အထုံရေစက်(စ/ဆုံး)
—————–
`နားကြပ်ကြိုးလည်ပင်းမှာပါတ်မထားနဲ့လေကွာ´
`ဘာလဲကွာလာစားနေပြန်ပီ´
`လည်ပင်းမှာဘာကြိုးမှမတင်ရဘူးကွ´
`ဘယ်သူပြောလဲ´
`ငါ့အဖွားပြောတာငါငယ်ငယ်တုန်းက´
`ဘာ ဟားဟားဟား´
ဝင်းနောင်အားရပါးရရယ်မောနေသည်ကိုကျွန်တော်စိတ်ပျက်လက်ပျက်ကြည့်နေမိပါသည်။
`ကဲပြောပြစမ်းပါဦးကွမင်းရဲ့အိပ်ယာဝင်ပုံပြင် ငါမယုံကြည်ပေမဲ့စိတ်တော့ဝင်စားတယ်´
`ငါငယ်ငယ်တုန်းကကြိုးတွေနဲ့ဆပ်ကပ်ထဲကလိုကစားလို့သေမလိုဖြစ်ခဲ့ဖူးတယ်´
ကျွန်တော်ငယ်ငယ်ကကြိုးအရှည်တစ်ချောင်းနှင့်ကစားရင်းလည်ပင်းနှင့်လက်တွင်ကြိုးများပါတ်မိကာရုန်းလေအသက်ရှုကြပ်လေဖြစ်ကာရုန်းမရတော့ပါ။
ကြောက်လန့်၍အော်ငိုပါတော့သည်။
`အား မေမေရေလုပ်ပါဦး အဖွားရေ အီးဟီးဟီး´
`ဟဲ့ မြေးလေးဘာဖြစ်တာလဲ´
`သားရေမေမေလာပြီ ဘာလဲဘာဖြစ်တာလဲ´
`အမလေးအမေရေသားလေးကိုကယ်ပါဦး´
အမေနှင့်အဖွားအပြေးရောက်လာ၍သာတော်တော့သည်။
အဖွားကကြိုးစကိုကတ်ကြေးဖြင့်ညှပ်ကာပါးစပ်မှလည်းတတွတ်တွတ်ရွတ်ဆိုနေလေသည်။
`ကံကြီးပေလို့ပေါ့မြေးလေးရယ်အထုံရေစက်ပါတဲ့သူဆိုမတွေးရဲစရာ´
ထိုစဉ်ကအဖွားပြောသောအထုံရေစက်ဆိုသည်ကားအဖွား၏သူငယ်ချင်းမခင်လေးအကြောင်းဖြစ်ပါသည်။
မိမိကိုယ်ကိုကြိုးဆွဲချသတ်သေပါကအဖန်ငါးရာငါးကမ္ဘာပါတ်လုံးသတ်သေသည့်အချိန်တွင်သတ်သေသည့်ပုံစံအတိုင်းသေချင်ချင်မသေချင်ချင်ပြန်လည်သေဆုံးရခြင်းဖြစ်ပါသည်။
အေးမူနှင့်ခင်လေးအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါယက်ကန်းရုံတစ်ခုတည်းမှာအလုပ်လုပ်ကြသည်။
အလုပ်သွားအလုပ်ပြန်အတူတွဲ
ထမင်းစားလဲအတူတူ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းသိအဆင်းသိမို့ပြောမနာဆိုမနာ
`ခင်လေးနင့်လူညကလာလား´
`လာတာပေါ့´
`အဆင်ပြေလားဟီဟိ´
`ကောင်မနော်ဘာကိုပြောမှန်းမသိဘူး´
`အဟင်းဟင်းဟင်း´
စကားပြောရင်းယက်ကန်းခတ်ရင်းနေ့လည်စာစားချိန်ရောက်၍ထမင်းစာပြီးထုံးစံအတိုင်းယက်ကန်းစင်ပေါ်မေးတင်ရင်းခနမှေးကြသည်။
`အင့် အင်´
ငြီးငြူသံလိုလိုကြားမိသဖြင့်ခေါင်းထောင်ကြည့်တော့တစ်ဖက်ယက်ကန်းစင်မှခင်လေးအသံပင်
`ခင်လေးဘာဖြစ်နေတာလဲခင်လေးခင်လေး´
အံ့သြလွန်း၍အသံထွက်ရမှာပင်မေ့လျော့ခဲ့သည်။
ယက်ကန်းစင်တွင်အသုံးပြုသောလွန်းအိမ်အတွင်းမှယက်ဖေါက်ကအပြင်ထွက်ကာယက်ဖေါက်တွင်ရစ်ပါတ်ထားသောအပ်ချည်ကြိုးမျှင်လေးများကသူ့အလိုလိုကြွတက်ခါခင်လေး၏လည်ပင်းအားရစ်ပါတ်နေကြသည်။
