*ဘွားမယ်စိန်နှင့် အရူးရွှေအ ၏ ဖြစ်ရပ်ထူး*📖📖📖
************************
သူ၏အမည်ကို ဘခင်ဟုအများကခေါ်ကြသည်။
ဘခင်သည်ဗလကောင်း၏။ဆံပင်ကိုကျောလယ်ထိမျှ
အရှည်ကြီးထားပြီး ထိုဆံပင်ရှည်ကြီးကိုဖီးသင်ခြင်မရှိဘဲ
ဖြစ်ကတတ်ဆန်းထားရှိလေသည်။
ခြောက်ပေသာသာမျှရှိသောအရပ်အမောင်းနှင့်
မျက်နှာအထက်၌ပစ်စလက်ခတ်ထားရှိသော
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများကလည်း
အပြိုင်းအရိုင်းရှိနေပြန်သည်။
ဘခင်သည်အင်္ကျီမဝတ်…
ပုဆိုးကိုခပ်တိုတိုသည်ဝတ်သည်။
ထိုသို့နေယုံဖြင့်ဘခင်ကိုဆင်းရဲသားဟုမြင်တွေ့သူများက
ထင်နိုင်သော်လည်းအကြောင်းသိသူများကတော့
ဘခင်ကိုအရေးတယူပင်ခေါ်ကြပြောကြသည်။
“ဘခင်…ဘယ်သွားမလို့တုန်းကွ”
ဟုခေါ်သူကခေါ်သောအခါ၌လည်း ဘခင်က
စကားပင်ပြန်မပြော…လှည့်၍ပင်မကြည့်တတ်…
သူသွားလိုရာသို့သာဦးတည်ကာသွား၏။
ဘခင်က အိမ်ရှိသော်လည်းအိမ်၌မနေ ရွာရိုးကိုးပေါက်
လျှောက်သွားတတ်ပြီး…နေဝင်တာနှင့်တွေ့သည့်နေရာ၌
အိပ်တတ်သည်။
ထိုသို့ပြောယုံဖြင့် ဘခင်ကိုအရူးဟုအားလုံးထင်ကြမည်။
အမှန်မှာဘခင်သည်ချမ်းသာသောမိဘမျိုးရိုးမှ
ဆင်းသက်လာသူဖြစ်သည်။
ယခင်က…
ဘခင်သည် သန့်သန့်ပြန့်ပြန့်နေထိုင်တတ်ပြီး…
လူချမ်းသာသား မောင်ဘခင်ဆိုတာနှင့်
သားမက်တော်ချင်သူကခပ်များများပင်။
ထိုသို့နေထိုင်လာသောဘခင်တစ်ယောက်
မိဘများသဘောတူသော မိန်းကလေးနှင့်
အိမ်ထောင်ပြုဖို့ရန်ဆုံးဖြတ်ခဲ့ရှာသည်။
မင်္ဂလာဆောင်ဖို့ရက်ပိုင်းမျှသာလိုချိန်
ဘခင်စိတ်များဖောက်ပြားလာခဲ့သည်။
တစ်ခါတစ်ရံတစ်ယောက်ထဲရယ်မောနေတတ်သလို…
တစ်ခါတစ်ရံလည်းတစ်ယောက်ထဲ ငိုနေတတ်ပြန်သည်။
ထိုကြားထဲမှ အစားကလည်းမစားသောအခါ
လူကအတော်လေးပိန်၍လာသည်။
မူမမှန်သောဘခင်၏အကြောင်းကို
သတိုးသမီးဘက်မှသိရှိသွား၍မင်္ဂလာပွဲပျက်ခဲ့ရသည်။
ဘခင်ကတော့ မင်္ဂလာပွဲပျက်တာကိုလည်းမသိ…
သူ၏နာမည်ကိုတောင်သူမသိတော့ဘဲအရူးကြီးတစ်ယောက်အဖြစ်ကိုရောက်ရှိလို့သွားခဲ့လေသည်။
မိဘများမှာလည်းမွေးထားသောသားသမီးဟူ၍
ဘခင်တစ်ယောက်သာရှိလေတော့အတော်လေး
ယူကျုံးမရဖြစ်ကြရရှာသည်။
“ကိုသောင်း…ကျွန်မတို့သားလေးကို
မကယ်နိုင်တော့ဘူးလားရှင်…
ကျွန်မသားလေးကိုမြင်လိုက်တိုင်း …
ကျွန်မရင်တွေနာလို့ပါကိုသောင်းရယ်…”
ဟု…ဘခင် ၏မိခင်ဖြစ်သူ ဒေါ်စောက ပြောလေသည်။
“အင်း…ငါလည်းဆရာမျိုးစုံ…ဆေးဝါးမျိုးစုံနဲ့ကုသပေးနေတာ
မင်းလည်းသိရဲ့နဲ့ကွာ…ငါလည်းအဖေပါကွ…
ငါလည်းရင်ထဲမချိပါဘူးမိန်းမရာ…”
ဘခင် ၏မိဘနှစ်ပါးမှာ ဘခင်အတွက်
အတော်လေးစိတ်သောကရောက်ခဲ့ရသည်။
ဘခင်ကဒါတွေကိုဘာမှမသိတော့ဘဲ သွားချင်ရာသာသွား
နေတတ်သည်။
ထိုသို့သွားချင်ရာထွက်သွားတတ်သောဘခင်ကို
အခန်းထဲ၌ပိတ်ထားပြန်သောအခါ
အော်ဟစ်သောင်းကျန်းပြန်တာကြောင့် ဦးသောင်းတို့လည်း
သူ သွားလိုရာကိုသွားဖို့အတွက်လွှတ်သာ
ပေးထားလိုက်ရသည်။
ဘခင်၏အဖြစ်ကိုဘခင်မိဘတွေတင်သာမက
တစ်ရွာထဲအတူနေသူများကပါစိတ်မကောင်းဖြစ်ကြရရှာသည်။
*********************************
“ဟေ့လူ….ခင်ဗျားဘယ်သူလဲ”
“ဟ…မင်းကသာမေးနေတာ…သူက
စကားတောင်ပြန်မပြောပါလားကွ…”
“အေးနော်…စကားမပြောတတ်တာများလားမသိဘူး”
သောင်ထွန်းရွာထိပ်၌လူတစ်ယောက်နေပူထဲတွင်
ငုတ်တုတ်ကြီးထိုင်လို့နေသည်။
သူ့ကိုမြင်သောရွာသားနှစ်ယောက်ကလည်းအနားကပ်၍
မေးကြသောအခါ၌ ကျောက်ရုပ်ကြီးပမာ မည်သည့်စကားမှ
ပြန်၍ပင်မပြောဘဲ ထိုင်မြဲအတိုင်းထိုင်သာနေခဲ့၏။
“ဒီမှာနောင်ကြီး…နေပူတယ်ဗျ…
လာပါ ဟိုအပင်အောက်မှာသွားထိုင်ရအောင်ပါဗျာ…”
မနေသာသော ရွာသားနှစ်ယောက်က လူစိမ်းကို
ဆွဲထူပေးပြီး သစ်ပင်အောက်သို့ခေါ်သွားပေးကြသည်။
သစ်ပင်အောက်ရောက်သောအခါ၌လည်းသူတို့ကိုစကားလည်းမပြော…ကြည့်လည်းမကြည့်သောလူစိမ်းကိုအကဲခတ်နေကြရင်း …
“ဒီလူ့ကြည့်ရတာ အရူးထင်ကွ…”
“အေးကွ…ပုံစံကြည့်ရတာ ဟုတ်လောက်တယ်…
တို့ဘယ်လိုလုပ်ကြမလဲ…ဒီတိုင်းပဲထားခဲ့မှာလား…”
“နေပါဦးကွာ…ရွာသူကြီးကိုတော့အကျိုးအကြောင်းပြောပြထားမှကောင်းမယ်ထင်တယ်…”
