အကုသိုလ်ရဲ့အဆုံးသတ်(စ/ဆုံး)
————————————
ချောင်းကုန်းရွာ…။
နွေဂိမာန်ကား အပူတပြင်းနဲ့ ရာသီတပတ်လည်တော့မည်ဖြစ်သည်။နွေအကုန် ဆောင်းအကူး မြောက်လေရူးတို့လဲ လာချေပြီ..နှင်းမှုန်နှင်းစက်တို့သည်လဲ ဣနြေ္ဒရရနဲ့ နံနက်ခင်းကို အလှဆင်နေကြတော့သည်။
တောရွာဓလေ့ နံနံမလင်းမီက ဆွမ်းထမင်းဆွမ်းဟင်းချက်ပြုတ်ပြင်ဆင်နေကြတော့သည်။အာရုံဦးလာလျင် အာရုံဆွမ်းအတွက် ပြင်ဆင်ကပ်လှူကြရသည်။ကိုရင်နဲ့ကျောင်းသားတွေကလဲ စည်းကမ်းတကျနဲ့ရွာဦးကျောင်းရှိ ဝေယျာ၀စ္စမှန်သမျှကို အပေးအယူမျှတစွာဖြင့် လုပ်ကိုင်ကြလေသည်။
ရွာဦးကျောင်းဆရာတော်၏ ဆုံးမမှုကြောင့် ရွာသူရွာသားများမှာ သားသတ်၍စီးပွားရှာခြင်းကို ရှောင်ကြဉ်ကြလေသည်။သားကြီးငါးကြီးများစားသောက်ခြင်းကိုလဲ ရှောင်ကြဉ်ကြပီး ဘုရားသွားကျောင်းတက်သာ များကြလေသည်..။
လောကသဘာ၀ဆိုသည်က အလင်းရှိရင်အမှောင်၊အကောင်းရှိရင်အဆိုး၊အမြတ်ရှိရင်အယုတ်စသဖြင့် ဒွန်တွဲနေကြရာ ချောင်းကုန်းရွာရှိလူအများမှာဘာသာတရားနဲ့ပျော်မွေ့ကြသော်လည်း..ရွာအနောက်ပိုင်းတွင် ခြံကျယ်ကြီးနဲ့နေသော သာဒင်ကတော့ ၀က်သတ်ခြင်းအလုပ်နဲ့စီးပွားရှာလေသည်။
သာဒင်သည် ချောင်းကုန်းရွာသားစစ်စစ်ဖြစ်သည်..ငယ်ကတည်းကပင် သူများအသက်ကို သတ်ရတာဝါသနာကြီးသူဖြစ်လေသည်..လေးခွတစ်လက်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားပီး တွေ့သမျှ ငှက် ကြက် ကြောင် ခွေး တစ်ကောင်မှမလွတ်အောင် လိုက်ပစ်လေ့ရှိသည်..။ထို့ကြောင့် သာဒင့်မိဘများက လိမ္မာရေးခြားရှိအောင် သူ့အသတ်ကို မသတ်ချင်စိတ်ရှိလာအောင် ရည်ရွယ်ချက်ဖြင့် ရွာဦးကျောင်းဆရာတော်ထံ သွားရောက်အပ်နှံကြလေသည်..။
သာဒင်ကား ဘုရားစကားတရားစကားကို နားထောင်၍မရချေ..နားထဲသံရေပူလောင်းနေသလိုပင်ဖြစ်နေလေသည်။ဆရာတော့်ကြိမ်လုံးကြောက်၍သာငြိမ်နေခြင်းဖြစ်လေသည်..။တစ်ရက်တွင်တော့ ကျောင်းနောက်ဘက်ဝါးရုံထဲတွင် ခွေးမကြီးတစ်ကောင် သားပေါက်လေသည်..ခွေးမကြီးကား သာသနာ့နယ်မြေဖြစ်သောကြောင့် စိတ်ချလက်ချရှိနေတော့သည်..။ကိုရင်များကျောင်းသားများကျွေးသော ထမင်းကျန်ဟင်းကျန်များကိုစားသောက်ရသောကြောင့် မိခင်ခွေးမကြီးနဲ့ခွေးကလေးများမှာ ၀ဖီးနေကြတော့သည်..။
“သာဒင်ရေ ..သာဒင်”
“ဘုရာ့”
