သေမင်းခေါ်သံ(စ/ဆုံး)
————————–
“” အင်း ဟင်း ဟင်း ဟီး ဟီး ဖလူး ဝူး””
အိပ်ယာထက်မှ လူနာ မှာ သည်းထန်စွာ
ညည်းညူရင်း အသက်ကို လု၍ ရှူနေသံက ကြားရသူ တိုင်း
လူနာအစား ရင်မောရသည်။
လူနာမှာ အသက် ၆၀ကျော် ခန့်အရွယ် လူကြီး
တစ်ဦးဖြစ်ပြီး ဖြူလျော့ ငြိုးချုံး၍ အိပ်ယာထက်မှာ ပက်
လက်အနေအထားဖြင့် လဲလျောင်းနေသည်။
လူနာ၏ အနီးတွင် ဇနီးဖြစ်သူ နှင့် သားသမီးတို့က
ဝန်းရံ၍ လူနာ နေရထိုင်ရ သက်သာစေရန် အမျိုးမျိုး
ပြုစုနေ ကြသည်။
လူနာအိမ်ပေါ်တွင် သတင်းမေးသူ လေးငါးယောက်
မိသားစုဝင်များ၊ သားသမီး မြးမြစ်များဖြင့် ငြိမ်သက်စွာ ရှိ
နေပြီး တစ်ခန်းလုံး ပြည့်နေသည်။
“” ကိုစံမှဲ့ စိတ်ထဲမှာ ဘုရား တရား အားရုံပြုနော်
တော် ပြုခဲ့ဘူးတဲ့ ကောင်းမှုကုသိုလ်တွေကို အမှတ်ရထား
ဟဲ့ သမီးနွဲ့မူ ဘုရားစာအုပ်ဖွင့်ပြီး ဘုရားစာ တွေ ရွတ်ဟဲ့ “”
လူနာဦးစံမှဲ့၏ ဇနီး ဒေါ်ကြူ က ယောက်ျားဖြစ်သူ၏
အခြေအနေကို နားလည် သဘောပေါက်ဟန်ဖြင့်
တရားသဘောနှင့် စိတ်ကိုဖြေကာ ယောက်ျားဖြစ်သူ
ဘဝကူးကောင်းရန်အတွက်သာ တတ်နိုင်သမျှ ကြိုးစား
နေသည်။
ထိုစဉ်
“” ဖလပ် ဖလပ် …. ဂီး ဂီး ဂစ် “”
“” အူး………..ဝူး….. “”
” ” ဟာ …. ဟင် …. အောင်းမလေး လာပြီ “”
အိမ်ခေါင်မိုးပေါ်မှ ငှက်ဆိုးထိုးသံကြီး ထွက်
ပေါ်လာပြီး တစ်ရပ်ကွက်လုံးမှ
ခွေးများ တပြိုင်တည်းထ၍ အူလိုက်သဖြင့် လူနာအိမ်
ပေါ်မှ လူများအားလုံး အာမေဋိတ်ကိုယ်စီထွက်ကာ မျက်
စိမျက်နှာများ ပျက်ကုန်ကြသည်။
ခွေးအူသံများ ဆုံးသည်နှင့် နဂိုက မှေးစင်းနေသော
လူနာ၏ မျက်လုံးများမှာ ရုတ်တရက်ပွင့်လာသည်။ထို့
နောက်လဲလျာင်းနေရာမှ ရုတ်တစ်ရက် ထထိုင်ကာ မျက်
လုံးများက ကျီးကြည့်တောင်ကြည့် လိုက်ကြည့်သည်။
အိမ်ပေါ်ရှိ လူအားလုံး၏ မျက်နှာကို လည်းကောင်း အိမ်
နောက်ဘက် သို့လည်းကောင်း လိုက်ကြည့်ကာ အိမ်
ရှေ့ဘက်သို့ အရောက်တွင် အကြည့်များ ရပ်တန့်
့သွားသည်။ အိမ်ရှေ့ကို ကြည့်နေရင်းမှ လူနာ၏ မျက်
လုံးများသည် အပြင်သို့ ပြုတ်ကျမတတ် ပြူးထွက်လာပြီး
မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံံဟန်များ အထင်
းသား ထွက်ပေါ်လာသည်။
“” မလိုက်ဘူး သွား သွား ငါ့ကို လာမခေါ်နဲ့ မလိုက်
ဘူး အား ကြောက်တယ် “”
အိမ်ရှေ့ကို ကြည့်ကာ ဝမ်းခေါင်းသံကြီးဖြင့် ခြေခါ
လက်ခါ အော်ဟစ်ရင်း အိပ်ယာမှ ထပြေးရန် ရုန်းကန်
နေသဖြင့် အနီးမှ လူများက ဝိုင်းဝန်း ချုပ်ကိုင် ထိန်း
ကြရသည်။ စောစောက အားပြတ်သလို မျော့မျော့သာ
ဖြစ်နေသော လူနာမှာ လူလေးငါးယောက် ဝိုင်းထိန်းရသည်။
“” အား အစ္ “”
လူနာသည် ရုန်းကန်နေရာမှ ဦးခေါင်းနောက်သို့ လန်
ကျကာ မျက်လုံးပြူးကျယ်လျက် အိပ်ယာထဲ ပြုတ်
ကျသွားသည်။
“” ခြမ္း “”
လူနာနောက်သို့ လဲအကျ ခေါင်းရင်း ဘုရားစင်မှ
ညောင်ရေအိုး တစ်လုံးမှာလည်း တပြိုင်တည်း
လဲကျသွားသည်။
ထိုစဉ် လူအများကြားထဲမှ လူနာ ဦးစံမှဲ့၏ အသက်
၇နှစ် အရွယ် မြေးမ လေးက
“” ဟီး အီး ဖိုးဖိုး သေပြီ ဟီးအီး “”
ဟု ထ၍ အော်ငိုသည်။ မိဘများက
“” ဟဲ့ သမီး မပြောကောင်း မဆိုကောင်း ဘာလို့
ထငိုတာလဲ “”
ဟု မာန်မဲလိုက်သည်။ သို့သော် သူတို့ မာန်မဲသံ မဆုံး
သေးခင်
“” ဟုတ်တယ် ကိုစံမှဲ့ ဆုံးပြီ ဟီး အီး “”
ဟု ပြောလိုက်သော မိခင် ဒေါ်ကြူ၏ အသံကို
ကြားလိုက်ရလေသည်။
“” ကိုစံမှဲ့ရယ် အဖြစ်ဆိုးလိုက်တာတော် ဟီး အီး””
“” အဖေ အဖေ သားတို့ သမီးတို့ကို ထကြည့်ပါအုံး
အဖေ့ကို ဝအောင်တောင် မပြုစုရသေးဘူး သမီးတို့ကို
ထားခဲ့ပြီလား ဟီး အီး အီး “”
အော်ဟစ်ငိုယ်ို သံများ ဆူညံသွားသည်။
“” အူး ဝူး ဝူး “”
အိမ်ထဲမှ င်ိုသံများနှင့် အပြိုင် ခွေးများ၏
အူသံများကလည်း ပြန်လည်ထွက်ပေါ်လာပြီး အိမ်ခေါင်
မိုးပေါ်မှ ငှက်မည်းကြီး တစ်ကောင်သည် တောင်ပံ တစ်
ဖျတ်ဖျတ်ခတ်၍ “” ဂီး ဂီး ဂစ် “” ဟု အသံပြုလျက်
ပျံသန်းထွက်ခွာသွားသံကို ကြားလိုက်ကြသူများက
ကြားလိုက်ရသည်။
လူနာမေးသူများကြားထဲမှ လူတစ်ဦးက
“” သေမင်း ခေါ်သံ ကြားကတည်းက ဆုံးမယ်
