အနတ္တ နှင့် ဒေါ်မယ်သုန်

အနတ္တ နှင့် ဒေါ်မယ်သုန်
(စာစဉ်-၃)
(၁)
အနတ္တတစ်ယောက် ဘိုးလောကကြီး ကျောင်းသိုရောက်လာနိုးဖြင့်မျှော်နေရင်း မိုးပင်ချုပ်လုပြီဖြစ်သည် ဒီအချိန်မှမလာရင်တော့ လာမှာမဟုတ်တော့ဘူးဆိုတာ သိလိုက်ပြီး ဘိုးလောကကြီးရှိနိုင်သည့် ကျွန်းကုန်းကိုသွားသည့်လမ်းဘေး၌ရှိသော ဇရပ်အိုကြီးဆီသို့ ထွက်လာခဲ့လိုက်သည်။သူလည်း ဒေါ်မယ်သုန်ကြီး စုန်းခေါင်းပြတ်ဟုတ်မဟုတ်ဆိုတာ သိချင်စိတ်စောနေ၍သာ ဤကဲ့သို့ နေဝင်မိုးချုပ်အချိန်ကြီး တစ်ယောက်တည်းထွက်လာခဲ့ရချင်းဖြစ်ပြီး စိတ်ကတော့ မလုံမလဲးဖြစ်နေမိသည်။
ညတုန်းက သူတွေ့ခဲရသည့် စုန်းခေါင်းပြတ်ကြီးများ သူ့နောက်လိုက်လာဦးမလားဆိုတာ တွေးပြီလည်း စိုးရိမ်ကြောက်လန့်နေမိသည်။ထိုသို့ဖြစ် သူလည်းဇရပ်အိုကြီးဆိုသို့လာနေရင်း ညတုန်းက သူတို့နောက်သို့ စုန်းခေါင်းပြတ်ကြီးလိုက်လာသည့် ဘုရားသုံးဆူနားသို့ရောက်လာခဲ့သည် ထိုနေရာသည် စုန်း‌ေခါင်းပြတ်ကြီးသာမဟုတ်ပဲ တခြားသော မကောင်းစိုးဝါးနာနာဘာဝများရှိသော နေရာဟုလည်း ရွာထဲမှာ ပြောဆိုနေကြပြီး ထိုနေရာကိုရောက်သည်နှင့် အနတ္တတစ်ယောက် ကျက်သီးများပင်ထလာသည်။သို့သော် သူလည်းစိတ်ကိုတင်းပြီး ဇရပ်အိုကြီးရှိရာကိုသာ ခပ်သွက်သွက်လျှောက်လာခဲ့သည်။
ဒီလိုနဲ့ သူဇရပ်အိုကြီးဆီကိုရောက်တော့ အခန့်သင့်ပင်ဘိုးလောကကြီးကို တွေ့လိုက်ရပြီး
“လာကောင်လေး မင်းကိုငါစောင့်နေတာကွ”
သူလည်း ရုတ်တရက် အံ့ဩသွားပြီး
“ဟုတ်လားဗျာ့ ဘိုလောကကြီးက ကျွန်တော်လာမှာကို ကြိုသိနေတာလား”
သူထိုသို့မေးလိုက်တော့ ဘိုးလောကကြီးက
“သိတယ်လို့လဲ မဟုတ်ပါဘူးကွာ ဒီလိုပဲခန့်မှန်းမိတာပေါ့”
“ဟုတ်လားဗျာ့ ဘယ်လိုများ ခန့်မှန်းမိတာတုန်း”
“ဒီလိုပဲပေ့ါကွာ မင်းကရွာထဲလှည့်ပြီး ဆွမ်းခံလိုက်နေတဲ့ ကောင်ဆိုတော့ ရွာထဲမှာ တစ်ယောက်ယောက်ကို မြင်ခဲ့ပြီး ငါ့ကိုလာမေးလိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရတာပေါ့”
“ဒီလိုလားဗျာ့ ကျွန်တော်ကတော့ ဘိုးလောကကြီး အကြားအမြင်ရနေပြီထင်တာ”
သူလည်း ဘိုးလောကကြီးနှင့်တွေ့နေပြီမို့ စိတ်သက်သာရာရသွားပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ထိုအခါ ဘိုးလောကကြီးက သူ့ကိုပြုံးကြည်နေပြီး
“အကြားအမြင် ရစရာမလိုပါဘူးကွာ ခန့်မှန်းတတ်ရင်ရပါတယ် လာထိုင်ကွာ စကားလေးဘာလေးပြောကြတာပေါ့”
ဘိုးလောကကြီး ထိုသို့ပြောလိုက်မှ သူလည်းမတ်တပ်ရပ်နေရာမှ ထိုင်လိုက်ပြီး
“ဟုတ်တယ် ဘိုးလောကကြီးရ ကျွန်တော် မနက်က ရွာထဲဆွမ်းခံလိုက်ရင်း ဒေါ်မယ်သုန်ကြီးကို တွေ့ခဲ့တယ်ဗျာ့ သူ့ကိုကြည့်ရတာလဲ တမျိုးကြီးပဲ နောက်ပြီး ကျွန်တော့်ကိုကြည့်‌ေနတာလည်း သိပ်မရိုးသားဘူးလို့ထင်တယ် အဲ့ဒါ ကျွန်တော့်စိတ်အထင် စုန်းခေါင်းပြတ်ကြီးများ ဖြစ်နေမလားလို့ လာမေးကြည့်တာ”
သူထိုသို့ ပြောလိုက်တော့ ဘိုးလောကကြီးက
“ဟုတ်လားကွ သူစုန်းခေါင်းပြတ်ကြီး ဖြစ်နေတော့ရော မင်းဘာလုပ်မှာတုန်း”
ဘိုးလောကကြီးလည်း သူ့ကို သွေးတိုးစမ်းသည့်သဘောဖြင့် မေးလိုက်တော့ သူက
“ဘာလုပ်ရမှာတုန်းဗျာ့ သူနဲ့ဝေးဝေးရှောင်နေရမှာပေါ့”
“အေးပေါ့ကွာ မင်းကရှောင်‌နေပေမဲ့ သူကတော့ရှောင်မှာမဟုတ်ဘူးကွ မင်းဆီးကို လိုက်လာဦးမှာပဲ”
“ဗျာ ဒါဆို ကျွန်တော် တွေ့ခဲ့တဲ့ဒေါ်မယ်သုန်ကြီးက စုန်းခေါင်းပြတ်ကြီးပေါ့ ဟုတ်လား”
