*ဝက်မုဆိုး*📖📖📖
********************
၁၉၈၄ ခုနှစ်တွင် ကျွန်တော်အား အင်းစိန်ဗဟို အကျဉ်းထောင်မှ ကော့သောင်း ဆီအုန်းစိုက်ပျိုးရေးစခန်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ထွက်လာသည်။ သမီးလေးမှာ ၂နှစ်သမီးခန့်သာ ရှိသေးသဖြင့် မိသားစုနှင့် မခွဲလိုသော်လည်း တာဝန်အရ မြစ်ကြီးနား သင်္ဘောစီး၍ ကော့သောင်းသို့ ပြောင်းရွှေ့ခဲ့ရပါတော့သည်။
မိုးဦးကျကာလဖြစ်၍ လှိုင်းဒဏ် လေဒဏ်ကို ခံစားရပြီး ကော့သောင်းမြို့သို့ ရောက်ပြန်သော်လည်း မြို့ နှင့်ပတ်ဝန်းကျင်တွင် တာဝန်ထမ်းဆောင်ရခြင်းမဟုတ်ဘဲ မြို့နှင့် (၁၅)မိုင်ကျော်ဝေးသော တောတွင်းစခန်းတစ်ခု ဖြစ်ပါတော့သည်။
ကော့သောင်းမြို့မှ (၁၀)မိုင်အထိ ကတ္တရာလမ်းအတိုင်း သွားရပြီးနောက် (၁ဝ)မိုင်မှ လမ်းခွဲကာ တောတွင်းလမ်းအတိုင်း တောင်ဆင်း တောင်တက် ရွှံ့ဗွက်ကိုရုန်းခါ၊ တနင်္သာရီရိုးမအခြေ တောတွင်းပါတ်လမ်းအတိုင်း သွားရသောရီး ဖြစ်ပါသည်။
ပထမဆုံး ဆီအုန်းစခန်းတစ်ခုဖြစ်သည့် ရေတံခွန်စခန်းတွင် ခရီးတစ်ထောက် နားကြပြီးနောက် ကျွန်တော် တာဝန်ကျရာ ပါဆယ်ပါးညန်း စခန်းသို့ ခရီးဆက်လက် ထွက်ခွာခဲ့ပါသည်။ လက်ဝဲဘက်တွင် ဘင်္ဂလားပင်လယ်ကြီးနှင့် လက်ယာဘက်တွင် တနင်္သာရီ ရိုးမတောင်တန်းအကြား ဖောက်လုပ်ထားသော တောလမ်းကလေးဖြစ်သဖြင့် ကားမောင်း သမားများအနေဖြင့် အတော်သတိထားရသော လမ်းဖြစ်ပါသည်။
မိုးချုပ်စတွင် စခန်းသို့ ရောက်ပါသည်။ ယာယီစခန်းများဖြစ်၍ ဓနိမိုး၊ ထရံကာ မြေစိုက်တဲများသာဖြစ်ပြီး၊ အုပ်ချုပ်သူ ထောင်ပိုင်ကြီးမှာ ဦးယဉ်မောင်ဖြစ်၍ အင်းစိန်ထောင်တွင် တာဝန်အတူ ထမ်းဆောင်ဘူးသူများဖြစ်၍ တော်ပါသေးသည်။
ထို့အပြင် ပါဆယ်ပါညန်းစခန်းတွင် ရောက်နှင့်နေကြသော ထောင်မှူးဦးမြင့်ဦးနှင့် ထောင်မှူးဦးထွန်းအောင်လွင်တို့မှာ သူငယ်ချင်းများဖြစ်၍ ကျွန်တော့်အား လှိုက်လှဲစွာ ကြိုဆိုကြပြီး နေရာချထားပေးပါသည်။
ရုံးခန်း၊ အိပ်ခန်းများနှင့် ထောင်ပိုင်ကြီးအိမ်မှာ တစ်ဆက်တည်း ဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ စုပေါင်းနေထိုင်ကြသော တဲတန်းရှည်ကြီး ဖြစ်ပါသည်။ နောက်တစ်ရက်တွင် ထောင်ပိုင်ကြီးမှ ကျွန်တော်အား ရိက္ခာတာဝန်ခံအဖြစ် အလုပ်ချထားသော အိမ်ခန်းကလေးကို အပိုင်စားပေးပါသည်။
