သုံးပွင့်ဆိုင်မုဆိုး

ကိုပိုက်
သုံးပွင့်ဆိုင်မုဆိုး
မြေပြင်တွင် အားသွန်ပြေးရင်းကြားမှ ရုတ်ခြည်းရပ်တန့်လိုက်ကာ ဦးခေါင်းကို မော့၍ အတန်ကြာ ငေးငိုင်တွေဝေနေတော့၏။ သူ၏ ပြေးလမ်း မှားနေသည်ကြောင့်လား။ သို့တည်းမဟုတ် ဘယ့်တွက်ပြေးလာမိသည်ကို စဉ်းစားနေဟန် တူချေ၏။
သို့ကြောင့်လည်း သူတို့ကို စံနမူနာပြုကာ ဖွတ်မေ့ ပဒတ်မေ့ရယ်လို့ ပြောစမှတ်ပြုကြခြင်း ဖြစ်၏။
သို့ဆိုသလို ပဒတ်ကောင်သည် ပြေးလိုက်၊ ရပ်လိုက် ငိုင်တွေလိုက်ဖြင့် သူ၏ ဝပ်တွင်းပေါက်ရောက်ခဲ့သည်နှင့် ခေါင်းကို တိုးဝင်သွားတော့သည်။
မကြာမီ အချိန်တွင် ထိုနေရာသို့ လူသားတစ်ယောက် ရောက်လာကာ ထို “တွင်း” ပေါက်ဝတွင် ဝါးဆစ် “ထောင်ချောက်” ဆင်သွားလေသည်။ ထိုပဒတ်ကောင် တွင်းမှ ပြန်ထွက်လာလို့ကတော့ လူသား၏အစာ ဖြစ်ပေရော့မည်။
တောကြက်ဖတစ်ကောင်သည် မြောင်ကမ်းပါးယံတွင် ပေါက်ရောက်နေသည့် ကြက်ခြမ်းပင်ရှိ နီရဲရဲ ကြက်ခြမ်းသီးအုံကို သူ၏နှုတ်သီး ပေါက်ဆိတ်စားနေလေသည်။ ပြီးနောက် “က… က… က… ကတော်” ရယ်လို့ အော်မြည်လိုက်ပြီး ရုတ်ခြည်း ထပျံသွားတော့၏။
ထိုကြက်ဖသံကြောင့် လူသားတစ်ယောက်သည် ထိုနေရာသို့ ရောက်လာကာ ထိုကြက် ဆိတ်ဖဲ့စားသွားသော ကြက်ခြမ်းသီး နီနီရဲရဲလေးကို ကြည့်ကာ ခေါင်းတစ်ချက် ဆတ်ခနဲ ညိတ်လိုက်၏။ ပြီးနောက် ထို ပတ်ဝန်းကျင်တွင် နိုင်လွန်ကြိုးငယ်တစ်ခုဖြင့်သုတ်ကိုင်းကြော့ကွင်း ထောင်သွားလေတော့သည်။
ထိုကြက်ဖ ပြန်လာလို့က သို့တည်းမဟုတ် အခြား ကြက်၊ ငှက်၊ ရစ် ရောက်လာလို့က လူသား၏ အစာဖြစ်ပေရော့မည်။
ဖြူကောင်သည် “ဂလောက် … ဂလောက်” ရယ်လို့ အသံမြည်စေသည့်တိုင် အမြီးကို လှုပ်ရမ်းခါ ပြေးလွှားလာရင်းမှ သူ့ရှေ့မှ ကာဆီး၍ “ခွီး” ရယ်လို့ အော်မြည်ကာ မာန်ဖီနေသည့် တောကြောင်ကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိလေဘဲ သူ၏ဆူးတောင်များ ပြန့်ကားထွက်အောင် ပြန်၍ မာန်ဖီလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် တန်ပြန်ကြည့်လိုက်၏။