“ဟုတ်တယ်ကွ မယ်သုန်က ခေါင်းပြတ်စုန်း တစ်ကောင်ပဲ ဒါပေမဲ့ သူ့ကို ဘယ်သူမှခေါင်းပြတ်စုန်းမှန်းမသိကြဘူး သူကလည်း သိုသိုသိပ်သိပ်နေတာကိုကွ ဒါပေမဲ့ မင်းကငါနဲ့လိုက်ခဲ့ပြီး သူကိုမြင်သွားတော့ သူအကြောင်းတွေကို ရွာထဲလိုက်ပြောမှာ စိုးရိမ်‌ေနတယ်ထင်ပါတယ်ကွာ အဲ့ဒါကြောင့် မင်းကိုသူ သေချာလိုက်ကြည့်နေတာပေါ့”
“ဟုတ်လားဗျာ့ ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမတုန်း နောက်ပြီးသူကရော ကျွန်တော့်ကိုဘာလုပ်နိုင်တုန်းဗျာ့”
“သူကတော့ မင်းကို သူအကြောင်းတွေ ရွာထဲလျှောက်မပြောနိုင်အောင် လုပ်မှာပဲကွ”
“ဗျာ ဒါဆိုကျွန်တော့်ကို သတ်ပြစ်မှာလား”
“သတ်တော့မသတ်ပါဘူးကွာ စွန့်အနားမကြားဖြစ်အောင် လုပ်မှာပေါ့”
“ဗျာ”
ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ သူလည်း ဗျာတစ်ခွန်းသာ ပုန်ပြောနိုင်ပြီး ငေးငေးငိုင်ငိုင်ကြီးဖြစ်သွားသည်။သူထိုသို့ ဖြစ်သွားတာကိုမြင်တော့ ဘိုးလောကကြီးက
“ဒီလောက်လည်း မစိုးရိမ်ပါနဲ့ကွာ ငါတစ်ယောက်လုံး ရှိပါသေးတယ် သူမင်းကို အဲ့ဒီလိုမလုပ်အောင် ပြေားပေးမှာပါ့”
ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ အနတ္တက
“ရပါ့မလားဗျာ့ အရင်တစ်ခါ ဘိုးလောကကြီး သူ့ခေါင်းကို မြေပေါ်ကြအောင် ပစ်ချထားတာတောင် သူကသိပ်ကြောက်တာမဟုတ်ဘူး ပါးစပ်ကပြောရုံနဲ့တော့ နားထောင်မယ်မထင်ဘူး”
အနတ္တလည်း သူ့အမြင်ကိုပြောလိုက်‌တော့ ဘိုးလောကကြီးက
“ပါးစပ်ကပြောလို့မရတော့လည်း လက်ကလုပ်ရတာပေါ့ကွာ”
ဘိုးလောကကြီး ထိုသို့ပြောလိုက်ပြီး မရှေးမနှောင့်းမှာ
“ဘယ်သူတုန်း ငါ့ကိုလက်လုပ်ကလုပ်မှာ အဲ့ဒီ့အကောင် အပြင်ထွက်ခဲ့စမ်း”
ဇရပ်ခေါင်မိုးအထက်မှနေပြီး ထိုသို့ ပြောလိုက်သံကိုကြားတော့ ဘိုးလောကကြီးက
“ကဲကောင်လေး မယ်သုန်တော့ ရောက်လာပြီကွ ဒို့အပြင်ထွက်တွေ့ကြတာပေါ့”
ဘိုးလောကကြီးလည်း ထိုသို့ပြောပြီး ဇရပ်ပါ်မှ ဆင်းသွားသည်။
သူလည်း ဘိုးလောကကြီးနောက်မှလိုက်ခဲ့ပြီး သူတို့နှစ်ယောက် ဇရပ်အောက်သို့ရောက်ခဲ့တော့သည်။
(၂)
ထိုအခါ ဘိုးလောကကြီးက သူ့ကိုကြည့်ပြီး
“ကောင်လေး ငါ့နောက်မှာပဲနေကြာလား ဘာဖြစ်ဖြစ် ထွက်မပြေးနဲ့ ထွက်ပြေးရင်တော့ ငါလည်း မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ သူလည်း အသာခေါင်းညိတ်ပြကာ ဘိုးလောကကြီးနောက်မှာရပ်နေလိုက်သည်။ထိုအခါ ဘိုးလောကကြီက ဇရပ်ခေါင်မိုးပေါ်ကိုကြည့်ပြီး
“ဟဲ့ မယ်သုန် နင်က ဒီကောင်လေးဆီမှာ ဘာအပြစ်ရှိလို့ လိုက်နှောက်ယှက်ချင်နေရတာတုန်း”
“ဘာအပြစ်ရှိရမှာတုန်း ငါဘယ်သူလဲဆိုတာ သိသွားတာကိုက အပြစ်ပေါ့ အဲ့ဒါကြောင့် ဒီကောင်လေးကို ငါ့အကြောင်းတွေ ရွာထဲလျှောက်မပြောနိုင်အောင်လုပ်ရလိမ့်မယ်”
“နင် မဆိုင်တာတွေ လျှောက်မလုပ်စမ်းနဲ့မယ်သုန် ဒီကောင်လေးက နင့်‌အကြောင်းတွေကို ရွာထဲလျှောက်ပြောမှာ မဟုတ်ဘူး နင်ဘယ်သူလဲ ဆိုတာတောင်ငါပြောမှာသိရတာ အဲ့ဒါကြောင့် နင် ကို့ဟာကိုပဲ အေးအေးဆေးဆေးနေ နင့်အကြောင်းကိုလည်း ရွာထဲမှာ ဘယ်သူမှမသိစေရဘူး”
ဘိုးလောကကြီး ထိုသို့ ပြောလိုက်ပေမဲ့ ဒေါ်မယ်သုန်ကတော့ လက်မခံပဲ
“နင်တို့ပြောတိုင်း ငါကယုံရမှာလား ငါလုပ်စရာရှိတာကိုပဲ ဆက်လုပ်ရလိမ့်မယ် ဒီမယ်လောက ကိုနဲ့မဆိုင်ရင် အသာနေစမ်း ငါ့အလုပ်ကို ဝင်မရှုပ်နဲ့”
