အမေဂျမ်းနတ်ကွန်းမှ ဖြစ်ရပ်ဆန်း

အမေဂျမ်းနတ်ကွန်းမှ ဖြစ်ရပ်ဆန်း
ထိုစဉ်က ကျွန်ုပ်သည် အထက်မြန်မာပြည် ရွှေဘိုဒိစတြိတ်…..မြို့ ကလေးတွင် အက်စ်အိုင်ပီခေါ် ရာဇဝတ်အုပ်အဖြစ် အမှုထမ်းနေဆဲဖြစ်၏။ ကျွန်ုပ်မှာ ရာဇဝတ်အုပ်အဖြစ် အမှုထမ်းခါစ ဖြစ်သည့်အတွက်ကြောင့် တစ်ကြောင်း၊ လူငယ်တစ်ယောက်မျှသာဖြစ်သည့်အလျောက် အတွေ့အကြုံ နည်းသေးသည့် အတွက်ကြောင့် တစ်ကြောင်း၊ မိမိထက် အသက်အရွယ်နှင့် အတွေ့အကြုံ ရှိသူ လူကြီးများထံမှ စကားကို နားထောင်သူ သက်သက်မျှ သာဖြစ်၏။
ကျွန်ုပ်သည် မနက်လင်းလျှင် ကာကာမောင်စိန်ဆိုင်သို့သွား၍ ထိုင် တတ်ကြောင်းကို ပြောခဲ့ဖူးလေပြီ။ ထိုမနက်လင်းလျှင် လက်ဖက်ရည်ဆိုင် သို့သွား၍ထိုင်ခြင်းမှာ အခြားကြောင့်မဟုတ်။ ကျွန်ုပ်ထက် ဗဟုသုတ ပြည့်စုံ သူများထံမှ မှတ်သားဖွယ်စကားများ၊ ဗဟုသုတများကို ကြားရသောကြောင့် ဖြစ်၏။ ဥပမာအားဖြင့် ကျွန်ုပ်တို့ဝိုင်းတွင် ထိုင်လေ့ရှိသော မြေတိုင်းဆရာ ကြီး ဦးဘကွန့်ထံမှ ကျွန်ုပ်တို့ သိမီလိုက်ခြင်းမရှိသော အကြောင်းအရာ များကို ကြားရ၏။ သင်္ဂြိုဟ် ဆရာဦးသက်ရှည်ထံမှ လောကုတ္တရာ စကား များ၊ စာပေဗဟုသုတများကို ကြားရ၏။ ရှေ့နေ ကိုကျောင်းမောင်ထံမှ ဥပဒေနှင့်ပတ်သက်သော ဗဟုသုတများကို မှတ်သားရ၏။ ဆရာဝန် ဒေါက်တာထွန်းမောင်မှာ အယ်လ်၊ အမ်ပီ ဘွဲ့ ရရှိခဲ့ပြီးနောက် အမြို့မြို့ အနယ်နယ်တွင် အမှုထမ်းခဲ့ဖူးသည့်အတွက် သူ့ထံမှ ဆေးပညာဆိုင်ရာဗဟုသုတများကို နာယူရ၏။ စာသင်ကြီး ဦးကြာခိုင်ထံမှမူကား ကျွန်ုပ်တို့ မမီလိုက်သော ခေတ်က ပုလိပ်ဘက်ဆိုင်ရာ အတွေ့အကြုံများနှင့်တကွ ဆာဗီးလင့်ခေါ် ဆားပုလင်းဘဝက သူစုံစမ်းထောက်လှမ်းခဲ့သော အမှုများ အကြောင်းကို ကြားရတတ်၏။
ထို့ကြောင့် ကာကာမောင်စိန်၏ လက်ဖက်ရည်ဆိုင်သည် ကျွန်ုပ်အဖို့ လောက၏ ပညာရည်နို့ကိုသောက်စို့ရာ ဘဝတက္ကသိုလ်ကြီးနှင့် တူ၏။
တစ်နေ့မနက်၌ ကျွန်ုပ်သည် တောတက်ရာမှပြန်လာခဲ့ပြီးနောက် (ထိုစဉ် က အရာရှိများ တိုရင်းခေါ် နယ်လှည့်ခရီးထွက်သည်ကို တောတက်သည် ဟုခေါ်ကြ၏။) ဌာနဝင်းထဲရှိ ဂါတ်တန်းလျားသို့ မပြန်သေးဘဲ ကျွန်ုပ် သွားနေကျ မောင်စိန်ဆိုင်သို့လာခဲ့ရာ တမာပင်ရိပ်အောက်တွင် ကျွန်ုပ်တို့ အဖွဲ့သားများ အစုံအညီရောက်နေသည်ကို တွေ့ရကာ ယမန့်နေ့ညက မြို့လယ်စီနီမာရုံကြီးတွင် ပြသနေသော ဓာတ်ရှင်ကားအကြောင်းကို ပြော ဆိုနေကြသည်ကို တွေ့ရ၏။ (ထိုစဉ်က ကျွန်ုပ်အမှုထမ်းရာမြို့တွင် ရုပ် ရှင်ဟုလည်းကောင်း၊ ဘိုင်စကုတ်ဟုလည်းကောင်း မခေါ်ဘဲ ဓာတ်ရှင်ဟု ခေါ်ကြ၏။)
၎င်းတို့တစ်သိုက်ပြောနေသည့် ဓာတ်ရှင်မှာ အေဝမ်းဖလင်မှ ရိုက်ကူး ပြသ၍ ဘမြင့်နှင့် မေသန်းတို့ ပါဝင်သော “နှစ်ဆောင်ပြိုင်” အမည်ရှိ ဓာတ်ရှင်ကားဖြစ်၏။ ကျွန်ုပ်မှာ ထိုဓာတ်ရှင်ကားကို ကြည့်ချင်သည့်တိုင် တောတက်သွားနေရသည့်အတွက် မကြည့်ရသေးချေ။
“ကျွန်တော်တို့လင်မယား မနေ့ညက အဲဒီဓာတ်ရှင်ကား သွားကြည့် တာဗျာ၊ အပြန်ကျတော့ မိန်းမက ကြောက်လို့တဲ့၊ တစ်ညလုံး ကောင်း ကောင်းမအိပ်ဘူး”ဟု ဆရာဝန်လေး ဒေါက်တာထွန်းမောင်က ပြောလေ လျှင် အာသွက်လျှာသွက်ရှိသော ရှေ့နေ ကိုကျောင်းမောင်က…
“ဒီတော့ ခင်ဗျားက ချော့သိပ်ရော့လား၊ ဟဲ…ဟဲ”
“အမယ်၊ ဟဲ..ဟဲ မလုပ်နဲ့ဗျ၊ တကယ်ချော့သိပ်ရတာ၊ ချော့သိပ်ပေ မဲ့လည်း ဓာတ်ရှင်ကားထဲက နာနာဘာဝကြီးကို မြင်နေလို့တဲ့၊ အိပ်လို့ကို မပျော်ဘူး၊ ဒါနဲ့”
“ဒါနဲ့ ခင်ဗျားက…”
ကိုကျောင်းမောင်၏ မျက်နှာမှာ မချိုမချဉ်ဖြစ်၏။
“ဒါနဲ့ ကျွန်တော်က ဖီနိုတစ်လုံး တိုက်လိုက်တော့မှ အိပ်သွားတယ်”
ကျွန်ုပ်တို့ လူငယ်တစ်သိုက်မှာ တဟဲဟဲ ဖြစ်နေကြ၏။ ဤတွင် မြေတိုင်းစာရေးကြီး ဦးဘကွန့်က လွယ်အိတ်ခပ်နွမ်းနွမ်းထဲမှ ကွမ်းအစ်ကို ဖွင့်၍ ကွမ်းတစ်ယာကို ယာရင်း…
“မရယ်ကြနဲ့ဗျ။ ကျုပ်တို့ကတော့ ပရလောကဆိုတာ ရှိတယ်လို့ ထင်တာပဲ၊ ကျုပ် မြေတိုင်းစာရေးပေါက်စတုန်းက တော်တော်ထူးဆန်းတဲ့ ဖြစ်ရပ်ဆန်းတစ်ရပ်ကို တွေ့ခဲ့ဖူးတယ်”
“ပြောပြလိုက်စမ်းပါ ဦးလေးကွန့်ရာ၊ တစ်ဆိတ်ရှိရင် ဒီလူတွေဟာ နောက်ဖို့၊ ပြောင်ဖို့ပဲ တတ်တယ်။ ဂါထာပေး တေးဖြစ်ဆိုသလို ဒီလူ တွေရဲ့ပါးစပ်ထဲရောက်ရင် တော်တော်တန်တန်စကားလည်း အလကားဖြစ် ကုန်တော့တာပဲ”
ဆရာဝန်လေး ဒေါက်တာထွန်းမောင်က ပြော၏။ မြေတိုင်းဆရာကြီး ဦးဘကွန့်သည် ကွမ်းသွေးကို တစ်ချက်ထွေးလိုက်ပြီးနောက် နှုတ်ခမ်းတွင် ပေနေသည့် ကွမ်းတံတွေးများကို လက်ဖြင့်သပ်ကာ ပလုတ်ပလောင်း အသံ ဖြင့်…
“ဒါကတော့ ကိုရင်တို့ သဘောပေါ့လေ၊ ယုံချင်မှလည်း ယုံကြပေါ့။ ကျုပ်တော့ အဲဒီတုန်းကအဖြစ်ကို မြင်ပြီး ဖျားယူမတတ်ဘဲ။ ဒီနေ့အထိ လည်း အဲဒီအကြောင်းကို ပြန်တွေးလိုက်ရင် ကျုပ်စိတ်ထဲမှာ ကြက်သီးတွေ တဖြန်းဖြန်း ထနေတုန်းပဲ ရှိသေးတယ်။ ကိုရင်တို့ပဲ စဉ်းစားကြည့်လေ၊ ကိုယ့်ရှေ့မှာတင် လူတစ်ယောက် အကောင်းပကတိကြီးကနေပြီး နတ်ကိုင် ရသလိုဖြစ်ပြီး စင်းစင်းကြီးသေသွားတာ မကြောက်ဘဲ ရှိပါ့မလား”
“စာရေးကြီးပြောတာနဲ့ ကျွန်တော် ခေါင်းနားပန်းကြီးချင်လာပြီ” ဟု စာသင်ကြီး ဦးကြာခိုင်က ဗိုလ်လသာ ဆေးပြင်းလိပ်ကြီးကို ပါးစပ်မှချွတ်ပြီး ပြောလိုက်၏။
