*သန်းခေါင်ယံပြိုင်ပွဲ *( စ၊ ဆုံး)
*********************************
ရေးသားသူ- ထမံ(တောင်ငူ)
******
အချိန်က ၁၉၀၀ ပြည့်နှစ်။
ဥတုကာလက တန်ဆောင်မုန်းလရဲ့ အထင်ကရ လပြည့်ညကာလ။
နေရာက စစ်ကိုင်းဒေသ၊ ဧရာဝတီမြစ်ကမ်းကြီးနံဘေးမှာ တည်ရှိတဲ့ သရဝဏ်ရွာဆီမှာ…။
******
ရွာအပြင်က လယ်ကွင်းပြင်ကျယ်ကြီးဆီမှာ မီးတိုင်တွေ ထိန်ထိန်ငြီးနေပြီး ရွာသားတချို့ စုဝေးရောက်ရှိနေကြတယ်။
ရွာသားတွေရဲ့ အရှေ့မှာတော့ စင်မြင့်တစ်ခုရှိနေပြီး သူတို့တတွေ အခုလို ရောက်နေရတဲ့ အကြောင်းကတော့…။
သူတို့ရဲ့ သရဝဏ်ရွာဆီမှာ နှစ်စဉ်တိုင်း ပြုလုပ်နေကျဖြစ်တဲ့ သန်းခေါင်ယံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်များဟာ တက်ကြွစွာ ရှိနေကြပြီး တွေမျိုးနီးစပ်တော်တဲ့ သူတို့ကို အားပေးသူအချို့နဲ့ စကားစမြည်ပြောဆိုနေကြတယ်။
‘ ဒီနှစ် ဒီပြိုင်ပွဲမှာ ငါတော့ ဆုရရမယ်ကွာ…’
ဒီစကားက ရွာရဲ့ သူဋ္ဌေးသားဘမင်းရဲ့ စကား။
သန်းခေါင်ယံပြိုင်ပွဲမှာ ဆုရရှိသူဟာ ရွာထဲက ကာလသမီးတို့အကြား မျက်နှာပွင့်တတ်တယ်။ ဒါကြောင့် သန်းခေါင်ယံ ပြိုင်ပွဲကို ကာလသားတိုင်းက ပါဝင်ယှဉ်ပြိုင်လိုပါရဲ့။ ဒါပေမယ့် ခက်တာက အိမ်ရှင်က ဖမ်းဆီးမိပြီဆိုရင် ဖွဲရည်တိုက်တာတို့၊ ကြံရည်ကြိတ်တိုက်တာတို့ လုပ်တတ်တဲ့အတွက် ဖမ်းဆီးခံရသူဟာလည်း လှောင်ပြောင်ခံရနိုင်တယ်။
ဒါကြောင့် ကာလသားတိုင်း တော်ရုံစိတ်နဲ့ ပြိုင်ဖို့မရဲတဲ့ ပွဲပေါ့။
အခု ဘမင်းတို့ သူငယ်ချင်းတစ်သိုက်ကတော့ ဒီနှစ်မှာ ရွာက ကွမ်းတောင်ကိုင် မြသစ် အထင်ကြီးဖို့ ပြိုင်ပွဲကို ဝင်ပြိုင်လာတာ ဖြစ်တယ်။
‘ ဘမင်း… ဟိုကောင် မင်းခေါင်လည်း ပါတယ်နော်…’
မင်းခေါင်က တစ်မြန်နှစ်ကနဲ့ မနှစ်တုန်းက အနိုင်ဆုကို နှစ်ကြိမ်ဆက် ရရှိထားသူဖြစ်တယ်။
နှစ်ကြိမ်ဆက် ဆုရရှိထားတဲ့ မင်းခေါင်ဟာ သူတို့ရွာက ကာလသမီးတွေအကြားမှာ မျက်နှာပွင့်လန်းလွန်းနေပါရဲ့။
‘ ပါပါပေါ့ကွာ။ အရင်နှစ်တွေက ငါမပါလို့ ဒီကောင် အနိုင်ရတာ။ ငါပါရင်တော့လား…ဟင်း…ဟင်း…’
ဘမင်းက အပြောကြီးလိုက်တယ်။ အရင့်အရင်နှစ်တွေတုန်းက သူက အိမ်က ခွင့်မပြုတာမို့ ပြိုင်ပွဲမဝင်ရဘူး။ ဒီနှစ်မှသာ ပြိုင်ပွဲဝင်ဖို့ မနည်းပူဆာပြီး ဝင်ပြိုင်ရတာရယ်။ သူ့နံဘေးဆီက လှအုပ်နဲ့ ငတူးတို့ကတော့ အရင်နှစ်တွေက ပြိုင်ဖူးသူတွေပါ။
‘ ကဲ…အားလုံးပဲ၊ ပြိုင်ပွဲဝင်များကို စကားဆိုတော့မှာမို့ ငြိမ်သက်ပေးကြပါ…’
ပြိုင်ပွဲကြီးကြပ်သူ ဘကြီးဖိုးထောင်က ထပြောလာတယ်။
သူ့အသံကြောင့် ကွင်းပြင်ထဲက ပြိုင်ပွဲဝင်မယ့်သူအားလုံး ပြောလက်စ စကားတွေရပ်လို့ တိတ်ဆိတ်သွားကြတယ်။
‘ ဒိနှစ်မှာ ပြိုင်ပွဲဝင်မယ့် ကာလသား အယောက်သုံးဆယ်ကို ဘကြီးက ပြိုင်ပွဲကို ဦးစီးကျင်းပသူအနေနဲ့ အမှာစကားတို့ကို ပြောပါမယ်။ ဒိနေ့ ဒီအချိန်ဟာ ဘကြီးတို့ရွာရဲ့ နှစ်စဉ်တိုင်း ကျင်းပနေကြမြဲဖြစ်တဲ့ အထင်ကရဆုံးသော သန်းခေါင်ယံပြိုင်ပွဲကြီးကို မကြာခင်မှာ ပြိုင်ပွဲဝင်တွေကို စတင်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် ဒီသန်းခေါင်ယံပြိုင်ပွဲကြီးကို လုပ်ရသလဲဆိုတာကို ဘကြီး ပြန်လည်ပြောပြပါ့မယ်…’
ဘကြီးဖိုးထောင်က စကားကို ခဏတန့်လိုက်ပြီး အားလုံးကို ဝေ့ဝိုက်ကြည့်တယ်။ အကုန်လုံးက စိတ်ဝင်တစား နားထောင်နေကြတော့ ဘကြ်ိးဖိုးထောင်က အားတက်သွားရပြီး စကားကို ဆက်ပြောပြန်ပါတယ်။