“စာအံပီးရင် ကျောက်နောက်က ကန်ထဲရေဖြည့်ထားချေ”
“တင်ပါ့ဘုရား”
ဦးဇင်းရှင်သောဘိတလဲ သာဒင်ကိုမိန့်မှာပြီးနောက် ဆရာတော်ရှိရာ သိမ်ကျောင်းထဲသို့ ၀တ်ပြုရန် ၀င်ရောက်သွားတော့သည်..။
“ဟား..ပျင်းစရာကြီးကွာ..စာလဲမကျက်ချင်ဘူး..ဒီချိန်ဆို အရီးစိန်တို့ခြံထဲ သနပ်ခါးပင်အသီးမှည့်နေလောက်ပီကွ..ငှက်တွေအစုံလာစားကြမှာ..တောက်…သွားပစ်ရရင်တော့ကွာ”
သာဒင်ကားတတွတ်တွတ်နှင့် မကျေမချမ်းရေရွတ်ရင်း ကျောင်းနောက်သို့ ရေဖြည့်ရန်ထွက်လာတော့သည်..။
“ဂီး..ဝုတ်..ဝုတ်”
“ဟ..ခွေးပေါက်စအသံတွေပဲ..ဘယ်မှာပါလိမ့်”
သာဒင်လဲ ခွေးသားပေါက်တွေဆီသွားရန်ပြင်နေတုန်း ခွေးမကြီးကား ရန်သူအထင်နဲ့ ပြေးလာပီး ဟောင်တော့သည်..။
“ဝုတ်..ဝုတ်..ဝုတ်..”
“တောက် ဒီခွေးတော့သေဖို့သာပြင်ထား”
သာဒင်လဲရေဖြည့်ပီးတာနဲ့ သူ့အိပ်ရာကိုပြန်ခဲ့တော့သည်..ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ကား မကြံစည်အပ်သော အမှုကိုပြုလုပ်ချေတော့မည်..အိပ်ရာအောက်ရှိ လေးခွကို ယူပီးကျောင်းဘေးဘက်ကို လျှောက်လာခဲ့သည်..။
“တွေ့ကြရောပေါ့ကွာ”
ကျောက်ခဲလုံးအနေတော်တွေကို ကောင်ရင်း ကြိမ်းဝါးနေလေသည်..။အားလုံးစုံတော့ ကျောင်းနောက်ဘက်ကို လျှောက်လာပီး ခြုံဘေးတွင်ပုန်းနေတော့သည်..။ခွေးမကြီးကားခွေးပေါက်လေးများကို နို့ချိုတိုက်နေလေသည်..။သာဒင်လဲ ဘာကိုမှမစဉ်းစားတော့ချေ..မြင်နေရသော ခွေးမကြီးနှင့်သူ့ကလေးများကို လေးခွနဲ့ တရစပ်ပစ်တော့သည်..။
“ဂိန်..ဂိန်..ဂိန်..”
သာဒင်လဲပစ်လို့အားရတော့ ကျောင်းထဲပြန်ပြေးခဲ့တော့သည်..။ဒီနေ့ထူးထူးခြားခြား ထမင်းပုံတွေမလျော့သည်ကို တွေ့ရသည်..ခါတိုင်းချကျွေးလျင် အကုန်လာစားသော ခွေးမကြီးလဲမတွေ့ရသောကြောင့် ကိုရင်လေးတွေ မသင်္ကာတော့ပေ..ကျောင်းနောက်ဝါးရုံအောက်သို့သွားကြည့်ကြလေသည်..။ ခွေးမကြီးကား သာဒင်လက်ချက်ဖြင့် မျက်စိကန်းနေလေသည်..ခွေးပေါက်နှစ်ကောင်မှာလဲ ခေါင်းတွင်သွေးထွက်ပီး သေနေလေသည်..။
“ဆရာတော်ဘုရား …ဆရာတော်ဘရား”
ဆရာတော်ကြီးလဲ ဘုရား၀တ်ပြုရန်ပြင်နေရင်း ကိုရင်တွေခေါ်သံကြောင့် ကျောင်းအောက်ဆင်းလာခဲ့သည်..။
“ကိုရင်တွေ..ဘာလျှောက်စရာရှိလို့တုန်း”
“တင်ပါ့ဘုရား..ဝါးရုံအောက်မှာ သားပေါက်နေတဲ့ခွေးမကြီးမျက်စိကန်းနေပီဘုရာ့”
“ဟေ..”
