သာဓုခေါ်ပါ

သာဓုခေါ်ပါ(စ/ဆုံး)

—————–

သူသည် ပေါ့ပါးလန်းဆန်းစွာဖြင့် အခန်းတံခါးကိုဖွင့်ကာ လေလေးတစ်ချွန်ချွန်ဖြင့် ဝင်လိုက်သည်။
ယနေ့ မနက်တွင် သူ၏စိတ်များပေါ့ပါးလန်းဆန်းနေသယောင်ရှိနေသည်။နယ်မြို့လေးတစ်မြို့မှ ရန်ကုန်ရွှေမြို့တော်သို့ရောက်ရှိလာသော
သူသည် သူ၏ ဦးလေးတော်စပ်သူ၏အကူအညီကြောင့်
ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် သန့်ရှင်းရေးဝန်ထမ်းအလုပ်ကိုရရှိခဲ့သည်။
လခကလည်း အစိုးရပိုင်ဆေးရုံများထက်ပိုမိုရရှိသည်ဖြစ်ရာ ရောက်ခါစက အနည်းငယ် အကြပ်အတည်းများနှင့် တွေ့ကြုံခဲ့ရသော်လည်း ယခုမူကားအတော်အတန် ချောင်လည်နေပြီဟုဆိုနိုင်သည်။ဆေးရုံနှင့်
မဝေးလှသောနေရာတွင် အခန်းတစ်ခန်းငှါးကာနေထိုင်ခဲ့သည်။သူ
အလုပ်လုပ်သောဆေးရုံမှာ နေ့ဆိုင်းညဆိုင်း
တစ်လစီ ဂျူတီ ပြောင်း၍လုပ်ရခြင်းဖြစ်သည်။ယခု..သူ
ညဆိုင်းအလှည့်ကျသောလဖြစ်သည်။
သူလည်း အခန်းတံခါးအား အသာအယာပြန်ပိတ်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးလိုက်သည်။
ထိုအချိန်တွင် အခန်းတံခါးခေါက်သံ သုံးချက်ကို ကြားလိုက်ရပြီး သူ၏အခန်းရှေ့မှ လျှင်မြန်စွာ ထွက်သွားဟန်ရှိသော ခြေသံတို့ကို ကြားလိုက်ရသဖြင့် သူလည်း ရေချိုးခန်းမှ
အလျှင်အမြန်ထွက်ကာ အခန်းတံခါးကို
ဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်။”သြော်…ကုလားလေးပဲ…ဒီကောင်ဘာလို့
ထမင်းကြော်အိတ်ကိုဒီမှာချိတ်ပြီး ကမန်းကတမ်း ပြေးသွားတာလဲဟ…
ခါတိုင်းဆို ငါ့ကိုခေါ်ပြီးပေးနေကျပဲ…ခုတော့
ဒီတံခါးလက်ကိုင်မှာလာချိတ်ပြီးပြေးသွားတယ်…အင်းလေ…သူလည်းအခြားအရေးတကြီးအလုပ်ရှိလို့နေမှာပေါ့”

ဟုတစ်ယောက်တည်းတွေးလိုက်မိသည်။
ကုလားလေး ဆိုသည်မှာ သူနေသောတိုက်ရှေ့ရှိ စားစရာမျိုးစုံရောင်းသောဆိုင်မှ စားပွဲထိုးလေးဖြစ်သည်။သူက ထိုဆိုင်မှ
ထမင်းကြော်ကိုမနက်တိုင်းလာပို့ရန် မှာထားပြီး ကျသင့်ငွေကို လကုန်လျှင်ရှင်းပေးနေကြဖြစ်သည်။ကုလားလေးမှာ နေ့စဉ်သူ့အား ထမင်းကြော်လာပို့နေသူ ဖြစ်၍ သူနှင့်အလွန်ရင်းနှီးနေပြီဖြစ်ကာ ထမင်းကြော် လာပို့တိုင်းသူ့အားခေါ်ကာ
ခဏတာမျှ စကားပြောပြီးမှပြန်တတ်သည်။
ယနေ့မှ ဘာဖြစ်လို့ပြေးပြန်သွားသည်ကို
သူတွေးမရ။သူလည်း ထပ်၍ မစဉ်းစားတော့ပဲ ချိတ်ထားသော ထမင်းကြော်ထည့်ထားသည့်ဖော့ဖာကလေးပါသော အိတ်ကို တံခါးလက်ကိုင်ဘုလေးမှ လှမ်းယူလိုက်စဉ်…သူ၏လက်အား တစ်စုံတစ်ဦးက ပုတ်ချလိုက်သကဲ့သို့ဖြစ်သွားကာ ထမင်းကြော်အိတ်ကလေးမှာ အောက်သို့
ကျသွားပြီး ဖော့ဖာကလေးထဲမှ ထမင်းကြော်များမှာ အခန်းရှေ့ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲသွားတော့သည်။

“ဟာ…ငါ့နှယ်…နမော်နမဲ့နဲ့…မနက်စာတော့ငတ်ပါပြီကွာ”

ဟု ညည်းညူလိုက်ရင်း ပြန့်ကြဲနေသော
စက္ကူဖာနှင့်ထမင်းကြော်တို့ကို ကောက်၍
အခန်းရှေ့တွင် အသင့်ချထားသော အမှိုတ်ပုံးလေးထဲသို့ထည့်လိုက်ပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး အဝတ်အစားလဲနေလိုက်သည်။ထိုစဉ် ဘေးအခန်းမှ….