“ဟုတ်တယ်ဗျ၊ တကယ်ခေါင်းနားပန်းကြီးမယ်ဆိုရင်လည်း ကြီးစရာ ကြီး၊ ကျုပ်လည်းအရင်တုန်းက ပရလောကတို့ကို တယ်ပြီး ယုံကြည်လှတယ် မဟုတ်ပါဘူး။ အတိတ်တို့၊ နိမိတ်တို့၊ ဥပါဒါန်တို့ကိုလည်း တယ်ပြီး စိတ် ထဲမှာ အလေးအနက် မထားပါဘူး။ ဒါပေမဲ့ အဲဒီအဖြစ်ကို တွေ့ပြီးတဲ့နောက်ကတည်းက အတိတ်၊ နိမိတ်၊ ဥပါဒါန် အစွဲအလမ်းတို့ကို ယုံတဲ့ လူကိုတွေ့ရင် သိပ်မရယ်ရဲတော့ဘူးဗျ။ ဘယ်သူက ဘယ်လိုပဲ ပြောပြော၊ ပရလောကဆိုတာ ရှိတယ်။ အတိတ် နိမိတ်တို့၊ ဥပါဒါန်တို့ဆိုတာ ရှိတယ် လို့ ယုံကြည်သွားတယ်။ “နှစ်ဆောင်ပြိုင်” ဓာတ်ရှင်ကားထဲကလိုပဲ နေရာတစ်ခု၊ အိမ်တစ်အိမ်ဟာ လူတစ်ယောက်ရဲ့ စိတ်ကို ချောက်ချားစေ နိုင်တယ်။ ဒါမှမဟုတ် ရွှင်လန်းစေနိုင်တယ်ဆိုတာကို ကျုပ် ယုံသွားတယ်”
သင်္ဂြိုဟ်ဆရာ ဦးသက်ရှည်က အဖန်ပန်းကန်ကိုကောက်၍ တရှုပ်ရှုပ် မြည်အောင် သောက်လိုက်လျက်…
“ရှိ၊ မရှိတော့ မပြောတတ်ဘူးဗျာ။ မြို့အထွက် မန်ကျည်းပင်နားက မီးလောင်သွားတဲ့ အရင် လမ်းရုံးဗိုလ်တဲကြီး ရှိပါကောလား။ ပန်ချာပီ လမ်းဗိုလ်ကြီးဂူရ ဝမ်းဆင်ရောက်ခါစက အိမ်မရှိလို့ ဗိုလ်တဲပေါ်တက်နေ တယ်လေ။ ပစ္စည်းတွေ ခဏခဏပျောက်လွန်းလို့ နောက်တော့ ပန်ချာ ပီကြီးက တခြားကို ပြောင်းပြေးရတယ်မဟုတ်လား။ နောက်ပြောင်းလာ တဲ့ အသစ်မြို့အုပ်ကလေးကျတော့လည်း လှေကားပေါ်က လိမ့်ကျလို့ ခြေတစ်ဖက် ကျိုးသွားတယ်လေ။ နောက်ဆုံးနေသွားတဲ့ ငွေတိုက်ဝန်ထောက် ဦးဖိုးစိန်ကျတော့လည်း ဆေးရုံတက်ပြီး ဗိုက်ခွဲရတယ် မဟုတ်လား၊ အဲဒီ ဗိုလ်တဲကြီးက ခိုက်တယ်လို့ နာမည်ကြီးနေတာပဲ။ မီးလောင်သွားတော့မှ ကိစ္စပြတ်သွားတော့တယ်”
“ကျွန်တော်ကတော့ ဒါတွေဟာ အစွဲအလမ်းလို့ပဲ ယုံတယ်ခင်ဗျာ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ဖြစ်ချင်တုန်း ဒီကိုရောက်လာတော့ ဗိုလ်တဲကြီး ခိုက်တယ် ခိုက်တယ်လို့ နာမည်ကြီးသွားတယ် ယင်ပါတယ်။ မဟုတ်ဘူးလား ဒေါက်တာကြီး”
ဆရာဝန်လေး ဒေါက်တာထွန်းမောင်ကမူ မည်သို့မျှ မပြော‌ေချ။ “ကဲ…ကဲ တော်ကြစမ်းပါတော့ဗျာ၊ စာရေးကြီးတွေ့ခဲ့ဖူးတယ်ဆိုတဲ့ အဖြစ်အပျက်ကို ပြောစမ်းပါဦး” ဟု စာသင်ကြီး ဦးကြာခိုင်က ဝင် ပြောလိုက်၏။
မြေတိုင်းစာရေးကြီး ဦးဘကွန့်သည် နောက်ထပ် ကွမ်းတစ်ယာကို ယာ၍ မြို့လိုက်ပြီးနောက် သူ တွေ့ခဲ့ဖူးသည့် ဖြစ်ရပ်ဆန်းကို ကျွန်ုပ်တို့အားပြောပြလေရာ ကျွန်ုပ်တို့အားလုံးသည် ထူးဆန်းလှသော ထိုအဖြစ်အပျက် ကြောင့် အသက်ရှူရန်ကိုပင် သတိမရကြတော့ဘဲ သူ့စကားများကို နား ထောင်နေမိကြ၏။
“အဲဒီတုန်းက ကျွန်တော်က မြေတိုင်းကျောင်းက ဆင်းလို့ မြို့မှာ မြေတိုင်းဆရာပေါက်စကလေး ဖြစ်ကာစရယ်ဗျ၊ မြို့ကလေးကအလွန် ချောင် ကျတဲ့ မြို့ကလေး။ မီးရထားလမ်းလည်း မရှိဘူး။ ရေလမ်းလည်း မရှိ ဘူး။ စစ်ကိုင်းဒိစတြိတ်နဲ့ မန္တလေး ဒိစတြိတ်အစပ်မှာ ရှိတယ်။ ကျုပ်တို့ဘက် မှာလို လယ်ကွင်းတွေ ဘာတွေလို့လည်း သိပ်မရှိလှဘူး။ ပြောင်းခင်းတွေ၊ ဝါးခင်းတွေ၊ မြေပဲခင်းတွေလောက်ပဲ ရှိတယ်။ အများအားဖြင့်တော့ စိုက် လို့ ပျိုးလို့ရတဲ့ မြေရယ်လို့တောင် ခပ်ရှားရှားပါပဲ။ တစ်နယ်လုံး ကျောက် စရစ်ကုန်းကြီးတွေ၊ ကျောက်ချပ်ကုန်းကြီးတွေချည်းပဲ ရှိတာပဲ။ မျှော်ကြည့် လိုက်ရင် ဆူးပင် ချုံပင်တွေ ပုပုကလေးတွေ ပေါက်နေတဲ့ ကျောက်စရစ် ကုန်းကြီးတွေကိုပဲ တစ်မျှော်တစ်ခေါ်ကြီး မြင်နေရတယ်။ ခြောက်သွေ့လိုက် တဲ့ ဒေသဗျာ၊ စိမ်းစိမ်းစိုစိုဆိုလို့ ဘာမှမမြင်ရဘူး။ ချောက်ကြို ချောက် ကြား၊ ကုန်းကြို ကုန်းကြားမှာ ပေါက်နေတဲ့ ခံပင်တို့၊ ဆီးခလောက်ပင် တို့၊ ပုတ်စမင်တို့စတဲ့ ချုံပင်တွေချည်းပဲ။ တစ်ခါတလေမှ ရှားပင်အုပ်ကလေး တစ်အုပ်စ နှစ်အုပ်စကို တွေ့ရတယ်။ အဲဒါကလွဲရင် တကယ့် ကျောက်စရစ် ကုန်းကြီး။
“အဲဒီနယ်က ကျုပ်တို့ဦးပိုင်ထဲမှာ ရှိတာကိုးဗျ။ ဒါနဲ့ တစ်နေ့ကျတော့ ကျုပ်ရယ်၊ မြေစာရင်းအင်စပက်တော်ကြီး ဦးကြီးဖေရယ်၊ တခြား မြေတိုင်း စာရေး သုံး၊ လေးယောက်ရယ် အဲဒီဘက်က မြေတွေကိုတိုင်းဖို့ ခရီးထွက်ရ မယ်ဆိုပြီး အထက်က အမိန့်ကျလာတယ်။ အဲဒီတုန်းက အထက် မြန်မာ ပြည်မှာ စိုက်ပျိုးလို့ရတဲ့ မြေရိုင်းတွေကို စာရင်းသစ်လုပ်ရမယ်၊ ပလပ်မြေ များရှိရင်လည်း ဧကဘယ်၍ဘယ်မျှရှိတယ်ဆိုတာ စာရင်းကောက်ပါလို့ မြေစာရင်းနဲ့ ကြေးတိုင်မင်းကြီးရုံးက အမိန့်ရောက်လာတာကိုး။ ဒါနဲ့ ကျုပ်တို့ တစ်သိုက်ခရီးထွက်ဖို့ ပြင်ကြတယ်ဆိုပါစို့။ ဒီတုန်းမှာ ကျုပ်တို့အဖွဲ့က ကောင်းတော့ ကျုပ်တို့မြို့က မြို့အုပ်ကြီး ဦးဘဦးတို့ လင်မယားက သူတို့ လည်းလိုက်ချင်တယ်ဆိုပြီး လိုက်လာကြတယ်။ ကျွန်တော်တို့သွားမယ့်နယ်မှာ နာမည်ကြီး နတ်ကွန်းတစ်ကွန်းရှိတယ်ဗျ။ အမေဂျမ်း နတ်တဲ့။ နှစ်တိုင်းနှစ်တိုင်း နတ်ပွဲကြီးတွေ၊ နတ်ကနားကြီးတွေလည်း လုပ်တတ်တယ်။ မြို့အုပ်ကြီး ဦးဘဦးကတော်က နတ်တို့ ဘာတို့ကို ယုံကြည်တော့ အမေဂျမ်း နတ်ကွန်းကို သူလည်းသွားပြီး ပသတင်မြှောက်ချင်တယ်လို့ဆိုတာနဲ့ မြို့အုပ် ကြီးတို့လင်မယားရယ်၊ သမီးရယ် လိုက်လာကြတယ်။ သူတို့သမီးနာမည်က ခင်စောညွန့်တဲ့ဗျ။ အဲဒီတုန်းက ကျုပ်တို့နေတဲ့မြို့ကလေးနဲ့ အနီးတစ်ဝိုက်က မြို့ကလေးတွေမှာဖြင့် လှတယ်၊ ချောတယ်လို့ နာမည်ကြီးတာပေါ့။
ကိုရင်တို့ ယောဂီသွေးဆေးကြော်ငြာထဲက မအိုသေးတဲ့သူ၊ အပျိုကလေးနဲ့တူဆိုတဲ့ စာတမ်းနှင့် ရုပ်ရှင်မင်းသမီး ခင်ခင်အေးရဲ့ပုံကို မြင်ဖူးကြမှာပေါ့။ အဲ… ကျုပ်တို့အထင်တော့ ခင်စောညွန့်က သူ့ထက်တောင် လှတယ်ထင်တာပဲဗျ။ ကိုယ်လုံးကိုယ်ပေါက်မှာရော၊ အသားအရေမှာရော ယောကျ်ားတွေ နောက်တစ်ခေါက် ပြန်ပြီးကြည့်ရတဲ့ ရုပ်မျိုး။ အသံကလည်း တော်တော်လေး ကို နားထောင်လို့ကောင်းတဲ့အသံဗျ။ အလှဆုံးကတော့ မျက်လုံးတွေပဲ၊ သောက်ကျိုးနည်းလှလိုက်တဲ့ မျက်လုံးဗျာ။ နက်မှောင်ကြည်လင်ပြီး မျက်လုံး ကြီးတစ်ချက် ဝေ့ကြည့်လိုက်ရင်ကို အကြည့်ခံရတဲ့သူမှာ လူဖြစ်ရကျိုးနပ်ပြီး စည်းစိမ်တွေ တိုးသွားတယ်လို့ ထင်လိုက်ရတယ်။
