သိုက်ဆက်လေလား(စ/ဆုံး)
——————————
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က
မန္တလေးမြို့၌ မဝင်းမာဆိုသည့် မိန်းမပျိုလေး
တစ်ဦး ရှိပြီး မိဘ ညီအစ်ကိုမောင်နှမများနှင့် အတူနေထိုင်လေသည်။ မဝင်းမာသည် မန္တလေးသူဖြစ်၍ အသားအတန်ငယ် ညိုသော်လဲ ချစ်စဖွယ်မျက်နှာ၊ ရှည်လျားနက်မှောင်သည့် ဆံပင်ရှည်ကြီးများဖြင့် ချစ်စရာကောင်းသူဖြစ်ပြီး အပျိုဖြစ်လာချိန်တွင်
မဝင်းမာ၏ ခန္ဓာကိုယ်အလှမှာ မိန်းကလေးချင်းပင် ငေးကြည့်ရလောက်အောင် လှပလေသည်။
မဝင်းမာ အပျိုဖော်ဝင်စအရွယ်သို့ ရောက်ရှိခဲ့ပြီး တစ်ည၌ အိပ်ပျော်နေချိန်တွင် ထူဆန်းသည့် အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲ၌ ရှမ်းအဝတ်အစားများ ဝတ်ဆင်ထားသည့် ယောက်ျားပျို တစ်ယောက်မှ မဝင်းမာ၏ ခန္ဓာကိုယ်အား ကိုင်တွယ်ပွတ်သတ်ခြင်း၊ နမ်းရှုပ်ခြင်းများ ပြုလုပ်ပြီး လင်မယားကဲ့သို့ ပြုမူဆက်ဆံလေသည်။ အိပ်မက်ဟု ဆိုသော်လဲ မဝင်းမာ နိုးလာသည့်ချိန်တွင် အပြင်တွင် အမှန်တကယ်ဖြစ်ပျက်သွားသကဲ့သို့ ခံစားရလေသည်။ အပျိုအရွယ်ဖြစ်၍ ရှက်လှသဖြင့် မိဘများကိုပင် ပြောမပြပဲ အမှုမဲ့အမှတ်မဲ့ နေလိုက်လေသည်။ သို့သော်လည်း အဖြစ်အပျက်က ရပ်တန့်မသွားပဲ နောက်ညများတွင်လဲ ညစဉ်ညတိုင်းလိုလို ထိုအိပ်မက်ကို ဆက်လက်မြင်မက်လေသည်။ ခေတ်ပညာတတ် မိန်းကလေးဖြစ်၍ အပျိုဖြစ်လာပြီး မသိစိတ်မှ စွဲလန်းမှုကြောင့်များလားဟု တွေးမိပြီး ညဘက်အိပ်ရာဝင်ချိန်တွင် စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများ သောက်၍ အိပ်ကြည့်သောအခါတွင် အိပ်မက်ကို မမက်တော့သော်လဲ ဘေးနားတွင် အရိပ်လိုလို၊ လူလိုလို ဘေးနားတွင် ရှိနေသည်ဟု ခံစားရလေသည်။ ကြာလာသောအခါတွင် မဝင်းမာလဲ ယောက်ျားပျို၏ အထိအတွေ့များကို မသိစိတ်မှ သာယာစွဲလမ်းလာမိလေသည်။ ပို၍ထူးဆန်းသည်မှာ ထိုအိပ်မက်ကို စတင်မြင်မက်မိသည့် အချိန်မှစပြီး မဝင်းမာ၏ ဘေးတွင် အမြဲရှိနေခဲ့သော ငယ်သူငယ်ချင်း ယောက်ျားလေးများမှာ အကြောင်းပြချက်မရှိပဲ ခွဲခွာသွားကြလေသည်။
