သွားနှင့်ပါလေပြေ(စ/ဆုံး)
—————————-
ယနေ့ခေတ် မန္တလေး နွေတပေါင်းက အနောက်ဘက် စစ်ကိုင်းတောင်ရိုးပေါ် စောင်းလျောင်းကျနေတဲ့ ဝင်လုလု နေကတောင် အပူရှိန်ကဲလွန်းလှသည်။ နေ့ခင်းဆို ပြောမနေနဲ့ ။ လူကို အရှင်လတ်လတ်ကြီး မီးဖိုးပေါ်က ပေါင်းအိုးထဲ ထဲ့ထားခံရသလား အောက်မေ့ရ၏။ အိမ်ထဲမှာ နေတာတောင် ပြုတ်အိုက်ကြီး။ပန်ကာအောက်မှာ ယပ်တောင်ခတ်နေရသည့် အဖြစ်။ အော် ဤဒေသ၌ လူဖြစ်ခွင့်ရခြင်းသည်လည်း… လောက ငရဲတည်း။
အငြိမ်းစား ကျောင်းဆရာကိုဆွေဝင်းတစ်ယောက်ဟာ ရှေးက မြန်မာဘုရင်များသည် ဒီလို ပူပြင်းတဲ့ ရာသီရှိတဲ့ ဒေသကိုမှ ဘာလို့များ နေပြည်တော်တည်ရတာလဲလို့ စဉ်းစားမရခဲ့ဘူး ။ နောက်တော့ ရှေးလူကြီးသူမများက … ‘ မန္တလေးမြို့တည်တော့ အရှေ့တောင်ဘက်မှာ အောင်ပင်လယ်ကန်ကြီး ၊ အနောက်တောင်ဘက်မှာ တက်သေးအင်းစသဖြင့် ၊ မြို့ပတ်ပတ်လည်မှာ အင်းကြီးတွေ များစွာ ဆယ်ခဲ့သတဲ့ ။ အဲ့ဒီအင်းရေပြင်က ဖြတ်သန်းလာတဲ့ လေက မြို့ကို အပူရှိန်လျော့ပါးစေတယ်… ‘ ဆိုပဲ ။ သဘာဝအဲယားကိုလာကို မြန်မာဘုရင်တွေက လူအင်အားနဲ့ ဆယ်ခဲ့ကြ၊ ဖန်တီးခဲ့ကြတယ်လို့ဆိုရမလား ။ အခုတော့ အဲ့ဒီဆယ်တွေလည် ကောကုန်ပြီ။ ဆယ်ဟောင်း ကန်ဟောင်းတွေကို မြေဖို့ ၊ အိမ်ယာစခန်းတွေ တည်ဆောက်ထားတာ နည်းမှ မနည်းတော့ပဲ ။
ရှေးကတော့ ကျုံးပတ်လည်မှာလည်း အရိပ်ရသစ်ပင်ကြီးတွေကို စိုက်ပျိုးစေသတဲ့ ။ အပူပိုင်းဒေသမှာ ဖြစ်ထွန်းတဲ့ မန်ကျီး ၊ ကုက္ကို ၊ တမာ၊ ထနှောင်း စတဲ့ အရိပ်ရသစ်ပင်တွေကလည်း အပူဒဏ်ကို ကာကွယ်ပေးကြသတဲ့။အဲ့ဒီတော့ အဲ့ဒီခေတ် ရတနာပုံ မန္တလေးဟာ အခုလောက် မပူဘူးပေါ့ ။ပြီးတော့ ဇရပ်တွေ၊ တန်ဆောင်းတွေလည်း အရပ်လေးမျက်နှာ၊ မြို့ပြင်လေးရပ်မှာ ဆောက်လုပ်ပေးထားတော့ အရိပ်ရ နားခိုစရာတွေက ပေါမှပေါပဲ ။ လူနေထူထပ်မှုလည်း အခုလောက် မဟုတ်တော့ ၊ ဝင်းတွေ ခြံတွေနဲ့ ၊ ကျယ်ကျယ်ဝန်းဝန်း ရှိခဲ့မှာ ၊ လေကောင်းလေသန့်လည်း ကောင်းစွာ ရှုရှိုက်ခွင့် ရခဲ့မှာ အမှန်ပဲ။
ကိုဆွေဝင်း၏ အတွေးထဲမှာ ရာသီဥတု ပူရခြင်းအကြောင်းရင်းခံကို စဉ်းစားရင်း ဟိုရောက်ဒီရောက်နဲ့ မြို့တည်ခဲ့တဲ့ မင်းတုန်းမင်းကြီးကိုပင် အပြစ်ဖို့နေမိခြင်းပင်။ နောက်ဆုံးတော့ အကြောင်းရင်းခံက ဒီဘက်ခေတ် လူနေမှုထူထပ်ခြင်း၌ အဆုံးသတ်သွားသည်။
ကိုဆွေဝင်းသည် အငြိမ်းဆရာ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ လုပ်သက်ပြည့်ပင်စင်ယူပြီးနောက်ပိုင်း ၎င်းဝါသနာပါရာ ၊ ဝတ္ထုတို ၊ လတ် ၊ ရှည် များ ရေးသားပြီး ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ထုတ်ဝေရေးတိုက်များထံသို့ ပေးပို့ နေသူ ဖြစ်သည်။ ကျောင်းဆရာ ဘဝ အတွေ့အကြုံများအပြင် ၊သူ ဖြတ်သန်းခဲ့ရသော ဘဝတလျှောက်က သင်္ခန်းစာအဖုံဖုံကို စာပေပညာဖြင့် အနုစိပ်ခြယ်မှုန်းတတ်ပြီး ၊ စာဖတ်သူတို့၏ စိတ်ဝိဉာဉ်ကို အလွန်ဖမ်းစားနိုင်သည်ဟု နာမည်ကြီး၏။ စာဖတ် ပရိတ်သတ် အခိုင်အမာ ရှိသူဟုဆိုရမည်။
