သွေးကြွေးတောင်းတဲ့ည

*ဘွားမယ်စိန်နှင့်သွေးကြွေးတောင်းသည့်ည*📖📖📖

*************************************

စဆုံး

တစ်နေ့သ၌ဘွားမယ်စိန်၏နေအိမ်ဆီကို
ဧည့်သည်များရောက်လာခဲ့သည်။
ထိုဧည့်သည်များကိုမောင်တိုးကိုယ်တိုင်လိုက်ပို့ခြင်းဖြစ်၏။
ကွပ်ပျစ်ခင်း၌ ဧည့်သည်များကိုထိုင်စေပြီး
မောင်တိုးနဲ့ဒေါ်ဝင်းကတော့ထန်းလက်ခုံ၌ထိုင်နေခဲ့ကြသည်။
ဧည့်သည်မှာအမျိုးသားသုံးဦးဖြစ်ပြီး
ထိုအထဲမှတစ်ဦးသည် အသက်ငါးဆယ်အရွယ်လူကြီးတစ်
ယောက်ဖြစ်ပေသည်။
ကျန်နှစ်ယောက်သည်ကမောင်တိုးနှင့်
မတိမ်းမယိမ်းအရွယ်များသာဖြစ်ကြ၏။

“ကဲ…ဆိုစမ်းပါဦးကွယ်…
မောင်ရင်တို့က…
ဘယ်ကနေများရောက်လာကြတာလဲကွဲ့…”

ဟုဘွားမယ်စိန်ကမေးတော့
အသက်ငါးဆယ်အရွယ်လူကြီးမှ…

“ဟုတ်ကဲ့…ကျုပ်တို့က ထန်းစုရွာကပါအမေကြီး…
ကျုပ်ကတော့ထန်းစုရွာသူကြီး ဘိုးထင်ပါ…”

“​သြော်…အေးကွယ်…
ဘွားဆီကိုရောက်လာကြတာဆိုတော့ ဘာများ
အရေးတကြီးကိစ္စရှိနေလို့လဲကွဲ့…”

ဘွားမယ်စိန်အမေးကြောင့် ထန်းစုရွာသူကြီးဦးဘိုးထင်က
သက်ပြင်းတစ်ချက်ချသည်။
မျက်နှာကလည်း အတော်လေးစိတ်ညစ်နေပုံရ၏။
သို့သော်ဘွားမယ်စိန်ကိုအားကိုးတကြီးဖြင့်…

“ကျုပ်တို့ထန်းစုရွာဒုက္ခရောက်နေလို့ပါအမေကြီး”

“ဟေ…တစ်ရွာလုံးဒုက္ခရောက်နေတာလား…
ဘာများဖြစ်ကြလို့လဲကွဲ့”

ဘွားမယ်စိန်သည် ရွာသူကြီးဦးဘိုးထင်ကို
သေချာစိုက်ကြည့်နေခဲ့သည်။
မောင်တိုနှင့်ဒေါ်ဝင်းတို့ကလည်းသိချင်နေကြ၍
ရွာသူကြီးဦးဘိုးထင်၏မျက်နှာကိုသာကြည့်နေခဲ့ကြ၏။

“ဘယ်ကနေစပြောရမလဲကိုမသိပါဘူးအမေကြီးရယ်…
ကျုပ်တို့ရွာမှာတစ်ခါမှမဖြစ်ဖူးတဲ့အဖြစ်အပျက်ကြီးပါဗျာ…”

ဟု…သူကြီးဦးဘိုးထင်က ပြန်ပြောရမှာကိုပင်
စိတ်မသက်မသာဖြစ်နေပုံရသည်။
သို့သော်ပြောမှသိကြမည်ဖြစ်တာကြောင့်ပြောပြတော့၏။

အချိန်ကညသန်းခေါင်ရောက်လေပြီ…
တိတ်ဆိတ်နေသောညသန်းခေါင်ယံတွင်ခွေးအူသံများက
ထွက်ပေါ်လာခဲ့၏။
ဆွဲဆွဲငယ်ငယ်အူနေသောခွေးအူသံများသည်ရွာအပြင်မှ
တရွေ့ရွေ့ရွာထဲသို့ပျံ့နှံ့လာခဲ့သည်။
ရွာထဲရှိခွေးများကပါထပ်မံ၍
အူသောကြောင့်တစ်ရွာလုံးကို
ခွေးအူသံများက ဖုံးလွှမ်းလို့သွားလေသည်။

“တောက်…”

ကျယ်လောင်သောတောက်ခေါက်သံသည်
ရွာလမ်းမဆီမှထွက်ပေါ်လာခဲ့၏။

“တောက်…”

နောက်တစ်ချက်ထပ်မံကာတောက်ခေါက်သံက
ထွက်ပေါ်လာပြန်သည်။
ပုံပန်းသဏ္ဌာန်မမြင်ရ…အရိပ်မမြင်ရသော ရွာလမ်းဆီမှ
တောက်ခေါက်သံကြောင့် လမ်းမနားရှိအိမ်မှ
လူများနိုးလာခဲ့ကြသည်။

“တောက်…”

တောက်ခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေပြန်သည်။
တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေသော တောက်ခေါက်သံကို
နားစွင့်ယုံသာနားစွင့်နေကြပြီး မည်သူမှ တဲအိမ်အပြင်ကို
မထွက်ရဲကြပေ။
ခွေးများကလည်း ထိုရွာလမ်းမပေါ်၌အုပ်စုလိုက်
အူနေကြသည်မှာကြားရသူများအဖို့ခြောက်ခြားဖွယ်ကောင်းသောညတစ်ညဖြစ်နေခဲ့သည်။
သုံးချက်တီးလောက်မှ ခွေးအူသံများကော…
တောက်ခေါက်သံပါပျောက်ကွယ်သွားခဲ့၏။

နောက်တစ်နေ့နံနက်ရောက်တော့ ထန်းစုရွာ၌
ထိုသတင်းကပြောလို့မပြီးနိုင်ဖြစ်​နေခဲ့သည်။

“ညက တောက်ခေါက်သံကြီးကိုကြားရတာ
ကျုပ်ဖြင့် ကြောက်လိုက်တာမအေးရယ်…”

“အိုအေ…အရက်မူးသမားတွေဖြစ်မှာပါ”

“မဖြစ်နိုင်တာတော်…
လူတော့မ​ဖြစ်နိုင်တာသေချာပါတယ်…”

