အင်းချပ်ပြားလေးတစ်ချပ်

*ဘွားမယ်စိန်နှင့် အင်းချပ်ပြားလေးချပ်*📖📖📖

**********************************

စဆုံး

“ဘွား…သမီးရွာထဲခဏအလည်သွားဦးမယ်”

ဘွားမယ်စိန်ကွပ်ပျစ်ခင်း၌ထိုင်၍ဆေးလိပ်ဖွာနေစဥ်
နန်း​ကြိုင်လေးကရောက်လာပြီးပြောလိုက်ခြင်းဖြစ်သည်။
ပြောသည်ဆိုတာထက် ခွင့်တောင်းခြင်းဖြစ်၏။
ဘွားမယ်စိန်ကဆေးလိပ်ငွေ့များကိုပါးစပ်အတွင်းမှ
မှုတ်ထုတ်လိုက်ပြီးနန်းကြိုင်လေးကို
ခြေဆုံးခေါင်းဆုံးကြည့်နေခဲ့သည်။
ပြီးလေတော့မှ…

“ညနေတောင်ရောက်တော့မယ်ကွယ်…
အခုကသွားလည်မှာလားဆော့မှာလား…”

“ဟီး…ဆော့မလို့ဘွား…”

“ဘယ်ကိုသွားဆော့မလို့တုန်းမြေးရဲ့…”

ဟုမေးလေတော့ နန်းကြိုင်ကခေါင်းကိုတဗျင်းဗျင်းကုပ်၍…

“မိသေးတို့နဲ့ ထုပ်ဆီးတိုးတမ်းဆော့ဖို့ပြောထားလို့ပါဘွားရဲ့..
အဲ့တာအမေက ဘွားခွင့်ပြုမှသွားရမယ်ဆိုလို့”

ဟု…စကားကိုမရဲတရဲလေးပြောလိုက်သည်။
ဘွားမယ်စိန်က သောက်လက်စပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
အုန်းခွက်ထဲသို့ထည့်လိုက်ပြီး…

“ရေချိုးပြီးပြီလား”

“နေ့လယ်ကချိုးထားတယ်လေ”

“ဒါဆိုရင်ခေါင်းဘီးနဲ့ အုန်းဆီသွားယူခဲ့ချည်…
ငါ့မြေးဆံပင်တွေကရှုပ်ပွနေတာပဲကွယ်…”

“ဟုတ်ကဲ့”

ဘွားမယ်စိန်ကဘီးနဲ့အုန်းဆီယူခိုင်းတော့
နန်းကြိုင်တစ်ယောက်
အိမ်အပေါ်ထပ်ရှိ သနပ်ခါးလူးရာသို့သွားလေသည်။
ဒေါ်ဝင်းကလည်းမီးဖိုထဲမှထွက်လာပြီး
ကွပ်ပျစ်ခင်း၌ဝင်ထိုင်၏။
ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ရင်း…

“အမေ့မြေးကိုကျုပ်ရေချိုးပြီးကတည်းက
ခေါင်းလေးသေချာဖြီးဖို့ပြောပါတယ်တော်…
ကလေးမလေးက အခုတလောပြောလို့ကိုမကောင်းဘူး”

ဟု…ငြီးလေသည်။

“အိုအေ…ကလေးပဲ…
လာမြေး…”

ဟုဆိုကုနန်းကြိုင်​လေးကိုဘွားမယ်စိန်က
သူ့အနားသို့ခေါ်လိုက်သည်။
နန်းကြိုင်လေး၏ဆံပင်များကကျောလယ်သို့
မရောက်တရောက်လေးရှည်နေ၏။
ဘွားမယ်စိန်ကအုန်းဆီများကိုနန်းကြိုင်၏ခေါင်းအထက်သို့
ပွတ်လိမ်းပေးလိုက်သည်။
ဦးရေလေးအေးစေရန်လည်း ဆုပ်နယ်လို့ပေးရှာသေးသည်။
ပြီးလေတော့မှ ဝါးဘီးလေးဖြင့်ရှင်းလင်းဖြီးသင်ပေးလိုက်၏။

“ကဲ…ဆံစည်းကြိုးလေးပေး”

