အတုံ့အလှည့်

အတုံ့အလှည့်(စ/ဆုံး)
——————-

လပြည့်ည၏အလင်းရောင်သည်…မိုးသားတိမ်များ ကင်းစင်နေ

သောကြောင့်” မြစိမ်းမယ်” အင်းကြီးတစ်ခုလုံး…ငွေရောင်

လွှမ်းကာ ပတ်ဝန်းကျင် တစ်ခုလုံးအား ရှင်းလင်းစွာ တွေ့မြင်

နေရလေသည် လေပြေအေးအေးက ရေပြင်ပေါ် ဖြတ်ပြေး

လျှက်……ခါတိုင်းလပြည့်ရက်တွေဆို နားနေကျဆိုပေမယ့်

ဇနီးဖြစ်သူ မခင်လှနဲ့ ကလေးနှစ်ယောက် မနက်စားဖို့ကမရှိ

ဒီညတော့ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့်

ကိုမြအေး တစ်ယောက် လှေလေးကို လှော်ခတ်ရင်း….

“မြစိမ်းမယ်” အင်းကြီးထဲသို့ ထွက်လာခဲ့တော့သည်…ဒီလို

လပြည့်ညတွေဆို အင်းကြီးရွာ တစ်ရွာလုံး မည်သူမျှ ငါးဖမ်း

လေ့မရှိကြပေ ….ကိုမြအေး လှော်ခတ်လာရင်း အတွေးထဲ

၌ ကြောက်လန့်နေမိ၏ ဒီလိုညတွေမှာ အင်းခေါ်သံကြားရ

တတ်တယ်လို့ လူကြီးများက ပြောကြသည်ကို သတိရသွား

ခြင်းကြောင့်ပင် ဖြစ်သည် လရောင်သန်းတဲ့ ရေပြင်ထက်မှာ

သူ၏ လှေငယ်လေး တစ်စီးသာ တစ်ရွေ့ရွေ့သွားနေလေ

လေတော့သည် အတန်ကြာသော် ငါးဖမ်းမည့်နေရာရောက်

ပြီဖြစ်၍ ကိုမြအေးတစ်ယောက် ငါးမျှားတံများကို အစာတပ်

ကာ ကမ်းနဖူးမှ တန်းစီကာ စိုက်သွားလိုက်သည် ငါးမျှားတံ

များ ကုန်အောင် စိုက်ပြီးနောက် ရေထဲသို့ ကျနေသော ငါးစာ

များရှိမရှိ သေချာတစ်ခေါက် ပြန်လှော်ခတ်စစ်ပြီး လှေလေး

အား နားနေကြဖြစ်သော ရေသဖန်းပင်ကြီးအောက် လှော်

ခတ်ပြီး အပင်မှာ လှေကိုကြိုးချည်ကာ အေးစိမ့်စိမ့် ရှိလှ

သည်မို့ စောင်ခြုံကာ ကွေးလေတော့သည် ရေပြင်မှာတော့

လှိုင်းကြက်ခွပ်လေးများ လှေနံဘေးကို လာ၍ ထိခတ်

သည်က တေးသွားတစ်ပုဒ်အလား ကိုမြအေးကို ချော့သိပ်

နေသလို ဖြစ်နေပါတော့သည်………..

ကိုမြအေးတစ်ယောက် မည်မျှပင် အိပ်ပျော်သွားသည် မသိ

ဟီး….ဟီး….ဟီး…နားထဲ၌ ညည်းသံသဲ့သဲ့ကို ကြားနေရပြီး

ထိုညည်းသံသည်….တစ်ဖြေ​းဖြေး ကျယ်လောင်လာသည်

တစ်ဖြေးဖြေးနီးကပ်လာသော အသံတွေကြားထဲမှာ အသံ

တစ်ခုက နားထဲမှာ ပို၍ပီပြင်လာနေသည်ကို ကိုမြအေး

တစ်ယောက် သတိထားမိလာသည်…ထိုအသံမှာ…..