“မင်းပြောတာလည်းဟုတ်တာပဲ…
ရွာသူကြီးကိုတော့ပြောရမယ်ကွ…
တော်နေကြရင် ဒီလူ…ညဘက်ရွာထဲဝင်လာခဲ့ရင်
တို့ရွာလန့်နေပါဦးမယ်…”
ရွာသားနှစ်ဦးလည်းတိုင်ပင်ပြီးနောက် ရွာသူကြီး
ဦးနောင်ချို အိမ်သို့ထွက်လာခဲ့ကြတော့သည်။
သူကြီးဦးနောင်ချိုတို့အိမ်ဆီသို့ရောက်တော့…
“သူကြီး…ဗျို့သူကြီး…”
“ဟဲ့…ဘယ်သူတွေတုန်း”
“သူကြီးကတော်…ကျုပ်တို့သူကြီးဘယ်သွားတုန်းဗျ”
“ရှိတယ်ဟေ့…လာကြ…လာကြ”
ရွာသားနှစ်ယောက်လည်းရွာသူကြီးအိမ်ဝိုင်းထဲသို့
ဝင်လာကြသည်။
သူကြီးက ကွမ်းအစ်ကိုယူ၍ ကွမ်းဝါးဖို့ပြင်ဆင်နေသည်။
“လာကြကွ…ထိုင်ကြ”
သူကြီးကရွာသားနှစ်ယောက်ကို သူ့အနီးရှိ သစ်သားခုံတန်းရှည်၌ဝင်ထိုင်စေသည်။
ပြီးနောက် ပါးစောင်ထဲသို့ယာထားသောကွမ်းကို
ထိုးသွင်းကာ သွားဖြင့်ကြိတ်ချေကာဝါးနေ၏။
“သူကြီးဆီကိုကျုပ်တို့က
လာပြီးသတင်းပေးတာပါဗျ”
“ဟေ…သတင်းပေးတာ…ဟုတ်လား…
ဘာများဖြစ်လို့တုန်းမောင်မြင့်ရဲ့…”
“စိတ်ပူစရာကြီးတော့မဟုတ်ပါဘူးဗျာ…
ကျုပ်တို့ရွာထိပ်မှာလူတစ်ယောက်ရောက်နေတယ်ဗျ…
ပုံစံကြည့်ရတာလည်း ရူးနေတဲ့ပုံပဲ…”
“အရူးရောက်နေတယ်…ဘယ်ကအရူးများလဲကွ”
“ဒါတော့ကျုပ်တို့လည်း ဘယ်သိပါ့မလဲသူကြီးရာ…
ဒီရွာအနီးအနားကတော့ဖြစ်လောက်ဖူးဗျ…
ကျုပ်တို့မတွေ့ဖူးဘူး”
“အေး…အေး…အေး…
ဒါဆိုငါလည်းကာလသားတွေခေါ်ပြီးသွားကြည့်စမ်းဦးမယ်…”
“သွားကြည့်လိုက်ဦး သူကြီး…ဒါဆိုရင်
ကျုပ်တို့ပြန်တော့မယ်ဗျ…”
“အေး…ဟုတ်ပြီမောင်မြင့်…
လာပြောပေးတာကျေးဇူးပဲဟေ့”
မောင်မြင့်တို့လည်း ရွာသူကြီးအိမ်မှပြန်သွားကြတော့သည်။
မောင်မြင့်တို့ပြန်တော့…
“ဖြစ်သေးပါဘူး…သေချာအောင်အရင်သွားကြည့်ဦးမှ…”
ဟုဆိုကာ အိမ်ထဲမှထွက်လာပြီး ဦးဘစီကိုဝင်ခေါ်၍
ရွာထိပ်ကိုထွက်လာခဲ့တော့သည်။
“သူကြီးဘယ်ကိုသွားမလို့တုန်းဗျ”
“ရွာထိပ်ကိုဟေ့…ရွာထိပ်မှာအရူးတစ်ယောက်ရောက်နေတယ်ပြောလို့သွားကြည့်မလို့…”
ဦးဘစီကဝင်ဖြေလေတော့ရွာသားတွေလည်းသူကြီးတို့နဲ့အတူလိုက်လာကြသည်။
ရွာထိပ်သို့ရောက်တော့…
“ဟိုလူထင်တယ်ဗျ…”
သစ်ပင်အောက်၌ သစ်ရွက်ခြောက်များကို ကောက်ရင်း
ဆော့ကစားနေသော အင်္ကျီဗလာဖြင့်လူကိုတွေ့သွားလေတော့
ရွာသားတစ်ယောက်ကလက်ညိုးထိုးကာပြောလိုက်၏။
“အနားသိပ်မကပ်ကြနဲ့ဦး…
တော်နေလူတွေကိုရန်ရှာနေရင်ခက်ကုန်မယ်ကွ”
သူကြီးကရွာသားတွေကို သတိပေးလိုက်သည်။
အားလုံးလည်းခပ်လှမ်းလှမ်းမှ အရူးကိုကြည့်နေကြ၏။
အရူးကလည်းသစ်ရွက်များကိုပြေးကောက်လိုက်…
တစ်နေရာ၌ကောက်ရသမျှကိုပုံထားလိုက်ဖြင့် ဆော့ကစားနေခဲ့သည်။
“သူ့ကြည့်ရတာ ရန်လိုမယ့်ပုံတော့မဟုတ်ဖူးဗျ”
ဟု…ဦးဘစီကသူကြီးဦးနောင်ချိုကိုပြောသည်။
“ဟုတ်မယ်ကိုဘစီ…ကျုပ်လည်းအဲ့သည်လိုပဲထင်တယ်…
လာဗျာ…ကျုပ်တို့သူ့အနားသွားပြီး
စကားပြောကြည့်ရအောင်…”
ရွာသူကြီးဦးနောင်ချိုနဲ့ဦးဘစီတို့ကရှေ့ဆုံးမှသွားကြသလို
ကျန်ရွာသားတွေကလည်းသူကြီးတို့အနောက်မှအတူလိုက်ကြ၏။
“ဟေ့…ဟေ့ကောင်လေး…မင်းကဘယ်သူတုန်း…
ဒီမှာဘာထိုင်လုပ်နေတာလဲကွ”
ဟု…ဦးဘစီကမေးလိုက်သည်။
သို့သော် ဟိုကပြန်၍မဖြေသလိုလှည့်၍ပင်မကြည့်။
“ကောင်လေး…မင်းကိုမေးနေတာကြားရဲ့လားကွ”
သူကြီးဦးနောင်ချိုကပါ ဝင်မေးလိုက်သည်။
“သူကြီး…ပြန်လည်းမပြောဘူးဗျ…
ဟောကြည့်ပြေးပြန်ပြီ…”
အရူးသည် သူကြီးတို့အုပ်စုကိုရှိသည်ဟူ၍ပင်မထင်…
သစ်ရွက်ခြောက်များကိုသာ
အသည်းအသန်ပြေးကောက်နေခဲ့၏။
“အရူးတော့အရူးပဲကွ…
ဒါပေမယ့် ဒီအရူးက တို့ရွာကိုတော့ဒုက္ခပေးမယ့်ပုံမရဘူး…
မင်းတို့ရွာသားတွေလည်း သူ့အခြေအနေကိုအကဲခတ်ကြဦး…
တစ်ခုခုထူးတာနဲ့ငါ့ဆီကိုလာပြောကြ…ကြားကြလား”
“ဟုတ်ကဲ့သူကြီး”
သူကြီးနဲ့ဦးဘစီတို့လည်းပြန်သွားကြသည်။
ရှာထဲ၌…
“ရွာထိပ်မှာအရူးတစ်ယောက်ရောက်နေလို့တဲ့ဟေ့”
ဟူသောသတင်းစကားကြောင့် ရွာထိပ်သို့
သွားကြည့်ကုန်ကြသည်။
“အရီး…ဘာဟင်းချက်မလို့လဲဗျ”
” မနက်စာတောင်စားပြီးပြီဟဲ့…
အကုန်ချက်ပြီးပြီ”
“အယ်…ဟုတ်သား…ကျုပ်တောင်
ကိုရွှေအ ဆီကို ထမင်းသွားပို့ပြီးတာတောင်ကြာနေပြီပဲဟာ…
ဟီး…ဟီးးးးးးး….”