‘ ဒီစကားတွေဟာ နှစ်စဉ်တိုင်းမှာ ပြောနေကျဖြစ်တာကြောင့် ဒီက ဧည့်ပရိတ်သတ်အားလုံးနဲ့ ပြိုင်ပွဲဝင်များလည်း သိကြပြီးသားပါ။ ဒါပေမယ့်လည်း ဒီပြိုင်ပွဲဟာ ဘကြီးတို့ မင်းတို့ရဲ့ သရဝဏ်ရွာနဲ့ အခြားရွာများအပေါ် ကြီးမားတဲ့ ကျေးဇူးတရားတွေ ရှိဖူးခဲ့သူ ရေဝန်းရွာသား၊ သူတော်ကောင်းသူခိုးကြီး ငတက်ပြားအတွက် ရည်ရွယ်ပြီး အထိန်းအမှတ်အဖြစ်နဲ့ ပြုလုပ်တဲ့ ပွဲပါ။တို့ရပ်ရွာက ကျေးဇူးရှင်ကို ပြန်ဂုဏ်ပြုတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ သူတော်ကောင်းကြီး ငတက်ပြားဟာ ဒီသရဝဏ်ရွာနဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေကို ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ အငတ်ဘေးကနေ ကူညီရုန်းထစေခဲ့သူပါ။ ဒါကြောင့် သူတော်ကောင်းကြီးအတွက် ရည်ရွယ်ပြီး ဒီပြိုင်ပွဲက်ု မျိုးဆက်အလိုက် အခုလိုညမှာ ကျင်းပလာခဲ့ဟာတာဆိုရင် အခုအချိန်ထိဆို နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူဟာ မဲခွက်ထဲက မဲလိပ်ကို နှိုက်ပြီး မဲပေါက်တဲ့ အိမ်ဆီကို ညဉ့်လူအဖြစ် ဝင်ရောက်ကြရပါတယ်။ အိမ်ထဲကနေ ရတနာပစ္စည်းမဟုတ်တဲ့ အရေးပါတဲ့ ပစ္စည်းတစ်ခုကို ခိုးယူရပါတယ်။ ပြီးရင်တော့ စုရပ်ဖြစ်တဲ့ ဒီနေရာကို လာရပါတယ်။ အခက်ခဲဆုံးနဲ့ တန်ဖိုးအကြီးဆုံးအရာကို ခိုးယူနိုင်သူဟာ အနိုင်ရရှိသူ ဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲရဲ့ သဘောတရားပါ။ အခြားတစ်ဖက်မှာတော့ ဒါဟာ ပျော်ပွဲအဖြစ်လည်း ဖြစ်ပါတယ်။ အိမ်ရှင်တွေက ဖမ်းဆီးမိတဲ့အခါ ဖွဲရည်တိုက်တာတို့ အိုးမည်းသုတ်၊ ထုံးသုတ်တာတို့လို ပြန်လည်တုန့်ပြန်ကြပါတယ်။ ဘယ်သူကမှ ဗွေမယူတတ်ကြပါဘူး…’
ဘကြီးဖိုးထောင်က စကားရှည်ရှည်ပြောလိုက်ရတာမို့ ခဏတာ နားလိုက်ပါတယ်။ ပြိုင်ပွဲဝင်တွေနဲ့ အားပေးသူတို့ကတော့ ဘကြီးဖိုးထောင်စကားကို ဆက်ပြီး ငံ့လင့်နေကြတယ်။
‘ ပြိုင်ပွဲကို ကျင်းပခဲ့တဲ့ ကာလတစ်လျှောက်မှာတော့ အနိုင်ဆုကို ပြိုင်ပွဲဝင်တွေဟာ တစ်နှစ်တစ်ယောက်သာ ဆွတ်ခူးရရှိခဲ့ကြရာက တစ်မြန်နှစ်ကနဲ့ မနှစ်ကတော့ ထူးထူးခြားခြား ရွာတောင်ပိုင်းနေတဲ့ မောင်မင်းခေါင်ဟာ နှစ်ကြိမ်ဆက် ဆွတ်ခူးရရှိထားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ထူးထူးခြားခြား အစီအစဉ်တစ်ခုအဖြစ်၊ အခုပြိုင်ပွဲဝင်မယ့် လူငယ်ကာလသား အယောက်သုံးဆယ်ထဲမှာမှ နှစ်ကြိမ်ဆက် ဆုရရှိထားတဲ့ မောင်မင်းခေါင်ကလွဲပြီး ကျန်သူတို့ဟာ သူတို့ဝင်ရောက်ရမယ့် အိမ်ကို မဲလိပ်နှိုက်ပြီး ကျတဲ့အိမ်ကို ဝင်ကြရပါမယ်။ မောင်မင်းခေါင်ကတော့ သူတို့နဲ့အတူ မဲလိပ်မနှိုက်ရဘဲ သီးသန့်မဲ သုံးလိပ်ကို နှိုက်ရပါမယ်။ ပြိုင်ပွဲကျင်းပသူတွေက ဒီမဲသုံးလိပ်ထဲမှာ ဝင်ဖို့ ခက်ခဲတဲ့ အိမ်တွေချည်း သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဘာကြောင့် ဒီလို စီစဉ်ရတာလဲဆိုတော့က ရှေ့က နှစ်နှစ်မှာ နှစ်နှစ်လုံး အနိုင်ဆု ရရှိထားသူ မောင်မင်းခေါင်ဟာ ဒီနှစ်မှာလည်း အနိုင်ဆုကို ဆက်လက်ပြီး ဆွတ်ခူးမယ်ဆိုရင် သူ့အတွက်ကို ထိုက်တန်တဲ့ ဆုလာဘ်နဲ့ အခြား ချီးမြှင့်ဖို့အရာတွေ စီစဉ်ထားတာကြောင့်ပါ။ အားလုံးပဲ ပြိုင်ပွဲစီစဉ်သူများရဲ့ သတ်မှတ်ချက်ကို သဘောတူကြပါလားခင်ဗျား…’
‘ သဘောတူပါတယ်…’
‘ သဘောတူပါတယ်…’
ပျော်ပွဲအဖြစ် ပြုလုပ်တဲ့ ပွဲမို့ အားလုံးက ပျော်ရွှင်စွာနဲ့ တစ်ခဲနက် ထောက်ခံသမှု ပြုကြပါတယ်။ မင်းခေါင်ကတော့ ရှေ့နှစ်တွေက နှစ်ကြိမ်ဆက် ဆုရရှိထားခဲ့တဲ့ သူ့အတွက် ပြိုင်ပွဲစီစဉ်သူတွေက ဘယ်လိုများ စီစဉ်သတ်မှတ်ထားသလဲဆိုတာ သိချင်လွန်းလှနေတယ်။
ခဏကြာတော့ မင်းခေါင်မပါဘဲ ကျန်တဲ့ ပြိုင်ပွဲဝင် နှစ်ဆယ့်ကိုးယောက်က မဲလိပ်နှိုက်ကြတယ်။ ပြီးတော့ ကိုယ်မဲပေါက်ရာ အိမ်ကို ကိုယ့်စိတ်ထဲမှာပဲ မှတ်ထားပြီး မဲလိပ်ကို ဖျောက်ကြတယ်။