ဟု…တောင်းလေတော့နန်းကြိုင်ကလက်၌
ကိုင်ထားသောချည်ကြိုးပန်းရောင်ဆံစည်းကြိုးလေးအား
ပေးလိုက်​လေသည်။
မြေးဖြစ်သူကိုဆံစည်းကြိုးလေးစည်းပေးရင်း…

“မိန်းကလေးဆိုတာ ဆံပင်စုတ်ဖွားကြီးနဲ့
မနေရဘူးမြေးလေးရဲ့…
မိန်းကလေးတွေရဲ့ဘုန်းကံဆိုတာဆံပင်မှာရှိတာကွဲ့…
ဆံပင်ဖျားလျားကြီးလည်းမချကောင်းဘူး…
ဟောအခုလိုနေစောင်းတော့မယ့်အချိန်ဆိုရင်
ဆံပင်ဖျားလျားချပြီးရွာထဲသွားလာမိရင်
မတော်လို့ တစ္ဆေ၊မှင်စာ ၊မကောင်းဆိုးဝါးတွေက ဆံပင်မှာ
တွယ်ပြီးလိုက်လာတတ်တယ်ကွဲ့…”

“ဟင်…မကောင်းဆိုးဝါးတွေကဆံပင်မှာ
ဘယ်လိုများလိုက်လာတာလဲဘွား”

နန်းကြိုင်လေးကမျက်လုံးလေးပြူးပြီးမေးလေသည်။

“အိုမြေးရယ်…
မကောင်းဆိုးဝါးတွေဆိုတာ
အသွင်အမျိုးမျိူးပြောင်းလို့ရတယ်ကွဲ့…
မြေးလေး နားရှင်းအောင်ပြောပြရမယ်ဆို…
ပုရွတ်ဆိတ်လေးကနေ ဟောဆင်ကြီးလောက်အထိကို
ပြောင်းနိုင်ကြတယ်ကွဲ့…
အဲ့တာမလို့မြေးလေးကိုဆံပင်ကိုသေသေသပ်သပ်လေး
ဖြီးသင်ဖို့ဘွားကပြောနေရတာပေါ့…”

ဟု…ဘွားမယ်စိန်ကပြောလေတော့မှ
နန်းကြိုင်ခေါင်းကိုညိတ်၍…

“သမီးနောက်ရက်တွေခေါင်းသေချာဖြီးပါ့မယ်”

“အေး…ကောင်းတာပေါ့မြေးရယ်…
ဘွားတို့မြို့တက်ရင်လည်းမြေးလေးအတွက်
ဆံစည်းကြိုးလှလှလေးတွေဝယ်ပေးပါဦးမယ်…
ကဲ…ကဲ…ဆော့မှာဆိုရင်သွားဆော့ချည်တော့…”

“ဟုတ်ကဲ့ဘွား”

နန်းကြိုင်လေးက ကွပ်ပျစ်ခင်းပေါ်မှဆင်း၍
ရွာထဲသွားဖို့ဟန်ပြင်လေသည်။

“ထမင်းစားချိန်အမှီပြန်ခဲ့နော်သမီး…”

ဟုဒေါ်ဝင်းကပြောတော့

“ဟုတ်အမေ…”

ဟုပြောကာခြံထဲမှပြေးထွက်သွားတော့သည်။
ဘွားမယ်စိန်တို့သားအမိကတော့
နန်းကြိုင်လေးကိုလှမ်းကြည့်ရင်းပြုံးနေခဲ့ကြလေသည်။

“သြော်…သံယောဇဥ်ဆ်ိုတဲ့ အမျိုးကလည်း
အတော်ထူးပါလားနော်…”

ဟု…ဘွာမယ်စိန်သည်နှုတ်မှ တိုးတိတ်စွာ
ပြောလိုက်လေသည်။

ထိုစဥ် မောင်တိုးတစ်ယောက်ခြံဝိုင်းထဲသို့
ဝင်လာခဲ့၏။

“ဟဲ့မောင်တိုး…နင်ဘာဖြစ်လာတာလဲ”

ပုဆိုးကိုခါတောင်းကျိုက်ထားပြီးအပေါ်ပိုင်းအဝတ်ဗလာဖြင့်
ရောက်လာသောမောင်တိုးကိုဒေါ်ဝင်းကမေးလိုက်သည်။
မောင်တိုးမျက်နှာအထက်နှင့်ကျောများမှာလည်း
ချွေးများကစိုကာရွဲလို​နေ၏။
ဒေါ်ဝင်းအမေးကိုမောင်တိုးကမဖြေသေးဘဲ
ရေအိုးစင်မှရေကိုအုန်းမှုတ်ခွက်လေးဖြင့်
အရင်ခပ်ကာသောက်လိုက်သေးသည်။
ပြီး​လေမှ…

