သရဲမကြောက်သည့်ကလေးများ(စ/ဆုံး)
—————————————-
အိမ်နီကြီးဟု ပြောကြလျှင် ရွာရှိလူအကုန်သိကြလေသည်။ သည်အိမ်ကြီးက ဟိုးယခင်ထဲက အခြောက်အလှန့်ကြီးသည်ဟုလည်း နာမည်ကျော်ကြားခဲ့၏။ သို့ပေမယ့် နှစ်ကာလ တာရှည်လာလေတော့ တဖြည်းဖြည်းနှင့် သိပ်မကြားရလေတော့။ အရင်ကတော့ နေ့ဖက်ဆိုရင်တောင်မှ မည်သူမျှ အနားနားပင် မသီရဲကြပေ။ ယခုတော့ ခေတ်ကာလ အခြေအနေကြောင့် လူတွေရဲ့ ပြောစကားတွေလည်း ပပျောက်လာလေတော့သည်။ ထိုအိမ်ကြီးသည် ရွာထဲတွင်မဟုတ် ရွာအပြင်တောစပ်နေရာတွင် ရှိခြင်းကြောင့် တော်ရုံလူလည်း မရောက်ဖြစ်တော့ပေ။
ရွာလေး၏နာမည်ကား ရေတာရှည်ကျေးရွာဟု ခေါ်တွင်လေသည်။ သည်ရွာလေးကား မကြီးမသေးရွာလေးတစ်ရွာပင်။ အိမ်ခြေ ၃၀၀ ကျော်မျှရှိသည် ရွာလေးပင်ဖြစ်၏။ ရွာသူရွာသား အများစုကား မြေပဲစိုက်ခြင်း၊ နှမ်းစိုက်ခြင်းအပြင် တောတက်၍ သစ်ခုတ်ဝါးခုတ် လုပ်သူတွေလည်းဟရှိကြလေသည်။ ရိုးရိုးသားသားနှင့် လက်လုပ်လက်စား အများစုပင်ဖြစ်သည်။ ထိုရွာလေးမှာတော့ ရွာကျော်ရပ်ကျော်ဆော့ကစား တတ်ကြသည့် ကလေးသုံးယောက်ရှိကြ၏။ သည်လို ရွာကျော်သုံးယောက်ကား ယောကျာ်းလေးများ မဟုတ်ပဲ နီနီ၊ ပုံ့ပုံ့ နှင့် နံ့သာ ဟုခေါ်တွင်သည့် မိန်းကလေး သုံးယောက်ပင်။ အသက်ကလေးတွေမှာလည်း ၁၂ နှစ် သာသာလေးတွေပင်။
သူတို့သုံးယောက်ကတော့ မနက်လင်းသည်နှင့် အိမ်မှာကျွေးသည့်အစားကို အလျင်အမြန်စားကာ ဆော့ဖို့အတွက် အိမ်အပြင်ကို ထွက်တော့လေသည်။ ပြီးလျှင်တော့ သုံးယောက်ဆုံကာ မမောမပန်းနိုင်ပဲ ကစားကြတော့၏။ နားချိန်ကတော့ မိဘတွေကစားသောက်ဖို့ လာရောက်ခေါ်မှပင် နားကြတော့သည်။ သည်ကလေးတွေကတော့ ဒီလိုဆော့ကစားသည့်နေရာတွင် စံတင်သော်လည်း လိမ်မာယဥ္ကျေးမှုတော့ ရှိကြသည်။ လူကြီးသူမများနှင့် အသက်ရွယ်ကြီးသူတွေ အပေါ်မှာလည်း ရိုသေလှပေသည်။ သည်အကျင့်လေးတွေကြောင့် သူတို့သုံးယောက်ကို ရွာကလည်း ချစ်ခင်ကြပေ၏။
တစ်နေ့တွင်တော့ သူတို့သုံးဦးသား ဆော့နေကြရင်း နီနီဆိုသူလေးမှ ပြောလာခဲ့သည်။
“ဟဲ့.. ငါတို့ ဒီအတိုင်းပဲဆော့နေရတာ ပျင်းလာပြီဟာ”
“နင်က ပျင်းတယ်ဆိုတော့ ဘယ်လိုများ ဆော့ချင်လို့လည်း”
နံ့သာလည်း နီနီ့စကားကြောင့် အထူးအဆန်းဖြစ်ကာ ပြန်လည် မေးခွန်းထုတ်လိုက်တော့၏။ ထိုအခါ နီနီလည်း ဘေးဘီကို ကြည့်လိုက်ကာ..