“ရွာထိပ်ကကိုပေါက်စလေသိတယ်မလား…
သူလည်းတောက်ခေါက်သံကြားလို့ထကြည့်တယ်ဆိုပဲဟဲ့…
သူမြင်လိုက်တာတော့ထဘီကိုတိုတိုဝတ်ထားပြီး
ဆံပင်ကိုဖျားလျားကြီးချထားတဲ့မိန်းမတစ်ယောက်
ရွာလမ်းမပေါ်မှာ လမ်းလျှောက်နေတာကိုတွေ့ခဲ့တယ်တဲ့…”

“တစ်ရွာကအရူးမများရောက်လာတာလား”

“ဟဲ့အရူးမဆိုရင်တို့တွေလည်း​မြင်မှာပေါ့…
အခုဘယ်မှာလဲအဲ့အရူးမ….
သရဲမှသရဲပါဟယ်…”

“ကျုပ်ကတော့လူပဲထင်တယ်…”

“အမယ်လေး…ညည်းတို့ငြင်းမနေကြနဲ့တော့…
ဒီညထပ်လာရင်လူလားသရဲလားသိအောင်ထွက်သာကြည့်ကြ”

“ကျုပ်တော့မကြည့်ရဲပေါင်တော်…”

တစ်ရွာလုံးလည်း ညကအဖြစ်အပျက်ကိုလူနဲ့သရဲ
ငြင်းလို့မပြီးကြပေ။

ညသို့ရောက်တော့လည်းတော်တော်နှင့်အိပ်မပျော်ကြသေးပေ။
မီးများမှိတ်ထားကြပြီး လူများကအိပ်ရာအထက်သို့
ရောက်နေသည့်တိုင် မျက်လုံးများကတော့
အိပ်လို့မရဖြစ်နေကြသည်။
အချိန်ကလည်းတဖြေးဖြေးဖြင့်
ညသန်းခေါင်သို့ရောက်လာခဲ့သည်။
ရွာအပြင်ရှိခွေးများကလည်းစတင်အူနေကြပြီဖြစ်၏။
ခွေးအူသံများဆူညံလာတော့ ရွာသူ၊ရွာသားတို့မှာ
ထ၍ထိုင်နေကြပြီဖြစ်သည်။

“တောက်…”

ခွေးအူသံများကရွာလမ်းမအတိုင်း
ရောက်ရှိလာသောအခါ…

“တောက်ခေါက်သံကြီးတော်ကြားလား”

“ကြားပါတယ်ဟ…ကြည့်ရတာခွေးတွေက
သူ့နောက်ကိုလိုက်ပြီးအူနေပုံရတယ်…”

“ဟုတ်လောက်တယ်…
အခု…ကျုပ်တို့ဘာလုပ်ကြမှာတုန်း”

“နေပါဦး…ငါဘေးတဲကိုလှမ်းခေါ်ကြည့်ဦးမယ်…
ကိုသန်း…ဗျို့ကိုသန်း”

“ဟေ…”

“ကျုပ်တို့အပြင်ထွက်ကြမလား”

“အေး…ငါလည်းအဲ့လိုတွေးနေတာကွ…”

“လာဗျာ…လူလား…သရဲလား ထွက်ကြည့်ကြတာပေါ့”

ဘေးတဲအချင်းချင်းအသံလှမ်းပြုလိုက်ကြသည်။
သူတို့လည်းတုတ်များ…မီးအိမ်များကိုင်ပြီး
အပြင်ထွက်လာခဲ့ကြ၏။

“ဟိုမှာကွ…ခွေးတွေဝိုင်းနေတာ…”

“လာကွာ…တို့သွားကြမယ်”

မိန်းမ​ဖြစ်သူတွေကခြံဝိုင်းထဲမှလှမ်းကြည့်နေကြပြီး
ရွာသားနှစ်ယောက်ကတော့ ခွေးများရှိနေသောနေရာသို့
သွားကြတော့သည်။
ဆံပင်ဖျားလျားဖြင့်ခါးကြီးကိုထောက်ပြီး ကျောပေးကာရပ်နေသောအမျိုးသမီးကိုရွာသားနှစ်​ယောက်တွေ့လိုက်ကြသည်။

“ဟေ့ခွေးတွေ…ဖယ်ကြစမ်း”

ခွေးတွေကိုမောင်းထုတ်လိုက်တော့ ခွေးများကလည်း
ခပ်လှမ်းလှမ်းသို့ထွက်သွားကြ၏။

“ဟေ့…ဘယ်သူတုန်း…
ဒီဘက်ကိုလှည့်စမ်း…”

ဟုရွာသားတစ်ယောက်မှပြောလိုက်သည်။
သို့သော်မည်သည်မှမတုန့်ပြန်၍…

“ပြောနေတာမကြားဘူးလား…
နင်ဘယ်သူလဲ…ညကြီးအချိန်မတော်
ဘာထွက်လုပ်နေတာလဲ…”

ဟုထပ်မံကာမေးတော့ ဆံပင်ဖျားလျားဖြင့်အမျိုးသမီးမှ…

“ကိုယ်နဲ့မဆိုင်ရင်ဝင်နေကြစမ်း…”

ဟု…ဒေါသအသံဖြင့်ပြောလေသည်။

“အောင်မယ်…နင်ကများငါတို့ကိုပြောရဲတယ်…
ဒီကောင်မသေချင်နေပြီထင်တယ်…”

ဟုပြောသောအခါ…
အမျိုးသမီးသည် မျက်နှာကြီးလှည့်လာပြီး…

“ဘာ…သေချင်နေပြီဟုတ်လား…
ငါကသေပြီးပြီဟဲ့…”

ဟုအော်ကာပြောတော့…
ခန္ဓာကိုယ်ကမလှည့်ဘဲခေါင်းကြီးက
လှည့်လာတာကိုမြင်သော
ရွာသားနှစ်ယောက်မှာတုတ်များ…မီးအိမ်များပင်
ပြုတ်ကျကုန်ကြပြီး…

“အမယ်လေး…သ…သရဲကြီး…”

ဟုအော်ကာ နေရာမှာတင်လဲကျကုန်ကြသည်။
သတိမေ့မြောသွားသောရွာသားနှစ်ယောက်ကို
မျက်လုံးနီကြီးဖြင့်စိုက်ကြည့်ပြီး…

“တောက်…”တစ်ချက်ခေါက်၍
ရွာလမ်းအတိုင်းဆက်လျှောက်သွားခဲ့တော့သည်။

“ဝူးးးးးအူးးးးးးးးးအူ……..”

