စုန်းထီးကြီး ဦးဘသာနှင့် အစာပင်း
(၁)
အပင်းဆိုတာတော့ လူတိုင်းကြားဖူးပြီးသားဖြစ်မှာပါ၊ ဒါပေမယ့် သေသေချာချာနားလည်သလားဆိုရင်တော့ ယောင်ဝါးဝါးပဲသိကြတာ၊ ကျုပ်လိုပေါ့ဗျာ၊ ကျုပ်တို့လဲ အပင်းဆိုတဲ့စကားကို သုံးနေကြတာပါပဲ၊ ဘာကိုသေသေချာချာပြောချင်တာလည်းဆိုရင်တော့ မကောင်းတဲ့အရာ တစ်ခုလို့ပဲပြောနိုင်တယ်၊ သေချာတော့ မပြောတတ်ဘူးဗျ။
ကျုပ်တို့ဒေသက အဆဲသန်တယ်ဆိုတော့ အပင်းဆိုတဲ့စကားကိုလည်း မကြာခဏသုံးတတ်ကြတယ်။ အထူးသဖြင့် ထမင်းစားတယ်ဆိုတာကို အပင်းချတယ်လို့ ပြောတာပေါ့၊ ခုခေတ်တော့ ခေတ်စားနေတဲ့ စောက်ဆိုတဲ့ စကားနဲ့တွဲပြီး စောက်ပင်းချတယ်ဆိုပြီး ဖြစ်သွားရောဗျာ။ ဒေါသထွက်နေတဲ့အချိန်တို့ဘာတို့ဆိုရင် အဲဒီလိုပြောဖြစ်တာများတယ်၊ အမေက ကျုပ်တို့ကိုမျောက်တွေလို့ မပြောတော့ပေမယ့် အပင်းဆိုတာတော့ သိပ်ပြောတာဗျ၊ ကျုပ်တို့ညီမအငယ်ဆုံးလေးက ဟင်းဆိုရင် သိပ်ကြေးများတတ်တာ၊ ဟိုဟင်းမစားဘူး၊ ဒီဟင်းမစားဘူးနဲ့ ဂျီကျတတ်တာပေါ့၊ အမေက စိတ်တိုလာရင် ညီမကိုဆဲရောဗျာ။
“ဟဲ့ နင်က ဒီဟင်းနဲ့မစားရင် ဘယ်ဟင်းနဲ့အပင်းချမလဲ ပြောစမ်း”
ဆိုပြီးဆဲတတ်တာပေါ့ဗျာ၊ ကျုပ်တို့တွေကိုဆိုရင်လဲ ဆဲတာပဲ၊ ထုံးစံအတိုင်း မကြိုက်တဲ့သူကတော့ ဦးဘသာကြီးပေါ့ဗျာ၊ ဦးဘသာကြီးက အမေ့ကိုသတိပေးပါတယ်။
“မိသန်း၊ နင်အဲဒီလိုမပြောနဲ့ဟ၊ အပင်းဆိုတာ ဘာလဲညည်းသိရဲ့လား”
အမေကလည်း ထိတ်ထိတ်လန့်လန့်နဲ့ ဦးဘသာကြီးကို လက်အုပ်ချီပြီးတော့ တောင်းပန်တော့တာပေါ့။ မတောင်းပန်လို့လည်းမရဘူးလေ၊ ဟိုတစ်ခါ ကျုပ်တို့ကိုမျောက်လေးတွေလို့ပြောတုန်းက ဦးဘသာကြီးက ကျုပ်တို့ကိုမျောက်ဖြစ်အောင်လုပ်လိုက်တယ်မဟုတ်လားဗျ။
“မသိပါဘူးရှင်၊ ဒါပေမယ့် ကျွန်မတို့ကိုလက်တွေ့တော့မပြပါနဲ့ရှင်”
“အေးပါဟ၊ ငါမလုပ်ပါဘူး၊ ဒါပေမယ့် နင်တို့သေသေချာချာမသိတဲ့အရာနဲ့ ကျိန်တွယ်ပြီးမပြောနဲ့ဟ၊ ဝစီဗေဒ ထိတိုင်းရှတဲ့၊ နင်တို့ဘေးဖြစ်မှာစိုးလို့ ငါပြောပြောနေရတာ”
အဲဒီနောက်ပိုင်းတော့ အမေက နည်းနည်းဆင်ခြင်သွားတယ်၊ ဒါပေမယ့် ကိုယ်တွေ့မကြုံလိုက်ရလို့လားတော့မသိဘူး၊ သူစိတ်လွတ်သွားရင် ပြောတတ်သေးတယ်ဗျ။ ထားပါတော့ဗျာ။
(၂)
အပင်းထဲမှာ အစာပင်းဆိုတာရှိသေးတယ်ဗျ။ အစာထဲမှာထည့်ပြီးကျွေးတဲ့ အပင်းပေါ့ဗျာ၊ အဲဒီအပင်းက အောက်လမ်းနည်းတွေ၊ စုန်းပညာတွေနဲ့ ပြုလုပ်ထားတာဆိုတော့ သူ့အစွမ်းနဲ့ ပညာအပေါ်မူတည်ပြီးတော့ စားလိုက်တဲ့သူကို မကောင်းတာတွေပဲဖြစ်စေတာမဟုတ်လား၊ ကောင်းတာဖြစ်စေတယ်ဆိုတာတော့ ကျုပ်တစ်သက်မကြားဖူးပါဘူးဗျာ။
အစာပင်းအထည့်ခံရတဲ့သူကတော့ ကျုပ်အဖေဗျ၊ အဖေက သူကြီးမဟုတ်လား။ ပြီးတော့ ကျုပ်တို့ခေတ်က သူကြီးတွေကို လူမုန်းများတဲ့ခေတ်ဗျ၊ ဘာလို့လူမုန်းများတာလဲဆိုရင် တာဝန်ကျေစပါးတွေကြောင့်ပေါ့ဗျာ။
