“သွေးစုပ်ကောင်” (စ/ဆုံး)
~~~~~~~~~~~~
မူရင်းရေးသားသူ – ဆရာတာတေ
အဲဒီနေ့က ကျုပ်တို့အညာမှာ နေကြတ်တဲ့နေ့ဗျ။ထူးတော့ ထူးတယ်ဗျို့။
ခင်ဗျားတို့ ကျုပ်တို့တွေ နေကြတ်တဲ့အချိန် ဟာ ဆယ်မိနစ် ဆယ့်ငါးမိနစ်ပေါ့။
ဒီတစ်ခါ နေကြတ်တာက နာရီနဲ့ချီပြီး ကြာ
တာဗျ။ ကျုပ်စိတ်ထင်တော့ သုံးနာရီလောက်ကိုကြာတာဗျ။
ခင်ဗျားလည်း သိပါတယ်၊ နေကြတ်တဲ့အချိန်
မှာ မျက်စိအတိုင်း မကြည့်ရဘူးလေဗျာ၊ နေ
ကာမျက်မှန်တွေ ဘာတွေ တပ်ပြီးမှ ကြည့်ရတာဗျ။
ကျုပ်တို့ကတော့ နေကာမျက်မှန် မလို
ပါဘူးဗျာ။ မှန်ကွဲကလေးကို ယူပြီး ရေနံဆီမီး
ခွက်ထွန်း၊ မှန်မှာ မှိုင်းခံလိုက်တယ်။
ပြီးတော့အဲဒီမှန်ချပ်ကလေး မျက်စိရှေ့မှာ ထားပြီးကြည့်ရင်
နေလုံးက နီနီလေးဗျ။
မျက်စိမစူးတော့ဘူး။ တချို့ကတော့ ဓါတ်ပုံ
ရိုက်တဲ့ ဖလင်ချပ်အဟောင်းကို ခေါက်ပြီးမျက်စိရှေ့က
ခံကြည့်ကြတယ်။
ကျုပ်တို့တောမှာက ဓါတ်ပုံ ဖလင် ဘယ်မှာ
ရှိမှာတုံးဗျာ။ မှန်ကွဲလေးတွေကိုပဲ မှိုင်းခံပြီးကြည့်ကြရတာပေါ့။
လူကြီးတွေလည်း အံ့သြကြတာဗျ။ ကျုပ်တို့တစ်သက်မပြောနဲ့၊ သူတို့
တစ်သက်မှာတောင် နေ ဒီလောက်အကြာကြီးကြတ်တာ
မမြင်ဖူးကြဘူးလို့ ပြောကြတယ်။
သုံးနာရီလောက် ကြာသွားတော့မှ နေလုံးကြီး
တဖြည်းဖြည်း ပြန်ပေါ်လာတာဗျ။ နေကြတ်
တာကလည်း တပေါင်းလကြီးဗျ။အချိန်က နေ့
လယ်(၁)နာရီလောက်မှာ စကြတ်တာ။အပူဆုံး အချိန်ပေါ့ဗျာ။
အဲဒီညမှာ တော်တော်တော့ စိတ်ဝင်စားစရာ
ကောင်းတယ်ဗျို့။ဟိုဝိုင်း ဒီဝိုင်းတွေမှာ လူကြီး
တွေ စုပြီး အကြမ်းသောက်ရင်း နေကြတ်တဲ့
အကြောင်း ပြောကြ ဆိုကြပေါ့ဗျာ။ သူတို့ ကြုံ
ခဲ့ဖူးတဲ့ နေကြတ်တဲ့ အဖြစ်အပျက်တွေ နေ
ကြတ်တဲ့ အတိတ်နိမိတ်တွေ ပြောကြဆိုကြ။
တချို့လည်း ရှေ့ခေတ်က တဘောင်တွေ ရွတ်
ကြပေါ့ဗျာ။ တချို့ကလည်း အယူတော်မင်္ဂလာ
ပညာအကြောင်း ပြောကြသဗျ။ အယူတော် မ
င်္ဂလာဦးနိုး ဆိုတဲ့ ပညာရှိကြီးအကြောင်း အာ
ဘောင်အာရင်းသန်သန်နဲ့ ချီးမွမ်းသမှုပြုကြ။
အဲဒီညက ကျုပ်တို့တစ်ရွာလုံး တော်တော်နဲ့ကို
မအိပ်ကြဘူးဗျာ။ ရွာလယ်လမ်းက ကုန်ခြောက်
ဆိုင်ဆိုတာ လက်ဖက်နဲ့ အကြော်ရောင်းလိုက်
ရတာ လက်ကို မလည်အောင်ပဲတဲ့ဗျို့။
နောက်တစ်နေ့ကျတော့ နေလုံးကြီးက ပုံမှန်
ပဲ ထွက်လာပြီး ပုံမှန်ပဲ ပူပြင်းပြီး ပုံမှန်ပဲ ဝင်
သွားတာပါပဲဗျာ။ နောက်တစ်ရက် နှစ်ရက်
ကြာတော့ ကျုပ်တို့ရွာသားတွေ ကိုယ်လုပ်နေ
ကျ အလုပ်တွေ လုပ်ရင်း နေကြတ်တာကို
မေ့သွားကြတာပါပဲဗျာ။
ကျုပ်တို့ အညာသားတွေဆိုတာက မနက်မိုး
လင်းတာနဲ့ ယာထဲဆင်းပြန်လာရင် ရေစည်
တိုက်လား တိုက်ရရဲ့၊ နွားစာစဉ်းလား စဉ်းရ
ရဲ့၊ ထင်းပေါက်ရရဲ့၊ ဆီဆုံရှိရင် ဆီကြိတ်လား
ကြိတ်ရရဲ့၊ ဘယ်မှာ အားမှာတုံးဗျာ။
ဒီတော့လည်း နေကြတ်တဲ့ အတိတ်နိမိတ်တ
ဘောင်တွေကို တစ်ရက်ကနေ နှစ်ရက်ကြာ
အောင် ဘယ်သူက ရွတ်နေ၊ ပြောနေနိုင်မှာ
တုံးဗျာ။ မနေ့ကမှ ကျုပ်က ရေစည်တိုက်ထား
တော့ ဒီကနေ့တော့ အားလပ်နေသပေါ့ဗျာ။
အမေချက်တဲ့ အမဲသားဟင်းကလည်း ကောင်း
ပါ့ဗျာ။ ဆီးသီးခြောက်ကလေးကလည်း ထည့်
ချက်ထားတာဆိုတော့ ချဉ်ဖြုန်းဖြုန်းလေးပေါ့
ဗျာ။ ကျုပ်ဖြင့် စားကောင်းကောင်းနဲ့ စားလိုက်
တာ ဘယ်နှပန်းကန်ကုန်သွားမှန်းကို မသိ
တော့ပါဘူးဗျာ။ ဗိုက်ကလေးလည်း တင်းသွား
ရော တာတေ မျက်လုံးတွေလည်း လေးလာ
ရောဗျို့။ ထုံးစံအတိုင်းပေါ့ဗျာ။
အညာနွေရဲ့ အပူဒဏ်ကို အံတုဖို့ ကျုပ် ပုဆိုး
ဟောင်းလေးတစ်ထည် ပခုံးပေါ်တင်ပြီး မန်
ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်
ကို ရောက်လာရတာပေါ့ဗျာ။ ပုဆိုးဟောင်း
ကလေးနဲ့ ကွပ်ပျစ်ကို ဖုန်ခါလိုက်ပြီး ကျုပ်
ခေါင်းအုံးနေကြ ဝါးဘိုးခြမ်းကလေးပေါ်မှာ
ပုဆိုးကလေး ခေါက်ပြီး အုပ်လိုက်တယ်။
နဂါးဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်ပြီး မီးညှိ
တယ်။ ဆေးလိပ်ကလေး သုံးလေးဖွာပဲ ဖွာရ
သေးသဗျ။ မျက်စိက လေးပြီးကျလာရောဗျို့။
ကျုပ်က အဆင်သင့်ယူလာတဲ့ သစ်သားဆေး
ပေါ့လိပ်သေတ္တာကလေးရဲ့ ဆေးလိပ်ခွက်ထဲ
ကို ဆေးပေါ့လိပ်ကလေး ချထားလိုက်ပြီး ဝါး
ဘိုးခေါင်းအုံးပေါ်ကို လှဲချလိုက်ရတော့တာပေါ့
ဗျာ။ သိပ်အိပ်ချင်နေတော့လည်း လှဲလိုက်တာ