ဒီလိုမှ မလုပ်ရင် သူတို့ဝင်ရောက်မယ့် အိမ်ရှင်တွေဆီ သတင်းက ရောက်သွားပြီး ကြိုတင်စောင့်ဆိုင်းလို့ ဖမ်းတာမျိုးကို ခံကြရတတ်တယ်။
သူတို့ရဲ့ သရဝဏ်ရွာက အိမ်ခြေ နှစ်ရာလောက်ရှိတယ်။ ဒီတော့ အိမ်ရှင်တွေဟာ ပြိုင်ပွဲဝင်တွေ ဘယ်အိမ်ကို ဝင်ရောက်မယ်ဆိုတာ မသိကြဘူး။ ဒါကြောင့် ပြိုင်ပွဲဝင်တွေက ဝင်ရမယ့် အိမ်ဆီကို သတင်းမပေါက်ကြားစေဖို့ မဲလိပ်ကို ဖျောက်ကြရတယ်။ မဖျောက်ရင်တော့ သတင်းပေါက်ပြီး အဖမ်းခံ ဖွဲရည်သောက်ရဖို့က ပိုများတယ်။
‘ မောင်မင်းခေါင်အလှည့်၊ မဲ နှိုက်ပါ…’
မင်းခေါင်အတွက် သီးသန့်မဲခွက်တစ်ခု။ အထဲဆီမှာ မဲလိပ်သုံးလိပ်ရှိနေတယ်။
မင်းခေါင် မဲတစ်လိပ်ကို နှိုက်ယူလိုက်တယ်။
‘ ဟာ…’
မဲလိပ်ကို ဖြေကြည့်ချိန် သူဝင်ရမယ့် အိမ်ကို မြင်တော့ ရင်ထိတ်သွားရလေရဲ့။
ဘာကြောင့်ဆို သူဝင်ရောက်ရမယ့် အိမ်က တစ်ရွာလုံးမှာမှ တစ်သီးတစ်သန့် နေတတ်သူ လူ့ဂွစာ၊ လူထူးဆန်းကြီးလို့ တစ်ရွာလုံးက သတ်မှတ်ထားတဲ့ ဦးဘာထူးရဲ့ အိမ်ဖြစ်နေလို့ပါပဲ။
‘ မောင်မင်းခေါင် အဆင်ပြေရဲ့လား…’
ဘကြီးဖိုးထောင်က မင်းခေါင် မျက်နှာဆီက အရိပ်အယောင်ကို ကြည့်ပြီး မေးလာတယ်။ ဘကြီးဖိုးထောင်ရဲ့ အမေးကြောင့် အားလုံးရဲ့ အကြည့်တွေက မင်းခေါင်ဆီကို စုပြုံရောက်ရှိလာကုန်ကြတာပေါ့။
မင်းခေါင်က စိတ်ကို ပြန်စုစည်းလိုက်တယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ…။
‘ ပြေပါတယ် ဘကြီးဖိုးထောင်…’
‘ အေး…အကောင်းဆုံးသာ လုပ် မောင်မင်းခေါင်ရာ။ အောင်မြင်ရင် မင်းက ဒီတစ်ရွာလုံးနဲ့ ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ ပထမဆုံး သုံးကြိမ်ဆက် အနိုင်ရသူ ဖြစ်ပြီ။ ဒါကြောင့် ဘကြီးတို့ဘက်ကလည်း မင်းသာ ဆုရရင် ထူးခြားသွားပြီမို့ များစွာ ထိုက်တန်အောင် ဂုဏ်ပြုကြမှာပါ။ သမိုင်းတွင်အောင် စွမ်းဆောင်ပေါ့ မောင်ရာ။ မင်းက ထူးခြားသူပဲ မဟုတ်လား ‘
ဘကြီးဖိုးထောင်ရဲ့ စကားက မင်းခေါင်အတွက်တော့ ခွန်အားတစ်ရပ်ဖြစ်စေလေတယ်။
‘ ဟုတ်ကဲ့ပါ ဘကြီး။ ကျုပ် အစွမ်းကုန်တော့ ကြိုးစားပါ့မယ် ‘
မင်းခေါင် ပြောမယ့်သာ ပြောရတာ သူဝင်ရောက်ရမယ့် ဦးဘာထူးရဲ့ အိမ်အကြောင်းကို တွေးမိပြန်တော့ စိတ်က ထင့်မိရပြန်တယ်။
ဒီလူကြီးက လူထူးဆန်း၊ လူ့ဂွစာကြီး။
အဲ့ဒိ့လူကြီးဟာ ဒီအရပ် ဒီဇာတိက မဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကမှ မန္တလေးဘက်ကနေ ဒီကို ပြောင်းလာတာတဲ့။
ဒီလူကြီးကို ဘာကြောင့် လူထူးဆန်း လူ့ဂွစာကြီးလို့ ခေါ်ရတာလဲဆိုတော့၊ ဒီလူကြီးဟာ ဘယ်သူနဲ့မှ အခေါ်အပြော အဆက်အဆံမရှိဘူး။ သူ့ခြံထဲမှာပဲ သူ့တပည့်ဖြစ်တဲ့ တာနောဆိုတဲ့ ရုပ်သွင်ဆိုးဆိုး လူထွားကြီးနဲ့ နေတယ်။
သူ့ခြံထဲကို ဘယ်သူမှ ပေးအဝင်မခံဘူး။ ပြီးတော့ သူကိုယ်တိုင်လည်း ခြံထဲက ခြံအပြင်ကို သိပ်မထွက်ဘူး။
တစ်ခုခု လိုအပ်လို့ ရွာနဲ့ အဆက်အဆံပြုရင် တာနောကြီးဆီကပဲ ဆက်ဆံပြောဆိုတယ်။
သူကြီးလို လူကိုတောင် သူ့ခြံဆီကို အဝင်ခံတဲ့ သူ မဟုတ်ဘူး။ ခြံထဲမှာလည်း နေ့နေ့ညည အင်းခွေးကြီးနှစ်ကောင်ကို လွှတ်ထားတတ်သေးပြန်တယ်။
အခု ဒီအိမ်ကြီးကိုမှ မင်းခေါင်ဝင်ရမယ်တဲ့။
ဝင်တာက ဟုတ်ပါပြီ။ ပထမတစ်ဆင့်က အင်းခွေးကြီးတွေကို ဖြတ်ကျော်ရမယ်။ အဆင်ပြေပြေ ဖြတ်ကျော်နိုင်ရင်တော့ တော်သေးပေမယ့် မတော်လို့ အဖမ်းဆီးခံရရင် ဒီလူကြီးက သန်းခေါင်ယံပြိုင်ပွဲဆိုတာကို နားလည်မယ် မထင်ဘူး။ သူ့ကို တစ်စုံတစ်ခု လုပ်နိုင်တယ်။ ဒီအတွက်ကြောင့် မင်းခေါင် စိတ်ဝန်လေးမိရတာတော့ အမှန်ပဲ။