ယခုလည်း အိမ်ထဲမှာ စာရေးနေရင်း ပူလောင်အိုက်ပြုတ် လာသဖြင့် ၊ သက်သာလို့သက်သာငြား ၊ ခြံစည်းရိုးမှာ ပေါက်နေတဲ့ တမာပင်ကြီးအောက် သွားထိုင်ရန် ထွက်ခဲ့၏။ဒီအပင်ကြီးက အနှစ်၅၀ကျော် သက်တမ်းရှိပြီမို့ ကောင်းစွာ အရိပ်ရသည်။ ဒါတောင် ဟိုတလောက Epc က ၊ ဓာတ်ကြိုးတွေနဲ့ မလွတ်ဟုဆိုကာ အကိုင်းအခက်များကို ခုတ်ဖြတ်သွားခဲ့သေး၏။ထို့ကြောင့် အရင်က တစ်နေကုန် နေပျောက်ပင် မထိုးသော အပင်အောက်က ကွပ်ပျစ်လေးသည် အရှေ့ဘက်ကလာသော မနက်နေဆိုလျင် မလွတ်တော့ပေ။နေ့ခင်း ဆယ်နာရီလောက်ဆိုရင်တော့ အရိပ်ရပြီဖြစ်သည်။ အရိပ်ရရာကို ရွေ့ပြောင်းထိုင်နိုင်ရန် ထန်းပက်လက် ကုလားထိုင်တစ်လုံး ဝယ်၍ တမာပင်အောက် ချထားရသည်။
” ဗျို့ … ဆရာကြီး ၊ ဇိမ်ကျနေတာလား ၊ အားကျပါဘိဗျာ ”
ကိုဆွေဝင်းမှ ထန်းပက်လက်ကုလားထိုင်ပေါ် လှဲချရုံရှိသေး၊ အပြင်ဘက်လမ်းကနေ စက်ဘီးတစ်စီးက ရပ်တန့်၍ နုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ကိုဆွေဝင်း လှမ်းကြည့်လိုက်တော့ သတင်းစာပို့သူ ကိုသန်းဆောင် ဖြစ်နေ၏။ စက်ဘီး၏ ရှေ့ဘားတန်းတွင် ကိုသန်းဆောင်၏ သားငယ် ဖိုးအေးကို ရယ်ရွှင်မြူးထူးလျက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဖိုးအေးသည် အသက် ၆နှစ်ရှိပြီ ဖြစ်သော်လည်း ယခုချိန်ထိ စကားမပြောတတ်သေးချေ။
ကိုဆွေဝင်းလည်း ထိုင်နေရာက ထလိုက်ပြီး ၊ ခြံစည်းရိုးနားသို့ လှမ်းကာ ၊
” ဟော … သားအဖ နှစ်ယောက် ၊ ဘယ်က ပြန်လာကြတာလဲ ၊ သားသားကလည်း မျက်နှာကို ပြုံးချိုလို့ ၊ ဘာတွေများ သဘောကျလာတာလဲကွ ”
ဖိုးအေးကလေးသည် သူ့လက်ထဲက ကစားစရာ အရုပ်ထုပ်ကို မြှောက်ပြသည်။ ကိုသန်းဆောင်က … ရှင်းပြ၏။
“ခလေးက ပူဆာနေတာကြာပြီ၊ ဝယ်ပေးမယ် … ဝယ်ပေးမယ်နဲ့ ၊ အဆင်မပြေလို့ မဝယ်ပေးဖြစ်တာ ဆရာကြီးရေ၊ အခုတော့ အိမ်လာလည်တဲ့ ရုံးအုပ်ကြီးက ပိုက်ဆံပေးပြီး တစ်ခါတည်း အဝယ်ခိုင်းလိုက်လို့ ၊ သူ ပူဆာနေတဲ့ အရုပ်ထုပ်ကို လိုက်ဝယ်ပေးတာ၊ ကိုယ်လိုဆို အတော်နဲ့ ဝယ်ပေးနိုင်ဦးမှာမဟုတ်ဘူး ၊ စားဖို့တောင် မနည်းရုန်းနေရတာ ဆရာကြီးရ ”
ကိုသန်းဆောင်က မနက်ခင်း သတင်းစာပို့ပြီး ၊ နေ့ခင်းတွင် ဆိပ်ကမ်းရုံး၌ နေ့စား ရုံးအကူ လုပ်ကိုင်၏။ ရုံးအုပ်ကြီးဆိုတာ ထိုဆိပ်ကမ်းရုံးက အရာရှိကို ပြောခြင်း ဖြစ်မည်။
ကိုသန်းဆောင်၏ ဇနီးဖြစ်သူ မငယ်ထွေးက ရာသီစာ ရောင်း၏။ အခုလို ပူသည့်နွေရာသီတွင် ရွှေရင်အေး ၊ သို့မဟုတ် မုန့်လက်ဆောင်း ရောင်းတတ်သည်။ ဖိုးအေးက ကိုသန်းဆောင်နဲ့မတူ ၊ သူ့အမေ မငယ်ထွေးနဲ့ တူပြီး၊ မျက်နှာဝိုင်းလေးနဲ့ အလွန်ချစ်စရာကောင်း၏။ မွေးရာပါချို့ယွင်းချက်အနေဖြင့် စကားမပြောနိုင်၊ သို့ပေမယ့် သွက်လက်ချက်ချာသူ ကလေးငယ်တစ်ဦး ဖြစ်ရှာ၏။
ကိုသန်းဆောင်၏ ဆိပ်ကမ်းရုံးသို့ မငယ်ထွေး ရံဖန်ရံခါ လိုက်သွားတတ်သည့်အခါ ၊ သားငယ် ဖိုးအေးကို ခေါ်သွားတာ သူ မြင်ဖူးနေ၏။ ထို့ကြောင့် ရုံးအုပ်ကြီးဆိုသူက ဖိုးအေးလေးကို မြင်ဖူးတွေ့ဖူး ရင်နှီးကျွမ်းဝင်ကာ ကလေးချစ်တတ်သူ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။