“ဟိုးတောစပ်မှာ အိမ်ကြီးတစ်အိမ်ရှိတယ်လေ နင်တို့သိကြတယ်မလား”
“အေးသိတယ်လေ ဘာလို့လည်း”
“အဲ့အိမ်ကြီးမှာ ငါတို့သွားဆော့ကြမယ်လေ”
ထိုအခါ ပုံ့ပုံ့က စိုးရိမ်ကြီးစွာဝင်ပြောလိုက်သည်။
“ဟာ ဖြစ်ပါ့မလား အမေတို့ဆူမှာပေါ့ဟ”
“နင်ကလည်း လူကြီးတွေမသိအောင် သွားမှာပေါ့.. ပြီးတော့ အကြာကြီးလည်း မနေဘူးလေ ခနပဲသွားဆော့ကြမယ်”
ဒီတော့လည်း ထိုစကားကြောင့် သူတို့တွေလည်း သွားကစားဖို့ ဆုံးဖြတ်လိုက်ကြပြီး တဆက်ထဲ ထိုအိမ်ကြီးသို့ အပြေးပင် သွားကြတော့၏။
ခနအကြာမှာတော့ ထိုအိမ်နီကြီးရှိရာသို့ ရောက်ကြတော့သည်။ အိမ်ကြီးကတော့ ရှေးတုန်းက ဆေးနီတွေသုတ်ထားပုံဖြစ်ပေမဲ့ ခုတော့ နီသည်ဆိုရုံမျှပင် ရှိတော့သည်။ ခြံဝန်းမရှိပဲ အိမ်ကြီးကို မြေကွက်လပ်မှာ ဒီအတိုင်းပင် ဆောက်ထားလေ၏။ အိမ်ကြီးကတော့ နှစ်ထပ်အိမ်ကြီးပင် ဖြစ်လေသည်။ နှစ်ကြာပြီဆိုတော့ ပြိုတာပြို ပျက်တာပျက်နှင့် ရှိနေပေမဲ့ သစ်အကောင်းစားတွေသုံးထားသည်ကြောင့် အနည်းငယ်တော့ ကောင်းမွန်နေသေးသည်။ တချို့တံခါးတွေကလည်း ဆွေးမြေ့နေပြီ ဖြစ်သည့်အတွက် ထိုအိမ်ထဲကို အလွယ်တကူပင် ဝင်ရောက်၍ရလေသည်။
သူတို့သုံးယောက်လည်း ဘေးဘီဝဲယာ လူရိပ်လူခြေကြည့်၍ ထိုအိမ်နီကြီးထဲသို့ ဝင်ရောက်ခဲ့လေ၏။ အိမ်ကြီးမှာတော့ လူမနေသည်မှာ ကြာမြင့်ဟန်က အတိုင်းသား။ ခြုံတွေနွယ်တွေကလည်း ပြိုက်ပြိုက်ထလျက်။ တချို့ အကာအရံတွေပင် ဆွေး၍နေချေပြီ။ ကလေးများကတော့ ဘာကိုမှ အလေးမစိုက်တော့ပဲ အိမ်ကြီးထဲသို့ ခပ်သုတ်သုတ်ပင် ဝင်ရောက်ခဲ့လေသည်။ အတွင်းရောက်လာတဲ့အခါ ဖုံတွေကလည်း မြင်မကောင်းပေ။ ပစ္စည်းတွေမှာလည်း ကျိုးတာကျိုး ပျက်တာပျက်နှင့် အလဲလဲအပျိုပျိုပင်။
“ဟဲ့ နီနီ အိမ်ကြီးကလည်းဟာ ကြောက်စရာကြီး ဖုန်တွေလည်း ပေပွနေတာပဲဟ”
ထိုသို့ ပုံ့ပုံ့စကားကို နံ့သာမှ ထောက်ခံ၍..
“အေးလေဟာ ငါတို့ ဘယ်လိုဆော့ကြမလည်းဟ”
“နင်တို့ကလည်း ဟိုမှာတွေ့လား တံမြက်စည်းတွေ.. ကြမ်းပြင်ေပါ်က ဖုံတွေကို အရင်လှဲလိုက်ကြမယ်လေ.. ဒါဆို ငါတို့ဆော့လို့ ရပါပြီ”
နီနီ၏ စကားကြောင့် သူတို့နှစ်ဦးလည်း မတတ်သာတော့ပဲ ထောင်ထားသည့် တံမြက်စည်းများကိုယူကာ ကြမ်းပြင်ပေ့်ကို အနည်းငယ် လှဲကျင်းလိုက်ကြသည်။ ထို့နောက် ပါလာသည့် အရုပ်တွေနှင့် ကလေးသဘာဝ ဆော့ကစားကြတော့၏။
သူတို့သုံးဦးသား ကစားနေစဥ္မှာပင် အိမ်အပေါ်ထပ်ဆီမှ တရှပ်ရှပ်နှင့် ခြေသံလိုလို ဘာလိုလိုကို ကြားလိုက်ရတော့သည်။ ထိုအခါ ပုံ့ပုံ့မှ..
