သိုက်နန်းခေါ်သံ

သိုက်နန်းခေါ်သံ(စ/ဆုံး)

———————–

ကျွန်ုပ်တို့ သိတဲ့ ဤကမ္ဘာမြေကြီးတွင်
ထူးဆန်းသော အရာများရှိနေသည်ကို
ငြင်းပယ်လို့ မရချေ။ယုံကြည်သည်ဖြစ်စေ၊
မယုံကြည်သည်ဖြစ်စေ မမြင်နိုင်သော အရာများ လက်တွေ့ဖော်ထုတ်၍ မရသည့်
အရာများကိုတော့ လက်ခံရပေလိမ့်မည်။

အခန်း(၁)

သာယာကုန်းရွာကလေးသည် နာမည်နှင့်လိုက်အောင် အလွန်အေးချမ်းသာယာဝပြောလှသည်။ထိုရွာကလေးသည် ရွာတစ်ရွာ၏အင်္ဂါရပ်များနှင့်အလွန်ပြည့်စုံလှပြီး တစ်ရွာလုံး ရပ်ရွာကောင်းစားရေး၊ ဘာသာသာသနာထွန်းကားရေးများကို စည်းလုံးညီညွှတ်စွာလုပ်ကိုင်တတ်၍ အခြား‌သော ရွာများကပင် စည်းလုံးခြင်းရွာဟုလည်း ခေါ်ဆိုသမုတ်ကြလေသည်။

သာယာကုန်းရွာ၏ တည်ဆောက်ပုံကလေးမှာ အလွန်ပြည့်စုံလှ၏။အရှေ့အနောက် တောင်မြောက် လေးမျက်နှာတွင် ရှိသင့်ရှိအပ်သော
ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ရေကန်များ၊ သစ်ပင်ပန်းမန်ကအစ အလွန်နှစ်သက်ဖွယ်ကောင်းစွာ တည်ရှိနေသည်။

မြစ်ချောင်းအင်းအိုင် ပေါများ၍ တံငါအလုပ်နှင့် လယ်ယာလုပ်ငန်းအဓိက လုပ်ကိုင်ကြ၏။
သာယာကုန်းရွာ ဟုဆိုလျှင် ထိုရွာ၏ ကျော်ကြားရခြင်းအကြောင်းကိုလည်း မပြောမဖြစ်ပြောရလိမ့်မည်။

အခန်း(၂)

လွန်ခဲ့သော နှစ်အနည်းငယ်က
သာယာကုန်းရွာလေးသည် လူနေကျဲသည်။
လူနေအိမ် အနည်းငယ်သာရှိ၍
ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်လွန်းလှ၏။စေတီပုထိုး ဘုရားကျောင်းကန်မှာ အိုဟောင်းယိုယွင်းပျက်စီးခြင်းနှင့် တည်ရှိလေသည်။တစ်ရွာလုံးနည်းပါး ချမ်းသာကြွယ်ဝမှုက ဘာမှန်းမသိခဲ့ချေ။ထူးထူးခြားခြား ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီ ဇနီးမောင်နှံနှစ်ဦးမှာ ရွာမျက်နှာဖုံး သူဋ္ဌေးများဖြစ်ကြသည်။

ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီတို့သည် ငွေကြေးချမ်းသာပြည့်စုံသော်လည်း သားသမီးရတနာ
မရှိ၍ စိတ်ဆင်းရဲဒုက္ခရောက်နေကြရှာသည်။
တစ်နေ့တွင် သူတို့အတွက်ကံကောင်းခြင်းတစ်ခုရောက်လာလေသည်။တစ်ညထဲမှာ ထူးခြားသော အိပ်မက်တစ်ခုအား ဇနီးမောင်နှံ နှစ်ယောက်တစ်ပြိုင်တည်း မြင်မက်ခြင်းပင်။

အိပ်မက်ကား အလွန်ဆန်းကြယ်လှသည်။
ဦးထွဋ်ခေါင်နှင့်ဇနီးဒေါ်နှင်းဆီတို့ ရွာဦးစေတီပျက်ဆီသို့ လျှောက်လာရင်း ညောင်ပင်ကြီးတစ်ပင်ရှေ့တွင် မီးခိုးလုံးများ ရုတ်တရက်ထွက်ပေါ်လာသည်။ထို့နောက် ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် လက်တစ်ဖက်တွင် တောင်ဝှေ့ကို ကိုင်၍ ကျန်တစ်ဖက်တွင် အလွန်ချစ်စရာကောင်းလှတဲ့ သမီးငယ်လေးတစ်ဦးကို ပွေ့ချီထား၏။အဘိုးအို၏ ဘေးဘက်တွင် ၇နှစ်၈နှစ်အရွယ် ကောင်လေးတစ်ယောက်လည်းပါသည်။အံ့သြမှင်သက်စွာ ကြည့်နေသော ဇနီးမောင်နှံနှစ်ဦးအား အဘိုးအိုမှ…

” ဘာသာတရားကိုင်းရှိုင်းပြီး စိတ်ထားမွန်မြတ်လှတဲ့ ဇနီးမောင်နှံရဲ့ ဆုတောင်းစကားကြောင့် သင်တို့ဆုတောင်းကို ဖြည့်ဆည်းပေးလိုတယ် ကဲသားသမီးဆုပန်တဲ့ အသင်တို့ ဒီကလေးငယ်နှစ်ဦးတွင် ကြိုက်တဲ့ကလေးကို သင်တို့ထံပို့ပေးမယ် ဘယ်ကလေးကိုရွေးချယ်မလဲ ဆုံးဖြတ်ကြလော့။”

ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအို၏ စကားကြောင့် ဇနီးမောင်နှံနှစ်ယောက်ပျော်ရွှင်ဝမ်းမြောက်ခဲ့၏။ကလေးငယ်နှစ်ဦးတွင် မိန်းကလေးကို ရွေးချယ်ကာ အဘိုးအိုမှ
ကလေးအား ဒေါ်နှင်းဆီလက်သို့ အပ်ကာ
ကွယ်ပျောက်သွားသည်။သို့သော် ကလေးငယ်ကဆက်လက်ရှိနေသေးသည်။ထိုကလေး၏ မျက်ဝန်းအစုံသည် ကလေးငယ်လေးကို ကြည့်၍ ပြောချင်သည့်စကားများ ရှိနေသည်ကို ရိပ်မိကာ ဦးထွဋ်ခေါင်မှ…

“သားငယ် ဘာများပြောချင်လို့လဲ ”

“သူက သားရဲ့ ညီမလေးပါ သူ့ကိုသေချာစောင့်ရှောက်ပေးပါနော် သားညီမလေးကို စိတ်ချမ်းသာအောင်လည်းထားပေး မထားရင် သားညီမလေးကို သားပြန်ခေါ်မှာ”

ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီလည်း မျက်ရည်အဝဲသားနှင့် ခေါင်းညိတ်သဘောတူခဲ့လေသည်။

အခန်း(၃)

ဇနီးမောင်နှံနှစ်ဦးမြင်မက်ခဲ့သည့် အိပ်မက်အတိုင်း သိပ်မကြာခင်အချိန်တွင် ချစ်စရာကောင်းပြီး ချောမောလှပသည့် မိန်းကလေးတစ်ဦးမွေးဖွား၏။မိန်းကလေး နာမည်အား နှင်းသစ္စာချိုဟု အမည်ပေးခဲ့သည်။နှင်းသစ္စာချိုလေး မွေးဖွားသည်နှင့် သာယာကုန်းရွာလေးသည် အလွန်ထူးခြားစွာပြောင်းလဲခဲ့သည်။ဆန်ရေ စပါး ပေါကြွယ်ဝကာ တစ်ရွာလုံးနီးပါး ဆင်းရဲတွင်းမှလွတ်ခဲ့သည်။

ဦးထွဋ်ခေါင်လည်း ဘုရားစေတီပုထိုးကျောင်းကန်များ လှူဒါန်း၍ ပတ်ဝန်းကျင်တစ်ခွင် ဂုဏ်သတင်းမွှေးခြင်းနှင့်အတူ နှင်းသစ္စာချိုလေး၏ ထူးခြားသော ဖြစ်ရပ်များသည်လည်း မယုံနိုင်စရာပင်။ပထမဆုံးထူးခြားချက်မှာ နှင်းသစ္စာချိုလေး မွေးဖွားသည့်အချိန် ကလေးငယ်တစ်ဦး၏တေးသွားပင်။နောက်ထူးခြားချက်မှာ နှင်းသစ္စာလေး၏ တစ်နှစ်ပြည့်မွေးနေ့တွင်ဖြစ်လေသည်။အားလုံးအလုပ်ရှုပ်၍ ကလေးအား ပုခက်တွင်တင်ထားစဉ်…

“ကယ်ကြပါဦး ဟိုမှာမြွေ မြွေ”

“ကျွန်မသမီးလေးကို မြွေကိုက်တော့မယ်ထင်တယ်”

အားလုံးစိုးရိမ်တကြီးအော်ဟစ်နေကြစဉ်။
အိပ်မက်ထဲတွင်မြင်မက်ခဲ့သော အဘိုးအိုရောက်ရှိလာကာ…

“မစိုးရိမ်ကြပါနဲ့ ဒီမြွေက ဒီကလေးငယ်ကို ဘာမှအန္တရာယ်မပြုနိုင်ပါဘူး နောက်ဆိုလည်း ဒီကလေးငယ်ကိုဒီမြွေလေးက အမြဲစောင့်ရှောက်နေလိမ့်မယ်။”

အဘိုးအို၏ စကားကြောင့် သေချာကြည့်ကာမှ
မြွေသည် ကလေးကိုအန္တရာယ်ပြုနေခြင်းမဟုတ်ဘဲ အမြီးနှင့်ခေါင်းကို အသုံးပြု၍ပုခက်လွဲနေခြင်းပင်။မြွေအမြီးသည် တိုင်တွင်ရစ်ပတ်လျက်
ခေါင်းသည်ကြိုးကိုရစ်ခွေထား၍ လွဲနေခြင်းဖြစ်သည်။

ထိုနေ့မှစ၍ နှင်းသစ္စာချိုလေး၏ သတင်းသည် အလွန်ပျံ့နှံ့ကျော်ကြားခဲ့သည်။ကလေးကိုကြည့်နေစဉ် အဘိုးအိုသည်လည်းပျောက်ကွယ်သွားသည်။ထိုနေ့ထိုအချိန်ခါမှစ၍ နှင်းသစ္စာလေး တစ်ခုခုဖြစ်သည့် အချိန်တိုင်းမြွေလေးရောက်ခါ စောင့်ရှောက်ကာကွယ်ခဲ့သည်မှာ ယခုဆို နှင်းသစ္စာလေးအသက်(၁၉)တိုင်သည်အထိရောက်ရှိခဲ့လေပြီ။

အခန်း(၄)

နှင်းသစ္စာလေးသည် အချောအလှစာရင်းဝင် ရွာ၏ကွမ်းတောင်ကိုင်သမီးပျိုဖြစ်သည်။
ရိုးရှင်းတဲ့အလှတရားများကိုလည်းပိုင်ဆိုင်ထား၏။နှင်းသစ္စာ၏ ထူးခြားသည့်သွင်ပြင်မှာ အလွန်စူးရှတောက်ပ သော မျက်ဝန်းအစုံပင်။ထိုမျက်ဝန်းအစုံသည်က ပုရိသတို့ကို လွန်စွာညှို့ယူဖမ်းစားနိုင်သည်။ခန္ဓာကိုယ်အသွင်အပြင်အလှအပမှာလည်း ဘာမှပြောစရာမရှိအောင်ပြေပြစ်ပြီး အသားအရောင်မှာ ရွှေဝါရောင်သမ်းနေသည်။

ပုရိသများအသည်းစွဲသလို မိန်းကလေးချင်း ငေးမောလောက်သည့် အလှတရားများကို ပိုင်ဆိုင်နေသော်လည်း ပုရိသယောက်ျားလေးများ နှင်းသစ္စာချိုအနားသို့ ကပ်ရဲသည့်သူ မရှိချေ။နှင်းသစ္စာချိုသည် အရွယ်လေးရလာသည်နှင့် မိဘများ၏ အလိုလိုက်မှု အလှမာန် ကြွယ်ဝမှုဂုဏ်တွေကြောင့် အလွန်ဆိုးနွှဲ့သော မိန်းကလေးလည်းဖြစ်လေသည်။နှင်းသစ္စာသည် သူ့ကိုအမြဲစောင့်ရှောက်သော မြွေကို မုန်းတီးနေမိသည်။
အကြောင်းမှာ သူ့ဘဝတွင် မြွေက အနှောင့်အယှက်တစ်ခုဟု ထင်မြင်နေခြင်းကြောင့်ဖြစ်သည်။

“အဘနဲ့ အမေ သမီးဟိုမြွေကြီးအနားမှာ
မရှိချိန်ပြောစရာရှိတယ်”

