သိုက်စောင့်(စ/ဆုံး)
——————
အချိန်ကာလက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစဖြစ်ပေသည်။
ပြန်လည်ထူထောင်စအချိန်ဖြစ်၍ ကျေးလက်တောရွာများတွင် နိုင်ငံရေးအ ခြေအနေ မတည်ငြိမ်သေးသလို၊ စီးပွားရေးအခြေအနေကလည်း အတည်တကျမဖြစ် နိုင်သေးပေ။
အင်္ဂလိပ်ခေတ်နှင့်ဂျပန်ခေတ်ကာလများတွင် ဗုံးဒဏ်၊သေနတ်ဒဏ်ကြောက် ရွံ့၍ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ လယ်ယာကိုင်းကျွန်းအလုပ်ကို ကောင်းကောင်းမ လုပ်နိုင်ခဲ့ကြပေ။ ဒီကြားထဲမှာ ဝမ်းရောဂါလို ကျောက်ရောဂါလို ပုလိပ်ရောဂါလို ကပ်ရောဂါများ၏ဒဏ်ကိုမရှုမလှခံခဲ့ရ၍လည်း ကျေးလက်နေပြည်သူတို့ဘ၀မှာ ဖွတ်ကျော ပြာစုဆိုသည့်သဖွယ် နုံချာမွဲတေလျှက်ရှိပေသည်။
အုပ်ချုပ်မှုမတည်ငြိမ်သည့်ကာလတွင် အာဏာရလိုသူ ဂိုဏ်းဂဏအဖွဲ့အ စည်းများကလည်း လက်နက်ကိုင်သောင်းကျန်းနေရုံမက၊ တစ်ကိုယ်တော် တစ်စုတစ်ဖွဲ့ ဓားပြတောပုန်းများရန်ကလည်း မသေးလှသည်ကြောင့် တောရွာဒေသတို့မှာ လွတ်လပ် ရေး၏အရသာဆိုသည်ကို ဘယ်လိုမှန်းပင်မသိအောင် ရှိနေကြလေ၏။
ထိုကာလမျိုးတွင် စမ်းကြီးချောင်ရွာသို့ လူသုံးဦးပါသော သိုက်ဆရာအုပ်စု ရောက်ရှိလာကြခြင်းဖြစ်လေသည်။
+ + + + + + + + +
ဧည့်သည်သုံးဦးသည် ရွာကိုရောက်သည်နှင့် ဘိုးတက်တူဆိုသူကို စုံစမ်းကြ လေသည်။ ဘိုးတက်တူအိမ် ရွာတောင်ပိုင်းအစွန်တွင်ရှိကြောင်းလမ်းညွှန်လိုက်သည့်အခါ.. ဘိုးတက်တူအိမ်သို့ရောက်သွားကြလေ၏။
ဘိုးတက်တူဆိုသည်ကား အသက်၇၈နှစ်ရှိ အဘိုးအိုကြီးတစ်ယောက်ဖြစ်ကာ.. ဇနီးသားသမီးမြေးဟူ၍ ဆွေမျိုးသားချင်းမရှိပဲ တစ်ကိုယ်တည်း တဲငယ်လေး တစ်လုံးဖြင့်နေထိုင်နေသည့် အဘိုးအိုတစ်ယောက်ဖြစ်ပေသည်။
ဧည့်သည်သုံးဦးက သူတို့လာရင်းအကြောင်းကို ဘိုးတက်တူအား ပွင့်ပွင့် လင်းလင်းပင်ပြောပြသည်။ ဘိုးတက်တူက အစပိုင်းတွင် ခါးခါးသီးသီးငြင်းဆန်သည်။ ဧည့်သည်များကိုလည်း တောင်းပန်တားဆီးသည်။ ဧည့်သည်များက အလွန်ခေါင်းမာကာ မဖြစ်မနေလုပ်မည်ဆိုတော့မှ ဘိုးတက်တူလက်လျှော့လိုက်လေ၏။
“အေးလေ.. ဖြစ်လာတာတွေတော့ မောင်ရင်တို့ဒဏ် မောင်ရင်တို့ခံပေ တော့၊ အဘက တော့ အကျိုးအကြောင်း အကုန်ပြောပြပြီးပြီ၊ နေရာလိုက်ပြတာတော့ ငါ လိုက်ပြပါ့မယ်၊ ငါ့ကိုသာ အကျိုးဆောင်ခလေးပေးခဲ့ပါလေ”
နောက်ဆုံးတော့ သိုက်တူးလို့အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ် စေ ဘိုးတက်တူကို နေရာလိုက်ပြခအဖြစ် စို့စို့ပို့ပို့ပေးပါမည်ဆိုသည့်အခါ အစစအရာ ရာရှားပါးသောခေတ်ကြီးဝယ် ငွေမျက်နှာကိုကြည့်ပြီး သိုက်သမားများကို အကူအညီ ပေးရန် ဆုံးဖြတ်လိုက်ရလေတော့၏။
“မောင်ရင်တို့.. ဒီအကြောင်းတွေကို ဘယ်က နေ သိခဲ့ရကြားခဲ့ရတာလဲ”
“ကျုပ်ဦးလေးတစ်ယောက်က စစ်အတွင်းတုန်းက စစ်ပြေးတော့ ဒီရွာမှာလာ ပြီးခိုလှုံခဲ့တယ်၊ အဲဒီတုန်းက ဦးလေးက ဒီအကြောင်းတွေကိုသိခဲ့တာပဲ၊ ဦးလေးက ဘိုး တက်တူအားလုံးသိတယ်လို့လမ်းညွှန်လိုက်လို့ ကျုပ်လည်း စမ်းကြီးချောင်ဆိုတဲ့ ဟော ဒီရွာကို ရောက်အောင်လာခဲ့တာပဲဗျ”
+ + + + + + + + +
နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် တစ်ရွာလုံးမနိုးထမီ ရွာတောင်ဖက်စူးစူးငါးမိုင်ခန့်အဝေးရှိ သိုက်ရှိရာနေရာသို့ ဘိုးတက်တူက ဧည့်သည်သုံးဦး ကို ဦးဆောင်၍ခေါ်ခဲ့လေသည်။ ဘိုးတက်တူအိမ်မှာ ရွာတောင်ဖက်အစွန်းတွင်ရှိသည် မို့ ရွာကသူတို့ထွက်ခွာသွားသည်ကို မည်သူမှမရိပ်မိလိုက်ကြ။ သူတို့အကြံအစည်ကို လည်း မည်သူမှမရိပ်မိကြသေးပေ။
ဧည့်သည်သုံးဦး၏အမည်များမှာ.. တောင်ညို၊ ပန်းထွေးနှင့်စံပိုင်ဟူ၍ဖြစ် ကြောင်း သူတို့ကိုယ်သူတို့မိတ်ဆက်ထား၍ ဘိုးတက်တူသိရလေသည်။ နာမည်မှန်များ ဟုတ်မဟုတ်တော့ ဘိုးတက်တူလည်းမသိ။ သူတို့ထဲတွင် တောင်ညိုဆိုသူက အသက် အကြီးဆုံးဖြစ်ပြီး ခေါင်းဆောင်လည်းဖြစ်လေသည်။ အသက်လေးဆယ်ကျော်အရွယ်ရှိ သည်။ ကျန်နှစ်ယောက်က အစိတ်သုံးဆယ်အရွယ်လောက်ပင်ရှိသေးကာ တောင်ညိုကို လေးလေးစားစားဆက်ဆံကြသည်ကိုတွေ့ရလေ၏။
သူတို့သုံးဦးပုံစံမှာ သိုက်ဆရာများနှင့်မတူ။ လူမိုက်များနှင့်သာတူနေ၍ ဘိုးတက်တူအံ့ဩရလေသည်။ ဘိုးတက်တူသိသည့်သိုက်ဆရာဆိုသူများမှာ ဆံပင်ရောင်ထုံး နှုတ်ခမ်းမွှေးကားကား၊ တိုက်ပုံအကျႌညစ်ထေးထေးနှင့် လက်မှာစိတ်ပုတီးကြီးပတ်ပြီး လွယ်အိတ်အနွမ်းကြီးလွယ်ထားကြသူမျိုးသာဖြစ်လေသည်။
“မောင်တို့က သိုက်ကို ဘယ်လိုတူးမှာလဲ၊ အစီအရင်လုပ်ဖို့ပစ္စည်းပစ္စယတွေ လည်း မောင်တို့မှာပါလာတာမတွေ့ပါလား”
“ဟား ဟား ဟား ဘယ်လိုတူးရမှာလဲအဘိုးကြီးရ၊ ပေါက်တူးနဲ့တူးမှာပေါ့ဗျ၊ ကျုပ်တို့က ရူးကြောင်ကြောင် အဂ္ဂိရဆရာတွေမဟုတ်ဖူး၊ လက်တွေ့သမားတွေ၊ ခင်ဗျားသာ သိုက်ရှိတဲ့နေရာကိုလိုက်ပြ၊ ကျုပ်တို့ရအောင်တူးမယ်”
ညဦးက တောင်ညိုပြန်ပြောသည့်စကားကို ကြားယောင်ရင်း ဘိုးတက်တူ ကြက်သီးထသွားသည်။ ဖြစ်ပါ့မလားလို့လည်း ရင်လေးမိ၏။ ဘုရားမှာ အစောင့်တွေရှိ တာ၊ ကျိန်စာတိုက်ထားတာတွေရှိတာကို သူတို့ကိုပြောပြသော်လည်း ခေတ်လူတွေက နားမဝင်။ ဟယ်-တတ်နိုင်ပါဘူး၊ ဖြစ်တာလာ သူတို့ထိုက်နဲ့သူတို့ဒဏ် ခံပေစေတော့ဟု ဖြေတွေးတွေးလိုက်သည်။
နေထွက်လာချိန်တွင် သိုက်တူးမည့်စေတီပျက်ကြီးရှိရာသို့ ရောက်ခဲ့ကြလေ၏။
ဘိုးတက်တူက တောင်ကုန်းကမူပေါ်မှနေ၍ အောက်ဖက်ချိုင့်ထဲတွင်ရှိနေ သော ခြုံနွယ်ပိတ်ပေါင်းတွေဖုံးအုပ်နေသည့် စေတီပျက်ကြီးကိုလက်ညှိုးထိုးပြရင်း ပြော လိုက်သည်။
“မင်းတို့တူးမယ့် ဌာပနာတိုက်ရှိတဲ့စေတီပျက်ဟာ ဟောဟိုဟာပဲ”
+ + + + + + + + +
“စေတီကြီးက ကြီးလှချေလား”