“ကြားလား..ကြားလား…တံခါးဖွင့်ပိတ်လုပ်နေတဲ့အသံတွေ”

“အေး…ဟုတ်တယ်ဟ…လာလာ..အထဲဝင်”

ဆိုသော စကားပြောနေသံတို့ကိုကြားလိုက်ရသည်။
သူလည်း အပြင်ထွက်၍တစ်ခုခုစားရန်
စဉ်းစားမိလိုက်ပြီးမှ….တစ်ညလုံး အလုပ်လုပ်ထားရသည်ဖြစ်၍ အိပ်ငိုက်နေပြီ
ဖြစ်ရာ အရင်အ်ိပ်လိုက်ပြီးမှ စားတော့မည်ဟု ဆုံးဖြတ်ကာ အိပ်ယာကိုခင်းပြီး မျက်နှာကြပ်မှ ပန်ကာကိုဖွင့်ကာ အိပ်လိုက်တော့သည်။
ခါတိုင်းဆိုလျှင် ခေါင်းချလိုက်သည်နှင့်
အိပ်ပျော်တတ်သောသူသည် ယခုမူ မျက်လုံးများ ကြောင်စီစီဖြစ်နေကာ အိပ်မရပဲ ဟိုလူးဒီလိမ့်ဖြင့်ကြိုးစားအိပ်နေရသည်။
ဗိုက်ဆာလို့ဖြစ်မယ် ဟုသူတွေးလိုက်ပြီး
စိတ်ကို တည်ငြိမ်အောင်ကြိုးစား၍
အိပ်လိုက်ရာ မျက်ခွံများလေးလံလာကာ
အိပ်ပျော်မလိုဖြစ်သွားသည်။ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုစဉ် သူ၏ နားထဲသို့…

“အစ်…အစ်….အီး…”

ဆိုသော ညည်းညူသံတို့ကိုကြားလိုက်ရသည်။
ညည်းသံက လည်ပင်းညှစ်ခံရ၍ ညည်းညူနေသည့်အသံမျိုးဖြစ်သည်။
အသံက တစ်စထက်တစ်စ ကျယ်လောင်လာသဖြင့်…သူအိပ်မရတော့ပဲ
မျက်လုံးတို့ကို ဖွင့်လိုက်မိရာ…တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူလည်း….

“အမလေး ဘုရား”

ဟု လန့်အော်လိုက်မိသည်။သူတွေ့လိုက်သည်မှာ
သူ၏ အပေါ်တည့်တည့် တွင် လည်ပင်း၌
ကြိုးတန်းလန်းဖြင့် တွဲလောင်းကျနေသော
အမျိုးသမီးကြီးတစ်ဦး။သူမ၏ လည်ပင်းတွင်
တင်းကြပ်စွာ ရစ်ပက်ထားသော ကြိုးကို
ကိုင်ကာ မျက်လုံးများပြူးထွက်နေပြီး…
လျှာမှာအပြင်သို့ရှည်လျားစွာထွက်နေလျက်…ပါးစပ်မှလည်း

“အစ်…အစ်…အီး..အီး”

ဆိုသော နာကျင်စွာ ညည်းညူနေသံများ
အဆက်မပြက်ထွက်နေသည်။သူ မအိပ်ခင်က ဖွင့်ထားသော ပန်ကာမှာ ရပ်တန့်နေပြီး ထိုပန်ကာတွင် ကြိုးတစ်စကို
ခိုင်မြဲစွာချည်၍ ကျန်တစ်စဖြင့် မိမိလည်ပင်းကို ကြိုးဆွဲချကာ သက်သေနေသော ပန်းပွင့်နီးနီကြီးကြီးများပါသည့် ဂါဝန်ကိုဝတ်ထားသော ထိုအမျိုးသမီးကို…
သူ ငေးကြောင်ကြည့်နေပြီးမှ…

“အား…”

ဟု အသံကုန်အော်ဟစ်လိုက်သည်။မျက်လုံးကိုလည်း မှိတ်ထားလိုက်မိသည်။ထို့နောက်…
သူတစ်ဖြည်းဖြည်း မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။အခန်းတစ်ခုလုံးတိတ်ဆိတ်လျက်သား….မျက်နှာကြပ်မှ ပန်ကာ ကလည်း လည်မြဲအတိုင်းသာ။အနီရောင်ပန်းပွင့်ကြီးကြီးပါသော
ဂါဝန်ဝတ်ထားပြီး ကြိုးဆွဲချသေနေသော
မိန်းမကြီးလည်းမရှိတော့ပေ။သူလည်း…
သက်ပြင်းမောတစ်ခုချလိုက်ကာ ရေခဲသေတ္တာကိုဖွင့်ကာ ရေဗူးတစ်ဘူးကို
ထုတ်ယူကာ မော့ချလိုက်သည်။ထို့နောက်…
ရေမရှိတော့သော ရေဗူးကို ရေခဲသေတ္တာပေါ်သို့ တင်လိုက်ရာ အပေါ်တွင်ရှိနေသော ဖန်ခွက်ကို အမှတ်မထင်တိုက်မိကာ ဖန်ခွက် လည်း
ကျကွဲသွားတော့သည်။

“ခွမ်း…”

ထိုအသံနှင့်မရှေးမနှောင်းမှာပင်…ဘေးအခန်းမှ..

“တွေ့လား…ဖန်ခွက်တွေကျကွဲတဲ့အသံ…”

ဆိုသောစကားသံအချို့ကိုကြားလိုက်ရသည်။

“ဒီလူတွေ ဘာလို့ သူများအခန်းမှာဘာတွေဖြစ်နေတယ်ဆိုတာကို ဒီလောက်စိတ်ဝင်စားနေရတာလဲမသိဘူး”

