သူငယ်ချင်းတို့ရွာ

သူငယ်ချင်းတို့ရွာ (စ/ဆုံး)

————————

“သို့၊ ဆွေ။

ဆွေနဲ့ ဆွေ့မိသားစုတွေအားလုံး နေကောင်းပါစေလို့ လှအမြဲဆုတောင်းပေးနေပါတယ်။ လှအရင်က ပြောခဲ့ဖူးသလိုပဲ ဒီတစ်နှစ်တော့ ဆွေတို့ရွာကို လာလည်မယ်လို့ စိတ်ကူးထားပါတယ်။ ဆွေတစ်ခါက ပြောဖူးတယ်မဟုတ်လား။ ဆွေတို့ရွာက ကဆုန်လပြည့်နေ့ဆိုရင် ဘုရားပွဲနဲ့ အလှူရှိတယ်ဆိုပြီးတော့လေ။ ဒါကြောင့် လှနဲ့ လှအမနဲ့ ဆွေတို့ဆီကို ကဆုန်လပြည့်မတိုင်ခင် အဖိတ်နေ့လောက် လာဖို့ဆုံးဖြတ်ထားပါတယ်။

ဪ၊ ဒါနဲ့ စကားမစပ်။ ဆွေတို့ရွာကို လှတစ်ခါမှ မရောက်ဖူးသေးလို့ ရွာကိုလာဖို့ လမ်းညွှန်ပေးပါဦးဆွေ။ ဆွေ့ဖို့လဲ လက်ဆောင်တွေ အများကြီးသယ်လာခဲ့မယ်နော်။

ဆွေ့ရဲ့အချစ်ဆုံးသူငယ်ချင်း
လှလှ”

(၁)

ဆွေနှင့်လှလှက ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်သည်။ ပညာရေးကောလိပ်တွင် အတူတက်ရောက်နေရင်း ညီအစ်မအရင်းသဖွယ် ခင်မင်သွားကြလေသည်။ မနှစ်က နွေကျောင်းပိတ်ရက်တွင် ဆွေက လှလှတို့ရွာသို့ လာပြီး တစ်ပတ်ခန့်လည်ပတ်သွားလေသည်။ ဆွေ့ရွာကိုလဲ လိုက်လည်ဖို့ခေါ်သဖြင့် သည်နှစ်နွေကျောင်းပိတ်ရက်တွင်တော့ ဆွေတို့ရွာကို သွားဖို့ လှလှဆုံးဖြတ်လိုက်သည်။

“အေး သွားတာလဲ သွားပေါ့အေ၊ ဒါပေမယ့် နင့်တစ်ယောက်ထဲစိတ်မချဘူး၊ နင့်အမခေါ်သွားပေါ့။”

အမေကတော့ ခွင့်ပြုလိုက်သည်။ အမကြီးက အိမ်အလုပ်၊ ရက်ကန်းအလုပ်များဖြင့် သိပ်မအားလပ်ပေ။ သို့သော် ဆွေတို့ရွာကို ငါးရက်ခန့်သာ သွားလည်မည်မို့ အမကြီးကလဲ လိုက်ဖို့သဘောတူသည်။ လှလှတို့အိမ်က ရက်ကန်းလုပ်ငန်းလုပ်သည်မို့ ဆွေနှင့်ဆွေ့မိသားစုအတွက် ချည်လုံချည်များနှင့် စောင်များကို ယူသွားရန်ဆုံးဖြတ်ထားလိုက်သည်။

‘လှရေ စာလာတယ်ဟေ့”

အမကြီးက ပြောလိုက်ပြီးနောက် အိမ်ထဲလှမ်းဝင်လာလေသည်။

”ဘယ်သူ့ဆီကလဲ မမခင်”
”အင်း . . . ဆွေ့ဆီကပဲ ”
လှလှလဲ မမခင်ဆီက စာကိုယူလိုက်ပြီးနောက် အမြန်ဖွင့်ဖတ်လိုက်တော့သည်။

”သို့၊ လှလှ

မင်းတို့လာမယ်ဆိုတာ ကြားရလို့ ဝမ်းသာပါတယ်။ မုံရွာကနေ ကားဆက်စီးပြီးတော့ ဂိတ်ဟောင်းမှတ်တိုင်မှာ ဆင်းရမယ်။ ဆင်းပြီးအရှေ့ကိုဆက်လျှောက်လိုက်ရင် တာလမ်းမကြီးတစ်ခုကို တွေ့ရလိမ့်မယ်။ အဲဒီတာလမ်းမကြီးပေါ်မှာ တို့တွေ လှည်းနဲ့စောင့်နေမယ်။ သပြေသာရွာသစ်ဆိုရင် လူတွေအကုန်သိပါတယ်။

မင်းတို့မိသားစုလဲ ကျန်းမာပါစေလို့ ဆွေဆုတောင်းပေးပါတယ်။

ချစ်တဲ့
ဆွေ”

စာကိုဖတ်ပြီး လှလှလဲပျော်သွားတော့သည်။ ရှေ့နှစ်ပတ်လောက်ဆို ကဆုန်လပြည့်တော့မည်မို့ လှလှလဲ သွားဖို့နီးလာခဲ့ချေပြီ။

(၂)

”ညီအမနှစ်ယောက် ကောင်းကောင်းသွား၊ လမ်းမှာ သူစိမ်းတွေကိုမယုံနဲ့”

အစချီပြီး အမေက တဖွဖွမှာတမ်းချွေနေလေသည်။ လှလှနဲ့ မမခင်က အိမ်က လေးနာရီလောက်ကတည်းက ထွက်လာခဲ့ကြသည်။ ဆွေတို့ရွာနဲ့ လှလှတို့ရွာက အရမ်းအဝေးကြီးတော့မဟုတ်။ မုံရွာကို သွားပြီး မုံရွာရောက်မှ ကားပြောင်းစီးရမည်ဖြစ်သည်။

လှလှတို့ရွာထိပ်ကနေ ကားစောင့်စီးကြသည်။ မနက် ငါးနာရီကားဖြင့် မုံရွာသို့ထွက်ခဲ့သည်။ မုံရွာရောက်တော့ နေ့လည်မွန်းတည့်နေပြီဖြစ်သည်။ ညီအစ်မနှစ်ယောက် ထမင်းဆိုင်တွင် ထမင်းစားပြီး ကားဂိတ်ကိုထွက်ခဲ့ကြသည်။

”နေ့လည်ကားက ထွက်သွားပြီဗျ၊ ညီမတို့ ညနေကားပဲ စောင့်စီးရမယ်၊ ညနေ ၃ နာရီလောက်တော့ ဒီကနေထွက်မယ်။”

ညီအစ်မနှစ်ယောက်လဲစိတ်ပျက်သွားကြသည်။ ထို့နောက် ကားဂိတ်တွင် ထိုင်နေရန်မထူးသည်မို့ မုံရွာမြို့အတွင်း လှည့်ပတ်ကြည့်ကြသည်။ အချိန်တွေက ကုန်မှန်းမသိကုန်သွားသည်။ သုံးနာရီမထိုးခင် ညီအစ်မနှစ်ယောက် အပြေးအလွှားကားဂိတ်ကိုသွားကြသည်။ ကားကမထွက်သေးသည်မို့ ကားပေါ်ထိုင်နေလိုက်ကြသည်။

ထိုအချိန်က ၁၉၈၀ ဝန်းကျင်ခန့်ဖြစ်သည်မို့ ကားတွေက ဘတ်စ်ကားတွေ မဟုတ်ကြ၊ ဒေါ့ဂျစ်ကားကြီးတွေကို အနောက်က လူစီးနိုင်ရန်အတွက် သစ်သားဖြင့်ပြန်ရိုက်ကာ ပုံပြောင်းထားသည့် ကားကြီးတွေဖြစ်သည်။ နယ်ဘက်တွေမှာတော့ ထိုကားကြီးတွေက ခေတ်စားသည်။ သုံးနာရီထိုးတော့ ကားက တဖြည်းဖြည်းမောင်းထွက်ခဲ့သည်။

”မမခင် ပါးစပ်က တတွတ်တွတ်နဲ့ ဘာတွေရွတ်နေတာလဲ”

”ဪ . . . ညီမလေးကလဲ ခရီးသွားရင် ဘုရားစာရွတ်ပြီး သွားရတာထုံးစံပဲလေ။”

”လှလှတော့ မရွတ်ချင်ပါဘူး။ လမ်းဘေးနားက ရှုခင်းတွေကြည့်ပြီး သွားမယ်”

လှလှက ပြောလိုက်ကာ ပြတင်းပေါက်မှနေပြီး အပြင်ကိုကြည့်ရင်း ကားစီးလာခဲ့လေသည်။

နေတောင်စောင်းတော့မည်။ နွေဖြစ်သဖြင့် နေရောင်က ဝင်းလက်လျှက်ပင်ရှိသည်။ လှလှက လက်ပတ်နာရီလေးကို ကြည့်လိုက်တော့ အချိန်က ငါးနာရီကျော်နေပြီဖြစ်သည်။

”ဂိတ်ဟောင်းပါလား”
”ပါတယ်ရှင့်”

လှလှက လှမ်းအော်လိုက်သည်။ ကားစပါယ်ယာမှာ လှလှကို ထူးဆန်းသည့်မျက်လုံးဖြင့်ကြည့်လိုက်သည်။

”ဂိတ်ဟောင်းဆင်းမှာလား”
”ဟုတ်တယ်ရှင့်”

ထို့နောက် ညီအစ်မနှစ်ယောက် ဆင်းရန်အတွက် ကားအတက်အဆင်းနားသို့ တိုးထွက်လာခဲ့သည်။ ကားပေါ်မှာ ကုန်စည်တွေ လူတွေနှင့် ပြည့်နှက်နေသည်။ ကားစပါယ်ယာက သူတို့ညီအမနှစ်ယောက်ကို သေချာ ခြေဆုံးခေါင်းဆုံးကြည့်နေသည်။ သူတို့ညီအစ်မကလဲ ခရီးသွားရမည်မို့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားသည်။

”ညီမတို့ ဂိတ်ဟောင်းဆင်းမှာလား”
”ဟုတ်ပါတယ်ဆိုရှင်”
လှလှက စိတ်မရှည်ဘဲ ပြန်ပြောလိုက်သည်။ စပါယ်ယာက အခုဆို သုံးလေးခါ မေးနေသောကြောင့်ဖြစ်သည်။

”ဒါနဲ့ ညီမတို့ ဘယ်သွားမှာလဲ”
လှလှလဲ စိတ်မရှည်တော့။ စပါယ်ယာက စပ်စုလွန်းသည်။

”သပြေသာ . . . သပြေသာ . . . ဟုတ်ပြီလား”