အတန်ကြာ တစ်ဦးကိုတစ်ဦး မာန်စောင်နေလိုက်ကြ၏။ ဘယ်သူက စတင်လို့ တိုက်ခိုက်လေမည်မသိ။ သို့ပေမင့် တောကြောင်သည် သူ့တွက် အခြေမလှမှန်းသိ၍ထင့်၊ ဖျတ်ခနဲ ဘေးသို့ လှည့်ပြေးသွား တော့၏။ သည်တော့မှ ဖြူကောင်သည် ကားထောင်နေသော သူ၏ ဆူးတောင်များကို ချကာ ဆင်ခြေလျော ဂမူစောင်းတွင်ရှိ သူ၏ တွင်းဝမှ ခဲကျစ်စာများပေါ် လျှောက်နင်းကာ ဝင်သွားလေတော့၏။
မကြာမီ လူသားတစ်ယောက်သည် ထိုနေရာသို့ ရောက်လာကာ တွင်းပေါက်ဝရှိ ကျစ်စာခဲများပေါ် ထင်ကျန်ရစ်လေသည့် ဖြူကောင်၏ ခြေရာလေးများကိုကြည့်ကာ ပြုံးလိုက်သည်။
သည့်နောက် သူသည် ထိုဂမူကျောတစ်ဖက်သို့ သွားရောက်ကာ ဖြူတွင်းကယ်ပေါက်ကို ရှာဖွေပြီး ကျောက်ခဲ၊ ဝါး၊ သစ်သားစတို့ဖြင့် အသေပိတ်ကာ ရှေ့ပေါက်ဝသို့ ပြန်လာပြီး ထိုတွင်းပေါက်ဝတွင် ထင်းခြောက်၊ ဝါးခြောက်၊ အမှိုက်များစုပုံကာ သူ၏ ခါးပုံစတွင် လိပ်ယူလာသည့် မီးခြစ်ကိုထုတ် မီးမွှေးလိုက် တော့၏။
မီးတောက်စွဲလေသည်တွင် သူ၏ လွယ်ပလိုင်းတွင်းမှ ငြုပ်သီးခြောက် လက်တစ်ဆုပ်စာကို နှိုက်ယူပြီး မီးပုံတွင် ပစ်ထည့်လိုက်၏။ ပြီးနောက် မီးခိုးငွေ့ ရလိုသည်ကြောင့် ဝါးရွက်သစ်ခက်သစ်ရွက်တို့ကို အလျှံငြီးငြီးတောက်လောင်နေသည့် မီးပုံပေါ် အုပ်တင်လိုက်၏။ မကြာမီ သူလိုချင်သည့် မီးခိုးလုံးများ လုံးတက်လာသည်နှင့် ထိုမီးခိုးများကို ဖြူတွင်းထဲသို့ ယပ်ခတ်သွင်းလိုက်သည်။
ငြုပ်အညှော်နံ့ပါသော မီးခိုးအတော်များများ ဖြူတွင်းထဲသို့ ဝင်သွားတော့သည်။ အားပါးတရ မီးခိုးရိုက်သွင်းပြီးသည်နှင့် ထိုဖြူတွင်းဝကို ဝါးချွန်၊ တုတ်ကလေးများဖြင့် အချုပ်ခန်းပမာ ရိုက်ပိတ်လိုက်သည်။ ပြီးနောက် ထိုလူသားသည် တစ်ကိုယ်တည်း ကျေနပ်နှစ်သိမ့်စွာ ပြုံးလျက် ထိုနေရာမှ ထွက်ခဲ့တော့သည်။
ဖြူတွင်းဝင်သွားသည့် ဖြူကောင်နှင့် ရှိနေဦးမည်။ ဖြူကောင်တို့သည် ငြုပ်ညှော်နံ့များပါသည့် မီးခိုးလုံးများကြောင့် မွှန်ထူ၍ အသက်ရှူလမ်းကြောင်း ပိတ်ကာ မသေဆုံးမီ လွတ်မြောက်ရာလမ်း ရှာဖွေကာ ပြေးထွက်ရန် ကြိုးစားကြရပေဦးမည်။