ထို့အပြင် မဝင်းမာအား ချစ်ရေးဆိုလာကြသည့် ယောက်ျားလေးများမှာလဲ တစ်လမျှပင် မကြာပဲ ရှောင်ဖယ်သွားကြလေတော့သည်။ ဖခင်ဖြစ်သူနှင့်ပင် ယခင်ကကဲ့သို့ အရောတဝင်မရှိတော့ပဲ ခပ်တန်းတန်းဖြစ်သွားရလေသည်။ အချိန်တစ်နှစ်ကျော်ခန့် ကြာလာသည့်အခါတွင် ရှမ်းအဝတ်အစားဝတ် ယောက်ျားပျိုမှာ ညဘက်အိပ်မက်ထဲတင် မဟုတ်တော့ပဲ နေ့ဘက်တွေမှာပါ မဝင်းမာ၏ ခန္ဓာကိုယ်အား ပူးဝင်စီးကပ်လာလေတော့သည်။ ထိုသို့ပူးကပ်နေသည့်အချိန်တွင် မဝင်းမာ၏ပါးစပ်မှ ပြောလာသည့်စကားများမှာ မြန်မာစကားမဟုတ်သဖြင့် မည်သူမှ နားမလည်ကြသဖြင့် ဘာပြောမှန်းမသိ၊ ဘယ်သူမှန်းမသိ ဖြစ်နေရလေသည်။ ထို့ကြောင့် မိဘဆွေမျိုးများလဲ အခက်တွေ့ကြရပြီး နီးစပ်ရာ ဆရာဝန်များနှင့် ကုသကြသော်လဲ ပျောက်ကင်းမသွားချေ။ ထိုအခါတွင် စိတ်ရောကြောင့်များလားဟု ထင်မိကြပြီး စိတ်ကျန်းမာရေးဆရာများနှင့် ပြသကြပြန်သော်လဲ မည်သို့မျှ ထူးခြားမလာပဲ တစ်လတွင် သုံးကြိမ်၊ လေးကြိမ်ခန့် ပူးကပ်မြဲပူးကပ်လျှက်သာ ရှိနေလေသဖြင့် မိဘများမှာ မည်သို့မျှ မတတ်နိုင်ပဲ ရှိနေကြရလေတော့သည်။
ထိုသို့ဖြင့် တစ်ရက်တွင် မဝင်းမာအား ပူးကပ်၍ မိဘဆွေမျိုးများ နာမလည်သည့် စကားများကို ပြောဆိုနေချိန်တွင် ဆွမ်းဆံစိမ်း အလှူခံသော သီလရှင်တစ်ပါး ရောက်ရှိလာသည်။ ထိုသီလရှင်က မဝင်းမာအား ပူးကပ်၍ ပြောဆိုနေသည်များကို အိမ်ရှေ့မှ လှမ်းကြည့်ပြီး မဝင်းမာ၏ဖခင်
ဦးသန်းမောင်အား မေးမြန်းလေသည်။
“ဒါယကာကြီးသမီးက ဘာဖြစ်တာလဲ”
“မသိပါဘူး ဆရာလေးရယ်။ ဘာကောင်ပူးပြီး
ဘာစကားတွေပြောနေမှန်း မသိဘူး။ အမျိုးမျိုး
ကုသတာလဲ မပျောက်ဖူး။ စိတ်တွေလဲ ညစ်လှပါပြီ”
“ဒကာကြီးသမီး ပြောနေတာတွေက ရှမ်းစကားတွေပါ။ ဆရာလေးက ရှမ်းလူမျိုးပါ။ ဆရာလေး နားလည်ပါတယ်။ ဝင်ပူးနေတဲ့သူက ရှမ်းလူမျိုးဖြစ်လိမ့်မယ်”
ဦးသန်းမောင်လဲ သီလရှင်ဆရာလေးအား ပြောပြရင်းမှ မဝင်းမာအား ပူးကပ်နေသူပြောသည့် စကားများကို သီလရှင်ဆရာလေးမှ နားလည်သည်ဟု ဆိုသဖြင့် ဝမ်းသာသွားပြီး မေးမြန်းပေးရန် အကူအညီတောင်းလိုက်သည်။
“ဆရာလေး နားလည်တယ်လား။ ဒီလိုဆိုရင်လဲ မေးမြန်းပေးပါလား ဆရာလေးရယ်။ တပည့်တော်တို့မှာ ဘာမှနားမလည်လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့တာ ကြာပါပြီ”
ဦးသန်းမောင်၏ အကူအညီတောင်းခံမှုကြောင့် သီလရှင်ဆရာလေးလဲ မဝင်းမာ၏ရှေ့သို့သွား၍ ရှမ်းဘာသာစကားဖြင့် မေးမြန်းလေသည်။ အတန်ကြာမျှ အပြန်အလှန် မေးမြန်းပြောဆိုကြပြီးလျှင် ပူးကပ်နေသူ ထွက်ခွာသွားလေတော့သည်။ ထိုအခါတွင် ဦးသန်းမောင်လဲ ဆရာလေးအား အကျိုးအကြောင်း မေးမြန်းလေသည်။
“ဆရာလေး ပူးကပ်နေတဲ့သူက ဘယ်သူလဲ။ ဘာတွေပြောလဲ။