ဟု တစ်ယောက်တည်းရေရွတ်လိုက်ရင်း…
ဖန်ကွဲစများကို သူကောက်သိမ်းလိုက်သည်။
ထို့နောက် ပြန်၍ အိပ်စက်လိုက်ရာ အိပ်ပျော်သွားပြီး နှိုးစက်မြည်သံကြောင့်
သူပြန်နိုးလာသည်။နာရီကိုကြည့်လိုက်သောအခါ ညနေ ခြောက်နာရီတိတိဖြစ်နေလေပြီ။
သူက ညဂျူတီကို ရှစ်နာရီ တိတိတွင်ဝင်ရမည်ဖြစ်၍ နှိုးစက်ကို ခြောက်နာရီ လုပ်ထားခြင်းဖြစ်သည်။သူလည်း ရေမိုးချိုး
အဝတ်အစားလဲပြီးသည်နှင့် အပြင်သို့ထွက်လာသည်။တစ်နေကုန်ဘာမှမစားရသေးသောကြောင့်ဗိုက်ထဲတွင်လည်း
ဆာလောင်နေသည်။သို့သော် ကိစ္စမရှိ….
သူအလုပ်လုပ်သော ဆေးရုံတွင် ဝန်ထမ်းများအား ထမင်းနှစ်နပ်ကျွေးသည်ဖြစ်၍ ယခုသူဆေးရုံရောက်လျှင် ဂျူတီမဝင်ခင်
စားလိုက်ရုံသာ။သူဆေးရုံသို့ရောက်သောအခါ ည ခုနှစ်နာရီနှင့် ငါးမိနစ်ပင်ရှိသေးသည်။အလုပ်ချိန်က ည
ရှစ်နာရီမှ မနက် ရှစ်နာရီအထိဖြစ်သည်။
သူလည်း ထမင်းစားဆောင်ဘက်သို့ထွက်လာပြီး
သူထမင်းထိုင်စားနေကျနေရာလေးသို့အရောက်တွင် ခဏထိုင်နေလိုက်သည်။ထိုစဉ် ထမင်းဟင်းများထည့်ပေးနေကျ အဒေါ်ကြီးရောက်လာကာ သူ့ရှေ့နားမလှမ်းမကမ်းတွင် ထမင်းနှင့်ဟင်းများကို ကုလားပုံထည့်ထားသောပန်းကန်ကိုချလိုက်ရင်း မျက်လုံးများက ကျီးကန်းတောင်းမှောက်ဖြင့်…

“မောင်ဖြိုးသူရေ..ဒီမှာမင်းအတွက်ထမင်းနဲ့ဟင်း..စားပေတော့”

ဟုပြောကာ ပြန်လှည့်ထွက်သွားသည်။
ထမင်းပန်းကန်က သူ့ရှေ့တည့်တည့်မဟုတ်…ညာဘက်သို့အနည်းငယ်ရောက်နေသဖြင့် သူက ထမင်းပန်ကန်ကို သူ့ရှေ့တည့်တည့်သို့ ဆွဲယူကာ ဆာလောင်လှပြီဖြစ်၍ အားရပါးရစားလိုက်တော့သည်။ပန်းကန်တစ်ဝက်ခန့်ကုန်သွားသောအခါ သူ၏နားထဲသို့
မပီမသ ညည်းတွားသံလိုလို…မာန်ဖီသံလိုလို
အသံများကို ကြားလိုက်ရသဖြင့် သူလည်း
ဘေးဘီဝန်းကျင်သို့ လိုက်ကြည့်လိုက်သည်။

“ဟင်…ဘယ်သူတွေလဲ”

ဟု သူထိတ်လန့်တကြား ရေရွတ်လိုက်ရင်း
အလုပ်ခွင်ရှိရာ
ဆေးရုံအဆောက်အဦးထဲတွင်သာ သွားနေတော့ရန် ဆုံးဖြတ်လိုက်ပြီး ကမန်းကတမ်း ထလိုက်ရာ အနီးမှ ပလက်စတစ်ထိုင်ခုံတစ်လုံးအားတိုက်မိကာ
ထိုင်ခုံကလဲကျသွားတော့သဖြင့် အသံတစ်ချို့ ထွက်သွားသည်။ထမင်းထည့်ပေးသော
အဒေါ်ကြီးအပါအဝင် သူကဲ့သို့ထမင်းစားနေသော ဆေးရုံဝန်ထမ်းအချို့က သူရှိရာနေရာသို့
ဦးခေါင်းများစောင်းကာ
လဲပြိုကျနေသော ခုံအား မျက်လုံးများပြူးကာကြည့်နေကြသည်။
မိန်းကလေးတစ်ဦးကမူ…

“အမလေး ပလုတ်တုတ်…သ…သရဲ…တော်ပြီ…ငါဒီနေရာမှာ မနေရဲတော့ဘူး”

ဟုဆိုကာ သူ့အဖော်နှစ်ယောက်အားခေါ်ပြီး
ထမင်းပင်ကုန်အောင်မစားတော့ပဲ ထိုနေရာလေးမှလှည့်ထွက်ခဲ့တော့သည်။
သူလည်း ဘာမှမပြောတော့ပဲ သူအလုပ်လုပ်ရမည့် ဆေးရုံဘက်သို့ခပ်သွက်သွက်လျှောက်သွားကာ အဝတ်လဲခန်းတွင်အဝတ်အစားများလဲလိုက်ပြီး အလုပ်ဆင်းသူများ လက်မှတ်ထိုးရသော စာရွက်လေး၌ လက်မှတ်ထိုးလိုက်ပြီး တံမြတ်စည်းတစ်လက်ကိုယူကာ သန့်ရှင်းရေးစလုပ်တော့သည်။လူနာခန်းများအတွင်းသို့လည်းဝင်၍ ကြမ်းခင်းများကို
ရေဘက်တိုက်သည်။သို့နှင့် အိမ်သာဘက်သို့အရောက်တွင် သူဆေးရုံတွင် အလုပ်စဝင်ကတည်းက ကြားနေကျအသံဖြစ်သော တံခါးများဖွင့်ပိတ်သံများ…ခြေသံများ…
ရေဖွင့်သံများကိုကြားလိုက်ရသည်။ထိုအကြောင်းကို အရင်က အခြားလုပ်ဖော်ကိုင်ဖက်များကို သူပြောပြရာ သူတို့က….