ထိုအခါ အသိဉာဏ်ရှိပြီး ကောက်ကျစ်ယုတ်မာသော လူသားက သူတို့၏ အရေးပေါ် ပြေးထွက်ပေါက် “ကယ်ပေါက်” ကို အသေပိတ်ခဲ့ပြီး ဖြစ်သည်ကြောင့် မီးခိုးလုံးများကို ရင်ဆိုင်ကာ ရှေ့ပေါက်သို့ ကြိုးစားပြေးထွက်ကြပေလိမ့်မည်။ သူတို့၏ ကြိုးစားမှုသည် အချည်းနှီး ဖြစ်ရပေလိမ့်မည်။
ရှေ့ထွက်ပေါက်ကိုလည်း လူသားက ပိတ်ခဲ့ပြီးဖြစ်သည်ကိုး။ သည်တော့ ဖြူကောင်သည် သူ၏ တွင်းပေါက်ဝနားမှာပင် အမောဆို့ မွန်းကြပ် သေပွဲဝင် ရပေတော့သည်။
တောဘုရင်ဟု အဆိုရှိကြသော ကျားကောင်သည် ဝါးတောအတွင်းရှိ ဝက်သိုက်ဟောင်းတစ်ခုတွင် လဲလျောင်းရင်းမှ ဟာနေသော သူ့ဝမ်းကို ဖြည့်တင်းရန် စဉ်းစားနေ၏။ သို့စဉ်းစားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ယခင်ကဆိုလျှင် သူ သည်လောက်ကြာကြာစဉ်းစားမနေ။ သူ့သွားလမ်းတစ်လျှောက် ကြုံရာ တွေ့ရာ သားကောင်ငယ် တစ်ကောင်ကောင်ကို ဖမ်းဆီးသတ်ဖြတ် စားသောက်ပြီး ဖြစ်နေပြီ။
ယခုမူ သူ့တွင် စိတ်သွားတိုင်း ကိုယ်မပါ။
ဘယ့်အတွက်မူ မနေ့က သူ့တွင် ပြင်းထန်သောဒဏ်ရာ ရခဲ့ခြင်းကြောင့် ဖြစ်၏။ သို့ဖြစ်ရခြင်းသည်လည်း သူ့ကြမ္မာသူ ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်၏။
ဆင်ပေါက်လေးတစ်ကောင်ကို တွေ့၍ ဖမ်းဆီးသတ်ဖြတ် စားသောက်ရန် သူ ကြံစည်လိုက်၏။ ဆင်ပေါက်ပေမင့် ပါးနပ်လွန်းလှသည်။ သူ့ကိုမြင်သည်နှင့် ထွက်မပြေး။ အံတုဖက်ပြိုင် တိုက်ခိုက်လာသည်လည်း မဟုတ်။ ငယ်သံပါအောင် အော်ဟစ်နေခြင်းသာ ပြုလေ၏။ သည်တွင် သူက ခုန်အုပ်ဖမ်းဆီးရန် ဟန်ရေးအပြင်လိုက်တွင် သူ့နောက်မှ ဒရော သောပါး တောတိုးပြေးဝင်လာသော အသံကြောင့် လှည့်ကြည့်လိုက်၏။
သားကောင်ဖမ်းဆီးရန် အကြံကို ရုတ်ခြည်းဖျက်သိမ်းလိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ချိန်ပင် မရလိုက်။ သူ့အား လေထဲ ပွေ့ချီမယူခြင်းကို ခံလိုက်ရ၏။ လျှပ်တစ်ပြက်ဆိုသလို သူ့ကို အဝေးသို့ လွှဲပစ်ခြင်း ခံလိုက်ရ၏။