ခုခေတ်လူတွေတော့ မီမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီစံနစ်က မရှိတော့လို့ပဲဗျ၊ ကျုပ်တို့ခေတ်တုန်းကတော့ စပါးထွက်ပြီးတဲ့အချိန်ဆို အစိုးရလူကြီးတွေက ရွာတွေကို ဆင်းလာပြီး တာဝန်ကျေစပါးလာဝယ်တယ်ဗျ၊ တစ်ရွာကို စပါးဘယ်နှတင်းဆိုပြီးတော့ သတ်မှတ်ချက်နဲ့လာတာ၊ သတ်မှတ်ချက်အတိုင်း မပေးနိုင်တဲ့ရွာကတော့ ဒဏ်တပ်ခံရတာပေါ့ဗျာ။
အဲဒီခေတ်က ကိုယ့်လယ်မှာ ကိုယ့်ဖာသာစိုက်ပျိုးပြီး စပါးထွက်ပြီဆိုရင် အစိုးရကိုပြန်ရောင်းရတဲ့ စနစ်ရှိတယ်ဗျ၊ ပြန်ရောင်းတယ်ဆိုပေမယ့်လည်း ပေးတဲ့ဈေးက ပြင်ပပေါက်ဈေးထက် အတော်ကိုနည်းတယ်၊ ပြောရရင် ခွက်ဈေးနဲ့အလကားမတ်တင်းယူသလိုပေါ့ဗျာ၊ ဒီတော့ တစ်ဝါတွင်းလုံး ပင်ပင်ပန်းပန်းစိုက်ထားရတဲ့ လယ်သမားတွေက ဘယ်ရောင်းချင်ပါ့မလဲဗျာ။
အစိုးရလူကြီးတွေ၊ ကော်မတီဝင်တွေကလည်း ဒီရွာက ဘယ်သူကတော့ စပါးဘယ်နှတင်းထွက်တယ်ဆိုတာ ဘယ်သိမှာတုန်းဗျ၊ ဒီတော့ ရွာလူကြီးကိုပဲ တာဝန်ပေးတာပေါ့၊ တစ်ရွာကို စပါးတင်းတစ်ရာဆိုရင် ရွာလူကြီးကတော့ ဘယ်သူက အထွက်ကောင်းလို့ ဘယ်နှတင်းထွက်တယ်ဆိုတာ မှန်းခြေနဲ့သိပြီးသားပဲမဟုတ်လား၊ ဒီတော့ ရွာလူကြီးကပဲ ဟိုလူက တင်းနှစ်ဆယ်၊ ဒီလူက ဆယ်တင်း စသဖြင့် စပါးစိုက်တဲ့သူတွေကို တာဝန်ကျေစပါးရောင်းခိုင်းရတာပေါ့ဗျာ၊ ကိုယ်ပင်ပင်ပန်းပန်းစိုက်ပျိုးထားတဲ့ စပါးကို အလကားမတ်တင်းပေးလိုက်ရမှာဆိုတော့ ဘယ်ပေးချင်မှာလဲဗျာ၊ ဒီတော့ သူကြီးကိုပဲ မုန်းကြတာပေါ့။
တစ်ချို့ရွာတွေဆိုရင် သူကြီးကိုလာဘ်ထိုးကြတယ်၊ သူတို့ကို စပါးခွဲတမ်းမချပေးဖို့ပေါ့ဗျာ၊ တစ်ချို့ရွာတွေဆိုရင်လည်း သူကြီးက သမာသမတ်မကျဘူးပေါ့ဗျာ၊ သူ့လယ်၊ သူ့ဆွေမျိုးလယ်တွေကို ချန်ပြီး တခြားလူတွေကို စပါးခွဲတမ်းတွေချပေးတာမျိုးပေါ့၊ အဲဒီမှာ အစိုးရလူကြီးတွေ၊ ကော်မတီလူကြီးတွေ ပြန်သွားပြီဆိုရင် သူကြီးကိုမကျေနပ်တဲ့သူတွေက အမျိုးမျိုးရန်ပြုတော့တာပဲဗျာ၊ ကျုပ်တို့နယ်ရဲ့ တောင်ဘက်က စပါးအထွက်ကောင်းတဲ့ ရွာတွေမှာ သူကြီးမျက်နှာလိုက်တယ်ဆိုပြီး အိမ်ပေါက်တက်ပြီး ဓါးနဲ့ပိုင်းကြသတဲ့ဗျာ၊ အဲဒီလောက်တောင် လူမုန်းများကြတာ။
စပါးအတွက်နဲ့ အမှုအခင်းတွေဖြစ်ကြ၊ ရန်တွေဖြစ်ကြနဲ့ ဂါတ်ရောက်တဲ့လူရှိသလို၊ အချုပ်တွေ ထောင်တွေကျသွားတဲ့သူတွေလဲရှိတာပေါ့ဗျာ၊ ကျုပ်တို့ရွာမှာကတော့ သိပ်ပြီးမဆိုးလှဘူးလို့ပြောရမယ်၊ အဖေက သမာသမတ်ကျကျဘဲ စီစဉ်ပါတယ်၊ ဘယ်သူက ဘယ်လောက်ထွက်တယ်ဆိုတာကို သိပြီးသားကိုး၊ နောက်ပြီးတော့ ဒီနှစ်ဒီလူဆီက ခွဲတမ်းယူပြီးရင် နောက်တစ်နှစ်လောက်တော့ အဲဒီလူကို ချန်ထားပေးတယ်၊ ဒါကြောင့်မို့ သိပ်ပြီးလူမုန်းမများကြပါဘူး။