“ဟဲ့ အပေါ်ထပ်က ခြေသံကြားသလိုပဲဟ”
“ဟမ် ခြေသံဟုတ်လား.. ဒီမှာ ဘယ်သူမှမှမနေတာ ဘာခြေသံကိုကြားရမှာလည်းဟ”
“တကယ်ဟ ငါတကယ်ကြားလိုက်တာ မယုံရင် နင်တို့ နားထောင်ကြည့်”
ဒီတော့ သုံးဦးသား ဆော့ကစားခြင်းကို ရပ်၍ နားစွင့် ထားကြလေသည်။ အတန်ကြာ နားစွင့်နေသော်လည်း ဘာအသံမှ မကြားရခဲ့ပေ။ လေတိုက်၍ သွပ်အမိုးများက တစ်ချက်တစ်ချက် ထမြည်သည့်အသံတွေပင် ကြားခဲ့ရသည်။ ထိုအခါ နီနီက အပြစ်တင်သံဖြင့် ပြောလိုက်သည်။
“ဘာခြေသံမှ မကြားရပါဘူး မိပုံ့ရယ်.. နင်စိတ်ထင်တာဖြစ်မှာပါ”
ပုံ့ပုံ့လည်း ဝေခွဲမရတော့။ ထို့ကြောင့် နှုတ်ဆိတ်နေလိုက်တော့သည်။ ထို့နောက် နှာခေါင်းထဲမှာ ပန်းရနံ့တွေကို ရလိုက်ကြသည်။ မွှေးတာမှ မွှေးရနံ့ကို ထုံနေအောင် မွှေးပျံ့လှလေသည်။
“ပန်းနံ့လေးတွေ မွှေးလာပါလားဟ”
“ဟုတ်ပါရဲ့.. မွှေးလိုက်တာဟာ.. အပေါ်ထပ်ကထင်တယ်”
“ဟုတ်လောက်မယ်.. ငါတို့ တက်ကြည့်ကြမလား”
“ဖြစ်ပါ့မလားဟာ”
“ဘာလို့ မဖြစ်ရမှာလည်းဟ လာပါဟာ ခနတက်ကြည့်ရအောင်”
ဆိုပြီး သုံးယောက်သား ပြောဆိုကြကာ အိမ်အပေါ်တက်ကို တက်ဖို့အတွက် လှေကားဆီကို လှမ်းလာခဲ့ကြတော့သည်။ လှေကားမှတဆင့် အိမ်ကြီး၏ အပေါ်တက်ကို တက်ခဲ့ကြတော့လေ၏။
နီနီတို့ သုံးဦးလည်း အိမ်အပေါ်ထပ်ရောက်ခဲ့လေတော့ ဟိုဟိုဒီဒီ လျောက်ကြည့်မိလေသည်။ အပေါ်ထပ်မှာတော့ အောက်ထပ်လိုမျိုး သိပ်ပြီးတော့ မှောင်မနေခဲ့ပေ။ သို့ပေမဲ့ ဖုန်တွေ အမှိုက်တွေကတော့ ပေပွနေခဲ့သည်။ ညှီစို့စို့ ပုတ်အဲ့အဲ့ အနံ့တစ်မျိုးကလည်း ရနေသေးသည်။ ထိုအနံ့ကြားတွက် မွှေးပျံ့တဲ့ပန်းရနံ့ကတော့ ထိုးထွက်နေလေသည်။
“ဟာ.. ဟိုမှာ ပန်းအိုးတစ်အိုးဟ”
နံ့သာက ခေါင်းရင်းဘက်ရှိ ခုံတစ်ခုံပေါ်တွင် ပန်းအိုးတစ်အိုးကို တွေ့ရ၍ လှမ်းပြလိုက်လေသည်။ ပန်းအိုးနှင့် ပန်းတွေကတော့ ထိုးထားသည်မှာ မကြာသေးသည့် ပုံပင်။ စိမ်းစိုကာ လတ်ဆတ်နေသေးသည်။ သူတို့ရနေသည့် ပန်းရနံ့မှာလည်း ထိုးပန်းအိုးဆီကပင်။
“ငါတို့ရနေတဲ့ အနံ့က ဒီကကို”
“ဟုတ်ပါရဲ့ မွှေးနေတာပဲနော်”
“အေးလေ.. ဘယ်သူလာထိုးထားလည်း မသိဘူးနော်”
“အေးလေဟာ လူလည်းမနေပဲနဲ့ ပန်းတွေထိုးထားတာတွေ့ရတယ်လို့”
သူတို့လည်း ဘယ်လိုမှ တွေးမရတော့။ ပန်းနံ့တွေက သူတို့ကို တော်တော်လေးဆွဲဆောင်နေလေတော့သည်။ ထိုအနားကနေတောင် မခွါချင်တော့ပေ။ ပိုင်ရှင်ရှိလား မရှိလားတော့မသိ။
“ဟဲ့ ငါတော့ ပန်းတစ်ပွင့်လောက် ယူသွားချင်လိုက်တာဟာ ပန်းလေးတွေက မွှေးနေတာပဲ”
“ဖြစ်ပါ့မလားဟာ.. တော်ကြာ သူများထိုးထားတဲ့ပန်း ယူသွားသလိုဖြစ်နေမှာပေါ့”
ပုံ့ပုံ့ကလည်း ပန်းတစ်ပွင့်လောက် ယူချင်။ ကျန်နှစ်ယောက်ကလည်း စိုးရိမ်သွားပြောနေလေသည်။ နောက်ဆုံးတော့ ပုံ့ပုံ့လည်း စိတ်ကို ထိ်န်းမရတာ့ပဲ..