“ကျွန်တော်ကို” မသတ်ပါနဲ့…..ကျွန်တော်ကို…ပြန်လွှတ်ပေး

ပါနော်…အကြိမ်ကြိမ်အခါခါ ပြောနေသော အသံများကြား၌

ဝုန်း ဆိုသော…ရေသံကို ကြားမှ လန့်နိုးလေ၏ …စောင်ခြုံထဲ

မှထွက်ပြီး ခေါင်းထောင်ကြည့်လိုက်သည် ခပ်လှမ်းလှမ်းမှ

လှိုင်းဂယက်ထသွားတာကို လရောင် ရေးရေး အောက်မှာ

လှမ်းမြင်နေရသည် အင်း….ငါထောင်ထားတဲ့ ငါကိုင်းတံမှာ

ငါးကြီးကြီး မိနေပြီထင်တယ်….ကိုမြအေးတစ်ယောက်

လုပ်ငန်းအတွေ့အကြုံနဲ့ လုပ်သက်အရ ခန့်မှန်းလိုက်ခြင်း

မှာ မလွဲနိုင်ပေ…သဖန်းပင်မှ လှေကြိုးလေး အမြန်ဖြုတ်ခါ

အိမ်မှပါလာသော ရေနံဆီ မီးအိမ်လေးအား ထွန်းညှိပြီး

အသံကြားရာဘက်သို့ တစ်ဖြေးဖြေးချင်း လှော်ခတ်သွား

လိုက်လေသည်…ဟော့…ဟိုမှာလှမ်းတွေ့နေရာပါပြီ

ကိုမြအေးစိုက်ထားခဲ့သော ငါးကိုင်းတံမှာ ယိမ်းထိုးလျှက်

ဒီအတိုင်းဆို မိထားသောငါးမှာ အကောင်းကြီးကြီးပင် ဖြစ်

ပေလိမ့်မည် အနားသို့ အသာအယာ တိုးကပ်သွားပြီးနောက်

ကိုင်းတံအား…ဆွဲမ ကြည့်သော အခါ…..ဟာ….ကိုမြအေး

ထိတ်လန့်သွားခြင်းပင်ဖြစ်သည်….အဖြူရောင်ငါးကြီးဗျ

သူ၏တံငါလုပ်သက် တစ်လျှောက် ဤသို့သော ထူးဆန်း

သည့် ငါးမျိုး မမြင်ဘူးခဲ့ချေ…ဒါနဲ့…ကိုမြအေးလဲ ငါးကြီးကို

လှေထဲသို ဆွဲတင်ကာ ကျန်ကိုင်းများကို လိုက်သိမ်းရတော့

သည် ဒီညအဖို့ ကိုမြအေး တစ်ယောက် ငါးများ

အတော်အတန် ရလိုက်ပြီ ဖြစ်သောကြောင့် ကျေနပ်ကာ

အိမ်သို့ ပြန်၍ လှော်ခတ်လာခဲ့ပါတော့သည်……..

ကိုမြအေး ရရှိသော ငါးကြီးမှာ ပါးစပ်မှ ဟစိဟစိ ဖြစ်နေ

ပြီး မသေသေး၍ သူဤ မိန်းမ မခင်လှ က ဤငါးကြီးအား

အင်းထဲသို့ ပြန်လွှတ်ခိုင်းနေသည်မှာ အိမ်သို့ရောက်ထဲကပါ

“ကိုမြအေး” တော် ဒီငါးကြီးကို….အင်းထဲသွားပြန်လွှတ်

ပေးလိုက်ပါလား..တော်….ကျုပ်တို့….ငါးတွေလဲ မနည်း

ရထားပြီးပဲဟာ….ကိုမြအေးကတော့ ….ခေါင်းမာနေစဲပါပဲ

ဟ….ဒီမိန်းမကတော့ကွာ….ငါနဲ့ထိုက်လို့…ငါရတာလေ

မလွှတ်ပေးနိုင်ပါဘူး…နင်ပဲ သူတော် ကောင်းကြီးလုပ်နေ

လင်ဖြစ်သူ ကိုမြအေးအကြောင်းသိသော မခင်လှမှာ မပြော

သာတော့၍ စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပါချေ

ထို့နေ့ည မသေသေးသော ထိုငါးကြီးအား ကိုမြအေး နဲ့သူ၏

အပေါင်းအသင်းတစ်စု ရက်ရက်စက်စက်သတ်ခါ ချက်ပြုတ်

ပြီး အရက်ဖြင့် မြည်းကြလေတော့သည် မခင်လှနဲ့ ကလေး

နှစ်ယောက်အတွက် စားရန် ထိုငါးကြီးမှ အသားတစ်ချို့ကို

ထည့်ပေးလိုက်သော်လဲ မခင်လှက မစားရဲ၍ သူတို့ဆီ ပြန်

ထည့်ပေးလိုက် လေတော့သည်…….

