သက်ပျောက်ဝတ်စုံ(စ/ဆုံး)
———————–
” ခိုင် … ခိုင် ကိုယ့်ကိုခွဲသွားတာ ဒီနေ့ဆို ခြောက်လပြည့်တဲ့နေ့
နော်…ဒီဝတ်စုံလေးဟာ ခိုင် နောက်ဆုံးဝတ်ခဲ့တဲ့ ဝတ်စုံလေ…
ကိုယ် အမှတ်တရ သိမ်းထားတာ … ဒီဝတ်စုံလေးဟာ ကိုယ့်ရဲ့
အလွမ်းပြေပါ ခိုင် … ခိုင့်ကို သတိရတိုင်း ဒီဝတ်စုံလေးကို ထုတ်
ကြည့် ဖြစ်တာ … ခိုင်သိမှသိပါ့မလား … ခိုင် ဘယ်ဘဝရောက်နေ
လဲ … ခိုင့်ကို အရမ်းတွေ့ချင်လိုက်တာ ”
ကျုပ် အိပ်ယာဝင်ဖို့ ပြင်နေတုန်း တစ်ဖက်အခန်းက ကျုပ် သူငယ်ချင်း မင်းမောင်ရဲ့အသံကို ကြားလိုက်ရတယ်။ မင်းမောင်က ကျုပ်နဲ့အခန်း
ချင်းကပ်ရက်ကလေ… ဒီတော့ သူရဲ့ တီးတိုး ရေရွတ်သံကို ကြားနေရ
တာ မဆန်းပါဘူးဗျာ။
ဒါနဲ့ကျုပ် သူ့ရဲ့အခန်းကို လှမ်းသွားလိုက်တယ်။ မင်းမောင်ကအခန်း
တံခါးကို ဂျက်မထိုးထားတာကြောင့်…ကျုပ်တံခါးကို တွန်းဖွင့်လိုက်
တော့ မင်းမောင်တစ်ယောက်ကုတင်ပေါ်မှာ မိန်းမဝတ် အစိမ်းရောင်
ဝမ်းစက်ဝတ်စုံလေးတစ်ထည်ကို ကိုင်ပီး ဝမ်းနည်းကြေကွဲစွာနဲ့ထိုင်
နေတာကို မြင်လိုက်ရတယ်။ ကျုပ် မင်းမောင်ဘေးမှာဝင်ထိုင်ရင်းသက်
ပြင်းတစ်ချက်ကို ကြိတ်ချလိုက်ပီး သူ့ ပုခုံးတစ်ဖက်ကို လက်နဲ့အသာဆုပ်လို့ အားပေးနှစ်သိမ့်လိုက်ရတာပေါ့ဗျာ။
” မင်းမောင်ရယ် … သေတဲ့လူက သေပီလေကွာ…အဲ့ဒီ ဝတ်စုံကို
နေ့တိုင်း ထုတ်ထုတ်ကြည့်ပီး အလွမ်း သယ်နေတာ မဖြစ်သင့်တော့
ဘူးကွ…ပီးတော့ ခုလို လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ
ဝတ်ဆင်ခဲ့တဲ့ သက်ပျောက်ဝတ်စုံဆိုတာ ယူပြီးသိမ်းထားဖို့ မသင့်ဘူး
လို့ ရှေးလူကြီးတွေ ပြောကြတယ်…လွမ်း တာလည်း လွမ်းတာပေါ့
ကွာ … စိတ်ကိုလည်း ဖြေပါ ကြာရင် မင်းရူးသွားလိမ့်မယ်…ဥပါဒ် ဒန်
ကြောင့် ဥပါဒ် ဖြစ်တတ်တယ် သူငယ်ချင်း ”
ကျုပ် အဲဒီလိုပြောလိုက်တော့…မင်းမောင်က ကျုပ်ကို ရီဝေစွာ မော့
ကြည့်ရင်း တုန်ရင်စို့နင့်နေတဲ့ လေသံလေးနဲ့ ပြန်ပြောရှာတယ်။
” ငါ…ငါတို့အကြောင်း မင်းအသိဆုံးပါသူငယ်ချင်းရာ …မိသားစု ဘဝနဲ့ နေရတော့မယ်ဆဲဆဲမှာ ခိုင်က ငါ့…ငါ့ကိုတစ်ယောက်ထဲ… ထားရစ်ပြီး
ထွက်သွားခဲ့တာလေ… ငါ ဘယ်လိုဖြေရမှာလဲ ကွာ ”
” အေး…မှန်တယ် မင်းမောင်…ဒါပေမဲ့…မင်းတို့ဆုံဖက်ဖို့ကံမပါလာ
ခဲ့ဘူးလေကွာ…ခိုင့်ကိုစွဲလန်းစိတ်နဲ့ မင်းပဲဒုက္ခ ရောက်မှာဆိုးလို့ သတိ
ပေးနေတာ…မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး…ပိန်ကျသွားလိုက်
တာ…အလုပ်ထဲမှာလည်း ငူငူ ငိုင်ငိုင်နဲ့သတိထားပါဦး သူငယ်ချင်းရာ ”
မင်းမောင်နဲ့ကျုပ်ကအချစ်ဆုံးသူငယ်ချင်းတွေလေဗျာ။ ပီးတော့ ကျုပ်
တို့နှစ်ယောက်စလုံးက အင်ဂျင်နီယာဘွဲ့ ရပီးသား…ဆောက်လုပ်ရေး
ကုမ္ပဏီ တစ်ခုမှာအလုပ် အတူတူဝင်နေကြတာဗျ။ မွန်ပြည်နယ်မှာရှိ တဲ့ တံတားစီမံကိန်း တခုမှာ တာဝန်ထမ်း ဆောင်နေတုန်း အဲဒီမှာ…
မင်းမောင်က မော်လမြိုင်သူ ဝေဝေခိုင်ဆိုတဲ့မိန်းကလေးတစ်ယောက်
နဲ့ ရည်ငံခဲ့ကြတယ်။ တံတား စီမံကိန်းက လေး နှစ်လောက် ကြာခဲ့တာလေ ။
အဲဒီ စီမံကိန်း ကာလမပြည့်ခင်မှာပဲ မင်းမောင်နဲ့ ဝေဝေခိုင်တို့ လက်
ထပ်ဖြစ်သွားတယ် ။ မင်းမောင်က လက်ထပ်ပီး မော်လမြိုင်မြို့…ဒိုင်း
ဝန်ကွင်း ရပ်ကွက်က ယောက္ခမတွေအိမ်ကို လိုက်နေခဲ့တာဗျ။ ကျုပ်က
သာ လူပျို လူလွတ်ဆိုတော့ ကုမ္ပဏီ က စီစဉ်ပေးတဲ့ အဆောင်မှာပဲ
ကျန်ရစ်နေခဲ့တာ။ ဒါပေမဲ့ ကျုပ်တို့ချင်းက လုပ်ခန်းခွင်တူတူဝင်နေရ
တာဆိုတော့ ဘယ်တော့မှ အဆက်သွယ်မပြတ်ခဲ့ ပါဘူးဗျာ။
ဒီလိုနဲ့ မင်းမောင် အိမ်ထောင်သည်ဘဝ ရောက်ပီး တစ်နှစ်ကျော် ခန့်
အကြာမှာ ဖခင်လောင်းဖြစ်ခဲ့တာဗျ။ မင်းမောင်ရဲ့ ဇနီးဖြစ်သူ ဝေဝေခိုင် ကကိုယ်ဝန်ရခဲ့တယ်။ ကိုယ်ဝန်ရင့်မာလာလို့ အက်ထရာဆောင်းရိုက်
ကြည့်တော့ ယောကျာ်းလေးလို့လည်းသိရတယ်။
မင်းမောင်တို့လင်မယား အပျော်ကြီး ပျော်ခဲ့ကြတာပေါ့။ သူတို့မိသားစုရဲ့ အပြုံးအပျော်တွေက ကျုပ်ဆီကိုတောင် ကူးစက်ခဲ့တာဗျ။ အဲဒီတုန်း
ကဆို ဒိုင်းဝန်ကွင်းရပ်ကွက် မင်းမောင်ရဲ့ယောက္ခမတွေ နေအိမ်ဟာ
ကျုပ်အတွက် စားအိမ်သောက်အိမ်ပဲပေါ့ဗျာ။ မင်းမောင်နဲ့ပတ်သက်ပီး သူ့ယောက္ခမ မိသားစုတွေနဲ့လည်း ဆွေမျိုးရင်းချာလိုခင်မင်ရင်းနှီးခဲ့
တယ်။ မင်းမောင်ရဲ့ ဇနီး ဝေဝေခိုင်ဆိုတာကလည်း ကျုပ်နဲ့စိမ်းတာမှ
မဟုတ်တာဗျ။ သူတို့ သမီးရည်းစားဘဝမှာထဲက သူတို့စုံတွဲ သွားလေရာ ကျုပ်က ပါသွားလေ့ရှိတာကိုး။
မော်လမြိုင်မြို့လယ်ခေါင် တောင်ရိုး တန်းပေါ်မှာရှိတဲ့ ဘုရားစေတီတွေ
ဆိုလည်း မကြာခဏ ရောက်ခဲ့ဖူးတယ်။ ရသေ့ကြီး ဦးခန္တီတည်ထားခဲ့
တဲ့ ဦးခန္တီ စေတီအနီး ကုန်းထိပ်ရှုခင်းသာပေါ်ကနေ သံလွင်မြစ်/ဘီလူးကျွန်းစတဲ့ ရှုခင်းအလှတွေကို အထက်စီးကနေ ကြည့်ရှုခဲ့ဖူးတာဗျ။
အဲဒီတုန်းက ကျုပ်တို့တွေ ပျော်မဆုံး…မော်မဆုံး တပြုံးပြုံးပေါ့ဗျာ။
ဒါပေမဲ့ ကံကြမ္မာက မင်းမောင်ကို မျက်နှာသာ မပေးခဲ့ပဲ… အလွန်
နာကျင် ထိတ်လန့်ဖို့ကောင်းတဲ့ နေ့တစ်နေ့ကို ဖန်တီးပေးခဲ့တယ်။ အဲဒီနေ့မှာ မင်းမောင်မျှော်လင့် တောင့်တခဲ့တဲ့ မိသားစုဘဝလေးပျက်
စီးခဲ့ရတာဗျ ။ နေ့စေ့လစေ့နဲ့ မင်းမောင်ရဲ့ ဇနီး ဝေဝေခိုင်က ကလေးမီးမဖွားနိုင်ပဲ မီးတွင်းထဲမှာတင် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးခဲ့
ရတာပါဗျာ။
ကျုပ်ရဲ့သူငယ်ချင်း မင်းမောင်ဆိုတာ ယောကျာ်းရင့်မာကြီးတန်မဲ့ အရှုးမီးဝိုင်း ပဋာမြေလူးဖြစ်ခဲ့ရတာ ဗျို့။ ကျုပ်မပြောနဲ့ တခြားသူတွေတောင် မင်းမောင် ခံစားနေရတာတွေကို မကြည့်ရက်နိုင်ခဲ့ဘူး။
အဲဒီနေ့မှာပဲ မင်းမောင်ကမီးတွင်းထဲမှာဆုံးပါးသွားပီဖြစ်တဲ့ ဝေဝေခိုင်
ဝတ်ဆင်ထားတဲ့ အစိမ်းရောင်ဝမ်းဆက် ဝတ်စုံကို ချွတ်ယူသိမ်း ဆည်းထားခဲ့တာဗျ။ ဒါဟာ မလုပ်ကောင်းမှန်းသိပေမဲ့ ကျုပ်အပါအဝင်
ဘယ်သူမှ သူ့ကို မတားမြစ်ခဲ့ပါဘူးဗျာ။ တစ်ခြားကြောင့်မဟုတ်ဘူး…သူရဲ့နာကျင်မူနဲ့ပူဆွေးသောကကို တခြားနည်းနဲ့ဖြေဖျောက်ဖို့ကို
ကျုပ်တို့လည်း မစွမ်းသာပေလို့ပေါ့ဗျာ။
အဲဒီနောက်ပိုင်း မော်လမြိုင်တံတား စီမံကိန်းကြီးပီးစီးသွားခဲ့တော့…
မင်းမောင်ရော ကျုပ်ပါ ရန်ကုန်ကို ပြောင်းရွေ့လာခဲ့ကြတယ် ။ ရန်ကုန်
ကို ရောက်တော့လည်း တောင်ဒဂုံ စက်မှုဇုန်တစ်ခုမှာ အတူတာဝန်
ထမ်းဆောင်ခဲ့ကြတာဗျ။ ဒီတော့ တောင်ဒဂုံမှာပဲ အလုပ်နဲ့ နီးတဲ့ ရပ်
ကွက်တစ်ခုက ဘော်ဒါဆောင်မှာ ငှားရမ်းနေထိုင်ခဲ့တာဗျို့။
အဲဒီအချိန်အခါတုန်းက တောင်ဒဂုံဘက်တွေဆိုတာ ယနေ့ခေတ်…
ဒီလို အချိန်တွေလို အဆောင်တွေ မပေါ်သေးဘူးလေဗျာ။ ယောကျာ်း
လေးသီးသန့် / မိန်းကလေးသီးသန့်ဆိုတဲ့ ဘော်ဒါဆောင်လို ပုံစံမျိုး
တွေပဲ ရှိကြတာဗျ။ အခုလည်း ကျုပ်နဲ့မင်းမောင် ငှားနေတဲ့ ဘော်ဒါ
ဆောင်မှာ နေထိုင်တဲ့ ယောကျာ်းလေး အစိတ်/နှစ်ဆယ်လောက်တော့ရှိတယ်။ အားလုံးက လူပျို လူလွတ်တွေချည်းပဲပေါ့ဗျာ။
ကျုပ်က မိဘတွေ ရှိသေးပေမဲ့…မင်းမောင်မှာက မိဘ / ညီအကိုမောင်
နှမဆိုလို့တစ်ယောက်မှ မရှိဘူးဗျ။ ဒီတော့ ဇနီးဖြစ်သူအတွက် ယူကြုံး
မရစိတ်နဲ့ ထင်ရာစိုင်း တေပေလေလွင့်တော့မဲ့ သူ့ရဲ့ ရှေ့ရေးကို
ကျုပ်က ကြိုမြင်နေပီးသားလေ။ ဒါ့ကြောင့်လည်း ကျုပ်နဲ့အခုလို တစ်ခါ
ထဲ ခေါ်လာခဲ့တာဗျ။ မင်းမောင်က ကျုပ်ရဲ့စကားဆို အတော်များများနားထောင်ရှာပါတယ်ဗျာ။ ခက်တာက ဆုံးပါးသွားတဲ့ သူ့ရဲ့ဇနီး ဝေဝေ
ခိုင်နဲ့ ပတ်သတ်လာရင်သာ ဘယ်လိုမှ နားချလို့မရတာပဲဗျို့။
ကွယ်လွန်သူ ဇနီးဖြစ်သူကို သတိရတိုင်း မင်းမောင်က သူသိမ်းဆည်းထားတဲ့ အစိမ်းရောင်သက်ပျောက် ဝတ်စုံကို ထုတ်ထုတ် ကြည့်နေ
တတ်တယ်။ တစ်ခါတစ်လေ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ဘာ
တွေပြောလို့ ပြောနေမှန်းကို မသိရတာပါဗျာ။
ကျုပ်…မင်းမောင်ရဲ့အသံကိုကြားလို့ ချောင်းကြည့်လိုက်တိုင်း သူ့မိန်းမ
ရဲ့သက်ပျောက်ဝတ်စုံကို အမြဲကိုင်လျက်သား တွေ့ရတယ်။ ဝတ်စုံကို တယုတယနဲ့ကိုင်ပီး ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း သူ့စိတ်ကြိုက် အလွမ်းပြေ ပြောဆိုလို့ ဝပီဆိုတော့မှ အဲဒီဝတ်စုံကို ဗီရိုထဲမှာ ကျကျနန
ပြန်သိမ်းထားတတ်တာဗျ။ ကျုပ်လည်း သူ့အဖြစ်ကိုကြည့်ပီး သက်ပြင်းအခါခါ ချနေရုံကလွဲလို့ ဘာဆိုဘာမှ မတတ်နိုင်ခဲ့ဘူးပေါ့ဗျာ။
⏰⏰⏰⏰
ဒီနေ့တော့ မနက်စောစော ကျုပ်အိပ်ရာက မထသေးခင် အချိန်
မှာပဲ မင်းမောင်တစ်ယောက် ထူးထူးဆန်းဆန်း ကျုပ်အခန်းထဲကို
ရောက်လာတယ်။
” အောင်…အောင်လွင် !! သူ…သူငယ်ချင်း ထ…ထပါဦးကွာ ”
” ဟင် !! မင်းမောင် အစောကြီး ရှိသေးတယ် … ဘာလုပ်ဖို့ ငါ့ကို
နှိုးရတာလဲ ”
” ငါ အခုမနက် မက်တဲ့အိမ်မက်အကြောင်း မင်းကို ပြောပြချင်လို့
ပါ သူငယ်ချင်းရာ ”
မင်းမောင်ရဲ့ အလောသုံးဆယ်စကားကြောင့် ကျုပ်အိပ်ရာက မထချင် ထချင်နဲ့ ထလိုက်ရတယ်။ မင်းမောင်က ကျုပ်ရဲ့ကုတင်ပေါ်မှာပဲ ဝင်
