“ဖြောင်း ဖြောင်း ဖြောင်း… ဖြောင်းဖြောင်း” နောက်ဘက်ဆီမှ ကြားလိုက်ရသော လက်ခုပ်သံ ကြောင့် စက်ဘီးနင်းနေရာမှ ကျွန်မ ခေါင်းငဲ့ကြည့်မိ သည်။ တစ်ဆက်တည်းမှာပင် လက်ခုပ်သံနှင့်အတူ “ညီမ ညီမ..” ဆိုသော ခပ်ကျယ်ကျယ် ခေါ်သံကိုပါ ကြား လိုက်ရသည်မို့ ကျွန်မ စက်ဘီးကို အရှိန်လျှော့လိုက်မိ၏။ ကျွန်မကို တစ်ယောက်ယောက်က လှမ်းခေါ်နေ သည်မှာ သေချာသွားပြီ။ စက်ဘီးပေါ်မှ ဆင်းကာ ကြည့် လိုက်မိတော့ ကျွန်မနှင့် မျက်မှန်းတန်းမိနေသော မျက်နှာ တစ်ခုကို မြင်သည်။ “ဪ…. အစ်မ”
ကျွန်မ မြင်လိုက်ရသည့် အမျိုးသမီး၏မျက်နှာကို ကျွန်မ မှတ်မိသွားတာမို့ ပြုံးပြနှုတ်ဆက်လိုက်မိသည်။ “အစ်မက ဒီမှာနေတာလား”
အမျိုးသမီးရှိရာသို့ ကျွန်မ စက်ဘီးတွန်းကာ ရောက်ရှိသွားသည်။
“ဟုတ်တယ်၊ ဒါ ကျွန်မအိမ်”
“ဪ… ကောင်းလိုက်တာ၊ ဆိုင်နဲ့ နီးနီးကလေးပဲ။ အစ်မ ဆိုင်မဖွင့်တာ ကြာပြီနော်။ ညီမတောင် တစ်နေ့က
အစ်မဆိုင် ရောက်သေးတယ်”
အမျိုးသမီးမှာ ကျွန်မ အထည်ဝယ်နေကျ ရယ်ဒီ မိတ်အဝတ်အထည်ဆိုင်တစ်ခု၏ ပိုင်ရှင် ဖြစ်လေသည်။ အမျိုးသမီး ဘယ်မှာနေသည်ကို ကျွန်မ မသိရှိခဲ့။ ကျွန်မ တို့နေသည့်ရပ်ကွက်နှင့် မလှမ်းမကမ်းတွင် အထည်ဆိုင် ဖွင့်သော အမျိုးသမီးတစ်ယောက်အဖြစ်သာ ကျွန်မ သူ့ကို သိသည်။ ကျွန်မသည် သူ၏ဖောက်သည်တစ်ယောက် ဖြစ်သည်။ ယခု ကျွန်မက ဘုရားပန်းအသစ်လဲလိုသဖြင့် ညနေခင်း ဈေးတန်းတစ်ခုဆီသို့ ဘုရားပန်းဝယ်ရန် အိမ်မှ ထွက်လာခြင်းဖြစ်သည်။ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးက ကျွန်မကို လှမ်းခေါ်နှုတ်ဆက်သည်ထင်သဖြင့် ကျွန်မ ဝမ်းသာစွာ နှုတ်ခွန်းဆက်လိုက်မိသည်။
ကျွန်မအထင်တို့ မှားခဲ့ပါသည်။ သူက ကျွန်မထင် သလို သူ့ဆိုင်မှာ ဝယ်နေကျ ဖောက်သည်တစ်ယောက် ကို မြင်သဖြင့် သာမန်နှုတ်ဆက်ခြင်းမျိုးဖြင့် နှုတ်ဆက် ခြင်းကား မဟုတ်ခဲ့။ သူက ကျွန်မကို ‘ညီမလေး” ဟု ခေါ်လျက် သူ့ကိုယ်သူ ‘ကျွန်မ” ဆိုသော နာမ်စားကို သုံး၍ စကားပြောလေသည်။ အမျိုးသမီးအသံက ခပ်ဝဲဝဲ ဖြစ်လျက် တိုင်းရင်းသူတစ်ယောက်၏အသံဟု သိသာ
စေသောအသံမျိုး ဖြစ်လေသည်။ “ညီမလေးကို ကျွန်မ လိုက်ရှာသေးတယ်” “ဟင်… ဘာဖြစ်လို့လဲ အစ်မ” “ညီမလေးတို့ တစ်ခါ ဈေးဝယ်သွားတုန်းက အင်္ကျီ တစ်ထည်ဖိုး မှားပါသွားလို့”
“ရှင်… ဘယ်လို မှားပါသွားတာလဲအစ်မ” “တစ်ခါ ညီမလေးနဲ့ ကောင်မကလေးတစ်ယောက်၊ အမျိုးသမီးတစ်ယောက် ဈေးလာဝယ်တုန်းကလေ။ သုံး ယောက်လာကြတာ။ ညီမလေးက အင်္ကျီတစ်ထည် ဝယ် တယ်၊ ဟိုနှစ်ယောက်က သုံးထည်ဝယ်တာ။ ဆိုင်က ကောင်မကလေးက အတွက်မှားပြီး သုံးထည်ဖိုးယူရမှာကို နှစ်ထည်ဖိုးပဲ ယူလိုက်လို့။ ငါးထောင့်ငါးရာ လိုသွားတယ် ညီမ”
“ဟုတ်လား..၊ ညီမတော့မသိဘူး။ ညီမနဲ့ အတူ လာတာ နှစ်ယောက်ဟုတ်လား။ အစ်မ အမှတ်မှားလို့ ဖြစ်မယ်နော်။ ညီမက အစ်မတို့ဆိုင်ကို တစ်ယောက် တည်းပဲ လာတာများတယ်။ တစ်ခါတလေ သူငယ်ချင်း တစ်ယောက်နဲ့ လာရင် လာတတ်တယ်။ အိမ်က တစ် ယောက်ယောက်နဲ့ လာရင်လာတယ်”