“နင်တို့ မယူချင်လည်း နေတော့ဟာ ငါတော့ တစ်ပွင့်လောက် ယူတော့မယ်.. ဒီအနီးကလူတစ်ယောက်ယောက်က လာထိုးထားတာပဲ ဖြစ်မှာ”
ဆိုပြီး ပန်းတစ်ပွင့်ကို ယူကာ ခေါင်းမှာ ပန်ထားလိုက်တော့သည်။ ဒီတော့ နီနီနှင့် နံ့သာလည်း ထိုပန်း၏ မွှေးရနံ့ကြောင့် စိတ်မထိန်းနိုင်ေတာ့ပဲ တစ်ပွင့်ဆီ ယူပန်လိုက်တော့သည်။ ထိုအခါမှာတော့ အိမ်အပေါ်ထပ်မှာ လေပြင်းတိုက်ခတ်သလို တဝုန်းဝုန်းဖြင့် လေတွေတိုက်လာတော့လေသည်။ လေတိုက်နှုန်းကြောင့် တံခါးရွက်တွေ သွပ်တွေက တဝုန်းဝုန်း တဒုန်းဒုန်းဖြင့် လှုတ်ခတ်လာလေတော့သည်။
“ဟဲ့.. လေတွေတိုက်လာတယ်ဟ.. လာလာ အိမ်အောက်ပြနါဆင်းကြမယ်”
ဆိုကာ အောက်ထပ်ကို အပြေးပင် ဆင်းလိုက်ကြပြီး အောက်ထပ်ရောက်တဲ့အခါ ထူးထူးခြားခြားပင် တိုက်နေသည့်လေတွေက ချက်ချင်းပင် ငြိမ်ကြသွားတော့လေ၏။ သူတို့ သုံးယောက်လည်း အောက်ထပ်မှာပဲ ဆော့ကစားကြကာ အတန်ကြာတဲ့အခါ ပြန်ဖို့ပြင်လိုက်ကြတော့သည်။
“ငါတို့ ပြန်ကြရအောင်ဟာ ညနေစောင်းတော့မယ်”
“အေး ဟုတ်တယ် ပြန်ကြမယ်.. နောက်နေ့မှ လာပြန်ဆော့တာပေါ့”
ဆိုပြီး သူတို့ပါလာသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်ကြကာ ပြန်ဖို့ ပြင်လိုက်တော့သည်။ ထိုအခါမှာတော့ အိမ်နံရံတစ်ခုမှာ စာကြောင်းတစ်ကြောင်းကို ရုတ်တရက် တွေ့လိုက်ရတော့သည်။ ထိုစာကြောင်းမှာတော့…
“နောက်နေ့လည်း လာဆော့ကြနော် ကလေးတို့”
ထိုကဲ့သို့ စာကြောင်းကို တွေ့လိုက်ရတော့ သုံးယောက်သား ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေမိတော့သည်။ စာက နံရံပေါ်မှာ ဆေးဖြင့် ရေးထားသည့်စာပင်။ ဝင်လာတုန်းကလည်း မတွေ့ရ။ ဆော့နေတုန်းကလည်း မတွေ့ရပဲ အခုမှပဲ တွေ့လိုက်ရသည်။ ဘယ်တုန်းကများ ဘယ်သူရေးသွားသည်လည်း မသိတော့။ အစထဲက ရှိနေသည့်စာလား။ မဝေခွံတတ်တော့ပေ။
“ပုံ့ပုံ့ ဒီစာကို အစက ငါတို့မတွေ့ရဘူးနော် ခုမှတွေ့ရတာဟ”
“အေးလေဟာ ဟုတ်ပါရဲ့”
“ဘယ်သူများရေးထားတာလည်း မသိဘူး”
သူတို့လည်း တွေးမရနိုင်သည့်အတွက် မတွေးတော့ပဲ အပြင်သို့ ပြန်ထွက်ခဲ့တော့သည်။ သုံးဦးသား တိုင်ပင်ထားသည်ကတော့ ဒီအိမ်ကြီးမှာ ခုလို လာဆော့သည်ကို ဘယ်သူ့ကိုမှ ပြန်မပြောဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် သတိပေးလိုက်ပြီး အိမ်ပြန်ဖို့အတွက် လမ်းခွဲလိုက်ကြတော့သည်။
***** *****
နောက်တစ်နေ့ ရောက်လာလေတော့ သူတို့သုံးဦးသားလည်း ကစားနေကြနေရာတွင် ဆုံမိကြလေသည်။ ဒီတော့ နီနီကစ၍ စကားပြောလိုက်သည်။
“ဟဲ့ နင်တို့ကို ထူးဆန်းတာပြောပြရအုန်းမယ်.. ညက ငါအိပ်တော့ ဟိုအိမ်ကြီးက ယူလာတဲ့ပန်းကို ဘေးနားမှာ ထားပြီးအိပ်တာဟ.. မနက်မိုးလင်းတော့ ဘာပန်းမှမရှိတော့ဘူး”
ထိုအခါ ပုံ့ပုံ့မှလည်း တအံ့တဩဖြင့်..