သူ၏ခါးစောင်းသည် မာကျောသော သစ်တစ်ပင်၏ ပင်စည်​၏ ပါးပျဉ်းပေါ် ပြင်းထန်သောအရှိန်ဟုန်ဖြင့် ကျရောက်သွားရခြင်းကြောင့် ငယ်သံပါအောင် အော်ဟစ်ရလောက်အောင် နာကျင်လွန်းလှပေ သည်။
မြေပြင်တွင် ခွေလဲလျက်မှ သူ့ကို တိုက်ခိုက်လာသည့် ရန်သူကို ကြည့်လိုက်၏။ တော်သေးသည်ဟုပင် ဆိုရမည်။ သူ့အစာကောင်ရယ်လို့ သတ်မှတ်ထားသည့် ဆင်ပေါက်ကလေးနှင့် ယှဉ်တွဲကာ ထိုနေရာမှ လှည့်ထွက်သွားသည်ကို မြင်လိုက်သည်။
သူခွေလဲနေရာမှ ထလိုက်သည်။ ထိုသားထိမ်းဆင်မကို ပြန်လည်တိုက်ခိုက်ဖို့ မပြောလေနှင့်။ လေးဘက်ပင် ကောင်းကောင်းမရပ်နိုင်။ သို့ကြောင့် သူသည် ထိုနေရာမှာပင် လဲလျောင်းပြီး နားနေလိုက်၏။ သက်သာလောက်ပြီဆိုသည့် အချိန်လောက်တွင် သူ အစာရှာရန် ထိုနေရာမှ ထွက်ခဲ့သည်။
ခါးကတော့ အတော်ကလေး နာတုန်းဖြစ်၏။ ခွန်အား သိပ်စိုက်ထုတ်၍ မရ။ သို့ကြောင့် သူ မည်သည့်သားကောင်မျှ ဖမ်းဆီး၍မရနိုင်ခဲ့ ဖြစ်ရခြင်းကြောင့် ထိုတစ်နေ့လုံး သူ အစာငတ်ခဲ့ရသည်။
အစာကလည်း မစားရ၊ ခါးကလည်း နာလျက်နှင့်ပင်။ ရောက်လေသည့်နေရာမှာပင် လဲလျောင်းနားနေအိပ်လိုက်ရသည်။ ဖြစ်ချင်တော့ “ဝက်သိုက်”ဟောင်းတွင် အိပ်မိလျက်သား ဖြစ်သည်ကြောင့် မွှားကောင်ကလေးများ၏ ဒုက္ခပေးခြင်းကို ခံရတော့၏။
ထိုတစ်ညလုံး သူသည် ယားယံခြင်း၊ ဆာလောင်ခြင်း၊ နာကျင်ကိုက်ခဲခြင်းဒဏ်ကို ခံရတော့၏။
သည်သို့ဖြင့် တစ်ညတာကုန်ဆုံးခဲ့သည်။ ခွေလျက်မှ ဖြေးညှင်းစွာ အားယူထလိုက်၏။ ခါးနာက သက်သာသယောင်ယောင်။ သို့ကြောင့် ဦးခေါင်းကို ယမ်းခါလိုက်၏။ အခြေအနေက သိပ်ဆိုးပုံမပေါ်။ သို့ပေမင့် ပြေးလွှားကြည့်လိုက်သည့်အခါတွင် ခါးနာနေပြန်၏။ သည်ပုံဖြင့် သူ ကနေ့လည်း သားကောင် ဖမ်း၍ လွယ်လင့်တကူ ရနိုင်မည်မထင်။ သူ့ဝမ်းနာ သူသာသိ ဆိုသလိုပင်၊ ထိုဒဏ်ရာက သူ့ကို ဒုက္ခကောင်းကောင်း ပေးပေလိမ့်မည်။
သို့တွေးလိုက်မိသည်တွင် သူ စိတ်ဓာတ်ကျသွားမိပြန်၏။
မည်သို့ပင်ဖြစ်စေ သူ သားကောင်တစ်ကောင်ကိုတော့ဖြင့် မဖြစ်မနေ ရအောင် ဖမ်းဆီးရပေလိမ့်မည်။ နို့မဟုတ် သူ အစာပြတ် အားပြတ် လဲပေတော့မည်။