နဲ့ ချက်ချင်း အိပ်ပျော်သွားတာဗျ။
အိပ်လိုက်တာဗျာ။ နေ့ခင်းကြောင်တောင်ကြီး
မှာကို အိပ်မက်တွေ ဘာတွေ မက်လို့ဗျာ။ လူ
တော့ လူပဲဗျ။ ဒါပေမဲ့ ပါးစပ်ကနေ အစွယ်ဖွေး
ဖွေးတွေ ထွက်လို့ဗျ။ ကျုပ်နောက်ကို လိုက်ပါ
ရောလားဗျာ။ ကျုပ်မှာဖြင့် ပြေးလိုက်ရတာ မ
ပြောပါနဲ့တော့ဗျာ။
ကျုပ်ပြေးနေတဲ့ နေရာက တောလမ်းကလေး
ဗျ။ လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တော
အုပ်ကြီးတွေပဲ ရှိတာ။ ကျုပ်လည်း ပြေးရင်းနဲ့
ဟောဟဲ လိုက်နေပြီဗျ။ အခုနေ အသိတစ်
ယောက်တလေများ တွေ့ရင် ကောင်းမှာလို့
ကျုပ်စိတ်က ပြေးရင်းနဲ့ တွေးလိုက်မိတာဗျို့။
“တာတေ၊ ဟေ့ တာတေ၊ တာတေ”
ဟာ ဘယ်သူပါလိမ့်ဆိုပြီး ကျုပ် တောထဲကို
လှမ်းကြည့်လိုက်တယ်။ ဘယ်သူ့မှလည်း မ
တွေ့ဘူးဗျ။
“တာတေ အိပ်လှချေလားကွ”
ကျုပ်လန့်နိုးသွားရောဗျို့။ လန့်လိုက်တာဗျာ။
ဘာကြီးမှန်းမသိတဲ့ အစွယ်တွေနဲ့ လူကြီးတစ်
ယောက် ကျုပ်နောက်ကို လိုက်ို့ ပြေးနေလိုက်
ရတာဗျာ။ အိပ်မက်မို့လို့ တော်တော့တာပေါ့
ဗျာ။ ကျုပ်အသံကြားတဲ့ ဝိုင်းဝကို လှမ်းကြည့်
လိုက်တော့ ဟာ ကျုပ်ကို တကယ်ခေါ်နေတာ
ပဲဗျ။ အရပ်ပုပြတ်ပြတ်နဲ့ လူတစ်ယောက်ဗျ။
ဝါးဖတ်ခမောက်ကလေးဆောင်းလို့။ လက်
ထဲမှာလည်း ဝါးတုတ်တစ်ချောင်းနဲ့ဗျ။
“ဟာ ကိုကြီးမြဖေပါလား၊ လာလေဗျာ၊
ဝင်ခဲ့ပါဗျ”
ဒီလူ ဆတ်သမြှောင်က လူဗျ၊ ကျုပ်ဆီကို
တစ်ခါမှ မလာဖူးပါဘူး၊ ကျုပ်နဲ့တော့ လူခင်
တွေပါ။ အရပ်ပုပြတ်ပြတ်၊ နှုတ်ခမ်းမွေးက
လေး ရေးရေးနဲ့ ကိုမြဖေက ကျုပ်ထိုင်နေ
တဲ့ ကွပ်ပျစ်ဆီကို တန်းလျှောက်လာတယ်
ကိုမြဖေ ကွပ်ပျစ်မှာ ထိုင်နေတုန်း ကျုပ်က
အိပ်ပေါ်ကပျာကယာ ပြေးတက်ရတယ်။အ
ကြမ်းအိုးနဲ့ လက်ဖက်သုတ်အစ်ကလေး ယူ
လာရတာပေါ့ဗျာ။ အဝေးက လာတဲ့သူလေ။
ဆပ်သမြှောင်က ကျုပ်တို့ ထနောင်းကုန်းနဲ့
တော့ အတော်ကလေး လှမ်းသားဗျ။
“ကဲ ကိုကြီးမြဖေ၊ အကြမ်းသောက်၊
လက်ဖက်လည်းစား”
“အေး အေး သောက်မယ်၊ သောက်မယ်”
ကျုပ် ငှဲ့ပေးတဲ့ အကြမ်းပန်းကန်ကို ကိုမြဖေ
ကနှုတ်ခမ်းမှာတေ့ပြီး ဖူးကနဲ ဖူးကနဲ မှုတ်ပြီး
သောက်တာဗျ။ ကျုပ်တို့အညာမှာက နေပူ
လာရင် ရေအေးမသောက်ဘဲ ရေနွေးပူပူကို
ပဲ သောက်ကြတာ။ နေပူကြီးထဲ ရောက်လာ
တဲ့ ကိုကြီးမြဖေ အမောပြေတော့မှ စကားစ
ရတာပေါ့ဗျာ။
“ကိုကြီးမြဖေ နေပူကြီးထဲ ဘယ်က လှည့်
လာတာတုံး”
“နေပူပေမဲ့လည်း ကိစ္စက အရေးကြီးနေ
တော့လာရတော့တာပေါ့ကွာ”
“နို့ ဘယ်ကိုလာတာတုံး”
“ဟ ဘယ်ကိုလာရမှာတုံးကွ၊ မင်းဆီကိုပေါ့
တာတေရ”
“ဟင် ကိစ္စအရေးကြီးတယ် ထင်တယ်”
“ကြီးလိုက်တာမှ မပြောပါနဲ့တော့ဟေ့”
ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေးကို မီး
ညှိပြီး ဖွာလိုက်ရတာပေါ့ဗျာ။ ကျုပ်စိတ်ထဲမှာ
တော့ စောစောက အိပ်မက်ကြီးက လွှမ်းမိုး
နေတုန်းပဲဗျို့။ တကယ်ကို ကြောက်စရာ
အိပ်မက်ကြီးပါဗျာ။
“ပြောပါဦး ကိုကြီးမြဖေရဲ့၊ ဘာများအရေးကြီး
လို့တုံးဗျ”
“အေး ပြောမယ်၊ ပြောမယ်၊ ဘယ်ကစပြီးပြော
ရမှန်း မသိလို့ပါကွာ တာတေရာ”
ကိုမြဖေက ကျုပ် မီးညှိပေးထားတဲ့ နဂါးဆေး
ပေါ့လိပ်ကို အားရပါးရ ဖွာလိုက်ပြီးတော့မှ…
“ဒီလိုဟေ့ တာတေရေ၊ ငါတို့ရွာမှာ အင်မတန်
ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေလို့ကွ”
“ဟင် ဘယ်လိုများတုံး ကိုကြီးမြဖေရဲ့”
“မင်းကတော့ ကြားဖူးမှာပါကွာ၊ မင်းက ဗဟု
သုတ အတော်များတဲ့မို့လား”
“ကျုပ်က ဘာကိုကြားဖူးရမှာတုံး ကိုကြီး
မြဖေရ”
“ဒီလိုကွ တို့ရွာမှာ ဒီကိစ္စကြီး ပေါ်လာတော့
ရွာက လူငယ်တွေ ပြောကြတယ်၊ အဲဒါ ‘ဗန်
ပိုင်းယား’ဆိုလား၊ ဘာဆိုလားကွာ”
“ဟာ ကိုကြီးမြဖေရာ၊ ကျုပ်ကို ရှင်းရှင်းပြော
စမ်းပါဗျာ၊ အခု ဆပ်သမြှောင်မှာ ဘာဖြစ်နေ
လို့တုံး”
“ဒီလိုဟေ့၊ ပြီးခဲ့တဲ့လက သုံးနာရီလောက်
နေကြတ်သွားတဲ့အချိန်မှာ ငါတို့ရွာက ကို
ဆင်ပေါက် ဆိုတဲ့လူတစ်ယောက် သေ
သွားတယ်ကွ”
“ဟင် ဘာဖြစ်လို့တုံးဗျ”
“ကိုဆင်ပေါက်က အကောင်းသားကြီးနဲ့ သေ
တာကွ၊ ထောင်ထောင် မောင်းမောင်း ဗလ
ကောင်းကောင်း ကျန်းကျန်းမာမာကြီးကွ။ထန်း
တောမှာ သူသောက်ချင်တဲ့ အပင်ကို သူကိုယ်
တိုင် တက်ပြီး မြူအိုးဖြုတ်တဲ့လူကွ၊ ကျန်းကျန်း
မာမာကြီးပါကွာ”
“နို့ ဒီလူက တောင်သူပဲလား ကိုကြီးမြဖေ”