“ဘာလို့မဆိုင်ရမှာတုန်းဟ ဒီကောင်လေးက ငါခေါ်လာလို့ နင့်ကိုတွေ့ရတာ အဲ့ဒီအတွက် ဒီကောင်လေးကို ငါကာကွယ်ပေးရလိမ့်မယ်”
“ကဲ ဒါဆိုလည်း နင်ဘယ်‌လောက်ကာကွယ်ပေးနိုင်မှာတုန်း စောင့်ကြည့်ရသေးတာပေါ့”
စုန်းခေါင်းပြတ်ကြီး ဒေါ်မယ်သုန်လည်း ပြောပြောဆိုဆို သူ့ရဲ့ပါးစပ်ကို ဟလိုက်သည် ထိုအခါ သူ့ပါးစပ်ထဲ၌ မီးတောက်ကလေးတစ်ခုကို တွေ့လိုက်ရပြီး ထိုမီးတောက်ဖြင့် အနတ္တကို မှုတ်ထုတ်လိုက်သည်။
ထိုအခါ ဘိုးလောကကြီးက သူတို့ဆီလာနေသော မီးတောက်ကလေးကို လက်ထဲမှတောင်ဝှေးဖြင့် ရိုက်ထုတ်လိုက်သည်။ထိုစုန်းမီးတောက်ဖြင့် ထိမှန်ခံရပါက သက်သာမည်မဟုတ်ပဲ တစ်ကိုယ်လုံး မီးလောင်သလိုခံစားရပြီး တသက်လုံးလူစဉ်မှီမည် မဟုတ်တော့ပေ ထိုသို့ သူပစ်လွှတ်သော စုန်းမီးတောက်ကို ဘိုးလောကကြီး ရိုက်ချလိုတာမြင်တော့ ဒေါ်မယ်သုန်လည်း ကောင်ကင်အတော်မြင့်မြင့်ရောက်အောင် ပျံတက်သွားသည် ထိုနေရာသို့ရောက်သည်နှင့် သူ၏ခေါင်းပြတ်ကြီးသည် မီးတောက်များ တဟုန်းဟုန်းထလာပြီး ပါးစပ် မျက်စိတို့မှလည်း မီးလျှံများကို မြင်နေရသည်။
ထိုမီးလျှံများဖြင့် အနတ္တ တို့ကို မှုတ်ထုတ်လိုက်တော့ မီးတန်းကြီးတစ်ခုသည် သူတို့ထံသို့ပြေးလာနေသည် ထိုအခါ ဘိုးလောကကြီးက သူ၏လက်မှတာင်ဝှေးဖြင့် ပြေးလာနေသော မီးတန်းကြီးကို ထိုးကာထိုက်သည် ထို့နောက် ပါးစပ်မှလည်း
“ဒီကောင်မ တစ်ညတည်းနဲ့ကို အဆင့်တော်တော် တက်သွားတယ်ကွ ဒါကြောင့်လည်း ငါ့ကို အံတုရဲတာနေမယ်”
ဘိုးလောကကြီးလည်း ပါးစပ်ကသာ ထိုသို့ပြောနေပြီး လက်ကတော့ တောင်ဝှေးကိုမလွှတ်ရဲ ထိုသို့တောင်ဝှေးကို ဖယ်ရှားလိုက်သည့်နှင့် သူတို့ထံသို့ပြေးလာနေ‌သော မီးတောက်မီးတန်းကြီးသည် သူတို့ဆီကိုရောက်လာပြီး နှစ်ယောက်စလုံးကို လောင်ကျွမ်းသွားမည်ဖြစ်သည်။
ထိုသို့ဖြစ် အချိန်အတော်ကြာအောင် ဒီအတိုင်းဖြစ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် ပညာပြိုင်နေကြသည်မှာ အရှုံးအနိုင်ပေါ်ပဲဖြစ်နေကြပြီး ဒေါ်မယ်သုန်းကြီးကလည်း သူ၏ပါးစပ်ထဲမှမီးတောက်မီးလျှံများကို ပြန်မရုတ် ဘိုးလောကကြီးကလည်း သူ၏တောင်ဝှေးကို လက်ကမလွှတ်ရဲဖြင့် တဖြည်းဖြည်းအချိန်တွေ ကုန်ဆုံးလာသည်။ထိုအချိန် ဒေါ်မယ်သုန်ကြီးက သူ၏မျက်လုံးနှစ်လုံးမှ အလင်းတန်းနှစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ဘိုလောကကြီးလည်း ထိုအလင်းတန်းနှစ်ခုကိုမြင်ပြီး
“ကဲ ကောင်လေး ငါလွယ်အိပ်ထဲမှာရှိတဲ့ ကြေးပြားအင်းကိုယူပြီး ဒီကောင်မကို ပစ်လိုက်တော့ကွာ ဒီအတိုင်းဆိုရင် တို့လည်းမလွယ်တော့ဘူး”
အနတ္တလည်း ဘိုးလောကကြီး ပြောသည့်အတိုင်း သူ၏လွယ်အိပ်ထဲမှ ကြေးပြားလေးတစ်ချပ်ကိုယူပြီး စုန်းခေါင်းပြတ်ကြီးထံသို့ ပစ်လွှတ်လိုက်တော့သည်။ထိုအခါ ထိုကြေးပြားအင်းချပ်လေးသည် စုန်းခေါင်းပြတ်ကြီးထံသို့ တည့်တည့်မတ်မတ်ပြေးဝင်သွားပြီး ထိမှန်လေတော့သည် ထိုအင်းချပ်ကလေး ထိမှန်ခံလိုက်ရသည်နှင့် စုန်ခေါင်းပြတ်ကြီး ဒေါ်မယ်သုန်လည်း သူတို့ရှေ့ မြေပေါ်ကို ပြုတ်ကြလာတော့သည် ထိုအခါ ဘိုးလောကကြီး စုန်းခေါင်းပြတ်ကြီးကို ကြည့်ပြီး
“ကဲ မယ်သုန် ငါနင့်ကို ညှာသလောက် နင်ကတော့ ငါ့ကိုမညှာဘူး တစ်ခါတည်း အသေလုပ်ဖို့ကြံတယ် အခုတော့ ဘာတတ်နိုင်သေးတုန်း”
ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ ဒေါ်မယ်သုန်က သူ့ကို ပြန်ကြည့်ပြီး