သူသည် ခါးနာနာလျက်ဖြင့် တဖြည်းဖြည်းလျှောက်ခဲ့၏။ သူ လျှောက်နေသောလမ်းသည် အောက်ပေါင်းရှင်းသော တစ်ပင်တိုင်ဝါးများသာ ပေါက်သည့် ဝါးတောဖြစ်ခြင်းကြောင့် သားကောင်ငယ်များသည် အဝေးမှ သူ့ကို လှမ်းမြင်ကြရသည်ကြောင့် ပြေးလွှားထွက်ခွာသွားကြ၏။ ယခင်ကဆိုလျှင် သားကောင်သည် သူနှင့် မည်မျှပင် အလှမ်းဝေးစေ သူ မီအောင်လိုက်ဖမ်းနိုင်၏။
သည်သို့သာ သူသွားနေလျှင် တစ်နေကုန်လို့ သားကောင်တစ်ကောင် ရနိုင်ရန် အကြောင်းမမြင်။ သို့ကြောင့် သူသည် ထိုဝါးတောမှ ဖယ်ခွာကာ သူအတွက် အကာအကွယ်ရနိုင်သည့် ချုံနွယ်ပေါသည့် တောင်ကြောသို့ တက်ခဲ့တော့သည်။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် နှစ်ယောက်တည်း အမဲပစ်ထွက်ခဲ့ကြရာမှ တစ်ပင်တိုင်ဝါးချည်း ပေါက်လျက်ရှိသည့် ဝါးတောတွင်းသို့ ရောက်ခဲ့ကြသည်တွင် လတ်လတ်ဆတ်ဆတ် ကျားခြေရာတို့ကို တွေ့လိုက်ရသည်ကြောင့် …
“ကိုလင်း … ဟင်းကောင်ကြီးက သည်ဝါးတော တောင်ကြောအတိုင်း ဆင်းသွားတာ ဖြစ်လိမ့်မယ်ဗျ။ မတော် ကျွန်တော်တို့နဲ့ ပက်ပင်းတိုးနေလျှင်ဖြင့် ခက်ချေလိမ့်မည်။ ဒီတော့ ကျွန်တော်တို့ လမ်းကြောင်းပြောင်းမှ သင့်လိမ့်မယ်”
သို့နှယ် ကျွန်တော်က လင်းမြင့်လှိုင်ကို ပြောလိုက်၏၊
“ဟုတ်တယ်ဗျို့ … နို့ဖြင့် ဘယ်ဘက်သွားမလဲ. . . “
သို့မေးလာခြင်းကို ကျွန်တော်က ချက်ခြင်းမပြောသေးဘဲ ကျားခြေရာလက်ရာကို ကြည့်လိုက်ပြီး-
“ဒီကောင်ကြီး ဝါးတောထဲမှာပဲ လှည့်ပတ်နေပုံရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတောင်ကြောအတိုင်း ဆင်းပြီး တစ်ဘက်တောတန်းလေးဘက် သွားကြစို့ဗျာ”
“ကောင်းတယ် ကိုပိုက်”
ဆိုကာ လင်းမြင့်လှိုင်သည် ရှေ့မှဦးဆောင်ကာ တောင်ကြောလေးအတိုင်း ဆင်းသွားလေ၏။ ကျွန်တော် သည်လည်း သေနတ်ကိုထမ်းလျက် သူ့နောက်မှ အေးအေးဆေးဆေး လိုက်သွားသည်။
တောင်ခြေအဆင်း မြောင်ကလေးအတိုင်း လျှောက်ခဲ့ကြ၏။ သို့မှတဖန် တောင်စွယ်လေးတစ်ခုကို ဖြတ်ကျော်လိုက်သည်တွင်. . .