“ကျုပ်က ခြင်းခတ်နေရင်းကနေ သတိပေါ်လာလို့
အ​ပြေးလာခဲ့ရတာအရီးရဲ့”

“ဘာတွေသတိပေါ်လာတာလဲ မောင်ရင်ရဲ့”

“ကျုပ်ကိုမနက်က ဘေးဝိုင်းက အရီးလေးအေးကြည်က
ဘွားဆီသွားရင်ပြောခဲ့ပါဟယ်ဆိုပြီးအမှာပါးလိုက်တာ…
ကျုပ်လည်းဘွားဆီမလာဖြစ်တာနဲ့ပြောဖို့မေ့နေတာခင်ဗျ”

“နင့်အရီးအေးကြည်ကဘာတဲ့လဲ”

“အရီးအေးကြည်တို့တစ်အိမ်လုံးဖျားနာနေကြတာဗျ…
ဘွားကိုအကျိုးအကြောင်းလေးပြောပြီး
ခေါ်ခဲ့စမ်းပါဟယ်…ငါလည်းနေမကောင်းလို့မသွားနိုင်လို့ပါ
ဆိုပြီး ကျုပ်ကိုပြောခိုင်းလိုက်တာအရီးရဲ့…”

“ဟဲ့…ဖျားတာနာတာဆိုရင်
ဆေးဆရာကြီးကိုပြေးပင့်ရမှာမဟုတ်ဖူးလား…
ငါ့အမေကိုဘာလို့ခေါ်ရတာလဲ”

“မိဝင်းရယ်…
ညည်းမသိရင်အသာနေစမ်းပါအေ…
ကဲ…မောင်ရင်… အေးကြည်တို့က
တစ်မိသားစုလုံးနေထိုင်မကောင်းတာလား…
ဆေးဆရာနဲ့ကောပြထားပြီလားကွဲ့”

“ကျုပ်အမေကတော့မကြာမကြာ
သတင်းသွားမေးနေတယ်ဗျ…
ဆေးဆရာကြီးနဲ့လည်းသေချာပြနေကြတာပါပဲ…
ခက်တာက…လူကြီးတွေတင်မကကလေးကအစ
တစ်အိမ်လုံးဖျားနာနေကြတာသက်သာလာတယ်လို့ကို
မရှိပါဘူးဗျာ…”

ဟုမောင်တိုးကပြောတော့ဘွားမယ်စိန်ခေါင်းကို
ညိတ်၍…

“အေးလေ..ဒီလိုတွေဖြစ်နေတာဆိုတော့
ဘွားလိုက်ခဲ့ရမှ​ပေါ့ကွယ် …”

ဘွားမယ်စိန်လည်းမောင်တိုးနဲ့အတူ အရီးအေးကြည်တို့
အိမ်သို့လိုက်သွားခဲ့သည်။

“ဘွား…ဘယ်သွားမလို့တုန်းဗျ”

“အေးကြည်တို့အိမ်သွားမလို့”

လမ်း၌ဆုံသောရွာသားတွေကဘွားမယ်စိန်ကို
နှုတ်ဆက်ကြသည်။
နောက်ဆုံး အရီးအေးကြည်တို့အိမ်ဆီသို့
ဘွားမယ်စိန်ရောက်လာခဲ့သည်။

“ဟော…ဘွားရောက်လာပြီဟဲ့”

အရီးအေးကြည်က မကျန်းမာသော်လည်းဘွားမယ်စိန်ကို
အပြေးလာခေါ်ရှာသည်။

“အေးကြည်…ညည်းတို့တစ်အိမ်လုံး
နေမကောင်းဖြစ်နေကြတယ်ဆိုအေ့…”

“ဟုတ်ပါ့တော်…ကျုပ်တို့နေမကောင်းတာက
ခံသာပါသေးတယ်ဘွားရယ်…
အကြီးကောင် ရဲ့ သားက ညညဆိုလန့်လန့်အော်ပြီးငိုလို့
ကျုပ်တို့မှာစိတ်တွေပါ ပင်ပန်းနေကြရတာ…”

