပြုံးပြီးကြည့်နေသော ဖွားရွှေကို ေတွ့လိုက်သောကြောင့်

“ကြည့်စမ်းဖွားရွှေသေပြီ ဆိုပြီးငါ့ကိုလိမ်ကြတယ်၊ ဖွားရွှေမှမသေသေးတာ နက်ဖြန်ဖွားရွှေနဲ့ ရွှေဆိုင်သွားပြီး ဆွဲကြိုးလုပ်ပေးရမည်”

ဟုဆိုကာ အားရဝမ်းသာနှင့်

“ဖွားရွှေရေ သားပြန်ရောက်ပြီ မြေးလူမိုက်ကြီးပြန်လာပြီ”

ဟုဆိုကာ အားရဝမ်းသာ အိမ်ပေါ်တက်လာ၏။

အိမ်ပေါ်​​သို့ရောက်သောအခါ ဘုရားစင်ရှေ့၌ခုံလေးနှင့်ချထားကာ ဖယောင်းတိုင် အမွှေးတိုင်လေး ထွန်းထားသော ပြုံးနေသည့် ဖွားရွှေဓာတ်ပုံလေးကသာ ဆီးကြိုနေလေသည်။

မောင်ဦး၏ မျက်စိနှင့်တပ်အပ် ဖွားရွှေအား တွေ့လိုက်ရသောကြောင့်မယုံကြည်ပဲ ဟိုဟိုဒီဒီ အခန်းတွေထဲ ကုတင်အောက်တွေပါ ရှာပါသော်လည်း ဖွားရွှေအရိပ်အယောင်မျှမမြင်ရတော့ပါ။

အားလုံးလဲ မောင်ဦးကိုကြည့်ကာ ငိုကြလေသည်။

နက်ဖြန်ရက်လည်မို့ အချိန်မှီရောက်လာသောမောင်ဦး ဖွားရွှေအတွက်ယူလာသော ငွေများအားလုံးကို ဖွားရွှေအားရည်စူးကာလှူဒါန်းအမျှပေးဝေလိုက်၏။

ထိုည အိပ်မက်ထဲ၌ မှန်စီရွှေချထားသော အဆောင်ကြီးထဲ၌ ဖွားရွှေတစ်ယောက် အေးချမ်းစွာ တရားထိုင်နေသည်ဟု အိပ်မက်မြင်မက်သောကြောင့် မောင်ဦးတစ်ယောက် ဖွားရွှေအတွက် ကျေနပ်ဝမ်းသာမိလေတော့သည်။

မကြာမီ ထိုအိမ်ကြီးအား ကုမ္ပဏီတစ်ခုမှ စျေးကောင်းပေးဝယ်သောကြောင့် ရောင်းချကာ ဖွားရန် မိသားစု အခြားရပ်ကွက်တစ်ခုသို့ ပြောင်းရွေ့သွားကြသည်။

ဖွားရန်နှင့် ကျန်ညီအစ်မများဖြစ်သော ဖွားမှန်၊ဖွားသန်တို့ကား ဖွားရွှေအတွက် စကားများကြကာ ဖွားရွှေဆုံးသွားပြီးနောက်ပိုင်း အဆက်အသွယ် မရကြတော့။

ခုလဲ အိမ်ရောင်းလျှင် ကျန်ညီအစ်မများအား ငွေများခွဲပေးရမှာစိုးလို့မဆက်သွယ်။

ဖွားရွှေပစ္စည်းများက ဤအိမ်တန်ကြေး၏ တစ်ဝက်နီးပါးပါဝင်သောကြောင့် လာတောင်းကြမည်ကို စိုးရိမ်နေမိသည်။

သို့သော်မည်သူမှလာရောက်မတောင်းကြပါ။

မကြာမီ ဖွားရန်၏ အစ်မွှာညီမဖွားမှန်ကွယ်လွန်သွားသောအခါတွင်လည်း မာနတရား လက်ကိုင်ထားကာ ဖွားရန်က အသုဘပင်မသွား။