“ရှေ့ကင်ပွန်းရိုင်းချုံတောနောက်မှာ သားကောင်ရှိတယ်ဗျ. . . ဘာကောင်မှန်းတော့ မသိဘူး”
နောက်မှ ကပ်ပါလာသော ကျွန်တော့်အား လင်းမြင့်လှိုင်က ရပ်စောင့်ရင်း ပြောသဖြင့် ကျွန်တော်သည် သူညွှန်ပြသော ကင်ပွန်းရိုင်းချုံတောသို့ စူးစိုက်ကြည့်လိုက်၏။
တလှုပ်လှုပ်နှင့် သတ္တဝါတစ်ကောင်ရှိတာတော့ သေချာသည်။ သို့ပေမင့် ဘာကောင်မှန်းမသိ။ ဘယ်လောက်ကြီးမှန်း၊ သေးမှန်းမသိ၊ သားကောင်ကို မြင်မြင်ထင်ထင် မရှိလင့်ကစား အရွယ်အစားကို မှန်းဆသိလျှင်ဖြင့် ပစ်၍ ရနိုင်၏။ ခုတော့ ဘာမှန်းမသိ။ သို့ကြောင့်-
“စိတ်ရှည်ရှည်ထားပြီး အဲဒီအထဲကသားကောင် ထွက်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့ဗျာ”
သို့နှယ် ကျွန်တော်ကပြောပြီး မုဆိုးဒူးထောက် ထိုင်ချကာ ထိုကင်ပွန်းရိုင်းချုံတောသို့ သေနတ်ပြောင်းကို ထိုးချိန်လျက်ထားလိုက်၏။ လင်းမြင့်လှိုင်ကတော့ဖြင့် သေနတ်ပြောင်းကိုပင် မြေသို့ စိုက်ချထားပြီး ထိုနေရာသို့သာလျှင် စူးစိုက်ကြည့်နေလေ၏။
ချုံနောက်ကွယ်တွင် တလှုပ်လှုပ်နှင့် ရှိစဉ်မှာပင် ထိုချုံတော၏ ဓားလွယ်ခုတ်နေရာလောက်မှ ကျားတစ်ကောင်သည် ရုတ်ခြည်းထွက်လာပြီး ကျွန်တော်တို့ ချောင်းမြောင်းနေသော ချုံကွယ်နောက်ရှိ သတ္တဝါထံသို့ ခုန်အုပ်လိုက်ပေသည်။
“ဟာ”
“ကြည့်စမ်း ဒီကောင်ကြီးက ဒီရောက်နေတာကိုး”
ဆိုကာ ကျွန်တော်သည် လင်းမြင့်လှိုင်ကို ပြောလိုက်၏။
“ကျွန်တော်တို့က သားကောင်မဲနေတာ၊ ဒီကောင်ကြီး ရှိမှန်းမသိဘူး။ ကံကောင်းလို့ဗျာ နော်”
“ဝေါင်း”
“ဝေါင်း”
“ဂရောင်း”
“အား. .”
“ဟင် ကိုလင်း ဒုက္ခပဲဗျို့။ ကျုပ်တို့ချောင်းတဲ့ သားကောင်က လူပဲဗျ။ ဘာကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ရလဲ မသိပါဘူးဗျာ”
“ဒါတွေ အသာထား … ဟင်းကောင်ကြီးက ချုံတောနောက်ကွယ်မှာရှိတဲ့လူကို အန္တရာယ်ပြုတာဗျာ။ မဖြစ်ဘူး ဝင်ကယ်မှ ဖြစ်မယ်”
ဆိုကာ လင်းမြင့်လှိုင်သည် ထိုချုံတောအထက်သို့ သေနတ်ဖြင့် ခြောက်လှန့် ပစ်ဖောက်လိုက်တော့၏။
“ဒိန်း”
“ဝေါင်း … ဝေါင်း”
“ဂရောင်း … ဝေါင်း”
“အား.. အား”
ပြင်းထန်သော ယမ်းအား ပေါက်ကွဲသံ ကြားပေငြား ဟင်းကောင်ကြီးသည် ထွက်ပြေးသွားခြင်း မရှိလေသည်ကြောင့် လွန်မင်းစွာ အံ့ဩသွားမိသည်။
