*ဘွားမယ်စိန်နဲ့ သူတော်ယောင်*📖📖📖
************************************
စ…ဆုံး
ထိုနေ့သည်
သောင်ထွန်းရွာ၌ ထူးခြားမှုရှိနေခဲ့၏။
ဖြစ်ပုံသည်က
သောင်ထွန်းရွာရှိ ထန်းတက်သမားတစ်ဦးဖြစ်သော မောင်စိုင်၏ မိတ်ဆွေတစ်ဦး
ရွာသို့လာရောက်ခြင်းကြောင့်ဖြစ်ပေသည်။
ထိုထန်းတက်သမားမောင်စိုင်၏ မိတ်ဆွေကြောင့်ပင် ရွာရှိကာလသားများ မောင်စိုင်၏အိမ်၌ ဝိုင်းဖွဲ့နေကြလေသည်။
မောင်စိုင်၏ မိတ်ဆွေသည်က သာမာန်မဟုတ်…။
တုတ်ပြီး..ဓားပြီးဆေးများ ကျွမ်းကျင်သူဟုနာမည်ကြီး၏။
“ဟကောင်တွေ…မင်းတို့က ဒီမှာသောက်လို့ကောင်းနေကြ…။ဟိုမှာဆရာက ဆေးတွေပေါက်ပေးနေတယ်လေ မင်းတို့သွားမကြည့်ကြဘူးလား”
အရက်ဆိုင်အတွင်း ရွာသားများ ပြောဆိုနေကြခြင်းဖြစ်၏။
“ဆေးကတကယ်ရောစွမ်းတာဟုတ်ရဲ့လားဗျာ…။ကျုပ်တော့မယုံပါဘူး”
ရွာသားတစ်ဦးကသောက်လက်စအရက်ခွက်ကိုချကာပြောလိုက်လေတော့…
“ဟ..ကိုမောင်စိုင်မိတ်ဆွေက တကယ်စွမ်းတာဟ…သူနဲ့ကိုမောင်စိုင်နဲ့က မြို့မှာဆုံပြီးခင်ခဲ့ကြတာဆိုပဲ…
တို့ ကိုမောင်စိုင်ကြီးကို သူကဆေးပေါက်ပေးလိုက်တယ်တဲ့ကွ…အဲ့သည်ကနေ ပြန်လာတော့ ကိုမောင်စိုင် ထန်းပင်ပေါ်ကပြုတ်ကြသေးတယ်လေကွာ…အားလုံးက သေပြီထင်တာ…ဘယ်ဟုတ်မလဲ..သူ့မှာပွန်းရာပဲ့ရာတောင်မဖြစ်ဘူးဟ…အဲ့ဆရာဆေးစွမ်းလိုက်ပုံများ…အခုဆို တို့ရွာကလူတွေတင်မကဘူး ဘေးရွာတွေပါ ဆေးလာပေါက်နေကြတယ်ကွ”
“ဟာ…အဲ့လိုလား ဒါဆို…
ကျုပ်တို့လည်းသွားပြီးဆေးပေါက်ကြရအောင်ဗျာ…”
“အေး…သွားကြတာပေါ့…”
“သွားမယ်ဟေ့…လာကြ”
မောင်စိုင်၏ ထန်းတောထဲရှိ တဲအိမ်၌ ရွာသားများစုံညီနေကြသည်။
ဆေးပေါက်သူအပြိုင်အဆိုင်ဖြင့် မောင်စိုင်၏ဆရာဖြစ်သူ ရှေ့ရှိ ငွေဖလားထဲ၌ ငွေများမို့မောက်လျှက်ရှိလေသည်။
မောင်စိုင်၏ဆရာအမည်သည်ကား..ဆရာခေါင်ဟုခေါ်ကြ၏။
“ဆရာခေါင်…ကျုပ် ဒီဆေးပေါက်ပြီးတာနဲ့ တကယ်…
တကယ်တုတ်ဓား ပြီးမှာပါနော်…”
ဟု…
ဆေးပေါက်လက်စ ရွာသားကမေးလေရာ
ဆရာခေါင်ဆိုသည့် အသားညိုညို..မျက်လုံးမျက်ဖန်ကောင်းကောင်း အသက်လေးဆယ်ကျော်အရွယ်လူကြီးက…