ဆိုတာ သိနေပြီ ဆုံးသွားတာ ချက်ချင်းပါပဲလား ကျုပ်တို့
ခင်ဗျားတို့ အလှည့်တော့ ဘယ်တော့ ရောက်လာမလဲ
မသိဘူး “”
ဟူ၍ မှတ်ချက်ချသံနှင့် အတူ သက်ပြင်းချသံများ
ထွက်ပေါ်လာသည်။
ည ၁၂ တိတိ အချိန်၌ လူနာအိမ်သည် ငို
ကြွေးသံများ ဖုံးလွှမ်းသွားပြီး စိတ်မကောင်းဖွယ်ရာ
အသုဘ အိမ်အဖြစ် ပြောင်းလဲသွားလေသည်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
“” ညီမလေး ဝေး ညီမလေး မချို “”
နောက်မှ ခေါ်သံကြောင့် ချိုချိုပြုံး လှည့်ကြည့်လိုက်
တော့ အိမ်ခြေရင်း တစ်အိမ်ကျော်မှ အစ်မ တစ်ယောက်
ကို တွေ့ရသည်။ ချိုပြုံးတို့ ဒီရပ်ကွက်ထဲ ပြောင်းလာသည်
မှာ မကြာသေး၍ သိရှိခင်မင်သူ နည်းပါးသော်လည်း
မနက်ခင်း ဈေးသွားတိုင်း အိမ်ဘက်လှည့်ကြည့်
့သွားတတ်သည့် ဤအစ်မကိုတော့ ချိုပြုံး သတိထားမိ
နေသည်။
“” အစ်မ ပါလား ဈေးသွား မလို့လား “”
“” ဟုတ်တယ် ညီမလေး အစ်မ နာမည်က မချစ်စု
တဲ့ မှတ်ထားနော် ဈေးသွားရင်း ညီမလေးကို တွေ့လို့
လှမ်းခေါ်လိုက်တာ မိတ်လည်း မိတ်ဆက်ရင်း သတိ
လေးလည်း ပေးစရာလေး ရှိလို့ “”
အတော်စပ်စုမည့် ပုံပဲ ဟု ချိုပြုံး စိတ်ထဲမှ မှတ်ချက်
ပေးမိသည်။
“” ဟုတ်ကဲ့ အစ်မ ဘာများ သတိပေးစရာ ရှိလို့ပါ
လိမ့္ “”
မချစ်စုက ဘေးဘီကို ကျီးကန်းတောင်းမှောက်
မလုံမလဲ ဝေ့ကြည့်လိုက်ပြီး သူမ၏ အသံကို နှိမ့်ကာ
“” ဒါနဲ့ ညီမ သမီးလေး သက်သာသွားပြီလား “”
ချိုပြုံး အံ့သြ သွားသည်။ ငါ့ သမီးလေး နေမကောင်
းတာ သူဘယ်လို သိပါလိမ့်။ မချစ်စုကို ချိုပြုံး ဇဝေဇဝါ
ကြည့်လိုက်သည်။
ချိုပြုံး၏ အမူအယာကို ကြည့်၍ မချစ်စုက နားလည်
ဟန်ဖြင့်
“” မအံသြပါနဲ့ ညီမလေးရာ နေ့တိုင်း ညီမတို့ လင်
မယား ခလေးကို ချီပြီး ဟိုးဘက်ရပ်ကွက်က
ကုလားဆရာဝန်ကြီး ဆေးခန်းမှာ သွားပြနေတာ တွေ့လို့
ပါ “”
ထိုအခါမှ ချိုပြုံး စိတ်ညစ်ညူးဟန်ဖြင့်သက်ပြင်း
ချလိုက်ရင်း ခေါင်းကို ခါယမ်းကာ
“” မသက်သာပါဘူး အစ်မရာ တစ်နေ့တခြား
ပိုဆိုးလာလို့ ညီမတို့ လင်မယားလည်း ခလေးအတွက်
စိတ်ညစ်နေရတယ် “”
ချိုပြုံး၏ ပုံစံကို ကြည့်ကာ မချစ်စုက စိတ်မကောင်
းဟန်ဖြင့်
“” အဲ့ဒါဆို ညီမကို အစ်မ သတိပေးစရာ ရှိတယ် ည
ည ကျရင် သေမင်းခေါ်သံ ကြားရင် ကလေးကို ဂရုစိုက်
တော့ “”
“” ရှင် အစ်မ သေမင်း ခေါ်သံ ဟုတ်လား “”
ချိုပြုံး အံ့သြထိတ်လန့်စွာ မေးမိသည်။ နာမည်
ကလည်း သေမင်း ခေါ်သံတဲ့ ။ ကြောက်စရာ နာမည်ကြီး။
“” ဟုတ်တယ် ညီမလေး ညီမလေးတို့ မိသားစုတော့
ဒီရပ်ကွက်ထဲ ဘာလို့ ပြောင်းလာလဲ မသိဘူး အစ်မတို့
ရပ်ကွက်ထဲ က လူတွေကတော အဲ့ဒီ သေမင်းခေါ်သံကို
ကြောက်လို့ ဒီရပ်ကွက်ထဲက ပြောင်းပြေးဖို့ ပဲ စဉ်းစား
နေကြတာ တချို့ ပြေးကုန်ကြပြီ အစ်မတို့လည်း
ဒီတပတ်အတွင်း ပြောင်းတော့မှာ “”
မချစ်စု၏ စကားများသည် ချိုပြုံး အတွက် ထူးဆန်းနေသည်။
“” အစ်မရယ် အစ်မ စကားတွေက ကျွန်မအတွက်
မထိတ်သာ မလန့်သာ ရှိလိုက်တာ ကျွန်မတို့ မိသားစုက
အခုမှ အဆင်ပြေလာလို့ မိဘဆီက ခွဲထွက်လာပြီး
ဒီရပ်ကွက်ထဲမှာ ဈေးသက်သက်သာသာရတဲ့ အိမ်နဲ့ ခြံ
လေး ဝယ်ပြီး လာနေကြတာ အခု အစ်မပြောပုံဆို
ဒီရပ်ကွက် ပြောင်းလာတာ မှားတယ်ပေါ့ ဘာဖြစ်
လို့များလဲ အဲ့ဒီ သေမင်း ခေါ်သံ ဆိုတာကကော ဘာလဲ
ဟမ် “”
“” ညီမ သိချင်ရင် လာ လာ အစ်မ ပြောပြမယ် “”
မချစ်စုက ချိုပြုံး၏ လက်ကို ဆွဲခေါ်သွားကာ လမ်း
ဘေး သစ်ပင်တစ်ပင် အောက်တွင် သေမင်း ခေါ်သံ အ
ကြောင်းကို စတင်၍ ပြောပြသည်။
လွန်ခဲ့သော ၆ လခန့်က ဤရပ်ကွက်အတွင်းသို့
လူကြီး တစ်ဦး ပြောင်းလာခဲ့သည်။ ထိုလူကြီး၏
အမည်မှာ ဦးဖိုးသိုက် ဟု ခေါ်ဆို၍ ၎င်း၏ပုံသဏ္ဍန်မှာ
ထူးဆန်းနေကာ မည်သူနှင့်မှလည်း အဆက်အဆံ
ံ မလုပ်ချေ။
ဆံပင်ကရှည်လျားဘုတ်သိုက် မုတ်ဆိတ်မွှေး နှုတ်
ခမ်းမွှေးများဖြင့် တည်တည်ကြီးနေသော ဦးဖိုးသိုက်
ကိုလည်း ရပ်ကွက်ထဲမှ မည်သူကမျှ အခေါ်အပြော
မလုပ်ဝံ့ချေ။
သို့သော် ထိုသို့ ခပ်ကင်းကင်းနေကြသော ရပ်ကွက်မှ