ကိုဆွေဝင်းသည် ကလေးဆို၍ မနက်ဖြန် တူမဖြစ်သူ နွဲ့ယဉ်ဝင်း ၊ သူမ၏ကလေးနှစ်ယောက်နှင့် အိမ်အလည်လာမည်ကို သတိရသွားကာ …၊
” အော် … ကိုသန်းဆောင် ၊ မနက်ဖြန် မငယ်ထွေး စျေးထွက်ရင် ၊ မုန့်လက်ဆောင်း ၂ပွဲလောက် ဝင်ပေးခဲ့ပါဦးလို့ ပြောပေးပါနော် ၊ မနက်ဖြန် ကျုပ်မြေး၂ကောင် အိမ်အလည်လာမယ် ပြောတယ်။ သူတို့က မုန့်လက်ဆောင်း ကြိုက်တယ်ဗျ ”
” ဟုတ်ကဲ့ စိတ်ချပါ ဆရာကြီး၊ ကျနော် ငယ်ထွေးကို အသေအချာ ပြောလိုက်ပါ့မယ် ၊ ဆရာကြီး မှာရင် လွဲလို့မှ မဖြစ်တာလေ ၊ မဟုတ်ဘူးလား နော့ ၊
ဟားဟားဟား ။ ကဲ သွားပြီ ဆရာကြီးရေ ”
သတင်းစာပို့သူ ကိုသန်းဆောင်က ထိုသို့ပြောရင်း အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရသွားဟန်ဖြင့် ရယ်မောရင်း နုတ်ဆက်သွားတော့၊
” ဟာဗျာ … ကိုသန်းဆောင်ကတော့ လုပ်ပြီ ၊ ဟားဟားဟား … ”
ကိုဆွေဝင်းလည်း ထပ်တူပင် ၊ အတိတ်က သူနဲ့ သတင်းစာပို့သူ ကိုသန်းဆောင်တို့ ပြသနာတစ်ခု တက်ဖူးတာကို သတိရပြီး ရယ်မောလိုက်မိသည်။သဘောကျလွန်း၍ သားအဖနှစ်ယောက် ပေါ့ပါးစွာ နင်းသွားသော စက်ဘီးလေး၏ နောက်ကျောပြင်ကို ကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ပင် ငြိမ့်လိုက်မိသေးသည်။ ညနေသည် နေရောင်ပျောက်ကွယ်တော့မည်မို့ အမှောင်ထုသည် ဝန်းကျင်ကို ဖုံးလွှမ်းစပြုပြီဖြစ်၏။ ကိုသန်းဆောင် စက်ဘီးက ရှေ့မီး မပါတာကို ကိုဆွေဝင်း သတိထားမိလေ၏။
ကိုဆွေဝင်းသည် အချိန်ကို တန်ဖိုးထားပြီး လေးစားသူ ဖြစ်သည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်ခဲ့၍ တိကျမှ ကြိုက်သည်။ ဤအိမ်လေးကို ပြောင်းလာတော့ နေ့စဉ်သတင်းစာပို့သူ ကိုသန်းဆောင်နှင့် ချိတ်ဆက်၍ သတင်းစာတစ်စောင် ၊ လပေးစနစ်ဖြင့် ယူခဲ့သည်။
ကိုဆွေဝင်းသည် တစ်ဦးတည်းသမား ဖြစ်သည့်အတိုင်း မနက်ခင်းမိုးလင်းလာသည်နှင့် လျပ်စစ်ထမင်းအိုး တည်ထားပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးပြုသည်။ ထမင်းအိုးကျက်သည်နှင့် အိမ်ပေါ်ကဘုရားကျောင်းဆောင်၌ ဆွမ်းတော်နှင့် သောက်တော်ရေကပ် ၊ ဘုရားရှိခိုး မေတ္တာပို့ အမျှဝေတော့သည်။
သူ မေတ္တာပို့ အမျှဝေပြီး ၅မိနစ် ဆယ်မိနစ်ခန့်တွင် ပဲပြုတ်သည် ဒေါ်အေး သူ့အိမ်ရှေ့သို့ ရောက်ပြီဖြစ်၏။ နေ့စဉ် စတော်ပဲပြုတ် ၁၀၀ဖိုး ဝယ်နေကျဖြစ်သည်။ တခါတရံ ပဲပြုတ်သည် ဒေါ်အေးက စောနေလျင် ၊ ပဲပြုတ်ထုပ်ကို ခြံဝက တံခါးမှာ ချိတ်သွားပြီး၊ ပဲပြုတ်ဖိုးကို နောက်နေ့မှ ပေါင်းတောင်းတတ်သည်။ကျောင်းဆရာကား ရေနွေးအိုး ဆူသည်နှင့် ကော်ဖီတစ်ခွက် ဖျော်သည်။ တခါတစ်ရံ၌ ပဲပြုတ်ကို ပေါင်မုန့်နှင့်စားတတ်သလို ၊ ပေါင်မုန့်ကုန်နေသည့်အခါမျိုး၌ ထမင်းပူပူကို ပဲပြုတ်နှင့် ဆီဆမ်းစားလိုက်သည်။ စားပြီးသည်နှင့် ကော်ဖီခွက်ကို ကိုင်ကာ အိမ်ရှေ့ထွက်ပြီး ပက်လက်ကုလားထိုင်ဖြင့် ထိုင်ရင်း ကော်ဖီကို ဇိမ်ခံ သောက်လေ့ရှိသည်။
ထိုအချိန်တွင် ညက ရေးလက်စ ဇာတ်လမ်းကို မည်သို့မည်ပုံ ဆက်ရေးရမည်ကို စဉ်းစားနေတတ်သည်။