ဒါပေမယ့် မရောင်းချင်တဲ့သူတွေကတော့ စပါးတွေကိုဖွက်ကြတယ်ဗျ၊ ကျီတွေထဲကို မထည့်ဘဲ တစ်နေရာရာမှာဖွက်ထားကြတာပေါ့ဗျာ။ ဒါပေမယ့် နှစ်တိုင်းခွဲတမ်းထဲမှာ ပါတဲ့လူကတော့ ဦးဘသာကြီးဗျ၊ ဦးဘသာကြီးမှာ လယ်ဆယ်ဧကနဲ့သုံးမတ်လောက်ရှိတယ်၊ သုံးမတ်ဆိုတာ လေးပုံသုံးပုံကိုပြောတာပေါ့ဗျာ။ ဦးဘသာကြီးလယ်တွေက စပါးအထွက်ကောင်းတယ်ဗျ၊ ရွာကလူတွေကတော့ ဦးဘသာလယ်ကဆန်တွေဆိုရင် ဘယ်သူမှမစားရဲကြဘူး၊ ဦးဘသာက စုန်းကဝေပညာတွေနဲ့ အထွက်ကောင်းအောင်လုပ်ထားတာလို့တော့ ပြောတတ်ကြတယ်၊ ဒါပေမယ့် ကျုပ်ကတော့ စုန်းကဝေနဲ့လုပ်တာ တစ်ခါမှတော့မမြင်ဖူးပါဘူးဗျာ၊ အချိန်ပြည့်လယ်ထဲမှာ တကုပ်ကုပ်နဲ့အလုပ်လုပ်နေတတ်တဲ့ ဦးဘသာကြီးကိုပဲမြင်ပါတယ်၊ ပေါင်းနှုတ်ရင်နှုတ်နေတယ်၊ ကန်သင်းတွေဖော်ရင်ဖော်နေတတ်တယ်၊ မြေဆီတွေကြွေးနေတတ်တယ်၊ အားအားတစ်ခါမှမနေဘဲ လယ်ကိုတော့ အတော်ပြုစုတဲ့လူကြီးဗျ။
ကြုံတုန်းပြောရအုံးမယ်ဗျာ၊ တစ်နှစ်ပေါ့၊ အဲဒီနှစ်က မိုးနှောင်းကောင်းတော့ စပါးတွေ အတော်ပျက်တာဗျ၊ အဲဒီတုန်းက ကျုပ်တို့ဆီမှာ ဆည်မရှိသေးတော့ နွေစပါးမစိုက်ကြဘူးဗျ၊ မိုးစပါးပဲ စောင့်စိုက်ရတာ၊ မိုးစပါးဆိုတာကလည်း မိုးကိုစောင့်စိုက်ရတဲ့အပြင် ရာသီဥတုမကောင်းရင် စပါးတွေပျက်ရောဗျို့၊ ဒါပေမယ့် အချိန်ကျတော့ အစိုးရလူကြီးတွေရောက်လာကြတယ်ဗျ၊ ဒီတစ်ခါ လူကြီးကတော့ အရင်လူကြီးတွေလို စကားကိုအေးအေးဆေးဆေးမပြောဘူးဗျ၊ တော်တော်ရင့်သီးပြီး မောက်မာတယ်ဆိုပဲဗျာ။ အဖေကတော့ ပြေပြေလည်လည်ဆက်ဆံပါတယ်၊ ဒီလူကြီးကိုက လူ့ဂွစာကြိးဖြစ်မှာဗျ။ ကျုပ်တို့က အဲဒီတုန်းက လူပျိုပေါက်ပေါ့ဗျာ၊ ဒီလူကြီးမျက်နှာကြီးကိုကြည့်ပြီး လက်သီးနဲ့ချည်းလှိမ့်ထိုးချင်တာဗျ။
ရွာကလူတွေကိုလည်း ခြိမ်းခြောက်လိုက်တာဗျာ၊ ထောင်ချမယ်တို့၊ ဖမ်းမယ်ဆီးမယ်တို့နဲ့၊ နောက်တော့ ဘာစိတ်ကူးပေါက်တယ်မသိဘူး၊ အဖေ့ကိုခေါ်ပြီးတော့ စပါးတွေဖွက်မဖွက်စစ်မယ်ဆိုပြီး ရွာထဲကိုဆင်းကြတယ်၊ အဲဒီမှာ ဦးဘသာကြီးနဲ့တွေ့တာပေါ့၊ ဦးဘသာကြီးအိမ်နောက်က စပါးကျီမှာ စပါးတွေသိပ်မရှိဘူးဖြစ်နေတယ်၊ နှစ်တိုင်းအထွက်တိုးတာဆိုတော့ စပါးကျီက အတော်ကြီးတယ်ဗျ၊ အဲဒီမှာ ဟိုလူကြီးက ဦးဘသာကြီးကို စပါးဝှက်ပါတယ်ဆိုပြီးတော့ စွပ်စွဲတာပဲ၊ ဦးဘသာကြီးက နွားမွေးတယ်ဆိုတော့ နွားတင်းကုပ်အနောက်မှာ ကောက်ရိုးပုံအကြီးကြီးပုံထားတယ်၊ အဲဒီကောက်ရိုးပုံကြီးထဲမှာ စပါးတွေဝှက်ထားပါတယ်ဆိုပြီး ကောက်ရိုးပုံကြီးကို မွှေမွလိုက်တာပဲဗျို့၊ ဘာစပါးမှထွက်မလာပါဘူး၊ ကောက်ရိုးပုံကြီးကတော့ ပျက်စီးပြီး ကောက်ရိုးတွေလဲ မွစာကျဲနေတာပေါ့၊ တော်ရုံတန်ရုံ စိတ်မဆိုးတတ်တဲ့ဦးဘသာကြီးက မျက်ထောင့်နီကြီးနဲ့ အဲဒီလူကြီးကိုကြည့်နေတာဗျာ၊ အဖေက ရိပ်မိသွားတော့ ဦးဘသာကြီးကို လက်ကိုဆွဲပြီး
“ဦးဘသာကြီး စိတ်အေးအေးထားပါ၊ ခင်ဗျားကောက်ရိုးပုံကို ကျုပ်တို့ပြန်ပြင်ပေးပါ့မယ်၊ ဘာမှမလုပ်ပါနဲ့၊ ရွာသားတွေမျက်နှာကိုကြည့်ပါဗျာ”