တောင်ညိုက စေတီကိုထိုမျှကြီးမားမည်ထင်မထား၍ တအံ့တဩပြောလိုက် သည်။
“အေး-ဟုတ်တယ်၊ စေတီကြီးပြိုမကျခင်ကဆို အဝေးကနေတောင် လှမ်းဖူး နိုင်တာပေါ့၊ လာ- မင်းတို့ကိုငါပြမယ်”
ဘိုးတက်တူက အသက်အရွယ်နှင့်မလိုက်အောင် စေတီပျက်ကြီးရှိရာတောင် ခြေရင်းသို့ ခပ်သွက်သွက်ဆင်းသွားလေသည်။
+ + + + + + + + +
စေတီကြီးမှာ ဖောင်းရစ်အထိသာရှိတော့ကာ အထက်ပိုင်းတစ်ခုလုံး မရှိတော့ပေ။ ဖောင်းရစ်အထိရှိသောစေတီငုတ်တိုကိုလည်း နွယ်ပင်များဖုံးလွှမ်းရစ်ပတ်နေ ၏။ ကွက်တိကွက်ကျားမြင်နေရသော အုတ်ခုံနေရာများမှာလည်း ရေညှိများတက်နေ လေ၏။
“စေတီအောက်ခြေကိုကြည့်၊ လေးထောင့်စပ်စပ်ဖြစ်နေတာတွေ့ရဲ့လား၊ အဲ ဒါ တစ်ဖက်ကို ပေလေးရာစီရှိတယ်၊ အမြင့်က ခြောက်ပေရှိတယ်တဲ့၊ ပေလေးရာပတ် လည်နဲ့အမြင့်ခြောက်ပေရှိတဲ့ အုတ်ခုံပေါ်မှာစေတီကိုတည်ထားတာပေါ့၊ ဌာပနာတိုက်က တော့ အောက်ခံအုတ်ခုံထဲမှာရှိတယ်လေ၊ ဌာပနာတိုက်ကို အလည်တည့်တည့်မှာ ဆယ်ပေပတ်လည်ခန်းလုပ်ပြီးမှ အုတ်ခုံပတ်ပြီး အပေါ်က စေတီတည်ထားတာပဲ”
“ဌာပနာတိုက်က ဆယ်ပေပတ်လည်တောင်ရှိတယ်ဆိုတော့ အထဲမှာပစ္စည်း တွေတော်တော်များမှာပဲနော်”
“ဒါတော့သေချာမသိဘူး၊ စေတီကို ငါ့ဘိုးဘွားများလက်ထက်ကတည်းက တည်ခဲ့တာ၊ ငါမွေးတော့စေတီကြီးရှိနေပြီ”
“စေတီပျက်သွားတာဘယ်တုံးကလဲ”
“ငါ့အသက်၁၂နှစ်လောက်ကပဲ၊ အရင်ကရွာဟာ ဟောဟိုတောတန်းနားမှာရှိ တယ်၊ စေတီကြီးပြိုပျက်တော့မယ့်နှစ်မှာ ငလျင်လှုပ်တယ်၊ တော်လဲတယ်၊ စေတီကြီးပြိုကျသွားပြီးမကြာဘူး၊ တို့တစ်ရွာလုံးလည်း ဝမ်းရောဂါဖြစ်ပြီး သေကြတာ သောက် သောက်လဲပဲ၊ ရွာပါပျက်ပြီး အခုလက်ရှိနေရာမှာ ရွာအသစ်တည်ရတာပဲ”
“ဒါဖြင့် စေတီကြီးပြိုကျတာကိုကြာပြီပေါ့”
“ငါ့အသက်က ၇၈၊ ငါ၁၂နှစ်သားက စေတီလည်းပြို ရွာလည်းပျက်တာဆိုတော့ ၆၄နှစ်တောင်ရှိပြီပေါ့”
“ဌာပနာတိုက်အကြောင်းပြောပါဦး”
“ခုနပြောသလိုပဲလေ၊ ဌာပနာတိုက်က စေတီရဲ့အလည်တည့်တည့်မှာ၊ ဌာပနာတိုက်ကို အုတ်ပတ်ပြီးငုံလိုက်တယ်၊ အဲဒီပေါ်ကမှ အုတ်တစ်ထပ်တင်ပြီး အထက်ဖက်မှာစေတီကိုတည်တာ၊ ဒီတော့ ဌာပနာတိုက်ကိုရောက်နိုင်ဖို့ဟာ စေတီကြီးတစ်ခု လုံး လှန်ပစ်မှပဲရနိုင်မယ်”
“ဒီလိုဆို ဌာပနာတိုက်က မြေပြင်နဲ့တစ်ညီတည်းရှိနေတာပေါ့”
“ဟုတ်တယ်”
“မြေနဲ့တစ်ညီတည်းရှိတာပဲ၊ ဖောက်ဖို့ဘာခက်လို့လဲအဘိုးကြီးရဲ့”
“မင်းတို့ကို ငါညကပြောတဲ့အထဲမှာပါတယ်လေ၊ ဌာပနာတိုက်ကို ပတ်ခြာလည်ငုံထားတာ ရိုးရိုးအုတ်တိုက်မဟုတ်ဖူးလို့၊ ဝင်္ဂဘာလုပ်ပြီး ငုံထားတာ၊ ဝင်္ဂဘာထဲကို ဝင်ဖို့အပေါက်လဲရှိပါရဲ့၊ အတွင်းထဲမှာမှောင်ပိန်းနေတဲ့ ဝင်္ဂဘာလမ်းကြောင်းကို ဖြတ်ပြီး ဌာပနာတိုက်အရောက်သွားဖို့ဆိုတာ မလွယ်ဘူးမောင်”
“နည်းလမ်းရှာရမှာပေါ့ဗျာ”
“ငါ့အဖေဟာ ငါ့အသက်ရှစ်နှစ်အရွယ်ကတည်းက ဝင်္ဂဘာလိုဏ်ခေါင်းထဲ ဝင်သွားတာ ခုထိပြန်ထွက်မလာတော့ဘူး”
တောင်ညိုက ရယ်လိုက်သည်။ သရော်သလိုရယ်သံမျိုးဖြစ်သည်။
“အဘရဲ့အဖေက တစ်ယောက်တည်း ထင်ရာလုပ်တာကိုး၊ ဟိုခေတ်ကဆို တော့ နည်းလမ်းတကျလည်း မလုပ်တတ်လို့ဖြစ်ပါလိမ့်မယ်၊ ကျုပ်တို့ကတော့ ဉာဏ်ကူရမှာပေါ့ဗျာ”
“လာ- မင်းတို့ကို ဝင်္ဂဘာထဲဝင်တဲ့အပေါက်ကို လိုက်ပြမယ်”
ဘိုးတက်တူက သူတို့ကို အရှေ့ဖက်စောင်းတန်းဆီသို့ ခေါ်သွားသည်။ အရှေ့ဖက်နံရံ၏အလည်တည့်တည့်တွင် အပေါက်တစ်ပေါက်ရှိနေပြီးဖြစ်၏။ အပေါက်ကို သံတခါးဖြင့်ပိတ်ကာ သော့ခတ်ထားသည်။
“ဒါ ဝင်္ဂဘာထဲကိုဝင်တဲ့အပေါက်ပဲ၊ ဝင်္ဂဘာကိုဖြတ်နိုင်မှ အလည်တည့်တည့် က ဌာပနာတိုက်ကိုရောက်မှာနော်၊ ငါ့အဖေ ဒီထဲဝင်သွားပြီး ပြန်ထွက်မလာတော့မှ နှောင်းလူတွေဝင်ကြမှာစိုးလို့ သံတခါးတပ်လိုက်တာပဲ”
“ဒါဖြင့် သံတခါးက စေတီတည်ကတည်းက ပါတာမဟုတ်ဘူးပေါ့”
“မဟုတ်ဘူး”
“တခါးလုပ်မထားတော့ ဌာပနာတိုက်ကို လူတွေမဝင်ကြဘူးလား”
“ရှေးလူတွေက ဘုရားပစ္စည်းကိုကြောက်ကြတယ်ကွဲ့၊ စိတ်နဲ့တောင်မပြစ်မှား ကြဘူး၊ ပြီးတော့.. အတွင်းထဲမှာ ဝင်္ဂဘာတစ်ခုရှိနေတယ်ဆိုတာ သိနေတယ်လေ၊ မှောင်ပိန်းနေတဲ့လိုဏ်ဂူထဲမှာ ဝင်္ဂဘာကိုဖြတ်သန်းဖို့ဆိုတာလွယ်မှမလွယ်ပဲ၊ ဘယ်သူက ဝင်ဖို့စိတ်ကူးမှာလဲ”
“အဘအဖေကျတော့ ဘာလို့ဝင်သလဲ”
“မေးသင့်ပါတယ်မောင်ရယ်၊ အဘတို့ငယ်ငယ်က သိပ်ဆင်းရဲပြီးစားစရာကို မရှိတော့အောင်ဖြစ်လို့ အဖေဟာ ဘုရားပစ္စည်းထိပါးဖို့ ကြံစည်မိတာပဲ၊ အဲဒါကြောင့်လည်း ဘုရားဒကာတွေရဲ့ကျိန်စာမိပြီးဒီထဲကပြန်မထွက်နိုင်တော့တာလေ၊ ဒီအကြောင်း ကိုလူတွေသိတော့ ဘယ်သူကဝင်ဖို့စိတ်ကူးရဲမှာတဲ့လဲ၊ ဒါပေမယ့် အဆီးအတားဖြစ်အောင်ဆိုပြီး သံတခါးတပ် သော့ခတ်ထားလိုက်တာတော့ အဲဒီကတည်းကပဲ”
တောင်ညိုတို့သုံးယောက်က သံတခါးအပြင်ဖက်မှ အတွင်းသို့ချောင်းကြည့် ကာလေ့လာနေကြလေသည်။ သံတခါးကိုလှုပ်ယမ်းကြည့်သည်။ သော့ခလောက်ကို ကြည့်သည်။
“သော့ခလောက်က သံချေးကိုက်ပြီးဆွေးနေပါပြီ၊ သံတူရွင်းနဲ့တစ်ချက်ထုရုံ နဲ့ရပါတယ်”
ဘိုးတက်တူသည် သူငယ်စဉ်က သူ့မျက်စိရှေ့မှာပင် ဝင်္ဂဘာလိုဏ်ခေါင်းထဲ ဝင်သွားသော အဖေ့ကိုသတိရလိုက်သည်။ အဖေပြန်ထွက်လာနိုးဖြင့် သူနှင့်အမေတို့ တစ်ပတ်ဆယ်ရက်ကြာအောင် လိုဏ်ခေါင်း၀ကစောင့်ခဲ့ကြပုံ၊ နောက်ဆုံး အဖေ့အရိပ် အယောင်မျှမတွေ့ရတော့သည်တွင် သားအမိနှစ်ယောက် လိုဏ်ခေါင်းအတွင်းထဲသို့ အဖေ့နာမည်ကို တစာစာအော်ခေါ်ရင်း ငိုခဲ့ရပုံကို သတိရမိ၏။