“ဟေ အဲ မဟုတ်ဘူးကွ၊ ကိုဆင်ပေါက်က
တောင်သူတော့ မဟုတ်ဘူး၊ ဝက်မွေးတယ်၊
ဝက်တွေ ကြီးလာရင် မြို့က ဝက်ထောင်ကဲ
ကို သွားရောင်းတယ်။တစ်ခါ တစ်ခါကျတော့
သူများမွေးထားတဲ့ ဝက်ကို ပြန်ဝယ်ပြီး သူက
တစ်ဆင့် ပြန်ရောင်းတယ်၊သူကိုယ်တိုင်လည်း
ဝက်ပေါ်ပြီး ရွာမှာ ရောင်းတယ်ကွ၊ အေးကွာ၊
ပြောရရင်တော့ ကိုဆင်ပေါက်က ဝက်ကုန်
သည်၊ ဝက်သားသည်ပေါ့ကွာ”
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း
ခေါင်းညိတ်ပြလိုက်တယ်
“အေး ..အဲဒါ နေကြတ်တဲ့နေ့တုန်းက နေ
ကြတ်နေတဲ့အချိန်မှာပဲ ဝက်သတ်တဲ့ဓါးကို
သွေးနေတုန်း ခေါက်ကနဲ ဇက်ကျိုးကျပြီး
သေသွားတာဟေ့”
“သြော် …ရုတ်တရက်ကြီးပါလား”
“အေး…..ဟုတ်တယ် တာတေ၊ သေတာ
ကတော့ ဗြုန်းစားကြီးပဲကွ၊ တို့ရွာက ထုံးစံ
လည်း မင်းသိတဲ့အတိုင်းပဲလေကွာ၊ ဒီလို
နွေခေါင်ခေါင်ဆိုရင် အသုဘကို ရက်ထား
လေ့ မရှိဘူးလေ၊ ဒီတော့ နေ့ချင်းပဲ ကိုဆင်
ပေါက် အသုဘကို ချလိုက်ကြရတာပေါ့ကွာ”
“နို့ …အခု ဘာဖြစ်လို့တုံးဗျ”
“ပြောမယ်လေကွာ၊ အဲဒီကိုဆင်ပေါက်
သေပြီး ရက်လည်တဲ့ညမှာပဲ တို့ရွာထဲမှာ
မွေးထားတဲ့ ကြက်ဖကြီးတွေအားလုံး
သေကုန်တယ်ကွ”
“ဗျာ…ကြက်ဖကြီးတွေ ဟုတ်လား ကိုကြီးမြ
ဖေ၊ ဘယ်လိုတုံးဗျာ၊ ကြက်နာကျရင်လည်း
ကြက်ဖရော၊ ကြက်မရော၊ သေရမှာပေါ့။ အ
ခုဟာက ကြက်ဖတွေချည်း သေတာဆို
တော့အဆန်းပါလား”
“သေပုံသေနည်းကလည်း တစ်ပုံစံတည်း
သေတာကွ၊ကြက်ဖကြီးတွေရဲ့ လည်ပင်း
ကိုကိုက်ပြီး သွေးစုပ်ထားတာကွ၊ ကြက်
သေတွေမှာ သွေးတစ်စက်မှကို မရှိတော့
တာဟေ့”
“ဟာ သွေးစုပ်ထားတာ ဟုတ်လား”
“ငါတို့ ဆပ်သမြှောင်တစ်ရွာလုံး အံ့သြကုန်
တာပေါ့ကွာ၊ သူကြီးက အဲဒီကြက်သေတွေ
ကို ဘယ်သူမှ ချက်မစားရဘူး၊ မြေမြှုပ်ပစ်
ရမယ်ဆိုလို့ မြေကျင်းကြီးတူးပြီး မြှုပ်ပစ်
လိုက်ကြတာဟေ့၊ နောက်တစ်ပတ်တိတိ
ကြာတော့ ညဘက် ရွာထဲက နွားပေါက်က
လေးတစ်ကောင်ကို လည်ပင်းကိုက်ဖောက်
ပြီး သွေးစုပ်သွားပြန်ဟေ့၊ နွားလေးမှာ သွေး
တစ်စက်မှကို မရှိတော့တာကွ”
“ဟာ ဟုတ်လားဗျ”
“အေး ..အဲဒီတော့ ရွာထဲမှာ ညဘက်ကင်း
တွေ ချရတော့တာပေါ့ကွာ၊ တစ်ညကျတော့
အဲဒီအကောင် ရွာထဲဝင်ပြီး ဖိုးတုတ်တို့အိမ်
က ဆိတ်တစ်ကောင်ကို ဝင်ဆွဲရောဟေ့၊ ဒီ
မှာတင် ကင်းသမားတွေက သံပုံးတွေခေါက်
ပြီး ဝိုင်းလိုက်ကြတော့ ဆိတ်ကိုထမ်းပြီး ပြေး
တာတဲ့ဟေ့၊ ကင်းစောင့်တဲ့ လူငယ်တွေက
လည်း နောက်က ထပ်ချပ်မကွာလိုက်တော့
သိသွားကြတာပေါ့ကွာ”
“ဗျာ …ဘာကို သိသွားတာတုံးဗျ”
“ဒီလိုဟေ့၊ အဲဒီအကောင်က ဆွဲသွားတဲ့ဆိတ်
ကို ပြေးရင်းလွှားရင်းနဲ့ လမ်းမှာတင် သွေးစုပ်
ပြီး ပစ်ချသွားတာကွ၊ သွေးစုပ်ထားတဲ့ ဆိတ်
သေကိုတွေ့တော့ လူငယ်တွေက နောက်က
ခြေရာခံလိုက်တာပေါ့ကွာ၊ ဒီမှာတင် ရွာထဲဝင်
ပြီး သွေးစုပ်တဲ့ အကောင်ဟာ သေသွားတဲ့
ဆင်ပေါက်ဆိုတာ သိတော့တာဟေ့”
“ဗျာ ဘယ်လိုဗျ၊ သေသွားတဲ့ ဆင်ပေါက်
ဟုတ်လား၊ ဟာ မဖြစ်နိုင်တာဗျာ၊ သေသွား
တဲ့လူက ဘယ်လိုလုပ်ပြီး ထလာမှာတုံး”
“ဟုတ်တယ် တာတေ၊ ဆင်ပေါက်ကို မြှုပ်
ထားတဲ့ မြေပုံထဲကို ဝင်သွားတာတဲ့ကွ၊ ကင်း
သမားတွေ သေသေချာချာ မြင်လိုက်ကြတာ”
“ဟင် ဘယ်လိုတုံးဗျ”
“အေး ..အဲဒါနဲ့ ရွာထဲမှာ ကင်းတွေ ပိုချကြ
တာပေါ့ကွာ၊တစ်ရွာလုံးလည်း ကိုဆင်ပေါက်
သတင်းက ပျံ့သွားတော့တာပေါ့ကွာ၊ ဒီမှာ
တင် တချို့ကလည်း ယုံကြတယ်၊ တချို့က
လည်း မယုံဘူးပေါ့ကွာ”
“အေးပေါ့ဗျာ၊ ယုံစရာလည်း ရှိမှမရှိတာ
ကိုကြီးမြဖေရာ”
“အေး ညကတော့ ဒုက္ခဖြစ်တော့တာပေါ့ကွာ”
“ဗျာ…ဒုက္ခဖြစ်တယ် ဟုတ်လား၊ ဘာထပ်
ဖြစ်လို့တုံးဗျ”
“ယာထဲမှာ နှမ်းထောင်စောင့်တဲ့ ကောင်
လေးနှစ်ယောက် သေသွားတယ်”
“ဗျာ..သေသွားတယ် ဟုတ်လား”
“အေး ..မနက်မိုးလင်းလို့ အိမ်ကလူတွေက
နှမ်းခါဖို့ လိုက်သွားတော့ လည်ပင်းမှာ အ
စွယ်ရာကြီးတွေနဲ့ သေနေကြတာတဲ့ကွာ၊
အလောင်းတွေက ဖြူဖတ်ဖြူရော်နဲ့ သွေး
စုပ္ခံထားရတဲ့ပုံကြ”
“ဟာ …ဒီတော့ ဘာလုပ်ကြတုံး”
“မြို့ကို အကြောင်းကြားရတာပေါ့ကွာ၊ မြို့
ကရဲတွေ ချက်ချင်းလိုက်လာပြီး စစ်ကြ ဆေးကြတာပေါ့ကွာ။ ပထမတော့ ရဲက လူ
သတ်တယ် ထင်တာကွ၊ ရွာသူကြီးက သေ
သေချာချာ ပြောပြမှ ဒီလူတွေ လက်ခံသွား
တာ၊ အလောင်းတွေကို မြို့က ဆေးရုံပို့ပြီး
