အစိမ်းကြွေပန်းတစ်ပွင့်၏ကလဲ့စား(စ/ဆုံး)
———————————————
ရွှေစင်တစ်ယောက် မှန်ထဲမှ မိမိကိုယ်မိမိ ကြည့်ကာ ပြုံးလိုက်မိသည်။
“သမီး ကျူရှင်နောက်ကျနေမယ်နော်”
” ဟုတ်မေမေ၊ ဒီမှာစာအုပ်ရှာနေလို့ လာပြီမေမေ”
မိခင်၏ ခေါ်သံကြောင့် သူ အခန်းထဲမှ ကမျောကသော ပြေးထွက်ခဲ့သည်။
” မေမေ မုန့်ဖိုးပေးအုံး ”
သူ့အားမိခင်ဖြစ်သူက စေ့ငှစွာကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြီးနောက်
” သမီးက ခုမှ ကိုးတန်းကျောင်းသူလေးပဲ ရှိသေးတာနော်၊ အလှတွေ ဇွတ်ပြင်မနေနဲ့”
” အမေရယ်၊ သမီးသိပါတယ်၊ သူငယ်ချင်းတွေနဲ့သွားလို့ စုတ်တီးစုတ်ပြတ်နဲ့ဆို ကဲ့ရဲ့ခံရမှာပေါ့၊ မူယာတို့အကြောင်းလဲ အမေသိသားနဲ့”
“အင်းလေ သိလို့ပြောနေတာ ၊ မူယာဆိုတာက ခပ်ရှုပ်ရှုပ်၊ သူ့အဖေက နိုင်ငံခြားမှာအလုပ်သွားလုပ်နေတာ၊ သူ့အမေကလည်း ခေတ်ရှေ့အရမ်းပြေးတာ၊ သူ့ယောက်ျားမရှိချိန်၊ ကလပ်တက်တယ်၊ ဘားကိုသွားတယ်၊ ပြင်ထားတာကလဲ အပျိုတောင်ရှုံးတယ်၊ ဆယ်ကျော်သက် သမီးအရွယ်နဲ့ နင်လားငါလားပဲ”
” ဟင်မေမေက ဘယ်လိုသိတာလဲ”
” ဟဲ့ မသိပဲနေမလား ၊သူများတွေ ပြောပြတာ ”
” ကျွတ် အမေတို့ကအဲ့ဒါပဲ၊ သူ့ဟာသူဘယ်လိုနေနေပေါ့၊ လိုက်ပြောနေကြတယ်”
” ဟဲ့ သူ့အမေကိစ္စကအသာထား၊ နင့်သူငယ်ချင်းမူယာက ညဘက် ကောင်လေးတစ်ယောက်နဲ့ ခါးဖက်ပြီး ဆိုင်ကယ် လိုက်စီးတာ မခင်အေးကိုယ်တိုင်တွေ့သတဲ့.. တော်ကြာသမီးပါ အတတ်ကောင်းတွေတက်နေမှာ စိုးလို့လေ၊ အမေတော့ မူယာ့ကိုသဘောမကျဘူး”
” ကဲ မေမေတရားဟောနေတာ နားထောင်ရင်းနဲ့ သမီးကျူရှင်နောက်ကျတော့မယ် ၊ ပေး မုန့်ဖိုး ”
” ရော့ မုန့်၀ယ်စား၊ အလှပြင်ပစ္စည်းတွေမ၀ယ်နဲ့”
” ဟုတ်”
မိခင်ထံမှ မုန့်ဖိုးအား ခပ်သွက်သွက်လှမ်းယူကာ အိမ်ထဲမှ အပြေးထွက်ခဲ့တော့သည်။
” ဟဲ့ ရွှေစင်၊ နောက်ကျလိုက်တာ၊ နင့်ကို စောင့်နေတာကြာပြီ ”
” အိမ်က မာမီ တရားဟောတာ နားထောင်နေရလို့ပါဟ”
” နင့်အမေက ဘာတွေပြောလို့လဲ ”
” ကျွတ် ထားလိုက်ပါဟာ၊ ဓာတ်ပြားဟောင်းတွေပါ၊ ငါတော့ ဟိုဘက်နား၀င် ဒီဘက်နားထွက်ပေါ့ အဟက် ”
” အင်း ၊ ဩ ဒီနေ့ ကိုကိုက သူ့သူငယ်ချင်းခေါ်လာပြီး နင်နဲ့မိတ်ဆက်ပေးမှာနော် ”
” အင်းပါ သိပါတယ်ဟ”
” ဟိ ကောင်မ၊ ဒါမျိုးကြ မမေ့ဘူး၊ ဩ ကိုကို့သူငယ်ချင်းက ခေတ်သစ်စားတော်ဆက်ပိုင်ရှင်ရဲ့ သားလေ”
” အင်း ဟိုတစ်လောက အသစ်ဖွင့်တဲ့ စားတော်ဆက်ကိုပြောတာလား အဝိုင်းပတ်ဘေးနားကဆိုင်လေ ”
” ဟုတ်တယ်ရွှေစင် ”
” ဩ ”
“ဟော.. ဟိုမှာ ကိုကိုတ်ို့ လာနေပြီ ၊ ရှေ့က ဆိုင်ကယ်မောင်းလာတာ သူ့သူငယ်ချင်းလေ ”
” အင်း …ငါကြောက်တယ်မူယာ ”
” နင်ကလဲ ကိုက်စားမှာမို့ကြောက်တာလား အ ဟက် ဟက် ”
” မူယာနော် ”
” သဲလေး ရောက်နေတာကြာပြီလား၊ သဲပြောတဲ့ ရွှေစင်ဆိုတာသူလေးလား ”
” အင်းဟုတ်တယ်ကိုကို ၊ သူက မြို့နယ်ဆေးရုံအုပ်ဆရာ၀န်ကြီးရဲ့သမီး ရွှေစင်တဲ့၊ အိမ်တွင်းပုန်းလေးလေ ”
“အင်းပါ မူယာ့သူငယ်ချင်းဆိုတော့ ကျွန်တော့ကိုလည်း မူယာ ခင်သလိုခင်ပါ ၊ ဩ ရွှေစင် ဒါက ကျွန်တော့်သူငယ်ချင်း ဇော်လတ်တဲ့၊ ဒီမြို့ကို ပြောင်းလာတာမကြာသေးဘူး၊ သူက ရွှေစင်နဲ့မိတ်ဆက်ပေးပါဆိုပြီး ပူဆာနေလို့ ”
” အင်းကိုဇော်လတ်က ရွှေစင်ကိုသိလို့လား”
“မသိပဲနေမလားရွှေစင်ရယ် ၊ ဟိုနေ့က ထွန်း ပုဂ္ဂလိက ဆေးရုံဖွင့်ပွဲနေ့က ရွှေစင်ဖေဖေနဲ့ လိုက်လာတာမို့လား ၊အဲ့ဒီနေ့က ကိုယ်လဲရှိနေတယ်လေ၊ အဲ့ကတည်းက ရွှေစင်နဲ့ အရမ်းခင်ချင်နေတာ ၊ ဒါကြောင့်ဒီကောင့်ကို အရမ်းပူဆာနေရတာ၊ ရွှေစင်အိမ်ရှေ့ဖြတ်တော့ ရွှေစင့်မာမီက လိုက်ကြည့်နေလို့ လစ်ပြန်ခဲ့ရတာ၊ ကိုယ်က ရေကြောင်းသိပ္ပံ ဒုတိယနှစ်တက်နေတာပါ ”
” ဟုတ်ကဲ့ ကိုဇော်လတ်”
” ကဲ မုန့်သွားစားရအောင်လေ ၊ မူယာက ကိုကို့ဆိုင်ကယ်နောက်က လိုက်မယ် ၊ ရွှေစင် နင်က ကိုဇော်လတ်ဆိုင်ကယ်နဲ့သာလိုက်ခဲ့တော့၊ ရော့ကိုကို မူယာရဲ့ ဆိုင်ကယ်သော့”
ရွှေစင်က မူယာအား မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ပြီးနောက်
” ကိုဇော်လတ် ၊ ဆိုင်ကယ်ဖြေးဖြေးမောင်းနော်၊ ကိုဇော်လတ်ဆိုင်ကယ်က အမြင့်ကြီး”
ဇော်လတ်၏ အာစတက်ဆိုင်ကယ်အမျိုးအစားအား တစ်ချက်ကြည့်ကာ ရွှေစင်က ဆိုလိုက်၏။
” ကိုယ့်ကို သေချာကိုင်ထားရွှေစင် ပြုတ်ကျနေဦးမယ် ”
ရွှေစင်နှင့် ဇော်လတ်ပြောနေစဉ်အချိန်တွင်း၌ပင် မူယာတို့အတွဲက ထွက်ခွာသွားကြပြီဖြစ်သည်။
ရွှေဇင်ကဆိုင်ကယ်စီးနေရင်းမှ ဇော်လတ်၏ အင်္ကျီအား ဆုပ်ကိုင်ထားရသော်လည်း အဆင်မပြေပေ။slowdown တစ်ခုအား အဖြတ်၌
” အမေ့ ”
သူပြုတ်ကျမလိုဖြစ်သွားသောကြောင့် ဇော်လတ်၏ ခါးအား လှမ်းဖက်လိုက်မိသည်။
ဇော်လတ်တော့ ဘယ်လိုခံစားရသည်မသိ။
အပျိုရိုင်းမလေး ရွှေစင်ကတော့ ရင်တွေ တ ဒိန်းဒိန်းမြည်အောင်ခုန်နေသည်။တစ်ခါမှ ယောက်ျားလေးများနှင့် နီးနီးကပ်ကပ်မနေဖူးသော ရွှေစင်တစ်ယောက် ဇော်လတ်၏ ခါးအားဖက်၍ ဆိုင်ကယ်လိုက်စီးရသည်မှာ အိပ်မက်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိသည်။
ရွှေစင်က ဇော်လတ်ခါးအား ဖက်လာသည်မို့ ဆိုင်ကယ်အား လီဘာအနည်းငယ်ထပ်မြင့်လိုက်သည်။
ထိုအခါ ရွှေစင်၏ ခန္ဓာကိုယ်ကနောက်ကျောနှင့်ပို၍ နီးကပ်လာသည်။အိအိထွေးထွေး အထိအတွေ့နွေးနွေးကြောင့် ဇော်လတ်တစ်ယောက် ရင်ခုန်သံတွေက ထိန်းမရချင်တော့။
ရွှေစင့်ကို စမြင်ကတည်းက ရင်ခုန်ခဲ့ရသည်။
အမှန်အတိုင်း၀န်ခံရလျှင် ရွှေစင်အား စမြင်ကတည်းက ချစ်မိပါသည်။
မင်းသမီးချော ခင်၀င့်ဝါကဲ့သို့ ချစ်စရာကောင်းသော ရွှေစင့်အနား၌ ကောင်လေးများက ဝိုင်းဝိုင်းလည်နေသော်လည်း ရွှေစင်က စိတ်မ၀င်စားခဲ့။
အနေအေး၍ စာတော်သော ရွှေစင်ကို သူမြတ်နိုးသည်။
ရွှေစင်နှင့်ရင်းနှီးဖို့အတွက် သူအတော်ကြိုးစားခဲ့ရသည်။
ရွှေစင်နှင့်မူယာက သူငယ်ချင်းအရင်းခေါက်ခေါက်။
သို့သော် မူယာက ကလက်သည်။ ပွေသည်။မူယာလက်ရှိတွဲနေသော အောင်ထွန်းအား အပူကပ်ကာ ရွှေစင်နှင့်ရင်းနှီးရန်ချဉ်းကပ်ခဲ့ရသည်။
သူနှင့်ရွှေစင် ” မြတ်သီရိ”ဟူသော စားသောက်ဆိုင်လေးထဲ ၀င်ရောက်လာသောအခါ ကောင်လေးများက ရွှေစင်အားဝိုင်း၍ ကြည့်နေကြသည်မို့ ဇော်လတ်အူတိုနေမိသည်။
” လာဟေ့ ဇော်လတ် ငါတို့ဒီမှာ”
အောင်ထွန်းတို့ ထိုင်ရာ စားပွဲဆီသို့နှစ်ဦးသား လျှောက်လာခဲ့ကြသည်။
ထိုစဉ် ရွှေစင့်အနားသို့ တစ်ဦးတစ်ယောက် ဖြတ်လျှောက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့်
” ဟင် ”
ရွှေစင်နှုတ်မှ ယောင်၍ပင် ဟင်ကနဲထွက်သွားမိ၏။
” ရွှေစင် ဘာဖြစ်လို့လဲ”
ဇော်လတ်က ရွှေစင်အား အကဲခတ်သလိုကြည့်ကာ မေးလိုက်သည်။
” ဟို ဘာမှမဖြစ်ပါဘူး ”
ဖြေနေရင်းပင် ရွှေစင်တစ်ယောက် ကြက်သည်းများ ထလာခဲ့သည်။
ထိုသို့သော ခံစားချက်မျိုး သူတစ်ခါမှ မဖြစ်ဖူးပေ။
လူအများအပြားရှိနေသော စားသောက်ဆိုင်တွင်ထိုင်နေရင်းမှ သူ့အားတစ်ယောက်ယောက် စိုက်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် သူ မလုံမလဲဖြင့် ဘေးဘီဝဲယာအား လိုက်ကြည့်မိသည်။
သူ၏ထူးခြားသော အပြုအမူကြောင့်
” ရွှေစင် ဘာဖြစ်နေတာလဲ၊ နင့်ကိုဘာစားမလဲ မေးတာနှစ်ခါတောင်ရှိပြီ ၊ နင် ဟိုကြည့်ဒီကြည့်နဲ့ ဘာတွေဖြစ်နေတာလဲ ”
” ဟင် ဟုတ်လားမူယာ၊ ငါမကြားလိုက်လို့ sorry ပါနော် ”
” ရွှေစင် အဆင်ပြေရဲ့လား၊ ကိုယ်ဘာများကူညီပေးရမလဲ၊ ရွှေစင့်ကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ ”
” အင်း ..ရပါတယ် ၊ ရွှေစင်အဆင်ပြေပါတယ် ကိုဇော်လတ် ”
ရာသီဥတုသည် ပူနေသည်ဟု ဆိုသော်လည်း ထိုဆိုင်လေးထဲထိုင်နေစဉ် တဖြေးဖြေး အေးစိမ့်လာသည်ဟု ခံစားနေရ၏။
” ရာသီဥတုကလည်း ပူလိုက်အေးလိုက်နဲ့နော် မူယာ ”
သူ့စကားကြောင့် ကျန်သုံးယောက်က အံ့ဩဟန်ဖြင့် ရွှေစင့်အား ဝိုင်းကြည့်လာကြကာ
” အရာရာ ပုံမှန်ပါရွှေစင် ၊နေမကောင်းလို့များလား ”
ဇော်လတ်က ရွှေစင်၏ နဖူးအား ရုတ်တရက်လှမ်းစမ်းကြည့်လိုက်သောကြောင့်
” အို ”
ရွှေစင် ရှက်သွေးဖြာကာ ပါးစပ်မှ အိုကနဲပင် ယောင်၍ ထွက်မိသွား၏။
မူယာနှင့်အောင်ထွန်းတို့နှစ်ယောက်က သူတို့အားကြည့်ကာ ပြုံးစိစိ လုပ်နေကြသည်။
” ဟာ ဘေဘီလေး မင်းကိုယ်တွေပူနေပါလား၊ မင်းအဖျားတက်လို့ ချမ်းစိမ့်စိမ့်ဖြစ်နေတာ၊ ကဲ မူယာ ရွှေစင်ဖျားနေပြီ အိမ်ပြန်ပို့ပေးလိုက်ဦး”
” အင်းပါ ကိုဇော်လတ်ရယ်၊ တကတည်း ဖြစ်နေလိုက်တာ၊ ရွှေစင့်ကို ခေါ်တာက ဘေဘီလေးတဲ့ ခစ်ခစ်”
မူယာ့စကားကြောင့် ရွှေစင်မျက်နှာပင် ပူထူသွား၏။
ထိုစဉ် ခေါင်းများတရိပ်ရိပ်မူးလာကာ မြင်ကွင်းက မှောင်လာသည်ဆိုခြင်းထက် အရိပ်တစ်ခုလွှမ်းမိုးခြင်းအားခံစားလိုက်ရ၏။
ထိုအရိပ်ကြီးအား သူမော့ကြည့်မိလိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အလွန်ထိတ်လန့်ကာ
” အား ”
” ရွှေစင်၊ ရွှေစင် ”