“ပူးကပ်နေတဲ့သူက ရှမ်းလူမျိုး၊ ရှမ်းသိုက်ကတဲ့။
ဒါယကာကြီးရဲ့သမီးက အရင်ဘဝက သူ့ဇနီးဖြစ်ပြီး ပြန်ခေါ်ချင်လို့ မကြာမကြာလာရောက်ပူးကပ်နေတာတဲ့။ သူတို့ရဲ့သိုက်က ရှမ်းပြည်နယ် သီပေါဘက်ကလို့ ပြောတယ် ဒါယကာကြီး”
သီလရှင်ဆရာလေး ပြောပြသည်များကိုနားထောင်ပြီး ဦးသန်းမောင် ထိတ်လန့်သွားရလေသည်။ အထူးသဖြင့် မဝင်းမာအား ပြန်လည်ခေါ်ယူသွားမှာကို ပို၍စိုးရိမ်ပူပန်မိသဖြင့် ဇနီး၊ ဆွေမျိုးများနှင့် တိုင်ပင်၍ မူလနေထိုင်ရာအိမ်နှင့် အတော်အတန်ကွာဝေးသည့် မန္တလေးမြို့အစွန်သို့ မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ခဲ့လေတော့သည်။
**********
နေရာအသစ် အိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ပြီးချိန်တွင် မဝင်းမာမှာ အိပ်မက်မက်ခြင်း၊ ပူးကပ်ခြင်းများ မရှိတော့ပဲ စိတ်အေးချမ်းစွာ နေထိုင်ခဲ့ရလေသည်။ ယခင်က အမြဲလိုလို နှောက်ယှက်ပူးကပ်နေခဲ့သည့် ရှမ်းအဝတ်အစားဝတ် ယောက်ျားပျိုမှာ မည်သို့ရောက်ရှိသွားသည် မသိ။ အချို့ကတော့ နယ်ကျော်သွား၍ လိုက်လို့မရတာဖြစ်မည်ဟု ထင်ကြေးပေးကြလေသည်။
ထိုသို့ဖြင့် အချိန်တစ်နှစ်ကျော်ခန့် ကြာလာသောအချိန်တွင် မဝင်းမာတို့နေထိုင်သည့် ရပ်ကွက်ထဲမှ ကားဝပ်ရှော့ပိုင်ရှင်ဖြစ်သူ ကိုစန်းအောင်မှ
မဝင်းမာအား ချစ်ခင်စုံမက်၍ လက်ထပ်ပေါင်းသင်းရန် ဦးသန်းမောင်တို့ထံသို့ မိသား
ဖသားပီပီ လာရောက်တောင်းရမ်းလေ၏။
ဦးသန်းမောင်တို့လဲ မဝင်းမာ၏ သဘောထားကို မေးသောအခါ ,မိဘများသဘောပါ, ဟုဆိုလေသဖြင့် ကိုစန်းအောင်နှင့် လက်ထပ်ထိမ်းမြားပေးလိုက်ကြလေသည်။ ကိုစန်းအောင်မှာ
ကားဝပ်ရှော့ပိုင်ရှင်ဖြစ်၍ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာပြီး မဝင်းမာကိုလဲ အလွန်ချစ်ကာ အလိုလိုက်သဖြင့် မဝင်းမာအတွက် ပျော်ရွှင်ချမ်းမြေ့သည့် အိမ်ထောင်ရေး ဖြစ်ခဲ့ရလေသည်။
*********
ထိုသို့ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှသည့်
မဝင်းမာ၏ မိသားစုဘဝလေးမှာ သားနှစ်ယောက်နှင့် သမီးလေးတစ်ယောက် မွေးဖွားပြီးချိန်တွင် မုန်တိုင်းထန်လာခဲ့ရလေသည်။ အကြောင်းမှာ ကိုစန်းအောင်မှာ အသောက်အစားဖက်လာခဲ့ပြီး အပြင်တွင် အခြားမိန်းမများနှင့် ဖောက်ပြန်လာသောကြောင့် ဖြစ်လေသည်။ လင်မယားချင်းစကားများရန်ဖြစ်ရပြီး မဝင်းမာမှာ နေ့စဉ်စိတ်ဆင်းရဲနေရလေသည်။ ထိုအဖြစ်အပျက်များ ဖြစ်ပေါလာပြီး