ခွေးများကလည်းထိုအမျိုးသမီးနှင့်
အတူလိုက်ပါသွားကြတော့၏။

“အမယ်လေး…လာကြပါဦးတော်…
ကျုပ်ယောက်ျားကိုခေါ်မရတော့လို့ပါ…”

“လာကြပါဦး……လာကြပါဦးတော်”

ခြံဝိုင်းထဲမှကြည့်နေကြသောရွာသူနှစ်ယောက်ကလည်း
တခြားလူများကြားစေရန်အော်ဟစ်ကုန်ကြတော့သည်။
တစ်ရွာလုံးလည်း ရောက်လာခဲ့ပြီး
သတိမေ့မြောနေသောရွာသားတွေဝိုင်းကူမလာကြတော့၏။

“တောက်…ငါ့ရွာကိုဘယ်ကသရဲရောက်လာတာလဲ”

“သူကြီး…ညက ကျုပ်တို့တွေ့တဲ့သရဲကလေ…
မ…မနှင်းဆီနဲ့တူတယ်ခင်ဗျ…”

“ဟ…ဟုတ်လို့လားကွာ…”

“ကျုပ်တို့ကိုခြော​က်လို့သာကြောက်ပြီး
သတိလစ်သွားတာ…
မနှင်းဆီမှမနှင်းဆီခင်ဗျ…”

ညကသရဲနှင့်တွေ့ခဲ့သောရွာသားနှစ်ယောက်က
ပြောနေတာဖြစ်၍ သူကြီးဦးဘိုးထင်မှာ
မယုံရခက်…ယုံရခက်ဖြစ်နေခဲ့သည်။

“မနှင်းဆီ…”

ထိုသတင်းက တစ်ရွာလုံးကိုပျံ့သွားခဲ့သည်။

“ဟဲ့…မနှင်းဆီကဘယ်ကနေဘယ်လိုသရဲဖြစ်နေတာလဲ…
မနှင်းဆီကပျောက်နေတာမဟုတ်ဖူးလား”

“အေးလေ…မနှင်းဆီလို့ပြောတာ…
ငါဖြင့်မယုံနိုင်ဘူးဟယ်…”

“ဟာ…ဖြစ်နိုင်တာပဲ…မနှင်းဆီကရွာကနေ
ရုတ်တရက်ပျောက်သွားတာပဲဟာ…”

ထိုသရဲကမနှင်းဆီဟု…ယုံကြည်သူများရှိသလို
မယုံကြည်သူများကလည်းရှိနေပြန်သည်။

ထိုကိစ္စသေချာသွားသည့်အကြောင်းမှာ…

“ဟဲ့…ရွာတောင်ပိုင်းက မိသေးလေးကို
သရဲဝင်ပူးနေလို့တဲ့…”

ရွာတောင်ပိုင်းမှမိသေးဟုခေါ်သော
ရှစ်နှစ်အရွယ်ကောင်မလေးသည်
. သရဲဝင်ပူးကပ်ခံထားရ၏။
သူ၏အနီးသို့လည်းမည်သူမှမကပ်စေရန်
ပစ္စည်းများကိုပေါက်ခွဲပြီး ဒေါသတကြီးရန်မူနေခဲ့သည်။
အတွေ့အကြုံရှိသော ရွာ၌အသက်ကြီးသူများက
မေးကြမြန်းကြလေတော့မှ…

“ငါ့နာမည်မနှင်းဆီ…
မနှင်းဆီတဲ့ဟဲ့…
ငါမကျေနပ်ဘူး…
ငါမကျေနပ်ဘူးဟဲ့”

“မနှင်းဆီဆိုတော့ မစံပယ်ရဲ့ညီမ
မနှင်းဆီများလား”

“ဟုတ်တယ်…ငါပဲ…”

“အလိုလေး…နှင်းဆီ…ညည်းဘယ်လိုဖြစ်ရတာလဲ
တူမကြီးရယ်…”

“ငါမကျေနပ်ဘူး…
ငါ့ကိုသတ်ခဲ့တဲ့အကောင်ကိုငါပြန်သတ်မယ်…
မဆိုင်ရင်ဝင်မပါကြနဲ့…
အေး…ဝင်ပါမိရင်လည်းနှင်းဆီဆိုတဲ့ငါက
ခွင့်လွှတ်ပေးမယ်မထင်လေနဲ့…
ဒင်းအသက်ကိုပြန်သတ်ရမှငါကျေနပ်မယ်…
သွေးကြွေးတောင်းဖို့နှင်းဆီလာမယ်ဟေ့…”

ဟု…ကလေးမလေးကအသံသြကြီး…
မျက်တောင့်နီကြီးဖြင့်ပြောလိုက်သည်။
ပြောလည်းပြီးသောအခါ…
ချက်ချင်းနေရာ၌လဲကျသွားခဲ့တော့သည်။

“မနှင်းဆီကတော့သူ့ကိုသတ်တဲ့လူကို
ပြန်သတ်မယ်လို့ပြောသွားတယ်…
နေစမ်းပါဦး ဒါဆိုရင်
မနှင်းဆီကရွာကနေပျောက်သွားတာ
မဟုတ်ဘဲအသတ်ခံရတာပေါ့…
ဘုရား…ဘုရား…ဘုရား…မနှင်းဆီဘယ်လိုတွေများ
ကြုံခဲ့ရရှာတာလဲ”

“ဟုတ်ပ…ကျုပ်ဖြင့်အတော်လေးအံ့သြမိပါရဲ့တော်…”

မနှင်းဆီကသွေးကြွေးတောင်း
မည်ဟုပြော၍အတော်လေးအံ့သြနေကြသည်။

ထန်းစုရွာသူကြီးဦးဘိုးထင်ပြောသမျှကိုဘွားမယ်စိန်တို့
နားထောင်ပြီးချိန်မှာ…

“ဒီလိုဆိုရင် ဒီသရဲမနာမည်ကမနှင်းဆီပေါ့…
မနှင်းဆီဆိုတာအရင်ကမောင်ရင်တို့ရွာသူပေါ့လေ…”

“ဟုတ်ပါတယ်ကျုပ်တို့ရွာသူပါပဲ”