သူ့နာမည် ခေါ်သံများအားကြားလိုက်ရပြီးနောက် ဘာမှမသိတော့ပါချေ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
” အင်း ဟင်း ဟင်း ”
” သမီးလေး ရွှေစင် ၊ သတိရပြီလားဟင် ၊ မေမေစိတ်ပူလိုက်တာ ”
ရွှေစင်နှုတ်မှ ညည်းညူသံနှင့်အတူ မျက်လုံးနှစ်လုံးက ပြူးကြောင်ကာ မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်လာသောကြောင့်
” ဟင် သ သမီး ၊ဘာ ဘာဖြစ်လို့လဲ ”
” ဟား ဟား ဟား ”
ရွှေစင်နှုတ်မှ အသံဝါကြီး ဖြင့် အော်ရယ်သံကြောင့် သူ့မိခင်ပင် ထိတ်လန့်တကြား ဖြစ်သွား၏။
” ဟလို အစ် အစ်ကိုလား၊ သမီး သမီးသတိရလာပြီ၊ သမီးကြည့်ရတာ တစ်မျိုးကြီးပဲ လာကြည့်အုံးမြန်မြန် ”
ရွှေစင်သည် အိပ်ယာထက်မှ ငေါက်ခနဲ ထထိုင်ကာ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကြားမှ မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်လာသည်မို့ မြနွယ်တစ်ယောက် သမီးဖြစ်သူအား ကြည့်ကာ ချွေးစေးများပင်ပျံလာသည်။
” သ သမီး ၊ သ သတိထားပါနော် ၊ မေမေလေ ”
အခန်းတွင်း ၀င်လာသော ခြေသံများကြားရပြီးနောက်
” မြနွယ် သမီးသတိရပြီလား၊ သမီးက ဘာဖြစ်လို့လဲ”
” မသိဘူး ကိုမင်း သမီးကိုကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ ”
မိန်းမဖြစ်သူစကားကြောင့် သမီးဖြစ်သူအားကြည့်လိုက်ရာ
မျက်လုံနှစ်လုံးပြူးကျယ်ဝိုင်းစက်ကာ မျက်တောင်မခတ် ပဲစိုက်ကြည့်နေသည်မို့
” ဟင် ”
နှုတ်မှ အာမေဋိတ်သံပင်ထွက်ကာ ခြေလှမ်းတစ်လှမ်းမျှပင် ယောင်၍ နောက်ဆုတ်သွားမိ၏။
” ဆရာမင်း အဆင်ပြေရဲ့လား ”
ဘေးမှပါလာသော လက်ထောက်ဆရာ၀န်စကားကြောင့်
“ဩ အဆင်ပြေပါတယ်၊ ရုတ်တရက် သမီးကို ဒီလိုပုံစံနဲ့ တွေ့လိုက်ရတော့ လန့်မိသွားတယ်၊ ခါတိုင်း သမီးက အရမ်းယဉ်ကျေးပြီး ချစ်စရာကောင်းတာလေ ၊ ခုလို ဖရိုဖရဲ ပုံစံတစ်ခါမှမဖြစ်ဖူးဘူး ”
” ဟား ဟား ဟား မင်းသက်ပိုင် ၊ ငါ ဒီနေ့အခြေအနေရောက်ဖို့ နှစ်တွေ အကြာကြီး စောင့်ခဲ့ရတာ ”
ရွှေစင်နှုတ်မှထွက်လာသော အသံဝါကြီးကြောင့်သုံးဦးသား ကြောင်သွားကြ၏။
” ကိုမင်း သမီးအသံက ကြောက်စရာကောင်းလိုက်တာ ၊ သမီးက အပမှီနေတာနေမှာ ၊ ဘယ်လိုလုပ်ကြမလဲ အဟင့် ဟင့် ”
” အသာနေအုံးမြနွယ်၊ အပမှီတာလား ၊ စိတ်ဖောက်ပြန်တာလား စမ်းသပ်ရမယ် ၊ ဆရာဇော် နာစ့် သုံးယောက်ခေါ်ခဲ့ပါ မြန်မြန်လေး ၊ ပြီးတော့ စိတ်ငြိမ်ဆေးပါ ယူလာခဲ့ပါ ”
” ဟုတ်ကဲ့ ဆရာမင်း ”
လက်ထောက်ဆရာ၀န်လည်း အခန်းထဲမှ ကမျောကသော ထွက်ခွာသွား၏။
” ဟား ဟား ဟား မင်းသက်ပိုင် ၊ ခု နင့်သမီးကို ငါပိုင်ပြီ၊ ငါသေသလို နင့်သမီးလဲ အသေဆိုးနဲ့သေစေရမယ် အ ဟက် ဟက် ”
အက်ရှရှ အသံဖြင့် ပြောကာ ခန္ဓာကိုယ်က တဖြည်းဖြေး အိပ်ယာထက်မှ ရုပ်သေးရုပ်ကဲ့သို့ ကြွတက်လာသော ရွှေစင့်အားကြည့်ကာ
” နင် နင်က ဘယ်သူလဲ ”
” နန်းသူဇာလေ အီး ဟီး ဟီး ”
” ဟင် နန်းသူဇာ ဆိုပါလား မြနွယ်ကြောက်တယ် ကိုမင်း”
ထိုစဉ် အခန်းအပြင်ဘက်စင်္ကြ၌ ခြေသံများ ကြားလိုက်ရပြီး သကာလ
” ဝုန်း ”
ဖွင့်ထားသော အခန်းတံခါးမှ ဝုန်းခနဲမြည်အောင် ပိတ်သွား၏။
အခန်းမီးမှာ တဖျတ်ဖျတ်ခါကာ တဂျစ်ဂျစ် အသံမြည်လာပြီးနောက်
ရွှေစင်၏ ခန္ဓာကိုယ်မှာ ကုတင်မှ ရုပ်ကြိုးပြတ်တွဲလောင်းအနေအထားဖြင့် ခေါင်းမှာ ညာဘက်သို့လိမ်လျှက် မြနွယ်တို့နှစ်ဦးရပ်နေရာနေရာသို့ တဖြည်းဖြည်းလွင့်မျောလာလေသည်။
မြနွယ်တို့ လင်မယားလည်း သမီးဖြစ်သူအား ကြောင်ကြည့်နေမိကြ၏။
” ဒေါက် ဒေါက် ”
“ဆရာမင်း ၊ တံခါးဖွင့်ပါ ၊ ကျွန်တော်တို့ ရောက်နေပြီဆရာ ”
တံခါးခေါက်သံကြောင့် အသိပြန်၀င်လာကာ အခန်းတံခါးအား အပြေးဖွင့်လိုက်၏။
“ဘုတ် ”
” အင့် ”
တံခါးလည်းအပွင့် ၊ လေပေါ်တွင်လွင့်ဝဲနေသော ရွှေစင်၏ ခန္ဓာကိုယ်သည်လည်း အောက်သို့ ဘုတ်ကနဲ မြည်အောင် ပြုတ်ကျသွားကာ သူ့နှုတ်မှ အင့် ခနဲပင် အသံထွက်လာ၏။
” ဟင် သမီး ၊ သမီး ဘာဖြစ်သွားသေးလဲ ”
မြနွယ်က သမီးဖြစ်သူအား စိုးရိမ်တကြီး ပြေးပွေ့လိုက်၏။
” အား ကျွတ် ကျွတ်၊ သမီး ဘာဖြစ်တာလဲ မေမေ၊ ဒီနေရာက ဘယ်နေရာလဲဟင် ”
” ဒါက ဆေးရုံကြီးလေ၊ သမီးအဖေတာ၀န်ကျတဲ့ ဆေးရုံကြီးပါ ”
” ကဲ သမီးကို ကုတင်ပေါ်တင်ပေးလိုက်ကြ၊ ပြီးရင် စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးပါ ထိုးပေးလိုက်ပါ၊ သမီးနားပါစေ”
” ဟုတ်ကဲ့ပါ ဆရာမင်း ”
ဒေါက်တာ မင်းသက်ပိုင်တစ်ယောက် နဖူးမှချွေးများအား လက်ခုံဖြင့် သုတ်လိုက်၏။
မြနွယ်အားကြည့်လိုက်သောအခါ မိမိအား မျက်နှာငယ်လေးဖြင့်ကြည့်နေရှာသည်။
မြနွယ်မပြောနှင့် ကိုယ်တိုင်ပင် အစောတုန်းက အဖြစ်အပျက်ကြောင့် ခွေလဲလုမတက် အားအင်များကုန်သကဲ့သို့ ခံစားရကာ ကြောက်စိတ်များကလည်း ခုထိ ကြီးစိုးနေဆဲ။
နန်းသူဇာ ဆိုသော ထိုအမည်ကို မေ့ထားခဲ့သည်မှာ ကြာခဲ့ပါပြီ၊ ယခုတော့ ထိုအမည်သည် သေရာမှ ပြန်လည်ရှင်သန်လာသော နတ်ဆိုးတစ်ကောင်အဖြစ် မိမိတို့အား ခြောက်လှန့်လာခဲ့လေပြီ။
” ဆရာမင်း ၊ဆရာမင်း ဆရာ…..”
” ဟေ ”
” ခေါ်တာကြာပြီ ဆရာမင်း၊ ဘာတွေများ တွေးနေတာလဲ ”
” Sorryပါ ၊ ကျုပ်အတွေးလွန်သွားတယ် ”
” ဟုတ် ဆရာမင်း၊နက်ဖြန်မနက် stomach case လူနာအတွက် operationရှိတယ် ”
” ဘယ်အချိန်လဲ ”
” ညနေပိုင်းပါ ”
“Okay ၊ ဒါဆို ကျုပ် ဒီနေ့ နားတော့မယ် ၊ အရေးကြီးကိစ္စရှိရင် ဖုန်းခေါ်လိုက်ပါ ”
ဆေးရုံအုပ်ကြီးတစ်ဖြစ်လဲ ခွဲစိတ်ဆရာ၀န်ကြီး ဒေါက်တာမင်းသက်ပိုင်သည် တာ၀န်ကျရာဆေးရုံကြီး၏ အရေးပေါ်အခန်းဘက်သို့ ခပ်သွက်သွက်လာခဲ့၏။
ထိုအခန်းသည် သူ၏ ချစ်လှစွာသောတစ်ဦးတည်းသောသမီး ရွှေစင်ဆေးကုနေသော အခန်းပင်မဟုတ်ပေလော။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၃)
” ကျွီ ”
အခန်းတံခါးအား ညင်သာစွာဖွင့်လိုက်သော်လည်း တံခါး၏ ပတ္တာက ကျွီကနဲ မြည်သွား၏။
” ကိုမင်း သမီးကို ကြည့်ပါဦး ”
မြနွယ်က မျက်ရည်များအား သုတ်ကာ အလျင်စလိုပြောလိုက်သောကြောင့် သမီးဖြစ်သူအား ကြည့်လိုက်မိသည်။
မျက်နှာကျက်အား အကြောင်းမဲ့ငေးစိုက်ကြည့်နေသောရွှေစင်က မျက်တွင်းများ ချိုင့်၀င်နေကာ သူ၏ လက်နှင့်ခြေထောက်များကိုလည်း ကုတင်နှင့်တွဲချည်ထားရ၏။
သတိရသည်နှင့် ပါးစပ်က ပေါက်ကရပြောကာ တွေ့သမျှလူအား ရန်ပြုတတ်သောကြောင့်ဖြစ်သည်။
ထိုသို့ရန်ပြုချိန်၌ ရွှေစင်သည် အသက်ဆယ့်ငါးနှစ်၀န်းကျင် မိန်းခလေးနှင့်မတူပဲ ယောက်ျားရင့်မကြီး သုံးလေးယောက်ပင် မနည်းဝိုင်းထိန်းကြရ၏။
” ကိုမင်း ၊ မြနွယ်ကတော့ သမီးကို အပမှီနေတယ်လို့ထင်တယ်၊ နန်းသူဇာရဲ့ ဝိညာဉ်က မြနွယ်တို့ကို ကလဲ့စားချေချင်လို့ လားမသိဘူး ”
” မင်းပါးစပ်ပိတ်ထားစမ်းမြနွယ်၊ နံရံမှာနားရှိတယ် ၊ မင်းကြောင့် တစ်ယောက်ယောက် အဲ့ဒီ အကြောင်းသိသွားရင် မင်းလဲ မလွယ်ဘူးဆိုတာမှတ်ထား ၊ မင်း ငါ့အကြောင်းသိပါတယ်၊ ငါ့သမီးကို ငါသိပ်ချစ်တယ်၊ ဒါကြောင့် သမီးကို ငါ့မျက်စိအောက်က အပျောက်မခံနိုင်ဘူး၊ သမီးကို အပမှီတယ်ဆိုပြီး ဆရာတွေဘာတွေခေါ်မယ်စိတ်မကူးနဲ့၊ ဆရာတွေဘာတွေခေါ်လာလို့ နန်းသူဇာ နဲ့ပက်သက်ပြီး အစဆွဲထုတ်မိသွားရင် အဟောင်းအသစ်ဖြစ်ပြီး အမှုဟောင်းကို လူတွေ ပြန်သတိရသွားကြမှာ ၊ ငါပြောတာ သဘောပေါက်တယ်နော် ၊ ငါကတော့ ပြီးပြီးသားအကြောင်းအရာတွေကို ဒီအတိုင်းပဲရှိစေချင်တော့တယ်”
” ဟုတ်ကိုမင်း၊ မြနွယ်က သမီးပညာရေး ထိခိုက်မှာစိုးလို့ပါ ၊ ခုတောင် သမီးကိုကျောင်းက ခွင့်တစ်ပတ်ယူထားရတာမို့လား”
” ဘာဖြစ်လဲကွာ ..ဒီနှစ်မတက်ရလဲ နောက်နှစ်ပြန်တက်ခိုင်းလို့ရတယ်၊ သမီးပါးစပ်က နန်းသူဇာအကြောင်း ပေါက်ကရ ထွက်နေသမျှ သူ့ကို ဘယ်မှပေးမသွားနိုင်ဘူး ”
” ဒက်ဒီ သမီးကို ချုပ်မထားပါနဲ့ ၊ သမီးကိုလွှတ်ပေးပါ ၊ သမီး ကျောင်းတက်ချင်တယ်”
ရွှေစင်ကမျက်နှာကျက်သို့ငေးနေရာမှ ဖခင်ဖြစ်သူအားလှမ်းကြည့်ကာ သနားစဖွယ်ပြောရှာသည်။
” ဒက်ဒီလဲ သမီးကို ခုလိုချုပ်မထားချင်ဘူးသမီး၊ ဒါပေမဲ့ ဒီရက်ပိုင်း သမီးစိတ်တွေ အရမ်းကြမ်းတမ်းနေတယ်၊ ဒက်ဒီအပါအ၀င် တွေ့တဲ့သူတွေ သမီးက ရန်ပြုနေလို့ပါ၊ သမီးလေး နေကောင်းရင် အရင်လိုပဲ သမီးကျောင်းပြန်တက်ရမှာပါ၊ သမီးနေကောင်းအောင်နေပါ၊ ဒက်ဒီရော သမီးမေမေပါ သမီးအနားမှာ ရှိနေတယ်”
” ဟုတ်ကဲ့ဒက်ဒီ ၊ ဒါနဲ့ ဟိုခုံပေါ်မှာထိုင်နေတဲ့ မိန်းမက ဘယ်သူလဲဟင် ”
” ဟင် ဘယ်ခုံမှာလဲသမီး ”
မြနွယ်က ထိတ်လန့်တကြားမေးလိုက်၏။
“ဟိုအခန်းထောင့်က ခုံမှာလေ ”
” ဘယ်သူမှမရှိပါဘူးသမီးရဲ့ ၊ သမီးအမြင်မှားတာနေမှာပါ ၊ မေမေတော့ ဘယ်သူ့မှမတွေ့ဘူး ”
” ဟင် ဘာလို့မတွေ့ရမှာလဲ၊ သမီးမျက်လုံးက အကောင်းကြီးပါ ၊ ဒက်ဒီရောတွေ့တယ်မို့လား ၊ ဆံပင် ကျစ်စမီးနှစ်ခွကျစ်ပြီး ပါတိတ်အနက်ရောင်၀မ်းဆက်၀တ်ထားတဲ့မိန်းမကို ”
ရွှေစင်၏ စကားကြောင့် မြနွယ်တို့ လင်မယားနှစ်ယောက် တစ်ဦးကိုတစ်ဦးအထိတ်တလန့်ကြည့်မိကြ၏။
” ကို ကိုမင်း ၊ တစ် တစ်ကယ်ပဲ နန်းသူဇာ လား၊ သူသေတဲ့နေ့က ….”