“သောက်ကျိုးနည်း တယ်စာတဲ့ ဆိုပါကလား ဦးလေးကွန့်ရ” ဟု ကိုကျောင်းမောင်က လှမ်းနောက်လိုက်၏။ ကျွန်ုပ်တို့ အားလုံးသည် အရသာ ပျက်သွားမည်စိုးသည့်အတွက် မည်သို့မျှမပြောကြတော့ဘဲ ကိုကျောင်းမောင် ကို မျက်စောင်းထိုး၍ လှမ်းကြည့်လိုက်ကြ၏။ ကိုကျောင်းမောင်မှာလည်း ဝိုင်းဝန်း၍ အမာန်ခံရမည်စိုးသဖြင့် ကြားဖြတ် နောက်ပြောင်ပြောဆိုခြင်း မပြုရဲတော့ဘဲ တန်းလျားနောက်မှီကိုမှီးရင်း မြင်းပိုလိုတစ်လိပ်ကို ဖွာလျက် ရှိ၏။ ဦးဘကွန့်ကမူ ကိုကျောင်းမောင် ဝင်ရောက်ပြောဆိုသည်ကို ပြန်လှန် ပြောဆိုခြင်းမပြုဘဲ ပြောစရာရှိသည်တို့ကိုသာ ဆက်လက်ပြောဆိုလျက် ရှိ၏။
“မြို့အုပ်ကြီးတို့ မိသားစုလိုက်မယ်ဆိုတော့ သူ့လက်အောက်မှာလုပ် နေတဲ့ လက်ထောက်မြို့အုပ်ကလေးလည်း လိုက်လာတယ်ဗျ။ မြို့အုပ် ကလေး နာမည်က ကိုအောင်သိန်းတဲ့။ သူက လူပျိုရယ်။ သူ့အထက်ကမြို့အုပ်ကြီးတို့ မိသားစုကလည်း လိုက်လာတော့ သူကလည်း နေရစ်ခဲ့လို့ မကောင်းဘူးပေါ့။ ခင်စောညွန့်ကို ပိုးနေလေတော့ မခေါ်ရင်လည်း အကြောင်းတစ်ခုခုပြပြီး လိုက်မှာပါပဲ။ ခုတော့ လိုက်ချင်တုန်းမှာ သူ့ခေါ်တော့ ဖိုးကျိုင်းတုတ် ဖြစ်သွားတာပေါ့။ သူလိုက်တော့ တိရစ္ဆာန်ဆရာဝန်ကလေး ကိုဘသောင်လည်း လိုက်လာတယ်။ သူကလည်း လူပျိုပဲ။ ခင်စောညွန့်ကို ပိုးနေတာလိုလို ဖြစ်တယ်လို့ ကြားရတာပဲ။ ဒါပေမဲ့… ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ဘူး။ ခင်စောညွန့်ဆိုတဲ့ မိန်းကလေးကလည်း လှသလောက် တယ်ပြီး မျက်နှာများတဲ့ မိန်းကလေး တဲ့။ ဟိုအရင် တစ်မြို့တုန်းကလည်း ဒီလိုပဲ မျက်နှာများတာပဲတဲ့။ ဒီရောက် တော့လည်း သူ့ဆက်ဆံပုံက မြို့အုပ်ကလေး ကိုသိန်းအောင်ကို အရေးပေးတဲ့ အခါ ပေးရဲ့။ တိရစ္ဆာန်ဆရာဝန် ကိုဘသောင်ကို အရေးပေးတဲ့အခါ ပေးရဲ့။ တစ်ခါတလေကျတော့ သူတို့နှစ်ယောက်စလုံးကိုတောင် အင်တင်တင် လုပ်နေပြီး ဒိပြင်ယောက်ျားတစ်ယောက်ကို အရေးပေးချင်ပေးတတ်တဲ့ မိန်းကလေးမျိုးဗျ”
“ဦးလေးကွန့်ကိုကော အရေးမပေးဘူးလား” ဟု ကိုကျောင်းမောင်က မေးလိုက်၏။
“ကြံကြီးစည်ရာဗျာ၊ ကျုပ်က မြေတိုင်းစာရေးပေါက်စကလေး၊ ဟိုမှာ မြို့အုပ်ကလေးတို့၊ တိရစ္ဆာန်ဆရာဝန်တို့ ရှိနေတာ။ ကျုပ်တို့လိုဟာမျိုးကို ဘယ်မှာစာရင်းထဲထည့်ပါ့မလဲ။ နေပါဦး…ဘယ်ရောက်သွားပါလိမ့်။ ဪ…ဟုတ်ပြီ၊ တိရစ္ဆာန်ဆရာဝန် ကိုဘသောင်ကလေးနဲ့ မြို့အုပ်ကလေး ကိုအောင်သိန်းနဲ့ဆိုတာလည်း မိတ်ဆွေတွေကပဲ။ မြို့အုပ်ကြီးအိမ်မှာ ပိုကာ ဒေါင်းနေကျ ဘက်တွေပေါ့၊ မြို့အုပ်ကြီးကတော် သားအမိပါတဲ့အတွက် အဖော်ရအောင်ဆိုပြီး မြို့အုပ်ရုံးစာရေးကြီး ဦးလှအောင်တို့လင်မယားကို လည်း ခေါ်လာခဲ့တယ်။ နောက်မြို့အုပ်ကြီးအိမ်က ထမင်းချက်တဲ့ ဖိုးရွှေတို့ လင်မယားလည်း ပါကြတယ်”
“လူအားလုံး ဆယ့်လေးငါးယောက်၊ အယောက် ၂ဝ လောက် ရှိမှာပေါ့၊ တပျော်တပါးကြီးပေါ့လေ။ ဒါနဲ့ အဲဒီရွာရောက်တော့ ကျုပ်တို့ အားလုံး ရွာတောင်ဘက်က ကိုးခန်းဇရပ်ကြီးမှာ တည်းကြတယ်။ ရွာနားမှာ ဗိုလ်တဲတို့ဘာတို့လည်း မရှိဘဲကိုး။ ရွာဦးကျောင်းက ဆရာတော်ကတော့ ကျောင်းထဲမှာ လာတည်းကြဖို့ ပြောပါရဲ့။ ဒါပေမဲ့ ဘုန်းကြီးကျောင်းထဲကျတော့ အမျိုးသမီး တွေကလည်းပါ၊ ပြီးတော့ ကျုပ်တို့အဖွဲ့မှာ အသောက် အစားကလေး၊ အဲ…ကစားလေးကလည်း နည်းနည်းပါးပါးပါတော့ ဘုန်းကြီးကျောင်းမှာ တည်းရတာ အားနာတယ်လေ”
“ကျုပ်တို့တည်းတဲ့ ကိုးခန်းဇရပ်ကြီးက ရှေးဇရပ်ကြီးဗျ။ ခန်းပတ်ဝန်း ကြီးရဲ့ မွေးဇာတိမို့လို့ သူ့ ့မိဘ၊ ဘိုးဘွားတွေကို ရည်စူးပြီး ဆောက်ထား တဲ့ ဇရပ်ကြီးတဲ့။ ဇရပ်ကြီးက အခန်းအခန်းတွေ မနည်းပါဘူး။ တိုင်လုံး ကြီးတွေဆိုတာလည်း ကျွန်းတိုင်ကြီးတွေကို ထုပ်စွပ်လျောက်စွပ်ပြီး ဆောက်ထားတာ၊ တိုင်တစ်လုံးတစ်လုံးဆိုရင် လူတစ်ဖက်နီးပါးလောက် တော့ ရှိမယ်ထင်တာပဲ။ ဇရပ်ဘေးမှာလည်း ခန်းပတ်ဝန်ကြီးတည်သွားတဲ့ ဘုရားတစ်ဆူရှိတယ်ဗျ။ မဟာရံတံတိုင်းနဲ့၊ အာရုံခံတန်ဆောင်းနဲ့၊ သိမ်နဲ့၊ ဘုရားမှာလည်း ထုံးဖွေးဖွေး၊ ရွှေတဝင်းဝင်းနဲ့ပါပဲ”
“ဒါနဲ့ ကျုပ်တို့လည်း ဇရပ်ကြီးပေါ်မှာပဲ လွတ်လွတ်လပ်လပ်တည်း ခိုနေကြတယ်။ ရွာသူကြီးနဲ့ ရွာသားတွေကလည်း ကူညီကြပါတယ်။ ကျုပ်တို့ တစ်တွေနဲ့ အက်စကော့ပါလာတဲ့ ပုလိပ်တွေကတော့ ဘာပြောကောင်းမလဲ၊ ညဆိုရင် ယုန်လိုက်ထောင်ပြီး ရလာရင် အချက်တစ်မျိုး၊ ထောင်းကြော် တစ်မျိုး၊ သံပရာရည်ညှစ်ပြီး ကြက်သွန်စိမ်းကလေးနဲ့ ရှောက်ရွက်ကလေး အုပ်ထားတဲ့ အစိမ်းသုပ်တစ်မျိုး၊ အမျိုးမျိုး စားနေကြတာပေါ့။ ပါလာတဲ့ ငါးသေတ္တာတွေဆိုတာ ဘယ်သူမှ မစားချင်ကြဘူး”
“အဲဒီရွာကို ရောက်ကတည်းက ခင်စောညွန့်ဟာ တစ်လျှောက်လုံး တိရစ္ဆာန်ဆရာဝန်ကလေးကို မျက်နှာသာပေးခဲ့ရာက မြို့အုပ်ကလေး ကိုအောင်သိန်းကို အရေးပေးနေတာကို ကျုပ် သတိထားမိတယ်ဗျ။ ဒါပေမဲ့ သူ့ထုံးစံအတိုင်းပါပဲလေ ဆိုပြီး ကျုပ်လည်း ဘာသိဘာသာပဲ နေလိုက်တာ ပေါ့လေ”