ဒါပေမယ့် သူ့ဆီမှာ ဒီနှစ်လည်း အနိုင်ဆုအရယူဖို့ တွန်းအားတွေ ရှိနေတယ်။
သန်းခေါင်ယံပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် အနိုင်ဆုရရှိထားတဲ့သူ၊ ဒီနှစ်မှာလည်း ဒိဂုဏ်ကို ထိန်းရမယ်ဆိုတဲ့ အကြောင်းက ရှိနေတယ်။ ဒိလို ဂုဏ်ကို ထိန်းချင်တယ်ဆိုတာကလည်း သူ့တစ်ကိုယ်တာအတွက် မဝုတ်ဘူး။
အမှန်ကို ဝန်ခံရရင် သန်းခေါင်ယံပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် အနိုင်ဆုရရှိသူဆိုတဲ့ ဒီဂုဏ်ပုဒ်ကို ရရှိခဲ့တာဟာ သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစချည်း သပ်သပ်နဲ့ ရခဲ့တာ မဟုတ်ဘူး။
တကယ်တော့ ဒီဂုဏ်ပုဒ်ကို ဖြည့်စွက် ယူဆောင်ပေးထားသူက သူရဲ့ ချစ်ရသူ မြသစ်ရယ်။ ပြောရရင် မြသစ်က သူ့ကို နောက်မတွန့်ဖို့ ဆော်သြနေတဲ့ အဓိက အရေးအကြီးဆုံး အရာပေါ့။
မင်းခေါင် မြသစ်အကြောင်း တွေးမိသွားတော့ စိတ်က အတိတ်ဆီကို ခဏတာ ပြန်လည်ရောက်သွားရပြန်တယ်။
မနှစ်က သန်းခေါင်ယံပြိုင်ပွဲမှာ သူက မဲလိပ်အရ မြသစ်တို့ အိမ်ဆီကို ဝင်ရောက်ရတယ်။
ဒီတုန်းက မြသစ်တို့ အိမ်ဆီကို သူ လွယ်လွယ်ကူကူ ဝင်ရောက်ခဲ့ရတာတော့ မဟုတ်ဘူး။ မြသစ်အဖေကြီး ဦးညိုသစ် စီစဉ်ထားတဲ့ အခက်အခဲ၊ အတားအဆီးတွေကို ရှောင်တိမ်းဖြတ်သန်းပြီးမှ ခဲရာခဲဆစ် ဝင်ရောက်နိုင်ခဲ့ရတယ်။
အိမ်ထဲဆီရောက်တော့ သူ့အတွက် ပြိုင်ပွဲမှာ အနိုင်ရနိုင်မယ့် ပစ္စည်းကို ရှာဖွေတယ်။
ပထမက ဘုရားဆင်းတုတော်ကို ပင့်ဆောင်သွားမလို့ ကြံရွယ်မိပေမယ့် အရှေ့တစ်နှစ်တုန်းက သူ အနိုင်ဆုကို ရတုန်းက သူကြီးအိမ်က ဘုရားဆင်းတုတော်ကို ပင့်ဆောင်ပြီး ရခဲ့တာမို့ ဒီနှစ်မှာတော့ ထပ်တူကျကျကြီး ထပ်မလုပ်ချင်တော့ဘူး။
ဦးညိုသစ်တို့ မိသားစုကတော့ သူတို့ရဲ့ အတားအဆီးတွေကို စိတ်ချတာမို့ စိတ်အေးလက်အေးကိုပဲ အိပ်စက်နေကြတယ်။
ဒီလို စိတ်ချတာကလည်း အရှေ့ရှေ့ပြိုင်ပွဲတွေတုန်းက ဦးညိုသစ်စီမံတဲ့ အတားအဆီးတွေဟာ ပြိုင်ပွဲဝင်တိုင်းကို ဖမ်းဆီးပေးနိုင်ခဲ့တယ်လေ။ ဒါကြောင့်လည်း အခုညမှာ ဦးညိုသစ်တို့ တစ်မိသားစုလုံး သူတို့အတားအဆီးတွေကို ယုံကြည်ပြီး စိတ်ချလက်ချကို အိပ်စက်နေကြတာရယ်။
မင်းခေါင်ကျမှသာ ဒီအတားအဆီးတွေကနေ ခဲရာခဲတစ် ဖြတ်ကျော်ပြီး လွတ်မြောက်ခဲ့ရတာပေါ့။ အိမ်ထဲရောက်တော့မှသာ ဘာယူရမှန်းမသိ မင်းခေါင် မနည်းစဉ်းစားရင်း အကြံအိုက်နေရတယ်။
‘ ဟူး…’
မင်းခေါင် သက်ပြင်းက်ု ချမိလိုက်တယ်။ ဒိအခိုက်…
သူ့အနောက်ဆီက လှုပ်ရှားမှုရှိလာတာမို့ ရုတ်တရက်လှည့်ကြည့်လိုက်တော့ မင်းခေါင် ရင်ထိတ်ပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်သွားရတယ်။
မြသစ်နဲ့ မြသစ်မောင်လေး ဘိုသစ်ရယ်။
သူတို့ မောင်နှမက မင်းခေါင်ကို သူမတို့ အိမ်ထဲဆီမှာ အမှတ်မထင်မြင်လိုက်ရတာမို့ အလွန်အမင်း အံ့အားသင့်နေဟန်ပဲ။ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့လို့ အံ့သြနေကြတာလည်း ဖြစ်နိုင်တယ်။
မင်းခေါင်ကတော့ မြသစ်တို့ သူ့ကို မိသွားပြီဆိုပြီး ဘာလုပ်ရမယ် မသိတတ်တော့ဘဲ အမှတ်တမဲ့နဲ့ မြသစ်တို့ကို ရှူးခနဲ တိတ်နေပေးဖို့ အသံတိတ် တောင်းဆိုမိလိုက်တယ်။
မြသစ်က ခေါင်းကို အသာညိတ်ပြပြီး ခြေဟန်လက်ဟန်နဲ့ သန်းခေါင်ယံပြိုင်ပွဲလားလို့ မေးလာတော့ မင်းခေါင် ခေါင်းညိတ်မိတယ်။ ပြီးတော့ ဘာယူဆောင်ရမလဲ မသိတတ်တဲ့အကြောင်း ပြောမိတော့ မြသစ်တို့ မောင်နှမကလည်း ဝိုင်းပြီး စဉ်းစားကူပေးတယ်။