လောဘဟူသည် ကျောခြင်းကပ်အမွှာညီအစ်မရင်းကိုပင် စွန့်လွှတ်နိုင်ရက်လေသည်။

ဖွားရန်ညီအစ်မရင်းလိုချစ်ခင်သည်က ဖွားဥ ဆိုသောမိန်းမကြီး ဖြစ်သည်။

ဖွားရန်ထံ ဖွားဥက ငွေများယူကာ တစ်ဆင့် ပြန်လည် ချေးငှားပေးသူဖြစ်သည်။

ဖွားဥနှင့် ဖွားရန်က အသက်ချင်းလည်းမတိမ်းမယိမ်း အကြံတူ လောဘကြီးသူများဖြစ်သည်။

ဖွားရန်လုပ်သော အလုပ်ဟူသမျှ မြေးမောင်ဦး အပါသားနှင့်ချွေးမ များအားအသိမပေး။

ပိုင်ဆိုင်တာသိလျှင် တောင်းမည်စိုးသောကြောင့် ဖြစ်သည်။

တစ်နေ့ဖွားရန်က

“မယ်ဥ ငါနင့်ကို ချစ်တာ ယုံတာ နင်သိတယ်နော် ၊ငါအခုတလော နေသိပ်မကောင်းဘူး ချောင်းဆိုးရင်သွေးတွေပါနေတယ် ၊အဲဒီတော့ ငါချပေးထားတ့ဲငွေတွေနင် တဖြည်းဖြည်း အကုန်ပြန်သိမ်းပေးတော့၊ ငါ့သားနဲ့ငါ့ချွေးမကလဲ အူတူတူ အတတ၊ ငါ့မြေးမောင်ဦးက လဲ အသုံးအဖြုန်းကြီးတယ် ၊အဲ့ဒီတော့ ဒီပိုက်ဆံဆယ်သိန်းက ငါသေရင်နာရေးလုပ်ဖို့ နင့်ဆီသီးသန့်ထားတာ ”

ဟုဆိုကာ ငွေဆယ်သိန်းအား ဖွားဥလက်သို့အပ်လေသည်။

ဖွားဥက ညောင်​ ​ေရွှမြို့နယ်တွင်နေထိုင်သူဖြစ်ကာ ဖွားရန်တို့နှင့်ဆွေမျိုးမကင်းသူလည်းဖြစ်သည်။

နောက်ပိုင်းဖွားရန် နေထိုင်မကောင်းတော့ ဖွားဥ ရောက် မလာတော့ပါ။

ဖွားရန်နောင်တရလေပြီ။

သားနှင့်ချွေးမအား တစ်သက်လုံးနှိမ်ခဲ့တာတွေ ဖွားရွှေအပေါ် ရက်စက်ခဲ့တာတွေ ညီအစ်မတွေအပေါ် ငွေတစ်ခုတည်းအတွက်သံယောဇဥ်ဖြတ်ခဲ့တာတွေအတွက် ။

သူချစ်သော ငွေတွေကခုတော့ ဖွားရန်ကို ဒုက္ခ ပေးမှန်းသိလေပြီ။

ဝတ်ကြီးဝတ်ငယ်ပြုစုသော ချွေးမပင် အဖွားအိုပုံစံဖြစ်နေလေပြီ။

ရွှေဟူသည် မဝတ်ဖူးရှာသော ချွေးမလေးကိုကြည့်ရင်း နှလုံးသားတစ်ခုလုံးကြေမွမတတ်သနားမိသည်။

ဖွားသန်ယုံကြည်သောဖွားဥကတော့ လာပင်မကြည့်တော့ ၊ပေးထားသောငွေများအားလုံးလဲ တစ်ပြားမှပြန်လာမအပ်ပေ။

သူသေလျှင်နာရေးလုပ်ရန်အပ်ထားသောငွေဆယ်သိန်းတော့ ပြန်ပေးလာမည်ဟုတွေးမိသည်။

ဖွားရန်က သူ့သားအား ဖွားဥထံအပ်ထားသော ငွေဆယ်သိန်းအား သေခါနီးပြီဟုဆိုကာ ဖွားဥထံ သွားယူခိုင်းလေသည်။

ဖွားဥအိမ်ရောက်တော့ ရိုးရိုးအေးအေးဖြစ်သော ဖွားရန်၏သားအား အိမ်ထဲပင်အဝင်မခံ

“ဟဲ့ နင့်အမေကို အဲဒီငွေ ပြန်ပေးတာကြာပြီ သူနဲ့ငါနဲ့ ဘာအလုပ်ကိစ္စမှမရှိတော့ဘူး။ ဆက်သွယ်စရာ အကြောင်းလဲ မရှိတော့ဘူး နောက်ဆိုငါ့ဆီ ဘာအကြောင်းနဲ့မှမလာနှင့်”