အဖော်အဖြစ် စာရေး မောင်တင်ဦးအား ထားပေးသဖြင့် စကားပြောဖော် ရပါသည်။ စားသောက်ရေးအနေဖြင့်တော့ ရုံးခန်းအရာရှိဖို ထားပေးသဖြင့် အရာရှိဖိုမှ ချက်ကျွေးသမျှကိုသာ စားရသောက်ရပါတော့သည်။
စခန်းရောက်သည့်နေ့မှစ၍ ယနေ့အထိ ပဲဟင်း၊ ငါးသေတ္တာ၊ ဘဲဥဟင်းတို့ဖြင့်သာ နှစ်ပါးသွားနေရရာ တစ်လပင် ပြည့်တော့မည်ဖြစ်ပါသည်။ တောစခန်းဖြစ်၍ ရွာနှင့်လည်း မနီးပါ။
အပျင်းဖြေစရာ စာဖတ်ခြင်းနှင့် စာရေးခြင်းအလုပ်သာ ရှိပါသည်။ ယနေ့ တနင်္ဂနွေနေ့ အလုပ်နားရက် ဖြစ်ပါသည်။
နံနက်(၇) နာရီခန့် အိပ်ယာကထပြီး၊ ထမင်းကြော်နှင့် ရေနွေးကြမ်း စားသောက်ရင်း အတွေးကြွယ်နေခိုက် ထောင်ပိုင်ကြီးခေါ်သည်ဆိုသဖြင့် စားသောက်ခြင်း ကို အမြန်အပြီးသတ်ပြီး ထောင်ပိုင်ကြီးရုံးခန်းသို့ ကူးခဲ့ရပါတော့သည်။ ရုံးခန်းအတွင်းသို့ရောက်လျှင်ရောက်ချင်းပင် ထောင်ပိုင်ကြီးမှ
“ဦးသိန်းဝင်း ခင်ဗျား သေနတ်ပစ်လက်ဖြောင့်တယ်လို့ ခင်ဗျား သူငယ်ချင်းတွေက ပြောတယ်။ အမဲပစ်ဝါသနာ မပါဘူးလား”
“ဟုတ်ကဲ့ ဝါသနာပါပါတယ်ခင်ဗျာ။ ပဲခူးရိုးမမှာ နေစဉ်တုန်းကတော့ မျောက်ကလေး၊ ချေကလေး ပစ်ဘူးပါတယ်။ အခုတော့ သေနတ်နဲ့ လက်မတွေ့တာ လေးငါးနှစ်ရှိပြီဆိုတော့”
“ကိစ္စမရှိပါဘူးဗျာ။ အမဲမရတော့လည်း တောလယ်ရင်း အတွေ့အကြုံရတော့ အပျင်းပြေတာပေါ့။ စခန်းမှာ အမဲလိုက်ကောင်းတဲ့ မုဆိုးရှိတယ်။ သူက ရဲဘက်ဆိုတော့ သေနတ်ကိုင်လို့ မရဘူး။ ခင်ဗျား ခေါ်သွားပြီး တောတိုးကြည့်ပါလား”
“ဟုတ်ကဲ့ ထောင်ပိုင်ကြီး၊ ကျွန်တော်လည်း ပိတ်ရက်မို့ ပျင်းနေတာနဲ့ အတော်ပါဘဲ”
“ကဲ လက်နက်ခန်းက စိတ်ကြိုက်ရိုင်ဖယ်တစ်လက် ရွေးပြီး တောလည်ကြည့်စမ်းဗျာ။ လမ်းတော့လျှောက်ရမှာနော်”
“ဟုတ်ကဲ့ ခင်ဗျာ”
သို့နှင့် အခန်းပြန်၍ ယူနီဖောင်းဝတ် တောစီးဖိနပ်စီးပြီး၊ တောစောင်းဦးထုပ်ဆောင်းခါ လက်နက်ခန်းမှ စိတ်ကြိုက်ရိုင်ဖယ်သေနတ်တစ်လက်အား ရွေးချယ်ပြီးနောက် မုဆိုးတင်မောင်အားခေါ်၍ တောပစ်ထွက်ခဲ့ပါတော့သည်။