” မင်းပါစပ်ပိတ်ထားစမ်း မြနွယ်”
ဒေါက်တာမင်းသက်ပိုင်၏ အော်ငေါက်သံကြောင့် ရွှေစင်ပင် အတော်လေး လန့်သွားသည်။သူ့ဖခင်၏ ဤသို့သော ဒေါသတကြီး အော်ဟောက်သံကို တစ်ခါမှ မကြားဖူးသောကြောင့်ဖြစ်သည်။
ဖခင်ဖြစ်သူအား ကြောင်ကြည့်နေမိသော ရွှေစင်၏ မျက်လုံးသည် အခန်းထောင့်နေရာအား ရွေ့သွားပြီးနောက် တဖြည်းဖြည်း မျက်နှာကျက် အပေါ်သို့လိုက်ကြည့်နေသည်။
ရွှေစင်၏ အပြုအမူကြောင့် မြနွယ်တစ်ယောက် စိုးထိတ်သွားပြီး
” သ သမီး ၊ ဘာတွေ့လို့လဲဟင် ”
ရွှေစင်က ဘာမှပြန်မဖြေပဲ ပါးစပ်အဟောင်းသားဖြင့် လိုက်ကြည့်နေပြီးနောက်
” ဒက် ဒက်ဒီ၊ ဒက်ဒီ့ခေါင်းပေါ်က မျက်နှာကျက်မှာ ဟိုမိန်းမကြီး ၊ သမီးကြောက်တယ် သမီးကြောက်တယ် ”
ရွှေစင်၏ အထိတ်တလန့် ပြောကာ ကြောက်ရွံနေဟန်ကို ကြည့်ရင်း မြနွယ်သည်ပင် ချွေးစေးများပျံလာသည်။
” သမီးမကြောက်နဲ့ မေမေရှိတယ် ၊ မကြောက်ပါနဲ့သမီးရယ် ”
မြနွယ်က သမီးဖြစ်သူအား ပွေ့ဖက်ထားလိုက်၏။
မင်းသက်ပိုင်တစ်ယောက် ဘာပြော၍ ဘာလုပ်ရမည်မှန်းမသိပဲ မိန်းမနှင့်သမီးဖြစ်သူအား ကြောင်ကြည့်နေမိ၏။
မြနွယ်ရင်ခွင်ထဲ တိုးဝှေ့၀င်နေသော သမီးဖြစ်သူရွှေစင်သည် ဖရိုဖရဲ ဆံပင်များကြားမှ မျက်စံမပါသော မျက်စိအဖြူကြီးဖြင့် သူ့အားကြည့်ကာ ပြုံးပြနေသည်မို့
” မြနွယ် သမီးကို လွှတ်လိုက် ၊ သူ သူက ငါတို့သမီးမဟုတ်ဘူး ”
” ဟင် ကိုမင်း ဘာတွေပြောနေတာလဲ ၊ သမီးက မြနွယ်တို့ရဲ့ သမီးအစစ်ပါ ”
မင်းသက်ပိုင်သည် မိန်းမဖြစ်သူ၏ရင်ခွင်ထဲမှ ရွှေစင်အား တွန်းထုတ်ကာ မြနွယ်လက်အားဆွဲကာ အခန်းအပြင်သို့ အပြေးထွက်လာ၏။
ခင်ပွန်းဖြစ်သူ၏ အပြုအမူကြောင့် မြနွယ်တစ်ယောက် အံ့ဩကာ ဆွဲခေါ်ရာနောက် ဒရွက်တိုက်ပါလာသည်။
” ကိုမင်း ၊ ကိုမင်း စိတ်ထိန်းပါ ၊ မြနွယ်ကို ဘာလို့ ဒီလိုအတင်းခေါ်လာတာလဲ၊ ပြီးတော့ သမီးလေး ကို ဘာလို့ အတင်းတွန်းထုတ်တာလဲ ”
“မင်းပါးစပ်ပိတ်ထား မြနွယ်၊ သမီးက ပုံမှန်အခြေအနေမဟုတ်ဘူး ၊ နေဦး ဆရာဇော်ကို ဖုန်းဆက်ခေါ်လိုက်မယ်၊ သမီးကို လာကြည့်ဖို့ ”
မင်းသက်ပိုင် ဖုန်းဆက်ပြီးမကြာမီ ဆရာဇော်နှင့် နာစ့်နှစ်ဦးရောက်လာကြပြီး ရွှေစင်ရှိရာအခန်းသို့၀င်သွားကာ မကြာမီပြန်ထွက်လာကြပြီး
” ဆရာမင်းရဲ့ သမီးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပါ၊ စစ်ဆေးကြည့်တော့လည်း အားလုံးက ပုံမှန်အနေအထားပါ၊ သူ့လက်က ကြိုးတွေတောင် ချည်ထားဖို့ မလိုတော့ဘူးထင်တယ်ဆရာ ”
” ဟင် ကြိုးက မဖြည်သေးပါနဲ့ ”
” ဗျာ ဆရာမင်း ”
မင်းသက်ပိုင်စကားကြောင့် ဆရာဇော်က အံ့ဩသွား၏။
” ဩ ကျုပ်ကို အံ့ဩနေတာလား ဆရာဇော်၊ ရွှေစင်က ကျုပ်သမီးအရင်းပါ၊ ကျုပ်လဲ ကျုပ်သမီးကို ခုလို ချည်နှောင်မထားချင်ပါဘူး၊ ဒါပေမဲ့ သမီးကို မြနွယ်က အနီးကပ်စောင့်ရှောက်နေရတာမို့လား ၊ တော်ကြာ သမီးက စိတ်ဖောက်ပြီး ဟိုရက်ကလို ရန်ပြုရင် ကျုပ်မိန်းမအတွက် အန္တရာယ်ရှိတယ်လေ ၊ အစောတုန်းတင် မြနွယ်ရော ကျုပ်ရော သမီးနဲ့စကားပြောနေသေးတာ ၊ ခု ဆရာဇော် ၀င်ကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်လို့ ပြောတယ်၊ ကျုပ်အခု သမီးကို ကြည့်တော့လည်း တစ်ကယ်ပဲအိပ်ပျော်နေတယ် ၊ ဒါက ပုံမှန်မဟုတ်ဘူးဆရာဇော်၊ ကျုပ်ကိုယ်တိုင်က ခေတ်ပညာတတ် ဆရာ၀န်ကြီးတစ်ယောက်ပါ ၊ ဒါပေမဲ့ ကျုပ်တို့မသိတဲ့ ရောဂါဆန်းမျိုး သမီးခန္ဓာမှာ ဆွဲကပ်နေတာလဲ ဖြစ်နိုင်တယ် ၊ ဒီညတော့ နာစ့်နှစ်ယောက် သမီးကို စောင့်ခိုင်းပါဆရာဇော်၊ ဒီည မြနွယ်ကို အိမ်ပြန်ပြီး အနားယူခိုင်းလိုက်ဦးမယ် ”
” စိတ်ချပါ ဆရာမင်း ”
” ဩ သမီးလေး အခြေအနေထူးရင် အချိန်မရွေးဖုန်းဆက်ပါ ၊ ကျုပ် ညဘက်လဲ ဖုန်းဖွင့်ထားပါတယ် ”
” စိတ်ချပါ ဆရာမင်း ”
ဒေါက်တာမင်းသက်ပိုင်မောင်းသော ကားလေးသည် သူတို့မိသားစု နေထိုင်ရာ တစ်ထပ်တိုက်အိမ်လေးဆီသို့ ဆိုက်ရောက်လာခဲ့၏။
Xxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၄)
” မြနွယ် ၊ မင်းလည်း ပင်ပန်းသွားရောပေါ့၊ ဒီညတော့ ဘာမှမတွေးပဲ စိတ်အေးလက်လေးနဲ့ အနားယူလိုက်ပါ ”
” ကိုမင်းလည်း ပင်ပန်းနေပြီမို့လား ၊ တစ်ကယ်တန်း အနားယူရမှာက ကိုမင်းပါ ”
” ကဲပါ ၊ ကိုယ်တို့ ညစာစားရင်းနဲ့ စကားအေးဆေးပြောကြတာပေါ့၊ ကိုယ်ရေချိုးလိုက်ဦးမယ် ”
” ဟုတ် ကိုမင်း၊ မြနွယ်လည်း ညစာအတွက် ပြင်ဆင်လိုက်ဦးမယ် ”
ပြောရင်းဖြင့် မြနွယ်က ဧည့်ခန်းထဲမှထွက်သွား၏။
မင်းသက်ပိုင်တစ်ယောက် ဆေးလိပ်ဖြူတစ်လိပ်အား မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်၏။
ဆေးလိပ်ငွေ့ဖြူဖြူများအားကြည့်ရင်း
” ကိုသက် ၊ ဆေးလိပ်တွေအရမ်းမသောက်နဲ့နော်၊ ကိုသက်ကိုယ်တိုင်က ဆရာ၀န်တစ်ယောက်ဖြစ်ပြီး ဆေးလိပ်သောက်နေရင် လူနာတွေအမြင်မှာ ဘယ်တင့်တယ်ပါ့မလဲ ၊ ပြီးတော့ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုလည်း တစ်ကယ်ထိခိုက်စေတယ်လေ ”
” အင်းပါ နန်းရယ် ၊ ကိုသက်ဆင်ခြင်ပါ့မယ် ”
” ခစ် ခစ် ဒါကြောင့် နန်းက ကိုသက်ကို ချစ်နေရတာ ”
” ဟား ဟား ဟုတ်ပဗျာ ဒီကကောင်ကလဲ ဟော့ဒီ နန်းသူဇာဆိုတဲ့ နာစ့်ချောချောလှလှလေးကို အသဲခိုက်အောင်ချစ်နေရတာပါဗျာ ”
” ခစ် ခစ် ခစ် ”
မီးခိုးများကြားမှ အတိတ်အရိပ်အချို့အား သတိရနေမိသည်။
” ကိုမင်း ခုထိရေမချိုးသေးဘူးလား ”
စကားသံကြောင့် မင်းသက်ပိုင်တစ်ယောက် သတိပြန်၀င်လာသည်။
လက်ထဲမှ စီးကရက်အား ပြာခံခွက်ထဲ ထိုးချေလိုက်ပြီးနောက် ရေချိုးခန်းဖက်သို့ ထွက်လာလိုက်သည်။
ရေပန်းမှကျလာသော ရေမှုန်ရေမွှားများ ခန္ဓာကိုယ်အနှံ့ လာရောက် ရိုက်ခတ်နေသည်အား ကျေနပ်စွာခံယူရင်း
” ကိုသက် ဒီရေတံခွန်က အရမ်းသာယာတာပဲနော် ”
” ဟုတ်တယ်နန်း ၊ မေမြို့ရဲ့ အထင်ကရနေရာတွေထဲ ဒီ ပွဲကောက်ရေတံခွန်ကလည်း အပါအ၀င်ပဲ ”
” နန်းကတော့ ကိုသက်ကို အရမ်းကျေးဇူးတင်တာပဲ၊ ကိုသက် နန်းကို ဘယ်တော့မှ ထားမသွားရဘူးနော်၊ နန်းလေ ကိုသက်ကိုအရမ်းချစ်တယ်သိလား ”
” ကိုသက်လဲ နန်းကိုအရမ်းချစ်တယ် ”
ချစ်သူနှစ်ဦး လက်လေးတွဲကာ ကြည်နူးနေမိကြသည်။
” ဟလို သား၊ မင်းဘယ်ရောက်နေတာလဲ ၊ ချက်ချင်းပြန်လာခဲ့စမ်း ၊ မင်းကို ဘာလုပ်လုပ်မေမေမတားခဲ့ဘူး၊ မင်းကောင်မလေးနဲ့ပက်သက်ပြီးတော့လည်း ဘာမှမပြောခဲ့ဘူး၊ လူဆင်းရဲတာ မေမေလက်ခံနိုင်တယ်သား ၊ အေ မျိုးရိုးမကောင်းတာတော့ မေမေလက်မခံဘူး ”
” ဗျာမေမေ ၊ နန်းရဲ့ မျိုးရိုးက ဘာဖြစ်လို့လဲ ”
” မင်းပြန်လာခဲ့ပါ၊ မေမေသားကို အကုန်ပြောပြမယ် ”
” ဟုတ် ဟုတ်ကဲ့ မေမေ ”
မင်းသက်ပိုင်ဖုန်းပြောနေသည်အား ကြည့်ကာ နန်းသူဇာတစ်ယောက် မျက်ရည်များဝဲလာသည်။
” ကိုသက် နန်းလေ ကိုသက်ကိုချစ်လို့ တစ်ဘ၀လုံး ပုံအပ်ခဲ့တာပါ၊ နန်းကို ထားမခဲ့ပါနဲ့နော် ၊ နန်းလေ ကိုသက်ကို အရမ်းချစ်တယ် ၊ နန်း ကိုသက်ကို အဆုံးအရှုံးမခံနိုင်ဘူး၊ နန်းကို ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ထားမသွားဘူးလို့ ကတိပေးပါ၊ နန်းတောင်းပန်ပါတယ်နော် ”
မြေပြင်ပေါ်တွင်ထိုင်ချကာ မင်းသက်ပိုင်အား လက်အုပ်ချီကာ ရှိခိုးနေသော နန်းသူဇာအား လူအများက ကြည့်နေကြသည်မို့
” နန်း မင်းမရှက်ဘူးလား၊ မင်းချက်ချင်း ပြန်ထရပ်စမ်း၊ မင်းငါ့ကိုဘာတွေဖုံးကွယ်ထားတာလဲ၊ မင်းကို ငါပြောခဲ့တယ်နော် ၊ လိမ်ညာတဲ့မိန်းမကို ငါအမုန်းဆုံးလို့ ၊ ငါတို့အခု ဟိုတယ်ကိုပြန်မယ်၊ ပြီးရင် ငါ့မြို့ကိုငါပြန်ရအုံးမယ် ၊ မင်းငါ့ကိုဘာတွေ လိမ်ထားလဲ ဆိုတာ မကြာမီသိရတော့မယ် ၊ ငါမခွင့်လွှတ်နိုင်တဲ့ လိမ်ညာမှုမျိုးမဖြစ်ပါစေနဲ့လို့ ငါ ဆုတောင်းပါတယ် ”
ပြောရင်းချာကနဲလှည့်ထွက်သွားသော မင်းသက်ပိုင်အား
” ကိုသက်၊ နေ နေပါအုံး၊ နန်းကိုစောင့်ပါအုံး”
နန်းသူဇာ၏ ခေါ်သံအား မင်းသက်ပိုင်ဂရုမစိုက်တော့။
ရင်ထဲ၌ မေမေပြောမည့် နန်းသူဇာဖုံးကွယ်ထားသော အကြောင်းအရာများကိုသာ သိချင်နေမိသည်။
” ဒေါက် ဒေါက် ကိုမင်း ၊ ရေချိုးတာ ကြာနေပြီနော်၊ မြနွယ် ညစာအဆင်သင့်ပြင်ထားပြီးပြီ”
မြနွယ်၏ အသံကြားမှ အတိတ်အတွေးစများမှ ပြန်လည်နိုးထလာသည်။
အတွေးလွန်နေမိခဲ့သည်မို့ လူပင် ချမ်းစိမ့်စိမ့် ဖြစ်လာလေသည်။