“အေ…ဘယ်လိုများဖြစ်ကြတာလဲ”

“ဆေးဆရာကြီးကတော့ဆေးပေးတာပဲတော်…
ဒါပေမယ့်…မသက်သာပါဘူး…”

“အေး….အေး…ဒါဆိုရင်ညည်းခဏထိုင်နေပါအေ
ဘွားညည်းတို့အိမ်ကိုသေချာကြည့်ဦးမယ်”

ဟုပြော၍ဘွားမယ်စိန်က အရီးအေးကြည်တို့အိမ်ကို
သေချာလိုက်ကြည့်နေသည်။
အပေါ်ထပ်အောက်ထပ်အခန်းများပါမကျန်
အသေးစိပ်ကြည့်နေခဲ့၏။
မောင်တိုးကလည်းဘွားမယ်စိန်၏အနောက်မှ
အတူလိုက်လာရှာသည်။
အရီးအေးကြည်က မုဆိုးမကြီးဖြစ်သည်။
သားအကြီးလင်မယားနဲ့သားငယ်လူပျိူကြီးတို့နှင့်
အတူတူနေထိုင်လေသည်။
ယခုသားအကြီးနဲ့သားအကြီးမိန်းမတို့မှာ
ကွပ်ပျစ်ခင်းပေါ်၌ခွေခွေလေးအိပ်ပျော်နေကြ၏။
သားအငယ်လူပျိုကြီးကတော့ တူဖြစ်သူနှင့်
ထန်းလက်ခုံလေး၌ထိုင်နေရှာသည်။

“ဘွားနေကောင်းတယ်နော်…”

“အေးကောင်းပါတယ်ကွယ်…”

လူပျိုကြီးက ဘွားမယ်စိန်ကိုမေးလေတော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်ပြီးဖြေလေသည်။

“အေးကြည်…”

“ရှင်အဘွား”

ဘွားမယ်စိန်ကအေးကြည်ဟုခေါ်လေတော့အရီးအေးကြည်
အပြေးရောက်လာခဲ့သည်။
အရီးအေးကြည်ရောက်လာတော့ဘွားမယ်စိန်က…

“ညည်းအိမ်ဘယ်သူလာသေးတုန်း”

“ရှင်…”

ဘွာမယ်စိန်ကမေးတော့အရီးအေးကြည်စဥ်းစားနေသည်။

“ဟဲ့အေးကြည်…ညည်းအိမ်ကိုတခြားအရပ်က
ဧည့်သည်လာသွားသေးလားလို့​မေးနေတာလေအေ…”

ဟုဘွားမယ်စိန်ကထပ်မံမေးလေတော့မှ…

“သြော်…ကျုပ်မှတ်မိပြီတော့်”

ဟု…အရီးအေးကြည်ကပြော​လေသည်။

“အေး…ပြောစမ်းအေ…
ငါ့နယ်ထဲဝင်ပြီး ငါ့ကိုမခန့်ပေါက်လုပ်သွားတဲ့ကောင်မကို
ပြောစမ်း…ညည်းနဲ့ဘာတော်သလဲ”

“ကျုပ်ယောကျာ်းဘက်က တူမ ပါဘွားရယ်…
ကျုပ်ဆီကိုငွေလာချေးတာပါ…
ကျုပ်မှာလည်းငွေပိုငွေလျံမရှိလို့
မချေးလိုက်မိဘူးတော့်…
ဒါနဲ့မိအေးက ကျုပ်တို့ကိုဘာများလုပ်သွားလို့လဲဟင်…”

အရီးအေးကြည်က မိအေး အကြောင်းကိုပြောပြလိုက်တော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“ဟုတ်ပြီ…ကဲ…မောင်တိုး…
မင်းအရီးဆီကပေါက်တူးတောင်းပြီး
ဘွားအနောက်ကိုလိုက်ခဲ့ချည်…”

“ဟုတ်ကဲ့ဘွား”

မောင်တိုးလည်းဘွားမယ်စိန်ကို”ဟုတ်ကဲ့ဘွား”ဟုပြောပြီး
အရီးအေးကြည်ထံမှပေါက်တူးတောင်း၍ ဘွားမယ်စိန်အနောက်သို့လိုက်လာခဲ့တော့သည်။