“ဒီမယ်လောက နင်ညှာညှာမညှာညှာ ငါကတော့ အသေသတ်လုပ်မှာပဲမကျေနပ်ရင် ငါ့ကိုပြန်သတ်လို့ရတယ် ငါလည်းပြန်ရမယ့် အချိန်
လွန်သွားပြီ အဲ့ဒီတော့ နင်တို့နှစ်ယောက်သာ ငါ့ခေါင်းပြတ်နဲ ဘာဆက်လုပ်မတုန်း စဉ်းစားထားကြ”
ဒေါ်မယ်သုန် ထိုသို့ပြောလိုက်‌တော့ ဘိုးလောကကြီးကလည်း
“နင့်ဟာနင် အချိန်လွန်လွန် မလွန်လွန် ငါနဲ့မဆိုင်ဘူး အခုတော့ နင့်ပညာတွေကို ငါနှုတ်ယူမှဖြစ်တော့မယ်”
ဘိုးလောကကြီးလည်း ထိုသို့‌ေပြာပြီး သူ့လွယ်အိပ်ထဲမှ ဘုရားဆင်းတုတော်လေးတစ်ဆူကို ထုတ်ယူလိုက်သည်။ထိုဘုရားဆင်းတုတော်‌ ရှေ့တွင် ဒေါ်မယ်သုန်ကြီးကို သစ္စာဆိုခိုင်းပြီး မကောင်းသော စုန်းပညာများကို စွန်လွှတ်ခိုင်းရန်ဖြစ်သည်။ဒါ‌ေပမဲ့ ဘိုးလောကလည်း ထိုသို့ လုပ်ခိုင်းကာနီးမှ တစ်ခုခုကိုစဉ်းစားလိုက်မိပြီး
“မယ်သုန် နင်သွားလို့ရပြီ နောက်တစ်ခါ လူတွေကို ဒုက္ခမပေးတော့နဲ့”
ဘိုးလောက ပြန်ဖို့ခွင့်ပြုလိုက်ပေမဲ့ ဒေါ်မယ်သုန်ကြီးက မပြန်ပဲ
“ငါပြန်လည်း ငါ့ခေါင်းနဲ့ ငါ့ကိုယ်ပြန်ဆက်လို့ ရမှာမဟုတ်တော့ဘူး”
“ဒါကတော့ နင့်အပိုင်းပဲ နင့်မကောင်းမှုကြောင့် အခုလိုဖြစ်ရတာ ကိုယ့်ထိုက်နဲ့ကိုယ် ခံပေတော့”
ဘိုးလောကလည်း ထိုသို့ပြောပြီး ဇရပ်အိုကြီးပေါ်သို့သွားပြီး ထိုင်နေလိုက်သည် အနတ္တလည်း ဘိုးလောကကြီးနောက်မှလိုက်ခဲ့ပြီး ဇရပ်အိုပေါ်မှာ ထိုင်နေရင်း ‌စုန်းခေါင်းပြတ်ကြီး ဒေါ်မယ်သုန်ကို ‌ကြည့်နေမိသည်။သူလည်း ဒေါ်မယ်သုန်ကြီး သူ့ကိုနှောက်ယှက်နေစဉ်တုန်းကတော့ ကြောက်ရွံ့ထိတ်လန့်မိခဲ့ပေမဲ့ အခုတော့ သူ့ကိုကြည့်ပြီး သနားသလိုလိုပင် ဖြစ်လာမိပြန်သည် ထို့ကြောင့် သူလည်း ဘိုးလောကကြီးကို
“ဘိုးလောက ဒေါ်မယ်သုန်ကြီးက သေတော့မှာလားဗျာ့”
“မသေပါဘူးကွာ သူ့ပညာတွေ မစွန့်သေးရင်တော့ အသက်ရှင်နေဦးမှာပဲ ဒါပေမဲ့ သူ့ခန္ဓာကိုယ်နဲ့တော့ ပြန်ဆက်လို့မရတော့ဘူးကွာ ‌ဒီခေါင်းပြတ်ကြီးအတိုင်းပဲ ဆက်နေရတော့မှာပေါ့”
“ဟုတ်လားဗျာ့ ဒါဆို သူရွာထဲကို ဘယ်လိုပြန်မတုန်း နောက်ပြီး ဒီခေါင်းပြတ်ကြီးကိုရော ရွာထဲကလူတွေ လက်ခံရဲကြပါ့မလား”
“ဘယ်လက်ခံရဲတော့မတုန်းကွာ သူ့ကိုတနည်းနည်း‌နဲ့မောင်းထုတ်ကြမှာပေါ့ အဲ့ဒါကိုသိလို့လည်း သူရွာပြန်ဖို့ ဝန်လေးနေတာပေါ့”
“ဟုတ်လားဗျာ့ ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမတုန်း”
“အခုမှတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူးကွ ငါလည်းသူခေါင်းကို ပြန်ဆက်မပေးနိုင်ဘူး ဒီတော့ သူလည်းသူဘာသာသူ တစ်နေရာရာကို ထွက်သွားပါလိမ့်မယ်ကွာ”
ဘိုးလောကကြီးလည်း စိတ်မကောင်းစွာနဲ့ပင်ပြောလိုက်ရပြီး စုန်းခေါင်းပြတ်ကြီး ဒေါ်မယ်သုန်ကို ငေးစိုက်ကြည့်နေမိသည်။အနတ္တလည်း ထိုသို့ပင် ကြည့်နေကာ သူတို့နှစ်ယောက် ကြည့်နေတုန်းမှာပဲ ဒေါ်မယ်သုန်လည်း လေပေါ်ကိုပျံတက်ကာ ရွာဘက်ကို့တရွေ့ရွေ့ ထွက်ခွါသွားတော့သည်။
(၃)
သူတိုလည်း တစ်ယောက်နဲ့တစ်ယောက် ဘာမှမပြောဖြစ်ကြတော့ပဲ ဒေါ်မယ်သုန်ခေါင်းပြတ်ကြီး‌နောက်ကိုသာ လိုက်ကြည့်နေမိကြသည်။သူတို့လိုက်ကြည့်နေရင်း တစ်အောင့်လောက်ကြာတော့ ရွာထဲမှဆူဆူညံညံ အသံများကိုကြားလိုက်ရပြီး
“မယ်သုန်‌ကိုတော့ ရွာလူတွေမြင်သွားပြီကွ”
“ဟုတ်လားဗျာ့ ဒါဆိုသူတို့ ဘာလုပ်ကြမတုန်းမသိဘူး”
“ဘာလုပ်ကြမတုန်းကွာ ရွာထဲမဝင်နိုင်အောင် ဝိုင်းလိုက်ကြမှာပေါ့”
“ဟုတ်လားဗျာ့ ဒါဆိုဒေါ်မယ်သုန်တော့ ဒုက္ခရောက်တော့မှာပဲ”