“အေး…ဒါဆိုရင်သူ့အကြောင်းလေးလည်း
ပြောဦးမှပေါ့ကွယ် …”

“ဟုတ်ကဲ့ကျုပ်ပြောပြပါ့မယ်…”

သူကြီးဦးဘိုးထင်က မနှင်းဆီအကြောင်းကို
ပြောပြလေတော့သည်။

သူ၏အမည်ကိုမနှင်းဆီဟုခေါ်ကြသည်။
မနှင်းဆီ၌မိဘများကမရှိရှာတော့ဘဲအစ်မဖြစ်သူ
မစံပယ်တို့လင်မယားနှင့်အတူတူနေထိုင်ရရှာသည်။
မနှင်းဆီသည်နှင်းဆီပန်းလေးကဲ့သို့လှပသူဖြစ်၏။
လယ်တောဆင်းချိန်ဆင်း…
ကောက်စိုက်ချိန်ကောက်စိုက်…
ပဲနုတ်ချိန်ပဲနုတ်အလုပ်များကိုတောသူတောင်သားတို့၏
သဘာဝအတိုင်းလုပ်ကိုင်နေသူမလို့
ခန္ဓာကိုယ်မှာလည်းတောင့်တင်းသန်မာလှသူဖြစ်သည်။
ထိုသို့လှပသောမနှင်း​ဆီအား…

“နှင်းဆီ…နှင်းဆီအချစ်ကိုရဖို့လေ
အချိန်တွေဘယ်လောက်ကြာကြာ
ကိုမောင်လှစောင့်နိုင်ပါတယ်ကွယ်…”

ဟုပြောကြသလို…တချို့ကလည်း

“အစ်မနှင်းဆီ…
အစ်မနှင်းဆီနံဘေးမှာ ကျုပ်လိုကောင်တွေ
ဝိုင်းဝိုင်းလည်နေတာသိပါတယ်…
ဒါပေမယ့်အစ်မနှင်းဆီအတွက်ဆို
ကျုပ်အချစ်ကသူများထက်ထူးပါတယ်အစ်မနှင်းဆီ…”

ဟု…ပြောကြသဖြင့်မနှင်းဆီ၏နံဘေး၌
ချစ်ခင်သူများဝိုင်းဝိုင်းလည်နေခဲ့ရှာသည်။

သို့သော်မနှင်းဆီ ကအချစ်ရေးကိုမစဥ်းစားသေးပေ။
မနှင်းဆီ၌အကျင့်တစ်ခုရှိသေးသည်။
ထိုအကျင့်ကမဟုတ်မခံစိတ်ဖြစ်၏။
နှင်းဆီပန်းတို့သဘာဝလှယုံတင်မက…
ဆူးများကလည်းဝန်းရံလို့ထားရှာသည်။

“ဟဲ့ကောင်မစံပယ်…
ငါ့ကိုပိုက်ဆံပေးစမ်း”

“ကျုပ်မှာဘယ်ကပိုက်ဆံရှိမှာလဲကိုသံခဲရဲ့…
တော်ကျုပ်ကိုဘယ်တုန်းကများပိုက်ဆံအပ်ဖူးလို့လဲ”

“အေး…မအပ်ဖူးဘူး…
ဒါပေမယ့်နင့်မိဘတွေချန်ခဲ့တဲ့လယ်တွေယာတွေ
ရှိတယ်မဟုတ်လား..အဲ့ထဲကရောင်းပြီးငါ့ကိုပေးစမ်းဟာ…”

ဟု…သံခဲကပြောတော့ မနှင်းဆီသည်
ထမိန်ကိုခပ်တိုတိုပြင်ဝတ်ပြီး…

“ဟဲ့အကောင်သံခဲ…
ငါတို့မိဘအမွေကငါတို့ညီအစ်မနဲ့ပဲဆိုင်တယ်…
ကိုယ်ဖြင့်စောက်လုပ်စောက်ကိုင်မရှိဘူး…
ပိုက်ဆံကသုံးချင်ရတယ်လို့…
နင့်မှာအရှက်ကောရှိရဲ့လား”

ဟု…ဒေါသတကြီးဖြင့်ပြောလိုက်တော့သံခဲသည်
မနှင်းဆီကို စားတော့ဝါးတော့မတတ်စိုက်ကြည့်ပြီး…

“ငါကနင့်အစ်မယောကျာ်း…
ငါ့ကိုနင်ဘယ်လိုလေသံနဲ့လာပြောနေတာလဲနှင်းဆီ”

ဟုပြောလေတော့မနှင်းဆီကရယ်​လေသည်။

“ဟင်း…နင့်လိုအကောင်ကိုယူထားတဲ့ငါ့အစ်မကတော့
ငါ့သွေးသားမို့ငါတင်ကျွေးထားနိုင်တယ်….
ငါ့လယ်မှာငါရုန်းလို့စားရတဲ့ထမင်းကိုနင်မြိုပြီး
နင့်ကိုလေးစားရအောင်…ဟဲ့သံခဲနင်ကဘာကောင်မလို့လဲ”

ဟု…မနှင်းဆီက ဆတ်ဆတ်ထိမခံပြောလေတော့
အနာကိုဆားနှင့်အပက်ခံရသလိုသံခဲမှာဒေါသထွက်နေခဲ့သည်။
ယောကျာ်းနဲ့ညီမကြားရှိနေသော မစံပယ်ကပင်…

“နှင်းဆီရယ်…စိတ်လျော့ပါဟယ်…
သူကငါ့ကိုပြောတာပါနင့်ကိုမပြောပါဘူးဟယ်…”

“အေး…ပြောလို့ရရင်ပြောကြည့်လေ…
ဒင်းငါ့အ​ကြောင်းသိသွားမယ်…”

“နှင်းဆီ…နင်တော့လား…
အေး သံခဲဘာကောင်လဲဆိုတာနင်တစ်နေ့သိစေရမယ်”

သံခဲကထိုသို့ကြိမ်းဝါးပြီးထွက်သွားတော့သည်။
မစံပယ်တစ်ယောက်ကတော့
စိတ်ပျက်လက်ပျက်ဖြစ်လို့​နေရှာ၏။

မနှင်းဆီ၏အဒေါ်များကလည်း…

“နှင်းဆီသူများလင်မယားကြားဝင်မပါနဲ့ငါ့တူမရဲ့”

