သေရွာပြန်မိစံ

သေရွာပြန်မိစံ(စ/ဆုံး)
——————-

သက်ရှိတိုင်း တစ်နေ့မှာ မလွဲဧကန်
သေကြရမည်မဟုတ်လား။ကံအကောင်းဆုံး လူသားများမှာ သေကံရောက်ခဲ့သော်လည်း သေရာမှ ပြန်၍ ရှင်သန်လာကြသည်ကို မြင်တွေ့ဖူး၏။
သူမ နာမည်က ထိပ်ထားစံ။ကံကောင်းခြင်းတွေနဲ့မွေးဖွားလာသည့်ကလေးငယ်တစ်ဦးဖြစ်ခဲ့သည်။သူ့အသက် ၅ နှစ်အရွယ်တွင် သေဘေးနှင့်ရင်ဆိုင်ခဲ့ရသည်။
အစ်မဖြစ်သူနှင့်အတူ မိုးဖွဲလေးတွေကြားမှာ ဆော့ကစားနေ၏။

“မမ မီးမီး”
“ဘာမီးလဲ ဟိုဘက်မှာဆော့နေ
လိမ်မာတယ်နော်”

အစ်မဖြစ်သူမှာရွယ်တူကလေးများနှင့်
အတူ ကြိုးခုန်နေခြင်းဖြစ်သည်။ထိပ်ထားစံအား ဂရုစိုက်ခြင်းမရှိဘဲ ဆော့ကစားနေ၏။ထိပ်ထားစံလည်းကလေးပီပီ ဓာတ်တိုင်မှ မီးကလုတ် တွဲကျနေသည်ကို နှိပ်လိုက်လေသည်။ဓာတ်ကြိုးမှာပေါက်နေပြီး မိုးရွာထားသည့်အရှိန်ဖြင့် လျှပ်စီးနေသည်။ကလုတ်ဖွင့်လိုက်သည်နှင့် တပြိုင်နက် ထိပ်ထားအားလျှပ်စီးများ စီးဝင်သွားတော့သည်။

“အား……ဗုန်း…”

လျှပ်စီး၏ တွန်းအားကြောင့် ထိပ်ထားစံ ရေကန်အတွင်းသို့ လွှင့်စင်သွားလေသည်။

“ချယ်ရီ ဟိုမှာနင့်ညီမရေကန်ထဲကျသွားပြီ”
“ဟင် ကယ်ကြပါဦး ညီမလေးရေကန်ထဲကျသွားလို့ ကယ်ကြပါဦး”

ချယ်ရီလည်း ညီမဖြစ်သူ၏ အဖြစ်အား ထိတ်လန့်ကာ ငိုယို၍ အော်ဟစ်အကူညီတောင်းနေတော့သည်။မိခင် ဖြစ်သူ ဒေါ်စိန်ချယ်လည်း သမီးဖြစ်သူ အသံကြား၍ အိမ်ထဲမှ အမြန်ပြေးလာ၏။

“ချယ်ရီ နင်ကလေးထိန်းတာ
ဘယ်လိုထိန်းနေတာလဲ
ငါ့သမီးတစ်ခုခုဖြစ်လို့ကတော့
နင်မလွယ်ဘူးမှတ်”

ဒေါ်စိန်ချယ်တစ်ယောက် သမီးကြီးအား
စိတ်ဆိုးဒေါသထွက်နေမိသည်။
သမီးငယ်အား ရေထဲမှ
ဆယ်ယူလာပြီဖြစ်သော်လည်း
သတိမရသေးချေ။နားလည်တတ်ကျွမ်းသူများမှ ထိပ်ထားစံအား အရေးပေါ်ကယ်ဆယ်ကုသပေး၏။သို့သော် လုံးဝသတိရလာခြင်းမရှိပေ။

“ကျွန်မ သမီးကို ကယ်ပေးကြပါရှင်
တောင်းပန်ပါတယ် ကျွန်မသမီးလေး
ဘာလို့သတိမရသေးတာလဲ သမီးလေး
မေမေခေါ်နေတယ်လေ ကြားလား အိပ်ပုတ်ကြီးမနေနဲ့ ထတော့နော် သမီးလေးကြိုက်တဲ့ ကြက်သားကို ကြော်ပေးထားတယ် ထတော့နော်”

ဒေါ်စိန်ချယ် သမီးဖြစ်သူအား ငိုယို၍
လှုပ်ခါနိုးနေတော့သည်။

“ညီမလေး ထပါတော့ နောက်ဆို မမ
ညီမလေးကိုပစ်မထားတော့ဘူးနော် မမညီမလေးနဲ့အတူတူဆော့မယ်လေ ညီမလေးမနိုးလာရင် မေမေက မမကိုရိုက်တော့မှာ ညီမလေးလိမ်မာတယ်နော် အိပ်မနေနဲ့တော့လေ မမနဲ့အတူတူဆော့မယ်”