ခဏလောက်ကြာတော့ ဘိုသစ်က သူယူပေးမယ်ဆိုပြီး အိမ်ထဲကို ခြေဖော့လို့ ဝင်သွားတယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ ဦးညိုသစ်ရဲ့ ငွေရောင်ငှက်ကြီးတောင်ဓားကြီးကိုင်ဆောင်လို့ရယ်။
ဘိုသစ်က မင်းခေါင်ဆီကို ဓားကြီးထိုးပေးပြီး ယူသွားဖို့ ပြောတယ်။
မင်းခေါင်လည်း ဓားကြီးကို ယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ခြေဟန်လက်ဟန်နဲ့ ပြောကာ ထွက်မယ်ပြုတော့ မြသစ်က သူ့ခေါင်းဆီက ငွေကလစ်လေးကို ဖြုတ်ပေးလာပြန်ကော။
မင်းခေါင်လည်း ပစ္စည်းနှစ်ခုကို ယူလို့ ပြန်ထွက်ခဲ့လိုက်တယ်။
ပြိုင်ပွဲစုရပ်ဆီကိုရောက်တော့ မင်းခေါင်ယူလာတဲ့ ပစ္စည်းတွေက ဝင်ရောက်ရ ခက်ခဲပါတယ်ဆိုတဲ့ ဦးညိုသစ်တို့ အိမ်ဆီက သူတို့မြတ်နိုးရာပစ္စည်းဖြစ်ပြီး နောက်တစ်ခုက သူတို့ရွာဆီက အလှဧကရီမြသစ်ရဲ့ ကလစ်ဖြစ်နေတာကြောင့် မင်းခေါင် အနိုင်ဆုကို နှစ်ကြိမ်ဆက် ရရှိခဲ့ရပါတော့တယ်။
ဒီကနေ နောက်ရက်များမှာတော့ မြသစ်နဲ့ မင်းခေါင်အကြား သန်းခေါင်ယံပြိုင်ပွဲညက ကိစ္စကို အကြောင်းပြုပြီး ကျေးဇူးတင်စကားပြောတော့ မြသစ်က သူမတို့အိမ်ဆီက အတားအဆီးတွေကို ဖြတ်ကျော်နိုင်သူမို့ တမင်ကိုပဲ ကူည်ိပေးတာဖြစ်ကြောင်းပြောလာတယ်။ ဒီနောက်ပိုင်းတော့ သူတို့ရင်း ခင်မင်မှုတွေ ရှိလာရပြီး တစ်ယောက်ကို တစ်ယောက် နှောင်ကြိုးတွေ တည်းနှောင်မိခဲ့ကြတော့တယ်။ အခုဆိုရင် မြသစ်နဲ့ သူ ရည်ငံနေခဲ့ကြတာ နှစ်ပတ်လည်တစ်ခုတောင် ရှိတော့မယ်။
ဒီနှစ်မှာလည်း မြသစ်က မင်းခေါင်ကို သုံးကြိမ်ဆက် အနိုင်ဆုယူဖို မှာထားတယ်။ ဒီတစ်ကြိမ် အနိုင်ဆုရရင် သူမရဲ့ မိဘတွေကို ဖွင့်ပြောပြီး လူကြီးစုံရာနဲ့ လာရောက်ကြောင်းလမ်းနိုင်အောင် သူမဘက်က ကြိုးစားပေးမယ်လို့လည်း ပြောတယ်။
ပြီးတော့ မြသစ်က သူမကို သူဋ္ဌေးသားဘမင်းက ချစ်ရေးဆိုကြောင်းနဲ့ မိဘချင်း ရင်းလွန်းနေတာမို့ သူမ ယတိပြတ်ငြင်းဆန်ရမှာ ခက်တာနဲ့ ဘမင်းကို သန်းခေါင်ယံပြိုင်ပွဲမှာ အနိုင်ဆု အရယူနိုင်ရင် စဉ်းစားပေးမယ်လို့ ပြောခဲ့ရတဲ့ အကြောင်း ဖွင့်ဟလာတယ်။
ဒါကြောင့် မင်းခေါင်က်ုလည်း အနိုင်ဆုကို အရယူပါ၊ သူမက အဲ့ဒီ့ဂုဏ်ပုဒ်ကို ကိုင်စွဲပြီး မိဘတွေကို ဖွင့်ဟပြောဖို့ ခွန်အားယူပါရစေလို့ တိုက်တွန်းသမှု ပြုပေးထားတယ်။
မင်းခေါင်တို့ မိသားစုကလည်း ရွာထဲမှာ အခြေအနေတစ်ရပ်နဲ့ ရှိတယ်ဆိုပေမယ့် လူချမ်းသာတော့ မဟုတ်ဘူးလေ။ တကယ်လို့ ငွေဂုဏ်ချင်း ပြိုင်မယ်ဆိုရင် မင်းခေါင်ဘက်က အရေးနိမ့်နေတယ်။
တစ်ခုရှိတာက သူတို့ရပ်ရွာကလူတွေဟာ သန်းခေါင်ယံပြိုင်ပွဲကို အတော်လေး အလေးအနက်ထားကြတာမို့ အနိုင်ဆုရတယ်ဆိုတဲ့ ဂုဏ်ကိုတော့ ခင်မင်ကြတယ်။
ဒါကြောင့်လည်း မြသစ်က မင်းခေါင်ကို တစ်ခါမှ မရှိဖူးတဲ့ သုံးကြိမ်ဆက်အနိုင်ဆုယူပြီး အဲ့ဒီ့ဂုဏ်နဲ့ မင်းခေါင်အနေနဲ့ ဦးဘာထူးရဲ့ အိမ်ကြီးဆီကို ဝင်ရမှာ ဝန်လေးပေမယ့် ချစ်ရသူရဲ့ တိုက်တွန်းမှုနဲ့ ဂုဏ်ပုဒ်ကို ထိန်းလိုတဲ့ စိတ်က တွန်းအား ဖြစ်နေရတယ်။
အခြားပြိုင်ပွဲဝင်တွေက စုရပ်ဆီကနေ ရွာထဲဆီကို အသီးသီး ဝင်ရောက်ကုန်ကြပြီ။
ဒါကြောင့် မင်းခေါင်လည်း အတွေးတွေကို ဖြတ်တောက်ပြီး ရွာထဲကို လှမ်းဝင်လာခဲ့လိုက်တော့တယ်။
******
ညဥ့်သန်းခေါင်ယံတိုင်ပြီ။
တန်ဆောင်မုန်းလရဲ့ လပြည့်ဝန်းကြီးက ကမ္ဘာကြီးကို အပေါ်တည့်တည့်ကနေ ရွှမ်းရွှမ်းစားစား အလင်းတွေ ဖြန့်ကျက်ပေးနေတယ်။
မင်းခေါင်တစ်ယောက်တော့ ဦးဘာထူးရဲ့ အိမ်ရှေ့ လမ်းတစ်ဖက်ဆီက မန်ကျည်းပင်ကြီးအထက်မှာ အိမ်ထဲကို အခြေအနေ လှမ်းအကဲခတ်ရင်း ဝင်ရောက်ဖို့ အချိန်ကျပြီလို့ ယူဆမိတာကြောင့် အပင်ပေါ်ကနေ ခုန်ဆင်းကာ ခြံကြီးအနားကို လှစ်ခနဲ ပြေးကပ်လိုက်တယ်။