ဇာတ်လမ်းသွားနှင့် ကိုက်ညီမယ့် ဗဟုသုတ ဖြစ်ဖွယ်ရာများကိုလည်း ထည့်သွင်း စဉ်းစားနေလေ့ရှိတတ်သည်။
သို့ဖြင့် နံနက် ၈နာရီထိုးလောက်အထိ ထိုထန်းပက်လက်ကုလားထိုင်ပေါ်တွင် ရှိနေတတ်၏။ ၈နာရီ နှင့် ၈နာရီ ၁၅မိနစ်လောက်တွင် မှာယူထားသည့် သတင်းစာ လာပို့ပြီ ဖြစ်သည်။
ထိုအခါ တွေးလက်စ အတွေးများကို ဖြတ်၍ သတင်းစာ ဖတ်ရှု့နေတတ်သည်။ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးသတင်းများသာမက မိုးလေဝသသတင်း ၊ အယ်ဒီတာ အာဘော်၊ သတင်းစာ ဆောင်းပါး ၊ ကဗျာ စသည်တို့ကို လုံးစေ့ပတ်စေ့ ဖတ်တတ်သည်။ သတင်းစာပါ မည်သည့်ကော်လံမျှ လွတ်သွားသည်မရှိ။ အသေးစိပ် ဖတ်ရှု့တတ်သည်။
နာရေးသတင်းကြော်ငြာများကိုတော့ သမန်ကာရှန်ကာလောက်သာ ဖတ်သွား၏။ မျက်မှန်တပ်ရသူမို့ ၊ သတင်းစာဖတ်ချိန် တစ်နာရီ နီးပါးခန့် ရှိသည်။
သတင်းစာသည် သူ့အတွက် ကမ္ဘာလောကကြီးနှင့် အဆက်မပြတ်ရန် ဆက်သွယ်ပေးနေသော တံခါးပေါက်တစ်ခု ၊သို့မဟုတ် တံတားတစ်စင်းဖြစ်သည်ဟု ခံယူထား၏။
ထို့ကြောင့် စာရေးခြင်း နှင့် သတင်းစာဖတ်ခြင်းသည် သူ့အတွက် အဓိက လုပ်ဆောင်ရမည့် ဝတ္တရားဖြစ်သည်ဟုလည်း ခံယူထားပုံရသည်။ ပင်စင်စား သူတို့အရွယ်တွေအဖို့ တနယ်ရပ်ခြားစီ ဝေးကွာနေသော မိတ်ဟောင်းဆွေဟောင်းများ၏ နာရေးကိုလည်း သိရှိနိုင်၏။ ဆိုချင်တာက ကိုဆွေဝင်းသည် သတင်းစာကို သူ့အချိန်နဲ့ သူ ဖတ်ရမှ ကျေနပ်သူ ဖြစ်လေ၏။
တစ်ရက်သားတွင်တော့ ကိုဆွေဝင်းသည် သူ၏ မနက်ခင်း ပြုဖွယ်ကိစ္စများ လုပ်ဆောင်အပြီး မနက်ခင်းသတင်းစာဖတ်ရှု့ရန် စောင့်ဆိုင်းနေပါ၏။ ခါတိုင်း သတင်းစာ ပို့သူသည် မနက် ၈နာရီနှင့် ၈နာရီ ၁၅မိနစ်အကြားတွင် တိကျစွာ လာပို့သော်လည်း ယနေ့မနက်၌ ၈နာရီ မိနစ်၃၀အထိလည်း ရောက်မလာသေး။ ကိုဆွေဝင်းသည် သတင်းစာ ဖတ်ချင်သည့် စိတ် ချဉ်ခြင်းတအားတက်နေမိပြီး သတင်းစာပို့သူကို လည်တဆန့်ဆန့် မျှော်နေမိသည်။
သို့သော် သတင်းစာပို့သူ ကိုသန်းဆောင်ဆိုသူသည် နေ့လယ် ၁၀နာရီ ထိုးသည်အထိ ရောက်မလာခဲ့ပေ။နေ့စဉ် ပြုဖွယ်ကိစ္စရပ်များထဲက အဓိက ကျသော သတင်းစာ ဖတ်ခြင်းကို မပြုရသဖြင့် ထိုနေ့က တစ်နေ့လုံး ကိုဆွေဝင်းတစ်ယောက် စိတ်တိုင်းမကျ ဖြစ်နေခဲ့သည်။ ထိုနှောက်ယှက်သော စိတ်ဖြင့် စာရေးရာတွင် စိတ်ကူးစိတ်သန်းကောင်းတို့ မကွန့်မြူးနိုင်တော့ချေ။ မနက်ဖြန် သဘက်ခါ အပြီးရေး၍ စာမူကို ပို့ရမည်ဖြစ်ရာ ကိုဆွေဝင်းအတွက် ထိုနေ့က သတင်းစာ မဖတ်ရခြင်းသည် ကြီးစွာသော အနှောက်အယှက် ဖြစ်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် လုပ်စရာရှိတာတွေ စောလျင်စွာ လုပ်ကိုင်ထားပြီး ၊ သတင်းစာပို့သူ ကိုသန်းဆောင်ကို ရန်တွေ့ရန် စောင့်နေမိသည်။ မနက် ၈နာရီ ၅မိနစ်ခန့်တွင် ကိုဆွေဝင်း စောင့်မျှော်နေသည့် သတင်းစာပို့သူ ကိုသန်းဆောင် စက်ဘီးလေးဖြင့် ရောက်ချလာပါတော့သည်။ ကိုသန်းဆောင်ကတော့ ထုံးစံအတိုင်း သတင်းစာလိပ်ကို ကိုဆွေဝင်းတို့ ခြံထဲ လှမ်းပစ်ထည့်လိုက်သည်။ ကိုဆွေဝင်းသည် ကိုသန်းဆောင်အား မြင်သည်နှင့် …
