အစွဲအလန်းကြီးသူတစ်ယောက်ရဲ့ဖြစ်ရပ်

အစွဲအလန်းကြီးသူတစ်ယောက်ရဲ့ဖြစ်ရပ်(စ/ဆုံး)
————————————

“မြရင် မောင် မြို့တက်ပြီးအလုပ်သွားလုပ်တော့မယ် မြရင်နဲ့နီးဖို့ မောင့်မှာ ပိုက်ဆံလိုတယ် မြရင်ကို မောင် တင့်တောင့်တင့်တယ်နဲ့ လက်ထပ်ယူချင်တယ်ကွာ”
“မောင်ရယ် မသွားပါနဲ့ မြရင်အတွက် အဲ့ဒါတွေမလိုပါဘူး”
“မဟုတ်သေးဘူးမြရင် မောင့်မှာ ပိုက်ဆံမရှိတော့ အခုမြရင်မိဘတွေက မောင်နဲ့မြရင်ကို သဘောမတူကြဘူးလေ အဲ့အတွက် မောင်ပိုက်ဆံရှာရမယ်”
“အင်းပါမောင်ရယ် မြရင်မောင့်ကို မတားတော့ပါဘူး ဒါပေမယ့် မြို့ကြီးပြကြီးမှာ ဂရုစိုက်ပါမောင် မြရင်မောင့်ကိုစိတ်မချဘူး”
“စိတ်ချပါမြရင်ရယ် မြရင်သာဂရုစိုက် မောင့်အတွက် စိတ်မပူနဲ့ ”
“မပူလို့ရမလားမောင်ရဲ့ ဒါနဲ့မောင်က ဘယ်တော့သွားမှာလဲ”
“သဘက်ခါသွားမယ်မြရင် ဘကြီးဘုန်းကြီးကိုလည်း လျှောက်ပြီးသွားပြီ”
“မြန်လှပါလား မောင်ရယ်”

သူတို့နှစ်ယောက်။တွေ့နေကျ ရွာထိပ်က ကုက္ကိုပင်ကြီးအောက်မှာ လူငယ်တို့သဘာဝ စကားထိုင်ပြောနေကြခြင်းပင်။မြရင်ဆိုတာက မင်းလှရွာမှာ အချမ်းသာဆုံးမိဘနှစ်ပါးက မွေးဖွားလာသူ။သူမက ဖြူစင်သမျှ၊ရိုးသားသမျှ သူမမိဘတွေက ပစ္စည်းဥစ္စာဂုဏ်မောက်ကြသည်။ပြီးတော့ မြရင်က မင်းလှရွာလေးရဲ့ ကွမ်းတောင်ကိုင်တစ်ယောက်။သူမမိဘတွေကတော့ ရွာမှာ ငွေတိုးချေးစားသည်။အချိန်တန်လို့ပြန်မဆပ်ပါက လယ်ရှိလျှင်လယ်သိမ်းသည်။ နွားရှိလျှင်နွားသိမ်းသည်။ရွာသားတွေခမျာ မြရင်လေးကို ချစ်ကြသော်လည်း သူ့မိဘတွေကို ကြည့်မရကြ။သို့သော်လည်း တစ်ရွာလုံးမှာ သူမတို့အိမ်နှင့် လွတ်သည့်အိမ်ဆိုသည်မှာ မရှိ။

ကျော်တိုးကတော့ မိဘမဲ့တစ်ယောက်။သူ့ခမျာ ငယ်စဉ်ကတည်းက မိဘရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး ဘဘုန်းကြီးက မွေးစားခဲ့ရသူ။ဘုန်းကြီးကျောင်းကပဲ သူ့အိမ် သူ့နေရာဖြစ်သည်မဟုတ်လား။ထို့ကြောင့် မြရင်ရဲ့မိဘတွေက မြရင်နဲ့သူနဲ့ကို သဘောမတူတာ မဆန်းပါဘူးလေ။ယခုလည်း မြရင်နဲ့နီးဖို့ သူအလုပ်ကြိုးစားရတော့မယ်မလား။