“သြော်…အိမ်သာမှာလား…ဟုတ်တယ်..အဲ့သုံးထပ်က အိမ်သာမှာက အဲ့လိုပဲ…မထူးဆန်းတော့ပါဘူး…လူတိုင်းကြားရတာပဲကွ”

ဟုပြန်ပြောရာ…သူက…

“ဟင်…ဟုတ်လား…မကြောက်ကြဘူးလား”

ဟုပြန်မေးဖူးသည်။ထိုအခါ ထိုသူက…

“အစကတော့ကြောက်တာပေါ့ကွာ…နောက်တော့ အဲ့အကြောင်းတွေ သူများပြောပြလို့သိရတော့ မကြောက်တော့တဲ့အပြင် သနားစိတ်ပါဝင်သွားတယ်ကွ”

ဟုပြန်ပြောသည်။သူက…

“ဘာအကြောင်းလဲဗျ…ပြောပြပါဦး”

ဟုပြန်မေးရာ…ထိုသူက…

“အင်း…ဒီလိုဗျ…အဲ့အိမ်သာမှာ အရင်ကလူသေဖူးတယ်…သေတဲ့လူကလည်းမင်းလိုပဲ…သန့်ရှင်းရေးလုပ်တာကွ…အဲ.. ဒါပေမယ့်သူကအသက် ငါးဆယ်လောက်ရှိတဲ့အဖွားကြီးတစ်ယောက်ကွ…ဆေးရုံမှာသန့်ရှင်းရေးလုပ်နေတာ
အတော်ကြာပြီဆိုပဲကွ…သူများတွေပြောတာကတော့ လုပ်သက် နှစ်နှစ်ဆယ်လောက်ရှိပြီပြောတယ်…တစ်နေ့တော့ သူက နေသိပ်မကောင်းတဲ့ကြားထဲက
အလုပ်ဆင်းလာတယ်ကွ…အဲ့အိမ်သာဘက်လည်းရောက်ရော…အဖျားတက်တာပဲတဲ့…
အိမ်သာခန်း ရှစ်ခန်းရှိတဲ့အထဲက ခြောက်ခန်းမြောက်အရှေ့မှာ သူ လဲကျသွားပြီးတော့ သံမံသလင်းနဲ့ ခေါင်းနဲ့ဆောင့်မိပြီး ပွဲချင်းပြီး သေသွားတယ်ဆိုပဲကွ…ဒါပေမယ့်အဖွားကြီးကတော့ ခုထိ အလုပ်လုပ်နေတုန်းပေါ့ကွာ…
သူစွဲလန်းတဲ့နေရာမှာသူနေနေတာပေါ့”

ဟုပြောပြဖူးသည်။ထိုစဉ်ကတည်းက သူလည်း ထိုအိမ်သာခန်းဘက်မှ အဖွားကြီးသရဲကိုမကြောက်တော့ပေ။အသံများသာ ကြားရခြင်းဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်ဖြင့် ခြောက်လှန့်ခြင်းမရှိ၍လည်းဖြစ်နိုင်သည်။
ယခုည သူကြားနေရသောအသံက ခါတိုင်းညများထက် ပိုကျယ်လောင်၍ ပိုမိုပီသ သည်ဟု သူ့စိတ်ထဲထင်နေမိသည်။
သူ သုံးခန်းမြောက်အိမ်သာကို ဆေးကြောနေစဉ် အပြင်ဘက်ဆီမှ…

“အီး…ဟီး….ဟီး”

ဆိုသော ညည်းညူသံတစ်ခုနှင့်အတူ ကြမ်းပြင်ပေါ် ရေကျနေသံ တတောက်တောက်နှင့် ကြမ်းပြင်အား အဝတ်တံမြတ်စည်းဖြင့် အဆက်မပြတ် ပွတ်နေသံတို့ကို ကြားလိုက်ရသည်။

“ဟင်…ခါတိုင်းညတွေဆို ညည်းသံမကြားရပါဘူး…ရေသံတွေ ဘာတွေပဲ ကြားရတာ…ခုက ဘယ်လိုဖြစ်တာပါလိမ့်…ဒါမှမဟုတ်…လူနာတွေထဲက အိမ်သာလာတာလား”

ဟု သူရေရွတ်လိုက်ရင်း လုပ်လက်စအလုပ်ကို ခေတ္တရပ်လိုက်ပြီး
နားစိုက်ထောင်လိုက်သည်။ရေကျသံများ…
ကြမ်းတိုက်နေသောအသံများနှင့်အတူ…
ညည်းသံတစ်ခုကိုပါ သူသေချာစွာ ကြားနေရသည်။ထို့ကြောင့် သူလည်း အိမ်သာခန်းတံခါးကို အသာအယာဖွင့်ကာ
ထိုနေရာသို့ကြည့်လိုက်မိရာ….

“အမလေးဗျ…”

ဟု လန့်၍ အော်လိုက်မိသည်။သူရှိနေသော
သုံးခန်းမြောက်အိမ်သာနှင့် မျက်စောင်းထိုးနေရာတွင်ရှိနေသော ခြောက်ခန်းမြောက်အိမ်သာ ရှေ့တွင် အဖွားအိုတစ်ဦးသည် သူ့ကိုကျောခိုင်းထားကာ အဝတ်ကြမ်းတိုက်တံဖြင့် သူမ၏ ခြေထောက်အနီးတစ်ဝိုက်မှ သွေးများကို
တိုက်နေသည်။ထိုသွေးများ မည်သည့်နေရာက လာသည်ကိုသိရန်
သူလိုက်ကြည့်လိုက်ရာ….ထိုအမယ်အို၏ ဦးခေါင်းထက်မှ ဖားလျားကျနေသော ဆံပင်တစ်လျှောက်စီးဆင်းကျလာခြင်းဖြစ်ကြောင်းသူသိလိုက်ရသည်။အမယ်အိုက သွေးများကို တိုက်နေသည်။သူမ၏ ဦးခေါင်းမှ သွေးများက သွေးရောင်လွှမ်းနေသော ဆံပင်များမှတစ်ဆင့် ကြမ်းပြင်ထက်သို့ တတောက်တောက်ကျနေသည်။သူလန့်အော်လိုက်သောအသံကြောင့် အမယ်အိုက သူ့ထံ လှည့်ကြည့်လာသည်။ထိုအခါ သွေးများဖြင့်ပေကျံကာ ကြက်သီးထဖွယ်ကောင်းသော အမယ်အို၏ မျက်နှာကို ဆံပင်များ ကျိုးတို့ကျဲတဲကြားတွင် တစ်ပိုင်းတစ်စ သူတွေ့လိုက်ရရာ ကြောက်လန့်လွန်းသဖြင့်…