” ဗျို့ … ကိုသန်းဆောင် ခဏ နေပါအုံး၊ ကျုပ် ခင်ဗျားကို ပြောစရာလေးရှိလို့ ”
ကိုသန်းဆောင်က နင်းလက်စ စက်ဘီးကို ဘရိတ်ဆွဲဖမ်းကာ ရပ်တန့်၏။ ပြီးလျင် စက်ဘီးကို ဆရာကြီးကိုဆွေဝင်း အိမ်ခြံဝတံခါးအနီး တွန်းလာ၏။
” ဟုတ် ဆရာကြီး ၊ ဘာများ ပြောချင်လို့လဲ ၊ ပြောပါခင်ဗျ ”
ဆရာကိုဆွေဝင်းသည် မကြည်မလင် မျက်နှာထားနှင့် မနေ့က သတင်းစာ မရောက်ကြောင်း ၊ ဘာလို့ မနေ့က သတင်းစာပို့ ပျက်ကွက်ရတာလဲ ၊ သတင်းစာတစ်စောင်၏ တန်ဖိုးထက် တစ်နေ့တာ သတင်းများ၏ တန်ဖိုးသည် သူ့အတွက် မည်၍မည်မျှ အရေးပါသည်ကို ဒေါသသံဖြင့် ရှင်းလင်း ပြောဆိုတော့၏။ဆက်၍ ကျောင်းဆရာကိုဆွေဝင်းသည် ကိုသန်းဆောင်အား သူ၏ စာသင်ခန်းထဲက ကျောင်းပြေးသည့်တပည့်တစ်ဦးပမာ ဆူပူမာန်မဲနေခြင်းဖြစ်သည်။
သတင်းစာပို့သူ ကိုသန်းဆောင်ခမျာ ခင်မင်ရင်းစွဲရှိသည့် ဆရာကိုဆွေဝင်း၏ ဆူပူမာန်မဲမှုကို မျက်နှာငယ်လေးနှင့် စကားဆုံးအောင် နားထောင်ပေးရှာ၏။ ဆရာကိုဆွေဝင်း၏ ပြောဆိုသည့်စကားများကို ဆင်ခြေမပေး၊ ကြားဖြတ် ရှင်းမပြ။ စိတ်ရှည်လက်ရှည် နားထောင်ပေး၏။ ကိုဆွေဝင်းက ပြောလို့ အားရသွားလေမှ နောက်ဆုံးတွင်၊
” ခင်ဗျား ဘက်က အဲ့သလို ပျက်ကွက်တတ်မယ်ဆိုရင် ကျုပ် ခင်ဗျားဆီက သတင်းစာ မယူတော့ဘူး ၊ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ ကိုသန်းဆောင် ၊ နောက်တစ်ခါဆို ခင်များ ကျုပ်ဆီ သတင်းစာ လာမပို့နဲ့တော့ ”
ထိုနောက်ဆုံးစကားသည် ကိုသန်းဆောင်အား အလွန်ပင် ဝမ်းနည်းသွားစေဟန်တူသည်။ မျက်နှာသည် ဇီးရွက်လောက် ငယ်သွား၏။ စက်ဘီးကို သူ၏ ကိုယ်ဖြင့် ထိန်းထားရင်း လက်အုပ်ချီကာ …
” တမြန်နေ့ ညဦးပိုင်းက ကျနော့်သားလေး မောင်ဖိုးအေး အပြင်းဖျားလို့ ဆေးရုံတင်လိုက်ရတယ် ဆရာကြီး ၊ အဲ့ဒီညက ကျနော်တို့လင်မယားလည်း ဆေးရုံမှာ တစ်ညလုံး လူနာစောင့် နေရတယ်။
ကျနော်မအားလို့ သတင်းစာပို့ရမယ့်အိမ်တွေကို ကျနော့်မိတ်ဆွေ တင်ထွန်း အပို့ခိုင်းထားပါတယ်။ ဆရာကြီးရဲ့ အိမ်ကို တင်ထွန်းက မေ့ပြီး ကျော်သွားဟန်တူပါတယ်။ သူ ပို့နေကျ အိမ်တွေ မဟုတ်တော့ အခုလိုပဲ မှားယွင်းသွားခဲ့ပါလိမ့်မယ်။ အဲ့ဒီအတွက် ကျနော် ဆရာကြီးကို အနူးအညွတ် တောင်းပန်ပါတယ် ။ နောက်ကို ဒီလို မဖြစ်စေရဘူးလို့ ကျနော် အာမခံပါတယ်ဆရာကြီး ”
ဝမ်းနည်းမှုကြောင့် ကိုသန်းဆောင်၏ မျက်ဝန်းမှာ မျက်ရည်များ စိုဝဲနေရှာသည်။ ထို့အတူ အဖြစ်မှန်ကို သိသွားသော ဆရာကိုဆွေဝင်းသည်လည်း သူ ပြောမိ စောလေစွဟု နောင်တရသွားသည်။ မဆင်မခြင် ပြောမိလေသမျှကို တောင်းပန်ရန် ခြံတံခါးကို ဖွင့်၍ ကိုသန်းဆောင်၏ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း …
” ဟာဗျာ … ကျုပ် မှားသွားပြီ ကိုသန်းဆောင် ၊ အဖြစ်မှန်ကို မသိပဲ ၊ ကျုပ် စိတ်ထဲ ရှိတာတွေ ပြောမိတယ် ။ ကျုပ် တောင်းပန်ပါတယ်ဗျာ ၊ ခင်များသားလေးကော အခု ဘယ်လိုနေသေးလဲ ၊ ကျုပ် ဘာကူညီရမလဲ ပြောပါ ”
ကိုသန်းဆောင်လည်း ထိုအခါမှ ပြုံးရယ်နိုင်တော့ပြီး ၊ ကလေးမှာ အခုအခါ သက်သာနေပါပြီဟု ဆိုလေ၏။ ပြီးလျင် နောက်တစ်ခါ သတင်းစာ ပို့ခြင်း အလုပ်ကို မပျက်ကွက်စေရပါဟု ထပ်မံ ကတိပေးပြန်သည်။