“မြို့တက်ပြီး လုပ်ငန်းလုပ်မယ်။ပိုက်ဆံစုမယ်။ဒါမှ မြရင်မိဘတွေက ငါနဲ့မြရင်ကို သဘောတူမှာ။အဲ့အတွက် ငါအလုပ်ကြိုးစားရမယ်
ဟုတ်တယ်”
တစ်ယောက်တည်း ပြောနေမိသည်။
××××××××××××××××××××××××××××××××××××××××××××××××××
ကျော်တိုးတစ်ယောက် ရန်ကုန်မြို့ကြီးမှာ တစ်ယောက်တည်းယောင်ချာချာ ဖြစ်နေလေသည်။ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်းမသိ။

“တီ…တီ…”
ရုတ်တရက်ထွက်လာသော ကားဟွန်းသံကြောင့် လန့်ပြီး ခုန်ရှောင်လိုက်မိသည်။ကားကဘေးနားရပ်သွားပြီး
“ဟေ့လူ ခင်ဗျား သေချင်လို့လား ငယ်ငယ်ရွယ်ရွယ်နဲ့”
“ကျွန်တော်တောင်းပန်ပါတယ် အကိုရယ်”
Taxi သမားက ကျော်တိုးကို တစ်ချက်အကဲခတ်လိုက်ပြီး
“ခင်ဗျားကြည့်ရတာ နယ်ကတက်လာတာထင်တယ် အခုရော ဘယ်သွားမှာလဲ”
“ဟုတ်ပါတယ်ဗျ ကျွန်တော်အခု ဘယ်သွားရမှန်းမသိဘူး ဒီနားတစ်ဝိုက်မှာ အခန်းလေးဘာလေးငှါးတာမရှိဘူးလား ကျွန်တော့်ကိုကူညီပါဦးဗျာ”
“ရပါတယ်ဗျ ကျွန်တော်လည်း နယ်ကလာတဲ့သူဆိုတော့ ကိုယ်ချင်းစာပါတယ် ကဲ တက်ဗျာ ကျွန်တော့်အိမ်လိုက်ခဲ့ ဟိုရောက်မှ ငှါးနေချင်တယ်ဆိုလည်းနေ အိမ်မှာနေချင်တယ်ဆိုလည်းနေ”
“ကျေးဇူးပါဗျာ ဒါနဲ့ ခင်ဗျားနာမည်က…”
“ကျွန်တော့်နာမည် အောင်မြင့်ပါ”
“ဟုတ်ကဲ့ပါ ကိုအောင်မြင့် ကျွန်တော့နာမည်က ကျော်တိုးပါ ခင်ဗျားမှာ မိသားစုရှိတယ်လေ အခန်းပဲငှါးနေလိုက်ပါ့မယ်”
“ဘယ်အခန်းမှ ငှါးမနေနဲ့ကိုယ့်လူ ကိုယ်တစ်ယောက်တည်းနေတာ အိမ်မှာပဲနေတော့”
“ဟာဗျာ ကိုအောင်မြင့်ကလည်း အားနာစရာ”
“ဘာမှအားနာစရာမလိုဘူး ခင်ဗျားကိုမြင်ကတည်းက ကျွန်တော့ညီတစ်ယောက်လို ခင်မင်နေမိလို့”
“ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်”

ဤသို့ဖြင့် ကျော်တိုးတစ်ယောက် ကိုအောင်မြင့်ကျေးဇူးကြောင့် နေစရာ စားစရာ မပူရတော့ပေ။ကိုအောင်မြင့်ကလည်း သူ့ကို ညီအရင်းတစ်ယောက်လိုမျိုး ချစ်လေသည်။သူကလည်း ကိုအောင်မြင့်အပေါ် တတ်နိုင်သမျှ ကူညီပေးသည်။အလုပ်အတွက်ကျပြန်တော့လည်း ကိုအောင်မြင့်က taxi သမားဆိုတော့ သူ့ပဲအားကိုးနေရပြန်သည်။