မောင်တိုးက ခြံဝိုင်းထဲဝင်လာပြီး ကွပ်ပျစ်ခင်းပေါ်၌
မြေပဲတောင့်ခွာနေသောဒေါ်ဝင်းကိုလှမ်းမေးနေခြင်းဖြစ်သည်။
“ဘွားကောဘယ်သွားတုန်းအရီး”
“အမေရှိပါတယ်ဟယ်…
ဘုရားစင်ပေါ်ကအမှုန်အမွှားတွေရှင်းနေလေရဲ့…
ကဲ…တော်ကရပ်နေတော့မှာလား ဝင်ထိုင်လေခုံမှာ”
မောင်တိုးက ထန်းလက်ခုံ၌ဝင်ထိုင်လိုက်သည်။
“နေပါဦးဟဲ့…နင်တော်နေက ရွှေအ ဆီကို
ထမင်းသွားပို့တယ်လို့ပြောတယ်နော်…
အဲ့ရွှေအ ကဘယ်သူတုန်းမောင်တိုးရဲ့…”
“ဟာဗျာ…ကျုပ်အရီး အပျိုကြီးကတော့
ရွာထဲကသတင်းတွေအတော်သိနေတာပဲ…
ခက်ပါရောလားဗျာ”
“ဟယ်တော်…ဒါလေးမေးတာကို
ဘာလို့ဒီလောက်ပြောနေတာတုန်း မသာလေးရဲ့”
“ဟားးးး…ဟားးး…ဟားးး…ဟားးးး….ဟားးးးး….
အရီးကိုကျုပ်ကစတာပါဗျာ”
ဒေါ်ဝင်းကဆဲတာကိုပင်မောင်တိုးမှာ
တဟားဟားရယ်မော၍နေသည်။
“ဒီလိုဗျအရီးရဲ့…ကျုပ်တို့ရွာထိပ်မှာအရူးတစ်ယောက်
ရောက်နေတယ်ဆိုတဲ့သတင်းကဒီလောက်တစ်ရွာလုံးသိနေတာကိုအရီးမသိဘူးလားဗျ”
“ကြားတော့ကြားမိပါတယ်…ဒါပေမယ့်
ငါလည်းမအားတာနဲ့
သွားမကြည့်နိုင်ပေါင်ဟယ်…”
“အင်း…ဒါလည်းဟုတ်တာပဲ…
ဒီလိုအရီးရဲ့… အဲ့သည်အရူးက ကျုပ်တို့ဘယ်လောက်ပဲ
သူ့ကိုစကားပြောပြောပြန်မပြောဘူးဗျ…
ဒါမို့သူ့ကိုကျုပ်တို့က ကိုရွှေအလို့ခေါ်ကြတာ…
ပြီးတော့ ဒီလူ့ကြည့်ရတာ ရုပ်လေးကမဆိုးရှာဘူးဗျ
ရူးနေလို့သာ ဗရမ်းဗတာဖြစ်နေရှာတာ…
ကျုပ်တို့ရွာကာလသားတွေကလည်း သူစကားပြန်မပြောတာကိုပဲ သူ့ဆီသွားလည်ကြ…စကြနောက်ကြနဲ့အတော်လေးခင်နေကြတာ…အဲ့တာ သူ့စားဖို့ကျုပ်တို့တွေကအလှည့်ကျ
ထမင်းပို့ပေးနေကြတာအရီးရဲ့…”
“ဟဲ့…အဲ့သည်လိုပို့တော့ဟိုက စားရဲ့လား”
“စားတာပေါ့ဗျ…ကိုရွှေအ က ကျုပ်တို့ကို
စကားသာပြန်မပြောတာ ကျုပ်တို့
ကျွေးသမျှတော့အကုန်စားပြီးသားပဲ အရီးရဲ့…”
“အေး…ဒီလိုဆိုတော့လည်း
နင်တို့အုပ်စုကအတော်လေးစေတနာကောင်းကြသားပဲဟဲ့”
“အရီးကအခုမှသိတာလားဗျ”
“အေးလေ…”
“ဟာဗျာ…ဒါကတော့လွန် လွန် လွန်းတယ်ဗျာ…”
မောင်တိုးကမျက်နှာအိုကြီးဖြင့်ပြောတော့
ဒေါ်ဝင်းကတဟားဟားရယ်မောလေသည်။
“မောင်တိုးရောက်နေတာလား”
ဘွားမယ်စိန်ကွပ်ပျစ်ခင်းဆီသို့ဆင်းလာခဲ့သည်။
“ဟုတ်တယ်ဘွား”
“ထမင်းစားခဲ့ပြီလားကွဲ့…”
“စားပြီးပြီးဘွား…”
“အေး…တော်နေကဘွားကြားလိုက်တယ်…
မောင်ရင်ပြောတဲ့အရူးရွှေအ ဆိုတာ ဆံပင်ကအရှည်ကြီးနဲ့
အင်္ကျီမဝတ်ဘဲပုဆိုးတိုတိုဝတ်ပြီး
လျှောက်သွားနေတဲ့သူလား”
“ဟုတ်ပဗျာ…ဘွားတောင်တွေ့ဖူးတယ်လား”
“အေး…တွေ့ဖူးတယ်ဆိုတာထက် ဘွားဘုန်းကြီးကျောင်းက
အပြန်ဆိုရင် အနောက်ကနေတကောက်ကောက်လိုက်လာတော့
သိနေတာပါကွဲ့…”
“ဗျာ…ကိုရွှေအ ကြီးကဘွားနောက်ကိုလိုက်တယ်…”
“ဟုတ်ပ…ဒီကလေးကြည့်ရတာလည်း
စိတ်ကောင်းလေးရှိပုံရပါတယ်…
ဒါကြောင့်မလို့လည်းမောင်ရင်တို့တွေခင်နေကြတာမဟုတ်လား”
“ဟုတ်ပဗျာ…ကိုရွှေအ က ကလေးတွေဆိုရင်တော့အတူတူဆော့တယ်ဗျ…ကျုပ်တို့ရွာသားတွေကတော့