စစ်ဆေးနေတယ်ကွ”
“ဟင် ဒါဆိုရင် အလောင်းတွေ မသင်္ဂြိုဟ်ရ
သေးဘူးပေါ့ ဟုတ်လား”
“ဘယ်သင်္ဂြိုဟ်ရဦးမှာတုံးကွာ၊ စစ်ဆေးပြီး
ရင်ရွာပြန်သယ်ဖို့တောင် မဖြစ်နိုင်ဘူးကွ၊မြို့
မှာပဲ သင်္ဂြိုဟ်ရမယ် ပြောတယ်ကွ၊ ရဲအုပ်က
တော့အားလုံးစစ်ဆေးပြီးရင် သူနဲ့ ရဲဘော်သုံး
ယောက် ရွာကို ပြန်ဆင်းလာပြီး ကင်းပုန်းဝပ်
စောင့်မယ်ပြောတယ်ကွ၊လိုအပ်ရင် ပစ်မိန့်ပါ
တောင်းခံမယ်ပြောတာပဲ တာတေရာ၊ အခု
တော့ ငါတို့တစ်ရွာလုံး လူတွေ ထိတ်လန့်ပြီး
ယာထဲတောင် မဆင်းရဲလောက်အောင် ဖြစ်
ကုန်တော့တာပေါ့ကွာ”
“နို့ ကိုကြီးမြဖေ ကျုပ်ဆီကိုလာတာ ဒီအ
ကြောင်း ပြောပြချင်လို့လားဗျ”
“ဟာ မဟုတ်ဘူးကွ တာတေရ၊ ဒီကိစ္စကို မင်း
ရှင်းပေးစေချင်လို့ကွ၊ ရွာက လူငယ်တွေရော
လူကြီးတွေပါ မင်းကို ခေါ်ခိုင်းလို့ဟေ့၊ ငါလာ
ခဲ့ရတာ”
“ဟင် ကိုကြီးမြဖေ ကျုပ်က ဆရာ မဟုတ်ဘူး
ဗျ၊ ဆရာတွေနဲ့ လျှောက်လိုက်ဖူးတာပဲရှိတာ၊
အခုလို သေသွားတဲ့လူက အသက်ပြန်ဝင်ပြီး
သွေးလိုက်စုပ်တဲ့ကိစ္စမျိုးကြီး နှိမ်နင်းဖို့နေနေ
သာသာ တစ်ခါမှတောင် မကြားဖူးဘူးဗျ။ ကို
ကြီးမြဖေရ”
“ဟာ ဒီလိုလည်း မဟုတ်ဘူးလေကွာ၊ မင်း
က ဒီကိစ္စတွေမှာ အတွေ့အကြုံတွေ များ
တော့ ကိုဆင်ပေါက်ကြီး သွေးစုပ်ကောင်
ဖြစ်သွားတဲ့ကိစ္စမှာ မင်းအနေနဲ့ ဝေဖန်ပိုင်း
ခြားနိုင်တာပေါ့ကွာ၊ ရွာကလူကြီးတွေရော
လူငယ်တွေပါမင်းကို ရအောင် ခေါ်ခဲ့ပါလို့
မှာလိုက်ကြတယ်ကွ”
ကျုပ် ဆေးပေါ့လိပ်ဖွာရင်း စဉ်းစာတယ်။ ဒါ
မျိုး ကျုပ်တစ်သက် တစ်ခါမှကို မကြားဖူးပါ
ဘူးဗျာ။ သေတဲ့လူက ဘယ်လိုလုပ်ပြီး အ
သက်ပြန်ဝင်လာမှာတုံးဗျာ။ ကိုဆင်ပေါက်နဲ့
ပုံစံချင်းတူတဲ့ မကောင်းဆိုးဝါးတစ်ကောင်
လားမှ မသိတာ။
“ဒီလိုလုပ်ဗျာ ကိုကြီးမြဖေ၊ အဘတို့ အမေ
တို့ကိုလည်း ဘာမှမပြောရသေးတော့ အခု
တစ်ခါတည်းတော့ ကျုပ်မလိုက်ခဲ့ဘူးဗျာ။
မနက်ဖြန် ညနေအရောက် ကျုပ်လာခဲ့မယ်၊
ဆပ်သမြှောင်က လူတွေကိုပြောလိုက်ပါဗျာ၊
ကျုပ် ဆက်ဆက်လာခဲ့ပါမယ်လို့”
“အေးလေ မင်းပြောတာလည်း ဟုတ်တာ
ပေါ့ကွာ၊ မင်းမိဘတွေကို အကျိုးအကြောင်း
ပြောပြရဦးမှာပေါ့၊ ကဲ ဒါဆိုရင် ငါပြန်မယ်
တာတေ၊ မနက်ဖြန်တော့ ဆက်ဆက်လာ
ကွာ၊ ငါတို့ မင်းကို စောင့်နေမယ်နော်”
“စိတ်ချပါ ကိုကြီးမြဖေ၊ ကျုပ်ကလည်း ဒီ
လို ထူးဆန်းတဲ့ကိစ္စမျိုးကို လက်မလွှတ်
နိုင်ပါဘူးဗျာ၊ ရောက်အောင်လာပြီး စပ်စု
မဲ့ကောင်ပါဗျာ”
အဲဒီညနေက ကိုမြဖေကြီး ပြန်သွားတော့
နေတောင် စောင်းနေပြီဗျ၊ ကိုမြဖေကလည်း
နေမဝက်ခင် ဆပ်သမြှောင်ရောက်အောင်
ခပ်သုတ်သုတ် ပြန်သွားလေရဲ့။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျုပ်ကလည်း အိပ်
ရင်းနဲ့ အိပ်မက် မက်နေတာလေ။ အစွယ်
တွေနဲ့ လူတစ်ယောက် ကျုပ်နောက်ကိုလိုက်
လို့ ပြေးနေရတာ။ ကိုမြဖေကလည်း ဆပ်သ
မြှောင်က သွေးစုပ်ကောင်အကြောင်း ကျုပ်
ကို လာပြီးပြောတယ်။
ကျုပ်လည်း အကြမ်းသောက်လိုက်၊ နဂါး
ဆေးပေါ့လိပ်ကလေးဖွာလိုက်နဲ့ ကျုပ်အိပ်
မက်အကြောင်းတွေးလိုက်။ ဆပ်သမြှောင်
က သွေးစုပ်ကောင်အကြောင်းတွေးလိုက်
လုပ်နေမိတာဗျို့။ အဲဒီညမှာ ကျုပ်က ဆပ်
သမြှောင်က ကိုမြဖေ လာတဲ့အကြောင်းနဲ့
ကိစ္စလေးတစ်ခုရှိလို့ မနက်ဖြန် ဆပ်သ
မြှောင်ကို သွားမဲ့အကြောင်းနဲ့ တစ်ည နှစ်
ညတော့ အိပ်ရမယ်ထင်တယ်လို့ အဘနဲ့
အမေကို ပြောပြရတာပေါ့ဗျာ။
နောက်တစ်နေ့ ကျုပ်သမြှောင်ကို ရောက်
တော့ ညနေ(၅)နာရီလောက် ရှိပြီဗျ။
“ဟာ တာတေ လာပြီဟေ့”
ကျုပ်ကို စပြီးမြင်တဲ့လူက ဝမ်းသားအားရ
အော်လိုက်တာဗျ။ အဲဒီသတင်းက ချက်ချင်း
ရွာထဲကို ပျံ့သွားတယ် ထင်ပါရဲ့ဗျာ။ ကျုပ်
ကိုကြီးမြဖေတို့ ဝိုင်းထဲရောက်ရုံ ရှိသေး
တယ်။ ရွာထဲက လူငယ်တစ်ချို့နဲ့ လူကြီး
တစ်ချို့ ရောက်လာကြတယ်ဗျ။
“တာတေရာ မင်း လာမှ လာပါ့မလားလို့
ငါတို့က စိတ်ပူနေတာကွ”
ဘိုးမင်းဒင်က ကျုပ်ကိုတွေ့တွေ့ချင်း
ပြောတာဗျို့။
“လာဟေ့ တာတေ၊ ငါ မင်းကို
မျှော်နေတာကွ”
ကိုမြဖေကြီးက အိမ်ပေါ်ကနေ ခရီးဦးကြို
ပြောတာဗျ။ကျုပ်လည်း ကိုမြဖေတို့ရဲ့ခေါင်း
နှစ်လုံးနဲ့ ကျွန်းအိမ်ကြီးပေါ်ကို တက်လာခဲ့
တယ်။ အိမ်ကြီးပေါ်မှာ ဖျာတွေခင်းထား
လိုက်တာ အလှူအိမ်ကြီးလိုပဲဗျ။