ကိုအောင်မြင့်ကျေးဇူးကြောင့် တောင်ဥက္ကလာစက်မှုဇုန်ထဲက ကားဝပ်ရှော့တစ်ခုမှာ အလုပ်ရခဲ့သည်။သူ့အတွက် ခုမှအလုပ်စလုပ်တာဆိုပေမယ့် ကိုအောင်မြင့်က ကားနှင့်ပတ်သတ်သမျှ အနည်းအကျဉ်း ပြောပြထားတော့ လုပ်ငန်းလုပ်ရတာ သိပ်မခက်ခဲ။

သူ့က်ို ညီအရင်းတစ်ယောက်လို ချစ်ခင်ပြီး အစစအရာရာ ကူညီပေးတဲ့ ကိုအောင်မြင့်ကိုလည်း ကျေးဇူးတင်မိသည်။ကျေးဇူးဆပ်ချင်သည်။ပြီးတော့ ချစ်သူလေးနဲ့လည်း အမြန်နီးချင်ပြီ။ထို့ကြောင့် သူအလုပ်တွေ ကြိုးစားနေရသည်။

သူ့ချစ်သူမြရင်ဆိုတာ ရွာမှာကွမ်းတောင်ကိုင်တစ်ယောက်။ဘယ်သူမှပိုးလို့မရဘဲ ကျော်တိုးတစ်ယောက်ပဲ သူမအချစ်ကို ရခဲ့သည်။သူမနဲ့ပတ်သတ်ပြီး ကျော်တိုးကို မကျေနပ်ကြသူတွေလည်း ရှိကြသည်။ကျော်တိုး မြရင်ကို စိတ်မချ။
“မြရင်လည်း ငါ့ကို လွမ်းနေရှာမှာပဲ”
တွေးမိရင်း ယောက်ျားတန်မဲ့ မျက်ရည်က ကျလာမိပြန်သည်။
××××××××××××××××××××××××××××××××××××××××××××××××××
“လွမ်းလိုက်တာ မောင်ရယ် မောင်ဘာတွေလုပ်နေလဲ မြို့ကြီးပြကြီးမှာ အဆင်မှ ပြေရဲ့လား ထွက်သွားကတည်းက သတင်းအစအနကို မကြားရပါလားမောင်ရယ် ဘာလိုလိုနဲ့ မောင်သွားတာ တစ်နှစ်ကျော်ခဲ့ပြီနော် မြရင်ကို သတိမှရသေးရဲ့လားမောင်ရယ်”

ရွာထိပ်ကုက္ကိုလ်ပင်အောက်မှာ တစ်ယောက်တည်းထိုင်ရင်း ရေရွတ်နေမိသည်။ဟုတ်သည်။ကျော်တိုးရွာမှ ထွက်သွားသည်မှာ တစ်နှစ်ပင်ကျော်ခဲ့ပြီ။လွမ်းနေရသူက မြရင်။တစ်နေ့ပြန်လာမှာပါဆိုတဲ့အတွေးနဲ့ ရွာထိပ်မှာ စောင့်နေရသည်မှာလည်း နေ့တိုင်းပင်။သို့သော် ကျော်တိုးမှာ ပြန်မလာခဲ့။

မြရင်မှာလည်း နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်။ကြာတော့ သူမမိဘတွေကပင် ပြောလာတော့သည်။
“မြရင် ညည်းကို သိပ်ကြည့်မရတော့ဘူးနော် အစကတည်းက အဲ့အကောင်နဲ့ သဘောမတူဘူးလို့ ပြောထားတယ်နော် မိဘတွေမျက်နှာကို အိုးမည်းမသုတ်နဲ့”
“အဖေတို့အမေတို့ရယ် မောင်က အဲ့အကြောင်းသိလို့ ရပ်ခြားမှာ ပိုက်ဆံသွားရှာတာလေ သူ့ကိုအချိန်နည်းနည်းတော့ ပေးလိုက်ပါ နော်”
“အေး နောက်ထပ်တစ်နှစ် ထပ်စောင့်ပေးမယ် အဲ့အတွင်းမှာမှ ဒီကောင်ပြန်မလာခဲ့ရင် ငါတို့သဘောတူတဲ့သူနဲ့ပဲ ညည်းယူရမယ်”