အဲဒီလိုပြောတော့ ဦးဘသာကြီးက တောက်တစ်ချက်ခေါက်ပြီး အိမ်ပေါ်တက်သွားတော့တာပဲဗျို့၊ ဟိုလူကြီးကလည်း တောင်းပန်ဖို့မပြောနဲ့ သူကတောင် မျက်နှာထားမာမာနဲ့ ပြန်ပြောဆိုနေသေးတာဗျ။ အဖေက ကျုပ်နဲ့ကျုပ်ညီနဲ့ကို ကောက်ရိုးပုံကြီးပြန်ပြင်ပုံပေးဖို့ တာဝန်ပေးပြီး သူတို့ကတော့ ခြံထဲကထွက်သွားတယ်၊ ကျုပ်တို့လည်း အလုပ်လုပ်ဖို့ ထွန်ခြစ်တွေ ကောက်လိုက်တယ်ဆိုရင်ဘဲ ဦးဘသာကြီးက အိမ်ပေါ်ကဆင်းလာပြီး
“ဟေ့ကောင်တွေ သွားကြ၊ ငါ့ဖာသာလုပ်လိုက်မယ်”
အဲဒီလိုဆင်းပြီးပြောတာနဲ့ ကျုပ်တို့လည်းခြံထဲက ပြန်ထွက်ခဲ့တာပေါ့ဗျာ၊ သူ့ခြံက အကျယ်ကြီးဗျ၊ ကျုပ်တို့လည်း ခြံဝရောက်တော့ ကျောထဲစိမ့်လာတာနဲ့ ဦးဘသာကြီးခြံကိုပြန်လှည့်ကြည့်လိုက်မိတယ်၊ နွားတင်းကုပ်အနောက်မှာ ကောက်ရိုးပုံကြီးက ဟီးနေတာပဲဗျာ၊ ကျုပ်တို့ထွက်လာတာ ငါးမိနစ်တောင်မရှိသေးပါဘူး၊ ကောက်ရိုးပုံကြီးက ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဗျ၊ ကျုပ်က သေချာအောင်ခြံထဲပြန်ဝင်ကြည့်ချင်ပေမယ့် ကျုပ်ညီက ကြောက်လို့ ကျုပ်လက်ကိုဆွဲပြီးပြေးတာနဲ့ ကျုပ်လည်းသူနဲ့လိုက်လာခဲ့ရတယ်ဗျာ။
အဲဒီနှစ်မှာပဲ စပါးတွေသွင်းတော့ ဦးဘသာက သူတာဝန်ကျတဲ့စပါးခွဲတမ်းထက် နှစ်ဆပိုသွင်းတယ်ဗျ၊ စိတ်နာသွားတာလား ဘာလားတော့မသိပါဘူး၊ နောက်တော့ ကျုပ်တို့တော်တော်ကြီးတော့မှ အဖေက ပြောပြတယ်၊ အဲဒီနှစ်က စပါးတွေလျော့လို့ ရွာကိုလာတဲ့လူကြီး တော်တော်ရှင်းလိုက်ရတယ်တဲ့၊ ဦးဘသာလက်ချက်ပေါ့ကွာ တဲ့။
(၃)
ဒီလိုမျိုးသူကြီးမုန်းတဲ့ခေတ်ဆိုပေမယ့် ကျုပ်တို့အဖေကိုတော့ ရွာထဲမှာ ဘယ်သူမှ မမုန်းပါဘူး၊ အဖေ့ကိုချစ်ကြပါတယ်။ ဘာလေးချက်ချက် ဟင်းပိုရင် သူကြီးဖို့ဆိုပြီးတော့ ပြေးပို့ပေးတတ်ကြတယ်၊ မုန့်လုပ်တယ်ဆိုရင်လည်း ရွာဦးကျောင်းကိုတစ်ခွက်ပို့သလို သူကြီးအိမ်လည်း တစ်ခွက်ရောက်တတ်တယ်လေ၊ ကျုပ်တို့အိမ်မှာ ဟင်းစုံတယ်၊ မုန့်စုံတာမို့လို့ ကျုပ်တို့အူစိုတာပေါ့ဗျာ။
တစ်ရက်တော့ အဖေက ထမင်းစားပြီးတော့ အန်ပါရော၊ အန်တာမှ စားထားသမျှထမင်းအကုန်ပြန်အန်ထွက်တာ၊ ကျုပ်တို့ကလည်း အဖေနေမကောင်းဘူးပဲထင်တာပေါ့ဗျာ၊ ဒီလိုမျိုးနေ့တိုင်းဖြစ်တာတော့မဟုတ်ဘူးဗျ၊ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါဆိုသလို အန်လာတယ်၊ ဆေးဆရာကြီးနဲ့ခေါ်ပြတာပေါ့၊ ဆေးဆရာကြီးကလည်း အစာကြေဆေးတို့၊ လေနိုင်ဆေးတို့ပေးပြီး ကုတာပေါ့ဗျာ၊ အဖေ့ကို ပယောဂလို့ ဘယ်သူမှမထင်ဘူးဗျ၊ ဘာလို့မထင်ရလည်းဆိုတော့ အဖေက ဘုရားတရားသိပ်လုပ်တဲ့လူကိုးဗျ။
လပြည့်လကွယ်၊ ဥပုသ်နေ့ဆိုရင် အဖေက ဥပုသ်ပျက်တယ်မရှိဘူးဗျ၊ ရွာဦးကျောင်းကိုလည်း တခြားအလုပ်မရှိရင် မနက်တိုင်းရောက်တယ်၊ လုပ်စရာရှိတာတွေလုပ်ပေးတယ်၊ ဆရာတော်နဲ့တရားအကြောင်းတွေ ပြောဖြစ်တာပေါ့၊ နေ့လည်နေ့ခင်းဆိုရင်လည်း အဘိုးရဲ့သူငယ်ချင်း အဘိုးမြတို့၊ အဘိုးသောင် တို့နဲ့ တရားအကြောင်းတွေပြောနေတတ်တယ်၊ ကျုပ်တို့အဲဒီတုန်းက အနားမှာသွားထိုင်ပြီးနားထောင်လည်း ဘာမှနားမလည်ဘူးပေါ့။