ထိုသို့ လှလှက ပြန်ဖြေလိုက်ရာ စပါယ်ယာက အလွန်ထူးဆန်းသည့် မျက်လုံးများဖြင့် သူတို့ညီအစ်မနှစ်ယောက်ကို ကြည့်နေလေသည်။ စပါယ်ယာတင်မက ကားတစ်စီးလုံးရှိ ခရီးသည်များလဲ သူတို့ကို ဝိုင်းကြည့်နေလေသည်။ ထိုအချိန်မှာပင် ကားက ထိုရပ်သွားလေသည်။

”ကဲ . . . ရောက် . . . ရောက်ပြီ၊ ဒါဂိတ်ဟောင်းပဲ”

စပါယ်ယာက ထိုသို့ပြောလိုက်သဖြင့် လှလှနှင့် မမခင် နှစ်ယောက် ကားပေါ်မှဆင်းလိုက်ကြသည်။ မမခင်က ခေါင်းပေါ်တွင် ချည်ထည်များကို ရွက်ထားလေသည်။ သူတို့ကားပေါ်မှဆင်းပြီးသည်နှင့် ကားက အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။

”ထွီ . . . ဖွီ”

စပါယ်ယာက ထိုသို့ထွေးသွားသည်မို့ လှလှက မကျေမနပ်နှင့်ပြန်ကြည့်လိုက်သည်။

”ဘယ်လိုလူလဲမသိပါဘူး မမခင်ရယ်၊ စပ်ကလဲ စပ်စုလိုက်တာ”

”ဪ ညီမလေးကလဲ စပါယ်ယာတွေက အဲ့သည်လိုပဲလေ၊ ဂရုစိုက်မနေနဲ့”

(၃)

ထိုတော့မှ ပတ်ဝန်းကျင်ကို သတိထားမိသည်။ ပတ်ဝန်းကျင် ကားလမ်းနံဘေးတွင် ချုံပင်ကြီးများ သစ်ပင်များက အုပ်ဆိုင်းနေလေသည်။ သူတို့ညီအစ်မ နှစ်ဦးကလွဲပြီး ကားလမ်းဘေးတွင် လူမရှိချေ။ သူတို့အနားတွင် တာလမ်းကြီးတစ်ခုကိုတွေ့ရလေသည်။

”ဒီလမ်းမဟုတ်ဘူးထင်တယ်၊ ဆွေပြောတော့ အရှေ့ကို နည်းနည်းထပ်လျှောက်ရဦးမယ်တဲ့”

သို့နှင့် အရှေ့ကိုဆက်လျှောက်ကြသည်။ လမ်းက မှောင်ရိပ်ကျနေပြီဖြစ်သည်။ ကားလမ်းပေါ်တွင်လဲ လူသူမရှိ၊ ကားဆိုသည်မှာလဲ ထိုအချိန်ကအလွန်ရှားသည်မို့ဖြတ်သွား ဖြတ်လာတောင်မရှိပေ။ အရှေ့သို့အတန်ကြာအောင်လျှောက်ပြီးသည်အထိ တာလမ်းကို မတွေ့ရသေး။

”လှလှ ဒီအရှေ့မှာတော့ မရှိလောက်တော့ဘူးထင်တယ်နော်”

”ဟုတ်ပါ့ မမခင်ရဲ့”

”တို့ခုနက တွေ့ခဲ့တဲ့ တာလမ်းပဲဖြစ်ရမယ်၊ ကားဆရာက တို့ကို မှတ်တိုင်ကျော်ပြီး ချပေးခဲ့တာလားမှ မသိတာ”

မမခင်ပြောစကားကို လှလှက ခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။ ထို့နောက် သူတို့ပြန်လျှောက်ခဲ့ကြရာ တာလမ်းမကြီးထိပ်သို့ ရောက်လာခဲ့ကြသည်။

ထိုတာလမ်းမကြီးက မြေသားထက်စာလျှင် မြက်ခြောက်တွေက ဖုံးနေသည်။ တာလမ်းနံဘေးတွင်လဲ ချုံပင်ကြီးများက ပေါက်နေကာ လမ်းမပေါ်ခုံးပြီးကျနေလေသည်။ တာလမ်းမကြီးဘေးတွင် ကွင်းပြင်ကြီးများနှင့် အလေ့ကျပေါက်သောအပင်များကလွဲပြီး ဘာမှမရှိ။ တာလမ်းထိပ်တွင် ညီအစ်မနှစ်ယောက် ခဏရပ်ကြည့်နေကြသည်။

”မမခင်ရေ၊ ဆွေကလာကြိုမယ်ပြောပြီး ရှိလဲမရှိပါလား”

”ညီမလေးကလဲ တို့လာတဲ့အချိန်ကိုလဲကြည့်ဦးလေ၊ သူတို့တစ်နေ့လုံးစောင့်နေတာနေမှာပေါ့၊ နေစောင်းတော့မှ တို့မလာလောက်တော့ဘူးထင်ပြီး ပြန်သွားတာဖြစ်မယ်”

လှလှနာရီငုံ့ကြည့်လိုက်တော့ ၆နာရီထိုးနေပြီဖြစ်သည်။ မတတ်နိုင်တော့။ ထိုတာလမ်းမကြီးအတိုင်း ညီအစ်မနှစ်ယောက် လျှောက်လာခဲ့ကြသည်။ တာလမ်းမကြီးအချို့နေရာတွင် ချုံများက ထူထပ်ပြီး ချုံပင်များကကိုင်းကျနေသည်မို့သူတို့လူနှစ်ယောက်တောင် ခေါင်းကို ငုံ့ပြီး လျှောက်ခဲ့ကြရသည်။

”အင်း . . . လူတောင်မနည်းလျှောက်ရတာ၊ လှည်းကဘယ်လိုသွားလဲမသိဘူးနော် မမခင်”

”ဟုတ်ပါရဲ့၊ လမ်းကလဲ မညီမညာနဲ့လမ်းဆိုးလိုက်တာ”

သူတို့လျှောက်လာရင်း မိနစ်နှစ်ဆယ်ခန့်ကြာခဲ့သည်အထိ ထိုတာလမ်းကြီးတွင် လူသူတစ်ယောက်မှ မတွေ့ရ၊ လမ်းဆုံးကိုလဲ မမြင်ရပေ။ လျှောက်ရင်း လျှောက်ရင်း နောက်ဆုံး သူတို့နှင့် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် အမျိုးသမီးနှစ်ဦးကိုတွေ့လိုက်ရတော့သည်။ လှလှတို့လဲ ပျော်သွားသည်။

အမျိုးသမီးနှစ်ဦးက ခမောက်တွေ ကိုယ်စီဆောင်းထားပြီး ချည်ထည်တွေဝတ်ဆင်ထားသည်။ တစ်ယောက်က ပေါက်တူးတစ်လက်ကို ပုခုံးတွင်ထမ်းထားသလို နောက်တစ်ယောက်က တောင်းကလေးတစ်ခုကို ပိုက်ထားလေသည်။

”အမတို့ . . . အမတို့ သပြေသာရွာက ရောက်တော့မှာလား”

လှလှမေးလိုက်သည့်အခါ ထိုအမျိုးသမီးနှစ်ဦးက လှလှကို ထူးဆန်းစွာဖြင့် ကြည့်နေလေသည်။ ထို့နောက်အတန်ကြာမှ ခေါင်းညိတ်ပြလေသည်။

”ဒါဆိုရင် အဲဒီရွာက ဆွေဆွေမြင့်အိမ်ကိုသိသလား”

ထိုအခါ ပေါက်တူးထမ်းထားသည့် အမျိုးသမီးက ခေါင်းညိတ်ပြလေသည်။

”ရွာက ဝေးသေးလား”

”မဝေးတော့ဘူး ညီမရဲ့ နောက်တစ်ပြန်လောက်ဆိုရောက်ပြီ”

”ဟုတ်ကဲ့။ ဒါနဲ့ အမတို့က ဘယ်သွားကြမလို့လဲ”

”တို့လား၊ တို့တစ်တွေက ယာခင်းထဲသွားကြမလို့”

ထိုသို့ပြောပြီးသည်နှင့် ထိုအမျိုးသမီးနှစ်ယောက်က ဆက်လျှောက်သွားကြလေသည်။ လမ်းကလဲ အတော်မှောင်လာပြီဖြစ်သည်။ မမခင်က ဆက်မသွားသေးဘဲ သူ့လွယ်အိတ်ထဲမှ သုံးတောင့်ထိုး သံဓါတ်မီးကိုထုတ်ယူလိုက်ပြီးနောက် ဓါတ်မီးကိုဖွင့်လိုက်သည်။

”လမ်းကမှောင်နေပြီညီမလေးရဲ့၊ မြွေပါး ကင်းပါးနဲ့ ဓါတ်မီးနဲ့သွားမှရမယ်ထင်တယ်”

ဓါတ်မီးထုတ်ပြီးတော့ လှလှက ဟိုဟိုသည်သည်ထိုးကြည့်လိုက်သည်။

”ဒါနဲ့ ခုနက နှစ်ယောက်က ထူးဆန်းတယ်နော်၊ ညကြီးမင်းကြီး ယာခင်းထဲ ဘာသွားလုပ်တာလဲ”

”ဟုတ်ပါရဲ့နော်”

လှလှကပြောပြီးနောက် သူတို့လျှောက်လာသည့် လမ်းကို ဓါတ်မီးနှင့်ပြန်ထိုးကြည့်လိုက်သည်။ သို့သော် ခုနက လမ်းလျှောက်လာသည့် အမျိုးသမီးနှစ်ဦးကို မတွေ့ရတော့ချေ။

(၄)

ဆယ်မိနစ်ခန့် လမ်းလျှောက်ခဲ့ပြီးတော့ တာလမ်းမကြီးတွင် ချုံပင်များကင်းစင်သွားလေသည်။ ထိုအခါ အရှေ့တွင် မီးရောင်တလက်လက်ဖြင့် ရွာကြီးတစ်ရွာကို မြင်တွေ့လိုက်ရတော့သည်။

”မမခင် အရှေ့မှာ ရွာကြီးတစ်ရွာပါလား”

”ဟုတ်တယ်ညီမလေးရေ၊ သပြေသာရွာဖြစ်မယ်ထင်တယ်”

ထိုသို့ပြောရင်း အားတက်သွားကာ ညီအစ်မနှစ်ယောက် ရွာသို့သုတ်ခြေတင်ပြီးသွားကြသည်။ ရွာနှင့်နီးလာသောအခါတွင် ရွာခံများကို အများအပြားမြင်ရသည်။ နွားကိုဆွဲလာသည့်သူများ၊ နွားကျောင်းထွက်လာသည့်သူများ၊ ရေအိုးရွက်လာသည့်သူများ စသည်ဖြင့် ရွာသားများကိုတွေ့လိုက်ရသည်။