ရွာမှာ ဝမ်းရောဂါကပ်သင့်လို့ လူတွေသေကြကျေကြတာ၊ မြေငလျင်လှုပ်လို့ စေတီကြီးပါပြိုကျပြီး ရွာပါဖျက်၍ ပြောင်းပြေးကြရတာတွေကို.. ဘိုးတက်တူအဖေ ဘုရားဌာပနာကိုပြစ်မှားရန်ကြံစည်လို့ ဘုရားရိုက်တာပါဟု တစ်ရွာလုံးက စွတ်စွဲကြလေ သည်။ ဘိုးတက်တူတို့သားအမိကိုလည်း ထိုအချိန်ကတည်းက ဝိုင်းပယ်ခဲ့ကြသည်။ ရှေ့ မီနောက်မီလူကြီးသူမများက ယခုထိတိုင် ဘိုးတက်တူအပေါ် အမြင်မကြည်နိုင်ပဲ ဝိုင်းပယ်ထားကြဆဲဖြစ်ပေသည်။
“ခက်မယ်မထင်ပါဘူးအဘရာ၊ လွယ်တောင်လွယ်နေသေးတယ်၊ ကျုပ်တို့က တူးရဆွရမယ်တောင်ထင်ထားတာ၊ ဒီပုံအတိုင်းဆို ဝင်္ဂဘာကိုဖြတ်နိုင်ဖို့ပဲလိုတယ်”
တောင်ညိုက စေတီကြီးအောက်ခြေကိုလေ့လာအပြီးမှာ ပြောလိုက်သည်။
ဝင်္ဂဘာကိုဖြတ်ပဲဖြတ်နိုင်ပါစေဦး..ဟု ဘိုးတက်တူစိတ်ထဲကပြောမိသည်။
“ကဲ-ကျုပ်တို့လုပ်ငန်းကို မနက်ဖန်မှစမယ်၊ ဒီနေ့တော့ ရွာပြန်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်ကြဦးစို့”
+ + + + + + + + +
နောက်တစ်နေ့တွင် လိုအပ်သောပစ္စည်းကိရိယာများကိုစီစဉ်ကာ မနက်မိုးမလင်းမီရွာမှထွက်ခဲ့ကြပြန်လေ၏။
သူတို့စီစဉ်လာသောပစ္စည်းကိရိယာကလည်း များများစားစားမဟုတ်။ ကလေးတွေစွန်လွှတ်ရာတွင်သုံးသည် ရစ်ဘီးကြီးတစ်ခု၊ အုန်းဆီကြိုးထုံးများသာဖြစ်ကြပါသည်။ ရိက္ခာကိုတော့ နှစ်ရက်စာပဲယူလာလိုက်သည်။ ရိက္ခာကုန်လျှင် ဘိုးတက်တူရွာ ပြန်ယူရန်မဝေးသည်မို့ အလေးခံသယ်မလာခြင်းဖြစ်ပါ၏။
ခေါင်းဆောင်လုပ်သူတောင်ညို၏အကြံအစည်ကို ဟိုရောက်မှပင် ဘိုးတက်တူလည်း သိရ၏။
တောင်ညိုက ဝင်္ဂဘာထဲသို့သုံးယောက်လုံးမဝင်သေး။ တစ်ယောက်ကသာ ဦးစွာဝင်ရမည်ဟုဆိုသည်။ ပန်းထွေးနှင့်စံပိုင်ကို မဲချသည်။ စံပိုင် မဲကျလေ၏။
တောင်ညိုက ဝင်္ဂဘာထဲဝင်ရမည့်အစီအစဉ်ကို ပြောပြလေသည်။
“စံပိုင့်ခြေကျင်းဝတ်မှာ အုန်းဆံကြိုးစကိုချည်ပေးလိုက်မယ်၊ အုန်းဆံကြိုးရဲ့ တစ်ဖက်အစကိုတော့ ကျုပ်တို့ အပြင်ကနေကိုင်ထားမယ်၊ ကိုင်ထားမယ်ဆိုတာက အုန်းဆံကြိုးကို စွန်ဘီးလုံးမှာရစ်ပြီးပတ်ထားမှာ၊ အတွင်းမှာ ဘယ်လောက်ဝေးဝေးထိ သွားရမယ်ဆိုတာမသိသေးလို့ ကျုပ်က အုန်းဆံကြိုးထုံးတွေ များများဝယ်လာတာပေါ့၊ စံပိုင် မင်းဘာမှမပူနဲ့၊ ဒီမှာရှိတဲ့အုန်းဆံကြိုးကုန်တာနဲ့ နောက်ထပ်ကြိုးတစ်ထုံးနဲ့ဆက် ပေးမယ်၊ မင်းတာဝန်က အထဲက ဝင်္ဂဘာအတိုင်း အလည်တည့်တည့်က ဌာပနာတိုက်ကိုရောက်အောင်သွားဖို့ပဲ”
“ဌာပနာတိုက်ကိုရောက်ရင်ကော”
“မင်းက အတွင်းထဲကနေ ကြိုးကိုဆွဲပြီး အသိပေးလိုက်ပေါ့၊ ကြိုးကိုသုံးချက် ဆက်တိုက်တုန့်ပြီးဆွဲလိုက်ရင် မင်းဟိုထဲရောက်နေပြီဆိုတာ ငါတို့သိနိုင်တာပေါ့၊ အဲဒီကျမှ ငါတို့က ကြိုးအတိုင်း မင်းနောက်ကိုလိုက်လာခဲ့မယ်”
တောင်ညို၏အကြံအစည်မှာ ဟုတ်သယောင်ရှိပေ၏။ ဘိုးတက်တူကတော့ ဘာမှဝင်မပြောပဲ ဘေးမှသာထိုင်ကြည့်နေသည်။
“ကဲ- ကဲ- စံပိုင်၊ မင်းအတွင်းထဲကိုယူသွားဖို့ ရေဗူးနဲ့အသားခြောက်တွေ လွယ်အိတ်နဲ့ထည့်၊ ဓာတ်မီးကြီးကိုတော့ ခေါင်းမှာချည်ထား၊ ကိုင်စရာမလိုတော့အောင်၊ မတော်တဆဓာတ်ခဲကုန်ရင် သုံးလို့ရအောင် လိုလိုမယ်မယ် မီးခြစ်နဲ့ဖယောင်းတိုင် လည်း ထည့်ပေးလိုက်မယ်”
တောင်ညိုက အကွက်စေ့အောင်စီစဉ်ပေးနေသည်။
“စံပိုင်.. မင်းထမင်းစားလိုက်တော့၊ အဝစားထား၊ ပြီးတာနဲ့ဝင်ရမယ်”
စံပိုင်ထမင်းစားနေချိန်တွင်..ပန်းထွေးက ဝယ်လာသောအုန်းဆံကြိုးများကို တစ်ထုံးပြီးတစ်ထုံးဖြည်ကာ စွန်ဘီးလုံးတွင်ရစ်နေ၏။ တစ်ထုံးကုန်သွားလျှင် နောက်တစ်ထုံး၏အစနှင့် ကြိုးစချင်းချည်ကာ ဘီးလုံးတွင်ဆက်၍ရစ်ပတ်၏။
ထိုအချိန်တွင် တောင်ညိုက ပေါက်တူးတစ်လက်ဖြင့် လိုဏ်ဂူအဝမှ သော့ခလောက်ကို တအားလွှဲရိုက်ချလိုက်ရာ သော့မှာ အလွယ်တကူပင် ကျွတ်ထွက်သွားလေသည်။
စံပိုင်ထမင်းစားအပြီးတွင် ပန်းထွေးက အုန်းဆံကြိုးစကို စံပိုင်၏ခြေကျဥ်းဝတ်တွင် ချည်ပေးလိုက်လေ၏။
“ပြေမကျအောင် သေချာကြပ်နေအောင်ချည်ဟေ့၊ စံပိုင်- မင်းဟာမင်းလဲ ကြိုးကိုစစ်ကြည့်ဦး”
ထို့နောက် စွန်ဘီးလုံးကို ထိပ်တွင်အခွပါသော သစ်သားတိုင်နှစ်တိုင်စိုက်၍ ရစ်ဘီး၏လက်ကိုင်နှစ်ဖက်ကို တင်ထားလိုက်သည်။ အတွင်းမှလူက ဆွဲယူသွားသမျှ ရစ်ဘီးမှကြိုးသည် သူ့အလိုလိုလျော့ကာ ပါသွားမည်ဖြစ်သည်။ ရစ်ဘီးကို လူကိုင်ထား စရာမလိုတော့။
တောင်ညိုက သူ့အစီအစဉ်သူ ကြေနပ်နေ၏။
“ကဲ-စံပိုင်၊ ဝင်္ဂဘာလမ်းအဆုံးကို တတ်နိုင်သမျှရှာပေတော့၊ မင်းပါသွားတဲ့ ရိက္ခာကုန်ခါနီးလို့မှ မတွေ့ရင် ပြန်ထွက်ခဲ့ကွာ၊ ပြန်ထွက်တာက လွယ်ပါတယ်၊ ကြိုးစ အတိုင်း ထွက်လိုက်လာရုံပဲ၊ ကဲ-သွားပေတော့စံပိုင်၊ အောင်မြင်ပါစေကွာ”
+ + + + + + + + +
တောင်ညို့အစီအစဉ်မှာ လျှောလျှောရှူရှူပင်ဖြစ်လာခဲ့၏။
စွန်ရစ်ဘီးသည် စံပိုင်အတွင်းထဲသို့ ဝင်သွားသည်နှင့်အမျှ တဖြည်းဖြည်း လည်ပတ်လျှက်ရှိ၏။ စံပိုင် အတွင်းပိုင်းသို့ ပို၍ပို၍ရောက်သွားကြောင်းကို ရစ်ဘီးမှ ကြိုးများပြေပြီး ကြိုးတန်းကြီးအထဲသို့လိုက်ပါသွားခြင်းက သက်သေပြနေလေသည်။
တောင်ညိုသည် သူ့စိတ်ကူးအကြံအစည်အတွက် ကြေနပ်လျှက်ရှိပေ၏။
တစ်ချက်တစ်ချက်တွင် ကြိုးရစ်ဘီးက ဆက်မပြေပဲ အတန်ကြာရပ်တန့်နေတတ်၏။
ကြိုးအခြေအနေကိုကြည့်၍ အတွင်းက ဝင်္ဂဘာထဲတွင် ကြုံနေရမည့်အဖြစ် ကိုခန့်မှန်းနိုင်ပေသည်။ ဝင်သွားရာလမ်းပေါက်ပိတ်သွားလျှင် ပြန်ထွက်လာရပေမည်၊ နောက်ထပ်အပေါက်တစ်ပေါက်ကို ထပ်ဝင်ရပေမည်။ ဝင်္ဂဘာသဘောက လမ်းကြောင်းများကို ရှုပ်ထွေးအောင်ပြုလုပ်ကာ ပိတ်တန်ပိတ်၊ ကွေ့တန်တွေ့၊ လမ်းလွှဲတန်လမ်းလွှဲ လုပ်ထားတတ်သောကြောင့် သွားသလောက်တော့ ခရီးရောက်နိုင်မည်မဟုတ်ပေ။
+ + + + + + + + +
အပြင်က လူများက ကြိုးအခြေအနေကိုကြည့်၍ ခန့်မှန်းနေသည့်အတိုင်းပင် အတွင်းမှစံပိုင်သည်လည်း ဝင်္ဂဘာထဲတွင် တဝဲလည်လည်လျှောက်လှမ်းလျှက်ရှိပေ ၏။