“ရောက်ပြီး နောက်တစ်ရက်ကျတော့ ကျုပ်တို့တစ်တွေ ရွာထဲကို လျှောက် ကြည့်ကြတယ်။ ခန်းပတ်ဝန်ကြီး ချက်မြှုပ်ရာ အိမ်ကိုလည်း တွေ့ရတယ်ဗျ။ အိမ်ကြီးက နှစ်ဆောင်ပြိုင်အိမ်ကြီး။ ဘေးတစ်ဖက်တစ်ချက်မှာ ဝဲလင်းဆောင်တွေနဲ့၊ အိမ်ကြီးကတော့ တော်တော်အိုပါပြီ။ ယိုင်တိုင်တိုင်တောင် ဖြစ်နေပြီ။ ခန်းပတ်ဝန်ကြီးရဲ့ ဆွေမျိုးအစဉ်အဆက်ထဲက မထင်မရှား ဆွေမျိုးတွေပဲ ကျန်တော့သတဲ့။ ခု အဲဒီဝင်းကြီးထဲမှာလည်း သူ ့အဆက် အနွယ်တွေပဲ နေတာပဲ။ အိမ်ကြီးပေါ်မှာတော့ ဘယ်သူမှ မနေတော့ပါဘူး။ ဘာမှ ထိန်းထိန်းသိမ်းသိမ်းလည်း မရှိတော့ပါဘူး။ သူတို့ကို မေးကြည့်တော့ လည်း ခန်းပတ်ဝန်ကြီးအကြောင်းကို သေသေချာချာ မသိကြတော့ ပါဘူး။ ဘိုးစဉ်ဘောင်ဆက်က ဘယ်လောက်ပဲ သြဇာတိက္ကမကြီးတဲ့ လူပဲ ဖြစ်ပေ စေ၊ ဘယ်လောက်ပဲ ထင်ရှားကျော်ကြားတဲ့ အထဲက ဖြစ်ပေ့စေ၊ နောင် သားစဉ်မြေးဆက်က ညံ့ဖျင်းသွားတယ်ဆိုရင် အဲဒီအမျိုးလည်း တိမ်ကော သွားတော့တာပဲဆိုပြီး ကျုပ်ဖြင့် အတော်သံဝေဂရမိသေးတယ်ဗျ။ အဲဒီက ရွာလူကြီးတွေ အပြောတော့ သူတို့ရွာမှာ ရှေးဟောင်း ပေစာတွေ၊ ပုရပိုက် တွေ ပေါကြောင်း၊ ကြေးခေါင်းလောင်းကြီးတွေ၊ ကြေးဒေါင်းလန်းကြီးတွေ လည်း ဘုန်းကြီးကျောင်းမှာ သိမ်းထားတဲ့အကြောင်း ပြောပြတယ်။
“ဒါနဲ့ ကျုပ်တို့လည်း မနက် လက်ဖက်ရည်သောက်ပြီးတော့ ရွာဦး ကျောင်းက ဘုန်းကြီးကို ဝင်ကန်တော့၊ ကြည့်တန်တာကို ကြည့်ပြီး အမေ ဂျမ်းနတ်ကွန်းကို သွားကြည့်ကြတယ်။ ရွာနဲ့ ဘုန်းကြီးကျောင်းက သိပ်မဝေး ဘူးဗျ။ နီးနီးကလေးရယ်။ အဲ…နတ်ကွန်းကတော့ ရွာနဲ့ တစ်မိုင်လောက် လှမ်းလိမ့်မယ်။ နတ်ကွန်းနားတစ်ဝိုက်မှာ ရှားပင်အုပ်ကလေးတွေ ရှိတယ်။ မြို့အုပ်ကြီးနဲ့ မြို့အုပ်ကြီး ကတော်က သွားချင်တယ်ဆိုတာနဲ့ ကျုပ်တို့ လည်း နတ်ကွန်းဘက်ကို ထွက်လာခဲ့ကြတာပေါ့လေ။ ရွာသူကြီးကတော့ သွားတာကို သိပ်ကြိုက်ပုံ မရဘူး။ ကြည့်ရတာ ခပ်အင်အင်ပဲ။ ဒါပေမဲ့ အားလုံးက သွားချင်နေတော့ သူလည်း မနေသာဘူးပေါ့။ လိုက်ပို့ရတာ ပေါ့။
“ဒါနဲ့ ကျွန်တော်တို့တစ်သိုက်လည်း နတ်ကွန်းကို လာခဲ့ကြတယ်။ ရှားပင်အုပ်တွေနားလည်း ရောက်ရော ဘာဖြစ်လို့မှန်း မသိဘူး။ ကျုပ်စိတ်ထဲ မှာ တစ်မျိုးကြီးဖြစ်သွားတယ်ဗျ။ ရှားပင်တွေ အတော်များပြီး အရိပ်အာဝါသ လည်း ကောင်းတယ်။ ဒါပေမဲ့ ရှားပင်တွေအုပ်ထဲလည်း ရောက်ရော ငှက် တို့၊ ဘာတို့ မြည်သံကိုလည်း လုံးလုံး မကြားရဘူး။ ထုံးစံအတိုင်းဆိုရင်အဲဒီလို ရှားပင်အုပ်ကလေးတွေမှာ ချိုးတို့၊ ခါတို့ သိပ်ပေါပြီး ချိုးကူသံ၊ ခါတွန်သံဆိုတာ မကြားချင်အဆုံးပဲ။ ဒါပေမဲ့ ဒီရှားပင်အုပ်တွေထဲမှာတော့ ဘာသံမှ မကြားရဘူးဗျ။ တိတ်နေတာပဲ။ ကျုပ်စိတ်ထဲမှာတော့ အားငယ် သလိုလို၊ စိတ်လေးသလိုလို တစ်မျိုးကြီး ဖြစ်နေတယ်။ ကျုပ်တို့အထဲမှာ မြို့အုပ်ကလေး ကိုအောင်သိန်းက ကျုပ်ဖြစ်နေပုံကို ရိပ်မိလို့ ထင်ပါရဲ့။ ကျုပ်ကို လှမ်းကြည့်ပြီး ပြုံးလိုက်ရင်း…
“ဘယ်လိုလဲ စာရေးကြီး။ ဒီနတ်ကွန်းနားတစ်ဝိုက်မှာ အပြောအဆို တို့၊ အနေအထိုင်တို့ ဆင်ခြင်နော်။ နတ်ကြီးတယ်ခင်ဗျ။ ဘာအောက်မေ့ နေသလဲ”
“အမှန်ကတော့ ကိုအောင်သိန်းက ကျုပ်ကိုပြောတာ မဟုတ်ဘူးဗျ။ သူ့မြို့အုပ်ကြီးက မနက်တိုင်ရင် ယစ်ထုတ်ကြီး။ မနက်တိုင်ရင် တစ်ခွက် တစ်ဖလား ချတတ်လို့ ကျုပ်ကို ပြောသလိုလိုနဲ့ သူ့မြို့အုပ်ကြီးကို လှမ်းပြောလိုက်တာ”
“ဟိုထန်းတောထဲတုန်းက ထန်းရည် လေးငါးခွက်လောက် မော့လာ ခဲ့တာပဲဗျ”
“မြို့အုပ်ကလေး ကိုအောင်သိန်းဟာ ပျော်ပျော်နေတတ်တဲ့လူဗျ။ ထန်း တောထဲ ဖြတ်လာတုန်းက သူလည်း နည်းနည်းပါးပါးတော့ ချလာခဲ့တာပဲ။ ပြောလို့သာ ပြောရတာပါလေ။ ထန်းတောထဲမှာတုန်းက ထန်းရည်မသောက် ခဲ့တဲ့လူဆိုလို့ မြေစာရင်း အင်စပက်တော်ကြီး ဦးကြီးဖေနဲ့ ပုလိပ်ကလေး သုံးယောက်ရယ်၊ အမျိုးသမီးတွေရယ်၊ သူတို့လောက်ပဲ ကျန်တာပဲ။ ကျန်တဲ့ လူ အားလုံးလောက်ကတော့ ထန်းရည်က ငှက်ခါးတောင်လေးဆိုတော့ တစ်ခွက် တစ်ဖလားတော့ မြည်းစမ်းကြည့်ခဲ့တဲ့ လူတွေချည်းပဲ။
“ဒါနဲ့ ကျွန်တော်တို့ အားလုံးလည်း ရှားပင်အုပ်ထဲကို ဝင်လာခဲ့ကြ တယ်။ ရှားပင်အုပ်ကလေးက အဝေးက ကြည့်တော့သာ ခပ်သေးသေးလို့ ထင်ရတာ။ အထဲကိုဝင်ကြည့်တော့ နည်းတဲ့ ရှားတောကြီး မဟုတ်ဘူးခင်ဗျ။ ရှားပင်တွေဟာ တစ်ပင်နဲ့ တစ်ပင် ကိုင်းချင်းယှက်ပြီး ပေါက်နေကြတာ ဆိုတော့ တောအုပ်ထဲ ဝင်သွားတာနဲ့ နေရောင်ကို ကောင်းကောင်း မမြင်ရ ဘူး။ အထဲမှာ မှောင်နေတာပဲ။ ရှားတောကြီးထဲ ဝင်လာလိုက်တာ တော်တော်နဲ့ မဆုံးနိုင်တော့ဘူး။ အထဲကို မိုင်ဝက်လောက် သွားမိတော့မှ တစ် နေရာမှာ ရှားပင်တွေမရှိဘဲ ပြောင်နေတဲ့ မြေကွက်လပ်ကလေးတစ်ခုကို သွားတွေ့တယ်။ မြေကွက်လပ်ဆိုပေမဲ့ ကုန်းမြေပြင် ညီညီညာညာ မဟုတ် ဘူးဗျ။ ကုန်းစောင်းကလေး၊ ခပ်ပြေပြေကလေးပဲ။ ကုန်းကလေးပေါ်မှာ ပတ်ပတ်လည် ခတ်ထားတဲ့ ကျောက်တံတိုင်းကြီးတစ်ခုကို တွေ့ရတယ်။ သိပ်တော့ မမြင့်လှပါဘူး။ အလွန်မြင့်ရင် ယောက်ျားကြီး တစ်ရပ်ပေါ့။ ကုန်းစောင်းကနေပြီး အပေါ်ကို ကျောက်တုံးလှေကားထစ်ကလေးတွေ ခင်း ထားတဲ့ လမ်းအတိုင်း တက်လာခဲ့ကြတယ်။ လမ်းဘေးမှာတော့ သနပ်ခါး ပင်လေးလိုလို၊ ထန်းပင်လေးတွေလိုလို၊ ဒဟတ်ပင်လေးတွေလိုလို၊ ချုံပင် လေးတွေ ပေါက်နေကြတယ်ဗျ”
“ကျွန်တော်တို့လည်း ကျောက်တုံး လှေကားကလေးအတိုင်း အပေါ်ကို တက်လာခဲ့ကြတယ်။ လှေကားအတိုင်း တက်လာတဲ့ အခါမှာတော့ ကျွန်တော်တို့အားလုံး ဘယ်သူမှ နောက်ပြောင်တာရယ်လို့ မရှိတော့ပါဘူး။ ကောင်းကောင်းမွန်မွန်ပဲ တက်လာခဲ့ကြတာပါ။ လှေကားထိပ်ရောက်ပြီး ကျောက်တံတိုင်းဝကလည်း လှမ်းကြည့်လိုက်ရော နတ်ကွန်းကို လှမ်းမြင် နေရတယ်ဗျ။ နတ်ကွန်းက နည်းတဲ့နတ်ကွန်းကြီးမှ မဟုတ်တာဘဲဗျာ။ ပေ ၂၀ ပတ်လည်လောက် ကျယ်တဲ့ အဆောက်အအုံကြီးဗျ။ လေးဖက်မှာ ဟင်းလင်းပွင့်လို့။ တိုင်လုံးကြီးတွေကလည်း ကျုပ်တို့တည်းတဲ့ ကိုးခန်းဇရပ် က တိုင်လုံးကြီးတွေ အတိုင်းပဲ။ လူတစ်ဖက်စာလောက်ရှိတဲ့ တိုင်လုံးကြီး တွေ။ အမိုးက သွပ်ကို နှစ်ဆောင်ထပ်မိုးထားတယ်။ အောက်ခြေမှာ နှစ်ပေ လောက်မြင့်တဲ့ အုတ်ခုံကလေးနဲ့။ အဲဒီအပေါ်မှာတော့ အမေဂျမ်း နတ်ရုပ် ဗျ။ ခင်ဗျားတို့လည်း မြင်ဖူးချင် မြင်ဖူးမှာပါပဲ။ အမေဂျမ်းနတ်ရုပ်က သာမန် နတ်ရုပ်မျိုးပါပဲ။ ထဘီရင်ကွဲနဲ့၊ အနို့တပ်အင်္ကျီနဲ့၊ ခေါင်းမှာ ရှံပန်းထည် အနီစ စည်းထားပြီး ဘေးနှစ်ဖက်မှာလည်း ရှံပန်းထည်စ ချထားတယ်။ ရင်ဘတ်မှာလည်း ရှံပန်းထည် အနီစကြီး စည်းပြီး ရှေ့ ဒူးဆစ်လောက် ရောက်အောင် ချထားတယ်။ အရုပ်က သစ်သားနဲ့ ထုထားတဲ့ ပန်းပုရုပ်ပါ။ သုံးလေးပေလောက်ပဲ မြင့်မှာပေါ့။ အရုပ်ဘေးမှာ သံတိုင်ကလေးတွေ ပတ်လည် စိုက်ထားတယ်။ ဒါပေမဲ့…ခပ်ကျဲကျဲစိုက်ပြီး ကာထားတယ်။