မည်မျှပင် အစာကို ငမ်းငမ်းတက်နေလေသည်မသိချေ။ သို့ကြောင့် ကျွန်တော်သည် တစ်ချက် ထပ်ပစ်ချောက်လှန့်လိုက်ပြန်၏။
“ဒိန်း”
ယခုတစ်ချက်တွင်လည်း ကျားကောင်သည် ထွက်ပြေးသွားခြင်း မရှိဘဲ လူသားကို ကုပ်ပိုးမှကိုက်ဆွဲကာ ချုံပြင်သို့ ထွက်လာလေတော့၏။ နာကျင်နေသည့်ကြားမှ လူသားသည်လည်း သူ့လက်တွင်းရှိ ဝါးခုတ်ဓားဖြင့် စွတ်မိ စွတ်ရာ ရမ်းသန်းလွှဲခုတ်လျက် ရုန်းကန်နေလေ၏။ တစ်ခဏအကြာတွင် လူသားသည် လှုပ်ရှားမှု မရှိလေတော့။
“ဟာ”
“သေပြီထင်တယ်”
ဖြစ်လိုရာဖြစ်ဆိုကာ ကျွန်တော်သည် လူသား သားကောင်ကို ချုံတောတွင်းမှ ကိုက်ဆွဲ တရွတ်တိုက်ဆွဲထုတ်နေသော ကျားကောင်၏ ခါးလယ်ဆီသို့ ကျည်တစ်တောင့် ပစ်သွင်းလိုက်တော့သည်။
“ဒိန်း”
ကျားကောင် ဖင်ယမ်းခါပြီး လဲကျသွားတော့၏။
ကျားကောင် ပြန်မထနိုင်မှန်း တွက်ဆပြီးဖြစ်၍ ကျွန်တော်ပြေးသွားလိုက်၏။ မြေပြင်တွင် လူးလိမ့်အော်ဟစ်နေသော ကျားကောင်၏ နှလုံးသားရှိရာသို့ ကျည်တစ်တောင့် ပစ်သွင်းလိုက်ပြန်၏။
“ဒိန်း”
ကျားကောင် လုံးဝငြိမ်သက်သွားချေပြီ ဖြစ်သည်။
ဟင်းကောင် ကိုက်ခံရသော လူသားကို ကြည့်လိုက်သည်။
ရုပ်ပျက်ဆင်းပျက် သေဆုံးလျက်ရှိသည်။ သူလဲကျသေဆုံးရာ နေရာ၏ နံဘေးတွင် သုတ်ကိုင်းနှစ်ခု ထောင်ထားလျက် ရှိချေ၏။ တကယ်တော့ ထိုသူသည် ကြက်ငှက်များကို ဖမ်းဆီးရန် သုတ်ကိုင်း ထောင်နေခြင်း ဖြစ်သည်။
ထိုသူအား ကျားကောင်က ချောင်းမြောင်း သတ်ဖြတ်စားသောက်ရန် ကြံစည်လေခြင်း ဖြစ်တော့၏။
သို့ဆိုပါလျှင် ထိုကျားကောင်သည် ဒဏ်ရာအနာတရ ရရှိထားသော အကောင်ဖြစ်နိုင်ပေသည်။
တကယ်တော့ ဤတော ဤတောင်အတွင်း ယခု မွန်းလွဲပိုင်းလေးတွင် လူသားတစ်ဦးနှင့် ကျားတစ်ကောင် သေဆုံးလျက်ရှိသလို ပဒတ်လေးတစ်ကောင်သည် ဝါးဆစ်ပိုင်းထောင်ချောက်တွင်မိလျက် သေနေလေ၏။
တောကြက်ဖတစ်ကောင် သုတ်ကိုင်းတွင် လည်ပင်း ကြိုးတန်းလန်းဖြင့် သေနေလေ၏။
ဖြူတွင်း တစ်ခုတွင်းမှ ဖြူမောင်နှံတစ်စုံသည် အသက်ရှူလမ်းကြောင်းပိတ်ကာ တွင်းဝတွင် လဲကျသေဆုံးနေလေ၏။
သူတို့ကို လာယူမည့် ပိုင်ရှင်သည်ကား ရှိမနေပါတော့။
သူသည်ပင် သားကောင်ဘဝ ရောက်သွားရပေတော့သည်။
၁၅-၉-၂ဝဝ၂ လပြည့်ဝန်းမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်