သူဝင်သွားရာလမ်းတလျှောက်တွင် လင်းနို့အများအပြားကို တွေ့ရသည်။ လင်းနို့များက သူ့မျက်နှာကိုတိုးဝင်ရိုက်ခတ်ကာ ပျံသန်းနေကြ၏။ ပင့်ကူအိမ်များကလဲ နေရာအနှံ့တွင် ပြည့်သိပ်ကြပ်ခဲနေ၏။ သူက ပါလာတော့တုတ်တံဖြင့် ပင့်ကူအိမ်များ ကိုရှင်းလင်းသော်လည်း ပင့်ကူအိမ်များမှာ တစ်ခုပေါ်တစ်ခုထပ်ကာ ဂျပ်ခဲကြီးဖြစ်နေ လေသည်။
လိုဏ်ဂူအတွင်းပိုင်းကား တစ်ချက်တစ်ချက်ထပျံပြေးသော လင်းနို့သံများကြောင့်သာ အသံကိုကြားရပြီး မှောင်မည်းသည်နှင့်အမျှ တိတ်ဆိတ်နေပေသည်။ တိတ်ဆိတ်ရာတွင်လည်း လိုဏ်သံပေါက်ပြီး တိတ်ဆိတ်နေခြင်းမျိုးဖြစ်၏။ ဝေါ..ဆိုကာ သံ ရှည်ဆွဲမြည်သံမျိုးကို အဆက်မပြတ်ကြားနေရသည်။ ရေခွက်ကို နားရွက်နားကပ်၍ပိတ် ထားလျှင် ကြားရသည့်အသံမျိုးဖြစ်လေသည်။
စံပိုင်သည် ကျဉ်းမြောင်းသော အုတ်ရိုးလမ်းအတိုင်းလျှောက်လာလိုက် ရှေ့ တွင်လမ်းပိတ်နေလျှင် ပြန်ထွက်လိုက်၊ နောက်တစ်ပေါက်ကို စမ်းတဝါးဝါးလျှောက်ဝင်လိုက်၊ အတန်ကြာသွားမိမှ ထိုလမ်းကြောင်းပိတ်နေပြန်လျှင် စိတ်ပျက်လက်ပျက်ပြန်လှဲ့ လာလိုက်ဖြင့် ရှိနေလေသည်။
ဝင်္ဂဘာဆိုသည့်အတိုင်း အကွေ့အကောက် အပိတ်အဆို့များလှချေကလား၊ လှည့်ပတ်နေရသည်နှင့် ခရီးအကွာအဝေး သိပ်ရောက်သေးဟန်မတူပေ။ သူ၏ညာဖက် ခြေခြင်းဝတ်မှာပတ်ချည်ထားသော အုန်းဆံကြိုးကတော့ သူသွားရာလမ်းကြောင်းအတိုင်း လိုက်ပါလျှက်ရှိလေသည်။
အတန်ကြာသည့်အခါ စံပိုင်က လွယ်အိတ်ထဲမှရေဗူးကို ထုတ်၍သောက်လိုက်၏။ သောက်ချင်တိုင်းသောက်၍မဖြစ်သေး။ ဝင်္ဂဘာထဲတွင် မည်မျှကြာကြာနေရ ဦးမည်မသိ။ အခြေအနေမဟန်ရင် ပြန်ထွက်ခဲ့ဆိုသော်လည်း အပြန်လမ်းကို ရုတ်တရက် ရှာတွေ့ချင်မှ တွေ့နိုင်မည်။ ပြီးတော့ အပေါ့အပါးစွန့်ဖို့ကလည်း ဘုရားပုရဝုဏ် ထဲဖြစ်နေ၍ ဒီထဲမှာ မစွန့်ရဲပေ။ စံပိုင်က ရေကို အာစွတ်ရုံသာ ခြိုးခြံသောက်လိုက်၏။
အထက်နှင့်အောက်မှာလည်း အင်္ဂတေများပိတ်ထားသည်။ ဝင်္ဂဘာလမ်းက လည်း လူတစ်ကိုယ်ဝင်စာရုံဖြင့် ဘေးနှစ်ဖက်မှာ အုတ်များကာရံထားသည်။ ရှေ့ဆက် သွားချင်တိုင်းလည်း သွားလို့မရ၊ အပိတ်အဆို့အကာအရံအတားအဆီးများက ရှိနေသေးသည်။ ရောက်ပြီးသားနေရာ ပြန်ရောက်နေသလား၊ သွားပြီးသားလမ်းကြောင်းကို ပဲပြန်လျှောက်မိသလား၊ အဝင်လမ်းမဟုတ်ပဲ အထွက်လမ်းကိုဦးတည်မိလေသလား ဘာမှမသိရပါပဲ ဦးတည့်ရာလျှောက်သွားနေရာ ကြာတော့ စိတ်ကျဉ်းကျပ်လာသည်။
ထိုစဉ် စံပိုင်၏ခြေထောက်ဆီမှကြိုးက တင်းကနဲဖြစ်သွားလေသည်။
စံပိုင်က ခေါင်းကိုငုံ့ကာ ဓာတ်မီးရောင်ဖြင့်ကြည့်လိုက်သည်။ ကြိုးက နံရံအ တွေ့တွင် ဆက်ပြီးလိုက်ပါမလာပဲ တင်းခံနေခြင်းဖြစ်သည်။ စံပိုင်က ခြေကိုဆောင့်ကာ ကြိုးကိုဆွဲယူလိုက်၏။ ကြိုးက ချက်ချင်းပင် လျော့သွားလေသည်။ စံပိုင့်ရင်မှာ ထိတ်ကနဲဖြစ်သွားလေ၏။ ကြိုးများပြတ်သွားလေသလား။
သေချာစေရန် စံပိုင်က ကြမ်းပြင်ပေါ်ထိုင်ချကာ ကြိုးစကိုစစ်ကြည့်လိုက်၏။ ကြိုးစကတော့ ရှည်လျားစွာပင် သူလာခဲ့ရာလမ်းတလျှောက်တွင် မြင်နေရသေး၏။ စံ ပိုင်သည် ကြိုးစကို လက်ဖြင့်ဆွဲယူကြည့်လိုက်သည်။ ထိုအခါ ကြိုး၏တစ်ဖက်အစအထိ ဆယ်ပေအရှည်လောက်သာရှိတော့ကာ ကြိုးစပြတ်တောက်နေသည်ကို တွေ့လိုက်ရ တော့၏။
ဝင်္ဂဘာလမ်းတလျှောက် နံရံများကိုဖြတ်သန်းလာခဲ့ရာ ကြိုးစသည်လည်း အုတ်နံရံ၏ဇောင်းနှင့်ပွတ်တိုက်မိပြီး ကြာတော့ ပြတ်တောက်သွားခြင်းပင်ဖြစ်ပါသည်။
စံပိုင်က ကြိုးပြတ်စကိုတွေ့လိုတွေ့ငြား နောက်ကြောင်းပြန်၍ လိုက်ကြည့် သေး၏။ အုတ်တံတိုင်းကွေ့တစ်ကွေ့အထိသာကွေ့လိုက်ရသည်။ ကြိုးစသည် ဘယ်အ ချိန်ကတည်းက ပြတ်နေသည်မသိ။ တစ်ဖက်ကြိုးစကို မတွေ့ရတော့ပေ။
+ + + + + + + + +
အပြင်တွင် ညနေစောင်းသွားပေပြီ။
ပန်းထွေးသည် ဘီးလုံးတဖြည်းဖြည်းလည်ပတ်ကာ ကြိုးစကို လိုဏ်ဂူအတွင်း ဆွဲယူသွားသည်ကို ထိုင်ကြည့်နေခဲ့သည်။ ခဏအကြာတွင် အပေါ့သွားချင်လာသော ကြောင့် စေတီပျက်နှင့်ခပ်လှမ်းလှမ်းတောစပ်တွင် အပေါ့သွားလိုက်၏။
ထိုအချိန်၌ ဘိုးတက်တူနှင့်တောင်ညိုက ပါလာသောတာလပတ်စကို ဝါး လုံးများနှင့်ထောက်ကာ တဲတစ်ခုပြုလုပ်နေလေသည်။ ညပိုင်းသူတို့အိပ်စက်နားခိုရန် ဖြစ်ပေ၏။
ပန်းထွေးပြန်ရောက်လာတော့ စွန်ရစ်ဘီးမှာ ငြိမ်သက်နေသည်ကိုတွေ့ရ၏။ ကြိုးစက ရှေ့ဆက်ပြေမသွားပဲ ဘီးလုံးမွာ ရပ်တန့်နေလေသည်။ အတွင်းထဲမှာ စံပိုင် ထိုင်နားနေလို့လား၊ ဒါမှမဟုတ် နောက်ကြောင်းပဲပြန်လှည့်လာလို့လားဟုတွေးနေမိ၏။
အတော်ကြာကြာ ဘီးလုံးမလည်ပဲရပ်နေသည့်အခါ ပန်းထွေးက မသင်္ကာ တော့ပဲ အုန်းဆံကြိုးစကို ဆွဲကြည့်၏။ အုန်းဆံကြိုးက သူ့လက်ထဲတွင် အလွယ်တကူ ပါလာသည်။ ပန်းထွေးသည် လက်ထဲပါလာသောကြိုးစကို ဆက်၍ဆက်၍ ဆွဲယူနေ လိုက်၏။ ဆွဲယူ၍တော်တော်နှင့်မကုန်နိုင်သည့်အခါ.. ရစ်ဘီးဖြင့် တပါတည်းရစ်ယူ လိုက်လေ၏။
ခဏကြာသည့်အခါ တစ်ဖက်မှကြိုးစကုန်သွားလေသည်။
ထိုအခါမှ ပန်းထွေးသည် ကိုတောင်ညိုကို အလန့်တကြားအော်ခေါ်လိုက် လေသည်။
“ကိုကြီးတောင်ညို လာပါဦးဗျ၊ ဒီမှာ ကြိုးပြတ်သွားပြီ”
တောင်ညိုနှင့်ဘိုးတက်တူ တပြိုင်တည်းပြေးလာကြ၏။
“ဘယ်လိုဖြစ်တာလဲ”
“ကြိုးစက မရွေ့လို့ ကျွန်တော်ဆွဲကြည့်တာအစ်ကိုကြီး၊ အကုန်လုံး ကျွန်တော့်လက်ထဲပါလာတယ်၊ ဟိုကောင့်ခြေထောက်ကကြိုး ပြတ်သွားပြီထင်တယ်”
“မင်းက ဘာလို့ကုန်အောင်ဆွဲရတာလဲကွ၊ -ီးမှပဲ၊ ကြိုးပြတ်တယ်ထင် ရင် ငါ့လှမ်းခေါ်ပါလား၊ ဒီပုံအတိုင်းဆို ဟိုကောင့်နောက်ကို ဘယ်လိုလိုက်တော့မှာတုံး”
တောင်ညိုက ပန်းထွေးကို ပြစ်ပြစ်နှစ်နှစ်ဆဲရေးရင်းပြောလိုက်သည်။
“ကျွန်တော်.. ကျွန်တော်လည်း အဲဒီလို မထင်..”