ရေချိုးခန်းထဲမှ အထွက်
” ဟတ်ချိုး ဟတ်ချိုး ”
” ဟော ရေအကြာကြီးချိုးလို့ အအေးမိပြီ၊ ဆေးတစ်ခါတည်း သောက်လိုက်နော်ကိုမင်း ၊ ဆရာ၀န်ကိုယ်တိုင် နေမကောင်းဖြစ်နေအုံးမယ် ”
” အေးပါကွာ မြနွယ်ရာ ”
အ၀တ်လဲပြီးနောက် ညစာတည်ခင်းထားသော စားပွဲဘက်၌ ထိုင်လိုက်သည်။
” အစကတော့ မြနွယ်နဲ့ ကိုယ်တို့ သမီးအကြောင်း ဆွေးနွေးရင်း ညစာအေးဆေးစားမလို့ပဲ၊ ခုတော့ ရေချိုးတာကြာသွားလို့ နှာပိတ်ပြီးနေရခက်နေပြီ။ညစာစား ဆေးသောက်ပြီး ကိုယ်တော့စောစောအနားယူတော့မယ်မြနွယ်၊ မင်းလည်း စောစော အိပ်ပါ၊ သမီးကိုစောင့်ရင်း ညတိုင်းအိပ်ရေးပျက်ခဲ့တာ မဟုတ်လား ”
” အင်းပါ ကိုမင်းရယ်၊ မြနွယ်စောစောအိပ်ပါ့မယ် ”
မြနွယ်တို့၏ ညစာထမင်းဝိုင်းလေးသည် ခြောက်ကပ်ကပ်ဖြင့် ပြီးဆုံးသွားလေသည်။
****အစိမ်းကြွေပန်းတစ်ပွင့်၏ ဂလဲ့စား **
အပိုင်း(၂)
အခန်း(၅)
ညစာစားသောက်ပြီးနောက်
” ကဲ မြနွယ် ကိုယ်ဆေးသောက်ပြီး အိပ်ယာ၀င်နှင့်တော့မယ်၊ မင်းလဲ ဒီညစောစောနားပါ ”
” ဟုတ်ကဲ့ကိုမင်း ၊ မြနွယ် စားသောက်ထားတာတွေသိမ်းလိုက်ဦးမယ် ”
” အိုကေ၊ ဂွတ်နိုက်ပါမြနွယ် ”
ဒေါက်တာမင်းသက်ပိုင်တစ်ယောက် မိန်းမဖြစ်သူအား နှုတ်ဆက်ပြီးနောက် အိပ်ယာခန်းထဲ၀င်လိုက်၏။
ထိုစဉ် အိပ်ယာထက်တွင် ထိုင်နေသော အမျိုးသမီးပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်မို့
” ဟင် ဘယ်သူလဲဟ ”
အလျှင်စလိုမေးလိုက်ပြီးနောက် အခန်းမီးအား ဖွင့်လိုက်သည်။
” ဘယ်သူမှလဲ မရှိပါလား ၊ ငါပဲအမြင်မှားတာလား ”
စိတ်ညစ်ညူးစွာရေရွတ်လိုက်ပြီးနောက် အိပ်ယာထက်သို့ ခြေပစ်လက်ပစ်လှဲချလိုက်၏။
” နန်းသူဇာ ၊ နန်းသူဇာ မင်းကခုထိ မကျွတ်သေးတာလား၊ တစ်ကယ်တော့ ငါမင်းကို သေစေချင်ခဲ့တာမဟုတ်ပါဘူးကွာ၊ မင်းက သိပ်ကိုခေါင်းမာခဲ့တာ၊ မင်းသာမြနွယ်ကို ရန်မလုပ်ခဲ့ရင် ဒီလိုဖြစ်လာစရာ အကြောင်းလဲမရှိဘူး ၊ ခုတော့ ဟူးး”
မင်းသက်ပိုင်တစ်ယောက် တီးတိုးရေရွတ်ရင်း သက်မရှည်ကြီးအား မှုတ်ထုတ်လိုက်မိသည်။
မျက်ဝန်းထဲမှ နန်းသူဇာနှင့်ပက်သက်သော အတိတ်အရိပ်များအား ပြန်လည်မြင်ယောင်လာမိပြန်သည်။
မင်းသက်ပိုင်တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။မကြာမီ အိမ်သို့ပြန်ရောက်ပေတော့မည်။အိမ်သို့ပြန်ရောက်လျှင် မိခင်ဖြစ်သူက နန်းသူဇာအကြောင်း ဘာတွေပြောမည်မသိ။
နန်းသူဇာက မိမိအား မည်သို့အကြောင်းအရာများ လိမ်ညာထားသနည်း။
မေမေသည် သဘောထားကြီးသော မိန်းမတစ်ဦးဖြစ်ကာ ဂုဏ်ပကာသနအား မက်မောသော မိခင်လည်းမဟုတ်ပါချေ။
ထို့ကြောင့်လည်း နန်းသူဇာနှင့် ချစ်သူဖြစ်နေပြီဟု ဖွင့်ပြောခဲ့စဉ်က ကြည်ဖြူစွာလက်ခံခဲ့သည်။
အမေတစ်ခု သားတစ်ခု ဘ၀မို့ သားဖြစ်သူရွေးချယ်သော ချွေးမလောင်းအား ကြည်ဖြူစွာလက်ခံပေးခဲ့သည်။
ဓနအင်အားနည်းပါးသော နန်းသူဇာအား မိခင်ဖြစ်သူက နားလည်ပေးခဲ့သည်။
အဆင့်အတန်းမခွဲတတ်သောမိခင်က ယခုလို ခါးခါးသီးသီးဖြစ်နေသည်မှာ ကြီးမားသောအကြောင်းတရားတစ်ခုလည်း ရှိနေမည်မှာမလွဲပေ။
” တီ တီ ”
အိမ်ရှေ့ရောက်ပြီမို့ မင်းသက်ပိုင်တစ်ယောက် ကားအားဟွန်းတီးလိုက်၏။
မကြာမီ အိမ်အကူအမျိုးသမီးကြီးသည် အပြေးထွက်လာကာ ခြံတံခါးအား လာဖွင့်ပေး၏။
ခြံဝိုင်းထဲကားမောင်း၀င်ပြီးနောက် အိမ်ရှေ့ဆင်၀င်အောက်၌ ကားအားရပ်လိုက်၏။ထို့နောက် ကားပေါ်မှအလျင်စလိုဆင်းကာ အိမ်ထဲသို့ ခပ်သွက်သွက် ၀င်လိုက်ရာ မိခင်ဖြစ်သူသည် ဧည့်ခန်း၌ ထိုင်နေသည်။
” သားလေး ပြန်ရောက်လာပြီလား၊ နန်းသူဇာရော၊ သူကဘယ်မှာနေခဲ့တာလဲ”
” သူပြင်ဦးလွင်မှာပဲကျန်နေခဲ့တယ်၊ သူဘာတွေများ သားကိုညာခဲ့တာလဲအမေ”
” ခုမှသားက ခရီးဝေးက ပြန်ရောက်တာ၊ ခဏနားပါအုံးလားသားရယ်၊ ပြီးရင် အမေသေချာပြောပြပါ့မယ်”
” နောက်မှနားမယ်အမေ၊ သားတစ်လမ်းလုံး ရင်တွေပူနေခဲ့တာ၊ သားသိချင်လှပြီ၊ ပြောပြပါ ”
မင်းသက်ပိုင်၏ စိတ်လှုပ်ရှားနေသော အပြုအမူအား မိခင်က ဂရုဏာသက်စွာကြည့်ရင်း
” ထိုင်ပါဦးသားရယ်၊ အေးဆေးနားပါအုံး ၊ မမြစိန်ရေ သားလေးအတွက် သံပုရာရည်အေးအေးလေး တစ်ခွက်လောက် ဖျော်ခဲ့”
” ဟုတ်ကဲ့ပါ မကြီးသိမ့် ”
အိမ်ဖော်အမျိုးသမီးကြီးသည်မကြာမီ သံပုရာရည်အား ယူဆောင်လာပေး၏။
မင်းသက်ပိုင်လည်း သံပုရာရည်ခွက်အား ယူကာ မော့ချလိုက်၏။
” ဖြည်းဖြည်းသောက်ပါသားရဲ့ ဩ သားကောင်မလေး နန်းသူဇာက တောင်ကြီးသူလို့ သားကိုပြောခဲ့တယ်နော် သူက”
” ဟုတ်တယ်အမေ ”
မင်းသက်ပိုင်၏ အဖြေစကားကြောင့် မိခင်ဖြစ်သူက ခေါင်းအား ဖြည်းညင်းစွာခါယမ်းလိုက်ပြီးနောက်
” မဟုတ်ဘူးသား ၊ နန်းသူဇာက တောင်ကြီးသူမဟုတ်ဘူး ၊ တစ်ကယ်တော့ သူက ဟဲဟိုးသူတစ်ယောက်ပဲ ၊ သူငယ်ငယ်ကတည်းက သူ့အဖေဆုံးသွားခဲ့တယ်၊ သူ့အမေက သူ့ကို သူ့အဒေါ်လက်ထဲထားခဲ့ပြီး ထိုင်းမှာအလုပ်သွားလုပ်ခဲ့တယ်၊ သူ့အမေကလည်း အရွယ်ရှိသေးတော့ ထိုင်းမှာအလုပ်လုပ်ရင်း တရုတ်သူဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းဘ၀ရောက်ခဲ့တယ်၊ နောက်တော့ သူယူထားတဲ့တရုတ်သူဌေးဟာ မူးယစ်ဆေးဝါးရောင်း၀ယ်မှုနဲ့ အဖမ်းခံရပြီးနောက်ပိုင်း နန်းသူဇာ အမေဟာ ငွေနောက်လိုက်ရင်း ဘ၀ကိုရေစုန်မျှောခဲ့တယ်၊ ရှင်းရှင်းပြောရရင် မိန်းမပျက်ဖြစ်သွားခဲ့တယ် ”
” ဗျာ ”
” ဟုတ်တယ်သား ၊ မေမေသိပ်ချစ်ရတဲ့ တစ်ဦးတည်းသောသား ၊ ဆရာ၀န်ဖြစ်တဲ့မင်းကို အမေက မိန်းမပျက်ရဲ့သမီးနဲ့ဘယ်လိုသဘောတူရမှာလဲ ၊ ပြီးတော့ သူ့အမေဟာ လူကုန်ကူးဂိုဏ်းရဲ့ အဓိကတရားခံလဲဖြစ်ခဲ့တယ်”
” ဟင် ဟုတ်ရဲ့လား အမေရာ ”
” မေမေက သားကို လိမ်ပါ့မလား၊ပြီးရင် အမေ အထောက်အထားတွေ ပြမယ်၊ သမီးမိန်းခလေး ရှိနေပါရက်နဲ့ သူများသမီးပျိုတွေကို ရောင်းစားခဲ့တဲ့ မိန်းမနဲ့ အမေ ခမည်းခမက်မတော်နိုင်ဘူးသားရယ်၊ အဲလိုမိန်းမမျိုးကိုလည်း သားလေး ယောက္ခမတော်ရရင် ဘယ်လောက်မျက်နှာငယ်လိုက်မလဲ ၊ အရင်တစ်ခေါက်က နန်းသူဇာ သားနဲ့လိုက်လာတုန်းက သူ့မိဘအကြောင်းမေးတော့ ဝေ့လည်ကြောင်ပတ်လုပ်နေလို့ မသင်္ကာတာနဲ့ အမေလဲ စုံစမ်းခိုင်းလိုက်တာ ၊တော်သေးတယ် အဖြစ်မှန်တွေသိလိုက်ရလို့ ၊ အမေသားကိုပြောခဲ့ပါတယ်၊ သားကောင်မလေးက ဆင်းရဲပါစေ အမေသဘောတူတယ်၊ အမေငွေမမက်ဘူး၊ ဂုဏ်ပကာသန မမက်မောဘူး၊ ဒါပေမဲ့သားရယ် လူမှာအမျိုး ဆိုတဲ့အတိုင်း မျိုးရိုးမကောင်းတဲ့ သူကိုတော့ အမေ ချွေးမ မတော်ပါရစေနဲ့သား၊ အမေပြောတာ သားလေးနားလည်မှာပါ ၊ ရော့ ဒီမှာ နန်းသူဇာငယ်ငယ်က သူ့အမေနဲ့ရိုက်ထားတဲ့ပုံ၊ ဒါက သူ့အမေပုံ၊ ဒီပုံက လူကုန်ကူးမှုနဲ့ သူ့အမေအဖမ်းခံခဲ့ရတုန်းက ပုံ ”
မိခင်ဖြစ်သူပေးသောပုံများကို ကြည့်ရင်း မင်းသက်ပိုင်တစ်ယောက် ဓာတ်ပုံကိုင်ထားသောလက်များပင် တဆတ်ဆတ်တုန်ယင်လာသည်။ထို့နောက်
” တောက် ”
နာကျည်းစွာ တောက်ခေါက်လိုက်၏။
မိခင်ဖြစ်သူက သားဖြစ်သူအား အကဲခတ်လိုကြည့်နေရင်းမှ
” နန်းသူဇာအပြစ်တော့မဟုတ်ပေမဲ့ ဒီမအေရဲ့သွေးတွေစီးဆင်းနေတဲ့သမီးဟာ သားအတွက် လက်တွဲဖော်ကောင်း ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ နန်းသူဇာက သားကို သူ့ဘ၀အမှန်ကို မပြောခဲ့ဘူး၊ နောက်ထပ် နန်းသူဇာရဲ့ ပြစ်ချက်တစ်ခုက သားနဲ့မတွေ့ခင် နာစ့်သင်တန်းတက်နေတုန်းက သူနဲ့ငြိစွန်းခဲ့တဲ့ ကောင်လေးတစ်ယောက်ရှိဖူးတယ် ၊ သူတို့ဘယ်အခြေအနေရှိတယ်လို့ မေမေ မပြောလိုပေမဲ့ သူတို့အကြောင်း အတော်များများသိကြတယ်၊ အဲ့ဒီကောင်လေးနဲ့ က သားနဲ့မတွေ့ခင်ထိ အဆက်အသွယ်ရှိကြတယ် ၊ သားနဲ့တွေ့ပြီးမှ နန်းသူဇာက ဟိုကောင်လေးကို အဆက်အသွယ်ဖြတ်လိုက်ပုံပဲ ၊ ကောင်လေးက နန်းသူဇာစိတ်နဲ့ အခု အရက်သမားကြီး လုံးလုံးဖြစ်နေပြီ ၊ ဒီမှာ အဲ့ဒီကောင်လေး လိပ်စာ၊ ကောင်လေးကတော့ ညောင်ရွှေကလို့ သိရတယ် ၊ သားကို မေမေက သက်သေအထောက်အထားတွေ ပြတာပါ ၊ ယုံတာမယုံတာ သားသဘောပဲ ”
မိခင်ဖြစ်သူသည် စေ့စပ်သေချာကာ စည်းကမ်းကြီးသူတစ်ဦးလည်းဖြစ်သည်။
မည်သည့်အလုပ်၌မဆို ချက်ကျလက်ကျ လုပ်တတ်သည်။ထို့ကြောင့်လည်း ဖခင်မရှိတော့သည့်နောက်ပိုင်း နောက်အိမ်ထောင်မပြုပဲ မင်းသက်ပိုင်အား ဆရာ၀န်တစ်ယောက်ဖြစ်သည်အထိ လိုလေသေးမရှိ ပြည့်စုံအောင်ထားနိုင်ခဲ့သည်။