“ကဲ လာဟေ့ တာတေ၊ နားလိုက်ဦး၊ နေပူ
ကြီးထဲ လာခဲ့ရတာဆိုတော့ မောရောပေါ့။
ဒီမှာ အကြမ်းသောက်၊ လက်ဖက်စား။ ပြီး
တော့ ဆေးလိပ်ပုံးထဲမှာ မင်းကြိုက်တဲ့ န
ဂါးဆေးပေါ့လိပ်တွေ ရှိတယ်ကွ၊ မီးညှိပြီး
အမေပြေ ဖွာလိုက်ဦးကွ၊ ကဲ ဘိုးတို့လည်း
ထိုင်ကြဗျာ၊ အောင်စိန်တို့ မင်းညိုတို့
လည်း ထိုင်ကြကွာ”
“ဟာ ကိုကြီးမြဖေကလည်းဗျာ၊ ကျုပ်တို့
က ဒီရွာသားတွေပဲဟာ”
ခင်းထားတဲ့ ဖျာတွေပေါ်မှာ ကျုပ်တို့အား
လုံးထိုင်ပြီး စကားစမြည် ပြောကြတာပေါ့
ဗျာ။ ဒီတော့မှ ဆပ်သမြှောင်က ကာလ
သားခေါင်းတွေလည်း ပါနေတာကို သိရ
တာဗျ။ ဘိုးမင်းဒင်နဲ့ ပါလာတဲ့ လူကြီးလေး
ယောက်က စပြီးပြောတာဗျို့။
“မောင်တာတေရေ ကျုပ်တို့ အခု အသက်
ခုနှစ်ဆယ်ကျော်နေပါပြီဗျာ၊ ဒီလိုအဖြစ်မျိုး
ကျုပ်တို့ရွာမှာ တစ်ခါမှ မဖြစ်ဖူးပါဘူးကွယ်
ကျုပ်တို့ရွာမှာ မဖြစ်သလို တခြားလည်း
ဘယ်မှာမှ ဒါမျိုး မကြားဖူးပါဘူးကွယ်”
“အင်း…အမှန်အတိုင်း ပြောရရင် ဟောဒီလူ
ငယ်တွေက ကင်းစောင့်ရင်း သေသေချာချာ
မြင်လိုက်တယ်ဆိုလို့သာ ဆင်ပေါက် သွေး
စုပ်ကောင် ဖြစ်သွားတယ်လို့ ပြောရတာ။
ကျုပ်စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့
ယုံကို မယုံတာပါကြာ”
ဘိုးမင်းဒင်ကလည်း သူ့စိတ်ထဲရှိတဲ့အတိုင်း
ပြောတာပေါ့ဗျာ။
“ဟာ ဘိုးကလည်း ကျုပ်တို့က သေသေ
ချာချာကို မြင်ရတာဗျ။ ပြေးရင်းနဲ့ ဆိတ်ကို
သွေးစုပ်သွားတာ ကိုဆင်ပေါက်ကြီးမှ ကို
ဆင်ပေါက်ကြီးမှ ကိုဆင်ပေါက်ကြီးပါဗျာ။
သေတုန်းက ကျုပ်တို့ပဲ မြေမြှုပ်ပေးကြ
တာပဲ ဘိုးရ၊ အဲဒီတုန်းက ဝတ်ထားတဲ့ အ
ဝတ်တွေပဲ ဝတ်ထားတာဗျ၊ သူ မြေပုံပေါ်
မှာ လှဲချလိုက်တာ ပျောက်သွားရောဗျ”
ကျုပ်က ကာလသားခေါင်းတွေပြောတဲ့ စ
ကားကို သေသေချာချာ နားထောင်ကြည့်
တယ်။ ကျုပ်လည်း ဘိုးမင်းဒင်လိုပဲဗျာ။ယုံ
တစ်ဝက် မယုံတစ်ဝက်ပေါ့ဗျာ။
“ကိုကြီးမြဖေ၊ ကိုကြီးမြဖေ”
“ဟော ကြက်တောတို့ ပြန်ရောက်ပြီကွ၊ ဟေ့
ကြက်တော လာလေ၊ ဒီမှာ တာတေတောင်
ရောက်နေပေါ့ဟ”
“ဟာ ဟုတ်လား၊ ကိုတာတေ ရောက်နေ
တယ်လား”
“အေးပါဆို၊ အိမ်ပေါ်တက်ခဲ့ပြီး အကျိုးအ
ကြောင်းလေး လာပြောဦးလေကွာ”
“သြော် ဟုတ်ကဲ့၊ လာပြီ၊ လာပြီ”
ကြက်တောက လှေကားကနေ ပြေးတက်
လာတယ်။ ကြက်တောဆိုတာက ကျုပ်သူ
ငယ်ချင်း ဟင်္သာရဲ့ညီဗျ။ ကြက်တော အိမ်
ပေါ်ရောက်တယ်ဆို ဝိုင်းပြီး မေးကြတော့
တာပေါ့ဗျာ။
“ဘယ်လိုတုံးကွ၊ ဆေးရုံက ဘာပြောတုံး”
“ဆေးရုံမှာ အလောင်းတွေကို စစ်ဆေးပြီး
တော့ ဆရာဝန်က ဆေးစာမှာ သေသူတွေ
ရဲ့ လည်ပင်းကို အစွယ်ရှိသော ကျားလို
သတ္တဝါ ကိုက်တာ ဖြစ်တယ်၊ ခန္ဓာကိုယ်
တွေထဲမှာ သွေးတွေမရှိတော့သလောက်
ဖြစ်နေတယ်လို့ ရေးထားတယ်တဲ့ဗျ”
“ဟာ”
လူငယ်တွေရော လူကြီးတွေရော’ဟာ’ကနဲ
ဖြစ်ကုန်ကြတာပေါ့ဗျာ။
“ဒါဆိုရင် သွေးစုပ်ကောင်ရဲ့လက်ချက် သေ
ချာတာပေါ့ကွာ”
ဘိုးမင်းဒင်က ပြောတာဗျ။
“သေချာပါတယ် ဘိုးရာ၊ သွေးစုပ်ကောင်
ဖြစ်သွားတဲ့ ကိုဆင်ပေါက်ရဲ့ လက်ချက်ပါ
ဗျာ၊ ကျုပ်တို့က ရွာထဲမှာ လူအုပ်ချပြီး စောင့်
နေတော့ ရွာကို မလာတော့ဘဲ နှမ်းထောင်
စောင့်တဲ့ ကောင်လေးတွေဆီ ရောက်သွား
တော့တာပေါ့ဗျာ”
ဘိုးမင်းဒင်တို့ လူကြီးတွေလည်း ဘာမှမပြော
တတ်ကြတော့ဘဲ ခေါင်းတညိတ်ညိတ် လုပ်
နေကြတာပေါ့ဗျာ
“နို့ အလောင်းတွေရော ကြက်တော”
“မြို့မှာပဲ သင်္ဂြိုဟ်ခဲ့ကြပြီဗျ၊ အားလုံးက ရွာ
ကို ပြန်မသယ်ချင်ကြဘူးဗျ၊ ပြီးတော့ ရ
ဲစခန်းကလည်း မြို့မှာပဲ သင်္ဂြိုဟ်ခဲ့စေချင်
တယ်၊ ဒါကြောင့် ကျုပ်တို့လည်း မြို့သ
င်္ချိုင်းမှာပဲ သင်္ဂြု ိဟ်ခဲ့တာဗျ”
“နို့ ရဲတွေက ဘာပြောသေးတုံးကွ ကြက်
တောရ”
“ဟာ… ရဲတွေ ပါလာတယ်လေ၊ ရဲအုပ်တစ်
ယောက်နဲ့ ရဲသားသုံးယောက်ဗျ၊ သူကြီးအိမ်
ကို သွားကြတယ်၊ ဒီည သင်္ချိုင်းမှာ ကင်းပုန်း
ဝပ်ပြီး စောင့်မယ်လို့ ပြောတယ်ဗျ၊ ကိုကြီးမြ
ဖေရ”
“ဟေ ဟုတ်လား၊ ဒါဆိုရင် ငါတို့ကာလာသား
တွေပါ ရောပြီးဝပ်ကြရမှာပေါ့ကွ၊ ကဲ ငါ သူ
ကြီးအိမ် သွားလိုက်မယ်၊ ကဲ ကြက်တော
လာ၊ မင်းနဲ့ငါ သူကြီးအိမ် သွားကြရအောင်”
ကိုမြဖေနဲ့ ကြက်တော ထွက်သွားတယ်။
ကျုပ်နဲ့ ဆပ်သမြှောင်သားတွေလည်း စ
ကားဆက်ပြောကြတာပေါ့ဗျာ။ သူတို့ပြော
တာကတော့ အသေအချာပဲဗျ။ သူတို့သေ