“ကျုပ်ကဝင်ပါတာမဟုတ်ပါဘူးကြီးတော်ရာ…
ဒင်းကထမင်းအေးအေးမစားဘဲ..
ကျုပ်တို့မိဘအမွေကိုလာထိချင်နေတာ…
ဒါကိုကျုပ်က ကျုပ်အစ်မလို
ခပ်တုံးတုံးခပ်အအနေပေးရမှာလား…”

“ညည်းလည်းအေ…
ညည်းတို့ညီအစ်မစည်းလုံးရင်
ဒီအကောင်ဘာလုပ်နိုင်မှာတုန်း…
ကိုယ်ကမိန်းကလေးအေ့…
ဒင်းကလူဆိုးလူမိုက်…တော်နေ
ညည်းတစ်ခုခုဖြစ်မှာစိုးလို့ပါအေ”

“စိတ်ချကြီးတော်…
ကျုပ်လိုကောင်မကဘယ်တော့မှသွေးမနည်းဘူး…
ဖြစ်လာရင်သူသေကိုယ်သေပဲ”

အဒေါ်ဖြစ်သူတွေကလည်းမနှင်းဆီကို
ဘယ်လိုမှပြော၍မရ။
သံခဲဆိုတာရွာတကာလှည့်အရက်သောက်…
ဖဲရိုက်…ကြက်တိုက်တတ်သော လူဆိုးလူမိုက်ပင်။
သံခဲကအပေါင်းအသင်းစုံ၏။
စုံဆိုလျှင်သူပေါင်းသမျှက သူနှင့်စိတ်တူကိုယ်တူ
လူဆိုးလူမိုက်များပဲဖြစ်သည်။

တစ်နေ့၌…

“အစ်မကျုပ်ရွာအနောက်ပိုင်းမှာ
ကင်ပွန်းချဥ်ရွက်သွားခူးဦးမယ်…
ကင်ပွန်းချဥ်ကိုငရုပ်သီးနဲ့စပ်စပ်​လေး
ကြော်စားချင်နေလို့အေ…”

“ငါကောအတူလိုက်ခဲ့မယ်လေ…
တော်နေဆိုရင်မှောင်တော့မှာ နှင်းဆီရဲ့…”

“နေ…နေ…မလိုက်ခဲ့နဲ့တစ်ခါစားပဲခူးပြီး
ကျုပ်ပြန်လာမှာပါအစ်မရယ်…”

မစံပယ်က မနှင်းဆီကိုစိတ်မချဖြစ်နေသည်။
မနှင်းဆီကတော့ မစံပယ်ကိုကျောပေးပြီး
ထွက်သွားတော့၏။

ထိုနေ့ကမနှင်းဆီမှာမိုးချုပ်သော်လည်းအိမ်သို့ပြန်
ရောက်မလာခဲ့ပေ။
မစံပယ်မှာလည်းညီမဖြစ်သူအတွက်
စိတ်ပူပြီးရွာသူကြီးကိုအကြောင်းကြားရ၏။
ထိုအခါရွာသူကြီးနှင့်ရွာသားတွေခမျာ မနှင်းဆီကို
လိုက်လံရှာဖွေကြတော့သည်။
သို့သော်မနှင်းဆီကအစအနပျောက်လို့နေရှာသည်။

ရွာသူကြီးဦးဘိုးထင်ပြောပြတာကိုနားတောင်ပြီး
ဘွားမယ်စိန်တွေးနေခဲ့သည်။
ခဏကြာလေတော့…

“အခုရွာထဲဝင်နေတဲ့သရဲကလည်းမနှင်းဆီ….
ရွာကပျော​က်သွားတာလည်းမနှင်းဆီဆိုတော့
အင်း…မနှင်းဆီရွာကပျောက်သွားတာအကြောင်းအရင်းတစ်ခုခုရှိနေခဲ့ပြီပေါ့”

“မနှင်းဆီကသွေးကြွေးတောင်းမယ်ကြီးပဲပြောနေတာခင်ဗျ…
ညတိုင်းလိုလိုလည်းရွာထဲမှာလမ်းလျှောက်နေတာ…
ကျုပ်တို့လည်းဒီကိစ္စကြီးကြောင့်အိပ်ကောင်းခြင်း
မအိပ်ရပါဘူးဗျာ…”

ဟု…သူကြီးဦးဘိုးထင်ကပြောတော့ဘွားမယ်စိန်
ခေါင်းညိတ်၍…

“ဒီလိုဆိုရင် မနှင်းဆီရွာကပျောက်တာ
ဘယ်လောက်ကြာသွားပြီလဲကောမှတ်မိလား
မောင်ဘိုးထင်…”

“မနှင်းဆီပျောက်တာ
တစ်လကျော်နှစ်လလောက်ပဲ ရှိသေးတယ်ဗျ”

“ဒီဝိညာဥ်ကတစ်ခုခုကိုမကျေနပ်ပြီး
ပြန်လက်တုံ့ပြန်ချင်နေပြီထင်တယ်ကွဲ့…
အငြိုးကြီးနေပုံထောက်ရင်
မောင်ရင်တို့ရွာမှာအမှားလုပ်ထားသူရှိနေပုံရတယ်”

“ကျုပ်လည်းဘယ်လိုဖြေရှင်းရမလဲမသိပါဘူးအမေကြီးရယ်…
ရွာထိခိုက်မှာဆိုးတာနဲ့အမေ​ကြီးဆီအပြေးလာခဲဲ့ကြတာပါ…”

“အေးလေ…အချိန်ဆွဲလို့လည်းအဆင်မပြေလောက်ဘူး…
မောင်ရင်တို့ရွာကိုဘွားတို့လိုက်ခဲ့ပါ့မယ်…
ညနေ…နေအေးတာနဲ့သွားကြတာပေါ့”

“ဝမ်းသာလိုက်တာဗျာ…
အမေကြီးလိုက်လာမယ်ဆိုတော့ကျုပ်တို့အတွက်
အတော်လေးအဆင်ပြေတာပေါ့ဗျာ…”

“အေးကွယ်…”

ဘွားမယ်စိန်တို့လည်း သူကြီးဦးဘိုးထင်တို့ရွာဆီကို
ညနေနေအေးသည်နှင့်လိုက်လာခဲ့ကြတော့သည်။
နွားလှည်းနှစ်စီးရှေ့နောက်မောင်းရင်းထန်းစုရွာသို့
ရောက်လာခဲ့ကြ၏။
ရောက်လာသည့်အချိန်ကလည်းမိုးချုပ်နေလေပြီ
ရွာသူကြီးဦးဘိုးထင်တို့နွားလှည်းအိမ်ရှေ့ရပ်လိုက်သည်နှင့်…