ထိုင်လိုက်ရင်း စိတ်လှုပ်ရှားနေတဲ့ အသံနဲ့သူ့ရဲ့ အိမ်မက်အကြောင်းကို စတင်ပီးပြောပြတော့တာဗျ။
” သူ…သူငယ်ချင်း !! ငါ…ငါလေ ခိုင့်ကို စွဲလန်းပီး မမေ့နိုင်ဘဲ သတိရ
နေတာကို ခိုင်က ခုမှ သိသွားပုံရတယ်နဲ့တူတယ်…ငါ့ကို အိပ်မက်
လာပေးတယ်ကွ…ငါတစ်ခါမှ မမက်ဖူးတဲ့ အိပ်မက်ပါ သူငယ်ချင်းရာ ”
” ဟင် !! သူက မင်းကို ဘယ်လိုအိပ်မက်ပေးလို့လဲ ပြောစမ်းပါဦး ”
” ဒီလိုကွ !! အိပ်မက်ထဲမှာ ခိုင်က သူ့နောက်ဆုံးဝတ်ခဲ့တဲ့ အစိမ်းရောင်
ဝတ်စုံလေးနဲ့ပဲ…မျက်နှာကလည်း ညိုးနွမ်းနေတာကွ…ပီးတော့ ငါ့ပုခုံး
ပေါ် သူ့ခေါင်းလေးမှီရင်းပြောတယ်…ငါ သူ့ကို သတိရပီး လွမ်းဆွတ်
ကြေကွဲနေတာ သူသိပါတယ်တဲ့…ဒါ့ကြောင့် သူ…ငါ့ဆီ လာခဲ့ရမလား
ဆိုပီး မေးတာကွ ”
” ဟေ !! ဒီတော့ မင်းက ဘာပြန်ပြောလိုက်လဲ ”
” ဟာ !! ဘာပြောရမှာလဲ…ကိုယ်အရမ်းဝမ်းသာတယ် … ခိုင် ကိုယ့်
ဆီအမြန်ဆုံးပြန်လာခဲ့ပါတော့လို့ ပြောလိုက်ရတာပေါ့ကွ ”
” ဘာ !! ကြံစီးကြံရာကွာ…မတူညီတော့တဲ့ ဘဝနှစ်ခု ပြန်ဆုံလို့ရ
မလား…မင်းတော့ ရူးနေပီ မင်းမောင်…အဲဒါ မင်း…သူ့ကိုစိတ်စွဲလွန်းလို့မက်တဲ့ အိပ်မက်ပဲဖြစ်မှာကွ ”
” ဟာ !! မဖြစ်နိုင်တာ ခိုင်က ငါ့ကို ညာမှာမဟုတ်ဘူး… ငါ ခွင့်ပြုရင်
သူ အသေအချာ လာကို လာခဲ့မှာလို့ ဆက်ဆက်ပြောသွားတာကွ ”
” ဘုရား…ဘုရား !! ”
မင်းမောင်ရဲ့ မျက်နှာထားနဲ့အတည်ပေါက်လို ပြောနေတဲ့စကားကြောင့်
ကျုပ်တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထပီး…ခေါင်းမွှေးတွေပါထောင်
ထသွားတာဗျို့။ ဒါပေမဲ့ ချက်ချင်းပဲ အဲဒီခံစားချက်ကို မျက်နှာမှာမပေါ်
အောင်ဖုံးဖိလိုက်ပီး အိနြေ္ဒမပျက်ပြန်ပြောလိုက်တယ်။
” တော်သင့်ပီ မင်းမောင်…ဒီစိတ်နဲ့ မင်းမကြာခင် ဒုက္ခ တွေ့တော့မယ်
ထင်တယ်…တစ်စုံတစ်ခုအပေါ်စွဲလန်းစိတ်ဆိုတာ သိပ်လွန်ကဲလာရင်
မကောင်းတော့ဘူးကွ…ကဲ…ကဲ… ငါ အိပ်လိုက်ဦးမယ်…မင်းလည်း
ကိုယ့်အခန်း ကိုယ်ပြန်ပြီး အိပ်လိုက်ဦး ”
” အေး !! ဒါဆိုလည်း သွားပီကွာ…ငါကတော့ပြန်အိပ်လို့ရမှာ မဟုတ်
တော့ဘူး…ခိုင် ပြန်လာတော့မှာမို့ လွှတ်ပျော်နေပြီကွ…ဟားဟားဟား ”
မင်းမောင်က စကားဆုံးတာနဲ့ ဟက်ဟက် ပက်ပက်ရီမောရင်း ချာခနဲ
လှည့်ထွက်သွားတာဗျ။ လှည့်ထွက်သွားတဲ့ မင်းမောင်ရဲ့နောက်ကျော
ကို ကြည့်ရင်း ကျုပ်လည်း သက်ပြင်းအခါခါချ ခေါင်းခါရမ်းနေမိတော့တာပေါ့။
အဲဒီနောက်ပိုင်း မင်းမောင်ရဲ့ထူးဆန်းတဲ့ အပြုအမှု အပြောအဆိုတွေကလျော့မသွားပဲ ပိုလို့တောင် တိုးလာတာဗျ။ ကျုပ် ဘာပဲပြောပြော
လုံးဝ အရာမထင်တော့ဘူး။ ဒီနေ့မနက်လည်း ကျုပ် အလုပ်သွားခါနီး ထုံးစံအတိုင်း မင်းမောင်ရဲ့အခန်းထဲကနေ တီးတိုးပြောဆိုသံတွေကို
ကြားနေရတယ်။
” ခိုင် ဘယ်တော့လာမှာလဲ…ကိုယ်မျှော်နေတာလေ… ကိုယ့်ဆီလာ
ခဲ့မယ် လို့အိမ်မက်ပေးပီး ခုထက်ထိ ဘာလို့မရောက်လာသေးတာလဲ… ကိုယ် ခိုင့်ကိုအရမ်းတွေ့ချင်လှပီ… မြန်မြန်လာပါတော့ ခိုင်ရယ် ”
ဒီစကားတွေပဲ ကျုပ် နေ့စဉ် နိစ္စဒူဝ ကြားနေရတာမို့…နားကြားပြင်း
ကပ် လာတာနဲ့ မင်းမောင်ရဲ့ အခန်းကိုလှမ်းသွားလိုက်တယ်။ အခန်း
ထဲ ရောက်တာနဲ့ ဝေဝေခိုင်ရဲ့ ဝတ်စုံကို ကိုင်ပီး ထုံးစံအတိုင်း ဆွေး
ဆွေး မြေ့မြေ့လုပ်နေတဲ့ မင်းမောင်ကို ပြောလိုက်ရတာဗျ။
” မင်းမောင် !! မင်းဟာက လွန်လွန်းနေပီ…မင်းကိုင်ထားတဲ့ အဲ့ဒီဝတ်စုံကို တစ်နေရာရာမှာ သွားပီး စွန့်ပစ်လိုက်ပါတော့ကွာ…ဒါမှမဟုတ်
လည်း မရှိနွမ်းပါးတဲ့သူကို ပေးပစ်လိုက်ကွာ ”
” ဟာ !! မလုပ်ပါနဲ့ သူငယ်ချင်းရယ်…ငါ့မှာ ခိုင့်ရဲ့အလွမ်းပြေ ဆိုလို့
ဒါပဲရှိတာပါကွာ… ခိုင်လာရင်…ငါသူ့အပေါ်ဘယ်လောက်ချစ်…ဘယ်
လောက်သတိရနေလဲဆိုတာ သူသိအောင်… ဒီဝတ်စုံလေး ထုတ်ပြပီး
သက်သေပြရမှာကွ ”
” ဟူးးး !! မင်းကတော့ ပြောလေဆိုးလေပါပဲလား…တော်တော့
မင်းမောင်ရာ အလုပ်နောက်ကျနေပီ…အခန်းတံခါးပိတ်… သော့ခတ်
တော့ ”
ကျုပ်အဲဒီလိုပြောလိုက်တော့မှ မင်းမောင်က ဘာစကားမှ ဆက်မဆို
တော့ပဲ အခန်းတံခါးတွေ လိုက်ပိတ်ပီး အလုပ်သွားဖို့ပြင်တယ်။
အလုပ်ထဲရောက်တော့လည်း ဒီကောင်က အကောင်းဗျ။ တက်တက်
ကြွကြွနဲ့ တာဝန်ကို ပီးမြောက်အောင် လုပ်နိုင်တယ်။ ဒါ့ကြောင့်လည်း
လူကြီးတွေက ဒီကောင့်ဆိုရင်ချစ်ကြ…မျက်နှာသာပေးကြတာနေမှာ။
ကျုပ်ကတော့အဲဒီနေ့က အလုပ်လုပ်ရတာ စိတ်မပါဘူး…ဒီကောင့်ရဲ့
မူမမှန်တဲ့အပြုအမူတွေနဲ့ အကြောင်းတွေကိုပဲတွေးနေမိတာဗျို့။
” ဝုတ်…ဝုတ်…ဝုတ် !! အူ ဝူးးးးး … အု ”
ရုတ်တရက် ဆွဲဆွဲငင်ငင် ထအူလိုက်တဲ့ ရပ်ကွက်အတွင်းက ခွေးတစ်
အုပ် ကြောင့်… ကျုပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာကနေ လန့်နိုး
သွားတာဗျို့။ နိုးနိုးချင်း အခန်းရဲ့ခြေရင်းမှာ ချိတ်ထားတဲ့ နာရီကို လှမ်း
ကြည့်လိုက်တော့ အချိန်က ညလယ်နှစ်ချက်တီးနေပီ။ ဒါနဲ့ ရေတစ်
ခွက်ထ သောက်ပီး ပြန်အိပ်ဖို့ပြင်လိုက်တယ်။
” ဟင် !! ခိုင်…ခိုင်ပါလား… ခိုင် ကိုယ့်ဆီ တကယ်လာတာပေါ့နော် ”
ဟာ !! ကျုပ် ပြန်အိပ်ဖို့ လုပ်တုန်း…တစ်ဖက်ခန်းက မင်းမောင်ရဲ့
စကားသံကိုကြားလိုက်ရတာဗျို့။ အသံက တကယ့်ကိုတိုးတိုးလေး…
လေသံလေးနဲ့ ပြောနေမှန်းသိသာတယ်။ ဒါပေမဲ့ ညသန်းခေါင်ယံ
အချိန်လည်းဖြစ်…တစ်ဆောင်လုံး တိတ်ဆိတ်အိပ်မောကျနေချိန်
လည်းဖြစ်တော့…ကျုပ်နားထဲမှာ ရှင်းရှင်း လင်းလင်း ပီပီသသကြီး
ကို ကြားနေရတာပါဗျာ။ မင်းမောင်ရဲ့ စကားတွေက ကျုပ်အတွက်
အထူးအဆန်းမဟုတ်တော့ပါဘူး…ဒီကောင်ပြောနေတဲ့ အကြောင်း
အရာတွေမှန်သမျှက ကျုပ်အတွက် ဖန်တစ်ရာကျေနေပီလေ။
ဒါပေမဲ့ ဒီတစ်ခါတော့ မင်းမောင် ပြောဆိုနေတဲ့ စကားတွေက အရင်
ပြောနေကျ အကြောင်းအရာတွေနဲ့မတူဘူး။ အတော်လေးထူးဆန်း
လို့နေတာဗျို့။ ဒါနဲ့ပဲ ကျုပ် အသာလေးနားစွင့်နေလိုက်မိတယ်။
” ခိုင်ရယ်… ပိန်သွားလိုက်တာ…ကြည့်စမ်းပါဦး ”
” ###### … ×××××××… ###### ”
ဟော !! မင်းမောင်ရဲ့စကားသံဆုံးသွားတော့… ကျုပ်နားထဲ မသဲကွဲ
တဲ့ နောက်ထပ်စကားသံတစ်ခုကို တိုးညှင်းစွာကြားလိုက်ရတယ်။
သိပ်တော့…မဟုတ်တော့ဘူးဗျို့။
ခါတိုင်းလို တစ်ယောက်ထဲ စကားပြောနေတာနဲ့မတူဘူး…တစ်
ယောက်ယောက်နဲ့ အပြန်အလှန်ပြောဆိုနေကြတဲ့ ပုံမျိုးဗျ။ ပိုပီး
သေချာချင်တာနဲ့ ကျုပ်ချက်ချင်း ကုတင်ပေါ်ကဆင်းလို့ နံရံမှာ
နားကပ်ပီး နားထောင်လိုက်တယ်။
” ဘယ်လိုပဲ ဖြစ်ဖြစ်ပါ… ခိုင်ကိုယ့်ဆီရောက်လာတာကို ကိုယ် အရမ်း
ဝမ်းသာတယ်…ကိုယ်နေ့တိုင်း ခိုင့်ကို မျှော်ခဲ့ရတာ ခိုင်ရဲ့ ”
” ###### … ××××××××× … ###### ”
ကျုပ် မင်းမောင်ရဲ့…စကားသံကို ပီပီသသ ကြားနေရပေမဲ့…နောက်
ထပ်ကြားနေရတဲ့ အသံကထွက်လာတဲ့ စကားတွေကိုတော့ ဘယ်လို
မှနားမလည်နိုင်သလို…ရှင်းရှင်းလင်းလင်းလည်းမကြားရတာပါဗျာ။
အဲဒီချိန်မှာပဲ မင်းမောင်ရဲ့ စကားသံကို ဆက်ပီးကြားလိုက်ရတယ်။
” ဟာ !! ခိုင်ရောက်လာတာ ကိုယ့်အတွက် အနှောင့်အယှက် မဖြစ်ပါ
ဘူး…အခု ခိုင်လာတာ ကိုယ့်နဲ့ အရင်လို အတူတူပြန်နေဖို့ပဲ မဟုတ်
လား ခိုင် ”
” ××××××××××××××× … ”
” ဟင် !! အခု မရသေးဘူးဟုတ်လား…ဒါဆို ခိုင်… ကိုယ့်စီ မကြာ…
မကြာ လာခဲ့ရမယ်နော်… ခိုင်အခု ဘယ်မှာနေ နေလဲဟင် ”
” ××××××××××××× ”
” ဘာ !! ခိုင် အဲဒီမှာ နေတယ်ဟုတ်လား… ဒါဆို ခိုင် ကိုယ့်ဆီကို
အဝေးကြီးကနေ လာခဲ့ရတာပေါ့ ”
ကျုပ် ကြားနေရတဲ့ စကားသံတွေကြောင့် ရင်ထဲမှာ ထိတ်ခနဲဖြစ်သွား
ပီး ခေါင်းနပမ်းပါ ကြီးသွားတယ်။ မင်းမောင် တစ်ယောက်ယောက်နဲ့
စကားအပြန်အလှန်ပြောနေတာ အသေချာပဲဗျ။ ဒီကောင်နဲ့ စကားပြော
နေတဲ့သူက တကယ်ပဲ ဝေဝေခိုင်များလား…ကျုပ်လည်းတွေးရင်းနဲ့သိ
ချင်စိတ်ကို လုံးဝထိန်းမရတော့ဘူး။
ဒါ့ကြောင့်လည်း ခြေကို အသာဖွနင်းပီး မင်းမောင်ရဲ့ အခန်းဘက်ကို
သွားလိုက်တယ်။ မင်းမောင်ရဲ့အခန်းရှေ့ကိုရောက်တော့ အခန်းတံခါး
က ဖွင့်ထားတာကိုလည်းတွေ့လိုက်ရတယ်။ အခန်းကိုတော့ မီးမှောင်
ချထားတာဗျို့။ မှောင်မဲနေတဲ့ အခန်းထဲမှာ မင်းမောင်ရဲ့ စကားသံနဲ့ ထူးဆန်းပီး သဲသဲကွဲကွဲ မကြားရတဲ့ စကားသံတွေက ထွက်နေတုန်းပဲ။
ကျုပ် အခန်းထဲကို အသာလှမ်းဝင်လိုက်တော့…ဘာရယ်မဟုတ်ပဲ
ကြက်သီးတွေတဖြန်းဖြန်းထလာပီး ကျောတွေချမ်းသွားတာဗျို့။ ကျုပ်
ရဲ့မသိစိတ်က ဒီအခန်းထဲမှာ ကျုပ်သူငယ်ချင်း မင်းမောင်အပြင် တခြား
တစ်ယောက်ယောက်ပါ ရှိနေသလို ခံစားလိုက်ရတာဗျ။
ဒါနဲ့ စိတ်ကို တင်းလိုက်ပီး အခန်းရဲ့ နံရံကိုကပ်လို့မီးခလုတ်ရှိရာကို
စမ်းတဝါးဝါးနဲ့သွားလိုက်တယ်။ လက်ကမီးခလုတ်ကို စမ်းမိတာနဲ့
ကျုပ် အသက်ကို တစ်ချက်ဝအောင်ရှုပီး ဖွင့်ချလိုက်တာပေါ့ဗျာ။
” ထောက် !! ”
မီးလင်းသွားတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ မင်းမောင်ရဲ့အနားမှာ
အရိပ်လိုလို တိမ်လိုလို ဖြူဖြူသဏ္ဍာန်တစ်ခုကို ရိပ်ခနဲတွေ့လိုက်ရပီး