” ဆရာကြီးဆီက အကူအညီ မယူတော့ပါဘူး ၊ ဒါပေမယ့် ဆရာကြီးကို တစ်ခုလောက်တော့ တောင်းဆိုပါရစေ ”
ကိုဆွေဝင်းက ခေါင်းကို ငြိမ့်ပြ၏။
” ဖြစ်နိုင်မယ်ဆိုရင် ဆရာကြီးရယ် ၊ နောက်နောင် ကျနော့်ဘက်က ပျက်ကွက်မှု ဖြစ်လာခဲ့ရင် ၊ ဆရာကြီး ခုနက ပြောသလို မပြောပါနဲ့လား ၊ အဲ့ဒီစကားက ကျနော့်ရင်ကို တကယ်အောင့်စေလို့ပါ ”
” ဘယ်စကားလဲဗျ … ”
” ကျနော့်ကို သတင်းစာ လာမပို့နဲ့တော့လို့ ဆိုတဲ့စကားပါ ဆရာကြီး”
ကျောင်းဆရာကိုဆွေဝင်းကား ဘာပြန်ပြောရမယ်မသိ။ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။ ကိုသန်းဆောင်သည် သတင်းစာပို့သူ ဖြစ်၏။ ထို့ကြောင့် သူ၏ လုပ်ငန်းတာဝန်ဖြစ်သော သတင်းစာပို့ခြင်း လုပ်ငန်းအား မပို့ပါနှင့်ဟု ရပ်တန့်ခိုင်းခြင်းသည် သူ့အတွက် အလွန် ဝမ်းနည်းဖွယ် ဖြစ်နေသည်ကို ကျောင်းဆရာ နားလည်သဘောပေါက်မိသည်။ ကိုဆွေဝင်းသည် ကျောင်းသားပေါင်းများစွာကို ထိမ်းကျောင်းလာခဲ့သူမို့ ‘ မင်း နောက်ရက်ကစပြီး ၊ ကျောင်းကို လာစရာ မလိုတော့ဘူး ‘ ဟု ကျောင်း ထုတ်ခံရသည့် ကျောင်းသား၏ အရှိုက်ကို ထိုးနှက်ခံရသော ခံစားချက်ကို နားလည်သလိုပင် ဖြစ်လေ၏။
ဆူပူမာန်မဲမိလေသော ကျောင်းဆရာ ကိုဆွေဝင်းမှာလည်း သူ့အမှားအတွက် သတင်းစာပို့သူ ကိုသန်းဆောင်အား အားတောင့်အားနာ ဖြစ်နေရသည်။
ထိုနေ့မှစ၍ ကိုသန်းဆောင်သည် ကျောင်းဆရာ ကိုဆွေဝင်း၏ အိမ်ကို သတင်းစာ ပို့ခြင်းအမှု ပျက်ကွက်ခြင်း မရှိတော့ပေ။ ရှေးယခင်ကထက်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိကာ တစ်ဦးနှင့်တစ်ဦးသည် မိသားစုဝင်များပမာ ရင်နှီးခင်မင်ခြင်း ဖြစ်ပေါ်လာခဲ့ကြသည်။
ထိုအဖြစ်အပျက်အပေါ် ဆရာကိုဆွေဝင်းသည် ဤသို့ ကောက်ချက်ချမိလေ၏။
” အော် … ငါ့လောက် ပညာမတတ်ဖူးလို့ ငါက အထင်သေးထားတဲ့ ကိုသန်းဆောင်က ငါ့ထက် ပိုပြီး စိတ်သဘောထား ပြည့်ဝသူပါလား ၊ ငါကား အလကားနေရင်း ပညာမာန် တက်ပြီး၊ အတ္တအမှောင်ဖုံးလွှမ်းနေသော လူအန္ဓတစ်ယောက် ဖြစ်နေပါပြီကော … ”
____________
ကိုဆွေဝင်းသည် ကော်ဖီခွက်ကို ဇိမ်ခံသောက်ရင်း ထန်းသား ပက်လက်ကုလားထိုင်လေးပေါ်မှာ လှဲလျောင်းနေ၏။ ထုံးစံအတိုင်း နေ့စဉ်သတင်းစာဖတ်ရှု့ရန် သတင်းစာအလာကို စောင့်မျှော်နေခြင်းပင်။
နံနက် ၈နာရီ ၅မိနစ်တွင် …။
” ကျွီ … ကျွီ … ”
ဟော … ဒါ ကိုသန်းဆောင်ရဲ့ စက်ဘီးသံပဲ ၊ လာပြီ ထင်တယ် …။
သူ့နားထဲမှာ လေတိုးသံ ဝှီးကနဲ ကြားလိုက်ရပြီး ၊ မြေပေါ်သို့ သတင်းစာလိပ် ပြုတ်ကျသည့်အသံ ဘုတ်ကနဲက တဆက်တည်း ကြားလိုက်ရသည်။
ကိုဆွေဝင်း လမ်းပေါ်သို့ ခေါင်းထောင် ထကြည့်လိုက်မိသည်။ သူ့အကြည့်က ကိုသန်းဆောင်၏ စက်ဘီးကို မြင်တွေ့ရမလားဆိုသည့် အကြည့်ဖြစ်၏။သို့သော် ထူးဆန်းစွာ ကိုသန်းဆောင်အား သူ မမြင်လိုက်ရပေ။ ကိုသန်းဆောင် စက်ဘီးစီးတာ ဒီကနေ့ သိပ်မြန်ပါလားဟု တွေးမိ၏။