မြရင်ဘာမှမတတ်နိုင်တော့။သူမမိဘတွေစကားလည်း မလွန်ဆန်နိုင်ပေ။ဒီတစ်နှစ်အတွင်း မောင်ပြန်လာပါစေလို့ ဆုတောင်းနေရုံမှတစ်ပါး………
××××××××××××××××××××××××××××××××××××××××××××××××××
သူ ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့သည်မှာ တစ်နှစ်ပင် ကျော်ခဲ့ပြီ။ဇာတိမြေကိုလည်း တစ်ခေါက်မျှပင် မပြန်ဖြစ်ခဲ့။ဒီတစ်နှစ်အတွင်းမှာလည်း ပိုက်ဆံတော်တော်စုခဲ့မိပြီ။

“ဟေ့ ဘာတွေစဉ်းစားနေတာလဲကွ”
“ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိလို့ပါဗျာ”
“ဘာလဲ ကောင်မလေးနဲ့လက်ထပ်ဖို့ ပိုက်ဆံလာရှာတဲ့အကြောင်းလား”
“ဟာဗျာ ကိုအောင်မြင့်ကလည်း လုပ်ပြီ”
“ဟား ဟား ဟား …..”

နှစ်ယောက်သား လွတ်လပ်ပေါ့ပါးစွာပင် ရယ်မိကြလေသည်။

“ကျွန်တော် နောက်ထပ်တစ်နှစ်လောက် ကြိုးစားလိုက်ရင် ကျွန်တော့်ချစ်သူနဲ့နီးစပ်နိုင်ပြီဗျ”
“အေးပါကွာ ငါလည်းဝမ်းသာပါတယ် မင်္ဂလာဆောင်ရင်တော့ ဖိတ်ဖို့မမေ့နဲ့ဟေ့”
“မေ့စရာလားဗျ ကိုယ့်ကျေးဇူးရှင်ကို”
“အမလေးဆရာသမား ကျုပ်ကို ကျေးဇူးရှင်လို့ မပြောပါနဲ့ကွာ”
“မပြောတော့ပါဘူးဗျာ ဒါနဲ့ကျွန်တော်ပြန်ရင် အလည်လိုက်ခဲ့ပါလားဗျ ရောက်ဖူးတာပေါ့”
“အေးကွ ငါလည်းပြောမလို့ လိုက်ခဲ့မယ်”
“ဟာ ကိုကျော်တိုး တကယ်ပြောတာနော် ”
“စ စရာလားကွ”

ကိုကျော်တိုးလိုက်မည်ဆို၍ သူတကယ်ဝမ်းသာသွားမိသည်။ဟိုရောက်မှပဲ ကျေးဇူးပြန်ဆပ်ရတော့မပေါ့။

××××××××××××××××××××××××××××××××××××××××××××××××××

ဘာလိုလိုနဲ့ တစ်နှစ်ဆိုတာလည်း ဘာမှမကြာလိုက်သလိုပါပဲလား။ကျော်တိုးတစ်ယောက် ရွာပြန်ရတော့မည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေမိသည်။ချစ်သူလေးမျက်နှာကိုလည်း မြင်ယောင်နေမိသည်။ရွာကိုလည်း မြန်မြန်ရောက်ချင်လှပြီ။

“ကျော်တိုးရေ သွားမယ်ဟေ့”
ကိုအောင်မြင့်အသံကြားမှ ကျော်တိုး သတိပြန်ဝင်လာခဲ့သည်။
“လာပြီ ကိုအောင်မြင့်ရေ…”
နှစ်ယောက်သား အထုပ်အပိုးတွေတင်ပြီး ကိုအောင်မြင့်taxiလေးနဲ့ပဲ ထွက်လာခဲ့လိုက်သည်။