ချက်ချင်းဆိုသလို ဖျတ်ခနဲပျောက်ကွယ်သွားတာကိုပါ မယုံနိုင်စရာ
တွေ့လိုက်ရတာဗျို့။
” ဟင် !! အောင်လွင် … ငါ့ အခန်းထဲကို ဘယ်လိုလုပ်ပီး ရောက်နေ
တာလဲ … မီးဖွင့်လိုက်တာ မင်းလား ”
မင်းမောင်က ကျုပ်ကို တွေ့တွေ့ချင်းလှမ်းမေးလိုက်တာ။ ကျုပ်
ဒီကောင့် အမေးကို ချက်ချင်း ပြန်မဖြေအားသေးဘူး။ စောနက
လျှပ်တပြက်မြင်လိုက်ရတဲ့ လူရိပ်လိုလို သဏ္ဍာန်ကိုပဲ ရှာနေမိ
တာဗျို့။ ဒါပေမဲ့ အခန်းထဲမှာ ဘာဆို ဘာမှ မသင်္ကာစရာမတွေ့
ရဘူး။ အဲဒီချိန်မှာပဲ အဆောင်အပြင် လမ်းပေါ်ကခွေးတွေ ပြိုင်တူ
သံရှည်ဆွဲပီး ကျောချမ်းစရာကောင်းလောက်အောင်…ထအူလိုက်တဲ့
အသံကိုပါကြားလိုက်ရတယ်။ ဒါနဲ့ ခုနက မင်းမောင်ရဲ့ အမေးကို
ပြန်ဖြေရင်း ဒီကောင့်ကို မေးခွန်းပြန်ထုတ်လိုက်ရပီပေါ့။
” ဟုတ်တယ် !! မင်းမောင်…မင်းတယောက်ယောက်နဲ့ စကားပြောနေတဲ့ အသံကြားမိလို့ ငါလာခဲ့တာ… မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ…ငါတော့ဘယ်သူမှလည်း မတွေ့ပါလား ”
” ဘယ်သူရှိရမှာလဲ … ခိုင်နဲ့ပေါ့…ဒီအကြောင်း ဘယ်သူ့မှ မပြောပါနဲ့ သူငယ်ချင်းရယ် … ခိုင်က သူလာတာ ဘယ်သူမှ မသိစေချင်ဘူး…
ခုလည်း မင်းရောက်လာလို့ ခိုင် ထွက်သွားပီ အောင်လွင်ရ ”
” ဘာ !! ဝေဝေခိုင်နဲ့ပြောနေတာ ဟုတ်လား…သေပီးသား လူတစ်
ယောက်နဲ့ မင်းက ဘယ်လို စကားပြောနိုင်မှာလဲ…ငါတော့ မယုံနိုင်
အောင် ဖြစ်နေပီ မင်းမောင် ”
” ငါတကယ်ပြောနေတာ အောင်လွင်…ပီးတော့ ဒီအကြောင်းတွေ
ဘယ်သူ့မှ မပြောပါနဲ့… တခြားလူတွေ သိသွားလို့ မဖြစ်ဘူး ”
” ဟူးးး !! မင်းမောင်…မင်းမောင်…မင်းရဲ့ စွဲလန်းစိတ်နဲ့ မင်းသိမ်းထားတဲ့ ဝေဝေခိုင်ရဲ့သက်ပျောက်ဝတ်စုံ က မင်းကို ဒုက္ခ ပေးတော့မယ်… ကဲ … ကဲ ငါမီးပြန်ပိတ်လိုက်တော့မယ်…အိပ်လိုက်တော့ မင်းမောင် ဒီကိစ္စက တခြားသူတွေ ရိပ်မိသွားရင် မကောင်းဘူး ”
ကျုပ်စကားဆုံးတာနဲ့ မင်းမောင်ရဲ့တုံ့ပြန်စကားကိုစောင့်မနေတော့ပဲမီးပိတ်ပီး ကိုယ့်အခန်း ကိုယ် ပြန်လာခဲ့တယ်။ ဒါပေမဲ့ ခုနက ကိစ္စကို
စိတ်ထဲ မတင်မကျဖြစ်နေတာတော့အမှန်ပဲ။ အရင်ရက်က မင်းမောင်
ကျုပ်အခန်းထဲလာပီး ပြောခဲ့တဲ့ စကားတွေကို ပြန်မြင်ယောင်မိတယ်။
ဒီကောင် ပြောသလိုပဲ သူ့ကိုအိမ်မက်ပေးထားတဲ့အတိုင်း တမလွန်
ဘဝ က ဝေဝေခိုင်ရဲ့ ဝိဥာဉ်က တကယ်ပဲရောက်လာတာများလား
…ကျုပ်ပဲ အမြင်မှားသလား သေချာမဝေခွဲတတ်တော့ဘူး။ ဒါပေမဲ့
သေချာတာတစ်ခုကတော့… ခုနက ကျုပ် လျှပ်တပြက် တွေ့လိုက်
ရတဲ့ လူပုံသဏ္ဍာန် ဖြူဖြူအရိပ်ကြီးက မင်းမောင်ပြောသလို ဝေဝေခိုင်
ရဲ့ ဝိဥာဉ်သာဆိုရင် ဒီကိစ္စဟာပေါ့သေးသေးမှတ်ယူလို့မရတော့ဘူး။
ကျုပ်ဖြင့် အဲဒီညက အတွေးပေါင်းစုံနဲ့ တစ်ညလုံးအိပ်မပျော်တော့ဘူး
ဗျို့။ မနက်ရောက်တော့ အလုပ်သွားရင်း ဝင်စရာလေးတစ်ခုရှိတာမို့
မင်းမောင်ကို ခေါ်မနေတော့ပဲ အခန်းထဲကထွက်လိုက်တော့…
အဆောင်လျှောက်လမ်းမှာကျုပ်နဲ့မင်းမောင်နေတဲ့ ဘေးချင်းကပ်ရက် အခန်းကလူတွေစုပီး မင်းမောင်အကြောင်းကို တီးတိုးပြောဆိုနေသံတွေ ကြားလိုက်ရတယ်။ ကျုပ်ကိုမြင်တော့လည်း ဝိုင်းမေးကြတယ်ဗျ။
” ဗျို့ …ကိုအောင်လွင် !! အစောကြီးရှိသေးတယ်…အလုပ်သွားတော့
မလို့လား…အချိန်ရသေးရင် ခဏလောက်ဗျာ…မေးစရာလေးရှိလို့ဗျ…
ညက နှစ်ချက်တီးလောက်ကြီး ခင်များရဲ့ သူငယ်ချင်းကိုမင်းမောင်
အခန်းထဲက စကားပြောသံတွေ ကြားရတယ်…ကျုပ်တို့ကြားပုံအရ
တော့ မိန်းမတစ်ယောက်နဲ့ စကားပြောနေသလိုပဲ ”
” ဟုတ်တယ် … ကိုအောင်လွင်ရ !! ခင်များ အခန်းက ကိုမင်းမောင်
နဲ့ ကပ်လျက်ပဲ … ညက စကားပြောသံတွေ မကြားမိဘူးလား …ပီး
တော့ ခိုင်ဆိုတဲ့ နာမည် ခဏခဏ ကြားရတယ်…အဲဒါ ဘယ်သူလဲ ”
ကျုပ်နဲ့ မင်းမောင်က သူငယ်ချင်းတွေမှန်းသိလို ခုလိုဝိုင်းမေးကြတာ
ဗျ။ ဒါပေမဲ့ ကျုပ် အမှန်တိုင်းပြောလို့ဘယ်ဖြစ်မတုန်း…အမှန်တိုင်း
ပြောလည်း ဘယ်သူကမှ ယုံကြည် လက်ခံကြမှာမှ မဟုတ်တာ။
မယုံကြတဲ့ အပြင် မင်းမောင်ကိုပါရှုးနေတယ်လို့ထင်ကြမှာ…ပီးတော့
မင်းမောင်မှာ သေသွားတဲ့ သူ့ဇနီး ဝေဝေခိုင်ရဲ့သက်ပျောက်ဝတ်စုံကြီး
ကလည်းရှိနေသေးတာလေဗျာ။ ဒါကို တခြားသူတွေ သိသွားလို့မဖြစ်
ဘူး…ဒီတော့ ကျုပ်လည်း လိမ်လည်ပီး ပြောလိုက်ရတော့တာပေါ့။
” ဟာ !! ခင်များတို့ စိတ်ထဲ ထင်လို့ဖြစ်မှာပါ … ကျုပ် အဲဒီအချိန်တရေး
နိုးလို့ အပေါ့အပါးထ သွားတော့ မီးတောင်ဖွင့်လိုက်သေးတယ်…ဘာမှ
မကြားမိပါဘူးဗျ… တခြားထူးခြားတာလည်းမတွေ့ပါဘူး…ဒါပဲနော်…
ကိစ္စလေး ရှိသေးလို့ သွားလိုက်ဦးမယ်ဗျို့ ”
ကျုပ်လည်း အဲဒီလူစုကို စကားစမြန်မြန်ဖြတ်ပီး အသာလစ်ထွက်လာ
လိုက်တယ်။ အဲဒီမှမဟုတ်ရင် ဟိုထပ်မေး…ဒီထပ်မေးနဲ့ စကားတွေ
က ရှုပ်လာတော့မှာဗျ။ ပီးတော့ မင်းမောင်ကိုလည်း သတိထပ်ပေးဖို့
လိုနေပီဗျို့။
တစ်နေကုန် အလုပ်ထဲမှာတော့ မင်းမောင်ကို အဲဒီအကြောင်းမပြောပြ
သေးဘူး။ ညနေ အလုပ်သိမ်းလို့ အဆောင်ကို ပြန်ရောက်မှ တိုးတိုး
တိတ်တိတ်ပြောပြလိုက်တာဗျ။ ဒီတော့မှ မင်းမောင်က ကျုပ်ကိုအလန့်
တကြားနဲ့ ပြန်မေးတယ်။
” ဘာ !! ညက ခိုင်ရောက်လာပီး ငါနဲ့ စကားပြောတာကို မင်းအပြင်
တခြား သိတဲ့သူတွေရှိနေပီ ဟုတ်လား… အောင်လွင် ”
” ဟုတ်တယ်…မင်းမောင် !! ဒို့နဲ့ အခန်းချင်း အနီးဆုံးကပ်ရပ်က
လူတွေ မေးကြတာ ”
” ဟင် !! ဒီတော့ မင်းက ဘယ်လိုပြန်ဖြေလိုက်လဲ”
” ဟ !! ဘာဖြေရမှာလဲ…မကြားမိဘူး…မသိဘူးလို့ပဲ ပြန်ဖြေလိုက်ရတာပေါ့ကွ…ငါအမှန်တိုင်း ပြောလိုက်ရင် မင်းပဲ ဒုက္ခရောက်သွားမှာ ”
” သိပ်မှန်တာပေါ့ သူငယ်ချင်းရာ… ဒီကိစ္စကိုတခြားသူတွေ သိသွားလို့မဖြစ်ဘူးကွ…သိသွားရင် ခိုင် ငါ့ဆီလာတော့မှာ မဟုတ်ဘူး ”
” ဟာ !! ဘာတွေပြောနေပြန်ပီလဲ မင်းမောင်…ငါပြောချင်တဲ့ မင်းဒုက္ခ
တွေ့မယ် ဆိုတာက… မင်းကို အရှုးလို့ ထင်ပီး အဆောင်မှာ မထားပဲ…အရူးထောင်ကို ပို့ပစ်လိုက်မှာစိုးတာကွ… ဒါကို မင်းက တခိုင်ထဲခိုင်နေတယ်…ငါပြောတာကို နားဝင်စမ်းပါ သူငယ်ချင်းရာ…မင်းသိမ်းထားတဲ့ အဲဒီသက်ပျောက်ဝတ်စုံကို လွှင့်ပစ်လိုက်ပီး လူသစ် စိတ်သစ်နဲ့နေပါတော့…ကြာရင် ပြသနာတွေက ရှင်းမရအောင် ရှုပ်လာတော့မယ်ကွ ”
” ဟာ !! မဖြစ်ဘူး အောင်လွင်…ဒါလေးတော့ ငါ့ကို နားလည်ပေးပါ…
ငါ့ဘဝမှာ ခိုင်နဲ့ ပတ်သတ်ပီး အမှတ်တရ… ခိုင်ရဲ့ အလွမ်းပြေဆိုလို့
ဒါလေးပဲ ရှိတာပါကွာ…အဲဒီလိုတော့ မလုပ်ပါရစေနဲ့ ငါ … မင်းကို
ဒူးထောက်ပီး တောင်းပန်ရမယ်ဆိုလည်း တောင်းပန်ပါ့မယ် ”
မင်းမောင်က စကားဆုံးတာနဲ့ ထိုင်ရာကထပီး ကျုပ်ရှေ့မှာဒူးထောက်
ချလိုက်တယ်။ ကျုပ် ချက်ချင်းပဲ ဒီကောင့် ပခုံးကိုကိုင်ပီး ပြန်ဆွဲမလိုက်
ရတာဗျ။ ပီးတော့ သူ့ကို ဘာစကားမှ ဆက်မပြောတော့ပဲ ခေါင်းကို
တစ်ချက်ခါရမ်းလိုက်ပီး စိတ်ပျက်လက်ပျက်နဲ့ထွက်လာလိုက်တာဗျို့။
ဒီကောင့် ရောဂါက အတော်လေးကျွမ်းနေပီ။ ကျုပ်ဘာပြောပြော အရာ
ဝင်တော့မှာ မဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်လိုက်ပီလေဗျာ။
အဲဒီနောက်ပိုင်းတော့ ကျုပ် သူ့ကို သနားတဲ့စိတ်နဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ သံသယတွေကို အမျိုးမျိုး လိမ်လည် ကာကွယ်ပြောဆိုနေ
ပေးခဲ့ပေမဲ့…အဲဒီအတွက် မင်းမောင် ဒုက္ခရောက်မှာကိုတော့ စိုးရိမ်မိ
တာ အမှန်ပဲဗျို့။
ကျုပ်တို့ခေတ် ဘော်ဒါဆောင်တွေဆိုတာက ဒီနေ့ခေတ်လို ပေါသောထနေတဲ့ အဆောင်တွေ…အခန်းတွဲတွေလောက် မလွတ်လပ်ဘူး။
တအားကို လွှတ် စည်းကမ်း တင်းကြပ်တာဗျ။ အဆောင်မှာ ယောကျာ်း
လေးတွေပဲ နေခွင့်ရှိတယ်။ မိန်းမဆိုရင် ကိုယ့်နှမ…ကိုယ့်အစ်မ…မိဘ
ဆွေမျိုးတွေတောင် ခေါ်လာလို့မရဘူး။
အခုလည်း ညအချိန်မတော် မင်းမောင်ရဲ့ အခန်းထဲကနေပီး မိန်းမတစ်
ယောက်ရဲ့စကားသံတွေ ကြားနေရတယ်ဆိုတဲ့ သတင်းက အဆောင်
မှာတင်မကဘူး…ရပ်ကွက်ထဲမှာတောင် တဖြေးဖြေးပျံ့နှံ့လို့နေတာဗျ။
ကြာတော့ အဆောင်ပိုင်ရှင်နဲ့အဆောင်မှူးတွေကပါ မင်းမောင်ရဲ့
အကြောင်းကို ကျုပ်ဆီ စုံစမ်းမေးမြန်းလာကြတဲ့ အထိပဲ။
ဒါပေမဲ့ ကျုပ်ကတော့အတတ်နိုင်ဆုံးတော့ ဘယ်သူမှ မရိပ်မိအောင် လီဆယ် ဖုံးဖိပြောဆိုပေးခဲ့တာပေါ့ဗျာ။
×××××××××××××××××××××××××××××××××××××××
အပိုင်း ( ၂ ) ဇာတ်သိမ်းပိုင်း ဆက်ရန် ။
#ဖြစ်ရပ်မှန်ဇာတ်လမ်းအဆက်~~~~
” သက်ပျောက် ဝတ်စုံ ” အပိုင်း ( ၂ ) ဇာတ်သိမ်း
~~~~~~~~~~~~~~~~~~~~~~~~
🕰️🕰️🕰️🕰️
ဒီနေ့တော့ အလုပ်ထဲမှာ အတော်လေး ပင်ပန်းခဲ့တာမို့ ညရောက်
တော့ ကျုပ် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတာဗျို့။ သန်းခေါင်
ကျော်လောက်ရောက်တော့ ရုတ်တရက် ထွက်ပေါ်လာတဲ့ ဆူဆူ ညံ
ညံ အသံတွေကြောင့် ကျုပ် လန့်နိုးသွားတယ်။