“သူကြီး…သူကြီး…”

ဟုအော်ကာအပြေးလာသောရွာသားများအုပ်စု…။

“ဟေ့ကောင်တွေဘာဖြစ်လာကြတာလဲ…”

“သံခဲ…သံခဲတို့အုပ်စု…အောက်လမ်းဆရာခေါ်လာပြီး
သရဲနှိမ်နင်းမလို့တဲ့…”

“ဟေ…ဒီကောင်တွေဘာတွေလျှောက်လုပ်နေကြတာလဲ…”

“အခုရွာအနောက်ပိုင်းမှာ လူတွေစုနေကြပြီဗျ…
လာပါသူကြီး…သူကြီးလိုက်တားမှဖြစ်မှာဗျ…”

ရွာသားတွေကသံခဲတို့လိုလူဆိုး…လူမိုက်တွေကို
မပြောရဲကြ၍သူကြီးပြန်လာသည်အထိစောင့်နေပုံရကြသည်။
သံခဲကလည်းအောက်လမ်းဆရာခေါ်ပြီး
သရဲမ မနှင်းဆီကိုရှင်းပစ်ဖို့လုပ်နေခဲ့၏။

“အမေကြီး…ကျုပ်တို့သွားမှဖြစ်မယ်ဗျ…
ဒီကောင်တွေအမှားလုပ်ရင်ကျုပ်တို့ရွာကို
လာထိမှာစိုးရတယ်ဗျ”

“အေးလေ…သွားကြတာပေါ့”

ရွာသူကြီးဦးဘိုးထင်တို့နှင့်အတူဘွားမယ်စိန်တို့လည်း
လိုက်လာခဲ့ကြသည်။
ရွာအနောက်ဘက်ရှိမြေကွက်လပ်တွင် မီးတုတ်များလင်းနေအောင်ထွန်းထားပြီး အစီအရင်များစီရင်နေကြသော
လူတစ်စုကိုတွေ့လိုက်ရ၏။
ထိုလူစုနံဘေးတွင်မည်သူမှရှိမနေပေ။
တစ်ရွာလုံးလည်းကြောက်၍အိမ်ထဲ၌သာ​နေကြပုံရ၏။

“ဟေ့…သံခဲ…မင်းဒါဘာလုပ်တာလဲကွ…”

သူကြီးဦးဘိုးထင်က သံခဲကိုမေးလိုက်သည်။

“သူကြီး ကျုပ်ကဒီရွာအတွက်လုပ်ပေးနေတာ…
ခင်ဗျားဘာမှမလုပ်ပေးနိုင်ရင်ဒီတိုင်း​ပဲ ကြည့်နေ”

“ဟေ့ကောင်မင်း…”

သူကြီးဦးဘိုးထင်ကစိတ်တိုသွားသည်။
သို့သော်ဘွားမယ်စိန်ကသူကြီးဦးဘိုးထင်၏ပုခုံးကိုကိုင်၍…

“မောင်ရင်အသာနေ…သူတို့အလုပ်သူတို့ဆက်လုပ်ပါစေ…
ဘွားတို့ဒီတိုင်းကြည့်ကြတာပေါ့”

ဟုပြောသောအခါ…

“ဒါပေမယ့်” ဟုသူကြီးဦးဘိုးထင်ကပြောတော့
ဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်ပြလိုက်သောအခါ
ဆက်၍မပြောသာတော့ဘဲမလှမ်းမကမ်းမှကြည့်​နေကြရတော့၏။
သံခဲကတော့သူကြီးမတားနိုင်ဟုထင်ပြီး
မချိုမချဥ်မျက်နှာဘေးဖြင့် သူ၏
အောက်လမ်းဆရာကိုဆက်၍လုပ်စေသည်။
အောက်လမ်းဆရာကစတင်၍…

“အောင်းးး…နှင်းဆီဆိုတဲ့သရဲမ…
ငါဆရာအမိန့်နဲ့ရောက်တဲ့နေရာကနေလာခဲ့စမ်း…”

ဟုအသံကြီးဖြင့်အော်ကာခေါ်နေသည်။
သူ၏လက်အတွင်း၌လည်း အရိုးခေါင်းတစ်ခုကိုကိုင်လို့ထားသေး၏။

“ဟာ…ဟိုမှာ…”

“တကယ်ရောက်လာတာဟ”

အောက်လမ်းဆရာ၏ရှေ့မှောက်၌ဒူးထောက်ရောက်လာသော
သရဲမမနှင်းဆီကိုမြင်တော့အားလုံးအံ့သြကုန်ကြသည်။
ဒူးထောက်အနေအထားထိုင်နေပါသော်လည်း
မနှင်းဆီမျက်လုံးများကဒေါသများထွက်နေဟန်ရှိသည်။

“ဟဲ့သရဲမ…ငါ့ကိုအာခံမယ်မကျန်နဲ့….
နင့်ဦးခေါင်းငါ့ဆီမှာရှိတယ်…
ငါ့ကိုအာခံရင်နင့်ထိုက်နဲ့နင်ပဲ…”

“အေးပေါ့လေ…နင်တို့က
ငါ့ကိုအနိုင်ယူထားကြတော့
နင်တို့ပြောသလိုပေါ့….
ကံမြင့်နေတုန်းလုပ်ထားကြဦးပေါ့”

“အောင်မယ်…ငါ့ကိုများ…
လာစမ်းဟဲ့…”

အောက်လမ်းဆရာကဂါထာများရွတ်ပြီး
ဦးခေါင်းခွံကြီးကိုဓားအသေးလေးဖြင့်ပေါက်ပေါက်ချနေသည်။

မနှင်းဆီခမျာ….