မုဆိုးတင်မောင်မှာ ဖားအံဘက်ကဖြစ်၍ မုဆိုးမျိုးရိုးဖြစ်ပါသည်။ လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုဖြင့် ထောင်(ရ)နှစ် ကျသူဖြစ်ပြီး ကရင်လူမျိုး ဖြစ်ပါသည်။ တောင့်တင်းသန်မာပြီး၊ ထောင်ပိုင်ကြီးအား အလုပ်ပိတ်ရက်များတွင် ကြက်၊ ငှက် ထောင်၍၎င်း၊ ငါးဖမ်း၍၎င်း ရှာဖွေကျွေးသူဖြစ်ပါသည်။
“ဆရာ လက်တည့်ရင် သေချာပေါက်ရအောင် ပါဆယ်ပါညန်း ရွာဟောင်းဘက် ပင်လယ်ကမ်းစပ် ဆင်းရအောင်။ အဲ့ဒီမှာ မျောက်တံငါတွေ အရမ်းပေါတယ် ဆရာရဲ့”
“မျောက်တံငါသား နံမှာပေါ့ကွာ။ တစ်ခြားတောကောင် မရှိဘူးလား”
“မျောက်တံငါဘဲ ပေါတယ် ဆရာ၊ တခြား ပင်လယ်ငှက်တွေဘဲ ရှိတယ်”
“ကဲ တင်မောင်ရေ မျောက်တံငါဘဲ ပစ်ကြတာပေါ့ကွာ။ မျောက်တံငါရလို့ကတော့ ငါ မစားဘူးကွာ”
“ဆရာကလည်း ရ ရပါစေဦး၊ မျောက်တံငါတွေက အရမ်းလည်တာ ဆရာရဲ့”
“အေးပါ တွေ့တော့လည်း မင်းကြည့်ပေါ့ကွာ”
ကျွန်တော်နှင့် မုဆိုးတင်မောင်တို့ နံနက် (၈)နာရီခန့်မှ စခန်းမှ ထွက်လာကြရာ ပါဆယ်ပါညန်း ပင်လယ်ကမ်းစပ်ဘက်သို့ နံနက်(၉) နာရီခန့်တွင် ရောက်ရှိကြပါသည်။
မနက်ခင်းဆိုသော်လည်း ကော့သောင်းနေမှာ ပူပြင်းလှပါသည်။ တနင်္သာရီရိုးမ တောင်ခြေရင်း ဖြစ်သော်လည်း မီးသွေးဖုတ်သမားနှင့် သစ်ခိုးသမားများကြောင့် တောမှာ ပြုန်းတီးလျှက်ရှိပြီး သစ်ပင်ကြီး တစ်ပင်စ နှစ်ပင်စနှင့် ရွာဟောင်းမှ သရက်ပင်အုန်းပင်များနှင့် ခြုံပုတ်ငယ်များသာ ရှိပါသည်။
“ဒီဘက်က ရွာပျက်ဆရာ ပါဆယ်ပါညန်းရွာသစ်က ဟိုအရှေ့ဘက် ပင်လယ်ကမ်းစပ်ကို ပြောင်းသွားပြီ”
“ဘာဖြစ်လို့ ပြောင်းသွားတာလဲကွ”
“သူတို့က မီးသွေးဖေါင်းလုပ်တယ်ဆရာ။ ငါးလည်း ဖမ်းတယ်။ ဒီနေရာက သစ်ပင်ကြီးတွေ မရှိတော့တဲ့နောက်တစ်နေရာ ပြောင်းတာပေါ့”
သို့နှင့် ဆရာတပည့်နှစ်ဦး ပင်လယ်ကမ်းစပ်ရှိ လမုနှင့် ကနစိုတောများဘက်သို့ ဆက်၍ ဆင်းလာကြပါသည်။
တောစပ်ရောက်သည်နှင့် ကျွန်တော့်တွင် ပါလာသော ၃ဝ၃ ရိုင်ဖယ်သေနတ်အား မောင်းတင်၊ ကျည်ထိုး၍ လုံခြုံရေးသော့အား ပိတ်ပြီး အသင့်အနေအထား ပြင်ဆင်လျက် လမုနှင့် ကနစိုပင်များပေါ်သို့ မော့ကြည့်ရင်း မျောက်တံငါများအား ရှာဖွေမိပါသည်။ မုဆိုးတင်မောင်မှ. . . .