“မဟုတ်ဘူး ညီမလေးတို့ပဲ၊ ညီမလေးတော့ မဟုတ် ဘူး။ ညီမက တစ်ထည်ဖိုးကို ပေးတယ်။ သူတို့နှစ် ယောက်က သုံးထည်ဝယ်ပြီး နှစ်ထည်ဖိုးပဲ ယူလိုက်မိလို့” အမျိုးသမီး၏စကားကြောင့် ကျွန်မ အတော်ပင် ခေါင်းရှုပ်ကာ စိတ်ညစ်သွားမိသည်။ ကျွန်မ မဟုတ်ဘူး ဟုဆိုလျက် ကျွန်မနှင့် အတူလာသူနှစ်ယောက်၏ မှား ယွင်းမှုဟု ဆိုနေသည်။ “ဘယ်တုန်းကလဲ” ဆိုတော့ လွန်ခဲ့သည့် ခြောက်လလောက်ကဟု ဆိုသည်။ သူ၏ ဆိုင်ကို ပိတ်ထားခဲ့သည်မှာ ခြောက်လကျော်သွားခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံမှသာ လက်ကျန်ပစ္စည်းများကို ကောင်မကလေးတစ်ယောက် ဆိုင်ဖွင့်လျက် ရောင်းနေ တာကို ကျွန်မ သတိထားမိသည်။
ကျွန်မပင် မကြာသေးခင် ရက်ပိုင်းအတွင်းက ဆိုင် ပြန်ဖွင့်သည် ထင်သဖြင့် ဝင်ကြည့်ခဲ့မိသေးသည်။ ယခု လွန်ခဲ့သည့်ခြောက်လက သူတို့၏ မှားယွင်းမှုကြောင့် ကျွန်မနှင့်အတူလာသူ အမျိုးသမီးနှစ်ယောက်ထံမှ ရရန် ရှိသော အကြွေးကို လက်ခုပ်တီးကာ လမ်းလယ်ကောင်၌
ရုတ်တရက်တောင်းယူခံရခြင်း ဖြစ်လေသည်။ ကျွန်မ အမျိုးသမီး၏ စကားများကို နားထောင်ကာ ကျွန်မနှင့် အတူ သူ၏ဆိုင်သို့ လာဖူးသူတွေကို အာရုံမှာပေါ်အောင် အဖြေပြန်ရှာရသည်။
ကျွန်မက ရုံးနှင့်အိမ်အပြင် မြို့ထဲလောက်သာ သွား တတ်သူဖြစ်သည်။ ရပ်ကွက်ထဲက လူတွေနှင့် သိပ် ရင်းရင်းနှီးနှီးမရှိ။ ပုံမှန်အားဖြင့် ကျွန်မက ဘုရားပန်း ဝယ်တတ်သူဖြစ်သဖြင့် ဘုရားပန်းဝယ်တိုင်း ဖြတ်သွားရ သည့် ထိုအမျိုးသမီး၏ အထည်ဆိုင်သို့ မကြာခဏ ဝင်မိတတ်သည်။ ကျွန်မအကြိုက်တွေ့ လျှင် ထိုဆိုင်မှ အင်္ကျီကလေးတွေ ဝယ်တတ်သည်။ တစ်ခါမှ ကျွန်မ အမှားအယွင်း မဖြစ်ဖူးခဲ့။ အဝတ်အထည်၏ တန်ဖိုးကို တိကျစွာ ပေးချေလျက် ဝယ်ခဲ့ဖူးသည်ချည်း။ အကြွေး လည်း တစ်ခါမှ မဝယ်ဖူးခဲ့။ ကျွန်မနှင့်အတူလာသူတွေ အတွက်လည်း ကျွန်မ၏ ပိုက်ဆံအိတ်တွင်းမှ ငွေကြေး နှင့်သာ ပေးချေ၍ ဝယ်ခဲ့ဖူးသည်။ အကြောင်းမှာ ကျွန်မ၏ တူမကလေးအတွက်သော်လည်းကောင်း၊ အဖော်ခေါ်ထား
သည့် ကောင်မကလေးအတွက်သော်လည်းကောင်း ကျွန်မ ငွေနှင့်သာ ဝယ်ပေးလေ့ရှိသူ ဖြစ်သည့်အတွက် ငွေထုတ်သုံးသူမှာ ကျွန်မမှလွဲ၍ ဘယ်သူမှ ဖြစ်နိုင်ခြေ မရှိ။ သူငယ်ချင်းဖြစ်သူမှာလည်း ကျွန်မနှင့် အဖော်လိုက် လာလျှင် ပိုက်ဆံအိတ်ကိုင်လေ့ရှိသူ မဟုတ်သဖြင့် ကျွန်မကသာ ငွေကြေးစိုက်ဝယ်ပေးထားရသူ ဖြစ်သည်။ ခုတော့ ကျွန်မတို့ ကျူးလွန်ထားခြင်းမရှိသော အမှုကိစ္စ တစ်ခုအတွက် ကျွန်မတို့ကို ဆိုင်ရှင်အမျိုးသမီး အတိ အကျ သေချာစွာ စွပ်စွဲနေခဲ့ပြီ။
“ကျွန်မ မှတ်မိသလောက်တော့ ကျွန်မသူငယ်ချင်းနဲ့ ဆိုလည်း နှစ်ယောက်ပဲ လာလေ့ရှိတယ်။ တူမကလေးနဲ့ အိမ်က ကောင်မကလေး တစ်ယောက်ယောက်ကို ခေါ်လာ တတ်တာလည်း ရှိပါတယ်။ ကျွန်မတော့ တစ်ခါမှ အမှား အယွင်းမဖြစ်ခဲ့ဖူးတာ အမှန်ပါ။ အကြွေးလည်း တစ်ခါမှ မဝယ်ဖူးပါဘူး”
“မဟုတ်ဘူး ညီမ၊ ကျွန်မတို့တွက်တာ မှားသွား တာ။ သူတို့နှစ်ယောက်က သုံးထည်ဝယ်တာ။ နှစ်ထည် ဖိုးပဲ ယူလိုက်မိတာ။ ဆိုင်က ကောင်မကလေးပြောမှ ကျွန်မလည်းသိတာ။ သူတို့ သေချာသိပါတယ်။ သိသိ
ကြီးနဲ့ လိုချင်လို့ကို ယူသွားတာပါ”
ကျွန်မ ရုတ်တရက် ဒေါသ ထွက်သွားရသည်။ ဒီမိန်းမ တစ်ဆိတ်တော့ လွန်လွန်းလာပြီ။
စကားကသိသိကြီးနှင့် လိုချင်လို့ ယူသွားသည်ဆိုသည့် > ကျွန်မကို အတော်နာကျင်သွားစေသောစကား ဖြစ်၏။ ကာယကံရှင်က ကျွန်မမဟုတ်ဘူးဟုဆိုလျက် ကျွန်မကို လမ်းမအလယ်မှာ ကြွေးတောင်းသည်။ ပြီး တော့ ကျွန်မနှင့်အတူလာသူ အဖော်နှစ်ယောက်က သူ ဆိုင်မှ အထည်ကို ခိုးဝှက်ယူသွားသည့်ပုံစံမျိုးဖြစ်အောင် ယိုးစွပ်နေသည်။ ကျွန်မ စိတ်ကို အတတ်နိုင်ဆုံး ရှည် အောင် ဆွဲဆန့်လိုက်ရသည်။ လွန်ခဲ့သည့် ခြောက်လ လောက်က ဈေးရောင်းသူ၏ မှားယွင်းမှုကို ဈေးဝယ်သူ တစ်ယောက်ထံ ကာလများစွာ လွန်ခဲ့ပြီးမှ ပြစ်ပုံချတာ ကိုက အဓိပ္ပာယ်မရှိသည့်လုပ်ရပ် ဖြစ်၏။ သို့ပေမဲ့ ကျွန်မ လမ်းလယ်ကောင်မှာ တရားစွဲခံရသည့် တရားခံ တစ်ယောက်အဖြစ်ကို ရောက်နေခဲ့ပြီ။ ပြဿနာကို ကျွန်မ ဖြေရှင်းပေးမှ ရတော့မည်။ အမျိုးသမီး၏ လိုရင်းက ဈေးဝယ်သူကြောင့် သူ ဆုံးရှုံးနစ်နာသွားခဲ့ရသော လွန်ခဲ့ သည့် ခြောက်လတာကာလက ငွေငါးထောင့်ငါးရာကို ပြန်ရယူလိုရင်းသာဖြစ်၏။
ကျွန်မကလည်း ကျွန်မ မမှားယွင်းခဲ့ဘဲ မည်သည့် ဆိုင်က မည်သည့်ပစ္စည်းကိုမျှ အချောင်ရယူခဲ့ဖူးခြင်းမရှိ ခဲ့သောကြောင့် သူလိုချင်နေသည့် ငွေ ငါးထောင့်ငါးရာ ကို မပေးချင်၊ မပေးလို။ သို့သော် သူက သိသိကြီးနှင့် ယူချင်လို့ကို ယူသွားတာဆိုသော စကားကို သုံးလေးခွန်း ထပ်ပြောနေခဲ့သည်။ ကျွန်မ ဘယ်မှာနေသည်ဆိုတာကို မသိဘဲနှင့် အနီးအနားက ဝန်ထမ်းအိမ်ရာတစ်ခုမှာပင် လိုက်ရှာသေးသည်ဟူသော စကားကိုလည်း ဆိုသေး၏။ ဆိုတော့ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးသည် သူ၏ ပိုက်ဆံ ငါးထောင့်ငါးရာအတွက် ကျွန်မကို ခုချိန်ထိ မမေ့မလျော့ စုံစမ်းရှာဖွေနေခဲ့သည်ပေါ့။
“အစ်မ ဘယ်လိုပဲပြောပြော ဒီအမှားအယွင်းကို ကျွန်မကတော့ လုံးဝမသိခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အစ်မ မှတ်ထားတာက ကျွန်မဖြစ်နေတော့ ဒီကိစ္စကို ကျွန်မ ဖြေရှင်းပေးပါ့မယ်။ အိမ်မှာ ကျွန်မတူမကလေး ရှိတယ်။ ကျွန်မနဲ့ အစ်မဆိုင်ကို အတူလာဖူးတဲ့ သူငယ်
ချင်းတစ်ယောက်လည်း ဒီအကြောင်းပြောပြလိုက်ပါ့မယ်။ သူတို့ကိုမြင်ရင် အစ်မဆီက အင်္ကျီဝယ်သွားတဲ့သူတွေ ဟုတ်၊ မဟုတ် အစ်မသိမှာပါ။ ကျွန်မ ပြန်လာခဲ့ပါ့မယ်။ ဒါ အစ်မအိမ်နော်…”
စကားမပြတ်နိုင်အောင် ပြောနေသည့် ဆိုင်ပိုင်ရှင် အမျိုးသမီးကို ကျွန်မ စကားစဖြတ်ကာ ဈေးတန်းရှိရာသို့ ထွက်ခွာလာခဲ့သည်။ ဘုရားပန်းဝယ်ကာ အိမ်ပြန်ရောက် တော့ ကျွန်မမိသားစုကို ထိုအကြောင်း ပြောပြလိုက်သည်။ ကျွန်မအိမ်၌ အိမ်နီးနားချင်း မိတ်ဆွေ အမျိုးသား တစ်ဦး ရောက်နေသည့်အတွက် ကျွန်မပြောပြသော သတင်းကို သူလည်း သိသွားခဲ့သည်။
“ငွေငါးထောင်လောက်နဲ့ ရပ်ကွက်ထဲမှာ မတော်
မတရား အပြောခံနေရလိမ့်မယ်။ သွားပေးလိုက်တာ ကောင်းပါတယ်” ဟု မိတ်ဆွေက အကြံပြုခဲ့သည်။
ကျွန်မ၏ တူမကလေးက တစ်ခါမှ အင်္ကျီသုံးထည် မဝယ်ခဲ့ဖူးကြောင်း ပြောဆိုခဲ့သည်။ တူမကလေးကတော့ “မဟုတ်ဘဲနဲ့ ဘာလို့ပေးရမှာလဲ အန်တီလေးရဲ့။ ကိုယ် ဝယ်တဲ့ပစ္စည်းတန်ဖိုး ကိုယ် ပေးခဲ့ပြီးပြီပဲ။ ခုမှ ဘယ်သူ ဆီမှန်းမသိတဲ့ဟာကို အန်တီဆီမှာ လာတောင်းနေတာ အဓိပ္ပာယ်မှ မရှိတာပဲ။ သူ့မှာ ဘာသက်သေရှိလို့လဲ။ သူ့ဆိုင်က စီစီတီဗွီ တပ်ထားလို့လား။ သက်သေပြနိုင် ရင် ပြလေ။ သက်သေမပြနိုင်ဘဲနဲ့ လွန်ခဲ့တဲ့ခြောက်လ ကအမှားကို လာစွပ်စွဲနေတာ တရားလွန်လှပြီ။ အန်တီ ငါးပြားတောင် မပေးနဲ့” ဟု ဆိုလေသည်။
ကျွန်မ တစ်ချိန်လုံး ထိုအမျိုးသမီး၏ မျက်နှာကို သာ မြင်ယောင်နေမိလျက် စိတ်တွင်းမှာ တနှံ့နှံ့ဖြစ်နေရ လေသည်။ ကျွန်မနှင့်အတူ ထိုဆိုင်သို့ သွားခဲ့ဖူးသော သူငယ်ချင်းကို ဖုန်းဆက်ပြောပြတော့ သူကလည်း တစ် ခါမှ အင်္ကျီသုံးထည် မဝယ်ခဲ့ဖူးပါကြောင်း ပြောပြသည်။ တကယ်တော့ ကျွန်မနှင့် အတူသွားသူတွေ ၊ ဘာဝယ်ဝယ် ကျွန်မကသာ ဦးဆောင်ငွေရှင်းပေးသူဖြစ်သည်။ အဝတ် အစားကို လှ၊ မလှ ကြည့်ပေးရသူကလည်း ကျွန်မသာ လျှင် ဖြစ်သည့်အတွက် ကျွန်မအဖော်တွေ ဘာဝယ်ဝယ် ကျွန်မ မသိတာရှိခဲ့သည်မဟုတ်။ သေချာအောင်သာ ပြန်မေးကြည့်မိခြင်းဖြစ်၏။
သူငယ်ချင်းကလည်း ကျွန်မအဖြစ်အတွက် စိတ်တို
သွားရသည်။ နောက်ရက်တွင် ကျွန်မအိမ်သို့ ရောက်လာ ကာ တူမကလေးကိုခေါ်လျက် ဆိုင်ရှင် အမျိုးသမီး၏ အိမ်သို့ သွားကြသည်။ ကျွန်မတို့တစ်တွေ အထည်ဆိုင် ပိုင်ရှင် အမျိုးသမီးကို မကျေမချမ်းဖြစ်မိလျက် တစ် ယောက်တစ်မျိုး သုံးသပ်ချက်တွေ ပေးနေမိကြလေသည်။ “ငွေငါးထောင့်ငါးရာလောက်နဲ့များ လိမ်သွားမယ့်
လူတွေ ကျလို့။ သုံးယောက်စလုံးသွားပြီး မျက်နှာချင်းဆိုင် ဖြေရှင်းပြီး ပြောထည့်ပစ်လိုက်ဦးမယ်”
“သမီးတော့ အဲဒီ အန်တီကြီးဆိုင်က အထည်တွေ တစ်ခါတည်း သုံးထည်လောက်ဝယ်ဖို့မပြောနဲ့။ တစ် ထည်တောင် မနည်းရှာကြည့်ရတယ်။ သူ့ဆိုင်က ဆိုင် ဖြုတ်တော့မှာဆိုပြီး အသစ်မတင်တာလည်း ကြာနေပါပြီ။ သမီးကြိုက်တဲ့ဒီဇိုင်းလည်း မရှိပါဘူး အန်တီရာ” “သွားရှင်းမှတော့ ဖြစ်မယ်။ မဟုတ်ရင် သူ့စိတ်ထဲ ငါတို့ကို ငွေငါးထောင့်ငါးရာ မပေးချင်လို့ ရှောင်နေတယ် ထင်လိမ့်မယ်…။ အဲဒီမိန်းမ တော်တော်တရားမရှိတာပဲ၊ နေတော့ လူချမ်းသာရပ်ကွက်ထဲ အိမ်ကြီးအိမ်ကောင်း နဲ့။ တကယ်ဆို နင်က သူ့ဆိုင်ရဲ့ အမြဲတမ်းဖောက်သည်။ မှားခဲ့တဲ့ အမှားက သူတို့မှားတာ။ ဖြစ်ခဲ့တဲ့ကိစ္စက ခြောက်လကျော်ကြာပြီ။ ဒါကို ခုခါမှ အကြွေး လာပြန် တောင်းနေတယ်ဆိုတော့ ဒီ ခြောက်လကျော်ကာလ အတွင်းမှာ ဒီမိန်းမ ညတိုင်း ငွေငါးထောင့်ငါးရာအတွက် အိပ်မှပျော်ရဲ့လားမသိဘူး”
ကျွန်မ သူငယ်ချင်းနှင့် တူမကလေးကိုခေါ်ကာ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးအိမ်သို့ စကားတပြော ပြောဖြင့် ချီတက်လာမိကြသည်။ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးအိမ်က ပေခြောက်ဆယ် ရှစ်ဆယ်မြေကွက်ပေါ် မှာ ကားနှစ်စီးရပ်စာလောက် မြေကွက်လွတ်ချန်၍ အပြည့်နီးပါး ဆောက်လုပ်ထားသော နှစ်ထပ်တိုက်ကြီး တစ်လုံး ဖြစ်သည်။
ကျွန်မတို့ ရောက်သွားချိန်မှာ အိမ်ရှေ့ဝရန်တာတွင် ယောက်ျားတစ်ယောက် ထိုင်ခုံတစ်လုံးတွင် ထိုင်လျက် ဂျာနယ်ဖတ်နေသည်ကို တွေ့ ရလေသည်။
“ဒီအိမ်က အစ်မတစ်ယောက်နဲ့ တွေ့ ချင်လို့ပါ။ အထည်ဆိုင် ဖွင့်ရောင်းတဲ့အစ်မ” “အထည်ဆိုင်က ပိတ်ထားတာကြာပြီ”
ကျွန်မတို့သုံးယောက်ကို တွေ့သောအခါ အသက် ငါးဆယ်ဝန်းကျင် အမျိုးသားကြီးက စူးစမ်းလိုသော မျက်လုံးများဖြင့် ခေါင်းစခြေဆုံး ခြုံငုံကြည့်ရင်း ပြောလေ
သည်။
“ပိတ်ထားတာ ကြာပေမဲ့ ပြဿနာတစ်ခု ဖြေရှင်း စရာရှိလို့ပါ။ ဆိုင်ရှင်အစ်မကြီးနဲ့ တွေ့ ချင်လို့ပါ” “ဘာပြဿနာများ ဖြစ်ထားလို့လဲမသိဘူး။ ဦးကို အကျိုးအကြောင်းလေး ခဏရှင်းပြပါလား”
အိမ်ပိုင်ရှင် အမျိုးသား၏ တွေဝေ ထိတ်လန့်သွားပုံ ရသော မျက်လုံးများကိုကြည့်ကာ ကျွန်မ ဖြစ်ရပ်ကို အတိုချုံ့ ပြောပြလိုက်ရသည်။
အိမ်ပိုင်ရှင် အမျိုးသားကြီးက ကျွန်မတို့ကို ပျူပျူ ငှာငှာ မျက်နှာထားဖြင့် အိမ်တွင်းသို့ဝင်ရန် ဖိတ်မန္တက ပြုသော်လည်း ကျွန်မတို့သုံးယောက်သား တိုင်ပင်ထား ကြသလိုပင် မဝင်မိကြဘဲ ခြံပေါက်ဝမှာသာ ရပ်စောင့် နေကြလေသည်။ သုံးလေးမိနစ်မျှ အချိန်အတွင်းပင် အိမ် ထဲဝင်သွားသော အမျိုးသားကြီး၏နောက်မှာ ဆိုင်ပိုင်ရှင် အမျိုးသမီးကပ်ပါလျက် ကျွန်မတို့ဆီ ရောက်လာလေ၏။ ခြံပေါက်ဝမှာရပ်နေသည့် ကျွန်မတို့သုံးယောက်ကို မြင်တော့ အမျိုးသမီးက အနည်းငယ် အံ့သြသွားပုံ မျက် လုံးများဖြင့် ကြည့်လေသည်။ ကျွန်မ သူ့ထံသို့ ပြန်လာ လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့လေသလား။ မမျှော်လင့် ခဲ့ဘူးလားဆိုတာတော့ ကျွန်မ မတွက်ဆနိုင်ပါ။ “ဪ – ညီမလေးတို့ပါလား”
“ဟုတ်တယ်။ ကျွန်မ ကတိအတိုင်း အိမ်သား တွေကို မေးပြီးခေါ်လာပြတာ။ ဒါက ကျွန်မရဲ့ တစ်ဦး တည်းသော တူမကလေး။ ဒါက ကျွန်မသူငယ်ချင်း၊ အစ်မဆိုင်ကို သူနဲ့ တစ်ခါတစ်ခါ လာတတ်ပါတယ်။
သူလား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ”
ကျွန်မတို့သုံးယောက်သား တိုင်ပင်ထားကြသလိုပင် ဟက်ဟက်ပက်ပက် အသံထွက်အောင် ရယ်မိလိုက်ကြ လေသည်။
“အောင်မယ်… အင်္ကျီသုံးထည်ကို သိသိကြီးနဲ့ ယူ သွားပြီး နှစ်ထည်ဖိုးပဲပေးခဲ့တာက ငါ ဖြစ်နေပါပေါ့လား” ကျွန်မ သူငယ်ချင်းဖြစ်သူ ကြည်ပြာက ပြဿနာကို မဖြေရှင်းရသေးခင် မနေနိုင်စွာ ကျွန်မကိုကြည့်လျက် ပြောလေသည်။ တကယ်တော့ ကျွန်မ၊ သူငယ်ချင်းမနှင့် တူမလေး သုံးယောက်ဆုံ၍ ထိုဆိုင်သို့ တစ်ခါမှ ရောက်ဖူးခဲ့တာ ကျွန်မတို့သုံးယောက်စလုံး ခိုင်ခိုင်မာမာ သိသော ကိစ္စဖြစ်၏။ ထိုဆိုင်က ကျွန်မတို့အိမ်နှင့် မနီး မဝေးမှာရှိသောကြောင့် ကျွန်မနှင့် သူငယ်ချင်းမ လာတိုင်း စက်ဘီးနှင့်သာ လာလေ့ရှိသည်။ ကြည်ပြာလာတိုင်း တူမကလေး ဘယ်အခါမှ ပါလေ့မရှိ။
“ဟင်.. သမီးနဲ့ အန်တီကြည်ပြာနဲ့ ဒီဆိုင်ကို တစ်ခါမှ အတူမလာဖူးပါဘူး”
တူမကလေးက စိတ်မြန်လက်မြန်ရှိလှစွာ ဝင်ပြော
လေသည်။
“အစ်မ သူ့ကိုရောသိလား၊ ကျွန်မတူမကလေးကို မြင်ဖူးလား၊ ကျွန်မတို့သုံးယောက် အတူလာကြတာလား” “သူ့ကိုလည်း မြင်တော့ မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီသုံးယောက်လား၊ ဘယ်သုံးယောက်လဲတော့ မမှတ်မိ တော့ဘူး။ ကျွန်မသိတာတော့ သုံးယောက်ပဲ။ ဆိုင်က ကောင်မကလေးက သုံးထည်ထည့်ပေးလိုက်တာ။ နှစ် ထည်ဖိုးပဲ ယူလိုက်တယ်ဆိုတာကို ညီမတို့ထွက်သွားမှ သိတာ။ လိုက်တောင်ခေါ်သေးတယ်။ မတွေ့တော့ဘူး။ ဝန်ထမ်းလိုင်းတွေဘက်တောင် လိုက်ရှာသေးတယ်” “ဪ… အစ်မ တော်တော်ကို ကြိုးစားပမ်းစား ရှာဖွေခဲ့ရက်နဲ့ မတွေ့ ခဲ့တာကိုး။ ခြောက်လကျော်ကြာမှ ကျွန်မသူငယ်ချင်းကို လမ်းပေါ်မှာ ပြန်တွေ့ တာပေါ့ ။ အထည်ဖိုးပေးမသွားတဲ့သူကို မမှတ်မိဘဲ ကျွန်မသူငယ် ချင်းမှ လိုက်ရှာရတယ်လို့ အစ်မရယ်…”
ကြည်ပြာက အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ကြည့်လျက် ပြောလေသည်။
“ကဲ.. ဒါဆို သူသေချာသွားပြီပေါ့။ အစ်မဆိုင်က အင်္ကျီသုံးထည်ယူပြီး နှစ်ထည်ဖိုးပဲပေးခဲ့တာ သူပေါ့။ ငွေက ဘယ်လောက်…”
“ငါးထောင့်ငါးရာ၊ ငါးထောင်ပဲပေးပါညီမ….” အထည်ဆိုင်ပိုင်ရှင်၏ အမျိုးသားက ကျွန်မတို့သုံး ယောက်ကို အားတုံ့အားနာ မျက်လုံးများဖြင့် ကြည့်နေ လေသည်။ အမျိုးသမီးကမူ ပိုက်ဆံငါးထောင့်ငါးရာမှ လွဲ၍ ဘာကိုမှ မြင်ဟန်မတူ။
“ကျွန်မ ဒီကို ဘာလို့ပြန်လာလဲ အစ်မသိလား။
သိသိကြီးနဲ့ တမင်လိုချင်လို့ကို ယူသွားတယ်ဆိုတဲ့ အစ်မစကားအတွက် ပြန်လာတာပါ။ ကျွန်မ ဒီဝန်းကျင်မှာ နေတာပါအစ်မ။ ငွေငါးထောင့်ငါးရာလောက်ကို လိမ်ပြီး
ယူရလောက်အောင် အခြေအနေမျိုး မဟုတ်ပါဘူး။
ဘယ်မှာပဲနေနေ လူတစ်ယောက်ရဲ့စိတ်ဓာတ်က
ပိုအရေးကြီးပါတယ်။ ပိုက်ဆံတွေ အများကြီးရှိပြီး
သူတစ်ပါးဆီကပစ္စည်းကို အချောင်လိုချင်သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီထဲမှာ ကျွန်မတို့ မပါပါဘူး။ အစ်မအင်္ကျီကို ကျွန်မတို့ သိသိကြီးနဲ့ အချောင်လိုချင်လို့ ယူသွားတယ်လို့ အစ်မထင်နေတာပါ”
“သိပါတယ်ညီမရယ်၊ ညီမတို့ပုံတွေ မြင်လိုက်တာ နဲ့ ဒီလိုလူတွေမဟုတ်မှန်း သိပါတယ်။ တစ်ရပ်ကွက် တည်းသားချင်းတွေပဲဗျာ။ တစ်ခါတလေ ဒီလိုပဲ အမှား အယွင်းကလေးတွေ ဖြစ်တတ်ပါတယ်။ စိတ်မရှိပါနဲ့ဗျာ” အမျိုးသားဖြစ်သူက သူ၏ဇနီးသည်ဖြစ်သူနှင့် ကျွန်မတို့သုံးယောက်ကြားက အခြေအနေကို မတင်းမာ စေရအောင် မျက်နှာချိုသွေးကာ လေပြေထိုးနေလေသည်။ သို့သော် သူသည် လွန်ခဲ့သည့်ခြောက်လက အဖြစ် အပျက်ကို တစ်စုံတစ်ရာမှ မသိရှိခဲ့သူသာ ဖြစ်သည်။ ဤဖြစ်ရပ်၌ သူ၏ဇနီးသည် မှားယွင်းနေသည့်ကိစ္စကို သိကောင်းသိနိုင်သော်လည်း ငွေငါးထောင့်ငါးရာကို မပေးပါနဲ့တော့ဟု ပြောရလောက်အောင် မိန်းမအပေါ် သြဇာညောင်းသူ ဟုတ်ဟန်မတူပေ။
“ကိစ္စမရှိပါဘူး၊ ကျွန်မတို့ကလည်း အတွေ့အကြုံ တစ်ခုရတယ်ပဲ အောက်မေ့ပါတယ်။ ကျွန်မ ဒီရပ်ကွက် ထဲမှာနေလာတာ အနှစ်နှစ်ဆယ်နီးပါး ရှိပါတော့မယ်။ လူချင်းမရင်းနှီးကြပေမဲ့ တစ်ရပ်ကွက်သားချင်းတွေ ရှောင်လွဲနေလို့ မရပါဘူး။ ကျွန်မလည်း ဒီလမ်းကို မကြာခဏ ဖြတ်သွားနေတာပါ။အစ်မတို့ပြောင်းလာတာ မကြာသေးလို့ မတွေ့မိသေးတာပါ။ ကျွန်မကိုတွေ့တိုင်း အစ်မမှာ ငွေငါးထောင့်ငါးရာမပေးဘဲ ရှောင်နေတဲ့ မိန်းမ တစ်ယောက်အဖြစ် ထင်မြင်နေမှာကို မလိုလားပါဘူး” “ဒီလိုလည်း မထင်ပါဘူး ညီမရယ်။ ကျွန်မက မှားသွားလို့ မှားသွားတဲ့အကြောင်း ပြောပြတာပါ။ ကိုယ့်ဖောက်သည်တွေပဲဟာ။ မထင်ပါဘူး”
အမျိုးသမီး၏ မထင်ပါဘူးဆိုသော စကားက ဘာကိုမထင်မှန်း ကျွန်မတို့ နားမလည်နိုင်ကြ။ အမျိုး သားကြီးက ကျွန်မတို့ကို ဘယ်လမ်းထဲမှာနေတာလဲ ဘာညာ ပျူပျူငှာငှာ မေးမြန်းနေသဖြင့် ကျွန်မတို့မှာ ထွက်နေသည့်ဒေါသတွေ မထွက်နိုင်တော့ဘဲ ပြန်လည်၍ ပျူငှာနေရလေသည်။
နေနှင့်ဦးပေါ့။ တွေ့ကြသေးတာပေါ့ဟု ကြိမ်း မောင်းလာခဲ့သော တူမကလေးနှင့် သူငယ်ချင်းဖြစ်သူ ကြည်ပြာလည်း ထင်သလောက် နှုတ်လှံမထိုးနိုင်ကြ တော့။ အမျိုးသားကြီးက ကျွန်မတို့ စဝင်ဝင်လာပြီး အကျိုးအကြောင်းပြောစဉ်ကပင် ကျွန်မတို့အခြေအနေ ကို သုံးသပ်မိပုံရကာ သူ၏ဇနီးသည်ဖြစ်သူနှင့် မပြေ မလည် အချင်းများမှာကို အလွန်ပင် စိုးရိမ်နေပုံရလေသည်။
“တိုးတိုးပြောကြပါခင်ဗျာ” ဟု ကျွန်မတို့ကိုဟန့် ကာ ကျွန်မတို့ရောက်လာသည့် ဖြစ်ရပ်အတွက် ပတ်ဝန်း ကျင်မှ ကြားသိမှာပင် စိတ်ပူနေပုံရသေး၏။ ထို့အတွက် အမျိုးသမီးနှင့် စိတ်ထားချင်းတူပုံမရသော အမျိုးသား ကြီးအပေါ် ကျွန်မတို့ ထောက်ထားရသေးသည်။ “ကဲပါလေ၊ တစ်ရပ်ကွက်တည်းသား အချင်းချင်း တွေလည်းဖြစ်၊ ဖောက်သည်တွေလည်း ဖြစ်နေမှပဲ စိတ်မရှိပါနဲ့ဗျာ”
အမျိုးသားကြီး၏ စကားကြောင့် တင်းမာနေသည့် ကျွန်မစိတ်များ အတန်ငယ် ပြေလျော့သွားသော်လည်း ပြဿနာကား မပြီးသေးသည့်အတွက် အဆုံးမသတ်နိုင် သေးချေ။ ပြဿနာကို ကျွန်မ အဆုံးသတ်ကိုပေးမှ ဖြစ်ပေလိမ့်မည်။ လိုရင်းက ငွေငါးထောင့်ငါးရာပေးမှ အမျိုးသမီး ကျေနပ်နိုင်မည့်ကိစ္စ ဖြစ်လေသည်မဟုတ် လား။ ကျွန်မတို့က သူ့ဆိုင်မှ မည်သည့်အဝတ်အထည် ကိုမှ အပို မှားယွင်းယူသွားခြင်းမရှိဘဲ ကံဆိုးစွာ ယိုးစွပ်ခံ ရသူတွေသာ ဖြစ်၏။ ကျွန်မတို့၏ အမှန်တရားကို ကျွန်မတို့သာသိသည်။ အမျိုးသမီးကလည်း ကျွန်မတို့ သည်သာ သူ့ဆိုင်မှ ပစ္စည်းအပိုယူလျက် ပိုက်ဆံမပေးဘဲ ထွက်သွားသူတွေဟု ထင်နေခဲ့သည်။ ကျွန်မတို့၏ အမှန်တရားကို သက်သေခံမည့်သူမရှိ။ သို့သော် ယခု လတ်တလောကာလမှာ ကျွန်မက တရားခံ ဖြစ်နေလေ
သည်။ မတရားစွပ်စွဲခံရသူ ဖြစ်နေလေသည်။ မဟုတ်ဘဲနှင့် မတရားစွပ်စွဲခြင်းခံရသည့် ခံစားချက် ကို မဟုတ်မတရား စွပ်စွဲခံရဖူးသူမှသာလျှင် သိနိုင်လိမ့် မည်။ ကျွန်မက ကျွန်မ၏ သစ္စာတရားကို ကျွန်မယုံ ကြည်သည်။ ကျွန်မ၏ အမှန်တရားကို ကျွန်မနှင့်အတူ သူငယ်ချင်းနှင့် တူမလေးအပြင် မိသားစုတွေ သိသည်။ အထည်ဆိုင်ပိုင်ရှင် မိန်းမကား သိလိမ့်မည်မဟုတ်။ “အစ်မလိုချင်တဲ့ အင်္ကျီတစ်ထည်ဖိုးက ငါးထောင့်
ငါးရာနော်”
“ငါးထောင်ပဲပေးပါညီမ”
“ဘာဖြစ်လို့ ငါးထောင်ပဲ ပေးရမှာလဲ အစ်မရယ်၊ ငါးထောင့်ငါးရာဟာ ငါးထောင့်ငါးရာပဲ ဖြစ်ရမှာပေါ့။ ငါးရာလျှော့ပေးစရာ မလိုပါဘူး”
ကျွန်မ ပိုက်ဆံအိတ်အတွင်းမှ ငါးထောင့်ငါးရာကို ထုတ်ကာ အမျိုးသမီးကို ကမ်းပေးတော့ အမျိုးသား ကြီးက မျက်နှာပျက်စွာ ကြည့်နေလေသည်။ အမျိုးသမီး ကတော့ သူရစရာရှိသည့်ပိုက်ဆံ ရပြီဖြစ်သည့်အတွက် ကျေနပ်သွားလေမည်ပေါ့။
“အစ်မ အစ်မက ကျွန်မတို့ အင်္ကျီတစ်ထည် အပိုပါသွားတယ်ထင်လို့ ကျွန်မတို့ဆီမှာ တောင်းယူ တယ်။ ဒါက အစ်မရဲ့ အမှန်တရားဖြစ်တယ်လို့ အစ်မက ထင်တယ်။ ကျွန်မတို့ကတော့ အစ်မဆိုင်မှာပဲဖြစ်ဖြစ်၊ အခြားဘယ်နေရာကပဲဖြစ်ဖြစ် ပိုက်ဆံမပေးဘဲ အပိုရ လာတဲ့ပစ္စည်း မရှိသေးဘူးလို့ ကျွန်မတို့ဘာသာ ယုံ ကြည်တယ်။ အစ်မဆိုင်ကလည်း အင်္ကျီသုံးထည် တစ်နေ့တည်း တစ်ခါမှ မဝယ်ဖူးဘူးဆိုတာလည်း ကျွန်မတို့ရဲ့ အမှန်တရားပဲ။ ဒါပေမဲ့ အစ်မကလည်း ကျွန်မကိုမြင်တိုင်း အင်္ကျီတစ်ထည်ဖိုး ပိုက်ဆံပေးမသွား တဲ့ မိန်းမတစ်ယောက်အဖြစ်ပဲ မြင်နေမယ်။ အဲဒီအမြင်ကို ကျွန်မက မခံနိုင်လို့ ဒီ ငွေငါးထောင့်ငါးရာကို ပေးတာပါ။ ပြီးတော့ လူတစ်ယောက်ဟာ သူတစ်ပါးရဲ့ စွပ်စွဲမှုကို ခံရတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာ အစ်မ တစ်ချိန် ချိန်မှာ သိလာပါလိမ့်မယ်။ အဲဒါက ကျွန်မရဲ့ သစ္စာ တရားပါပဲအစ်မ။ ကျေးဇူးတင်ပါတယ်အစ်မ၊ ကျွန်မတို့ ကို ခွင့်ပြုပါဦး”
ကျွန်မ ပိုက်ဆံငါးထောင့်ငါးရာပေးကာ ပြောချင်ရာ
ပြောနိုင်ခဲ့သည့်အတွက် စိတ်ထဲပေါ့ပါးသွားရသည်။ တစ်လမ်းလုံး ကျွန်မတို့သုံးယောက် အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးအကြောင်းကို ပြောလာခဲ့ကြသည်။ ပိုင်ဆိုင် ထားသည့် ခမ်းနားသော လူ့အသုံးအဆောင် နေရာထိုင် ခင်းတွေ၏ တန်ဖိုးကိုမှ အားမနာဘဲ မိမိကို အစဉ်အမြဲ အားပေးနေသည့် ဈေးဝယ်သူတစ်ယောက်အပေါ် မည် သည့်အထောက်အထားမှ ပြသနိုင်ခြင်း မရှိဘဲလျက် ကြွေးတောင်းသလို ပိုက်ဆံ ငါးထောင့်ငါးရာကို တောင်း ယူရက်သော သူမ၏ စိတ်ဓာတ်အပေါ် ကျွန်မ သုံးသပ် ကြည့်နေမိသည်။
ထိုအမျိုးသမီးသည် ကျွန်မဆီမှ ငွေ ငါးထောင့် ငါးရာကို အလကားရလိုမှုသက်သက်ဖြင့် တောင်းယူခဲ့သူ မဟုတ်တာ သေချာပါသည်။ သူက သူ၏ လုပ်ရပ်အပေါ် အမှန်တရားတစ်ခုအဖြစ် ဆုပ်ကိုင်လျက် ကျွန်မကို ခြောက် လကျော် ကာလတစ်ခုတိုင် မမေ့မလျော့ ရှိခဲ့တာလည်း သေချာလှသည်။ ထိုမိန်းမသည် သူယုံကြည်သည့် အမှန် တရားအပေါ် လွှတ်မချဘဲ ဆုပ်ကိုင်ရဲခဲ့သူ ဖြစ်သည်ပေါ့။ ကျွန်မကရော ကျွန်မ၏ အမှန်တရားအပေါ် ယုံ ကြည်နိုင်လျက် ဘယ်အတွက် လွှတ်ချခဲ့ရပါသနည်း။ ကျွန်မက ကျွန်မယုံကြည်သည့် အမှန်တရား တစ်ခုအပေါ် အမြဲတမ်း ခိုင်မာစွာ ဆုပ်ကိုင်ထားချင်သူ တစ်ယောက် ဖြစ်ခဲ့သည်ပဲမဟုတ်လား။ ကျွန်မ လိမ်ညာ ယူထားခြင်း မဟုတ်သော၊ ဘယ်တုန်းကမှ အပိုယူလာ ခြင်းမရှိသော ပစ္စည်းတစ်ခုအတွက် ငွေ ငါးထောင့်ငါးရာ ကို ဘာအတွက် အိတ်စိုက်ကာ အလျော်အစားပေးခဲ့ရ ခြင်းနည်း။ ကျွန်မ၏ သိက္ခာအတွက်ပေလား။ မာန အတွက်ပေလား။
အထင်မှားခံရသည့် ငွေပမာဏက ငါးထောင့်ငါးရာ မဟုတ်ဘဲ ငါးသိန်းငါးသောင်းလောက် ဖြစ်နေလျှင်တော့ ကျွန်မ အိတ်စိုက်ပေးလျော်လိမ့်မည်မဟုတ်တာ သေချာ
ပါသည်။ ကျွန်မတို့၏ အိမ်နီးနားချင်းမိတ်ဆွေတစ် ယောက် ပြောခဲ့သော စကားကို ကျွန်မ ပြန်လည်ကြား ယောင်နေမိသည်။
“ညီမရယ်… ငွေငါးထောင့်ငါးရာလောက်နဲ့ သူများ အပြောအဆိုခံမနေပါနဲ့။ ကိုယ်မဟုတ်တာ ကိုယ်ကသာ သိနေတာ။ သူကမသိတော့ သူထင်တဲ့အတိုင်း လူတကာ ကို လျှောက်ပြောနေမှာ။ ဟုတ်တာလည်း မဟုတ်ဘူး။ သိက္ခာကျပါတယ်။ သွားပေးလိုက်စမ်းပါ ညီမရယ်” ဤဖြစ်ရပ်၌ ကျွန်မက ကျွန်မ မမှားဘူးဟု တိတိ ကျကျ ယုံကြည်နိုင်စွာ တစ်စုံတစ်ရာအပေါ် သစ္စာပြုတိုင် တည်နိုင်လျက် အမှန်တရားပေါ်တွင် ဘာကြောင့် မရပ် တည်နိုင်ခဲ့ပါသနည်း။ ကျွန်မသည် ကိုယ်မှန်သည်ထင် သော အမှန်တရားအပေါ် ပတ်ဝန်းကျင်ကြောင့် ဂုဏ် သိက္ခာအတွက် လွှတ်ချပစ်ခဲ့သူတစ်ဦးသာ ဖြစ်သည်ပေါ့။ ထိုသို့ တွေးမိသောအခါ ကျွန်မ မခံချိမခံသာတော့ ဖြစ် ရလေသည်။
ကျယ်ပြောလှသော ကျွန်မတို့၏ လူမှုဝန်းကျင်တွင် အမှန်တရားကို တစ်သက်တာလုံး ဆုပ်ကိုင်ထားနိုင်သူ တွေ ဘယ်နှယောက်များ ရှိနိုင်မှာလဲ။ မည်သည့်ဖြစ်ရပ် တွင်မဆို ကျွန်မတို့အတွက် ကျွန်မတို့ ယုံကြည်စွာ ဆုပ် ကိုင်ထားသော အမှန်တရားများကို ဘယ်အကြောင်းအရာ များကြောင့် လွှတ်ချပစ်ခဲ့ရသနည်း။ လောကကြီးတွင် ကျွန်မလိုလူတွေ များများစားစား ရှိနိုင်သည်လား။ မည်သည့်ဖြစ်ရပ်တွင်မဆို သေသည်အထိ အမှန်တရား တစ်ခုအပေါ် မပြောင်းမလဲ ရပ်တည်ဆုပ်ကိုင်ထားသူ တွေ၏ ခံနိုင်ရည်ကို ကျွန်မ လေးစားအားကျမိပါသည်။ သို့သော် ထိုအမှန်တရား၏ နောက်ကွယ်က ဖြစ်ရပ်တွေ ကို တခြားတစ်ပါးသောသူတို့ သိခွင့်မရလိုက်ဘဲ တစ်သက်တာလုံး အနစ်မွန်းခံလိုက်ရသည့် လူတွေ၏ နာကျင်မှုကို မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ ။
မေတ္တာဖြင့်
လင်းလွန်းခင်စာပေအနုပညာပန်းခင်း။