မေမေပိုင်ဆိုင်သော ဆေးဆိုင်ကြီးသည် လူသိများကာ ဖောက်သည်များစွာရှိသည့် ရောင်းအားကောင်းသော ဆိုင်တစ်ဆိုင်ပင် မဟုတ်ပေလော ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၆)
” ကိုမင်း မအိပ်သေးဘူးလား ”
” အင်း အိပ်လို့မပျော်သေးပါဘူး မြနွယ်ရယ် ၊ ဟိုတွေးဒီတွေးနဲ့ ”
” အိပ်တော့လေ ၊ မနက်ဖြန်လဲ ခွဲခန်း၀င်ရဦးမယ်မဟုတ်လား ၊ မြနွယ်တော့ ရှေ့ရက်တွေက အိပ်ရေးပျက်လို့လားမသိဘူး အရမ်းအိပ်ချင်နေပြီ ၊ မြနွယ်အိပ်တော့မယ်နော် ဂွတ်နိုက် ”
ပြောပြီး မကြာမီ အိပ်ပျော်သွားသော ဇနီးဖြစ်သူအား ကြည့်ရင်း သူနှင့် မြနွယ် စတင်ဆုံဆည်းခဲ့သော နေ့အားပြန်လည်သတိရလာမိသည်။
ထိုနေ့က ပုဂ္ဂလိက ဆေးရုံ၏ ကားပါကင်နေရာ၌ဖြစ်၏။
” ကျွီ ”
ကားပါကင်၌ ကားထိုးရန် အလာ တစ်ဘက်မှ အရှိန်ဖြင့်လာသော ကားဖြင့်တိုက်မိမလို ဖြစ်သွားသည်မို့
” Sorryနော်အစ်ကို ၊ မောင်လေး အူအတက်ပေါက်ပြီး ဒီဆေးရုံရောက်နေတယ်ဆိုလို့ စိုးရိမ်စိတ်နဲ့ကားမောင်းလာတာ အစ်ကို့ကားကိုမမြင်မိဘူး ၊ မြနွယ်တောင်းပန်ပါတယ်နော် ”
တစ်ဖက်ကားပေါ်မှ လက်အုပ်လေးချီကာ တောင်းပန်နေသော မိန်းခလေး အားကြည့်ရင်း အားနာသွားမိသည်။
” ရပါတယ်ညီမ၊ ဖြစ်တတ်ပါတယ်၊ စိတ်ထဲမထားပါနဲ့ ”
” ဟုတ် ကျေးဇူးပါရှင် ”
ကားအား ကားပါကင်၌ အလျင်စလိုထိုးရပ်ကာ ဆေးရုံထဲပြေး၀င်သွားသော မိန်းခလေးအား ကြည့်ရင်း ပြုံးလိုက်မိသည် ။
ထိုနေ့က အူအတက်ပေါက်၍ ခွဲစိပ်ပေးရန်လာခဲ့ခြင်းဖြစ်ကာ ထိုလူနာသည် သူ့အားတောင်းပန်သွားသော မိန်းခလေး၏ မောင် ဖြစ်နေခြင်းက ထိုမိန်းခလေးနှင့် သူ ထပ်မံရင်းနှီးစေခဲ့သော အကြောင်းတစ်ရပ်ဖြစ်သည်။
နန်းသူဇာအား မေ့နိုင်ရန်ကြိုးစားနေချိန်၌ မြနွယ်နှင့်ဆုံဆည်းခဲ့ခြင်းဖြစ်သည်။
နန်းသူဇာ အလုပ်လုပ်နေသော ကိုယ်ပိုင်ဆေးရုံ၌ မင်းသက်ပိုင် အလုပ်ဆက်မလုပ်ဖြစ်တော့ ။ ဆေးရုံတစ်ခုတည်း၌ နေပါက မကြာခဏတွေ့နေရမည် ။ ထို့ကြောင့် ထိုဆေးရုံမှ မင်းသက်ပိုင်အပြီးထွက်ခဲ့သည်။
နန်းသူဇာက အကြိမ်ကြိမ်တွေ့ရန် ကြိုးစားမှုအား သူလက်မခံခဲ့ပေ။
တစ်နေ့ ထိုနေ့သည် နန်းသူဇာနှင့် မင်းသက်ပိုင် အကြီးအကျယ်ပြဿနာတက်သောနေ့။
မင်းသက်ပိုင်သည် မြနွယ်အား ချစ်ခွင့်ပန်ရန်
စားသောက်ဆိုင်တစ်ခု၌ ချိန်းထား၏။
မင်းသက်ပိုင်တစ်ယောက် ရင်ခုန်နေမိသည်။
မြနွယ်သည် အေးဆေးကာ ရိုးရိုးလေးနှင့်လှသူလေးဖြစ်၏။
မြနွယ်၏မိဘများက ရွှေဆိုင်ဖွင့်ထားကာ သက်ပိုင်၏ မိခင်က မြနွယ်တို့၏ရွှေဆိုင်၌ ၀ယ်နေကျဖောက်သည်ဖြစ်သောကြောင့် မိဘချင်းလည်း ရင်းနှီးကြသည်။
မင်းသက်ပိုင်မိခင်က မြနွယ်အား အလွန်သဘောကျ၏။
သားဖြစ်သူက မြနွယ်အား သဘောကျနေသည်ဟု သိလိုက်ရသောအခါ ချက်ချင်းပင် ဖွင့်ပြောခိုင်း၏။
သားက ဖွင့်မပြောရသေးမီ စေ့စပ်မည့်ရက်အား ကြိုရွေးနှင့်ထားလေပြီ။
” သား တစ်ခါတည်းသာ လက်ထပ်ခွင့်တောင်းခဲ့ ”
အိမ်မှမထွက်မီ တတွတ်တွတ်မှာနေသော မိခင်အားကြည့်ကာ သဘောကျစွာ ရယ်မောနေမိသည်။
” ကိုမင်း တစ်ယောက်တည်းဘာတွေတွေးပြီး ပြုံးနေတာလဲ ၊ မြနွယ်လာတာတောင်မမြင်ဘူး မို့လား”
” ကိုယ်လား မြနွယ်အကြောင်းတွေးပြီး ပြုံးနေမိတာလေ ၊ မြနွယ်ဘာသောက်မလဲ ”
” အင်း သံပုရာရည်လေးဆို အဆင်ပြေပါတယ်၊ ဩ ကိုမင်း အရေးတကြီးပြောစရာရှိတယ်ဆိုတာ ဘာများလဲဟင်၊ မြနွယ်ရဲ့ မောင်လေး ဘာရောဂါများရှိနေလို့လဲ ”
ပီဘိ ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းကာ စိုးရိမ်နေသော မြနွယ်အားကြည့်ရင်း မင်းသက်ပိုင်တစ်ချက်ပြုံးလိုက်ပြီး
ရောဂါက မြနွယ်မောင်လေးမှာရှိတာမဟုတ်ဘူး၊ ကျွန်တော့်မှာ ရှိတာ ”
” ရှင် ကိုမင်းမှာ ဟုတ်လား၊ ဘာရောဂါများလဲဟင် မြနွယ်ရင်တွေပူလိုက်တာ ”
” မြနွယ်ကို ချစ်တဲ့ရောဂါပါ”
” ရှင် ”
ရုတ်တရက်မထင်မှတ်သော မင်းသက်ပိုင်၏ စကားကြောင့် မြနွယ်မျက်နှာတစ်ခုလုံးပူထူသွား၏။
” ကိုမင်းကလည်း မြနွယ်က အကောင်းမှတ်နေတာ ဟွန့် ”
” ကိုယ်ကလည်း အကောင်းပြောနေတာပါ၊ အစက မြနွယ်ကို ချစ်ခွင့်ပန်မလို့ပဲ၊ ခုတော့ လက်ထပ်ခွင့်ပါတစ်ခါတည်းတောင်းပါရစေ ၊ ကိုယ်မြနွယ်ကို လက်ထပ်ပါရစေ ”
” မြနွယ် စဉ်းစားပါရစေအုံး ကိုမင်း ၊ မြနွယ် အညှာမလွယ်ပါရစေနဲ့ ”
” အင်းပါ စဉ်းစားပါ မြနွယ်၊ ကိုယ်ကလဲ မလောပါဘူး ”
” ဟုတ်ကဲ့ ”
ထိုစဉ် ဆိုင်ထဲသို့ ဒေါကြီးမောကြီး၀င်လာသော လူတစ်ဦး
” ကောင်မ ငါ့ချစ်သူကို စနိုက်ကြော်တဲ့ကောင်မ”
” ဟင် ”
” ဟာ ”
” မင်း သိပ်အတင့်ရဲနေပါလား နန်းသူဇာ၊ ဘယ်သူက မင်းချစ်သူလဲ ၊ အောင်ကျော်စွာလား၊ မင်းချစ်သူက မင်းကြောင့်အရက်သမား လုံးလုံးကြီး ဖြစ်သွားတာနော် ၊ မင်း ဒီထက် အရှက်မကွဲချင်ရင် မြနွယ်ကို အမြန်တောင်းပန်ပါ၊ သူက ငါလက်ထပ်မယ့် မိန်းခလေးပဲ ၊ သူက မင်းလို မညာတတ်ဘူး ၊ ပြီးတော့ မင်းလို … တောက် …ငါ လူတွေရှေ့မှာ ဆက်မပြောချင်ဘူး ”
” သူ့ကို လက်မထပ်ပါနဲ့ ကိုသက်ရယ်…နန်းတောင်းပန်ပါတယ်၊ နန်းလေ ကိုသက်ကိုချစ်တယ်၊ နန်း နိမ့်ကျတဲ့ဘ၀မှာရှင်သန်ရတာကိုမုန်းတယ်၊ နန်းလေ ကိုသက်နဲ့လက်ထပ်ပြီးရင် ဆရာ၀န်ကတော်အဖြစ် တစ်သက်လုံး နေသွားချင်တယ် ၊ အောင်ကျော်စွာနဲ့ဇာတ်လမ်းကလဲ ပြီးခဲ့တာကြာပါပြီ၊ နန်းအမှားတွေ အတွက် ဘာတွေပဲလုပ်ပေးရ လုပ်ပေးပါ့မယ်၊ သူ့ကိုတော့ လက်မထပ်ပါနဲ့နော် ၊ ကိုသက် သူ့ကို နန်းသေမှ လက်ထပ်လို့ရမယ် ၊ နန်းတော့ ကိုသက်နဲ့မခွဲနိုင်ဘူး ”
” တော်တော့နန်းသူဇာ၊ မင်းငါရှိတဲ့နေရာကို လာစရာအကြောင်းမရှိဘူး၊ လာ မြနွယ် ၊ သွားရအောင် ”
စားပွဲပေါ်သို့ အအေးဖိုးအတွက် ငွေအချို့အားပစ်တင်ကာ မြနွယ်လက်အား ဆွဲ၍ ထွက်လာခဲ့၏။
” လာမြနွယ် ကားပေါ်တက် ၊ နောက်မှ မြနွယ်ဆိုင်ကယ် ပြန်လာယူမယ် ”
” ဟုတ် ၊ ဟုတ် ”
မင်းသက်ပိုင်မောင်းသော ကားလေးသည် သာယာလှပသော ရေကန်လေးအနီး၌ ရပ်တံ့သွား၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၇)
ပြိုတော့မည့်မိုးပမာ ညှို့မှိုင်းနေသော မြနွယ်၏ မျက်နှာလေးအား ကြည့်ရင်း
” စိတ်ညစ်သွားပြီလား မြနွယ် ၊ အစောတုန်းက မိန်းခလေးက ကိုယ့်အရင်ရည်းစားပါ ….”
ဟုအစချီကာ နန်းသူဇာနှင့်လမ်းခွဲခဲ့ရသည့် အကြောင်းများအား ရှင်းပြလိုက်၏။
ပြောသမျှအား ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသော မြနွယ်အား ကြည့်ရင်း မင်းသက်ပိုင်က
” မြနွယ် ကိုယ့်ကို စိတ်ညစ်သွားပြီလားဟင် ”
” ဟင့်အင်း မညစ်ပါဘူး၊ နန်းသူဇာက သနားစရာတော့ကောင်းတယ်နော် ”
” မြနွယ်ကို မိုက်မိုက်ရိုင်းရိုင်းပြောထားတာကို သနားနေသေးတာလား ”
” မြနွယ်က အပြစ်မတင်ပါဘူး၊ အပြောခံလိုက်ရရချင်းတော့ စိတ်ဆိုးမိပေမဲ့ ကိုမင်းကို ငိုပြီးတောင်းပန်နေတာကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ် ”
” မြနွယ်က သိပ်သဘောထား ပြည့်၀တဲ့မိန်းခလေးပါ ၊ ဒါကြောင့် မြနွယ်နဲ့ ကိုယ့်ကို မေမေက အရမ်းလက်ထပ်စေချင်တာ ၊ ကိုယ်က မြနွယ်ကို ချစ်မိနေတယ်လို့ မေမေ့ကို ပြောပြတိုင်ပင်လိုက်တော့ မေမေက အရမ်း၀မ်းသာသွားရှာတာ ”
” ဩ ကိုမင်းက ကိုမင်းမေမေကြောင့် မြနွယ်ကို လက်ထပ်ခွင့်တောင်းတာပေါ့”
” No ပါ၊ ကိုယ့်ရင်ထဲကကို မြနွယ်ကို မြတ်မြတ်နိုးနိုး ချစ်မိလို့ပါ ”
” ကိုမင်းနော် အတော်တတ် ဟွန့် ”
မျက်စောင်းလှမ်းထိုးလာသော မြနွယ်အားကြည့်ရင်း အူယားလာသည်မို့ မင်းသက်ပိုင်တစ်ယောက် မြနွယ်အား ဆွဲကာ ထွေးဖက်ထားလိုက်မိသည်။
” ကိုယ့်အချစ်ကို လက်ခံပေးပါနော်မြနွယ်၊ ကိုယ်တို့အမြန်ဆုံး လက်ထပ်ရအောင်နော်၊ ကိုယ့်ကို ချစ်တယ်မို့လားဟင် မြနွယ် ”
” လူတစ်ယောက်လုံး သူ့ရင်ခွင်ထဲ ရောက်နေတာတောင် မေးနေသေးတယ် ၊ ပြောဖို့လိုသေးလို့လား ”
” ၀မ်းသာလိုက်တာမြနွယ်ရယ် ၊ ကိုယ့်ကိုနားလည်ပေးလို့ကျေးဇူးပါ ”
ညနေခင်း လေပြည်လေညင်းလေးများက မြနွယ်၏ ဆံနွယ်ရှည်များအား တိုက်ခတ်ကြည်စယ်သွားကြ၏။
အချစ်ဟူသော အရာသည် တစ်ခါတစ်ရံ၌ အကြောင်းပြချက်မရှိပဲ နှစ်သက်မြတ်နိုးစွာ တပ်မက်မိသည့် အရာမျိုး ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၇)
” ကလင် ကလင် ကလင် ”
” ဟလို အမိန့်ရှိပါရှင် ”
.”……………………….”
” ဟုတ်ပါတယ် ”
” ဟုတ် …..”