“အား…”

ဟု အော်ကာ ထိုနေရာမှ သူပြေးထွက်ခဲ့တော့သည်။သူ၏ ရင်ဘက်သည် အသက်ရှူမဝသလိုဖြစ်ကာ
မွန်းကြပ်ပြီး တုန်နေသည်။ထို့ကြောင့် ဝရန်တာ ဘက်သို့ထွက်ကာ သဘာဝလေအေးအေးများကို အားရပါးရ…
ရှူရိုက်လိုက်ရသောအခါ အနည်းငယ် သက်သာရာ ရသွားတော့သည်။လက်မှ နာရီကို သူကြည့်လိုက်သည်။ဆယ့်နှစ်နာရီထိုးရန်…
ဆယ်မိနစ်ခန့်သာ လိုတော့သည်။သူလည်း
အမောဖြေနေရင်း လေကို တဝကြီး ရှူရှိက်နေစဉ် သူ၏ ကျောဘက်မှ ခြေသံတစ်ခုကိုကြားလိုက်ရသည်။

“အစ်…အစ်”

ဆိုသော ကလေးငယ်တစ်ယောက်၏ အသံကိုလည်းကြားလိုက်ရသည်။သူ နောက်သို့လှည့်ကြည့်လိုက်ရာ…သူ၏နောက်ကျောဘက်မှ ဖြတ်လျှောက်သွားသော
မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
သူမ၏ ရင်ခွင်ထဲတွင်လည်း အနှီးဖြင့်ထုတ်ထားသော ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။

“ညီမလေး…ဒီအချိန်ကြီး အပြင်မထွက်ရဘူးလေ…ကလေးကလည်းပါသေးတယ်…သြော်…ဒုက္ခပဲ…ဘယ်သွားမလို့လဲ”

ဟုသူက မေးလိုက်သော်လည်း မိန်းကလေးက ဘာမှပြန်မပြောပဲ ရင်ခွင်ထဲမှ
ကလေးငယ်အား ငုံ့၍နမ်းလိုက်ရင်း မျက်ရည်များစီးကျလာသည်။ထို့နောက်….

“သားလေးရယ်…မေမေ့ကိုခွှင့်လွှတ်ပါကွယ်…မင်းရဲ့အဖေက မေမေတို့ကို တာဝန်မယူနိုင်ဘူးတဲ့…သူ့ဆွေမျိုးတွေကလည်း ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေပဲ…လောကကြီးထဲမှာ ဆက်နေရင်…လူတကာရဲ့ လက်ညိုးထိုးကဲ့ရဲ့မှုတွေ…ပြစ်တင်မှုတွေနဲ့
လူတွေရဲ့တံတွေးခွက်မှာ အမေ့သားလေးကိုမျက်နှာမငယ်စေချင်ဘူးကွယ်…မေမေလည်းသားနဲ့လိုက်ခဲ့မယ်…
နောက်ဘဝမှာ တို့တွေ သားအမိပြန်တော်ကြတာပေါ့ကွယ်”

ဟုပြောဆိုကာ ငိုကြွေးနေရင်း ရင်ခွင်ထဲမှ ကလေးငယ်အား သုံးထပ်ပေါ်မှ အောက်သို့
ပစ်ချလိုက်ရာ…သူလည်း…

“ဟာ…မလုပ်နဲ့လေ…နင်ရူးနေလား”

ဟု ငေးကြောင်နေမိရာမှ အော်လိုက်သည်။
သို့သော် သူနောက်ကျသွားလေပြီ…သူ၏ ဘေးမှ မိန်းကလေးကလည်း ဝရန်တာလက်ရန်းပေါ်သို့တက်ကာ အောက်သို့ခုန်ဆင်းသွားတော့သည်။

“ဟာ….သွားပါပြီ….ဘာတွေလဲ”

ဟု သူအော်ဟစ်လိုက်ရင်း ဆေးရုံအောက်သို့
အလျှင်အမြန်ပြေးဆင်းကာ ထိုသားအမိရှိမည့်နေရာသို့ ပြေးသွားကြည့်လိုက်ရာ ထိုနေရာတွင် ဘာမှမရှိပေ။သွေးများလည်းမရှိ..စောစောက သူ့မျက်စိရှေ့တွင် ခုန်ချသွားသော မိန်းကလေးလည်း မတွေ့…သူမ ပစ်ချလိုက်သော ကလေးငယ်ကိုလည်းမတွေ့ရတော့ပေ။

“ဟာ….ဘာတွေလဲကွာ…”

ဟုသူကစိတ်ပျက်စွာ ညည်းညူလိုက်ချိန်တွင်…

“အဲ့…အဲ့…”

ဆိုသောကလေးငိုသံနှင့်…

“ကျွတ်…ကျွတ်…ကျွတ်…တိတ်..တိတ်..သားလေး…အိပ်ငိုက်နေပြီလားကွယ်”

ဆိုသော မိန်းကလေး တစ်ယောက်၏ အသံကိုကြားလိုက်ရရာ သူလည်းအသံလာရာဆီသို့ ကြည့်လိုက်မိသည်။ကျောလယ်ခန့်ရှိသောဆံပင်ကိုဖြန့်ချထားသော မိန်းကလေးတစ်ယောက်ကို ဘေးတိုက်အနေအထားဖြင့် သူတွေ့လိုက်ရသည်။သူမ၏ရင်ခွင်တွင်
အနှီးဖြင့်သေချာစွာ ထုတ်ထားသောကလေးငယ်တစ်ယောက်။
ထိုမိန်းကလေးကို…သူတွေ့မြင်ဖူးသလိုရှိသဖြင့် စဉ်းစားနေစဉ်…မိန်းကလေးက သူ့ဘက်သို့လှည့်လာရာ မျက်နှာတစ်ခြမ်းတွင် သွေးများပေကျံနေသည်ကိုတွေ့လိုက်ရသည်။ကလေးကို ပတ်ထားသော အနှီးဖြူလွလွမှာလည်း သွေးများဖြင့် တစ်ဖြည်းဖြည်း နီရဲသွားရာ…သူလည်း…
သရဲ အခြောက်ခံရပြီးကို သဘောပေါက်လိုက်ပြီး ဆေးရုံပေါ်သို့
ပြန်ပြေးတက်ခဲ့တော့သည်။