သေချာချာကို တွေ့လိုက်တော့ သေသွား
တဲ့ ကိုဆင်ပေါက်မှ ကိုဆင်ပေါက် အစစ်
ပဲတဲ့ဗျ။ တော်တော်လေးကြာမှ ကိုမြဖေနဲ့
ကျုပ်သူငယ်ချင်း ဟင်္သာ ပြန်ရောက်လာ
ကြတယ်ဗျ။ ကြက်တောတော့ ပါမလာ
တော့ဘူး။
“ဟေ့ကောင် တာတေ၊ မင်း ရောက်နေ
တယ်ကြားလို့ ငါလိုက်လာတာကွ”
“နို့ ကြက်တောရော ပြန်လိုက်မလာ
တော့ပါလား”
“အေးကွ၊ ကြက်တော သူကြီးအိမ်မှာ နေ
ခဲ့တယ်။ မြို့က ပါလာတဲ့ ရဲတွေကို ထမင်း
ကျွေးဖို့ရှိလို့ ဝိုင်းဝန်းလုပ်ရဦးမှာပေါ့ကွာ”
“ဘယ်လိုဖြစ်တာတုံးကွ ဟင်္သာရ”
ကျုပ်က ဟင်္သာပြောတာ ကြားချင်လို့ မေး
လိုက်တာဗျ။
“အေးကွာ တာတေရာ၊ သေတဲ့သူ အသက်
ပြန်ရှင်တာ ငါ့တစ်သက် ဒီတစ်ခါပဲ တွေ့ဖူး
တာကွ၊ အဲဒီညက ဝိုင်းလိုက်တဲ့အထဲမှာ ငါ
လည်း ပါတာပေါ့ကွ၊ သူ့မြေပုံထဲကို ပြန်ဝင်
သွားတာကွ တာတေရ၊ ငါကိုယ်တိုင် မျက်
စိနဲ့ မြင်ခဲ့တာ”
ကျုပ်တို့လည်း ထမင်းစားပြီး စကားပြော
နေတုန်းမှာ ကြက်တော ပျာပျာ ပျာပျာနဲ့
ရောက်လာတယ်ဗျ။
“ကဲ …ကိုကြီးမြဖေ သူကြီးအိမ်က ရဲတွေ
သင်္ချိုင်းကုန်းကို သွားတော့မယ်၊ လိုက်မယ့်
ကာလသားတွေ ရွာရဲ့အနောက်တံခါးကို
အခု လာခဲ့ပါတဲ့”
“သြော် အေး.. ငါတို့ အခုသွားမယ်၊ မင်းတို့
ရွာထဲက ကင်းတွေမှာ လူအပြည့်စောင့်နော်၊
ငါတို့က ရဲတွေနဲ့ လိုက်သွားမှာ”
“ဟုတ်ကဲ့ ကိုကြီးမြဖေ၊ ကင်းတွေမှာ လူ
ပြည့်နေပြီ စိတ်ချပါ”
ရဲအုပ်တစ်ယောက်နဲ့ ရဲသားသုံးယောက်
ပေါင်းလေးယောက် ကျုပ်တို့လူငယ်ပိုင်းက
ကျုပ်ပါ ဆယ်ယောက်ဗျ။ ကိုမြဖေရော၊
ဟင်္သာပါ ပါတယ်၊ အားလုံး တုတ်တွေ၊ ဓါး
တွေနဲ့ပေါ့ဗျာ။
သင်္ချိုင်းရောက်တော့ ကာလသားတစ်
ယောက်က ကိုဆင်ပေါက်ရဲ့သင်္ချိုင်း
ကို ပြတယ်။
ရဲအုပ်က သင်္ချိုင်းကို လှည့်ပတ်အကဲခတ်
ပြီး ကင်းပုန်းတွေ လိုက်ချလိုက်တယ်။ ကျုပ်
ရယ်၊ ကိုမြဖေရယ်၊ ဟင်္သာရယ်က သုသာန်
ဇရပ်ဘေးမှာ နေရာယူရတယ်ဗျ။ ရဲအုပ်က
သူ့အမိန့်မရဘဲ ဘာမှမလုပ်ဖို့ပြောတယ်။
“ဖျန်း၊ ဖျန်း၊ ဖျန်း၊ ဖျန်း ဖျန်း”
ညသန်းခေါင်လောက်ရောက်တော့ ကုက္ကို
ပင်ကြီးတွေမှာ အိပ်တန်းတက်နေတဲ့ ကျီး
ကန်းတွေ လန့်ပြီးထပျံကုန်ကြတယ်ဗျို့။
“အား၊ အား၊ အား၊ အား”
ကျီးတွေ လန့်ပြီး အော်လိုက်ကြတယ်ဗျာ
ကျုပ်ဖြင့် ကြက်သီးတွေတောင် ဖျန်းကနဲ
ထသွားတယ်ဗျ။ ကျီးပြိုတာပေါ့ဗျာ။ တိရ
စ္ဆာန်ဆိုတာက လူထက် အာရုံခံမှုမှာ ပို
ကောင်းတယ်ဗျ။ လရောင်ဖျော့ဖျော့က
လေးအောက်မှာ ကိုဆင်ပေါက်ရဲ့ သင်္ချိုင်း
မြေပုံကို ဝိုးတဝါးလေး မြင်နေရတယ်ဗျ။
ကျုပ်တို့လည်း ကျီးတွေပြိုပြီးကတည်းက
အဲဒီမြေပုံကို မျက်တောင်မခတ် ကြည့်နေ
ကြတာပေါ့ဗျာ။
“ဟာ ဟိုမှာ ဟိုမှာ”
ဟင်္သာက ကျုပ်ကို လက်ကုတ်ပြီး ပြောတာ
ဗျ၊ အသံကတော့ ခပ်အုပ်အုပ်ပေါ့ဗျာ၊ ကျုပ်
က သူ ပြတာကို ကြည့်လိုက်တယ်
“အေး အေး ဟုတ်တယ်ကွ ဟင်္သာ၊ ကိုကြီး
မြဖေ မြင်လား၊ ဟိုမှာ သင်္ချိုင်းမြေပုံကြီး ကြွ
တက်လာပြီဗျ”
ဟုတ်ပါ့ဗျာ။ မြေပုံကြီးက တဖြည်းဖြည်း ကြွ
တက်လာပြီး အလယ်ခေါင်က ကွဲသွားတယ်။
“ဟော ထွက်လာပြီဟေ့ တာတေ၊ ဟာ ကို
ဆင်ပေါက်ကြီးကွ”
ကျုပ်လည်း သေသေချာချာ မြင်နေရတာ
ပေါ့ဗျာ။ မြေပုံထဲက ခေါင်းကြီး အရင်ထွက်
လာတာဗျ။ နောက်တော့မှ ကိုယ်လုံးကြီးပါ
ထွက်လာတာဗျို့။ ဟော ဟော မတ်တတ်
ထရပ်လိုက်ပြီ။ ခေါင်းကြီးမော့ပြီး ကောင်း
ကင်ကို ကြည့်နေတာဗျ။
ဟာ ပါးစပ်ကြီးဟလိုက်ပြီ။ ပါးစပ်ထဲမှာ အ
စွယ်အရှည်ကြီးတွေနဲ့ဗျို့။ ဟော ထွက်လာ
ပြီ။ လမ်းလေးအတိုင်း ထွက်သွားပြီဗျို့။
ဆပ်သမြှောင်ဘက်ကို တန်းသွားတာပဲ။
ခုထိတော့ ရဲအုပ်က ဘာမှ အမိန့်မပေးဘူး
ဗျ။ ဟော သင်္ချိုင်းထဲက ထွက်သွားပြီဗျို့။
ကျုပ်တို့လည်း ငြိမ်နေရတာပေါ့ဗျာ။ ဟာ
ဆပ်သမြှောင်က ကာလသားတစ်ယောက်
ဗျ။ အမှောင်ရိပ်ခိုပြီး ကျုပ်တို့ဘက်ကို လာ
နေတယ်။ အနားရောက်တော့ …
“ကိုကြီးမြဖေ ရဲအုပ်က ပြောတယ်၊ သူတို့
ပြန်အဝင်ကို စောင့်ကြည့်ပြီးမှ သေနတ်နဲ့
ပစ်မလို့တဲ့ဗျ။ အကာနောက်မှာ နေဖို့ပြော
ခိုင်းလို့ ကင်းပုန်းတွေကို ကျုပ် လိုက်ပြော
တာ”
“သြော်…အေး အေး၊ ငပု စိတ်ချ၊ စိတ်ချ”
ငပုဆိုတဲ့ကောင် အမှောင်ရိပ်ခိုပြီး ပြန်သွား
တယ်။
“ဝူး ဝူး ဝူး ဝူး”
ဟော ရွာဘက်က ခွေးတွေ အူပြီဗျို့။
“ဖျန်း၊ ဖျန်း၊ ဖျန်း၊ အား၊ အား၊ အား”