“ကဲတူး…ဒီနေရာကို…
ရပြီ…လက်နဲ့ပဲမြေကိုဖယ်လိုက်တော့”

ဟု…ဘွားမယ်စိန်နှုတ်မှပြောသမျှကို
မောင်တိုးက လုပ်ကိုင်ပေးရသည်။
ဘွားမယ်စိတ်ကအိမ်အရှေ့ထောင့်ကိုတူးယူစေပြီးနောက်
မောင်တိုးလက်အတွင်း၌ အင်းပြားလေးတစ်ပြား
ပါလာခဲ့သည်။

“ဘွား…ဒီမှာ…အင်းချပ်ဗျ”

“ပေး…ပေး…အဲ့သည်အင်းကိုဘွားကိုပေးထား…
တခြားနေရာတွေကိုလည်း သွားတူးရဦးမယ်…”

ဟုပြောပြီးဘွားမယ်စိန်ကအင်းချပ်ပြားလေးကို
ယူထားလိုက်သည်။
ထိုသို့ဖြင့်အိမ်၏အရှေ့အနောက်တောင်မြောက်
နေရာလေးခုမှအင်းချပ်ပြားလေးပြားကိုရလာခဲ့သည်။

“ဟယ်…ဒီအင်းချပ်တွေဘယ်ကနေ
ဘယ်လိုရောက်နေရတာလဲ”

အရီးအေးကြည်ခမျာအင်းချပ်ပြားတွေကိုကြည့်ပြီး
အံ့သြထိတ်လန့်နေခဲ့သည်။

“အေးကြည်…”

“ရှင်ဘွား…”

“ဒီအင်းချပ်တွေကိုတော့ ဘွားယူသွားရလိမ့်မယ်…”

“အမယ်လေး…ယူသွားမယ်ဆိုရင်
ယူသွားပါဘွားရယ်…
ကျုပ်ဒါကြီးတွေမြင်ရတာကိုကြောက်လွန်းလို့ပါ…
ဘာလို့များကျုပ်တို့ကိုမကောင်းကြံကြတယ်မသိပါဘူးတော်”

အရီးအေးကြည်က ပြောရင်းဝမ်းနည်းလာသည်။

“ကဲပါအေ…
အခုကိစ္စကိုဘွားကလည်းခွင့်မလွှတ်ပါဘူး…
ညည်းတို့မိသားစုကိုဒုက္ခပေးခဲ့သလို
ဘွားကိုလည်းမခန့်ပေါက်လုပ်သွားတာအေ့…
ဒီကောင်မတော့တွေ့ကြပြီပေါ့အေ…”

ဟုဘွားမယ်စိန်ကမိအေးကိုကျိန်းလိုက်သည်။

“မောင်တိုး…ဘွားဆီကို
ရေတစ်ခွက်ယူခဲ့ပေးဦး…အေးကြည်တို့အတွက်
ရေမန်းလုပ်ခဲ့ပေးဦးမယ်…”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်ကအရီးအေးကြည်တို့အတွက်
ရေမန်းလုပ်ပေးရှာသည်။
အရီးအေးကြည်တို့မိသားစုကိုရေမန်းတစ်ခွက်မန်းပေးပြီး
ထိုရေမန်းအားအိမ်ရှိလူကုန်သောက်စေသည်။
ရေမန်းတိုက်ပြီးလေမှ…

“ဒါဆိုရင်ဘွားတို့ပြန်တော့မယ်အေးကြည်…
ဒီတစ်ရက်၊နှစ်ရက်အတွင်းအခြေအနေထူးမထူး
စောင့်ကြည့်ကြပေါ့အေ”

“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဘွားရယ်…”

ဘွားမယ်စိန်လည်း အရီးအေးကြည်တို့
အိမ်မှပြန်လာခဲ့တော့သည်။

“မောင်တိုး…အိမ်ထိမလိုက်ခဲ့နဲ့တော့လေ…
နေခဲ့တော့ကွဲ့…”

“ဟာ…မရဘူးလေဘွားရဲ့”

“ဟဲ့…ဘာကိုမရတာတုန်းဟဲ့…”

“အရီးက ကျုပ်ဘွားကို
အိမ်ကနေလာခေါ်လာတာသိတယ်​လေဗျာ…”

“ဟင်…သိတော့ဘာဖြစ်သတုန်း”