“-ီး မထင်ပါလား”
တောင်ညိုက ဂူပေါက်၀ဆီပြေးသွားကာ အတွင်းသို့ဟစ်အော်ခေါ်ကြည့် သည်။
“စံပိုင်.. စံပိုင်.. စံပိုင်ရေ.. စံပိုင်၊ ငါခေါ်တာကြားလား”
အတွင်းထဲမှ မည်သည့်တုံ့ပြန်သံမှမကြားရချေ။
“တောက်- ကွာ..၊ မင်းလုပ်ပုံမဟုတ်သေးပါဘူးပန်းထွေးရ၊ ကြိုးပြတ်တယ် ထင်ရင် ဒီအတိုင်းထား၊ ကြိုးအတိုင်းငါတို့လိုက်သွားတော့ စံပိုင်ကိုအလွယ်တကူတွေ့ နိုင်တာပေါ့၊ ခုတော့..”
“သိပ်လည်းမစိုးရိမ်ပါနဲ့မောင်တောင်ညိုရယ်၊ မောင့်လူမှာ ဓာတ်မီးပါသားပဲ၊ ဝင်သွားတဲ့လမ်းက သူ့ခြေရာကျန်မှာပါ၊ အောက်ခြေမှာ ဖုန်တွေတသောသောနဲ့ဟာကို၊ သူလည်း ဒါလောက် မအလောက်ပါဘူး၊ ဓာတ်မီးနဲ့ထိုးကြည့်ပြီး သူ့ခြေရာအတိုင်း ပြန် ထွက်လို့ရပါတယ်၊ မင်းတို့လိုက်လဲ ခြေရာကြည့်လိုက် ရတာပဲဟာ”
ဘိုးတက်တူက ပြေရာပြေကြောင်းဝင်ပြောလိုက်သည်။ ပြောသာပြောလိုက် ရသော်လည်း သူလည်း စံပိုင်အတွက်စိုးရိမ်သွားလေ၏။
+ + + + + + + + +
စံပိုင်သည် ခြေထောက်မှကြိုးပြတ်သွားသော်လည်း မထူးတော့သည့်အတူတူ ဆက်၍ဝင်ခဲ့လေသည်။ သူရောက်နေတာ အတွင်းကိုတော်တော်ခရီးပေါက်လာပြီလို့လဲ ထင်မိ၏။
သွားနေရသည့်ခရီးကတော့ ပိုထူးမလာပေ။ ဒါလည်း ဆန်းတော့မဆန်းပါ။ အပေါ်အောက်နှင့် ဘေးလေးဖက်လေးတန်လုံးပိတ်နေသည့် ဝင်္ဂဘာလမ်းသည် ဘယ်နေရာရောက်ရောက် တူညီသောအနေအထားမျိုးသာဖြစ်သည်။ ပိုထူးလာတာဆိုလို့ အသက်ရှူရ ကြပ်သည်ထက်ကြပ်လာတာပဲရှိသည်။ အပြင်မှာ ဘယ်အချိန်လောက်ရှိမှာပါလိမ့်။ သူတို့လူသိုက်တွင် တစ်ယောက်မှနာရီမရှိသည့်အတွက် နာရီပါမလာခဲ့ပေ၊
အတော်ကြာသည့်အခါ စံပိုင် ဆာလောင်မွတ်သိပ်လာလေသည်။ အမဲ ခြောက်ကို ရေနည်းနည်းနှင့်မျှောချဖို့ စိတ်ကူးလိုက်သည်။ ရေသောက်ရန်စိတ်ကူးလိုက်ပါမှ အပေါ့သွားချင်လာလေ၏။ တစ်နေ့လုံးအပေါ့မသွားရသေးသည်မို့ ဆီးကြောများတင်းနေလေပြီ၊
ဗုဒ္ဓဘာသာဝင်ဖြစ်၍ ဘုရားရင်ပြင်ထဲမှာအပေါ့စွန့်ဖို့ကို ကြောက်ရွံ့နေမိသည်။ မတတ်နိုင်။ တတ်နိုင်သမျှ အောင့်ထားဖို့ပဲရှိတော့သည်။
ကြမ်းပြင်ပေါ်မှာထိုင်ချကာ အစာစားလိုက်သည်။ အစာမစားမီ ပါလာ သည့်ဖယောင်းတိုင်ကိုထုတ်ကာမီးထွန်းထားလိုက်သည်။ ခေါင်းပေါ်မှဓာတ်မီးကိုခလုတ် ပိတ်ထားလိုက်၏။ ဓာတ်ခဲကုန်သွားမည်စိုး၍ ဖယောင်းတိုင်မီးနှင့် တစ်လှည့်စီသုံးလိုက် ခြင်းဖြစ်သည်။
အမဲခြောက်ဖုတ်နှင့်ရေကိုမျှောချအပြီးတွင် စံပိုင်အိပ်ချင်လာ၏။ သန်းဝေ လိုက်သည်။ ဘယ်အချိန်ရှိပြီမှန်းလဲမသိ။ ညရောက်ပြီထင်ပါရဲ့၊ ညရောက်လို့ငါအိပ်ချင် တာဖြစ်မှာပါဟုတွေးသည်။ တွေးရင်းမှာပင် အိပ်ငိုက်ကာ အိပ်ပျော်သွားလေ၏။
+ + + + + + + + +
အပြင်မှလူသုံးယောက်ကတော့ ပါလာသည့်ဆန်ကလေးကို ဝါးဘိုးဝါးရွာ ခုတ်၍ ဝါးဘိုးဝါးအဆစ်ထဲရေနှင့်ရောထည့်ကာ ချက်စားလိုက်သည်။
သူတို့လည်း အမဲချောက်ဖုတ်နှင့်ထမင်းအဝစားလိုက်ရ၍ မျက်လုံးများမှေး စင်းလာကြ၏။
“အဘ၊ ကျုပ်တို့ဘာဆက်လုပ်ကြမလဲဟင်၊ ဟိုကောင့်ဆီကလည်း ဘာသံမှ မကြားဘူး၊ ပြန်လဲထွက်မလာဘူး”
တောင်ညိုက ဘိုးတက်တူထံမှ အကြံတောင်းသလိုမေးလိုက်၏။
“မနက်ကျမှ အထဲကို ဝင်ကြည့်ကြပေါ့ကွာ၊ ဒီတစ်ညနဲ့တော့ မင်းကောင် မသေနိုင်သေးပါဘူး၊ မီးရော အစားအသောက်ရော ပါသွားတာပဲ”
သည်လိုနှင့် စိတ်ချလက်ချအိပ်ပစ်လိုက်ကြလေသည်။
+ + + + + + + + +
စံပိုင်အိပ်ပျော်ရာက နိုးလာတော့ ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်နေလေ၏။ အိပ်မပျော်ခင် သူထွန်းထားခဲ့သောဖယောင်းတိုင်လေးမှာ မီးစာကုန်၍ငြိမ်းသွားခြင်းဖြစ်သည်။ ပိန်းပိတ်နေသောအမှောင်ထဲတွင် စံပိုင်ကြောက်စိတ်တွေဝင်လာသည်။
ခေါင်းပေါ်ကဓာတ်မီးခလုတ်ကိုစမ်းပြီးနှိပ်လိုက်၏။
ဓာတ်မီးရောင်ကြောင့် သူရောက်နေသော ဝင်္ဂဘာလမ်းကြားလေးမှာ လင်း သွားလေသည်။ စံပိုင်က သက်ပြင်းကိုချကာ ထိုင်ရာမှထရပ်လိုက်၏။ သူဘာဆက်လုပ်ရမလဲစဉ်းစားသည်။ အဝင်၀ကိုရှာ၍ပြန်ထွက်ရမလား၊ ရှေ့ဆက်သွားရမလား။ တကယ်တော့ သူရောက်နေသောနေရာမှာ မည်သည့်ဖက်ကိုဦးတည်နေမှန်း မသိနိုင်တော့ပေ။ ခြေဦးတည့်ရာ ဆက်လျှောက်သွားခြင်းသည် ထွက်ပေါက်ကိုလည်း ရောက်ချင်ရောက်မည်။ ဌာပနာတိုက်အထိလည်း ရောက်ချင်ရောက်မည်။ ဘယ်မှမရောက်ပဲ ဝင်္ဂဘာထဲမှာပဲ တဝဲဝဲလည်လျှင်လည်နေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်းထိုင်နေလို့တော့မဖြစ်။ ဆက်လျှောက်ရပေမည်။ သူ့မှာ စားစရာနှင့်ရေ အနည်းငယ်ကျန်နေတာ ကံကောင်းလို့ ပဲဟုမှတ်လိုက်သည်။