နိုးနိုးချင်း ဆူညံသံတွေကြားရာ အခန်းပြင်ကိုလှမ်းထွက်လိုက်တော့ တစ်ဆောင်လုံး မီးတွေ ထိန်လင်းနေပီး မင်းမောင်ရဲ့ အခန်းရှေ့မှာ ဘေးခန်းကလူတွေကော အပေါ်ထပ်မှာနေတဲ့ လူတွေပါ စုရုံးရောက်
နေကြတာကိုလည်းတွေ့လိုက်ရတယ်။ ဒါနဲ့ ကျုပ်လည်း အဲဒီလူတွေ
ကို ကမန်းကတန်း လှမ်းမေးလိုက်ရတာပေါ့။
” ဘာဖြစ်ကြတာလဲ…အဆောင်ထဲ သူခိုးဝင်လို့လားဗျ ”
” ဘယ်က ဟုတ်ရမှာလဲ…ဒီမှာအပေါ်ထပ်က ကိုမင်းခန့် အိမ်သာ
သွားပီး အခန်းကိုအပြန် လျှောက်လမ်းမှာ ဆံပင်ဖားလျားနဲ့ မိန်းမ
တစ်ယောက်တွေ့လို့ဆိုပီး လိုက်ချောင်းတာ…အဲဒီမိန်းမက ခင်များ
သူငယ်ချင်း ကိုမင်းမောင်ရဲ့ အခန်းထဲကို ဝင်သွားလို့တဲ့ဗျ ”
” ဟုတ်တယ်… ဟိုးတလောကလည်း ညဘက်ဒီအချိန်ပဲ ကျနော်
လည်း အပေါ့ထသွားတာ…ကိုမင်းမောင် အခန်းရှေ့ရောက်တော့
မိန်းမတစ်ယောက်နဲ့စကားပြောသံကြားရလို့…အထဲကို တံခါးကြားကနေ အသာချောင်းကြည့်တော့…အခန်းထဲမှာ ကိုမင်းမောင်က လွဲပီး ဘယ်သူမှ မတွေ့ရဘူးဗျို့”
” အဲဒါဆို လူမဟုတ်နိုင်တော့ဘူး…ဥစ္စာစောင့် မဟုတ်ရင် တစ္ဆေမ
ပဲ ဖြစ်လိမ့် မယ် ”
ကျုပ်ကို တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပီးပြောဆိုနေလိုက်ကြတာ…
ဆူညံပွက်လောရိုက်နေတာပဲဗျို့။ ကျုပ်တို့ကသာ အပြင်ဘက်မှာ
အဲဒီလောက် ကမ္ဘာပျက်သလိုဆူညံပွက်လောရိုက်နေတာ မင်းမောင်
ကတော့ အခန်းထဲမှာ ငြိမ်ချက်သားကောင်းနေတုန်း။
ကျုပ် ရင်ထဲထိတ်ခနဲဖြစ်သွားပီးအခြေအနေ အဖြစ်ပျက်ကို ချက်ချင်း
ရိပ်စားမိလိုက်တယ်။ ဒါနဲ့ပဲခုလို လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အခြေနေ
တွေ ငြိမ်သွားအောင် ထိန်းချုပ်ဖိုိ့ ကြိုးစားလိုက်ရတာဗျ။
” ကဲ…ကဲ !! အားလုံး ကိုယ့်အခန်းကိုယ် ပြန်ကြတော့ဗျာ…ကျုပ် မနက်
ရောက်မှ မင်းမောင်ကို သေချာမေးကြည့်ပေးပါ့မယ် ”
ကျုပ် အဲဒီလိုပြောလိုက်တော့ တစ်ချို့က အောင့်သက်သက်နဲ့ပြန်သွား
ကြပီး…လူတစ်ချို့ကတော့ မယောင်မလည်နဲ့မင်းမောင်ရဲ့ အခန်း
ရှေ့မှာရစ်သီ ရစ်သီ လုပ်နေကြတာဗျ။ ဒီတော့ ကျုပ်လည်း ကျန်နေတဲ့သူတွေကို ဘာစကားမှ ဆက်မဆိုတော့ပဲ ကိုယ့်အခန်းကိုယ် ပြန်လာလိုက်တော့တယ်။ မိုးလင်းတော့ အဲဒီသတင်းက အဆောင်ပိုင်ရှင်ဆီ ရောက်သွားတာဗျို့။
နောက် တစ်ရက်ရောက်တော့…ကျုပ်ကော မင်းမောင်ကော အဆောင်
မှာ ရှိနေတဲ့ အချိန် အဆောင်ပိုင်ရှင် ကိုယ်တိုင် ရောက်ချလာပီး
မင်းမောင်ကို လူချင်းတွေ့မေးမြန်းတယ်။
” မနေ့က သတင်း ဦးကြားပီးပီ…မောင်မင်းမောင်ရဲ့ အခန်းကို
တစ္ဆေလိုလို…ဝိဥာဉ်လိုလို မိန်းမတစ်ယောက် အမြဲလာတယ်ဆို…
အဲဒီ သရဲက မောင်မင်းမောင်နဲ့ပတ်သတ်နေတယ်တဲ့…ဦးရဲ့ဘော်ဒါ
ဆောင်က စည်းကမ်းရှိပီး ကျယ်ဝန်းလို့ လူတွေက လာငှားနေကြတာ…ဒီသတင်းသာမှန်ရင် ဦးရဲ့ဘော်ဒါ ဆောင်မှာ သရဲရှိတယ်ဆိုပီး ဘယ်သူမှလာငှားကြမှာမဟုတ်တော့ဘူး…ဒါဆိုရင် ဦးရဲ့ စီးပွားပျက်ပီပေါ့…ပြောတဲ့ သူတိုင်း မောင်မင်းမောင်ရဲ့အခန်းထဲ
ကိုအစိမ်းရောင် ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမတစ်ယောက် ဝင်ဝင်သွား
တာကို မြင်လိုက်တာ တစ်ကြိမ် မကတော့ဘူးတဲ့…ဘယ်လိုလဲ
မောင်မင်းမောင်… ဦးကြားနေရတဲ့ သတင်းတွေကအမှန်ပဲလား ”
အဆောင်ပိုင်ရှင်ရဲ့ အမေးကို မင်းမောင်က အင်းမလုပ်…အဲမလုပ်နဲ့
ငြိမ်သက်ပီး နားထောင်လို့နေတာဗျ။ အတော်လေးကြာတဲ့ ထိ မင်း
မောင်ဆီက ဘာစကားမှထွက်မလာတော့…အဆောင်ပိုင်ရှင်က တစ်စုံတစ်ရာ ကို စိတ်ပိုင်းဖြတ်လိုက်ဟန်နဲ့ ဆက်ပြောတယ်။
” အေး !! မောင်မင်းမောင်က နူတ်ဆိတ်နေတယ်ဆိုတော့…ဝန်ခံတဲ့
သဘောပေါ့…ဒီတော့ ဦး ဆုံးဖြတ်ပီးပီ လကုန်ရင် မောင်မင်းမောင်
ဒီအဆောင်ကနေ တခြားကိုပြောင်းပေးပါ…ဘယ်နဲ့လဲ ဖြစ်တယ် မို့
လား မောင်မင်းမောင် ”
ဘော်ဒါဆောင် ပိုင်ရှင်ရဲ့စကားဆုံးတော့ မင်းမောင် ဘယ်လိုများပြန်
ဖြေမလဲ ဆိုပီး ကျုပ်လည်း စိတ်ဝင်တစားနဲ့ နားစွင့်လို့နေတာဗျ။
ဒါပေမဲ့ မင်းမောင်က အဝေးတစ်နေရာကို ရီဝေစွာ လှမ်းကြည့်နေတာ
ကလွဲလို့ဘာမှ ပြန်မပြောဘူး။ ဒီတော့ ကျုပ်လည်းမနေသာ
တော့တာနဲ့ အဆောင်ပိုင်ရှင် ဦးလေးကိုဝင်ပြောလိုက်တယ်။
” ကျနော် တစ်ခုလောက် ဝင်ပြောလို့ရမလား အန်ကယ် ”
ကျုပ်ရဲ့ ခွင့်တောင်း စကားကြောင့် အဆောင်ပိုင်ရှင်ဦးကြီးက ချာခနဲ
လှည့်ကြည့်ရင်း ပြန်ပြောတယ်ဗျ။
” ဘာများလဲ မောင်အောင်လွင်… ပြောပါကွဲ့ ”
” ဒီလိုပါ အန်ကယ်…မင်းမောင် အခန်းထဲ တစ္ဆေတွေ့ကြတယ်ဆိုတာ
လူတွေက ချဲ့ကားပီး ပြောကြတာလည်းဖြစ်နိုင်ပါတယ်…ဘာလို့လဲဆို
တော့ အခုချိန်ထိ အဲ့ဒီ သတင်းထွက်နေတဲ့ တစ္ဘေ ခြောက်လှန့်တာကို ဘယ်သူမှ မခံရဖူးသေးဘူးဗျ…ပီးတော့အဲဒီအစိမ်းရောင်ဝတ်စုံနဲ့မိန်းမ
တစ္ဆေကို ဘယ်သူမှလည်း တိတိကျကျမတွေ့ ကြပါဘူး…တစ်ခြားသူ
မပြောနဲ့ မင်းမောင်နဲ့ အခန်းချင်းကပ်လျက်နေတဲ့ ကျနော်တောင်တစ်
ခါမှ မတွေ့မိဘူး အန်ကယ် ”
ကျုပ် အဲဒီလိုပြောလိုက်တော့မှ အဆောင်ပိုင်ရှင် ဦးကြီးက မျက်မှောင်
ကြီးကုပ်ပီး ခေတ္တစဉ်းစားနေဟန်နဲ့ အတော်လေးကြာတော့ ကျုပ်ကို
စေ့စေ့ကြည့်ပီး ပြန်မေးတယ်။
” ဒါဆိုရင် မောင်အောင်လွင်က ဘယ်လိုဖြစ်စေချင်လို့လဲ…ဦးကို
ဘယ်လိုလုပ်စေချင်လဲကွဲ့ ”
” ဟုတ်ကဲ့ !! ကျနော့်သဘောအရဆိုရင်တော့ မင်းမောင်ကိုဒီအဆောင်
မှာ ဆက်ထားဖို့ ဦးကိုမေတ္တာရပ်ခံချင်ပါတယ်…မင်းမောင်က ခုချိန်မှာ ဆွေမျိုး ညီကို/မောင်နှမ မိဘမရှိတော့တဲ့ ဥတစ်လုံးတစ်ကောင်ကြွက် တစ်ယောက်ပါ…လက်ရှိ သူ့အတွက် ဒီကမ္ဘာပေါ်မှာ ဆွေမျိုးနီးစပ်ရယ်
လို့ သဘောထားရမဲ့ သူက ကျနော်တစ်ယောက်ထဲရှိတာ ဆိုရင်လည်း မမှားပါဘူး…ဒီတော့ ကျနော့်မှာ မင်းမောင်ကို ကူညီစောင့်ရှောက်ရမဲ့
တာဝန် ဝတ္တရားအပြည့်ရှိတယ်…ပီးတော့ မင်းမောင် ဒီဘော်ဒါဆောင်
မှာနေရဖို့ကိုလည်း ကျနော်ကိုယ်တိုင်ပဲ တာဝန်ခံနေရာမှာ လက်မှတ်
ရေးထိုးခဲ့တာပါ ဦး ”
” ဟုတ်ပီ !! ဆက်ပြောပါ မောင်အောင်လွင်… မင်း စကားကို ဦး နား
ထောင်နေပါတယ် ”
” ကျနော့် သဘောကတော့ ပတ်ဝန်းကျင်ရဲ့မရေရာမသေချာတဲ့ စကား
တွေကြောင့် မင်းမောင်ကို ဒီကနေ မပြောင်းခိုင်းစေချင်ဘူး…တကယ်
လို့ အဲဒီ တစ္ဆေမ ကိစ္စနဲ့ ဦးရဲ့စိတ်မှာ မတင်မကျဖြစ်နေတယ်ဆိုရင်
…အဆောင်မှာ သံဃာတွေပင့်ဖတ်ပီး ဆွမ်းကပ်မယ်…ပရိတ်/ပဌာန်း
တရားတော်တွေရွတ်ဖတ် သရဇ္ဈယ်တာမျိုးတွေ လုပ်လိုက်ပါ့မယ်…
အဲဒီ အတွက်ကိုလည်း ကျနော်ပဲ အကုန်ကျခံ စိုက်ထုတ်မှာပါ ဦး…
အဲဒီလို လုပ်လိုက်ပီးမှ…မင်းမောင်နဲ့ပတ်သတ်ပီး ဒီလို အဖြစ်တွေ…
ဒီလိုသတင်းတွေထပ်ကြားနေဦးမယ်ဆိုရင်တော့ ဦးစိတ်တိုင်းကျ စီမံ
ဆုံးဖြတ်ဖို့ မေတ္တာရပ်ခံပါတယ်ဗျာ ”
ကျုပ် စကားဆုံးသွားတော့ အဆောင်ပိုင်ရှင်ဦးကြီးက မင်းမောင်ရဲ့
မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သေးတယ်။ နောက်တော့မှ
ခေါင်းကို ဆတ်ခနဲ ငြိမ့်ပီး ပြန်ပြောတာဗျို့။
” အင်းး !! မောင်အောင်လွင်ပြောတဲ့ အစီစဉ်က မဆိုးပါဘူး…လက်ရှိ
ဦးရဲ့ အဆောင်မှာ နေကြတဲ့သူတွေကလည်း ဗုဒ္ဓဘာသာဝင် အများစု
ဆိုတော့…မင်းပြောတဲ့ အတိုင်း လုပ်လိုက်ရင် စိတ်သန့်သွားကြမှာပါ
ကွယ်…အဓိက ကတော့အဆောင်မှာနေကြတဲ့သူတွေ စိတ်ဖြောင့်ဖြောင့်
နဲ့ အဆင်ပြေသွားတယ်ဆိုရင် ပီးတာပါပဲ”
” ဟုတ်ကဲ့ !! ခုလို လိုက်လျောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဦး ”
ကျုပ် တို့ ညှိနှိုင်းချက် အဆင်ပြေချောမွေ့သွားတော့…အဆောင်ပိုင်ရှင်
ဦးကြီးက ကြည်ကြည်ဖြူဖြူနဲ့ ပြန်သွားတယ်။ ဒီတော့မှ ကျုပ်လည်း
ကျုပ် သူငယ်ချင်း မင်းမောင်ကို စိတ်ရှိလက်ရှိ ဆူပူကြိမ်းမောင်းတော့
တာဗျို့။ မင်းမောင်ကတော့ ထုံးစံအတိုင်း ကျုပ်ပြောသမျှ ဆိုသမျှကို
ထုံဏှိဘာဝေ ကျောက်ရုပ်ကြီးတစ်ရုပ်လို မတုန်မလှုပ် ငြိမ်ခံနေတော့တာပေါ့ဗျာ။ နောက်ဆုံး ကျုပ်မှာသာ မောပီး စိတ်လျှော့လိုက်ရတယ်။
🕰️🕰️🕰️🕰️
နောက်တစ်ပတ် အလုပ်နားရက် တနင်္ဂနွေနေ့ရောက်တော့…ကျုပ်
ကိုယ်တိုင် အနီးနားရပ်ကွက်ထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ
သံဃာတော် ငါးပါး ပင့်ဖိတ်ပီး အဆောင်မှာ ဆွမ်းကပ်တယ်။
အဆောင်မှာဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေကိုလည်း ဆရာတော်တွေ
ကို ရိပ်ဖမ်း သံဖမ်းလျှောက်တင်လိုက်တာပေါ့ဗျာ။ ဒီတော့ ဆရာတော်
ကြီးတွေက အဆောင်မှာ မြတ်ဗုဒ္ဓရဲ့ တန်ခိုးကြီး အန္တာရာယ်ကင်း ပရိတ်
တရားတော်တွေကို ရွတ်ဖတ်ပူဇော်ပေးတယ်။ တရားပွဲပီးတော့ သုံး
ဆယ့်တစ်ဘုံနဲ့ ဝေနေယျ သတ္တဝါအပေါင်းကို အမျှတန်းပေးဝေပီး
ပရိတ်ရေ…ပရိတ်ဆန်မန်းတွေနဲ့ အဆောင်တစ်ခုလုံးကို ပက်ဖြန်းပေး
ကြတာဗျို့။
အထူးသဖြင့် မင်းမောင်ရဲ့အခန်းမှာဆိုရင် ပြတင်းပေါက်/တံခါးပေါက်
ရှိတဲ့ နေရာမှန်သမျှကို ပရိတ်ကြိုးတွေ ချည်ပီး တားထားကြတာဗျ။
အဲဒီချိန်မှာ မင်းမောင်ကတော့ ဆရာတော်ကြီးတွေ လုပ်ကိုင်နေပုံကို
ဆွေးမြေ့နေတဲ့ မျက်ဝန်းအစုံနဲ့ ငေးကြည့်နေရုံကလွဲလို့ တခြား ဘာ