”မမခင် ဒီရွာက ထူးဆန်းတယ်နော် ညဖက်ကြီးရွာသားတွေက အလုပ်တွေလုပ်လို့ပါလား”

”အို . . . ညီမလေးကလဲ မနက်ဖြန်ကျတော့ အလှူရှိတယ်မို့လား၊ သူတို့တစ်တွေ တစ်ရွာလုံး အလှူအတွက်ပြင်ဆင်နေတာနေမှာပေါ့”

ဟုတ်သည်။ ဒီနေ့က အဖိတ်နေ့။ မနက်ဖြန် လပြည့်ပြီဖြစ်သည်။ ကဆုန်လပြည့်ဆိုလျှင် ရွာတွင်ဘုရားပွဲနှင့် အလှူပွဲကျင်းပမည်မဟုတ်ပါလား။

ရွာထိပ်ရောက်တော့ ရွာလယ်လမ်းအတိုင်းလာခဲ့ကြသည်။ ထိုစဉ် အနားမှ ဦးလေးကြီးတစ်ဦးက တုတ်တစ်ချောင်းဖြင့်သွားလာနေလေသည်။ လှလှလဲ ထိုဦးလေးကြီးကို မေးကြည့်လိုက်သည်။

”ဒီမှာဦးကြီးရှင့် ဆွေဆွေမြင့်တို့အိမ်ကို ဘယ်လိုသွားရသလဲ”

ထိုအခါ ထိုဦးကြီးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီးနောက် လမ်းညွှန်ရန်ဟန်ပြင်လိုက်သည်။ ထို့နောက်တွင်မှ တစ်နေရာသို့ထိုးပြရင်း ခေါ်လိုက်သည်။

”ဟေ့ကောင်လေး လာဦး”

ထိုတော့မှ မန်ကျည်းပင်အောက်တွင် ဆော့ကစားနေသည့် ကောင်လေးတစ်ယောက်ကို သူတို့ညီအစ်မ သတိထားမိတော့သည်။ ထိုကောင်လေးက ပြေးလာလေသည်။

”သူတို့တွေကို ဆွေဆွေမြ တို့အိမ်ကိုလိုက်ပို့လိုက်စမ်းပါ”

”ဟုတ်ကဲ့ ဘိုးဘိုး”

ကလေးလေးကဖြေပြီးတော့ သူတို့ရှေ့မှ လမ်းလျှောက်သွားလေရာ သူတို့ညီအစ်မလဲ ဦးလေးကြီးကို နှုတ်ဆက်ပြီးတော့ ကလေးလေးနောက်မှ လိုက်ခဲ့သည်။ ကလေးလေးက တစ်လှမ်းချင်းလမ်းလျှောက်နေသည်ဆိုသော်လည်း သူတို့ညီအစ်မနှစ်ယောက်မှာတော့ အပြေးတစ်ပိုင်းလိုက်နေရသည်။ ကလေးလေးက သူတို့အရှေ့ ဆယ်ပေခန့်မှ လမ်းလျှောက်သွားနေသော်လည်း သူတို့က ထိုကလေးလေး၏ ခြေလှမ်းကို မမီနိုင်ဘဲဖြစ်နေသည်။

တစ်ရွာလုံးက အိမ်တိုင်းလိုလို မီးပုံးများ၊ မီးခွက်များထွန်းထားသည်။ ခြံများထိပ်တွင်လဲ မီးတုတ်ကြီးများထွန်းထားကြသလို၊ အချို့အိမ်များက မီးပုံကြီးများပုံထားကြပြီး မီးပုံနဘေးတွင် လူများထိုင်ပြီး မီးလှုံနေကြသည်။

”မမခင် ထူးဆန်းတယ်နော်”

”ဟုတ်ပ၊ ညီမရယ် အမလဲ ပြောမလို့၊ နွေခေါင်ခေါင်ကြီးမှာ မီးလှုံနေရလောက်အောင် မချမ်းပါဘူးအေ”

(၅)

အပြေးတစ်ပိုင်းလိုက်ရသည်မှာ မောပန်းလွန်းသည်။ လှလှကတော့ ခရီးဆောင်အိတ်သာ ကိုင်ရသည်မို့ သိပ်တော့မမောလှပေမယ့် မမခင်ကတော့ ခရီးဆောင်အိတ်လဲကိုင်ရသေး စောင်ထုတ်ကြီးလဲ ရွက်ထားရသည်မို့ ပေါ့ပေါ့ပါးပါးတော့မဟုတ်။ ညအချိန်ကြီး ချွေးတွေရွှဲနေသည်။

မကြာမီ အိမ်ကြီးတစ်အိမ်ရှေ့တွင် ကလေးလေးက ရပ်သွားလေသည်။ ထို့နောက် ထိုအိမ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ လှလှလဲ ဆွေ့အိမ်ဖြစ်မယ်ဟု ရိပ်စားမိလိုက်သည်။ ကလေးလေးသည် သူတို့ကို လက်ညှိုးညွှန်ပြပြီးသည်နှင့် လာရာလမ်းအတိုင်းလှည့်ပြန်ပြေးတော့သည်။ လှလှတို့နှစ်ယောက်ကြားမှ ဖြတ်ပြီးပြေးသွားသဖြင့် လှလှတို့ပင်မတားအားလိုက်။

”ကလေးလေးကလဲ ပြေးလိုက်တာ မြန်ရော၊ သူ့ကို တို့ယူလာတဲ့မုန့်ကလေးနည်းနည်းကျွေးမလို့ဟာကို”

မမခင်ကပြောလိုက်ပြီးနောက် ထိုခြံရှေ့တွင်ရပ်လိုက်ကြသည်။

ခြံတံခါးကဖွင့်ထားသော်လည်း သူတို့ညီအမချက်ချင်းမဝင်သေးဘဲ ခြံအပြင်မှ ခေါ်ကြည့်ကြသည်။

”ဆွေရေ . . . ဆွေ၊ လှလှလာလည်တယ်ဟေ့”

ခဏကြာတော့ အိမ်ထဲမှ အသက်ငါးဆယ်ခန့် ၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးတစ်ယောက်ထွက်လာလေသည်။

”ဪ . . . သမီးရဲ့သူငယ်ချင်းတွေထင်တယ်”

”ဟုတ်ကဲ့အဒေါ်၊ ဆွေကော . . . ဆွေဘယ်သွားလဲ”

ထိုအခါ အဒေါ်ကြီးက ပြုံးလိုက်လေသည်။ သို့သော်သူ့အပြုံးက တစ်မျိုးကြီးကြောက်စရာကောင်းနေလေသည်။

”ဆွေလောလောဆယ်အိမ်မှာမရှိသေးဘူး . . . လာလာအိမ်ထဲဝင်ကြပါအုံး သမီးတို့”

လှလှတို့လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခြံထဲဝင်လာခဲ့သည်။ ခြံက အကျယ်ကြီးဖြစ်သည်။ ခြံအလယ်လောက်တွင် ခြေတံရှည်အိမ်ကြီးတစ်လုံးရှိသည်။ အိမ်ကြီးက ရေနံချေးဝအောင်သုတ်ထားသဖြင့် မည်းနက်နေသည်။ အိမ်အောက်တွင် မီးဖိုဖိုထားပြီး မီးခွက်များလဲ နေရာအနှံ့ထွန်းထားသဖြင့် လင်းနေလေသည်။ သူတို့အိမ်ရှေ့နားက ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။

”ထိုင်ကြပါအုံးသမီးတို့ . . . နောက်ကျလိုက်တာ သမီးတို့ဘယ်ကလာတာလဲ”

”သမီးတို့က မုံရွာအထက်ဘက်ကပါပဲဒေါ်ဒေါ်”

”ဒါနဲ့ သမီးတို့ နာမည်က ဘယ်လိုခေါ်ကြသလဲ”

”သမီးက လှလှတင့်ပါ။ ဒါက သမီးရဲ့အမအရင်း ခင်ခင်တင့်ပါ။ ”

ထိုအခါ ထိုအဒေါ်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

”လှလှတဲ့လား. . . . သမီးပြောတာတော့ မကြားဖူးပါဘူး”

လှလှစိတ်ထဲကသိကအောက်ဖြစ်သွားသည်။ ဆွေဆွေနှင့်မတွေ့ခင်ကတည်းက လှလှက အိမ်မှအိမ်သားများကို ဆွေ့အကြောင်းများပြောထားသဖြင့် ဆွေနှင့်အိမ်သားများရင်းနှီးပြီးသားဖြစ်သည်။ ယခုတော့ ဆွေ့အမေက လှလှ၏ နာမည်ကိုပင်မကြားဖူးဆိုသောကြောင့် လှလှစိတ်ထဲ ကသိကအောက်ဖြစ်ရသည်။

”ပင်ပန်းလာတယ်ဆိုတော့ နားကြအုံးပေါ့သမီးတို့။ အပေါ်ထပ်မှာ အခန်းပြင်ပေးမယ်လေ။ ပြီးရင်တော့ ထမင်းဆင်းစားကြပေါ့၊ ဒေါ်ဒေါ်ပြင်ပေးထားမယ်”

”ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဆွေက ဘယ်ကိုသွားတာလဲဟင်”

ထိုအခါ ထိုအဒေါ်ကြီးက မျက်နှာပျက်သွားသည်။ ထို့နောက်ချက်ချင်းပင် နှစ်လိုဖွယ်မကောင်းသော အပြုံးတုဖြင့်ပြုံးပြသည်။

”ဆွေက ဒီရွာထဲပဲ ခဏသွားတာပါ။ ခဏနေပြန်လာမယ်ထင်တယ်”

သို့နှင့် ညီအစ်မနှစ်ယောက် အိမ်ပေါ်တက်ခဲ့ကြသည်။ အိမ်ပေါ်တွင် ထင်မထားလောက်အောင် အတော်ကျယ်ဝန်းသည်။ အိမ်နောက်ဖက်တွင်တော့ အိပ်ခန်းများရှိပြီး သူတို့အတွက်ခြေရင်းခန်းတစ်ခုကိုပြင်ဆင်ပေးထားသည်။ ဆွေ့အိမ်တွင် ထိုအဒေါ်ကြီးတစ်ယောက်မှ လွဲပြီးအခြားလူတစ်ယောက်မှမရှိ။ အဒေါ်ကြီးက လှလှတို့အခန်းကို ပြသပေးပြီးတော့ အိမ်အောက်ကို ပြန်ဆင်းသွားလေသည်။

”ရေချိုးချင်တယ်မမခင်”

လှလှက အဝတ်အစားများကို ချွတ်ရင်းနှင့်ပြောလိုက်သည်။ မနက်ကတည်းက ကားစီးလာရတာက တစ်ကြောင်း၊ တစ်လမ်းလုံးလမ်းလျှောက်ရ၊ အပြေးတစ်ပိုင်းသွားခဲ့ရတာက တစ်ကြောင်းမို့ တစ်ကိုယ်လုံး ချွေးတွေသံတွေနှင့် ညစ်ပတ်နေလေသည်။ မျက်နှာတွင်လဲ ဖုန်တွေ အလူးလူးနှင့်ဖြစ်နေသည်။