သူ့ကိုမြင်တာနဲ့စကားပြောချင်အောင် စကြ နောက်ကြတာပဲ…
ဒါလည်းသူကစိတ်မဆိုးရှာဘူးဗျ…”
မောင်တိုးစကားကြောင့်ဘွားမယ်စိန်ခေါင်းကိုညိတ်လိုက်သည်။
“ဒါနဲ့ကျုပ်ကိုအိမ်လာဖို့ဘွားကခေါ်ခိုင်းလိုက်တာဆို…”
“ဟုတ်ပ…မောင်ရင့်ကိုဘွား ပြောစရာရှိလို့
မြေးလေးကိုလွှတ်ပြီးခေါ်ခိုင်းလိုက်တာကွဲ့…
အခုကြည့်စမ်းပါဦး…ခေါ်သူကရောက်လာပြီး
ခေါ်ခိုင်းလိုက်တဲ့သူကအိမ်ကိုပြန်မရောက်သေးဘူး…
ဒီကလေးနဲ့တော့ခက်ပကွယ်…”
“အမေရယ်…အမေ့မြေးအကြောင်းလည်းသိရဲ့သားနဲ့”
ဘွားမယ်စိန်က ကွပ်ပျစ်၌ဝင်ထိုင်သည်။
ဒေါ်ဝင်းကအနီး၌ မြေပဲတောင့်ဆက်ခွဲနေ၏။
မောင်တိုးကတော့ထန်းလက်ခုံ၌ထိုင်ရင်းဘွားမယ်စိန်ပြောမည့်
စကားကိုနားစွင့်နေခဲ့သည်။
ဘွားမယ်စိန်က ကွပ်ပျစ်ခင်းပေါ်ရှိ အုန်းခွံခွက်ထဲ၌ထည့်ထားသော ပြောင်းဖူးဖက်ဆေးလိပ်ကိုယူကာ မီးညှိ့၍သောက်သည်။
ဆေးလိပ်ကိုမီးစွဲတာနှင့် ဖွာခနဲဖွာခနဲရှိုက်သောက်လိုက်ရာ
မီးခိုးငွေ့များက တလူလူထွက်လာခဲ့လေသည်။
ဆေးလိပ်သောက်လို့ပြီးတော့ပြာများအောက်သို့မကျစေရန်
အုန်းခွံခွက်ဖြင့်ခံကာထည့်ထားပြန်၏။
“ဒီလို…အခုဘွားပြောမယ့်စကားကိုမောင်ရင်
သေချာလေးသာနားထောင်…
တကယ်တော့ မောင်ရင်တို့ခေါ်နေတဲ့ အရူးရွှေအ ကို
ဘွားဆီကိုခေါ်လာပေးစေချင်တယ်…
ဒီကလေးကိုကြည့်ရတာလည်း
သာမာန်စိတ်ဖောက်ပြားနေတာမဟုတ်ဘူးလို့
ဘွားထင်တယ်ကွဲ့…
တပါးသူရဲ့အမှောင့်ပယောဂတစ်ခုခုကြောင့်သာ
သူအခုလိုဖြစ်နေတာလို့ပဲပြောရလိမ့်မယ်…”
“ဒါဆိုရင် ကိုရွှေအ ကို
ဘွားကုပေးနိုင်တယ်ပေါ့နော်…”
“ဒါပေါ့ကွယ်…”
“ဒါဆိုရင်အခုသွားခေါ်ရမလားဘွား…
ကျုပ်တော့ ကိုရွှေအ အတွက်ဝမ်းသာလိုက်တာဗျာ”
ဟုမောင်တိုး သည်ဝမ်းမြှောက်ဝမ်းသာဖြင့်
ထန်းလက်ခုံမှထ၍
ပြောလိုက်လေသည်။
ထိုအခါဘွားမယ်စိန်ကလက်ကာပြပြီး…
“ညနေလောက်မှပဲခေါ်လာခဲ့ပါ…
အခုချိန်ကတော့ နေပူပါတယ်ကွယ်…”
“ဟုတ်ကဲ့ဘွား”
“နောက်ပြီး မောင်ရင့်အစ်ကိုမောင်တိုးအခုတလော
ပျောက်လှပါလား…ဒီကောင်လေးဘယ်များသွားနေတာတုန်း”
“ကိုကြီးအုန်းက သူ့ရည်းစားအစ်မနုယဥ်အမေ
နေမကောင်းတာနဲ့ ထင်းခွဲရေခပ်အပြင်ဆေးဆရာပင့်တာပါ
သူကဦးစီးဦးဆောင်လုပ်နေရတယ်ဗျ…”
“အဲ့သည်လောက်တာဝန်ကျေနေတာကို
ဒင်းတို့ကမယူကြသေးဘူးလားဟဲ့”
“ကိုကြီးအုန်းက ယူချင်နေပြီအရီးရဲ့…
ခက်တာက အစ်မနုယဥ်အမေဗျ…
သူ့သမီးငယ်သေးတယ်ဆိုပြီး ကိုကြီးအုန်းနဲ့
မယူခိုင်းစေချင်သေးဘူးတဲ့ဗျာ…”
“အင်း…ငါတို့ငအုန်းကြီးလည်းဒုက္ခ…ဒုက္ခ…”
“ကဲ…ကဲ…ကဲ…မောင်ရင်…
မောင်နောင်ချိုတို့ကိုလည်းဒီအကြောင်းပြောခဲ့ဦးကွဲ့…
သူကဒီရွာကသူကြီးဆိုတော့သူ့လည်းပြောဦးမှဖြစ်မှာ…”
“စိတ်ချဘွား…ကျုပ်တို့သူကြီးကိုလည်း
သေချာပြောလိုက်ပါ့မယ်…
နောက်ပြီး…ကိုရွှေအ ကိုလည်း ညနေ ဘွားဆီအရောက်
ခေါ်လာခဲ့မယ်ဗျ…”
“အေး…အေး…အေး….”