ဦးဘာထူးက လူ့ဂွစာ၊ လူထူးဆန်းကြီးမို့ သူ့ခြံကြီးကိုလည်း အပြင်ကနေ မမြင်နိုင်အောင် စည်းရိုးတွေကို အနော်မြင့်မြင့် ခတ်ထားတယ်။
မင်းခေါင် ခြံစည်းရိုးကြီးကို ခုန်ကျော်ဖို့ အနောက်ဆုတ်ပြီး လှမ်းခွာလိုက်တယ်။
အရှိန်ယူလို့ လုံလောက်တဲ့အနေအထားကိုရောက်တော့ စိတ်ကို ရှင်းလိုက်ပြီး ပြေးလို့ စည်းရိုးကြီး အပေါ်ကို ခုန်တက်ဖြတ်ကျော်လိုက်တယ်။
အခက်အခဲ မရှိပါဘဲ တစ်ဖက်ဆီကို မင်းခေါင်ရောက်ခဲ့ရတယ်။
ခြံကြီးထဲမှာတော့ အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်နေလို့ရယ်။ အင်းခွေးကြီးနှစ်ကောင်လည်း ဘယ်ရောက်နေတယ် မသိရဘူး။
မင်းခေါင် အချိန်မဆိုင်းဘဲ အိမ်ကြီးဆီကို ဆက်လက်ပြေးကပ်လိုက်ပြန်တယ်။ အိမ်ကြီးဆီရောက်တော့ ဝင်ရောက်ရမယ့် နေရာကို ရှာဖွေတယ်။
ဒီတစ်နှစ်လည်း ကံကောင်းပြန်တယ်ပြောရမလား မသိ။ အိမ်ကြီးရဲ့ မီးဖိုဘက်ဆီက ကဲလားဟာ ပွင့်ရက်သား ရ်ှနေတယ်။
မင်းခေါင် အဲ့ဒိ့ကနေ အိမ်ကြီးထဲကို ဝင်ခဲ့လိုက်တယ်။
အထဲရောက်တော့ မျက်လုံးတွေကို အသားကျစေအောင်လို့ တစ်ခဏ မှိတ်ထားလိုက်တယ်။ ပြန်ဖွင့်လိုက်တော့ အိမ်ကြီးထဲကို အတန်အသင့် မြင်နိုင်လေပြီ။
မင်းခေါင် ညင်သာစွာနဲ့ပဲ အိမ်အတွင်းဘက်ကို ဝင်ကာ အခြေအနေကြည့်ရင်း ယူဆောင်ရမယ့် ပစ္စည်းကို ရှာဖွေလေတယ်။
ရှာဖွေရင်းနဲ့ တစ်အိမ်လုံးက တိတ်ဆိတ်နေတာကို မင်းခေါင် သတိထားမိလာရတယ်။ ပုံမှန်ဆို ဒီအချိန် အိမ်သားတွေ အိပ်နေပါက အိပ်စက်ချိန် အသက်ရှူသံနဲ့ လှုပ်ရှားမှုအချို့ကို ကြားရမယ်လေ။ အခုက အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လွန်းနေတယ်။
မင်းခေါင် စိတ်တွင်းက မသိုးမသန့်ဖြစ်လာရတယ်။ ဒါကြောင့် ယူဆောင်ရမယ့် အဖိုးတန်ရာကို အမြန်ဆုံး ရှာဖွေပြီး ပြန်ထွက်ဖို့ ဆုံးဖြတ်တာပေါ့။
မျက်ဝန်းတွေက အမှောင်ထုထဲဆီမှာ အချိန်တစ်ခု ကြာပြီမို့ ကျင့်သားရလာပြီဖြစ်ကာ အိမ်တွင်းက ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်းမဟုတ်တောင် အမျိုးအမည်တော့ ဘာဆိုတာကိုတော့ သိမြင်နိုင်သလောက် ရှိနေပါပြီ။
မင်းခေါင် အိမ်ကြီးထဲကို လှည့်ပတ်လို့ ဟိုဒီရှာဖွေရင်း တစ်စုံတစ်ခုကို လက်နဲ့ တိုက်မိသွားတာကြောင့် အလျင်အမြန်ပဲ ပြန်ဖမ်းလိုက်ရတယ်။
‘ ဟူး…တော်ပါသေးရဲ့…’
မင်းခေါင် ရင်ထိတ်စွာနဲ့ တီးတိုး ရေရွတ်လိုက်ပြီး လက်ထဲ ရောက်ရှိချိန်မှာ ကြည့်မိတော့ ကြောင်တစ်ကောင်ရဲ့အသွင်ကို အချိုးအစားကျကျ ထုဆစ်ထားတဲ့ ပန်းပုရုပ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရတယ်။
မင်းခေါင်လည်း ထွေထူးပြီး မတွေးတော့ဘူး။ ပန်းပုရုပ်ကိုပဲ ယူသွားတော့မယ်လို့ ဆုံးဖြတ်ပြီး အိမ်ထဲကနေ ပြန်ထွက်ခဲ့လိုက်တော့တာပေါ့…။
အိမ်အပြင်ကို ထွက်လိုက်တော့ လကို ငပုတ်ဖမ်းနေတာ မြင်လိုက်ရတယ်။
လရောင်က ရုတ်သွားတာမို့ ဝန်းကျင်တစ်ခုလုံးက မှုန်မှိုင်းသွားလေရဲ့။ မင်းခေါင် အိမ်အောက်ကို အမြန်ဆုံးပဲ ဆင်းလိုက်တယ်။
ဒိအခိုက် အိမ်အနောက်ဘက်ဆီက စကားသံတို့နဲ့အတူ အင်းခွေးကြီးတို့ရဲ့ အသံကိုပါ ကြားလိုက်ရတယ်။
မင်းခေါင်လည်း ထွေထူးပြီး တွေးမနေတော့ပါဘူး။
နေရာဆီကနေ အမြန်ဆုံးပဲ မနားတမ်း ပြေးထွက်ခဲ့ပြီး စည်းရိုးကြီးကို ခုန်ကျော်လို့ အပြင်ကို ထွက်ခဲ့ပါတော့တယ်။
အပြင်ကိုရောက်ပြီး ခြံကြီးထဲကို ပြန်ချောင်းကြည့်တော့ အင်းခွေးကြီးနှစ်ကောင်က လူစိမ်းနံ့ကို ရလိုက်လို့ထင့်၊နှစ်ကောင်စလုံး တရှူးရှူး၊ တဂီးဂီးအသံပြုရင်း ခြံကြီးထဲ လှည့်ပတ်သွားလာနေတာကို မြင်လိုက်ရတယ်။