“ဟုတ်လား ငါလည်းပြောမလို့.. နင်ပြောသလိုပဲ ကါလည်းအတူတူပဲ မနက်ရောက်တော့ အဲ့ဒီပန်းကို ရှာမတွေ့တော့ဘူး”
ထိုအခါမှာတော့ နံ့သာမှ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဝင်ပြောလိုက်သည်။
“နင်တို့တကယ်ပြောနေတာလား.. ငါလည်းထူးဆန်းနေလို့ ပြောပြမလို့ဟ.. ငါလည်း အဲ့ဒီအတိုင်းပဲ ညက အိပ်တော့ အဲ့ပန်းလေးကို ဘေးနားထားပြီး အိပ်တာဟ.. မနက်ရောက်တော့ မတွေ့တော့ဘူး”
သူတို့တွေလည်း တိုင်ပင်မထားပါပဲ ယခုလိုကြုံတွေ့လိုက်ကြရ၍ ထူးဆန်းကာ အံ့ဩနေကြရလေသည်။ သုံးယောက်စလုံး ယခုလိုဖြစ်ပျက်ခဲ့ကြရ၍ ဘယ်လိုမှလည်း တွေးမရနိုင်အောင်ပင် ဖြစ်နေမိလေသည်။ သို့ပေမဲ့ ကလေးသာသာလေးတွေ ဆိုတော့လည်း မကြာခင် ထိုအကြောင်းက မေ့ပျောက်သလို ဖြစ်သွားခဲ့တော့သည်။
ထို့နောက် မနေ့က တိုင်ပင်ထားသလို အိမ်နီကြီးဆီကို သွားဆော့ဖို့အတွက် ပြင်လိုက်ကြသသည်။ မိဘတွေနှင့် အသိတွေ မတွေ့အောင် ရှောင်ရှားပြီး ထိုအိမ်ကြီးဆီကို ဆီတက်ခဲ့ကြပြန်သည်။
သုံးဦးသား မနေ့ကလိုပင် ပျက်နေသည့် တံခါးကြားမှ ဝင်ကာ အိမ်ထဲမှာ ဆော့ကစားကြပြန်တော့သည်။ ကလေးသာသာအရွယ်တွေဆိုတော့လည်း ဘာကိုမှ သေသေချာချာ မတွေးဖြစ်။ စိတ်အေးလက်အေး ဆော့နိုင်မည့်အတွက်ကိုသာ ခေါင်းထဲရောက်နေလေ၏။
ထိုသို့ဆော့နေရင်း အိမ်အပေါ်ထပ်မှ တရှပ်ရှပ်ဖြင့် ခြေသံလိုလိုကို စတင်ကြားလိုက်ကြတော့သည်။ သည်တစ်ခါမှာတော့ အားလုံးကြားလိုက်ကြရသည်။
“ဟဲ့.. ခြေသံကြားကြလား”
နီနီ၏ စကားကြောင့် ကျန်နှစ်ယောက်ကလည်း ကြားရကြောင်း ခေါင်းညှိတ်ပြလိုက်ကြသည်။ သို့ပေမဲ့ ခနပဲကြားလိုက်ရသည်ကြောင့် ဂရုမစိုက်မိပဲ ဆက်၍ ကစားမြဲကစားနေခဲ့ကြသည်။
ထိုစဥ္ ပုံ့ပုံ့က အလန့်တကြားဖြင့် ရုတ်တရက် ထ၍ အော်လိုက်၏။
“အား.. ငါ့ခေါင်းကို ဘယ်သူလာပုတ်တာလည်း နာလိုက်တာ”
ဒီတော့ ကျန်နှစ်ယောက်မှ အံ့ဩကာ ဟိုကြည့်ဒီကြည့် ကြည့်လိုက်မိပြီး မေးလိုက်သည်။
“ဟဲ့ မိပုံ့ ဘာဖြစ်လို့လည်း ငါတို့က ဒီမှာဆော့နေတာလေ”
ထိုအခါ ပုံ့ပုံ့လည်း အံ့ဩနေသည့် မျက်နှာဖြင့် ရှေ့နောက်ဝဲယာ လိုက်ကြည့်လိုက်ပြီး..