“နတ်ကွန်းထဲ ရောက်တော့ ကျွန်တော်တို့လည်း ဟိုဟိုဒီဒီ လျှောက် ကြည့်ကြတာပေါ့လေ။ မြို့အုပ်ကတော်ကြီးတို့ တစ်သိုက်ကတော့ အမေဂျမ်း နတ်ကွန်းမှာ ပသစရာရှိတာတွေကို ပသပြီး ပူဇော်နေကြတယ်။ ကျုပ်တို့ တစ်တွေလည်း ယုံတယ်လို့ မဟုတ်ပေမဲ့ အထိုက်အလျောက်တော့ ပသ ပူဇော်ကြရတာပေါ့ဗျ။ အဲ…မြို့အုပ်ကလေး ကိုအောင်သိန်းကတော့ ဒီနေ့မှ ခင်စောညွန့်ရဲ့ အရေးပေးခြင်းကို ခံရလို့လား မသိဘူးဗျ။ တော်တော်လေး အူရွှင်ပြီး ရယ်စရာ မောစရာတွေကိုချည်း ပြောနေတာပဲ။ ကျုပ်တို့တစ်တွေ က အမေဂျမ်း နတ်ရုပ်ကို ပူဇော်ပသနေကြတုန်းမှာလည်း သူနဲ့ ခင်စော ညွန့်က နတ်ကွန်းထဲမှာ စကားတပြောပြောနဲ့ လျှောက်လည်နေကြတယ်။
“ဒီလိုနေတုန်း ကျွန်တော့်အနားကို တိရစ္ဆာန်ဆရာဝန် ကိုဘသောင် ပေါက်လာပြီး “စာရေးကြီး၊ ကျွန်တော်တို့ မပြန်ကြသေးဘူးလား။ မြန်မြန် ပြန်ရင် ကောင်းမယ်ဗျာ။ မြို့အုပ်ကြီးကို ခေါ်စမ်းပါဦး။ ကျွန်တော်ကတော့ ဒီမှာနေရတာ စိတ်ထဲမှာ တစ်မျိုးကြီးပဲ” လို့ ပြောတယ်။ “တကယ်လို့ သူတို့မလိုက်ဘူးဆိုရင်လည်း ကျွန်တော်တို့ချည်းပဲ ပြန်နှင့်ရအောင်” လို့ ကျုပ်ကိုပြောတယ်။ ကိုဘသောင်ကို ကြည့်ရတာ မျက်နှာလည်း သိပ် မကောင်းဘူး။ နတ်ကွန်းမှာ ကိုအောင်သိန်းက ရယ်စရာ မောစရာတွေ ပြောတဲ့အတွက် စိုးရိမ်နေပုံရတယ်။ ဒီလို စကားပြောနေတုန်း သူတို့လည်း ပြန်လာကြတာနဲ့ နောက်ဆုံးတော့ ကိုးခန်းဇရပ်ကို အတူတူ ပြန်လာခဲ့ကြ တယ်။
“ညစာစားပြီးတော့လည်း နေ့လယ်က လျှောက်သွားထားလို့ မောမော နဲ့ အိပ်ရာဝင်ကြတယ်။ ကျုပ်တို့တစ်သိုက်ပဲ စကားပြော ကျန်ရစ်ခဲ့ကြတယ်။ ည ၁ဝ နာရီလောက်ရောက်တော့ ကိုးခန်းဇရပ်ထဲမှာ အိပ်နေတဲ့ မြို့အုပ် ကတော်ကြီးနဲ့ မြို့အုပ်ကြီး ကျုပ်တို့အနားကို ရောက်လာပြီး ခင်စောညွန့် တစ်ယောက်များ မတွေ့ဘူးလားလို့ မေးတယ်။ သူတို့ နောက်ကလည်း ဘိုးရွှေရဲ့ မိန်းမရော စာရေးစီစီ လင်မယားရော ပါလာကြတယ်။ ကျွန်တော် တို့က မတွေ့မိဘူးလို့လည်း ပြောလိုက်ရော မြို့အုပ်ကြီးကတော်က “လုပ်ကြ ပါဦးတော့်၊ ကျွန်မ သမီးကလေးတော့ ဒုက္ခပါပဲ။ သမီးကလေး ဘယ် ရောက်သွားမှန်း မသိဘူး။ ကျွန်မ သမီးက အိပ်ပျော်နေတုန်း ယောင်ပြီးလမ်းတို့ ဘာတို့ ထလျှောက်တတ်တယ်။ ရွာထဲများသွားသလား၊ ဘယ်များ ထွက်သွားသလဲ မသိဘူး။ တောခေါင်ခေါင်ကြီးမှာ ဒုက္ခပါပဲ” ဆိုပြီး ငို တော့တာပဲ။
“ဒီအတိုင်းဆိုရင်တော့ ဒုက္ခပဲဆိုပြီး ရွာထဲက လူတွေကို နှိုးပြီး ခင်စော ညွန့်ကို လိုက်ရှာကြတယ်။
“အဲဒီညက လကလေးကလည်း သာလို့ဗျ။ လဆန်း ၁၂ ရက်လောက် ရှိမယ်ထင်တယ်။ ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းကို တစ်စု၊ ရွာထဲ ကို တစ်စု၊ နတ်ကွန်းဘက်ကို တစ်စု လူစုခွဲပြီး လိုက်ရှာကြရတာပေါ့။ ကျုပ်က နတ်ကွန်းဘက်ကို သွားတဲ့အစုနဲ့ ပါသွားတယ်။ နတ်ကွန်းနားက ရှားပင်အုပ်တွေနားကို ရောက်တော့ ကျုပ်တစ်ကိုယ်လုံး ခေါင်းနားပန်းတွေ ကြီး၊ ကြက်သီးကြီးတွေ ထလာတယ်။ မြို့အုပ်ကလေး ကိုအောင်သိန်းက နတ်ကွန်းထဲကို သွားရှာမယ်ဆိုတော့ ကျုပ်က “ဒီထိအောင်တော့ လာမယ် မထင်ပါဘူးဗျာ” လို့ ပြောသေးတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ နတ် ကွန်းထဲရောက်ရင် တစ်ခုခုဖြစ်တော့မယ်လို့ချည်း စိတ်ထဲမှာ ထင်နေတယ်။ နတ်ကွန်းထဲကို စဝင်ဖို့ ကိုယ်စောင့်နတ်တွေက နှိုးဆော်နေသလိုပဲ။ ဒါပေမဲ့ မြို့အုပ်ကလေး ကိုအောင်သိန်းကတော့ အတင်းဝင်မယ်လို့ လုပ်နေတာနဲ့ ကျုပ်တို့အားလုံးလည်း ရှားပင်အုပ်တွေထဲကဖြတ်ပြီး နတ်ကွန်းဆီကို လာခဲ့ ကြတယ်။ ရှားပင်အုပ်တွေကလည်းဗျာ၊ နေ့လယ်က ဒီလောက်ထူမယ် မထင်ပါဘူး။ ညကျတော့ ရှားပင်တွေဟာ ကိုင်းချင်းယှက်ရုံတင် မကဘူး၊ ပင်ချင်းယှက်နေတယ်လို့တောင် ကျုပ်စိတ်ထဲမှာ ထင်မိသေးတယ်။
ဒါနဲ့ ကျုပ်တို့လည်း ပါလာတဲ့ သေနတ်တွေ၊ ဓားတွေ၊ တုတ်တွေကို မြဲမြဲဆုပ်၊ လူချင်းကပ်ပြီး နတ်ကွန်းဆီကို လာခဲ့ကြတယ်။ နတ်ကွန်းရှိတဲ့ ကမူကလေးရောက်တော့ ကျုပ်တို့အားလုံး ကျောက်တုံး လှေကားကလေး အတိုင်း အပေါ်ကို တက်လာခဲ့ကြတယ်။ ကုန်းထိပ်ပေါ်လည်း ရောက်ရော၊ နတ်ကွန်းအဝမှာ လူတစ်ယောက် ရပ်နေတာကို မြင်လိုက်ရတယ်ဗျ။ ခေါင်း မှာလည်း ရှံပန်းထည်ကြီး စည်းပြီး နှစ်ဖက်မှာ အမြိတ်ချလို့။ ရင်ဘတ် မှာလည်း တဘက်ရှည်ကြီးတစ်ထည်ကို စည်းထားပြီး အောက်ကိုတွဲလွဲချ ထားတယ်။
“ဒီလောက် ချမ်းရအေးရတဲ့အထဲမှာ မြို့အုပ်ကလေး ကိုအောင်သိန်းရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက် သီးနေတာကို ကျုပ် သေသေချာချာ မြင် လိုက်ရတယ်။
“ဟင်….ခင်စောညွန့်ပါလား။ နတ်များ ဝင်နေသလား မသိဘူး” လို့ ကျုပ်တို့အထဲက တစ်ယောက်က ပြောလိုက်တယ်။ ဘယ်သူမှန်းတော့ မသိ လိုက်ဘူး။
နတ်ကွန်းအဝမှာ ရပ်နေတဲ့ သဏ္ဌာန်ဟာ ရှေ့ကို တစ်လှမ်းချင်း တိုး လာတယ်ဗျ။ ပြီးတော့ “နင်တို့ ငါ့ကို စမ်းကြသလားဟဲ့။ ငါ့အကြောင်းကို မသိကြဘူးလား။ အနားကပ်ရဲတဲ့လူ ကပ်ကြည့်စမ်း၊ ဒုက္ခဖြစ်သွားမယ်” လို့ ပြောတယ်ဗျ။ ဟုတ်ပါတယ်။ ခင်စောညွန့်မှ ခင်စောညွန့် အစစ်ပါ။ ဒါပေမဲ့ သူ့အသံက ခါတိုင်းလို နားဝင်မချိုဘဲ အသံခပ်ကြီးကြီး ဖြစ်နေ တယ်။