လူအများနှင့် ဦးဖိုးသိုက်ထိပ်တိုက်တွေ့မည့် အကြောင်
းက ပေါ်လာသည်။ ရပ်ကွက်၏ မြောက်အရပ်
ကျောဘက်ရှိ သင်္ချိုင်းအတွင်း နေထိုင်သော
သုဘရာဇာကြီး ဦးမှတ်ထံမှ ည ည၌ ဦးဖိုးသိုက်သည်
သင်္ချိုင်းအတွင်းသို့ ရောက်လာပြီး မြေပုံများကို တူးဆွ၍
အလောင်းများမှ ခန္ဓာကိုယ်အပိုင်းအစ အချို့ကို ဖြတ်
တောက်ယူငင်သွားသည် ဟူသော သတင်းထွက်
လာသည်။ ဦးမှတ် က မလုပ်ရန် တားသော်လည်း မရဟု
ဆိုသည်။
ထိုအခါ ရပ်ကွက်သားများနှင့် အလောင်းပိုင်ရှင်များ
မှာ မခံမရပ်နိုင်ဖြစ်၍ ဦးဖိုးသိုက်အား ဤသို့ မလုပ်ရန်
ဝိုင်းဝန်းပြောဆို ကြသည်။ သို့သော် ဦးဖိုးသိုက်က
ဂရုမစိုက်ချေ။ သင်္ချိုင်းအတွင်း သွားလာမြဲ၊ လူသေ
အသစ်မြုပ်နှံထားသည်များကို ဖော်၍ ခန္ဓာကိုယ် အစိတ်
အပိုင်း အချို့ကို ယူဆဲ။
ရပ်ကွက်မှ လူများက ဦသိုက်သည် သေဆုံး
ပြီးသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ယူ၍
အောက်လမ်းအစီအရင် ပြုလုပ်နေသော အောက်လမ်
းဆရာ ဖြစ်သည်။ ဤလိုလူမျိုး ရပ်ကွက်ထဲရှိလျင် ရပ်
ကွက်နာသည်ဟု အပြစ်ဆိုကာ မောင်းထုတ်ကြသည်။
ဦးဖိုးသိုက်က လုံးဝ ထွက်မသွား သည့်အခါ တစ်ရပ်
ကွက်လုံး စုရုံး၍ ဦးဖိုးသိုက်အား အိမ်ပေါ်တက်
ဆွဲချကြသည်။ထိုအခါမှ အိမ်ပေါ်၌ ကြောက်မက်ဖွယ်
ကောင်းသော အောက်လမ်း အစီအရင်များကို
မျက်ဝါးထင်ထင် တွေ့ကြရပြီး လူများ၏ ဒေါသက ပိုမို
ပြင်းထန်လာကာ ဦးဖိုးသိုက်အား ရိုက်ပုတ်မောင်းထုတ်
ကြသည်။
နောက်ဆုံး၌ ဦးဖိုးသိုက်မှာ ရပ်ကွက်၏ အင်အားကို
မခံနိုင်ပဲ အိမ်ကို စွန့်ပစ်ကာ ထွက်သွားရသည်။ ထိုသို့
မခံချိ မခံသာဖြင့် ထွက်ခွာသွားရင်း
“”အေး မင်း တို့ ရပ်ကွက်ကို ငါမကြေဘူး ကွ
သိလား တစ်နေ့ နေ့တော့ မင်းတို့တစ်ရပ်ကွက်လုံး
အထိတ်ထိတ်အလန့်လန့်နဲ့ ပျက်စီးရအောင်
ငါလုပ်ပြမယ် ဟား ဟား ဟား “”
ဟူ၍ အော်ဟစ် ကြိမ်းမောင်း သွားခဲ့သည်။
ဦးဖိုးသိုက် ကြိမ်းမောင်း ထွက်ခွာသွားပြီး တစ်လခန့်
အကြာမှ ရပ်ကွက်အတွင်း သေမင်း ခေါ်သံကို စတင်၍
ကြားလာရသည်။ အစ၌ သတိမထားမိကြသော်လည်း
နောက်ပိုင်းတွင် သေမင်း ခေါ်သံကြားသည်နှင့် လူတစ်
ယောက် ပုံမှန် သေနေသည်ကို ကြုံတွေ့လာရကာ တစ်
ရပ်ကွက်လုံး ထိတ်လန့်လာကြသည်။ ဦးဖိုးသိုက်အား
မာင်းထုတ်ပြီးမှ ဤကိစ္စဖြစ်လာသဖြင့် ဦဖိုးသိုက် လက်
ချက်ဟူ၍ အားလုံးက သတ်မှတ်ထားကြသည်။ ထို့
ကြောင့် ဦးဖိုးသိုက်အား လိုက်လံရှာဖွေ၍ ဖမ်းဆီးရန်
ကြိုးစားသော်လည်း မည်သည့် အရပ်သို့
လှည့်လည်သွားလာနေမှန်း မသိ၍ အခက်ကြုံ
နေကြရသည်။
တစ်နေ့ထက် တစ်နေ့ ရပ်ကွက်ထဲ၌ လူအများ၏
ကျန်းမာရေးမှာ ချို့တဲ့လာကြသည်။ လူတစ်ယောက်
ကျန်းမာရေး မကောင်းသည်နှင့် မကြာမှီမှာပင် သေမင်း
ခေါ်သံကြားကို ကြားကြရပြီး သေဆုံးရသည်။
ရပ်ကွက်အတွင်း၌ နေ့စဉ်နေ့တိုင်း တစ်ယောက်မဟုတ်
တစ်ယောက်မှာ သေဆုံးနေကြသဖြင့် လူများမှာ ကျီးလန့်
့စာစား ဖြစ်နေကြပြီး အချို့မှာ ရပ်ကွက်ထဲမှ ပြောင်း
ပြေးကြရန် ကြိုးစားကြသည်။ ရပ်ကွက်မှ အကြောင်းမဲ့
ဖြစ်ပေါ်နေသည့် လူသေမှုများနှင့် သေမင်းခေါ်သံ
သတင်းကို ပတ်ဝန်းကျင်သို့ မပျံ့လွင့်အောင် သိုဝှက်
ထားကြပြီး အိမ်ခြံများကို ရရာဈေးနှင့် ရောင်းချကာ ထွက်
ပြေးသူများက ထွက်ပြေးကြလေသည်။
“” ဟင် ဒါဆို ညီမတို့လဲ အလိမ်ခံထိပြီး အိမ်ခြံဝယ်
လိုက်တာပေါ့နော် သက်သက်သာသာလေးရလို့ ဝယ်
မိတာ မှားပြီနဲ့ တူပါတယ် “”
ချိုပြုံး အတွက် မချစ်စုက စိတ်မသက်သာသလို
သက်ပြင်းချလိုက်ရင်း
“” အဲ့ဒါ ကြောင့်လဲ ညီမကို အစ်မက သတိထားဖို့
ပြောတာပေါ့ တစ်ညညတော့ ညီမတို့ အိမ်ခေါင်မိုး
ပေါ်ကို ဘယ်က လာမှန်း မသိတဲ့ ငှက်မဲကြီး တစ်ကောင်
လာနားလိမ့်မယ် ပြီးရင် ငှက်ဆိုးထိုးသံကြီး ပေးလိမ့်မယ်
အဲ့ဒါ အသံကို သေမင်းခေါ်သံ လို့ ခေါ်ကြတယ် ညီမ
သေမင်းခေါ်သံ ကြားပြီးတာနဲ့ အဲ့ဒီအိမ်က လူတစ်
ယောက် မဟုတ် တစ်ယောက် ချက်ချင်းသေတာပဲ
တချို့ကံနိမ့်ပြီး မြင်ရတဲ့ သူတွေ ပြောတာ အိမ်ရှေ့ကို
အခေါင်းကြီး ထမ်းလာတဲ့ သူတစ်စု ကို တွေ့ရတတ်