“အဲ့တာဗျာ…လာကြခေါ်ပြီး ပြန်မပို့ပေးရင်
ကျုပ်ကိုပြောတော့မှာပေါ့ဘွားရဲ့”

“အိုကွယ်…ဘာများလဲလို့…
ရပါတယ်ဘွားဘာသာပဲပြန်လိုက်ပါ့မယ်ကွဲ့”

ဘွားမယ်စိန်ကပြောနေသော်လည်း
မောင်တိုးတစ်ယောက်ဒေါ်ဝင်းဆူလိမ့်မည်ဟုပြောကာ
အိမ်အထိပြန်လိုက်ပို့ပေးရှာသည်။
အိမ်သို့ရောက်တော့…

“မောင်တိုး…”

“ဗျာအရီး”

“အိမ်မှာ ဝက်သားနဲ့မျှစ်ချဥ်ချက်ထားတယ်…
စားချင်ရင်တစ်ပန်းကန်ခပ်ပေးလိုက်မယ်…
ဘယ့်နဲ့လဲ…”

ဟုမေးလေတော့မောင်တိုးသည် ပါးစပ်ကြီးက
နားရွက်သို့ချိတ်တော့မတတ်…ပြုံး၍ ခေါင်းကိုညိတ်ကာ…

“ကောင်းတာပေါ့အရီးရာ…
ဟီးး….ဟီးးးးဝက်သားနဲ့မျှစ်ချဥ်ဆို
ကျုပ်ကသိပ်ကြိုက်တာဗျ”

ဟုပြောတော့ဒေါ်ဝင်းလည်းပြုံး၍မီးဖိုထဲသို့
ဝင်သွားတော့သည်။
မောင်တိုးလည်းဒေါ်ဝင်းခပ်ပေးသောဝက်သားနဲ့
မျှစ်ချဥ်ပန်းကန်ကိုယူပြီးလေမှဘွားမယ်စိန်ကိုနှုတ်ဆက်၍
အိမ်သို့ပြန်သွားလေသည်။

နှစ်ရက်မျှကြာတော့ ဘွားမယ်စိန်အိမ်သို့
အရီးအေးကြည်အပြေးရောက်လာခဲ့၏။

“မအေးကြည်…မထိတ်သာမလန့်သာနဲ့
ဘာဖြစ်လာတာလဲတော့်”

ဟုဒေါ်ဝင်းကပြာပြာသလဲမေးလေတော့…
အရီးအေးကြည်ကတန်းမဖြေနိုင်သေးဘဲ
အမောဖြေနေရှာသည်။
သူ၏လက်ညိုးကလည်းတထိုးထိုးလုပ်လို့နေ၏။

အမောပြေဟန်ရမှ…

“ဘွား…ကျုပ်တူမ မိအေး အိမ်မှာရောက်နေတယ်…
တစ်မျက်နှာလုံးအဖု့အပိန့်တွေနဲ့ငိုယိုပြီးကျုပ်ကိုလာတောင်းပန်နေတယ်တော့်…”

ဟုပြောလေတော့ ဘွားမယ်စိန်ကပြုံး၍…

“နောက်ဆုံးတော့ ဒီကောင်မရောက်လာပြီပေါ့…”

“ကျုပ်လည်းဒင်းကိုဘာလုပ်ရမှန်းမသိတာနဲ့
ဘွားဆီကိုအပြေးလာလိုက်တာ…
အိမ်ကသားငယ်ကလည်းဒင်းကို
သတ်မယ်ဖြတ်မယ်လုပ်နေလို့
အကြီးကောင်ကဆွဲထားရသေးတယ်ဘွားရယ်…”

ဟု..အရီးအေးကြည်ကပြောတော့…

“ဒါဆိုရင်လည်း…ညည်းတူမနဲ့ညည်းမိသားစုကို
ဘွားအိမ်ကိုသာလာခိုင်းလိုက်တော့…
ဒီရောက်မှပဲဘွားညည်းအတွက်
လုပ်သင့်တာလုပ်ပေးမယ်အေ”

“ဟုတ်ကဲ့ဘွား”

အရီးအေးကြည်လည်းသူ့အိမ်သို့တဖန်ပြန်သွားပြီး
မိအေးနဲ့သားသမီးတွေကိုပြန်ခေါ်ရသည်။
မောင်တိုးတို့ကတော့လူပျိုကြီးကိုထိန်း၍…