မှတော့ မပြောရှာပါဘူး။
အဲဒီနောက်ပိုင်းတော့ ဘယ်သူ့ဆီကမှ မင်းမောင်ရဲ့ အခန်းမှာ ဘာ
သံ/ညာသံ ကြားရတယ်ဆိုတဲ့ စကားသံတွေထွက်မလာတော့သလို
…မကြာခဏ မင်းမောင်ရဲ့ အခန်းထဲကနေ အစိမ်းရောင်ဝမ်းဆက်နဲ့
အမျိုးသမီးတစ်ယောက် ဝင်လိုက်…ထွက်လိုက်လုပ်နေတာကို တွေ့
ပါတယ်ဆိုတဲ့ လူတွေလည်း မရှိကြတော့ဘူးဗျ။
ဒီတော့ ကျုပ်အပါအဝင် အဆောင်မှာနေကြတဲ့ သူတွေ အားလုံး ဝမ်းသာနေကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီထဲမှာ မင်းမောင်တော့မပါဘူး…
ဒီကောင့်ကို ကြည့်လိုက်ရင် မရွှင်မလန်းနဲ့ အရင်ကထက်ကို ငေးငေး
ငိုင်ငိုင်ဖြစ်လာတာပဲ မြင်နေရတယ်။ ကျုပ်နဲ့တောင် အရင်လို စကား
ဟက်ဟက် ပက်ပက် မပြောနိုင်တော့တဲ့ အထိပါဗျာ။
ဒီည ကျုပ် တော်တော်နဲ့ မအိပ်ဖြစ်ဘူး…မနက်ဖြန် အလုပ်ပိတ်ရက်
ဆိုတော့…နေဖင်ထိုးမှ အိပ်ယာထလို့ရတယ်ဆိုတဲ့ အတွေးနဲ့ မူခင်း
ဝတ္ထု စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်ကောင်းနေတာဗျို့။ ညသန်း
ခေါင်ကျော်မှ ပီးလို့ အိပ်ယာဝင်ရတယ်။
” ဒေါက်…ဒေါက်…ဒေါက် !! ”
ကျုပ် ဘယ်ချိန်ထိ အိပ်ပျော်သွားတယ် မသိဘူး… အခန်းဝက တံခါး
ခေါက်သံကိုကြားမှ လန့်နိုးလာတယ်။ နိုးနိုးချင်း ပြတင်းပေါက် တံခါး
ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့… မိုးသောက် အာရုံလင်းရုံရှိနေသေးတာဗျ။ ဒါနဲ့ အပြင်ဘက်က တံခါးလာခေါက်တဲ့ သူကို စိတ်
တိုတိုနဲ့လှမ်းအော်လိုက်တယ်။
” ဘယ်သူလဲဟေ့…ဒီမှာ အိပ်နေတာ နားမလည်ဘူးလား ”
” အောင်လွင် !! ငါပါဟ … မင်းမောင်ပါ ”
” ဟေ !! မင်းမောင်လား ”
မင်းမောင်ဆိုတဲ့ အသံကြောင့် ကျုပ် ကုတင်ပေါ်ကနေ ငေါက်ခနဲထပီး အခန်းတံခါးကို သွားဖွင့်ပေးရင်း အကျိုးအကြောင်း မေးလိုက်ရတယ်။
” မင်းမောင် !! ဘာဖြစ်လို့လဲကွ ”
” ငါဘာမှ မဖြစ်ပါဘူး အောင်လွင်ရ… မင်းကိုပြောပြစရာလေးရှိ
လို့ပါ ”
” ဟာ !! ဘာများလဲလို့ကွာ…မင်းဟာကလဲ…ကဲ…ပြောပြော… ဘာ
ပြောမလို့လဲ ”
” ဒီမှာမပြောချင်ဘူး…လာကွာ… ဒီချိန်ဆို လမ်းထိပ်မှာ လက်ဖက်
ရည်ဆိုင်ဖွင့်လောက်ပီ…အဲဒီရောက်မှ ပြောပြမယ် ”
” ဟေ !! အဆန်းပါလား ဘာစကားပြောမှာမို့လို့လဲ မင်းမောင်ရ ”
ကျုပ်အဲဒီလိုမေးလိုက်တော့…မင်းမောင်က ချက်ချင်းပြန်မဖြေသေးပဲ…
ဘေးဘီကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်သေးတယ်။ ဘယ်သူ
မှ မရှိတာသေချာတော့မှ လေသံကို နှိမ့်ပီး ပြောတာဗျို့။
” ခိုင် !! ငါ့ကို ညကအရမ်းအရေးကြီးတဲ့ အိမ်မက်ပေးတယ်…အဲဒီ
အိမ်မက်အကြောင်း မင်းနဲ့တိုင်ပင်ချင်လို့ပါကွာ…လိုက်ခဲ့နော်
သူငယ်ချင်း ”
မင်းမောင်က အသနားခံတဲ့ အကြည့်တွေနဲ့ တောင်းပန်တိုးလျှိုးပီး ကျုပ် ကိုခေါ်နေတာဗျ။ ကျုပ်လည်း ဒီကောင်ကို ကြည့်ပီး မငြင်းရက်တော့တာနဲ့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပ်ီး လိုက်သွားလိုက်တယ်။
လက်ဖက် ရည်ဆိုင်ရောက်လို့ ပုံမှန်နှစ်ခွက်ရယ် စားချင်တာမှာပီးတာ
နဲ့ ကျုပ် မင်းမောင်ကို မေးလိုက်ရယောဗျို့။
” ကိုင်း !! ဆိုစမ်းပါဦး… ဝေဝေခိုင်က မင်းကို ဘာတွေ အိမ်မက်ပေး
ပြန်ပီလဲ မင်းမောင် ”
” အေး !! ဒီလိုကွ အောင်လွင်ရ…မင်းက သံဃာတော်တွေနဲ့ ပရိတ်
တရားတွေ ရွတ်ဖတ်ပီး…အဆောင်ရဲ့ ပတ်ပတ်လည်ကို ပရိတ်ကြိုး
တွေနဲ့ တားထားတော့ ခိုင်က ငါ့ဆီလာလို့မရတော့ဘူးဆိုပီး…အိမ်
မက်ထဲမှာလာ ပြောတယ်…သူအနေနဲ့ ငါ့ဆီလာလို့မရတော့ပေမဲ့
ငါ သူ့ကိုတွေ့ချင်ရင်…ဒါမှ မဟုတ်သူနဲ့တူတူနေချင်တယ်ဆိုရင်…
အခုသူနေတဲ့ နေရာကိုလိုက်လာဖို့ ငါ့ကိုခေါ်နေတာကွ ”
” ဘာ !! ဝေဝေခိုင်က မင်းကိုခေါ်တယ်ဟုတ်လား…ဒါဆို သူက အခု
ဘယ်မှာနေ နေလို့လဲ ”
” ဟာ !! ငါတို့ သမီးရီးစား ဘဝမှာကော…လင်မယားဘဝမှာကော
မကြာခဏ သွားသွားဖူးနေတဲ့ ဦးခန္တီ ဘုရားအနီးက တောအုပ်ကြီး
နားမှာ နေတာတဲ့ အောင်လွင်ရ ”
” ဟေ !! မင်းပြောချင်တာ မော်လမြိုင်မြို့…တောင်ပေါ်ဗျူး ပွိုင့် အနီးမှာရှိတဲ့ ဦးခန္တီဘုရား လား ”
” အေး !! ဟုတ်တယ်လေကွာ…မင်းလဲ ငါတို့နဲ့တူတူ အဲဒီကို မကြာ
ခဏ ရောက်ဖူးနေတာပဲဟာ…ခုမှ အထူးအဆန်းလုပ်ပီး ပြန်မေးနေရ
သေးလား ”
” ဟုတ်…ဟုတ်ပါ့မလား မင်းမောင်ရာ…အဲဒါ မင်းစိတ်က ဝေဝေခိုင်
အပေါ်အလွန်အမင်း စွဲလန်းနေတာမို့ သွေးလေချောက်ချားပီး မက်ခဲ့တဲ့အိမ်မက်ပဲဖြစ်မှာပါကွာ ”
” မဟုတ်ဘူး အောင်လွင်… ငါ ခိုင့်ကို ယုံတယ်…ပီးတော့ ခိုင်မဆုံးခင်
ကိုယ်လေးလက်ဝန်ကြီးနဲ့ ဦးခန္တီဘုရားကို ဖူးချင်တယ်ဆိုလို့ ငါလိုက်
ပို့ပေးခဲ့ရသေးတာကွ…ဒါကြောင့်မို့ သူသေတော့…အဲဒီနေရာကို စိတ်
ထဲ စွဲပီး ရောက်သွားတာပဲဖြစ်ရမယ်…ခုချိန်မှာ သူလည်း ငါ့ဆီလာလို့
မရတော့ဘူးလေ…ဒီတော့ ငါ အဲဒီကို လိုက်သွားချင်တယ် သူငယ်ချင်း
အောင်လွင် …ပီးရင် ခိုင့်မေမေ ငါ့ယောက္ခမ ဒေါ်တင့်ဝေနဲ့သွားတွေ့
ရမယ်… အဲဒီလို ဆုံးဖြတ်ပီးလို့လဲ မင်းကို အခုလို ခေါ်ပီး တိုးတိုး
တိတ်တိတ် အသိပေးတာပါကွာ ”
မင်းမောင်က ကျုပ်ကို စိတ်အားထက်သန်စွာနဲ့ အားရပါးရ ရင်ဖွင့်နေတာဗျ။ မျှော်လင့်ချက်တွေ အပြည့်နဲ့ ကျုပ်ကို အကိုကြီးအဖအရာ…
သူငယ်ချင်းမိတ်ဆွေလို အားကိုးတကြီးတိုင်ပင် ခွင့်တောင်းနေတဲ့
ဒီကောင့်ကိုကြည့်ပီး ကျုပ်လည်း ဘယ်လိုတားရပ်နိုင်မှာတုန်း…လက်ရှိ ခံစားနေရတဲ့ ဝေဒနာတွေ အတန်အသင့် ပြေပျောက်သွားရင် ပီးယော
ဆိုတဲ့ အတွေးနဲ့ ခေါင်းကို မညိမ့်ချင် ညိမ့်ချင် ညိမ့်ပြပီး ခွင့်ပြုလိုက်ရ
တာပေါ့။
” အေးလေ !! မင်း ဒီလောက် စိတ်အားထက်သန်နေမှတော့…ငါဘယ်
လိုပဲတားတား ရမယ် မထင်ပါဘူး…ဒီတော့ မင်းအဲဒီကို သွားမဲ့ ကိစ္စကို
သေချာ ပြန်စဉ်းစားပါဦးလို့ပဲ ပြောချင်တယ်ကွာ ”
” ဟာ !! ငါကတော့ ခိုင်ရှိနေတဲ့နေရာကို မရောက်ရောက်အောင် သွား
ဖို့ စိတ်ပိုင်းဖြတ်ပီးပီ အောင်လွင်ရ ”
ကျုပ်လည်း မင်းမောင်ကို ဘယ်လိုမှ နားချလို့ မရတာနဲ့ ဘာပဲဖြစ်ဖြစ်
ဒီကောင် အဲဒီကို ရောက်သွားပီး စိတ်ပြေလက်ပျောက်ဖြစ်သွားရင် ပီး
ယောလို့ သဘောထားပီး ခေါင်းညိမ့် သဘောတူလိုက်ရတယ်။ နောက်
နေ့ကျတော့ မင်းမောင်က အလုပ်က ခွင့်တစ်ပတ်ယူပီး မော်လမြိုင်မြို့
ကို ထွက်သွားတော့တာပဲဗျို့။ အဲဒီ ခရီးဟာ မင်းမောင်အတွက် ဖြေ
မဆည်နိုင်လောက်အောင် ကံကြမ္မာဆိုး ငင်ရမဲ့ ခရီးတစ်ခုဖြစ်ခဲ့မယ်
ဆိုတာကို ကျုပ် ကြိုသိခဲ့ရမည် ဆိုပါလျှင်…။
” စာဗျို့… စာ !! ”
ဟော !! မင်းမောင် ခရီးထွက်သွားတဲ့နေ့ကစပီး ငါးရက်မြောက်တဲ့နေ့
ရောက်တော့…ကျုပ်ဆီကိုဘယ်ကမှန်းမသိရတဲ့ ကြေးနန်းစာတစ်စောင်
ရောက်လာတာဗျ။ ဒါနဲ့ ကျုပ် လည်း စာပို့သမားကို လက်ဖက်ရည်ဖိုး
ပေးလိုက်ပီး…ကြေးနန်းစာကို ကမန်းကတန်း ဖောက် ဖတ်ကြည့်
လိုက်တော့…
” မောင်အောင်လွင် !! မင်းသူငယ်ချင်း မင်းမောင် ဆုံးပီ…ဒီစာကို ရရ
ခြင်း အဒေါ်တို့ဆီကို အမြန်ဆုံးလိုက်လာခဲ့ပါ…
ဒေါ်တင့်ဝေ… မော်လမြိုင် ”
ဘုရားရေ !! စာကိုဖတ်ပီးပီးချင်း ကျုပ် မျက်လုံးထဲ ပြာခနဲဖြစ်သွားတာ
ဗျ။ အံသြ စိတ်နဲ့အတူ ခေါင်းကို မိုးကြိုးနဲ့အပစ်ခံလိုက်ရသလို ထိတ်
လန့် တုန်လှုပ်သွားတာဗျို့။ ဒီ…ဒီစာက မင်းမောင်ရဲ့ ယောက္ခမ ဖြစ်သူ ဒေါ်တင့်ဝေ ပို့လိုက်တဲ့ ကြေးနန်းစာဗျ။
ကျုပ် သူငယ်ချင်း မင်း…မင်းမောင် ဆုံးပီတဲ့ဗျာ။ ဒါဘယ်လိုဖြစ်နိုင်
မှာတုန်း…ကျုပ် သူငယ်ချင်းကသန်သန်မာမာ အကောင်းကြီးလေ။
ဒီစာဟာ ဒေါ်တင့်ဝေ မဟုတ်ပဲ တခြားသူတစ်ယောက်ပို့လိုက်တဲ့
ကြေးနန်းစာသာဆိုရင် ကျုပ် ဘယ်လိုမှယုံကြည်လက်ခံပေးလို့
ရမှာ မဟုတ်ဘူးဗျ။
မင်းမောင်က မိဘမဲ့ ဆွေမရှိ…မျိုးမရှိတော့ဘူးလေ…ဒီတော့ သူနဲ့
အရင်းဆုံး ဖြစ်တဲ့ ကျုပ်ဆီကို ဒေါ်တင့်ဝေက လှမ်းအကြောင်းကြား
တာ ဖြစ်မှာပေါ့ဗျာ။
မ…မဟုတ်မှလွဲယော ကျုပ် သူငယ်ချင်းမင်းမောင် ရုတ်တရက် သေဆုံးသွားရတဲ့ အကြောင်းအရင်းက ဝေဝေခိုင်နဲ့ များပတ်သတ်
နေမလား…ဒါမှမဟုတ် တခြားသော တိုက်ဆိုင်တဲ့ အကြောင်းတရား ကြောင့်လားဆိုတာကို ကျုပ်လည်း ဘယ်လိုမှ မခွဲခြားတတ်တော့ပါ
ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် မင်းမောင်ရဲ့ နောက်ဆုံးခရီးအတွက် ကျုပ်မှာ
တာဝန်ရှိတယ်။
ပီးတော့ ကျုပ်ကိုယ်တိုင်ကလည်း မင်းမောင်အခုလိုကြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်းကို အရမ်းပဲသိချင်စိတ် ပြင်းပြနေတော့ မော်လမြိုင်ကို အားချင်းလိုက်သွားဖို့ဆုံးဖြတ်လိုက်တာဗျ။
ဒါပေမဲ့ ကျုပ်က ဝန်ထမ်းဆိုတော့…စိတ်ထင်ရာကို အလွယ်တကူ
ထသွားလို့မရဘူး။ ကုမ္ပဏီကို မင်းမောင်ရဲ့ နာရေးသတင်းကို လှမ်း
အကြောင်းကြားပီး ခွင့်ယူရသေးတာဗျ။ မင်းမောင်ကလည်း ဒီကုမ္ပဏီ
က ဝန်ထမ်းပဲဆိုတော့ ကျုပ်ကို လျောလျောရှုရှုပဲ ခွင့်ပေးပါတယ်။
ကုမ္ပဏီက လူကြီးတွေ ကိုယ်တိုင်ကလည်း မင်းမောင်ဆုံးသွားပီဆို