မောင်တိုးနဲ့စကားပြောပြီးနောက် ဘွားမယ်စိန်လည်း
သူ့၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဆက်၍ဖွာရှိုက်ကာသောက်နေလေသည်။
ဒေါ်ဝင်းနဲ့မောင်တိုးတို့စကားဆက်ပြောနေကြပြီး
အတော်လေးကြာမှမောင်တိုးလည်းပြန်သွားတော့သည်။
ရွာထဲ၌လည်း ဘွားမယ်စိန်က အရူးကြီးရွှေအ ကို
စစ်ဆေးကုသပေးတော့မည်ဆိုသောသတင်းကြောင့်
အားလုံးက စိတ်ဝင်စားကုန်ကြ၏။
ညနေ သို့ရောက်တော့မောင်တိုးတို့မောင်အုန်းတို့တင်မကဘဲ
ရွာသူကြီးတို့လူစုကပါ အရူးကြီးရွှေအ ကိုသွားခေါ်ကြသည်။
များလှသောလူစုကြောင့်အရူးကြီး ရွှေအ အတော်လေးလန့်နေရှာသည်။
သူ့အားဝိုင်းဆွဲ ဝိုင်းချီကာခေါ်ကြတော့
ရွှေအ က အတင်းရုန်းကန်လေသည်။
“ရွှေအရေ မရုန်းနဲ့ကွ…မင်းကို တို့အဘွားက
ပျောက်အောင်ကုပေးမှာ…မင်းကောင်းဖို့ခေါ်တာ
ငါ့ကောင်ကြီးရ”
ဟုမောင်တိုးတို့က ဝိုင်းပြောကြသည်။
ထိုစကားများကို ရွှေအ က နားလည်သယောင်ဖြင့်
ငြိမ်ငြိမ်လေးလိုက်လာခဲ့၏။
အားလုံးကလည်း ရွှေအ ကိုကြည့်ရင်းဝမ်းသာနေကြသည်။
“ဘွား…ကျုပ်တို့လာပြီဗျို့…”
“ဟဲ့…ဟဲ့…ဟဲ့…လူတွေကများလှချည်လား”
တစ်ရွာလုံးရှိလူကြီးလူငယ်များအကုန်လိုက်လာကြ၍
ဒေါ်ဝင်းက အလန့်တကြားပြောလိုက်လေသည်။
ဘွားမယ်စိန်ကတော့ဝိုင်းထဲရောက်နေပြီဖြစ်သော
သူကြီးဦးနောင်ချိုကို…
“မောင်နောင်ချိုရေ…ဘွားအလုပ်ကို
အနှောက်အယှက်မဖြစ်ရင်ရပါတယ်…
သူတို့လည်းကြည့်ချင်ကြမှာပေါ့လေ…”
“ဟုတ်ကဲ့ဘွား…ကဲ ဘွားပြောတာကြားကြတယ်နော်
ကြည့်လို့ရတယ်…ဒါပေမယ့် ဘာစကားမှဝင်မပြောမိကြစေနဲ့”
သူကြီးဦးနောင်ချိုကပါအားလုံးကိုပြောလိုက်၍
ခြံဝိုင်းထဲရှိလူတွေကော…ခြံပြင်မှချောင်းကြည့်…
ကျော်ကြည့်နေကြသူများကော အသံတိတ်သွားကြတော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့က အရူးရွှေအ ကို
ဘွားမယ်စိန်အရှေ့သို့ခေါ်လာခဲ့သည်။
ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌ထိုင်မနေဘဲ
သူ၏တောင်ဝှေးကြီးထောက်၍မြေပေါ်၌ ခြေစုံရပ်နေခြင်းပင်။
“ရွှေအ…ဘွားကိုကန်တော့လိုက်”
မောင်အုန်းကပြောသော်လည်း ရွှေအ မြေကြီးပေါ်သို့
ထိုင်ချသည်။
ပြီးနောက် မြေကြီးခဲများကိုကောက်လိုက်၊ မြေကြီးကိုလက်ဖြစ်
ခြစ်လိုက်သာလုပ်နေခဲ့၏။
ဘွားမယ်စိန်က ရွှေအ ကိုကြည့်နေသည်။
ဘွားမယ်စိန်သည်မျက်တောင်ပင်မခတ်
ရွှေ ကိုစူးစိုက်ကာကြည့်နေခဲ့၏။
ထိုသို့ကြည့်နေရင်းရွှေအ၏ခေါင်းအထက်သို့ သူ၏
လက်ကိုအုပ်ကာတင်လိုက်ပြီး နှုတ်မှဖွင့်လိုက်ဟလိုက်ဖြင့်
အသံမထွက်ဘဲဂါထာရွှတ်နေလေသည်။
ဘွားမယ်စိန်ဂါထာရွှတ်တော့ ရွှေအ မှာ
သိသိသာသာငြိမ်သွား၏။
ဂါထာရွှတ်တာကိုအဆုံးသတ်ပြီးနောက်ဘွားမယ်စိန်သည်
ရွာသူကြီးတို့ကိုကြည့်၍…
“မှန်နေတယ်…ဒီကလေးကိုနှောက်ယှက်ထားသူ…
ပြုစားထားသူရှိနေတယ်…အဲ့သည်တော့ဘွားအနေနဲ့
အဲ့သည်နှောက်ယှက်ထားသူကိုခေါ်ရလိမ့်မယ်…
မောင်ရင်တို့အားလုံးဒီအနီးအနားကိုမကပ်ကြနဲ့…ခွာကြ…
သူ့ဘက်ကရန်ပြုရင်မောင်ရင်တို့ကိုထိခိုက်ကုန်လိမ့်မယ်…”
ဟုပြောတော့သူကြီးနဲ့မောင်တိုးတို့လည်း
နောက်ဆုတ်ကုန်ကြသည်။
ဘွားမယ်စိန်ကတော့ ရွှေအ ကိုကြည့်နေသည်။
ကြည့်နေရင်းမှ…
“ကဲ…ငါမယ်စိန်ခေါ်မယ်…
ဆရာသခင်ရဲ့အာဏာစက်…ဟောသည်သောင်ထွန်းရွာက
မယ်စိန်ရဲ့အာဏာစက်နဲ့ ဟောသည်ငါ၏အရှေ့မှာရှိနေတဲ့
မောင် ရွှေအ ကိုမကောင်းသောအတတ်နဲ့
နှောက်ယှက်ထားသူ…ကြားစေ…သိစေ…မြင်စေဟဲ့…
သင့်ကိုယခုကျွန်ုပ်ခေါ်သည် ပုန်း၍မရ…
ထွက်၍မရ…ကွယ်၍မရ…လုပ်သူကိုယ်တိုင်
အရောက်လာစေရမယ်ဟဲ့………..”