“ကိုကြီးရာ…ဘွားရှင်းပေးမှာပါဗျ…
စိတ်ကိုလျော့စမ်းပါဗျာ…”

ဟု…ချော့ကာမော့ကာပြောနေကြသည်။
ဘွားမယ်စိန်အိမ်သို့အားလုံးစုံညီရောက်လာကြတော့
မိအေးကမြေပေါ်သို့ဒူးလေးတုပ်ကာထိုင်နေလေသည်။
မိအေး၏မျက်နှာတစ်ခုလုံး၌အဖုအပိန့်များကအပ်ချလောက်စရာပင်မရှိအောင်ပြွတ်သိပ်နေလေသည်။
ထိုအဖု့အပိန့်များကယားသောကြောင့်မိအေးမှာ
လက်ဖြင့်ကုပ်၍နေရသောကြောင့်
အနာစိုကြီးများပင်ဖြစ်လို့နေခဲ့သည်။

“ညည်းကမိအေးလား”

ဟုဘွားမယ်စိန်ကမေးတော့မိအေးသည်
ကြောက်ရွံ့ဟန်လေးဖြင့်…

“ဟုတ်…ဟုတ်ပါတယ်…”

“ညည်းလုပ်ထားတဲ့ကိစ္စကိုညည်းသိတယ်မလား”

ဟုထပ်မေးလေတော့မိအေးသည်ခေါင်းလေးကိုညိတ်ရင်း

“သိ…သိပါတယ်အမေကြီး…
ကျုပ်မှားမိပါတယ်အမေကြီးရယ်…”

ဟု…လေသံတိုးတိုးဖြင့်ပြောလေသည်။

“ညည်းဘာကြောင့် အခုလိုလုပ်ရတာလဲ…”

“ကျုပ်…တကယ်အခက်အခဲဖြစ်နေလို့ပါအမေကြီးရယ်…
ကျုပ်မှာ ငွေအခက်အခဲဖြစ်နေတာကို
ကျုပ်ကြီးတော်က ကျုပ်ကိုမကူညီပေးဘူးလေ…
သူတို့ရှိတာကိုလည်းဟောသည်တစ်ရွာလုံးသိပါတယ်တော်…
ကိုယ့်တူမလေးတစ်ယောက်ရှိတာကို
ဒင်းတို့နေတတ်လွန်းပါတယ်…”

ဟု…ငိုကာယိုကာပြောလေသည်။

“အင်း…ညည်းက ညည်းကိုမကူညီတာနဲ့
ဟောသည်မိသားစုကိုဒုက္ခရောက်အောင်လုပ်တယ်….
ဒါ့အပြင်ညည်းအမှားတစ်ခုလုပ်သေးတယ်…
အဲ့တာဘာအမှားလဲညည်းသိလား”

ဟု…ဘွားမယ်စိန်ကခါးကြီးကိုထောက်၍မေးတော့
မိအေးကစဥ်းစားလို့မရဖြစ်နေခဲ့၏။

” ညည်းမသိဘူးမလား…ဟမ်…
ဟဲ့ကောင်မ ညည်းငါ့နယ်မှာငါ့ကို
မထိလေးစားလုပ်သွားခဲ့တာလေ……
ညည်းပညာအဆင့်လောက်နဲ့အခုလိုလုပ်တာက
ငါ့ကိုစိန်ခေါ်သွားတာမဟုတ်ဘူးလားမိအေးရဲ့…”

“ဟင်…မဟုတ်…မဟုတ်ရပါဘူးအမေကြီးရယ်…
အမေကြီးလေတစ်ချက်မှုတ်တာနဲ့
ကျုပ်ဆိုတာသေရမယ့်သူပါ…
အမေကြီးကိုမရိုသေမလေးစားလို့မဟုတ်ရပါဘူး
ကျုပ်ဒေါသထွက်လို့လုပ်မိခဲ့တာပါ
ကျုပ်ကိုခွင့်လွှတ်ပေးပါအမေကြီးရယ်…
ကျုပ်အမေကြီးကိုစော်ကားစိန်ခေါ်လိုစိတ်မရှိပါဘူး
အမေကြီးရယ်…သစ္စာရေသောက်ပြီး
ကျိန်ဆိုကျိန်ပါ့မယ်တော်…”