ဟုမောင်းထုတ်သောကြောင့် လက်ချည်းဗလာနှင့်သာပြန်ခဲ့ရ၏။

အိမ်ယောက်တော့ နာမကျန်းဖြစ်နေသော ဖွားရန်အား အကျိူး အကြောင်းပြောပြကာ

“အမေရယ် ပူမနေပါနဲ့ အမေတစ်ပြားမှမထားခ့ဲလဲ အမေ့နောက်ဆုံးခရီးတော့ သားလှအောင်လုပ်ပေးမှာပါ ၊သားသူများ အိမ်သာကျင်း တူး၊ဆေးသုတ်လို့ ရတ့ဲလုပ်အားခလေးတွေ စုထားတာရှိတယ်”
ဟုဆိုကာ ပိုက်ဆံအနွမ်းလေး တစ်ထပ်အား ဖွားရန်လက်ထဲ ထည့်ကာ လင်မယား အိုလေးနှစ်ယောက်ကန်တော့ကြတာကြည့်ရင်းဖွားရန် နောင်တမျက်ရည်များစီးကျလာလေသည်။

ဖွားရန်စိတ်ထဲ၌လဲ

“မယ်ဥ နင်လုပ်ထားတာတွေ တစ်နေ့ပြန်ဆပ်ရမှာပါ”
ဟုရေရွတ်လိုက်သည်။

ထို့နောက် ညကိုးနာရီခန့်တွင် ချွေးမလုပ်သူလက်ထဲ ဖွားရန်သေတ္တာသော့လေးအပ်ကာ ချောင်းဆိုးစဥ် သွေးများပင်အန်လျှက် အသက်ဝိဉာဥ် ချုပ်ငြိမ်းသွား၏။

ဖွားရန်သေတ္တာထဲ၌ ရွှေလက်စွတ်သုံးကွင်း ၊ဖွားရွှေဝတ်ခဲ့သော စိန်နားကပ်တစ်ရံ၊လက်ကောက်နှစ်ကွင်းနှင့်ငွေသုံးသိန်းခန့်တွေ့ရှိကြရသည်။

ညောင်ရွှေမြို့နယ် အိမ်လေး တစ်အိမ်၌ကား ညကိုးနာရီခန့်အချိန်တွင် တဘုတ်ဘုတ်နှင့်ပြေးလာသံကြားကာ အိမ်နံရံအား ဒေါသတကြီးထုရိုက်သံကြားလိုက်ရလေသည်။

ဖွားဥ အားသူ့သားက
” အမေအိမ်ရှေ့ဘယ်သူလဲ မသိဘူး”

ဟုဆိုကာ တံခါးထဖွင့်မည်ပြုစဥ် ဖွားဥမှ

“မဖွင့်နဲ့ မဖွင့်နဲ့ ငါသိတယ် အဲဒါဖွားရန် ။သူသေသွားလို့ငါ့ဆီလာတာ သူ့ပိုက်ဆံပြန်တောင်းဖို့ငါ့ဆီလာတာ”

ဟုအလန့်တကြားပြောကာ တားလိုက်သည်။

နောက်ရက်၌ ဖွားရန်အသုဘသို့ တစ်ရွာလုံးနီးပါး ရပ်ဆွေရပ်မျိုးမို့သွားရောက်ကြသော်လည်း ဖွားဥ ကတော့မသွား ။

ဖွားဥသားကတော့ မကောင်းတတ်လို့ သွားလိုက်သည်။

ဖွားဥသား ပြန်လာတော့ ဖွားဥသားနောက်မှ လိုက်လာကာ ဖွားဥအား လက်ခါးထောက်လျှက် ဒေါသတကြီး ကြည့်နေသောဖွားရန်အား တွေ့လိုက်ရသည်။

ဖွားရန်အိမ်၌ဖွားရန်ဆုံးပြီး ဘာအခြောက်အလှန့်မှမရှိ အေးချမ်းနေသော်လည်း
ဖွားဥအိမ်တွင် ဖွားရန်၏ခြောက်လှန့်မှုကို အကြီးအကျယ်ခံရလေသည်။

ဖွားဥမိသားစုများထဲမှ ဖွားရန်အားမည်သူမှမမြင်ရ ။

ဖွားဥတစ်ယောက်တည်းသာ ဟိုပြောဒီပြောနှင့် အရူးတစ်ယောက်ပမာပင်။

ဖွားရန်ဆုံးပြီး သိပ်မကြာမှီဖွားဥတစ်ယောက်လဲ အများအထင်ရူးသွားပြီဟုထင်ကြရသည်အထိ မူမမှန်ဖြစ်ကာ တစ်ရက်တွင် အိပ်ယာထဲ၌မျက်လုံးပြူးကြီးဖြင့် နှလုံးရပ်လျှက်သေဆုံးနေသော ဖွားဥ အလောင်းအား တွေ့ကြရလေတော့သည်။

ဖွားဥတစ်ယောက်ဘာကို မြင်ပြီး သေဆုံးသွားရသည်ဆိုသည်ကဖြင့်……..

လေးစားလျက်
စာရေးသူ Nan Kyarnyo