“အေးပေါ့ကွာ သူဒုက္ခရောက်အောင်လုပ်ချင်တော ဒုက္ခရောက်မှာပေါ့ ဒါပေမဲ့ ရွာသားတွေကိုဒုက္ခမပေးပဲ ပြန်လာရင်တော့ သူလည်းဘာမှမဖြစ်လောက်ပါဘူး”
သူတို့နှစ်ယောက်လည်း ထိုသို့ပြောဆိုရင်း ရွာဘက်ကိုသာ ကြည့်နေကြသည်။ထိုအခိုက် ရွာဘက်ဆီမှ လိုက်ဟေ့ လိုက်ဟေ့ ရွာထဲမဝင်စေနဲ့ကွ ဟူသောဆူဆူညံညံ အော်ဟစ်‌ေနသံများကိုဆက်ကြားလိုက်ရပြန်သည်။ထိုအသံတွေကြားပြီး သိပ်မကြာခင်မှာပဲ သူတို့ရှိရာ ဇရပ်အိုကြီးဘက်သို့ ပြန်ပြေးလာသော စုန်းခေါင်းပြတ်ကြီး ဒေါ်မယ်သုန်ကို တွေ့လိုက်ရပြန်သည်။သူတိုလည်း ဒေါ်မယ်သုန်ကြီးကို ကြည့်ကာ
“မယ်သုန် နင်ရွာထဲကလူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့သေးလား”
“ငါဘာမှ မလုပ်ခဲ့ဘူးလောက ငါအိမ်ပြန်ပြန်တာကို သူတို့မြင်သွားပြီး ငါကိုရွာထဲပြန်ဝင်ဖို့ လက်မခံကြတော့ဘူး”
“အေးနင်ဘာမှ မလုပ်ခဲ့ရင်တော့ သူတို့လည်း ဒီထိရောက်အောင်တော့ လိုက်လာကြမှာမဟုတ်ပါဘူး ဒါပေမဲ့ နင်အခုဘယ်ကိုသွားမတုန်း”
“ငါလည်း ဘယ်သွားရမှန်းမသိတော့ဘူး ဒီခေါင်းပြတ်ကြီးနဲ့ နေရာတကာလျှောက်သွားနေလို့လည်း ဖြစ်မှာမဟုတ်ဘူး”
ဒေါ်မယ်သုန်လည်း စိတ်ပျက်အားငယ်သံနဲ့ပြောလိုက်ပြီး အနတ္တကိုကြည့်လိုက်သည် သူဒီကောင်လေးကို နှောက်ယှက်မိရာမှာ ခေါင်းတစ်ခြားကိုယ်တခြားဘဝကို ရောက်သွားရပြီး ထိုအတွက်လည်း ဒီကောင်လေးကို အပြစ်မမြင်တော့သလို ကို့ကိုယ်ကိုသာ နောင်တရနေမိသည်။
သူကဲသို့ပင် အနတ္တလည်း ဒေါ်မယ်သုန်အတွက် စိတ်မကောင်းဖြစ်နေမိပြီး သူဘာလုပ်ပေးနိုင်မည်ကို စဉ်းစားနေမိသည်။ထိုစဉ် ဘိုးလောကကြီးက
“ကဲမယ်သုန် နင်လည်း ခေါင်းတစ်လုံးတည်းနဲ့ ဘယ်မှလွပ်လွပ်လပ်လပ် သွားလို့ရမှာမဟုတ်သလို လူတွေကလည်းနင့်ကိုမြင်ရင် ကြောက်ရွံ့ထိတ်လန့်ပြီး အန္တရာယ်ပြုကြလိမ့်မယ် ဒီတော့ ငါဟောဟိုကသစ်ပင်စောင့်နတ်ဆီ အကူအညီတောင်းပြီး သူနေတဲ့သစ်ပင်မှာ နင့်ခေါင်းပြတ်ကိုထားခဲ့လိုက်မယ် နင်လူ‌တွေကိုဒုက္ခပေးရင်တော့ အဲ့ဒီသစ်ပင်စောင့်နတ်ရဲ့ အပြစ်ပေးချင်းကိုခံရမှာပဲ ဘယ်နဲ့လဲနင်ငါပြောတဲ့အတိုင်းနေမှာလား”
ဒါ်မယ်သုန်လည်း ဘိုးလောကပြောသလိုပင် ‌ထိုသစ်ပင်မှာနေခဲ့ရန် သဘောတူလိုက်သည်။သို့မှသာ သူ့အတွက်ကောင်းမွန်မည်ဖြစ်ပြီး လူတွေကိုလည်း ဆက်ပြီးဒုက္ခမပေးချင်တော့ ဒါပေမဲ့ သူ့ပညာ‌ေတွကိုစွန်လွှတ်ဖို့ကြတော့လည်းမဖြစ်နိုင် ထိုပညာများကိုစွန့်လွှတ်လိုက်ပါက သူသေရမည်ဖြစ်သည်။ဒါကြောင့်သူလည်း ဘိုးလောကကြီးပြောသလိုပင် သစ်ပင်စောင်နတ်ဆီမှာသဘောတူလိုက်ပြီး
“ကောင်းပြီးလေ ငါနင်ပြောတဲ့အတိုင်းနေခဲ့ပါမယ် သစ်ပင်စောင့်နတ်ဆီမှာလည်း လူတွေကိုဒုက္ခမပေးတော့ဘူးဆိုတာ သစ္စာဆိုလိုက်ပါမယ်”
ဒေါ်မယ်သုန် ထိုသို့ပြောလိုက်တော့ ဘိုးလောကလည်း ဇရပ်ပေါ်မှဆင်းပြီး ဇရပ်အိုကြီးနှင့်မျက်နှာချင်းဆိုင်ပေါက်နေသော လှည်းလမ်းဘေးညောင်ပင်ဆီကို သွားလိုက်ပြီး တစ်စုံတစ်ခုပြောဆိုလိုက်သည်။ထိုအခါ ညောင်ပင်အောက်တွင် ခေါင်းပေါင်းပတ်စဖြင့် အဘိုးအိုတစ်ဦးရုတ်တရက်ပေါ်လာပြီး တောင်ဝှေးကိုထောက်လျှက်ရပ်နေသည်။ဘိုးလာကလည်း ထိုအဘိုးအိုကို ဒေါ်မယ်သုန်ကြီးကို သူ့ထပ်၌အပ်ခဲ့လိုကြောင်းပြောလိုက်သည်ထင်သည် အဘိုးအိုသည် ဒေါ်မယ်သုန်ကိုလှမ်းကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့်လုပ်နေသည်။ထို့‌နောက်အတန်ကြာတော့မှ ဘိုးလောကကြီးလည်း သူတို့ဆီပြန်လာပြီး