အဖေက ပုံမှန်မနက်အစောကြီးတစ်ကြိမ်၊ ညနေတစ်ကြိမ် ဝတ်တက်တယ်၊ ဝတ်တက်တယ်ဆိုတာ ဘုရားရှိခိုးတာကိုပြောတာပါ၊ တစ်ခါရှိခိုးရင်လည်း တစ်နာရီ၊ တစ်နာရီခွဲလောက်တော့ကြာတယ်ဗျ၊ ဘုရားတရား အရမ်းလုပ်နေတဲ့သူဆိုတော့ စုန်းတို့ ပယောဂတို့မဟုတ်ဘူးလို့ပဲ ထင်တာပေါ့။
ဒီလိုမျိုး ရက်ခြားအန်လာလိုက်တာ တစ်လလောက်နေတော့ အဖေက အတော်ကလေးပိန်ကျသွားတယ်၊ နောက်ပြီးတော့ ညညတွေဆိုရင်လည်း အိပ်မရဘူးလို့ပြောတယ်၊ သူအိပ်ဖို့ကြိုးစားတိုင်း မျက်စိကြီးက ပွင့်နေပြီး ပိတ်လို့မရဘူးတဲ့လေ။ ဒီလိုနဲ့အဖေက မနက်ပိုင်း ဘုရားမရှိခိုးဖြစ်တော့ဘူး၊ တစ်ညလုံးအိပ်မပျော်ဘဲ မနက်အစောကြီးမှ အိပ်ပျော်သွားတတ်လို့ အမေကလည်း မနှိုးတော့ဘူးပေါ့။
တစ်ရက်တော့ ကျုပ်တို့ထမင်းစားနေကြတဲ့အချိန် ဦးဘသာကြီးရောက်လာတယ်၊ ငှက်ပျောသီးခိုင်ကြီး ထမ်းပြီးလာတာပေါ့ဗျာ၊ ကျုပ်တို့ထမင်းစားနေတုန်းမို့လို့ အိမ်ရှေ့က ကွပ်ပျစ်မှာပဲထိုင်နေပါတယ်။ အဖေက လှမ်းအော်လိုက်တယ်။
“ဦးဘသာကြီး ဘာကိစ္စရှိလို့တုန်း”
“ဘာမှမဟုတ်ပါဘူးသူကြီးရာ၊ အိမ်မှာ ငှက်ပျောသီးတစ်ခိုင်မှည့်တာနဲ့ သူကြီးတို့စားရအောင်လို့လာပေးတာပါ၊ သူကြီးထမင်းစားနေတာ အားနာလို့ ဆက်စားပါ၊ ကျုပ်ဒီမှာပဲ ထားခဲ့မယ်”
“ကောင်းတာပေါ့ဗျာ၊ ဦးဘသာကြီးပါ ကုသိုလ်ရသွားအောင် ကျုပ်ဘုရားဆွမ်းတော်ကပ်ပေးမယ်ဗျာ၊ ဒါနဲ့ မဟုတ်တာတွေတော့ မပါပါဘူးနော်”
အဖေ့စကားက တစ်မျိုးဗျ၊ ဦးဘသာကတော့ စိတ်မဆိုးပါဘူး၊ အပြုံးတောင်မပျက်ပါဘူး။
“ပေါက်ပေါက်ရှာရှာသူကြီးရယ်၊ ဒါတွေက သဘာဝအတိုင်းသီးမှည့်တာတွေပါဗျ”
ဦးဘသာကြီးက ထထွက်ဖို့ ပုဆိုးပြင်နေရုံရှိသေးတယ်၊ အဖေက ထွေးခံကြီးကို ကောက်ကိုင်လိုက်ပြီးတော့ ထမင်းဝိုင်းကနေ ထပြေးတော့တယ်၊ ကျုပ်တို့အိမ်ရှေ့ ခြံထောင့်မှာ ရေသုံးတဲ့နေရာရှိတယ်ဗျ၊ အဲဒီမှာ သွားပြီး တဝေါ့ဝေါ့နဲ့အန်ချနေရောဗျို့၊ ဦးဘသာကြီးက ထူးဆန်းပြီးတော့ အဖေ့ဆီပြေးသွားလိုက်တယ်။
“သူကြီး အစာမကြေလို့လား”
အဖေက အန်ပြီးမောနေတာကြောင့် တော်တော်နဲ့စကားပြန်မပြောနိုင်ဘူးဗျ၊ နောက်တော့မှ သူ့လည်ပင်းမှာပတ်ထားတဲ့ သဘက်တစ်ထည်နဲ့ပါးစပ်ကိုသုတ်ရင်း
“ဟုတ်တယ်ဗျ၊ အစာအိမ်လိုလို၊ လေနာလိုလိုဖြစ်နေတာ တစ်လတောင်ကျော်ခဲ့ပြီဗျ”
ဦးဘသာက သူကြီးအန်ထားတာတွေကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်၊ ကျုပ်လည်း ထမင်းစားပြီးသွားတော့ သံပန်းကန်လေးကိုင်ပြီး ပန်းကန်ဆေးဖို့ ရေသုံးတဲ့နားကိုရောက်လာတာပေါ့ဗျာ။ အဖေနဲ့ ဦးဘသာကြီးတို့ တိုးတိုးစကားပြောနေတာကိုကြည့်ပြီး သိချင်လာတာနဲ့ မယောင်မလည်နဲ့ အနားကိုကပ်ခဲ့တာပေါ့၊ ဦးဘသာကြီးက အဖေ့လက်ကိုလှမ်းဆွဲလိုက်တယ်။
“သူကြီး ကျုပ်ကိုယုံလား”