“မသိဘူးဟ.. ငါလည်း နင်တို့နဲ့ ဆော့နေတုန်း ငါ့ခေါင်းကို တစ်ယောက်ယောက် လာပုတ်တာပဲဟ.. နာလိုက်တာဟာ”
ပုံ့ပုံ့လည်း ခေါင်းကိုပွတ်ရင်း ပြောပြလိုက်သည်။ ဒီတော့ သူတို့လည်း လိုက်ကြည့်နေပေမဲ့ ဘာမှမတွေ့တာကြောင့် စိုးထိပ်သွားရုံမှ အပ ဘာမှပြောမရခဲ့ပေ။ ထို့နောက် ဆော့နေရင်း ထပ်၍ ပြောလာသူမှာတော့ နီနီပင်။ သူမလည်း တော့ကစားနေရင်း အလန့်တကြားဖြင့် ထအော်လေသည်။
“ဟ.. ဘယ်သူလည်း.. ငါ့ကို ကလိလာထိုးတာ ဘယ်သူလည်း”
ဆိုကာ ပြောရင်း လိုက်ကြည့်မိလိုက်လေတော့ သူ့ဘေးနားမှာ ဘယ်သူ့ကိုမှ မှမတွေ့ရခဲ့ပေ။ ကျန်နှစ်ယောက်မှာလည်း ထူးဆန်းနေပြီး ဟိုဟိုဒီဒီပင် လိုက်ကြည့်နေမိသည်။ ကလေးအရွယ်ဖြစ်တာကြောင့် ဘာကြောင့်လည်းဆိုတာကို လုံးဝမတွေးမိခဲ့ကြပေ။
“ဟဲ့ နီနီ.. နင်ကရော ဘာဖြစ်ပြန်ပြီလည်း”
“အေးဟာ ငါ့ခါးကို ဘယ်သူကလိလာထိုးလည်း မသိပါဘူး.. အဲ့ဒါကြောင့် ထအော်မိတာ”
“အေးဟာ ဘာတွေဖြစ်မှန်းမသိတော့ဘူး”
“တော်ပြီဟာ.. ဒီမှာဆော့ရတာ တမျိုးကြီးပဲ.. ငါတို့ ပြန်ရင်ကောင်းမလား”
“အေးလေ နင်တို့ပြန်ချင် ပြန်ကြမယ်လေ ငါလည်း မနေချင်တော့ဘူး”
ဆိုကာ ပြောဆိုနေကြရင်း အိမ်အပေါ်ထပ်ဆီမှ တညှောင်ညှောင်ဖြင့် ကြောင်တစ်ကောင်၏ အော်သံကို ကြားလိုက်ရပြန်သည်။ ဒီတော့ သူတို့တွေလည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ အပေါ်ထပ်ကို အပြေးအလွှားသွားကြည့်လိုက်ကြတော့၏။ အပေါ်ထပ်ရောက်လေတော့ ကြောင်နဲ့တူတာဆို၍ ဘာဆို ဘာမှမတွေ့ရခဲ့ပေ။ စောစောကေတာင် နားနဲ့ဆက်ဆက် အသေချာပင် ကြားခဲ့ရပြီး ယခုမူ ဘာဆို ဘာမှမတွေ့ရရ၍ ထူးဆန်းနေသလိုလည်း ဖြစ်နေမိတော့သည်။ အပေါ်ထပ်ရောက်တုန်း မနေ့က ပန်းအိုးရှိရာ နေရာကို ကြည့်လိုက်မိလေတော့ ဘာပန်းအိုးကိုမှလည်း မတွေ့ရခဲ့ပေ။ ထိုအခိုက် အပေါ်ထပ် ထောင့်တစ်ထောင့်ဆီမှ အပုတ်နံ့ကြီးတစ်ခုကို ထောင်းခနဲ ရလိုက်ကြတော့သည်။
“ဟဲ့ နံလိုက်တာ ဘာနံ့ကြီးလည်း မသိဘူး”
“အေးဟာ လာ လာ အောက်ပြန်ဆင်းမယ်”
ဆိုကာ ပြောဆိုလိုက်ကြပြီး အောက်ထပ်ကို အပြေးအလွှား ပြန်ဆင်းလိုက်ကြပြန်သည်။ သူတို့သုံးဦးသား အောက်ထပ်ရောက်သည့်အခါမှာတော့ အပေါ်ထပ်မှ တဟားဟားနှင့် ရယ်သံကြီးတွေကိုလည်း ကြောက်ရွံ့ဖွယ် ကြားလိုက်ရပြန်ျတာ့လေသည်။
“ဟာ ရယ်.. ရယ်သံတွေပါလားဟ”
“အေးဟာ စောစောတုန်းက အပေါ်မှာ ဘာမှမရှိဘူး.. အခု ဘယ်လိုဖြစ်တာတုန်း”
သူတို့သုံးယောက်လည်း မဖြစ်စဖူး ကြောက်စိတ်တွေက ဖြစ်ပေါ်လာတော့လေသည်။ ကြက်သီးလေးတွေလည်း မသိမသာ ထ၍လာလေတော့သည်။
“ဟဲ့ နေအုန်း.. ဒါ သရဲခြောက်တာများလား”
“ဟာ.. ဟုတ်ပါ့မလားဟာ နင်ကလည်း ငါတို့ ဘာမှမှမတွေ့ရတာ.. တစ်ယောက်ယောက်နေမှာပေါ့”
နံ့သာ၏ အပြောကို နီနီက တုန့်ပြန်ရင်း ပုံ့ပုံ့ကလည်း ဝင်ပြောလိုက်သည်။