* * *

ဤသို့ဖြင့် သူလည်း တစ်ညတာကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ပြီးနောက် မနက် ရှစ် နာရီ ထိုးသွားသဖြင့် ဆေးရုံမှ အခန်းသို့ ပြန်ခဲ့တော့သည်။သူ၏ တစ်ခန်းကျော်မှ သုံးနှစ်ကျော်အရွယ်ခန့်ရှိသော
မောင်လုံး ဟုချစ်စနိုးဖြင့်ခေါ်ကြသည့် ကလေးက သူ့အားပြုံးပြသည်။ထိုကလေးက အလွန်စကားသွက်လှပြီး အလွန်လည်း လည်လှသည်။သူလည်း မောင်လုံးလေးအား
ပြန်ပြုံးပြလိုက်ရာ…မောင်လုံးလေးက…

“ဦးယေး…ပန်လာပီလား”

ဟု မပီကလာ ပီကလာဖြင့်ပြောသည်။သူလည်း…

“အင်း…ပြန်လာပြီ…မောင်လုံးလေးရော…
ထမင်းစားပြီးပြီလား”

ဟုပြန်မေးလိုက်ရာ…မောင်လုံးလေးက…

“ချားပီးပီ…ထောက်ချွဲကြော်ချားတယ်..ဦးယေးရော…ချားအုံးမလား”

ဟု ပြန်မေးလိုက်ရာ သူက ခေါင်းခါပြလိုက်သည်။ထိုအချိန်တွင် မောင်လုံးလေး၏ မိခင်ဖြစ်သူက အခန်းထဲမှ ထွက်လာကာ အပြင်မှ မောင်လုံးလေးအား…

“သားရေ…ရေချိုးမယ်လေ…ဘာလုပ်နေတာလဲ…ဘယ်သူနဲ့စကားပြောနေတာလဲ”

ဟုမေးလိုက်ရာ…မောင်လုံးလေးက သူ့အားလက်ညိုးထိုးပြကာ….

“ဒီမှာယေ…ဦးယေးဖိုးသူအရုပ်ကပန်ယာရို့
ချကားပေါနေတာ”

ဟုပြန်ပြောလိုက်ရာ မောင်လုံးလေး၏ မိခင်က မျက်နှာ ပျက်သွားကာ…

“လာလာသား…အခန်းထဲဝင်..ရေချိုးမယ်…
ပြီးရင်တော့ ပရိတ်ရေသောက်ရမယ်”

ဟုပြောဆိုကာ မောင်လုံးလေးအား
အခန်းတွင်းသို့ ချီ၍ခေါ်သွားတော့သည်။
သူလည်း အူကြောင်ကြောင်ဖြစ်သွားပြီး
သူ၏အခန်းရှိရာ သို့ ဆက်လက်လျှောက်လာပြီး အခန်းတံခါးကို
ဖွင့်ရန်ပြင်လိုက်စဉ်…

“ဖြိုးသူအခန်းက ဘယ်အခန်းလဲ အမ”

ဆိုသော သူရင်းနှီးနေသော အသံတစ်သံကိုကြားလိုက်ရသဖြင့်…
အသံလာရာဆီသို့လှမ်းကြည့်လိုက်ရာ သူလည်း ဝမ်းသာသွားတော့သည်။နယ်တွင်နေထိုင်သော သူ၏အကိုဖြစ်သူ မိုးသူ အား မောင်လုံး တို့အခန်းရှေ့တွင် တွေ့လိုက်ရသည်။
မောင်လုံး၏ မိခင်က သူ့ဘက်သို့ လက်ညိုးထိုးပြလာသည်။သူကလည်း…
အားရဝမ်းသာစွာဖြင့်…

“အကိုမိုးသူ…ကျနော့်အခန်းဒီမှာလေ…လာခဲ့ ဒီဘက်ကို”

ဟု အော်ပြောလိုက်သည်။မောင်မိုးသူက…
သု့ထံလျှောက်လာသော်လည်း သူ့အားမကြည့်…သို့မဟုတ်…မမြင်သလိုပင် ရောက်လာပြီး သူဖွင့်ရန်လုပ်နေသောအခန်းတံခါးကို သုံးချက်ဆင့်ခေါက်လိုက်သည်။

“အကိုမိုးသူ…တစ်ယောက်တည်းလား…
လာလည်တာလား”

ဟု သူက ဝမ်းသာအားရမေးလိုက်သော်လည်း ကြားပုံမရ…။ထိုစဉ် မိုးသူက…

“ညီလေးရေ…ဒီနေ့နဲ့ဆို ညီလေးဆုံးတာ ၇ ရက်ပြည့်ပြီမို့ နယ်က အိမ်မှာ မင်းအတွက်
ကောင်းမှုကုသိုလ်တွေလုပ်ပေးပြီး အမျှဝေပေးမလို့ မင်းကိုလာခေါ်တာ…မင်း
ဒီမှာရှိနေရင်လည်းလိုက်ခဲ့ပါကွာ…တကယ်လို့နောက်ကျသွားရင် မင်း သာဓုမခေါ်လိုက်ရပဲနေမယ်ကွ”

ဟု တုန်ယင်နေသော ငိုသံကြီးဖြင့်ပြောလိုက်ရာ သူလည်း အံ့အားသင့်ကာ ငေးကြောင်ကြည့်နေမိသည်။မိုးသူက…
ဆို့လာသော မျက်ရည်စကို သုတ်လိုက်ကာ..
စောစောက အတိုင်းပြောပြန်သည်။