ကားလေးက လမ်းမပေါ်မှာ တရိပ်ရိပ်နှင့် ပြေးနေသည်။ကျော်တိုးမှာလည်း ချစ်သူလေးနှင့် တွေ့ရတော့မှာ ဖြစ်သဖြင့် ရင်တွေခုန်နေသည်။

“ဟိုရှေ့မှာ ကွမ်းယာဆိုင်လေးပါလား ခဏဆင်းဝယ်ဦးမယ်ဟေ့ မင်းလည်းအညောင်းအညာပြေ လမ်းဆင်းလျှောက်ပေါ့”
“ဟုတ်ကဲ့ပါ ကိုအောင်မြင့်ရေ ရှေ့တစ်ရွာကျော်ရင် ကျွန်တော်တို့ရွာ ရောက်ပြီဗျ”
“ဟေ ဟုတ်လားကွ”

ကိုအောင်မြင့်က ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေသဖြင့် သူလည်းလမ်းဆင်းလျှောက်နေလိုက်သည်။ကိုအောင်မြင့်ကလည်း တော်တော်နှင့်မပြီး။

“ကျွီ….”
“ဝုန်း….အား….”
ကားဘရိတ်အုပ်သံနှင့်အတူ ထွက်ပေါ်လာသော အော်သံကြောင့် လူတွေ အလန့်တကြားလှည့်ကြည့်ကြသည်။
“ဟာ ကျော်တိုး”
“ကျော်တိုး ကျော်တိုး လုပ်ကြပါဦးဗျာ”

အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ကိုအောင်မြင့် ကွမ်းသွားဝယ်နေသဖြင့် ကျော်တိုးလမ်းဆင်းလျှောက်နေစဉ်မှာပင် အရှိန်နဲ့လာတဲ့ကားက ဝင်တိုက်မိခြင်းပင်။

“အင်း ဟင်း ဟင်း”
“ကျော်တိုး ညီလေး မင်းသတိထားဦးလေကွာ.ဘာမှမဖြစ်ဘူးနော်”
“အကို ကိုအောင်မြင့်…”
“ပြောလေ ကျော်တိုး ဘာပြောမလို့လဲ ငါ့ညီ”
“ကျွန်တော့်အိတ်ထဲမှာ ပိုက်ဆံတွေ…”
“တစ်ထုပ်ကို အကို…. အကိုယူလိုက် အား…
တစ်ထုပ်ကို မြရင်ဆီကို ရောက်အောင်ပို့ပေးပါ”
ကျော်တိုးတစ်ယောက် ပြောရင်းနဲ့ ငြိမ်သက်သွားတော့သည်။
“စိတ်ချသွားပါကွာ ရောက်အောင်ပို့ပေးပါ့မယ်”

××××××××××××××××××××××××××××××××××××××××××××××××××

“မြရင် မြရင် မောင်ပြန်လာပြီလေ”
“ဟင် မောင် မောင်တကယ်ပြန်လာပြီနော်”
“တကယ်ပေါ့ မြရင်ရယ်”
“ဟင် မောင် မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူးမြရင်ရယ် ကိုယ်တို့ခွဲရတာ အကြာကြီးပဲလေ တွေးမိသွားလို့ပါ”
“သြော် မောင်ရယ် အခုပြန်တွေ့နေပြီပဲလေ နောက်ဆိုမြရင်နဲ့မောင်နဲ့ မခွဲရတော့ဘူး”
“ဟုတ်ပါတယ် မြရင်ရယ်”
××××××××××××××××××××××××××××××××××××××××××××××××××
“ဟင် ငါအိမ်မက်မက်နေတာပါလား ငါ့စိတ်တွေ လေးနေတယ် မောင် ဘာမှမဖြစ်ပါစေနဲ့”

“အိမ်ရှင်တို့ ဒါ မြရင်တို့အိမ်လားမသိဘူးဗျ”
“ဟုတ်ပါတယ် မောင်ရင် ဘာကိစ္စရှိလဲမသိဘူး”
“ကျွန်တော် မြရင်နဲ့တွေ့ချင်လို့ပါ ကျော်တိုးနဲ့ပတ်သတ်ပြီး အသိပေးစရာရှိလို့ပါ”
“သြော် အေးအေး အိမ်ထဲဝင်ဦးကွဲ့”