“အားးးးး….အမယ်​လေး….အမယ်လေး…နာလှချည်ရဲ့….
အမယလွေးးးးးးးးးးး”

ဟုအော်ကာမြေကြီးပေါ်၌လူးလှိမ့်နေရှာသည်။

အတော်လေးကြာမှဂါထာရွှတ်တာကိုရပ်ပြီး…

“မှတ်ပြီလားသရဲမ…
နင်လိုကောင်မငါ့လက်အောက်မှာ
ငါခိုင်းတာလုပ်ရမယ်ဆိုတာမှတ်ထား…
အေး…အာခံရင်လည်း
နင်နာမယ်ဆိုတာမမေ့နဲ့ဟဲ့…”

မနှင်းဆီမှာအစွယ်ကျိုးသောမြွေဟောက်ပမာ…
ငြိမ်၍နေရှာသည်။

ထိုစဥ်မောင်တိုးကဘွားမယ်စိန်အနီးကိုကပ်၍…

“ဘွားတစ်ခုခုတော့မှားနေပြီထင်တယ်ဗျ…
ဒီကောင်တွေကြည့်ရတာမနှင်းဆီကိုအနိုင်ကျင့်နေပုံရတယ်”

ဟုပြောတော့ဘွားမယ်စိန်ကခေါင်းကိုညိတ်ပြီး…

“ဘွားသိတယ်…”

ဟုပြောလိုက်သည်။

“ကဲ…အားလုံးပြန်လို့ရပါပြီ…
ဒီသရဲမ နောက်ကိုကျုပ်တို့ရွာထဲ
မဝင်နိုင်တော့ပါဘူးဗျာ…
ကျုပ်ဆရာရဲ့ပညာအောက်မှာ
ဒူးထောက်ခစားနေရပြီဆိုတာ ခင်ဗျားတို့မျက်မြင်ပဲလေ”

ဟု…သံခဲက ဝမ်းသာအားရပြောလိုက်၏။
သံခဲကိုကြည့်၍မနှင်းဆီသည်…

“သံခဲ…နင့်အမှီကောင်းလို့လွှတ်တယ်မှတ်ပါ…
ငါ့ကိုသတ်ခဲ့တဲ့နင့်ကိုမရရအောင်ငါပြန်သတ်မယ်သံခဲ…
နင့်ကိုငါရအောင်သတ်မယ်…”

ဟု…မနှင်းဆီကအံကြီးကိုကြိတ်၍သံခဲကိုပြောလိုက်သည်။
မနှင်းဆီ၏အကြည့်ကြီးကိုသံခဲကြောက်သွားပြီး…

“ဆရာ…ဆရာလုပ်ပါဦးဒီကောင်မကို”

ဟုပြောလိုက်တော့ အောက်လမ်းဆရာက
ဦးခေါင်းခွံကြီးကိုပြန်ကောက်၍ ဂါထာရွတ်မယ်ပြင်နေစဥ်…

“လာစမ်းဟဲ့…”

“ဒုတ်…”

“ဟာ…”

ဘွားမယ်စိန်ကပြောလည်းပြောတောင်ဝှေးကိုလည်းမြေပေါ်ဆောင့်ချလိုက်တော့ အောက်လမ်းဆရာ၏လက်အတွင်း၌
ရှိနေသော ဦးခေါင်းခွံသည်ဘွားမယ်စိန်လက်ထဲသို့
လှစ်ခနဲရောက်ရှိလာခဲ့တော့သည်။
အောက်လမ်းဆရာနှင့်သံခဲတို့အံ့သြနေကြစဥ်
မနှင်းဆီသည်နှုတ်ခမ်း၌အပြုံးကြီးတစ်ပွင့်ဖြင့်…

“ဟင်း…ဟင်း….ဟင်းး….
တွေ့ကြပြီပေါ့…”

ဟုပြောကာ အောက်လမ်းဆရာ၏လည်ပင်းကိုဆွဲညှစ်တော့သည်။
မနှင်းဆီ၏လက်ချက်ကြောင့်အောက်လမ်းဆရာသည်
မြေပြင်မှတစ်ပေခန့်မြင့်သောလေထဲတွင်
​ခြေထောက်ကိုယက်ကန်ယက်ကန်ဖြင့်မျက်လုံးကြီးအပြူးသား
ဖြစ်နေခဲ့လေသည်။
သံခဲသည်လည်းဒူးများပင်တုန်ရီနေပြီး
ပြေး၍မရဖြစ်နေရှာသည်။
သူ့အပေါင်းအပါများကတော့ထွက်​ပြေးကုန်ကြလေပြီ။

အောက်လမ်းဆရာသည်မနှင်းဆီလက်ချက်ဖြင့်
ဇတ်ကျိုးသွားလေတော့ မနှင်းဆီကမြေပေါ်သို့ပစ်ချပြီး…

“သံခဲ…နင်ငါ့ခေါင်းကိုရိုက်ပြီးငါ့ကိုလူမသိသူမသိ
သတ်ခဲ့တုန်းက နင်အတော်ပျော်နေတယ်မဟုတ်လား…
အခုနင့်အလှည့်…သေပေတော့…”

“အမယ်လေး…ကယ်ကြပါဦးဗျ…
အ….အစ်…”

မနှင်းဆီက ကြောက်မက်ဖွယ်အပြုံးကြီးဖြင့်
သံခဲ၏လည်ပင်းကိုလက်ဖြင့်အသကုန်ဆွဲညှစ်ထားတော့သည်။
သံခဲလည်းသူ့ဆရာ…အောက်လမ်းဆရာနည်းတူ
လေပေါ်၌ခြေထောက်လေးယက်ကန်ယက်ကန်ဖြစ်လို့နေခဲ့၏။

“အ….”

အသက်ထွက်ဖို့နည်းနည်းသာလိုတော့ချိန်…

“ဒုတ်”

“ဘုန်း”

ဘွားမယ်စိန်ကတောင်ဝှေးကိုဆောင့်ချလိုက်တော့
သံခဲတစ်ယောက်မြေပေါ်သို့ဘုန်းခနဲပြုတ်ကျလာခဲ့သည်။
မနှင်းဆီကတော့ဘွားမယ်စိန်ကိုမကျေမနပ်ကြည့်နေလေသည်။

“နှင်းဆီ…ညည်းသွေးကြွေးဆပ်ချင်နေတာ
ဘွားသိပါတယ်…ဒါပေမယ့်စောစောက
အောက်လမ်းဆရာကလူတွေရဲ့အသက်…
အပြစ်မဲ့သူတွေရဲ့အသက်ကို
ဒုက္ခပေးလာတဲ့အကောင်မလို့ဘွားက မတားခဲ့တာပါ…
ဒီအကောင်ကိုတော့ သူ့ရဲ့အပြစ်ကိုရွာသူကြီး
ကိုယ်တိုင်အပြစ်ပေးပါစေအေ…”