သို့ဖြင့် … သတင်းစာ ကျမည့် နေရာကို သွားရှာကြည့်သည်။ ဘယ်လို ဖြစ်သည်မသိ။ သတင်းစာကို ရှာမတွေ့ချေ။ သူ သတင်းစာကျတတ်သည့် နေရာကို ခပ်စိပ်စိပ် ရှာဖွေသော်လည်း သတင်းစာကို မတွေ့ရချေ။ ကိုဆွေဝင်း အံဩနေမိသည်။
လမ်းပေါ်ကို ထွက်၍ ကိုသန်းဆောင် ထွက်သွားသည့်ဘက်ကို အပြေး လှမ်းကြည့်သည်။ လမ်းတလျှောက်လုံး သွားလာသူ မရှိ။ မြင်ကွင်းက ရှင်းလင်းနေပါ၏။
‘ ငါ ခုနက ကိုသန်းဆောင်ရဲ့ စက်ဘီးသံကို အသေအချာ ကြားလိုက်ရပါတယ် ၊ ပြီးတော့ သတင်းစာက ငါ့ခြံထဲကို ကျတဲ့အသံလည်း ငါ့နားနဲ့ဆက်ဆက် ကြားလိုက်ရပါရဲ့နဲ့ ၊ အခု ဘာလို့ သတင်းစာကို ရှာမတွေ့တာပါလိမ့် ‘
ကိုဆွေဝင်း တစ်ယောက် ဇဝေဇဝါ အတွေးဖြင့် ချာချာလည်သွားသည်။ ထိုအခိုက် အ,မင်္ဂလာဟု ဆိုရမည်ဖြစ်သော ခွေးအူသံသည် ကိုသန်းဆောင် ထွက်သွားသည့် လမ်းမထက်မှ စတင်၍ ထွက်ပေါ်လာသည်။ တခဏအကြာ တိကနဲ ရပ်တန့်သွား၏။
” ကျွတ် ! ဒီခွေးအူသံကြီးကလည်း မနက်စောစောစီးစီးကွာ … ”
ကိုဆွေဝင်း ထိုသို့ မြည်တွန်နေစဉ်မှာပဲ အပြင်ဘက် လမ်းမပေါ်က စက်ဘီးတစ်စီး ခပ်လေးလေး မှန်မှန် ဖြတ်နင်းသွားသည်ကို ရိပ်ကနဲ မြင်လိုက်ရသည်။ သူ အသေအချာ ကြည့်လိုက်တော့ စက်ဘီးနင်းလာသူက သတင်းစာပို့သူ ကိုသန်းဆောင်၊ ရှေ့ဘားတန်းလေးပေါ်တွင် ကိုသန်းဆောင်၏ သားငယ် ဖိုးအေးက ထိုင်လျက် ။
ကိုဆွေဝင်း ဝမ်းသာအားရ နုတ်ဆက်မည်ဟု ပါးစပ်က ဟလိုက်သော်လည်း အံဩမှုကြောင့် အသံက ထွက်မလာ။ ဘာကြောင့်လည်းဆိုတာ့ အမြဲတန်း ပြုံးရွှင်နေတတ်သည့် ကိုသန်းဆောင်နှင့်သူ၏ သားငယ် ဖိုးအေးတို့သည် ယခုအခါ အပြုံးအရယ်မရှိ။ဖြူရော်ရော် လူသေမျက်နှာကြီးတွေနဲ့ မဟုတ်လား။ သူအိမ်ဘက်သို့ပင် လုံးဝ မကြည့်ချေ။ဒီသားအဖ နှစ်ယောက် ရှု့တည်တည်ကြီးတွေနဲ့ပါလားဟုပင် မချင့်မရဲ တွေးလိုက်မိသည်။
ထိုသို့ တွေးနေစဉ်မှာပဲ ၊ ကိုသန်းဆောင်တို့ သားအဖသည် သူ့မျက်စိ မြင်ကွင်းအောက်နေ လျစ်ကနဲ ပျောက်ကွယ်သွားလေ၏။ ကိုဆွေဝင်း မြင်လိုက်ရတဲ့ မျက်လုံးများကို မယုံမကြည်ဖြစ်ကာ လက်ဖြင့် ပွတ်သပ်ရင်း ခေါင်းထဲကို အသိတစ်ခု လက်ကနဲ ဝင်လာပြန်သည် ။ ထိုအတွေးက …
‘ ဟာ … ကိုသန်းဆောင်က ခုလို မနက်ခင်း သတင်းစာပို့ချိန်ဆိုရင် ဘယ်တုန်းကမှ သူ့သားဖိုးအေးကို ခေါ်လာလေ့မှ မရှိတာ ။ ငါ မြင်တွေ့ခဲ့တာ ကိုသန်းဆောင်တို့ သားအဖမှ ဟုတ်ရဲ့လား’
ထိုအတွေးကြောင့်လား မသိနိုင်၊ ကိုဆွေဝင်း၏ တကိုယ်လုံးသည် ကြက်သီးမွှေးညင်း ဖျန်းဖျန်းထသွားလေ၏။ ဘာကိုမှ ရည်ရွယ် မတွေးမိပါပဲ သူ၏ စိတ်သည် ချက်ချင်းလက်ငင်းကြီး လေးလံလာသလို ခံစားမိလေသည်။
ထို့ကြောင့် ပါးစပ်ကနေ …
” ဘုရား … ဘုရား ၊ ငါ ထင်သလိုတော့ မဖြစ်ပါစေနဲ့ ” ဟု ရေရွတ်လိုက်မိသည်။
သို့သော် ကိုဆွေဝင်း၏ ဆုတောင်းတို့ မပြည့်ခဲ့ရှာချေ။ နေ့လယ် ၁၀နာရီလောက်တွင် သူ့အိမ်ရှေ့သို့ ရပ်ကွက်သာရေးနာရေးအသင်းမှ ဦးချစ်မောင် တို့အဖွဲ့ ရောက်လာကြပြီး …၊
” ဆရာကြီးရေ ၊ နာရီပြန် ၂ချက်ကျရင် ဆရာကြီးလူ ကိုသန်းဆောင်တို့ သားအဖကို အေးရိပ်ငြိမ် သုသာန်ကို ပို့ဆောင်ပြီး သင်္ဂြိုလ်မယ်တဲ့ ၊ အဲ့ဒါ အသုဘရှု့ လိုက်ပါပို့ဆောင်နိုင်အောင် လာဖိတ်တာ …”