“ငါလည်း စိတ်ထဲမှာ တမျိုးကြီးပဲနော် မနေရဲတော့ဘူးဟာ.. အပုတ်နံ့တွေကလည်း ညှီစို့စို့နဲ့”
“လာဟာ ဒါဆိုလည်း ပြန်ကြမယ်”
ဆိုကာ သူတို့ဆော့နေကြသည့် ပစ္စည်းတွေကို သိမ်းဆည်းနေလိုက်ကြတော့သည်။ ပြီးနောက် ပြန်ဖို့အတွက် တံခါးဆီအရောက် တံခါးက ဝုန်းခနဲနေအောက် ပိတ်သွားတော့သည်။
“ဟင်.. တံခါး တခါးပိတ်သွားပါလား”
ထို့နောက် ပြန်၍ ပွင့်လာပြန်သည်။ ကြည့်နေရင်း ထိုတံခါးက ပွင့်လိုက်ပိတ်လိုက်နှင့်ပင်။ ထိုအခါ သူတို့အနေဖြင့် ထိုသို့ဖြစ်နေသည့် တံခါးအနားသို့ ဘယ်လိုနည်းဖြင့် သွားရမည်ကို မသိတော့ပေ။ ချီတုန်ချတုန် ဖြစ်နေမိသည်။ အိမ်အပေါ်ထပ်ဆီမှလည်း ခြေသံတရှပ်ရှပ်ကနေ တဒုန်းဒုန်းဖြင့် ပိုမိုကြမ်းတမ်းလာခဲ့တော့သည်။
“ဒုန်း.. ဒုန်း.. ခလွမ်း..”
ဘာတွေမှန်းတော့မသိ အပေါ်ထပ်မှာ ပစ္စည်းကျကွဲသံတွေ၊ တဒုန်းဒုန်းနဲ့ ပြုတ်ကြသံတွေပါ ဆူညံလာတော့သည်။ ထို့နောက် ရယ်သံတွေကိုလည်း ကြားလိုက်ရပြန်သည်။ ထိုရယ်သံတွေက ကလေးနှစ်ယောက်သုံးယောက်က ဆော့ကစားပြီး ရယ်နေသည့် အသံမျိုးတွေပင်။ ထိုအခါ နီနီလည်း စိတ်ကိုတင်းလိုက်ပြီး..
“လာဟာ.. တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ဒီကနေ ထွက်ကြမယ်”
ဟု ဆိုကာ သူတို့လည်း လက်ချင်းတွဲလိုက်ကြကာ ထိုတံခါးဆီမှ အပြေးထွက်ခဲ့တော့လေသည်။ အပြင်ရောက်တော့ သုံးယောက်စလုံး မောနေလေပြီ။ သို့ပေမဲ့ ထိုနေရာမှာ မနေရဲတော့ပဲ သူတို့ ကစားနေကြ သစ်ပင်ကြီးအောက်ကို အမြန်ပင် ပြေးသွားခဲ့လေတော့သည်။ ထိုနေရာရောက်မှ စိတ်ချနိုင်ပြီး ခြေပြစ်လက်ပြစ်ပင် သစ်ပင်ကြီးကို မှီကာ ထိုင်ချလိုက်ကြတော့သည်။ ထို့နောက် နီနီမှ..
“ဟဲ့.. ဒါ သရဲခြောက်တာလား မသိဘူးနော်”
“အေးဟာ.. ဟုတ်မယ်ထင်တာပဲ.. တော်သေးတယ်နော် ငါတို့ ဘာမှမဖြစ်ကြလို့”
“ငါတော့ အိမ်ရောက်ရင် အမေတို့ကို မေးကြည့်မလားလို့”
ဒီလို နီနီ၏ အပြောကြောင့် ပုံ့ပုံ့နှင့် နံ့သာလည်း စိုးရိမ်သွားကြပြီး ပြန်ပြောလိုက်မိ၏။
“ဖြစ်ပါ့မလားဟာ.. တော်ကြာ ငါတို့အဲ့မှာ သွားဆော့လို့ အဆူခံနေရမယ်နော်”
“ဟုတ်တယ်ဟ.. အဆူခံနေရပါမယ်ဟာ မပြောရင်ျကာင်းမလား”
ဒီတော့ နီနီလည်း ခေါင်းခါယမ်းကာ..
“ပြောမှဖြစ်မယ်လေဟာ.. ဆူရင်လည်း ဆူပါလေ့ပေါ့.. နောက်မသွားတော့ဘူးလေဟာ.. ဘာဖြစ်လို့ ဒီလိုဖြစ်တာလည်း ဆိုတာတော့ သိချင်တာပေါ့”
“အေးလေ အဲ့ဒါလည်း ကောင်းတာပဲ.. ငါတို့လည်း မေးကြည့်ရမယ်”
သူတို့သုံးဦးလည်း ပြောဆိုကြပြီး အသီးသီးပင် လမ်းခွဲကာ အိမ်ပြန်ခဲ့ကြတော့သည်။
***** *****
ညရောက်လေတဲ့အခါ နီနီလည်း ထမင်းစားပြီး သူ၏အမေကို ထိုအိမ်ကြီးအကြောင်းမေးမြန်းကြည့်လေသည်။
“အမေ.. ဟိုလေ ရွာပြင်က ဟိုအိမ်နီကြီးအကြောင်းပြောပြပါလား.. သမီးသိချင်လို့”
ထိုအခါ နီနီ၏အမေဖြစ်သူ ဒေါ်ရွှေမိလည်း အံ့ဩတကြီးဖြစ်သွားပြီးနောက် ခေါင်းခါယမ်းကာ..