“တင်ပါ့ ခွေးလေးနှစ်ကောင်လဲသေနေပါပီဘုရာ့”
သာဒင်ကားကြောက်ဒူးတုန်နေလေပြီ..ဆရာတော်သည်ကြိမ်လုံးကိုင်ပီး..သူ့အားရိုက်တော့မည်ဖြစ်သည်..။
“ဟဲ့..ငသာဒင်..တို့များက မကောင်းမှုရှောင် ကောင်းမှုဆောင်စေချင်လို့ သေချာထိန်းကျောင်းခဲ့ပေမဲ့ နင်က မွေးသန္ဓေ သေမှရပ်ဖြစ်နေတော့ နင့်မိဘအိမ်ပြန်ပေတော့”
သာဒင်လဲ ဆရာတော့ကြိမ်လုံးငါးချက်စားရပီးတော့ အိမ်ကိုပြန်လာရတော့သည်..။ဆရာတော်လဲသာဒင့်မိဘများကို မပြန်ခင်ခေါ်မိန့်လေသည်။
“ဟဲ့ ငကြွယ်..နင်တို့သား..သာဒင်ကို နိုင်အောင်ထိန်းကြဟဲ့..သူ့ရဲ့ဇာတာက သားသတ်ဝါသနာသိပ်ကိုကြီးလွန်းတယ်…တစ်ဘ၀စံဇာတာပဲဟဲ့ ထိန်းနိုင်သလောက်ထိန်းပေးကြ..မထိန်းနိုင်တော့ရင် ..သူ့ကံကသူ့ကိုပြန်ဒဏ်ခက်လိမ့်မယ်”
“တင်ပါဘုရား..တပည့်တော်တို့ သေသေချာချာ ထိန်းကျောင်းပါ့မယ်ဘုရား”
သာဒင်လဲ အိမ်ပြန်ရောက်သည်နှင့် လေခွကိုလွယ်ပီး..တစ်နေကုန်တစ်နေခန်း လျှောက်သွားနေတော့သည်..။ရလာသမျှ ငှက် ကြက်တွေကို လှည်လှီးသတ်ပီး ကင်စားလာသည်အထိ ကြမ်းတမ်းလာခဲ့သည်..။
“ဟေ့ကောင်..သာဒင်..မင်းဘာလို့သူများအသတ်လိုက်သတ်နေတာလဲ..မင်းကိုအငတ်ထားလို့လားကွ…ဟမ်”
“ဟာ..အဖေကလဲ သတ္တဝါဆိုတာ လူကချွတ်ရတာ..ကျနော်သတ်ပေးလိုက်တော့ မြန်မြန်ကျွတ်သွားတာပေါ့ဗျာ”
“ခွေးမသား..မင်းအလှည့်ကျမှကျွတ်မှာ”
သာဒင်ကားမည်သူမျှပြောမရချေ..လုပ်ချင်ရာလုပ်သည်..သွားချင်ရာသွားသည်..ယခုဆို သာဒင်အသက်နှစ်ဆယ်ထဲရောက်လာပီဖြစ်သည်..အရင်က ကြက်တွေငှက်တွေ သတ်ရာကနေ ရွာနီးနားက၀က်သတ်ရန်လာခေါ်ကြရင်း ၀က်သတ်သမားပင်ဖြစ်နေချေပီ။
သာဒင်ကားလက်ယဉ်သည်..တိုင်တွင်ချည်ထားသော၀က်ကို ခြေနှစ်ဖက် လက်နှစ်ဖက်သေချာ ချည်ထားသည်..ပြီးလျင် ၀က်ထိုးမှိန်းကိုမြနေအောင်သွေးထားသည်နှင့် နံကြားထဲတစ်ချက်ထဲထိုးလေသည်..။ အထိုးခံရသော ၀က်မှာမသေမရှင်ဖြစ်နေလေသည်..ထိုအချိန်တွင် ရှေ့လက်နှစ်ချောင်းကို ကြိုးဖြင့်ချည် အပေါ်ကိုဆွဲမြောက်ပီး ရေနွေးပွက်ပွက်ဆူဖြင့် ပါးစပ်ထဲသို့လောင်းချလေသည်…။
ဘေးမှကြည့်နေသောလူများပင် ကြောက်လန့်၍ထွက်ပြေးကြရလေသည်…။သာဒင်ကား သူများခေါ်မှ ၀က်သတ်ရသည်ကို အားမရတော့ချေ..ထို့အတွက် သူ့မိဘတွေထံ အမွေတောင်းလေသည်..