“ကဲ မယ်သုန် နင့်ကိုညောင်ပင်စောင့်နတ်က သူညောင်ပင်မှာနေဖို့ခွင့်ပြုလိုက်ပြီး ဒါပေမဲ့ သူ့စည်းကမ်းကိုတော့ လိုက်နာမှဖြစ်လိမ့်မယ်”
ဘိုးလောက ထိုသို့ပြောလိုက်တော့ ဒေါ်မယ်သုန်းလည်း
“ငါ့အသက်မသေရင်ပြီးတာပဲ ကျန်တာအားလုံး ငါလိုက်နာနိုင်တယ်”
“ကဲဒါဆိုရင်လည်း ငါ့နောက်ကလိုက်ခဲ့ပေတော့”
ဘိုးလောက ထိုသို့ပြောပြီး ညောင်ပင်ကြီးဆီကိုပြန်သွားလိုက်သည်
ဒေါ်မယ်သုန်လည်း ဘိုလောကနောက်မှ လိုက်သွားပြီး အနတ္တကတော့ ဇရပ်ပေါ်မှာသာထိုင်ကြည့်နေသည်။ထိုသို့ဖြင့်အတန်ကြာတော့ လူတစ်ရပ်အမြင့်ရှိလေပေါ်မှာ ရပ်တည်နေသော ဒေါ်မယ်သုန်၏စုန်းခေါင်ပြတ်ကြီးသည် မြေကြီးပေါ်သို့ ပြုတ်ကြသွားတာကိုမြင်လိုက်ရပြီးဘိုးလောကကြီးကလည်း သူ့ဘက်လှည့်၍
“ကောင်လေး ဒီကိုခဏလာဦးကွာ”
ဘိုးလောကကြီးခေါ်၍ သူလည်းညောင်ပင်အောက်ကို သွားလိုက်သွားသည်။ထိုအခါ ဘိုးလောကကြီးက
“ကဲ ကောင်လေးမင်း မယ်သုန့်ခေါင်းကို ညောင်ပင်ဂွစုံပေါ် တက်တင်လိုက်ဦးကွာ”
“ဗျာ ဖြစ်ပါမလားဗျာ့ သူကျွန်‌တော့်ကို တစ်ခုခုလုပ်ရင် ဘယ်နှယ့်လုပ်မတုန်း”
“ဘာမှမလုပ်ပါဘူးကွာ တက်သာတင်လိုက်စမ်းပါ”
ဘိုးလောကကြီး ပြောတာနဲ့သူလည်း ပုဆိုးကိုခါးတောင်ကျိုက်လိုက်ပြီး ဒေါ်မယ်သုန်ခေါင်းပြတ်နားကိုသွားလိုက်သည် သူထိုနေရာသို့ရောက်တော့ ခေါင်းပြတ်ကြီးကို ဘယ်လိုကိုင်ရမှန်းမသိဖြစ်နေပြီး ဒေါ်မယ်သုန်က
“ကောင်လေး ငါ့ခေါင်းကိုသေချာကိုင်နော် အောက်ပြုတ်မကြစေနဲ့”
ဒေါ်မယ်သုန် ထိုသို့ပြောလိုက်တော့ သူလည်း
“ကဲဗျာ ဒါဆိုအောက်ပြုတ်မကြအောင် ဆံပင်ကကိုင်မှဖြစ်မယ်”
သူလည်း ထိုသို့ပြောပြီး ဒေါ်မယ်သုန်၏ဆံပင်များကိုစုကိုင်ကာ ညောင်ပင်ပေါ်သို့တက်လာခဲ့သည် ဒေါ်မယ်သုန်လည်း တဟဲ့ဟဲ့နှင့်သူလက်မှာပါလာခဲ့ပြီး ဂွစုံပေါ်ရောက်သည်နှင့် သူလည်းလက်ထဲမှခေါင်းပြတ်ကြီးကို တင်ထားခဲ့ပြီးအောက်ပြန်ဆင်းမည်အလုပ်
“ဟဲ့ကောင်လေး နင်ငါ့ဆီကို လာလည်ဦးနော်”
ဒေါ်မယ်သုန် ထိုသို့ပြောလိုက်တော့ သူလည်း
“အားရင်တော့ လာလည်မှာပေါ့ဗျာ”
“အေး ကောင်းကောင်းဆင်း ကောင်းကောင်းဆင်း”
ဒေါ်မယ်သုန်းလည်း သူ့ကို ညောင်ပင်ပေါ်မှ ကောင်းကောင်းဆင်းရန်ပြောလိုက်ပြီး သူညောင်ပင်အောက်ရောက်တော့ ‌ဂွစုံပါ်ကိုမော့ကြည့်လိုက်သည် ထိုအခါ သူတင်ခဲ့သောဒေါ်မယ်သုန်ခေါင်းပြတ်ကြီးကို မတွေ့ရတော့၍ အံ့ဩနေပြီး
“ဘိုးလောက ဒေါ်မယ်သုန့်ခေါင်းပြတ်ကြီး ဘယ်ရောက်သွားတာတုန်းဗျာ့”
“ညောင်ပင်စောင့်နတ် ဖွက်လိုက်ပြီပေ့ါကွာ မယ်သုန့်ခေါင်းပြတ်ကြီးကို လူတွေမမြင်ရအောင်လို့ ဖွက်ထားလိုက်တာပေါ့”
ထိုအခါမှ သူလည်း စောစောကတွေ့ခဲ့ရသည် အဘိုးအိုကိုကြည့်လိုက်မိသည် သို့သော် ထိုအဘိုအိုကိုမတွေ့ရတော့၍ သူညောင်ပင်ပေါ်တက်နေတုန်း ပျောက်ကွယ်သွားတာဖြစ်နိုင်သည်ဟုတွေးမိလိုက်ပြီး
“ဘိုးလောက ကျုပ်တို့ဘာဆက်လုပ်ကြမတုန်းဗျာ့”
“ဘာမှ လုပ်စရာမလိုတော့ပါဘူးကွာ ရွာပြန်ဖို့ပဲကျန်ပါတော့တယ်”
ဘိုးလောက ထိုသို့ပြောလိုက်ပြီး သူတို့‌နှစ်ယောက်လည်း ရွာကိုပြန်လာခဲ့ကြတော့သည်။
(၄)
သူတို့နှစ်ယောက် ရွာပြန်ရောက်တော့ မနက်ဝေလီဝေလင်းအချိန်ပင် ရောက်နေပြီဖြစ်သည်။သူတို့လည်း ဘုန်းကြီးကျောင်းကုန်းပေါ်ကိုတက်သွားကြပြီး သူတို့နှစ်ယောက်ကိုမြင်တော့
“အနတ္တ မင်းညတုန်းက ဘယ်လျှောက်သွားနေတာတုန်းကွ”