အဖေက ဘာမှပြန်မပြောဘူး၊ ခေါင်းပဲညိတ်ပြလိုက်တယ်၊ ဦးဘသာကြီး ကအဖေ့လက်ကိုဆွဲကိုင်ပြီးတော့ သူ့လက်ဝါးကို ပါးစပ်နားကပ်ပြီး တစ်ခုခုရွတ်ဆိုလိုက်တယ်၊ နောက်တော့ အဲဒီလက်ဝါးနဲ့ အဖေ့လက်ဖဝါးကို ရိုက်ထည့်လိုက်တယ်၊ မကြာပါဘူး အဖေ့လက်ဝါးမှ အနက်ရောင် ထဆင်ထူးပုံလေးပေါ်လာတယ်ဗျ၊ ထဆင်ထူးပုံ သိပ်ပြီး မပြီမသလေးပေါ့၊ အနက်ရောင်ကတော့ သွေးခြေဥသလို အနက်ရောင်လေးဗျ၊ အဖေက လက်နဲ့ပွတ်ကြည့်တော့ ပျက်မသွားဘူး၊ အရေပြားအောက်မှာ ပေါ်နေတဲ့ပုံဗျ။
“သူကြီးကို သူများလုပ်ထားပြီ၊ အောက်လမ်းအစီအရင်နဲ့လုပ်ထားတာ”
ဦးဘသာစကားကို အဖေက မယုံသေးသလိုပဲဗျ၊
“ဟုတ်ပါ့မလား ဦးဘသာရယ်၊ ကျုပ်ကိုဘယ်သူလုပ်မှာလည်း၊ နောက်ပြီးကျုပ်ကလည်း ဘုရားနဲ့တရားနဲ့နေတာပါ”
“မဟုတ်ဘူးသူကြီး၊ ဘုရားတရားနဲ့နေတယ်ဆိုပေမယ့် သူကြီးမှာ အားနည်းသွားတဲ့အချိန်မှာ သူများကလုပ်လိုက်တာပဲ၊ နောက်ပြီးတော့ ဒီအပင်းကိုကြည့်ရတာ အစာအပင်းဖြစ်မယ်၊ လုပ်ထားတဲ့သူက တော်တော်စွမ်းစွမ်းပဲ၊ သူကြီးဘာမှမဖြစ်ဘူးလား”
“ကျုပ်ကတော့ ရက်ခြားဆိုသလို အန်နေတာရယ်၊ ညဘက်အိပ်လို့မရတာရယ်ကလွဲပြီး တခြားဘာမှတော့မဖြစ်သေးဘူး”
ဦးဘသာက အဖေ့လက်ဝါးကို သေသေချာချာလက်ညှိုးထိုးပြီးတော့ ခေါင်းတဆတ်ဆတ်ညိတ်တယ်။
“အေးဗျ၊ လုပ်ထားတာတော့ သူကြီးကိုသေအောင်လုပ်တာသူကြီး၊ သူကြီးက ဘုရားတရားမြဲလို့ မသေတာ၊ ဒါတောင်မှ တဖြည်းဖြည်းနဲ့ခံစားနေရပြီမဟုတ်လား”
“အေးဗျာ၊ ခင်ဗျားပြောတာဖြစ်နိုင်တယ်၊ ခုဆိုကျုပ်မနက်ပိုင်းတောင် ဘုရားမရှိခိုးဖြစ်တော့ဘူး၊ ညပိုင်းဘုရားရှိခိုးရင်လည်း စိတ်မပါသလိုဘဲဗျ”
ဦးဘသာကြီးက အဖေ့လက်ကိုပြန်ချလိုက်ပြီးတော့
“အဲဒါဆိုသူကြီး ပယောဂဆရာကောင်းကောင်းနဲ့ကုချင်ကုပါ၊ မြိုင်သာက ဆရာတုတ်ကြီးလည်း နာမည်ကြီးတယ်မဟုတ်လား၊ လုပ်ထားတဲ့သူက တော်တော်စွမ်းစွမ်းဗျ”
အဖေက သူ့လက်ကိုသေချာကြည့်နေတယ်၊ နောက်တော့
“ဦးဘသာကြီးကလည်းဗျာ၊ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့စမ်းပါ၊ ခင်ဗျားလုပ်နိုင်တယ်မဟုတ်လား”
“ကျုပ်က သူကြီးတို့တစ်မျိုးထင်နေမှာစိုးလို့ဗျို့၊ ကိုင်းဒါဆိုရင်လည်း ဒီမှာမကောင်းဘူး၊ အိမ်ထဲဝင်ရအောင်”
အဖေနဲ့ ဦးဘသာကြီးအိမ်ထဲဝင်လာကြတယ်၊ ကျုပ်လည်း ပန်းကန်မဆေးတော့ဘဲ လက်ဆေးပြီးတော့ လိုက်လာခဲ့တာပေါ့၊ အမေတို့ကတော့ သိပ်မကြိုက်ချင်တဲ့ပုံပဲဗျ၊ အိမ်အောက်ထပ် မီးဖိုထဲကို ဝင်သွားပြီးတော့ ဦးဘသာကြီးက ဆောင့်ကြောင့်ထိုင်လိုက်တယ်။
“ဒီနေရာဆိုလူမမြင်လောက်ဘူးသူကြီးရ၊ ကဲ သူကြီးလက်ကိုပေး”
အဖေ့ရဲ့ ထဆင်ထူးပေါ်တဲ့လက်မဟုတ်တဲ့ နောက်လက်တစ်ဖက်ကိုယူလိုက်ပြီးတော့ ဦးဘသာကြီးက မီးဖိုထဲက ပြာတွေကိုကောက်ယူလိုက်တယ်၊ နောက်ပြီး အဖေ့လက်ဖဝါးပေါ်မှ ပြာတွေနဲ့ ထဆင်ထူးပုံစံတစ်ခုထပ်ရေးတယ်ဗျ၊ ရေးနေရင်း ပါးစပ်ကလည်း တစ်ခုခုကိုရွတ်နေသလိုပဲ၊ နောက်တော့ အဖေ့လက်ကို သူ့လက်ဝါးနဲ့ ဘုန်းခနဲရိုက်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဖနောင့်တစ်ချက်မသိမသာလေး ပေါက်လိုက်တာကို ကျုပ်တွေ့လိုက်တယ်၊ ပြာတွေက လွင့်သွားတာပေါ့ဗျာ၊ နောက်တော့ အဖေက ပျို့တက်လာတယ်။