စံပိုင်က ခြေထောက်မှကြိုးစလေးကိုစမ်းကြည့်ကာ သက်ပြင်းချရင်း ထရပ် လိုက်လေ၏။ ဦးတည်ထားမိသည့်ဖက်ကိုပင်သူဆက်လျှောက်လာလိုက်သည်။ အမှောင်ထုထဲတွင် သူ့ဦးခေါင်းထက်မှဓာတ်မီးရောင်လေးက လေးဖက်လေးတန် ကျဉ်းကျပ်စွာ ပိတ်နေသော ဝင်္ဂဘာတလျှောက်ကို လမ်းပြနေလေသည်။
အနည်းငယ်ဆက်လျှောက်သွားရာ ရှေ့၌ နံရံသည် အပိတ်ဖြစ်နေသည်။ စံ ပိုင်က တောက်တစ်ချက်ခေါက်ကာ နောက်ကြောင်းကိုပြန်လှည့်လိုက်၏။ လမ်းကြောများဆုံသည့်နေရာတွင် နေရာသုံးဖက်သို့လျှောက်သွားနိုင်သော အပေါက်များကိုတွေ့ လိုက်ရ၏။ ဘယ်ဖက်ကိုသွားရမှန်း စံပိုင်မသိပဲ တွေရပ်နေလေသည်။
ထို့နောက် ဖြစ်ချင်ရာဖြစ်သဘောထားကာ ဘယ်ဖက်သို့ဦးတည်သည့်အပေါက်အတိုင်း လျှောက်သွားလိုက်လေ၏။ ဘုရားရင်ပြင်ထဲဝင်ရသည်မို့ စံပိုင့်မှာဖိနပ် မပါပေ။ သို့သော် လိုဏ်ဂူထဲတွင် ခြေဖဝါးသက်သက်ဖြင့်လျှောက်လှမ်းနေသည့်အသံမှာ လိုဏ်သံပေါက်ပြီး ဟိန်းထွက်နေသည်။
လမ်းကြောအတိုင်း ဆယ်ပေခန့်လျှောက်အပြီးတွင် ရှေ့၌ လမ်းနှစ်သွယ်ဖြာ ထွက်သွားပြန်၏။ စံပိုင်က ရပ်၍စဉ်းစားရပြန်သည်။
ထိုစဉ်မှာပင်.. စံပိုင်၏နှလုံးသားကို ဆွဲဆုပ်လိုက်သည့်သဖွယ် ထိတ်လန့် စရာကောင်းသောအသံကို ပီပီသသကြားလိုက်ရလေ၏။”ဒီထဲကို ဝင်လာတာ ဘယ်သူလဲကွ”
ပီသအောင်မြင်သောအသံကြီးမှာ သူနားကြားလွဲခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်နိုင်ပါ။
“ဒီထဲကိုဝင်လာတာ”…တဲ့။ မေးပုံက အတွင်းထဲမှာရှိနေတဲ့လူက မေးလိုက် သည့်မေးခွန်းမျိုးဖြစ်နေသည်။ ဒါဆိုလျှင် လိုဏ်ဂူထဲမှာ စံပိုင့်ထက်အရင်ရောက်နေသူရှိနေလို့ပေါ့။
“ဟေ့- အထဲဝင်လာတာဘယ်သူလဲ၊ လာခဲ့၊ လာခဲ့၊ ဒီဖက်ကို လာခဲ့”
အသံက ထပ်မံပေါ်ထွက်လာပြန်သည်။
“ကို..ကိုတောင်ညိုလား၊ ပန်းထွေးလား..”
စံပိုင်က အော်မေးလိုက်သည်။ မေးသာမေးလိုက်ရသော်လည်း တောင်ညို့ အသံနှင့် ပန်းထွေးအသံမဟုတ်တာကို သူသိသည်။ တောင်ညိုနှင့်ပန်းထွေးသည်လည်း လိုဏ်ဂူ၏နက်ရှိုင်းသောနေရာကိုရောက်နေစရာအကြောင်းမရှိ။ သူတို့ အပြင်မှာစောင့်ကျန်ခဲ့ကြတာပဲ။
“ဟေ-ဘာကွ၊ ငါကွ- ငါ- ငါ၊ ငါ..မာဒင်ကွ၊ မင်းဘယ်သူလဲ၊ ဒီထဲကို ဝင် လာတာ၊ လာ.. လာခဲ့၊ ဒီဖက်ကို
လာခဲ့”
အသံမှာ ညာဖက်လမ်းကြောထဲမှထွက်ပေါ်လာခြင်းဖြစ်လေ၏။
စံပိုင်က အံ့ဩစိတ်၊ ကြောက်စိတ်နှင့်ပင် ညာဖက်လမ်းကိုချိုးဝင်လိုက်လေ၏။
ခေါင်းမှဓာတ်မီးရောင်ကြောင့် လမ်းကျဉ်းကျဉ်းလေးထဲမှ ဖြူဖြူအရာတစ်ခု ကိုမြင်လိုက်ရလေသည်။
စံပိုင်က ခေါင်းကိုငြိမ်ငြိမ်ထားကာ ထိုအရာကို မီးနှင့်တည့်အောင်ထိုးပြီး ကြည့်လိုက်လေ၏။
“အောင်မယ်လေးဗျာ-”
စံပိုင်၏ ထိတ်လန့်တကြားရေရွတ်သံက ရင်ခေါင်းထဲမှပင်ထွက်ပေါ်လာလေ သည်။
အရိုးစုတစ်ခု။ အသားမျှင်တစ်မှမကျန်တော့သော အရိုးစုတစ်ခုက နံရံကို ကျောမှီရက်ပုံစံအတိုင်း ထိုင်နေသည်။ ကြည့်ရသည်မှာ ထိုအရိုးစုသည် ဝင်္ဂဘာလိုဏ်ဂူ ထဲဝင်လာပြီးမှ ပြန်လမ်းမတွေ့၍ ထိုင်နေရက်အတိုင်း အသက်ထွက်သွားခဲ့သော လူတစ်ယောက်ဖြစ်ပေမည်။
ဒါဖြင့် ခုနထွက်လာတဲ့ စကားသံက ဘယ်ကလဲ။
စံပိုင်က အရိုးစုကြီးကိုကြောင်၍ကြည့်နေဆဲမှာပင်..
“မင်းရောက်လာတော့အတော်ပဲ၊ ငါနေရာကို မင်းယူပြီးကျန်ရစ်ခဲ့ပေတော့၊ ငါကတော့ထွက်ခွင့်ရပြီ”
စကားသံနှင့်အတူ အရိုးစုကြီးက ဝုန်းကနဲထရပ်လိုက်လေသည်။
“အောင်မယ်လေးဗျ”
စံပိုင် ကြောက်လန့်တကြားအော်ကာ လာလမ်းကိုပြန်ပြေးရန် လှည့်လိုက်သည်။
စံပိုင့်ခေါင်းတွင် သားရေဖြင့်ပတ်ထားသော ဓာတ်မီးခွက်သည် အုတ်နံရံနှင့် တိုက်မိကာ မှန်လည်းကွဲထွက်သွား၏။ အတွင်းမှမီးသီးလေးလည်း ပြုတ်ကျသွားလေသည်။ လိုဏ်ဂူတခုလုံး ပိန်းပိတ်သောအမှောင် ဖုံးလွှမ်းသွားလေ၏။
စံပိုင်လည်း ကြမ်းပြင်ပေါ်လဲပြိုကျသွားသည်။
အောင့်ထားသောဆီးများလည်း ဒလဟောထွက်ကျသွားလေပြီ။
အရိုးစုကြီး၏ ခြေသံကိုကြားနေရသည်။ အရိုးစုကြီး သူ့အနားကို တဖြည်း ဖြည်းကပ်လာတာကို စံပိုင်သိရှိခံစားနေရသည်။
“သွား- သွား- မလာနဲ့၊ သွား- ခင်ဗျားဘယ်သူလဲ.. သွားး…”
“ငါက မင်းထက်အရင် ဒီထဲကိုရောက်နေတဲ့ မာဒင်လေကွာ၊ ဟား ဟား ဟား.. မင်းရောက်လာတော့ ငါလွတ်လပ်ပြီ၊ ငါ့နေရာမှာ မင်းနေခဲ့တော့၊ ပေး- မင်း ပါတာတွေ ငါ့ပေး၊ ငါလွတ်ပြီ၊ ငါသွားတော့မယ်.. ဟား ဟား ဟား ဟား….”
အရိုးစု၏လက်အေးစက်စက်ကြီးဖြင့် သူ့ကိုလှမ်းကိုင်လိုက်သည်တွင် စံပိုင် သည် စူးစူးဝါးဝါးအော်ဟစ်ရင်း သတိလစ်သွားလေတော့၏။
“ဟား ဟား ဟား.. လွတ်ပြီကွ၊ ကျွတ်ပြီကွ၊ ငါ့နေရာကို အစားထိုးဖို့လူ ရောက်လာပြီ၊ ငါလွတ်လပ်ပြီ.. ဟီဟီဟီ..ဟား ဟား ဟား ဟား….”