သားဆိုးမအေ တပေပေ ဆိုသောကြောင့်ဖအေလုပ်သူ ဦးကြွယ်က စွန့်လွတ်နိုင်သော်လဲ မအေလုပ်သူဒေါ်ကြည်ကတော့ မပစ်နိုင်ရှာသောကြောင့် ရွာနောက်ကခြံကိုအမွေအဖြစ်ပေးလိုက်တော့သည်..။
သာဒင်လဲခြံရပီဆိုလျင် ရွာစဉ်တစ်လျှောက်ရှိ ၀က်တွေကို စျေးကောင်းပေး၀ယ်ပီး ခြံထဲတွင်မွေးထားလိုက်သည်..။တပည့်တွေလဲပေါလာသလို ၀က်သတ်သည့်အလုပ်ကလဲ တစ်ရက်မပျက်ချေ..သတ်ပီးလျင် ၀က်သားဖောက်သည်တွေ လာယူကြသည်..သာဒင်ကိုယ်တိုင်လဲ ၀က်သားမပါလျင်ထမင်းမစားတတ်တော့ချေ..။
ချိန်ရာသီကား တစ်ချိန်ပီးတစ်ချိန်ပြောင်းလို့ သာဒင်ကားအသက်ငါးဆယ်ကျော်အရွယ်ပင်ရောက်လာခဲ့ချေပီ..မိဘနှစ်ပါးလဲ ဆုံးရှာလေပီ..သာဒင်လဲ သူ၏တပည့်ဖိုးခင်ရဲ့ ညီမနဲ့အိမ်ထောင်ကျပီး ခြေလက်မသန်သော သမီးလေးတစ်ယောက်ထွန်းကားလေသည်..။ဖိုးခင်ညီမ ခင်လှကား သူ့အကိုစနက်ကြောင့် ၀က်သတ်သမားမယားဖြစ်ရလေသည်..။ဘာသာတရားကို ငယ်ကတည်းကိုင်းရှိုင်းသူမို့ သာဒင်လုပ်သည့်အလုပ်ကို လာ၍ပင်မကြည့်ချေ..၀က်သားကိုကြိုက်လဲမကြိုက်သောကြောင့် စားလဲမစားချေ..။
သာဒင်ရှာပေးသော ငွေကိုလဲသူမ မသုံးပေ..စက်ချုပ်တတ်သောကြောင့် သူမရဲ့လုပ်အားခနှင့်သာ စားသောက်လေသည်..။သာဒင်၏နှစ်ထပ်အိမ်ကြီးပေါ်တွင်နေရသော်လဲ ဇနီးမယားအရာမမြောက်ချေ။ သူမအကိုဖိုးခင်ရဲ့ချောက်ချမှုကြောင့် သာဒင်ရဲ့အပျိုရည်ဖျက်ခြင်းကို ခံခဲ့ရပီး..လင်ကောင်မပေါ်မှာစိုး၍ အတင်းသိမ်းပိုက်ခြင်းကို ခေါင်းငုံ့ခံခဲ့ရခြင်းဖြစ်လေသည်..။
ယခု သမီးလေးမသန်မစွမ်းမွေးလာသည်ကလဲ သာဒင်ရဲ့အကုသိုလ်ကြောင့်ဖြစ်သည်ဟု မခင်လှတထစ်ချယုံကြည်လေသည်..။
“ဆရာသာဒင်..ကံဦးရွာကကိုငွေက
သူ့ ၀က်တစ်ခြံလုံးဖြုတ်ချင်တယ်တဲ့”
“အေး..ဖိုးခင်ရ..မင်းကြည့်ပြီး စီစဉ်လိုက်ကွာ..ခုနောက်ပိုင်း၀က်ကရှာမရတော့ဘူးဟေ့..မကွေ့ချောင်းကလဲ အချိန်တရာမှာထားတော့ ဟန်ကျတာပေါ့ကွာ”
“ဟုတ်ကဲ့ ဆရာ ကျနော်ကြည့်လုပ်လိုက်မယ်”
သာဒင်ဘ၀မှ ဦးသာဒင်ဘ၀သို့ကူးလာပီဖြစ်သလို..အသက်လဲ ငါးဆယ်ကျော်လာပီဖြစ်သည်..။ယခုချိန်ထိ ဘုန်းကြီးကျောင်းလဲ မသွားဖူးသလို ဆွမ်းလဲမလောင်းဖူးပေ..ဥပုပ်လဲမယူဖူးသလို သီလလဲမစောင့်ဖူးခဲ့သော ၀က်သတ်သမားတဖြစ်လဲ ဦးသာဒင်ပဲဖြစ်လေသည်..။