“တစ်ခုခုပေးစမ်းဟေ့၊ မင်းတို့အဖေအန်တော့မယ်”
မီးဖိုချောင်ထဲမှာမို့လို့ ထမင်းရည်ငှဲ့ချတဲ့ အင်တုံကြီးကိုထိုးပေးလိုက်တယ်၊ အဖေက အင်တုံကြီးထဲကို ဖြူဖြူအရည်တွေအန်ချတယ်၊ နွားနို့တွေလိုပဲဗျာ၊ အနံ့ကလည်း ချဉ်စုပ်စုပ်နဲ့ဗျ၊ နောက်တော့ အဲဒီဖြူဖြူအရည်တွေထဲကို အသားစတစ်စအန်ချတယ်ဗျာ၊ အသားက အစိမ်းအတိုင်းပဲ နီရဲနေတာပဲ၊ ဦးဘသာကြီးက ကျုပ်တို့ဘက်လှည့်ပြီး
“မင်းတို့ဆီမှာ ကွမ်းရွက်ရှိသလား”
အဖေရော၊ ကျုပ်အကိုကြီးရော ကွမ်းစားတဲ့သူတွေဆိုတော့ ကွမ်းရွက်က အိမ်မှာရှိတာပေါ့၊ ကျုပ်အကိုကြီးလည်း သူ့ကွမ်းအစ်ထဲက ကွမ်းတစ်ရွက်ယူပြီး ဦးဘသာကြီးကိုပေးလိုက်တော့ ဦးဘသာကြီးက အသားဖတ်ကလေးကို ကွမ်းရွက်နဲ့လှမ်းပြီးကိုင်လိုက်တယ်၊ အဲဒီအသားလေးက လေထဲရောက်တာနဲ့ နံလိုက်တာဗျာ၊ ပုတ်စော်ကြီးကို ဟောင်နေတာပဲ၊ ဦးဘသာကြီးက အကိုကြီးကို အဲဒီကွမ်းရွက်နဲ့ထုပ်ထားတဲ့ အသားစလေးကိုလှမ်းပေးလိုက်တယ်။
“အဲဒီကွမ်းရွက်ကိုသေချာကိုင်သွားကွာ၊ ရွာထဲကိုပြန်လှည့်မကြည့်နဲ့ ရွာပြင်ကိုတစ်ချိုးတည်းပြေးပြီးတော့ ရွာအပြင်က ရိုးချောင်းလေးထဲကို မျှောလိုက်ကွာ”
အကိုကြီးလည်း ကွမ်းရွက်ကလေးကိုင်ပြီး ထွက်ပြေးတော့တာပေါ့ဗျာ၊ ကျုပ်တို့လည်း အံ့ဩလို့မဆုံးဘူး၊ ဦးဘသာကြီးက အဖေအန်တဲ့အရည်တွေကို အိမ်သာကျင်းထဲကို လောင်းထည့်ခိုင်းလိုက်တယ်။
“ကဲ၊ သူကြီး၊ အားလုံးအဆင်ပြေသွားပါပြီ၊ သူကြီးကို အစိမ်းသရဲတစ်ကောင်နဲ့ သေအောင်လုပ်ခိုင်းထားတာဗျ၊ လုပ်တဲ့လူကလည်း ဟိုဒင်း”
ဦးဘသာကြီးက အဖေ့ကို ဝိုင်းကြည့်နေတဲ့ ကျုပ်တို့ကိုတစ်ချက်ကြည့်လိုက်ပြီး အဖေ့နားအနားကို တိုးကပ်ပြီး တစ်ခုခုတိုးတိုးပြောလိုက်တယ်၊ အဖေက မျက်လုံးပြူးပြီး အံ့ဩသွားပုံရတယ်။
“ဟုတ်ပါ့မလား ဦးဘသာရဲ့၊ သူနဲ့ကျုပ်က အတော်ရင်းနှီးတာနော်”
“အဲဒါပေါ့သူကြီးရယ်၊ ဘယ်သူမှမယုံနဲ့ဗျ၊ လူဆိုတာ ကိုယ့်အပေါ်ကောင်းပြနေပေမယ့် နောက်ကွယ်မှာ ဘာကြံစည်နေသလဲဆိုတာ သိမှမသိတာ”
ဘယ်သူမှန်းတော့ ကျုပ်တို့မသိပေမယ့် အမေရော၊ ကျုပ်တို့ရော ဒေါသထွက်တယ်ဗျ၊ ကိုယ့်အဖေကို သေအောင်လုပ်တဲ့လူဆိုတော့ စိတ်ဆိုးတာပေါ့ဗျာ။
“ဦးဘသာကြီး အဲဒီလူကြီးကို သေအောင်ပြန်လုပ်မယ်ဗျာ”
ကျုပ်က စိတ်မထိန်းနိုင်ပဲပြောတော့ အဖေက ကျုပ်ကိုဝင်တားတယ်။
“ထားလိုက်ပါသားရယ်၊ သူ့အကုသိုလ်နဲ့သူသွားပါလိမ့်မယ်၊ အခုအဖေကောင်းသွားပြီဆိုတော့ ကျေနပ်လိုက်ပါတော့သားရယ်”
ဦးဘသာကြီးက ပြုံးနေရင်း
“သူကြီးကတော့ ကျုပ်လေးစားပြီးရင်းကို လေးစားပါတယ်ဗျာ၊ ခင်ဗျားက တော်တော်သည်းခံခွင့်လွှတ်နိုင်တဲ့သူပဲဗျ”