မြရင်လည်း ကျော်တိုးကိစ္စဆို၍ နားထောင်နေမိသည်။ကိုအောင်မြင့်လည်း ကျော်တိုး သူနဲ့တွေ့သည်မှစ၍ မြရင်ကို ပိုက်ဆံပေးခိုင်းလိုက်သည်အထိ ပြော၍ ပိုက်ဆံထုပ်ကို အပ်လိုက်လေသည်။

“အာ့ဆို မောင်မရှိတော့ဘူးပေါ့ မဖြစ်နိုင်ဘူး မောင်မသေသေးဘူး ”
“သမီး စိတ်ထိန်းစမ်း”
“ဟုတ်တယ် မောင်မသေဘူးဖေဖေရဲ့ ဒီလူက လိမ်နေတာ”
“သမီးလေးအစား ဦးတောင်းပန်ပါတယ် မောင်ရင်”
“ရပါတယ်ဦးရယ် ရုတ်တရက်ဆိုတော့ သူလဲဘယ်လက်ခံနိုင်ပါ့မလဲ ကျွန်တော်နားလည်ပါတယ် ကျွန်တော့်ကို ခွင့်ပြုဦးခင်ဗျ”
“အင်းပါကွယ် ဂရုစိုက်သွားဦး မောင်ရင်”
“ဟုတ်ကဲ့ပါ ဦး”

××××××××××××××××××××××××××××××××××××××××××××××××××

“မြရင် မြရင်”
“ဟင် မောင် မောင်မသေပါဘူးနော်”
“မသေပါဘူးမြရင်ရယ် မြရင်နားမှာ မောင်အမြဲတမ်းရှိတယ် ”
“မြရင် မောင့်ကိုအရမ်းလွမ်းတာပဲ”
“မောင်လည်း မြရင်ကို လွမ်းတာပေါ့ မြရင်ကိုလည်း စိတ်မချဘူး လိမ်လိမ်မာမာနေနော်မြရင်”
“မြရင်ကို စိတ်ချပါမောင်ရယ်”
“မြရင် မောင့်ကိုတွေ့ချင်ရင် မြရင်တို့ခြံရှေ့က မန်ကျည်းပင်အောက်ကို ည ၁၂ နာရီလာခဲ့ပါ အခုတော့ မောင်သွားတော့မယ်နော်”
“မောင် ဘယ်သွားမှာလဲ ပြန်လာခဲ့ပါ မောင်….”
တဖြေးဖြေးနဲ့ သူမမြင်ကွင်းထဲက ပျောက်ကွယ်သွားလေသည်။

“ငါသွားရမလား မသွားရဘူးလား ဘာပဲဖြစ်ဖြစ် ထွက်ကြည့်လိုက်ပါမယ်လေ ခြံရှေ့မှာပဲကို”

ည ၁၂ နာရီတိတိမှာ မြရင် ထွက်လာခဲ့မိသည်။
“ဟင် မန်ကျည်းပင်အောက်မှာ လူတစ်ယောက်ပါလား ဟာ မောင်”
သူမ တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပါ။
“မောင်….”
သူမ ကျော်တိုးကို ပြေးဖက်လိုက်မိသည်။သို့သော် ကျော်တိုးကိုမထိ။
“ဟင်….”
သူမအံ့သြသွားသည်။
“မြရင် မောင်က လူမဟုတ်တော့ဘူး မြရင်ကို စိတ်မချလို့ မြရင်နဲ့မခွဲနိုင်လို့ မောင် အမျှဝေသံကြားတဲ့နေရာ မောင်မသွားဘူး”
“ဟင် မောင်က လူမဟုတ်တော့ဘူး ဟုတ်လားမောင်”
“ဟုတ်တယ်မြရင် မောင်ကသေပြီးသွားပြီ မောင်အခု တစ္ဆေဘဝရောက်နေတယ်”
“မောင်ရယ်….”
မြရင်…..။ သူမလည်း မောင့်ကို မကျွတ်လွတ်စေချင်ပေ။အဲ့ဒါမှ သူမအနားမှာ မောင်အမြဲတမ်းရှိမည်မလား။