“ဆရာ..၀က်တစ်ခြံလုံးဖြုတ်ပီးပီ..တစ်ကောင်ပဲကျန်တယ်..ဆရာ..လုံး၀ချုပ်မရဘူး ရုန်းကန်အော်ဟစ်နေတယ်”
“တောက် မင်းတို့ကွာ..၀က်သတ်သမားလုပ်နေပီး..၀က်ကိုချည်မရ သတ်မရတာ မရှက်ဘူးလားကွ…ဘယ်မလဲအဲ့၀က်”
ဦးသာဒင်ကား နှောက်ပိုင်းတွင် မှိန်းဖြင့်ထိုး၍မသတ်တော့ချေ..ခြောက်ပေါင်တူကြီးဖြင့် ၀က်ရဲ့ငယ်ထိပ်ကို ထုသတ်လေသည်..။ယခုလဲ လက်စွဲတော် တူကြီးဖြင့်ခြံထဲ ဆင်းလာတော့သည်..။၀က်ကား၀က်သိုးကြီးဖြစ်သောကြောင့် ဒေါသကြီးလေသည်..အားလဲသန်လှသည်..ယခုလဲသူ့အားသတ်ရန်သိသည့်နှယ်အတင်းရုန်းကန်နေတော့သည်..။
“ဟေ့..စံလှ..ခြေထောက်ကို ရိုက်ချိုးစမ်း..
တော်တော်ဂျိုကြွနေတဲ့ကောင်”
၀က်သိုးကြီးမှာ ခြေထောက်တွင်တွင်ကျိုးပီမို့ မရုန်းနိုင်တော့ဘဲ အော်ဟစ်နေတော့သည်..။ဦးသာဒင်လဲ တူကြီးဖြင့်သေချာချိန်ဆပြီး ၀က်သိုးကြီးရဲ့ခေါင်းတည့်တည့်ကို ထုချလိုက်တော့သည်။ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော ၀က်ကိုကြိုးဖြင့်တွဲလောင်းချထားပီး ရေနွေးလောင်းရန်ပြင်လေသည်..။
“ကဲ့..စံလှတို့ ရေနွေးနဲ့ပါးစပ်ထဲလောင်းထည့်ဟေ့”
စံလှတို့လဲ ရေနွေးပွက်ပွက်ဆူဖြင့် လောင်းထည့်လိုက်ကြသည်..ထိုစဉ်မမျော်လင့်ဘဲ ၀က်သိုးကြီးမှာ နောက်ဆုံးအားနဲ့ရုန်းလိုက်လေရာ ကြိုးကိုခံထားသော သံချွန်သည် ပြုတ်ကြပီး ဦးသာဒင်၏ခြေဖမိုးထဲ ဖောက်၀င်သွားတော့သည်..။
“အား..ဟေ့ကောင်တွေမြန်မြန်ထုတ်ကြစမ်း..အား”
ဆေးဆရာလဲလက်မြှောက်ချေပီ..အနာကား ယောင်ကိုင်းပီး ပြည်တည်နေပြီ ဖြစ်သည်..ဘာဆေးထိုးထိုး လျော့သည်ဟူ၍မရှ်ိပေ..တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးလာတော့သည်..။
“ဦးသာဒင်..ခများထမင်းရှောင်ရမယ်..ဆန်ပြုတ်လေးသောက်ပီးဆေးပုံမှန်သောက်ဗျာ..ထမင်းစားရင်အနာက ပိုယဉ်းလာလိမ့်မယ်..”
ဦးသာဒင်တစ်ယောက် မကောင်းမှု အကုသိုလ်ရဲ့ အကျိုးပေးကိုစတင်ခံစားရတော့မည်ဖြစ်သည်..။
“အကိုသာဒင်..ဆန်ပြုတ်လေး..”
“ဝုန်း..ဂလွမ်း..”
“အို..”
“ခင်လှ..၀က်သားစားချင်တယ်..၀က်သားစားမယ်..”