ဟုမိအေးကပြာပြာသလဲပြောကာလက်အုပ်ကိုချီ၍
တောင်းပန်ရှာသည်။
ဘွားမယ်စိန်ကမိအေးကိုသေချာစိုက်ကြည့်သည်။

“အေး…ညည်းတကယ်ခက်ခဲနေတာကိုငါသိတယ်…
ဒါပေမယ့် ညည်းကိုငါအပြစ်ပေးမှရမှာမလို့
အပြစ်ပေးထားတာဘယ့်နဲ့လဲခံသာရဲ့လား”

ဟုမေးပြန်တော့…

“မခံသာပါဘူးအမေကြီးရယ်…
ကျုပ်မျက်နှာကအနာတွေကနာလှချည်ရဲ့တော်…
အနာတွေကယားလို့ကုပ်ပြန်ရင်လည်း
ကျုပ်မှာနာလို့သေချင်စိတ်တောင်ဖြစ်မိပါတယ်…
အမေကြီးကျုပ်ကိုအပြစ်ပေးတာသိတော့
ကျုပ်ဒီရွာကိုအမြန်လာခဲ့ရတာပါ…
ကျုပ်ကိုခွင့်လွှတ်ပေးပါအမေကြီးရယ်…”

ဟု…မိအေးကပြန်ကာပြော​လေသည်။

“ကဲ…အေးကြည်…”

“ရှင်ဘွား”

“ညည်းဒီကောင်မကိုခွင့်လွှတ်သလား”

ဟု…ဘွားမယ်စိန်ကမေးတော့အရီးအေးကြည်က
မိအေးကိုသေချာစိုက်ကြည့်ပြီး…

“ကျုပ်ခွင့်လွှတ်ပါတယ်ဘွားရယ်…
သူကကျုပ်ယောကျာ်းနဲ့စပ်မှတူမပေမယ့်
ကျုပ်တူမပါပဲ…
ကျုပ်ခွင့်လွှတ်ပါတယ်တော်…”

ဟုပြောလေတော့ ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“အေးလေ…ကာယကံရှင်ကခွင့်လွှတ်မှတော့
ဘွားဘက်ကလည်းခွင့်လွှတ်ပေးရမှာပေါ့…
မိအေး”

“ရှင်…”

“ညည်းနောက်နောင်ဒီလိုမျိုးထပ်လုပ်မယ်ဆိုရင်
ဘွားအဆိုးမဆိုလေနဲ့အေ့…”

“ဟုတ်ကဲ့
ကျုပ်ထပ်မလုပ်တော့ပါဘူးအမေကြီးရယ်…”

“အေး…အေး…ကဲလာဒီနားကို”

ဘွားမယ်စိန်ကမိအေးကိုအနားခေါ်လိုက်သည်။
မိအေးကလည်းဘွားမယ်စိန်၏အနားသို့ရိုရိုသေသေလေး
ကပ်ရှာသည်။
ဘွားမယ်စိန်ကမိအေးမျက်နှာအထက်ကို
လက်ဖြင့်သုံးခါသပ်ချပေးသည်။
သုံးခါသပ်ချပေးသည့်နောက်…အားလုံးမှာ
ဟာခနဲ…ဟင်ခနဲဖြစ်ကုန်ကြရ၏။
ထိုသို့ဖြစ်ရခြင်းကမိအေး၏မျက်နှာအထက်ရှိ
အဖုအပိန့်အနာကြီးများမှာ ချက်ချင်းပင်ပျောက်ကွယ်သွား
ခဲ့သော​ကြောင့်ဖြစ်သည်။
မိအေးမှာလည်းအနာများပျောက်ကင်းသွား၍
ပျော်ရွှင်သွားပြီးဘွားမယ်စိန်ကိုကျေးဇူးတင်နေခဲ့သည်။
သူ၏အဒေါ်အရီးအေးကြည်တို့မိသားစုကိုလည်း
တောင်းပန်စကားများပြောပြီး ရွာမှပြန်ဖို့ပြင်လေတော့
အရီးအေးကြည်ကမိအေးမပြန်ခင်၌လိုသောငွေကြေးကို
ထုတ်ကာပေးလိုက်သေးသည်။
ထိုမြင်ကွင်းကိုဘွားမယ်စိန်သည်ပြုံးပြုံးကြီး
စိုက်ကာကြည့်နေခဲ့တော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)