” မြနွယ် လာခဲ့ပါ့မယ် ”
” ………”
” ဟုတ် ညနေ လေးနာရီနော် ၊ ဟုတ်ကဲ့ ”
မြနွယ် ဖုန်းအား ချလိုက်ပြီးနောက် တွေဝေနေမိ၏။
ထို့နောက် အလွတ်ရနေသော ဖုန်းနံပါတ်တစ်ခုအား နှိပ်လိုက်၏။
” ဟလို ကိုမင်းလား ၊ မြနွယ်ပါ ”
” …………”
” နန်းသူဇာက မြနွယ်ကို အရေးတကြီး ပြောစရာရှိလို့တဲ့ ၊ မြနွယ်မလာရင် သူက အိမ်အထိလာမယ်တဲ့ ၊ မြနွယ်လဲ အိမ်က လူကြီးတွေကို မသိစေချင်လို့ လာမယ်လို့ ပြောလိုက်တယ် ၊ နက်ဖြန်စေ့စပ်ပွဲကို ဘာအနှောင့်ယှက်မှ မဖြစ်စေချင်လို့ပါ ”
“……………”
” ဟုတ် နေရာက ….ရေကန်ဘေးက စိန်ပန်းပင်အောက်၊ ညနေလေးနာရီ ”
” ဟုတ် ကိုမင်း ၊ စိတ်ချပါ ”
မြနွယ်တစ်ယောက် လက်မှနာရီအားကြည့်လိုက်သောအခါ ညနေသုံးနာရီထိုးပြီး မိနစ်နှစ်ဆယ်။
” မေမေ သမီးဒီနေ့ညနေ ကိုမင်းနဲ့ ရုပ်ရှင်ကြည့်မို့ချိန်းထားတယ် ၊ အပြန်နဲနဲနောက်ကျမယ်နော်၊ နက်ဖြန်ပွဲအတွက် ပြင်ဆင်ရတာ အရမ်းပင်ပန်းလို့ စိတ်အနားယူတဲ့အနေနဲ့ ကြည့်မှာမေမေ ”
မြနွယ်တစ်ယောက် မိခင်အား ကိုမင်းနှင့် ရုပ်ရှင်ကြည့်မည်ဟု ဆိုကာ ထွက်ခဲ့လိုက်သည် ။
မြနွယ် အအေးဆိုင်၌ ထိုင်ကာ မျှော်နေမိသည်။
မကြာမီကိုမင်း၏ ကားလေးသည် အအေးဆိုင်ရှေ့သို့ ရောက်လာ၏။
မြနွယ်လဲ ဆိုင်ကယ်အား အအေးဆိုင်၌ အပ်ကာ ကိုမင်း၏ ကားဖြင့် လိုက်ပါသွား၏။
” မြနွယ် ၊ အစစ အရာရာ ဂရုစိုက်ပါ ၊ နန်းသူဇာကိုလျော့မတွက်နဲ့၊ ကိုယ်လဲ ရှိတယ်၊ တစ်ခုခုဆို ကိုယ် အပြေးလာခဲ့မယ် ”
” ဟုတ် ကိုမင်း ”
ကန်ဘောင်ဘေး စိန်ပန်းပင်ကြီးအောက်၌ ပါတိတ်၀မ်းဆက် အနက်ရောင်၀မ်းဆက်ဖြင့် ဆံပင်ကျစ်စမြီး နှစ်ခွကျစ်ထားသော နန်းသူဇာအား တွေ့လိုက်ရ၏။
” ဩ ရောက်လာပြီလား ဆရာ၀န်ကတော်လောင်း ရဲ့ ၊ ဟင်း ဟင်း ဟင်း ”
” ဟုတ် မနန်းသူဇာ ၊ မြနွယ်ကို ဘာများပြောစရာရှိလို့လဲ ”
” အဟက် ဟက် ၊ နန်းသူဇာဆိုတဲ့ ကျွန်မကလေ ကိုယ်မပိုင်ရတဲ့ အချစ်ကို ၊ သူများကိုလည်း ဘယ်တော့မှ ပေးမပိုင်ဘူး၊ နက်ဖြန်နာရေး ကြေငြာထဲမှာ နန်းသူဇာရယ် မြနွယ်ဆိုတဲ့ မိန်းခလေး တွေ ရေနစ်သေဆုံးကြောင်း ပါလာတော့မှာပေါ့ ”
” စိတ်ထိန်းပါ နန်းသူဇာ၊ မြနွယ်က ရေမကူးတတ်ဘူး ၊ နန်းသူဇာလို ချောချောလှလှမိန်းခလေးကို ချစ်မြတ်နိုးတဲ့သူတွေ ထပ်ရှိလာမှာပါ ”
” နင့်ပါးစပ်ပိတ်ထားလိုက် မြနွယ်၊ တစ်ကယ်တော့ နင်က ငါနဲ့ကိုသက်နဲ့ကြားမှာ အမှိုက်ထုတ်ပဲ ၊ ကိုသက်ငါ့ကိုစိတ်ဆိုးတုန်းခဏ မခေါ်ပေမဲ့ တစ်နေ့ ပြန်လာလိမ့်မယ်လို့ ငါယုံကြည်ထားတာ ၊ နင် …နင်ပေါ်လာလို့ ငါ နဲ့ကိုသက် အဝေးကြီးဝေးရတာ ၊ လာခဲ့ နင်နဲ့ငါ အတူသေမယ် ”
ရုတ်တရက် လက်အားလှမ်းဆွဲကာ ရေထဲ ခုန်ချရန်ကြိုးစားနေသော နန်းသူဇာ၏ အပြုအမူကြောင့် မြနွယ်သည်လည်း စိန်ပန်းပင်၏ အကိုင်းအခက်တစ်ခုအား လှမ်းဆွဲထားလိုက်၏။
မြနွယ်တို့၏ အခြေအနေအားကြည့်နေသော မင်းသက်ပိုင်တစ်ယောက် ကားထဲမှထွက်ကာ မြနွယ်ရှိရာနေရာသို့ပြေးလာခဲ့၏။
” အား ကိုမင်း မြနွယ်ကို ကယ်ပါအုံး ”
” လာစမ်းမြနွယ် အတူတူသေရအောင်၊ ငါ့ချစ်သူကို နင်လဲ မရစေရဘူး ၊ ငါလည်းမယူဘူး ”
” နန်းသူဇာ မြနွယ်ကိုလွှတ်လိုက် ၊ သေချင်ရင် မင်းဘာသာမင်းသေ ”
” အဟက် ဟက် ကိုသက်က မြနွယ်ကို သိပ်ချစ်နေတယ်ပေါ့ ၊ ရှင့်ရှေ့မှာ မြနွယ်နဲ့ နန်းသူဇာ အတူတူသေတာကို မြင်စေရမယ် ”
” နန်းသူဇာ မင်း မြနွယ်ကိုလွှတ်လိုက်လို့ပြောနေတယ်လေ ”
“မလွှတ်ဘူးကိုမင်း ၊ နန်းနဲ့အတူ ဒီမိန်းမပါသေစေရမယ်၊ နန်းကိုယ့်ကိုယ်ကို ရေထဲခုန်ချပြီး သတ်သေမယ့်အကြောင်း စာရေးထားခဲ့ပြီးပြီ၊ ကိုသက်အခြားမိန်းမ တစ်ယောက်နဲ့ လက်ထပ်မှာကို ကြည့်နေရမှာထက် သေသွားတာပဲကောင်းတယ်၊ ဒီမိန်းမလဲ ကိုသက်နဲ့ လက်မထပ်စေရဘူး ”
” ဟာ ကွာ လွှတ်စမ်း ”
မင်းသက်ပိုင်တစ်ယောက် နန်းသူဇာ၏ ရင်ဘတ်အား ဆောင့်တွန်းလိုက်၏။
ထိုအခါ နန်းသူဇာသည် မြနွယ်လက်အားဆွဲထားရာမှ ပြုတ်ထွက်သွားကာ ရေကန်ထဲသို့ အရှိန်ဖြင့် ပက်လက်လန်ကာ ပြုတ်ကျသွား၏။
” အား ဝူး ကယ်ကြပါဦး ၊ ဗွမ်း ဗွမ်း ”
” လာမြနွယ် ကိုယ်တို့ပြေးရအောင်၊ သူပြန်တက်လာရင် ကိုယ်တို့နှစ်ယောက်လုံးကို အလွတ်ပေးမှာမဟုတ်ဘူး ”
ချစ်သူနှစ်ဦး ပြေးသွားသည့်မြင်ကွင်အား နောက်ဆုံးမြင်လိုက်ရသော နန်းသူဇာသည် နာကျည်းမုန်းတီးစိတ်များဖြင့် ရေအောက်သို့ နစ်မြုပ်သွားတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၈)
မင်းသက်ပိုင်မောင်းသောကားလေးသည် အဆင့်မြင့်ရုပ်ရှင်ရုံကြီး ရှေ့၌ ရပ်လိုက်၏။
” လာမြနွယ် ၊ ရုပ်ရှင်မီသေးတယ်၊ ဘာမှမဖြစ်သလို ဟန်မပျက်နေပါ၊ နန်းသူဇာအကြောင်းမတွေးနဲ့”
” ဟုတ် ကိုမင်း ”
မြနွယ် ဖြေသောအသံမှာ အဖျားခတ်တုန်ရင်နေသည်။
ရုပ်ရှင်သာ ကြည့်နေရသော်လည်း နှစ်ဦးလုံးသည် နန်းသူဇာအကြောင်းကိုသာ တွေးနေမိသည်။
ရုပ်ရှင်သာ ပြီးသွားသော်လည်း ဘာကားမှန်း မသဲကွဲကြ။ ရုပ်ရှင်ကားကိုလည်း အာရုံမရခဲ့ကြပါချေ။
ဒေါက်တာမင်းသက်ပိုင်နှင့် မြနွယ်တို့၏ စေ့စပ်ပွဲသို့ လာရောက်ချီးမြင့်ကြသော ပရိတ်သတ်များက နန်းသူဇာ မိမိကိုယ်ကို ရေထဲခုန်ချသေသည့် သတင်းများကိုသာ ပြောဆိုနေကြ၏။
” ဒေါက်တာရဲ့ အရင်ရည်းစားက မနေ့က ရေကန်ထဲခုန်ချပြီး ကိုယ့်ကိုယ်သတ်သေသွားတယ်လေ၊ ဒီမနက်မှ သိကြတာ၊ မနက်မှ အလောင်းက ရေပေါ်ပေါ်နေတယ်တဲ့ ၊ ဒေါက်တာတို့စေ့စပ်တဲ့ရက်နဲ့ သူ့နာရေးရက်က တိုက်ဆိုင်နေတယ် ”
” ဟုတ်ပဗျာ ၊ ကျွန်တော်လည်း စိတ်မကောင်းပါဘူး၊ သူနဲ့ပြတ်တာ အတော်ကြာပြီးမှ ကျုပ်နဲ့မြနွယ်တွဲခဲ့တာလေ ”
” ဟာ ဆရာ့စေစပ်ပွဲမှာ စိတ်မကောင်းစရာတွေ မပြောကြပါနဲ့ကွာ ၊ ဆရာမင်းသက်ပိုင်ရေ congratulations ပါ။ ဆရာတို့ လက်ထပ်ပွဲကြရင်လဲ ခုလို လူစုံတက်စုံလာအားပေးကြမယ်ဟေ့ ”
စေ့စပ်ပွဲနေ့၌ ဒေါက်တာမင်းသက်ပိုင်နှင့် ချစ်ဇနီးလောင်း မြနွယ်တို့နှစ်ဦးသား မပျော်နိုင်ကြပေ။ နှစ်ဦးသားစိတ်ထဲ၌ နန်းသူဇာရေနစ်သေဆုံးသည့်ကိစ္စသာ တွေးနေမိကြ၏။
“သားနဲ့သမီးကိုကြည့်ရတာ တစ်မျိုးပဲ၊ နန်းသူဇာ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုလို့ စိတ်မကောင်း ဖြစ်နေကြတာလား၊ သူမသေခင် သူ့ကိုယ်သူ သတ်သေမယ်ဆိုတဲ့စာကို ရေးခဲ့တာတဲ့ ၊ ဘယ်တတ်နိုင်ပါ့မလဲကွယ်၊ မေမေလဲ နန်းသူဇာ သတင်းကြားရတာ စိတ်မကောင်းပါဘူး ”
နန်းသူဇာ သေဆုံးမှုတွင် မည်သူ့ကိုမှ သံသယ မ၀င်ခဲ့သော်လည်း မင်းသက်ပိုင်နှင့် မြနွယ်တို့နှစ်ဦးမှာ လိပ်ပြာမလုံနိုင်ကြပါချေ။
” ဟင် ကိုမင်း မြနွယ်တောင်တစ်ရေးနိုးပြီ ၊ ခုထိမအိပ်သေးဘူးလား ”
” ဟုတ်တယ်နွယ် ကိုယ်အိပ်လို့မပျော်ဘူး၊ အတိတ်ကိုပဲပြန်တွေးမိနေတယ်၊ နန်းသူဇာ သေဆုံးပြီး အဲ့ဒီရေကန်နားမှာ အခြောက်အလှန့်အရမ်းကြမ်းပြီး ရေကန်ကလဲ လူစားတဲ့ကန်အဖြစ်နာမည်ကြီးခဲ့တယ်၊ အဲ့ဒီအတောအတွင်း ကိုယ်တို့လဲ ကိုယ်တာ၀န်ကျတဲ့ အခြားတစ်မြို့ကို ပြောင်းသွားခဲ့တယ် ၊ ကိုယ်တို့ ဒီကိုပြန်လာတာ တစ်နှစ်လောက်ပဲရှိသေးတယ်၊ ကိုယ့်မြို့မှာ ကိုယ်က ဆေးရုံအုပ်ရာထူးနဲ့ တာ၀န်ကျလို့ ပျော်မယ်မကြံသေးဘူး သမီးကို နန်းသူဇာဝိညာဉ်က ပူးကပ်ခြောက်လှန့်တာ ခံရပြီ၊တစ်ကယ်ဆို နန်းသူဇာကျသေသွားတဲ့ကန်ကြီးလဲ ရှိမှမရှိတော့တာ၊ ဘယ်လိုလုပ် နန်းသူဇာ ဝိညာဉ်က သမီးကို ပူးကပ်လာတာလဲ၊ နန်းသူဇာက ကိုယ်တို့ကို မကျေနပ်ပဲ ဂလဲ့စား ချေဖို့ စောင့်နေပုံပဲ”
” ဟုတ်တယ်နော် ၊ သူက နာကျည်းမှုတွေနဲ့ သေသွားတော့ ခုထိ မကျွတ်သေးတာနေမှာ ၊ သူက မြနွယ်ကို အရမ်းသေစေချင်ခဲ့တာ ၊ မြနွယ်သာ သေသွားရင် သူလဲကျေနပ်မယ်ထင်ပါတယ် ကိုမင်းရယ် ”
” လျှောက်မတွေးပါနဲ့မြနွယ်၊ သူသေသွားတာ ကိုယ့်ပယောဂလဲ မကင်းဘူးလေ ၊ ဒါကြောင့် သူက ကိုယ်တို့မိသားစု သုံးယောက်လုံးကို နှောင့်ယှက်မယ့် သဘောရှိတယ် ”
မြနွယ်သည် မင်းသက်ပိုင်ပြောသမျှအား နားထောင်နေရင်း
” ဟာ ကိုမင်း မြနွယ်သိပြီ၊ သူသမီးကို ပူးကပ်နိုင်တာ ဘာကြောင့်လဲ ဆိုတာ ”
” ဘာများလဲ မြနွယ် ”
မြနွယ်သည် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းဖြင့်
” ဟုတ်တယ်ကိုမင်း မြနွယ်စဉ်းစားတာ အဖြစ်နိုင်ဆုံးပဲ ”
” ဘယ်လိုများလဲ မြနွယ် ”
” ဒီလိုလေ ကိုမင်း ……”
အခန်း (၉)
မြနွယ်ပြောမည့်စကားအား မင်းသက်ပိုင်တစ်ယောက် စိတ်၀င်တစား မျှော်လင့်နေမိသည်။
” သမီးလေးရွှေစင် သတိမေ့သွားတဲ့ မြတ်သီရိ စားသောက်ဆိုင်နေရာဟာ နန်းသူဇာ ရေနစ်သေသွားတဲ့ ရေကန်ဟောင်းကို ပြန်ဖို့ထားတဲ့နေရာပဲ၊ ရေကန်က လူအရမ်းစားလို့ မြေဖို့လိုက်ကြပေမဲ့ မြေဖို့ပြီးလဲ အဲဒီနေရာတဝိုက်ဟာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ခဲ့တယ်၊ ရေကန်မှာကတည်းက နန်းသူဇာ က နာကျည်းမှုနဲ့သေသွားတော့ မကျွတ်ပဲ မြနွယ်တို့ကို ဂလဲ့စားချေချင်လို့ သူ့ဝိညာဉ်က ခုထိ အဲ့ဒီနေရာမှာရှိနေတာနေမှာ ၊ သမီးက မြနွယ်တို့ရဲ့သွေးသားဆိုတော့ သူ့ဝိညာဉ်က သမီးကို တွယ်မှီပြီးကပ်ပါလာတာနေမှာ၊ ဖြစ်ချင်တော့ သမီးကလည်း ဖျားပြီးအားနည်းနေချိန်နဲ့ဆိုတော့ သူမှီတွယ်လို့ရတာနေမှာ ”
” အင်း ဖြစ်နိုင်တယ်မြနွယ် ၊ ကိုယ်တို့ ဘာဆက်လုပ်ကြမလဲ ”
” သူက မြနွယ်တို့ကို နာကျည်းနေတော့ မြနွယ်တို့ကို တွေ့ရင် သူပိုဆိုးလိမ့်မယ်ထင်တယ် ကိုမင်း ”
” အဲ့တော့ ကိုယ်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ”