ဦးထွဋ်ခေါင်နှင့်ဒေါ်နှင်းဆီသည်လည်း နှင်းသစ္စာချိုနှင့်မြွေလေးကို အတူယှဉ်တွဲကာချစ်ရှာသည်။အကြောင်းစုံကို သိနေခြင်းကြောင့်ဟုလည်းဆိုရမည်။မြွေလေးကိုနှင်းသစ္စာချိုနှင့်အတူ စောင့်ရှောက်ခဲ့ခြင်းကြောင့် မြွေလေးအပေါ်သားတစ်ယောက်ကဲ့သို့ အားကိုးချစ်ခင်နေခြင်းကြောင့်ပင်။မြွေလေးကို ဘုန်းနေသွေးဟုပင်နာမည်ပေးထားချေ၏။တစ်ရွာလုံးတွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ အန္တရာယ် ပြုခြင်းမရှိသည့်အတွက် မြွေလေးကိုလည်း အန္တရာယ် မပြုကြချေ။

“အဘနဲ့အမေ ဒီမြွေကြီးကို မသတ်ဘဲဘာလို့ ထားတာလဲ သမီးစိတ်ညစ်လို့သေရလိမ့်မယ် ”

“တောက်စ် ဘာပြောတယ်သမီး နင် နင်ပြောထွက်တယ် မြွေလို့ပြောနေတာ နင့်အစ်ကိုပါလို့ အဖေတို့ခဏခဏပြောထားတယ်။ နင်… တော်ပြီ မနှင်းဆီ မင်းသမီးကို သေချာဆုံးမဖို့တော့လိုနေပြီ။ငါ ပြောရင် ဒီအရွယ်ရောက်မှ လက်ပါမိလိမ့်မယ်။ရွာဦးစေတီဘက် ခဏသွားလိုက်ဦးမယ်။”

“ဟုတ်ပါပြီ စိတ်လျော့ပါဦး ဂရုစိုက်သွားဦးနော်”

ဦးထွဋ်ခေါင် ဒေါ်နှင်းဆီ၏ စကားပင်မဆုံးသေး အိမ်အောက်သို့ဆင်းသွားလေသည်။ဦးထွဋ်ခေါင်ရင်ထဲ အပူမီးများတောက်လောင်နေမည်မဟုတ်လား။ထုံးစံအတိုင်း စိတ်ညစ်စရာကိစ္စာများရှိတာနဲ့ ရွာဦးစေတီသို့သွားကာ ဘုရားရှိခိုး တရားထိုင် ကုသိုလ်ဘာဝနာပွားများနေတော့သည်။အိမ်တွင်အပူမီးများနှင့် ကျန်ခဲ့သည်ကား ဒေါ်နှင်းဆီ။

“သမီး သစ္စာ သမီးအဖေပြောသွားတာလည်း
မှန်ပါတယ်ကွယ်။သားသွေးက ဘဝခြားနေတဲ့ညီမဖြစ်သူကို သူ့ခမျာ စောင့်ရှောက်နေတာ။သမီးလည်း သူသမီးအပေါ်စောင့်ရှောက်တာ အသိပဲမဟုတ်လား။ဘာလို့ ဒီလိုပြောထွက်ရတာလဲ။”

“ဘာလဲ အမေနဲ့အဘတို့က ဒီမြွေကိုပဲသမီးထက်ပို ချစ်နေတာလား။သမီး စိတ်ညစ်ရတာလည်းစဉ်းစားပါဦး။သမီးကိုမြင်ရင် အဝေးကပဲကြည့်ရဲကြတယ်။အနီးကပ် ဆိုအကုန်ပြေးကုန်ကြတာ။ကြာတော့ စိတ်ဆင်းရဲတယ်ဒါတွေအမေတို့မှ မသိတာ။”

“သမီးကို အမေနောက်ဆုံးပြောမယ်။သားသွေးကသမီးအစ်ကို သူမရှိမှ သမီးနောင်တရလိမ့်မယ်။”

“ဟင်အင်း သမီးမသိဘူး။မြွေကမြွေ လူကလူ အစ်ကိုမဟုတ်ဘူး။သူမရှိမှ သမီးဘဝအေးချမ်းမှာ”

နှင်းသစ္စာချိုတစ်ယောက်ပြောပြောဆိုဆို မျက်ရည်ကျကာ အခန်းတွင်းသို့ ဝင်သွားလေသည်။
သူ့နေရာကနေ ကြည့်မယ်ဆိုလည်း သူ့အမှားတော့မမှားချေ။ဒီအခြေနေကို သိပြီးပို ခံစားရသူက ဘုန်းနေသွေးပင်…

အခန်း(၅)

လွန်လေသော နှစ်အနည်းငယ်က…

“အစ်ကိုတော် နှမတော်လေး စိတ်အလိုတော်မကျဘူး။”

“ဘာလို့လဲ နှမတော်လေးရဲ့ ဘာတွေဖြစ်ချင်လဲ
အစ်ကိုတော်ဖြည့်ဆည်းပေးမှာပေါ့”

“အစ်ကိုတော် ဟိုးမှာပြေးလွှားဆော့ကစားနေတဲ့ ကလေးလေးတွေကိုကြည့်ပါဦး သူတို့ရဲ့ဘဝလေးတွေကို အားကျတယ်။သူတို့လေးတွေလို နေချင်မိတယ် အစ်ကိုတော်ရယ်”

နန္ဒစည်သူတစ်ယောက် ညီမဖြစ်သူရဲ့
စကားကြောင့် တုန်လှုပ်ခြောက်ခြားသွားမိသည်။သို့သော် ညီမဖြစ်သူ နန်းစင်္ကြာဝတီ၏ အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းခဲ့ခြင်းကြောင့် သည်အခါတွင်လည်း ဖြည့်ဆည်းပေးရလိမ့်မည်။အတိတ်ဘဝက ကုသိုလ်ကံအချို့ကြောင့် လူ့လောကနှင့် ဘဝခြားနေသော နန်းစင်္ကြာဝတီ
လူ့လောကသို့သွားချင်သည်မှာလည်း အဆန်းမဟုတ်ချေ။

”နှမတော်လေးရယ် လူ့လောကဆိုတာ ကလေးဘဝပဲ ပျော်ရွှင်သာယာဖွယ်အတိဖြစ်ပေလိမ့်မယ်။အသက်အရွယ်အိုဟောင်းလာတာနဲ့အမျှ မာယာများတဲ့လောကဆိုတာသိရလိမ့်မယ်။တခြား ဆန္ဒတစ်ခုပဲ တောင်းဆိုပါလားကွယ်။”

“နှမတော်ကို ရွှေစိတ်တော်ဆိုးချင်ဆိုးပါ အစ်ကိုတော် ဒါပေမယ့် လူ့လောကကို သွားချင်သည့် စိတ်ကိုဘယ်လိုနည်းနဲ့မှ ချုပ်တည်းမရသည်မို့ နားလည်ပေးစေလိုပါတယ်။”

ထိုနေ့မှ စ၍ နန်းစင်္ကြာဝတီရဲ့ ရွှေမျက်နှာတော်မရွှင်မပြဖြစ်နေသည်မှာ ကာလအတန်ကြာခဲ့သည်။နောက်ဆုံးညီမဖြစ်သူရဲ့ ဆန္ဒကို ရင်နာနာနဲ့ ဖြည့်ဆည်းပေးခဲ့ရလေတော့သည်။သို့သော် သူကိုယ်တိုင်လည်း လူ့ဘဝတွင် အနီးကပ်စောင့်ရှောက်ခဲ့ပေ၏။အတိတ်ကဘဝဟောင်းကို မေ့သွားသူအဖို့ နန္ဒစည်သူ၏မေတ္တာများကို မေ့လျော့နေလေသည်။

“ဘိုးဘိုး ဘာလို့ နှမတော်လေးပြောင်းလဲသွားရတာလဲ။သူနဲ့အရင်က အတူတူဆော့ခဲ့ကြတာကို တပည့်မှတ်မိနေသေးတယ်။သူ့ကို အရင်လိုအနားမှာပြန်ရှိစေချင်လိုက်တာ ဘိုးဘိုးရယ်။”

ဝမ်းနည်းပူဆွေးခြင်းအပြည့်နှင့် အဘိုးအိုအား လက်အုပ်လေးချီကာ ပြောနေသည့် အစ်ကိုတစ်ယောက်၏ စိတ်ကို မည်သူဖတ်နိုင်မည်နည်း။
ညီမဖြစ်သူ၏ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့သမျှ
ဘဝလေးခြားသွားတာနဲ့ အစ်ကိုဖြစ်သူကိုသတ်ဟု ပြောထွက်သူအဖို့ ဘာမှမခံစားရပေမဲ့
ညီမဖြစ်သူအပေါ်ထားတဲ့ မေတ္တာနဲ့သံယောဇဉ်က ဒီရလဒ်ကြီးပြန်ရသူအဖို့ နှလုံးကွဲကြေမတတ်ခံစားရမည်မှာ အမှန်ပင်။

“သားတော် အရာအားလုံးဟာ ကံစီမံရာအတိုင်းပဲလေ ဒါကိုသားတော်အသိပါ။ဘဝခြားနေတဲ့သူအဖို့ ဒီလိုစိတ်ဝင်မှာ မထူးဆန်းပါဘူးကွယ်။သားတော်လေး မင်းညီမလေးရဲ့အနားမှာမနေဘဲ တစ်ပတ်လောက်နေကြည့်လိုက်ပါ။မင်းစေတနာသူသိသွားလိမ့်မယ်။ညီမလေးကအရေးပါသလို တာဝန်ကလည်း အရေးပါတယ်သားတော်လေး။ဘာသာသာသနာရေးကို စောင့်ရှောက်ဖို့ တာဝန်ကိုလည်း လစ်ဟင်းမနေစေပါနဲ့ သားတော်။ကဲ အဘိုးသွားမယ်။ဘေးရန်ကင်းရှင်းပါစေ။”

အဘိုးအိုရဲ့ စကားကြောင့် နန္ဒစည်သူတစ်ယောက် ညီမဖြစ်သူကို အဝေးကနေသာ တိတ်တဆိတ်စောင့်ရှောက်ဖို့ အရံတော်များလွှတ်ထားကာ ပစ်ထားသည့် အလုပ်များကို ပြန်လည်လုပ်ကိုင်နေတော့သည်။နန္ဒစည်သူ၏ တာဝန်မှာ ရွာဦးစေတီပုထိုးကြီးရဲ့ ဋ္ဌာပနာများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းဖြစ်လေသည်။

ရွာဦးစေတီပုထိုး၏ သမိုင်းသည်လည်း ထူးဆန်းလှသည်။ရွာဦးစေတီပုထိုးကြီးသည် ပုဂံခေတ်က မိဖုရားတစ်ပါးတည်ခဲ့သော ဘုရားဖြစ်လေသည်။ကျွန်များကိုလည်း ဘုရားအတွက် လှူဒါန်းခဲ့သည်ဟုသိရ၏။မိဖုရား၏ နာမည်တော်ကိုတော့ မသိရချေ။ပါးစပ်ရာဇဝင်မျှသာ ကျန်ရစ်ခဲ့သည်။ဘုရားကို ဋ္ဌာပနာထည့်သွင်းခဲ့သည်မှာ ထိုမိဖုရားပိုင်ဆိုင်သည့် လက်ဝတ်ရတနာ စိန်ရွှေငွေများဖြစ်လေသည်။ထို့ကြောင့် ဘုရားဋ္ဌာပနာများကို စောင့်ရှောက်နေသည့် သူများမှာလည်း မနည်းလှချေ။

နန္ဒစည်သူနှင့် နန်းစင်္ကြာဝတီသည်လည်း ထိုမိဖုရား၏ ညီမတော်နှင့်အစ်ကိုတော်ဖြစ်လေသည်။အမှားလုပ်မိ၍ ဒဏ်ခတ်သည့်အနေဖြင့်
ဘုရားကို လှူခြင်းခံခဲ့ရသည်မှာ ယနေ့တိုင်ထိဖြစ်လေသည်။

အခန်း(၆)

နှင်းသစ္စာချို တစ်ယောက် မြွေကို မမြင်၍ ပျော်ရွှင်နေမိသည်။စိတ်ကြိုက်သွားလိုရာကို သွားသည်။ လွတ်လပ်ခြင်းဆိုသည့် အရသာကို ကောင်းကောင်း စားသုံးနေလေ၏။သို့သော်
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာသည်နှင့် သတိရနေမိတော့သည်။

နေ့တိုင်းမြွေလေးလာရင် တိုက်ဖို့ နွားနို့သူကိုယ်တိုင်ကြိုပေးထားသည်။သို့သော် မြွေလေးကတော့ရောက်မလာချေ။နှင်းသစ္စာချိုမျက်နှာမကောင်း ဝမ်းနည်းနေသလို ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီလည်း မြွေလေးကို စိတ်ပူနေကြသည်။သားသမီးအရင်းလို စောင့်ရှောက်ထားသည်မို့ မြွေလေးဘေးအန္တရာယ်မဖြစ်စေအောင် ဆုတောင်းနေကြတော့၏။

“အဘနဲ့အမေ သမီးမပျော်ဘူး။ ဘာလို့လဲမသိဘူး တကယ်ဆို မြွေကြီးကို သမီးမုန်းတယ်လေ ပျော်ရမှာမဟုတ်ဘဲ သတိရနေတယ်။”

“သမီး ခုတော့ သူ့ရဲ့တန်ဖိုးကို သိပြီလား။သူ့ကိုသေစေချင်တာ သူသိသွားတာဖြစ်မယ်။
ဒါကြောင့် အဝေးဆုံးကို ထွက်သွားတာဖြစ်မယ်ကွဲ့”

အမေဖြစ်သူရဲ့ စကားကြောင့် နှင်းသစ္စာချိုပို၍
စိတ်ထိခိုက်ကာငိုမိသည်။ခုမှ မြွေလေးရဲ့ စောင့်ရှောက်ပေးခဲ့ပုံတွေကို သတိရတမ်းတနေတော့သည်။

*********

“နှမတော်လေး ပျော်ရဲ့လား”

ဒန်းကိုလွဲပေးရင်း ပြောလိုက်တဲ့ သူရဲ့စကားကြောင့် နှင်းသစ္စာချို အံ့သြမှင်သက်သွားသည်။

“ဟင် ရှင် ရှင်ကဘယ်သူလဲ…”

“အစ်ကိုတော်လေ နှမတော်ရဲ့အစ်ကိုတော် နန္ဒစည်သူလေ အင်းလေ နှမတော်လေးက
လူ့ပြည်လူ့လောကကို ရောက်သွားတော့
အစ်ကိုတော်ကို ဘယ်မှတ်မိမလဲ။အစ်ကိုတော် သွားရတော့မယ်။နှုတ်ဆက်ပါတယ်။နှမတော်လေး ရွှေစိတ်တော်မညိုးဘဲ ပျော်ပျော်သာ နေနိုင်ပါစေကွယ်။”

“ဟင်အင်း ခဏနေပါဦး”

ရုတ်တရက် မီးခိုးများကြား ပျောက်ကွယ်သွားသည့် သူအား လက်ကလေးကာရင်း မသွားဖို့တားရင်း နှုတ်မှ…

“ဟင်အင်း မသွားပါနဲ့။မသွားပါနဲ့ အစ်ကိုတော် အစ်ကိုတော်”

“သမီး သမီးဘာဖြစ်တာလဲ…”

သမီးဖြစ်သူရဲ့ စူးရှစွအော်ဟစ်သံကြောင့် ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီလည်း ချက်ချင်းအိပ်ရာမှ ထကာ နှင်းသစ္စာချိုအခန်းရှိရာသို့ ရောက်လာပြီး စိုးရိမ်တကြီး မေးကြရှာသည်။

“သမီး သမီးဘာဖြစ်တာလဲ…”

“အဘနဲ့အမေ သမီး အိပ်မက်ဆိုးတွေမက်တယ်။သမီးရဲ့ အစ်ကိုတော်တဲ့။သူက သမီးကို လာနှုတ်ဆက်သွားတယ်။သူသွားတာ့မယ်တဲ့။”

“ဟင်…”

နှင်းသစ္စာရဲ့အိပ်မက်ကို ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီသဘောပေါက်လိုက်လေပြီ။နှင်းသစ္စာကိုတော့ မပြောလို၍ ပြန်အိပ်ရန်ဖြေသိမ့်ပေးခဲ့တော့သည်။

အခန်း(၇)

“သစ္စာရေ သစ္စာ…”

“သမီးဖြိုးငယ်တို့ပါလား လာလေအိမ်ပေါ်ကို”

“မလာတော့ပါဘူး အရီး သစ္စာကို ခေါ်သွားလို့ရမလား အိမ်မှာသူငယ်ချင်းတွေစုံလို့”

“အေးကွယ် ခဏနော်”

“သမီးရေ ဖြိုးငယ်လာခေါ်တယ် လိုက်သွားပါဦး”

“အမေ သမီးမသွားချင်ဘူး”

“သမီး စိတ်ပြေလက်ပျောက်
ခဏလောက်သွားလိုက်ပါ။”

“အင်းပါ ဒါဆိုလည်း လိုက်သွားလိုက်ပါမယ်”

နှင်းသစ္စာချို မျက်နှာမရွှင်မပြနှင့် သူငယ်ချင်းဖြိုးငယ်အိမ်သို့လိုက်သွားလေသည်။ဖြိုးငယ်မှာ ငယ်သူငယ်ချင်းလည်းဖြစ်၍ အိမ်မှ ယုံကြည်စိတ်ချရသူလည်းဖြစ်သည်။ဖြိုးငယ်တို့အိမ်တွင် အခြားသူငယ်ချင်းများမရှိဘဲ ဧည့်သည်အချို့သာရောက်နေလေ၏။

“ဖြိုးငယ် တခြားသူငယ်ချင်းတွေကော”

“ခဏ ငါမေးကြည့်လိုက်ဦးမယ်”

“အမေ စန္ဒာတို့ကော ”

“ကိစ္စရှိလို့တဲ့ ပြန်သွားကြတယ်”

“ဟာ သူတို့ကလည်း…”

“ထားလိုက်ပါ ဖြိုးငယ် ဒါဆိုငါလည်း ပြန်တော့မယ်လေ”

“ခဏလေး လက်ဖက်သုပ်စားသွားဦးလေ”

“ဟင်အင်း မစားတော့ဘူး သွားတော့မယ်။”

“ခဏ…”

“အား…”

ရုတ်တရက် နှင်းသစ္စာချိုရဲ့ ဆံပင်ကိုဖြိုးငယ်လှမ်းဆွဲလိုက်ခြင်းဖြစ်သည်။

“အာ တောင်းပန်တယ်နော်။ငါလောသွားတယ်ဟာ။နာသွားလား။”

“ဟင်အင်း ရပါတယ်ဟာ သွားပြီ။”

နှင်းသစ္စာချိုတစ်ယောက် အိမ်အမြန်ပြန်ကာ
မစားမသောက်အိပ်နေတော့သည်။
ည၁၀နာရီခန့်တွင်…

“အား ပူတယ် ဗိုက်ထဲကပူတယ် အမေ သမီးသေတော့မယ်”

နှင်းသစ္စာချို အော်ဟစ်ငိုနေတော့သည်။

“သမီးဘာဖြစ်တာလဲ။ကျေးလက်ဆရာဝန်သွားပင့်လိုက်ဦးမယ်။သေချာသမီးကိုကြည့်ထားဦး”

“အင်းပါ သမီးဘာမှမဖြစ်ဘူး အမေတို့ရှိတယ်နော်။”

သို့သော် နှင်းသစ္စာ၏ ဝေဒနာသည် ဆရာဝန် သမားတော်အကုန်စုံသွားသည်။လုံးဝမပျောက်ကင်းဘဲ ပိုဆိုးဝါးလာတော့သည်။

အခန်း(၈)

“အစ်ကိုတော်လေးနန္ဒစည်သူ နန်းစင်္ကြာဝတီလေး အခြေနေမကောင်းလှဘူး။ရွာထဲမှာ သိုက်ဆရာလိုလို ဘာလိုလိုရောက်နေတယ်။သိုက်ဆရာတစ်ခုခုနဲ့ပြုစား ချုပ်ကိုင်ထားတယ်
ထင်မြင်မိပါတယ်”

“ဘယ်လိုဖြစ်ရတာလဲ။ အသင်တို့သေချာမစောင့်ရှောက်ဘူးလား။…ကဲသွားတော့ သွားကြတော့”

ညီမဇောနဲ့ သိုက်ဆရာရှိရာသို့ နန္ဒစည်သူမြွေအသွင်ဖြင့်သွားလေသည်။တစ်ဖက်မှာလည်း နှင်းသစ္စာချိုတစ်ယောက် စိတ်နဲ့ကိုယ်မကပ်တော့ချေ။

“မရတော့ဘူး။ဖြိုးငယ်တို့အိမ်လိုက်ပို့ပါ။လိုက်ပို့ပေးကြပါ။”

“ဒီအချိန်ကြီးဘာသွားလုပ်မို့လဲ။”

“ဟင်အင်းမရတော့ဘူး”

နေမကောင်းသည့် နှင်းသစ္စာချိုဖိနပ်ပင်မပါ။ဖြိုးငယ်တို့အိမ်သို့ပြေးသွားတော့သည်။ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီမှာလည်း ဘာမှနားမလည်ဘဲလိုက်လာတော့သည်။

“ဆရာ မြွေ မြွေကြီး”

“အားလုံးငြိမ်ငြိမ်နေကြ စည်းဝိုင်းထဲကထွက်တဲ့သူအသေပဲ”

ဆရာကြီးဆိုသူမှ စည်းဝိုင်းတားကာ အရိုးခြောက်ခေါင်းများ။ပြာမှုန့်များ အစီအရင်မျိုးစုံနှင့်နှုတ်မှလည်း တလစပ် ရွတ်ဖတ်နေလေသည်။
သိုက်ဆရာသည် ဒီည မြွေရောက်လာမည်ကိုကြိုသိ၍ လာရာလှမ်းတွင် အစီအရင်များ ကိုကြိုတင်စီစဉ်ထားခြင်းကြောင့် မြွေလေးကိုလည်း
မီးဖြင့်စည်းဝိုင်းတားလိုက်လေတော့သည်။ထိုအချိန်မှာပဲ နှင်းသစ္စာချိုလည်းရောက်လာလေသည်။

“မင်းရဲ့ သရုပ်မှန်ကို ငါသိတယ်။မင်း ညီမကိုလွှတ်ပေးစေချင်ရင် ဋ္ဌာပနာပစ္စည်းတွေအကုန်လာအပ် ခုမင်းသရုပ်အမှန်ကိုလည်းပြစမ်း”

ချက်ချင်းဆိုသလို မြွေမှ ချောမောလှပသော
လူငယ်လေးတစ်ဦးဖြစ်သွားလေသည်။
ထိုလူငယ်မှာ ရွှေရောင်အဆင်းရှိပြီး ဝင်းလတ်တောက်ပနေ၏။ကုသိုလ်ဘာဝနာပွားများခြင်းကြောင့်ဖြစ်သည်။ ထိုလူငယ်ကိုကြည့်ရင်း နှင်းသစ္စာချိုနှုတ်မှ…

“အစ်ကိုတော်…အစ်ကိုတော်”

ဟုဆိုကာမီးဖြင့် သိုက်ဆရာ ဝိုင်းထားသောစည်းကို ဖျက်လိုက်လေသည်။

“ဟာ ဒီကောင်မလုပ်လို့အကုန်သွားပြီး ကဲကွာသွေးအန်ပြီးသေစေ ငါဆရာအမိန့်”

နှင်းသစ္စာချိုခွေယိုင်ကျသွားကာ အတားအဆီးမဲ့စွာသွေးများအန်လေတော့သည်။

“နှမတော် …”

”သမီးလေး”

ဦးထွဋ်ခေါင်တို့လည်းရောက်လာကာ
နှင်းသစ္စာချိုကိုဖက်ရင်း ငိုနေကြတော့သည်။
နန္ဒစည်သူလည်း အလွန်ဒေါသထွက်ကာမြွေမှ အလွန်ကြီးမားသော နဂါးအသွင်ပြောင်းသွားတော့သည်။ဆရာကြီးရဲ့ တပည့်တွေလည်းကြောက်လန့်ကာထွက်ပြေး၍ စည်းပေါက်သွားလေတော့သည်။

“ဟာ မပြေးကြနဲ့လေ”

“ခင်ဗျားဘယ်ပြေးချင်သလဲ သိုက်ဆရာ သွေးအန်ပြီးသေတာထက်ဆိုးစေရမယ် အား…ပူး…….”

နဂါးအသွင်ဖြင့် ပါးစပ်မှ မီးများမမှုတ်၍ သိုက်ဆရာအရှင်လတ်လတ်မီးသဂြိုလ်ပြီးသားဖြစ်သွားလေတော့သည်။သိုက်တပည့်ရဲ့တပည့်ဖြစ်သူ ဖြိုးငယ်အစ်ကိုအပါအဝင် ဖြိုးငယ်တို့မိသားစုပါ ဘုရားဌာပနာများအား လောဘတက်ခြင်းကြောင့်အဖမ်းခံလိုက်ရသည်။နဂါးကြီးလည်း လူအဖြစ်ဖန်ဆင်းကာ ညီမဖြစ်သူကို ပွေ့ချီ၍ တောနက်ထဲသို့ဝင်သွားလေတော့သည်။ထိုအဖြစ်အပျက်များအပြီးတွင် ဦးထွဋ်ခေါင်နှင့် ဒေါ်နှင်းဆီလည်း ရှိသမျှ စည်းစိမ်ဥစ္စာကို လှူဒါန်းပြီးသာသနာ့ဘောင်သို့ ဝင်သွားခဲ့၏။

**********************

အခန်း(၉)

သာယာလှပသော ဂူကြီးတစ်ခု။
ထိုဂူကြီးထဲတွင် စိန်၊ ရွှေ၊ ငွေ အဖိုးတန်ရတနာများနှင့် ပြည့်နှက်နေသည်။အစိမ်းရောင်လွှမ်းခြုံထားသော ဂူကြီးတစ်ခုလည်းဖြစ်၏။
ကျောက်ကြိုကျောက်ကြားကနေ စိမ့်ထွက်နေသော ရေစက်ရေပေါက်များသည်လည်း သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်များသဖွယ် မြည်ဟီးနေသည်။

“နှမတော်လေး ဒီနေရာကို ကြိုက်ရဲ့လား”

“ဘယ်လိုများမေးလိုက်တာလဲအစ်ကိုတော် နှမတော်လေး ဒီနေရာကို ကြိုက်နှစ်သက်ကြောင်းပါ သို့ပေမယ့် နှမတော်လည်း လူ့ပြည် လူ့လောကက မိဘနှစ်ပါးကို သတိရမိပါတယ်ဘုရား”

“ဟင် နှမတော်လေးရယ် လူ့လောကနဲ့
မပတ်သက်ပါနဲ့တော့ လူ့လောကကြီးက
လူတွေက လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့
မကင်းကြဘူးကွဲ့။အစ်ကိုတော်ရဲ့ ရှေ့တော်မှာ
နောက်နောင် လူ့လောကအကြောင်း မဖွင့်ဟပါနဲ့နှမတော်”

“နှမတော် သိပါပြီ အစ်ကိုတော်
တရားကျင့်ကြံဖို့ရန်သင့်ပြီ ”

“အေးကွယ် သာဓု သာဓု သာဓုပါ နှမတော်”

သို့သော် နန်းစင်္ကြာဝတီတစ်ယောက် တရားရှု့မှတ်၍ မရချေ။လူ့ဘဝက မိဘနှစ်ပါးအကြောင်းကို အောက်မေ့တမ်းတနေမိသည်။
နန်းစင်္ကြာဝတီ တစ်ယောက် တွေးတောနေသည့်အကြောင်းအရာများကို နန္ဒစည်သူ သိနှင့်နေသည်။သို့သော် ပထမတစ်ခါက အမှားမျိုး ထပ်ဖြစ်မည်ကို ကြောက်ရွံ့နေရှာတော့သည်။

*************
“အစ်ကိုတော်လေး နန္ဒစည်သူ ဘုရား
ဒီပုံအတိုင်းဆို အစ်မတော်နန်းစင်္ကြာဝတီလေးအတွက်မကောင်းပါဘူးဘုရား မျက်နှာတော်မရွှင်မပြဖြစ်နေသည်မှာလည်း ရက်လတို့ ကြာညောင်းနေပါပြီ ဒီပုံအတိုင်းဆို အစ်မတော်အတွက် စိုးရိမ်မိပါတယ်ဘုရား”

“အစ်ကိုတော်လည်းသိပါတယ် သို့ပေမယ့် ပထမအဖြစ်အပျက်လို ဖြစ်မှာကို ကြောက်ရွံ့နေမိတယ်ကွဲ့”

ထိုအချိန်မှာပဲ ဝတ်ဖြူစင်ကြယ်နှင့်
အဘိုးရောက်ရှိလာသည်။အဘိုးကို
လက်အုပ်ချီ ဂါရဝပြုရင်း …

”ဘာအမိန့်တော်များရှိလို့ပါလဲ ဘိုးဘိုးဘုရား”

“အင်း…လူ့ပြည်မှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ကျ ပြီ”

“ဘယ်လိုလဲဘုရား သားတော်နားလည်အောင် ရှင်းပြတော်မူပါဦး”

“သားတော်နဲ့ သမီးတော် လူ့ပြည်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် အချိန်ကျရောက်လာပြီ။လူ့ပြည်မှာ သာသနာအကျိုးသယ်ပိုးရန်အတွက်ပေါ့”

“ဘိုးဘိုး တကယ်မိန့်တော်မူတာလားဘုရား သည်အရေးသာ နှမတော်လေး ကြားသိရရင် အလွန်ပီတိဖြစ်လိမ့်မှာ မလွဲဧကန်ပါဘုရား”

“အေးကွဲ့ တစ်ခုတော့မှတ်ထားရမယ် လူ့ပြည်မှာ အိမ်ထောင်ပြုဖို့ရန် မစဉ်းစားဖို့ဘဲ သာသနာအတွက် လွှတ်လိုက်သည်မို့ သာသနာအကျိုးသယ်ပိုးကြလော့ ”

“အမိန့်တော်အတိုင်းပါ ဘိုးဘိုးဘုရား”

အခန်း(၁၀)

နန္ဒစည်သူနှင့် နန်းစင်္ကြာဝတီတို့ နှစ်ဦးစလုံး ရန်ကုန်မြို့ ရှိ သူဋ္ဌေး ဦးနေလရောင် နှင့် သူဋ္ဌေးကတော် ဒေါ်နွယ်နီ တို့ထံတွင် တဖန်ပြန်လည်၍ မွေးဖွားကာ ဘာသာသာသနာအကျိုးများသယ်ပိုးကြရလေသည်။

(၁၈)နှစ်ခန့်ကြာသော်…

”ညီမလေးနှင်းနွယ် မပြီးသေးဘူးလား မြန်မြန်လာ”

“ခဏလေးပါ ကိုကို မိန်းကလေးဆိုတာ
အလှပြင်ရင် တစ်နာရီလောက်ကြာတတ်တယ် ကိုကိုရဲ့”

“အနီးနားဆို ခေါက်လိုက်လို့ နာသွားမယ် မြန်မြန်လုပ် ”

“မသိဘူး ကြာမှာပဲ ”

ကြောင်နှင့်ကြွက်သဖွယ် မောင်နှမနှစ်ယောက် အမြဲလိုလို စနောက်ကျီစယ်နေတတ်ကြသည်။ရန်ဖြစ်လိုက်ပြန်ချော့လိုက်နှင့် တကယ့်ပျော်စရာအတိပင်။ယခုလည်း ကထိန်အလှူအတွက်ပြင်ဆင်နေကြခြင်းဖြစ်သည်။

“ကိုရေ ရှင့်သားနဲ့ သမီးကတော့လေ ကြောင်နဲ့ကြွက်တွေပဲ”

“မင်းကလည်းကွာ ပြောလိုက်ရင် ရှင့်သားနဲ့သမီး ဆိုတော့ မင်းမွေးထားတာမဟုတ်ဘူးလား”

“ဟားဟား ညီမလေးရေ ဒယ်ဒီနဲ့မာမီ ရန်ဖြစ်နေပြန်ပြီ”

“ဟုတ်လား ကိုကို ဒါဆိုလည်း နှင်းက ဒယ်ဒီဘက်က”

“ဒီလိုလား ဒါဆို ကိုကိုက မာမီဘကျက ‌ပေါ့”

“ကြည့်စမ်း ဒီကလေးနှစ်ယောက်ကတော့ မြန်မြန်လုပ် နယ်ကိုသွားရမှာ သိပ်မပြင်ပါနဲ့သမီးရဲ့ ဒယ်ဒီသမီးက မပြင်လဲချောပြီး လှပြီးသားပါ”

“ပြီးပါပြီ သွားလို့ရပါပြီရှင့်”

“ဒါဆို သွားကြမယ်…”

ကထိန်ခင်းသည့် နယ်အရပ်က တောရွာလေးသည် အခြားမဟုတ် အတိတ်ဘဝက နေရာလေးတစ်ခုပင်။သာယာကုန်းရွာ။ပြောင်းလဲတိုးတက်လာသည်မှာ မြန်ဆန်လှသည်။မြို့နှင့် နီး၍ လမ်းပန်းဆက်သွယ်ရေး လွယ်ကူပြီး တစ်ရွာလုံး တိုက်ပိုင်ကားပိုင် အိမ်များပေါများလေသည်။ယခုလို သာယာကုန်းကျေးရွာကို ကထိန်ခင်းဖြစ်ခြင်းမှာ သူဋ္ဌေးနေလရောင်၏ ငယ်သူငယ်ချင်းဖြစ်သူ ဦးဘုန်းလျှံကြောင့်ဖြစ်သည်။ကျောင်းသားဘဝထဲက ခင်မင်ခဲ့ကြသည့်သူတို့ ယခုမှ အဆက်သွယ်ရကာ သူငယ်ချင်းဖြစ်သူ ဦးဘုန်းလျှံ၏ ဇာတိမြေတွင် ကထိန်လာခင်းခြင်းဖြစ်လေသည်။

ပြီးဆုံးခဲ့သော အတိတ်တို့သည်လည်း အမှတ်တရ တစ်စုံတစ်ရာကြောင့် ပြန်လည်နှိုးကြားလာတတ်သည်။သာယာကုန်းရွာသို့ ဝင်လာသည်နှင့် ရောင်နီတို့မောင်နှမနှစ်ယောက် ခံစားမှုတစ်ခုကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။

“ညီမလေး…”

“ကိုကို…”

အိပ်ပျော်နေရာမှ နှစ်ဦးသားတစ်ပြိုင်နက် အော်ဟစ်လိုက်ခြင်းဖြစ်လေသည်။

“ဘာဖြစ်တာလဲ ကလေးတွေ ”

“ထူးဆန်းတဲ့ အိပ်မက် မက်လို့ပါ ဒယ်ဒီနဲ့မာမီ”

နှစ်ဦးသား ပြိုင်တူ ပြောဆိုလိုက်ခြင်းကို မိဘနှစ်ပါး သိပ်တော့ မအံ့သြချေ။အမွှာမောင်နှမတွေမို့ အိပ်မက်ပြိုင်တူမက်သည်ဟု ယူဆလိုက်ခြင်းကြောင့်ဖြစ်လေသည်။

“ဒီကလေးတွေ အိပ်ရေးပျက်ထားတယ်နဲ့တူတယ် ဒယ်ဒီတို့ ခု ကထိန်ခင်းတဲ့ရွာထဲ ရောက်ပြီ ဘုန်းကြီးကျောင်းပဲ တန်းမောင်းနေတာ နားတာတော့ ဒယ်ဒီ့ သူငယ်ချင်း ဘုန်းလျှံအိမ်မှာ နားရမှာပေါ့ ”

“ဟုတ်ကဲ့ ပါ ဒယ်ဒီ”

မောင်နှမ နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စကားချင်းဖလှယ်ခဲ့ကြသည်ကိုတော့ သူတို့နှစ်ဦးသာ သိချေလိမ့်မည်။

အခန်း(၁၁)

“ဘယ်လိုလဲ မင်းတို့နေရထိုင်ရ အဆင်ပြေရဲ့လား”

“ပြေပါတယ်ကွာ တောရွာရဲ့ ဓလေ့စရိုက်ကို နှစ်သက်တာ မင်းလည်းအသိပဲလေကွာ”

“အေးပါ အစစအရာရာအဆင်ပြေရင်ပြီးတာပဲ”

“နောက်နှစ်တွေလည်း ဒီမှာပဲ ကထိန်လာခင်းမယ်”

“ကောင်းတာပေါ့ မြို့ထက် နယ်မှာက လိုအပ်ချက်ပိုများကြတာမဟုတ်လား”

“ဟုတ်တယ် ငါလည်းမင်းရွာ တစ်ခါပဲရောက်ဖူးခဲ့တာ မင်းပြောပြတဲ့ ဇာတ်လမ်းကြောင့် ဒီရွာကို ပိုပြီးစိတ်ဝင်စားခဲ့တာ…”

*****************

“ကိုကို ဒီရွာလေးကသာယာတယ်နော် နာမည်နဲ့လည်းလိုက်တယ်”

“ဟုတ်တယ် ပြီးတော့ညီမလေး ကားပေါ်မှာ ဘာအိပ်မက်မက်တာလဲ”

“ဒီလို ကိုကိုရဲ့…”

“အား”

နှင်းနွယ်တစ်ယောက် အဖွားအိုတစ်ဦးအား ဝင်တိုက်လိုက်မိခြင်းဖြစ်လေသည်။

“ဟင် အဖွားရ ရဲ့လား”

“နှင်းဆီရရဲ့လား”

“ရပါတယ်ကွယ် အဖွားမမြင်လိုက်…ဟင် သမီးနှင်းသစ္စာချို သမီးမေမေ့ဆီပြန်လာတယ်”

အဖွားအိုရဲ့ တုံ့ပြန်မှုကြောင့် မောင်နှမနှစ်ယောက် အံ့သြသွားရသည်။တဖန်…

”မနှင်းဆီ တို့ဆီကို သားနဲ့သမီး ပြန်လာတယ်”

“မေမေ့သားနဲ့သမီး ဝမ်းသာလိုက်တာ မေမေလေ သားနဲ့သမီးကို သတိရနေတာ”

” အဖိုးနဲ့အဖွား လူမှားနေပြီ ကျွန်တော်တို့က
ရန်ကုန်ကနေ ခုမှ ဒီရွာကိုရောက်တာပါ”

“ဟင်အင်း လူမမှားပါဘူးသားရယ် ဘယ်မိဘက ကိုယ့်သားသမီးကို မှားရိုးထုံးစံ ရှိမှာလဲ”

“လာလာ ကိုကို သွားရအောင် ဒီကနေ အမြန်သွားမယ်”

“ဟင်အင်း သားနဲ့သမီးဘယ်မှ မသွားရဘူး”

အဖွားနဲ့အဖိုး ဆွဲထားခြင်းကြောင့် မောင်နှမ နှစ်ယောက် အနေရခက်ကာ…မျက်နှာကို လေပြေတစ်ချက်ဝှေ့ကာ…

”ကိုကို …”

”ညီမလေး…”

မောင်နှမ နှစ်ယောက် ဖြစ်ပျက်ခဲ့သည့် ပုံရိပ်များကို တဖန်မြင်ယောင်လာခဲ့တော့သည်။
ထိုအချိန်မှာပဲ ဦး နေလရောင်နှင့် ဒေါ်နွယ်နီတို့ ရောက်လာတော့သည်။

“သားနဲ့သမီး ဘာဖြစ်တာလဲ”

“ဒယ်ဒီနဲ့မာမီ သားနဲ့သမီးက ဒီအဖွားနဲ့ အဖိုး ရဲ့ သားနဲ့သမီးတွေ”

“ဟာ မဖြစ်နိုင်တာ ”

“လရောင် သူငယ်ချင်း မင်းသားနဲ့သမီးပြောတာတွေက တကယ်ဖြစ်လိမ့်မယ် ဒီကအဖွားနဲ့
အဖိုး ကမင်းကို ပြောပြထားတဲ့ဇာတ်လမ်းထဲက ဦးထွဋ်ခေါင်နဲ့ ဒေါ်နှင်းဆီပဲ မင်းရဲ့သမီးကို မြင်လိုက်ချိန် ငါနှင်းသစ္စာချိုဆိုတဲ့မိန်းကလေးဆိုတာကို သိလိုက်ရတာပဲ ”

“တော်ပြီကွာ လာသားနဲ့သမီး အိမ်ပြန်မယ်”

“ခုချက်ချင်းပြန်ကြမလို့လား နေကြပါဦး”

“မသိဘူးကွာ…လာ သားနဲ့သမီးပြန်မယ်”

***

မောင်နှမနှစ်ယောက်စလုံး သာယာကုန်းကျေးရွာက ပြန်လာကတည်းက ပုံစံပြောင်းလဲသွားကြသည်။မအိပ်မစားနှင့် စကားအပြာအဆိုများလည်း နည်းပါးလာသည်။ဦးနေလရောင်နှင့် ဒေါ်နွယ်နီလည်း ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်
နေခဲ့သည်။နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြသည်။

အခန်း(၁၂)

“သားနဲ့သမီး လာပါဦး”

“ပြောပါဒယ်ဒီ”

“ဒယ်ဒီနဲ့မာမီပြောတာ သေချာနားထောင်ပေးနော် သားနဲ့သမီး ဘာလုပ်မယ်ဆိုတာသိတယ်
ဒါပေမဲ့ ဒယ်ဒီတို့ ခွင့်မပြုနိုင်ဘူး မင်းတို့ကို အိမ်ထောင်ချပေးဖို့ အားလုံးလုပ်ပြီးပြီ ”

“ဟင်အင်း ဒယ်ဒီနဲ့မာမီ သားနဲ့သမီးအိမ်ထောင်မပြုချင်ဘူး ”

“ဒယ်ဒီခွင့်တောင်းနေတာမဟုတ်ဘူး ပြောပြနေတာ ဒယ်ဒီနဲ့မာမီရဲ့ ဆန္ဒကို လိုက်လျောပေးပါ”

“ဟင်အင်း မာမီ ဒယ်ဒီ့ကို ကူပြောပေးပါနော် သမီးတို့ အိမ်ထောင်မပြုချင်ဘူး ”

“မရတော့ဘူးသမီး မာမီတို့စီစဉ်ပြီးသွားပြီ မနက်ဖြန်စေ့စပ်ပွဲလုပ်ကြမယ်”

“မာမီနဲ့ဒယ်ဒီ မတရားဘူးဗျာ…”

***************

“သားတော်လေးနဲ့ သမီးတော်လေး လူ့လောကမှာ သာသနာပြုချိန် ကုန်ဆုံးသွားပြီ ပြန်လာပါတော့”

“မလာလို့မရဘူးလား ဘိုးဘိုးရယ်”

“မရဘူးသားတော် လူ့လောကမှာ သက်တမ်းကုန်ဆုံးချိန်ရောက်ပြီပြန်လာပါတော့…”

“ဒါဆိုလည်း ပြန်လာပါ့မယ် ဘိုးဘိုး…”

“ဟင်အင်း သားနဲ့သမီးမလိုက်သွားရဘူး”

“နွယ် ဘာဖြစ်တာလဲ”

“ကို နွယ်အိပ်မက်ဆိုးတွေမက်နေတယ် သားနဲ့သမီးကို သွားကြည့်ရအောင်”

“အိပ်မက်ပဲကွယ် ဘာဆန်းလို့လဲ”

“မသိဘူး သွားကြည့်ရအောင်နော်”

“အင်းပါ လာ…”

သမီးဖြစ်သူ နှင်းနွယ်ရဲ့ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဦးနေလရောင်နဲ့ ဒေါ်နွယ်နီ တုန်လှုပ်သွားခဲ့ရတော့သည်။ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့်သားနဲ့သမီးရဲ့ အလောင်းအဖြစ်ကျန်ရှိတဲ့ခန္ဓာကိုယ်အားပွေ့ဖက်ရင်း နောင်တများရနေတော့သည်။

“သားနဲ့သမီး ဖြစ်မှဖြစ်ရလေကွယ် ဒယ်ဒီတို့ကို ထားခဲ့ရက်တယ် ဒယ်ဒီတို့နောင်တရပါပြီ ခုလို ထွက်မသွားကြပါနဲ့…”

“ကို သားနဲ့သမီးမသေသေးပါဘူး ဆေးရုံပို့ရအောင်လေ”

“နွယ် သားနဲ့သမီးအသက်မရှိတော့ဘူး”

“ဟင်အင်း သားနဲ့သမီးအသက်ရှင်သေးပါတယ်
ဒီမှာကြည့် သားနဲ့သမီး ကျွန်မကို ပြုံးပြနေတယ်။”

“စိတ်ထိန်းပါနွယ်ရယ် စိတ်ထိန်းပါဦ”‘

“ဟင်အင်း ကျွန်မ စိတ်မထိန်းနိုင်ဘူး ကျွန်မတို့ မေ့ထားတဲ့အရာက လိမ်ညာလို့မရမှန်း ရှင်သိပြီမဟုတ်လား”

“ကိုယ်လည်းနောင်တရနေပါပြီကွာ…”

အခန်း(၁၃)

လွန်ခဲ့သော (၁၉)နှစ်ခန့်…

“ကလင် ကလင်…”

“မြရီရေ ဖုန်းလာနေလို့ လာကိုင်ပေးပါဦး”

“ဟုတ်ကဲ့ မမလေး…”

“ဟယ်လို အမိန့်ရှိပါရှင်”

“………”

”ရှင် ……”

“ဟုတ် ဟုတ်ကဲ့ သိပါပြီရှင့် ”

မြရီ၏ စကားသံဖြင့်မဆုံးသေးချေ။တစ်ဖက်မှ ဖုန်းချလိုက်လေသည်။မြရီတစ်ယောက် တုန်တုန်ရီရီဖြင့် ဘာပြောရမှန်းမသိဖြစ်နေသည်။မမလေးနွယ်နီကို အသိမပေးဘဲ ကိုကိုလေးနေလရောင်ကို အသိပေးမည်ဟန်ပြင်ကာ အိမ်အပေါ်ထပ်ကို တက်မည်အပြု…မမလေးနွယ်နီမှ

“မြရီ ဘာဖြစ်လို့လဲ ဘယ်သူဆက်တာတုန်း”

“ဟို ဟို ဘယ်သူမှမဟုတ်ပါဘူး ကိုကိုလေးဆီဆက်တာပါ”

တုန်တုန်ရီရီဖြစ်နေတဲ့ မြရီအသံကြောင့် နွယ်နီ တစ်ခုခုကိုရိပ်မိလိုက်သည်။မလိမ်တတ်တဲ့ မြရီ လိမ်နေမှန်းကိုလည်း သတိထားမိ၏။မြရီမှာ ၁၃နှစ်အရွယ်ကတည်းက နွယ်နီတို့အိမ်တွင် အိမ်အကူဖြစ်ရောက်ရှိနေသူဖြစ်ပြီး ရိုးသားသည်။မလိမ်ညာတတ်ချေ။ယခု လို တုန်တုန်ရီရီနှင့်ပြောဆိုနေသည့်အပြုအမှုကြောင့် နွယ်နီသတိထားမိသည်တော့ မဆန်းပေ။

မြရီ လိမ်ညာရခြင်းအကြောင်းမှာလည်း နွယ်နီ၏ မီးဖွားခါနီးအခြေအနေကြောင့်ဖြစ်သည်။အမေဖြစ်သူ၏ အခြေနေကြောင့် နွယ်နီ တစ်ခုခုဖြစ်မည်ကို စိုးရိမ်၍ လိမ်လိုက်မိခြင်းဖြစ်၏။သို့သော်လည်းမတတ်နိုင်ချေ။မမလေးဖြစ်သူ နွယ်နီကို လိမ်၍ မရမှန်းသိပြီး အမှန်တိုင်းဖွင့်ပြောရတော့မည်။

“မြရီ ဘာတွေဖုံးကွယ်ထားလဲပြော ”

“ဟိုတောင်းပန်ပါတယ်မမလေးရယ် မြရီ မမလေးတစ်ခုခုဖြစ်မှာ ကြောက်လို့ လိမ်မိတာပါ မြရီကို စိတ်တော့မဆိုးပါနဲ့နော်”

“အမှန်တိုင်းပြောမယ်ဆို မမလေးစိတ်မဆိုးဘူးပြောပြ”

“မမလေးစိတ်ခိုင်ခိုင်ထားနော် ခုနကဖုန်းဆက်တာ မမလေးရဲ့ အစ်ကို ကိုအာကာ မမလေးအမေ ကျန်းမာရေးအခြေနေမကောင်းဘူး အသက်မီချင်ရင် အမြန်လာခဲ့ပါတဲ့”

“ဟင် မေမေ…”

“မမလေး သတိထားပါဦး ”

“ရတယ် သွားနင့် ကိုကိုလေးကိုသွားခေါ်ချေ”

“ဟုတ်ကဲ့ မမလေး”

နေလရောင်တစ်ယောက် ဇနီးဖြစ်သူ၏ ဆန္ဒကို ငြင်းဆန်၍ မရသည်မို့ ခေါင်းညိတ်လိုက်ရသည်။အိမ်ကို မြရီနဲ့ ဒေါ်သင်ဇာထံအပ်ပြီး နွယ်နီရဲ့အမေရှိရာ ရွှေတောင်မြို့သို့ ခုချက်ချင်းသွားဖို့ပြင်ဆင်ရတော့သည်။

အချိန်အားဖြင့် ညနေ(၆)နာရီထိုးချေပြီ။ကောင်းကင်တစ်ခွင်လည်း မှောင်စပြုနေပြီဖြစ်သည်။လေပြေလေညင်းများကလည်း ဖြည်းညင်းစွာတိုက်ခတ်နေ၏။နေလရောင်တစ်ယောက် မသွားမဖြစ်၍ သည်ခရီးစဉ်ကို ထွက်လာရသည်။နေ့စေ့လစေ့ဖြစ်နေသော ဇနီးအတွက် စိတ်ပူနေသည်မှာ သဘာဝမဟုတ်လား။

နွယ်နီဘက်က ကြည့်မယ်ဆိုလည်း မမှားချေ။မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေသည်ကို ဥပေက္ခာမပြုထားနိုင်ပေ။ကိုယ်ကိုယ်တိုင်လည်း မိခင်ဖြစ်လာတော့မည့်အတွက် နွယ်နီမိခင်အတွက်စိတ်ပူနေရုံသာရှိတော့သည်။နေလရောင်လည်း တစ်လမ်းလုံး ဘုရားစာရွတ်ရင်း လမ်းခရီးကို ဆက်နေရ၏။

ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာပြန်သည်။ခရီးမှာလည်း ဇီးကုန်းရွာသို့ ဝင်လာချေပြီ။နောက်သုံးလေးရွာကို ဖြတ်ကျော်ပြီးလျှင် မနွယ်နီအမေဖြစ်သူ ဒေါ်ခင်စိန်၏ ဇာတိ ရွှေတောင်မြို့သို့ ရောက်မည်ဖြစ်သည်။သို့သော် နေလရောင် စိုးရိမ်နေသည့်အတိုင်း ဖြစ်လာခဲ့သည်။

“အား…ဗိုက်နာတယ် ကျွန်မမရတော့ဘူး…”

“ဟင် နွယ်နီ ခဏလေးနော် ဒီအနီးအနားမှာလည်းဆေးရုံရှိမှာမဟုတ်ဘူး လှမောင် ရှေ့နားက လူနေအိမ်မှာသာ ကားရပ်လိုက်”

“ဟုတ်ကဲ့ အစ်ကိုလေး”

လှမောင်မှာ နေလရောင်တို့ရဲ့ လူယုံလည်းဖြစ် ကားဒါရိုက်ဘာလည်းဖြစ်လေသည်။ဇီးကုန်ရွာမှ ကြိုဆိုပါ၏ ဆိုသောဆိုင်းဘုတ်ကို ကျော်လာသည်နှင့် မီးရောင်ပြပြနဲ့ လူနေအိမ်တွေ့သည်မို့ ကားကို ရပ်လိုက်သည်။နေလရောင် ကားပေါ်မှာဆင်းပြီး အကူညီတောင်း၍ ထိုအိမ်မှလည်း ကူညီကြသည်။တောရွာဓလေ့သည် လွန်စွာချစ်စဖွယ်ကောင်းသည်ဟုဆိုရပေမည်။မြို့မှာဆို အကူညီတောင်းလျှင် ရှုပ်ရှုပ်ယှက်ယှက် ဟုဆိုကာငြင်းပယ်တတ်ကြသည်မဟုတ်လား။တောဓလေ့ကတော့ ဖော်ရွေ ကြသည်။ကူညီတတ်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် ကားရပ်လိုက်သော အိမ်မှာ ဒေါ်ပုဟုခေါ်သော လက်သည်တစ်ဦး၏ အိမ်ပင်။တိုက်ဆိုင်လွန်းလှသည့်နမိတ်ဖြစ်၏။ထို့ကြောင့် နေလရောင် အနည်းငယ် စိတ်ချသွားရ၏။နွယ်နီလည်းအခြေနေ သိပ်မကောင်းလှ၍ အခန်းတစ်ခုသို့ပွေ့ချီကာ လိုအပ်သည်များပြင်ဆင်ပေးပြီး အခန်းအပြင်မှ စောင့်နေကြသည်။ထိုစဉ်ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာပြန်၏။

“အူဝဲ…အူဝဲ…”

မိုးထဲလေထဲမှာ မိုးသံများကြားကနေ ကလေးငိုသံထွက်ပေါ်လာသည်မို့ နေလရောင် အပျော်ကြီးပျော်သွား၏။

“မွေးပြီတော့် မွေးပြီ ယောက်ျားလေး ”

“လှမောင် ငါ လူဖြစ်ပြီကွ လူဖြစ်ပြီ”

“အစ်ကိုလေးအတွက် ဂုဏ်ယူပါတယ်ဗျာ”

“အေးပါ လှမောင် ကျေးဇူး”

“ဒါနဲ့ အန်တီကြီး ကျွန်တော့မိန်းမအခြေအနေကော ဘယ်လိုရှိလဲဗျ”

နေလရောင်၏ အမေးကို အထဲမှ ချက်ချင်းမထူးချေ။နေလရောင်တစ်ယောက် စိတ်ပူမှု မြင့်တက်သွားသည်။အဆက်မပြတ် မေးနေသော်လည်း အထဲမှ ထူးသံမကြား ကလေးငိုသံသည်လည်း ရပ်တန့်သွား၍ ပိုပြီးစိတ်ပူကာ အခန်းတွင်းသို့ ဝင်ရန်ကြိုးစားတော့သည်။

“အစ်ကိုလေး ဘာလုပ်မို့လဲ”

“မသိဘူးကွာ မင်းနေခဲ့ ငါဝင်ကြည့်ဦးမယ်”

“ဟာအစ်ကိုလေး…”

ချက်ချင်းဆိုသလို အခန်းတွင်းသို့ နေလရောင် ဝင်လိုက်သည်နှင့် ထူးဆန်းသော မြင်ကွင်းများကို မြင်လိုက်ရသည်။ထိုမြင်ကွင်းမှာ တစ်ခန်းလုံးပြည့်လုနီးပါး မြွေများရောက် ရှိနေခြင်းပင်။မြွေများသည် ရုတ်တရက်အချိန်အတွင်းရောက်ရှိလာပြီး လူတွေကို အန္တရာယ်ပေးခြင်းပြုခြင်းမရှိ။တစ်နေရာနှင့်တစ်နေရာကူးသန်းနေသည်။အားလုံး အံ့သြမှင်သက်စွာ ကြည့်နေကြရင်း…

”တစ်ခုခု လုပ်ကြပါဦးဗျာ ”

“ဘာမှမဖြစ်ပါဘူး ဒီမြွေတွေက လူကိုအန္တရာယ်ပြုပုံ မထောက်ရင် ကောင်းသောလာခြင်းဖြစ်လိမ့်မယ်”

ဒေါ်ပုပြောနေစဉ်မှာပဲ…နွယ်နီဗိုက်နာလာပြန်သည်မို့…

“အပြင်ထွက်ဦး ကြည့်ရတာ ကလေးအမွှာလေးဖြစ်လိမ့်မယ်”

“ဟာ ဒီမြွေတွေ ကြားထဲမှာ ဘယ်လို ထားခဲ့ရမလဲဗျာ”

“ထွက်ပါ ဘာမှမဖြစ်ပါဘူး…”

နေလရောင်လည်း ဒေါ်ပုစကားကြောင့် အပြင်မထွက်ချင် ထွက်ချင်ဖြင့် ထွက်သွားရသည်။မကြာမီအချိန်တွင် ကလေးငိုသံတစ်ခုထွက်ပေါ်လာပြန်သည်။

“အူဝဲ…အူဝဲ…”

“ချစ်စရာသမီးမိန်းကလေးပဲ…”

သမီးမိန်းကလေးဟုကြားလိုက်သည်နှင့် နေလရောင် အတိုင်းမသိ ဝမ်းသာသွားရပြန်သည်။သားလေးတစ်ယောက် သမီးလေးတစ်ယောက်မို့ ပြည့်စုံသွားပြီဖြစ်သည်။ကလေးအနှီးများပြုလုပ်ရန် ဒေါ်ပု၏ အမျိုးသားဖြစ်သူ၏ ပုဆိုးများ ဖြဲပေးသည်။မြွေများသည် ဆက်လက်ရှိနေသည်မို့ စဉ်းစားနေကြစဉ်…ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအို ရောက်ရှိလာပြန်ပါသည်။

“အားလုံး ပြန်ချိန်တန်ပြိီ ပြန်ကြလော့”

ဟုဆိုကာ အဖိုးအို၏ တောင်ဝှေ့ ဝှေ့ယမ်းလိုက်သည်နှင့် မြွေများအားလုံးပျောက်ကွယ်သွားသည်။အားလုံးအဖိုးအိုကို ငြိမ်သက်စွာ ကြည့်နေကြပြန်၏။

“ဒီကလေးနှစ်ယောက်ကို ဂရုစိုက်ကြပါ သူတို့လူ့ပြည်မှာ သာသနာအကျိုးတွေ သယ်ပိုးကြပါလိမ့်မယ်…”

စကားဆုံးသွားသည်နှင့် အဖိုးအိုလည်းပျောက်ကွယ်သွားခဲ့၏။

အခန်း(၁၄)

“ကျွန်မတောင်းပန်ပါတယ် ကျွန်မတို့ ကလေးနှစ်ယောက်ကို အိမ်ထောင်ချမပေးတော့ပါဘူး ကျွန်မသားနဲ့သမီးကို ပြန်ပေးပါ ကျွန်မတောင်းပန်ပါတယ်”

လဲကျနေသော သားနဲ့သမီးရှေ့မှာ ငိုယိုကာ လက်အုပ်ချီလျက် သားနဲ့သမီးမွေးဖွားစဉ် ရောက်လာတဲ့ အဖိုးအား တ ကာကလေးပြန်ပေးရန်တောင်းဆိုနေတော့သည်။သိပ်မကြာခင်မှာပဲ အဖိုးအိုရောက်ရှိလာ၏။

“သင်တို့ ကတိပေးနိုင်လား သူတို့နှစ်ယောက်ကို သာသနာပဲပြုခိုင်းပါ့မယ် စိတ်ဆင်းရဲအောင်မလုပ်ဘူး အိမ်ထောင်မချပေးပါဘူးဆိုတဲ့ကတိ”

ရုတ်တရက်ရောက်လာပြီး ပြောသော အဖိုးအိုကို နှစ်ဦးသား မဆိုင်းမတွ ကတိတွေ အကြိမ်ကြိမ်ပေးလိုက်တော့သည်။ကတိပေးလိုက်သည်နှင့် တစ်ပြိုင်နက် အဖိုးအိုသည် လက်မှ တောင်ဝှေ့ကို ယမ်းကာ လိုက်သည်နှင့် လဲကျနေသော ရောင်နီနဲ့ နှင်းနွယ် စတင်လှုပ်ရှားလာတော့သည်။
မျက်လုံးနှစ်လုံးကိုဖွင့်ပြီး လဲကျနေရာမှ ထကာ အဖိုးအိုကို နှစ်ဦးသား လက်အုပ်လေးချီ၏။

“ကဲ သားတော်နဲ့ သမီးတော် လူ့ပြည်မှာ ဘာသာ သာသနာအကျိုး သယ်ပိုးကြပေလော့ အဘိုးစိတ်ချမယ်”

မောင်နှမနှစ်ဦးလည်း ခေါင်းလေးညိတ်ပြီး ကန်တော့လိုက်သည်နှင့် အဖိုးအို ပျောက်ကွယ်သွားတော့သည်။ဦးနေလရောင်နဲ့ဒေါ်နွယ်နီတို့ နှစ်ဦးလည်း သားနဲ့သမီးရဲ့ ဆန္ဒကို လိုက်လျောခဲ့သည်။သားကြီးဖြစ်သူ ရောင်နီကို ရဟန်းစီးပေး၍ သမီးငယ်နှင်းနွယ်ကို မယ်သီလရှင်အဖြစ် ခွင့်ပြုပေးခဲ့ကြသည်။ရဟန်းဘဝ မယ်သီလရှင် ဘဝဖြင့် သုံးဝါဆိုပြီးနောက်မိသားစုတွေ အတူတကွ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြ၏။သည်လိုနှင့် အရင်လို သာယာတဲ့ ဘဝလေးရ ရှိခဲ့ကြပြန်သည်။

**************************

“ကိုကို…”

“ပြောလေ ညီမလေး…”

“ညီမလေး သာယာကုန်းရွာကိုသွားချင်တယ်
ဖိုးဖိုး ဦးထွဋ်ခေါင်နဲ့ ဖွားဖွား ဒေါ်နှင်းဆီကို တွေ့ချင်လို့”

“အင်း ဒယ်ဒီနဲ့ မာမီဆီ ခွင့်တောင်းကြတာပေါ့”

“ဒယ်ဒီနဲ့ မာမီက ခွင့်ပြုပေးမှာပါနော်”

“အင်းပေါ့ ညီမလေးရဲ့ …”

မောင်နှမ နှစ်ယောက် ခွင့်တောင်းသည်ကို လက်ခံကြသည်။အတိတ်ဘဝက မိဘနှစ်ပါးကို အနားတွင် ခေါ်ထားစေလိုက ခေါ်ထားဖို့ပါ ခွင့်ပြုခဲ့ကြ၏။မောင်နှမနှစ်ယောက်လည်း အပျော်ကြီးပျော်ကာဖြင့် သာယာကုန်းရွာသို့ သွားခဲ့ကြသည်။ရွာကလေးသည် စည်ကားမြဲစည်ကားနေသည်။နေမဝင်ခင် သာယာကုန်းရွာကိုရောက်ကာ ဖခင်ဖြစ်သူ၏သူငယ်ချင်း ဦးဘုန်းလျှံနေအိမ်တွင်းတည်းခိုဖြစ်ကြသည်။ဦးဘုန်းလျှံလည်း နွေးထွေးစွာ ကြိုဆို၏။

“တူလေးနဲ့ တူမလေးပဲ လာတာလား မင်းအဖေနဲ့အမေ မလာကြဘူးလားကွဲ့”

“ဟုတ်ကဲ့ဦးလေး ဒယ်ဒီနဲ့မာမီ အလုပ်ကိစ္စရှိလို့ လိုက်မလာဘူး သားတို့လည်း မနက်ဖြန်ကိစ္စလေးပြီးတာနဲ့ ပြန်မှာ”

“မနက်ဖြန်ပြန်မလို့ဟုတ်လား ဒါနဲ့ ကိစ္စဆိုတာကကော ဘာများလဲကွဲ့…”

“ဟုတ်ကဲ့ သားတို့ ဖိုးဖိုးဦးထွဋ်ခေါင်နဲ့ ဖွားဖွားဒေါ်နှင်းဆီကို အတူခေါ်ဖို့လာခေါ်တာပါ”

ရောင်နီ၏ စကားကြောင့် ဦးဘုန်းလျှံတစ်ယောက် ဝမ်းနည်းဝမ်းသာဖြစ်သွားရ၏။ဦးဘုန်းလျှံ၏ အပြုအမူကိုလည်း မောင်နှမနှစ်ယောက် ရိပ်မိလိုက်သည်။

“ဦးလေး ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းပါလား”

“အေးကွယ်…မင်းတို့ အလာကောင်းပေမဲ့ အခါနှောင်းတယ်ပြောရမလား ဝမ်းသာရမလား ဝမ်းနည်းရမလား ဦးလေးဖြင့် မသိတော့ပါဘူးကွာ”

“ဟင်…ဘာဖြစ်လို့လဲ ဦးလေး”

“အင်း…အဲ့ဒီနေ့က မင်းတို့ပြန်သွားကတည်းတာနဲ့ ဒေါ်နှင်းဆီ သွေးစောင့်တက်ပြီး အဲ့နေရာပဲ သေသွားခဲ့တယ်”

“ဗျာ…”

“ရှင်…”

မောင်နှမ နှစ်ယောက် အာမေဋိတ်အသံများဖြင့် ဘာမှဆက်မမေးနိုင်ရှာပေ။ဦးဘုန်းလျှံမှ ဆက်ပြီး…

”ဦးထွဋ်ခေါင်ကတော့ ရွာဦးဘုန်းကြီးကျောင်း ဘုန်းကြီးအဖြစ် သာသနာပြုနေလေရဲ့ ပြီးတော့ သိပ်ပြီးစိတ်မကောင်း မဖြစ်ပါနဲ့ကွယ်…အရာရာဟာ ဖြစ်ပျက်သဘောပါပဲ ဖြစ်ပြီးရင် အပျက်မှာ ဓမ္မတာမဟုတ်လား တရားနဲ့ဖြေရမှာပေါ့…”

“ဟုတ်ကဲ့ပါ…ဦးလေး ကျွန်တော်တို့လည်း နောက်မှအဖြစ်အပျက်တွေအကုန်သိခဲ့ရတယ် ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ ကဲပါ ညီမလေးလည်း စိတ်မကောင်းမဖြစ်နဲ့နော် ဒီနေ့နားပြီး မနက်ဖြန် ပြန်ကြတာပေါ့”

“ဖိုးဖိုးကို သွားခေါ်မယ်လေ”

“ညီမလေး ဖိုးဖိုးက တရားရိပ်မှာပျော်မွေ့နေလောက်ပါပြီ မနက်ဖြန် သွားကန်တော့ပြီး ပြန်ကြတာပေါ့”

“အင်းပါ ကိုကို…ရယ်…”

မောင်နှမနှစ်ယောက် ထိုညမှာ ဦးဘုန်းလျှံ
အိမ်တွင် အနားယူအိပ်စက်ကြ၏။စိတ်ထဲတွင်တော့ ဝမ်းနည်းမှုများအပြည့်ဖြင့် အိပ်မောကျသွားကြသည်။

အခန်း(၁၅)

“သားနဲ့သမီး…ထပါဦး ငမိုက်သားတွေ ဘုရားကြေးဆင်းတုတော်တွေကို ခိုးနေကြတယ်”

“မေမေ…”

မေမေဟူသော အသံနှင့်အတူ မောင်နှမနှစ်ယောက် အိပ်နေရာမှ လန့်နိုးသွားသည်။တစ်ပြိုင်နက်အိပ်မက်မက်နေသည်မို့ ဦးဘုန်းလျှံအား လူစုပြီး ဘုရားဘက် လာခိုင်းကာ မောင်နှမနှစ်ယောက် ဦးစွာ ရွာဦးစေတီသို့ ထွက်လာကြသည်။
အိပ်မက်ထဲကအတိုင်း တကယ်ဖြစ်နေ၏။ဘုရားကြေးဆင်းတုများကို ကားတစ်စီးပေါ်သို့ လူတစ်စုသယ်ဆောင်နေကြသည်။

စုစုပေါင်း လူ၆ယောက်ဖြစ်သည်။
မျက်နှာဖုံးများစွပ်ထားကြပြီး လက်နက်အပြည့်အစုံပါကြသည်။ဦးဘုန်းလျှံတို့ကိုစောင့်နေချိန် ကားမောင်းထွက်သွားမည်ဆိုး၍ မောင်နှမနှစ်ယောက်အချိန်ဆွဲရန်ပြင်ဆင်၏။အဖိုးအိုကို တ ပြီး
သိုက်မြွေများစေလွှတ်ခိုင်းသည်။ချက်ချင်းဆိုသလို မြွေများရောက်လာပြီး လူတွေကိုပေါက်ကြ၏။ခေါင်းဆောင်ဖြစ်ဟန်တူသူမှ ကားမောင်းပြီးထွက်ပြေးမည်အပြု ရောင်နီ ကားပေါ်ကနေဆွဲချလိုက်သည်။ထိုသူမှာလည်း ရောင်နီအားသေနတ်ဖြင့်ပစ်လိုက်၏။

“ဒိုင်း..”

“ရပ်…”

သေနတ်သံ၏အဆုံးတွင် ရောင်နီတစ်ယောက် သွေးများယိုစီးကာ ထိုနေရာမှပဲ လဲကျသွားတော့သည်။နှင်းနွယ်လည်း လက်ထဲတွင် ကိုင်ထားသော အုတ်နီခဲဖြင့်သေနတ်ကိုင်ဆောင်ထားသည့် လူကြီးကို ထုထည့်လိုက်ပြီး လဲကျသွားသော အစ်ကိုဖြစ်သူ ရောင်နီအားပွေ့ဖက်လိုက်သည်။ထိုအချိန် ဦးဘုန်းလျှံနဲ့ ရွာသားများရောက်လာကာ ရောင်နီကိုဆေးရုံတင်ကြ၏။

“ကိုကို သတိထားဦး မျက်လုံးမပိတ်နဲ့နော် …”

အစ်ကိုဖြစ်သူကို မျက်လုံးမပိတ်ဖို့ အားတင်းဖို့ပြောရင်း တွဲထားသောလက်ဖြုတ်သွားသည်။ခွဲစိပ်ခန်းသို့ ဝင်သွားသည်နှင့် ဘုရားစာများသာ တ နေ၏။မိဘများဖြစ်တဲ့ ဦးနေလရောင်နဲ့ ဒေါ်နွယ်နီတို့လည်းရောက်ရှိလာခဲ့သည်။

“သမီး ဘယ်လိုဖြစ်ရတာလဲကွယ်…သမီးကောအဆင်ပြေရဲ့လား”

“ပြေပါတယ်ဒယ်ဒီနဲ့မာမီရယ် သွေးလိုတယ်ဆိုလို့ သမီးသွေးထုတ်ပေးတာတောင် ခုထိ ကိုကို သတိမရသေးဘူး ဧည့်သည်လည်းတွေ့ခွင့်မပေးဘူး”

“သမီးရယ် သမီးကိုကို အဆင်ပြေသွားမှာပါ သမီးကိုတစ်ယောက်တည်း မထားခဲ့ဘူးဆိုတာ ယုံပါ”

“ဒီက လူနာရောင်နီရဲ့ အုပ်ထိန်းသူတွေထင်တယ်”

“ဟုတ်ပါတယ် ကျွန်တော့ သားလေးအခြေနေသိပါရစေ”

“ဟုတ်ကဲ့ လူနာက သတိရနေပါပြီ သွားတွေ့လို့ရပါပြီ”

“ကျေးဇူးတင်ပါတယ် ဒေါက်တာ…”

ရောင်နီတစ်ယောက် ရှပ်ထိသွားသော ဒဏ်ရာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ဘုရားဆင်းတုတော်ခိုးပြီးမှောင်ခိုလုပ်နေတဲ့ ဂိုဏ်းကိုလည်း ဖမ်းဆီးရမိခဲ့တယ်။လူ့လောကမှာ ခုလို ငရဲမကြောင့်သည့် လူများရှိနေသ၍ လောကကြီးက အမှောင်တွေဖုံးလွှမ်းနေမှာ ဧကန်ပင်။ရောင်နီ ဆေးရုံမှာ(၁၅)ရက် ကြာပြီးနောက် ဆေးရုံက ဆင်းရသည်။

မိသားစု ပျော်ပျော်ရွှင်ရွှင်ဖြင့် သာသနာအကျိုးသယ်ပိုးကြ၏။သာယာကုန်းရွာတွင် နဂါးရုံဘုရားတည်သည်။မိဘမဲ့ကလေးများအတွက် တစ်သက်တာအကျွေးအမွေး၊ ဘိုးဘွားရိပ်သာ များအတွက် တစ်သက်တာအကျွေးအမွေး စသဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ကြသည်။မိဘတွေရဲ့ လုပ်ငန်းကို မောင်နှမနှစ်ယောက် ဦးဆောင်ပြီး လက်တွဲညီညီ ဆောင်ရွက်ကြ၏။

အခန်း(၁၆)

“ကိုကို…”

“ညီမလေး ဘာပြောမို့လဲ ပြောလေ”

“ဒီနေ့ တနင်္ဂနွေလေ စျေးဝယ်သွားမို့ ကိုကိုလိုက်ခဲ့ပေး”

“ဒီနေ့တော့ ညီမလေးပဲ သွားတော့နော် ဦးလှမောင်ကို ခေါ်သွား ကိုကို လချုပ်စာရင်းတွေ စစ်စရာရှိတယ်”

“ဟာ ကိုကိုကလည်း ”

“ကလေးလေးလည်းမဟုတ်တော့ဘူး သွားနော် မဆိုးနဲ့တော့ ညကျမှ ကိုကိုဟော့ပေါ့ လိုက်ဝယ်ကျွေးမယ်”

“ကိုကိုတကယ်ပြောတာနော်”

“ကိုကို ဘယ်တုန်းက ညာပြောဖူးလို့လဲ”

“ဟုတ်ပါ ဒါဆို ညီမလေးတစ်ယောက်တည်းပဲသွားတော့မယ် ဦးလေးလှမောင်မရှိဘူး မေမေ့ကိုစျေးလိုက်ပို့ပေးနေတယ်လေ”

“အင်းပါ ဒါဆို ကားဖြည်းဖြည်းမောင်းနော် မကြာစေနဲ့ မြန်မြန်ဝယ် မြန်မြန်ပြန်လာခဲ့”

“ဟုတ်ကဲ့ပါရှင့်…”

နှင်းနွယ်လည်း ကားကိုမောင်းရင်း သီချင်းတစ်အေးအေးနဲ့ ထွက်သွားတော့သည်။

**********

အချိန်အားဖြင့် ညနေ၇နာရီထိုးချေပြီ။နှင်းနွယ် အိမ်ပြန်မရောက်သေး။ဖုန်းဆက်ကြည့်ပြန်သော်လည်း စက်ပိတ်ထား၏။

“ဒယ်ဒီနဲ့ မာမီ တစ်ခုခုတော့လွဲနေပြီ ညီမလေးဖုန်းစက်ပိတ်ထားတယ်”

“ဟုတ်တယ်သားရယ် သမီးခုချိန်ထိ အပြင်မှာ မနေဖူးပါဘူး”

“သားစိတ်ပူနေပြီ ဒယ်ဒီနဲ့မာမီ”

“သား မင်းညီမလေးမှာ ချစ်သူရှိနေမလား”

“ဟင်အင်းမာမီ ညီမလေးမှာ ချစ်သူမပြောနဲ့ ယောက်ျားလေးသူငယ်ချင်းတောင်မရှိဘူး”

စိတ်ပူစွာ အိမ်တွင် နှင်းနွယ်ပြန်လာချိန်ကိုသာစောင့်နေရတော့သည်။ထိုအချိန်မှာပဲ…

“ကလင် ကလင်”

“ဘယ်ကဖုန်းလာနေပြန်ပြီလဲ မသိဘူး မြရီရေ မြရီ”

“ထားလိုက်မာမီ သားသွားကိုင်လိုက်မယ်”

“အေးအေး သား…”

“ဟယ်လို”

“ကိုကို ညီမလေးကို ကယ်ပါဦး ညီမလေးကြောက်တယ်ကိုကို …”

ညီမဖြစ်သူ၏ အသံကို ကြားသည်မို့ ရောင်နီ စိတ်ပူထူသွားတော့သည်။

“ညီမလေးမကြောက်နဲ့ ညီမလေးဘာမှမဖြစ်စေရဘူးနော် ကိုကိုရှိတယ်”

“အလွမ်းသယ်မနေကြနဲ့ ငါပြောတာသေချာနားထောင် မင်းညီမ မှဲ့တစ်ပေါက်တောင်မစွန်းစေချင်ရင် သိန်း(၁၀၀၀)ယူပြီး မြို့ပြင်က ဆန်စက်ရုံအဟောင်းကို ည(၉)နာရီတိတိ လာခဲ့ ရဲပါလာမယ်ဆိုရင်တော့ ဘာဖြစ်မယ်ဆိုတာ ကြိုတွေးထားပေါ့ကွာ…ဟား…ဟား…”

ပြောချင်တာပြောပြီး တစ်ဖက်မှ ဖုန်းချသွားသည်။ရောင်နီရွေးချယ်စရာမရှိတော့ချေ။သူတို့ ချိန်းသောနေရာကို ငွေအချိန်မီ သွားပေးဖို့ရန်သာရှိသည်။မိဘများကို အချိန်အနည်းငယ်ကွာ၍ သက်ဆိုင်ရာ ရဲများနှင့်လိုက်ခဲ့ဖို့ပြောရင်း ငွေနှင့်အတူ ချိန်းထားသောနေရာကို တစ်ယောက်ထဲထွက်သွားခဲ့တော့သည်။အချိန်မှာ ညအမှောင်ကြီးစိုးခါနီးအချိန်ဖြစ်သည်။ဆန်စက်အဟောင်းရုံဖြစ်၍ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။အပ်ချသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။စက်ဆန်အဟောင်းအရှေ့ရောက်သည်နှင့် ကားစက်ရပ်ကာ ကားပေါ်က ဆင်းလိုက်သည်နှင့် အရပ်အမောင်း‌‌ကောင်းကောင်း တက်တူးအပြည့်နှင့် လူနှစ်ယောက်ထွက်လာသည်။ပတ်ဝန်းကျင်အခြေအနေကြည့်ပြီး ရောင်နီနားချဉ်းကပ်လာသည်။

“ငွေပါလား…”

“ပါတယ် ညီမလေးဘယ်မှာလဲ”

“အထဲမှာ ရှိတယ် လိုက်ခဲ့”

ဆန်စက်အဟောင်းထဲသို့ ရောင်နီ အလိုက်သင့် လိုက်သွားသည်။မီးများထိန်ထိန်လင်းအောင်ထွန်းထားသည်။ဆန်စက်ဂိုထောင် အဟောင်းဆိုသော်လည်း ကွန်တိန်နာ များအပြည့်ရှိနေ၏။အထဲသို့ အနည်းငယ်ဆက်လျှောက်သွားသည်နှင့် နှင်းနွယ်ကိုတွေ့ရသည်။မျက်နှာကို အုပ်ထားကာ ခုံတွင် ကြိုးတုပ်ထားသည်။

“ညီမလေး…”

“ကိုကို …”

“ညီမလေးမကြောက်နဲ့ ကိုကိုရောက်ပြီနော်”

“စိတ်မကောင်းစရာပါလား သိပ်ချစ်တဲ့ မောင်နှမနှစ်ယောက်ကို မခွဲရက်ပါဘူးကွာ”

ကျောပေးရာမှ မျက်နှာလှည့်လိုက်သော အမျိုးသမီး ကြောင့် ရောင်နီပို၍ အံ့သြတုန်လှုပ်သွားတော့သည်။

“ဒေါ်သူဇာ…”

“ကောင်လေး ဘယ်ဆိုးလို့လဲ မှတ်ဥာဏ်ကောင်းသား ငါက ဥာဏ်ကောင်းတဲ့ သူဆို သဘောမကျဘူးကွ”

“ခင်ဗျားဗျာ ငွေကြေးချမ်းသာရက်နဲ့ ဘာလို့ ခုလိုလုပ်တာလဲ”

“ခုက ငွေကြေးမဟုတ်ဘူး ဂုဏ်သိက္ခာအတွက် ရန်ကြွေး”

ဒေါ်သူဇာမှာ အသက်(၃၅)ဝန်းကျင် ငွေကြေးချမ်းသာသူတစ်ဦးဖြစ်ပြီး ကုမ္ပဏီ ပေါင်းများစွာပိုင်ဆိုင်ထားသူဖြစ်သည်။ရောင်နီတို့ ကုမ္ပဏီနှင့် ပြိုင်ဘက်များလည်းဖြစ်သည်။အရေးကြီးသည့် ပရောဂျက်တစ်ခုတွင် ရောင်နီတို့ အနိုင်ရရှိသွားပြီး ဒေါ်သူဇာသိန်းပေါင်းများစွာ ဆုံးရှုံးသွားရသည့်အပြင် ဝေဖန်တိုက်ခိုက်မှုများကြောင့် အမျိုးသားလည်းအရှက်ရပြီး သေဆုံးခဲ့သည်။သည်အတွက် လက်စားချေရန် ညီမဖြစ်သူနှင့် ရောင်နီကို မြှားခေါ်ခဲ့ခြင်းဖြစ်လေသည်။

“ဒါဆိုလည်း ကျွန်တော့်ကို သတ်ချင်သတ်ပါ ညီမလေးကိုပြန်လွှတ်ပေးပါနော်”

“မသနား တတ်ဘူး ဟိတ် နှစ်ယောက်လုံးသတ်လိုက်”

“အား…”

“ကိုကို…”

“ညီမလေး…”

မောင်နှမနှစ်ယောက်စလုံး သေနတ်ဖြင့် အပစ်ခံရပြီး ထိုနေရာမှာပင်။လဲကျသွားခဲ့သည်။

“ကဲ အလောင်းတွေကို ကွန်တိန်နာထဲထည့်လိုက် နယ်စပ်ရောက်မှ ပစ်ချခဲ့မယ် ကားတွေထွက်ဖို့အသင့်ပြင်…”

မောင်နှမနှစ်ယောက်စလုံးကို ကွန်တိန်နာထဲသို့ ထည့်လိုက်ကြသည်။ကွန်တိန်နာထဲတွင် မှောင်ခိုပစ္စည်းများ အဖမ်းဆီးခံထားရသည့် မိန်းကလေးများစွာရှိနေသည်။ကွန်တိန်နာများကို ကားပေါ်တင်ပြီး ကားထွက်မည်အပြု ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့မြွေများရောက်လာပြန်သည်။အားလုံးကြောက်လန့်တကြား ထွက်ပြေးကြစဉ် ရဲများရောက်လာပြီး ဖမ်းဆီးနိုင်ခဲ့သည်။ရောင်နီနဲ့ နှင်းနွယ်မောင်နှမနှစ်ယောက်ကတော့ ခေါင်းကိုမှန်တဲ့ ကျည်ဆံကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။သူတို့နှစ်ဦးသေဆုံးမှုနဲ့အတူ မှောင်ခိုပစ္စည်းအမြောက်အမြားနှင့် လူကုန်ကူးခံရသော မိန်းကလေးများကို လက်တင်ကယ်နိုင်ခဲ့တော့သည်။

*******************
အခန်း(၁၇)

“အစ်ကိုတော် နှမတော်တို့ဘဝက ဒီလိုပဲ သံသရာလည်နေတော့မှာလားဟင်”

“စိတ်ညိုးနွမ်းစေမဲ့ အတွေးတွေ မတွေးပါနဲ့ နှမတော် အစ်ကိုတော်တို့က နောင်ဖွင့်မည့်အရိမေတ္တယျ ဘုရားလက်ထက်မှာ လွတ်မြောက်ကြလိမ့်မယ် ခုအချိန်ကာလမှာ ဘာသာသာသနာကို စာင့်ရှောက်ကြရမှာ အစ်ကိုတော်တို့ တာဝန်ပဲ နှမတော်”

ဒီလိုနဲ့ နန္ဒစည်သူနှင့် စောနန်းစင်္ကြာဝတီတို့ ဘာသာသာသနာအကျိုးကို ဆက်လက်သယ်ပိုးခဲ့ကြတော့သည်။

*******************

သိုက်ဟုပြောလိုက်သည်နှင့် မယုံကြည်သူများ သရော်ချင်သူများပေါများလှသည်။သိုက် (၂)မျိုးသာရှိသည်။သာသနာတော်စောင့် နတ်မင်းကြီးများအမိန့်အရ သာသနာအတွက် အထောက်အပံ့ ဖြစ်စေမည့် ရတနာများ၊ ကျမ်းများကို စောင့်ကြပ်ရသည့် သမာဒေဝ အနွယ် ဂုမ္ဘဏ်၊ ဘီလူး၊ နဂါး၊ ဂန္ဓဗ္ဗသိုက်များနှင့် မိမိပစ္စည်းဥစ္စာကို သေခါနီးစွဲလမ်းစိတ်ကြောင့် သေလွန်သောအခါ ပြန်စောင့်ရသည့် ဝေမာနိက ပေတ သိုက်များဟူ၍ ဖြစ်သည်။

ဥပမာ။ ။ လူအများနှင့်မစိမ်းသော ရွှေကြက်ယက်သိုက်၊ ရွှေစက်တော်သိုက်၊ စောမွန်လှသိုက်စသည်တို့သည် သမာဒေဝအနွယ် သိုက်များဖြစ်သည်။ ထိုသိုက်များသည် မိမိပေးလိုသည်ကို ပေးချင်တိုင်းပေး၍ မရကြချေ။သူတို့သည် ဘာသာ သာသနာအတွက်သာဖြစ်သည်။၄င်းသိုက်များသည် ကတိသစ္စာနှင့်အလုပ်လုပ်ကြသည့် သိုက်များဖြစ်၍ တန်ခိုးစွမ်းအားကြီးမားသော သိုက်များဖြစ်သည်။

ပစ္စည်းဥစ္စာများကို စွဲလမ်း၍ သေဆုံးသွားသောသူများသည် ဥစ္စာစောင့်သိုက်များဖြစ်၏။ကိုယ်ပိုင်သိုက်များဖြစ်သည့်အတွက် မိမိပေးလိုသည်ကို ပေးနိုင်ကြသည်။အလှည့်အပတ် ပရိယာယ်လည်း ကြွယ်ဝကြပြီး တချို့ဆို လူစားလဲခြင်းများ ပြုလုပ်နိုင်ကြသည်ဟူ၍ ကြားဖူးကြပေလိမ့်မည်။

၄င်းသိုက်များသည် ဝေမာနိက ပေတသိုက်များဟု ခေါ်ဆိုထိုက်သည်။သာသနာနှင့် ပတ်သက်သော သိုက်များမှ ဝင်စားသော လူများနှင့် ပြင်ပ ကိုယ်ပိုင်သိုက်များမှ ဝင်စားသော သူများ၏ ဟိတ်ဟန် အဆင့်အတန်းသည် များစွာ ကွာခြားကြ၏။သိုက်အမျိုးအစား နှစ်မျိုးလုံးသည် မိမိသိုက်မှ လူ့ဘဝသို့ လာသောသူများကို စောင့်ရှောက်ကြသည်။သို့သော် အားလပ်ချိန်မှသာ အနီးကပ်စောင့်ရှောက်နိုင်သည်ကိုလည်း သိရ၏။

မိမိသိုက်မှ လူအား စုန်း၊ ကဝေ၊ အောက်လမ်းပညာရှင်များက နှောင့်ယှက်သည့်အခါ၊ အခြားမိစ္ဆာများက နှောင့်ယှက်သည့်အခါ သာသနာနှင့်ပတ်သက်သော သိုက်များမှ သိုက်နန်းရှင် (သို့မဟုတ်) သိုက်ချုပ်များက ကာကွယ်ပေးနိုင်ကြသည်။ထို့အပြင် အတတ်ပညာအောက်လမ်းပညာရှင်တို့က နှောင့်ယှက်သည့်ဝေဒနာများကိုလည်း ဖယ်ရှားပေးနိုင်သည်ကိုတွေ့ရသည်။

ပြင်ပသိုက်များကမူ မိမိတို့လူ့ဘဝက ကံအတိုင်း တန်ဖိုးကြီးသေး ကွာခြား၍ လောကီအတတ်ပညာရှင်တို့၏ အန္တရာယ် အား ကာကွယ်ပေးနိုင်သူရှိသလို မကာကွယ်နိုင်သည်လည်းရှိကြသည်။ရံဖန် ရံခါ ၄င်းတို့ပါ အချုပ်အနှောင်ခံရတတ်သည်ဟုလည်း သိရသည်။

ကျွန်မ မိတ်ဆွေတစ်ဦးသည် ဘောဂဝတီသိုက်မှဖြစ်၍ နဂါးအဆက်ရှိသူဖြစ်သည်။၄င်းအား (၃၇)မင်း နတ်ကိုပင် ခိုင်းစေနိုင်သော ကဝေ၏ နှောင့်ယှက်မှု ခံရသည့် အခါ ထိုသိုက်မှ
နဂါးဒေဝီတစ်ပါးက ကူညီဖယ်ရှားအေးခဲ့သည်ကိုလည်းတွေ့ဖူးသည်။စိတ်ထက် ဒေါသကြီးသော သိုက်စောင့်များသည် ၄င်းအတတ်ပညာရှင် အောက်လမ်းပညာရှင်တို့ အောက်လမ်းနည်းဖြင့်
ပြုစားသူများကို သွားရောက်တန်ပြန် ဒုက္ခပေးတတ်သည်ကို မြင်တွေ့ဖူး၏။

မည်သို့ပင် ဆိုစေကာမူ ကျွန်မတို့ လူ့လောက
ကြီးတွင် ထူးဆန်းသောဖြစ်ရပ်များ၊ သဘာဝလွန်ဖြစ်ရပ်များ၊သိပ္ပံပညာရှင်များ လက်တွေ့မပြသနိုင်သော အရာများစွာရှိသည်ကို လက်ခံကြရပေလိမ့်မည်ဖြစ်သည်။

ပြီးပါပြီ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ
စုသစ္စာ(ဓနုဖြူ)