ရယ်မောသံကြီးက ဝင်္ဂဘာလိုဏ်ခေါင်းတလျှောက် ပဲ့တင်ထပ်အောင် ဖုံး လွှမ်းသွားလေသည်။
+ + + + + + + + +
မနက်မိုးစင်စင်လင်းသည်နှင့် တောင်ညိုက ဝင်္ဂဘာထဲဝင်လိုက်ရန်ပြင်ဆင် နေလေသည်။ စံပိုင့်တုန်းကလိုပင် သူ့ခြေထောက်မှာ အုန်းဆံကြိုးကိုချည်သည်။ ပန်း ထွေးကိုစိတ်မချ၍ သူကိုယ်တိုင်ချည်သည်။
“ဟေ့ကောင်- ကြိုးစကိုအရမ်းပြန်မဆွဲနဲ့နော်၊ အဘလည်း ကြည့်ထားပေးပါဦးဗျာ
တောင်ညိုက စိတ်မချစွာမှာကြားရင်း ဘိုးတက်တူကိုပါ တာဝန်ပေးနေ၏။
“အေးပါကွာ၊ မင်းဝင်မှာသာ ဝင်ပါ၊ အကြောင်းမလှရင် အထဲသိပ်မရောက် ခင်ပြန်ထွက်ခဲ့နော်၊ သိပ်အတင့်မရဲပါနဲ့ ငါ့လူရယ်”
တောင်ညို့အပြင်အဆင်က မနေ့က စံပိုင့်ပုံစံအတိုင်းပင်။ ခေါင်းတွင် ဓာတ်မီးကို သားရေပြားနှင့်ပတ်ချည်ထားသည်။ စားစရာ၊ ရေနှင့် ဖယောင်းတိုင်၊ မီးခြစ်ပါ သောလွယ်အိတ်ကိုစလွယ်သိုင်းလွယ်လျှက်။
ဘိုးတက်တူက လိုဏ်ပေါက်၀နားအထိ လိုက်ပို့ပေး၏။
တောင်ညိုအပေါက်မှဝင်မည်ပြုဆဲတွင် အတွင်းမှရယ်သံများကိုကြားလိုက်ရ ခြင်းဖြစ်လေ၏။
“ဟင်- ရယ်သံ၊ ရယ်သံကြားသလား အဘ”
“အေး- ငါလည်း ကြားတယ်”
“ဒါ- စံပိုင့်အသံမဟုတ်ပါဘူး”
အထဲမှရယ်သံက အပြင်ဖက်အထိပျံ့ထွက်လာရာ ပန်းထွေးလည်း အပေါက် ၀သို့ရောက်လာလေ၏။
“ဟား ဟား ဟား ဟီးဟီးဟီး.. လွတ်ပြီ၊ ကျွတ်ပြီ”
အသံကတဖြည်းဖြည်း အပေါက်၀နှင့်နီးလာ၏။
တောင်ညိုက မဝင်သေးပဲရပ်နေ၏။
“မင်းတို့လူပြန်လာတာပဲကွ”
“ဒါပေမယ့် အသံက သူ့အသံမဟုတ်ဘူးအဘရဲ့”
သူတို့ပြောနေစဉ်မှာပင် ရယ်သံနှင့် တရှပ်ရှပ်လျှောက်လာသောခြေသံက အပေါက်၀သို့ရောက်လာလေပြီ။
အတွင်းထဲမှထွက်လာသောအရာကို သုံးယောက်လုံးမြင်လိုက်ရသည်တွင် အံ့ဩသွားကြ၏။
စံပိုင်။ ခေါင်းထက်မှဓာတ်မီးအိမ်မှာ ကွဲနေသည်။ ခြေထောက်တွင်လည်း အုန်းဆံကြိုးက တန်းလန်းပါလာ၏။
“ဟား ဟား ဟား .. ဟီးဟီးဟီး…”
စံပိုင်ဘာလို့ရယ်လာပါလိမ့်။
“ဟေ့ကောင် မင်းဘာဖြစ်လာတာလဲ”
တောင်ညိုက ဟိန်းဟောက်ရင်းလှမ်းမေးလိုက်မှ စံပိုင်က အရယ်ရပ်လိုက် သည်။
သို့သော် သူတို့ကိုပြန်ကြည့်လိုက်သောစံပိုင့်မျက်လုံးများကိုကြည့်၍ ကြက်သီးထသွားကြသည်။ စံပိုင့်မျက်လုံးများက မူမမှန်။ သူတို့ကို တစ်ခါမှမမြင်တွေ့ဖူးသူ တွေလို စိမ်းစိမ်းကြီးကြည့်နေသည်။ မျက်တောင်လည်းမခတ်။
“မင်းတို့ဘယ်သူတွေလဲ”
စံပိုင်ကမေးလိုက်သည်။
“ဟေ့ကောင်စံပိုင်၊ ငါတို့လေကွာ”
“ဘာ စံပိုင်လဲ၊ ငါစံပိုင်မဟုတ်ဘူး၊ ငါ မာဒင်ကွ”
“ဟာ..”
သည်တစ်ခါ ကျယ်လောင်စွာအော်ဟစ်လိုက်မိသူက ဘိုးတက်တူဖြစ်လေ၏။
“ငါ့နေရာကိုလူလဲဖို့စောင့်နေတာ၊ အချိန်တွေဘယ်လောက်တောင်ကြာသွားပြီလဲမသိဘူး၊ ဟိုကောင်ရောက်လာလို့ ငါ့နေရာမှာ သူ့ကိုထားခဲ့ပြီ၊ ငါလွတ်လပ်ပြီ”
စံပိုင်က သူ့ဟာသူရေရွတ်သလိုပြောရင်း ရှေ့တိုးလာရာ သုံးယောက်သား အလန့်တကြားရှဲပေးလိုက်ကြသည်။ စံပိုင်လျှောက်လာပုံက ဒူးကိုမကွေး လက်ကိုမလွှဲပဲ ဆန့်ဆန့်ကြီးလျှောက်လာလေရာ အလောင်းတစ်ကောင် လမ်းထလျှောက်ပုံမျိုးနှင့် တူနေသောကြောင့်ပင်။
သူတို့ရှေ့မှ စံပိုင်ဖြတ်သွားသည်တွင် ကြက်သီးတွေထသွားကြ၏။
စံပိုင်သည် လိုဏ်ဂူအဝမှထွက်လိုက်သည်နှင့် ခြေတစ်လှမ်းပင်လှမ်းရသေးသည်။ မြေပေါ်သို့ အရုပ်ကြိုးပြတ်ပစ်လဲကျသွားလေ၏။
တောင်ညိုနှင့်ပန်းထွေးက စံပိုင့်ကိုမကိုင်ရဲပဲ ကြောင်ကြည့်နေကြလေသည်။
ဘိုးတက်တူက လဲကျသွားသောစံပိုင့်ကို ထူပေးရန်ပြင်လိုက်၏။
“အလိုလေး.. အလိုလေး.. မျက်လုံးတွေကျိန်းလိုက်စပ်လိုက်ပါဘိတော့၊ ငါ လိုဏ်ဂူထဲရောက်နေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ၊ အို.. အင်တွေအားတွေလည်း မရှိတော့ပါလား၊ အသက်ရှူရတာ မောပါဘိတော့တယ်”
စံပိုင့်နှုတ်မှထွက်လာသော ထူးဆန်းသောစကားများကို တောင်ညိုတို့နှစ် ယောက်အံ့အားသင့်နေကြသည်။
ရိပ်မိနားလည်လိုက်သူက ဘိုးတက်တူဖြစ်လေသည်။
“လိုဏ်ဂူထဲကိုခင်ဗျားက ဘယ်လိုရောက်နေတာလဲ၊ ဘယ်တုံးကရောက်နေ တာလဲ၊ ခင်ဗျားဘယ်သူလဲ”
ဘိုးတက်တူက မေးခွန်းတွေဆက်တိုက်မေးချလိုက်သည်။
စံပိုင်သည် ဘိုးတက်တူကို ချည့်နဲ့စွာမော်ကြည့်ရင်းမှ..
“ငါက.. ငါက.. စမ်းကြီးချောင်ရွာက မာဒင်လေ၊ ငါ.. ငါ..မှားတယ်၊ ဘုရားပစ္စည်းတွေယူဖို့ ငါဝင်သွားတာ၊ ပြန်ထွက်လို့မရတော့ဘူး၊ ခုမှ..ခုမှ..လူစား ရောက်လာလို့..”
“ခင်ဗျားဟာ ဦးမာဒင်အမှန်ဆိုရင် ကျုပ်ကိုသိရမယ်၊ ကျုပ်ဟာ ဦးမာဒင်ရဲ့ သားပဲ”
“ဘာ..”