”ဆွေ့အမေကိုပြောပြီး ရေချိုးကြတာပေါ့”

သို့နှင့် ညီအစ်မနှစ်ယောက် ရေလဲထမီများနှင့် သဘက်များကိုကိုင်ဆောင်ပြီးနောက် အောက်ထပ်ဆင်းခဲ့ကြသည်။ အောက်ထပ်တွင် ဆွေ့အမေက ထိုင်ပြီးဆေးလိပ်သောက်နေသည်။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖြစ်သည်။

”အဒေါ်၊ လှလှတို့ ရေချိုးချင်လို့”

ထိုအခါ အဒေါ်ကြီးက ထူးဆန်းသောမျက်နှာဖြင့် လှလှတို့ကိုကြည့်လိုက်သည်။

”ရေချိုးမလို့လား . . . နောက်ကျနေပြီ မချိုးပါနဲ့ကွယ်”

လှလှလဲ စိတ်ထဲဒေါသဖြစ်သွားသည်။

”မချိုးလို့တော့ မဖြစ်လို့အဒေါ်ရေ၊ တစ်လမ်းလုံး လာရတာ ချွေးတွေသံတွေနဲ့ လူတွေလဲ နံစော်နေပြီ၊ နောက်ပြီး နွေရာသီဆိုတော့ညဘက်ရေချိုးလဲ သိပ်ပြသနာမရှိပါဘူး”

လှလှကပြောလိုက်တော့ အဒေါ်ကြီးက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဆေးလိပ်ခွက်ထဲပစ်ထည့်လိုက်သည်။ မီးဖွားများက ဖွာကနဲ လွင့်စင်သွားသည်။

”ခက်တာပဲ ခုခေတ်ကလေးတွေကတော့ ပြောမရ ဆိုမရနဲ့ . . .”

အဒေါ်ကြီးက ရေရွတ်လိုက်ပြီးနောက် အိမ်နောက်ဖေးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါ သူတို့လဲ အိမ်နောက်ဖေးသို့ဝင်ခဲ့သည်။ ထရံများနှင့်ကာရံထားသည့်နေရာတစ်ခုကိုတွေ့လိုက်ရသဖြင့် ရေချိုးခန်းဖြစ်မည်ဟုထင်လိုက်သည်။

လှလှထင်သည်ကမလွဲ။ အထဲတွင် ရာဝင်အိုးနှစ်လုံးနှင့်ရေများထည့်ထားပြီး ကျောက်ပြားနှစ်ချပ်လဲရှိသဖြင့် ရေချိုးခန်းဖြစ်လေသည်။ ညီအစ်မနှစ်ယောက်လဲ ထိုရေများကို ခပ်ပြီးချိုးလိုက်ကြသည်။

”အမယ်လေး . . . အေးလိုက်တာတော့”

ရေများက အေးစက်နေသည်။ တော်ရုံရေအေးတာလောက်ကတော့ လှလှက မမှု။ အခုရေတွေက ရေခဲရေတွေလိုအေးစက်နေလေသည်။

”မမခင်ရယ် . . . ရေတွေက အေးလိုက်တာ တအားပဲ”

”အင်းနော် . . . ဘာရေတွေလဲတော့မသိဘူး၊ ဒါကြောင့် ဆွေ့အမေက မမတို့ကို ရေမချိုးစေချင်တာထင်တယ်”

လှလှက နောက်ထပ်ရေတစ်ခွက်ကို ခပ်လိုက်ပြီးနောက် ပုခုံးပေါ်မှ လောင်းချလိုက်သည်။

”အောင်မယ်လေးတော့”

ရေတွေက တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားသည်။ ထိုရေများက အရိုးခိုက်အောင်ကို အေးစက်နေလေသည်။ လှလှလဲ နောက်ထပ်ရေတစ်ခွက်လောင်းချဖို့ရန်အတွက် မနည်းစဉ်းစားနေရသည်။

”ညီမလေးပြီးရင်ထွက်ခဲ့တော့နော်၊ ရေကအေးတယ် အကြာကြီးမချိုးနဲ့”

မမခင်က ရေချိုးခန်းအပြင်မှစောင့်နေလေသည်။ လှလှက အရင်ချိုးသည်မို့ သူရေချိုးမည့်အလှည့်ကိုစောင့်နေခြင်းဖြစ်သည်။

”မတတ်နိုင်ဘူး၊ သုံးခွက်လောက်တော့ ချိုးမယ်ကွာ”

လှလှက ရေရွတ်လိုက်ပြီးနောက် ရေခွက်ဖြင့် စဉ့်အိုးထဲသို့ နောက်တစ်ခွက်ခပ်ရန် ပြင်ဆင်လိုက်လေသည်။

”အောင်မယ်လေး . . . အမေရေ”

လှလှက ရေရွတ်လိုက်သဖြင့် ရေချိုးခန်းအပြင်မှ မမခင်က ပြေးဝင်လာလေသည်။

”ညီမလေး ဘာဖြစ်တာလဲ”

လှလှက မျက်နှာကိုလက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ လှလှခြေရင်းတွင် ရေခွက်က ကျနေလေသည်။

”ညီမလေး . . ရေခပ်မလို့လုပ်လိုက်တာ စဉ့်အိုးထဲမှ လူမျက်နှာဖြူဖြူကြီး မြင်လိုက်ရလို့ မမခင်”

လှလှက တုန်လှုပ်နေသည်။ မမခင်က ထိုအခါ စဉ့်အိုးထဲသို့ကြည့်လိုက်သည်။ ကြည်လင်သော ရေများအပြင် ဘာမှမရှိ။

မမခင်က သက်ပြင်းချပြီး လှလှဘက်သို့ လှည့်လိုက်သည်။

”ညီမလေး ပင်ပန်းနေပြီထင်တယ်။ မျက်စိမှားတာနေမှာပါ . . . ဘာမှမရှိပါဘူး”

လှလှလဲ မဝံ့မရဲဖြင့်ကြည့်လိုက်တော့ ရေအိုးထဲတွင် ဘာမှမရှိတော့။ လှလှလဲ ရေဆက်မချိုးချင်တော့သဖြင့် ရေချိုးခန်းအပြင်ထွက်ခဲ့သည်။ မမခင်ကတော့ ရေကိုခပ်မြန်မြန်ချိုးပြီး ပြန်ထွက်လာလေသည်။

(၆)

”သမီးတို့ရေ လာကြ၊ ထမင်းစားရအောင်”

ရေမိုးချိုးပြီးပြန်တက်လာတော့ အိမ်ပေါ် အိမ်ရှေ့ခန်းတွင် ထမင်းဝိုင်းကြီးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူတို့ညီအစ်မလဲ အခန်းထဲဝင်ပြီး အဝတ်အစားများလဲကာ ပြန်ထွက်လာကြလေသည်။

ထမင်းစားပွဲက စားပွဲဝိုင်းအကြီးကြီးဖြစ်ပြီး ထိုအပေါ်တွင် ဟင်းခွက်များမှာ စုံလင်နေသည်။ လှလှက စားပွဲပေါ်တင်ထားသည့် ဟင်းခွက်တွေကို လိုက်ရေကြည့်ရာ နှစ်ဆယ့်ရှစ်ခွက်ရှိသည်။ ကြက်သားများ၊ ငါးများ၊ အမဲသား၊ ဝက်သား သာမက ချဉ်ပေါင်ကြော်၊ ပဲသီးကြော်၊ ရုံးပတီသီးကြော် များအပြင် မြင်းခွာရွက်သုပ်၊ သနပ်စုံ၊ ပဲနှပ်၊ ပဲကြီးဟင်းချိုနှင့် တို့စရာ အသီးအရွက် အစုံအလင်ပါဝင်လေသည်။

”ကဲစားကြရအောင်၊ သမီးတို့လဲ အားမနာနဲ့ များများစားနော်”

ထမင်းဝိုင်းထိပ်တွင်တော့ ဦးလေးကြီးတစ်ယောက်ထိုင်နေသည်။ သူကလဲ ပြုံးပြုံးရွှင်ရွှင်ပင်ဖြစ်သည်။ ဆွေ့အဖေဖြစ်မည်ထင်သည်။ နောက်တော့ ဆွေ့အမေနှင့် သူတို့ညီအစ်မ လေးယောက်ထမင်းစားပွဲတွင် ထိုင်နေကြသည်။ ထမင်းစားရင်း အမေးအမြန်းထူသော လှလှက ဆွေတို့ရွာအကြောင်းတွေမေးတော့သည်။

”မနက်ဖြန် ဘုရားပွဲရှိတယ်ဆိုတော့လေ ရွာကလူတွေ အလုပ်များနေကြမှာပေါ့”

ထိုအခါ ဆွေ့အဖေနှင့် အမေက မျက်လုံးများပြူးပြီး သူတို့ကိုကြည့်နေကြသည်။

”ဘာဘုရားပွဲလဲ သမီးရဲ့ မရှိပါဘူး”

”မဟုတ်ပါဘူးအဒေါ်ရဲ့ ဆွေပြောတော့ သူတို့ရွာမှာ ကဆုန်လပြည့်ဆိုရင် ရွာထိပ်ကရှေးဟောင်းသမိုင်းဝင်စေတီကလေးမှာ ပူဇနိယဘုရားပွဲကျင်းပကြတယ်ဆိုပဲ”

ထိုအခါ အဒေါ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။

”ပေါက်ပေါက်ရှာရှာကွယ်၊ တို့ရွာမှာ စေတီလဲမရှိဘူး ဘာဘုရားမှလဲမရှိဘူး၊ ကြည့်ပါလား တို့အိမ်တောင် ဘုရားစင်ရှိလို့လား”

ထိုတော့မှ အိမ်ရှေ့ခန်းကိုကြည့်လိုက်မိသည်။ ဟုတ်ပါရဲ့၊ ဘုရားစင်ပင် မရှိ။

”ဒါနဲ့ ဒီကဦးကြီးက ဆွေ့အဖေလား”

ထိုဦးလေးကြီးက ထမင်းစားနေရင်း ခေါင်းညိတ်ပြလေသည်။

”သူက ဆွေ့အဖေလေ ဦးမြတဲ့၊ အဒေါ်ကတော့ ဆွေ့အမေ ဒေါ်မြင့်လို့ ခေါ်တယ်”

ဒေါ်မြင့်ဆိုသူ ဆွေ့အမေက ကြားကဝင်ပြောလေသည်။ ဦးလေးကြီးကတော့ ထမင်းသာကုန်းစားနေလေသည်။