“၀က်သားဟင်းမရှိဘူး .. အကိုသာဒင်
ရှင်နေမကောင်းထဲက တစ်ခါမှမချက်ဘူး..ခင်လှတို့သားအမိက ၀က်သားမှမစားဘဲ”
“တော်စမ်း..နင်တို့မစားပေမဲ့ ငါစားတယ်ဟေ့..၀က်သား..၀က်သားဘယ်မှာလဲ”
ဦးသာဒင်အကြည့်က နံရံမှာချိတ်ထားသော လှံရှည်ထံရောက်လေသည်..လှံကိုဆွဲယူပီး ခြံအောက်ကိုခြေထော့နဲ့နဲ့ဖြင့်ဆင်းလာတော့သည်..။ခြံထဲက ၀က်ခြံထဲတွင် သားပေါက်ထားသည့် ၀က်မသာရှိလေသည်..သူ့ကလေးများကိုနို့တိုက်ပီး အန္တရာယ်ကို မသိမမြင်ချေ..။ဦးသာဒင်လဲ ၀က်ခြံထဲ၀င်ပီး ၀က်ထိုးရန်ကြည့်လေရာ တစ်ကောင်မှ မတွေ့ရဘဲ နို့တိုက်နေသော ၀က်မကြီးနဲ့ ၀က်ခလေးတွေသာတွေ့ရလေသည်..။ အချိန်ဆွဲမနေတော့ဘဲ လက်ထဲကလှံဖြင့် နို့စို့နေသော ၀က်သားပေါက်ကို ထိုးလိုက်တော့သည်..။
“အစ်..အစ်..”
သွေးသံရဲရဲနှင့် ၀က်သားပေါက်အား ယူ၍အိမ်ပေါ်သို့တက်လာတော့သည်..။
“ဟေ့..ခင်လှ..ခင်လှ..တောက် ဒီမိန်းမ”
ခင်လှကား သာဒင်မူမမှန်တော့မှန်းသိ၍ ရွာထဲသို့ပြေချေပီဖြစ်သည်..။သာဒင်လဲ၀က်ကလေးအား ခုတ်ထစ်ပြီး ချက်ပြုတ်လေသည်…။
“အား..ကျွတ်..ကျွတ်..ဒီခြေထောက်လဲဖြတ်ပစ်ရတော့မယ်..တောက်”
သားဒင်လဲကျက်သည်ထိမစောင့်နိုင်တော့ဘဲ ထမင်းပန်ကန်ထဲ ၀က်သားဟင်းကိုထည့်ပီးစားတော့မည်ဟု ပါးစပ်ထဲထည့်လေသည်..။
“ဂစ်..”
လည်ချောင်းထဲတစ်ခုခုဆို့နေသလိုဖြစ်နေ၍ဆွဲထုတ်ကြည့်လိုက်ရာ ၀က်မြှီးတစ်ချောင်းထွက်လာပီး လှုပ်နေတော့သည်..။မျက်စိထဲတွင် ၀က်တွေအုပ်လိုက်သူ့ကို လာထိုးနေကြလေသည်..တစ်ခြံလုံးလဲ ၀က်တွေပြည့်နေသလိုမျိုး မြင်နေရတော့သည်..။
“အား..ကယ်ကြပါအုန်း..၀က်တွေလိုက်ပက်နေပီ..အား”
သာဒင်အော်သံကြောင့် တစ်ရွာလုံးပြေးလာကြသည်..။သာဒင်ကား ၀က်အော်သလိုအော်ပြီး ခြံထဲတွင်ပတ်ပြေးနေသည်..။ ပါးစပ်ကလဲ ၀က်အော်သံတွေ ထွက်ပီး သရေတွေလဲကျနေတော့သည်..။
“အား..ခွေးတွေလာပြီ ..ခွေးတွေကိုက်နေပီ..အား..”