တာကို မယုံနိုင်ကြဘူး…မင်းမောင်တစ်ယောက် အကောင်းကြီးကနေ
ခုလို ရုတ်တရက် သေဆုံးရတဲ့အကြောင်းအရင်းကို လွှတ်သိချင်နေကြတာဗျို့။
ကျုပ်လည်း တရားဝင်ခွင့်ရပီဆိုတာနဲ့ မော်လမြိုင်ကို ကြုံရာ ဟိုင်းဝေး
အိတ်စပက် ကားတစ်စီးနဲ့ အားချင်း ဆင်းချသွားတာဗျ။ အဲဒီချိန်…
အဲဒီခေတ်အခါက ရန်ကုန်နဲ့မော်လမြိုင်ဆိုတာ ခုလို နိုင်လွန်ကတ္တရာ
ခင်းထားတဲ့ လမ်းတွေမဟုတ်သေးဘူးလေ။ လမ်းတွေမကောင်းတော့
ခရီးက ဖင့်တယ်။ တစ်ညအိပ် နှစ်ရက်ခရီး ကားစီးရတာဗျ။
ကျုပ် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရပ်ကွက်က မင်းမောင်ရဲ့ယောက္ခမ
ဖြစ်သူဒေါ်တင့်ဝေရဲ့ အိမ်ကိုရောက်တော့…အိမ်ရှေ့မှာ မင်းမောင်
( ၃၁ ) နှစ်ဆိုတဲ့ နာရေးဆိုင်းဘုတ်လေးနဲ့အတူ ကနားဖျင်းတစ်ခု
ထိုးထားတာတွေ့တယ်။ ဒေါ်တင့်ဝေကိုလည်း ညာဘက် လက်မှာ
ကျောက်ပတ်တီးကြီး စီးထားပီး ပခုံးကနေ ကြိုးနဲ့စလွယ်သိုင်းထား
တာကိုတွေ့လိုက်ရတာဗျ။ ကျုပ်ကိုမြင်တော့ ဒေါ်တင့်ဝေက အလွန်
စိတ်ထိ ခိုက်ကြေကွဲနေတဲ့ လေသံလေးနဲ့ နူတ်ဆက်ရှာတာပါဗျာ။
” ဟော !! မောင်အောင်လွင် ရောက်လာပြီလား…ဒေါ်ဒေါ် မင်းကိုမျှော် နေတာကွဲ့…မင်းသူငယ်ချင်းကိုတော့ ဒေါ်ဒေါ် သဂြိုလ် လိုက်ပီ…သူ့ အဖြစ်က ဆိုးလွန်းလှပါတယ်ကွယ် …ဒေါ်ဒေါ် မင်းကို ကြေးနန်းပို့ပီး သုံးရက်တိတိ စောင့်နေသေးတာကွဲ့…ဒါပေမဲ့ မင်း လာ…မလာ ဆို
တာမသေချာတော့ အလောင်းကိုသုံးရက်ပဲထားနိုင်တယ်…ဧည့်သည် အသုဘ ဖြစ်နေတာလည်း တစ်ကြောင်းပေါ့ကွယ် ”
” ဟုတ်တယ် ဒေါ်ဒေါ် !! ကျနော်လည်း ကြေးနန်းစာ ရပီး အားချင်း
ထွက်လာဖို့ ကြိုးစားတာပဲ…ဝန်ထမ်းဆိုတော့ တရားဝင် ခွင့်ယူရ
သေးတယ်လေ…ဒါ့ကြောင့် ကြေးနန်းစာရပီး…နောက်တစ်နေ့မှ ထွက်လာနိုင်တာ … ဒါနဲ့ ကျနော့် သူငယ်ချင်းမင်းမောင်က ဒေါင်ဒေါင်မြည်…ကျန်းကျန်းမာမာကြီးကနေ ဘယ်လိုဖြစ်လို့
ရုတ်တရက်ကြီး ဆုံးပါးသွားရတာလဲဗျာ ”
” ပြောပါ့မယ်ကွယ်…မင်းတို့နှစ်ယောက်က ညီအကိုလိုချစ်ကြတာလေ …ပီးတော့ သူ့မှာ မိဘတွေလည်း မရှိတော့ဘူး မဟုတ်လား …ဒီတော့
ဒေါ်ဒေါ်မှာ မင်းကိုပဲပြောပြစရာရှိတာလေ… ပြောပြ ချင်လွန်းလို့လည်း
ကြေးနန်းစာရိုက်ခေါ်လိုက်ရတာကွဲ့ ”
” ဟုတ်ကဲ့ !! ဒေါ်ဒေါ် ပြောမပြခင် ကျနော် တစ်ခုလောက်ကြားဖြတ်
မေးပါရစေ…မင်းမောင် သေခဲ့ရတာဟာ ဝေဝေခိုင်နဲ့များပတ်သက်မှု ရှိနေလား ဒေါ်ဒေါ် ”
” အင်း !! ဘယ်လိုပြောရမလဲ…မင်းမောင်နဲ့ ဝေဝေခိုင် တို့အကြောင်း
မင်းအသိဆုံးပါကွယ်…တကယ်တော့ မောင်မင်းမောင် သေခဲ့ရတာ ခုန
က မင်းမေးခဲ့သလို ဝေဝေခိုင်နဲ့ တိုက်ရိုက်ပတ်သက်နေတာကွဲ့…
တကယ့်ကို မယုံနိုင်စရာ အဖြစ်တွေပေါ့ကွယ်…ဖြစ်ပုံက ဒီလိုကွဲ့…”
အဲဒီလို အစချီပီးတာနဲ့ ဒေါ်တင့်ဝေက သူ့သားမက် မင်းမောင် သေဆုံးခဲ့ရတဲ့ ဇာတ်စုံကို မျက်ရည်လေးတဝဲဝဲ…စိတ်ထိခိုက်ကြေကွဲပီး ယူကျုံးမရတဲ့ လေသံနဲ့ ကျုပ်ကို ပြောပြတော့တာပါပဲဗျာ။
” ဟယ် !! မေမေရေ … မေမေ … ဒီမှာ အကိုမင်းမောင် ရောက်
လာတယ် အမေရဲ့ ”
ဒေါ်တင့်ဝေတစ်ယောက် မီးဖိုချောင်ထဲ ထမင်း ဟင်းချက်ပြုတ်နေရာ
ကနေ အိမ်ရှေ့က သမီးလတ် ဖူးပွင့်ဝေရဲ့ အော်ခေါ်သံကြောင့် အိမ်
ရှေ့ကို ထွက်လာတော့…မျှော်လင့်မထားတဲ့ လူတစ်ယောက်ကိုတွေ့
လိုက်ရတယ်။
” ဟင် !! မောင်မင်းမောင်ပါလား … ဆိုင်းမဆင့် ဗုံမဆင့်…ဒေါ်ဒေါ့်ကို
အကြောင်းလည်း မကြားနဲ့ ဘာလဲ…အလုပ်ကိစ္စနဲ့လား … ဒါမှမဟုတ်
အလည် သက်သက်လာတာလားကွဲ့ ”
” အလုပ်က ခွင့်ယူပြီး လာခဲ့တာ ဒေါ်ဒေါ်…ပီးတော့ ခိုင့်ကို အရမ်း သတိရတာလည်း ပါတာပေါ့ ”
” အင်း !! ဒေါ်ဒေါ်လည်း မင်းကို ခုလိုရုတ်တရက်ကြီး တွေ့လိုက်ရတာ
သမီးဝေဝေခိုင့်ကို ပိုပီး သတိရဖို့ ဖြစ်လာတယ်ကွယ် ”
” ဒေါ်ဒေါ်တို့ သတိရတာထက် ကျနော်က ပိုပါတယ်…အရင်ကဆို ခိုင်
နဲ့ မကြာမကြာတွေ့ရသေးတယ်…ခုနောက်ပိုင်းမှ မတွေ့ရတော့တာ…အခု ကျနော် ဒီကိုလာရတဲ့ တစ်ခုထဲသော အကြောင်းပြချက်ကိုက ခိုင်
နဲ့တွေ့ရအောင်လို့ပါပဲ ဒေါ်ဒေါ် ”
ဒေါ်တင့်ဝေ တစ်ယောက် မင်းမောင်ဆီကမမျှော်လင့်ပဲ ကြားလိုက်ရ
တဲ့ စကားကြောင့် မျက်လုံး အစုံပြူးကျယ်သွားပီး…အထိတ်တလန့်နဲ့
ချက်ချင်းပြန်မေးလိုက်ရတော့တာဗျို့။
” ဘာ !! ဘယ်လိုကွဲ့ … မောင် မင်းမောင် ဘာတွေ ပြောနေတာလဲ…
သေသွားပီးတဲ့ သမီးနဲ့ မင်းကဘယ်လိုလုပ်ပီး တွေ့နိုင်တော့မှာလဲ
သတိလေးဘာလေး ထားပြီး ပြောစမ်းပါဦးကွယ် ”
” မဟုတ်ဘူး ဒေါ်ဒေါ် !! ကျနော် တကယ်ပြောနေတာ…ကျနော် ဒီကို
ထွက်မလာခင် ခိုင် ကသူရှိနေတဲ့နေရာကို အိပ်မက်ပေးခဲ့တယ်…
ဒါ့ကြောင့်လည်း သူနဲ့ တွေ့ချင်လို့လာခဲ့တာပါ ”
” ဟင် !! ဒါ…ဒါဆို ဒေါ်ဒေါ့် သမီးက ခုထိ မကျွတ်သေးဘူးလို့မင်းက
ပြောချင်တာလား…ဒါ…ဒါဖြင့် သမီးဝေဝေခိုင် အခုဘယ်မှာရှိနေလဲ…
မင်းပြောတာသာ အမှန်ဆိုရင် ဒေါ်ဒေါ်လည်း တွေ့ချင်တာပေါ့ကွယ် ”
” တောင်ပေါ်မှာရှိတဲ့ ဦးခန္တီဘုရားကြီးနားက တောအုပ်တစ်နေရာမှာ
သူရှိနေတယ်…အဲဒီဘုရားက အရင်ကဆို ကျနော်နဲ့သူ မကြာခဏ
သွားနေကျ ဘုရားပါ ဒေါ်ဒေါ်ရယ် ”
” ဟေ !! မဖြစ်နိုင်တာကွယ်… မင်းက သမီးကို စွဲလန်းပြီး အိပ်မက်
မက်တာပဲ ဖြစ်မှာပါ… အမေရင်းဖြစ်တဲ့ ဒေါ်ဒေါ်တို့ကို တောင် အဲဒီ
လို အိပ်မက်ပေးဖို့နေနေသာသာ အရိပ်အယောင်လေးတောင် မပြဖူး
ပါဘူးကွယ် ”
” ဒေါ်ဒေါ်က မယုံလို့လား…ဒါဖြင့် ကျနော်နဲ့ အဲဒီဘုရားကို လိုက်ခဲ့
လေ…အဲဒီကိုရောက်လို့ ကျနော် ခိုင်နဲ့တွေ့ရင်ဒေါ်ဒေါ်တို့လည်း
တွေ့ရမှာပါ ”
မင်းမောင်က ပိုင်နိုင်သူ အမူအယာနဲ့ တိတိကျကျကြီး ပြောနေတော့
… ဒေါ်တင်ဝေလည်း စိတ်ထဲမှာ တစ်ချက်တွေဝေသွားတယ်။ ဘာပဲ
ဖြစ်ဖြစ် သမီးဖြစ်သူဝေဝေခိုင် ဆုံးပါးသွားပီးထဲကသူကိုယ်တိုင်လည်း
ဘယ်မှ မရောက်ဖြစ်တာကြာပီ မဟုတ်လား…ဒီတော့ မင်းမောင်ပြော
တာ ဟုတ်သော်ရှိ…မဟုတ်သော်ရှိအနည်းဆုံးတော့ မရောက်တာကြာ
ပီ ဖြစ်တဲ့ ရသေ့ကြီး ဦးခန္တီတည်ထားခဲ့တဲ့ ဘုရားကြီးကိုတော့ဖူးတွေ့
နိုင်သေးတယ်လေ။ ဒါနဲ့ပဲ မင်းမောင်နဲ့အတူတူလိုက်သွားဖို့ဆုံးဖြတ်
လိုက်မိတယ်။
” အေးလေ !! ဒါဖြင့်ရင် သွားကြတာပေါ့…မောင်မင်းမောင် လည်းစိတ်
ပြေလက်ပျောက်ဖြစ်…ဒေါ်ဒေါ်တို့ မိသားစုလည်း ဘုရားဖူးဖြစ်တာပေါ့
…သမီးလေး ဆုံးပီးထဲက တို့မိသားစုတွေလည်း ဘယ်ဘုရားမှ မဖူး
ဖြစ်တာနဲ့ အတော်ပါပဲ ”
” ဒါဆို မနက်ဖြန် လောက် ဖြစ်ဖြစ် ကားတစ်စီး စီစဉ်ပီး သွားကြမယ်
လေ…ကျနော်ကတော့ဖြစ်နိုင်ရင် ခိုင်ရှိတဲ့နေရာကို အခုချက်ချင်းပဲ
ထသွား လိုက်ချင်တော့တာဗျ ”
” ဟင် !! ချက်ချင်းကြီးတော့ မရဘူးလေ မောင်မင်းမောင်ရဲ့ … အငှား
လိုက်မဲ့ ကားကို မေးမြန်းစုံစမ်းရဦးမယ်…ဒေါ်ဒေါ် အမြန်ဆုံးစီစဉ်မှာပါ
ကွယ် ”
” ကောင်းပါပီ ဒေါ်ဒေါ် … ကျနော်ကတော့ ခိုင်နဲ့ အမြန်ဆုံးတွေ့ချင်
တာပဲ သိတော့တယ် ”
မင်းမောင်ရဲ့ စကားကြောင့် ဒေါ်တင့်ဝေလည်း စိတ်မသက် မသာနဲ့
သက်ပြင်းအခါခါချပီး ခေါင်းကို တွင်တွင်ခါရမ်းနေမိတော့တာပေါ့ဗျာ။
ဒီလိုနဲ့ မင်းမောင် ရောက်ပီး သုံးရက်မြောက်တဲ့ နေ့ကျမှ ဒေါ်တင့်ဝေ
ရဲ့အသိ ဒတ်ဆန်း ကားလေး တစ်စီး ငှားလို့ရခဲ့တယ်။ ကားရတော့
မနက်အစောပိုင်းကို ဦးခန္တီဘုရားကို ထွက်လာခဲ့ကြတာဗျ။ ကားပေါ်မှာ
မင်းမောင်ရယ်…ဒေါ်တင့်ဝေတို့မိသားစုနဲ့ တခြားရင်းနှီးတဲ့ အိမ်နီးနား
ချင်း တစ်ချို့လည်း ဘုရားဖူးဖို့ လိုက်ပါလာခဲ့ကြတာဗျို့။ မင်းမောင်က
ဒီမှာ ဝေဝေခိုင်နဲ့အတူတူနေခဲ့ကြဖူးတာဆိုတော့…အတူလိုက်ပါလာတဲ့
အိမ်နီးချင်းတွေနဲ့လည်း မစိမ်းဘူးပေါ့ဗျာ။
ဒတ်ဆန်းကားရဲ့ ခေါင်းခန်းမှာ မင်းမောင်နဲ့ဒေါ်တင့်ဝေတို့ ထိုင်စီး
လာကြပီး…ကျန်တဲ့သူတွေကတော့ နောက်ကထိုင်လိုက်လာကြတယ်။
မင်းမောင်ကတော့ ကားစထွက်တာနဲ့လေ လေးတချွန်ချွန်နဲ့ပျော်မြူး
ရွှင်ပျလို့နေတာဗျ။
မင်းမောင်အပါဝင် အားလုံးက ဦးခန္တီဘုရားကို သွားရာ မော်လမြိုင်
တောင်ပေါ် လမ်းတစ်လျှောက် ဘုရားစုံဝင်ဖူးကြသေးတာဗျ။ မဟာ
မြတ်မုနိ ဘုရားကြီး/ကျိုက်သလံ္လဘုရား/ နှီးဘုရား / သာသနာနှစ်
ထောင့်ငါးရာ အစရှိတဲ့ဘုရားတွေကိုအစဉ်တိုင်းဝင်ရောက်
ဖူးမျှော်ကြတာပေါ့ဗျာ။
အဲဒီဘုရားတွေ ကျော်သွားပီးတော့မှ တောင်ပေါ်က ဦးခန္တီ္တဘုရားကို အဝေးကနေ ပျပျလေး လှမ်းမြင်နေရတာဗျို့။ ဦးခန္တီဘုရားရဲ့ အသွား
လမ်းက ကွေ့ကောက်တဲ့ တောင်တက်လမ်းဆိုတော့…ကားသမား
တိုင်း သတိထားမောင်းနှင်ရတယ်ဗျ။ တောင်ပေါ်ကိုရောက်လို့ ကား
ရပ်လိုက်တာနဲ့ ဒေါ်တင့်ဝေက မင်းမောင်ကို စကားစလိုက်တယ်။
” ကဲ !! မောင်မင်းမောင်ရေ… မင်းအရမ်းဖူးတွေ့ချင်တဲ့ ဦးခန္တီဘုရား
တော့ရောက်ပီ…တဝကြီးသာ ဖူးပေတော့…ဒါပေမဲ့…သမီးလေးပေါ်ထားတဲ့ မင်းရဲ့စွဲလန်းမူတွေကို အတိတ်မှာပဲထားခဲ့လိုက်ပါတော့ကွယ် ”
ဒေါ်တင့်ဝေ အဲဒီလိုပြောလိုက်တော့… မင်းမောင်က ဘာမှ ပြန်မပြော