ဲ ကျော်တိုးနဲ့မြရင်နဲ့ ညတိုင်းစကားတွေပြောဖြစ်ကြသည်။တစ်ည
“ဟင် မြရင်ဘယ်သွားမလို့လဲ မသိဘူး”
တစ်ရေးနိုးလာသော မြရင်အမေက ခြံထဲဆင်းသွားသော မြရင်ကိုတွေ့လိုက်ရသဖြင့် လိုက်ကြည့်မိလေသည်။
“ဟင်….တစ်ယောက်တည်း စကားပြောပြီး ရယ်နေပါလား”
မိုးလင်းခါနီးမှ မြရင်အိမ်ပေါ်သို့ပြန်တက်လာပြီး အိပ်လေသည်။

“မြရင် သမီး”
“ရှင် ဘာလဲအမေ ပြောလေ.”
ညကအကြောင်းကိုမေးတော့ မြရင် ဘာဖြေရမှန်းမသိ။မိဘတွေကို မညာဝံ့သဖြင့် အမှန်အတိုင်းပြောပြတော့ ထိတ်လန့်သွားကြသည်။

“မိုက်လိုက်တာ သမီးရယ် ကျော်တိုးအတွက် ကုသိုလ်လုပ်ပေးမယ် သာဓုခေါ်ဖို့ သမီးတိုက်တွန်းရမယ်”
“ဟင့်အင်း သာဓုခေါ်လိုက်ရင် မြရင်နဲ့မောင်နဲ့ ဝေးရတော့မှာပေါ့ ”
“မရူးစမ်းနဲ့သမီး သမီး ကျော်တိုးကို တကယ်ချစ်တယ်ဆိုရင် သူ့ဘဝ ဒီလိုဖြစ်နေတာ သမီးကြည့်ရက်လား သမီးကိုစွဲလန်းလို့ သူဒီဘဝ ရောက်နေတာ သူဘယ်လောက် ပင်ပန်းဆင်းရဲလိုက်မလဲ”
မြရင် ဘာမှမပြောနိုင်တော့။မိဘတွေပြောတာ မှန်နေလေသည်။

“မြရင် ဘာဖြစ်လို့လဲ မျက်နှာလဲ မကောင်းဘူး”
“မောင့်ကိုမြရင် ပြောစရာရှိလို့”
“ပြောလေမြရင်”
“မောင့်အတွက် မြရင်တို့ ကုသိုလ်လုပ်ပြီး အမျှဝေပေးမယ် မောင်သာဓုခေါ်ပြီး ကောင်းရာဘုံဘဝကို သွားပါတော့နော်”
“မသွားဘူးမြရင် မောင် မြရင်နဲ့မခွဲနိုင်ဘူး”
“မြရင်ကို ချစ်ရင် သာဓုခေါ်ပါမောင်ရယ် မောင့်ကို ဒီဘဝမှာ မြရင် မကြည့်ရက်ဘူး”
ကျော်တိုးဘာမှမပြောပဲ မြရင်ကိုပဲ စိုက်ကြည့်နေလသည်။သို့သော် သူ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့……။

“ကွယ်လွန်သွားပြီဖြစ်သော မောင်ကျော်တိုးနှင့်တကွ သုံးဆယ့်တစ်ဘုံသားများအား အမျှပေးဝေပါ၏ အမျှ….အမျှ….အမျှ….”

“သာဓု….သာဓု….သာဓု….”
သာဓုခေါ်သံကြားလိုက်၍ မြရင်နောက်လှည့်အကြည့်…..။မျက်ရည်များကြားမှ ပြုံးပြပြီး လက်ပြနှုတ်ဆက်နေသော ကျော်တိုး။

ပြီးပါပြီ။
#မွန်မွန်(ရွှေပြည်)