“ဘာလုပ်ဖို့လည်း သမီးရယ်.. မသိချင်ပါနဲ့.. ဪဒါနဲ့ အဲ့ဒီနားကို သမီးကို သွားမဆော့ကြနဲ့နော်”
ထိုအခါ နီနီလည်း သူတို့သုံးယောက်သွားဆော့ခဲ့ပုံတွေ အိမ်ကြီးထဲမှာ ကြုံတွေပုံတွေကို ပြောပြလေတဲ့အခါမှာတော့ ဒေါရွှေမိလည်း ရင်ဘတ်ကိုထိပြီး တအံ့တဩဖြစ်နေတော့လေသည်။ ပြီးနောက်..
“သမီးတို့လည်း နောက်ကိုသွားမဆော့ပါနဲ့ကွယ်.. အမေပြောပြမယ်.. ဒီလိုကွဲ့.. အဲ့ဒီအိမ်ကြီးက အမေတို့ရဲ့ အမေခေတ်ထဲက ရှိတဲ့အိမ်ကြီးပဲ.. အဲ့ဒီတုန်းကတော့ အဲ့အိမ်ကလူတွေက ချမ်းသာတဲ့မိသားစုပေါ့.. သူတို့အိမ်မှာက မိသားစု လေးယောက်နေခဲ့တာလေ.. လင်မယားနှစ်ယောက်ရယ် ကလေးနှစ်ယောက်ရယ်ပေါ့.. သူတို့က ရွာထဲကလူတွေနဲ့ အရောတဝင်နေတာ မဟုတ်ဘူး.. နောက်ပိုင်းကျတော့ သူတို့မိသားစုက ဘုရားဖူးခရီးထွက်ရင်း ကားမှောက်ပြီး ဆုံးသွားကြတယ်လို့ သိရတယ်.. သူတို့သေတော့ အဲ့ဒီအိမ်က ပစ္စည်းတွေ အဖိုးတန်တာတွေကို ရွာကလူတွေက လာယူကြတယ်လို့ပြောတယ်.. ပြီးတော့ အဲ့နောက်ပိုင်း အဲ့အိမ်ကြီးထဲကို ဝင်တဲ့သူမှန်သမျှ ခြောက်လွန်းလို့ ဘယ်သူမှ မသွားရဲကြတော့ဘူးပေါ့.. အဲ့ဒါပါပဲ.. သမီးတို့လည်း နောက်ဆို သွားမဆော့ကြနဲ့နော်ကြားလား”
“ဟုတ်ကဲ့အမေ.. သမီးတို့လည်း မသိလို့ သွားခဲ့မိတာပါ.. နောက်ဆို သွားမဆော့တော့ပါဘူး”
“အေးအေး.. အမေ့သမီးလေးက အဲ့လိုလိမ်မာမှပေါ့.. ကဲသွားသွား.. သွားအိပ်ချေတော့”
နီနီလည်း အိပ်ရာထဲသို့ ဝင်ရောက်ခဲ့လေပြီ.. သို့ပေမဲ့ အိပ်၍လည်း မပျော်သေး။ အတွေးထဲမှာတော့ ထိုအိမ်ကြီးဆီရောက်ခဲ့တုန်းက အကြောင်းတွေသာ ခေါင်းထဲတွေးနေမိလေသည်။ အဲ့တုန်းက လန့်တော့လန့်ခဲ့မိပေမဲ့ သိပ်တော့လည်း မကြောက်ခဲ့ပေ။ ယခု သူမ၏အမေဖြစ်သူ ပြောပြတာကို သိရလေတော့ ပို၍ပင် သနားသွားမိသည်။ ပုံ့ပုံ့နဲ့ နံ့သာလည်း သူမ၏စိတ်နှင့် တူလေသောကြောင့် ထိုသို့ထင်မည်ဟုလည်း တစ်ဆက်တည်း တွေးခဲ့မိလေသည်။ ထိုအိမ်ကြီးကိုလည်း နောက်နောင်ကြုံကြိုက်ခဲ့လျှင်လည်း သွား၍လေ့လာချင်နေမိသသည့် ဆန္ဒလည်း ဖြစ်ပေါ်လာခဲ့မိသည်။ ယခုတော့ မိဘတွေစိတ်ချမ်းသာအောင် ၎င်းအိမ်ကြီးဆီသို့ မသွားမိအောင် ရှောင်ရမည်ဟု တွေးလျှက်ပင်။
***** *****
.. ပြီးပါပြီ ..