စံပိုင်က ဘိုးတက်တူကို ရီဝေစွာကြည့်နေ၏။
“သား- ငါ့သား၊ ဟုတ်လား၊ ငါ့သားက ကလေးလေးပဲ၊ ငါ့သားတက်တူက ကလေးပဲရှိသေးတာ”
“ဒါဖြင့် ခင်ဗျားမိန်းမနာမည်ဘယ်သူလဲ၊ ခင်ဗျားမိဘတွေဘယ်သူလဲ၊ ပြောပါဦး”
“ငါ့မိန်းမက လှဆုံတဲ့၊ ငါ့မိဘတွေက ဦးကြာပိုနဲ့ဒေါ်ချစ်မ၊ အဲဒါ ဘာဖြစ်လဲ”
“စမ်းကြီးချောင်ရွာက သူကြီးနာမည်ကရောဗျာ”
“သူကြီး၊ သူကြီးက ဘဇံလေ၊ ကိုဘဇံ”
“ဖြစ်ရလေ၊ ဖြစ်ရလေအဖေရယ်၊ အဖေလိုဏ်ဂူထဲဝင်သွားတဲ့ကာလက ကြာလှပြီဗျ၊ ကျုပ်အသက်ရှစ်နှစ်ကတည်းက၊ နှစ်ပေါင်းခုနစ်ဆယ်တောင်ရှိပြီအဖေ၊ စမ်းကြီး ချောင်ရွာလည်း ဒီနားမှာမရှိတော့ဘူး၊ ပျက်သွားပြီဗျ၊ အဖေပြောတဲ့လူတွေထဲက ကျုပ် တစ်ယောက်ပဲရှိတော့တယ်၊ ကျုပ်က အဖေ့သားတက်တူလေ၊ ကျုပ်တောင် အသက်၇၈ နှစ်ရှိပြီ”
ဘိုးတက်တူက မျက်ရည်များကျဆင်းရင်း စံပိုင့်ကိုကြည့်ကာ ပြောနေလေ သည်။
“နှစ်ပေါင်း၇၀၊ နှစ်ပေါင်း၇၀၊ အလိုလေး..ကြာလှပါရော၊ ငါ..ငါ့အသက် လည်းကြီးလှပါရော၊ အိုး..ငါ..ငါ သေပြီးပြီ၊ ငါသေပြီးပြီ၊ ငါအသက်ရှူလို့မရတော့ ဘူး၊ အို.. ဟိုထဲမှာ.. ဟိုထဲမှာ.. ငါ့အစားလူတစ်ယောက်ကျန်ခဲ့တယ်၊ ငါကတော့ လွတ်လပ်ပြီ၊ လွတ်လပ်ပြီ၊ ငါသွားပြီ.. ငါသွားပြီ”
စံပိုင်သည် ပြောရင်းနှင့်အသံများတိုးဝင်သွားသည်။
စံပိုင့်ကိုကြည့်နေရင်းမှ မယုံနိုင်ဖွယ်ရာနှင့်ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ဖြစ်ရပ်ကိုသုံးယောက်လုံးမြင်လိုက်ရလေသည်။
စံပိုင်၏အသားအရေများမှာ ပျော့အိတွဲလာသည်။ အကြောများ အရိုးများ ပေါ်လာသည်။ အသားအရည်များ မဲညစ်လာသည်။ စံပိုင်၏မျက်လုံးသူငယ်အိမ်သည် အတွင်းသို့ချိုင့်ဝင်သွားသည်။ စံပိုင်၏သွားများသည် ကျွတ်ထွက်ကာ အပြင်သို့ တစ် ချောင်းချင်းပြုတ်ကျလာသည်။ ပါးပြင်သည် ချက်ချင်းပင်ခွက်ဝင်သွားသည်။ စံပိုင်၏ ဆံပင်များ ရုတ်တရက်ဖြူဖွေးသွားကြသည်။ ဖြူဖွေးနေသောဆံပင်များက ချက်ချင်းပင် အထွေးလိုက် ပြတ်ကျကုန်သည်။ စံပိုင်သည် သူတို့မျက်စိရှေ့မှာပင် အလွန်ပင် အိုမင်းရွတ်တွသော အဘိုးအိုကြီးအသွင်ပေါက်သွားလေသည်။
အဘိုးအိုကြီးစံပိုင်သည် အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်ရှူနေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြည့်နေရင်းပင်ရှုံ့တွလာလေသည်။ တဖြည်းဖြည်း သေခါနီးမျောက်အို ကြီးတစ်ကောင်နှင့်တူလာသည်။
နောက်ဆုံးတွင်.. စံပိုင်၏အသက်ရှူသံမှာ နှေးကွေးသွားကာ အသက် ထွက်သွားလေတော့သည်။
+ + + + + + + + +
“အစ်ကိုကြီး၊ အစ်ကိုကြီးတောင်ညို၊ ကျုပ်ကြောက်တယ်ဗျာ၊ သွားကြစို့၊ ကျုပ်တို့ဒီနေရာကသွားကြပါစို့”
ပန်းထွေးက အသားများတဆတ်ဆတ်တုန်နေရာမှ ပြောလိုက်လေသည်။
“နေပါဦးကွဲ့၊ ဒီခန္ဓာကိုယ်ဟာ မင်းတို့ရဲဘော်ရဲဘက်ရဲ့ခန္ဓာကိုယ်ပါ၊ မင်းတို့ သူ့ကို သဂြိုဟ်ပေးခဲ့ကြပါဦး”
ဘိုးတက်တူက အလောင်းကိုပိုက်ထားရာမှ မော်ကြည့်ရင်းပြောလိုက်သည်။
“ဟုတ်ကဲ့ပါအဘ၊ ကျွန်တော်တို့ သူ့ကိုမြေမြှုပ်လိုက်ပါ့မယ်”
တောင်ညိုက ပြောလိုက်သည်။
သူတို့သည် စံပိုင်၏အလောင်းကို လျှိုအစပ်တွင် တွင်းတူးကာ တိတ်ဆိတ် စွာပင် မြေမြှုပ်လိုက်ကြ၏။
“အဖေရေ.. ကျုပ်တို့ ဟိုးရှေးကတည်းက အဖေ့အတွက် ဆွမ်းသွတ်အမျှ အတန်းဝေပြီးပါပြီဗျာ၊ ကျုပ်တို့အမျှဝေတာကို အဖေသာဓုမခေါ်နိုင်ခဲ့ပဲကိုး၊ ကျုပ်အဖေ့အတွက် ကောင်းမှုကုသိုလ်တွေထပ်လုပ်ပေးပါဦးမယ်၊ သာဓုခေါ်လှည့်ပါအဖေ၊ ဘုရားပစ္စည်းကို မှောက်မှားမိလို့ အဖေ
ခံခဲ့ရတဲ့ ဝဋ်ဒုက္ခတွေ ဒီမျှနဲ့ကျေပါစေတော့ဗျာ”
ဘိုးတက်တူက ကြေကွဲသောအသံကြီးဖြင့် မြေပုံရှေ့တွင် ဒူးထောက်ရင်း ရေ ရွတ်လိုက်လေ၏။
“အဘရယ်.. ဘယ်လိုတွေဖြစ်ကုန်တာလဲဟင်၊ ကျွန်တော်တော့နားမလည် နိုင်ဘူး၊ ရှင်းပြပါဦးအဘ”
“မင်းတို့ရှေ့မှာဖြစ်သွားတာပဲကွယ်၊ မျက်မြင်မဟုတ်လား”
“မျက်မြင်ပေမယ့် ထူးဆန်းလွန်းလို့ နားမလည်နိုင်တာပါအဘ”
“အေး.. စကတည်းက ဒီအလုပ်ကိုမလုပ်ပါနဲ့လို့ အဘတားသားပဲ၊ အဘ အေဖဟာ ဘုရားပစ္စည်းကိုတပ်မက်ခဲ့လို့ လိုဏ်ဂူထဲကမထွက်နိုင်ပဲ သေခဲ့ရတယ်လို့ မင်းတို့ကိုပြောခဲ့တယ်လေ၊ ကြည့်ရတာ အဘရဲ့အဖေဦးမာဒင်ဟာ ဂူထဲမှာသေပြီး ဂူထဲမှာပဲ အစောင့်ပြန်ဖြစ်နေပုံရတယ်၊ စံပိုင်ဝင်သွားမှ အဖေကျွတ်လွတ်ပြီး စံပိုင့်ကို အ စားထိုးထားခဲ့တာပဲ”
“ဒါဖြင့် စံပိုင်က ဂူထဲမှာသေခဲ့ပြီပေါ့၊ စံပိုင့်ခန္ဓာကိုယ်ကြီးက ဘာလို့အပြင်ဖက်ရောက်တဲ့အထိ လမ်းလျှောက်ထွက်လာတာလဲအဘရယ်”
“စံပိုင်အသက်ထွက်တဲ့အချိန်မှာ အစောင့်ဖြစ်နေတဲ့ ဦးမာဒင်ဝိညာဉ်က ဝင်ပူးလိုက်တာဖြစ်မှာပေါ့၊ အဘလည်း ဒါလောက်ပဲ တွေးလို့ရတယ်”
“သူပြောသွားတဲ့စကားတွေကကော အမှန်တွေပဲလားဟင်”
“အမှန်တွေပဲ၊ ငါ့အမေ နာမည်၊ ငါ့အဘိုးအဘွားတွေ နာမည်၊ ရွာသူကြီး နာမည်ကအစ အကုန်အမှန်တွေချည်းပဲကွ၊ ဒါကြောင့်လဲ စံပိုင့်ကိုယ်ထဲခဏဝင်ပူးခဲ့တာ ငါ့အဖေဦးမာဒင်လို့ ငါယုံကြည်လိုက်တာပဲ”
“အင်း..ဟုတ်ပါတယ်၊ ဒီနာမည်တွေကိုစံပိုင်က သိတာမှမဟုတ်တာ၊ စံပိုင့်အနေနဲ့တော့ဒါတွေကို ဘယ်ပြောတတ်မှာလဲ”
“မှန်တာပေါ့ကွယ်၊ စံပိုင်လိုတစ်နယ်သားထားပါဦး၊ တို့ရွာက အသက်ငါး ဆယ်အရွယ်တွေတောင် ငါ့အဘိုးအဘွားနာမည်၊ ရှေးတုန်းကသူကြီးနာမည်တွေသိကြ တော့တာမှမဟုတ်တာ”
“ကြောက်စရာကောင်းလှချည်လားအဘရယ်”
“အေး..ကြောက်စရာသိပ်ကောင်းတယ်၊ တော်ပါတော့၊ မင်းတို့အကြံအစည်ကို ရပ်တန်းကရပ်လိုက်ကြပါတော့မောင်တို့”
“ဟုတ်ကဲ့ပါအဘရယ်၊ တော်ပါပြီ၊ ကျွန်တော်တို့လည်း ပြန်ကြပါစို့ဗျာ”
+ + + + + + + + +
သုံးယောက်သား စေတီပျက်နှင့်မြေပုံကို ကျောခိုင်းကာ ထွက်ခွာလာခဲ့ကြ ၏။
ရိုးပြတ်ပေါ်အရောက်တွင် တောင်ညိုက..
“အဘ၊ ဟောဟိုကမြင်နေရတဲ့တာရိုးကိုကျော်ရင် မြို့ပြန်တဲ့လမ်းမ မဟုတ်လား”
“ဟုတ်တယ်မောင်ရင်”
“ဒါဖြင့် ကျွန်တော်တို့ ဒီကေနပဲ ဖြတ်ပြန်တော့မယ်၊ အဘတို့ရွာဖက်ကို မ လိုက်တော့ဘူး”
“အေး.. လမ်းသင့်သားပဲ၊ ပြန်ကြလေကွယ်”
“ဪ.. အဘအတွက်..”
တောင်ညိုက လွယ်အိတ်ထဲသို့လက်နှိုက်လိုက်ရာ ငါးကျပ်တန်တစ်ရွက်ပါ လာသည်။
“ဒါလောက်ပဲတတ်နိုင်တာ ခွင့်လွှတ်ပါအဘ၊ ကျွန်တော်တို့လုပ်ငန်းလည်း မအောင်မြင်တော့..”
“တော်ပါကွယ်၊ ငါလည်း ယူချင်စိတ်မရှိတော့ပါဘူး၊ မပေးပါနဲ့၊ မင်းတို့လဲ နောင် ဒီအလုပ်မျိုးမလုပ်တော့ဖို့ မေတ္တာရပ်ခံချင်တယ်”
“စိတ်ချပါအဘ၊ ကျွန်တော်တို့လည်း ကြောက်သွားပါပြီ၊ ဆင်းရဲလွန်းလို့ ကြံစည်မိတာပါအဘရယ်၊ ကျွန်တော်တို့ အဘကိုကန့်တော့ခဲ့ပါတယ်”
+ + + + + + + + +
ဘိုးတက်တူက တောင်ရိုးပေါ်ရပ်ရင်း တောင်ညိုတို့နှစ်ယောက်ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံးကြည့်နေမိသည်။ သူတို့၏အတွေ့အကြုံကိုလည်း သတိသံဝေဂရလျှက်ရှိသည်။
ဪ.. လာတုံးကတော့ သုံးယောက်။ ပြန်တော့နှစ်ယောက်ထဲ..။
တစ်ယောက်က “သိုက်စောင့်”အဖြစ် ကျန်နေရစ်ခဲ့ပါကလား…။
+ + + + + + + + +
နွေတမာန်