ဘုန်းကြီးကျောင်းဝန်းအတွင်း တံမြက်စည်းလှဲနေသော ကိပ္ပိယကြီး ဦးသင်္ခါရက မေးလိုက်တော့
“ဘိုးလောကနဲ့ ဇရပ်ပေါ်မှာ သွားနေနေတာဗျာ့”
“အေး မင်းလည်းလောကနဲ့ ကြပ်ကြပ်ပေါင်း သူ့လိုပဲ လမ်းဘေးရောက်ဦးမှာပဲ အလကား အိမ်အိုးရှိပြီး အိမ်မကပ်တဲ့အကောင် အခုရွာထဲမှာ ဘာတွေဖြစ်နေတုန်း မင်းတို့သိလား”
“မသိဘူးဗျာ့ ဘာတွေဖြစ်နေလို့တုန်း”
“ငါလည်း မသိဘူးကွ ညတုန်းကတော့ ဆူဆူညံညံအသံတွေ ကြားနေရတာပဲ အဲ့ဒါမင်းတို့များ သိမလားလို့မေးကြည့်တာ”
“ဟုတ်လားဗျာ့ ကျွန်တော်တို့လည်း ရွာထဲမှာမရှိတော့မသိဘူးဗျာ့”
အနတ္တနဲ့ကပ္ပိယကြီး ထိုသို့ပြောဆိုနေခိုက် ကျောင်းကုန်းပေါ်ကိုရွာသားများတက်လာပြီး
“ကပ္ပိယကြီး ဆရာတော်မနိုးသေးဘူးလားဗျာ့”
“နိုးပါပြီကွ စောစောစီးစီး ဘာဖြစ်လာကြတာတုန်း”
“ဘာဖြစ်ရမှာတုန်းဗျာ ရွာထဲကဒေါ်မယ်သုန်က စုန်းခေါင်းပြတ်ကြီးဗျာ့”
“ဟုတ်လို့လားကွ သူတစ်ပါးကို မသေချာပဲအရမ်းမပြောရဘူး”
“ရမ်းပြောတာမဟုတ်ဘူးဗျာ့ ညတုန်းက သူ့ခေါင်းပြတ်ကြီးရွာပြန်လာတာ ကျုပ်တို့အားလုံးမြင်လိုက်တယ် အဲ့ဒါကျုပ်တို့ရွာသားတွေ မီးတုတ်တွေကိုင်ပြီး ဝိုင်းလိုက်ကြလို့ ရွာတောင်ဘက်အတိုင်းပြေးပါလေရော”
“ဟုတ်လားကွ ဒါကြောင့် ညတုန်းက ရွာထဲမှာဆူဆူညံညံအသံတွေကြားနေရာကိုး”
“ဟုတ်တယ်ဗျာ့ အဲ့ဒါအခု ဆရာတော်ကိုလာပင့်ပြီး ဘာဆက်လုပ်ရမတုန်းဆိုတာ တိုင်ပင်ဆွေးနွေးကြမလို့”
“အေးဒါဆိုလည်း ဆရာ‌ကျောင်းပေါ်မှာရှိတယ်ကွာ တက်သာသွားလိုက်ကြတော့”
ကပ္ပိယကြီးလည်း ရွာသားများကို ထိုသို့ပြေ့ာပြီး အနတ္တဘက်လှည့်ကာ
“မင်းတစ်ယောက်တည်း ကျပ်ကျပ်ထွက် မတော်ညတုန်းကစုန်းခေါင်းပြတ်ကြီးနဲ့တွေ့ရင် ဘယ်လိုလုပ်မတုန်း”
“ဘယ်လိုမှမလုပ်ပါဘူးဗျာ ဒီအတိုင်းပဲ ကိုယ့်လမ်းကိုသွားမှာပေါ့”
“ရမယ်များမှတ်‌ေနလားကွ စုန်းခေါင်းပြတ်ဆိုတာ တွေ့တဲ့လူ အူနှုတ်စားတာ တော်သေးလိုပေါ့ကွာ မင်းတို့စုန်းစာမိတော့မလို့ ဟိုကောင်လောကကြီး မင်းလည်းတစ်ယောက်တည်း လျှောက်သွားမနေနဲ တော်ကြာမယ်သုန်နဲ့တွေလို့ မကြီးမငယ်နဲ့ ဗိုက်ဖောက်ပြီး အူနှုတ်အစားခံနေရဦးမယ်”
ကပ္ပိယကြီးလည်း ဘိုးလောကကိုပါ စုန်းခေါင်းပြတ်နဲ့ခြိမ်းခြောက်လိုက်ပြီး ကျောင်းဝိုင်းအတွင်း တံမြက်စည်းဆက်လှဲနေလိုက်သည်။အနတ္တလည်း ကျောင်းရှိသောက်ရေအိုးများကို ရေဖြည့်ရန်ရေတွင်းဘက် ထွက်လာခဲ့ပြီး ဘိုးလောကကြီးလည်း သူနောက်မှလိုက်၍ မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်ပြီး ကျောင်းအောက်ကွပ်ပျစ်ပေါ်တွင် သွားထိုင်နေလိုက်သည်။ထိုအချိန် ကျောင်းပေါ်သို့ တက်သွားသည့် ရွားသားများပြန်ဆင်းလာကြပြီး ဦးပဇင်းတစ်ပါး ပါ ပါလာပြီး ဘိုးလောကကြီးလည်း သူတို့နဲ့အတူ ရွာထဲကို လိုက်သွားတော့သည်။
အနတ္တလည်း ကျောင်းပေါ်ပြန်တက်လာပြီး ဘိုးလောကကြီးကို မတွေ့၍
“ကပ္ပိယကြီး ဘိုးလောကဘယ်ရောက်သွားတုန်းဗျာ့”
“ဘယ်မှမရောက်ဘူး ရွားထဲလိုက်သွာပြီ”
“ဟုတ်လား ဒါဆိုလည်းကျွန်တော် ရွာထဲလိုက်သွားဦးမယ်ဗျာ”
အနတ္တလည်း ကပ္ပိယကြီးကို ထိုသို့ပြောပြီး ရွာထဲကိုခပ်သွက်သွက်ထွက်လာခဲ့‌ေတာ့သည်။
(၅)
ထိုအချိန် ဒေါမယ်သုန်၏ အိမ်ဝိုင်းအပြင်ဘက်ခြံစည်းရိုးဘေးပတ်ပတ်လည်၌ လူများဝိုင်းအုံနေကြပြီး ဒေါ်မယ်သုန်ကို ကြည့်ရှုရန်ရောက်နေကြသည်။သူတို့ဒေါ်မယ်သုန်ကို မြင်ရသည်တော့မဟုတ် ဤအိမ်ထဲ၌ ဒေါ်မယ်သုန်၏ ခေါင်းမပါသော ကိုယ်ခန္ဓာကြီးရှိနေသည်ဟူသော အသိဖြင့်သာ ရောက်နေကြခြင်းဖြစ်ပြီး ဒေါ်မယ်သုန်ကြီးများ အိမ်အောက်ဆင်းလာမလားဟူသော အတွေးဖြင့် ကြည့်နေကြချင်းဖြစ်သည်။