“ညီလေးရေ…မင်းရက်လည်မှယ သာဓုခေါ်ဖို့…”

ထိုအသံများက သူ၏နားထဲကားတစ်ချက်…မကြားတစ်ချက်…။ထိုစဉ်…သူဝတ်ထားသော အင်္ကျီနှင့်ဘောင်းဘီတွင် သွေးများစွန်းပေနေသည်ကိုသတိထားမိသည်။ပြီးတော့…ဝမ်းဗိုက်နေရာမှသွေားများ
စီးကျလာသည်။ပြီးတော့…သူ၏မြင်ကွင်းထဲ ပုံရိပ်အချို့ပေါ်လာသည်…။ထိုပုံရိပ်တို့က
တစ်ခုပြီးတစ်ခု ပေါ်လာလိုက် ပျောက်သွားလိုက်…။ပြီးတော့…အတွေးများလည်း ဟိုတစ်စဒီတစ်စ ပေါ်လာသည်။
နယ်မြို့လေးတစ်မြို့၏ ထန်းရည် ဆိုင်၌
လူငယ်လေး ကိုးယောက်ခန့်က တစ်ဖက်နှင့်တစ်ဖက် လုံးထွေးကာ ရန်ဖြစ်နေကြသည်။ထိုအထဲမှ ဖြိုးသူ ဆိုသော ကောင်လေးက အနီးရှိ ထန်းရည်ဆိုင်ပိုင်ရှင် ထန်းလှီးလျှင် သုံးသော
ထန်းလှီးဓားကို ဆွဲကိုင်လိုက်ကာ တစ်ဖက်မှ လူငယ်တစ်ဦးအား လှမ်းခုတ်လိုက်ရာ တစ်ဖက်မှလူငယ်လေးက ဘယ်ဘက်လက်ဖြင့် စီး၍ခံလိုက်သဖြင့်…
လက်မှာတံတောင်ဆစ်အောက်ဘက်နားတွင်
ထိမိသွားပြီး ပြက်လုနီးပါးဖြစ်သွားသည်။
ထိုစဉ် ဓားဖြင့်ခုတ်လိုက်သော လူငယ်၏နောက်မှ အခြားလူငယ်တစ်ဦးက
ဝါးလုံးဖြင့်ရိုက်လိုက်ရာ ဖြိုးသူဆိုသော
ကောင်လေးလည်း မြေပြင်သို့ လဲကျသွားတော့သည်။ထိုစဉ် ရပ်ရွာလူကြီးများရောက်လာကာ လူစုခွဲလိုက်ကြပြီး ဓားခုတ်ခံရသော လူငယ်နှင့်အတူ ထိခိုက်ဒါဏ်ရာ ပြင်းထန်သော လူတို့အား ဆေးရုံသို့ပို့လိုက်ကြသည်။ကျန်လူများအား
အနီးဆုံးမြို့မှ ရဲစခန်းသို့ခေါ်ကာ အချုပ်ချထားလိုက်ကြသည်။ထိုအထဲတွင်..
ဓားဖြင့် ခုတ်လိုက်သော ဖြိုးသူမပါ…။သူက…ရပ်ရွာလူပြီးများ ရောက်လာကတည်းကပင် ရန်ပွဲအတွင်းမှ
တိတ်တဆိတ်ထွက်ပြေးကာ ကားဂိတ်ဆီသို့သွားပြီး ရန်ကုန်လက်မှတ်တစ်စောင်ဝယ်ယူကာ ကားပေါ်တွင် ထိုင်စောင့်နေသည်။ဦးခေါင်းမှာ အရိုက်ခံထားရသော်လည်း မကွဲပဲ…ဖုရုံသာဖုသွားသည်။သူကံကောင်းသည်ဟု ဆိုရမည်…မကြာမီမှာပင် ကားက
ထိုနယ်မြို့လေးမှ စတင်ထွက်ခွာကာ နှစ်ညအိပ် သုံးရက်ကြာသော ရန်ကုန်ခရီးစဉ်ကို စတင်ခဲ့တော့သည်။
သူသည် ရန်ကုန်ရှိဦးလေးဖြစ်သူထံရောက်ဖူးသည်ဖြစ်၍အခက်အခဲမရှိပဲ ဦးလေး ဖြစ်သူထံ
သွားကာ အကျိုးအကြောင်းပြောပြပြီး
နယ်မှ အိမ်နှင့် တိတ်တဆိတ် အဆက်အသွယ်ပြုလုပ်ကာ နေခဲ့သည်။
သူခုတ်ခဲ့သော ထွန်းလင်း ဆိုသောလူငယ်မှာ
အသက်မသေသော်လည်း လက်တစ်ဖက်မှာ
တံတောင်ဆစ်မှ ဖြတ်လိုက်ရကြောင်းသတင်းကြားရသည်။
သူလည်း သူ့ဦးလေး၏ အကူအညီဖြင့်
ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်ရပြီးနောက် ဆေးရုံနှင့်မနီးမဝေးတစ်နေရာတွင်အခန်းငှါး၍ တစ်ယောက်တည်းနေထိုင်ခဲ့သည်။ထို့နောက် တစ်နှစ်ကျော်ခန့်ကြာပြီး…တစ်ရက်…သူအလုပ်မှ ညဘက်ပြန်လာသည်။ထိုနေ့က နေ့ဂျူတီနောက်ဆုံးရက်ဖြစ်ပြီး နောက်တစ်နေ့တွင် သူ ညဂျူတီဆင်းရမည်ဖြစ်သည်။ထို့ကြောင့် သူလည်းအခန်းသို့တန်း၍မပြန်သေးပဲ အရက်ဆိုင်တစ်ဆိုင်သို့ဝင်ကာ ထုတ်လာသော လစာဖြင့် ဝီစကီတစ်ပြားထိုင်သောက်နေလိုက်သည်။
ထို့ကြောင့် ည တစ်ဆယ်နာရီခွဲလောက်မှ အရက်ဆိုင်မှ ထကာ ပြန်လာသည်။လူရှင်းသော လမ်းတစ်နေရာအရောက်တွင် သူ၏ရှေ့မှ
လူနှစ်ယောက်လျှောက်လာကာတစ်ယောက်က သူ၏ဝမ်းဗိုက်အား ချွန်ထက်သော တစ်စုံတစ်ခုဖြင့်ထိုးလိုက်သည်။ထိုအရာက
သူ၏ဝမ်းဗိုက်ကိုဖောက်ဝင်ကာ အထဲမှ အူများကိုပါ ဖြတ်တောက်လိုက်သည်။
သူလည်းထိုသူအားကြည့်လိုက်ရာ…ထိုသူ၏ ဘယ်ဘက်လက်မှာ တံတောင်ဆစ်မှ
ဖြတ်ထားကြောင်းနောက်ဆုံးတွေ့လိုက်ရသည်။ထို့နောက်သူသည်…..နေ့စဉ်ပြုနေကျအတိုင်း…အခန်းသို့ပြန်လိုက်…ဆေးရုံသို့သွားလိုက်လုပ်နေသည်။ဘေးအခန်းမှ လူများက
ဖြိုးသူအခန်းမှ ပန်းကန်ခွက်ယောက်သံများ…ရေချိုးသံများ
ကြားရသည်။ထမင်းကြော်ပို့သော ကုလားလေးကလည်း ထမင်းကြော်များနေ့စဉ် ကြမ်းပြင်တွင်
ပြန့်ကျဲနေသည်ကိုတွေ့သဖြင့် သူ၏ဆရာ..ဆိုင်ရှင်အား မပို့ပေးပါနှင့်တော့ဟုပြောရာ ဘာသာရေးအယူသည်းသောဆိုင်ရှင်က
လက်မခံပဲ…