ထိုအချိန်တွင် သာဒင်သည်ငယ်ငယ်ကထိန်းကျောင်းဆုံးမခဲ့သော ရွာဦးကျောင်းဆရာတော်၏စကားနှင့်သူ့အဖေရဲ့စကားကိုပြန်ကြားယောင်လာတော့သည်..။
“မွေးသန္ဓေ သေမှရပ်မှအမျိုး”
“ခွေးမသား..မင်းအလှည့်ကျမှကျွတ်မှာ”
၀က်သတ်သမားကြီး ဦးသာဒင်ခြံထဲတွင် ၀က်လိုအော်ပြီး ၀က်လိုပြေးနေကြောင်းကြားရသောကြောင့် ဆရာတော်ကြွလာတော့သည်..။
“ကဲ..ဒီတိုင်းကြည့်နေလို့မပီးဘူးကွဲ့..ဒကာသာဒင်ကို ဝိုင်းဖမ်းကြပီး သူ့အိမ်ပေါ်ကိုပို့ကြဟေ့”
“မှန်ပါ ဘုရား”
ယခင်က ရွာဦးကျောင်းဆရာတော်ကား ပျံလွန်ခဲ့ပီဖြစ်သည်..။ယခုကြွလာသော ဆရာတော်သည် သာဒင်ကျောင်းမှာရှိတုန်းက ဦးဇင်းအရှင်သောဘိသပင်ဖြစ်သည်..။ ရွာသားတွေလဲ သာဒင်ကိုဝိုင်းဖမ်းပီး ခြေထောက်ကို ကြိုးဖြင့် မပြေးနိုင်စေရန်တုပ်ထားကြသည်..။
“အား..ကြောက်ပါပီ..မလုပ်ကြပါနဲ့.. အား..ခွေးတွေလာနေပီ ..ကိုက်တော့မယ် ..အား..”
ဆရာတော်လဲသာဒင့်အိပ်ရာထက်တွင်ထိုင်ပီး တရားဓမ္မတွေဟောကြားပေးလေသည်..သာဒင်ကားမြင်ရသည် မကြားရတော့ပေ..သူ့နားထဲ ၀က်အော်သံတွေ ခွေးကြီးတွေမာန်ဖီသံသာကြားနေရတော့သည်..။အစာလဲမ၀င် ရေလဲချုပ်ပီးတိုက်မှသာ အနည်းငယ်၀င်တော့သည်မို့ ပိန်၍ခြောက်လာတော့သည်..။
၀က်လိုအော်လိုက် ခွေးမောင်းလိုက်နဲ့တစ်ပတ်လွန်တော့ သာဒင်ငရဲနိမိတ်နဲ့မျောနေတော့သည်..။လူသာမာန်တို့ကား အဘိဓမ္မာသဘောအရဆိုလျင် ကာမဇောတို့သည် ပကတိအခါတွင် ၇ကြိမ်(သို့)၆ကြိမ်စောလေသည်..။ယခုဦးသာဒင်သည် သေငယ်ဇောနှင့် မရဏကာလရောက်လေပီဖြစ်သောကြောင့် ကာမဇောတို့သည် ၅ကြိမ်သာစောတော့လေသည်။
သေငယ်ဇောဖြင့်မိန်းမောနေသော ဦးသာဒင်၏မျက်လုံးထဲတွင်တော့..ဆီပူအိုးကြီးကား ဆူပွက်နေတော့သည်..ထိုအိုးထဲတွင်တော့ လူပေါင်းများစွာတို့သည် အကြော်ခံနေကြရလေသည်..။
ဦးသာဒင်လဲငရဲနိမိတ်ဖြင့်သေလေတော့သည်..ဦးသာဒင်သေသည်နှင့်ခြံထဲရှိ၀က်များမှာ ကျယ်လောင်စွာအော်ဟစ်ကြတော့သည်..။
“ကဲ..ခင်လှရေ..နင်လဲမြင်တဲ့အတိုင်းပဲ..
သာဒင်လဲသေပီ..အဲ့တော့ နင်တို့ခြံထဲက ၀က်တွေအကုန်လုံးကို လွတ်ပေးလိုက်ပါကွယ်”
“ဟုတ်ကဲ့ပါ ..အဘိုးကွန့်..ကျမလဲ တော်တော်ကြောက်လှပါပီရှင်..ကောင်းသလိုသာ စီမံကြပါ..”
ဦးသာဒင်ရဲ့အဖြစ်အပျက်ကိုမြင်ကြပြီးတဲ့နောက် သတိသံဝေဂတွေနဲ့ ချောင်းကုန်းရွာကရွာသူရွာသားတွေလဲ ၀က်သားစားခြင်းကို ရာသက်ပန်စွန့်လွတ်လိုက်ကြလေတော့သည်..။
မိုးငွေ့(ဗန်းမော်)
ကျေးဇူးတင်ပါတယ်ခဗျ။