ပဲ…ကားတံခါးကို အသာဖွင့်ပီး ခေါင်းခန်းထဲက ဆင်းလိုက်တာဗျ။
နောက်တော့ မင်းမောင်အပါဝင် အားလုံးကိုယ်စီ ဘုရားရင်ပြင်တော်
ပေါ်တက်ပီး ဝတ်ပြုကြ…ရှိခိုးပူဇော်ကြနဲ့ပေါ့ဗျာ။ အဲဒီလို အားလုံး
ဝတ်ပြုဆုတောင်းနေတဲ့ အချိန်မှာပဲ မင်းမောင်က ဘုရားရင်ပြင်
တစ်နေရာကို ထပြေးသွားပီး ဘယ်သူမှမျှော်လင့်မထားတဲ့
ထိတ်လန့်စရာ အပြုအမူတစ်ခုကိုလုပ်ချလိုက်ပါလေယောလား။
” ခိုင်ရေ !! ကိုယ်ရောက်လာပီလေ…ခိုင် ဒီအနီးနားမှာ ရှိနေတယ်ဆို
…ထွက်လာခဲ့လေ ခိုင်…ကိုယ်နဲ့လာတွေ့လှည့်ပါဦး…ခိုင်ဒီမှာရှိတယ်
လို့ ကိုယ်ပြောနေတာကို ဘယ်သူမှ မယုံကြဘူး ခိုင်ရဲ့…ဒီမှာ ခိုင်ရဲ့
မေမေနဲ့ မောင်နှမတွေလည်းပါလာတယ်…ခိုင်ထွက်လာပီး သက်သေ
ပြလိုက်စမ်းပါကွာ ”
အလိုလေး !! မင်းမောင်ကစိတ်လွတ်သွားတဲ့ လူတစ်ယောက်လို ပတ်
ဝန်းကျင်အနီးအနားတစ်ဝိုက်ကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း အသံကုန်အော်ဟစ်လို့နေတာဗျိုး။ သူ့ရဲ့အပြုအမူကြောင့် ဘုရားဝတ်
ပြုနေတဲ့ ဒေါ်တင့်ဝေ အပါအဝင် လိုက်ပါလာသူအားလုံး ထိတ်လန့်
တုန်လှုပ်သွားပီး တစ်ယောက်တစ်ပေါက် ထပြောကြတာပေါ့ဗျာ။
” ဟာ !! ကိုမင်းမောင် စိတ်မမှန်တော့ဘူးထင်တယ်… ဒေါ်တင့်ဝေ
ကိုယ့် သားမက်ကို ပြောပါဦး … ဘယ့်နှယ် သေသွားပီးတဲ့သူကို တပီး
အော်ခေါ်နေရတာလဲ ”
” အေးလေ !! ခရီးသွားနေတာကို မလုပ်ကောင်း…လုပ်ကောင်းဟယ် ”
” ဟုတ်ပါရဲ့ !! ဒီကလေး ဘယ်လိုဖြစ်သွားလဲ မသိဘူး… မိန်းမသေလို့ စိတ္တဇ ဖြစ်နေပီ ထင်တယ်… ကဲ !! သားရေ…မင်းယောက်ဖကို သွား
ခေါ်လိုက်ပါဦး”
ဒေါ်တင့်ဝေက အတူပါလာတဲ့ သူ့သားငယ်ကို လှမ်းပြော လိုက်တာဗျ။
ပြောလည်းပြော သူကိုယ်တိုင်ပါ သားဖြစ်သူနဲ့ မင်းမောင်ရှိရာကို လှမ်း
သွားလိုက်တယ်။ အဲဒီချိန်ထိ မင်းမောင်က ကွယ်လွန်သူ ဇနီးဖြစ်သူ
ဝေဝေခိုင်ကို ငယ်သံပါအောင် အော်ဟစ်ခေါ်နေတုန်းပဲ။
” ခိုင်ရေ… မင်းဒီမှာရှိတယ်ဆို… ခိုင် ကိုယ့်ဆီ လာမရတော့ဘူးဆိုလို့
ကိုယ်လိုက်လာပီလေ … ကိုယ့်ကို ထွက်တွေ့ပါတော့ကွာ ”
” အကိုမင်းမောင်…အကိုမင်းမောင် စိတ်ကိုထိန်းပါဦးဗျာ… မမကသေသွားပီလေ…သူနဲ့ထပ်တွေ့ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်တော့မှာလဲ ”
အနားကိုရောက်လာတဲ့ ဒေါ်တင့်ဝေသား အငယ်ကောင်က ယောက်ဖ
ဖြစ်သူ မင်းမောင်ရဲ့လက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်ပီး တားလိုက်တာ
ဗျ ။ ဒါကို မင်းမောင်ကလည်း အတင်းရုန်းကန်ပီး ငြင်းတယ်။
” မဟုတ်ဘူး !! ခိုင်ဒီမှာရှိတယ်…ဒီနေရာကို လာဖို့ မင်းအမပဲ ငါ့ကို
ခေါ်ထားတာ…သူ ဒီအနီးနားတစ်ဝိုက်မှာ ရှိကို ရှိနေမှာကွ…ငါရောက်
နေတာကို မသိသေးတာပဲဖြစ်ရမယ်…ဖယ်စမ်းပါ ယောက်ဖရာ ”
” ဟာ !! တော်ပါတော့ အကိုမင်းမောင်ရာ…အရှုးတစ်ယောက်လို လုပ်
မနေစမ်းပါနဲ့ မမဝေဝေခိုင်ဆိုတာလည်း ကျနော့်အမပါပဲ…ကျနော်
လည်း သတိမရ…မနှမြောပဲနေမလား…ဒါပေမဲ့ မမက သေသွားပီ
လေဗျာ…သေပီးသွားတဲ့ လူတစ်ယောက်ဟာ ဘယ်တုန်းက အသက်ပြန်ရှင်လာရိုး ထုံးစံရှိလို့လဲ… မမကို ပြန်တွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဗျ… ကဲ !! လာပါ အကိုမင်းမောင်ရာ…ဟိုမှာ လူတွေလည်းဝိုင်းကြည့်နေကြပီ…ကျနော်တို့နဲ့ ဘုရားဖူးဖို့ လိုက်လာတဲ့သူတွေလည်း အကို့ကြောင့်စိတ်အနှောင့်ယှက် ဖြစ်ကုန်ကြပီဗျ ”
” ဟုတ်ပါတယ် မောင်မင်းမောင်ရယ်… မဖြစ်နိုင်တာကြီးကို စွဲလန်း
မနေပါနဲ့တော့…မင်း စိတ်ကို လျှော့လိုက်ပါကွယ် ”
ယောက္ခမဖြစ်သူ ဒေါ်တင့်ဝေကပါ ဝင်ပြောလိုက်တော့မှ မင်းမောင်
တစ်ယောက် စိတ်လျှော့လိုက်ပီး မလိုက်ချင်လိုက်ချင်နဲ့ပြန်လိုက်လာ
တာ။ ဒါတောင်မှ အနောက်ကို လှည့်ကြည့်…လှည့်ကြည့်နဲ့ သံယော
ဇဉ် မပြတ်သလို လုပ်နေသေးတာဗျို့။ ယောက်ဖလုပ်သူက အတင်း
တွန်းထိုးခေါ်ဆောင်လာပေလို့သာပေါ့ဗျာ။
အတူလိုက်ပါလာတဲ့ အိမ်နီးချင်းတွေ အားလုံးကလည်း မင်းမောင်နဲ့
ကွယ်လွန်သွားပီဖြစ်တဲ့ သူ့ဇနီးဝေဝေခိုင် တို့အကြောင်းကို သိထား
ကြသူတွေဆိုတော့… မင်းမောင်အဖြစ်ကို ကြည့်ပီး မျက်ရည်ဝဲနေကြ
တာပေါ့ဗျာ။ ဘေးလူမပြောနဲ့ ဒေါ်တင့်ဝေ ကိုယ်တိုင်တောင် ဝေ့ဝဲကျ
လာတဲ့ မျက်ရည်စတို့ကို မင်းမောင် မမြင်အောင် ကပျာကယာသုတ်
သင်လိုက်ရသည် မဟုတ်ပါလား။
အဲဒီနောက်တော့ မင်းမောင်ရဲ့ အခြေနေ အတော်အသင့် တည်ငြိမ်
သွားအောင် စောင့်ကြည့်လိုက်ပီး…အတူပါလာသူ အားလုံးကို အိမ်
ကိုပဲ ပြန်ကြတော့ဖို့ ဒေါ်တင့်ဝေက တိုက်တွန်းလိုက်တယ်။
” အင်း !! ဦးခန္တီဘုရားရောက်ရင် အားလုံး အေးအေးဆေးဆေး နားနား နေနေ နေပီးမှ ပြန်ကြမယ်လို့စိတ်ကူးထားတာ…ခုတော့ မမျှော်လင့်ပဲ
မင်းမောင်ကြောင့် အားလုံးစိတ်မကောင်းဖြစ်ကြရပီ…ဒီတိုင်းဆို မဖြစ်
တော့ဘူး ပြန်ကြတာပဲ ကောင်းပါတယ်…ကဲ !! သွားကြစို့ မောင်မင်း
မောင်လည်း ကားပေါ်ပြန်တတ်တော့ကွဲ့ ”
ဒေါ်တင့်ဝေ စကားကြောင့် အားလုံး ကားပေါ်ပြန်တတ်လိုက်ကြတယ်။
မင်းမောင်ကတော့ထုံးစံအတိုင်း ကားပေါ်မတတ်ချင် တတ်ချင်နဲ့ပေါ့။
ဦးခန္တီ ဘုရားကနေ ပြန်အဆင်းက ကုန်းဆင်းလမ်းဆိုတော့…ကားက လီဗာ နင်းစရာမလိုအောင် တရိပ်ရိပ်နဲ့ပြေးနေတာဗျို့။ အဲဒီချိန်မှာပဲ
ကားခေါင်းခန်းမှာ ထိုင်နေတဲ့ မင်းမောင်က ရုတ်တရက် အရှေ့တစ်နေရာကို လက်ညိုးနဲ့ထိုးပြပီး အလန့်တကြားထအော်တော့တာပဲဗျို့။
” ဟိုးးးး !! ဟိုးထား ကားဆရာ…ရပ်ပါဦး… ဟိုမှာ မိန်းကလေးတစ်
ယောက်လက်ပြပီး ကားတားနေတယ် ”
မင်းမောင်ရဲ့ စကားကြောင့် ကားဆရာတောင် ဘရိတ်ကိုယောင်ပီး နင်း
မိတော့မလိုဖြစ်သွားတယ်။ နောက်တော့မှ မင်းမောင်ညွှန်ပြရာကို ပြူးပြဲပီး လိုက်ကြည့်တော့ ကားလမ်း ဘေးဘယ်ညာမှာ လူမပြောနဲ့ခွေးတစ်ကောင်…ကြောင်တမြှီးတောင် မတွေ့ရဘူး။ ကားဆရာတင်မဟုတ်ဘူး…မင်းမောင်နဲ့ဘေးချင်းကပ်ထိုင်နေတဲ့ ဒေါ်တင့်ဝေလည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကားတားနေ
တာကို မတွေ့ရတာပါဗျာ။ ဒါနဲ့ ဒေါ်တင့်ဝေလည်း မင်းမောင်ကို မေးလိုက်ရတော့တာပေါ့။
” ဟင် !! ဘယ်မှာလဲ မောင်မင်းမောင်…ဘယ်သူမှလည်းမရှိပါလား ”
” ဟာ !! ဟိုမှာလေ…ဟိုးရှေ့က ကျွန်းပင်ကြီးရဲ့အောက်မှာ…ကားတား
နေတဲ့ မိန်းမတစ်ယောက်… ဟင် !! အဲဒီ မိန်းမက အစိမ်းရောင် ဝမ်း
ဆက်နဲ့ပါလား…ဟာ !! အဲဒါ ခိုင် …ခိုင်ပဲ အန်တီ…ကျနော့်မိန်းမ
ဝေဝေခိုင်ဗျ…ကားဆရာ ကားကို အခုချက်ချင်းရပ်ပေးပါ ”
မင်းမောင်က ဒေါ်တင့်ဝင့်ကိုပြောနေရင်း ကားဆရာကို ကားရပ်ပေးဖို့
ကိုပါ အလန့်တကြားနဲ့ တဆက်ထဲ လှမ်းပြောလိုက်တာဗျ။ ကားဆရာကလည်း ကြောင်သွားပီး ကားကို ရပ်ပေးမလို ပြင်လိုက်
တယ်။ ဒါနဲ့ ဒေါ်တင့်ဝေက ဝင်ပြောလိုက်ရတာပေါ့။
” ဟဲ့ !! မောင်မင်းမောင် ဘာတွေပြောနေတာလဲ…မင်းရှုးများသွားပီ
လားကွယ်…ဘယ်သူမှ မတွေ့ရပဲ ကားကို အတင်းရပ်ခိုင်းနေရတယ်
လို့… ကားဆရာ မရပ်နဲ့…ဆက်သာမောင်းကွဲ့… ဒီကလေး စိတ်မ
မှန်တော့ဘူး စိတ်ထင်ရာလျှောက်ပြောနေတာ ”
ဒေါ်တင့်ဝေ စကားကြောင့် ကားဆရာလည်း ကားကိုမရပ်ဖြစ်တော့ပဲ ဆက်မောင်းလာခဲ့တယ်။ ဆက်မမောင်းပဲ ကားရပ်ရအောင်ကလည်း
မင်းမောင်ပြောသလိုဘာဆိုဘာမှ တွေ့တာမှ မဟုတ်ပဲဗျာ။ ကားဆရာ က ကားကို ရပ်မပေးတော့ မင်းမောင်တစ်ယောက် ဆောက်တည်
ရာမရတော့ဘူးဗျို့။
” ဟိုမှာ အစိမ်းရောင်ဝတ်စုံနဲ့ ကျုပ်မိန်းမ ဝေဝေခိုင်ကားကို တား
နေတာ မတွေ့ဘူးလား… ရပ်ပေးဗျာ …မရပ်ဘူးလား…ကဲဗျာ !! ”
ဟာ !! မင်းမောင်က ပြောပြောဆိုဆိုနဲ့ ကားဆရာကိုင်ထားတဲ့ စတီယာရင်ကို လုပီးကိုင်လိုက်တာဗျ။ ပီးတော့ကားရပ်ဖို့ဘရိတ်ကို
လည်း အတင်းလုပီး နင်းတော့တာဗျို့။ ဒီတော့ ကားဆရာလည်း လန့်ဖြန့်ပီးစတီယာရင်ကို အတင်းပြန်လုလို့ ထအော်တော့တာပေါ့။
” ဟာ !! ဟေ့…ဟေ့လူ…ကားကအရှိန်များနေတယ်…မ… မလုပ်နဲ့
လေ… ဟာ !! အကုန်မသာပေါ်ကုန်တော့မှာပဲ ”
မင်းမောင်က ကားရပ်သွားဖို့အတွက် ဘရိတ်ကို လုပီးနင်းနေတာဗျ။
သူ့ပုံစံက လုံးဝအသိစိတ်ကင်းမဲ့ပီး ရှုးသွပ်သွားတဲ့ လူတစ်ယောက်လို ချက်ချင်းပြောင်းလဲသွားတာ။ ဒါ့ကြောင့်လည်း သူနင်းလိုက်တာက
ဘရိတ်မဟုတ်ပဲ…လီဗာဖြစ်နေတော့ အခြေနေတွေအားလုံးရှုပ်ထွေး
ကုန်တော့တာပေါ့ဗျာ။
ကုန်းဆင်းလမ်းဖြစ်နေတဲ့အပြင် လမ်းကလည်း အနည်းငယ်ကွေ့
ကောက်တာကြောင့် ကားဆရာလည်း ကားကို ဘယ်လိုမှ မထိန်း
နိုင်တော့ဘူး။ ကားက လမ်းအဖြောင့်ကနေ လမ်းဘေးကို ထိုးဆင်း
သွားပီး သစ်ပင်ကြီးတစ်ပင်နဲ့ အရှိန်ပြင်းပြင်း ဝင်ဆောင့်မိတော့တာ
ပဲဗျို့။
” ဝုန်းးးးး !! ”
” ဒုန်းးးးး !! ”
” အားးးး !! ”
” အမလေး !! သေပါပီတော့ ”
ကျယ်လောင်စူးရှတဲ့ အော်ဟစ်သံတွေနဲ့အတူ ကားပေါ်ကလူတွေရဲ့
အမြင်အာရုံမှာ မှောင်အတိကျသွားပီး ကမ္ဘာလောကကြီးနဲ့ အဆက်
အသွယ်ပြတ်တောက်သွားကြတာပေါ့ဗျာ။