ဦးဘသာကြီးပြန်သွားတော့တယ်၊ ကျုပ်တို့လည်း အဖေ့ကိုဘယ်သူလုပ်တယ်ဆိုတာ ဝိုင်းမေးတာပေါ့၊ ကျုပ်တို့ဒေါသကိုသိလို့ထင်တယ်၊ အဖေက ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေတယ်ဗျ၊ ကျုပ်တို့ဖြင့် ဟိုလူလား၊ ဒီလူလားဆိုပြီး သို့လော သို့လောတွေ တွေးပြီး နေလာခဲ့ရတာပေါ့၊ တစ်ခါတော့ ကျုပ်လည်းအဖေ့ကိုမေးမရရင် ဦးဘသာကြီးကို မေးမယ်ဆိုပြီး သွားမေးတာပေါ့၊ ဦးဘသာကြီးက ကွမ်းကြီးမြုံ့ပြီးတော့ ဘာပြောသလဲသိလား။
“ငါလည်း မေ့သွားပြီတဲ့” ဗျာ၊ ကဲ ဖြစ်နိုင်လားဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ကြပါ။
(၅)
ဒီလိုနဲ့ နှစ်တွေတော်တော်ကြာသွားပြီး အဖေလည်း အသက် ခုနစ်ဆယ်နီးပါးရောက်တော့မှ ကျုပ်လည်းမေးဖြစ်တယ်၊ အဖေနဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပြန်သတိရသွားတာနဲ့ တစ်သက်လုံးသိချင်လာခဲ့တဲ့ အရာကိုမေးရတာပေါ့၊ အဖေက ခေါင်းညိတ်ရင်း
“အင်းလေ၊ အခုတော့ မင်းအမေလည်းမရှိတော့ဘူး၊ အဲဒီလူလည်းမရှိတော့ဘူးမဟုတ်လား၊ ငါ့ကိုလုပ်တာတော့ တစ်ခြားသူမဟုတ်ပါဘူးကွာ၊ မင်းအမေရဲ့မောင် သန်းထွန်းကွ”
အဖေ့စကားကို ကျုပ်မယုံချင်ပေမယ့် အဖေကလိမ်မပြောဘူးဆိုတာ ကျုပ်သိတယ်၊ ကိုသန်းထွန်းဆိုတာက ကျုပ်တို့နဲ့ တော်တော်ကိုခင်တာ၊ အမေအိမ်ထောင်ကျကာစ ဆို အိမ်မှာအတူတူနေကြသေးတယ်၊ နောက်တော့ ကိုသန်းထွန်းအိမ်ထောင်ကျပြီးတော့ အိမ်ခွဲနေကြတာပေါ့ဗျာ၊ ကျုပ်တို့နဲ့ နှစ်အိမ်တစ်အိမ်နေတာပါဗျာ၊ ဆွေမျိုးအရင်းခေါက်ခေါက်တွေလေဗျာ။
“အဖေကလည်း ကိုသန်းထွန်းက အဖေ့ယောက်ဖလေ၊ အဖေ့ကိုဘာလို့သေစေချင်မှာလည်း”
“ဒီလိုကွ၊ အဲဒီနှစ်က သန်းထွန်းတို့က စပါးဖွက်တယ်ကွ၊ အဖေက သူကြီးဆိုတော့ ဘယ်သူ့လယ်က ဘယ်လောက်ထွက်တယ်ဆိုတာ သိနေတယ်မဟုတ်လား၊ ဒါကြောင့်မို့လို့ သန်းထွန်းကို မင်းစပါးဖွက်တာ ငါသိတယ်နော်ဆိုပြီးတော့ စပါးခွဲတမ်းချပေးလိုက်တာ၊ သူက အဲဒါကို မကျေနပ်ပုံရပါတယ်၊ မြိုင်သာက အောက်လမ်းဆရာမကြီးဆီသွားပြီးတော့ အပင်းတောင်းပြီး ထည့်လိုက်တာပေါ့ကွာ”
ကိုသန်းထွန်းတို့ သေသွားပြီဆိုပေမယ့် ကျုပ်အဲဒီစကားကြားတော့ ရင်ထဲတော်တော်ဒေါသဖြစ်သေးတာ၊ နောက်တော့မှ အဖေ့ဆုံးဖြတ်ချက်ကို နားလည်ခဲ့တယ်၊ အဖေသာ ကိုသန်းထွန်းလို့ပြောလိုက်ရင် ရှုပ်ထွေးတဲ့ပြသနာတွေဖြစ်လာမယ်မဟုတ်လား၊ ဒီတစ်ခါတော့ အဖေ့ကိုကျုပ်ချီးကျူးမိပါတယ်ဗျာ၊ အဖေက ဦးဘသာပြောသလို တော်တော်သည်းခံနိုင်ခဲ့တာပဲလေ။
အဲဒီအစာအပင်းမိပြီးနောက်ပိုင်းကတည်းက ကျုပ်တို့က သူများလာပေးတဲ့အစားအစာ မစားတော့ဘူးဗျို့၊ လာပေးရင်ယူလိုက်ပြီးတော့ ဘုရားဆွမ်းတော်ကပ်စရာရှိရင်ကပ်ပြီး သွန်ပစ်လိုက်တာပဲ၊ မဟုတ်ရင်လည်း သူများတွေကို ပေးကျွေးလိုက်တာပေါ့ဗျာ၊ အဖေ့အဖြစ်ကိုကြည့်ပြီး ကျုပ်တို့တွေ တစ်သက်စာ သင်ခန်းစာရခဲ့ပြီမဟုတ်လားဗျ။
ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာ၊ နောက်နေ့ရောက်ရင် ဦးဘသာအကြောင်း ထပ်ပြောပြအုံးမယ်ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်