ဟုအစချီပြီးနောက် ဂါထာရွှတ်တော့သည်။
ဘွားမယ်စိန်ဂါထာလည်းဆုံးလေတော့ ရွှေအ သည်ခေါင်းကြီးငိုက်စိုက်ကြီးဖြစ်လို့သွား၏။
“ရောက်ပြီလား…”
ဘွားမယ်စိန်ကမေးသည် သို့သော်ပြန်၍မဖြေ။
“ဒုတ်… ”
ဘွားမယ်စိန်ကတောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သည်။
ချက်ချင်းလန့်ဖြန့်သယောင်ဖြင့်ခေါင်းကိုမော့လာ၏။
“နင်ဘာကြောင့်ဒီကလေးဘဝပျက်အောင်
လုပ်ထားရတာလဲ…ပြောစမ်း”
“ဝင်…မ…ရှုပ်…နဲ့……..”
ဟုဘွားမယ်စိန်ကို အော်လေသည်။
ရွှေအ ၏မျက်လုံးကြီးကလည်းနီရဲလို့နေ၏။
ဒေါသထွက်နေယုံမကအံကြီးကိုကြိတ်၍ပြောနေခြင်းပင်။
“ဟဲ့ကောင်မ…နင် မယ်စိန်ကိုစမ်းတာလား…
သူတပါးကိုဘဝပျက်လောက်အောင်ထိပြုစားရအောင်
ဒီကလေးက နင့်အပေါ်ဘာအမှားလုပ်ထားလို့တုန်းဟဲ့…”
ဘွားမယ်စိန်ကလည်း လေသံမာမာဖြင့်မေးလေသည်။
“ဒီအကောင်က…….လူယုတ်မာ….”
ရွှေအ သူ့ကိုသူလက်ညိုးထိုးပြောသည်။
ဘွားမယ်စိန်ကလည်း…
“နင့်ကိုသူဘာတွေယုတ်မာသလဲ…ပြောစမ်း…
နင်မှန်ရင်တော့နင့်ကိုငါဒီအတိုင်းပြန်လွှတ်ပေးမယ်…
အေး..နင်မှားတယ်ဆိုရင်တော့ နင့်ကိုငါခွင့်မလွှတ်ဘူး…”
ဟု…ပြောလေတော့ ရွှေအ က ခေါင်းကြီးကို
တဆတ်ဆတ်ညိတ်သည်။
“ဒီအကောင့်ကိုငါမုန်းတယ်…
ဒင်း ငါ့ညီမကိုထားသွားတာ…
ဒင်း ငါ့ညီမကိုထားသွားပြီးတော့
တခြားသူနဲ့ပျော်ပျော်ကြီးလက်ထပ်ဖို့လုပ်နေတာလေ…
ဒါကြောင့် ငါ ဒင်းကိုမကျေနပ်ဘူး…”
ဟုအံကြီးကိုကြိတ်၍ပြောပြန်သည်။
လေသံကအစမာနေ၏။
“အင်း…ခက်တယ်…ခက်တယ်…
လူငယ်တွေရဲ့ကိစ္စကို အခုလိုညည်းကညည်းရဲ့
ပညာနဲ့တစ်ဖက်သားဒုက္ခရောက်အောင်လုပ်လိုက်တာပဲအေ့…”
“ကျုပ်လုပ်တာမှန်တယ်…
ကျုပ်ကိစ္စမှာ တော်ဝင်မပါနဲ့…”
“ဟဲ့….ငါဝင်မပါနဲ့လို့ပြောရအောင်
ဒီကလေးနဲ့ညည်းညီမကိစ္စကိုရောညည်းဘာကြောင့်
ဝင်ပါခဲ့တာလဲ…”
ဟု…ဘွားမယ်စိန်ကပြောတော့
ငြိမ်သွားလေသည်။
“ဒီမယ်…ငါပြောမယ်…ညည်းဒီကလေးကိုရူးအောင်
ကြောင်အောင်လုပ်ထားသမျှကိုပြန်နုတ်သွား…
ဒီလိုမှ ညည်းမလုပ်ဖူးဆိုရင် ညည်းအသေထွက်မလား…
အရှင်ထွက်မလားသာဆုံးဖြတ်လိုက်တော့…”
ဟု ဘွားမယ်စိန်ကပြောတော့ စဥ်းစားသယောင်ဖြင့်
ငြိမ်သွားလေသည်။
“ဟဲ့…ငါပြောတာကြားသလား”
ဘွားမယ်စိန်က ပြောလိုက်တော့လန့်သွားသယောင်ဖြင့်
“ကျုပ်နဲ့အမေကြီးနဲ့ပညာအဆင့်မတူမှန်း
ကျုပ်သိပါတယ်…ဒါပေမယ့်…ဒါပေမယ့်…………”
“ဒါဆိုရင် ညည်းကငါနဲ့ယှဥ်ချင်တာပေါ့လေ…
ဟုတ်သလားဟဲ့…”
“အမေကြီးရယ်…ကျုပ်တောင်းဆိုပါတယ်…
ဒီကိစ္စလေးကိုကျော်သွားပေးလို့ရမလားတော်…
ကျုပ်တောင်းဆိုတာပါ…”
“အိုအေ…ညည်းအတော်ခက်တဲ့မိန်းမပဲ…
ဒါဆိုရင်တော့ငါညည်းပညာတွေကိုပါ
နုတ်ပစ်မှရတော့မယ်အေ့…ဒါညည်းရွေးချယ်မှုလား…”
“ရှင်……….”
“ကဲပြော…အသေထွက်မလား…အရှင်ထွက်မလား”
ဘွားမယ်စိန်ကလည်းအလျော့မပေးဘဲ
မေးနေသည်။
ရွှေအ သက်ပြင်းကြီးချ၍…
“ဟင်း…ကျုပ် အလျော့ပေးပါတယ်…
ကျုပ်ပညာတွေတော့မစွန့်ပါရစေနဲ့…
ဒီအကောင့်ကိုယ်ထဲမှာရှိတဲ့ ကျုပ်ပညာတွေကို
ကျုပ်နုတ်ပေးပါ့မယ်…”
“အေး…နုတ်ပေး…နုတ်ပေးပြီးရင်တောင်
ညည်းဒီကလေးကိုထပ်ပြီး ဒုက္ခမပေးပါဘူးလို့ကျိန်ရမယ်…
ဒါမှ ညည်းကိုငါခွင့်လွှတ်ပေးမယ်…”
ဘွားမယ်စိန်ပြောတာကိုခေါင်းညိတ်ပြလေသည်။
ခေါင်းမှခြေအဆုံးထိ လက်ဖြင့် သက်ချပြီးလေတော့
သူ၏ရင်ဘက်ကိုသုံးခါသက်ချလိုက်သည်။
“ရော့…ဒီထဲအန်ချလိုက်…”
ပညာသည်များပညာပြန်နုတ်ရာ၌ သုံးနေကြဖြစ်သော
လင်ဗန်းကိုဘွားမယ်စိန်ကချပေးလိုက်သည်။
ရွှေအ ကလည်းပါးစပ်အတွင်းလက်ကိုထိုးပြီး
အန်ချ၏။
“ကုန်ပြီလား ညည်းအပင်းက
ဒီလောက်သေချာလား….ငါစစ်ကြည့်လို့တွေ့ရင်
ညည်းအသေပဲနော်…”
“ကျုပ်အကုန်နုတ်ထားထာပါ…
ဘာမှမကျန်တော့တာသေချာပါတယ် အမေကြီး”
“အေး…ဒါဆိုရင်ရပြီ…ချထားလိုက်တော့….