“မခင်လှ”….”မခင်လှ”….နားထဲခေါ်သံကြားနေရ၍ …

မခင်လှတစ်ယောက် ထကြည့်လိုက်သောအခါ….လူလတ်ပိုင်း

အမျိုးသားတစ်ယောက် အိမ်ရှေ့မှာ သွေးတွေအလိမ်းလိမ်း

နှင့် မတ်တပ်ရပ်နေပြီး သူ၏မျက်နှာမှာ မာကြောခက်ထန်

နေပြီး မျက်လုံးများမှာ မီးပွင့်လုမတတ်..အံကိုတင်းတင်း

ကြိတ်ကာ မေးကြောများ ထောင်ထလျှက် ​…ဟဲ့..မခင်လှ…

ရှင်….မခင်လှ မှာ ကြောက်ကြောက်နှင့် ထူးမိရက်သားဖြစ်

အေး…နင့်ကိုတော့…ငါသနားလို့…ငါ့အသားကို..မစားလို့

အသက်ချမ်းသာပေးလိုက်မယ်….နင့်ယောက်ျား..မြအေး…

နဲ့ ငါ့အသားကို..မြိန်ယှက်စွာ…စားခဲ့တဲ့လူတွေကိုတော့

ငါ…ချမ်းသာပေးမှာ မဟုတ်ဘူး….ငါသေသလို…ဒင်းတို့လဲ

သေစေရမယ်…..မခင်လှတစ်ယောက် ထိတ်လန့်တုန့်လှုပ်ခါ

…ကျွန်မ ယောက်ျားကို မသတ်ပါနဲ့ရှင်…ကျွန်မမှာ ကလေး

တွေလဲရှိပါတယ်…ကျွန်မဒုက္ခရောက်မှာ… မသတ်ပါနဲ့နော်

မခင်လှစကားကြောင့် ထိုလူမှာ…ဟားတိုက်ပြီး ရယ်မောကာ

…အေး..နင့်လိုပဲ…ငါနင့်ယောက်ျားကို…တောင်းပန်ခဲ့တာပဲ

ငါ့ကို… မသတ်ဖို့….ပြန်လွှတ်ပေးဖို့….ပြောခဲ့တာပဲလေ…

ဒါကို…..မိုက်လုံးကြီးတဲ့…နင့်ယောက်ျားက…ငါ့ကိုသတ်ပြီး

ငါ့အသားကို…စားကြတယ်…မရဘူး…သေကိုသေရမယ်…

ဟား…..ဟား….ဟား…..သေကိုသေရမယ်….မလုပ်ပါနဲ့ရှင်

…မသတ်ပါနဲ့…မသတ်ပါနဲ့…..ဟဲ့…မခင်လှ…နင်ဘာထဖြစ်

တာတုန်း…လင်ဖြစ်သူ…ကိုမြအေး…..မေးတော့မှ…မိမိမှာ

အိမ်မက် မက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရပါတော့သည်

မနက်ခင်းဤ ကျက်သရေဆောင် ရွာဦးကျောင်းက

အုန်းမောင်းခေါက်သံ ကြားရပြီဖြစ်၍ ရွာထဲမှ တစ်ချို့

အိမ်များမှာ ဆွမ်းချက်သူကချက်….အလုပ်သွားဖို့ပြင်သူက

ပြင်၍…လှုပ်ရှားသက်ဝင်လာတော့သည်….