ကိုဆွေဝင်းသည် ကိုယ့်နားကို မယုံနိုင်အောင်ပင် ဖြစ်သွားရသည်။ တအံတဩဖြင့် ဦးချစ်မောင်အား ပြန်မေးမိသည်။
” ဦးချစ်မောင် … ခင်များ ခုနက ပြောလိုက်တာ ကိုသန်းဆောင်တို့သားအဖ ဟုတ်လား ”
” ဟုတ်တယ်ဗျ ၊ ဆရာကြီး မသိသေးဘူးလား ၊ မနေ့ညနေက ကိုသန်းဆောင်တို့ သားအဖ အရုပ်ဝယ်ပြီး အိမ်အပြန် ၊ လမ်းထိပ်မှာ ကားနဲ့တိုက်မိပြီး ၊ နှစ်ယောက်စလုံး ဆုံးသွားကြပြီ ဆရာကြီး၊ ရုပ်အလောင်းတွေကို ဆေးရုံ ရင်ခွဲတိုက်က ထုတ်ပြီး ၊ အေးရိပ်ငြိမ်သုသာန်မှာ တစ်ခါတည်း သင်္ဂြိုလ်မယ်တဲ့ … ”
“ဟာဗျာ … ”
ကိုဆွေဝင်းသည် လူကြီးဦးချစ်မောင်ကို ဘာပြန်ပြောရမည်မသိ။ လူတကိုယ်လုံး အရုပ်ကြိုးပြတ် လဲကျချင်သလိုပင် ဖြစ်သွားသည်။
မနက်က ၊ တိတိကျကျဆိုရလျင် နံနက် ၈နာရီ ၅မိနစ်က သတင်းစာလိပ် အိမ်ခြံထဲသို့ ကျသံသည် ကိုသန်းဆောင် သူ့အား စကားများရန်ဖြစ်စဉ်က ကတိပေးထားသည့်အတိုင်း ၊ အချိန်တိကျစွာ သတင်းစာလာပို့သည့် အသံပဲပေါ့ ။ သတင်းစာကို အချိန်မှီ မဖတ်ရရင် ဆရာကြီး စိတ်ဆိုးမှာစိုးလို့ လာပို့တာပါဟု များ ကိုသန်းဆောင်၏ ဝိဉာဉ်က ပြောနေဦးမလားမသိနိုင်။ သေလွန်ပြီးနောက်မှာပင် သူ၏ ကတိကို တန်ဖိုးထားဆဲ အာဂ ကိုသန်းဆောင်ပါကလား။
” အော် … ကိုသန်းဆောင်ရယ် ၊ ဖြစ်မှ ဖြစ်ရလေဗျာ ၊ မနေ့ညနေပိုင်းက ခင်ဗျားတို့သားအဖရဲ့ ပြုံးရယ်ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေတောင် ကျုပ်မျက်စိထဲမှာ မပျောက်သေးပါဘူးဗျာ ။
ခင်ဗျား တာဝန် ကျေပါတယ် ကိုသန်းဆောင်။ ခင်ဗျားရဲ့ တာဝန် ကျေပါတယ်ဗျာ ။ ခင်ဗျား မကြိုက်တဲ့ စကားကို ဆိုရတော့မယ် ကိုသန်းဆောင်ရေ ၊ မနက်ဖြန်ကစပြီး ကျနော့်အိမ်ကို သတင်းစာ လာမပို့ပါနဲ့တော့ ။
ကျနော် ဒီလိုပြောတော့ ခင်ဗျား ဝမ်းနည်းနေမယ် ထင်ပါရဲ့ ။ ဒါပေမယ့် ပြောလိုက်ပါရစေတော့ ။ ခင်ဗျားရဲ့ တာဝန် ကျေပွန်ပြီမို့လို့ ၊ ငြိမ်းချမ်းစွာ အနားယူပါတော့လား ကိုသန်းဆောင်ရယ် ။အခုချိန်ကစပြီး ကျနော့်ဆီကို သတင်းစာပို့တဲ့ လုပ်ငန်း ခင်ဗျား လုပ်စရာ မလိုတော့ပါဘူး ။
ခင်ဗျားတို့သားအဖ ကောင်းမွန်ရာဘုံဘဝမှာ အနားယူလိုက်ပါတော့လို့ …”
နွေနေပူအောက်မှာ မိုးရနံ့လေးတွေ သယ်ဆောင်လာတဲ့ လေပြေအေးအေးဟာ မိုးအကြို တိုက်ခတ်လာတတ်သည်။ ယင်းကို ရာသီအပူအောက်က လူသားများအတွက် ကြည်နူးစရာ လေပြေလေးဟု ဆိုကြမည်ဖြစ်သည်။
ဆရာကိုဆွေဝင်း၏ မျက်လုံးထဲမှာ ကိုသန်းဆောင်တို့ သားအဖ၏ ဟန်ဆောင်ခြင်းကင်းသော အပြုံးလေးများသည်လည်း ကြည်နူးစရာ လေပြေလေးများဟု တင်စားလိုက်ချင်သည်။
လေပြေလေးကတော့ ဒီလူကို တိုးဝှေ့ ကျီစယ်ကလူလို့ အေးမြသွားပြီးဆိုရင် တခြားရပ်ဝန်းကို ဆက်လက်အေးမြစေဖို့ ထွက်ပြေးပျောက်ကွယ်သွားဦးမှာ မလွဲဘူးမဟုတ်လား ။ ဒါပေမယ့် တခြားရပ်ဝန်းမှာ လေပြေလေးတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်ပေါ့။
” သွားနှင့်ပါ လေပြေလေးရယ် ၊ ငါလည်း တစ်နေနေ့့တော့ … ”
ပြီးပါပြီ ။
ပီပီ (မန္တလေး)
၃၀ ၊ ၄ ၊ ၂၀၂၁