အခုငါညည်းကိုသစ္စာရေတိုက်မယ်…
ဒါမှညည်းနောက်နောင်ဒီကလေးကိုဒုက္ခပေးလို့မရမှာ…
ငါ့ဘက်ကအခုလို ညည်းကိုငဲ့ညှာပေးခဲ့တာကို
ညည်းမလိုက်နာရင်တော့သစ္စာစူးပြီးဘေးတွေ့ရလိမ့်မယ်
ဆိုတာမမေ့လေနဲ့အေ့…”
“ဟုတ်ကဲ့…”
ဘွားမယ်စိန်သည် ဒေါ်ဝင်းကိုရေတစ်ခွက်ခပ်ခိုင်း၏။
ပြီးနောက်ထိုရေခွက်ကို ရွှေအ အားကိုင်ထားစေပြီး
သစ္စာဆိုခိုင်းလေသည်။
သစ္စာဆိုလို့ပြီးလေမှ…
“ကဲ…ညည်းလိုရာကိုသွားနိုင်ပြီ…
ညည်းကို ချုပ်ထား…နှောင်ထားတာတွေကင်းစေ…”
ဟုပြောလိုက်တော့ ချက်ချင်းပင် ရွှေအ ၏ကိုယ်သည်
တုန်ကာတက်သွားပြီးနောက် မြေပေါ်သို့ဘုန်းခနဲလဲကျ
သွားတော့၏။
“မောင်ရင်တို့ သူ့ကိုကွပ်ပျစ်ပေါ်ဝိုင်းတင်ပေးကြပေတော့”
“ဟုတ်ကဲ့ဘွား”
“မိဝင်း…လင်ဗန်းထဲကဟာတွေကို ညည်းတူမောင်အုန်းကို
သွားမြုပ်ခိုင်းချေ”
“ဟုတ်အမေ”
မောင်တိုးနဲ့ရွာသားတွေက သတိမရသေးသော ရွှေအ၏
ကိုယ်လုံးကိုဝိုင်းမပြီးကွပ်ပျစ်ပေါ်တင်ပေးကြသည်။
မောင်အုန်းကတော့ သွေးများရဲရဲထနေသော
လင်ဗန်းထဲမှ အပင်းများကိုသွား၍မြုပ်ရ၏။
ရွာသူ၊ရွာသားတွေကလည်း ရွှေအ မည်သို့ဆက်ဖြစ်မလဲ
သိချင်ကြသည်။
တချို့ကတော့ပြန်ကုန်ကြ၏။
ဘွားမယ်စိန်က ရွှေအ ၏ မျက်နှာနှင့်တစ်ကိုယ်လုံးအနှံ့ကို
ရေမန်းဖြင့်ဖြန်းပေးလေသည်။
ရွှေအ သတိရလာတာကိုစောင့်ရင်းမိုးပင်ချုပ်လာပြီဖြစ်၏။
“အင်း….ဟင်း….”
ရွှေအ သတိပြန်ရလာသည်။
သူ၏မျက်လုံးများကိုလက်ဖြင့်ပွတ်သပ်ရင်းနိုးထလာခဲ့ပြီးနောက်….
“ဟင်….ခင်…ခင်ဗျားတို့ကဘယ်သူတွေလဲ”
ဟုအလန့်တကြားဖြင့် ထအော်လေသည်။
“ရွှေအ…သတိရပြီဟေ့…
သူစကားပြောတတ်တယ်ဟ…”
ဟု ဝမ်းသာအားရဖြင့်အော်ပြောကြသည်။
” ဝမ်းသာလိုက်တာရွှေအ ရာ…
တော်သေးတာပေါ့ ဘွား မင်းကို ကယ်လိုက်လို့ပေါ့…
မဟုတ်ရင် မင်းဘဝမတွေးရဲဘူးဟေ့”
ဟုပြောနေသောမောင်တိုးနဲ့ရွာသားများကို
ကြည့်ရင်း ရွှေအ နားမလည်သယောင်ဖြင့်
“ရွှေအ…ဘယ်သူလဲရွှေအ က
ကျုပ်နာမည် ဘခင်ပါဗျ”
“ဟေ…ရွှေအ နာမည်ကဘခင်တဲ့လား…”
အားလုံးကလည်း ရွှေအ နာမည်ကိုသိကုန်ကြသည်။
“နေပါဦးဗျာ…ခင်ဗျားတို့ကဘယ်သူတွေတုန်း…
ကျုပ်အဖေနဲ့အမေကိုလည်းမတွေ့ပါလား…
ကျုပ်ဘယ်ကိုရောက်နေတာလဲဗျ…”
ဘခင်အတော်လေးစိတ်ရှုပ်နေသည်။
သူ့အားဝမ်းသာအားရကြည့်နေသောအမျိုးသားများနဲ့
အမျိုးသမီးများကိုသူလုံးဝမသိပေ။
“ကဲ…ကဲ…မောင်နောင်ချို…
သူဒီရွာဆီကိုရောက်လာခဲ့ပုံနဲ့
အခုဖြစ်သမျှအကြောင်းစုံကိုလည်းပြောပြလိုက်ပါဦး…”
ဟုဘွားမယ်စိန်ကပြောလိုက်လေသည်။
သူကြီးဦးနောင်ချိုကလည်း…
“ငါ့တူ ဦးကြီးကဒီသောင်ထွန်းရွာရဲ့သူကြီးပါကွာ…
မင်း…တို့ရွာကိုစရောက်လာတာနှစ်ပတ်လောက်တော့ရှိပြီ…
မင်းကစိတ်ပုံမှန်မဟုတ်ဘဲ တို့ရွာထိပ်က
အပင်အောက်မှာပဲနေတယ်…
အဲ့သည်အပင်အောက်မှာပဲတို့ရွာသားတွေကမင်းအတွက်ထမင်းဟင်းလာပို့ပေးကြတာပေါ့ကွာ…………”
ဟုအစချီကာအဖြစ်အပျက်အစုံကိုရှင်းပြလိုက်လေတော့သည်။
ဘခင်ကလည်းသူ၏အဖြစ်ကိုနားထောင်ရင်း
အတော်လေးအံ့သြနေခဲ့၏။
ပြီးလေမှ ဘွားမယ်စိန်ကိုကြည့်၍….