“ဆရာ မျောက်တံငါ ပစ်ချင်ရင်၊ သစ်ပင်ပေါ် မကြည့်နဲ့ ကမ်းစပ်မြေပြင်ကို အလျင်ကြည့်ရတယ်။ ဒီအချိန် မျောက်တံငါတွေက ပင်လယ်ဒီရေကျသွားလို့ တွင်းပေါက်ဝပေါ်လာတဲ့ ဂဏန်းကျင်းထဲကို အမြီးထိုးသွင်းပြီး မျှားတယ်။ ကဏန်းအမြီးဖျားကို ညှပ်တာနဲ့ အမြီးကို ဆွဲထုတ်ပြီး ကဏန်းဖမ်းစားတော့တာဘဲ။ လူမြင်မှ သစ်ပင်ပေါ် တက်ပြေးတာ ဆရာရဲ့”
“ဟေ မင်းတို့ ပင်လယ်မျောက်တွေက တို့ ပဲခူးရိုးမက မျောက်ညိုတွေနဲ့မတူပါလားကွ”
“မျောက်ညိုက အသီးဘဲစားတာ ဆရာ။ မျောက်တံငါတွေကတော့ အသားလည်း စားတယ်၊ အသီးလည်း စားတယ်”
ထိုစဉ် လူသံကြားသဖြင့် မျောက်များမှာ ပင်လယ်ကမ်းစပ် လတာပြင်မှ လမုနှင့် ကနစိုပင်များပေါ်သို့ တဝုန်းဝုန်းတက်၍ ပြေးကြပါတော့သည်။
“ဆရာ အရမ်းမပစ်နဲ့ဦး။ မျောက်အုပ်မှာ ခေါင်းဆောင်ရှိတယ်။ အဲဒီကောင်က အကြီးဆုံးဘဲ။ သူ့ကိုပစ်မှတန်တာ။ ကျန်တဲ့အကောင်တွေက သေးတယ်။ ဆရာ ဒီချုံတွေနားမှာဘဲ နေပါ၊ ကျွန်တော် ဆရာ့ဘက် ကူးလာအောင် မောင်းပေးမယ်”
မုဆိုးတင်မောင်မှာ ပြောပြောဆိုဆို ခရာဆူးချုံနှင့် ထမင်းဆုပ်ပင်များအတွင်း တိုးဝင်ပျောက်ကွယ်သွားပါသည်။
ထိုစဉ် လမုပင်ကြီးတစ်ပင်၏ ကိုင်းခွဆုံသို့ မျောက်ကြီးတစ်ကောင် ကူးလာကာ၊ ခွဆုံတွင် ထိုင်၍ ကဏန်းများအား ကိုက်ဖဲ့စားသောက်နေပါသည်။
မုဆိုးတင်မောင်ထံမှလည်း စုပ်သတ်အချက်ပေးသ ဖြင့် ကျွန်တော်ပစ်ရမည့်မျောက်မှန်း သိရှိလိုက်သဖြင့် ရိုင်ဖယ်သေနတ်မောင်းထိမ်းအား ဖြုတ်ပြီး ချိန်လိုက်စဉ် ကျွန်တော့်နားထဲသို့ တောတိုးသံများ ကြားရသံဖြင့် တောင်ခြေဘက်သို့ ကြည့်လိုက်ရာ မဲမဲလုံးလုံး အကောင်အုပ်ကြီးတစ်အုပ် ကျွန်တော်တို့ဘက်သို့ ပြေးဆင်းလာသည်ကို တွေ့ရပါသည်။
နီးစပ်ရာ ခြုံပုတ်တစ်ခုအနီးသို့ ပြေးကပ်လိုက်ရင်း ခေါင်းဆိုင် ကြည့်ရှုနေရာ (၁၀)ကောင်ခန့် ပါရှိသော တောဝက်အုပ်ကြီးဖြစ်၍ နေပါတော့သည်။