“မပြီးရောလားမောင်ရင်ရယ်..ရော့…
ဆေးပေါက်ပြီးတာနဲ့…ဒီဓားမနဲ့သာ ခုတ်ကြည့်ပေတော့…။မောင်ရင့်ကို ထိခိုက်မိရင် အဲ့ဓားနဲ့ ကျုပ်ကိုသာပိုင်းလိုက်ဗျာ…ဒါပေမယ့်တစ်ခုတော့ရှိတယ်…ဆေးပေါက်ပြီးလို့လေးရက်ပြည့်မှ
ဆေးစွမ်းကအပီအပြင်
ပြလိမ့်မယ်။အဲ့အချိန်ထိတော့သည်းခံကြပေါ့”
ဆရာခေါင်ကရဲရဲကြီးအာမခံပြောလေရာ…
ဆေးပေါက်သူများလည်း စိတ်ကျေနပ်သွားကြသည်။
ထိုသို့ဖြင့်ဘေးရွာများမှ ဆေးပေါက်ချင်သူများ အပြိုင်အဆိုင်ရောက်လာခဲ့ပြန်၏။
****
“အမေ…ရွာထဲမှာသတင်းထူးတယ်တော့…”
ဒေါ်ဝင်းရွာထဲမှ ဟင်းချက်စရာများသွားဝယ်လာခဲ့၏။
ပြန်ရောက်ရောက်ခြင်း ကွပ်ပျစ်၌ထိုင်နေသော
မိခင်ဖြစ်သူ ဘွားမယ်စိန်အားပြောလိုက်လေတော့…
“ဘာသတင်းများတုန်း အေ့”
“ဘာသတင်းတုန်းဆိုတော့…ရွာနောက်ပိုင်းက ထန်းသမားမောင်စိုင်လေ…အမေသိတယ်မလား”
“အေး..အမေသိတယ်လေ…”
“အဲ့ထန်းသမားမောင်စိုင်ရဲ့
အိမ်မှာလူတွေကိုဝိုင်းအုံနေတာပဲတဲ့အမေရယ်”
“ဟဲ့…အဲ့လောက်လူတွေဝိုင်းအုံနေတာ မောင်စိုင်ကဘာဖြစ်လို့တုန်း”
ဘွားမယ်စိန်မေးလေတော့ ဒေါ်ဝင်းက…
“လူတွေအုံတာအကြောင်းရှိတယ်တော့….။ဘာတဲ့ တုတ်ပြီးဓားပြီးဆေးတွေပေါက်တယ်ဆိုလားပဲ”
“ဟေ…။မောင်စိုင်ကပေါက်ပေးတာလား”
“မဟုတ်ဘူးအမေ…။မောင်စိုင်ရဲ့ဆရာဆိုလားပဲ…။အဲ့ဆရာကဆေးတွေပေါက်ပေးတော့ ရွာသားတွေဆိုတာအဲ့အိမ်ကနေကိုမခွာကြတော့ဘူးတဲ့…။
တကယ်လည်းစွမ်းတယ်ပြောတယ်…ဆေးပေါက်ပြီးတဲ့ရွာသားတွေက ကိုယ့်ကိုကိုယ်ဓားနဲ့ခုတ်ကြတယ်ဆိုပဲ…
အမေရယ်…ဓားနဲ့ခုတ်တာကိုဘာမှမဖြစ်ကြဘူးတဲ့”
“သြော်…ရွာထဲမှာတောင်
ဒီကိစ္စတွေရောက်လာပြန်ပြီပေါ့”
“ရှင်…အမေဘာကိုပြောတာလဲ”
ဘွားမယ်စိန်ရဲ့စကားကိုဒေါ်ဝင်းကမေးလေသည်။
ဘွားမယ်စိန်က…
“ဘာမှမဖြစ်ပါဘူးအေ…။သွား…သွား….အနောက်မှာ အပျိုကြီးပဲတွေ အမေရေစိမ်ထားတယ် ပွသွားရင် အခွံခွာလိုက်ဦး”
“ဟုတ်အမေ…။ကျုပ် သွားလုပ်လိုက်မယ်”
ဟု…ဆိုကာ ဒေါ်ဝင်းထွက်သွားလေတော့သည်။
ကျန်ရစ်ခဲ့သော ဘွားမယ်စိန်ကတော့ ကွမ်းအစ်ထဲမှ ကွမ်းတစ်ယာ ကိုယူ၍ ကွမ်းသီးပဲ့တစ်ခြမ်းထည့်…ထုံးနည်းနည်းသုတ်ကာ