“ကျုပ်အဖြစ်ကအတော်လေးဆိုးဝါးတာပဲဗျာ…
တကယ်တော့ကျုပ်က ပူကင်းရွာကပါ
ကျုပ်အဖေနာမည်ကဦးသောင်းပါအမေနာမည်ကတော့
ဒေါ်စောလို့ခေါ်ကြပါတယ်…။
ပူကင်းရွာမှာဆိုရင်
ကျုပ်မိဘများကလူချမ်းသာတွေပါအမေကြီးရယ်…
ကျုပ်ကမိကောင်းဖခင်သားသမီးပါဗျာ…
နောက်ပြီးကျုပ်ဘဝကိုအခုလိုလုပ်ခဲ့တဲ့သူက
ကျုပ်သူငယ်ချင်းရွာက မခွာညိုရဲ့အစ်မလို့ထင်ပါရဲ့လေ…
တကယ်တော့…
ကျုပ်သူ့ညီမနဲ့ချစ်သူတွေဖြစ်ခဲ့တာမှန်ပါတယ်…
ကျုပ်ဘက်ကလည်းမေတ္တာအစစ်နဲ့ချစ်ခဲ့တာပါပဲဗျာ…
ဒါပေမယ့် မခွာညိုကမိန်းမလည်ပါ…
ကျုပ်မိဘများရဲ့ချမ်းသာမှုကြောင့်ကျုပ်က်ို
သူကပ်တွယ်နေတယ်ဆိုတာကျုပ်သိလိုက်ရပါတယ်…
ဒါကိုသိလို့လည်းကျုပ်သူနဲ့လက်တွဲဖြုတ်ပြီး
မိဘများပေးစားမယ့်သူကိုရွေးချယ်ခဲ့တာပါ…
ဒါအမှန်တရားပါပဲအမေကြီးရယ်…”
ဟုပြောလေတော့ဘွားမယ်စ်ိန်ကခေါင်းကိုညိတ်၍…
“အင်းလေ…ဘွားဘက်ကမောင်ရင့်ကိုနောက်မနှောက်ယှက်တော့ဖို့ကိုလည်းသစ္စာဆိုခိုင်းထားပါပြီ…
ဒီတော့မောင်ရင်လေးဘက်ကလည်း သူတို့ကိုလက်စားချေချင်စိတ်နဲ့မတုန့်ပြန်ပါနဲ့တော့လို့ပဲဘွားပြောချင်တယ်ကွယ်…
ပြုသူအသစ်..ဖြစ်သူအဟောင်းပေါ့…”
“ဟူးးးး…ဟုတ်ကဲ့ပါအမေကြီး…
ကျုပ်ဘက်ကလည်းကျုပ်ကိုစောင့်ရှောက်ပေးခဲ့တဲ့အမေကြီးတို့ရွာသူ၊ရွာသားတွေကော…ကျုပ်ဘဝကိုနွံထဲက
ဆွဲတင်ပေးခဲ့တဲ့အမေကြီးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ…
ဒီကျေးဇူးတွေက
ကျုပ်သေတဲ့အထိဆပ်လို့ကုန်မယ်မထင်ပါဘူး…”
ဟုဆိုကာ ဘွားမယ်စိန်ကိုလက်အုပ်ချီကာကန်တော့လေသည်။
ပြီးနောက်ရွာသူ၊ရွာသားတွေကိုလည်းကန်တော့ရှာ၏။
အားလုံးကတော့ ဘခင်ကိုကြည့်၍ဝမ်းသာနေကြရှာသည်။
ထိုသို့စကားပြောဆိုပြီးနောက် သူကြီးဦးနောင်ချိုက
ဘခင် ကိုသူ၏နေအိမ်ဆီကိုခေါ်သွားလေသည်။
ဘခင်အတွက်အဝတ်အစားကအစစီစဥ်ပေးရှာ၏။
နောက်ရက်မနက်ရောက်တော့ ဘခင်သူ၏ရွာကိုပြန်သွားပြီဆိုသော သတင်းကြောင့်အားလုံးမှာ စိတ်မကောင်းဖြစ်ကြရပြန်သည်။
“အေးပေါ့လေ….သူလည်းပြန်ကောင်းသွားပြီဆိုတော့
သူ့အရပ်သူပြန်ရှာမှာပေါ့”
ဟုပြောရင်း ဖြေသိမ့်ကြရ၏။
သို့သော်မကြာပါဘခင်ကသူ၏မိဘများကိုပါ
အတူခေါ်လာပြီးသောင်ထွန်းရွာသို့ပြန်ရောက်လာခဲ့၏။
ဘခင်သည်…ဆံပင်ရှည်ကြီးကိုဖီးသင်ကာသျှောင်ထုံး
ထုံးထားသည့်အပြင် အဝတ်အစားကအစ
သန့်သန့်ပြန့်ပြန့်လေးဝတ်ဆင်လို့ထားရှာသည်။
ထိုသို့ ဘွားမယ်စိန်၏နေအိမ်သို့ရောက်လာကြပြီး….
“အမေကြီးရယ်…ကျုပ်တို့မှာဒီသားလေးပဲရှိတာပါ
သူစိတ်လွှတ်နေချိန်လည်းကျုပ်တို့မှာဆေးဆရာအစုံရှာပြီး
ကုပေးနေတဲ့ကြားကမှပျောက်သွားခဲ့တာပါ…
အခုလိုအမေကြီးတို့တစ်ရွာလုံးကစောင့်ရှောက်
ပေးထားယုံတင်မကဘဲ…လူကောင်းပကတိဖြစ်အောင်
လုပ်ပေးတဲ့အတွက် ဒီကျေးဇူးတွေဆပ်လို့မကုန်နိုင်ပါဘူးရှင်”
ဟု…ဒေါ်စောက ပြောလေသည်။
ထိုသို့ဖြင့်ဘခင်မိဘများကဘွားမယ်စိန်တင်မကဘဲ
တစ်ရွာလုံးကိုပါကျေးဇူးတင်စကားပြောရှာသည်။
ဘခင်အပေါ်ကျေးဇူးရှိသောသောင်ထွန်းရွာကိုလည်းလုံးဝ
မမေ့ကြောင်းပြောပြီး…သောင်ထွန်းရွာ၌အလှူလုပ်မည့်အကြောင်းကိုပါပြောလေတော့ တစ်ရွာလုံးဝမ်းသာကြရပြန်သည်။
တစ်ရွာလုံးမီးခိုးတိတ်အလှူလုပ်မည့်အပြင်ရွာဦးစေတီကိုပါပြုပြင်ပေးမည်ဖြစ်ကြောင်း ဘခင်အဖေကပြော၏။
ထိုအလှူကိုလည်းတစ်ရွာလုံးကဝိုင်းဝန်းကူညီမည်ဟုပြောရင်း
ပျော်လို့မဆုံးဖြစ်ကြရပြန်သည်။
အလှူလုပ်မည့်ရက်၌လည်းအားလုံးတပျော်တပါးထဲ
ပါဝင်ခဲ့ကြ၍ အလှူပွဲမှာလည်းအောင်အောင်မြင်မြင်ပင်
ပြီးဆုံးခဲ့လေသည်။
ထိုတင်မကသေးမခွာညိုတို့ညီအစ်မကိုလည်း
ဘခင်နှင့်ဘခင်၏မိဘများက မည်သို့မှ
မတုန့်ပြန်တော့ဘဲ ခွင့်လွှတ်ပေးလိုက်ကြလေသည်။
ပြီးပါပြီ။
စာရေသူ ယဥ်မင်း (ကန့်ဘလူ)အားလေးစားလျက်
ရွင်လန်းချမ်းမြေ့ကြပါစေ
Like&shareလေးနဲ့အားပေးပါအုံး