ဒါပေမယ့် မင်းခေါင်က လွတ်မြောက်ခဲ့ပြီမို့ အင်းခွေးကြီးတွေကို စိတ်ထဲ ထည့်တွက်စရာမလိုအပ်တော့တဲ့အတွက် ကျေနပ်စွာနဲ့ တစ်ချက်ပြုံးလိုက်ပြီး နေရာကနေ ထွက်ခဲ့ပါတော့တယ်။
******
မနက်ခင်း အာရုံကျင်းလုပါပြီ။
မကြာခင် ပြိုင်ပွဲအတွက် သတ်မှတ်ထားတဲ့ အချိန်က ပြည့်လုလု ဖြစ်နေပြီ။
မင်းခေါင်တစ်ယောက် ညတုန်းက ဦးဘထူးရဲ့ အိမ်ဆီကနေ ယူဆောင်လာတဲ့ ကြောင်ပန်းပုရုပ်လေးကို ဘကြီးဖိုးထောင်တို့ဆီ အပ်နှံလိုက်ပြီး နီးစပ်ရာ ကောက်ရိုးပုံဆီမှာ ခေါင်းတိုးလို့ ဝင်အိပ်နေလိုက်ပါတယ်။
ပြိုင်ပွဲဝင် အယောက်သုံးဆယ်မှာ တစ်ဆယ့်ရှစ်ယောက်သာ ပြန်လည်ရောက်ရှိကြပါသေးတယ်။ တစ်ဆယ့်နှစ်ယောက် ကျန်သေးတယ်။ အချိန်ပြည့်လို့မှ ပြန်မရောက်သေးတဲ့ ပြိုင်ပွဲဝင်တွေကတော့ ဆုသတ်မှတ်မှုမှာ အကျုံးဝင်တော့မှာ မဟုတ်ပါဘူး။
ပြန်ရောက်ပြီးတဲ့သူတွေကတော့ အိမ်ဆီကို မပြန်ကြတော့ဘဲ ကွင်းပြင်ကြီးအထဲက အဆင်ပြေရာနေရာဆီမှာ ရသလို မှေးစက်နေကြပါတယ်။
မနက်လင်းလို့ ဆုကြေညာတော့မယ်ဆိုရင် ရွာထဲက ရွာသူရွာသားတွေက ကွင်းပြင်ကြီးဆီကို အရောက်လာပြီး ဘယ်သူက အနိုင်ဆုရတယ်၊ မရဘူးဆိုတာကို လာရောက်အားပေးကြမှာ ဖြစ်ပါတယ်။
ပြန်ရောက်ကြသူတွေအထဲမှာ ဘမင်းလည်း ပါဝင်တယ်။
ဘမင်းက သူဝင်ရောက်ရတဲ့ အိမ်ဆီက ဘုရားဆင်းတုတော်ကြီးကို ပင့်ပြီး ယူဆောင်လာတာရယ်။
မင်းခေါင်က လမ်းပြလိုက်လို့လားတော့ မသိ။ သူကြီးအိမ်ဆီက ဘုရားဆင်းတုတော်ကို မင်းခေါင် ပင့်ဆောင်ခဲ့ပြီးနောက်ပိုင်း ဆင်းတုတော်တို့ကို ပင့်ဆောင်သူတို့က များလာတယ်။
အခုလည်း ဘုရားဆင်းတုတော် ပင့်ကြသူ လေးယောက်တိတ်ရှိနေတယ်။ ဘမင်းကတော့ ဒီအရေးအတွက်ကို မျက်နှာကြီး ရှုံ့မဲ့ရင်းနဲ့ပေါ့။
တဖြေးဖြေး.အချိန်တို့ ဖြတ်သန်းလာရင်း အလင်းရောင်စတင်လာချိန်မှာတော့ ပြိုင်ပွဲအချိန်က စေ့ခဲ့ပါပြီ။ ထပ်တိုးတစ်ယောက် ပြန်ရောက်လာပြီး ဆုရွေးချယ်ဖို့ သတ်မှတ်ချက်ထဲ ပြိုင်ပွဲဝင် အယောက်နှစ်ဆယ် ဖြစ်သွားခဲ့ပါတယ်။
အချိန်စေ့ပြီးနောက်မှာတော့ ဘကြီးဖိုးထောင်တို့ ပြိုင်ပွဲကြ်ိးကြပ်သူတွေက ယူဆောင်လာသူရဲ့ အမည်နဲ့ ပစ္စည်းတို့ကို တိုက်ဆိုင်စစ်ဆေးနေကြပြီ။
ရွာထဲကနေ ဆုရွေးချယ်မှုတို့ကို လာရောက်အားပေးတဲ့ လူသူတွေလည်းထွက်လာကြလေပြီ။
မိုးသောက်အလင်းရောက်ချိန်မှာတော့ ရွာလူံးကျွတ် ဆုရွေးချယ်မှုအပေါ် လာရောက်အားပေးကြတဲ့ ပရိတ်သတ်တို့က ကွင်းကြီး အပြည့်ပဲ။ ပြိုင်ပွဲဝင်တွေ အားလုံးကလည်း ရင်ခုန်နေကြပြီ။
‘ ဆုရရှိသူကို ရွေးချယ်ဖို့ စကာတင်သုံးယောက် သတ်မှတ်ထားပြီးပါပြီ…’
ဘကြီးဖိုးထောင်ရဲ့ စကားသံအဆုံး တစ်ကွင်းလုံးဆီက သြဘာပေးသံတွေ တခဲနက် ထွက်ပေါ်လာတယ်။ သြဘာသံတွေ ငြိမ်သွားတော့မှ ဘကြီးဖိုးထောင်က…။
‘ သန်းခေါင်ယံပြိုင်ပွဲမှာ အားလုံးက ကြိုးစားခဲ့ကြတယ်ဆိုပေမယ့် သူတို့သုံးယောက်ရဲ့ လုပ်ဆောင်မှုကတော့ တစ်မူထူးခြားပြီး စွန့်စွန့်စားစား လုပ်ခဲ့ကြတယ်ဆိုတာ သိသာပါတယ်။ သူတို့ ယူဆောင်လာတဲ့ ပစ္စည်းတွေဟာလည်း အခြားသူတွေထက် ထူးကဲနေပါတယ်။ ဒီသုံးယောက်ကတော့ ရွာအနောက်ပိုင်းက ဗလကြီး၊ ရဲမောင်နဲ့ မင်းခေါင်တို့ပါပဲ…’
‘ ဟေး…’
ြဲသဘာပေး ဟစ်အော်သံတွေ စီညံသွားခဲ့တယ်။
‘ ဒီသုံးယောက်ထဲကမှ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ပြောပြပြီး ဒီတစ်ခါမှာတော့ ပရိတ်သတ်ကနေ ရွေးချယ်ပေးတဲ့သူကို အနိုင်ဆု ပေးအပ်မယ်လို့ သတ်မှတ်ဖြစ်ပါတယ်။ အားလုံး သဘောတူကြပါရဲ့လား…’
‘ သဘောတူပါတယ်ဗျို့…’