ယာလိုက်ပြီးနောက် ပါးစောင်အတွင်းထည့်ကာ
ကြိတ်ဝါးရင်း…
“အင်း…ဘုရား…ဘုရား…ဘုရား…
ဘာကိစ္စမှထပ်မဖြစ်ပါစေနဲ့”
ဟု…
နူတ်မှပြောလိုက်ကာ
အဝေးသို့ငေးမောနေလေသည်။
###
“ဆရာ… ဒါဆို ကျုပ်တို့တွေ တုတ်ပြီး ဓားပြီး အကုန်ပြီးကျပြီပေါ့နော်…”
ရွာသားက ဆရာခေါင်အားမေးလေသည်။
ဆရာခေါင်က…
“ဒါပေါ့မောင်ရင်ရယ်…
ဆရာသေချာစီမံပေးထားပါတယ်…
စိတ်ချလက်ချသာနေကြ”
“ဟုတ်ကဲ့ဆရာ…ဆရာ့ဆီမှာ အခြားပညာရပ်တွေကောရှိသေးလားဆရာ…
ကျုပ်တို့သိချင်လို့ပါ”
“ဟားး…ရှိတာပေါ့ကွ…တုတ်ပြီးဓားပြီးဆေး…၊ကိုယ်ပျောက်ဆေး…၊ပီယဆေး..၊ အာဠာဝကဆေး…အဲ့လိုကောင်တွေကအစ ဆရာကျွမ်းကျင်တယ်…”
“ဟာ…ဆရာရယ်…ကျုပ်တို့တော့ သဘောကျချက်ဗျာ…ကိုယ်ပျောက်ဆေးသာ ဆရာလုပ်ပေးရင် ကျုပ်တို့ ဆရာကို ငွေထပ်ကန်တော့မယ်ဆရာ”
ဟု…ရွာသားတစ်ယောက်က ဝမ်းသာအားရဆိုလေတော့ ဆရာခေါင်က ခေါင်းရမ်း၏။
“အဲ့တာတွေတော့လောလောဆယ်မရသေးဘူးကွယ့်…၊
ဘာလို့ဆို မနက်ဖြန်ဆို ဆရာခရီးထွက်စရာကိစ္စရှိသေးတယ်…။ဆရာပြန်လာမှပဲ ဒီကိစ္စကိုလုပ်ပေးပါ့မယ်…”
“ဟုတ်ကဲ့ဆရာ…ကျုပ်တို့ ဆရာပြန်လာတဲ့ရက်ကိုစောင့်နေကြပါ့မယ်ဗျာ”
ဆရာခေါင်ပြုံးကာခေါင်းငြိမ့်လိုက်လေတော့သည်။
နောက်ရက်မှာတော့ ဆရာခေါင်တစ်ယောက်ရွာမှ ထွက်သွားလေပြီ။
#####
ထိုသို့ဖြင့် ဆရာခေါင်ထွက်သွားပြီး မကြာခင်တစ်ရက်၌…
“သူကြီး…သူကြီးရေ…သူကြီး”
“ဟေ…ဘာဖြစ်တာတုန်းဟ”
“ကျုပ် ဘစီပါဗျ”
“ဟော…ကိုဘစီ ဘာကိစ္စဖြစ်လို့ ဒီလောက်ပြာနေရတာတုန်း”
ညနေ မှောင်ရီပျိုးချိန်၌ဦးဘစီတစ်ယောက် သူကြီးအိမ်ဆီသို့အပြေးရောက်လာခဲ့ခြင်းဖြစ်၏။
“သူကြီးရေ…ကျုပ်တို့ရွာသားတွေတော့ ပြသာဒ်နာရှာကုန်ပြီဗျို့”
“ဟာ…ဘာဖြစ်ကြတာတုန်း ကိုဘစီရ”
ဦးဘစီ၏စကားကြောင့် သူကြီးဦးနောင်ချိုမေးလိုက်လေရာ…
“ဘာဖြစ်ရမလဲဗျ…တစ်ဖက်က အင်တိုင်းရွာက ရွာသားတွေနဲ့ ချိန်းပြီးရိုက်ပွဲလုပ်နေကြတာလေ”
“ဟင်…ရိုက်ပွဲ…ရန်ပွဲလုပ်နေကြတာလား”
“ရိုက်ပွဲက တုတ်ပြီးဓားပြီးဆေးတွေပေါက်
ထားတဲ့ကောင်တွေ ဂြိုလ်ကြွတာသူကြီးရေ…