ဘေးမှကြည့်နေသူများလည်း
ဒေါ်စိန်ချယ်တို့ သားအမိ
အားကြည့်၍ ဝမ်းနည်းနေကြသည်။

“ကဲ မစိန်ချယ် မငိုနဲ့ဦး
ကလေးကို အိမ်ပေါ်သယ်ကြမယ်
ဆရာဝန် သွားပင့်တာလည်း
ရောက်တော့မယ်”
“ဒါဆို ကျွန်မသမီးမသေသေးဘူးပေါ့”
“ကဲပါ ဆရာဝန်လာရင် သိရမယ် ခုမငိုနဲ့”

ကလေးကို အိမ်ပေါ်သို့တင်ကာ အဝတ်အစားများလဲပေး၍ နွေးနွေးထွေးထွေးထား၏။ခဏအကြာတွင် ဆရာဝန်ရောက်လာတော့သည်။ဆရာဝန်စမ်းသပ်ပြီးနောက်………

“ဒေါက်တာ ကျွန်မသမီးဘာလို့ သတိမရသေးတာလဲဟင်”
“စိတ်မကောင်းပါဘူးအန်တီ ကလေးက
ဓာတ်လိုက်တဲ့အရှိန်နဲ့ ရေနစ်ပြီးအဆုတ်ထဲရေဝင်တော့ အသက်မမီတော့ဘူး”
“ဟင် မဟုတ်ဘူးဒေါက်တာ ကျွန်မသမီးလေးကို သေချာထပ်စမ်းသပ်ပေးပါဦး မသေသေးပါဘူး ကျွန်မသမီးကိုကုပေးပါနော်ဒေါက်တာ”
“ကျွန်တော်တကယ်စိတ်မကောင်းပါဘူး…”

နောက်ဆုံးတွင် ဒေါ်စိန်ချယ်လည်း
လက်ခံလိုက်ရသည်။သမီးဖြစ်သူ၏
နားရေးအား ပြုလုပ်ပေးရတော့သည်။

×××
“သမီး ဘယ်ရောက်နေတာလဲဟင်”
“သမီးက ငရဲပြည်ရောက်လာတာကွဲ့ ဒါပေမယ့် ငရဲပြည်မှာ သမီးအတွက်နေရာမရှိဘူး နတ်ပြည်သွားစေ”
“ဒါနတ်ပြည်မှာလားဟင်”
“ဟုတ်တယ်ကလေး ဒီမှာလည်းမင်းအတွက်နေရာမရှိသေးဘူး မင်းဒီကိုပြန်လာချင်ရင် လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုများများလုပ်ပါကွယ် ”
“ဟိုးအပေါ်က ရွှေရောင်တလျှပ်လျှပ်နဲ့က ဘာကြီးလဲဟင်”
“အဲ့တာက နိဗ္ဗာန်ဘုံလို့ခေါ်တယ် ကုသိုလ်ကောင်းမှု အများကြီးလုပ်တဲ့သူမှသာ အဲ့ဘုံကိုရောက်နိုင်တယ်ကွဲ့ ကဲ ခုတော့လူ့ပြည်ပြန်စေ”

“ရေ ရေဆာတယ်…”
“ဟင် သမီးလေးရေဆာတယ်တဲ့
ကျွန်မသမီးမသေဘူး ရေ ရေပေးကြပါ”
“ဒီမှာရေ……”
ထိပ်ထားစံအား နာရေးလာသူများအားလုံး
အံ့သြစွာကြည့်နေမိတော့သည်။

“မေမေ သမီးလေ ငရဲပြည်နဲ့နတ်ပြည်ရောက်ခဲ့တယ်သိလား”
“ဟုတ်လား မေမေ့ဆီပြန်လာပေးလို့ကျေးဇူးပါသမီးလေးရယ်…”
“မမလည်း ကျေးဇူးတင်ပါတယ်
နောက်ဆို ညီမလေးကို မမဂရုစိုက်မယ်နော်”
“ကဲကဲ ထိပ်ထားလေးလည်း သတိရလာပြီဆိုတော့ အားလုံးပြန်ကြတာပေါ့
ကလေးအေးဆေးနားပါစေ”