မြို့အုပ်ကြီးကတော့ နတ်ကွန်းကို တောင်းပန်ရင်း “သမီး သမီး…ဖေဖေ လေ၊ ဖေဖေတို့ပါ” လို့ အသံတုန်တုန်နဲ့ ပြောတယ်။
ဒီတုန်းမှာ မြို့အုပ်ကလေး ကိုအောင်သိန်းက “ညွန့်ညွန့်၊ ဘယ်လိုဖြစ် တာလဲ။ ကိုကိုသိန်းရယ်လေ၊ ကိုကိုသိန်းကို မမှတ်မိတော့ဘူးလား” လို့ ပြောပြီး ရှေ့ကို ပြေးတက်သွားတယ်ဗျ။
ကျုပ်တို့ မျက်လုံးတွေဟာ ခပ်စောစောကတော့ အမှောင်ထဲက ထွက်လာ လို့ ကောင်းကောင်း ကျင့်သားမရသေးပေမဲ့ ခုတော့ လရောင်ထဲမှာ ကောင်းကောင်းမြင်နေရပြီ။ ဟုတ်ပါတယ်။ ခင်စောညွန့်မှ ခင်စောညွန့် အစစ်ပါ။ ဒါပေမဲ့…သူ့မျက်နှာဟာ တစ်မျိုးဖြစ်နေတယ်ဗျ။ မျက်လုံးတွေက လည်း တဖျပ်ဖျပ် တောက်နေတယ်။ သူ ပြုံးလိုက်ပုံကလည်း ကျုပ် စိတ် ထဲမှာတော့ ကျောကိုချမ်းသွားတာပဲ။ ခါတိုင်း ပြုံးရင် အင်မတန်လှပြီး၊ အင်မတန် ကျက်သရေရှိတဲ့ အပြုံးဟာ ကြောက်စရာ ဖြစ်နေတယ်။
“ငါ့အနားကို ဘယ်သူမှ မကပ်နဲ့နော်။ ငါ့အနားကပ်တဲ့သူ ဒုက္ခများ သွားမယ်။ ငါ့ကို ဘာမှတ်နေကြသလဲ”
“ညွန့်ညွန့်၊ ကိုကိုသိန်းရယ်လေ၊ ညွန့်ညွန့်ဖေဖေလည်း ပါလာတယ်။ သတိထားပါ ညွန့်ညွန့်”
တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ် ၊ ၃၉ ကိုအောင်သိန်းဟာ သူ ့အနားကို တိုးသွားပြီး လက်တစ်ဖက်ကို လှမ်း လိုက်တယ်ဗျ။ ရှေ့မှာ ၁ဝ လှမ်းလောက် ဝေးနေသေးတော့ ကိုအောင်သိန်း လည်း ရှေ့မတိုးသေးဘဲ ရပ်နေသေးတယ်။
“ငါ့အနားကို မလာနဲ့ဆိုတာ မရဘူးလား။ ဒုက္ခရောက်သွားချင်သလား” လို့ ခင်စောညွန့်က ပြောတယ်။
ကိုအောင်သိန်းဟာ ရှေ့ကို တိုးသွားတယ်။ ဒါပေမဲ့…တစ်လှမ်း နှစ် လှမ်းလည်း တိုးမိရော ကိုအောင်သိန်းဟာ သံပတ်ကုန်သွားတဲ့ စက်ရုပ်ကြီး များလို တုံ့ခနဲ ရပ်သွားပြီး မြေကြီးပေါ်ကို ဗိုင်းခနဲ လဲကျသွားသဗျ။ ကျုပ်တို့လည်း ကြောင်ပြီး ကြည့်နေမိကြတာပေါ့။ ကိုအောင်သိန်းဟာ ထမလာဘူး။ မြေကြီးပေါ်မှာ အားလျားမှောက်ပြီး လဲနေတယ်။
ဒီတုန်းမှာ ခင်စောညွန့်ဟာ ကြောက်စရာ ရယ်သံကြီးနဲ့ ရယ်လိုက်တာ ဗျာ။ ကျုပ်အထင်တော့ တစ်တောလုံး ဟိန်းသွားတယ် ထင်တာပဲ။ ဒီတင် ကျွန်တော်တို့ မှင်တက်မိပြီး ရပ်ကြည့်နေတဲ့အထဲက တိရစ္ဆာန်ဆရာဝန် ကလေး ကိုဘသောင်က ပထမဆုံး သတိရလာပြီး…
“ဒီအတိုင်း ကြည့်နေလို့ ဖြစ်မလားဗျ…” လို့ ပြောပြီး ကိုအောင်သိန်း ကို ပြေးသွားပြီး ပွေ့ထူတယ်။ ကိုအောင်သိန်းကတော့ မြေကြီးပေါ်မှာ လဲကျ လျက်ပဲ။ ကိုဘသောင်ဟာ ကိုအောင်သိန်းကို ပွေ့ထူပြီး အသာအယာ ပက် လက်လှန်လိုက်ရင်း မျက်နှာကို ငုံ့ကြည့်နေတယ်။
“အသက်မရှိတော့ဘူး ထင်တယ်ဗျ။ ဒုက္ခပါပဲ။ လာကြစမ်းပါဦး” လို့ ကျုပ်တို့ကို လှမ်းခေါ်တယ်။ ပြီးတော့ သူ့လက်နှစ်ဖက်ကိုသူ ထူးထူးဆန်း ဆန်း ငုံ့ကြည့်နေတယ်။
ဒီတုန်းမှာ “ဟင်…သူ ့ကို ကျွန်မ သတ်မိပြီ။ ကျွန်မ သတ်လိုက်မိပြီ ထင်တယ်” လို့ ခင်စောညွန့် အော်လိုက်ရင်း မြေကြီးပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားပြီး သတိမေ့သွားတယ်။ ကျုပ်တို့အထဲက တစ်ယောက်က “ကဲ… ကဲ…ဒီနေရာမှာ ကြာကြာနေလို့မဖြစ်ဘူး။ မြန်မြန်သွားမှဖြစ်မယ်” လို့ ပြော တယ်။ ကိုဘသောင်ဟာ အလောင်းကို မြေကြီးပေါ် ပြန်ချလိုက်ပြီး ကျုပ်ပခုံးကို လှမ်းကိုင်လိုက်ရင်း…
“ဒါဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဗျာ။ နတ်ကွန်းမှာ ကိုးရိုးကားရားတွေ လျှောက်ပြောလို့ အနှောင့်အယှက်ပေးပြီ ထင်တာပဲ”လို့ ကျုပ်ကို ပြော ပါတယ်။
“ဟုတ် မထင်ပါဘူးဗျာ။ နေစမ်းပါဦး။ နှလုံးရောဂါတို့၊ ဘာတို့များရှိ လို့ သွေးလန့်ပြီး သေသွားတာ ဖြစ်ချင်ဖြစ်နေမှာပါ။ အကြောင်းမရှိဘဲနဲ့ တော့ မသေနိုင်ပါဘူး” လို့ ကျုပ်က ပြောပါသေးတယ်။ ဒီတော့ ကိုဘ သောင်ဟာ သူ့လက်နှစ်ဖက်ကို ဖြန့်ပြပြီး…
“စာရေးကြီးရာ၊ ခင်ဗျား မသိပါဘူး။ ဒီမှာ” လို့ ပြောတာနဲ့ ကြည့်လိုက် တော့ သူ ့လက်နှစ်ဖက်မှာ သွေးတွေစွန်းနေတာကို တွေ့ရတယ်ဗျ။
“ကိုအောင်သိန်းဟာ သွေးလန့်ပြီး သေသွားတာ မဟုတ်ဘူးဗျ။ ဓားထိုး ခံရပြီး သေသွားတာ။ ဒါပေမဲ့ ခက်တာက ဓားကို ရှာလို့မတွေ့ဘဲ ဖြစ်နေ တယ်။ လက်နက်ဆိုလို့ ဘာမှ ရှာလို့မတွေ့ဘူး”
ကျုပ်တို့ တစ်သိုက်ထဲမှာ ပါလာတဲ့ လူတစ်ယောက်ကလည်း ကိုအောင် သိန်းအလောင်းကို သေသေချာချာကြည့်တယ်။ သူကလည်း…
“ခင်ဗျားတို့ ဒီနေရာကို ဘာဖြစ်လို့ လာကြတာလဲဗျာ။ ဒုက္ခတော့ ရောက်ကုန်ကြပြီ။ ဟုတ်တယ်ဗျ။ ဒဏ်ရာက ဓားဒဏ်ရာ။ ဒါပေမဲ့ လက်နက် တို့ ဘာတို့လည်း မတွေ့ဘူး” လို့ ပြောတယ်။
“ဓားနဲ့ ထိုးလိုက်တယ်ဆိုရင် ရင်ဝမှာ ဓားတန်းလန်း ရှိရမယ်။ အနား ပတ်ဝန်းကျင်မှာရင်လည်း ရှိနေရမယ်။ မကျေနပ်ဘူးဗျာ” လို့ ပြောပြီး ကျွန်တော်တို့လည်း အနီးတစ်ဝိုက်မှာ ရှာကြသေးတယ်။ ကျွန်တော်တို့ အထဲက တစ်ယောက်က “ခင်စောညွန့် လက်ထဲမှာ ဓားမြင်လိုက်မိသလိုလို ပဲ။ လရောင်ထဲမှာ လက်ခနဲ ပြက်သွားတာ မြင်လိုက်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ ကိုဘသောင်က…
“ခင်စောညွန့် ထိုးတာလည်း မဖြစ်နိုင်ဘူး ထင်တယ်ဗျာ။ ကိုအောင် သိန်းဟာ “ခင်စောညွန့်နဲ့ ၁ဝ လှမ်းလောက် အကွာမှာ ရပ်နေတာ။ ဘယ့် နှယ်လုပ် ထိုးမှာလဲ” လို့ပြောပြီး လဲကျနေတဲ့ ခင်စောညွန့် ကိုယ်မှာ ရှာ ကြည့်တော့လည်း ဓားနဲ့တူတာတောင်မှ မတွေ့ရဘူး။
“ဒါနဲ့ ကျုပ်တို့လည်း သတိမေ့နေတဲ့ ခင်စောညွန့်ကို ဇရပ်ကို ပြန်အပို့ ခိုင်းလိုက်တယ်။ ပြီးတော့မှ မြို့အုပ်ကလေး ကိုအောင်သိန်းရဲ့ အလောင်းကို သယ်လာခဲ့ကြတယ်”