“ကိုမြအေး” တော်ဒီနေ့အလုပ်မသွားပါနဲ့လား…ကိုင်းတံများ

ကို ကြိုးဖြင့်စည်းကာ…ပိုက်ကွန်တစ်ချို့..အိတ်ထဲသို့ ထည့်

နေသော လင်ဖြစ်သူ ကိုမြအေးအား ညကအိမ်မက်ကြောင့်

မခင်လှတစ်ယောက် စိတ်မချနိုင်၍ အတန်အတန်တားနေ

ပါသော်လဲ လင်ဖြစ်သူ ကိုမြအေးကတော့ ဟဲ့…မခင်လှ…

ဒါ..ငါနေ့တိုင်းလုပ်နေကြအလုပ်…နင်သွေးလေခြောက်ခြား

ပြီး မက်တဲ့ အိမ်မက်ကြောင့်….ငါ့အလုပ်တော့ အပျက်မခံ

နိုင်ဘူးဟ….မခင်လှမှာ..ဘယ်လိုမှ….တားမရတော့ပါ

ကိုမြအေးရယ်..တော်ဆိုသည်မှာလဲ ခေါင်းမာတယ်…ကျုပ်

ပြောတာကို….. နားထောင်ပါဦးလား…..ကိုမြအေးလဲ စိတ်မ

ရှည်ဟန်ဖြင့်….ဟာ..ဒီမိန်းမ…အလုပ်သွားခါနီးကွာ…နင်​

ပြောတာတွေသာ…နားထောင်နေရင်….ထမင်းငတ်ဖို့ပဲ..ရှိ

တော့မယ်….ကဲ….ငါသွားပြီ…ထမင်းချိုင့်လဲ…ယူမနေတော့

ဘူဟေ့…ငါ့ဘာသာ…စိန်မောင်တို့ဆီကပဲ….မျှစားတော့မယ်

ပြောပြောဆိုဆိုဖြင့် ထွက်သွားသော လင်ယောက်ျားဖြစ်သူ

ကိုမြအေး၏ ​ကြောပြင်အား ငေးကြည့်လျှက် မခင်လှ

တစ်ယောက် ဘာမှမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိပါ

တော့သည်…..

ညမိုးချုပ်နေပြီဖြစ်သည် ကိုမြအေးတစ်ယောက် ပြန်

မလာသေး၍ မခင်လှ အပူမီးတောက်နေရပြီ ဖြစ်၏ ကမ်းနား

သို့ မကြာခဏ ဆင်းကြည့်ပါသော်လည်း သူတို့အုပ်စုမှာ

ပျောက်ခြင်းမလှ ပျောက်နေခဲ့ကြသည် မခင်လှလဲ ကလေး

နှစ်ယောက် အိမ်မှာ ထားခဲ့ရခြင်းကြောင့် အိမ်သို့ တစ်ခေါက်

ပြန်ရန်ခြေလှမ်းပြင်လိုက်တော့ ကမ်းနားမှငိုသံများရကြား

လေပြီ…..အမလေး…ကိုစိန်မောင်ရယ်….ဘယ်လိုဖြစ်ရတာ

လဲတော်….ဟာ….ဒါကိုစိန်မောင်ရဲ့မိန်းမ မရွှေမြိုင်ရဲ့ အသံပဲ

ဒါဆို…ကိုမြအေးရော….မခင်လှတစ်ယောက်…ကမ်းနားသို့

ပြေးဆင်းကာ….လှေပေါ်မှာရွာကလူတစ်ချို့ မျက်နှာတွေ

မကောင်းကြ…မရွှေမြိုင်…ကျုပ်ယောက်ျား…ကိုမြအေးရော

မျက်ရည်များ…ပိုးပိုးပေါက်ပေါက်ကျလာရင်း…မခင်လှ..

အမေးကြောင့် လှေထဲမှ…လူတစ်ယောက်က…သူတို့ အုပ်စု

တစ်စုလုံး…သေပြီဟ…ငါတို့…အင်းထဲမှာ….သူတို့ရဲ့…

လှေ…အကျိုးအပျက်တွေ….အပိုင်းအစတွေပဲ…တွေ့ရတော့

တော့တာ…မခင်လှရေ….အမလေး…ဖြစ်မှဖြစ်ရလေ…

ကိုမြအေးရယ်….တော့်ကိုအတန်တန်…တားနေပါလျှက်နဲ့

တော်….ကျွန်မစကားကို…နားမထောင်တာ…အခုတော့

ဒုက္ခဖြစ်ပြီ..မဟုတ်လား…..မှောင်ပြီဖြစ်၍ ကမ်းနားမှ

မခင်လှနှင့်အတူ မိန်းမတစ်ချို့၏ ငိုသံသဲ့သဲ့သည်

“မြစိမ်းမယ်”အင်းကြီးထဲသို့ ပြန့်လွင့်နေပါတော့သည်……..

လူတို့သည် လောဘ၏ သားကောင်ဖြစ်လင့်ကစား မလုပ်
သင့် မလုပ်အပ်သော အရာကိုများကိုပင် မရှောင်းရှားကြ
ကံ ကံ၏ အကျိုးကို မယုံကြည်ခြင်းကြောင့် “ကြမ္မာရဟက်
တစ်ပတ်လည်ခဲ့သော” ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအား
ပြန်လည်ခံစားရေးသားလိုက်ပါတော့သည်

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါ
စေ…….🙏🙏🙏

#လေလွင့်လူ(တွံတေး)2.8.2021