နှစ်လခန့်မျှ ကြာလာသောအချိန်တွင် မဝင်းမာတို့မိသားစုနေထိုင်သည့် ခြံထဲမှ ညဘက်များတွင် မြွေတွန်သံများ ကြားလာရလေသည်။ တစ်ည၌ မြွေတွန်သံများကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာသော မဝင်းမာ၏ အစ်မဖြစ်သူမှ အပေါ့အပါးထသွားပြီး ပြန်လာရင်းမှ မဝင်းမာတို့ အိပ်ရာဆီသို့ ကြည့်လိုက်ရာ အိပ်ရာထဲတွင် မဝင်းမာ မရှိသဖြင့် ဟိုဟိုသည်သည်လိုက်လံရှာဖွေရာ ခြံထဲမှ ပြန်လာသည့် မဝင်းမာအား တွေ့ရှိရသဖြင့်
“ဟဲ့ ဝင်းမာ ညကြီးမင်းကြီး ဘယ်သွားနေတာလဲ။ ခြံထဲမှာ မြွေတွန်သံတွေ ကြားနေရတာကို ညည်းက ခြံထဲ ဘာသွားလုပ်တာလဲ”
ဟု မေးလိုက်ရာ မဝင်းမာမှ မတုန်မလှုပ် အမူအယာဖြင့်
“ဘယ်မှ မသွားပါဘူး”
ဟု ခပ်ပြတ်ပြတ် ဖြေပြီး အိပ်ရာထဲသို့ ဝင်သွားလေတော့သည်။ အစ်မဖြစ်သူကလဲ ‘သူအိပ်ချင်နေလို့ နေမှာပါ’ ဟုတွေးပြီး သူ့အိပ်ရာဆီသို့ ပြန်လာခဲ့လေသည်။ သို့သော် နောက်ညများတွင်လဲ မြွေတွန်သံများ ကြားရသည့်အချိန်များ၌ မဝင်းမာမှာ ခြံထဲသို့ဆင်းသွားသည်ကို တွေ့ရသဖြင့် လိုက်လံကြည့်ရှုကြရာ ခြံထောင့်၌ တစ်ယောက်တည်း စကားပြောနေသည်ကို တွေ့ကြရသဖြင့် မေးမြန်းကြသော်လဲ မဝင်းမာက မတုန်မလှုပ်ဖြင့်ပင်
‘ဘာမှမလုပ်ပါဘူး’ ဟုသာ ဖြေလေသည်။
ထိုသို့ဖြင့် နောက်ထပ် ဆယ်ရက်ခန့်ကြာသောအခါတွင် မဝင်းမာမှာ ကျန်းမာရေး ချို့တဲ့လာလေတော့သည်။ အဖျားပိုးဝင်ကာ ညဘက်များတွင် အပူကြီး၍ ကယောင်ကတမ်းများ ပြောဆိုလာသည်။
“ကျွန်မ ပြန်လိုက်ခဲ့တော့မယ်။ ဒီမှာ မပျော်တော့ဘူး”
ထိုသို့ ကယောင်ကတမ်းများ ပြောဆိုနေသဖြင့်
ကိုစန်းအောင်နှင့် မိဘများမှာ စိုးရိမ်၍ ဆရာဝန်များအပြင် အထက်လမ်းဆရာများဖြင့် ကုသကြသော်လဲ မဝင်းမာမှာ သက်သာမလာတော့ပဲ
ငါးရက်ခန့်အကြာ (COVID-19 ပထမလှိုင်းအစ)
တွင် ကွယ်လွန်သွားရရှာလေတော့သည်။ ထိုသို့
မဝင်းမာ ကွယ်လွန်သွားရသည်မှာ ယခင်ဘဝကလင်ယောက်ျားဖြစ်သူမှ သိုက်သို့ ပြန်လည်၍ ခေါ်ဆောင်သွားသည်ဟု အကြောင်းသိသူများက ထင်ကြေးပေးပြောဆိုနေကြလေတော့သည်။
***********
(မဝင်းမာ၏ အဖြစ်အပျက်များနှင့် ကွယ်လွန်ခဲ့ရသည့်အပေါ် စာဖတ်သူများရော မည်သို့ ထင်မြင်ကြပါသလဲ?။ စာဖတ်သူတို့ရဲ့ အမြင်များကို မန့်မှာ ဆွေးနွေးခဲ့ကြပါဦးခင်ဗျ။)
ကုန်ကြမ်းပေးသူ ဆရာပီပီ(မန္တလေး) အားကျေးဇူးအထူးပါခင်ဗျာ။
#သိုက်ချုပ်ဘိုးဘိုးကြီး
ကိုဖြိုး(ကျိုက်လတ်)