အချိန် (၆ဝ)ခန့်ရှိသော ဝက်မကြီးက ဦးဆောင်လျှက် အချိန် (၁၀)စီခန့်ရှိသော ဝက်ပေါက်ကလေးများ ပါဝင်သည့် တောဝက်အုပ်ကြီး ရေသောက်ဆင်းလာဟန်တူပါသည်။ ဝက်အုပ်ကြီးမှာ လူရိပ်ခြေမြင်သ ဖြင့် နီးစပ်ရာ ခြုံပုတ်များအတွင်း ပြေးကပ်လိုက်သည်ကို မြင်နေရပါသည်။
“တောဝက်ပစ်လျှင် သစ်ပင်ကြီးကြီး အကာအကွယ်မရှိဘဲ၊ မပစ်နဲ့”
ဟု ကျွန်တော်၏ မုဆိုးဆရာတစ်ဦး မှာကြားဘူးသည်ကို သတိရသော်လည်း အနီးအနားတွင် သစ်ပင်ကြီးကြီး တစ်ပင်မျှမရှိဘဲ (၄ ပေ ၅ ပေ) ခန့်သာ မြင့်သော ခရာဆူးချုံကလေးများသာ ရှိပါသည်။
တောဝက်မကြီးမှာ ကျွန်တော်နှင့် (၁၀ပေ)ခန့်သာ ဝေးသည်။ ရှေ့တည့်တည့် ခရာဆူးခြုံတစ်ခုအတွင်း တိုးဝင်လိုက်သည်ကို တွေ့ရှိရသဖြင့် ဘာညာ စဉ်းစားမနေတော့ဘဲ သေနတ်ထိုးချိန်၍ မောင်းဖြုတ်ချ လိုက်ပါတော့သည်။
“ဒိန်း. . . . ”
ဟူသော ရိုင်ဖယ်သေနတ်သံနှင့်အတူ ကျွန်တော် လည်း ကြောက်အားလန့်အားနှင့် ခုန်၍ နေရာပြောင်းရပါတော့သည်။ ယခင်နေရာမှ (၇ ပေ)ခန့် အဝေးကိုရောက်သွားပြီး ပြန်အကျတွင် ကျည်ခွံနုတ်ပြီး ကျည်သစ်လဲ မောင်းထိုးပြီး အသင့်ဖြစ်နေပါတော့သည်။
သေနတ်သံကြောင့် ဝက်ပေါက်ကလေးများမှာ ကျွန်တော့်အနီးမှကပ်၍ တောင်ပေါ်သို့ တက်ပြေးသွားကြပါတော့သည်။ ကျွန်တော့်အနေဖြင့် ဝက်ပေါက်ကလေးများအား ထပ်မံပစ်လျှင် ရရှိနိုင်ပါသေးသော်လည်း ပစ်ခတ်ထားသော ဝက်မကြီး မသေဘဲ မီးခိုးကြွက်လျှောက် လိုက်လာမှာ စိုးသဖြင့် မပစ်ရဲတော့ပါ။
သို့သော် ကျွန်တော် ပစ်လိုက်သော ဝက်မကြီးမှာ ချုံပုတ်အတွင်းမှ ပြေးထွက်လာခြင်း မရှိပါ။ ချက်ကောင်းအမှန်ခံ၍ ကျည်တစ်ချက်တည်းဖြင့် ကိစ္စချောဟန် တူပါသည်။
ထိုအချိန်တွင် မျောက်ပစ်ခိုင်းသော မုဆိုးတင်မောင်မှာ သေနတ်သံကြားသဖြင့် ကျွန်တော့်ထံ အပြေးရောက်လာပါသည်။
“ဆရာကလည်း လက်ဖြောင့်တယ်ဆိုပြီး မျောက်ကြီး ဆောင့်ကြောင့်ထိုင်နေတာတောင် မမှန်ဘူး။ကျွန်တော့်မှာတော့ တပင်တပမ်း တောတိုးပြီး မျောက်တွေကို ဆရာ့ဘက်လာအောင် ခြောက်လိုက်ရတာ။ မောလိုက်တာ ဆရာရယ်”