မြေတိုင်းစာရေးကြီး ဦးဘကွန့်သည် ကွမ်းတစ်ယာကို ထပ်ယာလိုက် ပြီးနောက်…
“ခုတော့ စုံထောက်ဝတ္ထုတွေ ဘာတွေ ခေတ်စားလာလို့ အသတ်ခံရသူ တစ်ယောက်ရဲ့ အလောင်းကို ဆိုင်ရာက စစ်ဆေးမပြီးမချင်း ဘယ်မှ မရွှေ့ ရဘူးဆိုတာ လူတိုင်းလောက် နားလည်နေကြပြီပေါ့လေ။ ဒါပေမဲ့ အဲဒီတုန်း ကတော့ ကျုပ်တို့ကလည်း သိပ် ဗဟုသုတ မရှိသေးတော့ အလောင်းကို သယ်လာခဲ့ကြတာပေါ့”
ဇရပ်ကို ပြန်ရောက်တော့ အလောင်းကို မြို့က ဆေးရုံကို ပို့သူပို့၊ ခင်စောညွန့်ကို သတိပြန်ရအောင် လုပ်သူလုပ်နဲ့ အလုပ်များနေကြတာပေါ့ ဗျာ။ ဒီတုန်း ကိစ္စဝိစ္စတွေပြီးတော့ မနက် လေးငါးနာရီလောက် ရှိနေပြီ။ ဒီတုန်းမှာ ကိုဘသောင်က ကျွန်တော့်ကို လက်တို့ပြီး…
“ကျွန်တော်ကတော့ နတ်ကွန်းကိုသွားပြီး လက်နက်တို့ ဘာတို့ ရှာကြည့် ချင်သေးတယ်ဗျာ။ တွေ့ရမယ်လို့လည်း စိတ်ထဲမှာ ထင်နေတယ်” လို့ ပြောတယ်။ ဒီတော့ ကျုပ်က “မရှိတဲ့ လက်နက်ကို ဘယ်သွားရှာလို့ရမှာ လဲ” လို့ စိတ်တိုတိုနဲ့ အော်လိုက်တော့ ကိုဘသောင်ဟာ ကျွန်တော့်ကို မျက်လုံးကြီးပြူးကြည့်ရင်းက…
“လူတစ်ယောက်သေတာကို ဒီအတိုင်း နေရမှာလားဗျ။ ခင်ဗျားတို့ ဘာသာ နတ်တွေ ဘာတွေကို ယုံချင်ယုံ၊ မယုံချင်နေ။ ကျွန်တော်တော့ သွားရှာမှာပဲ၊ တွေ့ကိုတွေ့ရမယ်” လို့ ပြောတယ်။
ကျုပ်ကတော့ ရှာလို့လည်း ဘာမှထူးမှာ မဟုတ်ဘူးလို့ ထင်တာပဲ။ ဒါနဲ့ သွားမရှာဖို့ အမျိုးမျိုး ပြောပါသေးရဲ့။ ဒါပေမဲ့ အချည်းနှီးပါပဲ။ သွားကြည့်ရင် သူလည်း တစ်ခုခုဖြစ်မယ်လို့ ကျုပ်စိတ်ထဲမှာ ထင်နေတယ် လေ။ နောက်ဆုံးတော့ ကိုဘသောင်ဟာ သွားရှာမယ်ဆိုပြီး တစ်ယောက် တည်း ထွက်သွားတယ်။ ဒါနဲ့ မနက်ခြောက်နာရီက ထွက်သွားလိုက်တာ တော်တော်နဲ့ ပြန်မလာနိုင်တာနဲ့ ကျုပ်တို့လည်း နတ်ကွန်းကို ထပ်ပြီး လိုက် သွားကြတယ်ဗျ။ နတ်ကွန်းအောက်က ကျောက်တုံး လှေကားထစ်ကလေးနား ရောက်တော့ ကိုဘသောင် နာမည်ကို ခေါ်ကြည့်သေးတယ်။ ဘာမှ ထူးသံမကြားရဘူး။ ဒါနဲ့ ကျုပ်တို့ လှေကားထစ်ကလေးတွေအတိုင်း တက်လာခဲ့ ကြတယ်။ ကုန်းထိပ်လည်းရောက်ရော ကျုပ်နဲ့ပါလာတဲ့ ပုလိပ်သားကလေး က “စာရေးကြီး..စာရေးကြီး…ဟိုမှာ” လို့ ကျုပ်လက်ကိုဆွဲပြီး ပြောလို့ ကြည့်လိုက်တော့ မနေ့ညက ကျုပ်တို့ရောက်ခဲ့တဲ့ နတ်ကွန်းရှေ့က ဆူးလေ မြက်တောကလေးကို မြင်လိုက်ရတယ်။ မနက်ဝေလီဝေလင်းဆိုတော့ ကျုပ် လည်း သဲသဲကွဲကွဲ မမြင်ရသေးပါဘူး။ သေသေချာချာ ကြည့်လိုက်တော့ မှ လား…လား၊ မနေ့ညက မြို့အုပ်ကလေး ကိုအောင်သိန်း လဲကျသေဆုံး ခဲ့တဲ့ နေရာမှာ တိရစ္ဆာန် ဆရာဝန်ကလေး ကိုဘသောင်ရယ်ဗျ။ စန့်စန့်ကြီး လဲလို့။
“ဟာ…တစ်ယောက်သွားပြန်ပြီ ထင်တယ်” လို့ ပြောပြီး ကျုပ်တို့လည်း သူ့ဆီကို ပြေးလာခဲ့ကြတယ်။ ကိုဘသောင်ဟာ အသက်မျှဉ်းမျှဉ်း ရှူနေ တုန်း ရှိသေးတယ်ဗျ။ ဒါပေမဲ့ သတိတော့ မရတော့ဘူး။ ကိုဘသောင် ကိစ္စကတော့ ရှင်းပါတယ်။ သူ့ပခုံးမှာ ဓားမြှောင်ကြီး တစ်ချောင်းတန်းလန်း စိုက်လို့ဗျ။ ဒဏ်ရာက ပခုံးကို ရှပ်ထိထားတော့ သွေးလွန်ပြီး သတိမေ့နေ တာဗျ။ ရင်ဝမှာ မဟုတ်တော့ သေမှာမဟုတ်ဘူး။ မသေရင် အဖြစ်အပျက် ကိုတော့ သူ့ဆီက ကြားရမှာပဲလို့ ကျုပ် တွေးလိုက်မိတယ်။
“ဒါပေမဲ့ သူ သတိရလို့ သူ ့ထွက်ချက်ကို ယူတော့လည်း သူ့ ့ထွက်ချက် က ခပ်ဝါးဝါးရယ်။ နတ်ကွန်းရောက်တော့ ဓားမြှောင်ကို လိုက်ရှာတယ် တဲ့။ ဓားမြှောင် ဘယ်မှာမှ ရှာလို့မတွေ့ဘူးတဲ့။ ဒါနဲ့ သူလည်း ပြန်တော့ မယ်ဆိုပြီး နတ်ကွန်းနားက နတ်ရုပ်နားမှာ ခဏရပ်နေတယ်တဲ့။ ရှားတော ထဲက လူတစ်ယောက် သူ ့ကို စောင့်ကြည့်နေတယ်လို့ စိတ်ထဲမှာ ထင်လိုက် တယ်တဲ့။ ဒီတုန်းမှာ လေအေးကြီးတစ်ချက် တိုက်လိုက်တဲ့အတွက် သူလည်း ကျောတွေ စိမ့်သွားသတဲ့။ လေက ရှားတောဘက်က လာတာမဟုတ်ဘူး တဲ့။ သူ ့အနားမှာ ကပ်တိုက်သွားတာတဲ့။ ဒါနဲ့ သူလည်း နောက်ပြန်လှည့် ပြီး နတ်ရုပ်ကို ကြည့်လိုက်တယ်တဲ့။ နတ်ရုပ်ကို လှည့်ကြည့်လိုက်တော့ သူ့မျက်စိထဲမှာ နတ်ရုပ်ကြီးဟာ သူ့ရှေ့မှာ ကြီးကြီးလာတယ်လို့ ထင်လိုက် သတဲ့။ ဒီလိုနေတုန်းမှာ သူ့ နားထင် နှစ်ဖက်ကို ပြုတ်တူကြီးနဲ့ ညှပ်လိုက် သလို ဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်ပြီး ယိုင်သွားသတဲ့။ ယိုင်အလဲမှာ သူ့ပခုံးမှာ စူးခနဲဖြစ်သွားပြီး သတိမေ့လဲကျသွားတာပဲတဲ့။ သူ့ပခုံးမှာ စိုက်လျက်သားတွေ့ ရတဲ့ ဓားမြှောင်ကတော့ မြို့အုပ်ကလေး ကိုဘသိန်း ကိုင်နေကျ ဆင်စွယ်ရိုးတပ် ဓားမြှောင်ဗျ။ ဒီဓားမြှောင်ကို ကိုအောင်သိန်း ဘယ်မှာထားခဲ့သလဲ။ နတ်ကွန်းထဲမှာလား၊ ရှားတောထဲမှာလား။ ဒါမှ မဟုတ် ကိုးခန်းဇရပ်ထဲမှာပဲ ထားခဲ့သလား ဆိုတာတော့ ဘယ်သူမှ မသိ နိုင်ဘူးပေါ့။
“ပုလိပ် ထင်မြင်ချက်ကတော့ ကိုအောင်သိန်းကို ခင်စောညွန့် ဓားနဲ့ ထိုးသတ်တယ်လို့ပဲ ယူဆတယ်။ ဒါပေမဲ့ အားလုံးရဲ့ ထွက်ချက်ကို ပေါင်း ချုပ်ကြည့်လိုက်တော့ ကိုအောင်သိန်းဟာ ခင်စောညွန့်နဲ့ လက်တစ်ကမ်း အကွာကို မရောက်ဘူး။ ၁ဝ လှမ်းလောက် အကွာမှာ ရှိနေတယ် ဆိုတာ ကို ထင်ရှားနေတယ်။ ဒီလိုနဲ့ ပုလိပ်ကလည်း ဘာမှ အရေးမယူနိုင်ဘဲ ကိုအောင်သိန်း သေတဲ့ကိစ္စဟာ တရားခံ မပေါ်ဘဲ ဖြစ်နေတာပေါ့။
• • •
မြေတိုင်းစာရေးကြီး ဦးဘကွန့်၏ စကားကို နားထောင်ပြီးနောက် ကျွန်ုပ် တို့အားလုံး တိတ်ဆိတ်နေကြ၏။
ဆရာဝန်လေး ကိုထွန်းမောင်က…