” အဓိကက သမီးရွှေစင်ပဲ၊ နန်းသူဇာက ရွှေစင့်ကို အသက်အန္တရာယ်ပေးမှာ စိုးရိမ်မိတယ် ၊ မြနွယ်တို့ ပထမဆုံး လုပ်ရမှာက သမီးရွှေစင့်ကို နန်းသူဇာ အန္တရာယ်မပေးနိုင်အောင် အထက်လမ်းဆရာ နဲ့ ကုသရမယ် ၊ ဒုတိယက နန်းသူဇာကို ငယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့ သူ့အဒေါ်ကို ရှာရမယ်၊ သူ့အဒေါ်နားချရင်တော့ သူသာဓု ခေါ်လောက်မယ်ထင်တယ် ကိုမင်း၊ မြနွယ်တို့ ပယောဂ မကင်းတဲ့ နန်းသူဇာရဲ့ သေခြင်းအတွက် မြနွယ်တို့ သူ့ကို ပြန်ကူညီကြရအောင်နော် ၊ တစ်ကယ်လို့ သူ့ဝိညာဉ်က မကျေနပ်သေးရင် မြနွယ် ထောင်ထဲ၀င်မယ်၊ အဆုံး မြနွယ် သေမှ သူကျေနပ်မယ်ဆိုရင်လဲ မြနွယ်သေဖို့အသင့်ပါပဲ ၊ သမီးလေးသာ အန္တရာယ်ကင်းမယ်ဆိုရင် မြနွယ် ဘာပဲ ပေးဆပ်ရပေးဆပ်ရ ပေးဆပ်မယ်ကိုမင်း ”
မြနွယ်သည် နူးညံ့သိမ်မွေ့သော မိန်းမတစ်ယောက်ဖြစ်သော်လည်း သမီးရွှေစင်အတွက် အရာရာကို ရင်ဆိုင်ရန် အသင့်ဖြစ်နေလေပြီ။
ချစ်ဇနီးမြနွယ်ကို ကြည့်ရင်း မင်းသက်ပိုင်တစ်ယောက် ကျေနပ်စွာပြုံးလိုက်ပြီး
” အစကတော့ ကိုယ် သူရဲဘောကြောင်နေမိတယ် မြနွယ်၊ နန်းသူဇာ သေဆုံးမှုနဲ့ပက်သက်ပြီး နန်းသူဇာရဲ့ သူငယ်ချင်း တိုင်ကြားမှုနဲ့ ကိုယ်တို့ကို စခန်းမှာ ခေါ်စစ်ခဲ့တယ်၊ နန်းသူဇာက သူမသေခင် မြနွယ်နဲ့တွေ့မယ်လို့ ပြောခဲ့လို့ အဓိကက မြနွယ်ကို ခေါ်စစ်ခဲ့တယ်၊ နန်းသူဇာသေဆုံးချိန်မှာ မြနွယ်နဲ့ကိုယ်ဟာ အအေးဆိုင်ထိုင်ပြီးနောက် ရုပ်ရှင်ကြည့်ခဲ့တယ်ဆိုတာ အလီဘိုင်ပြနိုင်ခဲ့တယ် ၊ ကိုယ့်ဖုန်းကို စစ်တော့လည်း နန်းသူဇာ နဲ့ဆက်သွယ်ထားတာ မရှိခဲ့ဘူး၊ မြနွယ်ကို နန်းသူဇာ တွေ့ဖို့ချိန်းပေမဲ့ ကိုယ်က ပေးမသွားပဲ ရုပ်ရှင်သွားကြည့်ခဲ့တယ်လို့ ကိုယ်တို့ဖြေခဲ့ကြတယ်၊ ရုပ်ရှင်လက်မှတ်တွေလဲ သက်သေ ပြနိုင်ခဲ့ကြတယ်နော်”
” ဟုတ်တယ် ကိုမင်း၊ တစ်ကယ်တော့ နန်းသူဇာ သေဆုံးရတာကလဲ သူက နွယ့်ကို အသက်အန္တရာယ်ပေးချင်စိတ်နဲ့ လောင်မြိုက်နေလို့ မဖြစ်သင့်တာ ဖြစ်ခဲ့တာပါ ”
” အမှန်တော့ ကိုယ့်အမှားပါနွယ်၊ သူရေထဲ ကျသွားချိန် ဆင်းကယ်ရင်အသက်မီချင်မီမယ်၊ ဒါပေမဲ့ ကိုယ်မဆင်းကယ်ရဲဘူး၊ ဘာကြောင့်လဲဆိုတော့ သေဖို့လမ်းရွေးချယ်ထားတဲ့ သူ့ကို ကိုယ်ဆင်းကယ်ရင်လဲ သူက ကိုယ့်ကိုပါ အန္တရာယ်ပေးမှာလေ ၊ ကိုယ်နဲ့သူ ပဋိပက္ခ ဖြစ်နေရင် ရေမကူးတတ်တဲ့မြနွယ်ကပါ ရေထဲဆင်းလာရင် သုံးလောင်းပြိုင်သေမှာ အဲ့လိုအတွေးနဲ့ ကိုယ် မြနွယ်ကို ခေါ်ပြီး ပြေးခဲ့မိတာ ၊ အမှန်အတိုင်း ၀န်ခံရရင် အရင်ကသူ့ကို သတ်မှုနဲ့ ကိုယ်ထောင်ကျမှာ အရမ်းကြောက်ခဲ့တယ်၊ ဒါပေမဲ့ ခုတော့ကိုယ်မကြောက်တော့ဘူးမြနွယ် ၊ သမီးလေးနဲ့ မြနွယ်သာဘေးကင်းရင် နန်းသူဇာဝိညာဉ်ကို ကိုယ်ရင်ဆိုင်မယ်၊ ပြဿနာတစ်ခုဆိုတာ ရှောင်လွှဲနေတာထက် ရင်ဆိုင်လိုက်သာ အကောင်းဆုံးပါပဲ ”
ချစ်ခင်ပွန်း ဒေါက်တာမင်းသက်ပိုင်အား မြနွယ်ကလေးစားစွာကြည့်ရင်း
” မြနွယ်တို့ သမီးလေးအတွက် အတူတူ ရင်ဆိုင်ကြတာပေါ့ ကိုမင်းရယ် ”
ပြောရင်း ချစ်ခင်ပွန်းရင်ခွင်ထဲ ခေါင်းအားတိုးဝှေ့လိုက်၏။
မင်းသက်ပိုင်ကလည်း မြနွယ်အား ကြင်နာစွာပွေ့ဖက်ထားရင်း
” ကိုယ်တို့အဆင်ပြေသွားမှာပါမြနွယ် ၊ ခုတော့ညနက်နေပြီ အိပ်ရအောင်နော် ၊ ကိုယ်လဲအရမ်းအိပ်ချင်နေပြီ ”
” ဟုတ် ကိုမင်း ”
မကြာမီ ခင်ပွန်းဖြစ်သူမှာ အိပ်မောကျကာ အသက်ရှုသံခပ်ပြင်းပြင်းကို ကြားနေရ၏။
မြနွယ်မှာမူ တစ်ရေးနိုးသောကြောင့် အတော်ဖြင့် ပြန်အိပ်၍ မရတော့ပေ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၁၀)
“အူး ဝူး ဝူးး”
အိမ်ရှေ့မှဆွဲဆွဲငင်ငင်ထွက်ပေါ်လာသော ခွေးအူသံကြောင့် မြနွယ် အတော်ပင်လန့်သွားမိ၏။
” ရှပ် ရှပ် ရှပ် ”
ဟင် ခြေသံပါလား ၊ ညဘက်ကြီး သူခိုးများလားမသိဘူး ။
” ကျွီ….ဒုန်း ”
” ဟာ သမီးလေးရွှေစင်အခန်းထဲ ၀င်သွားပြီနေမှာ ”
မြနွယ်သည် အသံကြောင့် ခင်ပွန်းအား နိုးမည်ဟုစဉ်းစားသော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကြောင့်မနိုးဖြစ်တော့။
အိပ်ယာခြေရင်း၌ ထောင်ထားသော သံဒုတ်အားယူကာ မြနွယ်က ခြေသံဖွဖွနင်းကာ သမီးဖြစ်သူအခန်းဘက်သို့ ချည်းကပ်လာ၏။
သမီးအခန်းတံခါးမှာ ယခင်က စေ့နေအောင်ပိတ်ထားသော်လည်း ယခုချိန်၌ အနည်းငယ်ဟနေ၏။
မီးက တဖျတ်ဖျတ်ခါနေသည်မို့ အခန်းတွင်းမှ မြင်ကွင်းများအား ကောင်းစွာမမြင်ရ။
” ဟင် ရေကွက်တွေပါလား ၊ ဘယ်လိုလုပ်ရေတွေ ရှိနေပါလိမ့် ”
” မြနွယ်က အခန်းတံခါးအား အနည်းငယ်ဆွဲဟကာ ကြည့်လိုက်ရာ သမီးဖြစ်သူမှာ မှန်တင်ခုံတွင်ထိုင်ကာ ခေါင်းဖြီးနေသည်အား မြင်လိုက်ရလျှင်
” ဟင် သ သမီးရွှေစင်လား ၊ သမီးက ဆေးရုံမှာမို့လား ၊ ဘယ် ဘယ်လိုလုပ် အိမ်ပြန်ရောက်နေတာလဲ ”
” ခစ် ခစ် ခစ် အဟက် ဟက် ”
ရွှေစင့်ထံမှ ခြောက်ကပ်ကွဲအက်နေသော ရယ်သံကြီး ထွက်ပေါ်လာသည်။
မြနွယ်ကြည့်နေရင်းမှ ရွှေစင်၏ဦးခေါင်းသည် မြနွယ်ရှိရာသို့ လှည့်လာရာ မျက်နှာမှာ ပြာနှမ်းပွယောင်းနေပြီး အရည်များတစက်စက် ကျနေ၏။
” ဟင် နန်း နန်းသူဇာ ပါလား ”
” ငါမကျေနပ်ဘူး ၊ နင့်ကို သတ်မယ်”
” မ မလုပ်နဲ့ နန်းသူဇာ၊ ငါ ငါတောင်းပန်ပါတယ် ”
” ငါ ငါ ခုထိ ရေနစ်လို့ အသက်ရှုကြပ်နေတုန်းပဲ ၊ ငါ တစ်ရက်မှ အသက်၀၀ မရှုရဘူး ၊ နင့်ကြောင့် ၊ နင့်ကိုမုန်းရင်းနဲ့ သေသွားတာ ”
” ငါနင့်ကိုကူညီမယ်နန်းသူဇာ ၊ နင့်ကို ငါကြောက်နေတယ်ထင်လား ၊ ငါဘယ်တော့မှ မကြောက်ဘူး၊ နင်ငါ့ကို လာမတွေ့ရင်တောင် ငါနင့်ကိုတွေ့အောင်ရှာမလို့ ၊ လာလေ နင်ငါ့ကိုသတ်လို့ နင်ဒီဘ၀က ကျွတ်မယ်ထင်ရင် လာသတ်လိုက်၊ လာပါနန်းသူဇာ ”
မြနွယ်က နန်းသူဇာ၏ ပုံပျက်ပန်းပျက်မျက်နှာကြီးအား စိုက်ကြည့်ကာ ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။
ထိုအခါ နန်းသူဇာ၏ ရိရွဲပြာနှမ်းနေသော မျက်နှာကြီးသည် မြနွယ်နှင့်တဖြည်းဖြည်းနီးကပ်လာသည်။
ထိုမျက်နှာကြီးနီးလာလေ ရေညှိပုတ်နံ့ကြီးက အော်ဂလီဆန်အောင်နံလေပင်။
မြနွယ်လည်း မျက်စိအားစုံမှိတ်ထားလိုက်၏။
ထိုအနံ့ကြီးသည် လွန်စွာဆိုးရွားသောကြောင့် ချွေးစေးများ ပျံကာ အသက်ရှုများပင်ကြပ်လာ၏။
” မိန်းမ မိန်းမ ဘာဖြစ်သွားတာလဲ ”
သမီးဖြစ်သူအခန်း၌ မြနွယ်လဲကျနေသည်မို့ မင်းသက်ပိုင်တစ်ယောက် လွန်စွာစိုးရိမ်သွားမိ၏။
ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် မနက်နိုးလာသောအခါ မြနွယ်အားမတွေ့ရတော့ ။
မြနွယ်နေရာအား စမ်းကြည့်ရာ အေးစက်နေသောကြောင့် မြနွယ်ထသွားသည်မှာ ကြာပြီဟုထင်ရ၏။
ထို့ကြောင့် မြနွယ်နာမည်အား တကြော်ကြော်ခေါ်ရင်း လိုက်ရှာရာ သမီးဖြစ်သူအခန်း၌ မိန်းမဖြစ်သူလဲကျနေသည်အား တွေ့လိုက်ရသဖြင့် ပြေးပွေ့လိုက်၏။
” ဟာ ခြေတွေလက်တွေကလည်း အေးစက်နေပါလား ”
ရင်ဘတ်အား ကပ်ကာနားထောင်ကြည့်တော့ နှလုံးခုန်သံအား ကြားနေရသည်မို့ မြနွယ်အား အမြန်ပွေ့ကာ အိပ်ယာထက်သို့တင်လိုက်၏။
” ဟလို ဆရာဇော် သမီးလေး အခြေအနေဘယ်လိုလဲ ”
” ………”
” ဟာ ဟုတ်လား ၀မ်းသာလိုက်တာဗျာ ၊ ကျုပ်မိန်းမ မြနွယ်မူးလဲလို့ ခင်ဗျားအိမ်လာခဲ့အုံး ၊ ခင်ဗျားဆီ အကူအညီလဲ တောင်းစရာရှိတယ် ”
” ………”
” အိုကေ ဆရာဇော် ”
” အင်း ဟင်း ဟင်း ”
မြနွယ်၏ နှုတ်မှ ညည်းညူသံများထွက်လာသောကြောင့်
” မြနွယ် ၊ သတိရပြီလား မြနွယ် ”
” ဟင် ကိုသက် ”
” ဘာ ဘယ်လိုခေါ်လိုက်တယ် မြနွယ် ”
” ဩ ကိုသက်လို့ ခေါ်တာလေ ၊ ဘာလဲ အဲ့လိုခေါ်တာ မကြိုက်ဘူးလား ဟင်း ဟင်း ဟင်း ”
” အင်းပါ မြနွယ် ကြိုက်သလိုခေါ်ပါ၊ ဩ မြနွယ် မနက်စာစားလိုက်ဦးနော် ၊ လာ ကိုယ်ခွံကျွေးမယ် ”
မြနွယ်သည် မင်းသက်ပိုင်ကျွေးသော ဖက်ထုပ်ခေါက်ဆွဲအား ကျေနပ်စွာ စားနေ၏။
” ဩ မြနွယ် မနက်စာစားပြီး ဆေးတစ်ချောင်းထိုးလိုက်ဦးနော် ၊ အားဆေးလေးပါ ”
” ဟုတ် ကိုသက် ”
” မင်းသက်ပိုင်ဆေးထိုးပေးပြီးနောက် မြနွယ်လည်း နှစ်ခြိုက်စွာ အိပ်မောကျသွား၏။
” တီ တီ ”
အိမ်ရှေ့မှ ကားဟွန်းသံကြောင့် မင်းသက်ပိုင် အိမ်ရှေ့ဘက်ထွက်ခဲ့၏။
” လာ ဆရာဇော် ၊ ကျုပ်ခင်ဗျားဆီက အကူအညီတစ်ခုတောင်းချင်တယ် ၊ အရေးကြီးတယ် အချိန်သိပ်မရဘူး ”
” ဘာများလဲ ဆရာမင်း ”
မင်းသက်ပိုင်က ဆရာဇော်အား သေချာပြောနေ၏။ ဆရာဇော်ကလည်း ခေါင်းတညိမ့်ညိမ့်ဖြင့် သေချာနားထောင်နေ၏။
ထိုနောက် မင်းသက်ပိုင်သည် သူ၏ ဒိုင်ယာရီစာအုပ်အဟောင်းအား အပြန်ပြန်အလှန်လှန်ရှာဖွေကာ စာရွက်လွတ်တရွက်တွင် ရေးမှတ်ကာ ထိုစာရွက်အား ဆရာဇော်အား ပေးလိုက်၏။
ဆရာဇော်လည်း ထိုစာရွက်အား ယူပြီးနောက် ကားပေါ်သို့ အလျင်စလိုတက်ကာ ကားအား ပြန်လည်မောင်းနှင်သွား၏။
” ဟလို ဒေါက်တာအေးမိုး ၊ ကျုပ်အရေးတကြီးကိစ္စရှိလို့ ဒီနေ့ operationကို ဒေါက်တာပဲ ဦးဆောင်လုပ်လိုက်ပါ ၊ ကျုပ်အရမ်းအရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရှိလို့ပါ ”
” အိုကေ ၊ ကျေးဇူးပါ ဒေါက်တာ ”
ဖုန်းဆက်ပြီးနောက် မင်းသက်ပိုင်သည် အိပ်ပျော်နေသော မြနွယ်အား ကားပေါ်ပွေ့တင်ကာ ကားအား မောင်းထွက်လာခဲ့၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၁၁)
” အင်း ဟင်း ဟင်း ၊ ကိုသက် ကိုသက်ဘယ်မှာလဲဟင် ”
” နိုးလာပြီလား မြနွယ်”
မြနွယ်သည် ဘေးဘီဝဲယာများအား ကြည့်ကာ
” မြနွယ်ဘယ်ရောက်နေတာလဲဟင် ကိုသက် ”
” မင်း ဘုရားရိပ်တရားရိပ်ကို ရောက်နေတာပါ နန်းသူဇာ ”
” ဟင် ကိုသက်က နန်းကိုမှတ်မိတယ်ပေါ့ ”
” သိပ်မှတ်မိတာပေါ့ နန်းသူဇာ ၊ ကိုသက်လို့ခေါ်တာ မင်းတစ်ယောက်ပဲရှိတယ်လေ ”
” ဟား ဟား ဟား ၊ နင်မှတ်မိသားပဲ ၊ ခု နင့်မိန်းမ မြနွယ်ကို ငါပိုင်ပြီ၊ ငါသေသလို ဒင်းပါသေစေရမယ် ”
ထိုစဉ် ဘေးမှကြည့်နေသော ဖိုးသူတော်ကြီးက
” တယ်လဲ အတင့်ရဲတဲ့ ပြိတ္တာမ၊ ကဲ စေတလုံးဆရာ သူတော်အောင်ရဲ့အမိန့် ၊ ပူးကပ်နေတဲ့ မေကာင်းဆိုးရွားအား နောက်ပြန်ကြိုးတုပ် ချုပ်ထားစေ ”