ကျောင်းမှပြန်ရောက်လာသော လူများနှင့်ဦးပဇင်းကတော့ အိမ်လှေးကာရင်းတွင် ရပ်နေကြပြီး အိမ်ပေါ်သိုတက်ရကောင်းနိုးမတက်ရကောင်းနိုးဖြစ် စဉ်းစားနေဟန်တူသည်။ထိုအချိန် အနတ္တလည်းရောက်လာပြီဖြစ်သလို ဒေါ်မယ်သုန်၏ ရေစွန်ဘက်အချမ်းမှ ကြည့်နေကြသောရွာသားများ အလန့်တကြားအော်လိုက်သံကို ကြားလိုက်ရပြီး သူတို့လည်း ထိုဘက်ကို ပြေးကြည်လိုက်ကြသည်။ထိုအခါ ဦးခေါင်းမပါပဲ ရေစွန်ဘက်သို့ထွက်လာသည့် ဒေါ်မယ်သုန်ကြီးကို မြင်လိုက်ရပြီး ထူးဆန်းအံ့သြ‌ေနကြသလို ‌‌ေကြာက်ရွံ့ထိတ်လန့်‌ေနကြသည်။
ဒေါ်မယ်သုန်ကြီးကလည်း ဟိုစမ်းဒီစမ်းဖြင့် မျက်နှာသစ်ရန် ရေအိုး ရေခွက်များလိုက်ရှာနေသည်လားမပြောတတ် ထိုသို့ဒေါ်မယ်သုန်ကြီး ဟိုစမ်းဒီစမ်း လုပ်နေတာမြင်တော့ ဦးပဇင်းက
“ဒကာမကြီး နောက်နဲနဲဆုတ် ရှေ့သိပ်မတိုးနဲ့ အောက်ပြုတ်ကြလိမ့်မယ်”
ဦးပဇင်းလည်း ဒေါ်မယ်သုန် ခေါင်းမပါတာကို သိပေမဲ့ ရုတ်တရက် ရေစွန်မှပြုတ်ကြမည်ဆိုး၍ ပြောလိုက်ချင်းဖြစ်ပြီး ဦးပဇင်းထိုသို့ပြောလိုက်တော့ ရွာသားတစ်ယောက်က
“ကိုတော်ပြောတာကို ဘယ်လိုလုပ်ကြားမှာတုန်းဘုရာ့ သူ့မှာခေါင်းမှမပါတာ”
“အေးဟုတ်သားပဲ ဒကာ ဒါဆိုကိုတော်တို့ဘယ်လို လုပ်ကြမတုန်း”
“ဘယ်လိုမှလုပ်မနေနဲ့ကိုယ်တော် ဘုရားစာတရားစာသာများများ ရွတ်ပေးလိုက် ဒါဆိုသူနောက်ပြန်ဆုတ်လိမ့်မယ်”
“ဟဲ့ ဒကာ စောစောကခေါင်းမပါဘူးဆို အခုဘယ့်နှယ့်ကြောင့် ဘုရားစာရွတ်ခိုင်းနေရတာတုန်း”
“ဒါလည်းဟုတ်တာပဲဘုရား တပည့်တော်က သရဲတစ္ဆေမြင်ရင် ဘုရားစာရွတ်ရမယ်ဆိုတာ မှတ်ထားလိုပါဘုရား”
“အခုဟာ တစ္ဆေသရဲမဟုတ်ဘူးဒကာရဲ့ လူပဲ”
“လူဆိုဘယ်လိုလုပ်ရမတုန်းဘုရား”
“နောက်ပြန်ဆုတ်ခိုင်းရမှာပေါ့ဟဲ့”
“ခေါင်းမပါဘူးဘုရား”
“ဒါဆိုလည်း ဒီအတိုင်းထားလိုက်တော့ဟယ်”
ဦးပဇင်းလည်း ဒေါ်မယ်သုန်၏ခန္ဓာကိုယ်ကြီး အောက်ပြုတ်ကြမှာစိုးရိမ်‌နေရသည့်အထဲ အနီးအနားမှဒကာနှင့်စကားပြောရသည်မှာ သဟဇာတမမျှ၍ စိတ်ပေါက်ပေါက်နှင့် ထိုသို့ပြောလိုက်သည်။သူလည်း အိမ်ပေါ်တက်၍ နောက်ကဆွဲမထားရဲ ထိုအတူ သူနှင့်အတူရှိနေသူများမှာလည်း ထိုသို့တစ်ယောက်မှမလုပ်ရဲကြ ဒါကြောင့် ရေစွန်တွင် စမ်းတဝါးဝါးဖြစ်နေသော ဒေါ်မယ်သုန်ကြီးကို ဒီအတိုင်းပင် ရပ်ကြည့်နေကြသည်။ဒီလိုနဲ့ ဒေါ်မယ်သုန်ကြီးလည်း သိပ်မကြာခင် ရေစွန်မှပြုတ်ကြလာပြီး သူ၏လည်ပင်းမှ သွေးတို့သည်လည်း ပန်းထွက်လာတော့သည် ဘိုးလောကနဲ့အနတ္တလည်း ဒေါ်မယ်သုန်၏ ခန္ဓာကိုယ်ကြီးကိုကြည့်ကာ စိတ်မသက်သာစွာဖြင့် ထိုနေရာမှ ထွက်ခဲ့ကြတော့သည်။
ထိုသို့ဖြစ် နောက်ထပ်အနည်းငယ်ကြာတော့ ရွာသားများလည်း ဦးခေါင်းမရှိတော့သည့် ဒေါ်မယ်သုန်၏ခန္ဓာကိုကြီးကို ရွာအပြင်ထုတ်၍ မီးရှို့သင်္ဂြိုလိုက်တော့သည်။သူတို့စိတ်ထဲ၌ ဒေါ်မယ်သုန်ကြီး သေဆုံးသွာပြီဟုထင်နေကြမည်ဖြစ်သော်လည်း အမှန်တကယ် ဒေါ်မယ်သုန်ကြီးသည် ညောင်ပင်စောင့်နတ်ကြီးထံမှာ ဦးခေါင်းပြတ်ကြီးဖြင့် အသက်ရှင်လျှက်ရှိနေသေးသည်ကို သူတို့မသိကြပဲ ထိုအကြောင်းကို ဘိုးလောကကြီးနဲ့အနတ္တတို့နှစ်ယောက်သာ သိရှိကြလေ‌ေတာ့သည်။
စာစဉ်(၄)ကို ဆက်လက်တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။