“ပို့လိုက်ပါကွာ…သူက ငါတို့ရဲ့ဖောက်သည်ပဲ…ဒီ ခုနှစ်ရက်မှာတော့
ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်းပို့ပေးလိုက်ကွာ..
သူက အစိမ်းသေဆိုတော့ သူသေတာ သိချင်မှ သိလိမ့်မယ်ကွ…တစ်ခုတော့ရှိတယ်…မင်းထမင်းကြော် ပို့ရင် သူ့အခန်းရှေ့မှာချိတ်ပြီး
သူ့နာမည်ကိုခေါ်ပြီး လာစားလို့ခေါ်ကွ”

ဟု မှာသော်လည်း သရဲအလွန်ကြောက်သော ကုလားလေးမှာ
နာမည်ခေါ်ဖို့မပြောနှင့်…အခန်းတံခါးကိုပင်
စေ့စေ့မကြည့်ရဲသဖြင့် ထမင်းကြောက်ထုပ်ကိုချိတ်ပြီးသည်နှင့် မျက်စိကိူစုံမှိတ်ကာ အခန်းတံခါးအား သုံးချက်ထုပြီးပြေးဆင်းတော့သည်။
ဆေးရုံတွင် ထမင်းကျွေးသော အဒေါ်ကြီးမှာ
ဖြိုးသူကို နာမည်ခေါ်၍ကျွေးမွေးသည်
ဖြစ်၍ ထိုထမင်းဟင်းတို့အား ဖြိုးသူ စားရသည်။ကျန်သောသူများ သူ့အားမမြင်ရသော်လည်းမောင်လုံးလေးမှာ
ကလေးဖြစ်၍ သူ့အားမြင်ရသည်။အောက်ဆုံးထပ်မှ သုံးလအရွယ် ကလေးတစ်ဦးဆိုလျှင် သူ့အားတွေ့သည်နှင့် ချော့မရအောင် ငိုတတ်သည်ကိုဖြိုးသူ သတိထားမိသည်။
ဒါဆို သူသေပြီပေါ့….မဟုတ်ဘူး…သူမသေချင်သေးဘူး…နယ်မြို့လေးမှ သူ့ကိုအလွန်ချစ်သော မိခင်ထံသူပြန်ရဦးမည်။ပြီးတော့..အကိုမိုးသူ…ညီမလေး မေသူ…။
ဖခင်ဖြစ်သူကိုလည်း သူတွေ့ချင်သည်။ဒီတော့….

“အိမ်ပြန်မယ်…ဟုတ်တယ်…ငါအိမ်ပြန်ရမယ်”

ဟုသူရေရွတ်လိုက်မိချိန်တွင်…သူသည်
နယ်မြို့လေးမှ သူ၏ အိမ်လှေကားထိပ်တွင်
မတ်တတ်ရပ်လျှက်သားရှိနေသည်ကို သိလိုက်ရသည်။သူတို့အိမ်ဧည့်ခန်းထဲတွင်တော့ လူများက သူ့အားကျောပေးကာ ထိုင်နေကြသည်။ထိုလူများ၏ အရှေ့ရှိ ခေါင်းရင်းဘက်တွင်တော့ ဆရာတော်ကြီးနှင့်သံဃာတော်ကြီးငါးပါး က
သူ့ဘက်သို့မျက်နှာမူကာထိုင်နေသည်။
ထိုစဉ်မှာပင် ဆရာတော်ကြီးက မှိတ်ထားသော မျက်လုံးအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း….

“ကဲ…ဒကာလေးမောင်ဖြိုးသူရေ…ဒကာလေးအတွက်ပြုလုပ်ပေးတဲ့ ကုသိုလ်အဝဝကို
ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်ပေတော့ကွယ်…ရေစက်ချကြရအောင်”

ဟုမိန့်တော်မူလိုက်ကာ…မျက်လုံးအစုံကို အသာအယာပြန်မှိတ်လိုက်သည်။ဖြိုးသူ လည်းထိုနေရာမှာပင် ထိုင်ချလိုက်ကာ…
ဆရာတော်ကြီးနှင့် သံဃာတော်ကြီးများအား ဦးတိုက်ကာ…
ရှိခိုးလိုက်မိတော့သည်။

စာဖတ်သူများအား…..

အစဉ်လေးစားလျက်….

စာရေးသူ…..

#ငဓူဝံ