‘ ပထမဆုံး မောင်ဗလ။ သူက ရွာထဲက ဦးဘချိုတို့ အိမ်ကို ဝင်ကြရပါတယ်။ သူယူဆောင်လာတဲ့ ပစ္စည်းကတော့ ဦးဘချို သိပ်မြတ်နိုးပြီး သိပ်တန်ဖိုးထားပါတယ်ဆိုတဲ့ ကိုယ်နဲ့မကွာ အမြဲဆောင်ထားတတ်တဲ့ ဆေးတံအိုးကို ယူဆောင်လာတာဖြစ်ပါတယ်။ နောက်တစ်ယောက် မောင်ရဲမောင်။ သူကတော့ သိုင်းဆရာကြီး ဦးအုန်းတို့ အိမ်ဆီကို ဝင်ရောက်ရပြီး ယူဆောင်လာတဲ့ ပစ္စည်းကတော့ ဦးအုန်းအိမ်မှာ တခုတ်တရ ချိတ်ဆွဲထားတဲ့ လှံတိုနှစ်ချောင်း ဖြစ်ပါတယ်။ အဲ…နောက်ဆုံး တစ်ယောက် မောင်မင်းခေါင်။ သူကတော့ လူထူးဆန်းကြီး ဦးဘာထူးရဲ့ အိမ်ကို ဝင်ရောက်ရကာ သူ ယူဆောင်လာတဲ့ ပစ္စည်းကတော့ သစ်ကနက်သားနဲ့ ထုလုပ်ထားတဲ့ ကြောင်နက် ပန်းပုရုပ်လေး ဖြစ်ပါတယ်။ ပစ္စည်းများကတော့ ဒိမှာပါ…’
ဘကြီးဖိုးထောင်တို့က စကာတင်သုံးယောက် ယူဆောင်လာတဲ့ ပစ္စည်းတွေကို ထုတ်ယူပြသကြတယ်။
သူတို့ယူဆောင်လာတဲ့ ပစ္စည်းတိုင်းက လူတိုင်းက အမြတ်တနိုး သိမ်းဆည်းထားတဲ့ အရာတွေချည်းပါပဲ။ ဒါပေမယ့် အားလုံးထဲမှာ ထူးခြားစွာ ရှိနေတာကတော့ မင်းခေါင် ယူဆောင်လာတဲ့ ကြောင်နက် ပန်းပုရုပ်လေးပါ။
ပရိတ်သတ်အားလုံးက ဒီပန်းပုရုပ်လေးကို စိတ်အဝင်စားဆုံး ဖြစ်နေကြတယ်။
ကြောင်နက်ပန်းပုရုပ်ကလေးက သက်ရှိကြောင်တစ်ကောင်အလား၊ ပုံစံက တစ်စုံတစ်ရာကို မာန်ဖီမာန်ပြနေသလိုပါပဲ။
‘ အားလုံးပဲ အနိုင်ဆုအတွက် ဘယ်သူ့ကို ရွေးချယ်ပါသလဲ…’
‘ မင်းခေါင်…’
‘ ဟုတ်တယ် မင်းခေါင်ပဲဟေ့…’
လူပရိတ်သတ်တို့ဆီက တခဲနက် ရွေးချယ်သံ။ ဒုတိယအတွက်ကိုတော့ ရဲမောင်ကို ရွေးချယ်ကြတယ်။ အငြင်းအခုန် ပြုနေကြတာတွေလည်း ရှိတယ်။
‘ အားလုံးပဲ ငြိမ်သက်ပေးကြပါ…’
ဘကြီးဖိုးထောင်စကားအဆုံး ဆူညံငြင်းခုန်သံတွေ တိခနဲ တိတ်ကုန်ကြတယ်။
‘ ဟုတ်ပါတယ် ပြိုင်ပွဲကို ကြီးကြပ်သူအားလုံးကလည်း ပရိတ်သတ်နဲ့ ထပ်တူကျပါတယ်။ ဒါပေမယ့် မင်းခေါင်ဟာ ဒီတစ်ကြိမ် အနိုင်ဆုရရင် ထူးထူးခြားခြား သုံးကြိမ်မြောက်ဖြစ်မှာမို့ ကြီးကြပ်သူတို့က မျက်နှာလိုက်တယ်ဆိုတာမျိုး မဖြစ်ရအောင် အနိုင်ဆုကို ပရိတ်သတ်က တစ်ဆင့် ရွေးချယ်စေတာပါ။ တကယ်တော့ မောင်မင်းခေါင် လုပ်ဆောင်ခဲ့ရတာက သူတကာထက် ခက်ခဲပါတယ်။ သူဝင်ရောက်တဲ့ အိမ်ကို သူတကာတွေညခက်ခဲမယ်ထင်တဲ့ အိမ်သုံးအိမ်ထဲက မဲနှိုက်ပြီး ဝင်ရောက်စေတာပါ။ သူက လူထူးဆန်းကြီးအိမ်ကို ဝင်ရပြီး ခြံစည်းရိုးအမြင့်ကြီးနဲ့ အင်းခွေးကြီးတွေကို ဖြတ်ကျော်ရတယ်။ သူယူဆောင်လာတဲ့ ပစ္စည်းကလည်း သူတကာထက် ထူးခြားတယ်။ ဒါကြောင့် အနိုင်ဆုကို ထူးထူးခြားခြားနဲ့ပဲ မောင်မင်းခေါင်က သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိသွားခဲ့ပါပြီ…’
‘ ဟေး…’
မင်းခေါင်အတွက် ပရိတ်သတ်တို့က သြဘာပေးသံတွေ စီညံကုန်ကြပါတယ်။
မင်းခေါင်ကတော့ ပျော်လွန်းစွာနဲ့ ခုန်ပေါက်နေတာပေါ့။
အားလုံးကလည်း မင်းခေါင်ကို ဝိုင်းဝန်းချီမြှောက်လို့ ဂုဏ်ပြုကြပါပြီ။
မင်းခေါင်တစ်ယောက် အားလုံးအပေါ်ကနေ လူအုပ်ထဲက တစ်စုံတစ်ယောက်ကို ရှာဖွေလိုက်တယ်။ သိပ်ကြာကြာမရှာလိုက်ရဘူး။ တွေ့လိုက်ပါပြီ။
မြသစ်ရယ်လေ။
သူ့ကို ကျေနပ်ပီတိဖြစ်တဲ့ မျက်ဝန်းတွေနဲ့ ခပ်လှမ်းလှမ်းကနေ ဂုဏ်ယူစွာ ကြည့်နေတာပေါ့…။
မင်းခေါင် လက်သီးလက်မောင်းတန်းလို့ အောင်ပွဲခံရင်း မြသစ်ကို ပြုံးပြလိုက်တယ်။
မြသစ်ကလည်း မင်းခေါင်ကို ပြန်လည်လို့ ပြုံးပြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်နှစ်ရဲ့ သန်းခေါင်ယံပြိုင်ပွဲကတော့ ထူးခြားစွာနဲ့ သုံးနှစ်ဆက်တိုက် ဆုရရှိသူ ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
ပြီးပါပြီ။