ဟာ ကျီးကန်းတွေပါ ပြိုတော့တာဗျို့။ ဒီ
လောက်ဆိုရင် ရွာထဲက ကင်းသမားတွေ
နိုးနိုးကြားကြား ရှိနေလောက်ပြီပေါ့ဗျာ။ငြိမ်
သွားပြီဗျို့။ ကျီးသံရော ခွေးသံပါ ငြိမ်လို့ဗျ။
“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊
လိုက်ဟေ့ လိုက်ဟေ့”
ဟာ ဆပ်သမြှောင်ရွာထဲက အော်သံတွေဗျို့
သံချောင်းခေါက်သံရော သံပုံးတီးတဲ့အသံ
တွေပါ ဆူညံနေတော့တာပေါ့ဗျာ။
ဟာ ဟိုမှာ ပြေးလာပြီဗျို့။ ပြေးလာပြီ။ ဟာ ဘာကောင်လဲတော့ မသိဘူးဗျ။ ပခုံးပေါ်မှာ
ထမ်းပြီး ယူလာပြီဗျို့။ ဟော သစ်ပင်အောက်
မှာ ရပ်သွားပြီဗျ။ ဟာ ဆိတ်ကြီးဗျ။ ဆိတ်ကြီး
ကို လည်ပင်းကိုက်ပြီး သွေးစုပ်နေတာဗျို့။
အောင်မလေး၊ တကယ့်ကို သွေးပျက်စရာ
ပါဗျာ၊ ဟော ပြေးလာပြီဗျို့။ ပြေးလာပြီ။
သူသင်္ချိုင်းကို တန်းပြေးတာဗျ။ဟော သူမြေ
ပုံကို သေသေချာချာ စိုက်ကြည့်နေတယ်ဗျ
ဒီတုန်းမှာပဲ…
“ပစ်”
ရဲအုပ်က အမိန့်သံ ပေါ်လာရောဗျို့။
“ဒိုင်း၊ ဒိုင်း”
ရိုင်ဖယ်သံ နှစ်ချက်ဗျ။ ဟော လဲကျသွားပြီ
ဗျို့။ သွေးစုပ်ကောင်ကြီး မြေပုံပေါ်ကို လဲ
ကျသွားပြီ။ မှောက်ခုံကြီး ကျသွားတာဗျ။
ဟာ သွားပြီဗျို့။ ဝင်သွားပြီဗျာ၊ မြေပုံကြီးထဲ
ကို ဝင်သွားတာဗျ။ ဟော ဟော မြေကြီးတွေ
နဂိုအတိုင်း ပြန်သိပ်သွားပြီဗျ။
“ဟာ သွားပြီဟေ့၊ ဒီကောင် သင်္ချိုင်းထဲ ပြန်
ဝင်သွားတာကွ”
ကိုကြီးမြဖေ ပြောလိုက်တာဗျို့။
“ဒါဆို ဒီကောင်ကြီး မသေဘူးပေါ့”
ဟင်္သာက မေးတာဗျ၊ ကျုပ်က ခေါင်းခါပြ
လိုက်တယ်။
“မသေဘူး ဟင်္သာ၊ ဒီကောင့်ကို သေနတ်နဲ့
သတ်လို့ မရနိုင်ဘူးကွ၊ မသေလို့ မြေပုံထဲ
ပြန်ဝင်သွားတာပေါ့ကွ”
“နို့ သေနတ်နဲ့ သတ်လို့ မရရင် ဘာနဲ့သတ်
ရမှာတုံးကွ တာတေရ”
“ငါ လုပ်ကြည့်ပါဦးမယ်ကွာ၊ မနက်ဖြန်တော့
အကြောင်းသိရမှာပေါ့ကွာ”
ကျုပ်တို့အားလုံး ရွာကို ပြန်ခဲ့ကြတယ်။ ရဲ
တွေက မနက်အစောကြီး မြို့ကို ပြန်သွား
ကြတယ်။ ဘာမှတော့ မပြောခဲ့ဘူးတဲ့ဗျ။
“ဆပ်သမြှောင်မှာ နတ်ဝင်သည်ရှိလား
ဟင်္သာ”
“ဟာ ရှိတာပေါ့ကွာ၊ ဒေါ်ဆိတ်မ ဆိုတာ၊
အင်မတန်နာမည်ကြီးတဲ့ နတ်ဝင်သည်
ပေါ့ကွာ၊ မြို့မှာတောင် သွားပြီး ဟောရ
ပြောရတာကွ”
“ကဲ ဒါဆိုရင် ကြက်တစ်ကောင်နဲ့ ဆန်တစ်
ခွက်ချက်ကွာ၊ ဒီည မဖဲဝါကို ငါ ပင့်ပြီးမေး
မယ်”
“ဟေ ဟုတ်လား တာတေ၊ စိတ်ချ၊ မင်းလို
တာတွေ ငါ အားလုံး စီစဉ်ပေးမယ်”
ဟုတ်တယ်ဗျ။ ဆပ်သမြှောင်သူကြီးကိုယ်
တိုင် ငွေထုပ်ပေးပြီး ကြက်တစ်ကောင်ချက်
တယ်။ ညမိုးချုပ်တော့ မနေ့က ကင်းပုန်းဝပ်
တဲ့ ကာလသားတွေ ကျုပ်ပါ ဆယ်ယောက်
ပေါ့ဗျာ။ ဆပ်သမြှောင်သင်္ချိုင်းကို ထမင်း
တောင်းထမ်းပြီး ရောက်လာကြတယ်။
နတ်ဝင်သည် ဒေါ်ဆိတ်မပါ ပါတာပေါ့ဗျာ။
ဆပ်သမြှောင်သင်္ချိုင်းရောက်တော့ မြေပိုင်
ရှင် ဦးပု ဆိုတဲ့ ခပ်ကြီးကြီး အုတ်ဂူကြီးမှာ
ကျုပ်က ထမင်းပွဲပြင်ပြီး မဖဲဝါကို ပင့်တယ်။
ဒေါ်ဆိတ်မက ဂူရှေ့မှာ မတ်တတ်ရပ်လျက်
ကနေ လက်အုပ်ချီပြီး ငြိမ်နေတယ်ဗျ။ ဆံ
ပင်တွေကိုတော့ ဖားလျားချထားတာပေါ့ဗျာ
“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ အလွန်အရေး
ကြီးတဲ့ကိစ္စမို့ ကျုပ်တာတေက ပင့်ဖိတ်တာ
ပါဗျာ။ စားပွဲ သောက်ပွဲနဲ့လည်း ကြိုပါတယ်
မဖဲဝါ ကြွပါဗျာ၊ ကြွပါ”
ဟော ဒေါ်ဆိတ်မ ဆတ်ကနဲ
တုန်သွားတယ်ဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”
မဖဲဝါရဲ့ ခွေးကြီးအသံကို ကျုပ် ကြားလိုက်
တယ်ဗျ။ တခြားသူတွေကတော့ ကြားပုံမ
ပေါ်ဘူးဗျို့။ ကျုပ်ကတော့ မျက်ကွင်းဆေး
ကွင်းထားတာကိုဗျာ။ ဟာ လာပြီဗျို့။
အရပ်ဆယ်ပေလောက်ရှိတဲ့ မဖဲဝါကြီး ဂူ
တွေပေါ်က ရှပ်ပြီး ပြေးလာတာဗျ။ ဝင်ပြီ။
ဒေါ်ဆိတ်မရဲ့ ကိုယ်ထဲကို မဖဲဝါဝင်သွားပြီ။
“ဟီး၊ ဟီး၊ ဟီး၊ ဟီး”
လက်ကြီးတွေ ကွေးကောက်လာပြီး ဂူကြီး
ပေါ်ကို ဒေါ်ဆိတ်မ ခုန်တက်သွားတယ်။
ဟော စားပြီဗျို့။ ကြက်သားတုံးကြီးတွေ
ကို အားရပါးရကို ကိုက်စားတော့တာပဲ
ဗျာ။ စားရင်းနဲ့ မဖဲဝါက ကျုပ်ကို လှမ်း
ကြည့်တယ်။
“ဒီလိုပါ မဖဲဝါ…”
ကျုပ်က ကိုဆင်ပေါက် သေတာကစပြီး ည
ဘက်လိုက်ပြီး သွေးစုပ်တဲ့အထိ ပြောပြ
လိုက်တယ်။ မနေ့ညက ရဲတွေသေနတ်နဲ့
ပစ်တာပါ ပါတာပေါ့ဗျာ။
“တာတေ တိုက်တိုက်ဆိုင်ဆိုင် အကုသိုလ်