🕰️🕰️🕰️🕰️
” အဖြစ်ကတော့ အဲဒါပါပဲ မောင်အောင်လွင်ရယ် ”
ဒေါ်တင့်ဝေက ကျုပ်ကို မင်းမောင်နဲ့ပတ်သတ်ပီး ဖြစ်ပျက်သမျှအလုံး
စုံကိုရှင်းပြရင်း စိတ်ထိခိုက်သွား ပြန်တယ်နဲ့တူပါရဲ့။ ချက်ချင်းဆိုသလို
စို့တက်လာတဲ့ မျက်ရည်စတွေကို သုတ်လိုက်တာဗျ။ ဒါနဲ့ကျုပ်လည်း ဒေါ်တင့်ဝေကို အားပေးနှစ်သိမ့်လိုက်ရတယ်။
” ဘယ်တတ်နိုင်မလဲ…သတ္တဝါတစ်ခု…ကံတစ်ခုပဲပေါ့…တရားနဲ့သာ
စိတ်ကိုဖြေပါ ဒေါ်ဒေါ်ရယ်…ဒါနဲ့အခု ဒေါ်ဒေါ့်လက်က ဒဏ်ရာက ကားမှောက်တုန်းကရခဲ့တဲ့ ဒဏ်ရာလား ”
” ဟုတ်ပါတယ်ကွယ်…မသေကောင်း မပျောက်ကောင်းလို့ပဲ ဆိုရ
တော့မှာပေါ့…မင်းသူငယ်ချင်း မင်းမောင်ကလုံးဝ စိတ်ဖောက်ပြန်
သွားတဲ့ ပုံစံနဲ့ ကားကို အတင်းရပ်ဖို့ လုပ်တယ်…ကားနဲ့သစ်ပင် ဝင်
မတိုက်ခင် ကားတံခါးကိုလည်း ဖွင့်ဖို့လုပ်ခဲ့သေးတာကွဲ့…သစ်ပင်ကို
ကားကဝင်တိုက်မိတော့ ဒုန်းဆိုတဲ့ အသံကိုအကျယ်ကြီးကြားလိုက်ရ
ပီး မင်းမောင်တစ်ယောက် အပြင်ကို လွှင့်စင့်ထွက်သွားတာပဲ ဒေါ်ဒေါ်
သိလိုက်တော့တယ်ကွဲ့…အဲဒီနောက်ပိုင်း ဒေါ်ဒေါ်လည်းဘယ်လောက်
ကြာကြာသတိမေ့နေခဲ့တယ်မသိဘူး…သတိပြန်ရလာတဲ့အချိန်ကျတော့
ဒေါ်ဒေါ်တို့ ကားနားမှာ လူတွေအများကြီးဝိုင်းအုံနေတာကို တွေ့လိုက်
ရတယ်…ဒေါ်ဒေါ်ကတော့ မင်းအခုမြင်တဲ့အတိုင်း လက်တစ်ဖက်ကျိုး
သွားတယ်…ကားဆရာလည်း ခေါင်းပေါက်ပီး ခြေထောက်တစ်ဖက်
ကျိုးသွားတာကွဲ့ … နောက်ခန်းမှာ စီးလာတဲ့သူတွေလည်း အားလုံး
ထိပ်ပေါက်ခေါင်းကွဲနဲ့ကိုယ်စီဒဏ်ရာတွေရကြတာပေါ့…ဒါပေမဲ့ အံ့သြ
စရာကောင်းတာက တစ်ကားလုံးဘယ်သူမှ အသေပျောက်မရှိဘူး…အဲဒီအက်စီးဒင့်မှာ မင်း သူငယ်ချင်း မင်းမောင်တစ်ယောက်ပဲ ပွဲချင်း
ပီးဆုံးခဲ့တာကွဲ့ ”
” ဗျာ !! မင်းမောင်တစ်ယောက်ပဲ သေခဲ့တာ ဟုတ်လား …ဒါ…ဒါဟာ
ထူးဆန်းတယ်လို့ မထင်ဘူးလား ဒေါ်ဒေါ် ”
” ဟုတ်တယ် မောင်အောင်လွင် !! နောက်ထပ်ပိုပီး အံ့သြစရာကောင်းတာတစ်ခုလည်း ရှိသေးတယ် ”
” ဟင် !! ဘာများလဲ ဒေါ်ဒေါ် ”
” တခြားမဟုတ်ဘူး မောင်အောင်လွင် !! မင်းမောင်ကနေရာမှာတင်
ပွဲချင်းပီး ဆုံးသွားတယ်ဆိုပေမဲ့… သူ့မျက်နှာကမသေခင် သဘောကျ
ကျေနပ်စရာ တစ်ခုခုကို ကြုံတွ့ခဲ့လိုက်သလို ပြုံးလို့နေတာကွဲ့…
ပီးတော့ ရဲတွေရောက်လာတော့ မင်းမောင်ရဲ့အလောင်းကို နီးစပ်ရာ
ဆေးရုံကိုပို့ပီး…ရင်ခွဲဆေးစစ်ချက်ယူကြတယ်…အဲဒီမှာထွက်လာတဲ့
ဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေလွှာက မင်းမောင်မှာ ဒီကား မတော်
တဆမူကြောင့် အသက် သေလောက်အောင်ထိ အပြင်းအထန်ထိခိုက်
နာကျင်ရတဲ့ ဒဏ်ရာမျိုး မတွေ့ရှိတဲ့ လေကွယ် ”
” ဟာ !! ထူးဆန်းလှချည်လား ဒေါ်ဒေါ် ”
” ဟုတ်တယ် !! သူသေသွားပေမဲ့ အမှုက ခုထက်ထိမပီးသေးဘူးကွဲ့
… ထူးဆန်းလိုက်တာလည်း မပြောပါနဲ့တော့…ဒေါ်ဒေါ့် တစ်သက်နဲ့
တစ်ကိုယ် မယုံနိုင်စရာပါကွယ်… ကားမမှောက်ခင် ကားကိုတားတဲ့
မိန်းကလေးကို သူတစ်ယောက်ထဲ တွေ့ခဲ့တာ…သူက ဒေါ်ဒေါ့်သမီး
ဝေဝေခိုင် ကားတားနေတယ်ဆိုပီး ပြောခဲ့တယ်…ပီးတော့ ကားကို
တားနေတဲ့သမီးက အစိမ်းရောင်ဝတ်စုံနဲ့တဲ့လေ…လေ …ဟင် !! ဘုရား…ဘုရား ”
ဟာ !! ဒေါ်တင့်ဝေက ပြောနေရင်း တစ်စုံတစ်ရာကိုတွေးတောမိဟန်နဲ့
ပြောလက်စ စကားကိုရပ်လို့ ရင်ဘတ်ကို လက်နဲ့ဖိပီး ဘုရားတလိုက်
တာဗျ။ ဒါနဲ့ ကျုပ်လည်းချက်ချင်းအကျိုးအကြောင်းမေးလိုက်ရတယ်။
” ဒေါ်ဒေါ် !! ဘာများဖြစ်လို့လဲဗျ ”
” ဒေါ်ဒေါ် အခုမှ သတိရတယ် မောင်အောင်လွင်…သေသွားတဲ့
ဒေါ်ဒေါ့်ရဲ့ သမီးဝေဝေခိုင်ကို နောက်ဆုံးဝတ်ဆင်ပေးခဲ့တဲ့ အဝတ်
အစားဟာ အ…အစိမ်းရောင်…ရောင် ”
ဟာ !! ဒေါ်တင့်ဝေက ကျုပ်ကိုပြောရင်းနဲ့စကားမဆက်နိုင်တော့ဘူးဗျ။
ထိန်းမရအောင် တသွင်သွင် စီးကျလာတဲ့မျက်ရည်တွေကိုအနိုင်နိုင်
သုတ်နေတာဗျို့။ ကျုပ်လည်း အခြေအနေ အကျိုးအကြောင်းကို လုံး
စေ့ပတ်စေ့ ရိပ်စားမိလိုက်ပီမို့…သွားလေသူ သူငယ်ချင်းမင်းမောင်
အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ သက်ပြင်းအခါခါချနေရုံမှ တစ်ပါး
အခြား မရှိတော့ဘူးပေါ့ဗျာ။ အဲဒီချိန်မှာပဲ ဒေါ်တင့်ဝေက ကျုပ်ကို
စကား စပြန်ဆက်တယ်။
” မင်းသူငယ်ချင်းက ဒေါ်ဒေါ့် သမီးကိုစွဲလန်းတဲ့ စိတ်ကြောင့် သေရ
တာ…သူ့ရဲ့ နောက်ဆုံးထွက်သက် အချိန်ထိ သမီးကို စွဲလန်းခဲ့တာ
မောင်အောင်လွင်ရဲ့ ”
” ဟုတ်ပါတယ် ဒေါ်ဒေါ် !! သူဒီကိုထွက်မလာခင် ဝေဝေခိုင်နဲ့ပတ်
သတ်ပီး အိမ်မက် မက်တဲ့ အကြောင်း ကျနော့်ကို ပြောပြခဲ့သေးတယ်
ဒေါ်ဒေါ်ရဲ့…အိမ်မက်ထဲမှာ ဝေဝေခိုင်က သူ့ကို တွေ့ချင်ရင်…ဒါမှ
မဟုတ် သူနဲ့ အတူတူနေချင်တယ်ဆိုရင်…အဲ့ဒီ ဦးခန္တီဘုရားနား က
တောအုပ်ထဲကို လာခဲ့ဖို့ အိပ်မက်ပေးခဲ့တယ်တဲ့…အခု သူသေသွား
တာလည်း အဲ့ဒီဘုရားအနားမှာဆိုတော့…ဒါဟာ တိုက်ဆိုင်မူတစ်ခုလို့ ကျနော့်တော့ ဘယ်လိုမှ မထင်တော့ဘူး ဒေါ်ဒေါ် ”
” ဘာ !! ဘယ်လို့ကွဲ့ မောင်အောင်လွင်…သမီးက သူနဲ့ အတူတူနေ
ချင်ရင် ဦးခန္တီဘုရားကတောအုပ်ထဲ လာခဲ့ဖို့ မင်းမောင်ကို အိပ်မက်ပေးခဲ့တယ် ဟုတ်လား… ဘုရား…ဘုရား !! ဒါ…ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါစေလို့ ဒေါ်ဒေါ်ဆုတောင်းပါတယ်ကွယ်…မင်းပြန်သွားရင် မင်းတို့ဘော်ဒါဆောင်မှာ မင့်သူငယ်ချင်း မင်းမောင်အတွက် အလှူအတန်းလေးလုပ်ပြီး အမျှပေးဝေ လိုက်ပါကွယ်”
” စိတ်ချပါ ဒေါ်ဒေါ် !! ဒါက ဒေါ်ဒေါ် မပြောလည်း ကျနော်လုပ်မှာပါ…
မင်းမောင်သေသွားပီဆိုတာကို အဆောင်က လူတွေကော…ရုံးက
လူတွေကပါ မယုံနိုင်ဘူးဖြစ်နေကြတာဗျ ”
” အေးကွယ် !! ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး… မောင်
မင်းမောင်ရဲ့ အဖြစ်က အင်မတန်ဆန်းကြယ်လွန်းပါတယ်ကွယ်…ကဲ
…ကဲ !! မင့်မှာလည်း ခရီးရောက်မဆိုက် မနားရပဲ…မင့်သူငယ်ချင်းရဲ့
အကြောင်းကို နားထောင်နေရတာ ပင်ပန်းနေယောပေါ့…ရေမိုးချိုးပီး
အနားယူလိုက်ပါဦးကွယ်… မင်းသူငယ်ချင်းရက်လည်ပီးတဲ့အထိ ဒီမှာ
နေလိုက်ဦးပေါ့ ”
” ဟုတ်ကဲ့…ဒေါ်ဒေါ် !! ကျနော် မင်းမောင်ရဲ့ ရက်လည်ပီးမှ ပြန်မှာ
ပါဗျ ”
” အေး…အေး !! ဒါဖြင့်လည်း သွားနားချေဦး ”
” ဟုတ်ကဲ့ ဒေါ်ဒေါ် ”
ကျုပ်လည်း အမှန်တကယ် ခရီးပန်းလာတာမို့ ဒေါ်တင့်ဝေ စကားတိုင်း ရေမိုးချိုး ခဏတဖြုတ် အနားယူလိုက်တာပေါ့ဗျာ။
ဒီလိုနဲ့ ကျုပ် မင်းမောင်ရဲ့အသုဘ ရက်လည် ပီးစီးသွားတဲ့ထိ လိုအပ်
တာတွေကူညီလုပ်ကိုင်ပေးခဲ့တယ်။ ရက်လည်းပီး နောက်တစ်နေ့
ရောက်တော့ ကျုပ်လည်း ရန်ကုန်ကိုပြန်ဖို့ပြင်ရတာပေါ့ဗျာ။
ကျုပ်မှာ ရန်ကုန်ကထွက်လာထဲက အဝတ်အစား နှစ်စုံ…သုံးစုံထည့်
ထားတဲ့ ကျောပိုးအိတ်လေးတစ်လုံးပဲပါတာဆိုတော့…ပြန်ဖို့အတွက်
အဝေးပြေး ကားလတ်မှတ်ဖြတ်ရုံကလွဲရင် အထွေအထူးပြင်ဆင်စရာ
တော့မရှိဘူးဗျို့။
ပြန်ရမဲ့ ရက်ရောက်လို့ဒေါ်တင့်ဝေနဲ့ မိသားစုဝင်တွေအားလုံးကိုနူတ်
ဆက်ပီး အိမ်ပေါ်ကဆင်းတော့… ဒေါ်တင့်ဝေက တစ်စုံတစ်ရာကို
သတိရသွားဟန်နဲ့ ကျုပ်ကို လှမ်းတားတယ်။
” အော် !! မောင်အောင်လွင်ရေ…ခဏနေပါဦး…မင်းကို ပေးစရာလေးရှိလို့ကွဲ့ ”
ဒေါ်တင့်ဝေက စကားဆုံးတော့ အိမ်ခန်းထဲကို လှမ်းဝင်သွားတယ်။
ပြန်ထွက်လာတော့ သူ့လက်ထဲမှာ လွယ်အိတ်လေး တစ်လုံးပါလာ
တယ်ဗျ။
” ရော့ !! မောင်အောင်လွင်…ဒါ မင့် သူငယ်ချင်း လွယ်အိတ်… သူ
ဒေါ်ဒေါ်တို့ဆီ စရောက်လာထဲက ကိုယ်နဲ့မကွာ လွယ်ထားတဲ့
လွယ်အိတ်ကွဲ့…သူသေတော့လည်း ဒီလွယ်အိတ်လေး ပိုက်ရက်နဲ့
ပဲ သေသွားခဲ့တာ…အိတ်ထဲမှာ သေချာလုံအောင် ထုတ်ပိုးထားတဲ့
အထုပ်လေးတစ်ထုပ်လည်း ရှိတယ်…ဒေါ်ဒေါ်နဲ့ မဆိုင်ဘူးထင်လို့
ဖွင့်မကြည့်ခဲ့ပါဘူး…ဒီလွယ်အိတ်ကို မင်းပဲယူသွားလိုက်ပါတော့ကွယ်”
ဒေါ်တင့်ဝေ ကျုပ်ကိုလှမ်းပေးလိုက်တဲ့ လွယ်အိတ်လေးက မင်းမောင်
အမြဲလွယ်နေကျ လွယ်အိတ်လေးမှန်း ကျုပ် မျက်မှန်းတန်းမိတယ်။
ဒါနဲ့ လွယ်အိတ်လေးကို လှမ်းယူပီး အိတ်ထဲမှာ ပါတဲ့အထုတ်လေး
ကို ကျုပ်စိတ်ဝင်တစားနဲ့အားလုံးရဲ့ ရှေ့မှာပဲ ဖြည်ကြည့်လိုက်တာဗျ။
” ဟာ !! ”
” ဘုတ် !! ”
ဟာ !! ဆိုတာက ကျုပ် ပါးစပ်က အလန့်တကြားလွှတ်ခနဲထွက်သွား
တဲ့ အသံဗျ။ ဘုတ် !! ဆိုတဲ့အသံကတော့ ကျုပ်လက်ထဲကနေ မြေပြင်
ပေါ် လွတ်ကျသွားတဲ့ အထုပ်လေးဆီက ထွက်ပေါ်လာတဲ့ အသံပေါ့ဗျာ။
ဘာကိုတွေ့လိုက်လို့ ကျုပ်အဲဒီလောက် ထိတ်လန့်သွားရလဲ ခင်များတို့သိလား… တခြားမဟုတ်ဘူးဗျ။
အဲဒီအထုပ်ထဲမှာရှိတဲ့အရာက မင်းမောင် အမြဲထုတ်ထုတ်ကြည့်နေ
ကျ … သူ့မိန်းမသေဆုံးတုန်းကဝတ်ဆင်ခဲ့တဲ့အစိမ်းရောင်ဝမ်းဆက်
ဝတ်စုံ…တစ်နည်းအားဖြင့်ပြောရရင် သူ့မိန်းမ ဝေဝေခိုင်ရဲ့ဝိဥာဉ် ခိုအောင်းနေတယ်လို့ဆိုနိင်တဲ့အစိမ်းရောင် ဝမ်းဆက် သက်ပျောက်
ဝတ်စုံ ဖြစ်နေလို့ပဲဗျို့။
×××××××××××××××××××××××××××××××××××××××
ပြီးပါပီ …
#စာရှု့သူများအားအစဉ်ထာဝရလေးစားရိုသေလျက်