တစ်ဖက်အင်တိုင်းကကောင်တွေကလည်း ဆေးပေါက်
ထားကြတော့ စိန်ခေါ်နေကြတာဗျို့”
“ဟာ…မိုက်လိုက်တဲ့ကောင်တွေကွာ…ဒါနဲ့
ကာလသားခေါင်းဆောင်
မောင်အုန်းကောဘယ်မှာဘာလုပ်နေတာလဲ ဦးဘစီ…”
“ကျုပ် ရန်ပွဲတားဖို့ မောင်အုန်းတို့အဖွဲ့ကို သွားခိုင်းထားတယ်သူကြီး”
“ဒါဆိုကျုပ်တို့လည်းသွားကြမယ်ဗျာ…။ရန်ပွဲကဘယ်ဆီမှာဖြစ်တာတုန်း”
” ရွာနောက်က လယ်ပြင်မှာသူကြီး”
“သွားကြမယ်ဗျာ”
သူကြီးပုဆိုးကိုတိုတိုပြင်ဝတ်ပြီးနောက်
ဦးဘစီနှင့်အတူ ရွာအနောက်ပိုင်းသို့အပြေးသွားတော့၏။
ရွာထဲရှိလူတွေသည်လည်း သူကြီးနှင့်ဦးဘစီတို့နှစ်ဦး ပြာယာခက်နေ၍ စိတ်ဝင်တစားဖြင့် နောက်မှ လိုက်လာခဲ့ကြပြန်သည်။
ရွာနောက်ပိုင်းလယ်ပြင်သို့ရောက်လေတော့..
တစ်ဖက်နှင့်တစ်ဖက် တုတ်များ တရွယ်ရွယ်…တားသူကတား….ဆဲသူကဆဲ…
ရိုက်ဟန်ပြင်သူကပြင်ဖြင့် တဝုန်းဝုန်းဖြစ်နေခဲ့၏။
ထိုလူအုပ်ကြီးတစ်အုံးအုံးတဝုန်းဝုန်း ဖြစ်နေ၍ ဖုန်များပင်ထနေလေသည်။
“ဟကောင်တွေ….ဟကောင်တွေ…ရပ်ကြစမ်း….”
“ဟေ့…သူကြီးပြောနေတယ်လေ…”
“ငါပြောတာမရတဲ့အကောင် ထိပ်တုံးအပြင် ကတုံးပါတုံးပစ်မယ်ဟေ့….”
တစ်ဖက် လူအုပ်တွင် လည်း…
“မင်းတို့ကိုငါပြောနေတာမရကြဘူးလား…
ခွေးမသားတွေ…”
အင်တိုင်းရွာသူကြီး ဦးဖိုးမှန်လည်းစိတ်တိုနေလေပြီ။
ကိုယ့်ရွာသားအားကိုယ်ထိန်းကြရင်း သူကြီးနှစ်ယောက် ပြာယာခက်နေကြ၏။
ထိုစဉ်…
“ရော့…ဟေ့….ဓား….။လာယူကြ…သွေးဘယ်လောက်ရဲလဲပြကြစမ်း”
“ဟင်…”
“ဟာ…ဘွား….”
“ဟေ့ကောင်တွေ…ဘွားမယ်စိန်ရောက်နေတာဟ”
ဘွားမယ်စိန် တောင်ဝှေးကိုထောက်ကာ လူအုပ်ကြီးအားစိုက်ကြည့်နေခဲ့၏။
စိုက်ကြည့်ရင်း မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြန်သည်။
ဘွားမယ်စိန်၏ရှေ့တွင်မှာတော့ အသွားထက်ထက် ဓားမတစ်ချောင်းရှိနေလေသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နေသောလူအုပ်ကြီးသည် ဘွားမယ်စိန်ကြောင့် ငြိမ်သက်သွားခဲ့၏။
ထိုအခါ ဘွားမယ်စိန်ကဆက်ပြီး…
“ကဲ…မောင်အုန်း…ရော့ဒီဓားမလာယူ မိုက်ရဲသတ်ရဲနေတဲ့လူမိုက်တွေကို လိုက်ခုတ်စမ်း…
ဟင်း…..
ဒင်းတို့က တော်တော်သတ္တိတွေကောင်းနေကြတယ်ထင်ပါ့”
မောင်အုန်းကို မြေပေါ်၌ချထားသော
ဓားမအားယူခိုင်းသည်။
မောင်အုန်းက တုတ်တုတ်မျှမလှုပ်…
ဘွားမယ်စိန်ကိုသာငေးကြည့်နေရှာသည်။
“အေး…မောင်အုန်းမင်းမလုပ်ရင်.. ဘွားကိုယ်တိုင်လုပ်မယ်…လာခဲ့ကြတစ်ယောက်ချင်းဆီ ဆေးစွမ်းတွေပြရအောင်…အခုလာကြ”
“သွား ကြလေကွာ…ဘွား ခေါ်နေတာကို”
“သွားလေ..မင်းတို့ပဲ မိုက်ရဲတယ်၊ခုတ်ရဲတယ်ဆို”
သူကြီးဦးနောင်ချိုနဲ့ သူကြီးဦးဖိုးမှန်တို့ မိမိတို့ရွာသားများအားတွန်းထုတ်နေကြ၏။
“ကဲ…မောင်တိုး မောင်ရင် ဆေးပေါက်ထားတယ်မလား…လာခဲ့…ဘွားဆီခုလာခဲ့”
“ဗျာ…ဘွား…ကျုပ်…ကျုပ်က
ရန်ဖြစ်တဲ့အထဲမပါဘူးလေဘွား”
ဘွားမယ်စိန်ကမောင်တိုးအားခေါ်လေသည်။
(မောင်တိုးအကြောင်းအား ဘွားမယ်စိန်နှင့်သရဲငမိုးကြီးစာမူ၌ဖတ်ရှု့နိုင်ပါတယ်)
မောင်တိုးက ဘွားမယ်စိန်အား ကြောက်ရွံစွာပြောလေသည်။
“လာပါ…မောင်တိုးရယ်…
ဘွားမင်းဆေးစွမ်းကိုစမ်းယုံတင်ပါပဲ…
ဘွားကိုယုံတယ်မလား…”
” ယုံ…ယုံပါတယ် ဘွား”
“အေး…ယုံရင်လာခဲ့ ဘွားအနားကို”
မောင်တိုးတစ်ယောက်
ဘွားမယ်စိန်အနီးသွားလေသည်။
ထိုအခါဘွားမယ်စိန်က မြေပေါ်မှ ဓားမအား လက်ဖြင့်ညွှန်ပြရင်း…
“ကောက်လိုက်…ပြီးရင် မောင်ရင်ရဲ့လက်ဖဝါးကို အသာဓားသွားနဲ့ပွတ်လိုက်စမ်း”
“ဟုတ်…ဟုတ်….”
မောင်တိုး ဓားမအား လက်ထဲကောက်ယူလိုက်သည်။
ပြီးနောက် ဓားသွားအား လက်ဝါးပေါ်တင်ရင်း အသာပွတ်ဆွဲလိုက်လေတော့…
“အား….အမလေးဗျာ…ရှတယ်ဗျ…..”
“ဟာ…ဘယ်လို ဖြစ်ရတာလဲ”
“ဟင်…ဆေးပေါက်ထားတာကဘယ်လိုဖြစ်ရတာ”
“အေးနော်…ကိုမောင်တိုးလည်းဆေးပေါက်ထားတာပဲကို”
မောင်တိုးခမျာ လက်ဖဝါးပေါ်မှ ဓားသွားရှသည့်ဒဏ်ကြောင့် နာကျဉ်နေရှာသည်။
ထိုအခါ ဘွားမယ်စိန်ကပြုံးလိုက်၏။
“ကဲ…လာကြ…။လည်စင်းခံချင်သူတွေတန်းစီကြတော့…
အခုမင်းတို့အလှည့်ပဲ”
ဘွားမယ်စိန်ကလူအုပ်ကိုကြည့်ကာ
ပြောလိုက်လေတော့
အားလုံးထိတ်လန့်နေကြသည်။
“ဘယ့်နဲ့လဲ…ဟမ်…ဆေးပေါက်ထားတယ်ဆို…
အစောကတော့
ယုံကြည်ချက်တွေအပြည့်နဲ့ အခုဘယ့်နဲ့ရှိစ”
“အဲ့တာ…အဲ့တာ ဘယ်လိုဖြစ်ရတာလဲဘွား…”
“ဘယ်လိုဖြစ်ရတာလဲဟုတ်လား…။မောင်ရင်တို့က သူတော်ယောင်ကိုမှ ဆရာထင်တာကိုး….။ကဲပြောစမ်းပါဦး…မောင်ရင်တို့ဆရာက ရှောင်ရန်ဆောင်ရန်တွေကောပြောသလား…
ဆေးပေါက်ပြီးတော့ ဘာတွေလုပ်ရမယ်ဆိုတာ”
“မပြော…မပြောပါဘူးဘွား…”
“အေး…မောင်ရင်တို့ကတော့
သူတော်ယောင်နဲ့တွေ့တာပဲ…
တစ်ပွဲထိုးဆေးတွေပေါက်ပေးပြီး အဖိုးခတွေလိမ်ညာယူသွားတာကွဲ့…။
ဒါအပြင်အတွင်းလူကပါတော့ပိုပြီး
နေရာရတာပေါ့…။
ကဲပါလေ…သတ်ချင်နေကြရင်လည်းသတ်ကြပေတော့…ဘွားကတော့ ပြန်ဦးမယ်”
ဘွားမယ်စိန်
ပြောဆိုပြီး၍တောင်ဝှေးကိုထောက်ပြီး
လူအုပ်နှင့်ဝေးရာဆီသို့ကျောပေး ထွက်ခွာသွားတော့သည်။
ဘွားမယ်စိန်ပြောခဲ့သောစကားကြောင့် ရန်ဆောင်နေကြသော နှစ်ဖက်ရွာသားများလည်း စိတ်ပျက်လက်ပျက်ဖြင့်မြေပေါ် ထိုင်ချလိုက်ကြသည်။
“ဒါ…တို့ကိုလိမ်ညာသွားတာ ဟိုထန်းသမားမောင်စိုင်ကြောင့်ပဲ…
ဒင်းကသူ့ရဲ့ဆရာတော်ကြောင်း…
သူဘယ်လိုဖြစ်ခဲ့ကြောင်းတွေကို
လိမ်ညာပြောခဲ့တာပဲ…
ဆေးက ဘွားပြောသလို ပေါက်ပြီးချိန်ခဏပဲ အစွမ်းပြတာ။ဒါကြောင့်တို့ကိုလေးရက်စောင့်ဆိုပြီးပြောခဲ့တာကိုး…။
အဲ့အကောင်ကော ဟိုလူယုတ်မာဆရာအယောင်ဆောင် ကောင်ရော တွေ့တဲ့နေရာ
အသေသတ်ပစ်မယ်ကွာ…တောက်”
“ဟုတ်တယ်…ငါတို့ဆီက လိမ်ညာယူသွားတာ…တော်သေးတာပေါ့…
ဘွားရောက်လာလို့ မဟုတ်ရင်အကုန်မသာပေါ်ကုန်ကြမှာ…”
ရွာသားများအားလုံးနောင်တရကုန်ကြ၏။
“ကဲပါကွာ…ဆရာလိမ်နဲ့
အတွင်းလူသစ္စာဖောက်ကိုရအောင်ရှာပြီး
ငါတို့အပြစ်ပေးပါ့မယ်…။မင်းတို့ကတော့အိမ်ပြန်ကြတော့ကွာ…”
ဟု…
သူကြီးဦးနောင်ချိုကပြောလေသည်။
“ဟုတ်တယ်…ဒါငါတို့သူကြီးတွေအလုပ်…မင်းတို့က အိမ်ပြန်ကြတော့ နောက်ဒီလိုကိစ္စတွေမဖြစ်အောင်သာ ဂရုစိုက်ကြ”
အင်တိုင်းရွာသူကြီး ဦးဖိုးမှန်ကဝင်ပြော၏။
ရွာသားများသည် သူတို့၏သူကြီးများ၏စကားအတိုင်း မိမိတို့အိမ်ဆီသို့ပြန်သွားကြသည်။
ထိုနေ့မှစ၍ ထန်းသမားမောင်စိုင်နှင့်သူ၏ဆရာ ဆရာခေါင်တို့အား မည်သူမျှရှာမတွေ့ကြတော့။
ရွာသားများထံမှ ရသမျှအဖိုးခများအား
လိမ်ညာယူပြီး
အဝေးသို့ထွက်ပြေးသွားကြသောကြောင့်ပင်ဖြစ်၏။
ပြီးပါပြီ။
စာမူလေးမှာလိုအပ်ချက်တွေရှိပါတယ်။
သည်းခံဖတ်ရှု့ပေးကြပါရှင်။
ယဥ်မင်း(ကန့်ဘလူ)