”ဪ ဒါဆို ဆွေကသူ့အမေနာမည်ကို ယူပြီး ဆွေဆွေမြင့်လို့ မှည့်ထားတာပေါ့”

စကားရှည်သော လှလှကပြောလိုက်သည်။ ထိုအခါ လှလှကို ဒေါ်မြင့်ကော ဦးမြကို ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

”မဟုတ်ပါဘူး။ သမီးတို့သူငယ်ချင်းက သူ့အဖေနာမည်ကို အရင်းကိုယူထားတာ”

လှလှက မျက်မှောင်ကြုတ်လိုက်သည်။
”ဆွေက ဆွေဆွေမြင့်လေ ဒေါ်ဒေါ်ရဲ့ ဆွေဆွေမြမှမဟုတ်တာ”

”ပေါက်ပေါက်ရှာရှာ သမီးရယ်၊ အဒေါ့်သမီးနာမည်က ဆွေဆွေမြလေ”

”မဟုတ်ပါဘူးအဒေါ်ရဲ့ မှတ်ပုံတင်ထဲမှာကိုက ဆွေဆွေမြင့်လို့ ရေးထားတာပါ”

ထမင်းဝိုင်းက စကားပြောရင်း တင်းမာကုန်သည်။ ဒေါ်မြင့်မျက်နှာကြီးက တင်းမာနေလေသည်။ လှလှလဲ စကားလွန်သွားပြီထင်ပြီး ခေါင်းကလေး ပုလိုက်သည်။ မမခင်က လှလှကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ထိုနောက်ပိုင်းတွင် စကားဆက်မပြောဖြစ်တော့ဘဲ ထမင်းသာစားကြလေသည်။

”မမခင် ထမင်းစားတာနည်းလှချေလား၊ ဘာလဲ မမက သူများအိမ်မှာမို့လို့ ရှက်နေတာလား”

”အို”

မမခင်၏ ပါးကလေးများ နီရဲသွားလေသည်။

”မဟုတ်ပါဘူး ညီမလေးရဲ့ မမခင် ခရီးပန်းလာလို့ထင်တယ်၊ သိပ်မစားနိုင်လို့ပါ”

လှလှက ပဲကြီးဟင်းချိုကို တစ်ဇွန်းခပ်သောက်လိုက်သည်။ ပဲကြီးဟင်းချိုကို ဆူးပုပ်ရွက်ခပ်ထားသည်မို့ ချိုချိုကလေးနှင့် မွှေးမွှေးကလေးဖြစ်နေသည်။

”ဪ . . ဒါနဲ့အဒေါ်ရေ၊ ဆွေက ခဏနေပြန်လာမယ်ဆို မလာသေးပါလား”

”အေးကွဲ့ . . . ဒီအတိုင်းဆိုရင် ရွာထဲက သူ့အမျိုးအိမ်မှာညအိပ်မယ်ထင်ပါရဲ့”

”လှလှတို့ရောက်နေတယ်ဆိုပြီး တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းလို့မရဘူးလား”

ဒေါ်မြင့် မျက်နှာကြီးတင်းမာသွားပြီး ဘာစကားမှပြန်မပြောတော့။ မမခင်က ဒုတိယအကြိမ်လှလှကို မျက်စောင်းထပ်ထိုးပြန်သည်။ လှလှပဲ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

ထမင်းစားပြီးတော့ လှလှတို့က သူတို့သယ်လာသည့် လက်ဆောင်များကိုပေးကြသည်။

”ဒါကတော့ လှလှတို့အိမ်က ချည်ထည်ရက်ကန်းလုပ်ငန်းလုပ်တယ်ဆိုတော့ အဒေါ်တို့အတွက် စောင်တွေနဲ့ ချည်လုံချည်တွေ ယူလာခဲ့ပါတယ်”

”စောင်တွေဟုတ်လား”

ဒေါ်မြင့်ကပြောပြီး စဉ်းစားနေလိုက်သည်။

”သမီးတို့ပဲ ခြုံကြပါ၊ အဒေါ်တို့က မလိုအပ်ပါဘူး”

ဒေါ်မြင့်၏အဖြေကို မကြိုက်သော်လည်း နှုတ်ဆိတ်လျှက် အခန်းထဲပြန်ဝင်လာကြတော့သည်။

ညကိုးနာရီကျော်သည်အထိ ရွာလယ်လမ်းတွင် လူမပြတ်သေး။ လူများ၊ ခွေးများ၊ နွားများက သွားလာနေကြသေးသည်။ ဦးမြကော ဒေါ်မြင့်ပါ အိမ်အောက်ကိုဆင်းသွားကြသည်။ လှလှကတော့ အိပ်ယာထဲတွင် အနားယူရန် လှဲချလိုက်သည်။ မမခင်ကတော့ အိပ်ယာထဲတွင် ဘုရားရှိခိုးနေလေသည်။ မမခင်က ဘုရားစာကို အသံထွက်ပြိး ရွတ်ဖတ်နေလေသည်။

”ဒုန်း . . . ဒုန်း”

ခြေသံကြမ်းကြမ်းနှင့် ဒေါ်မြင့် အပေါ်ထပ်သို့တက်လာသည်။ ထို့နောက် သူတို့အခန်းထရံကို ထုရိုက်လေသည်။

”ဟဲ့ကောင်မလေးတွေ နင်တို့ဘာတွေလုပ်နေကြတာလဲ”

”ဘု . . ဘုရားရှိခိုးနေတာပါ အဒေါ်ရဲ့”

”အိပ်စရာရှိတာအိပ် . . . မဟုတ်တာတွေလုပ်မနေနဲ့”

ထိုသို့ပြောပြီး အိမ်ပေါ်မှပြန်ဆင်းသွားတော့သည်။ မမခင်က အားနာသွားသဖြင့် ဘုရားဆက်မရှိခိုးတော့ဘဲ လှဲချလိုက်သည်။ လှလှက ဒေါ်မြင့်ကို မကျေနပ်ပေ။ သို့သော်လည်း ဆွေ့အမေမို့ ပြသနာမဖြစ်ချင်သဖြင့် ငြိမ်နေလိုက်ရသည်။ သူတို့ညီအစ်မ နှစ်ယောက်လဲခရီးပန်းလာသဖြင့် မောမောနှင့်အိပ်ရန်ပြင်လိုက်ကြသည်။

(၇)

”တုံ . . ဗုံ . . .ဗုံ”

ဆိုင်းသံဗုံသံများကို ကြားနေရသည်။ အသံကိုနားထောင်ကြည့်လျှင် အလွန်ဝေးကွာသည့်နေရာမှ လာနေခြင်းဖြစ်သည်။

”ညီမလေး အိပ်ပြီလား”

မမခင်က တစ်ဖက်စောင်းပြီးအိပ်နေသော လှလှကိုတိုးတိုးလေးမေးလိုက်သည်။

”မအိပ်သေးဘူးမမခင်”

”မမတို့ မနက်ကျရင် ပြန်ကျရအောင်ကွာ”

ထိုအခါ လှလှက မမခင်ဘက်သို့ လှည့်ပြီးစောင်းအိပ်လိုက်သည်။

”ဘာဖြစ်လို့လဲ မမခင်ရဲ့ ဆွေနဲ့တောင်မတွေ့ရသေးဘူးမလား”

ထိုအခါ မမခင်က သက်ပြင်းချလိုက်သည်။

”မမခင်တို့ ရွာများမှားလာသလားလို့ စိတ်ထဲသံသယဖြစ်နေမိတယ်”

လှလှကတစ်ချက်စဉ်းစားလိုက်သည်။

”မှားတော့ မမှားနိုင်ဘူး မမခင်ရဲ့၊ ညီမတို့ ဂိတ်ဟောင်းမှတ်တိုင်မှာ ဆင်းတာပဲ၊ နောက်ပြီးတော့ ရွာကလဲ သပြေသာရွာပဲမဟုတ်လား။ ဒါတင်မကသေးဘူး အခုဆွေတို့ အိမ်ကိုရောက်နေပြီလေ”

”ဟုတ်တော့ ဟုတ်ပါရဲ့။ ဒါပေမယ့် မမခင်စိတ်ထဲတော့ တစ်မျိုးကြီးဖြစ်နေမိတယ်။ နောက်ပြီး မင်းသူငယ်ချင်းနာမည်ကလဲ ဆွေဆွေမြင့်မဟုတ်လား အခုတော့ ဆွေဆွေမြဆိုပြီဖြစ်နေပြန်ရော”

လှလှက ခေါင်းညိတ်လိုက်သည်။

”ဒါတော့ဟုတ်တယ်မမခင်၊ဒါပေမယ့် ဆွေဆွေမြက ငယ်အမည်ဖြစ်နိုင်တာပဲ၊ နောက်ပြီးဆွေက တစ်ခါပြောဖူးတယ်၊ သူ့မိဘမှည့်ပေးတဲ့ နာမည်ကို သူမကြိုက်ဘူးဆိုပြီးတော့လေ”

မမခင်က နောက်တစ်ခါသက်ပြင်းချပြန်သည်။

”ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါညီမလေးရယ် . . . မမတော့ ဆက်မနေချင်တော့ဘူး”

”ဟုတ်တော့ဟုတ်တယ် ညီမလေးလဲ ဆွေ့အမေကို သဘောမတွေ့လှဘူးဖြစ်နေတာ”

”ဒါဖြင့်ရင် မနက်ဖြန်မနက် မမခင်တို့ ပြန်ကြရအောင်ကွာ”

”အို မမကလဲ . . . ဆွေနဲ့တောင် မတွေ့ရသေးဘူး၊ ဆွေနဲ့ မနက်ဖြန်တွေ့ပြီးရင်တော့ ပြန်ရင်ပြန်မယ်လေ”

မမခင်လဲ လှလှကိုဖျောင်းဖျမရတော့မှန်း သိလိုက်ပြီမို့နှုတ်ဆိတ်နေလိုက်တော့သည်။ လှလှလဲ တစ်ဖက်သို့စောင်းလှည့်ပြီး အိပ်ပျော်သွားလေသည်။

မမခင်က အိပ်မပျော်သေးပေ၊ အိပ်ဖို့လဲ မအိပ်ရဲသေး။

”ငါ့ညီမလေးကို ငါဘယ်လို ပြောပြရမလဲ”

မခင်ခင်တင့်သည် မအိပ်သေးဘဲ ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြီးတွေးတောနေမိသည်။

(၈)

မခင်နှင့် လှလှတို့ လမ်းလျှောက်လာရာ ရွာရောက်သည့်အထိ ဘာမှမထူးခြားသေး။ သို့သော် ရွာအဝင်တွင်တော့ ထူးဆန်းသည်ကို မခင်တင့်သတိထားမိလိုက်သည်။