အားလုံးလည်း ပြန်သွားကြသည်။
ထိပ်ထားစံ၏ စကားများဟာ အမှုမဲ့အမှတ်မဲ့သာ တွေးတောကြ၏။ထိပ်ထားစံမှာ
အမှန်တကယ်ပင် နတ်ပြည်နှင့် ငရဲပြည်သို့ရောက်ခဲ့လေသည်။ထိပ်ထားစံလေးလည်း ထိုနေ့မှစ၍ ကုသိုလ်ကောင်းမှုများအား တတ်နိုင်သလောက်ပြုလုပ်၏။

×××
ထိပ်ထားစံ အသက် ၂၀ သို့ရောက်ရှိခဲ့လေပြီ။မနက်ဖြန် ထိပ်ထားစံ၏
အသက်၂၀ ပြည့်မွေးနေ့ဖြစ်သည်။

“မေမေ မနက်ဖြန်သမီး မွေးနေ့
သူငယ်ချင်းတွေနဲ့အတူ ဘုရားသွားမယ်နော်”
“အင်း သွားလေသမီး မြို့ထဲကဘုရားပဲနော် ညအိပ်ခရီးမရဘူး”
“ဟုတ် မေမေ့ကိုချစ်တယ်နော်”
“အင်းပါ မေမေလည်းချစ်တယ်”

ထိပ်ထားစံ သူငယ်ချင်းဖြစ်သူ ဖူးပွင့်ဝေ၊
ထက်ထက်ကျော်၊အာကာထက်၊ဟိန်းထက်ကျော်တို့နှင့်အတူ ဘုရားဖူးထွက်လာတော့သည်။ဟိန်းထက်ကျော်မှ ကားမောင်း၏။သူငယ်ချင်းအားလုံး သီချင်းလေးတစ်အေးအေးနှင့်ပျော်ပျော်ပါးပါး ဖြင့် ကားလည်း အရှိန်ဖြေးဖြေးလေးသာမောင်းနှင်လာ
သည်။ထိပ်ထားစံမှာတော့ တီးစိပ်ကာ ပဋ္ဌာန်းရွတ်နေ၏။

“မိစံရာ ခုလည်းငါတို့အားလုံး ဘုရားသွားနေတာပဲ လက်ထဲမှာပုတီးကြီးနဲ့နင့်ကြည့်လိုက်ရင် အဖွားကြီးပေါက်စကျနေတာပဲ”
“ဟုတ်ပါ့ဟာ လူငယ်ပီပီပျော်ပျော်ပါးပါးနေစမ်းပါဟာ ဒီနေ့နင့်မွေးနေ့လေ”
“နင်တို့ကလည်း ငါ့ကိုဘယ်ကတည်းကပြောချင်နေမှန်းမသိဘူး ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက် အသက်အရွယ်ရွေးစရာမှမလိုတာ ငါပြောပြမယ်နော်
“ပထမအရွယ်မှာ ပညာရှာ
ပညာရှာရင်း တရားရှာ
ဒုတိယအရွယ်မှာ ဥစ္စာရှာ
ဥစ္စာရှာရှင်း တရားရှာ
တတိယအရွယ်မှာ တရားရှာ
တရားနဲ့သာ ပျော်မွေ့ပါတဲ့”

“အမလေး နင်နဲ့ပေါင်းမှပဲ
ငါတို့လည်းတရားတွေ ပေါက်တော့မယ်နော် ”
“ငါကအကောင်းပြောနေတာလေ”
“အင်းပါ ငါတို့သူငယ်ချင်းကြီး ကောင်းမှုကုသိုလ်လုပ်တာပဲ ငါတို့ကဝမ်းသာပါတယ်နော် လူငယ်ပီပီလည်း ပျော်ပျော်နေတတ်ဖို့ပြောတာပါ”
“ဟုတ်ပါပြီ”
“ဟိန်း ဟိုမှာကား…”
“ကျွီ…ဒုန်း…အား…”
×××
“ဆရာမ ယာဉ်တိုက်မှုဖြစ်ပြီး ရောက်လာတဲ့ကလေးတွေ ဘယ်အဆောင်မှာလဲဟင်”

“အဆောင်A အပေါ်ထပ်က အရေးပေါ်အခန်းထဲမှာပါ”

“ဟုတ်ကဲ့ကျေးဇူးပါနော်”
“ဒေါက်တာ ကျွန်မတို့ကလေးတွေ
အခြေနေဘယ်လိုရှိလဲ”
“အားလုံးစိတ်ခိုင်ခိုင်ထားကြပါ
အရေးပေါ် အခြေနေရောက်နေကြလို့ပါ
ကျွန်တော်တို့ဘက်က အကောင်းဆုံးကုသပေးနေပါတယ်”
“အရှင်ဘုရား တပည့်တော်တို့သားသမီးများကိုကယ်တင်ပေးတော်မူပါ”
ဒေါက်တာ ခွဲခန်းထဲမှ ထွက်လာပြီဖြစ်သည်။