ဟုပြောလေတော့…

“ဒင်းက ကျုပ်အသက်ကိုသတ်ခဲ့တာ…
ဒင်းကြောင့်ကျူပ်တို့ညီအစ်မဒုက္ခရောက်ကြရတာ…
ဒင်းကိုကျုပ်သတ်မှရမယ်… “

ဟုဒေါသတကြီးပြောလေတော့…

“နှင်းဆီ…ညည်းစိတ်တွေကြမ်းနေပြီ…
ညည်းဟာသရဲဆိုးတစ်ကောင်ဖြစ်တော့မယ်အေ့…
အဲ့သည်လိုသာဖြစ်ရင်ညည်းဘဝကကျွတ်ဖို့
လမ်းမမြင်တော့ဘူးနှင်းဆီ…”

“ဒါပေမယ့်…”

“ဘွားပြောတာကိုနားထောင်ပါအေ…
ညည်းအသက်ကိုသတ်ခဲ့တဲ့အကောင်ကို
ဘွားတို့အပြစ်ပေးမှာပါ…
ဒါကြောင့်ညည်းဆက်ပြီးမသတ်ပါနဲ့တော့”

“ဟုတ်ပါတယ်နှင်းဆီ…
ငါကိုယ်တိုင်ဒီကောင်ကိုမြို့ဂတ်အပ်မှာပါ…
ဒီကောင်ပြေးမလွတ်တော့ပါဘူးဟာ…”

ရွာသူကြီးဦးဘိုးထင်တို့ကပါဝင်ပြောတော့မှ
မနှင်းဆီစိတ်ကိုလျော့ချလိုက်ပုံရ၏။

“ကျုပ်အရိုးတွေကိုမီးရှို့ပေးပါ…
အစ်မကိုလည်းပြောပေးပါ…
စိတ်ချမ်းသာအောင်နေပါလို့…
ကျုပ်အတွက်လည်း
အမျှအတန်းပေးဝေပေးပါလို့လည်း
ပြောဖြစ်အောင်ပြောပေးပါ…”

“စိတ်ချ…ညည်းပြောတာတွေပြောပေးပါ့မယ်…”

မနှင်းဆီသည်အမှောင်ထဲသို့
တရွေ့ရွေ့လျှောက်သွားရင်း
ပျောက်ကွယ်သွားတော့သည်။

ရွာသူကြီးတို့ကတော့သံခဲကိုဝိုင်းထားပြီး…

“ဟေ့ကောင်သံခဲ…မင်းဘာကြောင့်
မနှင်းဆီကိုသတ်ခဲ့တာလည်း…ပြောစမ်း…”

“ကျုပ်…ကျုပ်သူတို့ပိုင်သမျှကိုရချင်လို့ပါ…”

“ခွေးသတောင်းစားခွေးကျင့်ခွေးကြံနဲ့”

ဟုပြောရင်းသံခဲကိုဝိုင်းရိုက်ကြတော့သည်။
သံခဲခမျာလည်းသွေးများတရဲရဲဖြင့်
ဒဏ်ရာများဗလပွဖြစ်ကုန်တော့သည်။

“ခွေးကောင်မနှင်းဆီအလောင်းကို
မင်းဘယ်မှာမြုပ်ထားတာလဲ”

“ဟို…ကင်ပွန်းခြုံတွေရဲ့အရှေ့ဘက်မှာပါ…”

“လာ…အခုလိုက်ပြ”

ရွာသူကြီးကသံခဲကိုဂုတ်မှဆွဲခေါ်၍
မနှင်းဆီအလောင်း
မြုပ်ထားတာကိုပြစေသည်။
သံခဲပြသောနေရာကိုရောက်တော့
ရွာသားတွေကိုတူးခိုင်းတော့၏။
မနှင်းဆီ၏အလောင်းကိုတွေ့လေတော့…

“ကဲ…သူ့အစ်မကိုအကျိုးအကြောင်းပြောပြီး
သွားခေါ်ကြကွဲ့…”

ဟုဘွားမယ်စိန်ကမစံပယ်ကိုခေါ်ခိုင်းသည်။
မစံပယ်ရောက်လာချိန်မှာတော့မစံပယ်သည်
ညီမဖြစ်သူအလောင်းကိုကြည့်၍..

“နှင်းဆီရယ်…ငါ့အမှားပါ…ငါ့ကိုခွင့်လွှတ်ပါနှင်းဆီရယ်”

ဟုတတွတ်တွတ်ပြောပြီငိုရှာသည်။

“အလောင်းကိုမီးရှို့မယ်…”

ဘွားမယ်စိန်ကမနှင်းဆီအလောင်းကိုမီးရှို့ခိုင်းသည်။
သံခဲကိုတော့ရွာသားတွေကကြိုးတုပ်ပြီးခေါ်သွားတော့၏။
မနှင်းဆီအတွက်လည်းကုသိုလ်ကောင်းမှုများလုပ်ပေးဖို့နှင့်
မနှင်းဆီမှာကြားသည်များကိုမစံပယ်ကို
ဘွားမယ်စိန်ကပြောပြပေးသည်။
မစံပယ်မှာလည်းမျက်ရည်များဖြင့်ခေါင်းညိတ်ရှာသည်။
တစ်ရွာလုံးလည်းမိုးလင်းသည်အထိမအိပ်နိုင်ကြဘဲ
သတင်းကိုနားစွင့်နေကြသည်။
ဘွားမယ်စိန်တို့ရွာထဲပြန်ဝင်လာလေမှအ​ကြောင်းစုံသိကြ၍
မနှင်းဆီအတွက်စိတ်မကောင်းဖြစ်နေကြရှာသည်။
သံခဲကိုတော့မိုးလင်းသည်နှင့်မြို့ဂတ်သို့ပို့လိုက်ကြသည်။
ထန်းစုတစ်ရွာလုံးလည်းမနှင်းဆီ၏အကြောင်းများကို
ပြောလို့မဆုံးဖြစ်နေကြရှာ၏။
မစံပယ်ခမျာလည်းညီမဖြစ်သူအတွက်
အလှူအတန်းလုပ်ဖို့ရန်ပြင်ဆင်နေရှာသည်။
မနှင်းဆီကလည်းထိုနေ့မှစ၍ရွာထဲသို့ဝင်မလာတော့ပေ။
ဘွားမယ်စိန်တို့လည်းနှစ်ရက်မျှနေပြီးနောက်
မိမိတို့ရွာသို့ပြန်သွားကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)