ကောင်လေးက သူတို့နှစ်ယောက်ကို ရွာထဲ ဆွေ့အိမ်ကိုလိုက်ပြလေသည်။ သို့သော် ထိုကောင်လေးမှာ လမ်းကိုဖြေးဖြေးကလေး ညင်သာစွာလျှောက်နေသော်လည်း သူတို့ညီအစ်မနှစ်ယောက် အပြေးတစ်ပိုင်းလိုက်တာတောင်မှ မမီပေ။ တစ်နေရာတွင် မခင်တင့်က ရွာကြီးကို လမ်းလျှောက်ရင်းတစ်ချက်ကြည့်မိလိုက်ရာ ရွာမှာရွာပျက်ကြီးသဖွယ်ဖြစ်နေပြီး ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေလေသည်။ သို့သော် မခင်တင့်က မျက်စိမှားသည်ထင်ပြီး မျက်လုံးများကို ပြန်ပိတ်ပြီး ပြန်ဖွင့်လိုက်ရာ ရွာမှာအကောင်းပကတိအတိုင်းပြန်ဖြစ်နေလေသည်။ ထိုကတည်းက မခင်တင့် သတိထားမိလိုက်သည်။

နောက်တစ်ချက်က ရွာမှလူများမှာ ညဖက်ကြီးအလုပ်များလုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထမင်းချက်သည့်လူနှင့် ထင်းခွဲနေသည့်လူနှင့်၊ နွားစာစဉ်းနေကြသော လူများလဲရှိသလို အချို့ကလဲ လမ်းပေါ်တွင်ထိုင်နေကြပြီး စကားများပြောဆိုနေကြသည်ကို ကြည့်ချင်းအားဖြင့် ပုံမှန်မဟုတ်ဟု ခံစားလိုက်ရလေသည်။ ငယ်ငယ်က အဘွားတို့ပြောပြဖူးသည့် ကျတ်ရွာများအကြောင်းတွင် ထိုကဲ့သို့ ညဘက်တွင်ကျက်စားလေ့ရှိကြောင်းကို ကြားဖူးခဲ့ရလေသည်။

ထို့ကြောင့် ဆွေတို့အိမ်ကိုရောက်ကတည်းက မခင်တင့်မှာ စိတ်ထဲနေမပျော်တော့ဘဲ ထိတ်လန့်ပြီးနေရသည်။ သို့သော် ဟန်မပျက်အောင် ထိန်းထားလိုက်ရလေသည်။ ဆွေ့အမေဆိုသည် ဒေါ်မြင့်ကို ကြည့်ရတာလဲ ဘဝင်မတွေ့လှချေ။ ထို့ကြောင့် မခင်တင့်လဲ စိတ်ထဲမှ ဘုရားစာများကိုရွတ်နေရလေသည်။ မခင်တင့်နှင့် ဒေါ်မြင့်မျက်လုံးချင်းဆုံသည့်အခါတိုင်း ဒေါ်မြင့်မျက်နှာပျက်သွားသလို မခင်တင့်နားကိုလဲ သိပ်မကပ်ရဲ၊ အကြည့်ချင်းလဲ မဆုံရဲဘဲ မျက်နှာလွှဲနေလေသည်။

ခက်တာက ညီမလေး လှလှ။ လှလှကတော့ လူငယ်ပီပီ ဘာမှ သတိထားမိပုံမရ။ ပျော်ပျော်ရွှင်ရွှင်သာဖြစ်နေလေသည်။ မခင်တင့်လဲ ဘာမှ ရုတ်တရက်မလုပ်ရဲ၊ တကယ်လို့ ဒီရွာကြီးက သရဲရွာ ကျတ်ရွာဆိုလျှင် မခင်တင့်တို့ကို ဖမ်းစားတော့မည်၊ မကောင်းကြံတော့မည်ကို ကြောက်သဖြင့် မသိချင်ယောင်ဆောင်ပြီး အလိုက်အထိုင်နေနေရသည်။

”မမခင်. . . လှလှရေချိုးချင်တယ်”

ရေချိုးခန်းရောက်တော့ လှလှကို ရေအရင်ချိုးခိုင်းပြီး မခင်တင့်က ရေချိုးခန်းအပြင်ဖက်တွင် စောင့်နေလေသည်။ ထိုအခါတွင် ခြံထဲရှိသစ်ပင်ကြီးတစ်ပင်ပေါ်မှ အဖြူရောင်ရှိသည့် လူကြီးတစ်ယောက်သည် သစ်ပင်ပေါ်မှ ဇောက်ထိုးကြီးကုပ်ဖက်လျှက် ဆင်းလာလေသည်။ မခင်တင့်လဲ ကြောက်လန့်သွားသည်။ သို့သို့ လှလှကြောက်လန့်မည်ဆိုးသဖြင့် မအော်ဟစ်ရဲဘဲ ပါးစပ်ကိုလက်နှင့်ပိတ်လိုက်ပြီးနောက် ရေချိုးခန်းအကွယ်လေးမှ လှမ်းကြည့်နေသည်။

ထိုအကောင်ကြီးက မခင်တင့်ကို မြင်ပုံမရဘဲ အေးအေးလူလူသစ်ပင်ပေါ်မှ ဆင်းလာသည်။ မြေပြင်ပေါ်ရောက်သွားသည့်အခါတွင် လူလိုမတ်တပ်ရပ်လိုက်သည်။ ထိုအကောင်ကြီးက သူ့ကိုယ်လုံးကို သုံးလေးပတ်ခန့် လှည့်ပတ်လိုက်သည်။ ထို့နောက် လူသားအသွင်ဖြစ်သွားသည်။ အသက် ၅၀ ခန့်အရွယ်ရှိသည့် ဦးလေးကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီး ခြေတံရှည်အိမ်ပေါ်သို့ တက်သွားတော့သည်။

ထို့နောက် လှလှက ရေချိုးခန်းအတွင်းမှ အော်သဖြင့် ပြေးဝင်ခဲ့သည်။ ရေချိုးခန်းအတွင်း စဉ့်အိုးအတွင်းတွင် ခေါင်းပြတ်ကြီးတစ်ခုက ပေါလောပေါ်ပြီး မြောနေလေသည်။ ခေါင်းပြတ်ကြီးမှာ မိန်းမတစ်ယောက်၏ ခေါင်းဖြစ်ပြီး ရေတွေအချိန်အကြာကြီး နစ်ထားပုံရသဖြင့် အသားအရည်တွေက ဖြူဆွတ်နေလေသည်။ ဆံပင်တွေကလဲ ပြန့်ကျဲနေလေသည်။

လှလှမကြောက်ရန်အတွက် ထိုစဉ့်အိုးကို တစ်ချက်ကြည့်လိုက်သည်။

”ညီမလေး ပင်ပန်းနေပြီထင်တယ်၊ မျက်စိမှားတာနေမှာပါ၊ ဘာမှမရှိပါဘူး”

လှလှထွက်သွားပြီးတော့ မခင်တင့်လဲ ရေချိုးခန်းထဲဝင်သွားပြီး ရေကိုသုံးလေးခွက်ခန့် ခပ်ပြီးသွန်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲမှပြန်ထွက်ခဲ့သည်။

”မြတ်စွာဘုရား”

ရေချိုးပြန်လာပြီး အိမ်ပေါ်အတက်တွင် တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ အကြောင်းမှာ အိမ်ပေါ်တွင် ထမင်းဝိုင်းကြီးခင်းထားပြီး ထိုထမင်းဝိုင်းတွင် ခုနက သစ်ပင်ပေါ်မှဆင်းလာပြီး လူယောင်ဖန်ဆင်းလိုက်သည့် လူကြီးထိုင်နေခြင်းဖြစ်သည်။

မခင်တင့်စိတ်ဆိုလျှင် ထိုနေရာမှ အပြေးထွက်သွားမိမည်ဖြစ်သော်လည်း ညီမဖြစ်သူ ကြောက်လန့်မည်ဆိုးသဖြင့် မသိချင်ယောင်ဆောင်နေရသည်။

ထမင်းစားပွဲဝိုင်းက ဟင်းလျာတွေစုံလင်လှသည်။ မခင်တင့်လဲ တစ်ချက်စဉ်းစားလိုက်သည်။ အိမ်ပေါ်တွင် အိပ်ခန်းများသာရှိပြီး အိမ်အောက်တွင်လဲ ဟာလာဟင်းလင်းဖြစ်သည်။ မီးဖိုချောင်ကိုမတွေ့ရဘဲ ထမင်းဟင်းများက ဘယ်လိုလုပ်အိမ်ပေါ်ရောက်နေသလဲဆိုတာကို မတွေးတတ်ခြင်းဖြစ်သည်။

ငယ်ငယ်က အဖွားပြောပြဖူးသည့် သရဲဇတ်လမ်းများတွင် ကျတ်များက လူသားများကို သစ်ရွက်ခြောက်များ၊ ချေးပုံများ၊ သစ်ကိုင်းများကို ဟင်းလျာများအဖြစ်ဖန်ဆင်းပြီး ကျွေးကြခြင်းကိုကြားဖူးသဖြင့် စားဖို့ရန်အတွက် မဝံ့မရဲဖြစ်နေသည်။

ထို့ကြောင့် ဟင်းများအမြင်လှသော်လည်း မခင်တင့်က မစားမသောက်ရဲ။ သို့သော် ဒေါ်မြင့်တို့ စိတ်ကွက်သွားမည်ကို စိုးရိမ်သဖြင့်သာ တို့ကနန်း ဆိတ်ကနန်း နည်းနည်းစီသာ စားသောက်လိုက်သည်။ ဘာမှမသိသော ညီမလေးကတော့ အားရပါးရပင် စားသောက်နေလေသည်။

ထမင်းဝိုင်းတွင် စကားပြောနေရင်းမှ ဘုရားစင်မရှိခြင်း၊ ရွာတွင်ဘုရားမရှိခြင်းနှင့် ဆွေ့နာမည်မှာလဲ ဆွေဆွေမြဖြစ်နေခြင်းတို့ကြောင့် သူတို့ညီအစ်မနှစ်ယောက် ရွာမှားပြီး ရောက်လာမှန်းကို တန်းပြီးသိလိုက်ရသည်။

ထို့ကြောင့် မခင်တင့်က ဘုရားကိုသာအားကိုးတော့သည်။ အိပ်ခါနီးဘုရားရှိခိုးတော့ ဒေါ်မြင့်က လာပြီးဒေါသဖြင့် တားသဖြင့်မရှိခိုးတော့ဘဲ နေလိုက်တော့သည်။ တကယ်လို့ ဒေါ်မြင့်တို့က သူတို့ညီအစ်မကို မကောင်းကြံခဲ့သော်ဆိုသည့်စိတ်ဖြင့် ရင်တထင့်ထင့်ဖြစ်နေလေသည်။

အခန်းအတွင်း ပူလောင်ပြီး အိုက်စပ်လာသည်။ လှလှကတော့ တခေါခေါနှင့် အိပ်မောကျနေသည်။ မခင်တင့်ကတော့ စိတ်ထဲမှ ကယ်မည့်သူကို တောင့်တနေမိတော့သည်။

”နတ်ကောင်းနတ်မြတ်တွေ ကျွန်မတို့ညီအစ်မကို ကယ်တင်ကြပါ။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးညွတ်ပါတယ်။”

မခင်တင့်လဲ စိတ်ထဲမှ ထိုသို့ပြောနေမိသည်။ သို့သော် တစ်ကိုယ်လုံးက ပင်ပန်းနေပြီဖြစ်သဖြင့် မျက်တောင်များစင်းလာပြီးနောက် မှေးကနဲ အိပ်ပျော်သွားတော့သည်။

(၉)

”ဘုန်း . . . ဘုတ်”

ကြားလိုက်ရသည့် အသံအကျယ်ကြီးကြောင့် လှလှလဲလန့်နိုးသွားသည်။ မမခင်က ခြင်ထောင်ထဲတွင် ငုတ်တုတ်ထိုင်နေပြီဖြစ်သည်။

”မမခင် ဘာဖြစ်တာလဲ”

”ထရံကို တစ်ခုခုလာရိုက်တဲ့အသံပဲ ညီမလေးရဲ့”

ထိုအချိန်ပင်အိမ်ကြီးတစ်ခုလုံးက တသိမ့်သိမ့်တုန်လှုပ်လာလေသည်။ ငလျင်လှုပ်သည့်ပုံမျိုးမဟုတ်ဘဲ အိမ်ကြီးကို လက်ဖြင့်ကိုင်ပြီးလှုပ်သလို လှုပ်လာလေသည်။ မကြာခင် အိမ်ကြီးတစ်ခုလုံး သွက်သွက်ခါအောင်လှုပ်ယမ်းနေတော့သည်။

ညီအစ်မနှစ်ယောက်လဲ တစ်ယောက်နှင့်တစ်ယောက် ဖက်ထားလိုက်ကြသည်။ လှလှက ကြောက်လွန်းသဖြင့် မျက်ရည်တွေ ကျနေလေသည်။

”ဝုန်း . . . .”

မကြာခင် အိမ်ခေါင်မိုးကြီးတစ်ခုလုံးက လွှင့်ထွက်သွားလေသည်။ မိုးပေါ်တွင်လက ထိန်ထိန်သာနေပြီး တိမ်စိုင် တိမ်လိပ်တွေကလည်း ဖြည်းညှင်းစွာ ရွေ့လျားနေကြ၏။ ထိုတိမ်စိုင်တိမ်လိပ်နှင့် ကောင်းကင်ကြီးတွင် မီးလုံးကြီးသုံးလေးလုံးက ပျံသန်းနေကြသည်။ ထိုမီးလုံးများက နေလုံးများကဲ့သို့ လင်းထိန်လျှက် ကောင်းကင်ပေါ်တွင်တောက်ပနေကြသည်။ ထိုအထဲမှ မီးလုံးကြီးတစ်လုံးက တဖြေးဖြေးနိမ့်ဆင်းလာပြီးနောက် သူတို့အထက်သို့ ရောက်လာလေသည်။ သူတို့နား ပတ်ချာလည်တွင် မီးလုံးကြီး၏ အလင်းရောင်ကြောင့် ထိန်လင်းနေသည်။ အလင်းရောင်များမှာ အဝါရောင်ဖန့်ဖန့်ဖြစ်သည်။ သင်္ဘောမီးသီးလို အဝါရောင်မျိုးဖြစ်သည်။

”ဟဲ့ကောင်မတွေ နင်တို့တွေ ဒီမှာဘာလာလုပ်နေကြတာလဲ”

ထိုမီးလုံးကြီးဆီမှာ အသံထွက်လာသည်။ အနီးကပ်သေချာကြည့်လိုက်သည့်အခါ မီးလုံးထဲတွင် လူမျက်နှာကြီးတစ်ခုကို မြင်ရလေသည်။ လှလှက ကြောက်လွန်းသဖြင့် မျက်လုံးများပိတ်ပြီး မမခင်ရင်ခွင်ထဲတွင် တိုးဝင်နေလေသည်။ မခင်တင့်ကတော့ မီးလုံးကြီးကို မမှိတ်မသုန်ကြည့်နေလေသည်။

”ဘာကြောင်ကြည့်နေတာလဲ ကောင်မတွေ သွားမယ် . . . ငါ့နောက်လိုက်ခဲ့ကြ”

ထိုစဉ်မှာပင် ဒေါ်မြင့်နှင့် ဦးမြက အိမ်ပေါ်ပြေးတက်လာလေသည်။ သူတို့လဲ မီးလုံးကြီးကိုတွေ့လိုက်ကြရသည်။ ဒေါ်မြင့်က မီးလုံးကြီးကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

”ဟဲ့ ဘာလာရှုပ်တာလဲ၊ ဒါက ငါတို့အိမ်ကိုလာတဲ့ ဧည့်သည်တွေဟဲ့ . . .”

”ဘာဧည့်သည်လဲ ညည်းတို့နော် ကောင်မလေးတွေကို ဘယ်ကသွားဖမ်းလာတာလဲ”

”ဖမ်းလာတာမဟုတ်ဘူး၊ သူတို့ဖာသာ ငါတို့ဆီ ရောက်လာတာ”

ထိုအခါ မီးလုံးကြီးက အခန်းအတွင်းဆင်းသက်လိုက်ပြီးနောက် မီးခိုးလုံးများအဖြစ်ပြောင်းသွားပြီး လူပုံစံဖြစ်သွားသည်။ အသက် ၆၀ ခန့်အဖွားကြီးတစ်ယောက်အရွယ်ဖြစ်ပြီး အညာထည်အကျီပါးပါးဝတ်ဆင်ထားပြီး အောက်ကထဘီအပွင့်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ခေါင်းတွင် ဘီးဆံပတ်ကြီးထုံးထားသည်။

”အေး၊ သူတို့ဖာသာ လာလာ နင်တို့ပဲဖမ်းလာလာ အခုငါခေါ်သွားမယ်”

ထိုအခါ ဒေါ်မြင့်၏ မျက်လုံးကြီးများ နီရဲလာလေသည်။ ထို့နောက် ထိုအဖွားကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး

”ငါတို့ဆီလာတဲ့ ဧည့်သည်၊ ငါတို့ပိုင်တယ်၊ အပိုမပြောနဲ့ နင်ချက်ချင်းပြန်သွားပါ”

”အောင်မယ် နင်ကများ ရာရာစစ ငါ့ကိုလက်ညှိုးတွေ ဘာတွေ ထိုးနေပါလား”

ထိုအခါ ဒေါ်မြင့်က ဦးမြကို မျက်စပစ်ပြလိုက်သည်။ ဦးမြလဲ ချက်ချင်းပင် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။

”အူး . . . ဝါး . . ဝါး”

ဦးမြ၏ အော်သံကြီးက အလွန်ကြောက်ဖို့ကောင်းသည်။ ထို့နောက် ဦးမြက တဖြည်းဖြည်းကြီးလာပြီးနောက် လူအကြီးကြီးတစ်ယောက်အဖြစ် ဖြစ်သွားလေသည်။

လှလှတို့ညီအစ်မလဲ မကြုံစဖူးဖြင့် ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြသည်။ ဦးမြက သူ့လက်ဝါးကြီးဖြင့် အဖွားကြီးကို ပိတ်ပြီးရိုက်ချလိုက်သည်။ အဖွားကြီးက နောက်သို့ဆုတ်ပြီး အသာရှောင်လိုက်လေရာ ဦးမြလက်က အရှိန်လွန်ပြီး ကြမ်းပြင်ကြီးကိုထိသွားလေသည်။ ကြမ်းပြင်ကြီးမှ ကြမ်းချောင်းများသည်အကုန်ကျိုးပဲ့ကုန်လေသည်။

”အော် နင်တို့က ဒီလိုလား အေး . . . . အေး ငါလုပ်မှ အဆိုးမဆိုနဲ့”

အဖွားကြီးက ထိုသို့ပြောလိုက်ပြီးနောက် ပါးစပ်မှ ပွစိပွစိလုပ်လိုက်ရာ လက်ညှိုးထိပ်တွင် မီးတောက်ကလေးတစ်ခုပေါ်လာလေသည်။ ထို့နောက် ဦးမြကို လက်ညှိုးဖြင့် ထိုးလိုက်ရာ မီးလုံးကြီးက ထွက်ပြီး ဦးမြကိုထိတော့သည်။ အချက်ပေါင်းများစွာ လက်ညှိုးနှင့်ထိုးလိုက်သည်မို့ ဦးမြလဲ အချက်ပေါင်းများစွာ ထိမှန်ပြီးနောက် အိမ်ပေါ်မှ ခုန်ဆင်းကာ ရွာလယ်လမ်းအတိုင်း ပြေးလေတော့သည်။

ထိုအခါ ဒေါ်မြင့်က ထခုန်လိုက်သည်။ ထို့နောက် ကြမ်းပေါ်ပြန်အကျတွင် ဒေါ်မြင့်၏ ကိုယ်လုံးကြီးက ရှည်လျားလျားကြီးဖြစ်သွားကာ တီကောင်ကဲ့သို့ ပြောင်ချောချောကြီးဖြစ်သွားလေသည်။ သို့သော် ခေါင်းကတော့ ဒေါ်မြင့်ခေါင်းပင်ဖြစ်သည်။

”အဲဒါ ငါ့အစာ . . . ငါ့အစာကို ငါစားမယျ”

”ဟဲ့ နင့်အစာဖြစ်လဲ ငါဂရုမစိုက်ဘူး ငါလဲအထက်က ခိုင်းလို့လုပ်ရတာ၊ နင်နောက်ဆုတ်နေပါ၊ မဟုတ်ရင် နင်နာမယ်”

ထိုသို့ပြောလိုက်တော့မှ ဒေါ်မြင့်လဲ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် ဒေါသတကြီးနှင့် အိမ်ပေါ်မှဆင်းသွားတော့သည်။ မြွေကြီးတစ်ကောင်နှယ် တွန့်လိမ်တွန့်လိမ်ဖြင့် အိမ်ပေါ်မှဆင်းသွားတော့သည်။

(၉)

”သူ . . . သူတို့ကဘာတွေလဲ”

အဖွားကြီးက ထိုတော့မှ မခင်တင့်တို့ဖက်ကို လှည့်ကြည့်လိုက်သည်။

”ဒီကောင်မတွေက မကောင်းတဲ့ဟာတွေ၊ မကောင်းဆိုးဝါးတွေပေါ့”

လှလှခမြာ ကြောက်လန့်လွန်းသဖြင့် သေးတွေပါထွက်ကျကာ ထမီများစိုရွှဲနေလေ၏။

”ဒါနဲ့ နေပါဦး၊ နင်တို့က ဘာလို့ မကောင်းဆိုးဝါးရွာကို ရောက်လာကြတာလဲ”

လှလှက ချုံးပွဲချပြီးငိုတော့သည်။

”ဒါနဲ့ ရှင် . . . ရှင်ကဘယ်သူလဲ။ ဘာလို့ ကျွန်မတို့ကို လာကယ်တာလဲ”

”ငါ . . . ငါတို့က ကဝေမတွေ၊ လပြည့်နေ့မတိုင်ခင် ကောင်းကင်မှာ မြူးထူးနေကြတာ၊ အဲဒီအချိန်မှာ ငါတို့အထက်ကလူကြီးက ငါ့ကိုတစ်ခုပြောတယ်။ နင်တို့နှစ်ယောက် ဒီရွာမှာ ရောက်နေတယ်၊ သွားခေါ်လာခဲ့လို့ ပြောတာနဲ့ ငါလဲ ထွက်လာခဲ့တာပဲ”

ထိုသို့ပြောပြီး အဖွားကြီးသည် ထမီကို ချွတ်ချလိုက်သည်။ ထမီက ကြမ်းပြင်တွင် ကွင်းလိုက်ကြီး ကျွတ်ကျနေလေသည်။

”ကဲ ပြောနေကြာတယ်၊ ဒီနေရာက မကောင်းဘူး ကြာကြာမနေသင့်ဘူး၊ ”

မခင်တင့်တို့လဲ ရပ်နေလေရာ အဖွားကြီးက စိတ်မရှည်တော့။

”ဟဲ့ကောင်မတွေ ဘာကြည့်နေတာလဲ လာကြလေ၊ ဒီထမီထဲဝင်လိုက်ကြ။”

ထိုတော့မှ မခင်တင့်နှင့် လှလှလဲ မဝံ့မရဲဖြင့် လမ်းလျှောက်လာပြီးနောက် ထမီဘေးတွင်ရပ်နေကြသည်။ ဒူးတွေ တဆတ်ဆတ်တုန်နေသဖြင့် လမ်းတောင် မနည်းအားယူပြီးလျှောက်ရသည်။

”ကဲ ဝင်ကြတော့”

အဖွားကြီးထမီဝိုင်းထဲကို ညီအစ်မနှစ်ယောက် ဝင်ပြီး မတ်တပ်ရပ်လိုက်ကြသည်။ အဖွားကြီးမှာ ထမီမပါ အောက်ပိုင်းဗလာကျင်းနှင့်ဖြစ်သည်။ ထို့နောက် အဖွားကြီးက သူတို့ကို လက်ပြပြီး နှုတ်ဆက်လိုက်လေသည်။

”ညည်းတို့အေ မသေကောင်းမပျောက်ကောင်း၊ ငါတို့နဲ့သာမတွေ့ရင် ညည်းတို့ ဟိုကောင်မတွေရဲ့ အစာဖြစ်နေလောက်ပြီ။”

ထိုသို့ပြောပြီး အဖွားကြီးက ကြမ်းပြင်ကို ဖနောင့်နှင့်ပေါက်ထည့်လိုက်သည်။ ထိုအခါ မခင်တင့်နှင့် လှလှတို့ရပ်နေသည့် ကြမ်းပြင်ကြီးမှာ အပေါက်ကြီးဖြစ်သွားသလိုခံစားရပြီးနောက် အောက်သို့ နှစ်ယောက်လုံးကျသွားတော့သည်။ အလွန်နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုအတွင်းမှ ပြုတ်ကျသလိုဖြစ်ပြီး ရင်တွေ တထိတ်ထိတ်နှင့်ဖြစ်နေသည်။ ထို့နောက် ပတ်ဝန်းကျင်အရာအားလုံးကို အမှောင်ထုကြီးက လွှမ်းခြံသွားလေတော့သည်။

(၁၀)

”လှရေ . . . လှ. . . ထ . . . ထပါတော့”

လှလှလဲ သူ့ကိုလှုပ်နှိုးသံကို ကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ အရုဏ်ဦးအချိန်ဖြစ်နေပြီး ကောင်းကင်တွင် နေမထွက်ခင်ရှေ့ပြေး အလင်းရောင်များသန်းနေပြီဖြစ်သည်။ ငှက်တစ်ချို့လဲ ကောင်းကင်တွင် အုပ်စုဖွဲ့ ပျံသန်းနေကြသည်။

သူ့ကိုလာနှိုးသူကို သေချာကြည့်တော့မှ ဆွေဖြစ်နေသည်။

”ဟင် . . . ဆွေ . . . ဆွေပါလား”

လှလှလဲ ဆွေ့ကိုဖက်လိုက်တော့သည်။ လှလှနှင့် မမခင်က ဆွေတို့ရွာထိပ်ရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် လဲလျှောင်းအိပ်ပျော်နေကြခြင်းဖြစ်သည်။ ညီအစ်မနှစ်ယောက် ခါးဝတ်ခါးစားသာပါသည်။ ဖိနပ်ပင်မပါချေ။

ဆွေတို့က သူတို့ညီအစ်မနှစ်ယောက်ကို လှည်းဖြင့် အိမ်သို့ခေါ်သွားကြသည်။ အိမ်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲကြသည်။ လှလှကတော့ ငိုနေလေသည်။
မမခင်က ဖြစ်ပျက်ခဲ့သမျှကို ဆွေတို့ မိသားစုနှင့် အမျိုးများကို ပြောပြလိုက်သည်။ ထိုအခါ အားလုံးက အံ့အားသင့်နေကြသည်။

”ဒါဆွေ့အမှားပါ . . . ဆွေ့ရဲ့အမှား”

”ဘာဖြစ်လို့လဲ ဆွေရဲ့”

”ဂိတ်ဟောင်းမှတ်တိုင်က နှစ်ခုရှိတယ်။ လှလှတို့ဆင်းခဲ့တာ သပြေသာဂိတ်ဟောင်းမှတ်တိုင်၊ အဲ့ဒီမှတ်တိုင်မှာ ဆင်းရမှာမဟုတ်ဘူး၊ အဲ့ဒီမှတ်တိုင်နဲ့ ငါးမှတ်တိုင်လောက်အကွာမှာ နောက်ထပ်ဂိတ်ဟောင်းမှတ်တိုင်ရှိသေးတယ်။ အဲဒီမှာဆင်းရမှာ ဆွေလဲ စာရေးတဲ့အခါ ထည့်ရေးဖို့ မေ့သွားတယ်”

ထိုအခါ ဆွေ၏အဖေဖြစ်သူက ဝင်ပြောသည်။

”ဟုတ်တယ်သမီးတို့ရဲ့။ အဲဒီရွာက သပြေသာရွာဟောင်း။ ဦးလေးတို့ငယ်ငယ်ကလေးတုန်းက သပြေသာရွာမှာ ပုလိပ်ရောဂါတွေဖြစ်တော့ လူတွေတော်တော်သေကြတယ်။ ဒါနဲ့လူကြီးသူမတွေက ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့တာ၊ အခုဒီနေရာကတော့ သပြေသာ ရွာသစ်လို့ ခေါ်ကြတယ်။”

ထိုတော့မှ လှလှတို့လဲ သဘောပေါက်ခဲ့လေသည်။

”ဒါနဲ့လေ ဆွေဆွေမြက ဘယ်သူလဲဟင်”

ထိုအခါ နံရံတွင်ချိတ်ထားသည့် မှုန်ဝါးနေသည့် ဓါတ်ပုံကြီးတစ်ခုကို ဆွေက လက်ညှိုးထိုးပြလိုက်သည်။

”ဆွေဆွေမြဆိုတာက ဆွေ့ရဲ့အဖွားလေးတော်တယ်၊ အသက်အစိတ်လောက်မှာ ရေနစ်ပြီးဆုံးသွားတာ။ ခြံထဲက ရေတွင်းကြီးမှာရေခပ်ရင်းနဲ့ ပြုတ်ကျပြီးဆုံးခဲ့တာပေါ့။”

”ဪ”

မခင်တင့်လဲ ရေရွတ်မိလိုက်သည်။ ထို့နောက် ဆွေပြသည့် မိသားစုဓါတ်ပုံကို လှမ်းကြည့်မိလိုက်သည်။ ဆွေဆွေမြဆိုသည့် လူသည် မခင်တင့်တွေ့ခဲ့သည့် ရေချိုးခန်းအတွင်းမှ ခေါင်းကြီးနှင့်ဆင်တူနေလေသည်။

”ကဲသမီးတို့လဲ နားချင်နားကြဦးလေ။ နေ့ခင်းကျတော့ အလှူမှာ ထမင်းလာစားကြပေါ့။ ဘုရားပွဲမှာ ဆိုင်းလဲငှားထားတယ်။ ညကျတော့ အငြိမ့်ကြည့်ကြတာပေါ့”

လှလှတို့ ညီအစ်မ ထိုရွာကလေးတွင် သုံးလေးရက်ခန့်နေထိုင်ပြီးနောက် ပြန်လာခဲ့ကြသည်။ သပြေသာရွာဟောင်းတွင် အထုတ်အပိုးတွေနှင့် အသုံးအဆောင်များကျန်ခဲ့သော်လည်း မည်သူမျှမသွားဝံ့ကြသဖြင့် ပြန်မရတော့ပေ။

လှလှလဲနောက်ပိုင်း ဆွေတို့ရွာကလေးကို မကြာမကြာရောက်ဖြစ်သည်။ သွားဖို့ ကားစီးတိုင်း လှလှက သူတို့ညီအစ်မဆင်းခဲ့ဖူးသည့် ဂိတ်ဟောင်းမှတ်တိုင်နှင့် သပြေသာရွာကိုဝင်သည့် တာလမ်းဟောင်းကြီးကို လှမ်းပြီးကြည့်ဖြစ်သည်။ လှမ်းကြည့်မိလိုက်တိုင်းလဲ ကျောထဲစိမ့်ပြီး ချမ်းတက်လာသလိုခံစားရလေသည်။

အခုတော့ ထိုနေရာတွင် ရွာသစ်တည်လိုက်ပုံရပြီး ဆီဆိုင်များ၊ ဈေးဆိုင်တန်းများနှင့် စည်ကားနေခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားသော မမခင်အား အောက်မေ့သတိရလျှက်

လှလှ

(ဝန်ခံချက်။ ဖြစ်ရပ်မှန်ဖြစ်သော်လည်း အချို့နေရာများတွင် ဇတ်လမ်းဇတ်ကွက်ဖြစ်စေရန် အနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။ ရွာအမည်နှင့် လူနာမည်များကို အကုန်ပြောင်းလဲထားပါသည်။ လူအမည်နှင့် ရွာအမည်များ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါသည်။)

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

#အဂ္ဂဇော်