ခင်လေးမှာလည်းအသာလေးရုန်းထွက်နိုင်ရဲ့သားနှင့်တစ်ခုခုမှချုပ်နှောင်ထားသလိုမလှုပ်ရှားနိုင်
ကြောင်ပြီးကြည့်နေသောအေးမူသတိဝင်ကာအော်ဟစ်အကူအညီတောင်းသောအခါတွင်ခင်လေးအသက်မရှိတော့နားလည်သောလူကြီးတစ်ယောက်မှအထုံရေစက်ပြတ်ပါစေဆုတောင်းကာဖြတ်ရသည်။
အပ်ချည်ကြိုးမှသွေးများထွက်လာသည်မှာမယုံန်ိုင်စရာပင်။
ကျွန်တော်စကားများကိုဝင်းနောင်စိတ်ဝင်တစားနားထောင်နေသည့်အတွက်ဆင်ခြင်လိမ့်မည်ထင်ခဲ့သည်ကကျွန်တော်အမှားပင်။
ဝင်းနောင်ကားသူ့စရိုက်အတိုင်းနေမြဲ လည်ပင်းတွင်နားကြပ်ကြိုးရစ်ပါတ်နားထောင်မြဲ။
ကျွန်တော်လည်းအတိုက်အခံမလုပ်ချင်တော့၍မပြောပဲနေလိုက်တော့သည်။
ထိုနေ့ကထုံးစံအတိုင်းsamsungနားကြပ်တစ်ဖက်တိုတစ်ဖက်ရှည်ကိုဂုတ်ပေါ်တင်ကာလည်ပင်းကိုသိုင်းလျှက်ဖုန်းကိုဘောင်းဘီအိပ်ကပ်အတွင်းထည့်ကာဝင်းနောင်စက်ဘီးစီးလာနေသည်။
သူအဖြေတောင်းထားသောမိန်းကလေးထံမှအဖြေရ၍ကျွန်တော့်ကိုလက်ဖက်ရည်တိုက်ရန်ချိန်းထားခြင်းဖြစ်ပါသည်။
ချိန်းထားသောလက်ဖက်ရည်ဆိုင်နားမရောက်ခင်လမ်းချိုးလေးနားအရောက်တစ်ဖက်မှလာသောကားကဖြတ်ပြေးသောခွေးကိုရှောင်ပြီးသူ့စက်ဘီးဘက်ကိုရုတ်တရက်ခေါင်းတည်လိုက်ပြီးဘရိတ်အုပ်လိုက်သည်။
`ကျွှီး – – – -ကျွီ – – ကျွိ -´
` ဟာ – -အား———´
`ဝုန်း´
ကားကဘရိတ်ကိုအချိန်မှီအုပ်လိုက်နိုင်သော်လည်းဝင်းနောင်ကားလန့်၍လမ်းဘေးကွေ့ချလိုက်ရာဘီးချော်၍စက်ဘီးမှောက်သည်
စက်ဘီးကလမ်းဘေးမြောင်းထဲထိုးကျသော်လည်းလူကလမ်းပေါ်ကျန်ခဲ့သည်
ကားနှင့်လည်းမတိုက်မိ မြောင်းထဲသို့လည်းမကျသောဝင်းနောင်သည်လူအများတွေးထင်ထားသလိုပွန်းပဲ့ဒဏ်ရာလောက်သာရရှိပြီးကုန်းရုန်းထလာမည်ဟုကျွန်တော်တွေးကာအသာပင်ကြည့်နေလိုက်သည်။
သူထမလာပါ တုတ်တုတ်မှမလှုပ်သောဝင်းနောင်ထံသို့လူအများအပြေးသွားကြသည်။
`ဝင်းနောင် – – -´
ကျယ်လောင်စွာအော်ဟစ်ပြေးသွားရင်းသူ့အနားရောက်ကာကြည့်မိတော့သူ၏နားကြပ်ကြိုးကစက်ဘီးလက်ကိုင်တွင်ငြိပါသွားပြီးစက်ဘီးမှာမြောင်ထဲသို့မကျပဲတွဲလောင်းဖြစ်နေသည်။
စက်ဘီးအလေးချိန်နှင့်ရစ်ပါတ်လိုက်သလိုဖြစ်ပြီးသူ၏လည်ပင်းကြိုးနှင့်ဆွဲညှစ်သလိုဖြစ်ကာအသက်မဲ့နေရှာပြီ။
မျက်ရည်များစီးကျရင်းတွေ့လိုက်ရသည်ကနားကြပ်ကြိုးစတစ်ခုပြတ်နေပြီးနားကြပ်ကြိုးပြတ်မှစီးကျနေသောသွေးများပင်။
သွေးကြောပြတ်သွားသည်လားအဖွားပြောသောအထုံရေစက်ပေပဲလား ကျွန်တော်မသိတော့။
swe hnin
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။