“စာရေးကြီးရဲ့ ဇာတ်လမ်းကလည်းဗျာ။ ကြောက်စရာကြီး၊ ကိုကိုလေး ရေးတဲ့ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရသလိုပဲ။ ဘယ့်နှယ်လဲ စာသင်ကြီး။ စာသင်ကြီးကတော့ အတွေ့အကြုံများသူပီပီ ထင်မြင်ချက်ကလေး ဘာလေး ပေးစမ်းပါဦး” ဟု စာသင်ကြီး ဦးကြာခိုင်ကို လှည့်ပြောလေလျှင် ဦးကြာ ခိုင်သည် ဗိုလ်လသာ ဆေးပြင်းလိပ်ကြီးကို ပါးစပ်မှ ချွတ်လိုက်ပြီးနောက်…
“ထင်မြင်ချက်ပေးတာကတော့ မခက်ပါဘူး။ ဒါပေမဲ့ စာရေးကြီး ပြောတဲ့အထဲမှာ အချက်အလက် မပြည့်စုံသလိုလို ဖြစ်နေတယ်”
ဦးသက်ရှည်က …
“ကျွန်တော်လည်း နတ်ဝင်တာတွေကို မြင်ခဲ့ဖူးတယ်။ ကျွန်တော့်အထင် ပြောရမယ်ဆိုရင်တော့ ခင်စောညွန့်ဟာ ပယောဂဝင်ပြီး သတိလက်လွတ် ဖြစ်သွားရာက ဒါမှမဟုတ်လည်း အိပ်ပျော်ရင်း ယောင်တတ်သူရဲ့ ထုံးစံအရ ကိုယ် ဘာလုပ်တယ်ဆိုတာကို မသိဘဲ မြို့အုပ်ကလေး ကိုအောင်သိန်း ကို ဓားနဲ့ထိုးလိုက်မိတယ် ထင်တာပဲ။ သူ ့လက်ထဲမှာ ပြောင်ပြောင်လက် လက် မြင်လိုက်တယ်ဆိုတာ ဓားပဲဖြစ်မှာပဲ။ ထိုးပြီးတော့ ဓားကို တစ်နေ ရာရာမှာ လွှင့်ပစ်လိုက်မှာပေါ့”
ကျွန်ုပ်က …
“လှံတို့ ဘာတို့ မဖြစ်နိုင်ဘူးလားဗျာ။ အဲဒီတုန်းက လရောင်ကလည်း မှုန်တိမှုန်ဝါးဆိုတော့ ပြောင်ပြောင်လက်လက် မြင်လိုက်ရတယ်ဆိုတာ ဓား မြှောင်မဟုတ်ဘဲ လှံဖြစ်မယ်ဆိုရင်လည်း ဖြစ်နိုင်တာပေါ့။ လှံဆိုတော့ အဝေး ကနေပြီး ပစ်လို့ရနိုင်တာပဲ။ နတ်ကိုင်တာတို့၊ ဘာတို့တော့ ဟုတ်မယ်မထင် ပါဘူး”
စာသင်ကြီး ဦးကြာခိုင်က .…
“ကျွန်တော်လည်း ဓားတွေ၊ လှံတွေနဲ့ သတ်လို့သေတဲ့ လူသတ်မှု တော်တော်များများကို တွေ့ခဲ့ဖူးတာပဲဗျ။ လူသတ်သမားဟာ ရှားတောထဲက စောင့်နေပြီး လှံဖြစ်ဖြစ်၊ ဓားဖြစ်ဖြစ် တစ်ခုခုနဲ့ ပစ်လိုက်တာ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ကိုဘသောင် သွားတော့လည်း တစ်ယောက်ယောက် ရှားတောထဲကနေပြီး သူ ့ကိုကြည့်နေတယ်လို့ ထင်တယ်လို့ ပြောတယ် မဟုတ်လား”
ကိုကျောင်းမောင်က…
“ဒါပေမဲ့ ခက်နေတာက ခင်စောညွန့်ဟာ ကွင်းပြင်မှာ ရပ်နေတာဗျ။ လှံကြီးကို ကိုင်ထားတယ်ဆိုရင် ဒီလှံကြီးကို ဘယ့်နှယ်လုပ်ပြီး ချက်ချင်း ဖျောက်ပစ်နိုင်မှာလဲ။ တစ်ခါ ဓားမြှောင်နဲ့ လှမ်းပစ်လိုက်တယ ဆိုရင်လည်း သေသူကို သွားကြည့်လိုက်တဲ့ အခါမှာ ဒဏ်ရာကိုသာ တွေ့ရပြီး ဓားက ဘယ်ရောက်သွားရမှာလဲ။ ဒီတော့ ဖြစ်နိုင်တာ တစ်ချက်ပဲရှိတယ်”
“ဘာလဲ” ဟု အားလုံးက ဝိုင်း၍ မေးလိုက်ကြ၏။
“မြို့အုပ်ကလေး ကိုအောင်သိန်း လဲကျသွားတုန်းက အနားမှာ ဘယ် သူမှ မရှိဘူး။ ခင်စောညွန့်ကလည်း အဝေးကြီးမှာဆိုတော့ ကိုအောင်သိန်း ဟာ သူ ့ဘာသာသူ ဓားနဲ့ထိုးပြီး သတ်သေသွားတာလားမှ မသိတာ။ ကျွန်တော်ကတော့ နတ်တို့ ဘာတို့ကို အယုံအကြည် မရှိလေတော့ ဒီအတိုင်းပဲ ဖြစ်မှာပဲလို့ ထင်တာပဲ။ ဓားမြှောင်ကတော့ လဲကျသွားတုန်းမှာ အဝေးကို လွှင့်ပစ်လိုက်လို့ ရှားတောထဲကို ရောက်ချင်ရောက်သွားမှာပေါ့။ နောက်တစ်ချက်က သူ ့ဘာသာသူ သတ်သေတာ ဟုတ်ရင်ဟုတ်၊ မဟုတ် ရင် တိရစ္ဆာန်ဆရာဝန်ကလေး ကိုဘသောင်ကော မဖြစ်နိုင်ဘူးလား။ သေသူ့ အနားကို သူပဲ ပထမဆုံး ရောက်သွားတယ်။ ပြီးတော့ သေသူကို ပက်လက် လှန်လိုက်တယ်။ အဲဒီအချိန်တုန်းက ကိုဘသောင်ဟာ အားလုံးကို ကျောပေး ထားတယ်။ ဒီတော့ ကိုးခန်းဇရပ်ကတည်းက ကိုအောင်သိန်းရဲ့ ဓားကို ယူလာပြီး အဲဒီတုန်းမှာ ထိုးလိုက်မယ်။ ပြီးတော့မှ ဓားကို အဝေးကို လွှင့် ပစ်လိုက်မယ်ဆိုရင်ကော”
ကျွန်ုပ်တို့အားလုံး၏ မျက်လုံးများသည် မြေတိုင်းစာရေးကြီး ဦးဘကွန့် ဆီသို့ ရောက်သွားကြ၏။
“အင်း…အဲဒီတုန်းကတော့ ကျုပ်လည်း မသိဘူးပေါ့လေ။ နောက် ငါးနှစ်လောက်ကြာမှ သိရတာဗျ။ နောက် ငါးနှစ်လောက်ကြာတော့ ကျုပ်ဆီကို စာတစ်စောင် ရောက်လာတယ်။ စာကို ဖောက်ဖတ်လိုက်တော့ စာက တိရစ္ဆာန်ဆရာဝန်ကလေး ကိုဘသောင်ရဲ့စာ။ အဲဒီကိစ္စနဲ့ ပတ်သက် ပြီး ကျုပ်က သူ ့အပေါ် သံသယရှိနေတယ်ဆိုတာ သူ ရိပ်မိပါတယ်တဲ့။ အစတုန်းကတော့ သူ ့မှာ ဒီလိုကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိပါဘူးတဲ့။ ဒါပေမဲ့ သူဟာ ခင်စောညွန့်ကို တကယ်ချစ်ခဲ့တယ်။ ခင်စောညွန့်ကလည်း သူ့ကိုချစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ခင်စောညွန့်ဟာ သူ ့ကို ရှောင်ဖယ်ဖယ်လုပ်ပြီး ကိုအောင်သိန်းနဲ့ တပူးတွဲတွဲ လုပ်လာတယ်တဲ့။ ပြီးတော့ ကိုအောင်သိန်းဟာ မကြာခင်မှာ မြို့အုပ်ကြီးဖြစ်တော့မှာဆိုတော့ ကိုအောင်သိန်းဟာ အတားအဆီး ဖြစ်လာတယ်တဲ့။ ဒါနဲ့ ကိုအောင်သိန်း အနားကို သူ ရောက်သွားတော့ ကိုအောင်သိန်းရဲ့ ဘောင်းဘီအိတ်ထဲက ဓားမြှောင်ကျနေတာကို သွားတွေ့တယ်တဲ့။ ဒါနဲ့ သူ ့ကိုထိုးပြီး ဓားကို သူ့ အိတ်ထဲ ပြန်ထည့်လာခဲ့တယ်တဲ့။ ဒါပေမဲ့ သူ့ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေ တာနဲ့ သူ့အပေါ်မှာ သံသယမဖြစ်အောင်ဆိုပြီး သူ့ကိုယ်သူ ဓားနဲ့ထိုးလိုက် တယ်တဲ့။ အမှောင့်ပယောဂ တစ်ခုခုကြောင့်ပဲ သူလည်း ဓားထိုးခံရသယောင် ဆောင်လိုက်တာတဲ့။
ဒီစာကို ရေးနေတဲ့ အချိန်မှာ သူလည်း မြန်မာပြည်မှာမရှိပါဘူးတဲ့။ နာမည်တစ်မျိုးနဲ့ ရုပ်ဖျက်ပြီး ဂျာဗားကျွန်းကို ထွက်သွားပြီ တဲ့။ ကျုပ်အထင်တော့ အပြီးအပိုင် ရှောင်သွားပြီ ထင်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဲဒီတုန်းက မြင်ရတဲ့ ရှုခင်းတွေ၊ အသံတွေကို ပြန် ပြန်တွေးရင်ခုထက်ထိ ကျောစိမ့်တုန်းပဲ ရှိသေးတယ်ဗျ”
ကျွန်ုပ်တို့အားလုံးသည် တိတ်ဆိတ်နေကြ၏။ ထိုစဉ် မြို့လယ် စီနီမာ ရုံတွင် ပြနေသည့် “နှစ်ဆောင်ပြိုင်”ဓာတ်ရှင်ကား ကြော်ငြာ လှည့်လာသံကို ကြားရလေ၏။
*** ***
The Idol House of Astarte by Agatha Christieကို မှီငြမ်းထားခြင်းဖြစ်ပါသည်။
စန္ဒာမဂ္ဂဇင်း၊ မတ်၊ ၁၉၈၅။