“ဒေါက်တာ ကလေးတွေအခြေနေဘယ်လိုရှိလဲဟင်”
“စိတ်ကို ခိုင်ခိုင်ထားပါ ကလေးတစ်ဦးကတော့ ကားမောင်းသူဖြစ်လို့ကားစတီယာနဲ့စောင့်မိပြီး အသည်းကြွေပြီးဆုံးပါပြီ နောက်တစ်ဦးက အရေးပေါ်အခြေနေမှာရှိနေပါတယ် ကျန်သုံးဦးကတော့ စိတ်ချရတဲ့အခြေနေမှာရှိနေပါတယ်”

“ကားမောင်းတဲ့သူဆို သားလေးဟိန်းထက်ကျော်ပေါ့ သားရေ မင်းကံဆိုးလှချည်လား………”

ဟိန်းထက်ကျော်မှာ အသည်းကြွေ၍
သေဆုံး၍ အရေးပေါ်အခန်းတွင် ကျန်ရစ်သူမှာ ထိပ်ထားစံဖြစ်သည်။ကျန်သုံးဦးမှာ
ရိုးရိုးအခန်းသို့ပြောင်းရွေ့ထားပြီဖြစ်၏။

×××
“အား အား ပူတယ် ပူတယ်…”
“အား အား နာတယ် နာတယ်……”
တချို့မှာ အဝတ်အစားမပါ၍
ဆူပွတ်နေသည့်အိုးကြီးထဲတွင်
ကူးခပ်နေကြ၏။တချို့မှာ ခွေးနက်ကြီးများ၏ စားသောက်ခြင်းကို ခံရာကာ အသစ်တစ်ဖန်မွေးဖွား၍ အကြိမ်ကြိမ်
ခွေးနက်ကြီး၏ စားသောက်ခြင်းကိုခံရပြန်၏။ထိုမြင်ကွင်းများအား ထိပ်ထားစံ မြင်နေရခြင်းပင်။

“ကျွန်မ ငရဲပြည်ကိုထပ်ရောက်လာပြန်ပြီပေါ့”
“အင်း မင်းအတွက်ဒီနေရာမှာ နေရာမရှိဘူး နတ်ပြည်သို့တက်စေ”

အရောင်အဝါများတောက်ပစွာဖြင့်
လှပသည့်လူအများမှာ
ပျော်ပါးနေကြသည့်မြင်ကွင်းအား
မြင်နေရခြင်းပင်။

“အိန်း…ဒီနေရာမှာလည်း မင်းအတွက်နေရာမရှိသေးဘူး လူ့ပြည်ကို ပြန်ပို့စေ”
“တီ…တီ…”
“ဒေါက်တာ ဒေါက်တာ ”
“လူနာရှင်တွေကို အကြောင်းကြားလိုက်ပါ
လူနာ သတိရပြီ”
“ဟုတ်ကဲ့ဒေါက်တာ”

×××
“သမီးရယ် ကျေးဇူးတင်လိုက်တာ မေမေတို့ဆီကို နောက်တစ်ခါပြန်လာပေးလို့”
“သမီးသူငယ်ချင်းတွေကော”
“သမီးရယ် တခြားလျှောက်မတွေးနဲ့
ခုသမီးနေကောင်းအောင်နေ ဘာစားချင်လဲဟင် တစ်လကြာအောင် သမီး သတိမေ့နေတာသိလား မေမေစိတ်ပူလိုက်ရတာ”
“အင်းပါ သမီးဗိုက်ဆာတယ်”
“ဒ်ီမှာ မမဆန်ပြုတ်လုပ်လာတယ် သောက်လိုက်နော်”
“ဟုတ်မမ ကျေးဇူးပါနော်…”

နောက်ဆုံးတွင် ထိပ်ထားစံ သူငယ်ချင်းဖြစ်သူဟိန်းထက်ကျော် သေဆုံးသွားသည်ကိုသိရ၏။ကျန်သူငယ်ချင်းသုံးယောက်မှာ အသက်အန္တရာယ်မှကင်းလွတ်သွားပြီဖြစ်သည်။ထိပ်ထားစံလည်းလူ့ဘဝကို စွန့်ကာ ရာသက်ပန် တရားအားထုတ်လေတော့သည်။ ။

ပြီးပါပြီ

စုသစ္စာ(ဓနုဖြူ)