တယ်တဲ့ အဲ့ဒီသူတွေထဲမှာ ရပ်ကွက်ထဲက
ဆုံးပါးသွားပြီးသား လူတွေပါတယ်တဲ့ လူကြီးတွေ
ပြောတာကတော့ သေတဲ့သူကို အဖော်အဖြစ် လာကြိုတဲ့
သရဲတစ္ဆေတွေ တဲ့ ဒီလောက် ကြောက်စရာ ကောင်းတာ
ရှိဦးမလား ညီမရယ် ဖြစ်နိုင်ရင်တော့ ဒီ ကျိန်စာဆိုးတွေမိ
နေတဲ့ ရပ်ကွက်က အမြန်ဆုံး ထွက်သွားတာ အကောင်း
ဆုံးပါပဲ””
မချစ်စု၏ စကားများသည် ချိုပြုံး၏ နားထဲမှ မထွက်
တော့ပေ။ ဈေးမှ အိမ်ပြန်ရောက်သည်နှင့်
ယောက်ျားဖြစ်သူ ကိုသက်အား
“” ကိုသက်ရေ ကိုသက် ကျွန်မတို့တော့
ကိုယ်ကျိုးနဲပြီနဲ့ တူတယ် ဟင့် ဟင့် ဟီး “”
မျက်စိပျက် မျက်နှာပျက် နှင့် ပြောလာသော
ဇနီးဖြစ်သူ ချိုချိုပြုံး စကားကြောင့် ကိုသက်
အလန့်တကြား ဖြစ်သွားရသည်။
“” ဘာဖြစ်လာတာလဲ မိန်းမရာ အလန့်တကြားနဲ့ “”
ချိုပြုံးက မချစ်စုပြောပြသော
အကြောင်းအရာများအား ပြန်လည်ပြောပြ လိုက်သည်။
“” ဒါမျိုးတွေ မင်းယုံလား မိန်းမရာ မင်းလဲ
ခေတ်ပညာတတ်တစ်ယောက်ပဲ လူတစ်ယောက်ရဲ့
အသက္ကို တေစၧလိုလို နာနာဘာဝလိုလို မေရရာ
မသေချာတဲ့ လောကသားတွေက သေရေးရှင်ရေး
ဆုံးဖြတ်ပေးနိုင်တယ် ဆိုတာ ဖြစ်နိုင်လား စဉ်းစားပေါ့
နောက်ပြီး ပရလောကသား ဆိုတာ လူတွေထက်
အဆင့်နိမ့်ပါးပါတယ် လူတွေကို ဒုက္ခပေးမရပါဘူး ကွာ “”
ကိုသက်၏ အကျိုးကြောင်း စကားများကြောင့်
ချိုချိုပြုံး သေချာ ပြန်လည် စဉ်းစား သုံးသပ် မိသည်။
ကိုသက်ပြောသကဲ့သို့ပင် ကိုသက်ကလည်း
ကုမ္မဏီတစ်ခု၏ အရာရှိဝန်ထမ်း ဖြစ်သလို
ချိုပြုံးကလည်း တက္ကသိုလ်မှ နည်းပြ ဆရာမ
တစ်ယောက်ဖြစ်ကာ လင်မယား နှစ်ယောက်လုံးမှာ
ခေတ်ပညာ တတ်များပီပီ ပရလောက စုန်း၊ ကဝေ
စသည်တို့ကို သိပ်အယုံအကြည် မရှိပေ။ ဘုရားဟော
အတိုင်း ကံ ကံ၏ အကျိုးကိုသာ ယုံကြည်သည်။
စောစောက မချစ်စု ၏ စကား များမှာ ထိတ်လန့်စရာ
ကောင်းလွန်း၍သာ သမီးဇောဖြင့် စိတ်ပူပန်
မိခြင်းဖြစ်သည်။
ယခု ကိုသက်က ချက်ကျလက်ကျ ပြန်ပြောလိုက်တော့
စိုးရိမ်ပူပန်စိတ်များနှင့် မချောစု၏ စကားများကို
ယုံကြည်စိတ်များ ပြန်လည် ပျောက်ကွယ်သွားကာ
စိတ်သက်သာရာ ရသွားသည်။
သို့သော် သူမတို့ လင်မယား၏ စိတ်သက်သာမှုသည်
သုံးရက်မျှသာ ခံသည်။
အချိန်ကား ည ၁၂နာရီ သန်းခေါင်းယံ တိတိ။
“” ဂီး ဂီး ဂစ် “”
“” ဝူး အူး အူး ……..””
ကျယ်လောင်၍ ရင်ထိတ်ဖွယ်ရာ ကောင်းသော
ငှက်ဆိုးထိုးသံနှင့် ခွေးအူသံကြောင့် ကိုသက် တို့
လင်မယား နိုးသွားကြသည်။ဘတ္ထရီမီးအား
ချက်ချင်းဖွင့်၍ အနီးမှ သမီးငယ်အား စိုးရိမ်တကြီး
ကြည့်လိုက်သော အခါ
အိပ်ယာထက်တွင် အမြဲမှိန်း၍ လဲလျောင်းနေသော
သမီးလေး၏ မျက်လုံးမှာ ဖျက်ခနဲ့ ပွင့်လာ၍ ငေါက်ကနဲ့
ထထိုင်လာသည်။
သမီးလေးက ညိုကွင်း၍ ချိုင့်ဝင်နေသော
မျက်ဝန်းများဖြင့် ကျီးကြည့်ကြောင်ကြည့် ကြည့်ကာ
အိမ်အပြင်ဘက်သို့ လက်ညိုးညွှန်ပြသည်။
“” သမီးကို လာခေါ် နေပြီ သွားတော့မယ် ဟီး ဟီး “”
သမီးလေး၏ ပြူးကြောင်ကြောင် အမူအရာကြောင့်
ကိုသက်နှင့် ချိုပြုံး၏ မျက်လုံးများက
ခြံဝရောက်သွားသည်။မှောင်မဲနေသော ခြံဝ၌ ကိုသက်
မည်သည့် အရာမျှ မတွေ့ရသော်လည်း ဇနီး ဖြစ်သူ
ချိုချိုပြုံးမှာ
“” အောင်းမလေး ကိုသက်ရဲ့ လုပ်ပါဦး
ကြောက်စရာကြီး “”
ဟု ပြောရင်း ကိုသက်အနား ခုန်ထ၍
တိုးကပ်လာသည်။ သမီးတွင်မက ဇနီးကပါ ခြံအပြင်ကို
လက်ညိုးထိုး၍ မျက်လုံးမျက်ဆံ ပြူးနေသည်ကို
တွေ့ရ၍ ကိုသက်လည်း ဝေခွဲရ ခက်သွားသည်။ သမီးကို
ထွေးပွေ့ရင်း
“” ဘာဖြစ်တာလဲ မိန်းမ ဘာမြင်လို့ လဲ “”
“” လူတွေ လူတွေမဟု မဟုတ်ဘူး သ သရဲတွေ
ကြာက်စရာကြီး အခေါင်းကြီးထမ်းပြီး ကခုန်နေကြတယ်
ပါးစပ်ကလည်း တဝူးဝူး တဝါးဝါး နဲ့ အိမ်ထဲလှမ်းကြည့်
ပြီး အော်နေကြတယ် ကိုသက် သမီးလေးကို
လက်ယက်ခေါ်နေတာ ဟင့် ဟင့် “”
ထစ်ထစ်ငေါ့ငေါ့ ပြောနေသော ချိုချိုပြုံး၏ စကား
အဆုံးတွင် ကိုသက်၏ လက်ထဲမှ သမီးလေးမှာ
တစ်ချက် ကော့လန်သွားသည်။ထို့နောက်
မျက်လုံးပြူးထွက်ကာဇက်ကျိုးကျသွားသည်။
“” သမီး လေး…………… “”
“” ဂီး ဂီး ဂစ် ဝှီး ဖလပ် ဖလပ် “”
ကိုသက်၏ ယူကျုံးမရ အော်ဟစ်သံကြီးအဆုံးတွေ
အိမ်ခေါင်မိုးပေါ်မှ ငှက်ဆိုးထိုးသံကြီးကို ကြားလိုက်ရပြီး
တောင်ပံခတ်၍ ပျံထွက်သွားသည့် အရိပ်ကြီးကို အိမ်ရှေ့
မြေကွက်လပ်တွင် တွေ့လိုက်ရသည် ။
ခွေးအူသံများလည်း ပြန်လည် တိတ်ဆိတ်သွားသည်။
ချိုချိုပြုံးမှာ ယောက်ျားဖြစ်သူ၏ သမီးလေး ဆုံးပြီ
ဟူသော စကားကိုပင် မကြားနိုင်ပဲ မိမိရှေ့တွင်ပင်
အိမ်ပေါ်မှ ပြေးဆင်းကာ ခြံပေါက်ဝမှ
တစ္ဆေများထမ်းထားသော် အခေါင်းပေါ်သို့ ပြေးတက်၍
လိုက်သွားသော သမီးလေး၏ ဝိညာဉ်ကို မြင်ကာ
ထိတ်လန့်စိတ် နှင့် ရင်ဆို့၍ မူးလဲသွားလေတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
“” တောက် ငါနဲ့ တွေ့ကြသေးတာပေါ့ကွာ “”
ရဲနိုင် ပါးစပ်က တဗျစ်တောက်တောက် ကြိမ်းဝါးရင်း ရွံ့စေးများနှင့် သဲမြေအချို့ကို ရောစပ်၍ နယ်ဖပ်နေသည်။
ရွံ့စေးများသည် ရပ်ကွက်အနောက်ဘက် ချောင်းထဲမှ သွားယောက်တူးယူခဲ့ခြင်း ဖြစ်ပြီး သဲမြေများမှာ ဘုန်းကြီးကျောင်း သိမ်မြေ ဖြစ်သည်။
ရွံ့စေးနှင့် ဘုန်းကြီးကျောင်း သိမ်မြေကို ရော၍ လောက်စာလုံး ရန် ရဲနိုင် ကြိုးစားနေခြင်း ဖြစ်သည်။
အဘယ့်ကြောင့် ဤသို့ ရဲနိုင်ပြုလုပ်နေသနည်း။
ရဲနိုင်မှာ စစ်ပြန် တစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲတွင်
၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက်
စစ်သက်တစ်လျှောက်လုံး မတွေ့မမြင် ဝေးကွာနေရသော
မိခင်ကြီးအား ပြုစုစောင့်ရှောက်ရန် နေရပ်သို့
ပြန်လာခဲ့ခြင်းဖြစ်သည်။
လောလောဆယ် မိခင်ကြီး၏ ကျန်းမာရေးကလည်း
မကောင်းဖြစ်နေ၍ ရဲနိုင်မှာ အနီးကပ် ပြုစု
စောင့်ရှောက်ခွင့် ရလိုက်သည်ကို အဖိုးတန် ဆု တစ်ဆု
ရလိုက်သလိုပင်။ယခင်က အဝေးမှ ငွေကြေးပို့၍သာ
ထောက်ပံ့ခွင့်ရပြီး ယခုတော့ မိခင်ကြီး၏ ချီး၊ သေး
ကအစ အသေးအမွှားအားလုံး ဂရုစိုက်
စောင့်ရှောက်နေရသည်ကို ရဲနိုင် ကျေနပ်နေသည်။
သို့သော် ရဲနိုင် ကိုယ့်ရပ်ကွက်အတွင်း
ပြန်ရောက်လာပြီး ကြားရသည့် သတင်းများကြောင့်
စိတ်မချမ်းမသာ ဖြစ်မိသည်။
“” သေမင်းခေါ်သံ “” ဟု လူအများ၏ အိပ်မက်ဆိုး
ထိတ်လန့်နေသော ဖြစ်ရပ်ဆိုးများကို
ကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။ ပတ်ဝန်းကျင်မှ
အသိများ၏ ပြောပြမှုများကြောင့် အကြောင်းစုံ
သိနေခဲ့သည့် အပြင် သူရောက်လာပြီးမှ ရပ်ကွက်အတွင်း
လူ ၂ယောက် ဆုံးပါးသွားပြီ ဖြစ်သဖြင့် အခြေအနေကို
သတိထားမိလာသည်။
ယခု သူ၏ မိခင်မှာ လည်း
ထူထူထောင်ထောင်အခြေအနေမှ ရုတ်တရက်
နေမကောင်း ဖြစ်လာသဖြင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ
သေမင်းခေါ်သံ ၏ ခြောက်လှန့်မှုအား
ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ရဲနိုင်မှာ အစကတည်းက စိတ်ကြမ်းကိုယ်ကြမ်းနှင့်
မဟုတ်မခံစိတ် ရှိသူ ဖြစ်သည့်အပြင်
စစ်ပြန်တစ်ယောက်ဖြစ်လေရာ ရဲစွမ်းသတ္တိက
အပြည့်ရှိသည်။ ရှေ့တန်း စစ်မြေပြင်၌ ရန်သူများနှင့်
သူသေ ကိုယ်သေ တိုက်ခဲ့သူက ယခုလို
အကောင်အထည်မပြနိုင်သော ကောက်ကျစ်သည့်
အောက်လမ်း အစီအရင်တစ်ခုအား အရှုံပေးရမည်ကို
လုံးဝ မခံချင်ပေ။
ထို့ကြောင့် တပ်အတွင်း ရွှေရင်ကျော် ပညာ နားလည်
သည့် တပ်ကြပ်ကြီး တစ်ဦးထံမှ လေ့လာဖူးသည့် ပညာ
အချို့ဖြင့်ကာကွယ်ရန် ရဲနိုင် ကြိုးစားအားထုတ်
နေသည်။ ဘုရား သိမ်မြေသည် နာနာဘာဝ
အောက်လမ်းအစီအရင်တို့ကို နိုင်သည်ဟု
ကြားဘူးသဖြင့် ယခုကဲ့သို့ ရွံ့စေးနှင့် ပေါင်းစပ်၍
လောက်စာလုံးအဖြစ် ပြုလုပ်နေခြင်း ဖြစ်သည်။
ရဲနိုင်၏ ကြိုတင် ပြင်ဆင်မှုများသည် မမှားကြောင်း
မကြာမှီမှာ သိလာခဲ့သည်။
အိပ်ယာထက် လဲလျောင်းနေသော မိခင်ဖြစ်သူ
ဒေါ်ကြွယ်အနားတွင် မှေးစက်နေရာမှ အမြဲ
သတိမပြတ်သူ ဖြစ်၍ အသံတစ်ခု ကြားသည်နှင့်
မျက်လုံးက ဖျက်ခနဲ့ ပွင့်၍ နိုးလာခဲ့သည်။
“” ဝှီး ဝှီး ဖလပ် ဖလပ် “”
စစ်သားတစ်ယောက်ပီပီ နားကပါးသည်။
ဤအသံသည် ငှက်တစ်ကောင် ၏ တောင်ပံခတ်သံမှန်း
ရဲနိုင် သိလိုက်သည်။အိမ်ခေါင်မိုးတည့်တည့်တွင်
တောင်ပံခတ်သံ ရပ်သွားပြီး အိမ်ကလေးပင် သိမ့်ခနဲ့
ဖြစ်သွား သဖြင့် ထိုငှက်မှာ အိမ်ခေါင်မိုးပေါ် ၌
နားလိုက်ခြင်း ဖြစ်ကြောင်း ခန့်မှန်း မိသည်။
အနားတွင် အသင့်ထားသော လေးခွ နှင့် လောက်စာ
အိတ်ကို ဆွဲယူကာ အိမ်ပေါ်မှ အသာအယာ
ဆင်းလိုက်သည်။လေးဂွနှင့် လောက်စာကို အသင့်ပြင်၍
အိမ်ရှေ့တံစက်မြိတ်အောက်မှ အသာခေါင်းထွက်၍
ခေါင်မိုးပေါ်သို့ ရဲနိုင် ကြည့်လိုက်သည်။
တွေ့လိုက်ရပြီ။ အိမ်ခေါင်မိုးပေါ်တွင်
လူတစ်ယောက်စာမျှ ကြီးမားသော ငှက်ကြီးတစ်ကောင်
။ အရောင်မည်းနက်နက်ရှိကာ ခေါင်း၌ အမောက်ကြီး
နှင့် ချွန်ထက်သော နှုတ်သီးကြီးကို ခါယမ်းလျက်။
မည်သည့် ငှက်အမျိုးအစားမှန်း တော့ ရဲနိုင် မသိချေ။
ငှက်ကြီး၏ မျက်လုံးများသည် ညအမှောင်၌ပင်
နီရဲစူးလက်နေသည်။
“” အူး ဝူး ဝူး “”
“” ဂီး ဂီး …..ဖုန်း… အား ””
ခွေးအူသံများနှင့် အပြိုင် ထအော်လိုက်သော
ငှက်ဆိုး ထိုးသံမဆုံးခင် ရဲနိုင်၏ လက်ထဲမှ လေးဂွဖြင့်
ပစ်လိုက်ရာ ငှက်ကြီးထံမှ လူအော်သံကဲ့သို့
အော်သံနက်ကြီး ထွက်လာကာ အိမ်ခေါင်မိုးပေါ်မှ
ထပျံ၍ အဝေးသို့ ပျံပြေးလေသည်။ထိုစဉ်
“” အောင်းမလေး ငါ့ကို အလောင်းစင်ကြီးထမ်းပြီး
သူတို့ လာခေါ်နေကြပြီ မလိုက်ဘူး….သွား သွား “”
အိပ်ယာထက်တွင်လဲနေသော မိခင်ကြီးမှ
ထအော်လိုက်ရာ ရဲနိုင် မျက်လုံးပြူးသွားသည်။
“” အမေ အမေ ဘာဖြစ်တာလဲ ဘယ်သူတွေလဲ
ဘယ်မှာလဲ ဘယ်မှာလဲ သားကိုပြော “”
“” အိမ် အိမ်ရှေ့ အိမ်ခြံဝမှာ ကိုဖိုးအေး တို့
မယ်မြင့်တို့ ခင်မမ တို့ပါ ပါတယ် ရပ်ကွက်ထဲက
ဟာတွေ အများကြီး အမေ့ကို လာခေါ် ကြတယ်
လုပ်ပါဦး သူတို့မျက်နှာကြီးတွေက ကြောက်စရာကြီး
တွေ””
အိမ်ခြံရှေ့သို့ လက်ညိုးငေါက်ငေါက်ထိုး၍
မိခင်ကြီးမှာ အော်ဟစ်နေသည်။ မိခင်ကြီး ပြောနေသော
အမည်များမှာ ရပ်ကွက်အတွင်းမှ သေဆုံးသွားပြီးသား
လူများဖြစ်နေ၍ အခြေအနေ မကောင်းမှန်း ရဲနိုင်
သဘောပေါက်သွားကာ
လက်အတွင်းမှ လောက်စာလုံးများ က ခြံရှေ့သို့
တရစပ်ပြေးထွက်သွားသည်။
“” ဝှီး ဝှီး ဝှစ် ခွမ်း ဖြောင်း “”
“” အမေ အမေ ရှိသေးလား “”
ရဲနိုင်၏ အမေးကို မိခင်ကြီးက အသက်ကို
မနည်းလု၍ ရှူနေရဟန်ဖြင့် ခေါင်းခါယမ်း၍သာ
ပြနိုင်သည်။
“” အမေ ခဏနော် သားလိုက်သွား ဦးမယ် “”
မိခင်ဖြစ်သူ၏ လည်ပင်းတွင် ရွှေရင်ကျော်
အဆောင်ကြိုးကို ဆွဲပေးထားသဖြင့် ရဲနိုင် စိတ်ချ
လက်ချ ထားခဲ့ကာ ငှက်မဲကြီး ဦးတည်ပျံသန်းရာ
ရပ်ကွက် အနောက်ထိပ်သို့ ပြေးလိုက်လာခဲ့သည်။
ရဲနိုင်၏ လေးခွပစ်သံ ပြေးလွှားသံများကြောင့်
ရပ်ကွက်အတွင်းမှ လူအချို့ လည်း နိုးလာခဲ့သည်။
“” ရဲနိုင်ပါလား ဘာဖြစ်တာလဲကွ “”
“” ကျွန်တော့် အိမ်မှာ လာအော်တဲ့ ငှက်ဆိုးနောက်
လိုက်မလို့ဗျ ကျွန်တော် လေးဂွနဲ့ ပစ်တာ လူအော်သံကြီး
ထွက်လာတယ် မရိုးဘူးဗျ နောက်ပြီး မသင်္ကာဘူးဗျာ “”
“”ဒါဆို ငါလည်း လိုက်ခဲ့မယ် “”
ဤသို့ဖြင့် ရဲနိုင်နောက်မှ လူအချို့ ဒုတ်၊ ဓားများ ဆွဲ၍
လိုက်လာ ခဲ့ကြသည်။ အချို့က ရပ်ကွက်လူကြီးထံ
သွားအကြောင်းကြားကြသည်။
ငှက်ကြီးတစ်ကောင် သည်
ရပ်ကွက်အနောက်ထိပ်သို့ ပျံသန်းသွားပြီးနောက်
မြောက်ဘက်သို့ ဦးတည်သွားပြန်သည်။
ငှက်ကြီး၏ နောက်အတော်ဝေးဝေးမှ နေ၍ ရဲနိုင်နှင့်
လူအချို့ တိတ်တဆိတ် လိုက်လာကြသည်။ ငှက်ကြီးမှ
ဒဏ်ရာ အနာတရ ရှိဟန်တူသည်။ အတောင်ပံတစ်ဘက်
အနည်းငယ်တွဲကျ၍ အမြင့်သို့ မပျံနိုင်ဖြစ်နေသည်ကို
သတိထားမိကြသည်။
ငှက်ကြီး၏ ဦးတည်ရာကား ရွာမြောက်ဘက်
သချိုင်္င်းဘက်သို့ ဖြစ်နေသည်။ သချိင်္ုင်း အနီးရောက်လျင်
အတွင်းသို့ ဆက်၍ ပျံသန်း ဝင်ရောက်သွား၏။
ရဲနိုင်တို့လည်း လူအုပ်တောင့် သဖြင့် တစ်ယောက်နှင့်
တစ်ယောက် အသံမထွက်ရန် သတိပေးကာ
သင်္ချိုင်းအတွင်း လိုက်ဝင်လာခဲ့သည်။
ငှက်ကြီးသည် သင်္ချိုင်းအတွင်း ဇရပ် ရှေ့ မြေပြင်တွင်
ဆင်း၍ နားလိုက်သည်။ ဤမျှ ကြီးမားသော ငှက်ကြီးကို
ခြေရာခံ လိုက်လာသော လူအားလုံး မမြင်ဘူး၍
အမှောင်ထဲမှ အံသြထူးဆန်းစိတ်ဖြင့်
ကြည့်နေမိကြသည်။
ရဲနိုင်တို့ ခြုံထဲမှ ကြည့်နေစဉ်မှာပင် ငှက်ကြီး၏
ခန္ဓာကိုယ်ပေါ်မှ ခြုံလွမ်းထားသော အဝတ်တစ်ခု
ဖယ်ခွာလိုက်သကဲ့သို့ မြင်လိုက်ရပြီး ငှက်ပုံ သဏ္ဍန်မှာ
လူတစ်ယောက် အဖြစ်သို့ မျက်စိရှေ့မှောက်တွင်ပင်
ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ဖယ်ခွာလိုက်သော အဝတ်ကို ခါး၌ ဖြန့်ဝတ်လိုက်မှ
ဆံပင်ဖားလျားနှင့် မိန်းမတစ်ယောက် ဖြစ်မှန်း ကို
အံ့အားသင့်ဖွယ် သိလိုက်ရသည်။
ထမိန်ခြုံသည်နှင့် ပုံစံပြောင်း၍ ရသည်ဟုသော
စုန်းမပင် ဖြစ်မည်ဟု အားလုံးစိတ်ထဲ၌
မှတ်ချက်ပေးမိသည်။ ထို စုန်းမသည် ယခင် သုဘရာဇာ
ဦးမှတ်ကြီး နေထိုင်ရာ ဇရပ်ဘေးမှ မီးလင်းနေသည့်
အခန်းထဲ ဝင်သွားသည်။
ရဲနိုင်တို့လည်း ထိုအခန်းကို ပတ်လည်ဝိုင်း၍
အတွင်းသို့ ချောင်းကြည့် လိုက်ကြရာ အခန်းအတွင်း
မီးရောင် အောက်၌ လူကြီးတစ်ယောက်နှင့်
ဆံပင်ဖားလျား မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။
“” ဟာ ဦးဖိုးသိုက်နဲ့ ရပ်ကွက်ထဲက
အပျိုကြီးမရင်ရွှေပါလား “”
အခန်းတွင်းရှိ ဆီမီးအမွှေးနံ့သာများ၊
ကြောက်မက်ဖွယ်ရုပ်ထုများ၊ လူခန္ဓာကိုယ်
အစိတ်အပိုင်းများ အစီအရီတင်ထားသည့် စင်တစ်ခု
ရှေ့တွင် ဦးဖိုးသိုက်က မျက်လုံးစုံမှိတ်၍ တင်ပလ္လင်ခွေ
ထိုင်နေသည်။
ဦးဖိုးသိုက် ရှေ့တွင် မရင်ရွှေက ဘယ်လက်ကို
အုပ်ကိုင်၍ ညည်းညူလျက် ထိုင်နေသည်။
“” ဘာဖြစ်လာတာလဲ ရင်ရွှေ ဒီည ဝိညာဉ်နှုတ် ရမယ့်
လူရဲ့ အသက်ကို နှုတ်ယူခိုင်းလိုက်တာ အလုပ်ဖြစ်ခဲ့ရဲ့
လား “”
မရင်ရွှေက မျက်နှာကို ငိုမဲ့၍ ခေါင်းကို ခါလိုက်ပြီး
“” ဒီတစ်ခါ အဆင်မပြေဘူး အစ်ကိုကြီး ဒေါ်ကြွယ့်
ဝိညာဉ်ကို နှုတ်ဖို့ အလုပ်မှာ သူ့သား ထွက်လာပြီး
လေးဂွနဲ့ ပစ်လို့ ကျွန်မ ဒဏ်ရာရပြီး ထွက်ပြေးခဲ့ရတယ်
တော်ရုံ လေးဂွ နဲ့ ပစ်လို့ ကျွန်မ ဘာမှ မဖြစ်ပါဘူး အခု
သူ့လေးဂွက စွမ်းနေတယ် အစ်ကိုကြီး ကျွန်မ ဘာမှ
မတတ်နိုင်ပဲ နာလွန်းလို့ ကိုယ်လွတ်ရုန်းပြေး ခဲ့ရတယ်
ဟင့် “”
ဦးဖိုးသိုက်က မရင်ရွှေ၏ လက်မောင်းကို
ကိုင်ကြည့်ကာ
“” ဒီကောင် အထက်လမ်း ပညာ နည်းနည်း
တက်ပုံရတယ် နင့်ကို သိမ်မြေနဲ့ လုပ်ထားတဲ့
လောက်စာ နဲ့ ပစ်လိုက်တာပဲ “”
“” နင်လဲ သောက်သုံး မကျဘူး ငါ့ အကြံအစည်တွေ
အောင်တော့မယ့် ဟာကိုကွာ ငါ့ကို လူပါးဝခဲ့တဲ့
ဒီရပ်ကွက်ထဲက လူတွေရဲ့ ဝိညာဉ်ကို နှုတ်ပြီး သူတို့ရဲ့
ဝိညာဉ်တွေကို ထိန်းချုပ်၊ ငါ ခိုင်းချင်တိုင်း
ခိုင်းစားလို့ရအောင် နင့်ကို လုပ်ခိုင်းထားတာ နင့်ကို
ငါသနားလို့ မသတ်တာနော် ငါ့အကြောင်း ရပ်ကွက်ထဲကို
သတင်းပို့တဲ့ သုဘရာဇာ မှတ်ကြီးနဲ့ နင်တို့ရပ်ကွက်ထဲက
စုန်းမတွေ သင်္ချိုင်းမှာ ပညာလာပြိုင်တိုင်း ငါ့ ပညာနဲ့
သတ်ပစ်တာ နင်တွေ့တယ် မဟုတ်လား နင်လည်း ငါ့ကို
သစ္စာဖောက၊် ခိုင်းလို့ အသုံးမကျရင် မလွယ်ဘူးမှတ်
အဲ့ဒီလို သေချင်လား ပြော””
ဦးဖိုးသိုက်၏ ကြိမ်းဝါးပြောဆိုနေမှုကြောင့် မရင်ရွှေမှာ
တုန်လှုပ်နေသည်။ မဝံ့မရဲဖြင့် ဦးဖိုးသိုက်အား ကြည့်ကာ
“”ဟုတ် ဟုတ်ကဲ့ မလုပ်ပါနဲ့ ကြောက်ပါတယ်
အစ်ကိုကြီး ကျွန်မ အစ်ကိုကြီး မသိပဲ ဘာမှ မလုပ်ပါဘူး
အစ်ကိုကြီး ကျေးဇူးကြောင့်လဲ ရပ်ကွက်ထဲမှာ ကျွန်မနဲ့
ပြိုက်ဘက် စုန်းမ မရှိတော့ သလို ကျွန်မရဲ့
စုန်းပညာလည်း ထက်မြက်လာတာပါ အခုဆိုရင်
ကျွန်မရဲ့ စုန်းပညာက လူတွေရဲ့ အသက်ကိုတောင်
လိုသလို နှုတ်ယူနိုင်ပြီ ဒါ့ကြောင့် ကျွန်မ အစ်ကိုကြီး
အလိုကျနေထိုင်ရင်း ရပ်ကွက်ထဲ လူတွေရဲ့ အသက်ကို
အစ်ကိုကြီးအတွက် နှုတ်ယူပေးနေတာပေါ့ ဒီတစ်ခါ
အမှားအယွင်းအတွက် ကျွန်မကို ခွင့်လွှတ်ပါနော်
နောက်ဆို အစ်ကိုကြီးအတွက် တစ်ရပ်ကွက်လုံး
ကျွန်မသတ်ပေးဆိုလဲ သတ်ပေးပါ့မယ် အစ်ကိုကြီး “”
“” ဟား ဟား ဒါမှ ငါ့ ရင်ရွှေကွ အစ်ကိုကြီး
လူရွေးတော်သွားပြီ ဟားဟား ဟား “”
မရင်ရွှေ၏ နှစ်သိမ့်စကားများကို ဦးဘိုးသိုက်က
သဘောကျဟန်ဖြင့် ရယ်မောကာ မရင်ရွှေအား
ထွေးပိုက်လိုက်သည်။
ရဲနိုင်နှင့် ရပ်ကွက်သားများမှာ ဦးဖိုးသိုက်နှင့်
မရင်ရွှေတို့၏ စကားများကို ကြားကာ ဒေါသများကို
ထိန်းချုပ်၍ မရနိုင်တော့ပဲ
“”တောက် လူယုတ်မာ ကြီးနဲ့ သစ္စာဖောက်
မိန်းမပျက်မ ရင်ရွှေ သေပေတော့ “”
“” ချကွာ အရှင်ထားရင် အန္တရာယ်များတယ်
နှစ်ယောက်လုံး သတ်ပစ်ကွာ “”
လူများ ပတ်ချာလည်ဝိုင်း၍ ဦးဖိုးသိုက်တို့
နှစ်ယောက်ရှိရာ အခန်းအား တုတ်၊ ဓား ၊ ခဲ တို့ဖြင့်
ဝိုင်းပစ်ကာ မီးရိှု့ကြလေသည်။
ဦးဖိုးသိုက်နှင့် မရင်ရွှေတို့မှာလည်း ရုတ်တစ်ရက်
အလစ်အငိုက်ဖြစ်၍ ကြောင်အသွားသည်။ ထွက်ပြေးရန်
ကြိုးစားသော်လည်း အသိ နောက်ကျသွားပေပြီ။
မီးတောက် မီးလျံများက ဇရပ်ကြီး တစ်ခုလုံး
စွဲလောင်နေပြီး အပြင်၌လည်း ရပ်ကွက်သူ
ရပ်ကွက်သားများက တုတ်၊ ဓားများ ကိုင်လျက်
အသင့်စောင့်နေကြသည်။ဦးဖိုးသိုက်နှင့် မရင်ရွှေတို့
အတွက် ရှေ့တိုးမရ နောက်ဆုတ် မရ သေလမ်းသာ
စောင့်နေသည့် အခြေအနေ။
ထိုသို့ ရှိစဉ် မီးတောက်များသည် သူတို့ နှစ်ယောက်၏
ခန္ဓာကိုယ်အား စွဲလောင်လာသည်။
“” အူး အား ဝူး ကြောက်ပါပြီ “”
“” အား အား…မင်း မင်း တို့ကို မကျေဘူးကွ
နောက်ဘဝထိ လိုက်သတ် သတ် အား အား “”
နှစ်ယောက်လုံး နောက်ဆုံးအနေဖြင့် အော်ဟစ်ကာ
အရှိန်ပြင်းသည့် မီးတောက်ကြားထဲ
ပျောက်ကွယ်သွားလေသည်။ အတန်ကြာသော အခါ
ဇရပ်ကြီးနှင့် တကွ ဦးဖိုးသိုက်၊ မရင်ရွှေတို့မှာ
မီးတောက်ကြီး၏ ဝါးမြိုခြင်းကို ခံရကာ ပြာပုံအဖြစ်သို့
ပြောင်းလဲသွားတော့သည်။
“” ဟေ့ ဟေ့ ဘာတွေ ဖြစ်ကြတာလဲ “”
ရပ်ကွက် လူကြီးနှင့် လူအချို့ ရောက်လာသော်လည်း နောက်ကျသွားပေပြီ။ မျက်မြင်ကိုယ်တွေ့ တွေ့သူများက အကြောင်းစုံ ပြောပြလျင်
“” အေးလေ ဘာတတ်နိုင်မှာလဲ တစ်ရပ်ကွက်လုံးက
တစ်စိတ်တည်း ဖြစ်နေမှတော့ သတင်းဖျောက်ထား
လိုက်တာပေါ့ကွာ ရပ်ကွက်အတွက် ရန်လည်း
အေးသွားတာ ကောင်းတာပါပဲ နိမို့ဆို ငါလည်း
ဘာလုပ်ရမှန်း မသိဖြစ်နေတာ “”
ရပ်ကွက်လူကြီး.စကားကြားလျင် စိတ်ချလက်ချဖြင့်
ရဲနိုင်နှင့် လူအားလုံး ရပ်ကွက်ထဲသို့
ပြန်လာခဲ့ကြလေသည်။
နောက်နေ့တွင် သင်္ချိုင်းအတွင်း ဇရပ် မီးလောင်ပြီး
အမည်မသိ လူနှစ်ယောက် သေဆုံးသွားကြောင်း
သတင်း ထွက်ပေါ်လာပြီး သမရိုးကျ မီးလောင်ခြင်း
အဖြစ်ဖြင့်သာ တကိုယ်တည်း သမားများ ဖြစ်ကြသည့်
ဦးဖိုးသိုက်နှင့် မရင်ရွှေတို့ သေဆုံးမှုက
ပြီးဆုံးသွားသည်။
အလောင်းများအား သင်္ချိုင်းအတွင်း၌ ပင်
မြေမြုပ်သဂြိုလ်လိုက်သည်။
ဦးဖိုးသိုက်တို့ သေပြီးနောက်ပိုင်း ရဲနိုင်တို့
ရပ်ကွက် အတွင်း၌ အတော်အတန်ငြိမ်သက်သွားကာ
ရဲနိုင်၏ မိခင် ဒေါ်ကြွယ်မှာလည်း ကျန်းမာရေး
ပြန်လည်ကောင်းမွန်လာပြီး သေမင်း ခံတွင်းဝမှ
လွတ်မြောက်လာသည်။ ထို့အပြင် ည ၁၂နာရီ
အချိန်တွင် ကြားရတတ်သော သေမင်းခေါ်သံ ဟူသည့်
လူတိုင်းကြောက်လန့်စရာ ငှက်ဆိုးထိုးသံကြီးနှင့်
ခွေးအူသံများလည်း ပျောက်ကွယ်သွားကာ သမရိုးကျ
လူသေဆုံးမှုမှ လွဲ၍ ရပ်ကွက်အတွင်း အသေအပျောက်
နည်းပါးသွားသည်။
သို့သော် လူအချို့ မြင်တွေ့ ကြုံတွေ့ နေရသည့်
ဖြစ်ရပ် အချို့ ရှိနေသေးသည်။ရပ်ကွက်အတွင်း
တစ်စုံတစ်ယောက်သေဆုံးလျင် ညအချိန်၌
အလောင်းစင်ကြီးအားထမ်းကာ အော်ဟစ်ကခုန်လျက်
ရပ်ကွက်အတွင်း ဝင်လာတတ်သည့် အရိပ်ကြီးများကို
မြင်တွေ့ကြသည်ဟုဆိုသည်။ ထိုအရိပ်ကြီးများ တွင်
ရပ်ကွက်အတွင်းမှ သေဆုံးပြီးသော သူများကို
မြင်တွေ့ရပြီး သူတို့အား ဦးဆောင်လာသူများမှာ
ဦးဖိုးသိုက်နှင့် မရင်ရွှေတို့ ဖြစ်ကြသည်ဟူ၍
ပြောကြလေသည်။
အကယ်၍ သင်တို့များ မတော်တဆ ဤရပ်ကွက်
အတွင်း မှားယွင်း ပြောင်းရွှေ့ ရောက်မိသွားပြီး တချိန်
မဟုတ် တစ်ချိန်၌ ဝိညာဉ်လာခေါ်သော
တစ္ဆေအုပ်ကြီးကို ကြုံတွေ့ရလျင် သို့မဟုတ် ဦးဖိုးသိုက်
မသေခင်က မကျေနပ်မှု့ကြောင့် နောက်တကြိမ်
သေ!မင်းခေါ်သံ ပြန်လည် ထွက်ပေါ်လာ ခဲ့လျင်….. ။
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
ပြီးပါပြီ ။
လိုအပ်ချက်များအား သည်းခံဖတ်ရှူပါရန်။
#credit
ချစ်သား မာရ်နတ်