” အ အား နင်က ဘယ်သူလဲ၊ ငါ့ကိစ္စ၀င်ရှုပ်တယ်၊ ငါသေတာ နှစ်ပေါင်းနှစ်ဆယ်နီးပါးရှိပြီ ၊ ငါ့ကိုများ နင့်လို ဆရာစုတ်က ချုပ်ထားမယ်ပေါ့၊ ငါ့ရဲ့ မူရင်းရုပ်ကိုတွေ့လား အဟက် ဟက် ”
” တွေ့တယ် ပြိတ္တာမ ၊ နင်က ဗုဒ္ဓဟူးသမီးကို ပူးကပ်နှောင့်ယှက်တယ်၊ ခု ကြာသပတေးသမီးကိုပါ ပူးကပ်ပြီး အန္တရာယ်ပေးဖို့ကြံတယ် ၊ နင့်နေရာနင်ပြန်ပါ၊ မပြန်ရင် ငါ့အဆိုးမဆိုနဲ့ ”
” ငါ ကလဲ့စားချေမယ်၊ ကလဲ့စားချေမယ် ၊ ကလဲ့စား မချေရမချင်း ငါ မအေးချမ်းနိုင်ဘူး ဆရာစုတ်ရဲ့ အီး ဟီး ဟီး ”
ထိုအခါ ဘေး၌ ထိုင်နေသော ဦးဇင်းမှ
” ခုထိ အတ္တတွေ ရန်ညှိုးတွေ ကြီးနေတုန်းလားနန်းသူဇာ၊ ကိုယ်တော့်ကို ကြည့်ပါဦး၊ ကိုယ်တော့်ကို မှတ်မိလား ”
ဆံပင်များ ဖရိုဖရဲဖြစ်နေကာ မျက်လုံးကြီးပြူးလျက်အနေအထားဖြင့် မြနွယ်သည် ထိုဦးဇင်းအား ခေါင်းကြီးစောင်းကာ စိုက်ကြည့်လာသည်။
” မသိဘူး၊ ငါမသိဘူး ”
” ဩ မေ့သွားပြီလား၊ ကိုယ်တော်ဟာ နန်းသူဇာ လူ့ဘ၀တုန်းက နန်းသူဇာကို သိပ်ချစ်ခဲ့တယ်၊ နန်းသူဇာက ဒေါက်တာမင်းသက်ပိုင်ကိုတွေ့တော့ ကျုပ်ကို ဘလိုင်းကြီး စွန့်ပစ်ခဲ့တဲ့ အောင်ကျော်စွာလေ၊ ကျုပ်မှာ ခင်ဗျားစွန့်ပစ်လို့ အရက်သမား လုံးလုံးကြီး ဖြစ်ခဲ့ရတယ်၊ ကလဲ့စား ချေကြေးဆို ကျုပ်က ခင်ဗျားကို အရင်ဆုံး ကလဲ့စားချေရမှာပေါ့၊ ဒကာမ နန်းသူဇာ သံယောဇဉ်ဆိုတာ အင်မတန်မှ ပူလောင်ပါတယ်၊ ကိုယ်ကချစ်သော်ညား တစ်ဖက်သားလူက ချစ်ချင်မှချစ်မယ်၊ ကိုယ့်ကိုမချစ်လို့ အပြစ်မတင်လေနဲ့၊ ခုလဲ ဒကာမကြီးရဲ့ ရန်ညှိုးအတ္တတွေကြောင့် သေပြီးတာတောင် မကျွတ်မလွတ်တဲ့ ပြိတ္တာဘုံသားဘ၀နဲ့ ဘယ်လောက်ဒုက္ခရောက်လဲ ၊ လူ့ဘ၀တုန်းက ရူပါရုံအဆင်း တင့်တယ်တဲ့ဒကာမဟာ ခုပြိတ္တာဘုံဘ၀မှာ ကြောက်စရာ သွင်ပြင် အနံ့အသက်ဆိုးတွေနဲ့ စားရမဲ့သောက်ရမဲ့တဲ့ ဘ၀ရောက်နေတာတောင် နောင်တမရသေးဘူးလား ”
” အီး ဟီး ဟီး ဟိုဆရာ ၊ ငါ့ကိုချုပ်ထားတာ ရပ်ပေးပါ ၊ ငါ့လက်တွေ နာကျင်လှပြီ ”
” မင်း အန္တရာယ်ပေးမှာလား ခန္ဓာရှင်ကို ”
” မပေးတော့ပါဘူး အီး ဟီး ဟီး ”
” ကဲ စေတလုံး ဆရာ သူတော်အောင်ရဲ့အမိန့် ၊ ပူးကပ်နေသော ပရလောကသားအား ချုပ်ထားမှုမှ ပြေလျော့စေ”
ထိုအခါမှ မြနွယ်၏ လက်များနောက်သို့ပစ်ထားရာမှ ပြေလျော့သွား၏။
ထိုစဉ် ဓမ္မသုခ ဘုန်းကြီးကျောင်း၀န်းထဲသို့ ကားတစ်စီး၀င်လာ၏။
ထိုကားသည် မြနွယ်တို့ရှိရာ အဆောင်ရှေ့တွင်ရပ်ကာ ကားပေါ်မှ ဆရာဇော်နှင့်တကွ အသက်ခပ်ကြီးကြီး အမျိုးသမီးကြီးနှစ်ဦး ဆင်းလာ၏။
ထိုအမျိုးသမီးကြီးနှစ်ဦးသည် မြနွယ်တို့ရှိရာ အဆောင်ပေါ်သို့ အလျှင်စလိုတက်လာကာ
” နန်းသူဇာ၊ အမေ့သမီးလေး နန်းသူဇာလား၊ အမယ်လေး ငါ့သမီးလေး ခုထိ မကျွတ်သေးပါလား၊ သမီးရယ် အရာရာ အားလုံးဟာ အမေ့အပြစ်ပါ၊ အမေ့ရဲ့ မကောင်းတဲ့ အရိပ်မဲကြောင့် အပြစ်မရှိတဲ့ ငါ့သမီး ခံခဲ့ရတယ် ၊ သမီးရယ် ဒေါက်တာမင်းသက်ပိုင်တို့ မိသားစု ကိုအပြစ်မတင်ပါနဲ့ ၊ အမေ့ကိုပဲ အပြစ်တင်ပါ၊ သမီးမကျေနပ်ရင် အမေ့ကိုပဲ သတ်ပါ ”
ထိုမိန်းမကြီးအား နန်းသူဇာ ဝိညာဉ်ပူးကပ်နေသော မြနွယ်က သေချာစွာ ကြည့်ရင်း
” အီး ဟီး ဟီး အမေ ၊ အမေ ပါလား ”
နန်းသူဇာပူးကပ်နေသောမြနွယ်၏ ခန္ဓာကိုယ်ကသိမ့်သိမ့်ခါအောင် ငိုကြွေးနေ၏။
ကျန်မိန်းမကြီးတစ်ဦးကလဲ
” သမီးလေး သူဇာ ၊ ရန်ညှိုးတွေ ကလဲ့စားချေမှုတွေကို ရပ်တံ့လိုက်ပါတော့၊ ငါ့တူမလေးအတွက် ဒေါ်လေးတို့ ကုသိုလ်ပြု အမျှပေးဝေမယ်၊ သာဓုခေါ်ပါကွယ် ၊ တူမလေး ဘ၀သစ်မှာ ကောင်းကောင်းနေရဖို့ သာဓုခေါ်ပါကွယ်”
” ဟုတ်ပါတယ် နန်းသူဇာ ၊ ဦးဇင်းလဲ သံယောဇဉ်ကြားက လွတ်မြောက်ပြီး တရားရိပ်မှာအေးချမ်းနေသလို နန်းသူဇာကိုလည်း အညှိုးတွေ၊ ကလဲ့စားချေလိုမှုတွေကြားမှ လွတ်မြောက်စေချင်လှတယ်၊ သာဓုခေါ်လိုက်ပါ ဒကာမကြီး ”
” စိတ်ချပါ ၊ ငါ သာဓုခေါ်ပါတော့မယ် ၊ ဒါပေမဲ့ တစ်ခုတော့မေးပါရစေ၊ ကိုသက် နန်းသူဇာကို တစ်ကယ်ချစ်ခဲ့တယ်မို့လားဟင် ”
နန်းသူဇာ၀င်ပူးနေသော မြနွယ်၏ အမေးကြောင့် အားလုံးက ဒေါက်တာမင်းသက်ပိုင်အား ဝိုင်းကြည့်ကြ၏။
” ကိုယ်ဖြေပါ့မယ် နန်းသူဇာ ၊ ကိုသက် နန်းသူဇာကို အမှန်တစ်ကယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့တာပါ၊ နန်းသူဇာဟာ ကိုသက်ရဲ့ အချစ်ဦးပါ နန်းရယ် ”
မင်းသက်ပိုင်၏ အဖြေကြောင့် နန်းသူဇာ၀င်ပူးနေသော မြနွယ်က ကျေကျေနပ်နပ်ကြီး ပြုံးကာ
“အမျှဝေရင် ” မြတ်သီရိ ” စားသောက်ဆိုင်ကြီးရှေ့က စိန်ပန်းပင်ကြီးမှာ နန်းသူဇာနဲ့ မကျွတ်မလွတ်သေးသော သူများတရားနာကြပါလို့ပြောပြီး လာခေါ်ပါ၊ သူတို့လဲ ကျွတ်ချင်နေကြပါပြီ ”
” စိတ်ချပါ နန်း၊ မင်းတို့အတွက် ကိုသက် အလှူပြုအမျှဝေပေးပါ့မယ်၊ သဘက်ခါ သောကြာနေ့ နန်းရဲ့ အသက်လေးဆယ်နှစ်နှစ်ပြည့်မွေးနေ့ပဲ၊ အဲ့ဒီနေ့ အလှူပြု အမျှဝေပေးပါ့မယ်”
မင်းသက်ပိုင်စကားကြောင့် နန်းသူဇာဝိညာဉ်၀င်ပူးနေသော မြနွယ်က မင်းသက်ပိုင်အား ပြုံးကာကြည့်ပြီးနောက် မင်းသက်ပိုင်လက်အား လှမ်းကိုင်ကာ
” ကိုသက်၊ နန်းသွားတော့မယ်နော် ”
ထိုသို့ပြောပြီးနောက် မြနွယ်လည်း မေ့လဲကျသွားလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၁၂)
သောကြာနေ့နက်နံခင်း၌ မြတ်သီရိစားသောက်ဆိုင်ရှေ့ရှိ စိန်ပန်းပင်ကြီး၌ မိသားစုသုံးဦးရပ်နေကြ၏။
” ကဲ နန်းသူဇာနဲ့ဤအရပ်၌ မကျွတ်မလွတ်ကြသေးသောသူများအားလုံး ကျွန်ုပ်တို့နှင့်အတူ တရားနာယူ၍ သာဓု ခေါ်ရန် လိုက်ခဲ့ကြပါ ။
ထိုသို့ခေါ်ဆိုပြီးနောက် ဒေါက်တာမင်းသက်ပိုင်တို့၏ ကားလေးသည် သိမ့်ခနဲလှုပ်ခါသွား၏။ထိုကားလေးသည် မကြာမီ ဓမ္မသုခ ဘုန်းကြီးကျောင်းသို့ ဆိုက်ရောက်လာ၏။
ထိုနေ့နံနက်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းနှင့် လှူဘွယ်၀တ္ထုများကပ်လှူကာ အမျှပေးဝေခဲ့ကြ၏။
အမျှဝေသံများအဆုံး၌ ကျောင်းဆောင် အတွင်း၌ စိမ်းရွှင်ရွှင် အနံ့များ ပျံနှံ့နေ၏။
” ရွှေစင် မတွေ့တာကြာပြီနော်၊ ကိုယ်လဲ ကျောင်းသွားတက်နေရတော့ ရွှေစင့်အနား မလာနိုင်ဘူးဖြစ်နေတာ၊ စာမေးပွဲဖြေနိုင်ရဲ့လား ဘေဘီလေး ”
” အင်း ဖြေနိုင်ပါတယ် ကိုဇော်လတ် ”
” ရွှေစင် ဆယ်တန်းဖြေပြီးရင် ကိုယ့်ကို အဖြေပေးမယ်လို့ ပြောထားတယ်နော် ”
” အင်း မမေ့ပါဘူး၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ရွှေစင် ခုချိန်မှာ ဒါတွေမတွေးချင်သေးဘူး၊ ရွှေစင် ပညာသင်ချိန်မှာ ပညာပဲ သင်ချင်သေးတယ် ”
” ရတယ်ရွှေစင်၊ ကိုယ်စောင့်နိုင်ပါတယ် ”
” ကျေးဇူးပါ ကိုဇော်လတ် ၊ ဩ ရွှေစင်သင်တန်းနောက်ကျတော့မှာမို့ သွားခွင့်ပြုပါအုံး ”
” အိုကေ ရွှေစင် ၊ ကိုယ်ဖုန်းဆက်ရင် ဖုန်းတော့ကိုင်ပေးနော် ”
ရွှေစင်က ပြုံးကာ ညင်သာစွာ ခေါင်းညိမ့်ပြလိုက်ပြီးနောက် ဇော်လတ်ရှေ့မှထွက်ခဲ့လိုက်သည်။
ဇော်လတ်သည် ရွှေစင့်အား ငေးရီစွာ ကြည့်ရင်း
” ကိုးတန်းနှစ်က ရွှေစင်နဲ့ အခုရွှေစင်က သိပ်ကို ကွာခြားသွားသလိုပဲ၊ ရွှေစင်လေးရယ် မင်းက အလှပေါ် အယဉ်ဆင့်ထားတဲ့ သိက္ခာရှိတဲ့ ပန်းလေးတစ်ပွင့်ပဲ ၊ မင်းအချစ်မရမချင်း ကိုယ်စောင့်နေပါ့မယ်ရွှေစင်လေးရယ် ”
ဇော်လတ်တစ်ယောက် တိုးတိုးဖွဖွညည်းညူရင်း ပြုံးလိုက်မိ၏။
လကိုနှစ်စား အချိန်ဆိုသော ယန္တယားကြီးကား လျှင်မြန်စွာ လှည့်လည်ခဲ့လေပြီ။
” ငိုမနေပါနဲ့တော့ ရွှေစင်လေးရယ် ၊ ဘယ်တတ်နိုင်ပါ့မလဲ ၊ ရွှေစင့်ဘေးမှာ ကိုယ်တစ်ယောက်လုံးရှိပါတယ် ”
ရွှေစင်တစ်ယောက် ဖြေမဆည်နိုင်ဖြစ်နေမိသည်။
ရွှေစင်၏ ဖခင် ဒေါက်တာမင်းသက်ပိုင်နှင့် မိခင်ဖြစ်သူ ဒေါ်မြနွယ်တို့သည် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့နံနက်၌ ချင်းတွင်းမြစ်ပတွင်း တိမ်းမှောက်ခဲ့သော အမြန်ရေယာဉ် အောင်စိုးမိုးကျော်(၂) တွင်ပါ၀င်ခဲ့ပြီး ရေနစ်သေဆုံးခဲ့ရလေသည်။
တစ်ကယ်တော့ ဘ၀ဟူသည် ကာလအပိုင်းအခြားတစ်ခုမျှသာဖြစ်၏။
ဒေါက်တာမင်းသက်ပိုင်နှင့် မြနွယ်တို့ နှစ်ဦးသည် နန်းသူဇာဟူသော အမျိုးသမီး ရေနစ်သေဆုံးမှုတွင် ပါ၀င်ပက်သက်ခဲ့ဖူး၏။
နန်းသူဇာသည် မကျွတ်မလွတ်သော ဘုံသားဘ၀ဖြင့် ထိုသူနှစ်ဦးအား ကလဲ့စားချေရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ဖူး၏။
အဆုံး၌ နန်းသူဇာတစ်ယောက် ကလဲ့စားမချေဖြစ်ဟု မှတ်ယူရသော်လည်း နန်းသူဇာကလဲ့စားချေလိုသူ ထိုနှစ်ဦးမှာမူ အမြန်ရေယာဉ်တိမ်းမှောက်မှုတွင်ပါ၀င်ခဲ့ရပြီး ရေနစ်သေဆုံးခဲ့ရရှာလေသည်။
ပြာလဲ့လဲ့မိုးသားများအား ကြည့်ရင်း ရွှေစင်တစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိသည်။
” ကိုဇော် ”
” ပြောလေ ခလေး ”
” ရွှေစင်တွေးနေမိတယ်သိလား ”
” ဘာများလဲ ဟင် ”
” ဩ ရွှေစင့်မိဘတွေ ရေနစ်သေရတာ နန်းသူဇာဆိုတဲ့ အမျိုးသမီးကများ ကလဲ့စားချေလိုက်တာလားလို့ ”
” ဩ ခလေးရယ်၊ စိတ်မကောင်းစရာတွေ တွေးမနေပါနဲ့ ၊ ခလေးရဲ့ ဗိုက်ထဲက ကိုယ်တို့ရဲ့ ကလေးလေးကိုပဲ ဂရုစိုက်ပါကွာ နော်ချစ် ”
” အင်းပါ ကိုဇော်ရယ်၊ ရွှေစင်တို့ရဲ့ ကလေးလေး မွေးလာရင် သူ့အဖိုးအဖွားတွေကို တွေ့ခွင့်မရတော့တာကို တွေးရင်း စိတ်မကောင်းဖြစ်မိလို့ပါ ”
” ကိုယ့်မိဘတွေရှိပါသေးတယ်ကွာ၊ ကိုယ်တို့ခလေးလေး က သူ့အဘိုးအဖွားတွေရဲ့ မေတ္တာကို အပြည့်အ၀ ရမှာပါကွာ ”
ဇော်လတ်တစ်ယောက် ချစ်ဇနီးရွှေစင်အား ဂရုဏာသက်စွာကြည့်ရင်း ရင်ခွင်ထဲ ထွေးဖက်ထားလိုက်၏။
ရွှေစင်၏ မိဘနှစ်ပါး သင်္ဘောမှောက်ကာ ရေနစ်သေဆုံးခဲ့ရခြင်းမှာ တိုက်ဆိုင်မှုလေလား၊ သို့မဟုတ် အစိမ်းကြွေပန်းတစ်ပွင့်၏ ဂလဲ့စားချေမှု ကြောင့်ပေလား ဟူသည်ကတော့ ….
လေးစားလျက်
စာရေးသူ နန်းကြာညို