“တင်မောင်ရေ ငါက မျောက်တံငါတွေကို ပစ်မယ်သာပြောတာ။ ငါက မျောက်သား မကြိုက်ဘူးကွ။ တောဝက်သားဘဲ ကြိုက်တာ။ မင်းကော တောဝက်သား မကြိုက်ဘူးလား”
“ဆရာကလည်း တောဝက်သားကောင်းမှန်း ကျွန်တော်လည်း သိတာပေါ့။ တောဝက်မှ မတွေ့ဘဲ။ မျောက်ဘဲ တွေ့တဲ့ဥစ္စာ”
“ကဲပါကွာ မင်း တောဝက်သားစားချင်ရင် ဟိုရှေ့က ချုံထဲ သွားကောက်ပေတော့။ အဲဒီထဲမှာ အချိန်(၆ဝ)လောက် ဝက်မကြီးတစ်ကောင်ကို ငါ ပစ်ထားတယ်”
“ဟာ ဆရာ အဟုတ်ပဲလား”
ဟု ပြောကာ မုဆိုးတင်မောင်မှာ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ချုံပုတ်အတွင်း တိုးဝင်သွားပါ တော့သည်။
“ဆရာရေ တောဝက်မကြီးဗျ။ အချိန်(၆၀)လောက်ရှိမယ်။ ဆရာ တစ်ကယ်လက်ဖြောင့်တာပဲ၊ ကျည်ဆံက နားအတွင်းဖေါက်ဝင်သွားပြီး တစ်ချက်တည်းနဲ့ ကိစ္စချောတာဘဲဗျ”
ဟု ပြောဆိုကာ ကုန်း၍ ထမ်းပါတော့သည်။
“ဆရာရေ ကျွန်တော် တစ်ယောက်တည်း မနိုင်ဘူးဗျ။ စခန်းပြန်ပြီး ရဲဘက်တွေ ခေါ်လိုက်ဦးမယ်”
မုဆိုးတင်မောင်မှာ ဝမ်းသာအားရဖြင့် ပြောပြေးပြေး၊ တစ်ချိုးတည်းလစ်သွားပါတော့သည်။
ကျွန်တော့်မှာတော့ တောဝက်သေတစ်ကောင်နှင့် ချုံပုတ်တောအတွင်း တစ်ယောက်တည်း ကျန်ခဲ့ပါတော့သည်။ မျောက်အုပ်များ ပြန်လည်ရောက်ရှိလာသော်လည်း မပစ်တော့ပါ။
တစ်နာရီသာသာခန့် အကြာတွင် မုဆိုးတင်မောင်တို့အဖွဲ့ ပြန်လည်ရောက်ရှိလာကြပါသည်။ နီးစပ်ရာသစ်ကိုင်းများခုတ်၍ ထမ်းပိုးလုပ်ပြီး၊ မြရာပင် လျှော်များဖြင့် ဝက်မကြီးအား ဝက်တုတ်တုတ်ကာ လျှိုထမ်း၍ စခန်းသို့ ပြန်ခဲ့ကြပါတော့သည်။
တောဝက်တစ်ကောင်အား ရင်ဆိုင်ပစ်ပြီး လာရသဖြင့် ထောင်ပိုင်ကြီးနှင့် စခန်းမှလူများ ကျွန်တော်အား အထင်ကြီးကြပေမည်ဖြစ်သော်လည်း ကျွန်တော်အနေဖြင့် ကြောက်လန့်တကြား စွန့်စားပစ်ခတ်ခဲ့ရခြင်းကိုတော့ သူတို့သိကြလိမ့်မည် မဟုတ်ပါ။
– ပြီးပါပြီ
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်းအားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး