သိုက်နန်းရှင်ရဲ့ ကလဲ့စား (စ/ဆုံး)
——————————-
“မြရီရေ. မြရီ”
အိမ်ရှေ့က ခေါ်သံကြား၍ မမြရီ ထသွားလိုက်သည်။ ကိုထွန်းအောင် နောက်က တန်းလိုက်လာသည်။
“ဟင်”
အိမ်ရှေ့က မြင်ကွင်းကြောင့် နှစ်ယောက်လုံး အံအားသင့်သွားကြသည်။ ကုလားမတစ်ယောက်၊အဝါရောင်ဆာရီ ခြုံထား သည်၊ လက်ထဲမှာ ကလေးလေးနှင့်၊
ဆင်ဖြူတော်ကြီးစီးလာသည်။ မမြရီတို့လင်မယားနှစ်ယောက် အံ့အားသင့်နေတုန်း
“ထွန်းအောင် မြရီ ၊နင်တို့ ဒီကလေး ယူမလား”
ကုလားမက ဆင်ပေါ်က ဆင်းလာပြီး မေးသည်။ ကလေးလေးကို ရှေ့တိုးပြသည်။
“ဟယ် ကလေးလေးက ချစ်စရာလေးတော့၊ ကိုထွန်းအောင် ဒီမှာကြည့်စမ်း”
နောက်က ယောက်ျားဖြစ်သူကိုပါ ခေါ်ပြသည်။
“ဟုတ်ပ ကလေးက ဝဝကစ်ကစ်လေးဟ”
ကိုထွန်းအောင်ကပါ ထောက်ခံနေသည်။
“ယူမှာလား မြရီ”
ကုလားမကြီးက မေးတော့ မမြရီ ဝမ်းသာအားရ ခေါင်းညိမ့်ပြသည်။ ကုလားမကြီးက ကလေးကို ကမ်းပေး၍
“ငါ့ကို လူစားတစ်ယောက် ပြန်ထည့်ပေးရမယ်”
မမြရီ ဝမ်းသာအားရ ကလေးကိုချီနေရင်း လူစားဆိုတာ နားမလည်။ အလုပ်လုပ်ခိုင်းဖို့ ခေါ်သည်ထင်၍
“ကိုထွန်းအောင် ရှင်လိုက်သွားလေ၊သူက ဘာခိုင်းမလဲမသိဘူး၊ကလေးလေးတောင် လာပေးထားတာ၊သူခိုင်းတာသေချာ လုပ်ပေးလိုက်နော်”
ကလေးကိုကြည့်နေသော ကိုထွန်းအောင်ကိုလှမ်းပြောတော့ ကိုထွန်းအောင်က
“အေးပါ”
လို့ပြောရင်း ဆင်ဖြူတော်နောက်က လိုက်သွားသည်။
ကုလားမကြီးက သွားခါနီး စကားတခွန်းပြောခဲ့သည်။
“သူက နင်တို့ကို ချမ်းသာအောင်လုပ်ပေးလိမ့်မယ်၊ ဒါပေမယ့် သူ့မှာဝဋ်ကြွေးတွေဆပ်စရာရှိလို့ လူ့ပြည်လွှတ်တာ၊နင်တို့ ကောင်းရင် ငါတို့့က ကောင်းပေး မယ်”
ပြောပြီး ဆင်ဖြူတော်နှင့်ထွက်သွားတော့သည်။ ကိုထွန်းအောင်က သူ့နောက်က လိုက်သွားတော့သည်။ မမြရီ သူပြောသွားတာတွေ နားမလည်ချေ။ ကလေးလေးကို မြှူရင်းကျန်ခဲ့သည်။ဗဟုသုတမရှိရှာသော မမြရီ တစ်ယောက် ဘာမှနားမလည်ရှာ…
“ကလေးလေးက ချစ်စရာကောင်းလိုက်တာ”
ကိုထွန်းအောင် အသံကြား၍လှည့်ကြည့်တော့ မမြရီ အိပ်ရင်း ယောင်နေသည်။
“မြရီ မြရီ”
ကိုထွန်းအောင် လှုပ်နှိုးတော့
“အင်”
မမြရီ အိပ်ချင်မူးတူးထလာသည်။
“ကလေးလေးရော”
မမြရီမေးတော့
“ဘယ်က ကလေးလဲ”
ကိုထွန်းအောင် ဘေးဘီကိုလှည့်ကြည့်၍ မေးသည်။
“အာ အိပ်မက်မက်နေတာပဲ၊အိပ်မက်က ထူးဆန်းတယ်တော့……..”
မမြရီ က ကိုထွန်းအောင်ကို အကြောင်းစုံရှင်းပြလိုက်သည်။
“ဒါပေမယ့် သူတို့ကဘာတွေလဲ မသိဘူးနော်၊ ကုလားမကြီးက ရွှေတွေကို ညွတ်နေတာပဲ ဝတ်ထားတာ”
“အေးပါ အေးပါ ပြန်အိပ်တော့၊ဘာကို စိတ်စွဲပြီး မက်လဲမှမသိတာ၊ပြန်အိပ်တော့”
ကိုထွန်းအောင်က ပြောတော့ မမြရီ အိပ်ယာထဲပန်လှဲလိုက်သည်။ စိတ်ထဲမှာတော့
“အဲဒီကလေးလေးသာ ငါ တကယ် ရရင်ကောင်းမှာပဲ”
ဟုတွေးလျက်။
မမြရီက မနက်ဆို ဟင်းသီးဟင်းရွက်တွေကို ခေါင်းရွက်ပြီး ရွာစဉ်လှည့်ရောင်းရသည်။
ကိုထွန်းအောင်က ဘာအလုပ်မှ လက်ကြောတင်းတင်းမလုပ်။ကိုထွန်းအောင် မိဘတွေက ချမ်းသာကြသည်။ သူတို့သားကို ဘာအလုပ်မှ မခိုင်းကြ။ မမြရီနှင့် ဖူးစာကံပါတော့ ဆံထုံးနောက် သျှောင် ပါလာသည်။
သူ့မိဘတွေကတော့ သားလေး ဆင်းဆင်းရဲရဲ နေရမည်စိုး၍ ပစ္စည်းဥစ္စာတွေ အမွေခွဲပေးလိုက်သည်။ ထိုလက်ဝတ်ရတနာတွေကို ထုခွဲရောင်းချရင်း အလုပ်မလုပ်ပဲ နေလာသည်မှာ ကလေး(၆) ယောက်သာရလာသည်။ အမွေတွေလည်း ကုန်ပြီ။
မမြရီ အလုပ်ထွက်လုပ်ရတော့သည်။ ကိုထွနိးအောင်ကို တော်တော်ချစ်ရှာသည်။တချက်ကလေး အပြစ်မပြော။ အိပ်မက် မက်ပြီး လေးလအကြာတွင် မမြရီ ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်ရှိကတည်းက မမြရီတို့ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားနေရာမှ အဆင်ပြေလာသည်ပြောရမည်။
ကိုထွန်းအောင် အလုပ်ရသွားသည်။ မမြရီလည်း စျေးရောင်းတွေကောင်းလာသည်။ သို့သော်….
“ဒေါက် ဒေါက်”
မနက်လေးနာရီခန့်။
“ကိုထွန်းအောင် အပြင်မှာ လူထင်တယ်၊ ထပါဦး၊သွားကြည့်ကြမယ်”
က ကိုထွန်းအောင်ကို ဇွတ်အတင်းနှိုးပြီး တံခါးသွားဖွင့်သည်။
“ဟင်”
မမြရီ အံ့သြသွားသည်။ သူ့ရှေ့မှာ ဆာရီခြုံထားသော ကုလားမ တစ်ယောက်
“နနွင်းမှုန့် ပေးစမ်းပါ”
မမြရီရော ကိုထွန်းအောင်ပါ ကြောင်နေသည်။ ကုလားမက ထပ်တောင်းမှ သတိဝင်လာ၍ သွားယူပေးလိုက်ရသည်။ ကုလားမကတော့ ပြန်လှည့်သွားသည်။ အိမ်ရှေ့က မန်ကျည်းပင်ကြီးရှေ့ရောက်တော့ ပျောက်သွားသည်။
“ဟင်”
ကြောက်ကြောက်လန့်လန့်နှင့် ကြက်သီးများပင် ထသွားသည်။ အိမ်တံခါး အသေပိတ်၍ အခန်းထဲဝင်ပြေးကြတော့သည်။
နောက်နေ့တွေလည်း နေ့စဉ်ရ က်ဆက် လာတောင်းသည်။ ကြာတော့ ကိုထွန်းအောင် စိတ်တိုလာသည်။ မိန်းမကလည်း ကိုယ်ဝန်ကြီးနှင့် ကလေးတွေ လန့့်မှာလည်း စိုးလာသည်။
ထို့ကြောင့် ဒီအပင်ကြီးကို ရွာထဲက လူစုပြီး ခုတ်တော့သည်။ “ဒုတ် ဒုတ်” ကိုထွန်းအောင် ခုတ်နေပေမယ့် စိတ်ထဲမှာတော့ တမျိုးကြီး ခံစားရသည်။
ကျောချမ်းနေသလိုလို ကြက်သီးတွေတောင် ထလာသည်။
”ဝှီး” “ဟိုက်”
ကိုထွန်းအောင် ဘေးက ခုတ်နေတဲ့သူတွေကို လှမ်းကြည့်သည်။သူတို့က အေးဆေးပင် ၊ ခုနက သူ့ဘေးက တစုံတယောက်ဖြတ်သွားသလိုကြီး ခံစားလိုက်ရတာ အသေအချာပင်။
အပင်လည်း ခုတ်ပြီးသွားသည်။ ကိုထွန်းအောင် စိတ်အနည်းငယ်တော့ အေးသွားသည်။ ညကျ ပြဿနာစတော့သည်။ အိပ်မက်ထဲတွင် ကုလားမကြီးတစ်ယောက် ရောက်လာပြီး မျက်ထောက်နီကြီးနဲ့ သူ့ကို လက်ညှိုးထိုး၍
“ထွန်းအောင် နင် ဘယ်လိုလုပ်လိုက်တာလဲ၊ငါက ကလေးအတွက် အစောင့်ထည့်ပေးထားတာ၊ အေး ဒီတခါ ခွင့်လွှတ်လိုက်မယ်၊ ကလေးကို တခုခုလုပ်လိုကတော့ လုံးဝခွင့်မလွှတ်ဘူး”
ပြောပြီး ကုလားမကြီးက ထွက်သွားသည်။
“ဟင်း”
ကိုထွန်းအောင် လန့်နိုးတော့သည်။သူ့မှာ ဇောချွေးတွေတောင် ပြန်နေသည်။ ဘေးမှာတော့ မမြရီက အိပ်နေရှာသည်။ သူ့လည်း ကိုယ်ဝန်က တဖြည်းဖြည်းရင့်လာသည်။
“ထွန်းအောင်ရေ မင်းမိန်းမ မွေးတော့မယ်တဲ့ကွ”
“ဗျာ ဟုတ်လား ကိုကြီးသာမောင်၊ရော့ အောင်မောင်း ဒီစာရင်းတွေ ဆက်လုပ်ထားလိုက်တော့၊”
ပြောပြီး ကိုသာမောင်နှင့် အိမ်ကိုပြေးခဲ့တော့သည်။
“မွေးပြီဟဲ့ ကောင်မလေးတော့ ”
လက်သည် ဒေါ်ဘုတ်ဆုံ၏ အသံကို အိမ်ဝင်ကတည်းက ကြားလိုက်ရသည်။
“ဒေါ်ဘုတ်ဆုံ ကလေး အင်္ဂါ စုံရဲ့လား၊ကလေးအမေရော” ကိုထွန်းအောင် အပြင်က လှမ်းခေါ်မေးသည်။ “နှစ်ယောက်လုံး ကျန်းမာပတော်”
“ကလေးက ဝဝကစ်ကစ်လေးဟဲ့”
ပြောပြီး ကိုထွန်းအောင်ကို ယူလာပြသည်။ ကိုထွန်းအောင်ရော မမြရီရော အပျော်ကြီးပျော်လို့ပေါ့။ လူစားလဲရတော့မည်ကို မသိရှာ။ …..
ကလေးရက်နှစ်ဆယ်ပြည့်သောနေ့တွင်……
“မြရီရေ မြရီ ဒုက္ခပါပဲ”
“ဘာလို့ဒုက္ခပါပဲ၊အရီးရဲ့၊”
မမြရီ အိပ်နေသော ကလေးကို ချ၍ အပြင်ထွက်ခဲ့သည်။
“နင့်ယောင်္ကျား လေ ၊ဟို ဟို”
အရီးက တခုခု ပြောချင်သလိုနှင့် မဝံ့မရဲ ဖြစ်နေပုံ။
“ဘာလဲ အရီး ကလဲ”
“ထွန်းအောင် ကားတိုက်”
“ရှင်”
မမြရီ ပြေးထွက်ခဲ့တော့သည်။ကိုထွန်းအောင် ရှင်သေလို့မဖြစ်ဘူး။ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံအသွားသည်။ ကိုထွန်းအောင် သွေးအိုင်ထဲတွင် လဲနေသည်။ ဘေးမှာ သားနှစ်ယောက်နှင့် သမီးကြီးက ထိုင်ငိုနေသည်။
“ကိုထွန်းအောင်…”
သူမ ကိုထွန်းအောင်ကို ပြေးပွေ့သည်။ တိုက်တဲ့ကားက ထွက်မပြေးပေ။ ကားသမားကို လူတွေဝိုင်းပြောသံတွေ ကြားနေရသည်။
“မဟုတ်ပါဘူးဗျာ၊ကျွန်တော် မမူးပါဘူး၊ ကားကလည်း ဘရိတ်တွေ ဘာတွေ အကောင်း ပါဗျာ၊ သူနဲ့ ကျွန်တော်လည်း ရန်ငြိုးမရှိပါဘူး၊ကားက သူ့နားရောက်မှ ဘယ်လို လမ်းဘေးရောက်သွားလဲမသိဘူး၊လုံးဝ ထိန်းလို့မရတော့တာပါဗျာ”
ကားသမား ငိုကြီးချက်မနှင့်ရှင့်ပြနေသံကို မမြရီ အတိုင်းသားကြားနေရသည်။ အိပ်မက်ကို သတိရသွားသည်။ ဟုတ်တယ် ကလေး၊ ကလေးကို လာပေးတုန်းက လူစားပေးဆိုတာ ဒါလား။ အတွေးပေါင်းချာချာလည်ပြီး မမြရီမူးလဲသွားတော့သည်။
“သွား အဲ့ကလေးကို ခေါ်မလာနဲ့၊သူက ငါ့သွေးသားမဟုတ်ဘူး၊အဖေကို သတ်တဲ့သမီး၊ဟဲ့ ယဉ်ယဉ် ပြန်ခေါ်သွားစမ်း”
မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သမီးအကြီးမ ယဉ်ယဉ်ကို လှမ်းအော်နေသည်။
“အမေရယ် ညီမလေး သနားပါတယ်၊သူ့ခမျာ နို့ဆာနေရှာတာ”
အမေဖြစ်သူကို ဖြောင်းဖြသည်။
“မရဘူး သွားအေ၊ငါ့ရှေ့ လုံးဝ ခေါ်မလာနဲ့”
မမြရီအော်သံကို ဘေးအိမ်က အရီးက ကြားသွားသည်ထင်
“ယဉ်ယဉ်ရေ ဘွားဆီ ခေါ်ခဲ့ လာ လာ”
လှမ်းခေါ်ရှာသည်။ ကိုထွန်းအောင် သေတာ သူ့ကြောင့် ။ မမြရီ သွေးနုသားနုနှင့် စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့သည်။
“မေမေ”
ကလေးက ဝူးဝူးဝါးဝါးနှင့် လမ်းလေးတောင်လျှောက်တတ်နေပြီ။ မမြရီကတော့ ရူးနေရှာသည်။ ၊ “ဒီကလေးမရှိရင် ငါ့ယောင်္ကျား တနေ့ ပြန်လာ လောက်တယ် ဟုတ်တယ် ၊ကိုထွန်းအောင် ပြန်လာမယ်၊ဒီတော့ ဒီကလေးကို သွားလွှင့်ပစ်မယ်”
ရေရွတ်ပြီး ကလေးကို ဆတ်ခနဲ ကောက်ပွေ့လိုက်ပြီး အိမ်ပြင် ပြေးထွက်ခဲ့သည်။ ယဉ်ယဉ်တို့က အလုပ်သွားနေသည်။ ထို့ကြောင့် ဘယ်သူမှ မသိလိုက်ကြ။
“အမေ အငယ်လေးရော”
ယဉ်ယဉ်တို့ ညီအမတွေ ပြန်လာတော့ မမြရီကို လှမ်းမေးသည်။
“မရှိတော့ဘူး လူပေးပစ်လိုက်ပြီ”
“အမေ ဘာတွေပြောနေတာလဲ၊တကယ်လား အငယ်လေးရေ အငယ်လေး ၊”
ယဉ်ယဉ် အိမ်အနှံ့လိုက်ခေါ်သည်။မတွေ့တော့ပေ။ ယဉ်ယဉ်တို့မောင်နှမတွေ ငိုကြတော့သည်။ အမေကတော့ ဘာတွေပြောနေသည်မသိ၊ တဟားဟားနှင့်။
“မြရီ နင်ပဲ ဒီကလေး ကို လိုချင်ပါတယ်ဆို၊နင်ကတိမတည်ဘူး၊အေး နင်တို့မိသားစု စဉ့်ကလျား ဖြစ်စေရမယ်”
ညကျ တော့ ကုလားမကြီိး ရောက်လာသည်။ မမြရီကတော့ ကြောက်လို့ကြောက်ရမှန်းမသိတော့။
ဒေါ်ယဉ်ယဉ် ပြောပြီး မျက်ရည်တွေ သုတ်လိုက်သည်။
“အန်တီ သူ ပြောသလို မိသားစုတွေ တကွဲတပြားဖြစ်သွားလား”
ချယ်ရီကမေးတော့
“အေး ဆက်ပြောပြမယ်၊ ”
“အန်တီတို့မှာ ပျောက်သွားတဲ့ အငယ်လေးနဲ့ဆို၊မောင်နှမ ခုနစ်ယောက်ရှိတယ်သားလေး နှစ်ယောက်ပါတယ်၊ နှစ်ယောက်လုံး ဆုံးသွားပြီ”
ဒေါ်ယဉ်ယဉ် ပြောတော့ ချယ်ရီ အံ့သြသွားသည်။ ဒေါ်ယဉ် ယဉ် စကားပြန်ချီသည်။
“ဒီလိုကွဲ့” …… “ကျော်ကျော် ဘာဖြစ်တာလဲ၊ခြေထောက်က ထော့နင်းထော့နင်းနဲ့ ”
ယဉ်ယဉ် လှမ်းမေးတော့
“ဟုတ်တယ်အမ ခွေးကိုက်ခံလိုက်ရလို့”
“ဟုတ်လား လာ လာ၊အချိုမှုန့်သိပ်ပေးမယ်”
ဆိုပြီး
“အန်တီတို့ ဘာသိဘာသာနေလိုက်တယ်၊ မကြာပါဘူး၊ မောင်လေး ကျော်ကျော် ခွေးရူးပြန်ပြီ သေသွားတယ်၊အန်တီတို့လည်း လူကြီးမရှိဘူးလေ၊ ဒီလိုပဲ ကလေးချင်း ပြန်အုပ်ချုပ်ရသလိုပေါ့၊ကလေးအတွေး တွေးကြတာပေါ့၊ခွေးကိုက်တာပဲ ကိစ္စမရှိဘူးဆိုပြီး အန်တီတို့ ဗဟုသုတမရှိတာကြောင့် မောင်လေးတစ်ယောက်ဆုံးရှုံးလိုက်ရတယ်၊ဟီး ဟီး၊အမေကလည်း စိတ်က ကောင်းတချက် မကောင်းတချက်”
ပြောပြီး ဒေါ်ယဉ်ယဉ် မျက်ရည်တွေ ကျလာပြန်သည်။
“မောင်လေး တစ်ယောက်ကျ ကျော်မောင်တဲ့၊ သူက သုံးနှစ်သားအရွယ်မှာ အမေ စိတ်ရူးပေါက်ပြီး အရက်သမားတစ်ယောက်ကို ပေးပစ်လိုက်တယ်၊ အရွယ်ရောက်တော့ ရွှေတော အလုပ်သွားတာ တွင်းပိပြီး သေသွားတယ်၊ငယ်ငယ်လေးရှိသေးတယ်ကွယ်၊ညီမတစ်ယောက်ကလည်း ဧရာဝတီတိုင်းသားနဲ့ ဖူးစာပါပေမယ့်ကွယ် ၊ကံဆိုးရှာပါတယ်၊နာဂစ်မုန်တိုင်းးထဲ ပါသွားတယ်”
“အဘွားဒေါ်မြရီကရော”
ချယ်ရီ ဖြတ်မေးတော့
“အဘွား စိတ်ပြန်ကောင်းသွားတယ်၊သူလည်း သူ့လုပ်ရပ်တွေ သူသိပြီးတော့ စိတ်ဆင်းရဲပြီး၊ အိပ်ရာထဲ ဗုံးဗုံးလဲတော့တယ်၊အငယ်လေးကို ရှာပေးပါ၊အငယ်လေးကို ရှာပေးပါ ဆိုပြီး တဖွဖွ ပြောနေတယ်ကွယ်”
ချယ်ရီ ဒေါ်ယဉ်ယဉ်ကို ကြည့်ပြီး စိတ်မကောင်း။
“အန်တီငယ်လေးကို ရှာမတွေ့ဘူးလားဟင်”
ဒေါ်ယဉ်ယဉ်က မျက်ရည်တွေဝဲလျက်
“ရှာမတွေ့ပါဘူးကွယ်၊အန်တီတို့လည်း အကုန် တကွဲတပြားဆီမှာ၊ကုလားမကြီး ကျိန်သွားသလို ဖြစ်နေတာ ပါပဲ၊ မေ့လို့ အငယ်လေးမွေးပြီးတော့ အငယ်လေးလက်ကလေးထဲမှာ ရွှေဘယက်လေး လာထည့်သွားတယ်၊သူ့သိုက်က လာပေးသွားတာ ထင်တယ်၊ဒါပေမယ့် အငယ်လေးကို ပေးလိုက်ရော အဲ့ဒီရွှေဘယက်လေးကလည်း ပျောက်သွားတယ်” ချယ်ရီ မျက်ရည်တွေ ဝဲလာသည်။
“အန်တီရယ် အဘွားတွေ့ချင်နေတဲ့ အန်တီငယ်လေးကို အမြန်ဆုံးရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”
“အေးပါကွယ်၊အမေကတော့ သူ့ကို တောင်းပန်ချင်နေတယ်၊”
ချယ်ရီ ၊ဒေါ်ယဉ်ယဉ်ကို နှုတ်ဆက်ပြီးထွက်လာခဲ့တော့သည်။ ရင်ထဲမှာ မကောင်းလှ။ ဒီကလဲ့စား ဒီမျှနှင့် ကြေပါစေတော့….. အမှားပါလျှင် ခွင့်လွှတ်ပေးပါ။ကြိုးစားရေးသားထားသော်လည်း လိုအပ်ချက်များရှိနေသေး၍ သည်းခံပြီး ဖတ်ရှုပေးကြပါရန်.🙏
(လေးစားမှုဖြင့် ခရက်ဒစ်) #မေ သစ္စာ#