ကြီးတဲ့ ဆင်ပေါက်က နေကြတ်တဲ့အချိန်မှာ
ရုတ်တရက် သေသွားတယ် ဒီလို နေအကြာ
ကြီးကြတ်ရင် သွေးစုပ်တဲ့ သရဲတွေက ထွက်
လာတတ်ကြတယ်၊ အခုလည်း ဆင်ပေါက်
ဝိညာဉ်ချုပ်ကာနီးမှာ သူအနားကို ရောက်နေ
တဲ့ သွေးစုပ်တဲ့သရဲက သူ့ကိုယ်ထဲကို ဝင်သွား
တာ၊ အဲဒါ ဆင်ပေါက် မဟုတ်တော့ဘူး၊ ဒီည
သန်းခေါင်ကျော်ရင် ထွက်လာလိမ့်မယ့်၊ တံ
စူးဝါးကို ချွန်မြ ရင်ဝကို စိုက်လိုက် သွေးစုပ်
သရဲ သေသွားလိမ့်မယ်၊ နှလုံးကို တည့်တည့်
ချိန်ပြီးထိုး ပြီးရင် ချက်ချင်း မီးသင်္ဂြု ိဟ်ပစ်
လိုက် ကြားလား”
“ကြားပါပြီ သင်္ချိုင်းရှင်မကြီး”
အားလုံး စားသောက်ပြီးတော့ မဖဲဝါ ပြန်
သွားရောဗျို့။သတိလစ်သွားတဲ့ ဒေါ်ဆိတ်မ
ကိုကျုပ်နဲ့ ကိုကြီးမြဖေက ပွေ့ထူပြီး ရေနဲ့
တောက်တော့မှ ဒေါ်ဆိတ်မကြီး သတိရလာ
တာပေါ့ဗျာ။ ကျုပ်တို့အားချင်းစီစဉ်ရပြီပေါ့
ဗျာ။ ဟင်္သာနဲ့ ကာလသားတစ်ယောက်က
ဒေါ်ဆိတ်မကို ခေါ်ပြီး ရွာပြန်တယ်။
ခဏကြာတော့ တံစူးဝါးကို ချွန်ပြီး ယူလာကြ
တယ်။ တံစူးဝါးက ဝါးအစိမ်းကြီး ရှိသေးတာ
ဗျ။ လှံသွားလိုကို ချွန်မြနေတာ။ ကျုပ်တို့အား
လုံး ပုန်းပြီး နေရာယူကြတယ်။
ကျုပ်ကတော့ ကိုဆင်ပေါက်ရဲ့မြေပုံနဲ့ မနီး
မဝေးက ဘိစပ်တောလေးထဲမှာ တံစူးဝါး
ကိုင်ပြီး ပုန်းနေရပေါ့ဗျာ။ ပုဆိုးကိုလည်း
ခါးတောင်း ကျိုက်ထားရတာဗျ
“ဖျန်း၊ ဖျန်း၊ ဖျန်း၊ အား၊ အား၊ အား”
ဟော ကျီးကန်းတွေ လန့်ပြီး ပြိုကုန်ပြီဗျို့။
သွေးစုပ်ကောင်ကြီး ထွက်လာတော့မယ်
ထင်တယ်။ ဟော မြေပုံကြီး ကြွတက်လာ
ပြီ၊ ဟော မြေပုံအလယ်တည့်တည့်က ကွဲ
ထွက်သွားပြီဗျို့။ ဟော ထွက်လာပြီ၊ ထွက်
လာပြီ။ သွေးစုပ်ကောင်ကြီး ထွက်လာပြီ။
ပထမတော့ ခေါင်းလေး ပေါ်လာတယ်။
နောက်တော့ ကိုယ်လုံးကြီးပါ ပေါ်လာတာ
ဗျ။ ဟော ထပြီ၊ ထပြီ၊ မတ်တတ်ကြီး ရပ်
လိုက်ပြီဗျို့။
ဟာ ကောင်းကင်ကို မော့ကြည့်ပြီး ပါးစပ်
ကြီး ဟထားတယ်ဗျ။ အောင်မယ်လေး အ
စွယ်ကြီးတွေမှ အရှည်ကြီးတွေဗျာ ဖွေးနေ
တာပဲ။
ကျုပ်လက်ထဲက တံစူးဝါးချွန်ကို လက်ထဲ
မှာ တင်းနေအောင် ဆုပ်လိုက်တယ်၊ ကဲ
ကျုပ် ပုန်းနေရာကနေ ဆတ်ကနဲ ထလိုက်
ပြီ။ သွေးစုပ်ကောင်ကြီးက ခေါင်းကြီးမော့
ပြီး ကောင်းကင်ကို ကြည့်နေတော့ ကျုပ်
ကို မမြင်ဘူးဗျ။ ကျုပ် ဘိစပ်တောထဲကနေ
ခုန်ထွက်လိုက်ပြီ။ ကျုပ် တစ်ရှိန်ထိုးပြေးပြီ
သွေးစုပ်ကောင်ရဲ့နှလုံးတည့်တည့်ကို မဖဲ
ဝါပြောတဲ့အတိုင်း တစ်ကိုယ်လုံး အားနဲ့ ထိုး
စိုက်ချလိုက်တယ်။
“အား”
အသံနက်ကြီးနဲ့ ကြုံးအော်လိုက်တဲ့ သွေးစုပ်
ကောင်ကြီးရဲ့အသံဟာ သင်္ချိုင်းတစ်ခုလုံး ဖုံး
သွားတော့တာပေါ့ဗျာ။ သွေးစုပ်ကောင်ရဲ့ ရင်
ဝမှာ စိုက်ဝင်နေတဲ့ တံစူးဝါးကို ပြန်မနှုတ်ဘဲ
ထပ်ပြီး ဖိသွင်းလိုက်တယ်။
“အား၊ အား”
သွားပြီ။ မျက်လုံးကြီးပြူးပြီး ဒူးထောက်လျက်
ကြီး ကျသွားပြီ။ ကျုပ်ကလည်း တံစူးဝါးကို
ဖိပြီး ထိုးထားတုန်းပဲဗျ။
“အား၊ အား”
နောက်ဆုံးတော့ သွေးစုပ်ကောင်ကြီး အသံ
တိုးတိုးလေးပဲ အော်နိုင်တော့တာပေါ့ဗျာ၊
ဟော ငြိမ်သွားပြီဗျို့။
ကျုပ်လည်း ဒူးကြီးထောက်လျက်သားနဲ့ ငြိမ်
နေတဲ့ သွေးစုပ်ကောင်ကို နောက်ကို တွန်း
လှဲချလိုက်တယ်။
သွားပြီဗျ၊ ဒီတစ်ခါတော့ တကယ်သွား
တာဗျ၊ မနေ့က ညက သေနတ်နဲ့ ပစ်
တုန်းက မသေတော့ မြေကြီးထဲကို ပြန်
ဝင်သွားတယ်။ ခုတော့ မြေကြီးထဲကို
မဝင်နိုင်တော့ဘူးပေါ့ဗျာ။
“ကဲ မီးသင်္ဂြု ိဟ်ဖို့ လုပ်ကြဟေ့”
ကျုပ်က အော်ပြောလိုက်တော့မှ ကိုကြီးမြ
ဖေနဲ့ ကာလသားတွေ ထွက်လာကြတယ်၊
သင်္ချိုင်းဇရပ်ပေါ်မှာ အဆင်သင့်ရှိနေတဲ့
ထင်းတုံးတွေကို ဝိုင်းသယ်ပြီး မီးဖိုကြတာ
ပေါ့ဗျာ။ မီးဖိုပြင်ပြီး တစ်နာရီလောက်ကြာ
တော့ သွေးစုပ်ကောင်ကို ကျုပ်တို့တွေ
ဖုတ်သွင်းသင်္ဂြိုဟ်လိုက်ကြတာပေါ့ဗျာ။
တစ်စမကျန် ပြာဖြစ်သွားတော့မှ ကျုပ်တို့
ဆပ်သမြှောင်ကို ပြန်ခဲ့ကြတာပါ။
ရွာရောက်တော့ အားလုံးဝမ်းသာအားရနဲ့
သွေးစုပ်ကောင်အကြောင်းကို ပြောကြ
ဆိုကြတာ မိုးကို စင်စင်လင်းရောဗျာ။
နောက်တစ်နေ့မှာ ကိုကြီးမြဖေနဲ့ ဟင်္သာ
က ကျုပ်ကို လှည်းနဲ့ လိုက်ပို့ကြတယ်လေ။
ပြီးပါပြီခဗျာ
‘ငရဲခွေးကြီးတွေနဲ့ မဖဲဝါ ‘စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။